အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
အခန်း (၃၉) ဝက်လက်စတူးထမင်း
တတိယမြောက်နေ့တွင် ဟွာကျွင်း ဖုန်းမှ မက်ဆေ့ချ်သံကြောင့် နိုးလာလေသည်။ သူမ ဖုန်းကို ဖွင့်ကြည့်လိုက်ရာ ရှမင်းဆီမှ ပို့ထားခြင်း ဖြစ်၏။
“ဟွာကျွင်း... နင် နာမည်ကြီးနေပြီဟေ့။ ဝေဘိုမှာ သွားကြည့်လိုက်ဦး”
ဟွာကျွင်း နားမလည်နိုင်သဖြင့် ဝေဘိုကို ဖွင့်ကြည့်လိုက်ရာ သူမနှင့် ပတ်သက်သည့် အကြောင်းအရာမှာ ရေပန်းစားနေသည့် ခေါင်းစဉ် ငါးခုမြောက်တွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။
#စိမ်းပြာငှက်မွှေးဖျက်ဆီးခံရခြင်း၊ #သူဌေးသမီးကလူမိုက်ကိုပါးရိုက်ခြင်း စသည့် ခေါင်းစဉ်များဖြင့် ဖြစ်လေသည်။
ထိုပုံများမှာ မနေ့ညက ပါတီတွင် လွှင့်ခဲ့သော လိုက်ဖ်မှ ဗီဒီယိုမှတ်တမ်းများ ဖြစ်၏။
ပထမပုံတွင် ကျူးယွမ် မျက်နှာပျက်ယွင်းလျက် ဟွာကျွင်း၏ ဆွဲကြိုးကို ဆွဲဖြတ်နေပြီး၊ ဒုတိယပုံတွင် ဟွာကျွင်းက သူမကို ပါးရိုက်လိုက်ရာ လျိုကွမ်းကျင်းဝတ်စုံ လက်စမှာ နူးညံ့သော အလင်းတန်းတစ်ခုကဲ့သို့ ဝေ့ဝဲသွားသည်ကို တွေ့ရ၏။
အချို့က ထိုညက လိုက်ဖ်တွင် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ပြောပြနေကြပြီး၊ အချို့ကမူ စိမ်းပြာငှက်မွှေးနှင့် လျိုကွမ်းကျင်း ပိတ်စတို့အကြောင်းကို ရှင်းပြနေကြသဖြင့် ဆွေးနွေးမှုများမှာ အလွန်အမင်း မြင့်တက်နေလေသည်။
“ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းကို ဖျက်ဆီးရဲတယ်လား၊ ပါးရိုက်လိုက်တာ မြင်ရတာ တကယ်ကို ကျေနပ်ဖို့ကောင်းတယ်”
“ပါးရိုက်ခံရတဲ့ မိန်းကလေးက ဒီလျိုကွမ်းကျင်းမလေးကို အထက်တန်းကျောင်းတုန်းကလည်း အနိုင်ကျင့်ခဲ့ပြီး ပစ္စည်းခိုးတယ်လို့ စွပ်စွဲခဲ့ဖူးတယ်တဲ့။ ခုလို ပြန်တုံ့ပြန်တာကို ထောက်ခံတယ်”
“ဒီမိန်းကလေးက လှလည်းလှတယ်၊ ပြတ်လည်းပြတ်သားတယ်”
“ဒီဝတ်စုံရဲ့ အသားက တကယ်ကောင်းတာပဲ၊ ဒါ လျိုကွမ်းကျင်းလား။ နည်းနည်းလေးပဲ မြင်ရတာ နှမြောစရာပဲ”
“အားလုံးပဲ ဒီပုံကို ကြည့်လိုက်ဦး၊ တစ်ကိုယ်လုံး မြင်ရတယ်”
ထိုပုံမှာ ကျိုးရှန်းရှန်းက ကင်မရာရှေ့တွင် သူမ၏ အဝတ်အစားကို ပြသနေစဉ် လျိုကွမ်းကျင်း ဝတ်ထားသော ဟွာကျွင်းက သူမဘေးမှ ဖြတ်လျှောက်သွားသည့်ပုံ ဖြစ်ပြီး၊ ကြည့်ရှုသူများက ဟွာကျွင်းကို အနီရောင်ဝိုင်းပြထားကြ၏။
“ဒီမိန်းကလေးပဲ၊ လျိုကွမ်းကျင်း အစစ်ကို ဝတ်ထားတာ”
“ငါတို့ ဘိုးဘွားတွေရဲ့ အနုပညာ အဆင့်အတန်း ဘယ်လောက်မြင့်မားလဲဆိုတာ ပထမဆုံးအကြိမ် တိုက်ရိုက် ခံစားလိုက်ရတာပဲ”
“ရှေ့က မိန်းကလေးရဲ့ အဝတ်အစားကလည်း လှပါတယ်၊ ဒါပေမဲ့ လျိုကွမ်းကျင်းနဲ့ ယှဉ်လိုက်ရင်တော့ လျိုကွမ်းကျင်းက ပိုပြီး လှနေတယ်”
