အခန်း (၂၃-၂၄)
Vol. 3 Ch. 23-24
အခန်း (၂၃)
အစ်ကိုဖြစ်သူ အစားဝင်ခြင်း
လုမင်ကျဲသည် ခေါင်းကို တရစပ်ငြိမ့်ပြသည်။
“ဒီလောက် စားကောင်းတာမျိုး တစ်ခါမှ မစားဖူးဘူး”
လျိုဖန်သည် ကိတ်မုန့်တစ်စိတ်ကို ယူ၍ အသာအယာ ကိုက်လိုက်ရာမှ မှင်သက်သွား၏။ သူသည် ကိတ်မုန့်ကို ကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ နို့နံ့သင်းသင်းလေးမှာ သူ၏ နှာခေါင်းဝသို့ ပျံ့နှံ့သွား၏။
သူသည် လုမင်ကျဲအား ပြောပြလိုက်သည်။
“ငါ ငယ်ငယ်တုန်းက မီးဖိုချောင်ထဲက နို့စည်ပိုင်းထဲ ကျဖူးတယ်။ အဲဒီတုန်းက တစ်ကိုယ်လုံး နို့နံ့တွေ စွဲနေတာ။ အဲဒီညက အမေက ငါ့ကို အကြာကြီး သေသေချာချာ တိုက်ချွတ်ဆေးပေး၊ ပေမဲ့ နို့နံ့က လုံးဝ မပျောက်သွားဘူး”
သူသည် ခေတ္တရပ်နားလိုက်ပြီး မျက်ဝန်းများ အနည်းငယ် စိုစွတ်လာ၏။
“အမေ့ကို သတိမရမိတာ တော်တော်ကြာပြီပဲ”
လုမင်ကျဲ ထိုစကားကို ကြားသော် စိတ်တည်ငြိမ်သွားပြီး အစ်ကိုဖြစ်သူကို သတိရမိသည်။
“အစ်ကို ဒါတွေကို စားနိုင်မယ်လို့ မင်းထင်လား”
လျိုဖန်က သူ့ပုခုံးကို ပုတ်လိုက်၏။
“ကြိုးစားကြည့်ကြတာပေါ့”
လုမင်ကျဲ၏ အစ်ကိုဖြစ်သူ အခြေအနေမှာ အလွန်ပင် စိုးရိမ်ရသည့် အနေအထားသို့ ရောက်ရှိနေပါ၏။ သမားတော်လျိုကမူ သူသည် အစားအသောက် မဝင်ပါက တန်ဖိုးကြီးဆေးဝါးများဖြင့် အသက်ဆက်စေကာမူ တဖြည်းဖြည်းနှင့် ခြောက်ကပ်ပြီး သေဆုံးသွားလိမ့်မည်ဟု ဆိုထား၏။
သူတို့နှစ်ဦး အစားအသောက်များ စားပြီးနောက် ငွေရှင်းကြပြီး လုမင်ကျဲက လှမ်း၍ တောင်းဆို၏။
“ဆိုင်ရှင်၊ ကျွန်တော့်ကို အစုံလိုက်ပွဲ တစ်ပွဲ ပါဆယ်ထုတ်ပေးပါဦး”
မော့ချွမ်းက ပြန်လည်ဖြေကြားသည်။
“တောင်းပန်ပါတယ်၊ မုန့်ဆိုင်မှာ ဝယ်ယူခွင့် ကန့်သတ်ထားလို့ တစ်ယောက်ကို တစ်ပွဲပဲ ရမယ်၊ ပါဆယ်လည်း မရဘူး”
ဘေးမှ ဧည့်သည်တစ်ဦးကလည်း ဝင်ရောက်ပြောဆိုသည်။
“ဟုတ်တယ်၊ ဒါက မုန့်ဆိုင်ရဲ့ စည်းကမ်းပဲ။ မင်းမိသားစုကို ဒီကိုပဲ ခေါ်လာပြီး ကျွေးသင့်တယ်”
လုမင်ကျဲသည် ပြန်လည်ပြောကြားသည်။
“ငါ့အစ်ကိုက လာလို့မရလို့ပါ...”
ဟွာကျွင်းသည် ဆူညံသံကို သတိထားမိသဖြင့် ထွက်လာပြီး မေးမြန်းသည်။
“ဘာဖြစ်လို့လဲ”
မော့ချွမ်းက ရှင်းပြသည်။
“သူ့အစ်ကိုက လာလို့မရလို့ တစ်ပွဲ ပါဆယ်ထုတ်ချင်လို့တဲ့”
အပြင်ဘက်မှ ဧည့်သည်များမှာ မကျေမနပ် ဖြစ်ကုန်ကြသည်။
“ဆိုင်ရှင်၊ ဒီမှာတော့ အခွင့်ထူး မပေးပါနဲ့။ လူတိုင်းသာ ပါဆယ်ထုတ်မယ်ဆိုရင် တန်းစီနေတဲ့ ကျွန်တော်တို့က ဘယ်လိုလုပ်မလဲ”
“ဟုတ်တယ်၊ ဟုတ်တယ်”
ဟွာကျွင်းသည် လုမင်ကျဲအား မေးမြန်းလိုက်၏။
“မင်းအစ်ကိုက ဘာလို့ လာလို့မရတာလဲ”
လုမင်ကျဲသည် သက်ပြင်းချလျက် ဖြေကြားသည်။
“သူ အစားမဝင်တာ တော်တော်ကြာပြီ”
“ဘာဖြစ်လို့လဲ”
“ကျွန်တော်လည်း မသိဘူး။ ပြီးခဲ့တဲ့နှစ် စစ်မြေပြင်က ပြန်လာကတည်းက ဘာမှ စားလို့မရတော့ဘူး။ နေ့တိုင်း တိုင်းရင်းဆေးတွေနဲ့ပဲ အသက်ဆက်နေရတာ။ အခုဆို သူက အရိုးပေါ်အရေတင် ဖြစ်နေပြီး ခြောက်သွေ့နေတဲ့ သစ်ပင်တစ်ပင်လိုပဲ။ မကြာသေးခင်ကဆို သူ အိပ်ရာက ထဖို့တောင် ခက်ခဲနေတယ်”
