အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
အခန်း (၃၁)
ဆိုင်ဖျက်ဆီးခံရခြင်း
ဆိုင်ရှင်ဝမ်အတွက် ဤစကားများမှာ စိန်ခေါ်မှုတစ်ခုပေ။
သူ စားပွဲကို ရိုက်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"မင်းက ငါ့အကြောင်းတောင် မစုံစမ်းထားဘူးပဲ။ ငါ ဝမ်ဖူရုံက လင်းကျန်းမြို့မှာ ဘယ်လိုလူစားမျိုးလို့ ထင်လဲ။ မြို့ထဲက ဘယ်စားသောက်ဆိုင်မဆို၊ စားသောက်ဆိုင်ကြီးပဲဖြစ်ဖြစ်၊ လမ်းဘေး ဆိုင်လေးပဲဖြစ်ဖြစ် ငါ့ကို ရိုရိုသေသေ ဆက်ဆံကြတယ်၊ ပွဲတော်ရက်တွေဆို လက်ဆောင်တွေတောင် ပို့ကြသေးတယ်"
"မင်းက ငါ့မျက်စိအောက်မှာ မုန့်ဆိုင်ဖွင့်ထားတာ ဒီလောက်ကြာပြီကို တစ်ခါမှ လာပြီး အရိုအသေမပေးဖူးဘူး။ ထားပါတော့။ ဒါပေမဲ့ အခု ငါက အကျိုးတူပူးပေါင်းလုပ်ဖို့ စကားပြောနေတာကို မင်းက ငြင်းရဲတယ်ပေါ့လေ။ မင်း ဆိုင်ဆက်မဖွင့်ချင်တော့ဘူး ထင်တယ်"
ကျောက်လျို ရှေ့သို့တိုးလာပြီး ဟွာကျွင်းကို ရန်လိုစွာ ပြောသည်။
"ဒီနေ့တော့ မင်းရောင်းချင်ချင် မရောင်းချင်ချင် ရောင်းရမှာပဲ"
ဟွာကျွင်း ဤကဲ့သို့ အခြေအနေမျိုး တစ်ခါမှ မကြုံဖူးသဖြင့် ကြောက်လန့်တကြား နောက်သို့ တစ်လှမ်းဆုတ်လိုက်မိသည်။ ထို့နောက် ကြမ်းတိုက်တံဖြင့် ထိုလူ၏ပါးစပ်ကို ထိုးရန်ပြင်နေသော တာ့နွီကို လှမ်းဆွဲလိုက်၏။
"ဒါဆိုရင် ရှင်တို့က ဘယ်လိုမျိုး ဝယ်မှာလဲ"
ဝမ်ဖူရုံ သူမ၏ တုံ့ပြန်မှုကို အလွန်သဘောကျသွားသည်။ သူမ ကြောက်နေသည်မှာ သိသာလှပေသည်။
သူက ခုံပေါ်တွင် မှီထိုင်လိုက်၏။
"ဟင်းချက်နည်း တစ်မျိုးကို ငွေငါးတေး ပေးမယ်။ အခုကစပြီး မင်းက မြို့ပြင်မှာပဲ ရောင်းရမယ်၊ အပြင်ကို ပါဆယ်ပို့တာမျိုး လုံးဝမလုပ်ရဘူး"
ဟွာကျွင်းမှာ သူ၏ အရှက်မရှိမှုကို အံ့ဩသွားရသည်။
'ကိတ်မုန့်လိပ်’တစ်ခုတည်းကပင် မည်မျှ အမြတ်ထွက်သည်ကို လူတိုင်းသိကြပြီး တခြားကိတ်မုန့် အမျိုးမျိုးကိုတော့ ပြောနေစရာပင် မလိုပေ။
ဟွာကျွင်း တကယ် ကြောက်နေမိသည်။ မိန်းမတစ်ယောက်နှင့် မိန်းကလေးငယ်တစ်ဦးမှာ သန်မာသော အမျိုးသား သုံးဦးကို မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်ပေ။ သို့သော် ဟွာကျွင်းတွင် ဟင်းချက်နည်း ဆိုသည်မှာ မရှိပေ။ အရာအားလုံးမှာ အချောထည်များကိုသာ ဝယ်ယူထားခြင်း ဖြစ်သည်။
သူမက အသံကို နူးညံ့အောင် ထိန်းလိုက်ပြီး
"ကျွန်မ မရောင်းနိုင်ဘူး..."
သူမ၏ ရှင်းပြချက်မှာ လည်ချောင်းဝတွင် ရှိသေးစဉ် ဆိုင်ရှင်ဝမ်၏ စိတ်ရှည်မှုမှာ ကုန်ဆုံးသွား၏။ သူသည် ဤမိန်းကလေးကို ပညာပေးရန် လိုအပ်သည်ဟု ခံစားလိုက်ရသဖြင့် အော်ဟစ်လိုက်သည်။
"ရိုက်ခွဲလိုက်ကြစမ်း"
သူ့နောက်မှ လူနှစ်ယောက်မှာ ချက်ချင်းပင် လှုပ်ရှားတော့သည်။
ဟွာကျွင်းက သူမ မုန့်ဆိုင်အတွက် ဝယ်ထားသော စားပွဲနှင့် ကုလားထိုင်များမှာ သစ်သားစစ်စစ်များ ဖြစ်သဖြင့် မ ရန် အတော်လေး လေးလံလှ၏။ ဝမ်ဝူမှာ ခွန်အားပိုရှိသူ ဖြစ်သဖြင့် ကုလားထိုင်ကို လက်တစ်ဖက်တည်းနှင့် မလိုက်စဉ် အံ့ဩသွားမိပြီ၊ လက်နှစ်ဖက်လုံးကို အသုံးပြုကာ ကြမ်းပြင်ပေါ်သို့ အားကုန် ပစ်ပေါက်လိုက်သည်။