ဟွာကျွင်း ဝေဘိုကို ပိတ်လိုက်ကာ ဂရုမစိုက်တော့ပေ။ စားသောက်ဆိုင်မှာ နှစ်ရက်တိတိ ပိတ်ထားခဲ့သဖြင့် ယနေ့ ဟင်းပွဲများကို ပိုမိုပြင်ဆင်ရပေမည်။
အခြားတစ်ဖက်တွင် ကျိုးရှန်းရှန်းသည် သူမ ဖုန်းကို စားပွဲပေါ်သို့ ဝုန်းခနဲ မြည်အောင် ချလိုက်လေသည်။
“ဒေါသထွက်လိုက်တာ၊ အဲဒါ ဘယ်လိုလူမျိုးလဲ။ ငါ့ထက် ထင်ပေါ်နေတာလား၊ ငါ့ကို တမင်တကာ ဆန့်ကျင်နေတာလား”
သူမ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဖုန်းကို ပြန်ကောက်ကာ နံပါတ်တစ်ခုသို့ ခေါ်ဆိုလိုက်လေသည်။
“အဲဒီပုလဲတွေကို စစ်ဆေးပြီးပြီလား။ ရလဒ် ဘယ်လိုရှိလဲ”
တစ်ဖက်မှ ပြန်ဖြေလေသည်။
“စစ်ပြီးပါပြီ၊ ဒါတွေက တကယ်ကို မျိုးတုံးသွားပြီဖြစ်တဲ့ အရှေ့တိုင်းပုလဲ တွေပါ”
ကျိုးရှန်းရှန်း တိုးတိုးလေး ရေရွတ်နေမိ၏။
“တကယ်ကြီး အစစ် ဖြစ်နေတာလား... သူ ဘယ်က ရလာတာလဲ။ တကယ်ပဲ အရှိန်အဝါရှိတဲ့ လူတစ်ယောက်ယောက်ကို မြှူဆွယ်ထားတာလား”
သူမ အံကြိတ်လျက် သူမ၏ ကျော့ရှင်းသိမ်မွေ့သည့် ပုံရိပ်ကိုပင် မထိန်းနိုင်တော့ဘဲ ဆိုလေသည်။
“နင် စောင့်နေလိုက်ဦး၊ နင့်ကို အေးအေးဆေးဆေး နေခွင့်ပေးမှာ မဟုတ်ဘူး”
ယနေ့တွင် ဟွာကျွင်းသည် ဝက်လက်စတူး သုံးအိုးအပြည့် ပြင်ဆင်ထားလေသည်။ ဆိုင်ရှင်မှာ အလွန်စိတ်ကောင်းရှိသဖြင့် သူမကို ဈေးလျှော့ပေးသည့်အပြင် စတူးတစ်အိုးပါ လက်ဆောင်ပေးလိုက်၏။ သူမ ပြန်ရောက်သည့်အခါ ထိုစတူးရည်ကို မီးအေးအေးဖြင့် တည်ကာ ကြက်ဥများကိုပါ ထပ်ထည့်လိုက်သည်။
လက်ဖက်ရည်အတွက်မူ 'ပိန်းဥနို့အေး' နှင့် မြူခိုးဖြူသဲမှုန်နီ(လက်ဖက်ရည် တံဆိပ်) တို့ကို ရွေးချယ်နိုင်စေရန် ပြင်ဆင်ထား၏။
ထို့အပြင် တာ့နွီ အကြိုက်ဆုံးဖြစ်သော 'ဘရောင်းရှူးဂါးပုလဲနို့အေး' နှစ်ခွက်ကိုလည်း ပါကင်ထုတ်ထားလေသည်။
အဓိက အစားအစာမှာ ထမင်းဖြူ ဖြစ်၏။ ထိုခေတ်က လူများမှာ ကိုယ်လက်လှုပ်ရှားမှု များပြားသဖြင့် ဟွာကျွင်း လျှပ်စစ်ထမင်းအိုး ကြီးငါးလုံးဖြင့် ထမင်းချက်ထားလေသည်။
တာ့နွီကို သူမအဘိုး စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကို ကြိုတင်ယူလာခိုင်းထားသဖြင့် ဝက်လက်စတူးထမင်းမှာ အဆင်သင့် ဖြစ်နေပြီ ဖြစ်၏။
ဟွာကျွင်း နာမည်ကြီး ကွမ်တုံးစားသောက်ဆိုင်မှ 'ဝက်အူသိမ် ငရုတ်ကောင်း နှင့် ကြက်စွပ်ပြုတ်' ကိုလည်း လုမင်လီအတွက် ဝယ်ယူထားလေသည်။ ၎င်းမှာ အစာအိမ်အတွက် အထူးကောင်းမွန်လှ၏။
နန်းတွင်း ဆေးကုသဆောင်အတွင်း၌ နန်းတွင်းသမားတော်ကြီး လုယုံချန်း သည် ဆေးကျမ်းများကို အာရုံစိုက်၍ လေ့လာနေဆဲ ဖြစ်၏။ သူသည် အသက်ကြီးရင့်သော်လည်း လူနာများကို ကုသရာတွင် တစ်စက္ကန့်မျှ ပေါ့လျော့ခြင်း မရှိပေ။
