အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
အခန်း (၂၉)
နဂါးမုတ်ဆိတ်မုန့်ပေါ်က မှိုစိမ်းများ
နောက်ရက်များတွင် ဟွာကျွင်းသည် ပစ္စည်းအသစ်များရှာဖွေခြင်း၊ အိမ်ပြုပြင်မှုကို ကြီးကြပ်ခြင်းတို့ဖြင့် နေ့ဘက်တွင် ပျော်ရွှင်စွာ အလုပ်ရှုပ်နေပြီး ညဘက်တွင်မူ မုန့်ဆိုင်ကို ပုံမှန်ဖွင့်လှစ်ရောင်းချပါသည်။
မော့ချွမ်း မရှိသော်လည်း ဟွာကျွင်း ဝန်ထမ်းအသစ်ခေါ်ရန် အစီအစဉ်မရှိပေ။ မုန့်ဆိုင်တွင် အလုပ်များ ပိုများလာသော်လည်း ကံကောင်းသည်မှာ တာ့နွီက ထက်မြက်ပြီး အရည်အချင်းရှိလှသဖြင့် ဆိုင်အလုပ်များကို စနစ်တကျ ကိုင်တွယ်နိုင်ပြီး ဟွာကျွင်းမှာ ဟင်းပွဲပြင်ဆင်သည့်အလုပ်ကိုသာ အာရုံစိုက်ရတော့၏။
မကြာမီမှာပင် ဘေးခန်းမှာ ပြုပြင်ပြီးစီးသွားပြီး ဟွာကျွင်းဝယ်ယူထားသော ပရိဘောဂသစ်များနှင့် လျှပ်စစ်ပစ္စည်းများကို တပ်ဆင်ပြီးသွားသဖြင့် ပြောင်းရွှေ့ရန်သာ ကျန်တော့သည်။
နေသာသော ယနေ့တွင် သူမသည် မုန့်ဆိုင်ဒုတိယထပ်ရှိ သူမ၏ ပစ္စည်းများကို သိမ်းဆည်းကာ အိမ်သစ်သို့ တရားဝင် ပြောင်းရွှေ့ခဲ့၏။ သူမတွင် ခရီးဆောင်အိတ် အများကြီးမရှိပေ။ ပုံမှန်အားဖြင့် အလုပ်များပြီး စျေးဝယ်ရန် အချိန်မရှိသဖြင့် ရောက်ခါစတုန်းကထက် အဝတ်အစားအချို့နှင့် အိပ်ရာခင်းအချို့သာ ပိုလာခဲ့သည်။
သူမ ပစ္စည်းများကို ထုပ်ပိုးပြီး အလုပ်သမားများက ကုတင်ကို လာရွှေ့ပေးကြရာ ကုတင်အောက်တွင် သေတ္တာငယ်လေးတစ်လုံး ရှိနေသည်ကို သတိပြုမိလိုက်၏။ ၎င်းမှာ သော့ခလောက်လေးပါသော လေးထောင့်သစ်သားသေတ္တာလေးဖြစ်ပြီး လက်ရှိတွင် ပွင့်နေသည်။
အနီးရှိ အလုပ်သမားတစ်ဦးက မြင်သွားပြီး ပြောလိုက်၏။
“အမရဲ့ ဒီသေတ္တာလေးက တော်တော်လက်ရာမြောက်တာပဲ၊ ကြာပြီထင်တယ်နော်။ ရှေးဟောင်းပစ္စည်းလားဗျ”
ဟွာကျွင်းက ပြုံးကာ ဖြေသည်။
“ရှေးဟောင်းပစ္စည်းသာဆိုရင် ကောင်းမှာပေါ့။ ဒါက မနှစ်ကမှ အွန်လိုင်းကနေ ယွမ်(၈၀)နဲ့ ဝယ်ထားတာပါ”
အလုပ်သမားကလည်း ရယ်မောကာ ပြော၏။
“ဟုတ်သားပဲ။ အခုခေတ်လုပ်တဲ့ ပစ္စည်းတွေက တကယ်လက်ရာမြောက်တယ်၊ စက်တွေက လက်နဲ့လုပ်တာထက် အများကြီး ပိုတော်တာကိုး”
မူလက တံခါးနေရာကို ဆက်ထားသော်လည်း နံရံကိုမူ မျက်နှာကြက်အထိရောက်သော မှန်ပြတင်းပေါက်ကြီးဖြင့် အစားထိုးလိုက်ရာ၊ နေရောင်ခြည်သည် အဖြူရောင်လိုက်ကာပါးလေးကို ဖြတ်သန်းလာပြီးနောက် အလင်းအရှိန်အနည်းငယ် လျော့ကျသွားပြီး ဧည့်ခန်းတစ်ဝက်ကိုသာ လင်းထိန်သွားစေတော့သည်။
ဧည့်ခန်းကြမ်းပြင်တစ်ခုလုံးကို ရှေးဟောင်းစတိုင်လ် ကြွေပြားများဖြင့် အစားထိုးထားပြီး၊ အရောင်အသွေးစုံလင်စွာ ပုံစံဖော်ထားမှုက တရုတ်သမ္မတနိုင်ငံခေတ်ကာလ၏ ခံစားချက်ကို ပေးစွမ်းပါ၏။ ပရိဘောဂ အများကြီးမရှိပေ။ သားရေဆိုဖာခုံ အစုံလိုက်၊ လက်မ (၁၀၀) ရှိသော ရုပ်မြင်သံကြားစက်နှင့် နံရံကပ်အံဆွဲဗီရိုတစ်ခုသာ ရှိသည်။