အသံကျယ်ကြီးထွက်ပေါ်လာသော်လည်း ကုလားထိုင်မှာ ဘာမှမဖြစ်ဘဲ နဂိုအတိုင်း ရှိနေလေသည်။ ကျောက်လျိုမှာမူ ပိန်ပါးသူ ဖြစ်သဖြင့် ဆိုင်ပစ္စည်းများကို တွန်းလှဲရန်သာ ရွေးချယ်လိုက်၏။
အခြေအနေမှာ တင်းမာလာ၏။။ ဝမ်ဝူ ဟွာကျွင်းကို ခြောက်လှန့်ရန်အတွက် စားပွဲများကို ဆက်တိုက် တွန်းလှဲကာ ဆူညံသံများ ထွက်ပေါ်အောင် လုပ်နေသည်။
ဟွာကျွင်း ကြောက်နေမိပြီး တာ့နွီကို ဖက်ထားလိုက်သည်။ တစ်ဖက်တွင် သူတို့က ဤထက် ပို၍ ပြင်းထန်သော အရာများ လုပ်မည်လားဟု စိုးရိမ်နေပြီး၊ အခြားတစ်ဖက်တွင်မူ အချိန်မှာ ကုန်လုနီးပါး ဖြစ်နေ၏။ မုန့်ဆိုင်မှာ ခေတ်သစ်ကို ပြန်သွားတော့မည် ဖြစ်ရာ၊ တာ့နွီကို ဤလူမိုက်များကြားထဲတွင် ထားခဲ့၍ မရပေ။ ဟွာကျွင်း၏ ဦးနှောက်မှာ အဖြေတစ်ခု ရနိုင်ရန် အပြင်းအထန် အလုပ်လုပ်နေသည်။ ထိုစဉ်မှာပင် အမျိုးသားတစ်ဦးသည် တံခါးဝမှ ဝင်လာကာ အော်ဟစ်လိုက်သည်။
"ရပ်လိုက်ကြစမ်း"
သူ့အသံမှာ မကျယ်သော်လည်း အမိန့်အာဏာ အပြည့်ပါဝင်နေ၏။
လူတိုင်း တံခါးဝသို့ ကြည့်လိုက်ကြသည်။ ရောက်လာသူမှာ အရပ်ရှည်ရှည်၊ ကိုယ်လုံးပါးပါးနှင့် ဖြူဖျော့ကာ ဖျားနာနေသည့်ပုံပေ။
သူက ထပ်ပြောသည်။
"သူများဆိုင်ကို ဖျက်ဆီးပြီး မိန်းမတွေကို နှိပ်စက်နေတာ... ဒီမှာ ဥပဒေဆိုတာ မရှိတော့ဘူးလား"
သူ့မျက်နှာသွင်ပြင်မှာ ထူးခြားပြီး နှာတံပေါ်ပေါ်အောက်တွင် ပါးလွှာသော နှုတ်ခမ်းရှိသည်။
သူ့စကားများမှာ တရားမျှတသော်လည်း လူက အားနည်းပုံရသည်။ ဝမ်ဝူနှင့် ကျောက်လျိုတို့မှာ လုံးဝ မကြောက်ကြဘဲ လှောင်ပြောင်လိုက်ကြ၏။
"သူရဲကောင်း လုပ်ချင်တယ်ဆိုရင် ကိုယ့်အင်အားကိုယ် အရင်ချိန်ဆဦး"
"ဥပဒေ ဟုတ်လား။ ဒီမှာ ငါက အိုး မဟုတ်ဘူး၊ ဆိုင်ရှင်ဝမ်က ဥပဒေပဲ"
ထိုလူက မျက်မှောင်ကြုတ်လိုက်လိုက်၏။
"ဆိုင်ရှင်ဝမ်ဆိုတာက ဘယ်သူလဲ"
သူ တစ်ခုခုကို နားလည်သွားဟန်ပင်။
"ဝမ်ဖူရုံလား"
"မင်း ဘယ်လို ပြောလိုက်တာလဲ။ ငါတို့သူဌေးနာမည်ကို မင်းက ဘယ်လိုခေါ်ရဲတာလဲ"
ဝမ်ဝူ ပြောပြီးသည်နှင့် ရှေ့သို့ တိုးလာကာ ထိုလူ၏ မျက်နှာကို လက်သီးဖြင့် လွှဲ၍ ထိုးလိုက်၏။
ဟွာကျွင်း အော်လိုက်သည်။
"ဂရုစိုက်ဦး"
ထိုလူမှာ အေးအေးဆေးဆေးပင်။ သူ့ကိုယ်နေဟန်ထားကို အသာအယာ ပြောင်းလိုက်ရုံဖြင့် ဝမ်ဝူ၏ လက်သီးကို ရှောင်လိုက်နိုင်သည်။ သူ့လှုပ်ရှားမှုကို မည်သူမှ သေသေချာချာ မမြင်လိုက်ရဘဲ နောက်တစ်စက္ကန့်တွင် ဝမ်ဝူမှာ နံရံကို ဝင်ဆောင့်ကာ ကြမ်းပြင်ပေါ်သို့ ပြန်လည် လွင့်ကျသွားတော့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်သွားခြင်းပင်။ ကျောက်လျိုမှာ ရှေ့သို့ ပြေးဝင်လာသော်လည်း ထိုလူ၏ ကန်ချက်ကြောင့် လွင့်ထွက်သွားကာ ဝမ်းဗိုက်ကို ဖက်လျက် နာကျင်စွာ အော်ဟစ်နေတော့သည်။
ဝမ်ဖူရုံသည် မတ်တပ်ရပ်ကာ မေးမြန်းလိုက်၏။
"မင်းက ဘယ်သူလဲ။ ငါနဲ့ မင်းနဲ့ ရန်ငြိုးမရှိဘဲ ဘာလို့ ငါ့ကို ဆန့်ကျင်နေတာလဲ"
ထိုလူက လှောင်ပြောင်လိုက်သည်။
