← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅) လျိုကွမ်းကျင်း၏ ပထမဆုံး ကိုယ်ထင်ပြမှု

မြို့တော်ရှိ တောက်လဲ့ကျူဆိုင်၏ ခရစ္စမတ်နေ့

ဟန်ဝမ်ခန်းမဆောင်အတွင်း၌ ဟွာကျွင်း၏ အထက်တန်းကျောင်းမှ အတန်းဖော်အားလုံးနီးပါး ရောက်ရှိနေကြပြီး အားလုံးက ဟန်ဖူဝတ်စုံများကို တစ်ညီတစ်ညွတ်တည်း ဝတ်ဆင်ထားကြလေသည်။ ထိုဝတ်စုံများ၏ ပံ့ပိုးမှုကြောင့် အမျိုးသားများမှာ ယဉ်ကျေးသိမ်မွေ့သူများအသွင် ပေါက်နေပြီး အမျိုးသမီးများမှာလည်း မြင့်မြတ်သောအသွင်ဖြင့် ကျော့ရှင်းနေကြ၏။ တစ်ချက်ကြည့်လိုက်လျှင် ရှေးခေတ်ဆီသို့ အချိန်ခရီးနှင်သွားရသကဲ့သို့ပင် ရှိတော့၏။

ထိုသူများထဲတွင် ကျိုးရှန်းရှန်းမှာ အထင်ရှားဆုံး ဖြစ်လေသည်။ သူမသည် ပန်းရောင်နှင့် အပြာရောင် ရောစပ်ထားသည့် လက်ပွရှည် ရုခွန်းဝတ်စုံကို ဝတ်ဆင်ထားပြီး ဂါဝန်အောက်နားတွင် လှပသော ပန်းထိုးများ ပါရှိကာ ပန်းရောင်နှင့် အပြာရောင် ဖဲကြိုးများမှာလည်း လွင့်ပျံ့နေသဖြင့် သူမကို ကြည့်ရသည်မှာ အလွန်ပင် ချစ်စဖွယ်ကောင်းကာ သက်ဝင်လှုပ်ရှားနေ၏။

ကျန်းပင်း အံ့ဩတကြီး ရေရွတ်လေသည်။

“မမကျိုးပဲ ဖြစ်ရမယ်၊ ဒီဝတ်စုံက တကယ်ကို လက်ရာမြောက်တာပဲ။ ကျွန်တော်တို့ အွန်လိုင်းကနေ ဝယ်တဲ့ဟာတွေနဲ့ လုံးဝမတူဘူး”

ကျိုးရှန်းရှန်းက စကားပြန်မပြောဘဲ ပါးစပ်ကို လက်ဖြင့်အုပ်ကာ ပြုံးပြလေသည်။

ဘေးနားရှိ ကျူးယွမ်က အသံကျယ်ကျယ်ဖြင့် ရှင်းပြလေသည်။

“ဒါပေါ့ ။ ရှန်းရှန်းက ဘယ်သူလဲဆိုတာ နင်တို့မှ မသိတာ။ သူက သူဌေးသမီးလေ၊ ငါတို့လို သာမန်လူတွေနဲ့ မတူဘူး။ သူလိုချင်တဲ့ ပိတ်စ ဘယ်မှာမရဘဲ ရှိမလဲ။ နောက်ပြီး သူက အခု ဖက်ရှင်ဒီဇိုင်း မဟာဘွဲ့ ကျောင်းသူလေ။ ဒီဝတ်စုံပေါ်က ပန်းထိုးတွေကို သူ့ရဲ့ ဆရာကိုယ်တိုင် လက်စွမ်းပြပေးထားတာ”

မိန်းကလေးအချို့မှာ ကျိုးရှန်းရှန်းအနားသို့ ဝိုင်းလာကြပြီး ဝတ်စုံကို အသေးစိတ် ကြည့်ရှုကာ ချီးကျူးနေကြလေသည်။

ကျိုးရှန်းရှန်းသည် လူအများ၏ အာရုံစိုက်မှု ခံရသည်ကို အလွန်ပင် သဘောကျနှစ်ခြိုက်နေ၏။ သူမက စိတ်ထဲမှ ဂုဏ်ယူစွာ တွေးတောနေမိသည်မှာ ဤပိတ်စသည် သူမ မိခင်က လူလွှတ်၍ ဝယ်ယူထားသော 'ဟူကျန်း' ပိုးသား ဖြစ်၏။ ယင်း၏ ရက်လုပ်ပုံမှာ ထူးခြားပြီး ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခြင်း ခံထားရပြီးသား ဖြစ်၏။ ဤသာမန်လူများမှာ ယင်း၏တန်ဖိုးကို မသိဘဲ အွန်လိုင်းကဝယ်သော ပစ္စည်းများနှင့် နှိုင်းယှဉ်နေကြသည်မှာ နှမြောစရာပင် ဖြစ်၏။

သို့သော် သူမ၏ အတွေးများကို အပြင်သို့ ထုတ်မပြဘဲ ပြုံးလျက် ဆိုလေသည်။

“အဝတ်အစားဆိုတာ သူ့အလိုလို တန်ဖိုးရှိနေတာ မဟုတ်ပါဘူး။ ကျွန်မက မိသားစု လူကြီးမိဘတွေရဲ့ ကျေးဇူးကြောင့် ဒီဝတ်စုံကို ဝတ်ခွင့်ရတာပါ။ ပိတ်စကနေ လက်ရာနဲ့ ပန်းထိုးအထိ အားလုံးက ပညာရှင်တွေရဲ့ လက်ရာတွေချည်းပဲ။ အထူးသဖြင့် ဒီဟူကျန်းပိုးသားက ကျွန်မတို့နိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ် ရတနာတစ်ခုလေ”

သူမ၏ လေသံမှာ နှိမ့်ချပြီး နူးညံ့နေ၏။

“တကယ်တော့ ကျွန်မက သိပ်ပြီး ထင်ပေါ်အောင် မဝတ်ချင်ပါဘူး၊ ဒါပေမဲ့ ကျွန်မရဲ့ ဆရာက ဟူကျန်းပိုးသားကို လူသိများအောင် လုပ်ခိုင်းလို့ပါ။ ဒီလိုကောင်းတဲ့ အရာမျိုးကို တစ်နိုင်ငံလုံးတင်မက ကမ္ဘာကပါ သိသင့်တယ်လေ”

