အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
အခန်း (၃၃)
အဝတ်အစားဝယ်ရန် ယွမ်တစ်ရာ
ဆရာကူး မျက်မှောင်ကြုတ်လျက် ကျူးယွမ်ကို ကြည့်ကာ မေးခွန်းထုတ်လေသည်။
“ကျူးယွမ်၊ မင်း ဒီလိုမျိုး စွပ်စွဲချက်တွေ မပြောသင့်ဘူး။ အတန်းဖော်တစ်ယောက်က ခိုးတယ်လို့ ပြောဖို့အတွက် မင်းမှာ သက်သေရှိလို့လား”
ကျူးယွမ် ခေါင်းခါပြလျက် ပြန်ပြောလေသည်။
“သမီးမှာ သက်သေမရှိပါဘူး”
ထို့နောက် သူမ ဟွာကျွင်းဘက်သို့ လှည့်ကြည့်ကာ ထူးဆန်းသော အပြုံးတစ်ခုကို ပြုံးပြပြီးနောက် မျက်နှာကို ပြန်ပြင်လိုက်ကာ ပြောလေသည်။
“ဟွာကျွင်း တစ်ယောက်ပဲ မနက်ခင်း လေ့ကျင့်ခန်းသွားချိန်မှာ အတန်းထဲမှာ ကျန်ခဲ့တာလေ။ သူ့ကို အရင်စစ်ကြည့်ရင် မကောင်းဘူးလား”
ဆရာကူးက ခွင့်မပြုကြောင်း အမူအရာဖြင့် တားမြစ်ကာ ပြောလေသည်။
“ဘယ်သူ့မှာမှ တခြားသူရဲ့ ပစ္စည်းတွေကို ရှာဖွေပိုင်ခွင့် မရှိဘူး။ ပျောက်သွားတဲ့ ပစ္စည်းက တန်ဖိုးကြီးတာမို့ ဆရာ အရင်ဆုံး ကျောင်းကို တင်ပြမယ်၊ ပြီးမှ ရဲခေါ်ဖို့ လိုမလို ဆုံးဖြတ်ကြတာပေါ့”
သို့သော် ကျူးယွမ်မှာ ဟွာကျွင်း၏ ထိုင်ခုံသို့ အတင်းပြေးသွားပြီး စားပွဲအံဆွဲထဲရှိ ပစ္စည်းအားလုံးကို အပြင်သို့ သွန်ချလိုက်၏။
“ဆရာကူး။ တွေ့ပြီ ဆွဲကြိုးက တကယ်ပဲ သူ ခိုးထားတာ”
ဟွာကျွင်းမှာ ထိတ်လန့်တကြား ငြင်းဆိုလေသည်။
“သမီး မခိုးပါဘူး.. သမီး မဟုတ်ဘူး”
ကျူးယွမ် လှောင်ပြုံးပြုံးကာ ပြောလေသည်။
“နင်မဟုတ်ရင် ဘယ်သူလဲ။ ပစ္စည်းက နင့်စားပွဲထဲမှာ တွေ့တာလေ။ လက်ပူးလက်ကြပ် မိတာတောင် ငြင်းရဲသေးတယ်ပေါ့”
ဟွာကျွင်းသည် ကြောက်လန့်တကြား ခေါင်းခါလျက် ဆရာကူးကို ကြည့်ကာ ပြောလေသည်။
“ဒါက သမီးစားပွဲထဲကို ဘယ်လိုရောက်နေလဲ သမီး တကယ်မသိဘူး”
ဆရာကူး ဟွာကျွင်းဘက်က ရပ်တည်ပေးကာ ပြောလေသည်။
“ဆရာ ဟွာကျွင်းရဲ့ စိတ်ထားကို ယုံကြည်တယ်၊ အားလုံးလည်း သူ့ကို သိကြတာပဲ။ ဒီကိစ္စကို ထပ်ပြီး စုံစမ်းဖို့ လိုသေးတယ်”
ကျိုးရှန်းရှန်း မယုံနိုင်သည့် အမူအရာဖြင့် ကြည့်ကာ ပြောလေ၏။
“ဟွာကျွင်း... ငါ နင့်ကို သူငယ်ချင်းလို့ သတ်မှတ်ခဲ့တာ၊ နင် ဒီလိုလုပ်လိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့ဘူး... နင့်မိသားစု အခက်အခဲရှိလို့ ပိုက်ဆံလိုရင် ငါ့ကို ပြောလို့ရသားပဲ။ ငါ သေချာပေါက် ကူညီမှာပါ။ ဒါပေမဲ့ ဒီဆွဲကြိုးက မေမေပေးထားတဲ့ လက်ဆောင်မို့ နင့်ကို မပေးနိုင်ဘူး”
ကျူးယွမ်က အတန်းထဲရှိ ကျောင်းသားများကို တစ်ယောက်ချင်း လိုက်မေးလေသည်။
“နင် မခိုးဘူးဆိုရင် ဘယ်သူက နင့်စားပွဲထဲ လာထည့်မှာလဲ။ ကျန်းပင်း... နင်လား ။ လီဖုန်း... နင်လား၊ ဒါမှမဟုတ် ဝမ်ရွီရွီ... နင် ထည့်တာလား”
အတန်းဖော်များမှာ ပြဿနာထဲ ပါဝင်ရမည်ကို ကြောက်သဖြင့် အားလုံးက ခေါင်းခါကြလေသည်။
“ကျွန်တော် မထည့်ဘူး၊ မြင်တောင် မမြင်ဖူးဘူး”
ဟွာကျွင်း၏ ဘေးချင်းကပ်ထိုင်ဖော် ရှမင်း တစ်ယောက်သာ ကျူးယွမ်ကို အသံကျယ်ကျယ်ဖြင့် ပြန်မေးလေ၏။
“ဒါဆို နင်ကိုယ်တိုင်ရော ဘာလို့ မထည့်နိုင်ရမှာလဲ”
ကျူးယွမ်က နှာခေါင်းရှုံ့လျက် ပြန်ပြောလေသည်။
“ငါက ဘာလို့ ထည့်ရမှာလဲ”
ရှမင်းက ဒေါသတကြီး ပြန်ပြောလေသည်။
“သူ့ကို အကွက်ဆင်ဖို့ပေါ့”
ကျူးယွမ်က ဟန်ဆောင်ပန်ဆောင်ဖြင့် အော်လေသည်။
“ငါက။ ဒီလိုလူကို အကွက်ဆင်ရမယ် ဟုတ်လား။ နင် ငါ့ကို စွပ်စွဲနေတာပဲ”