"ဒါက စီးပွားရေး ပြိုင်ဆိုင်မှု သက်သက်ပဲ။ ခင်ဗျား အရည်အချင်းက နိမ့်ကျနေရင် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်သင့်တာပေါ့၊ အခုလို ဟွာကျွင်းကို လာပြီး အဓမ္မ မလုပ်သင့်ဘူး။ အဓမ္မလုပ်လို့ မရတဲ့အခါကျတော့ ဆိုင်ကို လာဖျက်ဆီးတယ်ပေါ့လေ"
ဝမ်ဖူရုံ နှာခေါင်းရှုံ့လိုက်သည်။
"မင်းက အရေးမပါတာတွေကို ဝင်ပါလွန်းနေပြီ"
သူ ကြမ်းပြင်ပေါ်တွင် လဲနေသော ဝမ်ဝူကို ကန်လိုက်ပြီး အပြင်သို့ ထွက်ရန် ခြေလှမ်းပြင်လိုက်၏။
"ကျောက်လျိုကို ဆွဲထူပြီး ငါ့နောက် လိုက်ခဲ့။ အသုံးမကျတဲ့ကောင်တွေ"
ထိုလူက တားဆီးလိုက်သည်။
"ကျုပ်က ခင်ဗျားကို ထွက်သွားလို့ရပြီလို့ ပြောလို့လား။ ဟွာကျွင်းကို တောင်းပန်လိုက်စမ်း"
ဝမ်ဖူရုံ ထိုလူကို ကြည့်လိုက်ပြီး သူ မသိသည့်သူ ဖြစ်ကြောင်း အတည်ပြုလိုက်သည်။
"လင်းကျန်းမြို့မှာ ငါက ဘယ်သူလဲဆိုတာ မင်း မစုံစမ်းထားဘူးလား။ ဒီနေ့ ငါ့ကို တကယ်ပဲ ဆန့်ကျင်ချင်တာလား"
ထိုလူမှာ စကားတစ်လုံးမှ မပြောတော့ဘဲ ဝမ်ဖူရုံ၏ လက်မောင်းတစ်ဖက်ကို ဖမ်းဆွဲပြီး စားပွဲပေါ်သို့ ဖိချလိုက်ရာ ဝမ်ဖူရုံ နာကျင်မှုကြောင့် မျက်နှာပျက်သွားတော့၏။
"တောင်းပန်လိုက်စမ်း။ ဘာလို့ စကားတွေ အများကြီး ပြောနေတာလဲ"
ဝမ်ဖူရုံ အလွန်နာကျင်နေရသည်။ သူ ဤကဲ့သို့ အရှက်ခွဲခံရခြင်းမျိုး တစ်ခါမှ မကြုံဖူးပေ။ ထို့ကြောင့် အမြန်ပင် တောင်းပန်တိုးလျှိုးလိုက်၏။
"အား... အား... နာတယ်။ တောင်းပန်မယ်။ တောင်းပန်မယ်လို့ ရပြီလား"
ထိုလူက သူ့ကို လွှတ်ပေးလိုက်သည်။ သူသ မတ်တပ်ရပ်ကာ သူ့လက်မောင်းကို ပွတ်ရင်း ဟွာကျွင်းကို ပြောလိုက်သည်။
"ဟွာကျွင်း... ဒီနေ့ ငါ စိတ်လိုက်မာန်ပါ လုပ်မိသွားတယ်။ တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
ထိုလူက ပြော၏။
"ခင်ဗျား ပစ္စည်းတွေကို ဖျက်ဆီးခဲ့တာ၊ အဲဒီအတွက် လျော်ပေးလိုက်"
ဝမ်ဖူရုံ၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ သူ စိတ်ကို အတန်ကြာအောင် ထိန်းလိုက်ပြီးမှ ငွေအိတ်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်၏။
ထိုလူက ဆက်ပြောသည်။
"အခု ထွက်သွားလို့ရပြီ။ ဒီမိန်းကလေးကို ထပ်ပြီး လာနှောင့်ယှက်တာ ကျုပ် မတွေ့စေနဲ့"
ဝမ်ဖူရုံ သူ့လူနှစ်ယောက်ကို ခေါ်ကာ တံခါးဝသို့ လျှောက်သွားပြီးမှ ရုတ်တရက် လှည့်ကြည့်ကာ အံကြိတ်၍ ပြောလိုက်၏။
"သူရဲကောင်းကြီး... မင်းရဲ့ နာမည်ကို ချန်ခဲ့ပါဦး၊ ဒီနေ့ ငါ ဝမ်ဖူရုံ ဘယ်သူ့ကို ပြစ်မှားမိလဲဆိုတာ သိရအောင်လို့ပါ"
ထိုလူသည် ဝမ်ဖူရုံကို ကြည့်လိုက်ပြီး ပါးလွှာသော နှုတ်ခမ်းမှ စကားသံ ထွက်ပေါ်လာသည်။ "လုမင်လီ"
ဝမ်ဖူရုံ တုန်လှုပ်သွားတော့သည်။ ထိုသူမှာ လုမင်လီ ဖြစ်နေ၏။ သူသည် အိပ်ရာထဲမှ မထနိုင်လောက်အောင် ဖျားနာနေသည်ဟု ကောလာဟလများ ထွက်နေလေသည်။။ သို့သော် ယခု အနည်းငယ် အားနည်းပုံရရုံသာ ရှိပြီး အိပ်ရာထဲ လဲနေမည့်ပုံစံနှင့် လုံးဝမတူပေ။
သူ တုန်တုန်ရင်ရင်ဖြင့် ဦးညွှတ်လိုက်သည်။
"ဗိုလ်ချုပ်လု... ကျွန်တော်မျိုး ဝမ်က အရှင်မှန်း မသိလို့ ပြစ်မှားမိတာပါ။ ကျေးဇူးပြုပြီး..."