အတန်းဖော်တစ်ယောက် စိတ်လှုပ်ရှားစွာ အကြံပေးလေသည်။

“ဒါဆို အတော်ပဲ။ လိုက်ဖ်လွှင့်ကြစို့”

နောက်တစ်ယောက်က ထောက်ခံလေသည်။

“ဟုတ်တယ်၊ တုကျွမ်း... နင်က အင်တာနက် ဆယ်လီ တစ်ယောက်ပဲဟာ။ နင့်အကောင့်မှာ ဖော်လိုဝါ သောင်းနဲ့ချီ ရှိတာပဲ၊ ရှန်းရှန်းကို ကူပြီး ကြော်ငြာပေးလိုက်ပါလား”

တုကျွမ်းသည် အင်တာနက်ပေါ်တွင် အတော်အတန် နာမည်ရနေသူ ဖြစ်၏။ သူမသည် ပုံမှန်အားဖြင့် သူမဝယ်ယူထားသော အဝတ်အစားများနှင့် ဖက်ရှင်အပြင်အဆင်များကို မျှဝေလေ့ရှိ၏။ အကြောင်းအရာအသစ်များ ရှာမရဖြစ်နေချိန်တွင် ယခုကဲ့သို့ အဖိုးတန်ဝတ်စုံကို တွေ့လိုက်ရခြင်းမှာ ဖော်လိုဝါ တိုးပွားရန် အခွင့်ကောင်းတစ်ခု ဖြစ်၏။

ကျိုးရှန်းရှန်း၏ ခွင့်ပြုချက်ကို ရယူပြီးနောက် သူမသည် ကိရိယာများကို အမြန်ပြင်ဆင်ကာ ကျိုးရှန်းရှန်းဘက်သို့ လှည့်၍ လိုက်ဖ်လွှင့်လိုက်လေသည်။

ခဏအတွင်းမှာပင် လူပေါင်းများစွာ ဝင်ရောက်လာကြ၏။

ကြည့်ရှုသူတစ်ဦးက မှတ်ချက်ပေးလေသည်။

“ဒီနေ့ လိုက်ဖ်လွှင့်တဲ့အချိန်က စောလှချည်းလား၊ လွတ်သွားတော့မလို့”

နောက်တစ်ဦးက မေးမြန်းလေသည်။

“ဒီနေ့က ခရစ္စမတ် ဝတ်စုံတွေအကြောင်း ပြောမှာလား”

“အို... ဟန်ဖူ ပါတီလား၊ လူတွေအများကြီး ဟန်ဖူ ဝတ်ထားကြတာပဲ”

“ခရစ္စမတ်မှာ ဟန်ဖူ ဝတ်တာလား။ တကယ်ကို ထူးခြားတာပဲ”

လူများလာသည်နှင့်အမျှ တုကျွမ်းက စတင်နှုတ်ဆက်လေသည်။

“အားလုံးပဲ မင်္ဂလာပါ၊ ခရစ္စမတ်မှာ ပျော်ရွှင်ကြပါစေ။ ဒီနေ့တော့ ကျွန်မ တောက်လဲ့ကျူ ဆိုင်ကနေ လိုက်ဖ်လွှင့်နေတာပါ။ ကြည့်ရှုသူအသစ်တွေအနေနဲ့ ဖော်လိုလုပ်ပေးထားကြပါဦး။ အံ့အားသင့်စရာတွေ လာတော့မယ်နော်”

ကြည့်ရှုသူတစ်ဦးက အံ့ဩတကြီး မေးမြန်းလေသည်။

“တောက်လဲ့ကျူလား၊ ဒီလိုနေရာမျိုးကိုတောင် ဝင်လို့ရတာလား၊ လိုက်ဖ်လွှင့်တဲ့သူက မရိုးရှင်းဘူးပဲ၊ သူဌေးသမီးလား”

“တောက်လဲ့ကျူဆိုတာ ဘယ်လိုနေရာမျိုးမို့လို့လဲ၊ အဲဒီလောက်ကြီး အထင်ကြီးစရာလား”

တောက်လဲ့ကျူ၏ အကြောင်းကို သိသူတစ်ဦးက ရှင်းပြလေသည်။

“တောက်လဲ့ကျူဆိုတာ သီးသန့်ကလပ်တစ်ခုလေ၊ ပုံမှန်ဆိုရင် ဝင်ဖို့ အရမ်းခက်တယ်။ အထဲက ပရိဘောဂတွေကနေ အလှဆင်ပစ္စည်းတွေအထိ အကုန်လုံးက ပြတိုက်မှာပဲ တွေ့ရလေ့ရှိတဲ့ ရှေးဟောင်းပစ္စည်းတွေချည်းပဲလို့ ပြောကြတယ်”

တုကျွမ်းက ပြုံးလျက် ဆိုလေသည်။

“ကျွန်မက သူဌေးသမီး မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်မသူငယ်ချင်းကတော့ တကယ့်ကို ထူးချွန်တဲ့သူပါ။ သူက ကျိုးမိသားစုရဲ့ သမီးကြီးလေ။ ဒီနေ့ လိုက်ဖ်လွှင့်ရတဲ့ ရည်ရွယ်ချက်ကတော့ ဟန်ဖူရဲ့ ဆွဲဆောင်မှုနဲ့ အထူးသဖြင့် မမကျိုး ဝတ်ထားတဲ့ ယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့ ဟူကျန်းပိုးသားအကြောင်းကို ပြချင်လို့ပါ”

ကြည့်ရှုသူတစ်ဦးက မှတ်ချက်ပေးလေသည်။

“ဟူကျန်းပိုးသားလား။ ကျွန်မ ဝူခရိုင်ကို ခရီးသွားတုန်းက ပြတိုက်ထဲမှာပဲ မြင်ဖူးတာ။ အခုဆိုရင် မိသားစုတစ်စုတည်းပဲ ရက်လုပ်နိုင်တော့တာ၊ အပြင်မှာ ဝယ်လို့မရဘူးလေ”

“တကယ်ကြီးလား၊ အနောက်က အလှလေး ဝတ်ထားတာ အဲဒါလား။ ဒီလောက်အဝေးကတောင် ပိတ်စရဲ့ အဆင့်အတန်းကို ခံစားနေရတယ်”

