အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
အခန်း (၃၇) စိမ်းပြာငှက်မွှေး ဆွဲကြိုး ပျက်စီးသွားခြင်း
ခန်းမဆောင်တံခါးကြီးမှာ အရှိန်ဖြင့် ပွင့်သွားပြီး လူသုံးဦး ဝင်ရောက်လာလေ၏။
အရှေ့ဆုံးမှ ဝင်လာသူမှာ အရပ်ရှည်ရှည်နှင့် လူငယ်တစ်ဦး ဖြစ်၏။ သူသည် အခြေအနေကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခပ်ပြတ်ပြတ် မေးမြန်းလေသည်။
“ကျွန်တော့်ရဲ့ နေရာမှာ ဘာတွေ လုပ်နေကြတာလဲ”
ကျိုးရှန်းရှန်း ထိုသူမှာ တောက်လဲ့ကျူဆိုင်၏ ပိုင်ရှင်ဖြစ်သူ လုကျောက် ဖြစ်ကြောင်း မှတ်မိလိုက်၏။ သူမက အမြန်ပင် တောင်းပန်စကား ဆိုလေသည်။
“မစ္စတာလု... တောင်းပန်ပါတယ်။ သူတို့က စနောက်နေကြတာပါ”
လုကျောက်၏ နောက်ကွယ်မှ အဖိုးအိုတစ်ဦးက သူ့ကို ဘေးသို့တွန်းဖယ်ကာ တုန်တုန်ရင်ရင်ဖြင့် ငုံ့ကြည့်လိုက်၏။ သူသည် ကြမ်းပြင်ပေါ်မှ စိမ်းပြာငှက်မွှေး တစ်ခုကို ကောက်ယူလိုက်ပြီးနောက် စိတ်မကောင်းစွာဖြင့် အော်ဟစ်လေသည်။
“ဒါကို ဘယ်သူလုပ်တာလဲ ဘယ်သူလုပ်တာလဲကွ တကယ့်ကို သဘာဝသယံဇာတတွေကို ဖြုန်းတီးပစ်တာပဲ”
အားလုံး၏ အကြည့်မှာ ကျူးယွမ်ထံသို့ ရောက်ရှိသွားလေသည်။ ကျူးယွမ်မှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ် ကျိုးရှန်းရှန်းက ဝင်၍ ရှင်းပြလေသည်။
“ကျွန်မရဲ့ အတန်းဖော်ဟောင်းက GF တံဆိပ်အတုကို ဝတ်လာလို့ပါ။ ကျူးယွမ်က ဒါကို ဖျက်ဆီးလိုက်တာဟာ ဝယ်သူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးလိုက်တာပါ”
အဖိုးအိုသည် အသက်ရှူပင် မှားသွားကာ စိုးရိမ်တကြီး ပြောလေသည်။
“ဒါက အတုမဟုတ်ဘူးဟ။ ဘယ်သူက ဒါကို အတုလို့ ပြောတာလဲ”
ကျိုးရှန်းရှန်းက လုကျောက်ကို ကြည့်ကာ ဆိုလေသည်။
“မစ္စတာလု... ဒီဆွဲကြိုးက တစ်နိုင်ငံလုံးမှာ နှစ်ကုံးပဲ ရှိတယ်ဆိုတာ ရှင်အသိဆုံးပါ။ တစ်ကုံးက မစ္စတာလုဆီမှာ ရှိတာလေ”
လုကျောက်က အဖိုးအိုကို ကြည့်ကာ ပြန်ပြောလေသည်။
“ဟုတ်တယ် အဘိုး... ကျွန်တော် တစ်ကုံး ဝယ်ထားတာ။ နောက်တစ်ကုံးကိုတော့ ကျိုးမိသားစုက ဝယ်သွားတယ်လို့ ကြားတယ်”
ထို့နောက် သူက ကျိုးရှန်းရှန်းဘက်သို့ လှည့်ကာ မိတ်ဆက်ပေးလေသည်။
“ဒါက ကျိုးမိသားစုရဲ့ သမီးကြီးပါ”
ကျိုးရှန်းရှန်းသည် ရှေ့သို့တိုးကာ အဘိုးလု ကို အလွန်ပင် ယဉ်ကျေးပျူငှာစွာ ဦးညွှတ်နှုတ်ဆက်လိုက်၏။
အဘိုးလုမှာ ရှေးဟောင်းသုတေသန နယ်ပယ်တွင် ထိပ်သီးပညာရှင်တစ်ဦး ဖြစ်ပြီး ရိုးရာပိတ်စများကို အလွန်အမင်း စွဲလန်းသူဖြစ်ကြောင်း သတင်းကြီးသူ ဖြစ်၏။ ယနေ့ ဟူကျန်း ဝတ်စုံကို ဝတ်လာခဲ့သည်မှာ သူမအတွက် မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်လေသည်။ အကယ်၍ ဤအဘိုးအိုမှတစ်ဆင့် လုမိသားစုနှင့် အဆက်အသွယ်ရပါက သူမအတွက် ကံကောင်းခြင်းတစ်ခု ဖြစ်လာပေလိမ့်မည်။
ကျိုးရှန်းရှန်းက အပြောကောင်းရန် ကြိုးစားလေသည်။
“ဆရာလု... အဘိုး မသိသေးလို့ပါ။
ဒီအတန်းဖော်က ငယ်ငယ်ကတည်းက အရမ်းကို ဂုဏ်မက်တာ...”
သူမသည် ခေတ္တရပ်ကာ စကားလုံးကို ပြန်ပြင်လိုက်၏။
“သူက တန်ဖိုးကြီး လက်ဝတ်ရတနာတွေကို အမြဲမက်မောတတ်ပေမဲ့ သူ့မိသားစုက မချမ်းသာတော့ မကောင်းတဲ့ အပြုအမူတွေ လုပ်ခဲ့ဖူးတယ်။ ကျွန်မက GF တံဆိပ်ရဲ့ ဒီဇိုင်းဒါရိုက်တာနဲ့ ရင်းနှီးတဲ့သူဆိုတော့ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကို အတုတွေနဲ့ ဖျက်ဆီးနေတာကို မကြည့်ရက်လို့ပါ...”