ဝမ်ဖူရုံ စကားမဆုံးသေးခင်မှာပင် လုမင်လီ၏ စိတ်ရှည်မှုမှာ ကုန်ဆုံးသွားပြီး
ထွက်သွားစမ်းဟု ပြောလိုက်ရာ ဝမ်ဖူရုံမှာ အမြန်ပင် ထွက်ပြေးသွားတော့သည်။
လုမင်လီ လှည့်လာပြီး ဟွာကျွင်းကို အသာအယာ ခေါင်းငြိမ့်ပြ၏။
"ဟွာကျွင်း... ခင်ဗျား ထိတ်လန့်သွားတဲ့အတွက် ကျွန်တော် တကယ်ပဲ တောင်းပန်ပါတယ်"
ဟွာကျွင်း စိတ်ကို ထိန်းလိုက်သည်။
"ဗိုလ်ချုပ်လု ဒီနေ့ ဗိုလ်ချုပ်ကြောင့်သာ မဟုတ်ရင် သူတို့ ဘယ်လောက်အထိ ပြဿနာရှာဦးမလဲ မသိဘူး"
သူမသည် ရှေ့မှ လူကို သေသေချာချာ ကြည့်လိုက်၏။
"ဗိုလ်ချုပ်ရဲ့ ညီလေး မလာတာ နှစ်ရက်ရှိပြီဆိုတော့ ဗိုလ်ချုပ် နေပြန်မကောင်းဖြစ်နေတာလားလို့ စိတ်ပူနေခဲ့တာ။ အခုတော့ ဗိုလ်ချုပ် နေကောင်းနေတာ တွေ့ရလို့ ဝမ်းသာပါတယ်"
လုမင်လီ ဟွာကျွင်း၏ စိုက်ကြည့်ခြင်းကို မခံနိုင်ဘဲ ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။
"ဟွာကျွင်းရဲ့ ဂရုစိုက်မှုကြောင့် အခုဆို တစ်နေ့ သုံးနပ်လုံး စားနိုင်ပြီး လွတ်လွတ်လပ်လပ် သွားလာနိုင်နေပါပြီ"
သူက ထပ်ဖြည့်ပြောသည်။
"လုမင်ကျဲကတော့ စာမေးပွဲတွေ ရှိနေလို့ အလုပ်များနေတယ်၊ ဒါကြောင့် ဒီရက်ပိုင်းမှာ ကျွန်တော်ကိုယ်တိုင် ဆိုင်ကို လာစားဖြစ်တာပါ"
ဟွာကျွင်း နောက်ဖေးမီးဖိုချောင်တွင် ရှိနေသဖြင့် သတိမထားမိခဲ့ပေ။ သူမက တာ့နွီကို လှည့်ကြည့်လိုက်သည်။ တာ့နွီက ခေါင်းငြိမ့်ပြပြီး ဟွာကျွင်းကို ပြောသည်။
"ဟုတ်တယ်မမ၊ သမီး သူ့ကို မှတ်မိတယ်။ သူ ပြီးခဲ့တဲ့ နှစ်ရက်လုံး နေ့တိုင်းလာပြီး အစုံလိုက်ပွဲ တစ်ပွဲစီ မှာတယ်၊ ငွေလည်း အများကြီး ပေးသွားတယ်။ ညဘက် မမ ငွေတွက်တဲ့အခါတိုင်း သူ့ကို လက်ဖက်ရည်ဖိုး အများကြီးပေးတယ်ဆိုပြီး ချီးကျူးခဲ့သေးတယ်လေ"
ဟွာကျွင်း အနည်းငယ် ရှက်သွားမိ၏။ သူမ ချောင်းဟန့်ကာ စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဗိုလ်ချုပ်ရဲ့ ညီလေးက စားစရာတွေ လာမဝယ်တော့ဘူးဆိုရင် ဗိုလ်ချုပ် နေ့ဘက်မှာ ဘာတွေစားလဲ"
လုမင်လီ ပြုံးလိုက်သည်။
"အခုတော့ ကျွန်တော် အများကြီး မလှုပ်ရှားရသေးတော့ နေ့ဘက်မှာ မစားလည်း ကိစ္စမရှိပါဘူး"
"ဘယ်လိုဖြစ်နိုင်မှာလဲ။ ဗိုလ်ချုပ်က အခုမှ နာလန်ထစ ဆိုတော့ အာဟာရ ပိုလိုတာပေါ့" ပြောပြောဆိုဆိုနှင့် ဟွာကျွင်း နာရီကို ကြည့်လိုက်သည်။
"အချိန်ရသေးတယ်" ဟွာကျွင်း ထိုသို့ဆိုကာ မီးဖိုချောင်သို့ ပြေးသွားရင်း လှမ်းပြော၏။
"ခဏစောင့်ဦးနော်၊ ဗိုလ်ချုပ်အတွက် မနက်ဖြန်စားဖို့ စားစရာတွေ ပြင်ပေးမယ်"
ဟွာကျွင်းသည် လုမင်ကျဲအတွက် ပါဆယ်ထုပ် ပြင်ဆင်ထားပြီးသားပင်။ ၎င်းမှာ အနည်းငယ် အေးသွားပြီ ဖြစ်သော်လည်း လုမင်လီအတွက် အဆင်ပြေပါသည်။ သို့သော် သူ့အကူအညီပေးမှုကြောင့် သူမသည် ပိုကောင်းသောအရာကို ပေးလိုပါ၏။
ထို့ကြောင့် သူမသည် ရေခဲသေတ္တာထဲမှ 'ဘော်စတွန် ကျောက်ပုစွန်ထုပ်ကြီး' ကို ထုတ်ယူကာ ကြက်သွန်ဖြူနှင့် ကြာဆံတို့ဖြင့် ပြင်ဆင်ပြီး သစ်သားသေတ္တာထဲ ထည့်လိုက်၏။ ထို့ပြင် ငုံးကင် နှစ်ကောင်နှင့် ထမင်းဖြူ အမြောက်အမြားကိုလည်း ထည့်ပေးလိုက်သည်။ အချိုပွဲအဖြစ် ကိတ်မုန့်ကိုပင် စိပ်မနေတော့ဘဲ ကာရာမဲလ် ဘီစကစ် ကိတ်တစ်ခုလုံးကို ထည့်ပေးလိုက်ပြီး နို့လက်ဖက်ရည် ပူပူ နှစ်ခွက်ကိုလည်း ပြင်ဆင်ပေးလိုက်၏။