တုကျွမ်းက စိတ်လှုပ်ရှားစွာ ပြောလေသည်။

“ဟုတ်ပါတယ်၊ ဒီအလှလေး ဝတ်ထားတာ အဲဒါပါပဲ။ လူပိုများလာရင် အနီးကပ် ပြပေးပါ့မယ်။ စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေကို လိုက်ဖ်လေး မျှဝေပေးကြပါဦး၊ ဖော်လိုမလုပ်ရသေးရင်လည်း လုပ်ထားကြဦးနော်၊ မဟုတ်ရင် လွတ်သွားလိမ့်မယ်”

ဤကဲ့သို့ ပြောဆိုဆွဲဆောင်မှုကြောင့် တုကျွမ်း၏ လိုက်ဖ်တွင် ကြည့်ရှုသူဦးရေမှာ တစ်ဟုန်ထိုး တိုးတက်လာပြီး လူပေါင်း တစ်သိန်းကျော်အထိ ရောက်ရှိသွားလေသည်။

တုကျွမ်းသည် လိုက်ဖ်မှာ အောင်မြင်နေပြီ ဖြစ်သဖြင့် အချိန်တန်ပြီဟု ယူဆကာ ကျိုးရှန်းရှန်းကို ကင်မရာရှေ့သို့ ဖိတ်ခေါ်လိုက်လေသည်။

“ကဲ... အခုတော့ မမကျိုးကို ဒီဝတ်စုံက ဘယ်လောက်တောင် အဖိုးတန်တယ်ဆိုတာ ရှင်းပြပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်”

ကျိုးရှန်းရှန်းသည် ကင်မရာရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာလေရာ သူမ၏ ဂါဝန်အောက်နားမှာ လှပစွာ လွင့်ပျံ့နေလေသည်။ ကြည့်ရှုသူများက မှတ်ချက်များ တန်းစီ၍ ရေးကြလေသည်။

“လှလိုက်တာ၊ ပန်းချီကားထဲက ထွက်လာတဲ့ မြင့်မြတ်တဲ့ အမျိုးသမီးလေးအတိုင်းပဲ”

“ဒီဝတ်စုံက တကယ်ကို လှပလွန်းတယ်၊ ရောင်းဖို့ ရှိမလားဟင်”

ကျိုးရှန်းရှန်းသည် မှတ်ချက်များကို ကြည့်ကာ ပါးစပ်ကို လက်ဖြင့် အသာအယာအုပ်လျက် ဟန်ဖူ၏ နောက်ခံသမိုင်းကြောင်းကို ရှင်းပြလေသည်။ တစ်ခါတစ်ရံတွင် ဂါဝန်၏ အနားစကို ကင်မရာအနီးသို့ ယူဆောင်ကာ အသေးစိတ်ကို ပြသလေသည်။

လိုက်ဖ်တွင် “ဟူကျန်းပိုးသား”၊ “ရှားပါးရိုးရာပိတ်စ” စသည့် အညွှန်း များကြောင့် လူများ ပိုမိုဝင်ရောက်လာကြ၏။

ထိုအချိန်တွင် ခန်းမတံခါး ပွင့်သွားပြီး ဟွာကျွင်း ဝင်ရောက်လာလေသည်။

ဟွာကျွင်းသည် လူမင်လီ၏ အဖွားပေးလိုက်သော ခေါင်းဆောင်းတန်ဆာများကို မည်သို့ဆင်မြန်းရမည်ကို မသိသဖြင့် ကျိုတိုမြို့သို့ ရောက်သည်နှင့် ဟန်ဖူ အလှပြင်ပညာရှင်တစ်ဦးကို ရှာဖွေခဲ့ရ၏။ ပြင်ဆင်မှုမှာ သုံးနာရီခန့် ကြာမြင့်သွားသဖြင့် ပွဲကိုပင် နောက်ကျလုနီးပါး ဖြစ်သွားခဲ့ရလေသည်။

သူမ ဝင်လာသည့်အချိန်တွင် အားလုံး၏ အကြည့်မှာ သူမထံသို့ ရောက်ရှိသွားလေသည်။ ကျောင်းသားဟောင်းတစ်ယောက်က မေးမြန်းလေသည်။

“ဒါ ဘယ်သူလဲ။ နေရာမှားလာတာလား”

“သူလည်း ဟန်ဖူ ဝတ်ထားတာပဲ၊ အတန်းဖော်ပဲ ဖြစ်ရမယ်”

“ငါတို့အတန်းထဲမှာ ဒီလောက်လှတဲ့ မိန်းကလေး ရှိလို့လား။ ငါ မမှတ်မိပါဘူး”

ဟွာကျွင်းက အားနာသောအမူအရာဖြင့် နှုတ်ဆက်လေသည်။

“အားလုံးပဲ တောင်းပန်ပါတယ်၊ ကျွန်မ နောက်ကျသွားတယ်”

ရှမင်းသည် သူမကို ပထမဆုံး မှတ်မိသွားပြီး ဝမ်းသာအားရ အော်ဟစ်လိုက်လေသည်။

“ဟွာကျွင်း။ နင် ရောက်လာပြီပဲ”

ထိုအခါမှ အားလုံးမှာ အံ့အားသင့်သွားကြပြီး၊ ကင်မရာရှေ့တွင် ရှင်းပြနေသော ကျိုးရှန်းရှန်းပင်လျှင် လှည့်ကြည့်လိုက်မိ၏။

ဟွာကျွင်း၏ အလှပြင်ထားမှုမှာ ပြစ်ချက်မရှိလှဘဲ၊ စိမ်းပြာငှက်မွှေး တန်ဆာများမှာ အစိမ်းနုရောင် ဝတ်စုံနှင့် လိုက်ဖက်လှသဖြင့် သူမ၏ ချစ်စဖွယ် မျက်နှာသွင်ပြင်ကို ပိုမိုထင်ပေါ်စေလေသည်။

လှုပ်ရှားလိုက်တိုင်း သူမ၏ ဝတ်စုံမှာ လေထဲတွင် လွင့်ပျံ့နေပြီး နေပူရှိန်အောက်ရှိ ရေလှိုင်းများကဲ့သို့ တဖိတ်ဖိတ် တောက်ပနေ၏။

ကျောင်းသားဟောင်းတစ်ယောက်က တအံ့တဩ ဆိုလေသည်။

“ဒါ ဟွာကျွင်း ဟုတ်ရဲ့လား။ ဘယ်လိုလုပ် ဒီလောက်တောင် လှသွားရတာလဲ”