အဘိုးလုသည် ဟန်ဆောင်ကောင်းသူများကို မနှစ်မြို့သဖြင့် သူမ၏ စကားကို ချက်ချင်း ဖြတ်ပြောလေသည်။
“အဓိပ္ပာယ်မရှိတာ”
ထို့နောက် သူက လုကျောက်ကို လှည့်ပြောလေသည်။
“ဒါက အစစ်လား အတုလားဆိုတာ ငါမသိဘဲ နေမလား။ ဒီဒီဇိုင်းက ငါ့အိမ်က ရှေးဟောင်းပန်းချီကားထဲက ပုံစံကို GF ဆီ ငါရောင်းထားတာလေ”
အမှန်တကယ်တွင်မူ အဘိုးအိုလုသည် သူ၏အိမ်ရှိ ရှေးဟောင်းပန်းချီကားထဲမှ ဆွဲကြိုးဒီဇိုင်းကို GF ကုမ္ပဏီထံ ရောင်းချခဲ့ခြင်း ဖြစ်၏။ GF က ထိုဒီဇိုင်းကို အခြေခံ၍ ဆွဲကြိုးနှစ်ကုံး ပြုလုပ်ခဲ့သော်လည်း စိမ်းပြာငှက်မွှေး စီခြယ်မှုမှာ အတုယူထားရုံသာ ရှိသေး၏။
သို့သော် သူ၏လက်ထဲရှိ အမွှေးများမှာမူ စိမ်းပြာငှက်မွှေးစစ်စစ်ဖြင့် စီခြယ်ထားသော လက်ရာစစ်စစ် ဖြစ်နေလေသည်။
အဘိုးအိုလုသည် ကျူးယွမ်နှင့် ကျိုးရှန်းရှန်းတို့ကို ဒေါသတကြီး ကြိမ်းမောင်းလေသည်။
“တခြားလူရဲ့ ဆွဲကြိုးကို ဆွဲဖြတ်ဖို့ ဘယ်သူက နင်တို့ကို သတ္တိပေးလိုက်တာလဲ။ ပြောစမ်း ဒီဆွဲကြိုးက ဘယ်လောက်တောင် အဖိုးတန်တယ်ဆိုတာ နင်တို့ သိကြရဲ့လား။ နင်တို့တွေ မိုးကြိုးပစ်ခံရလိမ့်မယ်”
ကျူးယွမ် မယုံကြည်နိုင်စွာ ငြင်းဆန်လေသည်။
“မဖြစ်နိုင်တာ... ဒါ မဖြစ်နိုင်ဘူး။ ဒါက အစစ် မဖြစ်နိုင်ပါဘူး။ အစစ်ဖြစ်ရင်တောင် ဒါက ဘယ်ကရမှန်း မသိတဲ့ ပစ္စည်းပဲ ဖြစ်ရမယ်”
သူမသည် လှပစွာ ပြင်ဆင်ထားသော ဟွာကျွင်းကို ကြည့်လိုက်၊ ဟွာကျွင်းကို စိုက်ကြည့်နေသော အဘိုးအိုကို ကြည့်လိုက်ဖြင့် တစ်ခုခုကို ရိပ်မိသွားဟန်ဖြင့် အော်ဟစ်လေသည်။
“ငါ သိပြီ... နင် ဘာလို့ တစ်ခြားလူတစ်ယောက်လို ဖြစ်နေတာလဲဆိုတာ။ နင်က အဘိုးကြီးတစ်ယောက်ကို မြှူဆွယ်ထားတာကိုး ။အဲဒီအဘိုးကြီးက ဒီလူပဲ မဟုတ်လား”
လုကျောက်က ပြင်းထန်စွာ တားမြစ်လေသည်။
“ပါးစပ်ပိတ်ထားစမ်း”
ဟွာကျွင်း၏ ဒေါသမှာ အဆုံးအစမရှိ ထွက်ပေါ်လာကာ ဆက်လက် သည်းမခံနိုင်တော့ပေ။ သူမသည် 'ဖြန်း' ခနဲ အသံမြည်အောင် ကျူးယွမ်၏ ပါးကို အားရပါးရ ရိုက်ချလိုက်လေသည်။ ခန်းမအတွင်းရှိ လူအားလုံးမှာ အံ့ဩတကြီး ဖြစ်သွားကြ၏။
အထူးသဖြင့် ကျိုးရှန်းရှန်းမှာ အလွန်ပင် ထိတ်လန့်သွားလေသည်။ ဟွာကျွင်းသည် နှစ်အနည်းငယ်အတွင်း အဘယ်ကြောင့် ဤမျှ ပြောင်းလဲသွားရသနည်းဆိုသည်ကို သူမ နားမလည်နိုင် ဖြစ်နေ၏။ ဟွာကျွင်းသည် နိမ့်ကျပြီး အားနည်းနေရမည် မဟုတ်လား။ အဘယ်ကြောင့် ခုခံရဲရသနည်း။ ဤသို့ မဖြစ်သင့်ပေ။ ဟွာကျွင်းက ဒေါသတကြီး ပြောလေသည်။
“ဒီပါးရိုက်ချက်က နင့်ကို သင်ခန်းစာပေးတာပဲ။ နောက်တစ်ခါ တခြားလူကို မဟုတ်မမှန် စွပ်စွဲဦးမယ်ဆိုရင် ပါးရိုက်ရုံနဲ့တင် ပြီးမှာ မဟုတ်ဘူး”
ကျူးယွမ်မှာ ပါးရိုက်ခံလိုက်ရသဖြင့် မျက်နှာမှာ တစ်ဖက်သို့ လည်ထွက်သွားလေသည်။ သူမသည် နာကျည်းမှုများဖြင့် ပြည့်နှက်နေကာ သူမ၏ မျက်ဝန်းများတွင် အဆိပ်အတောက်များ ကိန်းအောင်းနေသယောင် ရှိ၏။ သူမသည် ဟွာကျွင်းကို ပြန်ရိုက်ရန် ညာဘက်လက်ကို မြှောက်လိုက်လေသည်။
သို့သော် လုကျောက်က သူမ၏လက်ကို တားဆီးကာ နောက်သို့ တွန်းလွှတ်လိုက်ပြီး မေးမြန်းလေသည်။
“ဒီဧည့်သည်ကို ဘယ်သူ ဖိတ်လိုက်တာလဲ။ သူ့ကို အပြင်မောင်းထုတ်ပစ်လိုက်စမ်း”