ဆရာကူးက စင်မြင့်ကို အားဖြင့် ရိုက်လိုက်ကာ အော်ဟစ်တားမြစ်လေသည်။
“မင်းတို့ ဆူညံနေတာ တော်ကြတော့မလား။ ကိုယ့်ဘာသာ စာကြည့်ကြစို့။ ဆရာ ကျောင်းအုပ်ကြီးဆီ သွားလိုက်ဦးမယ်”
ဤသည်မှာ ကျူးယွမ်နှင် ကျိုးရှန်းရှန်းတို့ လက်ချက်မှန်း ဟွာကျွင်း သိသော်လည်း သက်သေမရှိခဲ့ပေ။ နောက်ပိုင်းတွင် တရားမျှတမှုက အနိုင်မရခဲ့ပေ။ ဆရာကူး၏ ပြင်းပြင်းထန်ထန် ကာကွယ်ပေးမှုကြောင့်သာ ဟွာကျွင်းသည် ပြစ်ဒဏ်ကြီး သာ ရရှိခဲ့ပြီး ကျောင်းသားအဖြစ် ဆက်လက်တည်ရှိကာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် ရခဲ့၏။
ဤဒဏ်ရာက ဟွာကျွင်းကို စိတ်ဓာတ်ကျစေခဲ့သည်။ မကြာမီ ထိုကိစ္စမှာ ကျောင်းတစ်ကျောင်းလုံး ပျံ့နှံ့သွားပြီး သူမ သွားလေရာရာတွင် လူများက လက်ညှိုးထိုး ပြောဆိုကြ၏။ အတန်းထဲတွင် အမြဲ ထိပ်ဆုံးကရှိခဲ့သော သူမသည် ဤကဲ့သို့ အကြီးအကျယ် စိတ်ဒဏ်ရာရခဲ့ရသဖြင့် နောက်ဆုံးတွင် တတိယတန်းစား တက္ကသိုလ်တစ်ခုသို့သာ ခက်ခဲစွာ တက်ရောက်နိုင်ခဲ့ပြီး သူမ ဘဝလမ်းကြောင်းမှာ လုံးဝ ပြောင်းလဲသွားခဲ့ရလေသည်။
ထိုအချိန်ကပင် ကံကြမ္မာ၏ စက်ဝန်းမှာ စတင်လည်ပတ်နေခဲ့ပြီ ဖြစ်၏။
ရှမင်း၏ မက်ဆေ့ချ် ပေါ်လာလေသည်။
“ သူတို့ နင့်အကြောင်း ပြောနေတာတွေက လွန်လွန်းတယ်။ နင် အဲဒီလို မလုပ်ဘူးဆိုတာ ငါ သိပါတယ်”
ဟွာကျွင်းသည် အတန်း Group ထဲမှ ထွက်ပြီးသား ဖြစ်၏။ သူမက ရှမင်းကို ပြန်စာပို့လေသည်။
[ငါ အဲဒီ အတန်းဖော်စုဝေးပွဲကို သွားမယ်။]
[နင် ရူးနေလား။ အဲဒီလိုလူတွေကို ဘာလို့ သွားဂရုစိုက်နေမှာလဲ]
[ရပါတယ်၊ ငါ့အတွက် အတန်းခေါင်းဆောင်ကို ပြောပေးပါဦး]
ရှမင်း စခရင်ရှော့အချို့ ထပ်ပို့လာလေ၏။
ကျိုးရှန်းရှန်းက ပြောလေသည်။
[ဒီပွဲအတွက် ငါ ကျိုတိုမြို့က တောက်လဲ့ကျူဆိုင်ကို ဘွတ်ကင်လုပ်ထားပြီးပြီ]
ချက်ချင်းပင် လူများစွာက သူမကို မြှောက်ပင့်ကြလေသည်။
[ဝိုး... ငါတို့ရဲ့ မမကျိုးပဲ၊ ဝင်ရခက်တဲ့ တောက်လဲ့ကျူကိုတောင် ဘွတ်ကင်လုပ်နိုင်တယ်ပေါ့]
[ဟုတ်တယ်၊ အဲဒီနေရာက သာမန်လူတွေ ဝင်ဖို့ မလွယ်ဘူး။ အဖွဲ့ဝင်ရှိမှ ရတာထင်တယ်]
ကျိုးရှန်းရှန်း ထပ်ပြောလေသည်။
[အားလုံး မပူပါနဲ့၊ ငါ တောက်လဲ့ကျူ ပိုင်ရှင်နဲ့ စကားပြောထားပြီးပြီ။ အဲဒီရောက်ရင် ငါ့နာမည် ပြောလိုက်ရုံပါပဲ။]
ကျောင်းသားတစ်ယောက်က ဆိုလေသည်။
[ငါ ကြားတာတော့ တောက်လဲ့ကျူ ပိုင်ရှင်ရဲ့ အဖေက ရှေးဟောင်းသုတေသန ပညာရှင်တစ်ယောက်ဆိုပဲ၊ အထဲက ပရိဘောဂတွေ အကုန်လုံးက ရှေးဟောင်းပစ္စည်းတွေချည်းပဲ။ ဒီတစ်ခါတော့ ငါတို့ တကယ်ပဲ မျက်စိပွင့်မှာပဲ]
[ဒါဆို ငါတို့က ဝတ်စုံပြည့်တွေ၊ ပွဲတက်ဝတ်စုံတွေ ဝတ်သွားရမှာလား]
ကျူးယွမ် အကြံပေးလေသည်။
[ငါ့မှာ အကြံတစ်ခု ရှိတယ်၊ အားလုံး ဟန်ဖူ ဝတ်ကြရင် ပိုလိုက်ဖက်မယ် ထင်တယ်]
[ရှန်းရှန်းက ဖက်ရှင်ဒီဇိုင်း မဟာဘွဲ့ ကျောင်းသူဆိုတော့ သူကတော့ ဒီပွဲရဲ့ ဘုရင်မ ဖြစ်မှာ သေချာတယ်]
[ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒီနေ့မှာ ရှန်းရှန်းတစ်ယောက် ပွဲတစ်ပွဲလုံးကို လင်းထိန်သွားစေမှာကို စောင့်ကြည့်နေမယ်]
ကျိုးရှန်းရှန်း ဟန်ဆောင်လျက် ပြောလေသည်။
[အားလုံးပဲ အဲလို မပြောကြပါနဲ့။ မိန်းကလေးတိုင်းမှာ ကိုယ်စီ အလှတရားရှိကြပါတယ်။ ဒါပေမဲ့ ငါ စိုးရိမ်တာက ဒီလိုမျိုး စီစဉ်လိုက်ရင် ဟွာကျွင်း လာတဲ့အခါ စိတ်အားငယ်သွားမှာကိုပဲ။ သူ့ကို စိတ်မချမ်းသာအောင် မလုပ်ချင်ဘူး၊ အားလုံး အဆင်ပြေစေချင်ပါတယ်]