“အရင်ပုံစံနဲ့ လုံးဝမတူဘူး။ ဟွာကျွင်းရဲ့ အသားအရေက ညိုညိုညစ်ညစ်နဲ့ တင်းတိပ်တွေ အများကြီး ရှိတာလေ၊ ပိန်ပိန်သေးသေးလေးပဲ မဟုတ်လား”

“ကြည့်ပါဦး၊ သူ့မျက်နှာသွင်ပြင်တွေကတော့ တူသားပဲ”

“ဟွာကျွင်းက ဒီလောက်တောင် လှတာလား၊ တခြားလူ တစ်ယောက်အတိုင်းပဲ”

“သူ့ရဲ့ ဟန်ဖူကို ကြည့်ပါဦး၊ ကျိုးရှန်းရှန်း ဝတ်ထားတာထက်တောင် ပိုပြီး အဆင့်မြင့်ပုံရတယ်”

ဟွာကျွင်းသည် ကျိုးရှန်းရှန်း လိုက်ဖ်လွှင့်နေသည်ကို သတိမထားမိဘဲ သူမဘေးမှ ဖြတ်ကာ ရှမင်း၏ ဘေးတွင် ဝင်ထိုင်လိုက်လေသည်။

ကျိုးရှန်းရှန်းမှာ စိတ်ထဲတွင် အမျိုးမျိုး ခံစားနေရ၏။ သူမသည် ကင်မရာဘက်သို့ ပြန်လှည့်ကြည့်လိုက်ရာ မှတ်ချက်များ အဆက်မပြတ် တက်လာသည်ကို တွေ့လိုက်ရလေသည်။

“ဘုရားရေ၊ နောက်ထပ် အလှလေး တစ်ယောက်ပဲ။သူ ကင်မရာရှေ့က ဖြတ်သွားတုန်းက လေနုအေးလေး တစ်ချက် တိုက်ခတ်သွားသလိုပဲ”

“ဒီဟန်ဖူက အရမ်းကို လက်ရာမြောက်တာပဲ၊ ကြည့်လိုက်တာနဲ့ အဆင့်မြင့်မှန်း သိသာတယ်”

“ဒီလိုက်ဖ်က တကယ် အံ့ဩဖို့ကောင်းတယ်၊ တစ်ယောက်ထက် တစ်ယောက် ပိုပြီး ထင်ပေါ်နေတာပဲ”

“အဲဒီအလှလေး ဝတ်ထားတာလည်း ဟူကျန်းပိုးသားလားဟင်။ သူ့ဝတ်စုံရဲ့ အသေးစိတ်ကို ပြခိုင်းပေးပါလား”

ကျိုးရှန်းရှန်းသည် ရင်ထဲတွင် တင်းကျပ်သွားလေသည်။ သူမသည် ဟွာကျွင်း၏ ဝတ်စုံကို သေချာကြည့်လိုက်ရာ တစ်ခါမှ မမြင်ဖူးသော ပိတ်စမျိုး ဖြစ်နေသဖြင့် အွန်လိုင်းကဝယ်သော ပိတ်စအတု ဖြစ်လိမ့်မည်ဟု ထင်မှတ်လိုက်၏။

သူမသည် အကြံတစ်ခု ရရှိသွားကာ ဟွာကျွင်းကို လှမ်းပြောလေသည်။

“ဟွာကျွင်း... နင် အချိန်ကိုက် ရောက်လာတာပဲ။ ငါတို့ အခု လိုက်ဖ်လွှင့်ရင်း ရှေးဟောင်းရိုးရာ ပိတ်စတွေအကြောင်း ရှင်းပြနေတာလေ။ နင့်ဝတ်စုံအကြောင်းလေးလည်း နည်းနည်း ပြောပြပါလား”

ဟွာကျွင်းက ကျွမ်းကျင်သူမဟုတ်သဖြင့် ဝေခွဲမရဖြစ်ကာ ပြန်ပြောလေသည်။

“အားနာပါတယ်၊ ဒါက လျိုကွမ်းကျင်း ဆိုတာပဲ ငါသိတယ်။ ကျန်တာတော့ ဘာမှ မသိဘူး”

“လျိုကွမ်းကျင်း ဟုတ်လား”

ကျိုးရှန်းရှန်း၏ အသံမှာ စူးရှသွားကာ ဆိုလေသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လျိုကွမ်းကျင်း အစစ်ဆိုတာ မြို့တော်ပြတိုက်ထဲမှာပဲ ရှိတာလေ။ ငါတို့ အခု လိုက်ဖ်လွှင့်နေတာနော်၊ နင် ကြုံသလို လျှောက်ပြောလို့ မရဘူး”

ဟွာကျွင်းက ရိုးသားစွာ ပြန်ပြောလေသည်။

“ငါ လျှောက်ပြောနေတာ မဟုတ်ပါဘူး၊ ဒါက လျိုကွမ်းကျင်း အစစ်ပါပဲ”

ကျိုးရှန်းရှန်းက ဟန်ဆောင်ကာ နူးညံ့သော လေသံဖြင့် ဆုံးမလေသည်။

“ဟွာကျွင်း... ဒီလောကမှာ အဖိုးတန်ဆုံးအရာက ပစ္စည်းတွေ မဟုတ်ဘူး၊ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ပဲ။ ငါက ဖက်ရှင်ဒီဇိုင်း အထူးပြု ကျောင်းသူတစ်ယောက်ပါ၊ ဒါပေမဲ့... နင် အမှန်အတိုင်း ပြောတာက ပိုကောင်းမယ် ထင်တယ်။ ငါတို့က အတန်းဖော်တွေပဲဟာ၊ ဘယ်သူမှ နင့်ကို လှောင်မှာ မဟုတ်ပါဘူး”

ကျူးယွမ်က ထရပ်ကာ ကဲ့ရဲ့လေသည်။

“ဟွာကျွင်း... မိုက်မဲမနေစမ်းပါနဲ့။ ဒီဝတ်စုံကို PDD (ဈေးပေါသော အွန်လိုင်းဆိုင်) ကနေ ဝယ်လာတာ မဟုတ်လား”

အခန်း (၃၆)