လုံခြုံရေးဝန်ထမ်း နှစ်ဦး ရောက်လာပြီး ကျူးယွမ်ကို အပြင်သို့ ဆွဲထုတ်သွားကြလေသည်။
ကျိုးရှန်းရှန်းက ရှေ့သို့တိုးကာ လုကျောက်ကို တောင်းပန်လေသည်။
“မစ္စတာလု... ကျူးယွမ်က ကျွန်မ ဖိတ်ထားတဲ့ ဧည့်သည်ပါ။ ဒီနေ့ သူ ဘာလို့ ဒီလို စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားရတာလဲဆိုတာ ကျွန်မ မသိပါဘူး။ တကယ်ကို တောင်းပန်ပါတယ်ရှင်”
လုကျောက်က ကျိုးရှန်းရှန်းကို တစ်ချက်ကြည့်ကာ အေးစက်စွာ ဆိုလေသည်။
“ကျိုးမိသားစုရဲ့ မျက်နှာကို ထောက်ပြီး ဒီတစ်ခါတော့ ငါ လွှတ်ပေးလိုက်မယ်”
အဘိုးအိုလုက ဟွာကျွင်းကို မေးမြန်းလေသည်။
“သမီးလေး... ဒါက သမီးရဲ့ ပစ္စည်းလား”
လုမင်လီ၏ အဖွား အမြတ်တနိုးထားခဲ့သော ဆွဲကြိုးမှာ ထိုယုတ်မာသူ ကျူးယွမ်ကြောင့် ပျက်စီးသွားသည်ကို မြင်ရသည့်အတွက် ဟွာကျွင်းမှာ ရင်ကွဲမတတ် ခံစားနေရ၏။ သူမ၏ မျက်ရည်များမှာလည်း ကျဆင်းလာလေသည်။
သူမက ခေါင်းငြိမ့်ပြကာ ဆိုလေသည်။
“ဟုတ်ပါတယ်... ဒါက ကျွန်မရဲ့ ဆွဲကြိုးက ပြုတ်ကျသွားတဲ့ အမွှေးတွေပါ၊ ပုလဲတွေလည်း အများကြီး ပြန့်ကျဲသွားပါပြီ”
လုကျောက်က ဝန်ထမ်းများကို ခေါ်ကာ အမိန့်ပေးလေသည်။
“အခုချက်ချင်း ပုလဲတွေနဲ့ အမွှေးတွေ အကုန်လုံးကို ရှာစမ်း။ တစ်ခုမှ မကျန်စေနဲ့။ ပုလဲတွေ အကုန်မတွေ့မချင်း အားလုံး ဒီမှာပဲ စောင့်နေကြ။ ဒီပစ္စည်းတွေက အရမ်းတန်ဖိုးကြီးတယ်။ အကုန်မတွေ့ဘူးဆိုရင် ဒါမှမဟုတ် တစ်ယောက်ယောက်က ခိုးယူသွားရင် ရဲတိုင်မယ်”
အားလုံးမှာ ဝေခွဲမရ ဖြစ်နေကြသော်လည်း လုကျောက်၏ အမိန့်အတိုင်း ခန်းမ၏ ထောင့်တစ်နေရာတွင် သွားရောက် စောင့်ဆိုင်းနေကြရ၏။ သို့သော် သူတို့ မေ့နေသည့် အချက်တစ်ခုမှာ လိုက်ဖ်မှာ လွှင့်နေဆဲ ဖြစ်ခြင်းပင် ဖြစ်၏။
ထိုအချိန်တွင် လိုက်ဖ်၌ ကြည့်ရှုသူဦးရေမှာ တစ်သန်းကျော်သွားပြီဖြစ်ကာ မှတ်ချက်များမှာလည်း ရှုပ်ထွေးနေလေသည်။
“ဒါက တကယ့်ကို တစ်သက်မှာ တစ်ခါမှ မကြုံဖူးတဲ့ အဖြစ်အပျက်ပဲ။ လိုက်ဖ်လွှင့်တဲ့သူ... ဒါ သရုပ်ဆောင်နေတာလို့ပဲ ငါ့ကို ပြောပြပါတော့”
“ဟိုအမျိုးသမီးက တကယ့်ကို ယုတ်မာတာပဲ၊ ဒီလောက်လှတဲ့ ဆွဲကြိုးကို ဖျက်ဆီးပစ်ရလား၊ ခုနက ပါးရိုက်လိုက်တာ မြင်ရတာ တကယ်ကို ကျေနပ်ဖို့ကောင်းတယ်”
“ဒါနဲ့ ဒီဆွဲကြိုးက အစစ်လား အတုလား။ ငါတော့ ဝေခွဲမရတော့ဘူး”
နောက်တစ်ဦးက ရှင်းပြလေသည်။
“အပေါ်ကလူ... ဒါက ရှင်းနေတာပဲ မဟုတ်လား။ လျိုကွမ်းကျင်း ဝတ်ထားတဲ့ အစ်မရဲ့ ဆွဲကြိုးက ရှေးဟောင်းပစ္စည်း၊ ကျိုးရှန်းရှန်းရဲ့ ဆွဲကြိုးက တန်ဖိုးကြီး ပစ္စည်းပေါ့”
“တန်ဖိုးကြီး ပစ္စည်းတွေက ဈေးနှုန်းရှိပေမဲ့ ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းတွေက တန်ဖိုးဖြတ်လို့ မရဘူးလေ။ ဒါက အရမ်းလွန်လွန်းတယ်”
“ဆွဲကြိုးက ရှေးဟောင်းပစ္စည်းဆိုရင် လျိုကွမ်းကျင်း ဝတ်စုံကလည်း အစစ်ဖြစ်ဖို့ များတယ်”
“အစစ်ဖြစ်မှာပါ၊ အဘိုးလုရဲ့ မျက်လုံးတွေကိုပဲ ကြည့်လေ”
အဘိုးလုသည် ဟွာကျွင်းအနားသို့ တိုးကပ်လာလေသည်။ သူ၏ ရှေ့မှ လျိုကွမ်းကျင်း ဝတ်စုံမှာ သူ၏ အိပ်မက်ထဲမှအတိုင်းပင် ရှိနေ၏။ သူသည် ဟွာကျွင်း လန့်သွားကာ မီးခိုးငွေ့ကဲ့သို့ ပျောက်ကွယ်သွားမည်ကို စိုးရိမ်သဖြင့် အရှိန်ပြင်းပြင်း မလျှောက်ရဲပေ။