နောက်ဆုံးတွင် သူ စာလိပ်ကို ပိတ်လိုက်ကာ မျက်မှောင်ကြုတ်လျက် ဆိုလေသည်။
“ဒီဆေးညွှန်းကို ထပ်စမ်းကြည့်ရအောင်”
သူ ဘေးနားရှိ တပည့်ဖြစ်သူကို ပြောလေသည်။
“ဘိုးဘေးတွေရဲ့ ဆေးကျမ်းတွေထဲက အစားအသောက် ပျက်တဲ့ရောဂါအတွက် ဆေးညွှန်းကို ငါ နောက်ဆုံးတော့ ရှာတွေ့ပြီ။ နည်းနည်းလေး ပြန်ပြင်ပြီးရင် လုမင်လီဆီ ပို့ပေးလိုက်မယ်။ သူ့အဖေရဲ့ ယုံကြည်မှုကို မပျက်ကွက်ပါစေနဲ့လို့ မျှော်လင့်ရတာပဲ”
ဆေးလာယူသော မိန်းမစိုးတစ်ဦးက ထိုစကားကို ကြားသွားသဖြင့် ဝင်ပြောလေ၏။
“စစ်သူကြီးလု အခု အစာစားနိုင်နေပြီဆိုတော့ သမားတော်ကြီးရဲ့ ဆေးကို ပြောင်းရလိမ့်မယ် ထင်တယ်”
လုယုံချန်း အံ့ဩတကြီး မေးမြန်းလေသည်။
“သူ တစ်ခုခု စားနိုင်ပြီလား။ မင်း သေချာလို့လား။ ဘယ်သမားတော်ရဲ့ ဆေးက သူ့ကို ကုပေးလိုက်တာလဲ”
မိန်းမစိုးငယ်က ဆိုလေသည်။
“သေချာတာပေါ့။ ကြင်ယာတော်လုဆီကို အိမ်ကစာ ရောက်လာတာကို ကျွန်တော် သေသေချာချာ ကြားလိုက်တာ။ သူ အခု ဧကရာဇ်ဆီကို သတင်းကောင်း သွားပို့နေပြီ။ ဘယ်ဆေးကြောင့်လဲဆိုတာတော့ မသိဘူး။ ဆေးသောက်တာ မဟုတ်ဘဲ မုန့်တစ်ခုခု စားလိုက်တာလို့ ကြားတယ်”
“သူ့အခြေအနေက အရမ်းဆိုးနေတာလေ၊ ဆေးမပါဘဲ ဘယ်လိုလုပ် သက်သာသွားမှာလဲ”
လုယုံချန်း ရေရွတ်လိုက်၏။ သူ ယခင်က သူပေးခဲ့သော ဆေးကြောင့် ဖြစ်မည်ဟု ထင်မှတ်ကာ မှတ်တမ်းများကို ပြန်ကြည့်နေ၏။ အကယ်၍ လုမင်လီ အစာစားနိုင်ပြီဆိုလျှင် သူ သွားရောက်စမ်းသပ်ပြီး ဆေးညွှန်းကို ပြောင်းရပေမည်။
သူ မိန်းမစိုးပြောသော မုန့်အကြောင်းကို ဂရုမစိုက်ဘဲ တပည့်ဖြစ်သူကို အမိန့်ပေးလိုက်သည်။
“ငါ ဧကရာဇ်ဆီ အရင်သွားတင်ပြပြီးတာနဲ့ ချက်ချင်း ထွက်ခွာမယ်။ ဆေးကုသဆောင်ရဲ့ ကိစ္စတွေကို မင်းကို အပ်ခဲ့တယ်”
သူ ဆေးညွှန်းကို ယူ၍ ထရပ်လိုက်ကာ ပြောလိုက်သည်။
“ငါ ကိုယ်တိုင် သွားကြည့်မှ ဖြစ်မယ်”
လူယုံချန်း ဧကရာဇ်၏ အိပ်ဆောင်သို့ အမြန်သွားရာ ကြင်ယာတော်လုမှာ ဝမ်းသာလွန်း၍ မျက်ရည်သုတ်နေသည်ကို တွေ့လိုက်ရ၏။ ဧကရာဇ်က လုယုံချန်းကို မြင်သည့်အခါ ဆိုလေသည်။
“သမားတော်ကြီးလု.... အချိန်ကိုက် ရောက်လာတာပဲ။ ကြင်ယာတော်က ကိုယ်တော့်ကို သတင်းကောင်းကြီး တစ်ခု ပေးနေတာ။ စစ်သူကြီးလု အခု အစာစားနိုင်ပြီတဲ့”
[T/N ဗိုလ်ချုပ်လုထက် စစ်သူကြီးလုက ပိုအဆင်ပြေလို့ ပြင်လိုက်ပါတယ်]
လုယုံချန်း ဧကရာဇ်ကို ဦးညွှတ်လျက် လျှောက်တင်ပါသည်။
“ကျွန်တော်မျိုး စစ်သူကြီးလုရဲ့ အိမ်တော်ကို သွားရောက်ကြည့်ရှုဖို့ ခွင့်တောင်းချင်လို့ ရောက်လာတာပါ”
ဧကရာဇ်က ခွင့်ပြုလိုက်သည်။