ဘေးမှ ဧည့်သည်တစ်ဦးက မေးမြန်းသည်။
“မင်းအစ်ကိုက ဗိုလ်ချုပ်ကြီးလု လား”
လုမင်ကျဲက ခေါင်းငြိမ့်ပြသည်။
“မှန်ပါတယ်”
အားလုံးသည် အချင်းချင်း တီးတိုးပြောဆိုကုန်ကြ၏။
“ဗိုလ်ချုပ်ကြီးလုက တစ်ယောက်တည်းနဲ့ ရန်သူအယောက်တစ်ရာကို တိုက်ခိုက်ပြီး အခြေအနေကို ပြောင်းလဲပေးခဲ့တာလို့ ငါကြားဖူးတယ်။ ပြန်လာကတည်းက အစားမဝင်တာ နှမြောစရာပဲ”
လုမင်ကျဲက ဆက်ပြီးရှင်းပြလိုက်သည်။
“အစ်ကိုက စားစရာမျိုးစုံ စမ်းစားဖူးတယ်။ နန်းတော်က စားဖိုမှူးကြီးတွေတောင် လက်လျှော့လိုက်ရတယ်။ သူက အစားအသောက်နံ့ ရတာနဲ့တင် အန်ချင်လာတာ။ ဒီနေ့ မုန့်ဆိုင်က အရသာကို မြည်းကြည့်တော့ တော်တော်ထူးခြားနေလို့ အစ်ကို့ကို စမ်းကျွေးချင်တာပါ။ ဒါပေမဲ့ သူက ဒီကို မလာနိုင်ဘူး”
“ဗိုလ်ချုပ်ကြီးလုက သူရဲကောင်းပဲ”
“ဆိုင်ရှင်၊ ဗိုလ်ချုပ်ကြီးလုအတွက် ပါဆယ်ယူသွားနိုင်ဖို့ ကျွန်တော့်ဝေစုကို စွန့်လွှတ်ပေးပါ့မယ်”
“ကျွန်မလည်း စွန့်လွှတ်ပေးမယ်၊ ဆိုင်ရှင်မမ... ဒီတစ်ကြိမ်ပဲ အခွင့်ထူးပေးလိုက်ပါ”
ဟွာကျွင်းသည် လူအုပ်ကို ကြည့်ကာ ပြောဆိုသည်။
“အားလုံးပဲ စိတ်မပူကြပါနဲ့၊ အစဉ်လိုက်ပဲ တန်းစီကြပါ။ ရှင်တို့ဝေစုတွေကို မယူပါဘူး”
ထို့နောက် သူမသည် လုမင်ကျဲအား ခေါင်းငြိမ့်ပြသည်။
“ရှင့်အတွက် ပါဆယ်တစ်ပွဲ ထပ်လုပ်ပေးမယ်”
ခဏအကြာတွင် ဟွာကျွင်းသည် ပါဆယ်ထုပ်ကို လုမင်ကျဲထံ ပေးလိုက်သည့်အခါ ကျေးဇူးတင်ကြောင်း ကြိမ်ဖန်များစွာ ပြောနေတော့၏။
သူသည် စားစရာအိတ်ကြီးကို ကိုင်ဆောင်၍ ဗိုလ်ချုပ်အိမ်တော်သို့ ပြန်ရောက်သောအခါ အလွန်ပင် နောက်ကျနေပြီဖြစ်သည်။
ထို့နောက် အစ်ကိုဖြစ်သူ၏ အခန်းထဲသို့ ဝင်သွားသောအခါ အခန်းတွင်း၌ ဆေးနံ့များ ပြင်းထန်စွာ ရလိုက်၏။ အစ်ကိုဖြစ်သူမှာတော့ အိပ်ပျော်နေပါသည်။။ လုမင်ကျဲသည် တိုးတိုးလေး နှစ်ခါလောက် ခေါ်ကြည့်သော်လည်း တုံ့ပြန်မှု မရှိပေ။
စောင်အောက်ရှိ ပိန်ချောင်နေသော ပုံစံကို ကြည့်ကာ ဝမ်းနည်းသွားရ၏။ သူ မှတ်မိသမျှ ကာလပတ်လုံး အစ်ကိုဖြစ်သူသည် သူ့အား ဂရုစိုက်ခဲ့သည်။ စာရေးနည်းနှင့် ဓားသိုင်းပညာများကိုလည်း သင်ကြားပေးခဲ့သည်။
နောင်တွင် အစ်ကို စစ်မြေပြင်သို့ သွားသောအခါ လုမင်ကျဲသည် တိတ်တဆိတ် ငိုကြွေးခဲ့ရသေး၏။ အစ်ကိုဖြစ်သူက ပြုံးရွှင်စွာဖြင့် သူ့အား ချော့မြှူခဲ့ကာ သူ စစ်မှုထမ်းကောင်းဆု ရယူကာ ညီဖြစ်သူကို မြို့ထဲ၌ ဂုဏ်ယူဝင့်ကြွားစွာ လျှောက်လှမ်းစေရမည်ဟု ကတိပေးခဲ့သည်။
စစ်မှုထမ်းကောင်းဆု ရရှိခဲ့သော်လည်း အစ်ကိုသည် မမျှော်လင့်ဘဲ ဒဏ်ရာအပြင်းအထန်ရပြီး အသက်ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့ရ၏။ သက်သာသွားသောအခါ၌လည်း သူသည် မည်သည့်အစားအသောက်မှ မစားနိုင်တော့ပေ။
လုမင်ကျဲက နည်းလမ်းမျိုးစုံ စမ်းသပ်ခဲ့၏။ မြို့ထဲရှိ နာမည်ကြီးစားဖိုမှူးများနှင့် နာမည်ကြီး သမားတော်လျိုကို ပင့်ဖိတ်ခဲ့သည်။ ထိုသို့အစွမ်းကုန် ကြိုးစားခဲ့သော်လည်း အစ်ကိုဖြစ်သူမှာ အစားအသောက် လုံးဝ မဝင်ခဲ့ပေ။