ကျူးယွမ် မြှောက်ပင့်လေသည်။
[ရှန်းရှန်း... နင်က စိတ်ထားကောင်းလွန်းတယ်။ ဒါပေမဲ့ စိတ်ထားကောင်းလွန်းရင် အနိုင်ကျင့်ခံရတတ်တယ်နော်]
[မဟုတ်ပါဘူး၊ ငါ့ကို ငယ်ငယ်ကတည်းက လူတိုင်းကို ရိုးရိုးသားသား ဆက်ဆံဖို့ သင်ပေးထားတာ၊ တခြားသူတွေကလည်း ငါ့အပေါ် ရိုးသားကြမှာပါ]
အတန်းဖော်တစ်ယောက်က ဆိုလေသည်။
[ဟွာကျွင်းကတော့ မဟုတ်ဘူး။ ငါ ကြားတာတော့ သူ အခု သိပ်အဆင်မပြေဘူးတဲ့။ နင်တို့ သိတဲ့အတိုင်း သူက အရင်က နာမည်ကြီးလေ၊ အမြဲ ထိပ်ဆုံးသုံးယောက်ထဲ ပါခဲ့တာ၊ ဒါပေမဲ့ နောက်ဆုံးတော့ တတိယတန်းစား ကျောင်းပဲ တက်ခဲ့ရပြီး အခု အလုပ်ရှာမရဘူးတဲ့။ သူ့ဇာတိရွာကိုပဲ ပြန်သွားပုံရတယ်]
ကျူးယွမ်က ပြောလေသည်။
[အဲဒါ သူနဲ့ ထိုက်တန်တာပဲ။ ဘယ်သူက သူ့ကို လက်စောင်းထက်ခိုင်းလို့လဲ၊ ဆင်းရဲပြီး စိတ်ဓာတ်မ ေကာင်းတဲ့သူ။ ဪ... ဒါနဲ့ အားလုံးကို ဓာတ်ပုံတစ်ပုံ ပြရဦးမယ်]
ကျူးယွမ်သည် အထက်တန်း တတိယနှစ်တုန်းက ခိုးရိုက်ထားသော ဟွာကျွင်း၏ ဓာတ်ပုံကို ပို့လိုက်လေ၏။
ဓာတ်ပုံထဲတွင် ဟွာကျွင်းမှာ ခေါင်းငုံ့ထားပြီး ကျောကုန်းနေသည်။ ထိုအချိန်က ဟွာကျွင်း စိတ်အပျက်ဆုံး အချိန်ဖြစ်ပြီး အာဟာရချို့တဲ့မှုကြောင့် ဆံပင်များမှာ နှစ်ခွဖြစ်နေကာ၊ သူမကိုယ်သူမ ပြုပြင်ရန် စိတ်မပါသဖြင့် ကတ်ကြေးဖြင့် ကိုယ်တိုင် ညှပ်ထားသောကြောင့် ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေလေသည်။
သူမ ကျောင်းဝတ်စုံမှာလည်း အနည်းငယ် တိုနေပြီး ဟွာကျွင်း ကိုယ်တိုင်ပင် ကြည့်ရဆိုးနေသည်ဟု ခံစားရ၏။
ကျူးယွမ်က လှောင်ပြောင်လေသည်။
[ကြည့်စမ်း၊ ဒီလိုပုံစံနဲ့ သူက ပွဲလာရဲဦးမလား]
အတန်းခေါင်းဆောင်က အသိပေးလေသည်။
[ခုနတင် သတင်းရတယ်၊ ဟွာကျွင်း ပွဲကို လာမယ်တဲ့]
Group စကားဝိုင်းမှာ ဆူညံသွားတော့၏။
သူမ တကယ်ပင် လူပြောအများဆုံး ဗဟိုချက်မ ဖြစ်နေတော့သည်။
ဟွာကျွင်း ရှမင်းကို စခရင်ရှော့များ ထပ်မပို့ရန် ပြောလိုက်၏။ မည်သို့ပင်ဆိုစေကာမူ နောက်ပိုင်းတွင် ကောင်းသည့်အရာပါမည် မဟုတ်ဘဲ သူတို့ ဘယ်လောက် အောင်မြင်နေသည်ဆိုတာ ပြဖို့ သူမကို လှောင်ပြောင်နေကြမှာ ဖြစ်၏။
သူမသည် ဟန်ဖူ ရှာရန် ကုန်တိုက် ဒုတိယထပ်သို့ သွားခဲ့သော်လည်း ပတ်ပတ်လည် ရှာကြည့်သည့်တိုင် စုဝမ် နှင့် ကျောက်လုအာ တို့ ဝတ်ခဲ့သည့် ဝတ်စုံမျိုးနှင့် ယှဉ်နိုင်မည့် အရာကို ရှာမတွေ့ခဲ့ပေ။
ဪ... ဟုတ်သားပဲ၊ ရှေးခေတ်မှာ တာ့နွီကို ပိုက်ဆံပေးပြီး တစ်စုံ ဝယ်ခိုင်းလိုက်လျှင် ရလေသည်။ ဤအရာမှ အစစ်မှန်ဆုံး ဟန်ဖူ ဖြစ်မည်။
တာ့နွီ မျက်လုံးပြူးလျက် အံ့ဩတကြီး မေးလေသည်။
“ဘာ။ အဝတ်အစား တစ်စုံကို ငွေတေး တစ်ရာတောင်လား။ မမ... ကျွန်မ မြင်ဖူးသမျှ အကောင်းဆုံး အဝတ်အစားက ဘေးအိမ်က ဟူနွီ ဝတ်တဲ့ဟာပဲ၊ အဲဒါတောင်မှ ကြေးပြား (၂၀) ပဲ ပေးရတာ”
ဟွာကျွင်းက အလေးအနက်ထားလျက် မှာကြားလေ၏။
“ဟုတ်တယ်၊ အတိအကျ ငွေတေး တစ်ရာပဲ။ နင် ငါ့အတွက် အစျေးအကြီးဆုံး တစ်စုံကို ရွေးပေးပါ။ ပိုက်ဆံကို ချွေတာဖို့ မကြိုးစားနဲ့၊ နားလည်လား။ ဒါက ငါ့အတွက် အရမ်း အရမ်း အရေးကြီးတဲ့ ကိစ္စမို့လို့ပါ”