ထို့နောက် သူမ မီးဖိုချောင်ထဲမှ သုံးခေါက်တိုင်တိုင် သယ်ထုတ်လာခဲ့သည်။ လုမင်လီ၏ မျက်ဝန်းများတွင် အံ့ဩမှုများ ပြည့်နှက်နေ၏။ သူ ပစ္စည်းများကို လှမ်းယူလိုက်သော်လည်း တစ်ထုပ်ထက် တစ်ထုပ် ပိုကြီးလာသဖြင့် သူ့နောက်လိုက်ကို ခေါ်ကာ လှည်းပေါ်သို့ အရင်သွားတင်ခိုင်းလိုက်ရသည်။
ဟွာကျွင်းမှာ မုန့်ဆိုင်မှာ ခေတ်သစ်သို့ ပြန်တော့မည်ကို သူမ ကြိုတင် ခံစားသိရှိလိုက်ရ၏။
"အချိန်မရှိတော့ဘူး၊ အချိန်မရှိတော့ဘူး။ ကျွန်မ မုန့်ဆိုင် ပိတ်ရတော့မယ်။ ရှင်တို့ မြန်မြန် သွားကြတော့"
ထို့နောက် သူမ လုမင်လီနှင့် ကုလားထိုင်များကို လိုက်ပြင်နေသော တာ့နွီတို့ကို တံခါးအပြင်သို့ တွန်းထုတ်လိုက်သည်။
သူမ မုန့်ဆိုင်တံခါးကို ပိတ်ကာ နောက်ဆုံးတစ်ခွန်း ပြောလိုက်သည်။
"တာ့နွီကို ပြန်ပို့ပေးဖို့ ကူညီပေးပါဦး"
ထိုနောက် ကမ္ဘာနှစ်ခုမှာ လုံးဝ ကွဲကွာသွားတော့သည်။
အခန်း (၃၂)
ဟွာကျွင်းလေး အနိုင်ကျင့်ခံရခြင်း
ဟွာကျွင်း အပြင်ဘက်မှ အသံများကို တဖြည်းဖြည်း မကြားရတော့ဘဲ တံခါးကို ပြန်ဖွင့်လိုက်သည့်အခါ မုန့်ဆိုင်မှာ လမ်းမပေါ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။
သူမ အချိန်မီ တုံ့ပြန်နိုင်ခဲ့၍ တော်သေးသည်၊၊ မဟုတ်လျှင် အတော်လေး ထိတ်လန့်စရာ ကောင်းလိမ့်မည်။ ဟွာကျွင်း ရင်ဘတ်ကို ဖိကာ သက်ပြင်းချလိုက်မိ၏။
ဘေးခန်းရှိ သူမ အိမ်သစ်သို့ ပြန်ရောက်သောအခါ ရေမွှေးနံ့သာများဖြင့် ရေချိုးလိုက်သည်။ ဒုတိယထပ်ရှိ ကြမ်းပြင်အထိရောက်သော မှန်ပြတင်းပေါက်များမှာ နှစ်ထပ်မှန်ဖြစ်သဖြင့် ယခင်ကထက် အသံလုံမှု ပိုကောင်းလှရာ၊ ဟွာကျွင်းသည် တစ်ခါမှမရှိဖူးသေးသော နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းမျိုးဖြင့် အိပ်စက်ခဲ့၏။
သူမ ကိုယ်လက်ဆန့်ကာ လိုက်ကာထူကြီးများကို ဖွင့်လိုက်သည့်အခါ နေရောင်ခြည်များ အခန်းထဲသို့ စီးဝင်လာပြီး အောက်ဘက်ရှိစည်ကားနေသော လမ်းမကြီးကို မြင်တွေ့လိုက်ရသည်။
"အင်း။ ဒီနေ့ညတော့ ဘဲကင်ကို ခဏလောက် ပြန်ရောင်းရမယ်"
သူမ မြို့ထဲရှိ ဘဲကင်ဆိုင်တစ်ဆိုင်သို့ ကားမောင်းသွားပြီး အခြားအရာများ ဘာမှမဝယ်တော့ဘဲ ဘဲကင် အကောင် (၈၀) ကိုသာ တိုက်ရိုက်မှာယူလိုက်၏။ ကော်ဖီဆိုင်တစ်ဆိုင်ကို ရှာကာ ကော်ဖီသောက်ရင်း ဖုန်းသုံးနေလိုက်သည်။
ဖုန်းကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ဟွာကျွင်းမှာ အဆက်မပြတ် ဝင်လာသော မက်ဆေ့ချ်သတိပေးချက်များကြောင့် လန့်သွားရသည်။
၎င်းတို့မှာ ရှမင်း ထံမှ ပေးပို့ထားခြင်းပင်။ သူမသည် ဟွာကျွင်း၏ အထက်တန်းကျောင်းမှ ထိုင်ဖော်ထိုင်ဖက် သူငယ်ချင်းဖြစ်ပြီး တက္ကသိုလ်ဝင်တန်း၏ မှောင်မိုက်သော နေ့ရက်များတွင် သူမနှင့် ဟွာကျွင်းတို့ တစ်ဦးကိုတစ်ဦး အဖော်ပြုခဲ့ကြခြင်းမှာ ကံကောင်းလှသည်ဟု ဆိုရမည်။
ရှမင်း၏ စာပေလေ့လာမှုမှာ သာမန်သာဖြစ်ပြီး နောက်ပိုင်းတွင် သူမနှင့် ဟွာကျွင်းတို့ မတူညီသော မြို့များရှိ တက္ကသိုလ်များသို့ တက်ရောက်ခဲ့ကြ၏။ ဟွာကျွင်းသည် ကျောင်းစရိတ်အတွက် အချိန်ပိုင်းအလုပ်များဖြင့် အလုပ်ရှုပ်နေခဲ့သဖြင့် သူတို့နှစ်ဦးကြား အဆက်အသွယ်မှာ တဖြည်းဖြည်း နည်းပါးသွားခဲ့ခြင်း ဖြစ်သည်။
ဟွာကျွင်း ရှမင်းနှင့် ပြောထားသော စကားဝိုင်းကို အရင်ဆုံးဖွင့်ကာ အပေါ်ဆုံးအထိ ဆွဲတင်ပြီး သေသေချာချာ ဖတ်ကြည့်လိုက်သည်။
"ဟွာကျွင်း... နင်နဲ့ အဆက်အသွယ်မရတာ ကြာပြီနော်။ ဒီရက်ပိုင်း နေကောင်းရဲ့လား"
"ငါတို့ အထက်တန်းကျောင်းက အတန်းဖော်တွေ ပြန်ဆုံကြမလို့တဲ့၊ နောက်အပတ် ခရစ္စမတ်နေ့မှာ လုပ်မှာ။ အားလုံးက နင်လာမလားလို့ မေးနေကြတယ်"