အကယ်၍ သူမှာ ရွေးချယ်စရာရှိခဲ့ပါက အစ်ကို့ကို မည်သည့်ဂုဏ်ထူးဆောင်ဆုမျှ မရစေချင်တော့ပေ။ သူသည် ပိုမိုကောင်းမွန်သော ဘဝကိုလည်း မတောင်းဆိုပေ။ အစ်ကိုဖြစ်သူ ကျန်းမာပြီး ကောင်းကောင်းမွန်မွန် နေရစေရန်သာ ဆုတောင်းမိလိမ့်မည်။
လုမင်ကျဲသည် အစ်ကိုဖြစ်သူ အိပ်ပျော်နေသည်ကို မနှောင့်ယှက်လိုသောကြောင့် ပါဆယ်ထုပ်ကို ဖွင့်ကာ စားစရာများကို တစ်ခုချင်း ထုတ်ယူလိုက်ပြီး အဖုံးများ ဖွင့်၍ စားပွဲပေါ်၌ စီထားလိုက်သည်။ အခန်းထဲရှိ ဆေးနံ့များကို ဤစားစရာနံ့များဖြင့် ဖယ်ရှားလိုခြင်း ဖြစ်သည်။
သူ ကိုယ့်အခန်းသို့ ပြန်သွားပြီး ကိုယ်လက်သန့်စင်ရင်း စဉ်းစားနေမိသည်။ ယနေ့ညတွင် အစ်ကို့နား၌ စောင့်ဆိုင်းနေပြီး အစ်ကို နိုးလာသောအခါ ယနေ့ ဝယ်လာသော စားစရာများကို စမ်းစားကြည့်ရန် ဖျောင်းဖျရပေမည်။
လုမင်လီ အိပ်မက်ထဲတွင် စားချင်စရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိသော စားစရာနံ့သင်းသင်းလေးကို ရရှိနေသည်။ စားပွဲနားသို့ သွားလိုသော်လည်း တလှမ်းမှ လှုပ်ရှား၍ မရပေ။
နောက်ဆုံးတွင် အိပ်မက်မှ လန့်နိုးလာသည်။ သို့သော် သူသည် မလှုပ်ရှားလိုပေ။ ကုတင်ခြင်ထောင်ကိုသာ စိုက်ကြည့်နေမိပြီး စိတ်ထဲတွင် အိပ်မက်ထဲမှ အနံ့ကိုသာ ပြန်လည်ခံစားနေမိသည်။
အနံ့မှာ တဖြည်းဖြည်း ပိုမိုပြင်းထန်လာပြီး အခန်းထဲ၌ အမှန်တကယ် ရှိနေသကဲ့သို့ ခံစားလိုက်ရ၏။ လုမင်လီသည် အားယူ၍ ထထိုင်လိုက်သည့်အခါ ခြင်ထောင်ကြားမှတစ်ဆင့် စားပွဲပေါ်ရှိ မုန့်ဘူးများကို မြင်လိုက်ရသည်။
မင်ကျဲသည် စားစရာများကို ထပ်မံဝယ်ယူလာပြန်ပြီ။
သူသည် နောက်ထပ်တစ်ကြိမ် ကျရှုံးရမည်ကို မလိုလားပေ။ ထို့ကြောင့် အိပ်ရာထဲ၌သာ ဆက်နေရန် ဆုံးဖြတ်လိုက်၏။
သို့သော် သူ့လျှာပေါ်တွင် တံတွေးများမှာ အလိုအလျောက် ထွက်ပေါ်လာပြီး နောက်ဆုံးတွင် မအောင့်နိုင်တော့ပေ။ သူသည် အရိုးပေါ်အရေတင်နေသော လက်ကလေးဖြင့် စောင်ကို ဖယ်ကာ ခြင်ထောင်ကို မလိုက်ပြီးနောက် အားကုန်သုံးကာ ထရပ်လိုက်၏။
အာဟာရချို့တဲ့နေသဖြင့် ခဏမျှ မူးဝေသွားရသည်။ ထို့နောက် ခုတင်ဘေးကို မှီလျက် အမူးပြေအောင် စောင့်လိုက်၏။
သို့သော် သူသည် ခြေလှမ်းများကို တရွတ်တိုက်ဆွဲသွားလိုက်ရသည်။ ခြေသုံးလှမ်း လျှောက်ရသည်မှာ သုံးရက်မျှ ကြာသကဲ့သို့ ခံစားရပြီး နောက်ဆုံးတွင် စားပွဲနားသို့ ရောက်ရှိသွား၏။
မှိန်ဖျော့သော ဖယောင်းတိုင်မီးသည် စားစရာများကို သေသေချာချာ မမြင်ရသောကြောင့် အနံ့ကိုသာ ရရှိနေသည်။ ထိုအနံ့၏ အရင်းအမြစ်မှာ ခေါက်ဆွဲပန်းကန် တစ်ပွဲသာ ဖြစ်သည်။
နွေးရုံလေးသာ ကျန်ရှိနေပြီး ခေါက်ဆွဲများမှာလည်း ပွနေကာ ဟင်းရည်လည်း မကျန်တော့ပေ။ လုမင်လီသည် ခေါက်ဆွဲတစ်မျှင်ကို ယူ၍ ပါးစပ်ထဲသို့ ထည့်လိုက်သည့်အခါ မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်လာလေသည်။
သူသည် မုန့်ဘူးကို မိမိနားသို့ ဆွဲယူပြီး အငမ်းမရ စားသောက်တော့၏။
ခဏအကြာတွင် ခေါက်ဆွဲတစ်ပွဲလုံး ကုန်သွားပြီး ဘေးနားရှိ ကိတ်မုန့်ကို ကြည့်လိုက်သည်။