“ကောင်းပြီ၊ ကိုယ်တော်နဲ့ ကြင်ယာတော်ရဲ့ ကိုယ်စား သွားကြည့်ပေးပါ။ စာထဲမှာတော့ သူက ဆိုင်တစ်ခုက အစားအစာကို အရမ်းကြိုက်တယ်လို့ ပါတယ်၊ ကိုယ်တော်လည်း သိချင်နေမိတယ်။ သမားတော်ကြီးလု.... အဲဒါကိုလည်း စုံစမ်းခဲ့ဦး။ တကယ်လို့ အရသာရှိတယ်ဆိုရင် မင်းသမီးအန်းဖျင် အတွက် နည်းနည်း ယူလာခဲ့ပေးပါ”
မင်းသမီးအန်းဖျင်သည် ပထမဆုံး ကိုယ်ဝန်ကို လွယ်ထားရပြီး စားသမျှ အန်ထုတ်နေရသူ ဖြစ်၏။ ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင် လက္ခဏာများ ပျောက်ကွယ်သွားရမည့် အချိန်ဖြစ်သော်လည်း သူမမှာ အစားအသောက် လုံးဝ မဝင်ဘဲ ဖြစ်နေလေသည်။
လုယုံချန်း သူ့ဆေးညွှန်းသစ်ထဲတွင် ထည့်ထားသော အစာကြေဆေးများက အလုပ်ဖြစ်သွားခြင်း ဖြစ်မည်ဟု စိတ်ထဲမှ တွေးတောနေမိ၏။ သူ လျှောက်လှမ်းနေသော ကုသမှုလမ်းကြောင်းမှာ မှားယွင်းခြင်း မရှိဟု ယူဆလိုက်သည်။ ထို့နောက် ဦးညွှတ်နှုတ်ဆက်ကာ အဝတ်အစားများပင် မပြင်ဆင်တော့ဘဲ ချက်ချင်း ထွက်ခွာသွားတော့၏။
ဟွာကျွင်း မုန့်ဆိုင်
လုမင်ကျဲ တော်ဝင်ကျောင်းတော်မှ ခွင့်ရလာသဖြင့် အိမ်သို့ ပြန်ရောက်သည်နှင့် ပထမဆုံးလုပ်သည့် အလုပ်မှာ သူ့အစ်ကိုဖြစ်သူအား ဟွာကျွင်း စားသောက်ဆိုင်သို့ သွားရန် ခေါ်ခြင်း ဖြစ်၏။
ကျောင်းတော်တွင် စာသင်ရသည်မှာ ပင်ပန်းသော်လည်း ကျောင်းထမင်းဆောင်မှ အစားအစာများကို နေ့တိုင်း စားနေရသည်မှာ ပို၍ ဆိုးရွားလှ၏။ သူ ကျောင်းပိတ်ရက်အထိ မနည်းအောင့်အီး သည်းခံခဲ့ရခြင်း ဖြစ်ပါသည်။
သူ အစ်ကိုဖြစ်သူကို ကြည့်ကာ ဆိုလေ၏။
“အစ်ကို... အစ်ကို့မျက်နှာက အရင်ကထက် အများကြီး ကြည့်ကောင်းလာပါလား။ နေ့တိုင်း ပုံမှန် စားနိုင်နေတာလား”
လုမင်လီ ခေါင်းငြိမ့်ပြလိုက်သည်။
“ဟွာကျွင်းရဲ့ ကျေးဇူးကြောင့်ပါ။ သူက ငါ့အတွက် နေ့တိုင်း ဟင်းအသစ်အဆန်းတွေ ပြင်ပေးနေတာ၊ ဒီရက်ပိုင်းအတွင်း တစ်နပ်မှ မလွတ်ခဲ့ဘူး”
ဟွာကျွင်း စားသောက်ဆိုင်မှ အစားအစာများကို စားပြီးနောက် လုမင်လီ၏ အခြေအနေမှာ တစ်နေ့ထက်တစ်နေ့ တိုးတက်လာခဲ့ပြီး သူ့အစားအသောက် ပျက်သည့်ရောဂါမှာလည်း ပျောက်ကွယ်သွားပြီဟု ခံစားနေရသည်။
လုမင်ကျဲမှာ စားချင်စိတ် ပိုမို ပြင်းပြလာကာ မျှော်လင့်တကြီး ပြောလိုက်၏။
“ဒီနေ့ ဟွာကျွင်း ဘာတွေ ပြင်ထားမလဲ မသိဘူး။ မစားရတာ ကြာပြီဆိုတော့ အရမ်းလွမ်းနေတာ”
လုမင်လီ ပြောလိုက်သည်။
“မင်း ပြန်ရောက်လာပြီဆိုတော့ အတူတူ သွားကြတာပေါ့”
လုမင်ကျဲ ဝမ်းသာအားရ အော်ဟစ်လိုက်၏။
“အဲဒါ အကောင်းဆုံးပဲ။ အစ်ကို... ကျောင်းတော်မှာ ကျွန်တော် ဘယ်လိုဘဝနဲ့ ရှင်သန်ခဲ့ရလဲဆိုတာ အစ်ကို မသိပါဘူး။ ကျွန်တော်လည်း အစားအသောက် ပျက်တဲ့ရောဂါ ရတော့မလားတောင် ထင်နေမိတာ”
ပြောပြီးမှ သူ စကားမှားသွားသည်ကို သတိထားမိကာ လုမင်လီကို အမြန်တောင်းပန်လေသည်။
“တောင်းပန်ပါတယ် အစ်ကို... ကျွန်တော် ဘာမှ မရည်ရွယ်ပါဘူး...”