နီးကပ်လာလေလေ၊ သူ ပို၍ သေချာလာလေလေ ဖြစ်၏။ ဒါ လျိုကွမ်းကျင်း အစစ်ပဲ။
အဘိုးအိုလူသည် ဟွာကျွင်းကို ထိတွေ့ရန် လက်လှမ်းလိုက်သော်လည်း ဟွာကျွင်းက အလိုအလျောက် နောက်သို့ ခြေလှမ်းကျယ်ကြီး ဆုတ်လိုက်လေသည်။
“အဘိုး”
“ပရော်ဖက်ဆာလု”
လုကျောက်နှင့် ရှောင်ဝမ်တို့က ပြေးလာပြီး အဘိုးအိုကို တားလိုက်ကြလေသည်။
လုကျောက်က ဟွာကျွင်းကို တောင်းပန်လေသည်။
“ဒီမိန်းကလေးကို ဘာတွေ လုပ်နေတာလဲ အဘိုး။ တောင်းပန်ပါတယ်ဗျ... ကျွန်တော့်အဘိုးက လျိုကွမ်းကျင်းကို လေ့လာနေတဲ့သူမို့လို့ပါ။ သူ စိတ်လှုပ်ရှားသွားလို့ပါ”
အဘိုးအိုလုသည် သတိဝင်လာကာ ဟွာကျွင်းကို ပြောလေ၏။
“တောင်းပန်ပါတယ် သမီးလေး... အဘိုး ဘာမှ မရည်ရွယ်ပါဘူး။ လျိုကွမ်းကျင်းကို မြင်ရလို့ စိတ်လှုပ်ရှားသွားရုံတင်ပါ”
ဟွာကျွင်းက ခေါင်းငြိမ့်ပြသော်လည်း ဘာမှပြန်မပြောပေ။ လုကျောက်က အဘိုးကို ဘေးသို့ ခေါ်ထုတ်သွားလေသည်။
အဘိုးလုမှာမူ ဟွာကျွင်းကို အဝေးမှနေ၍ အနီးကပ် စိုက်ကြည့်နေဆဲ ဖြစ်၏။
စိမ်းပြာငှက်မွှေး လိပ်ပြာပုံစံ ဆံထိုး၊ ပုလဲစီဆံထိုး၊ ပတ္တမြားပန်းပုံစံ ဆံထိုးနှင့် စိမ်းပြာငှက်မွှေး ပတ္တမြားနားကပ်များ... ထိုအချိန်တွင် ဟွာကျွင်းမှာ အဘိုးအိုအတွက် လူတစ်ယောက် မဟုတ်တော့ဘဲ လမ်းလျှောက်နေသည့် ပြတိုက်တစ်ခုကဲ့သို့ ဖြစ်နေလေတော့သည်။
“သမီးလေး... အဘိုးရဲ့ နာမည်က လုကျန့်ကော် ပါ၊ ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းတွေနဲ့ အလုပ်လုပ်တာပါ။ သမီးရဲ့ နာမည်လေး သိခွင့်ရမလား”
ဟွာကျွင်း၏ မျက်လုံးများမှာ ခန်းမအတွင်း ပုလဲရှာနေသော ဝန်ထမ်းများထံမှ ခွာမရ ဖြစ်နေ၏။ အဘိုးအိုက စကားပြောသဖြင့် သူမ လှည့်ကြည့်ကာ ယဉ်ကျေးစွာ ပြန်ဖြေလေသည်။
“အဘိုး... ကျွန်မနာမည်က ဟွာကျွင်း ပါ”
“ဟွာကျွင်း... အင်း... နာမည်လေးက ကောင်းလိုက်တာ၊ အရမ်းကို... အရမ်းကို... အရသာရှိမဲ့ ပုံပဲ။ ဟားဟားဟား”
အဘိုးအိုသည် ဟွာကျွင်း၏ နာမည်ကို မည်သို့ချီးမွမ်းရမှန်းမသိဘဲ ရယ်မောလိုက်ပြီးမှ အားနာသွားဟန် ရှိ၏။
ဟွာကျွင်းမှာမူ ဂရုမစိုက်နိုင်ပေ။ ထိုအချိန်တွင် သူမ၏ စိတ်အခြေအနေမှာ အလွန်ပင် ဆိုးရွားနေ၏။ ယနေ့ ပါတီသို့ ဤမျှ တန်ဖိုးကြီးသော ဆွဲကြိုးကို ဝတ်ဆင်လာခဲ့မိသည်ကို သူမ အလွန် နောင်တရနေမိ၏။ ပါတီသို့ လာခဲ့မိသည်ကိုပင် နောင်တရနေမိလေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ကိစ္စများအတွက် သူမ အဘယ်ကြောင့် မာန်တက်ပြချင်နေရသနည်း။ သူမနှင့် ကျူးယွမ်မှာ ယခုအခါ လုံးဝ မတူညီသော ကမ္ဘာနှစ်ခုမှ လူများဖြစ်သော်လည်း အတိတ်ကို သူမ မမေ့နိုင်သေးပေ။ လုမိသားစုမှ အဖွား ပေးလိုက်သော ဆွဲကြိုး ပျက်စီးသွားသည့်အတွက် ဟွာကျွင်းသည် မိမိကိုယ်ကိုယ် အပြစ်တင်နေမိလေသည်။
အဘိုးအိုလုသည် ဟွာကျွင်း၏ မျက်နှာရိပ်မျက်နှာကဲကို ခိုးကြည့်လိုက်ပြီး လုကျောက်ကို အချက်ပြလိုက်၏။ လုကျောက်က ဟွာကျွင်းအနားသို့ လျှောက်လာကာ ပြောလေသည်။