သူ့အလေ့အကျင့်အတိုင်း အရင်ဆုံး အနံ့ခံကြည့်သည်။ ထိုအရာမှာ အလွန်မွှေးကြိုင်လှ၏။ ထို့နောက် တစ်ကိုက်စားကြည့်ကာ သေချာစွာ မြည်းစမ်းကြည့်၏။ ထိုအရာမှာ ချိုမြိန်လှသည်။
အချိုအရသာသည် အကောင်းဆုံးသော ကုသမှုဖြစ်သည်။ နူးညံ့သော ကိတ်မုန့်ကို စားလိုက်ရသောအခါ သူ့စိတ်နှလုံးသည်လည်း နူးညံ့သွားသည့်အလား ခံစားလိုက်ရ၏။
ကိတ်မုန့်ကို အမြန်စားလိုက်သော်လည်း မဝသေးပေ။ သူ့ပါးစပ်မှာ အားရကျေနပ်မှု မရှိသေးပေ။ ထို့ကြောင့် စားပွဲပေါ်တွင် တခြားစားစရာရှိဦးမလားဟု ထပ်မံရှာဖွေကြည့်သည်။
ဟွာကျွင်းသည် သူ့အတွက် ကြက်ကြော် ထည့်ပေးလိုက်ရမည့်အစား ဖက်ထုပ်ပြုတ်တစ်ပွဲကို မုန့်ဘူး၏ ထောင့်နားကပ်ကာ ပေါင်း၍ ထည့်ပေးလိုက်၏။
သူသည် တူဖြင့် ယူရန် ကြိုးစားနေစဉ် လုမင်ကျဲမှာ တံခါးဖွင့်၍ ဝင်လာလေသည်။
“အစ်ကို နိုးနေပြီလား။ မြို့ပြင်က မုန့်ဆိုင်အသစ်တစ်ခုကနေ ဝယ်လာတာ၊ ကျွန်တော် အစ်ကို့ဆီ ယူလာပေးတယ်”
သူသည် ငုံ့ကြည့်လိုက်ရာ ပန်းကန်မှာ ပြောင်နေတော့သည်။
သူသည် အစ်ကိုဖြစ်သူအား အံ့ဩစွာ မေးမြန်း၏။
“အစ်ကို စားလိုက်တာလား။ အစ်ကို စားလိုက်တယ် အစ်ကို အစားဝင်သွားပြီပေါ့”
ဤသည်မှာ ဗိုလ်ချုပ်အိမ်တော်အတွက် အလွန်ပင် ကြီးမားသော မင်္ဂလာသတင်း ဖြစ်၏။ မကြာခင်မှာပင် အခန်းတိုင်းရှိ မီးများ လင်းလာကာ ဗိုလ်ချုပ်အိမ်တော်တစ်ခုလုံး လင်းထိန်သွားတော့သည်။ လုမင်လီ၏ အခန်းထဲ၌ လူများဖြင့် ပြည့်နှက်သွားသည်။
“မင်လီလေးရယ်.. တစ်လုတ်လောက် စားပြပါဦး။ အဘွားကို မြင်အောင် တစ်လုတ်လောက် စားပြပါဦး”
တုတ်ကောက်ကို အမှီပြုနေရသော အဘွားအိုကြီးသည် မျက်နှာထက်၌ စိုးရိမ်ပူပန်မှုများ ရှိနေကာ အရှေ့ဆုံးမှရပ်၍ ပြောရှာသည်။
“ဟုတ်ကဲ့ပါ အဘွား၊ စားပါ့မယ်”
လုမင်လီသည် ဖက်ထုပ်ကို ယူ၍ ကိုက်လိုက်သည်နှင့် စွပ်ပြုတ်ရည်များမှာ ချက်ချင်း ပန်းထွက်လာသည်။
ဖက်ထုပ်အသေးလေးထဲတွင် ထိုကဲ့သို့ အံ့ဩဖွယ်ရှိမည်ဟု သူ မထင်ထားပေ။ သူ လက်ဖြင့် ကမန်းကတန်း ဖမ်းလိုက်သည်။ စွပ်ပြုတ်ရည်များမှာ လက်ဖဝါးထဲသို့ စီးကျကုန်သောကြောင့် ပေါက်စီကို ပါးစပ်ထဲ အမြန်သွင်းလိုက်ရလေ၏။
အစေခံမလေးသည် လက်ကိုင်ပဝါဖြင့် လာသုတ်ပေးသော်လည်း လုမင်လီသည် သူမအား လက်ကာပြကာ လက်ပေါ်မှ စွပ်ပြုတ်ရည်များကို အားရပါးရ စုပ်သောက်လိုက်တော့သည်။
“တကယ်ကို ကောင်းလိုက်တာ ဘုရားမတာပဲ။ ငါတို့ လုမိသားစုကို ဘုရားက ကောင်းချီးပေးလိုက်တာပဲ။ မင်လီ အစားစားနိုင်ပြီ”
အဘွားအိုကြီးသည် ဝမ်းသာလွန်းသဖြင့် မျက်ရည်များ ကျလာပြီး လက်ကိုင်ပဝါဖြင့် မျက်ရည်ကို သုတ်နေရသည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင်လည်း ပျော်ရွှင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာတော့၏။
“သမားတော်လျို ရောက်ပါပြီ”
သတင်းရသည်နှင့် အစေခံကို သမားတော်ကြီးလျိုအား ဖိတ်ကြားရန် လွှတ်လိုက်ခြင်း ဖြစ်၏။
သမားတော်ကြီးလျိုသည် လုမိသားစုနှင့် ရင်းနှီးသူဖြစ်သောကြောင့် လုမင်လီ၏ ရောဂါကို အသိဆုံးဖြစ်သည်။ အရှေ့သို့ တိုးလာကာ သေသေချာချာ စမ်းသပ်ကြည့်ပြီးနောက် မေးခွန်းအချို့ မေးမြန်းပြီး မှာကြားထားခဲ့၏။