လုမင်လီ အေးအေးဆေးဆေးပင် ပြန်ပြောလိုက်၏။
“ရပါတယ်”
လုမင်လီကို စတင်ဆွဲဆောင်ခဲ့သည်မှာ စားသောက်ဆိုင်မှ အစားအစာများ ဖြစ်သော်လည်း နောက်ပိုင်းတွင်မူ သူသည် စားသောက်ဆိုင်၏ လွတ်လပ်ပေါ့ပါးသော ပတ်ဝန်းကျင်ကို ပို၍ သဘောကျလာခဲ့သည်။ ထိုနေရာတွင် ခမ်းနားသော စည်းမျဉ်းများ သို့မဟုတ် လူတန်းစား ခွဲခြားမှုများ မရှိဘဲ အားလုံးက အရသာရှိသော အစားအစာများကို ပျော်ပျော်ပါးပါး စားသောက်နေကြရုံသာ ဖြစ်၏။ သူသည် ထိုစားသောက်ဆိုင်နှင့် မခွဲနိုင်တော့သည်ကို သိလိုက်ရလေသည်။
ထိုကဲ့သို့သော ပတ်ဝန်းကျင်ကသာ စစ်မြေပြင်မှ နာကျင်စရာ အမှတ်တရများကို ဖြည်းဖြည်းချင်း မေ့ပျောက်စေနိုင်ပေမည်။
အခန်း (၄၀)
အစားအသောက်ထဲမှာ တစ်ခုခု မှားယွင်းနေသလား
သူတို့ ညီအစ်ကိုနှစ်ဦး အိမ်တော်မှ ထွက်ခွာရန် ပြင်ဆင်နေစဉ် ရထားလုံးတစ်စီးက သူတို့ လမ်းကို ပိတ်ဆို့လျက် ရပ်တန့်လိုက်သည်။ လုယုံချန်း လိုက်ကာကို ပင့်မကာ ရထားလုံးပေါ်မှ ဆင်းလာပြီးနောက် အရပ်ရှည်ရှည်နှင့် မတ်မတ်ရပ်နေသော လုမင်လီကို ချက်ချင်း မြင်တွေ့လိုက်ရ၏။
သူ မိမိကိုယ်မိမိ မျက်စိမှားသည်ဟုပင် ထင်မှတ်မိသည်။ သူ့ရှေ့မှ လုမင်လီမှာ ယခင်ကထက် ပိုမို အင်အားပြည့်ဝနေသည်ကို တွေ့ရသောကြောင့် ဝမ်းသာအားရဖြင့် ရေရွတ်မိ၏။
“ကောင်းတယ်... ကောင်းတယ်။ မင်လီ၊ မင်းရဲ့ ကျန်းမာရေး အခြေအနေက တကယ်ကို ကောင်းမွန်နေတာပဲ”
လုမင်လီက လုယုံချန်းကို နှုတ်ဆက်လိုက်၏။
“သမားတော်ကြီးလု... အဘိုး လာမယ်ဆိုတာ မသိခဲ့တဲ့အတွက် ကောင်းကောင်းမွန်မွန် မကြိုဆိုနိုင်တာကို ခွင့်လွှတ်ပေးပါ”
လုမင်ကျဲ ပြောလိုက်သည်။
“သမားတော်ကြီးလု... အချိန်ကိုက် ရောက်လာတာပဲ။ ကျွန်တော့်အစ်ကို ခန္ဓာကိုယ်က တကယ်ပဲ ပြန်ကောင်းသွားပြီလားဆိုတာ စမ်းသပ်ပေးပါဦး”
လုယုံချန်း ဤကိစ္စအတွက်ပင် ရောက်လာခြင်း ဖြစ်သဖြင့် သူသည် လုမင်လီ၏ သွေးခုန်နှုန်းကို သေသေချာချာ စမ်းသပ်ကြည့်ပြီးနောက် မကြာသေးမီက သောက်ခဲ့သော ဆေးဝါးများနှင့် စားသောက်မှုပုံစံတို့ကို အသေးစိတ် မေးမြန်း၏။ နောက်ဆုံးတွင် သက်ပြင်းချလိုက်ကာ အင်္ကျီလက်စများကို ပြင်ဆင်လျက် ပြောလိုက်သည်။
“ဂုဏ်ယူပါတယ်... စစ်သူကြီးလုရဲ့ ကျန်းမာရေးက အများကြီး တိုးတက်လာပါပြီ”
သို့သော် သူ မနေနိုင်ဘဲ မေးမြန်းမိပြန်၏။
“စစ်သူကြီးလု... မင်းက ဆေးမသောက်တာ ကြာပြီလို့ ပြောတယ်၊ ဒါဆို ဘယ်လိုလုပ်ပြီး ပြန်ကောင်းလာတာလဲ။ တခြားဆေးတွေ ထပ်သောက်တာ ရှိသေးလား။ ဒါမှမဟုတ် ကုသမှု အသစ်တစ်ခုခုကို ခံယူခဲ့တာလား”
လုမင်လီ ပြန်ဖြေလိုက်သည်။
“ကျွန်တော် တခြားဆေးလည်း မသောက်ပါဘူး၊ တခြားကုသမှုလည်း မလုပ်ပါဘူး။ အခု ကျွန်တော်တို့ အဲဒီနေရာကို သွားတော့မလို့ပဲ၊ အဘိုးလည်း အတူတူ လိုက်ခဲ့ပြီး ကြည့်လို့ရပါတယ်”
လုယုံချန်း ခရီးဝေးမှ လာခဲ့ရသဖြင့် ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်နေပြီး အချိန်မှာလည်း နောက်ကျနေပြီ ဖြစ်၏။ သူသည် ရေတစ်စက်မျှပင် မသောက်ရသေးပေ။ သူ့စိတ်ထဲတွင် သံသယအချို့ ဝင်လာမိ၏။ အကယ်၍ ထိုကဲ့သို့ တော်လှသော သမားတော် ရှိခဲ့လျှင် ဧကရာဇ်က နန်းတွင်း ဆေးကုသဆောင်သို့ ခေါ်ယူထားပြီး ဖြစ်ရပေမည်။