“ဟွာကျင်း... တောက်လဲ့ကျူမှာ အခုလို ဖြစ်သွားတဲ့အတွက် တကယ်ကို စိတ်မကောင်းပါဘူး။ ကျွန်တော် ၊ လုကျောက် ကို ယုံကြည်မယ်ဆိုရင် ဒီဆွဲကြိုးကို ကျွန်တော့်ကို ပေးပါ။ ခင်ဗျားအတွက် အကောင်းဆုံး ပြန်ပြုပြင်ပေးမဲ့ ပညာရှင်တစ်ယောက်ကို ကျွန်တော် ရှာပေးပါ့မယ်”
အခန်း (၃၈) လုမိသားစု၏ မျိုးဆက်များလား
ဟွာကျွင်း၏ မျက်ဝန်းများ အနည်းငယ် တောက်ပလာကာ မေးမြန်းလေသည်။
“တကယ်ကြီး ပြန်ပြင်လို့ ရနိုင်မှာလားဟင်”
လုကျောက် စကားမပြောရသေးမီ ဘေးနားရှိ အဘိုးက ခေါင်းခါယမ်းလျက် ဆိုလေသည်။
“ခက်လိမ့်မယ်။ စိမ်းပြာငှက်မွှေးဆိုတာ အရမ်းကို နုနယ်တာ။ ဆွဲကြိုးကို ပြန်ပြင်နိုင်ခဲ့ရင်တောင် မူလအတိုင်း ၁၀၀ ရာခိုင်နှုန်း ပြည့်ရတော့မှာ မဟုတ်ဘူး”
ဟွာကျွင်း၏ မျက်ဝန်းမှ အရောင်အဝါများမှာ ပြန်လည်မှေးမှိန်သွားရပြန်၏။
လုကျောက် အားပေးစကား ဆိုလေသည်။
“ကျွန်တော် တစ်နိုင်ငံလုံးမှာရှိတဲ့ ပညာရှင်တွေကို ရှာဖွေပြီး အစွမ်းကုန် ကြိုးစားပေးပါ့မယ်။ ဟွာကျင်းရဲ့ ဝီချက်လေး ပေးလို့ရမလား”
ဟွာကျွင်းသည်လည်း ဤနည်းလမ်းတစ်ခုသာ ရှိတော့သည်ဟု တွေးတောကာ သူမ ဖုန်းကိုထုတ်၍ လုကျောက်၏ QR ကုဒ်ကို စကန်ဖတ်လိုက်လေသည်။ ဘေးနားမှ အဘိုးလုက ထပ်မံဝင်ပြောပြန်၏။
“ငါက ဒီနိုင်ငံမှာ အတော်ဆုံး ပညာရှင်ပဲ။ ငါက ပြင်လို့မရဘူးလို့ ပြောရင် ဘယ်သူမှ ပြင်လို့မရတော့ဘူး”
လုကျောက်မှာ ဆွံ့အသွားရလေသည်။ 'အဘိုး... အဘိုးပဲ ကျွန်တော့်ကို ကယ်ခိုင်းထားတာ မဟုတ်လား။ အခုကျမှ ဘာလို့ ကျွန်တော့်ကို လာနှောင့်ယှက်နေတာလဲ'
သူ စိတ်ထဲမှ တွေးနေမိ၏။ ကံကောင်းသည်မှာ ဟွာကျွင်း၏ ဝီချက်ကို ရရှိသွားပြီဖြစ်သဖြင့် သူက ဆိုလေသည်။
“ဘာပဲဖြစ်ဖြစ် မစမ်းကြည့်ရသေးဘဲနဲ့တော့ မဖြစ်နိုင်ဘူးလို့ မပြောသင့်ဘူး မဟုတ်လား”
ဟွာကျွင်းက ခေါင်းငြိမ့်ပြလေသည်။
လုကျောက်က သူမကို သတိထား၍ မေးမြန်းလေသည်။
“ဟွာကျင်း... ကျွန်တော် မေးပါရစေ၊ ဒီခေါင်းဆောင်းတန်ဆာတွေနဲ့ ဝတ်စုံက ဝယ်ထားတာလား... ဒါမှမဟုတ်...”
ဟွာကျွင်းက တိုတိုတုတ်တုတ်ပင် ပြန်ဖြေလေသည်။
“ကျွန်မသူငယ်ချင်း ပေးတာပါ”
အဘိုးလုနှင့် လုကျောက်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
“အားနာပေမဲ့ မေးပါရစေ မစ်ဟွာ... ဒါကို ရောင်းဖို့ စိတ်ကူးရှိပါသလား။ ကျွန်တော့်ရဲ့ စုဆောင်းမှုအတွက် တန်ဖိုးကြီးကြီးပေးပြီး ဝယ်ချင်လို့ပါ”
ဟွာကျွင်းက ငြင်းပယ်လိုက်လေသည်။
“ဒါက ကျွန်မသူငယ်ချင်း ပေးထားတာမို့လို့ ရောင်းဖို့ စိတ်မကူးထားပါဘူး။ တောင်းပန်ပါတယ်”
အဘိုးလု၏ မျက်နှာမှာ ချက်ချင်းပင် ညှိုးငယ်သွားလေသည်။ ထိတွေ့ခွင့်လည်းမရ၊ ဝယ်ယူခွင့်လည်းမရသဖြင့် သူသည် အလွန်ပင် စိတ်ပျက်သွားကာ မြေးဖြစ်သူကို မျက်စိတစ်မှိတ်မှိတ်ဖြင့် အချက်ပြနေ၏။
လုကျောက်က သူ၏အဘိုး မျက်စိတွန့်နေသည်ကို မြင်သဖြင့် မနေသာဘဲ ဟွာကျွင်းကို ထပ်မံတောင်းဆိုလေသည်။
“ဒါဆိုရင် ဒီလျိုကွမ်းကျင်းဝတ်စုံကို ကျွန်တော့်အဘိုးဆီ ရက်အနည်းငယ်လောက် ငှားပေးလို့ရမလား။ သူက ဒါကို အရမ်းစွဲလန်းနေလို့ပါ။ ငှားရမ်းခကိုလည်း အများကြီး ပေးပါ့မယ်”
ဟွာကျွင်းက အားနာစွာ ဆိုလေသည်။
“တောင်းပန်ပါတယ် မစ္စတာလု... ကျွန်မ အခုလောလောဆယ် ဒီကိစ္စတွေကို ပြောဆိုဖို့ စိတ်မပါသေးလို့ပါ”