ဟွာကျွင်း စောင်ပါးလေးတစ်ထည် ခြုံကာ ဆိုဖာပေါ်တွင် မှီထိုင်နေ၏။ သူမ ကုတင်အောက်မှတွေ့ခဲ့သော သစ်သားသေတ္တာလေးကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် ဝါကျင့်ကျင့် စာရွက်အချို့သာ ရှိနေပြီး အပေါ်ဆုံးတွင် “စာချုပ်” ဟု အက္ခရာကြီးနှစ်လုံး ရေးထားသည်။
စာချုပ်ပါအကြောင်းအရာများကို သေချာဖတ်ကြည့်သည့်အခါ သူမ မျက်လုံးများ ပြူးသွားတော့၏။ အဖွဲ့ဝင်(အေ) မှာ ‘ဟွာကျွင်းမုန့်ဆိုင်’ ဖြစ်ပြီး အဖွဲ့ဝင် (ဘီ) မှာမူ တာ့နွီ ဖြစ်နေလေသည်။
ယေဘုယျ အကြောင်းအရာမှာ အဖွဲ့ ဝင်(ဘီ) သည် ဟွာကျွင်းမုန့်ဆိုင်၏ ဝန်ထမ်းအဖြစ် မိမိသဘောဆန္ဒအလျောက် ဆောင်ရွက်မည်ဖြစ်ပြီး၊ မုန့်ဆိုင်နှင့်အတူ အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာနိုင်၏။ အကယ်၍ အဖွဲ့ ဝင်(ဘီ) သည် ဆိုင်ရှင်၏ အလိုဆန္ဒကို ဆန့်ကျင်ပါက တန်ပြန်အကျိုးသက်ရောက်မှုကို ခံစားရမည်ဖြစ်သည်။
တာ့နွီ မနေ့ညက သူမကို ဘယ်တော့မှ ထားမသွားဘူးဟု ပြောခဲ့သည်ကို ဟွာကျွင်း သတိရသွား၏။ မုန့်ဆိုင်သည် တာ့နွီ၏ ပြတ်သားသော စိတ်ဆန္ဒကို အာရုံခံမိပြီး ဤစာချုပ် ပေါ်လာခြင်းဖြစ်လား။ အကယ်၍ တာ့နွီ စာချုပ်ချုပ်ဆိုလိုက်လျှင် သူမသည် မုန့်ဆိုင်တွင် ထာဝရ ရှိနေနိုင်ပေမည်။
သို့သော် ဤအရာက အစေခံစနစ် နှင့် မကွာခြားပေ။ ဟွာကျွင်းသည် ပင်ကိုယ်စိတ်အရ ငြင်းဆန်မိသည်။ သူမသည် တာ့နွီကို မုန့်ဆိုင်၏ ပစ္စည်းတစ်ခုအဖြစ် မဟုတ်ဘဲ ကိုယ့်စိတ်၊ကိုယ်ခန္ဓာဖြင့် လူတစ်ဦးအဖြစ်သာ ရှိစေချင်၏။ သူမ စာချုပ်ကို သေတ္တာထဲ ပြန်ထည့်ကာ သေချာသိမ်းဆည်းထားလိုက်သည်။
ထိုအချိန်တွင် ဝမ်ဖူ စားသောက်ဆိုင်ရှေ့၌ လူတန်းကြီး ရှည်လျားနေပါ၏။ သို့သော် ပုံမှန်နှင့်မတူဘဲ သူတို့ ပစ္စည်းလာပြန်ပေးနေကြခြင်းပေ။
“ခင်ဗျားတို့ ဝမ်ဖူစားသောက်ဆိုင်က ဘာဖြစ်နေတာလဲ။ ခင်ဗျားတို့ရောင်းတဲ့ မုန့်တွေက စားလို့ရော ရရဲ့လား။ ပဲစိမ်းမုန့်တွေကလည်း အမှုန့်တွေဖြစ်နေပြီး၊ ဆီးသီးယိုမုန့်တွေကလည်း မကြွပ်ဘူး။ ပိုက်ဆံပြန်ပေး”
“ဟုတ်တယ်။ ပိုက်ဆံပြန်ပေး ဆိုင်ကြီးဆိုပြီး ဖောက်သည်တွေကို နှိပ်စက်နေတာပဲ။ ပုံမှန်ဆို နဂါးမုတ်ဆိတ်မုန့်လိပ် တွေက ဝယ်ရခက်ပေမဲ့ ဒီတစ်ခါတော့ အလွယ်ရလို့ ကံကောင်းတယ် ထင်နေတာ၊ အခုတော့ ပုပ်သိုးနေတဲ့ ပစ္စည်းတွေ ရောင်းမယ်လို့ မထင်ထားဘူး”
ဆိုင်တာဝန်ခံကျန်း မှာ ဆိုင်အဝင်တွင် ချွေးများသုတ်ရင်း ပျာယာခတ်နေ၏။
ဤအရာများသည် လပြည့်ပွဲတော်နေ့က စတင်ခဲ့ခြင်းပေ။ အဒေါ်ကျန်းသည် သူ့ထံမှ မုန့်အမြောက်အမြား ကြိုတင်မှာထားသော်လည်း နောက်ဆုံးတွင် အမှာစာကို ဖျက်သိမ်းသွား၏။ စု အိမ်တော်က ဝမ်ဖူစားသောက်ဆိုင်အစားအစား ဟွာကျွင်းမုန့်ဆိုင်ကနေ မုန့်များ ဝယ်ယူလိုက်ခြင်းကြောင့်ပေ။ အဒေါ်ကျန်းက တာဝန်မယူသော်လည်း ဤအရာအားလုံးမှာ ငွေကြေးများဖြစ်သဖြင့် သူ အရှုံးမခံနိုင်ပေ။ ထို့ကြောင့် နောက်တစ်နေ့တွင် သူသည် တစ်ရက်ကြိုလုပ်ထားသော မုန့်ဟောင်းများကို ဆိုင်ရှိ မုန့်အသစ်များနှင့် တိတ်တဆိတ် ရောနှောလိုက်သည်။