"ငါ အများကြီး စဉ်းစားကြည့်ပြီးပြီ၊ ဒီစခရင်ရှော့ တွေကိုတော့ နင်ကြည့်သင့်တယ် ထင်လို့ ပို့လိုက်တာပါ"
ထို့နောက် အတန်း ထဲမှ ပြောဆိုထားသော စကားဝိုင်း ပုံရိပ်အချို့ ပါလာ၏။ ရှမင်းသည် ထို Group ထဲတွင် မရှိသော်လည်း၊ ထိုသူများ ပြောဆိုနေသည့် အကြောင်းအရာမှာ ဟွာကျွင်းဖြစ်နေသည်မှာ သိသာလှသည်။
အတန်းထဲမှ အလှဘုရင်မ ကျိုးရှန်းရှန်း က မေးထားသည်။
"ဒီပွဲမှာ ဟွာကျွင်းကို ဘယ်သူဖိတ်မှာလဲ"
ပြန်ပြောသူမှာ ကျိုးရှန်းရှန်း၏ အချစ်ဆုံးသူငယ်ချင်းဟောင်း ကျူးယွမ် ဖြစ်သည်။
"ဟို တောသူမလား။ သူကတော့ လာရဲမှာ မဟုတ်ပါဘူး။ အရင်က ဘာတွေဖြစ်ခဲ့လဲ မေ့သွားပြီလား။ ဘယ်လိုမျက်နှာမျိုးနဲ့ အတန်းဖော်စုံညီပွဲကို လာမှာလဲ"
၎င်းကို မြင်လိုက်ရသည့်အခါ ဟွာကျွင်း အထက်တန်းကျောင်းတုန်းက ဖြစ်ရပ်များကို ပြန်လည် မြင်ယောင်လာ၏။
ထိုအချိန်က သူမ၏ မိဘများမှာ မတော်တဆမှု ဖြစ်ပွားခဲ့ပြီး ဟွာကျွင်းမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေရချိန် ဖြစ်သည်။ အိမ်နှင့် မိဘများ၏ နစ်နာကြေးငွေများကို သူမ ဦးလေးမိသားစုက အကုန်လုံး လုယူသွားခဲ့ကြ၏။ သနားစရာ ဟွာကျွင်းလေးတွင် သူမ၏ မိဘများ မတော်တဆမဖြစ်ခင်က မနက်စာစားရန် ပေးခဲ့သော (၅) ယွမ်သာ ကျန်တော့၏။
မျက်ရည်တစ်စက်မှာ ဖုန်းစခရင်ပေါ်သို့ မမျှော်လင့်ဘဲ ကျလာသည်။ ထိုအခါမှ သူမသည် မည်သည့်အချိန်ကတည်းက မျက်ရည်များ ဝဲနေခဲ့မှန်း သိလိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် ထိုအခက်ခဲဆုံးအချိန်များမှာ ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး ယခုအခါ သူမတွင် ကိုယ်ပိုင်ဝင်ငွေ ရှာနိုင်စွမ်း ရှိနေပြီဖြစ်သည်။
ဟွာကျွင်းသည် မျက်ရည်များကို သုတ်ကာ မက်ဆေ့ချ်များကို ဆက်ဖတ်လိုက်သည်။
ကျိုးရှန်းရှန်းက ပြောလိုက်၏။
"ဒါပေမဲ့ ငါထင်တာကတော့ နှစ်တွေအများကြီး ကြာသွားပြီဆိုတော့ အမှားကြီးတွေကိုတောင် ခွင့်လွှတ်ပေးသင့်ပါပြီ။ သူ့ကို အတန်းဖော်တွေ့ဆုံပွဲကို ဖိတ်သင့်ပါတယ်"
ကျူးယွမ်မှ ဆိုသည်။
"နင်က စိတ်ထားကောင်းလွန်းလို့ပါ၊ အရင်က သူ့ဆီက အနိုင်ကျင့်ခံခဲ့ရတာတောင် နင်က ခွင့်လွှတ်ပေးချင်နေသေးတယ်။ ငါသာဆိုရင်တော့ သူ့ကို ထောင်ထဲရောက်အောင် လုပ်လိုက်မှာ”
"သက်ပြင်းချမိတယ်၊ အဲဒီတုန်းက တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေရတော့မယ့် အချိန်လေ။ ငါတို့က အတန်းဖော်တွေဆိုတော့ သူ့ရဲ့ အနာဂတ်ကို မဖျက်ဆီးချင်ခဲ့ဘူး။ နောက်ပြီး ပစ္စည်းတွေလည်း ပြန်တွေ့သွားပြီဆိုတော့ ထားလိုက်ပါတော့"
ဟွာကျွင်းသည် ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်ရင်း အတိတ်က ဖြစ်ရပ်ကို ပြန်လည် စဉ်းစားနေမိသည်။
ထိုအချိန်က ဟွာကျွင်းတွင် ပိုက်ဆံမရှိသဖြင့် ထမင်းဝယ်စားရန်ပင် မတတ်နိုင်ခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် အလွန်စိတ်ထားကောင်းသော အတန်းပိုင်ဆရာ ဆရာကူး နှင့် တွေ့ခဲ့ရသည်။
ဆရာကူးသည် ဟွာကျွင်း၏ အခြေအနေကို သိရှိသွားသည့်အခါ သူမ၏ ထမင်းစားကတ်ကို စာသင်နှစ်တခုစာ ဖြည့်ပေးရုံတင်မကဘဲ နေ့တိုင်း စာသင်ပေးပြီး သူမ စိတ်ဓာတ်မကျစေရန် နှစ်သိမ့်ပေးခဲ့၏။