ဟွာကျွင်းသည် စိမ်းပြာငှက်မွှေးဆွဲကြိုးကိုသာ စိတ်ပူနေမိ၏။ မကြာမီမှာပင် ဝန်ထမ်းများက ခန်းမဆောင်တစ်ခုလုံးကို နှံ့နှံ့စပ်စပ် ရှာဖွေပြီးသွားလေသည်။ လုကျောက်က ရှာဖွေတွေ့ရှိထားသော ပစ္စည်းများကို ဟွာကျွင်းထံ ကမ်းပေးလေသည်။
“ဟွာကျင်း... တစ်ခုခု လိုနေသေးလားဆိုတာ စစ်ကြည့်ပေးပါဦး”
အမည်းရောင် ကတ္တီပါလက်ကိုင်ပုဝါထဲတွင် ပုလဲလုံးများနှင့် ငှက်မွှေးများ ပါရှိ၏။ ဆွဲကြိုးပေါ်ရှိ စိမ်းပြာငှက်မွှေးလိပ်ပြာပုံမှာ ပျက်စီးနေပြီး မူလပုံစံကိုပင် မှတ်မိရန် ခက်ခဲနေလေသည်။ ဟွာကျွင်းသည် ပုလဲအရေအတွက်ကို မရေတွက်ထားသဖြင့် ညနေကျမှ လုမင်လီနှင့် အတည်ပြုရန် စောင့်ရပေဦးမည်။
အဘိုးလုက ဝင်၍ ပြောလေသည်။
“အရေအတွက် ဘယ်လောက်ရှိလဲဆိုတာ ငါသိတယ်”
“ပုလဲလုံးကြီး (၉၄) လုံးနဲ့ ပုလဲလုံးသေး (၂၀၄) လုံး ရှိရမယ်”
ဟွာကျွင်း၏ သိလိုစိတ်ပြင်းပြသော အကြည့်ကို မြင်သည့်အခါ အဘိုးလုက ရှင်းပြလေသည်။
“အဘိုးအိမ်မှာ ဘိုးဘွားပိုင် ရှေးဟောင်းပန်းချီကားတစ်ချပ် ရှိတယ်။ ပန်းချီကားထဲမှာ ပန်းရောင်နန်းတွင်းဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက် ရှိပြီး သူ့ရဲ့လည်ပင်းမှာ ဒီဆွဲကြိုးကို ဆွဲထားတာ။ အဘိုးက အဲဒီပန်းချီကားကို လေ့လာနေတာ နှစ်ပေါင်းများစွာ ရှိပြီဆိုတော့ အရေအတွက်ကို သေချာပေါက် သိတာပေါ့”
“နှမြောစရာကောင်းတာက ပန်းချီကားက ပျက်စီးနေတော့ အမျိုးသမီးရဲ့ မျက်နှာကို သဲသဲကွဲကွဲ မမြင်ရတာပဲ”
သူက ခေါင်းခါယမ်းလျက် ဝမ်းနည်းစွာ ဆိုလေသည်။
လုကျောက် ဆက်လက်ပြောပြလေသည်။
“အဘိုးက အိမ်မှာရှိတဲ့ ဒီရှေးဟောင်းပစ္စည်းတွေကို အရမ်းစွဲလန်းတာ။ နောက်ပိုင်းမှာ ကျွန်တော် GF ကုမ္ပဏီနဲ့ ဆက်သွယ်ပြီး ပန်းချီကားထဲက ဆွဲကြိုးနဲ့ တစ်ပုံစံတည်းတူတဲ့ နှစ်ကုံးကို ပြန်လုပ်ခိုင်းခဲ့တာ။ တစ်ကုံးကို ကျွန်တော်ဝယ်ပြီး အဘိုးကို လက်ဆောင်ပေးခဲ့တာလေ”
ဤသည်မှာ တိုက်ဆိုင်မှုဟု ပြောရန်ပင် လွန်လွန်ကဲကဲ ရှိနေ၏။ ဆွဲကြိုးမှာ လုမင်လီ၏ အဒေါ်ဖြစ်သူ ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ရာ အဘယ်ကြောင့် အဘိုးလု၏ ဘိုးဘွားပိုင် ပန်းချီကားထဲတွင် ရှိနေရသနည်း။ ဟွာကျွင်းက သိလိုစိတ်ဖြင့် မေးမြန်းလေသည်။
“ရှင့်ရဲ့မျိုးရိုးအမည် ‘လု’ (Lu) က ‘လမ်း’ လို့ အဓိပ္ပာယ်ရတဲ့ စာလုံးလား၊ ဒါမှမဟုတ် ‘မြေကြီး’ လို့ အဓိပ္ပာယ်ရတဲ့ စာလုံးလား”
လုကျောက်က ဝေခွဲမရဖြစ်ကာ ပြန်မေးလေသည်။
“‘မြေကြီး’ (Land) လို့ အဓိပ္ပာယ်ရတဲ့ စာလုံးပါ။ ဘာလို့ မေးတာလဲဗျ”
သူတို့သည် လုမင်လီ သို့မဟုတ် လုမင်ကျဲ၏ မျိုးဆက်များ ဖြစ်နေနိုင်သလား။ ဟွာကျွင်းသည် နောက်ပိုင်းတွင် လိမ်ညာမှုများ ပေါ်သွားမည်ကို စိုးရိမ်သဖြင့် ဆက်၍ မပြောရဲတော့ပေ။
ပုလဲလုံးများကို ရေတွက်ကြည့်သည့်အခါ အချို့မှာ လိုအပ်နေသေးသဖြင့် ဝန်ထမ်းများက ထပ်မံရှာဖွေရာ နောက်ဆုံးတွင် အားလုံးကို ပြန်တွေ့သွားလေသည်။ ဟွာကျွင်းသည် ပစ္စည်းများကို လုကျောက်ထံ ပေးအပ်လိုက်လေသည်။
“မစ္စတာလု... ပြန်ပြင်လို့ ရမရဆိုတာကို ကျွန်မကို အမြန်ဆုံး အကြောင်းကြားပေးပါနော်။ ဒီဆွဲကြိုးက ကျွန်မအတွက် အရမ်းအရေးကြီးလို့ပါ”