ပထမတော့ အဆင်ပြေခဲ့သော်လည်း ဤမုန့်ဟောင်းများမှာ ပမာဏမနည်းလှသဖြင့် တစ်ရက်တည်းနှင့် ကုန်အောင်မရောင်းနိုင်ပေ။ ထို့ကြောင့် ဆိုင်တာဝန်ခံကျန်းသည် နောက်တစ်ပတ်လုံး နေ့ရောညပါ ရောင်းချခဲ့ရာ မနည်းကုန်အောင် လုပ်ခဲ့ရ၏။ ရှေးခေတ်က ထိန်းသိမ်းမှုနည်းပညာ မကောင်းသဖြင့် ပြဿနာများ တက်လာတော့သည်။ ဖောက်သည်များမှာ ယခင်နှင့်မတူဘဲ မုန့်အရသာ ပြောင်းလဲနေသည်ကို ပို၍ပို၍ သိရှိလာကြတော့၏။
သို့သော် ဆိုင်တာဝန်ခံကျန်း အထက်လူကြီးဝမ်ကို ကွယ်ရာတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ရာ ဝန်မခံရဲဘဲ ငြင်းဆန်နေသည်။
“ဘယ်လိုလုပ် ပုပ်မှာလဲ။ တစ်ခုခု မှားနေတာဖြစ်မယ်။ ခင်ဗျားတို့ ဝယ်သွားပြီး ဘယ်လောက်ကြာမှ စားလဲဆိုတာ ကျွန်တော်မသိဘူး။ ခင်ဗျားတို့အိမ်ကျမှ ပုပ်တာလည်း ဖြစ်နိုင်တာပဲ။ ဝမ်ဖူစားသောက်ဆိုင်ကို ဘာလို့ လာအပြစ်တင်နေတာလဲ”
“လျှောက်မပြောနေနဲ့ ငါ မနေ့ကမှ ဝယ်တာ၊ တစ်ရက်တည်းနဲ့ ဘယ်လိုလုပ် ပုပ်မလဲ”
“ဟုတ်တယ် ကျွန်တော် ဝယ်ပြီးချင်း စားတာနဲ့တင် အရသာက မဟုတ်တော့ဘူးဆိုတာ သိတယ်”
ဆိုင်တာဝန်ခံကျန်း ဆက်လက်ငြင်းခုံသည်။
“ကျွန်တော်တို့ ဝမ်ဖူစားသောက်ဆိုင်ကို ဘာမှတ်နေလဲ။ နာမည်ကြီးဆိုင်ကြီးက ဒီလိုလုပ်ပါ့မလား။ ခင်ဗျားတို့က ပိုက်ဆံညှစ်ချင်လို့ လုပ်နေတာပဲ ဖြစ်မှာ”
ထို့နောက် သူက လီစစ် ကို လှမ်းခေါ်လိုက်၏။
“ဒီလူတွေကို မောင်းထုတ်လိုက်စမ်း။ ဆိုင်ရဲ့ အရောင်းအဝယ်ကို ထိခိုက်နေပြီ”
ကြည့်နေသူများကိုလည်း လက်သီးဆုပ်ကာပြောသည်။
“တောင်းပန်ပါတယ်ခင်ဗျာ၊ အပင်မြင့်တော့ လေတိုက်ခံရတာပေါ့။ ဒါတွေက ကျွန်တော်တို့ဆိုင်ကို နာမည်ဖျက်ဖို့ လာလုပ်နေတဲ့ လူမိုက်တွေပါ။ ဒီလိုကိစ္စမျိုးက နှစ်တိုင်းရှိပါတယ်။ ဒီနှစ်က ဘေးဒုက္ခရောက်တဲ့နှစ်ဆိုတော့ အရပ်သားတွေက ပိုများနေပုံရတယ်။ ခင်ဗျားတို့ကို အနှောင့်အယှက်ဖြစ်စေလို့ အားနာပါတယ်။ စိတ်မပူပါနဲ့၊ ကျွန်တော်တို့ မုန့်တွေက သေချာပေါက် ကောင်းပါတယ်”
ဤသို့ အပုပ်ချခံရသဖြင့် ရှင်းလင်းချက်လာတောင်းသူများမှာ ဒေါသထွက်သွားတော့၏။
“မင်းကမှ လူမိုက်ကွ ပုပ်နေတဲ့မုန့်တွေ ရောင်းပြီး ဝန်မခံတာ သိသာနေတာကို”
“မိုးနတ်မင်းမှာ မျက်စိရှိပါတယ်၊ သူ့ကို ဒီမှာ ရမ်းကားခွင့်ပေးလို့ မဖြစ်ဘူး။ အာဏာပိုင်တွေဆီ ခေါ်သွားကြစို့”
ရုတ်တရက် ဝမ်ဖူစားသောက်ဆိုင်ရှေ့တွင် ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့သည်။ စိတ်အဆိုးဆုံးသူမှာ ချန်ယို့ရန် ဖြစ်သည်။ မနေ့က သူ့ကလေး၏ မွေးနေ့ဖြစ်သဖြင့် သူသည် ဝမ်ဖူရှေ့မှ ဖြတ်သွားရင်း ကလေးအတွက် ဗာဒံကိတ် ဝယ်ရန် ကြံထားပါသည်။
ဆိုင်တာဝန်ခံကျန်းက နဂါးမုတ်ဆိတ်မုန့် ရှိသေးသည်ဟု ပြောသဖြင့် သူ အလွန်ဝမ်းသာသွား၏။ ယခင်နှစ်များတွင် လပြည့်ပွဲတော်ပြီးလျှင် ဝမ်ဖူက နဂါးမုတ်ဆိတ်မုန့် မလုပ်တော့ပေ။ ထို့ပြင် ပွဲတော်မတိုင်မီကလည်း ချမ်းသာသူများက အကုန်ကြိုမှာထားသဖြင့် သူကဲ့သို့ သာမန်လူအတွက် အခွင့်အရေးမရှိခဲ့ပေ။ ထို့ကြောင့် သူ တစ်ပွဲဝယ်သွားခဲ့သည်။ အိမ်ပြန်ရောက်၍ စားပွဲပေါ်တင်ထားပြီး အိမ်နီးနားချင်းနှင့် ခဏစကားပြောနေစဉ် သူ့သားဖြစ်သူက မုန့်သုံးလေးခု စားလိုက်လေသည်။