သို့သော် အခြားနည်းလမ်း မရှိသဖြင့် သူ ရထားလုံးပေါ်သို့ ပြန်တက်ကာ လုညီအစ်ကို နောက်သို့ လိုက်ပါသွားလေတော့သည်။
သူ့အခြွေအရံတစ်ဦးက တိုးတိုးလေး မေးမြန်းသည်။
“စစ်သူကြီးလုက သာမန်လူတစ်ယောက်နဲ့ မကွာတော့ဘူး။ သူက တကယ်ပဲ အစားအသောက် ပျက်တဲ့ရောဂါ ခံစားခဲ့ရတာ ဟုတ်လို့လား။ ဒါက လှည့်ကွက်တစ်ခုခုများ ဖြစ်နေမလား”
နောက်ထပ် အခြွေအရံတစ်ဦးက တားမြစ်သည်။
“လျှောက်မပြောစမ်းနဲ့။ အဲဒါ ဧကရာဇ်ကို လိမ်လည်တဲ့ ပြစ်မှုပဲ။ ပြီးတော့ သခင်ကြီးက ဒါကို အစစ်လား အတုလားဆိုတာ မသိဘဲ နေမလား”
“သခင်ကြီး ကုလို့မရတဲ့ ရောဂါကို ကုပေးနိုင်တဲ့ သမားတော်က တကယ်ပဲ ရှိလို့လား”
သူတို့ ဆက်လက် ငြင်းခုံနေကြ၏။
လုယုံချန်း၏ စိတ်ထဲတွင်မူ ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေသည်။ အကယ်၍ ထိုကဲ့သို့သော ထူးကဲသော သမားတော် ရှိနေပါက သမားတော်ချုပ် နေရာမှာလည်း ဖယ်ပေးရကိန်း ဆိုက်ပေတော့မည်။
မြို့ပြင်ရှိ ဟွာကျွင်း မုန့်ဆိုင်
လုယုံချန်း လူအုပ်ကြီးအတွင်း တန်းစီရင်း ရှေ့မှ လူစည်ကားနေသည်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေ၏။
“စစ်သူကြီးလုရဲ့ ရောဂါက ဒီမှာပဲ ပျောက်ကင်းသွားတာလား”
ရှေ့တွင် တန်းစီနေသော လုမင်လီ လှည့်ကြည့်ကာ ဆိုသည်။
“ဟုတ်ပါတယ်”
“ဒါပေမဲ့ ဒါက မုန့်ဆိုင်လေး တစ်ဆိုင်ပဲလေ”
“ဟုတ်ကဲ့... ဒါက မုန့်ဆိုင်လေး တစ်ဆိုင်ပါပဲ”
တကယ့်ကို ထူးဆန်းလှ၏။ ဆေးကုသဆောင်ကို မသွားဘဲ မုန့်ဆိုင်မှာ သွားကုရသည်လား။ ၎င်းမှာလည်း အလွန်ပင် ရိုးရှင်းလှသော ဆိုင်လေးသာ ဖြစ်၏။
လုယုံချန်း ထပ်မံမေးမြန်းလိုသော်လည်း လုမင်လီ ရှေ့သို့ ပြန်လှည့်သွားပြီ ဖြစ်သဖြင့် စကားကို ပြန်မျိုချလိုက်ရသည်။
ယခင် ဧကရာဇ်သည် အရသာရှိသော အစားအစာ အမျိုးမျိုးကို ရှာဖွေကျွေးခဲ့သော်လည်း စစ်သူကြီးလုမှာ ပါးစပ်ပင် မဟခဲ့ပေ။ ထို့ကြောင့် လုယုံချန်း စစ်သူကြီးလု၏ ကိုယ်တွင်းအင်္ဂါများ ပျက်စီးနေသဖြင့် အသွေးအသား လည်ပတ်မှု မကောင်းဘဲ အစာအိမ် အားနည်းနေခြင်းကြောင့် အစာမစားနိုင်ခြင်း ဖြစ်သည်ဟု ယူဆထား၏။
အစာမစားနိုင်ခြင်းမှာ ရောဂါလက္ခဏာသာ ဖြစ်ပြီး အခြေခံ အကြောင်းရင်းမှာ အစာအိမ် ပျက်စီးနေခြင်းပင်။
ထို့အပြင် ရှေ့မှ လူအုပ်ကြီး တန်းစီနေသည်ကို မြင်ရသည့်အခါ သူ သံသယ ဝင်လာမိ၏။ သူ တစ်ပါးသော တိုင်းပြည်တွင် 'စိတ်ဝိညာဉ်ညှို့ပန်း' ဟု ခေါ်သော ဆေးပင်တစ်မျိုး ရှိကြောင်း သိထား၏။ ၎င်းကို စားသုံးမိပါက စွဲလမ်းသွားတတ်ပြီး တစ်ရက်မျှ မစားရလျှင် ခန္ဓာကိုယ်တစ်ခုလုံးကို ပုရွက်ဆိတ်များ ကိုက်နေသကဲ့သို့ ခံစားရပြီး ပြန်လည်စားသုံးမှသာ သက်သာသွားတတ်သည်။
သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လူတိုင်း၏ မျက်လုံးများတွင် တောင့်တနေသော အမူအရာများကို မြင်တွေ့ရသဖြင့် သံသယမှာ ပို၍ သေချာသွားသည်။