လုကျောက် ခေါင်းငြိမ့်ပြကာ ကတိပေးလေသည်။
ကျိုးရှန်းရှန်းမှာမူ ဘေးတွင် ဖယ်ထုတ်ခံထားရသဖြင့် ဒေါသထွက်ကာ နာကျည်းနေသော်လည်း မျက်နှာတွင်မူ ယဉ်ကျေးသော အပြုံးကိုသာ ဆင်မြန်းထား၏။ လူများအားလုံး လူစုခွဲသွားချိန်တွင် သူမသည် ပတ်ဝန်းကျင်ကို ကြည့်ရှုကာ မည်သူမျှ မရှိသည်ကို သေချာသည့်အခါ သူမ၏ခြေထောက်ကို မလိုက်လေသည်။ သူမ၏ ခြေဖဝါးအောက်တွင် ပုလဲငါးလုံး ရှိနေ၏။ သူမသည် ထိုပုလဲများကို ကောက်ယူ၍ အိတ်ထဲသို့ ထည့်လိုက်ကာ ဘာမှမဖြစ်ခဲ့သလိုပင် ထွက်ခွာသွားလေတော့သည်။
ဟွာကျွင်းသည် အစောဆုံး လေယာဉ်ဖြင့် အိမ်သို့ ပြန်လာခဲ့လေသည်။ ခရစ္စမတ်နေ့တွင် နှင်းများ ကျဆင်းနေပြီး လမ်းသွားလမ်းလာများမှာ ပျော်ရွှင်ကြသော်လည်း သူမတစ်ဦးတည်းသာ မပျော်ရွှင်နိုင် ဖြစ်နေ၏။
အိမ်သို့ ရောက်သည့်အခါ သူမသည် အဝတ်အစားများကို ချိတ်ဆွဲ၍ ရတနာများကို သေတ္တာထဲသို့ သေချာစွာ ထည့်လိုက်ပြီး စားသောက်ဆိုင်ဖွင့်မည့် အချိန်ကို ထိုင်စောင့်နေမိ၏။
အချိန်တန်သည့်အခါ သူမသည် တံခါးဖွင့်လိုက်သော်လည်း ‘ယနေ့ ဆိုင်ပိတ်သည်’ ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲလိုက်ပြီး လုမင်လီကိုသာ အာရုံစိုက်၍ စောင့်ဆိုင်းနေလေသည်။
လုမင်လီ ရောက်ရှိလာချိန်တွင် ဆိုင်အတွင်း၌ မီးများ လင်းထိန်နေသော်လည်း ဝယ်သူတစ်ဦးမျှ မရှိပေ။ ဟွာကျွင်းသည် စားပွဲတစ်ခုတွင် ထိုင်နေပြီး တာ့နွီက ဘေးမှ အဖော်ပြုပေးနေသဖြင့် ပတ်ဝန်းကျင်မှာ အလွန်ပင် လေးလံထိုင်းမှိုင်းနေ၏။ လုမင်လီက စိုးရိမ်တကြီး မေးမြန်းလေသည်။
“ဘာဖြစ်လို့လဲ”
ယနေ့ အပြင်တွင် နှင်းများ ကျဆင်းနေသဖြင့် လုမင်လီသည် ဟွာကျွင်း ပေးထားသော အနွေးထည်အရှည်ကို ဝတ်ဆင်ထား၏။ ၎င်းမှာ ပေါ့ပါးပြီး နွေးထွေးလှသော်လည်း သူနှင့်ကြည့်ရသည်မှာ အနည်းငယ် ထူးဆန်းနေလေသည်။
ဟွာကျွင်းသည် သူ့ကို မော့ကြည့်လိုက်ရာ မျက်ဝန်းများမှာ ချက်ချင်းပင် နီရဲလာလေသည်။ သူမသည် ရတနာ သေတ္တာကို လုမင်လီထံ တွန်းပေးလိုက်ကာ ဆိုလေသည်။
“ဒါတွေကို ပြန်ယူသွားပါတော့။ ကျွန်မက ဒီလောက်ကောင်းတဲ့ အရာတွေနဲ့ မထိုက်တန်ပါဘူး”
လုမင်လီက သေတ္တာကို ကြည့်ပင်မကြည့်ဘဲ ပြန်ပြောလေသည်။
“ပေးပြီးသား ပစ္စည်းကို ပြန်ယူရမယ့် အကြောင်းပြချက် မရှိပါဘူး”
သူသည် သူမ၏ ရှေ့တွင် ဝင်ထိုင်လိုက်ပြီး ထပ်မံမေးမြန်းလေသည်။
“စိတ်မကောင်းစရာ တစ်ခုခု ဖြစ်ခဲ့လို့လား”
ဟွာကျွင်းသည် သေတ္တာကို ဖွင့်ပြကာ ဆိုလေသည်။
“ကျွန်မ ဆွဲကြိုးကို ဖျက်ဆီးမိသွားပြီ။ ဒါတွေပဲ ကျန်တော့တာ၊ အကုန်လုံး ပြန်ယူသွားပါတော့။ ဆွဲကြိုးကို ပြန်ပြင်ပေးမဲ့ ပညာရှင်တစ်ယောက်တော့ ကျွန်မ ရှာထားပါတယ်။ ပြင်လို့ရရင် ရှင့်ကို ပြန်ပေးပါ့မယ်။ တကယ်ကို တောင်းပန်ပါတယ်”
လုမင်လီက အေးအေးလူလူပင် ဆိုလေသည်။
“ကျွန်တော်က အရေးကြီးတဲ့ ကိစ္စလို့ ထင်နေတာ။ ဆွဲကြိုးတစ်ကုံးတည်းပဲဟာ။ ဟွာကျင်းကို ပေးထားတာဆိုတော့ စိတ်ကြိုက်သာ စီမံလိုက်ပါ”
ဟွာကျွင်းက မျက်ရည်များ ကျဆင်းလာကာ ပြောလေသည်။
“ဒီရတနာတွေက အရမ်းတန်ဖိုးကြီးတာလေ။ ကျွန်မက ဒါတွေကို မကာကွယ်နိုင်ခဲ့ဘူး...”