ပထမတော့ ဘာမှမဖြစ်သော်လည်း ညဘက်တွင် သူ့သားမှာ မရပ်မနား အန်ပြီး ဝမ်းလျှောတော့သည်။ ချန်ယို့ရန် သားကို ဆေးခန်းသို့ အမြန်ခေါ်သွားရ၏။ ဆရာဝန်က အပ်စိုက်ပေးပြီး ဆေးနှစ်ခွက် တိုက်လိုက်မှသာ သက်သာသွားသည်။ ဆရာဝန်က တစ်ခုခု မှားစားမိပုံရသည်ဟု သတိပေးလိုက်မှ ချန်ယို့ရန် သည် နဂါးမုတ်ဆိတ်မုန့်ကို သတိရသွား၏။ အိမ်တွင် ပြန်စစ်ဆေးကြည့်သည့်အခါ ဖြူဖွေးနေသော မုန့်ပေါ်တွင် မှိုဖြူများ တက်နေသည်ကို တွေ့လိုက်ရသည်။
ဤသည်မှာ သူ့ကို ဒေါသထွက်စေသဖြင့် မနက်စောစောတွင် ဝမ်ဖူသို့ လာရောက်ရှင်းလင်းခိုင်းခြင်း ဖြစ်ပါ၏။ ပိုက်ဆံပြန်တောင်းသူ ဤမျှများပြားနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူသည် အရှေ့ဆုံးတွင် ရပ်ကာ အော်ဟစ်နေ၏။
“ဝမ်ဖူရဲ့ နဂါးမုတ်ဆိတ်မုန့်ကြောင့် ငါ့သား နေမကောင်းဖြစ်သွားပြီ ခင်ဗျားတို့ တာဝန်ယူရမယ်”
အပြင်ဘက်တွင် ပြဿနာတက်နေသည်ကို သိသွားသော ဆိုင်ရှင်ဝမ်သည် ရောက်လာသည်နှင့် ထိုစကားများကို ကြားလိုက်ရ၏။ သူသည် မျက်နှာပျက်ပျက်ဖြင့် ဆိုင်တာဝန်ခံကျန်းကို စစ်မေးသည်။
“ ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ဒီလောက် ရှုပ်ပွနေရတာလဲ”
ဆိုင်တာဝန်ခံကျန်းသည် ဆိုင်ရှင်ဝမ်ကို မြင်သည့်အခါ ကြောက်လန့်တကြား ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်၏။
“သူတို့က... သူတို့က မုန့်တွေ ပုပ်နေတယ်လို့ ပြောပြီး... ပိုက်ဆံပြန်တောင်းနေကြတာပါ...”
ဆိုင်ရှင်ဝမ်သည် စီးပွားရေးတွင် လိုက်လျောညီထွေဖြစ်မှု၏ အရေးပါပုံကို သိသည်။ သူက အသံကိုနှိမ့်ကာ ပြောသည်။
“ပိုက်ဆံပြန်တောင်းရင် ပေးလိုက်စမ်းပါ။ ဆိုင်အဝင်က ဘာပုံစံဖြစ်နေတာလဲ။ မျက်နှာပျက်ချင်လို့လား” ထို့နောက် ဆိုင်ထဲသို့ ဒေါသတကြီး ဝင်သွားသည်။
ဆိုင်တာဝန်ခံကျန်းသည် အပြင်ဘက်တွင် ပိုက်ဆံများ ပြန်ပေးလိုက်ပြီး၊ တစ်နာရီကျော်ကြာမှ ဆိုင်ရှင်ဝမ်ထံ သွားရောက်သတင်းပို့၏။
“ ဘာဖြစ်ခဲ့တာလဲ”
ဆိုင်ရှင်ဝမ်က လက်ဖက်ရည်သောက်ရင်း မေးသည်။
ဆိုင်တာဝန်ခံကျန်း တံခါးအပြင်ကတည်းက ဆင်ခြေများကို အသင့်ပြင်ထား၏။ သူ နဖူးမှ ချွေးများကို သုတ်ကာ ဦးညွှတ်လျက် ပြန်ဖြေသည်။
“ဒါတွေအားလုံးက ဟို ဟွာကျွင်းမုန့်ဆိုင်ကြောင့်ပါဆရာ။ သူတို့က လူတွေငှားပြီး ကျွန်တော်တို့မုန့်တွေက သူတို့မုန့်လောက် မကောင်းဘူး၊ သူတို့ရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိဘူးလို့ အပြင်မှာ သတင်းလွှင့်နေတာ သေချာပါတယ်။ အခု လူတွေက အဲဒီသတင်းကို ယုံပြီး ပိုက်ဆံပြန်တောင်းပြီး ဟိုဆိုင်ကို သွားဝယ်ကြတာပါ”
“နဂါးမုတ်ဆိတ်မုန့်ကရော ဘာဖြစ်တာလဲ”
ဆိုင်တာဝန်ခံကျန်း ဆက်လက်လိမ်ညာ၏။
“အဲဒါတော့ ကျွန်တော်လည်း မသိဘူး။ တစ်ယောက်ယောက်က ရေနောက်မှာ ငါးဖမ်းချင်လို့ လုပ်တာလည်း ဖြစ်နိုင်ပါတယ်”
‘ဒုန်း’ ဟူသော အသံနှင့်အတူ ဆိုင်ရှင်ဝမ် လက်ဖက်ရည်ခွက်ကို စားပွဲပေါ် အားပြင်းပြင်း ချလိုက်ရာ ဆိုင်တာဝန်ခံကျန်းမှာ လန့်သွားသည်။