တာ့နွီသည် တွေဝေစွာ ခေါင်းငြိမ့်လိုက်ပြီး လေးလံသော ငွေအိတ်ကို ကိုင်ကာ ခေါင်းများပင် မူးနောက်သွားလေ၏။ ထိုမျှ စျေးကြီးသော အဝတ်အစားကို ဘယ်မှာ ဝယ်ရမှန်း သူမ မသိပေ။
တိုက်တိုက်ဆိုင်ဆိုင်ပင် စုဝမ်သည် ယနေ့တွင် ရောက်လာခဲ့လေ၏။ သူမ ထိုင်လိုက်သည်နှင့် တာ့နွီက အကူအညီတောင်းရန် ပြေးသွားလေသည်။
“မမစု... မမဟွာကျွင်းက ကျွန်မကို ငွေတေး တစ်ရာတန် အဝတ်အစားတစ်စုံ ဝယ်ခိုင်းနေတယ်။ ဘယ်မှာ ဝယ်ရမလဲဆိုတာ သိလားဟင်”
စုဝမ်က ခဏစဉ်းစားပြီး ပြန်မေးလေသည်။
“ငါ ဝယ်ပေးလို့ရပါတယ်၊ ဒါပေမဲ့ ဟွာကျွင်း တစ်ခုခု ပြဿနာတက်နေလို့လား”
စုဝမ်သည် ဖောက်သည်များ ထွက်သွားသည်အထိ စောင့်ကာ ဟွာကျွင်းကို သေသေချာချာ မေးရန် ဆုံးဖြတ်လိုက်လေသည်။ ထိုမှသာ သူမအနေနှင့် တကယ် ကူညီနိုင်ကောင်း ကူညီနိုင်လိမ့်မည်ဖြစ်၏။
လုမင်လီလည်း ပြန်မသွားဘဲ စောင့်နေခဲ့လေသည်။
မနေ့ညက သူ ပါဆယ်ကို ဖွင့်ကြည့်လိုက်စဉ် လက်မောင်းနီးပါးကြီးသော ပုစွန်ထုပ်ကြီးကို မြင်လိုက်ရသည့်အခါ သူ တကယ်ပင် ထိတ်လန့်သွားခဲ့၏။
သူသည် အခြားဟင်းပွဲများကို နောက်ရက်အတွက် သိမ်းထားသော်လည်း သူနှင့် သူ့အဖွားတို့ ကြက်သွန်ဖြူကြာဆံဖြင့် ပြုလုပ်ထားသော ဘော်စတွန် ပုစွန်ထုပ်ကြီးကို အားပါးတရ စားခဲ့ကြရာ အလွန်ပင် မွှေးကြိုင်လှ၏။
သူ့အဖွားကလည်း ထပ်ခါတလဲလဲ ချီးကျူးခဲ့လေသည်။
သူ ကျေးဇူးတင်စကားပြောရန် ယနေ့ ရောက်လာခြင်းဖြစ်၏။ ထိုပုစွန်ထုပ်ကြီး တစ်ခုတည်းတင် အလွန်စျေးကြီးရုံတင်မကဘဲ၊ ယခုခေတ်တွင် ပိုက်ဆံရှိလျှင်ပင် ဝယ်ယူရန် မလွယ်ကူသောအရာ ဖြစ်လေသည်။
ဟွာကျွင်း အလုပ်များပြီး၍ မီးဖိုချောင်ထဲမှ ထွက်လာသည့်အခါ စုဝမ်က တိုက်ရိုက်ပင် မေးလေသည်။
“ဟွာကျွင်း... ရှင် တစ်ခုခု ပြဿနာတက်နေလို့လား။ ဘာလို့ အဝတ်အစား တစ်စုံအတွက် ငွေတေး တစ်ရာတောင် သုံးချင်ရတာလဲ”
ဟွာကျွင်း ပြန်ပြောလေသည်။
“ကျွန်မ မကြာခင်မှာ ပွဲတစ်ခု သွားဖို့ရှိတယ်၊ အဲဒီပွဲက အရမ်း အရေးကြီးတယ်။ ဒါကြောင့် လူအထင်ကြီးစေမဲ့ အဆင့်မြင့်တဲ့ အရာတစ်ခု ဝယ်ဖို့ လိုနေတာ”
စုဝမ် စနောက်လျက် မေးလေသည်။
“ပွဲမှာ ရှင်ကြိုက်နေတဲ့ ကောင်လေး ရှိလို့လား”
ဟွာကျွင်းက သူမ လက်ညှိုးကို ဘယ်ညာ ယမ်းပြကာ ငြင်းဆိုလေသည်။
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ လုံးဝကို ဆန့်ကျင်ဘက်ပဲ။ ပွဲမှာ ကျွန်မ ရန်သူ ရှိနေလို့၊ တကယ့်ကို နာကျည်းချက် အကြီးကြီးရှိတဲ့ ရန်သူမျိုးပေါ့။ ဒါကြောင့် ကျွန်မ လူတိုင်းထက် ပိုပြီး ထင်ပေါ်နေဖို့ လိုတယ်”
စုဝမ် နားလည်သွားကာ အကြံပေးလေသည်။
“ဒါဆိုရင်တော့ အချောထည် အဝတ်အစားတွေကို မဝယ်နဲ့။ ဟုန်ရှူး ပိတ်စဆိုင်ကို လျိုကွမ်းကျင်း ပိတ်စသစ်တွေ ရောက်နေတယ်လို့ ကြားတယ်။ ကျွန်မ ရှင့်အတွက် ဝတ်စုံတစ်စုံ စိတ်ကြိုက်ချုပ်ပေးမယ်။ လှနေစေရမယ်လို့ အာမခံတယ်”
ဟွာကျွင်းသည် စုဝမ်၏ လက်ကို ကျေးဇူးတင်စွာဖြင့် ဆုပ်ကိုင်လိုက်ကာ ပြောလေသည်။
“တကယ်လား ၊ ဒါဆိုရင်တော့ ရှင့်ကိုပဲ အပ်လိုက်ပြီနော်”
အခန်း (၃၄)
ဈေးဝယ်ထွက်ခြင်း
“လျိုကွမ်းကျင်း” ဟူသော အမည်ကို ကြားရရုံနှင့်ပင် အလွန်ကောင်းမွန်သော အရာမှန်း သိသာလှ၏။ အဝတ်အစားကိစ္စ အဆင်ပြေသွားပြီဖြစ်ရာ နောက်ထပ်လုပ်ဆောင်ရမည့်အရာမှာ သူမ မျက်နှာကို သေချာပြင်ဆင်ရန်ပင် ဖြစ်၏။