သဘာဝသယံဇာတများကို ဖြုန်းတီးခြင်း

ရှမင်း ဒေါသတကြီး ခြေဆောင့်လိုက်ကာ ပြောလေသည်။

“နင် အဲဒီလောက် တော်နေရင် PDD ပေါ်မှာ ဒါနဲ့တစ်ပုံစံတည်း တူတာကို ရှာပြစမ်းပါ”

ကျိုးရှန်းရှန်း မာန်တက်ကာ ဆိုလေသည်။

“လျိုကွမ်းကျင်း ရက်လုပ်တဲ့ နည်းပညာက ပျောက်ဆုံးသွားတာ ကြာပြီ။ နင် ဘယ်လိုမှ ဝယ်လို့မရနိုင်ဘူး”

ကျူးယွမ်က ဝင်၍ ကဲ့ရဲ့လေသည်။

“ဒါဆိုရင်တော့ စက်နဲ့ရက်ထားတာပဲ ဖြစ်ရမယ်”

ဟွာကျွင်းက ငြိမ်သက်စွာ ခေါင်းခါပြလျက် ပြောလေ၏။

“ဒါက စက်နဲ့ရက်တာ မဟုတ်ဘူး၊ ပညာရှင်တစ်ယောက်က လက်နဲ့ကိုယ်တိုင် ရက်လုပ်ထားတာပါ”

ကျိုးရှန်းရှန်းက လှောင်ပြုံးပြုံးလိုက်ရာ ကျူးယွမ်ကလည်း အသံကျယ်ကျယ်ဖြင့် ရယ်မောလေသည်။ လူအများအပြားမှာလည်း ထိုရယ်မောသံနောက်သို့ ပါဝင်လာကြပြီး ဟွာကျွင်းကို ဝိုင်း၍ လှောင်ပြောင်ကြတော့၏။

ကျိုးရှန်းရှန်းသည် ကင်မရာကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဟွာကျွင်းကို စိန်ခေါ်လေသည်။

“ဒါက ပညာရှင်ရဲ့ လက်ရာဆိုရင်လည်း ကြည့်ရှုသူတွေကို အနီးကပ် ပြလိုက်ပါလား။ ကြည့်ရှုသူတွေထဲမှာ ပိတ်စအကြောင်း နားလည်တဲ့သူတွေ ပါမှာပါ။ အစစ်ဆိုရင်တော့ သူတို့က နင့်အတွက် ရှင်းပြပေးကြလိမ့်မယ်လေ”

ဟွာကျွင်းသည် ဤဝတ်စုံမှာ အစစ်အမှန်ဖြစ်ကြောင်း မည်သူထက်မဆို ပို၍သိထား၏။ သူမ ဘာကို ကြောက်ရမည်နည်း။ ထို့ကြောင့် သူမသည် ကင်မရာရှေ့သို့ ရဲရဲဝံ့ဝံ့ လျှောက်သွားကာ တစ်ပတ်လှည့်ပြလိုက်ပြီးနောက် အင်္ကျီလက်စနှင့် ပန်းထိုးအသေးစိတ်များကို ကြည့်ရှုသူများ မြင်သာအောင် အနီးကပ် ပြသလိုက်လေသည်။

ကြည့်ရှုသူများ၏ မှတ်ချက်များမှာ တစ်ဟုန်ထိုး တက်လာလေသည်။

“ဘုရားရေ.. အနီးကပ်ကြည့်တော့ ပိုတောင် လှသေးတယ်ဟ”

“အစ်မ... လက်စကို အဲဒီလောက်ကြီး မဆွဲပါနဲ့၊ ပျက်စီးသွားဦးမယ်”

“ဒီလောက် လက်ရာမြောက်တဲ့ အရာမျိုးကို ကျွန်မ ကြည့်ခွင့်ရှိရဲ့လားဟင်”

“ဖုန်းထဲကကောင်မလေးရေ... ကျွန်မကို ဘယ်လိုနေရာမျိုး ခေါ်လာတာလဲ”

လိုက်ဖ်၏ လူကြိုက်များမှုမှာ အလွန်အမင်း မြင့်တက်သွားလေသည်။ ထိုအချိန်တွင် ဖြူဖွေးသော ဆံပင်များရှိသည့် အဖိုးအိုတစ်ဦးမှာ တုန်ရင်နေသော လက်များဖြင့် ဖုန်းကို မျက်စိရှေ့တွင် ကိုင်ထားကာ တိုးတိုးလေး ရေရွတ်နေ၏။

“ဒါ လျိုကွမ်းကျင်းပဲ။ ဒါ လျိုကွမ်းကျင်း ပဲကွ။ ဒါက အတုများလား”

ဤကဲ့သို့ အရည်အသွေးရှိသော အတုမျိုးမှာပင် အလွန်ရှားပါးလှ၏။ သူသည် သူ၏လက်ထောက်ကို အမြန်ခေါ်လိုက်လေသည်။

“ရှောင်ဝမ်... ရှောင်ဝမ်၊ မြန်မြန်လုပ်... ဒီလျိုကွမ်းကျင်းက ဘယ်မှာလဲဆိုတာ မှတ်ချက်ရေးပြီး မေးပေးစမ်း”

“ဒါက လျိုကွမ်းကျင်း အစစ်လား”

“အတုနဲ့တော့ မတူဘူး။ အမှန်အတိုင်း သိရအောင် ငါ့မျက်စိနဲ့ ကိုယ်တိုင်ကြည့်မှ ဖြစ်မယ်”

အမှန်တကယ်ပင် ဤကမ္ဘာပေါ်တွင် ဤအဖိုးအိုထက် လျိုကွမ်းကျင်းအကြောင်း ပို၍နားလည်သူ မရှိပေ။ နန်းတော်ပြတိုက်ရှိ အပိုင်းအစမှာ မြေအောက်မှ တူးဖော်စဉ်ကပင် အကြီးအကျယ် ပျက်စီးနေခဲ့ပြီး သူသည် ယင်းကို ပြုပြင်ထိန်းသိမ်းသူ ဖြစ်၏။

နှိုင်းယှဉ်စရာ နမူနာမရှိသဖြင့် သူတို့မှာ အလွန်သတိထား၍ လုပ်ဆောင်ခဲ့ရပြီး သုံးနှစ်တိတိ အချိန်ယူကာ မနည်းပြုပြင်ခဲ့ရသော်လည်း အသေးစိတ်အချက်အလက်များစွာမှာ မူလနှင့် ကွဲလွဲနေခဲ့ရ၏။