“ဒီမုန့်ဆိုင်က ထပ်ပြီးတော့လား။ ပထမတော့ တောထဲက ဆိုင်စုတ်လေးလို့ပဲ ထင်ထားတာ၊ အခုတော့ မြို့ထဲအထိပါ ခြေဆန့်လာပြီပေါ့”
ဆိုင်တာဝန်ခံကျန်း မီးလောင်ရာလေပင့် လုပ်လိုက်သည်။
“ဟုတ်ပါတယ်၊ စုအိမ်တော်ကတောင် ဒီနှစ်မှာ သူတို့မုန့်တွေကို သုံးပြီး ကျွန်တော်တို့ မှာယူမှုကို ဖျက်လိုက်တာလေ။ ကျွန်တော်တို့ တစ်ခုခု အမြန်မလုပ်ရင် ဝမ်ဖူစားသောက်ဆိုင်က နောင်မှာ ခြေကုပ်ယူစရာ နေရာတောင် ရှိမှာမဟုတ်တော့ဘူး”
ဆိုင်ရှင်ဝမ်က ရက်စက်သော လေသံဖြင့် ပြော၏။
“ဒါဆိုရင်တော့ ဒီအတိုင်း လွှတ်ထားလို့ မဖြစ်တော့ဘူးပေါ့”
အခန်း (၃၀)
အရသာရှိသော ပီဇာ
ဝမ်ဖူရုံသည် လီစစ်ကို ခေါ်ယူပြီး အမိန့်ပေးလိုက်သည်။
"မင်းတို့နှစ်ယောက် သွားစမ်း၊ ဟွာကျွင်းမုန့်ဆိုင်ကို သွားဖျက်ဆီးပြီး အဲဒီမိန်းမကို ပညာပေးလိုက်စမ်း"
လီစစ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း မျက်နှာပျက်သွားကြ၏။ သူတို့ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထိုမုန့်ဆိုင်တွင် နေ့တိုင်းတန်းစီ စားသောက်ခဲ့ကြဖြစ်ပြီး ဟင်းပွဲတစ်ခုမှ ထပ်နေခြင်းမရှိသည်ကို သတိထားမိကြသည်။ အစားအသောက်တိုင်းကလည်း အရမ်းကို စားကောင်းလှသည်။ ဤသည်မှာ ဆိုင်ကိုသွားဖျက်ဆီးခြင်းမဟုတ်ဘဲ သူတို့၏ ထမင်းအိုးကို ရိုက်ခွဲခြင်းသာပေ။
လီစစ် တစ်ခဏ စဉ်းစားပြီးနောက် ဆိုင်ရှင်ဝမ်ကို ပြောလိုက်သည်။
"သူဌေး... သူ့ရဲ့ အစားအသောက်တွေက တကယ်ကို စားကောင်းတာပါ။ ကျွန်တော်တို့ သူ့ကို အကျိုးတူပူးပေါင်းဖို့ ကမ်းလှမ်းကြည့်ရင် မကောင်းဘူးလား"
ဆိုင်ရှင်ဝမ်က မေးသည်။ "ဘယ်လို ပူးပေါင်းမှာလဲ"
လီစစ်က ဆက်ပြောသည်။ "သူ့ဆီက ဟင်းချက်နည်းတွေကို ဝယ်ယူပြီး သူက ပါဆယ်စနစ်နဲ့ပဲ ရောင်းခိုင်းမယ်၊ ကျွန်တော်တို့ကတော့ မြို့ထဲမှာ ရောင်းချမယ်ပေါ့။ ဒါဆိုရင် တစ်ယောက်နဲ့တစ်ယောက် အနှောင့်အယှက်မဖြစ်ဘဲ နှစ်ဦးနှစ်ဖက် အကျိုးရှိမှာ မဟုတ်လား"
"ဟမ့် ဒီမြို့ထဲမှာရှိတဲ့ ဘယ်စားသောက်ဆိုင်ကမှ ငါ့မျက်နှာကို မကြည့်ဘဲ မနေရဲကြဘူး။ သူက ဒီမြို့ခြေရင်းမှာ ဆိုင်ဖွင့်ထားတာကို ငါ့ဆီ တစ်ခါမှ လာပြီး နှုတ်မဆက်ဖူးဘူး။ အခု ငါက သူ့ဆီသွားပြီး အကျိုးတူပူးပေါင်းလုပ်ဖို့ ပြောရမယ် ဟုတ်လား။ ဒါဆိုရင် ငါ ဝမ်ဖူရုံရဲ့ မျက်နှာက ဘယ်နား သွားထားရမလဲ"
"ဒါပေမဲ့ သူ့လက်ရာက တကယ်ကောင်းတာ..." လီစစ် တီးတိုးလေး ရေရွတ်သည်။
ဆိုင်ရှင်ဝမ်သည် စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ ပစ်ပေါက်လိုက်ရာ လီစစ်၏ ခြေထောက်နားသို့ ကပ်၍ ကျသွား၏။ လီစစ်မှာ မရှောင်ရဲဘဲ တောင့်ခံနေရသည်။
လီစစ် အမြန်ပင် ထပ်ပြောလိုက်သည်။ "သူဌေးဝမ်လည်း စားကြည့်ဖူးတာပဲ၊ စားကောင်းတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ တကယ်လို့ ကျွန်တော်တို့သာ ဟင်းချက်နည်းကို ရရုံတင်မကဘဲ နောင်မှာ နန်းတော်ကိုပါ ဆက်သနိုင်မယ်ဆိုရင် ကျွန်တော်တို့ ဝမ်ဖူစားသောက်ဆိုင်ဟာ ဒီလောကမှာ နံပါတ်တစ် မုန့်ဆိုင် ဖြစ်လာမှာပါ”