“အစားစားနိုင်တာ ကောင်းတဲ့လက္ခဏာပဲ။ ကျန်းမာရေး ပြန်ကောင်းဖို့က လက်တစ်ကမ်းမှာပဲ ရှိတော့တယ်”
သူသည် ဆက်လက်ပြောကြားသည်။
“ဒါပေမဲ့ ဗိုလ်ချုပ်ကြီးက အစားမဝင်တာ ကြာပြီဖြစ်လို့ အခုချက်ချင်း အများကြီးစားလိုက်ရင် အစာမကြေတာမျိုး ဖြစ်နိုင်တယ်။ ဒါကြောင့် အစာကြေစေမဲ့ ဆေးနဲ့ အစာအိမ်အားဆေးလေးတွေ အရင်ပေးမယ်။ ဒါတွေကို ရက်အနည်းငယ် သောက်ရမယ်။ အစားအသောက်ကိုလည်း တစ်ပြိုင်နက်တည်း အများကြီးမစားဘဲ နည်းနည်းချင်းစီ တိုးစားသွားရမယ်”
အဘွားအိုကြီးသည် ခေါင်းတရစပ်ငြိမ့်၍ သဘောတူပြီးနောက် လုမင်လီ၏ အစေခံမလေးကို အသေးစိတ် ထပ်မံမှာကြားနေတော့သည်။
အခန်း (၂၄)
အသားကင်
လုမင်လီသည် လုမင်ကျဲကို တိုးတိုးတိတ်တိတ် မေးမြန်းလိုက်၏။
“ဒါက ဘယ်လို ပေါက်စီမျိုးလဲ။ အထဲမှာ စွပ်ပြုတ်ရည်တွေတောင် ပါတယ်၊ တကယ်ကို လတ်ဆတ်ပြီး ချိုလိုက်တာ”
လုမင်ကျဲသည် ကျန်နေသော ဖက်ထုပ်လေးကို ကြည့်ကာ သူကိုယ်တိုင်လည်း အံ့ဩမိသည်။
“ဒီနေ့ ကျွန်တော်ဝယ်လာတဲ့ အစုံလိုက်ပွဲထဲမှာ ဒီဖက်ထုပ်မပါဘူး။ ဆိုင်ရှင်က အစ်ကို့အတွက် သီးသန့်လုပ်ပေးလိုက်တာ ထင်တယ်။ ဒါက တကယ်ပဲ အဲဒီလောက် စားကောင်းလို့လား။ ကျွန်တော့်ကို မြည်းကြည့်ခွင့်ပေးပါဦး”
ထိုသို့ပြောဆိုပြီးနောက် သူသည် လုမင်လီ၏ လက်ထဲမှ တူကို ယူရန် ကြိုးစားသည်။ လုမင်လီကမူ သူ၏လက်ကို ဖယ်ထုတ်လိုက်၏။
“တစ်လုံးပဲ ကျန်တော့တာ၊ ဒါကြောင့် အစ်ကိုပဲ စားတော့မယ်”
လုမင်ကျဲကလည်း အလျှော့မပေးဘဲ ဆက်လက်ပြောဆိုသည်။
“မရဘူး အစ်ကို၊ ကျွန်တော်က အစ်ကို့ကောင်းကျိုးအတွက် လုပ်ပေးနေတာပါ။ သမားတော်လျိုက အစ်ကို့ကို အများကြီးမစားရဘူးလို့ မှာထားတယ်လေ”
လုမင်လီသည် တူဖြင့် ပေါက်စီကို ယူရန်ပြင်ရင်း တီးတိုးလေး ရေရွတ်သည်။
“နောက်တစ်လုံးလောက် ထပ်စားရုံနဲ့ ဘာမှမထူးခြားသွားပါဘူး”
လုမင်ကျဲမှာ ခြေလှမ်းတစ်လှမ်း ပိုမြန်သွားပြီး ပေါက်စီကို လက်ဖြင့်ဆွဲယူကာ ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်ပြီး ဗလုံးဗထွေး ပြောဆို၏။
“မနက်ဖြန်ကျရင် အစ်ကို့အတွက် နောက်တစ်ပွဲ ထပ်ဝယ်ပေးပါ့မယ်”
လုမင်လီမှာ စိတ်တိုသွားသော်လည်း နာတာရှည်ဖျားနာနေသူဖြစ်သဖြင့် ညီဖြစ်သူကို အင်အားချင်း မယှဉ်နိုင်သလို ရန်လည်း မမူနိုင်ပေ။ သူသည် ညီဖြစ်သူအား လက်ညှိုးထိုးလျက် နောက်ပြောင်ပြောဆိုလိုက်သည်။
“မင်းကတော့ ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နေပြီပဲ”
ဘေးမှ ကြည့်နေကြသော လုမိသားစု အဘွားအိုနှင့် အခြားသူများမှာ အားရပါးရ ရယ်မောကြကုန်သည်။ အဘွားအိုသည် မိမိ၏ မျက်ရည်များကို သုတ်လျက် သက်ပြင်းချကာ ဆို၏။
“ဒီအိမ်တော်ထဲမှာ ရယ်မောသံတွေ မကြားရတာ တော်တော်ကြာပြီပဲ”
လုမင်ကျဲသည် အဘွားအိုအား ချော့မြှူသည့်အနေဖြင့် အနားသို့ ကပ်သွားသည်။
“အဘွားရယ် စိတ်မကောင်းမဖြစ်ပါနဲ့။ နောက်ကျရင် အဘွားကို အဲဒီမုန့်ဆိုင်ကို ခေါ်သွားပါ့မယ်။ ဆိုင်ထဲက စားစရာတွေ အကုန်လုံးကို မြည်းကြည့်ကြတာပေါ့။ အဘွား စားရတာနဲ့တင် အလုပ်ရှုပ်နေလို့ ငိုဖို့တောင် အချိန်ရမှာမဟုတ်ဘူးလို့ ကျွန်တော် အာမခံပါတယ်”