ဟွာကျွင်းသည် မြို့ထဲရှိ အဆင့်မြင့်ဆုံး ကုန်တိုက်ကြီးသို့ သွားရောက်ကာ နာမည်ကြီး အရေပြားထိန်းသိမ်းမှု ပစ္စည်းအရောင်းကောင်တာတစ်ခုကို ရှာဖွေလိုက်၏။ သူမသည် ဘာကိုမှ အထူးတလည် လေ့လာမနေတော့ဘဲ လိုချင်သည်များကို တန်းစီ၍ မှာကြားလေတော့သည်။
“မျက်နှာသစ်ဆေး၊ အဆီ(serum)၊ တိုနာ (toner)၊ မျက်နှာလိမ်းခရင်မ်၊ မျက်လုံးလိမ်းခရင်မ်၊ ပေါင်းတင်မျက်နှာဖုံး (mask)၊ နှုတ်ခမ်းနီ၊ ပါးနီ၊ မိတ်ကပ် အောက်ခံ (primer)၊ လိုးရှင်း(lotion)၊ (မိတ်ကပ်ခံ)ပေါင်ဒါမှုန့်နဲ့ ပေါင်ဒါခဲ... အဲဒါတွေ အကုန်လုံး တစ်မျိုးစီ ပေးပါ”
ဟွာကျွင်း ခဏမျှ စဉ်းစားလိုက်၏။ တာ့နွီသည်လည်း အရွယ်ရောက်နေပြီဖြစ်ရာ သူမအတွက်လည်း တစ်စုံ ဝယ်ပေးသင့်သည်ဟု တွေးမိလေသည်။
“မဟုတ်သေးဘူး၊ နှစ်စုံစီ ပေးပါ။ နေဦး... လေးစုံပဲ ပေးလိုက်ပါတော့”
စုဝမ်အတွက်လည်း သူမ တစ်စုံ လက်ဆောင်ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
ထို့နောက် သူမ နှုတ်ခမ်းနီ အတန်း ဆီသို့ လျှောက်သွားကာ ညွှန်ပြလျက် ပြောလေသည်။
“ဒါရယ်၊ ဒါရယ်၊ ဒါရယ်... ပြီးတော့ ဒီဘက်က လေးခုရယ်၊ အားလုံး ထုပ်ပေးပါ”
ဆက်လက်၍ လက်သည်းနီအချို့ကိုလည်း သူမ ဝယ်ယူလေသည်။
“ဒါရယ်၊ ဒါရယ်၊ ဒါရယ်... ပြီးတော့ ဒီတစ်တန်းလုံးနဲ့ အပေါ်ဆုံးအတန်း... အဲဒါတွေတော့ မယူဘူး၊ ကျန်တာတွေ အကုန်လုံး ထုပ်ပေးပါ”
ယနေ့ ကောင်တာတွင် တာဝန်ကျနေသူမှာ လူငယ်လေးတစ်ဦး ဖြစ်၏။ ဟွာကျွင်း ဆိုင်ထဲဝင်လာစဉ်က အလှပြင်ထားသော အမျိုးသမီး အရောင်းဝန်ထမ်းတစ်ဦးက သူမကို အထက်အောက် ကြည့်ရှုခဲ့သော်လည်း လာရောက် ဧည့်ခံခြင်း မပြုခဲ့ပေ။ ထို့ကြောင့် ဟွာကျွင်းသည် တစ်ဖက်တွင် ကောင်တာရှင်းလင်းနေသော ထိုလူငယ်လေးထံသို့သာ သွားရောက်ခဲ့ခြင်း ဖြစ်၏။
ထိုချောမောသော လူငယ်လေးသည် ဟွာကျွင်းနောက်မှ တက်တက်ကြွကြွ လိုက်ပါလာလေသည်။ ဟွာကျွင်း ညွှန်ပြသမျှကို သူက အမြန်ပင် ယူပေး၏။ နောက်ဘက်မှ ယူရမည့် ပစ္စည်းများကိုလည်း သေချာစွာ မှတ်သားထားပေးလေသည်။ သူသည် ဟွာကျွင်းကို စကားပြောသည့်အခါ သူ၏ မျက်ဝန်းများမှာ အလွန်ပင် နူးညံ့သိမ်မွေ့နေ၏။
‘အို... ဒါဟာ ပိုက်ဆံရှိခြင်းရဲ့ အရသာလား။ ပူအိုက်တဲ့နေ့မှာ ရေခဲနေတဲ့ ကိုလာကို ပထမဆုံးတစ်ငုံ သောက်လိုက်ရသလိုမျိုး အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းတယ်’
ဟွာကျွင်း ကောင်တာမှ ထွက်ခွာသည့်အခါ ထိုအရောင်းဝန်ထမ်းလေးမှာ ဂျပန်လူမျိုးတစ်ဦးကဲ့သို့ပင် သူမကို အထပ်ထပ် ဦးညွှတ်နှုတ်ဆက်ကာ လိုက်လံပို့ဆောင်လေသည်။ သူက ဟွာကျွင်းကို ပြုံးလျက် ပြော၏။
“ဈေးဝယ်လို့ ပြီးပြီဆိုရင် ဒီပစ္စည်းတွေကို ကားအထိ လိုက်ပို့ပေးပါ့မယ်ခင်ဗျာ~”
ဒုတိယထပ်တွင်မူ ဟွာကျွင်းသည် အနွေးထည်ဆိုင်သို့ တန်းတန်းမတ်မတ် သွားလိုက်၏။ ရာသီဥတုမှာ အေးလာပြီဖြစ်ရာ မကြာခင် နှင်းကျတော့မည်ဖြစ်သဖြင့် တာ့နွီအတွက် နွေးထွေးမည့် ဝတ်စုံများ ပြင်ဆင်ပေးရန် လိုအပ်၏။
သူမ စုဝမ်အတွက်လည်း တစ်စုံ ပြင်ဆင်ပေးလိုက်၏။ စုဝမ်တွင် ကောင်းမွန်သော အဝတ်အစားများစွာ ရှိသော်လည်း၊ ရှေးခေတ်လူများမှာ ဆောင်းရာသီတွင် မြေခွေးသားမွှေးများကို ဝတ်ဆင်ကြသည်မှာ နွေးထွေးသော်လည်း၊ ခေတ်သစ် အနွေးထည် များမှာ ပိုမိုပေါ့ပါးပြီး လုံခြုံမှုရှိသည်ကို ဟွာကျွင်း သတိရမိ၏။