ဆိုင်ရှင်ဝမ်သည် စိတ်အေးသွားကာ စဉ်းစားကြည့်ပြီး သက်ပြင်းချလျက် ပြော၏။ "ထားလိုက်ပါတော့၊ ဒီတစ်ခါတော့ ငါ သည်းခံလိုက်ပါ့မယ်”
ရာသီဥတုမှာ တဖြည်းဖြည်း အေးလာပြီး မုန့်ဆိုင်၏ ပုံမှန်ဖောက်သည်များ ရောက်လာကြသည့်အခါ ဆိုင်အတွင်း၌ ကြီးမားသော အပြောင်းအလဲများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
မူလက စားပွဲ (၄) လုံးသာ ရှိသော်လည်း ယခုအခါ စားပွဲ (၆) လုံးအထိ တိုးချဲ့ထားပြီး နံရံဘက်တွင်လည်း ထောင့်ကပ်ထားသည့် စားပွဲပုံစံ (၄) လုံး ထပ်တိုးထားသည်။ ထိုစားပွဲငယ်လေးများမှာ တစ်ဦးတည်း သို့မဟုတ် နှစ်ဦး လာသူများအတွက် သင့်တော်သည်။ ထို့ပြင် မုန့်ဆိုင်၏ ဒုတိယထပ်ကိုလည်း ဖွင့်လှစ်ထားရာ အပြင်အဆင်မှာ ပထမထပ်နှင့် ဆင်တူသော်လည်း ရှေ့မှ ကောင်တာစားပွဲကြီး မပါဝင်ပေ။ ဤသည်မှာ လူတန်းစီစောင့်ဆိုင်းရသည့် အချိန်ကို များစွာ လျှော့ချပေးလိုက်၏။
ဟွာကျွင်းသည် ဆိုင်ရှိ လက်ဖက်ရည်အိုးအားလုံးကို အပူထိန်းအိုးများဖြင့် လဲလှယ်လိုက်သည်။ အပြင်ဘက်မှာ ကြေးရောင်စတီးလ်ပုံစံ ဖြစ်သော်လည်း အတွင်း၌ အပူထိန်းနိုင်သော အလွှာပါရှိသဖြင့် ဖောက်သည်များမှာ လက်ဖက်ရည်ပူပူကို သောက်သုံးနိုင်၏။ ထိုအချက်ကြောင့်ပင် မုန့်ဆိုင်၌ ရေခဲနို့လက်ဖက်ရည် ကို ဆက်လက်ရောင်းချတော့မည် မဟုတ်ပေ။
ယနေ့တွင် ဟွာကျွင်းသည် နို့လက်ဖက်ရည်ဆိုင် အတော်များများသို့ သွားကာ ဘိုယာကျွယ်ရှန်းနို့လက်ဖက်ရည်ပွဲ(၅၀)ကို ဝယ်ယူခဲ့သည်။ ၎င်းမှာ လူကြိုက်အများဆုံး နို့လက်ဖက်ရည်ဖြစ်ကြောင်း ဟွာကျွင်း သိထားသဖြင့် ယနေ့၏ အဓိက သောက်စရာ ဖြစ်လာခဲ့သည်။
ယနေ့၏ အစုံလိုက်ပွဲတွင် အဓိကအစားအစာအဖြစ် ပီဇာ နှစ်မျိုးကို ရွေးချယ်နိုင်သည်။ ပွဲတစ်ပွဲတွင် ပီဇာတစ်စိတ် ပါဝင်မည်ဖြစ်ပြီး လူများလျှင်မူ ပီဇာတစ်ချပ်လုံးကို ဝယ်ယူနိုင်သည်။ ဟွာကျွင်းသည် အင်တာနက်တွင် နာမည်ကြီးသော အကောင်းဆုံး ပီဇာဆိုင်သို့ သွားကာ အရသာအရှိဆုံး ဖြစ်သည့် ‘အီတလီ အမဲသားဆော့စ်ပီဇာ’ နှင့် ‘ချိစ်ဘဲဥငန်ပီဇာ’ တို့ကို ဝယ်ယူခဲ့သည်။
အချိုပွဲအတွက် ‘တီရာမီဆု’ (အီတလီ ကော်ဖီကိတ်) ကိတ် သို့မဟုတ် ‘ပိန်းဥကိတ်’ ပါဝင်ပြီး၊ အဆာပြေစာအဖြစ် အအီပြေစေရန် ‘အရိုးလွတ် ကြက်ခြေထောက် အချဉ်စပ်’ နှင့် ‘ဘဲလည်ပင်းကင်’ တို့ ပါဝင်သည်။ ဤကဲ့သို့ အစုံလိုက်ပွဲ တစ်ပွဲလျှင် ပြား (၁၂၀) ကျသင့်သည်။
စားသုံးသူများသည် ဓာတ်ပုံများဖြင့် ရိုက်နှိပ်ထားသော မီနူးများကို ကိုင်ကာ တစ်မျက်နှာချင်း လှန်ကြည့်ပြီး ဟင်းပွဲဖော်ပြချက်များကို သေချာဖတ်ကြ၏။ ထို့နောက် သူတို့နှစ်သက်ရာ ပုံကို လက်ညှိုးထိုးမှာယူကြသဖြင့် အလွန်ပင် အဆင်ပြေလှသည်။
တာ့နွီမှာ စာလုံးမှတ်သည့် နည်းလမ်းကို သိရှိနေပြီ ဖြစ်သဖြင့် စာလုံးတစ်လုံးချင်းစီ၏ ပုံသဏ္ဌာန်နှင့် အဓိပ္ပာယ်ကို မှတ်သားကာ ဟွာကျွင်းပြင်ဆင်ထားသော အော်ဒါစာရွက်ပေါ်တွင် ဝိုင်းပြလိုက်ရုံသာ။