အဘွားအိုမှာ သဘောကျသွားပြီး လုမင်ကျဲ၏ ကျောကို ပုတ်ကာ ပြောဆိုလိုက်၏။
“ဒီကလေးကတော့လေ၊ ပုံမှန်ဆိုရင်တော့ အနေအထိုင် မတတ်ပေမဲ့ ဒီတစ်ခါတော့ တကယ့် အလုပ်ကောင်းတစ်ခုကို လုပ်နိုင်ခဲ့တာပဲ”
လုမင်လီကမူ အစားသောက်များ၏ အရသာမှာ အလွန်ထူးခြားကြောင်း ဆိုကာ စားဖိုမှူးအသစ် ရှာတွေ့ခဲ့သလော သို့မဟုတ် မြို့ထဲ၌ စားသောက်ဆိုင်အသစ် ဖွင့်သလောဟု မေးမြန်းသည်။
လုမင်ကျဲက ပြန်လည်ရှင်းပြ၏။
“မြို့ပြင်မှာ ဖွင့်ထားတဲ့ ဟွာကျွင်းမုန့်ဆိုင်လို့ ခေါ်ပါတယ်”
အဘွားအိုသည် လုမင်လီ၏ အခြေအနေ မဆိုးရွားသွားစေရန် ထိုဆိုင်မှ စားစရာများကို ဝယ်ယူကျွေးမွေးရန် ညွှန်ကြားလိုက်သည်။
“အခုပဲ လူလွှတ်ပြီး အဲဒီက စားစရာတွေ ထပ်ဝယ်ခိုင်းလိုက်ဦး”
ယခုအချိန်မှစ၍ လုမင်လီသည် ထိုမုန့်ဆိုင်မှ စားစရာများကို တစ်ရက် သုံးကြိမ် စားသင့်ကြောင်းနှင့် သူ့ရောဂါ ပြန်မဖောက်စေရန် လိုအပ်ကြောင်း သူမက ဆိုသည်။ လုမင်ကျဲကမူ ယခုအချိန်တွင် ဆိုင်ပိတ်လောက်ပြီဖြစ်သဖြင့် လူလွှတ်လျှင်လည်း ဝယ်၍ရမည်မဟုတ်ကြောင်း ဆိုသော်လည်း အဘွားအိုကမူ ဆိုင်ပိတ်သွားလျှင်လည်း တံခါးခေါက်ပြီး စျေးကြီးပေးဝယ်ရန် တိုက်တွန်း၏။
လုမင်ကျဲက ပြန်လည်ရှင်းပြသည်။
“မရဘူး အဘွား၊ အဲဒီဆိုင်က လူအရမ်းများပြီး စားစရာကလည်း နည်းနည်းပဲရှိတာ။ တန်းစီနေတဲ့သူတွေကို အဘွား မမြင်လို့ပါ။ တစ်ယောက်ကို တစ်ပွဲပဲ ကန့်သတ်ထားတာတောင် ချက်ချင်း ကုန်သွားတာ။ ဒီတစ်ခါ ကျွန်တော် ပါဆယ်ရလာတာတောင် အစ်ကို့ရဲ့ အဆက်အသွယ်တွေကြောင့်ပါ”
အဘွားအိုသည် ခေတ္တမျှ စဉ်းစားပြီးနောက် ကုန်သည်များ၏ စည်းကမ်းကို မဖောက်ဖျက်လိုသဖြင့် မနက်ဖြန် စောစောသွား၍ တန်းစီဝယ်ယူရန် ဆုံးဖြတ်လိုက်လေ၏။
မော့ချွမ်းသည် နောက်ဆုံးကျန်ရှိသော ဧည့်သည်များကို ပြန်လည်ပို့ဆောင်လိုက်ပြီးနောက် ဆိုင်ရှိ စားစရာများမှာလည်း အကုန်အစင် ရောင်းထွက်သွားတော့သည်။
မမျှော်လင့်ဘဲ ခုနစ်ရက်မျှ နားပြီးနောက် မုန့်ဆိုင်မှာ ပိုစည်ကားလာသည်။ ထိုည၏ ဝင်ငွေမှာ ငွေတေး(၂၀)ခန့် ရှိလေ၏။ အများစုမှာ စေတနာရှင် ဧည့်သည်များ ပေးအပ်သည့် မုန့်ဖိုးဆုငွေများသာ ဖြစ်သည်။
ဟွာကျွင်းသည် မော့ချွမ်းနှင့် တာ့နွီတို့အား ချီးကျူးစကား ဆို၏။
“အားလုံးပဲ ဒီနေ့ တော်တော်ပင်ပန်းသွားကြပြီ။ ဆိုင်ပိတ်ပြီးရင် အရသာရှိတာတစ်ခုခု စားကြရအောင်”
မော့ချွမ်းသည် မျက်လုံးများ အရည်လဲ့လာကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ကောင်းတယ်၊ ကျုပ် ဒီအချိန်ကို စောင့်နေတာ။ ဒီနေ့ ဘာစားကြမှာလဲ”
“အင်း... ရှင် တစ်ခါမှ မစားဖူး၊ မမြင်ဖူးသေးတဲ့ အရာပေါ့”
တာ့နွီသည် ဟွာကျွင်းကို အားနာစွာ ပြောလိုက်၏။
“မမ... ကျွန်မ အလုပ်လုပ်တာ နှစ်နာရီတောင် မပြည့်သေးပါဘူး။ သိပ်လည်း မဆာသေးတော့ နည်းနည်းပါးပါး စားရင် ရပါပြီ”
သူမ၏ ယူဆချက်အရ အလုပ်လုပ်သလောက်သာ အစားစားရမည်။ ထို့ကြောင့် သူမသည် အိမ်၌ရှိစဉ်က နိုးလာသည်နှင့် အိမ်အလုပ်၊ လယ်အလုပ်များကို တက်ကြွစွာ လုပ်ကိုင်လေ့ရှိသည်။