ရှောင်ဝမ်သည် 'BenevolenceLikeWater' ဟူသော အမည်ဖြင့် မှတ်ချက်များကို အမြန်ပို့လေသည်။

BenevolenceLikeWater: “တောင်းပန်ပါတယ်၊ ဒီလျိုကွမ်းကျင်းက ဘယ်မှာလဲဟင်။ အနီးကပ် ကြည့်ခွင့်ရမလား”

BenevolenceLikeWater: “လိုက်ဖ်လွှင့်တဲ့သူ... ခုနက မိန်းကလေးရဲ့ ဆက်သွယ်ရန် လိပ်စာလေး ပေးလို့ရမလား”

BenevolenceLikeWater: “မင်္ဂလာပါ၊ ကျွန်တော်က ပြတိုက်ဝန်ထမ်း တစ်ယောက်ပါ။ ဒါကို မြင်ရင် အခု ဘယ်နေရာမှာ ရှိနေလဲဆိုတာ ပြောပြပေးပါ”

ဟွာကျွင်းသည် မှတ်ချက်များကို မကြည့်ဘဲ နေရာသို့ ပြန်သွားကာ ရှမင်းနှင့် စကားပြောနေ၏။ သို့သော် ကျိုးရှန်းရှန်းကမူ ထိုမှတ်ချက်များကို မြင်လိုက်ရသဖြင့် ရင်ထဲတွင် တုန်လှုပ်သွားလေသည်။

ဟွာကျွင်း ဝတ်ထားသည့် လျိုကွမ်းကျင်းမှာ တကယ်ကြီး အစစ် ဖြစ်နေတာလား။

မဖြစ်နိုင်ဘူး... သူမ အမြဲတမ်း နှိမ်ချခဲ့ပြီး လက်ခုပ်ထဲက ရေလို ကစားခဲ့တဲ့ ဆင်းရဲတဲ့ တောသူမက ဒီနေ့မှာတော့ သူမရဲ့ အရှိန်အဝါတွေကို လုယူနေပြီ ဖြစ်၏။ ကျိုးရှန်းရှန်း အလွန်ပင် မကျေမနပ် ဖြစ်သွားကာ ဟွာကျွင်းကို ဆက်လက်၍ မာန်တက်ခွင့် မပေးနိုင်တော့ပေ။

သူမသည် ရှောင်ဝမ် ပို့ထားသော မှတ်ချက်များကို မမြင်ချင်ယောင်ဆောင်ကာ သူ့ကို block လိုက်လေသည်။ ထို့နောက် စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းကာ သူမ၏ ဝတ်စုံအကြောင်းကို ဆက်လက်ရှင်းပြနေ၏။

သို့သော် ကြည့်ရှုသူများ၏ မှတ်ချက်များမှာ ဆက်တိုက် တက်လာနေဆဲ ဖြစ်၏။

“ပြတိုက်ကလူတွေ မေးနေကြတယ်၊ ဒါက လျိုကွမ်းကျင်း အစစ်များလား”

“ဒီနေ့တော့ တကယ့်ကို မျက်စိပွင့်ရတာပဲ”

“လိုက်ဖ်လွှင့်တဲ့သူက ဘာလို့ သူ့သူငယ်ချင်းရဲ့ ဆက်သွယ်ရန် လိပ်စာကို မပေးတာလဲ။ သူတို့က သူငယ်ချင်းတွေ မဟုတ်ဘူးလား”

ကျိုးရှန်းရှန်းသည် ထိုမှတ်ချက်များကို မြင်သည့်အခါ ဒေါသထွက်ကာ စိတ်ထဲမှ ကဲ့ရဲ့နေမိ၏။

'ဘယ်သူက သူ့သူငယ်ချင်းလဲ၊ တောသူမ တစ်ယောက်ပဲဟာ'

သူမသည် ကင်မရာရှေ့တွင် ဟန်ဆောင်၍ စိတ်မကောင်းဖြစ်ဟန်ဖြင့် ပြောလေသည်။

“အားလုံး စိတ်ပူနေကြတာ သိပါတယ်။ ဒါပေမဲ့ ဒါက ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်လေ။ ကျွန်မတို့ နိုင်ငံမှာ လျိုကွမ်းကျင်း တစ်ထည်ပဲ တွေ့ဖူးသေးတာ၊ အဲဒါကလည်း နန်းတော်ပြတိုက်မှာ ရှိတာလေ။ အားလုံးရဲ့ အချိန်ကို မဖြုန်းချင်ပါဘူး”

ကျူးယွမ်က ဘေးမှနေ၍ အားဖြည့်ပေးလေသည်။

“သူ့မိသားစု အခြေအနေက အရမ်းဆင်းရဲတာ။ လျိုကွမ်းကျင်း အစစ်ကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ။ အခုခေတ် အတုလုပ်တဲ့ နည်းပညာက အရမ်းကောင်းနေတော့ တစ်နေရာရာကနေ ဝယ်လာတာ နေမှာပါ”

အခြားတစ်ဖက်တွင်မူ ရှောင်ဝမ်သည် မှတ်ချက်များ ဆက်ပို့ရန် ကြိုးစားသော်လည်း ပို့၍မရတော့သည်ကို တွေ့လိုက်ရ၏။ အဖိုးအိုက စိုးရိမ်တကြီး မေးမြန်းလေသည်။

“ဘယ်လိုလဲ၊ ရှောင်ဝမ်။ သူတို့နဲ့ ဆက်သွယ်လို့ ရပြီလား”

ရှောင်ဝမ်က မျက်နှာပျက်ပျက်ဖြင့် ပြန်ပြောလေသည်။

“မရဘူး အဘိုး၊ ကျွန်တော့်ကို ပိတ်လိုက်ပြီ”

အဖိုးအိုသည် စိတ်တိုကာ သူ၏ တောင်ဝှေးဖြင့် ကြမ်းပြင်ကို ဆောင့်လိုက်၏။

“မင်း ဘယ်လိုဖြစ်တာလဲ။ ဘာတွေ ပြောလိုက်လို့လဲ”

ရှောင်ဝမ်က ညည်းတွားလေသည်။

“ဘာမှ မပြောပါဘူး... ဟင်... ဒီနေရာက... ဒါ ဟန်ဝမ်ခန်းမ မဟုတ်လား”