ပန်းချီဆွဲတတ်သော စားသုံးသူအချို့မှာလည်း မီနူးထဲမှ ဓာတ်ပုံများမှာ အစစ်အမှန်နှင့် တထပ်တည်းကျနေခြင်းကို အံ့ဩနေကြ၏။ တိုင်းပြည်အတွင်းရှိ အတော်ဆုံး ပန်းချီဆရာများပင် ဤမျှ တိကျသော ပုံများကို မဆွဲနိုင်ကြောင်း သူတို့ သိကြသည်။ ပထမအချက်မှာ ထိုကဲ့သို့သော အရောင်အသွေးများအတွက် ဆေးရောင်စုံများကို ရှာမတွေ့နိုင်ခြင်းပေ။
ထိုပုံများကို မည်သူဆွဲသနည်းဟု သူတို့က မေးမြန်းသော်လည်း တာ့နွီ၏ အဖြေမှာ ဘာမှမသိပါ ဟူ၍သာ ဖြစ်သည်။ အဖြေမရသည့်အခါ သူတို့မှာ ပုံများကို လက်ဖြင့် ပွတ်သပ်ကြည့်ရင်း ထိုနည်းလမ်းကို ကိုယ်တိုင် နားလည်နိုင်ရန် ကြိုးစားနေကြ၏။ တာ့နွီ သူတို့မှာယူသည့်အချိန် ကြာနေပြီး ပုံကိုသာ စိုက်ကြည့်နေကြသဖြင့် မီနူးစာအုပ်များကို အားနာခြင်းမရှိဘဲ ဆွဲယူသွားတော့သည်။ ထိုအခါမှ သူတို့မှာ မှတ်မိသမျှနှင့်သာ မှာယူကြရပြီး သူတို့စိတ်ကျေနပ်မှုကို အစားအသောက်ဖြင့်သာ အစားထိုးလိုက်ရ၏။
ယနေ့ည၏ လူကြိုက်အများဆုံးမှာ နို့လက်ဖက်ရည် ဖြစ်သည်။ ဤခေတ်တွင် လူတိုင်းမှာ လက်ဖက်ရည်ကို နှစ်သက်ကြပြီး လက်ဖက်ရည်၏ အရသာကို ခံစားတတ်ခြင်းကို ဂုဏ်ယူကြသည်။ ဤသည်မှာ ‘ဘိုယာကျွယ်ရှန်း’ နို့လက်ဖက်ရည်ကို ပထမဆုံးအကြိမ် ရောင်းချခြင်းဖြစ်ရာ မနက်ဖြန်တွင် မြို့ထဲ၌ မည်မျှအထိ ဟိုးလေးတကျော် ဖြစ်သွားမည်ကို ခန့်မှန်းရမခက်ပေ။
နောက်တစ်ခုမှာ ပီဇာ ဖြစ်သည်။ ပါးလွှာသော မုန့်သားပေါ်တွင် အစာပလာများစွာ ပါဝင်ပြီး အရသာမှာလည်း စိတ်ကူးယဉ်ထားသည်ထက် ပို၍ ထူးကဲလှသည်။ နူးညံ့သော မုန့်သားများသည် စားရ လွယ်ကူလှပြီး အထူးပြုလုပ်ထားသော အသားဆော့စ်များနှင့် ပြည့်နှက်နေသည်။ စားဖူးသူတိုင်းက ချီးကျူးကြသည်။ “ဒီ ကြေးပြား(၁၂၀)က တကယ်ကို တန်လွန်းတယ်။ ဒီဆိုင်ရှင်က အလှူပေးနေတာနဲ့ တူတယ်"
ထုံးစံအတိုင်း ပြင်ဆင်ထားသည်များ ကုန်သွားသည့်အခါ ဆိုင်ပိတ်လိုက်သည်။ တန်းစီနေဆဲ ဖောက်သည်များကို တောင်းပန်စကား ဆိုကာ အပြင်ဘက်တွင် ကြာရှည်စွာ စောင့်ဆိုင်းခဲ့ရသဖြင့် လူတစ်ဦးချင်းစီအား နွားနို့ပူပူ တစ်ခွက်စီ တိုက်လိုက်၏။
ဆိုင်ထဲတွင် စားသုံးသူ အချို့သာ ကျန်တော့သည်။ တာ့နွီ စားပွဲများကို သိမ်းဆည်းနေစဉ် ဟွာကျွင်း ကောင်တာနောက်၌ မေးထောက်ကာ ငေးငိုင်နေမိ၏။ ဟွာကျွင်း မကူညီခြင်းမဟုတ်ဘဲ တာ့နွီက သူမ လုပ်ကိုင်သည်မှာ နှေးသဖြင့် အလုပ်ရှုပ်သည်ဟု ဆိုကာ သိမ်းဆည်းခြင်း မပြုရန် တားမြစ်ထားခြင်း ဖြစ်သည်။ သို့သော် ဟွာကျွင်း ပန်းကန်ဆေးစက် အသုံးပြုပုံကို တာ့နွီအား သင်ပေးထားသဖြင့် ပန်းကန်များကို စက်ထဲထည့်ရုံသာ ဖြစ်သောကြောင့် အလုပ်များစွာ သက်သာသွား၏။
ဟွာကျွင်းသည် လုမင်ကျဲကို မတွေ့ရသည်မှာ နှစ်ရက်ရှိပြီ ဖြစ်သဖြင့် သူ့အစ်ကို နေကောင်းသွားပြီလားဟု တွေးမိသည်။ သို့သော် သူ ရုတ်တရက် ရောက်လာလျှင် ပါဆယ်ထုတ်ပေးနိုင်ရန် နေ့တိုင်း အစားအသောက် အနည်းငယ် ပို၍ ပြင်ဆင်ထားတတ်ဆဲပင်။