ယနေ့တွင် သူမသည် လင်ဗန်းများကိုသာ သယ်ပေးခဲ့ရသဖြင့် သိပ်မပင်ပန်းကြောင်း၊ ဆန်ပြုတ်တစ်ခွက်ဆိုလျှင် လုံလောက်ပြီဖြစ်ကြောင်း သူမက ဆိုသည်။
ဟွာကျွင်းသည် တာ့နွီ၏ နှာခေါင်းကို အသာအယာ ဆွဲ၍ နောက်ပြောင်လိုက်၏။
“မဆာလည်း အတင်းစားရမယ်၊ မမကို ကူညီဖို့ အင်အားလိုသေးတယ်လေ”
ဟွာကျွင်းသည် လျှပ်စစ်အကင်စက် ထုတ်ယူပြီး အမဲသားလွှာများနှင့် ဆေးကြောထားသော ဆလတ်ရွက်များကို ပြင်ဆင်လိုက်၏။ အကင်စက်ပူလာသောအခါ သူမ ချက်ပြုတ်ရန် ပြင်ဆင်သည်။
“ဒါက ပြီးခဲ့တဲ့တစ်ခါ စားခဲ့တဲ့ ဟော့ပေါ့နဲ့ မတူဘူးလား”
“မတူဘူး၊ ဒါကို အသားကင်လို့ ခေါ်တယ်။ အမဲသားနဲ့ ဝက်သားတွေကို ကင်ပြီးရင် ငရုတ်သီးမှုန့် ဖြူးတာဖြစ်ဖြစ်၊ အသားကင်ဆော့စ်နဲ့ တို့တာဖြစ်ဖြစ် လုပ်ပြီး ဆလတ်ရွက်နဲ့ ပတ်စားရတာ”
ကင်စက်သည် တဖြည်းဖြည်း ပူလာသည်။ ဟွာကျွင်းသည် ရေစက်အချို့ ဖြန်းလိုက်ရာ ရေစက်များမှာ ခုန်ပေါက်ပြေးလွှားပြီး အငွေ့များအဖြစ် ပျောက်ကွယ်သွားသည်။
“အခု ကင်လို့ရပြီ”
ဟွာကျွင်းသည် ဆီအနည်းငယ်လောင်းကာ ဘရပ်ရှ်ဖြင့် အနှံ့ပွတ်ပေးပြီးနောက် အသားကင်သည့် ညှပ်ဖြင့် ဝက်သုံးထပ်သားလွှာကို ယူကာ အပြားလိုက်လေး တင်လိုက်သည်။ အသားလွှာမှာ တရှဲရှဲမြည်သံများနှင့်အတူ မြန်မြန် ကျုံ့သွားလေ၏။
သူမသည် ကင်စက်ပေါ်တွင် အသားလွှာများဖြင့် ပြည့်သွားသည်အထိ ကျွမ်းကျင်စွာ ဆက်လက်တင်ပေးပြီးနောက် ပထမဆုံးကင်ထားသည့် အသားများကို စတင်လှန်လိုက်သည်။
ဝက်သုံးထပ်သားမှာ အပိုင်းသုံးပိုင်းရှိပြီး အဆီလွှာ နှစ်ထပ်ဖြင့် အချိုးကျလှ၏။ အပူရှိန်မြင့်မြင့်ဖြင့် ကင်ထားသောကြောင့် အဆီများ ထွက်ပေါ်လာပြီး အလွန်မွှေးကြိုင်သော အနံ့များ ထွက်ပေါ်လာရတော့သည်။
အသားများ ကျက်သောအခါ သူမသည် ပန်းကန်အသေးလေးထဲသို့ ထည့်ပေးရင်း ဘေးမှ တံတွေးမြိုနေကြသော နှစ်ဦးအား ခေါ်လိုက်သည်။
“စားကြတော့”
ထို့နောက် သူမသည် ဒုတိယအသုတ်ကို ဆက်လက်ကင်၏။ မော့ချွမ်းသည် ဟွာကျွင်း ရှင်းပြထားသည့် စားနည်းကို စိတ်ထဲတွင် အကြိမ်ကြိမ် လေ့ကျင့်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူသည် အားနာမနေတော့ပေ။ ဆလတ်ရွက်ကို လက်ဖဝါးပေါ် တင်ကာ အသားကင်ကို ဆော့စ်နှင့်တို့၍ လိပ်ပြီးနောက် ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်၏။
သူသည် မျက်လုံးများကို မှိတ်ကာ ခေါင်းကို တရစပ်ငြိမ့်လျက် ဟွာကျွင်း၏ လက်ရာကို အသိအမှတ်ပြုလိုက်သည်။
တာ့နွီသည် မော့ချွမ်းကို အတုယူ၍ လိပ်လိုက်သော်လည်း သူမကိုယ်တိုင် မစားဘဲ ဟွာကျွင်းကို အရင်ကျွေး၏။
“မမ အရင်စားပါဦး”
ဟွာကျွင်းသည် တာ့နွီ ကျွေးသည်ကို စားလိုက်ပြီးနောက် ပြောသည်။
“ကောင်းပြီ၊ နင်တို့နှစ်ယောက် အရင် စားကြ။ ငါလည်း မကြာခင် အဆင်သင့်ဖြစ်တော့မှာ”
သူမက ဆက်လက်၍ မှာကြားသည်။
“ဟိုဘက်နံရံက မှန်ဗီဒိုကို မြင်လား။ ဗီဒိုတံခါးကို ဖွင့်လိုက်၊ အထဲမှာ အအေးတွေရှိတယ်။ ကြိုက်တာကို ရွေးယူလို့ရတယ်”