သူမ အရှည် သုံးထည်နှင့် အတို သုံးထည်ကို ရွေးချယ်လိုက်ပြီး သူတို့အတွက် ပန်းနုရောင်နှင့် အစိမ်းနုရောင်များကို ရွေးပြီး၊ သူမအတွက်မူ အနက်ရောင်ကို ဝယ်ယူလိုက်၏။ ခဏမျှ စဉ်းစားပြီးနောက် လုမင်လီအတွက်လည်း ဆိုဒ် (၁၉၀) အနက်ရောင်တစ်ထည်ကို သူမ ဝယ်ပေးလိုက်လေသည်။
ထို့ပြင် အပူထိန်းအတွင်းခံ ဆယ်စုံကိုလည်း လဲလှယ်ဝတ်ဆင်နိုင်ရန် ဝယ်ယူလိုက်သေး၏။
ပထမထပ်သို့ ပြန်ဆင်းလာသည့်အခါ ဟွာကျွင်း အမြဲတမ်း လူတန်းစီနေရသော L-တံဆိပ် ဆိုင်သို့ သွားကာ လက်ကိုင်အိတ် လေးလုံးကို ရွေးချယ်လိုက်၏။ တာ့နွီအတွက် ကျောပိုးအိတ်လေးတစ်လုံး၊ စုဝမ်အတွက် နူးညံ့သော အိတ်တစ်လုံးနှင့် သူမအတွက်မူ Speedy နှင့် Neverfull အမျိုးအစား အိတ်နှစ်လုံးကို ဝယ်ယူလိုက်၏။
ဘေးကပ်လျက်ရှိ H-တံဆိပ်ဆိုင်တွင်မူ ဂန္တဝင် မြင်းလှည်းရုပ်ပုံပါသော ပိုးပဝါ ငါးထည်ကို ယူလိုက်လေသည်။
အလုပ်ပိတ်ရက် တစ်ရက်သို့ ရောက်သောအခါ စုဝမ်သည် ဟွာကျွင်းအတွက် ချုပ်လုပ်ပြီးစီးသော လျိုကွမ်းကျင်း ဝတ်စုံကို သယ်ဆောင်လာလေသည်။ တစ်ထည်လုံးမှာ အစိမ်းနုရောင် ဖြစ်ပြီး တဖိတ်ဖိတ် တောက်ပနေကာ ထိတွေ့လိုက်လျှင်လည်း နူးညံ့ချောမွေ့လှ၏။ လည်ပင်းနှင့် လက်နားတွင် ကြာပန်းများကို ထိုးထားပြီး ဂါဝန်အောက်နားမှာ အထပ်ထပ် ဖြစ်နေကာ လမ်းလျှောက်လိုက်သည့်အခါ စီးဆင်းနေသော ရေလှိုင်းများကဲ့သို့ပင် ဖြစ်၏။
လှုပ်ရှားလိုက်လျှင်ပင် ဝတ်စုံမှာ ပေါ့ပါးလွင့်ပျံ့နေပြီး အိပ်မက်ဆန်သော အလင်းရောင်များ ထွက်ပေါ်နေသယောင် ရှိ၏။ ဟွာကျွင်း အံ့ဩတကြီး ရေရွတ်လေသည်။
“တကယ်ကို လှတာပဲ”
ဘေးနားရှိ လုမင်လီက ရှင်းပြလေသည်။
“ဒါက လျိုကွမ်းကျင်းပဲ။ မူလက ကောင်းချန်းနိုင်ငံကနေ နန်းတော်ကို ဆက်သတဲ့ ပစ္စည်းလေ နှစ်အတော်ကြာမှ ဈေးကွက်ထဲ ရောက်လာတာ။ ပမာဏက အရမ်းနည်းတော့ တကယ်ကို တန်ဖိုးကြီးပါတယ်”
ထို့နောက် သေတ္တာတစ်လုံးကို ထုတ်လိုက်ကာ ပြောလေသည်။
“အဝတ်အစားရှိရုံနဲ့ မလုံလောက်ပါဘူး။ ကျွန်တော့်အဖွားက ဟွာကျွင်းအကြောင်း ကြားတော့ ဒီလျိုကွမ်းကျင်း ဝတ်စုံနဲ့ လိုက်ဖက်မယ့် လက်ဝတ်ရတနာ တစ်စုံကို ပေးလိုက်ပါတယ်”
သေတ္တာကို ဖွင့်လိုက်သည့်အခါ အတွင်းရှိ လက်ဝတ်ရတနာများမှာ တဖိတ်ဖိတ် တောက်ပနေ၏။ ဟွာကျွင်း ၎င်းတို့ကို အမည်မခေါ်တတ်သော်လည်း ဆံထိုးများ၊ နားကပ်များ၊ ဆွဲကြိုးများ ဖြစ်သည်ကိုတော့ သိရှိ၏။ ၎င်းတို့မှာ တစ်စုံတည်းဖြစ်ပြီး အစိမ်းရောင်များ ဖြစ်ကြရာ ကျန်းရှီယွဲ့ ပေးခဲ့သော ဆံထိုးနှင့် ပစ္စည်းချင်း တူညီပုံရ၏။
ဟွာကျွင်း မဝံ့မရဲဖြင့် မေးမြန်းလေသည်။
“ဒါက စိမ်းပြာငှက်မွှေး စီခြယ်ထားတဲ့ ရတနာတွေလား”
လုမင်လီက ခေါင်းငြိမ့်လျက် ပြန်ဖြေလေသည်။
“မှန်ပါတယ်။ ဒါက ကျွန်တော့်အဒေါ် လက်မထပ်ခင်က အကြိုက်ဆုံး တစ်စုံဖြစ်ပြီး အဖွားအတွက် သီးသန့်ချန်ထားခဲ့တာပါ”
စုဝမ်က ဟွာကျွင်းအနားသို့ တိုးကာ တိုးတိုးလေး ပြောလေသည်။
“သူ့အဒေါ်က နန်းတော်ထဲမှာ အချစ်ခံရဆုံး မိဖုရားကြီးလေ”
ဟွာကျွင်းသည် သေတ္တာကို အမြန်ပိတ်ကာ လုမင်လီထံ ပြန်ပေးလျက် ပြောလေသည်။
“ဒါက အရမ်းတန်ဖိုးကြီးလွန်းပါတယ်။ ကျွန်မ လက်မခံနိုင်ပါဘူး။ ကျေးဇူးပြုပြီး ပြန်ယူသွားပါ”
လုမင်လီ ပြန်မယူဘဲ ပြောလေသည်။
“ဒါက အဖွားရဲ့ ဆန္ဒပါ။ ဒီလက်ဝတ်ရတနာတွေက ဂိုဒေါင်ထဲမှာပဲ ရှိနေတာ နှမြောဖို့ ကောင်းပါတယ်။ ပိုင်ရှင်အသစ် ရှာပေးတာက ပိုကောင်းပါတယ်”
ဟွာကျွင်းက ဝေခွဲမရဖြစ်ကာ ဆိုလေသည်။
“ဒါပေမဲ့...”