လုယုံချန်းမှာ သာမန်လူ မဟုတ်ဘဲ နန်းတွင်းဆေးကုသဆောင်ကို အုပ်ချုပ်ရသူ ဖြစ်သဖြင့် ဤကဲ့သို့ ဘေးဥပဒ်ပေးသော အစားအစာများကို လုံးဝ သည်းမခံနိုင်ပေ။ သူ သက်သေရသည်နှင့် ဧကရာဇ်ထံ ချက်ချင်း တိုင်ကြားကာ ဤဆိုင်ကို ပိတ်ပစ်မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။
တန်းစီနေသော လူအုပ်ကြီးမှာ ရှေ့သို့ ရောက်လေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်၏။ ရှေ့မှ လူတစ်ဦး၏ အော်ဟစ်သံမှာ တစ်ဆင့်ပြီးတစ်ဆင့် ကူးစက်လာသည်။
“ဝက်လက်စတူး။ ဒီနေ့ ဟင်းက ဝက်လက်စတူးတဲ့”
လုယုံချန်း စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်သည်။
“ဝက်သားကကို ညှီစို့စို့ ရှိလှတာ၊ ဝက်လက်ဆိုရင် ပိုဆိုးမှာပေါ့။ လူတွေက ဒါကို ဘယ်လို စားနိုင်ကြတာလဲ”
လုမင်ကျဲ လုမင်လီကို ပြောလိုက်သည်။
“ဝက်လက်စတူး ဖြစ်နေတာလား။ ကျွန်တော် တစ်ခါမှ မစားဖူးတော့ အရသာရှိမရှိ မသိဘူး။ ဒီနေ့တော့ အသစ်အဆန်း စမ်းစားကြည့်ရမှာပဲ”
လုမင်လီ ပြန်ဖြေလိုက်၏။
“ဟွာကျွင်း ဘာပဲလုပ်လုပ် အရသာရှိတယ်။ မင်း စားကြည့်ရင် သိလိမ့်မယ်”
'ရူးကုန်ကြပြီ။ အားလုံး ရူးကုန်ကြပြီ’
လုယုံချန်း တွေးနေမိ၏။ ဝက်လက်၏ အရသာကို ခေတ္တထားဦး၊ ယဉ်ကျေးသိမ်မွေ့သော အမျိုးကောင်းသားတစ်ဦးက ဝက်လက်ကို ကိုက်စားနေသည်မှာ မြင်မကောင်းလှပေ။ သူကတော့ ထိုသို့သော အပြုအမူမျိုးကို လုံးဝ လုပ်ဆောင်မည် မဟုတ်ပေ။
ကံကောင်းသည်မှာ သူတို့အလှည့် မရောက်မီမှာပင် ဆိုင်မှ ပစ္စည်းများ အကုန်လုံး ရောင်းကုန်သွားသည်။
ရှေ့မှ တန်းစီနေသော ဝယ်သူများမှာ နှမြောတသစွာဖြင့် နောက်တစ်ခါ စောစောလာမည်ဟု ပြောကာ ပြန်သွားကြ၏။
လုယုံချန်း လုညီအစ်ကိုအား ပြောသည်။
“ဒီဆိုင်လေးက အရမ်းထူးဆန်းတယ်။ အစားအသောက်ထဲမှာ တစ်ခုခု မှားယွင်းနေသလားလို့ ငါ စိုးရိမ်မိတယ်။ စစ်သူကြီးလု... နည်းနည်းပဲ စားတာ ပိုကောင်းပါလိမ့်မယ်”
လုမင်ကျဲသည် လုယုံချန်း စကားကို နားမဝင်ဘဲ စိတ်ပျက်လက်ပျက်ဖြင့် ဆိုသည်။
“ကျွန်တော် ဟွာကျွင်းကို သွားရှာလိုက်ဦးမယ်။ ကျွန်တော် မစားရသေးဘဲနဲ့ ဘယ်လိုလုပ် ကုန်သွားရတာလဲ၊ ဒီည ကျွန်တော် ဘယ်လို အိပ်ပျော်ပါ့မလဲ”
ဟွာကျွင်းသည် ဆိုင်ကို နှစ်ရက်မျှ ပိတ်ထားပြီးနောက် ဝယ်သူများမှာ လျော့မသွားသည့်အပြင် နှစ်ဆတိုးလာသဖြင့် ပြင်ဆင်ထားသော အစားအစာများမှာ နည်းပါးနေလိမ့်မည်ဟု မထင်ထားပေ။
တာ့နွီသည် ဝယ်သူများကို တောင်းပန်ရင်း ပို့ဆောင်ပေးနေစဉ် နောက်ဆုံး၌ တန်းစီနေသော လုမင်လီကို မြင်သဖြင့် နှုတ်ဆက်လိုက်သည်။
“စစ်သူကြီးလု... ရောက်လာပြီလား။ ဒီနေ့ ဘာလို့ နောက်ကျနေတာလဲ။ ဆိုင်တောင် ပိတ်တော့မယ်”
လုမင်ကျဲမှာ အလွန်ပင် စိတ်မသက်မသာ ဖြစ်နေ၏။ အကယ်၍ အိမ်တော်တံခါးဝတွင် အနှောင့်အယှက် မကြုံခဲ့ရလျှင် ယနေ့ သေချာပေါက် စားရပေမည်။
လုမင်လီက ပြန်ဖြေလိုက်၏။
“ထွက်လာခါနီး ကိစ္စတစ်ခု ပေါ်လာလို့ နောက်ကျသွားတာပါ”
တာ့နွီက တိုးတိုးလေး ပြောသည်။