ထိုအတန်းပိုင်ဆရာမှာ တက္ကသိုလ်မှ ဘွဲ့ရခါစ လူငယ်တစ်ဦးဖြစ်ပြီး အမြဲတမ်း သန့်ရှင်းစင်ကြယ်သော အင်္ကျီအဖြူကို ဝတ်ဆင်လေ့ရှိ၏။ သူသည် စာသင်ရာတွင် ဟာသနှောတတ်ပြီး လူချင်းတွေ့လျှင်လည်း ယဉ်ကျေးသိမ်မွေ့သူဖြစ်ရာ ကျောင်းရှိ ကျောင်းသူအားလုံး၏ အသည်းစွဲ ဖြစ်လာခဲ့သည်။
ထိုနေ့နေ့လည် ကျောင်းဆင်းချိန်တွင် အိမ်သာများကို သန့်ရှင်းရေးလုပ်ရန် ဟွာကျွင်း ဂျူတီကျသည့်နေ့ ဖြစ်သည်။ သန့်ရှင်းရေးလုပ်ပြီးနောက် အတန်းထဲသို့ ပြန်ရန်ပြင်စဉ် ကျိုးရှန်းရှန်းသည် မျက်နှာကို လက်နှင့်အုပ်ကာ ငိုရင်း အိမ်သာထဲသို့ ပြေးဝင်လာသည်ကို တွေ့လိုက်ရ၏။ ဟွာကျွင်းသည် သူမ တစ်ခုခုဖြစ်သည်လား စိုးရိမ်သဖြင့် နောက်မှ လိုက်သွားကာ မေးရန်ပြင်စဉ်မှာပင် မမျှော်လင့်ဘဲ နောက်မှလိုက်လာသော ကျူးယွမ်က သူမကို အားဖြင့် တွန်းလဲလိုက်သည်။
ဟွာကျွင်းမှာ ဘာဖြစ်မှန်းမသိဘဲ ကြောင်သွားရ၏။ သူမ မတ်တပ်မရပ်နိုင်ခင်မှာပင် ကျူးယွမ်က သူမ၏ ကော်လာကို ဆွဲကာ ပါးရိုက်လိုက်တော့သည်။
ဟွာကျွင်း၏ မျက်နှာမှာ တစ်ဖက်သို့ လည်ထွက်သွားပြီး မူးဝေသွားရ၏။ ထို့နောက် ကျူးယွမ်က သူမ၏ ပခုံးကို ကန်လိုက်ပြန်သည်။ ဟွာကျွင်းမှာ နာကျင်စွာ အော်လိုက်မိသည်။
"အတန်းပိုင်ဆရာကို မြှူဆွယ်ရတယ်လို့ ၊ ကောင်မ၊ ဆင်းရဲသားက ဘာလို့ သနားစရာကောင်းအောင် ဟန်ဆောင်နေတာလဲ။ ဆရာကူးနောက်ကို တကောက်ကောက် လိုက်နေတာ... အရှက်မရှိလိုက်တာ။ နင်က မိဘမဲ့ဖြစ်ရမှာပဲ"
"ငါ ပြောလိုက်မယ်၊ အတန်းပိုင်ဆရာနဲ့ စကားပြောတာ နောက်တစ်ခါ ထပ်မြင်ရင် နင့်ပါးစပ်ကို ငါ ဆွဲဖြဲပစ်မယ်"
ထပ်မံ အရိုက်ခံရပြန်ရာ ဟွာကျွင်းသည် သူမ၏ ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကာ ကြမ်းပြင်ပေါ်တွင် ကွေးနေရုံမှအပ ဘာမှမတတ်နိုင်ခဲ့ပေ။
သူမ အချက်ပေါင်းများစွာ အရိုက်ခံရပြီးနောက် ကျိုးရှန်းရှန်းသည် အိမ်သာထဲမှ ထွက်လာကာ ကျူးယွမ်ကို ညင်သာစွာ ပြောလိုက်သည်။
"ရှောင်ယွမ်... ဒါ သူ့အပြစ်မဟုတ်ပါဘူး၊ သူ့ကို မရိုက်ပါနဲ့တော့"
ထိုအခါမှ ကျူးယွမ်က ရပ်လိုက်ပြီး ကျိုးရှန်းရှန်းကို ပြောလိုက်၏။
"ရှန်းရှန်း... ဒါ နင့်အပြစ်လို့ ဘယ်လိုလုပ် ပြောနိုင်ရတာလဲ။ ဒီမြေခွေးမလေးသာ ဆရာကူးကို နေ့တိုင်း မမြှူဆွယ်ဘူးဆိုရင် ဆရာကူးက နင့်ကို ဘယ်လိုလုပ် ငြင်းပယ်မှာလဲ"
ထိုအခါမှ ဟွာကျွင်းသည် ကျိုးရှန်းရှန်းက အတန်းပိုင်ဆရာကို ချစ်ရေးဆိုခဲ့ပြီး ဆရာက ငြင်းပယ်လိုက်သည့်အတွက် သူမ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်ကို နားလည်သွား၏။
ဟွာကျွင်းအပေါ် စိတ်ရှည်သလောက်၊ ဆရာကူးသည် ကျိုးရှန်းရှန်းအပေါ်တွင် အေးစက်ပြီး စည်းကမ်းကြီးလှသဖြင့် ကျိုးရှန်းရှန်းမှာ အစော်ကားခံရသည်ဟု ခံစားရကာ ဟွာကျွင်းအပေါ် ဒေါသပုံချခြင်းသာ ဖြစ်၏။
ကျိုးရှန်းရှန်း ခေါင်းခါလျက် အသံများ တုန်ရီကာ ပြောလိုက်သည်။
"ဆရာကူးက ဟွာကျွင်းအပေါ်ကျတော့ နူးညံ့ပြီး ငါ့အပေါ်ကျတော့ ဘာလို့ အေးစက်တဲ့ စကားတွေ ပြောရတာလဲ။ ငါက မတော်လို့ပါ၊ ငါက ဟွာကျွင်းကို မမီလို့ပါ"
ဟွာကျွင်းသည် ကျိုးရှန်းရှန်း၏ စကားတိုင်းမှာ သူမအပြစ်မဟုတ်ဟု ဆိုနေသော်လည်း၊ တစ်ဖက်တွင်မူ ကျူးယွမ်ကို သူမအား အနိုင်ကျင့်ရန် လှုံ့ဆော်ပေးနေခြင်း ဖြစ်သည်ကို နားလည်လိုက်သည်။ ကျိုးရှန်းရှန်းမှာ နောက်ကွယ်တွင် ပုန်းကာ သနားစရာဟန်ဆောင်ရင်း သူမ ဒေါသကို ဖြေဖျောက်နေခြင်းသာ ဖြစ်မည်။
ကျူးယွမ်က ဟွာကျွင်း၏ ဝမ်းဗိုက်ကို နင်းကာ စူးစူးဝါးဝါး ပြောလိုက်သည်။