လုမင်လီ အားနာခြင်းမရှိစေရန် ထပ်လောင်းပြောဆိုလေသည်။
“ဘာမှ စိတ်ပူစရာမလိုပါဘူး။ ကျွန်တော့်ရဲ့ လုမိသားစုအတွက်ရော၊ ကျွန်တော့်အတွက်ရော ဟွာကျွင်းက ကျေးဇူးရှင်ပါ။ ဘယ်လိုပြန်ဆပ်ရမလဲဆိုတာ စဉ်းစားလို့မရ ဖြစ်နေတာ၊ အခုလို အခွင့်အရေးရတုန်း ဟွာကျွင်းက ကျွန်တော့်ဆန္ဒကို ဖြည့်ဆည်းပေးပါ”
ဆက်လက်၍ သူ အထုပ်တစ်ထုပ်ကို ထုတ်ကာ ပြောလေသည်။
“နောက်ထပ် တစ်ခုကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော် ရခဲ့တဲ့ ပစ္စည်းပါ။ ဒါကိုလည်း လက်ဆောင်ပေးချင်ပါတယ်”
ထိုအထုပ်ထဲတွင် အနက်ရောင် အမွှေးရှည် ဝတ်ရုံရှည်ကြီး တစ်ထည် ပါဝင်လေ၏။
စုဝမ် အံ့ဩတကြီး ရေရွတ်လေသည်။
“ဝိုး… ဒါ မြေခွေးနက် သားမွှေးဝတ်ရုံပဲ။ ဟွာကျွင်း၊ မြန်မြန် ဝတ်ကြည့်လိုက်ဦး။ မြေခွေးနက်က အရမ်းရှားတာ”
မှောင်မိုက်သော မြေခွေးသားမွှေးမှာ ညကောင်းကင်ယံကဲ့သို့ ရှိနေပြီး အတွင်းမှ လျိုကွမ်းကျင်း ဝတ်စုံနှင့် တွဲဖက်လိုက်သည့်အခါ ဝတ်စုံမှာ ပိုမိုတောက်ပသွားလေသည်။ ဟွာကျွင်း ဝမ်းသာအားရ ပြောလေသည်။
“အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီတစ်ခါတော့ ကျွန်မ သေချာပေါက် အပြတ်အသတ် ပြန်လာနိုင်မှာပါ”
စုဝမ် ပြုံးလျက် ဆိုလေသည်။
“ဒါဆိုရင်တော့ ကျွန်မ ဒီမှာ သတင်းကောင်းကို စောင့်နေမယ်နော် ဟွာကျွင်း”
ဟွာကျွင်းသည် ခရီးဆောင်အိတ်ကြီး တစ်လုံးကို ဆွဲထုတ်လာကာ ပြောလေသည်။
“ကျွန်မမှာလည်း အားလုံးအတွက် ပေးစရာတွေ ရှိပါတယ်”
ပထမဆုံး သူမ ထုတ်ယူလိုက်သည်မှာ အနွေးထည် သုံးထည် ဖြစ်၏။ အကြီးဆုံးမှာ လုမင်လီအတွက်ဖြစ်ပြီး၊ အရောင်နုများကိုမူ တာ့နွီနှင့် စုဝမ်တို့ကို ရွေးချယ်စေလေသည်။
ဟွာကျွင်းက ရှင်းပြလိုက်၏။
“ဒါတွေက အနွေးထည်တွေ၊ ငန်းမွှေးတွေနဲ့ ပြုလုပ်ထားတာ။ ရှင်တို့ အဝတ်အစားတွေလောက် မလှပေမဲ့ အရမ်းပေါ့ပြီး နွေးတယ်။ ဆောင်းရာသီမှာ ဒါတစ်ထည်ပဲ အပြင်က ထပ်ဝတ်လိုက်ရင် အနုတ် (၂၀) ဒီဂရီ အထိ အအေးဒဏ်ကို ခံနိုင်ရည်ရှိတယ်”
လုမင်လီသည် အနွေးထည်ကို ဖြန့်ကြည့်ကာ ထိတွေ့ကြည့်လျက် ဆိုလေသည်။
“ဒီလို ပိတ်စမျိုး ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး”
“ဒါက ကျွန်မတို့ဘက်က ပိတ်စပါ၊ ရေစိုခံတယ်။ တကယ်လို့ရေစက်တွေ ကျလာရင်တောင် ဘာမှမဖြစ်ဘူး”
စုဝမ်က ပန်းရောင်တစ်ထည်ကို ရွေးချယ်ကာ ဟွာကျွင်းကို ပြောလေသည်။
“ကျေးဇူးပါပဲ ဟွာကျွင်း။ ဒီအင်္ကျီက အရမ်းပေါ့တာပဲ၊ တကယ်ကြီး နွေးမှာလားဟင်”
တာ့နွီကမူ ချက်ချင်းပင် ဝတ်ကြည့်ကာ သူမဝတ်ကြည့်သည့်အခါ ခံစားရသည့် အတွေ့အကြုံကို ပြောပြသည်။
“တကယ်ကြီးပဲ။ ဝတ်လိုက်တာနဲ့ ချက်ချင်း နွေးသွားတာပဲ”
ဟွာကျွင်း ပြုံးလျက် တားမြစ်လေ၏။
“အခုဝတ်ဖို့က စောသေးတယ်၊ ဆောင်းတွင်းအထိ စောင့်ရဦးမယ်
ဆက်လက်၍ သူမက ပိုးပဝါတစ်ထည်ကို ထုတ်ကာ ပြောလေသည်။