“ဘယ်မှာလဲ။ မင်း ဘာပြောလိုက်တာလဲ”

“တောက်လဲ့ကျူ ဆိုင်က ဟန်ဝမ်ခန်းမလေ။ ဟိုမှာ ကြည့်ပါဦး၊ အဲဒီပန်းအိုးက လွန်ခဲ့တဲ့ တစ်ပတ်ကတင် မစ္စတာလု ဝယ်သွားတဲ့ ဟာမလား”

အဖိုးအိုသည် လိုက်ဖ်ထဲရှိ အမျိုးသမီးဘေးမှ စင်ပေါ်တွင် တင်ထားသော ပန်းအိုးကို သေချာကြည့်လိုက်၏။ အမှန်ပင် ထိုပန်းအိုး ဖြစ်နေလေသည်။

“မြန်မြန်... လုကျောက်ကို ဆက်သွယ်လိုက်။ သူတို့ကို အဲဒီမှာ ဆက်ထိန်းထားခိုင်းပါ၊ ငါတို့ အခုချက်ချင်း သွားမယ်”

ဟွာကျွင်း ကျူးယွမ်နှင့် ကျိုးရှန်းရှန်းတို့၏ ဟန်ဆောင်မှုများကို အေးအေးလူလူ ကြည့်နေမိ၏။ သူတို့သည်လည်း လူပြက်များသဖွယ် ဖြစ်လာလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးခဲ့ဖူးပေ။

“ငါ ဝတ်ထားတာကို အတုလို့ပဲ နင်တို့က ပြောနေကြတာ။ နင်တို့မှာ သက်သေရှိလို့လား။ ငါကတော့ အစစ်လို့ ပြောတယ်။ ခုနတင် အသေးစိတ်တွေကို ကြည့်ရှုသူတွေကို ပြလိုက်ပြီးပြီ။ ကြည့်ရှုသူတွေ ဘာပြောလဲဆိုတာ ကျိုးရှန်းရှန်းကို မေးကြည့်ပါလား”

ကျိုးရှန်းရှန်းသည် မျက်လုံးများ ကစားလျက် ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်နေလေသည်။

ကျိုးရှန်းရှန်း ဘာလို့ စကားမပြောတာလဲဟု ကျူးယွမ် ထူးဆန်းနေမိ၏။ သူမ ဟွာကျွင်းဘက်သို့ ပြန်ကြည့်လိုက်သည့်အခါ မျက်လုံးများ ပြူးသွားကာ ဟွာကျွင်းကို လက်ညှိုးထိုးပြလေသည်။

“နင့်ရဲ့... နင့်ရဲ့ ဆွဲကြိုး...”

ထို့နောက် သူမ ကျိုးရှန်းရှန်းကို ပြန်ကြည့်လိုက်၏။ ထိုဆွဲကြိုးမှာ ကျိုးရှန်းရှန်း ဆွဲထားသည်နှင့် ပုံစံတူ ဖြစ်နေလေသည်။

ကျိုးရှန်းရှန်းသည်လည်း လိုက်ကြည့်လိုက်ရာ ဟွာကျွင်း၏ လည်ပင်းတွင် ပုလဲ၊ စိမ်းပြာငှက်မွှေး၊ လိပ်ပြာပုံစံ ပတ္တမြားဆွဲကြိုး တစ်ကုံးကို တွေ့လိုက်ရ၏။ ၎င်းမှာ သူမ၏ ဆွဲကြိုးနှင့် ကိုးဆယ်ရာခိုင်နှုန်းခန့် တူညီနေလေသည်။

ကျိုးရှန်းရှန်းက ထိတ်လန့်တကြား အော်ဟစ်လေသည်။

“မဖြစ်နိုင်တာ! နင့်ဆီမှာ ဒါ ဘယ်လိုရှိနေရတာလဲ။ ငါ့ဟာက G-တံဆိပ် အစစ်လေ၊ တစ်နိုင်ငံလုံးမှာ နှစ်ကုံးပဲ ရှိတာ၊ နောက်တစ်ကုံးက လုမိသားစု ဆီမှာ ရှိတာ”

ဟွာကျွင်းသည် သူမ၏ လည်ပင်းမှ ဆွဲကြိုးကို အသာအယာ ထိတွေ့လိုက်၏။ ၎င်းမှာ လုမင်လီ ပေးလိုက်သော လက်ဝ်ရတနာများထဲမှ တစ်ခု ဖြစ်လေသည်။

ကျူးယွမ်သည် တစ်ခုခုကို ဖမ်းဆုပ်မိသွားသကဲ့သို့ အော်ဟစ်လေသည်။

“နင် အတုဝတ်ထားတာပဲ။ အခုတော့ ဘယ်လို ငြင်းဦးမလဲ ကြည့်ကြသေးတာပေါ့”

ဟွာကျွင်းက ပြန်ပြောလေသည်။

“ငါ အတုမဝယ်ဘူး။ ငါ့ကို မစွပ်စွဲနဲ့”

ကျိုးရှန်းရှန်းက နှာခေါင်းရှုံ့လျက် ဆိုလေသည်။

“G-တံဆိပ်က ထုတ်တဲ့ ဆွဲကြိုးတိုင်းမှာ စစ်ဆေးလို့ရတဲ့ ကုဒ် ပါပြီးသားပဲ။ နင့်ရဲ့ ကုဒ်ကို ပေးစမ်းပါ၊ အွန်လိုင်းမှာ အခုချက်ချင်း စစ်ကြည့်ရအောင်”

ကျူးယွမ်က ထပ်ဆင့်ပြောလေသည်။

“နင် မထုတ်ပြနိုင်ရင်တော့ သေသေချာချာ တောင်းပန်ပြီး နင် အတုဝတ်ပြီး လူတွေကို လိမ်ညာနေတာပါလို့ ဝန်ခံလိုက်”

ဟွာကျွင်း စိတ်ပျက်သွားမိ၏။ G-တံဆိပ်တွေ၊ ကုဒ်တွေဆိုတာ ဘာတွေလဲ။ ဒါက လုမင်လီ မိသားစုရဲ့ ရာစုနှစ်ချီ ကြာမြင့်နေပြီဖြစ်တဲ့ အဖိုးတန် ရှေးဟောင်းပစ္စည်းလေ၊ G-တံဆိပ်တွေထက် အများကြီး ပိုပြီး သက်တမ်းရင့်လှ၏။