"ဆရာကူးနဲ့ ဝေးဝေးမှာနေ၊ ကြားလား။ မဟုတ်ရင် ငါ နင့်ကို နှိပ်စက်ဖို့ လူရှာလိုက်မှာ"
ဟွာကျွင်း ခေါင်းမော့ကြည့်လိုက်ရာ ကျူးယွမ်၏ နောက်ဘက်တွင် ကျိုးရှန်းရှန်းသည် သူမကို အေးစက်ပြီး မုန်းတီးမှုအပြည့်ရှိသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူတို့ ထွက်သွားပြီးနောက် ဟွာကျွင်းသည် နာကျင်နေသော ခန္ဓာကိုယ်ဖြင့် အားယူကာ ထလိုက်သည်။ သူမ လက်မောင်းနှင့် ကိုယ်ပေါ်တွင် အညိုအမဲကွက်များ ပြည့်နေပြီး မျက်နှာတစ်ခြမ်းမှာ ရောင်ကိုင်းနေကာ နှုတ်ခမ်းထောင့်တွင်လည်း သွေးများ ထွက်နေသည်။
သူမသည် အိမ်သာထဲသို့ဝင်ကာ မျက်နှာကို ရေဖြင့် အသာအယာ ဆေးကြောပြီးနောက် ကြမ်းပြင်ပေါ်သို့ ပုံကျသွားကာ ဘေစင်ကို မှီလျက် တိတ်တဆိတ် ငိုကြွေးနေမိ၏။
'ဘာလို့ ငါဖြစ်နေရတာလဲ'
ဟွာကျွင်း နားမလည်နိုင်ခဲ့ပေ။
‘ ဘာကြောင့် ကောင်းကင်ကြီးက သူမအပေါ် မတရားရတာလဲ၊ သူမ မိဘများကို ခေါ်ဆောင်သွားရုံတင်မကဘဲ အခုလို အရှက်ခွဲခံရမှုတွေကိုပါ ဘာလို့ ပေးနေရတာလဲ’
ဟွာကျွင်း ဘဝအပေါ် အလွန်အမင်း ကြောက်လန့်လာခဲ့သည်။ သို့သော် သူမ မသိခဲ့သည်မှာ ဤသည်မှာ အစသာ ရှိသေးခြင်းပင်။
ဆရာကူးသည် သူမကို တွေ့သွားသည့်အခါ ထိတ်လန့်ဒေါသထွက်သွားပြီး ဟွာကျွင်းအား မည်သူက ဤကဲ့သို့ ရိုက်နှက်သနည်းဟု အတင်းမေးမြန်းခဲ့သည်။
ဟွာကျွင်း၏ မျက်လုံးထဲတွင်မူ ဆရာကူးသည်သာ တရားခံဖြစ်သည်။ သူမ အရာအားလုံးအတွက် ဆရာကူးကို အပြစ်တင်မိပြီး နောက်တစ်ကြိမ် အရိုက်မခံရစေရန် ဆရာနှင့် ဝေးဝေးတွင်သာ နေချင်ခဲ့သည်။
သူမ အားကုန်သုံးကာ ဆရာကူးကို တွန်းဖယ်ပြီး အိမ်သို့ ယိုင်တိုင်တိုင်ဖြင့် ပြန်သွားခဲ့၏။
နောက်တစ်နေ့တွင် ဆရာကူးသည် တစ်ချိန်လုံး အနိုင်ကျင့်မှုများအကြောင်း ဝေဖန်ပြောဆိုပြီး၊ အတန်းဖော်ကို အနိုင်ကျင့်သူများကို ဒေါသတကြီး ကြိမ်းမောင်းခဲ့သည်။ မည်သူလုပ်သည်ကို မသိသဖြင့် အတန်းသား အားလုံးကို ဟောပြောခဲ့ခြင်း ဖြစ်သည်။
ကျိုးရှန်းရှန်းမှာ အပြစ်ရှိစိတ်ကြောင့် မျက်နှာ ဖြူဖျော့သွားခဲ့သည်။
နောက်တစ်နေ့ မနက်ပိုင်း လေ့ကျင့်ခန်း လုပ်ပြီးနောက် အားလုံး အတန်းထဲသို့ ပြန်ရောက်လာချိန်တွင် ကျိုးရှန်းရှန်းက အလန့်တကြား အော်ဟစ်လိုက်သည်။
"ငါ့ရဲ့ ဆွဲကြိုး ဘယ်ရောက်သွားတာလဲ။ ငါ့ဆွဲကြိုး ပျောက်သွားပြီ"
ကျူးယွမ် မေးလိုက်၏။
"နင့်မေမေက မွေးနေ့လက်ဆောင်အဖြစ် ပေးထားတဲ့ အရမ်းစျေးကြီးတဲ့ ဆွဲကြိုးလား"
ကျိုးရှန်းရှန်းမှာ အလွန်စိုးရိမ်သဖြင့် မျက်ရည်များပင် ကျလုနီးပါး ဖြစ်နေသည်။ သူမက ခေါင်းငြိမ့်ပြပြီး ပြောလိုက်သည်။
"လေ့ကျင့်ခန်း မလုပ်ခင်တုန်းက ကျောပိုးအိတ်ထဲ သေချာ ထည့်ထားတာ၊လေ့ကျင့်ခန်းလုပ်ရင်း ပျောက်မှာစိုးလို့။ ကျူးယွမ်... ကျေးဇူးပြုပြီး ငါ့ကို ကူညီပါဦး"
ကျူးယွမ်က ခေါင်းငြိမ့်လိုက်ပြီး အတန်းပိုင်ဆရာကို သွားရှာကာ အခြေအနေကို ရှင်းပြလိုက်သည်။ အတန်းပိုင်ဆရာက စင်မြင့်ပေါ်တွင် ရပ်ကာ ပြောလိုက်သည်။
"အားလုံးပဲ ကျိုးရှန်းရှန်းရဲ့ ဆွဲကြိုး ရှိမရှိ ကိုယ့်ထိုင်ခုံပတ်ပတ်လည်မှာ ဝိုင်းရှာပေးကြပါဦး"
ကျူးယွမ် ပြောလိုက်၏။
"ဆရာကူး... အဲဒါက အလကားပါပဲ၊ ကျွန်မတို့ ရှာပြီးပါပြီ။ ဒီဆွဲကြိုးက အရမ်းတန်ဖိုးကြီးတာ၊ တစ်ဖနီ ရဲ့ နောက်ဆုံးပေါ် ဒီဇိုင်းပဲ၊ ရှန်းရှန်းက ဒီအတိုင်း ပျောက်မှာမဟုတ်ဘူး။ ဒါ အတန်းထဲက တစ်ယောက်ယောက်က ခိုးသွားတာပဲ ဖြစ်ရမယ်၊ ရှာကြည့်လိုက်ရင် သိရမှာပါ"