မော့ချွမ်းသည် ကိုကာကိုလာ တစ်ဘူးကို ရွေးချယ်လိုက်၏။ တာ့နွီသည် စင်ပေါ်ရှိ ရောင်စုံဘူးများကို ကြည့်ကာ မည်သည့်အရာကို ယူရမည်မှန်း မသိဘဲ ဖြစ်နေသည်။ နောက်ဆုံးတော့ ထောင့်ရှိ နို့လက်ဖက်ရည်ခွက်ကို မြင်သောအခါ ယခင်တစ်ခါ သောက်ဖူးသည်နှင့် တူနေသဖြင့် မေးမြန်းလိုက်၏။
“မမ... ကျွန်မ ဒီနို့လက်ဖက်ရည်ခွက်ကို ယူလို့ရမလား”
“ရတာပေါ့၊ ဗီဒိုထဲက ကြိုက်တာကို ရွေးယူလို့ရတယ်။ ပြီးတော့ မမအတွက် ဖန်တာတစ်ဘူးလောက် ယူပေးပါဦး”
တာ့နွီသည် ဘယ်ညာကြည့်သော်လည်း မခွဲခြားတတ်သဖြင့် ဟွာကျွင်းအား မေးမြန်းလိုက်ရသည်။
“မမ... ညီမ တောင်းပန်ပါတယ်၊ စာမဖတ်တတ်လို့ ဘယ်ဟာက ဖန်တာ ဆိုတာ မသိပါဘူး”
ဟွာကျွင်းသည် ထိုအချက်ကို မေ့သွားသဖြင့် မိမိနဖူးကို ရိုက်မိ၏။ မော့ချွမ်းသည် ထရပ်၍ ဖန်တာဟူသော စာလုံးနှစ်လုံးကို ခွဲခြားသိမြင်သဖြင့် ကူယူပေးလိုက်သည်။
“ခင်ဗျားရဲ့ စာတွေကလည်း တော်တော်ထူးဆန်းတာပဲ။ ကြည့်ရတာ ရင်းနှီးသလိုလိုနဲ့ မရင်းနှီးသလိုပဲ။ ပြီးတော့ ဒီဗီဒိုက ရေခဲမရှိဘဲနဲ့ အအေးဓာတ်တွေ ထွက်နေတယ်”
“ဒါကို ရေခဲသေတ္တာလို့ ခေါ်တယ်။ အထဲက အအေးတွေက နွေရာသီမှာ သောက်ရင် တကယ့်ကို လန်းဆန်းစေတာ”
မသေမျိုးဘုံက အရာများသည် တကယ့်ကို ထူးဆန်းလှပေသည်။
မော့ချွမ်းမှာ တစ်ပတ်ခန့် ဗိုက်ဆာနေသည့် ဝံပုလွေကဲ့သို့ အငမ်းမရ စားသောက်သဖြင့် ဟွာကျွင်း၏ ကင်နိုင်သော အရှိန်မှာ သူ့စားနှုန်းကို မမီတော့ပေ။ နောက်ဆုံးတွင် မော့ချွမ်းက ကင်သည့်ကိရိယာကို လုယူကာ ပြောလိုက်၏။
“ကျုပ်ပဲ လုပ်တော့မယ်၊ ကျုပ်က ပိုမြန်တယ်”
မော့ချွမ်းက တာဝန်ယူလိုက်ပြီးနောက် လက်တစ်ဖက်ဖြင့် ကင်ပြီး ကျန်လက်တစ်ဖက်ဖြင့် စားသောက်သဖြင့် အချိန်မကုန်တော့ပေ။ ဟွာကျွင်းလည်း လက်အားသွားသဖြင့် စားသောက်နိုင်ပြီဖြစ်၍ ကြက်သွန်ဖြူလွှာများကို ညွှန်ပြကာ ဆိုလိုက်၏။
“ဒါကို အသားကင်နဲ့ တွဲစားရင် ပိုအရသာရှိတယ်နော်”
တာ့နွီသည် ကြက်သွန်ဖြူနှင့် တွဲစားကြည့်ရာ စပ်သဖြင့် ခုန်ပေါက်ရင်း နို့လက်ဖက်ရည်ကို သောက်လိုက်သည်။
ဟွာကျွင်းမှာ အားရပါးရ ရယ်မောမိသည်။
“ညီမလေးက တစ်လုတ်တည်း အများကြီး စားလိုက်တာကိုး၊ နည်းနည်းချင်းစီ စားရမှာ”
မကြာခင်မှာပင် တာ့နွီသည်လည်း အသားကင်နှင့် ကြက်သွန်ဖြူ၏ အရသာကို သဘောကျသွားတော့သည်။ ဟွာကျွင်းသည် အသားကင်သာမက ထမင်းတစ်အိုးကိုလည်း ချက်ပြုတ်ထားလိုက်၏။ ဆလတ်ရွက်များ ကုန်သွားသောအခါ အသားကင်ကို ထမင်းနှင့် တွဲဖက်စားသောက်ကြသည်။
အပြင်ဘက်၌ မှောင်မိုက်နေပြီး လမ်းမီးတိုင် တစ်တိုင်မျှ မရှိသော်လည်း ဟွာကျွင်းမုန့်ဆိုင်ကလေးမှာ မီးလင်းလျက်ရှိသည်။ သူတို့ သုံးဦးမှာ ဗိုက်ပြည့်၍ စားပွဲတွင် ထိုင်နေကြသည်။ ဟွာကျွင်းနှင့်မော့ချွမ်းတို့ စကားပြောဆိုနေကြစဉ် တာ့နွီက ဘေးမှ တိတ်ဆိတ်စွာ နားထောင်နေလေ၏။
မော့ချွမ်းက ဆိုင်၌ စားပွဲနှင့် ထိုင်ခုံများ ထပ်တိုးရန် အကြံပြုသောအခါမှ ဟွာကျွင်းသည် ဘေးရှိ ဆိုင်ခန်းကိုပါ ဝယ်ယူထားသည်ကို သတိရသွားသည်။ ဤရက်များအတွင်းမှာပင် ဆိုင်နှစ်ဆိုင်ကြားရှိ နံရံကို တံခါးပေါက် ဖောက်ခိုင်းထားခဲ့သေးသည်။