နောက်ဆုံး စားပွဲမှ ဖောက်သည်များမှာ ပိုက်ဆံပေး၍ ပြန်သွားကြသည်။ ဟွာကျွင်းသည် ဆိုင်ပိတ်ပြီးနောက် တာ့နွီနှင့်အတူ စာလုံးမှတ်သည့် ဂိမ်းကို ဆော့ရန် ပြင်ဆင်လိုက်၏။ သို့သော် သူမ တံခါးပိတ်လိုက်စဉ်မှာပင် အပြင်ဘက်မှ အားဖြင့် တွန်းဖွင့်လိုက်သဖြင့် ဟွာကျွင်းမှာ လဲကျလုနီးပါး ဖြစ်သွားသည်။
ရောက်လာသူများမှာ ဆိုင်ရှင်ဝမ်နှင့် သူ့လူစုဖြစ်သည်။ လီစစ်အပေါ် သံသယဝင်နေသဖြင့် ဆိုင်ရှင်ဝမ်သည် ယနေ့တွင် ပို၍ ရက်စက်ပြီး အမိန့်ကို နာခံတတ်သည့် ဝမ်ဝူနှင့် ကျောက်လျိုတို့ကို ခေါ်ဆောင်လာခဲ့၏။ ဝမ်ဝူနှင့် ကျောက်လျိုတို့က ရှေ့မှနေ၍ ရန်လိုသော အမူအရာဖြင့် ဝင်လာကြ၏။ တာ့နွီသည် ချက်ချင်းပင် ကြမ်းတိုက်တံကို ကောက်ကိုင်ကာ ဟွာကျွင်း၏ ရှေ့မှ ကာကွယ်လိုက်ပြီး မကြောက်မရွံ့ ရန်မူမည့် အနေအထားဖြင့် ရပ်နေလိုက်သည်။
ဝမ်ဝူ ထိုင်ခုံတစ်လုံးကို ဆွဲလိုက်ရာ ကုလားထိုင်ခြေထောက်နှင့် ကြမ်းပြင် ပွတ်တိုက်သံမှာ စူးရှစွာ ထွက်ပေါ်လာသဖြင့် ဟွာကျွင်း စိတ်မသက်မသာ ဖြစ်သွား၏။ သူတို့သည် မကောင်းသော ရည်ရွယ်ချက်ဖြင့် လာသည်ကို သိသော်လည်း ဟွာကျွင်းက သည်းခံလျက် ပြောလိုက်ရသည်။
"ဆိုင်က ပစ္စည်းတွေ အကုန်ကုန်ပါပြီ။ ကျေးဇူးပြုပြီး ထွက်သွားပေးပါ"
ဝမ်ဖူရုံသည် ဟွာကျွင်းကို ကြည့်ပင်မကြည့်ဘဲ ထိုင်ချလိုက်ကာ ခြေထောက်ချိတ်လျက် မောက်မာသော အမူအရာဖြင့် ပြောလိုက်သည်။ "ငါက စားဖို့လာတာမဟုတ်ဘူး။ မင်းတို့ဆိုင်ရှင်
ဘယ်မှာလဲ။ သူ့ကို ထွက်လာခိုင်းလိုက်"
ဟွာကျွင်းက တာ့နွီကို ဘေးသို့ ဖယ်ခိုင်းလိုက်၏။
"ကျွန်မက ဆိုင်ရှင်ပါ။ ဘာကိစ္စရှိလို့လဲရှင်"
ထိုအခါမှ ဝမ်ဖူရုံသည် ခေါင်းမော့ကာ ဟွာကျွင်းကို သေသေချာချာ အကဲခတ်ကြည့်သည်။ ငယ်ရွယ်သော မိန်းကလေးတစ်ဦး ဖြစ်သည်ကို မြင်သည့်အခါ သူ့စိတ်ထဲတွင် အထင်အမြင်သေးမှုများ ပြည့်နှက်သွား၏။ မိန်းမငယ်လေးတစ်ဦးမှန်း သိလျှင် သူကိုယ်တိုင် လာစရာမလိုဘဲ လူတစ်ယောက်လွှတ်ကာ ငွေအနည်းငယ် ပေးလိုက်ရုံနှင့် ပြီးနိုင်သည်ဟု တွေးမိသည်။ သို့သော် ရောက်လာပြီးဖြစ်သဖြင့် စကားပြောရန် ဆုံးဖြတ်လိုက်သည်။
ဝမ်ဖူရုံက အေးအေးလူလူပင် ပြောသည်။
"ငါ အခုလာတာက မင်းအတွက် အခွင့်အရေးကောင်းတစ်ခု ပေးမလို့ပဲ"
ဝမ်ဝူက ကြားဖြတ်၍ ပြော၏။
"မင်း ဝမ်ဖူစားသောက်ဆိုင်ကို သိတယ်မလား။ မြို့ထဲမှာ အကြီးဆုံး မုန့်ဆိုင်ပဲ။ ဒါက ဝမ်ဖူစားသောက်ဆိုင်ရဲ့ အရှင်သခင် ဆိုင်ရှင်ဝမ်ပဲ" ထိုသူက အသံကို တစ်ရပ်ကွက်လုံး ကြားအောင် အော်ပြောလိုက်သည်။
ဟွာကျွင်း တည်ငြိမ်စွာ ရပ်ကြည့်နေ၏။
"အဲ့တော့ ဘာဖြစ်လဲ"
ဤမိန်းကလေးမှာ အတော်လေး တည်ငြိမ်လှသည်။ ဝမ်ဝူက ဆက်ပြောသည်။
"ငါတို့သူဌေးဝမ်က မင်းရဲ့ မုန့်ချက်နည်းတွေကို ဝယ်ချင်လို့ပဲ။ မင်း အလိုက်သိတယ်ဆိုရင် မြန်မြန်သာ လွှဲပေးလိုက်ပါ၊ သူက စျေးကောင်းပေးမှာပါ"
ဟွာကျွင်း နားလည်သွားသည်။ ဤသည်မှာ အဓမ္မ ဝယ်ယူရောင်းချခြင်းပင်။
သူမက စပ်စုသော လေသံဖြင့် မေးလိုက်သည်။ "တကယ်လို့ ကျွန်မ မရောင်းဘူးဆိုရင်ကော ဘာဖြစ်မလဲ"
ဤမင်းဆက်တွင် ဥပဒေဆိုသည်မှာ မရှိတော့ဘူးလား။ သူတို့ နောက်ထပ် ဘာလုပ်ဦးမည်နည်းဆိုသည်ကို ဟွာကျွင်း သိချင်နေမိတော့၏။