တာ့နွီသည် ဘာလုပ်ရမှန်းမသိဘဲ စိုးရိမ်တကြီး ဖြစ်နေကာ သူမ၏ မျက်ဝန်းများပါ နီရဲလာလေသည်။
ဟွာကျွင်း မျက်ရည်ကျနေရခြင်းမှာ တန်ဖိုးကြီးဆွဲကြိုး ပျက်စီးသွား၍သာမကဘဲ နှစ်ပေါင်းများစွာ ကြာသည့်တိုင် သူမမှာ အနိုင်ကျင့်ခံနေရဆဲ ဖြစ်ခြင်းကြောင့်လည်း ပါဝင်၏။ သူမက ပြန်၍ ပါးရိုက်ခဲ့သော်လည်း ဆွဲကြိုးတစ်ကုံးနှင့် လဲလိုက်ရသည့် ထိုပါးရိုက်ချက်မှာ သူမအတွက် လုံးဝ ကျေနပ်စရာ မရှိပေ။
လုမင်လီ မျက်မှောင်ကြုတ်ကာ မေးမြန်းလေသည်။
“မင်း အနိုင်ကျင့်ခံရတာလား။ ရန်သူနဲ့ သွားတွေ့မယ်လို့ ပြောခဲ့တာမလား။ သူတို့က မင်းကို ရိုက်နှက်ကြလို့လား။ ကျွန်တော့်ကို ပြောပါ၊ ကူပြီး လက်စားချေပေးမယ်”
ဟွာကျွင်း ခေါင်းခါပြလျက် ဆိုလေသည်။
“ကျွန်မ အရိုက်မခံရပါဘူး။ ကျွန်မကတောင် သူ့ကို ပါးပြန်ရိုက်ခဲ့သေးတာ၊ ဒါပေမဲ့ ဆွဲကြိုးကတော့ ပြတ်သွားပြီ”
သူမ ဖြစ်ပျက်ခဲ့သမျှကို အစအဆုံး ပြောပြလိုက်လေသည်။
တာ့နွီမှာ အလွန်ပင် ဒေါသထွက်ကာ ငြိမ်ငြိမ်မထိုင်နိုင်ဘဲ ခါးထောက်လျက် ပြောလေသည်။
“ဒီလူတွေက တကယ်ကို အဓိပ္ပာယ်မရှိတာပဲ။ မမရဲ့ ဆွဲကြိုးကို အတုလို့ ပြောကြသေးတယ်၊ ပြီးတော့ ဆွဲကြိုးကိုလည်း ဆွဲဖြတ်ပစ်တယ်။ တကယ်ကို ဒေါသထွက်ဖို့ ကောင်းလိုက်တာ”
လုမင်လီ ဆိုလေသည်။
“လက်စားချက်ချင်း ချေနိုင်ခဲ့တာ ကောင်းပါတယ်။ ဒါပေမဲ့ အဲဒါက ဝယ်ထားတဲ့ ဆွဲကြိုးဆိုတော့ အစစ်နဲ့ အတုက ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ”
ဟွာကျွင်းက သိလိုသည်ကို မေးမြန်းလေသည်။
“ရှင့်ရဲ့ အဒေါ် က ပန်းရောင်နန်းတွင်းဝတ်စုံ ဝတ်ထားပြီး ဒီခေါင်းဆောင်းတန်ဆာတွေကို ဆင်မြန်းထားတဲ့ ပုံတူပန်းချီ ရှိလားဟင်”
လုမင်လီက ခေတ္တစဉ်းစားကာ ပြန်ဖြေလေသည်။
“အဒေါ်မှာ ပုံတူပန်းချီတွေ အများကြီး ရှိပါတယ်။ သူက ဒီခေါင်းဆောင်းတန်ဆာတွေကို အကြိုက်ဆုံးဆိုတော့ တစ်ချပ်တော့ ရှိမှာပါ။ ဒါပေမဲ့ သူက ပန်းရောင်ကို အမုန်းဆုံးဆိုတော့ ပန်းရောင်ဝတ်စုံ ဝတ်ထားဖို့ကတော့ မဖြစ်နိုင်ဘူး”
“ဒါဆိုရင် သူက ပန်းရောင်ကို မုန်းပေမဲ့ ပန်းရောင်ဝတ်စုံ ရှိနေနိုင်ပြီး ရှင်က မသိတာမျိုးရော မဖြစ်နိုင်ဘူးလား”
“ဒါကတော့ ဖြစ်နိုင်တာပေါ့.။ ဒါနဲ့ ဟွာကျင်းက ဘာလို့ အဒေါ့်ရဲ့ ပုံတူပန်းချီအကြောင်းကို မေးတာလဲ”
ဟွာကျွင်းက ရှင်းပြလေသည်။
“ကျွန်မ ရှင့်ရဲ့ မျိုးရိုးအမည်နဲ့ တူတဲ့ လူနှစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူတို့ရဲ့ ဘိုးဘွားပိုင် ပုံတူပန်းချီထဲမှာ ဒီဆွဲကြိုးကို တွေ့ရတယ်လို့ သူတို့က ပြောတယ်။ သူတို့က ရှင့်ရဲ့ မျိုးဆက်တွေ ဖြစ်နေနိုင်တယ်လေ”
လုမင်လီမှာ လန့်သွားကာ ဆိုလေသည်။
“မျိုးဆက်တွေ ဟုတ်လား။ ဟွာကျင်း... လျှောက်မပြောပါနဲ့။ ကျွန်တော်က အိမ်ထောင်မပြုရသေးဘူးလေ၊ ကျွန်တော့်မှာ ဘယ်က မျိုးဆက်တွေ ရှိမှာလဲ”
တာ့နွီက ဝင်၍ ရှင်းပြလေသည်။
“ဟွာကျွင်းမမက အနာဂတ် နှစ်ပေါင်းရာနဲ့ချီတဲ့ ဆီက လာတာလေ၊ အဲဒီအချိန်ကျရင် စစ်သူကြီးလုမှာ မျိုးဆက်တွေ သေချာပေါက် ရှိနေမှာပေါ့”
လုမင်လီ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားလေသည်။
“မင်းက... အနာဂတ် နှစ်ပေါင်းရာနဲ့ချီတဲ့ ဆီက လာတာလား”
ဟွာကျွင်း ခေါင်းငြိမ့်ပြကာ ဆိုလေသည်။
“ဟုတ်ပါတယ်... ဒီမုန့်ဆိုင်ကပဲ ကျွန်မကို ဒီကို ခေါ်ဆောင်လာတာပါ”
လုမင်လီသည် ထိုအခါမှ သဘောပေါက်သွားကာ ဆိုလေ၏။
“ခင်ဗျားက ကျွန်တော်တို့နဲ့ မတူဘူးဆိုတာ သိထားပေမဲ့ အနာဂတ်က လာမယ်လို့တော့ မထင်ထားမိဘူး”
“ဟုတ်ပါတယ်... ပြီးတော့ ဒီည ကျွန်မတွေ့ခဲ့တဲ့ အဘိုးလုနဲ့ လုကျောက်တို့က ရှင့်ရဲ့ မျိုးရိုးအမည်အတိုင်းပဲ၊ ရှင့်အဒေါ်ရဲ့ ပုံတူပန်းချီလည်း ရှိတယ်၊ ဒီဆွဲကြိုးကိုလည်း မှတ်မိနေကြတယ်ဆိုတော့ သူတို့က နှစ်ပေါင်းရာနဲ့ချီ ကြာပြီးနောက်မှာရှိတဲ့ လုမိသားစုရဲ့ မျိုးဆက်တွေ ဖြစ်ရမယ်”
“အော်... နောက်ပြီး အဘိုးလု ပြောတာကတော့ ဆွဲကြိုးမှာ ပုလဲလုံးကြီး (၉၉) လုံးနဲ့ ပုလဲလုံးသေး (၁၀၄) လုံး ရှိတယ်လို့ ပြောတယ်၊ အဲဒါ မှန်ရဲ့လား”
လုမင်လီက ပြန်ဖြေလေသည်။
“အဲဒါတော့ ကျွန်တော်မသိဘူး။ အဘွားဆီ ပြန်သွားပြီး သေချာသွားမေးမှ ဖြစ်မယ်”