“ဪ... ဟုတ်သားပဲ၊ ဗိုလ်ချုပ်လု… ဒီပိုးပဝါလေးကိုတော့ အဖွားအတွက် ပြန်ယူသွားပေးပါ။ ကျွန်မရဲ့ ကျေးဇူးတင်လက်ဆောင်လို့ သတ်မှတ်ပေးပါ”
ထိုပိုးပဝါမှာ အဖြူရောင်နှင့် အဝါနုရောင် ရောစပ်ထားပြီး မြင်းဖြူနှစ်ကောင်ပုံ ပါရှိ၏။ မြင်းများတွင် ရွှေရောင်ကုန်းနှီးများ တင်ထားပြီး အနက်ရောင် နှလုံးသားပုံစံလေးများလည်း ပါရှိလေသည်။
ဟွာကျွင်း ပုံစံ၏ အဓိပ္ပာယ်ကို ရှင်းပြလေသည်။
“ဒါက ပိုးသားစစ်စစ်နဲ့ လုပ်ထားတာပါ။ ဒီပုံစံကို ‘ချိုမြိန်သော ကုန်းနှီးများ’ လို့ ခေါ်တယ်။ ကုန်းနှီးပေါ်က ပုံစံက ကျွန်မတို့ဆီမှာတော့ ချစ်ခြင်းမေတ္တာကို ဖော်ဆောင်တဲ့ နှလုံးသားပုံစံနဲ့ တူတယ်လေ”
လုမင်လီ ခေါင်းငြိမ့်ကာ ဆိုလေသည်။
“ကျွန်တော့်အဖွားက ငယ်ငယ်တုန်းက မြင်းစီးရတာ အရမ်းဝါသနာပါတာ။ သူ သေချာပေါက် သဘောကျမှာပါ”
စုဝမ်နှင့် တာ့နွီတို့သည်လည်း ပိုးပဝါ တစ်ထည်စီ ရရှိကြလေသည်။
ထို့နောက် ဟွာကျွင်း အရေပြားထိန်းသိမ်းမှု ပစ္စည်းများကို မည်သို့သုံးစွဲရမည်ကို တာ့နွီနှင့် စုဝမ်တို့ကို သေချာစွာ ရှင်းပြလေ၏။ မိန်းကလေးနှစ်ဦးမှာ ပျော်ရွှင်စွာဖြင့် အဆက်မပြတ် စကားပြောနေကြလေသည်။
အားလုံး ပြန်သွားကြသည့်အခါ တာ့နွီသည် ထုံးစံအတိုင်း စာသင်ရန် ကျန်ရစ်ခဲ့လေသည်။ သူမ တက်ဘလက် ပေါ်တွင် အာရုံစိုက်နေသော်လည်း စိတ်အခြေအနေမှာ အနည်းငယ် ညိုးငယ်နေသည်ကို ဟွာကျွင်း သတိထားမိလိုက်၏။
ဟွာကျွင်းသည် စခရင်ကို ပိတ်လိုက်ကာ တာ့နွီကို မေးလေသည်။
“တာ့နွီ... ပင်ပန်းနေပြီလား။ အရင်ပြန်နားလိုက်ဦးလေ။ ဒီနေ့ စာမသင်တော့ဘူး”
တာ့နွီက ခေါင်းခါလျက် ပြန်ဖြေ၏။
“မပင်ပန်းပါဘူး၊ ကျွန်မ စာဆက်သင်ချင်သေးတယ်”
“ဒါဆို ဘာလို့ ပျော်ပုံမရတာလဲ”
ထိုအခါမှ တာ့နွီက နှုတ်ခမ်းဆူကာ ဝမ်းနည်းစွာ ပြောလေသည်။
“မမဟွာကျွင်း... မမက မျက်နှာလိုက်တယ်”
ဟွာကျွင်းမှာ အံ့အားသင့်သွားကာ တာ့နွီအတွက် ဘာဝယ်ပေးဖို့ မေ့သွားခဲ့သလဲဟု အမြန်စဉ်းစားလေသည်။
“မမက ဗိုလ်ချုပ်လုအတွက် အင်္ကျီဝယ်ပေးပြီးတော့၊ အကြာကြီး သိလာတဲ့ အစ်ကိုကြီးကျန်းနဲ့ အစ်ကိုကြီးမော့အတွက်ကျတော့ ဘာမှ ဝယ်မပေးဘူး။ အစ်ကိုကြီးကျန်းက မမကို ဆံထိုးတောင် ပေးခဲ့သေးတာလေ”
ထိုအခါမှ ဟွာကျွင်း စိတ်သက်သာရာရကာ ပြုံးလျက် ရှင်းပြလေသည်။
“သူတို့အတွက်လည်း ဝယ်ထားပါတယ်၊ ဒါပေမဲ့ သူတို့က ပြန်မလာသေးဘူးလေ။ ပြန်လာရင် မမပေးလိုက်မှာပါ”
တာ့နွီက ပြန်လည်ပြုံးရွှင်သွားကာ ဆိုလေသည်။
“သမီးကတော့ အစ်ကိုကြီးကျန်းက ဗိုလ်ချုပ်လုထက် ပိုကောင်းတယ်လို့ ထင်တယ်။ သူ့ကိုတောင် နည်းနည်း သတိရမိတယ်”
ဟွာကျွင်းသည် တံခါးဘက်သို့ လှမ်းကြည့်လိုက်မိ၏။ ဟုတ်ပေသည်၊ သူတို့ မရှိသည်မှာ လဝက်နီးပါး ရှိနေပြီဖြစ်ရာ ကျန်းရှီယွဲ့နှင့် မော့ချွမ်းတို့ အဆင်ပြေကြရဲ့လားဟု သူမ တွေးတောနေမိလေတော့သည်။