“အော်... အဲဒါကြောင့်ကိုး.. မြန်မြန်ဝင်ခဲ့ကြ၊ ဟွာကျွင်းက ရှင့်အတွက် ဖယ်ထားပေးပါတယ်”
စိတ်ပျက်နေသော လုမင်ကျဲ၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပလာသည်။ သူ့အစ်ကိုဖြစ်သူမှာ တကယ့်ကို အစွမ်းထက်လှ၏။ ရက်အနည်းငယ်အတွင်း ဆိုင်ရှင်နှင့် ရင်းနှီးသွားရုံတင်မကဘဲ အထူးအခွင့်အရေးပါ ရရှိနေသည်။
လုယုံချန်းသည် မကျေနပ်မှုကို အောင့်အီးလျက် သူတို့နောက်သို့ လိုက်ပါသွားတော့၏။
ဆိုင်အတွင်းပိုင်း အပြင်အဆင်မှာ အပြင်ဘက်နှင့် လုံးဝ ကွဲပြားပြီး သပ်ရပ်၏။ တာ့နွီက သူတို့အတွက် စားပွဲတစ်ခုကို သန့်ရှင်းပေးပြီး မီးဖိုချောင်ဘက်သို့ လှမ်းအော်လိုက်သည်။
“မမ... စစ်သူကြီးလုတို့ ရောက်လာပြီ၊ သူ့ညီရယ်၊ အဘိုးကြီးတစ်ယောက်ရယ် အားလုံး သုံးယောက်”
ဟွာကျွင်း ထွက်လာပြီး သူတို့ကို ပြုံးပြလိုက်၏။
“ရောက်လာကြပြီလား။ ခဏ စောင့်ပေးပါဦး။ ဝက်လက်တွေကို နွှေးပေးပါ့မယ်”
လုယုံချန်း ရှေ့သို့တိုးကာ ဆိုသည်။
“ဆိုင်ရှင်... ကျွန်တော် ဝက်လက် မစားချင်ဘူး။ ဝက်စတူးဟင်းရည် တစ်ခွက်လောက်ပဲ ပေးပါ”
အကယ်၍ ၎င်းထဲတွင် 'စိတ်ဝိညာဉ်ညှို့ပန်း' ပါဝင်ပါက စတူးရည်ကို စစ်ဆေးရုံဖြင့် သိနိုင်ပေသည်။
ဟွာကျွင်းမှာ အံ့ဩသွားရ၏။
ဝက်လက်စတူးရည်နှင့် ထမင်းနယ်စားမည်လား။ သို့သော် အချို့လူများသည် ဝက်လက် မကြိုက်တတ်သည်မှာ ပုံမှန်ပင် ဖြစ်သဖြင့် စတူးလုပ်ထားသော ကြက်ဥနှစ်လုံးကိုပါ ထည့်ပေးရန် ဆုံးဖြတ်လိုက်သည်။
ထမင်း သုံးပွဲနှင့် ဝက်လက် နှစ်ပွဲ ရောက်ရှိလာ၏။ ဟွာကျွင်းသည် အဘိုးအို တောင်းဆိုသော စတူးရည်ကို ထမင်းပေါ်သို့ ဆမ်းပေးလိုက်သည်။ လူဦးရေကို ထောက်ထား၍ သူမသည် အပိုဟင်းပွဲလေးများကိုလည်း ပြင်ဆင်ပေးထားသဖြင့် ခဏချင်းမှာပင် စားပွဲပေါ်တွင် ဟင်းပွဲများ ပြည့်နှက်သွား၏။
ကိတ်လိပ်၊ နို့အေး၊ ဖက်ထုပ်ပြုတ်၊ အသားပေါင်း၊ ငရုတ်သီးစပ် ကြက်ခြေထောက်၊ အူဒုံ နှင့် ကင်ချီ…
လုမင်ကျဲ စားပွဲပေါ်သို့ တစ်ပွဲပြီးတစ်ပွဲ ရောက်လာသော ဟင်းပွဲလေးများကို ကြည့်ကာ ပါးစပ်ပင် မစေ့နိုင်တော့ပေ။ အချို့မှာ သူ စားဖူးသော်လည်း အချို့မှာ လုံးဝ အသစ်အဆန်းများ ဖြစ်နေ၏။ သူသည် ဆရာ့ဆီမှာ ခွင့်တောင်းခဲ့ရသော နှစ်ရက်အတွက် အလွန်ပင် တန်သွားပြီဟု ခံစားနေရသည်။ သူ့လက်များကို စားပွဲအောက်တွင် တင်းတင်းဆုပ်ကာ ယဉ်ကျေးမှု မပျက်စေရန် ထိန်းချုပ်နေရ၏။
လုမင်လီကမူ ပို၍ တည်ငြိမ်လှ၏။ သူ ဟွာကျွင်းကို ကျေးဇူးတင်စကား ဆိုကာ ရာသီဥတု အကြောင်း စကားစမြည် အနည်းငယ် ပြောဆိုသည်။ ဟင်းပွဲအားလုံး စုံသည့်အခါ ဟွာကျွင်းက ဘေးတွင် ဝင်ထိုင်လိုက်ပြီး ဆိုသည်။
“မြည်းကြည့်ကြပါဦး၊ အရသာက အဆင်ပြေရဲ့လားလို့”
လုမင်ကျဲ စိတ်ကို ထိန်းထားဆဲ ဖြစ်သဖြင့် လက်မလှုပ်သေးပေ။ အစ်ကိုဖြစ်သူက ခေါင်းငြိမ့်ပြလိုက်မှသာ သူသည် ချက်ချင်းပင် တူကို ကိုင်ကာ ဝက်လက်များဆီသို့ ဦးတည်လိုက်သည်။
“နေဦး”
ရုတ်တရက် တားမြစ်သံကြောင့် အားလုံးမှာ လက်တန့်သွားကာ လုယုံချန်းကို ကြည့်လိုက်ကြသည်။
“ငါ အရင် စစ်ဆေးကြည့်ပါရစေဦး”