လိုက်ဖ်ထဲတွင် မှတ်ချက်များ ဆက်တိုက် တက်လာနေလေသည်။

“ဘာတွေ ဖြစ်ကုန်တာလဲ။ ဇာတ်လမ်းက ပြောင်းပြန်လှန်သွားတာလား”

“ကျွန်တော် အခုမှ ရောက်တာပါ၊ ဘာတွေ ဖြစ်နေလဲ ပြောပြကြပါဦး”

“အလွယ်ပြောရရင် G-တံဆိပ် အကန့်အသတ်နဲ့ ထုတ်တဲ့ ဆွဲကြိုး နှစ်ကုံးပဲ ရှိရမှာကို၊ အခု ဒီလိုက်ဖ်ထဲမှာ သုံးကုံး ဖြစ်နေတာလေ။ ဒါကြောင့် တစ်ယောက်ယောက်က အတုပေါ့”

“လိုက်ဖ်ထဲမှာ လက်ပူးလက်ကြပ် ဖမ်းတာလား။ ရင်ခုန်ဖို့ ကောင်းလိုက်တာ”

“ဘုရားရေ၊ ဒါက တကယ့်ကို ကျေနပ်ဖို့ကောင်းတယ်၊ လက်ဆောင်တွေ ပေးချင်လာပြီ”

“လျိုကွမ်းကျင်း ဝတ်ထားတဲ့ မိန်းကလေးက အစစ်လို့ ထင်ခဲ့တာ၊ အခုတော့ ဇာတ်လမ်းက တစ်မျိုးပြောင်းသွားပြန်ပြီ! ဒီတစ်ခါတော့ ငါက ဝတ်စုံလှလှလေး ဝတ်ထားတဲ့ဘက်ကပဲ”

ကျူးယွမ်က ဆက်လက်၍ တိုက်ခိုက်လေသည်။

“နင် ပစ္စည်းခိုးတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူးလေ။ နင့်မှာ ရာဇဝင်ရှိတာ မမေ့နဲ့ဦး”

ဟွာကျွင်းသည် အလျှော့မပေးဘဲ ပြန်ပြောလေသည်။

“ငါက ဘာလို့ ကိုယ့်ကိုယ်ကိုယ် သက်သေပြနေရမှာလဲ။ ငါ့ဟာကို အတုလို့ ပြောနေမှတော့ နင်တို့ကပဲ သက်သေပြလေ။ ဒါမှမဟုတ် အထက်တန်း တတိယနှစ်တုန်းကလို ငါ့ကို ထပ်ပြီး အကွက်ဆင်ချင်တာလား”

သူမက ဆက်လက်၍ ပြောလေသည်။

“အဲဒီတုန်းကလိုပဲ စုံစမ်းစစ်ဆေးတာလည်း မရှိ၊ သက်သေလည်း မရှိဘဲနဲ့ စကားအနည်းငယ်နဲ့ပဲ ငါ့ကို လူရာမဝင်အောင် လုပ်ခဲ့ကြတာ မဟုတ်လား။ ကျူးယွမ်... နင် အရင်က ဆွဲကြိုးခိုးတယ်လို့ ငါ့ကို စွပ်စွဲပြီး ငါ့ဘဝကို ဖျက်ဆီးခဲ့တယ်။ အခုလည်း ငါ့ကို အတုဝတ်ထားတယ်လို့ ပြောပြီး ထပ်ပြီး ဒုက္ခပေးချင်နေတာလား။ နင် အမြဲတမ်း အောင်မြင်မယ်လို့ ထင်နေတာလား။ နင်က တခြားလူ မွေးထားတဲ့ ခွေးတစ်ကောင်လိုပဲ၊ ပါးစပ်ဖွင့်လိုက်တိုင်း ဟောင်ဖို့ပဲ သိတယ်။ နင်က ငါမြင်ဖူးသမျှထဲမှာ အတုံးဆုံးလူပဲ”

ကြည့်ရှုသူများ၏ မှတ်ချက်များမှာ ပို၍ ဆူညံလာလေသည်။

“ဘုရားရေ။ သတင်းထူးတွေ လာပြီဟေ့”

“ရန်မဖြစ်ကြနဲ့ဦး၊ သတင်းကြားရအောင် ခဏငြိမ်ကြပါဦး”

“ဒီ လျိုကွမ်းကျင်း ကိစ္စက 'The Glory' ရုပ်ရှင်အတိုင်းပဲဟ”

ဟွာကျွင်းသည် လှည့်ကြည့်လိုက်ကာ အတန်းဖော်များကို တစ်ယောက်ချင်း စိုက်ကြည့်လေသည်။

“နင်တို့ အားလုံးလည်း အတူတူပဲ။ ကိုယ်နဲ့ မဆိုင်သလိုမျိုး အေးအေးဆေးဆေး ကြည့်နေခဲ့ကြတယ်။ နင်တို့လို လူမျိုးတွေကပဲ ကောလာဟလတွေကို ဖြန့်ပြီး ငါ့ကို ခေါင်းမဖော်နိုင်အောင် လုပ်ခဲ့ကြတာ”

ကျူးယွမ်က ဟွာကျွင်း၏ စကားကို ဖြတ်ပြောကာ အော်ဟစ်လေသည်။

“လျှောက်မပြောနဲ့။ နင့်ပါးစပ်ကို ငါ ဆွဲဖြဲပစ်မယ်”

ဟွာကျွင်းက လှောင်ပြုံးပြုံးကာ မေးလေသည်။

“ဟင်း... လွန်ခဲ့တဲ့ ငါးနှစ်ကလိုမျိုးလား”

ကျူးယွမ်သည် ဒေါသတကြီးဖြင့် ရှေ့သို့ ပြေးတက်လာကာ ဟွာကျွင်း၏ လည်ပင်းမှ ဆွဲကြိုးကို အတင်းဆွဲဖြတ်ပစ်လိုက်လေသည်။ နူးညံ့သော စိမ်းပြာငှက်မွှေးများမှာ သူမ၏ လက်ထဲတွင် ကြွေလွင့်သွားပြီး၊ ပုလဲလုံးများမှာလည်း ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲကျသွားကာ ချက်ချင်းပင် မြင်ကွင်းမှ ပျောက်ကွယ်သွားလေတော့သတည်း။

All Chapters