← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁)

သေမျိုးဆန္ဒ

လုမင်ကျဲ သူ့ဒေါသကို မနည်းထိန်းကာ မေးမြန်းလိုက်၏။

“သမားတော်ကြီးလု... ဘာတွေကို စစ်ဆေးဖို့ လိုနေသေးတာလဲ။ အရင်ဆုံး စားလို့မရဘူးလား”

လုယုံချန်းက ဆိုသည်။

“ငါ အရင်စားလိုက်ရင် နောက်ကျသွားမှာ စိုးလို့ပါ။ ဘယ်ကိစ္စမဆို သတိထားတာ အကောင်းဆုံးပဲ”

လုမင်လီက ညီဖြစ်သူကို တားဆီးလိုက်ကာ ပြောသည်။

“သမားတော်ကြီးလု... စိတ်ကြိုက် စစ်ဆေးနိုင်ပါတယ်”

သူ ရုတ်တရက် ပြန်လည်ကျန်းမာလာမှုအပေါ် သံသယများစွာ ရှိနေမည်ကို သိထားကာ သတင်းအမှားများ နန်းတော်ထဲအထိ ပျံ့နှံ့သွားပြီး ဟွာကျွင်းအတွက် မလိုအပ်ဘဲ ပြဿနာမဖြစ်စေလိုပေ။ ဤသည်မှာ ရှင်းလင်းသင့်သည်များကို ရှင်းလင်းရန် အခွင့်ကောင်းပင် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် နန်းတွင်းဆေးကုသဆောင်က သမားတော်ချုပ်ထက် ပို၍ ယုံကြည်စိတ်ချရပြီး အာဏာပိုင်သူ မရှိသောကြောင့် ဖြစ်သည်။

သမားတော်ကြီးလု၏ ပထမဆုံး သံသယမှာ ဝက်လက်များအပေါ် ကျရောက်နေ၏။ ဤကဲ့သို့ စားချင်စဖွယ် မရှိလှသော ဟင်းပွဲကို ဝယ်သူများက လုယက်တန်းစီနေကြခြင်းမှာ ယုတ္တိမရှိဟု သူ ထင်မြင်သည်။

ပုံမှန်အားဖြင့် ဆေးစစ်ဆေးရာတွင် တစ်ငုံမျှ မြည်းကြည့်ရုံဖြင့် လုံလောက်သော်လည်း ဟွာကျွင်းက ဝက်လက်စတူးရည်ကို ထမင်းပေါ် ဆမ်းပေးထားသဖြင့် သူ့အတွက် အနည်းငယ် အဆင်မပြေ ဖြစ်နေ၏။ သူ အရင်ဆုံး အနံ့ခံကြည့်လိုက်ရာ ဇီယာ၊ သစ်ကြံပိုး၊ ဖာလာနက်၊ ဇာတိပ္ဖိုလ်၊ နွယ်ချို၊ စီချွမ်း ငရုတ်ကောင်း... စသည်တို့ကိုသာ တွေ့ရပြီး ထူးခြားသော အနံ့အသက် လုံးဝ မရှိပေ။

ထို့နောက် ဇွန်းဖြင့် ထမင်းအနည်းငယ်ကို ခပ်ယူကာ သေသေချာချာ မြည်းစမ်းကြည့်သည်။

ချိုမြိန်ပြီး စေးပိုင်နေသော ထမင်းမှာ စတူးဟင်းရည်နှင့် ရောယှက်နေ၏။ 'အင်း... အရသာ ရှိလိုက်တာ။ မဟုတ်ဘူး... ပုံမှန်မဟုတ်တာ ဘာမှမရှိဘူး'

စတူးရည်မှာ ပြဿနာမရှိသော်လည်း 'စိတ်ဝိညာဉ်ညှို့ပန်းရည်' ကို ဝက်လက်ပေါ်တွင် သုတ်ထားနိုင်သေးသည်။

သူ ပြောလိုက်သည်။

“ငါ ဝက်လက်ကိုလည်း စစ်ဆေးဖို့ လိုအပ်တယ်”

“မဟုတ်သေးဘူး သမားတော်ကြီးလု... အဘိုး ဝက်လက်စားချင်ရင် ကိုယ်တိုင် မှာစားလို့မရဘူးလား”

လုမင်ကျဲ မကျေမနပ် ပြောလိုက်၏။

လုမင်လီ တားမြစ်လိုက်သည်။

“မင်ကျဲ... ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့”

“သမားတော်ကြီးလု... ဒါက ကျွန်တော့်ရဲ့ အပိုင်းပါ၊ စိတ်ကြိုက် သုံးဆောင်နိုင်ပါတယ်”

လုယုံချန်း ခေါင်းငြိမ့်ပြလိုက်၏။ လုမင်ကျဲမှာ ငယ်ရွယ်သေးသဖြင့် ရိုင်းသည်ဟု သူ မယူဆပေ။ ပြဿနာကို ရှာတွေ့သွားလျှင် လုမင်ကျဲကပင် သူ့ကို ကျေးဇူးတင်ပေလိမ့်မည်။

သူ တူကို အသုံးပြု၍ ဝက်လက်တစ်တုံးကို ညှပ်လိုက်၏။ ယခင် သူမြင်ဖူးသကဲ့သို့ မာကျောသော အရေခွံမျိုး ဖြစ်မည်ဟု ထင်မှတ်ကာ အားစိုက်၍ ညှပ်လိုက်ရာ ဝက်လက်မှာ အလွန်ပင် နူးညံ့နေသဖြင့် အသားနှင့် အရေခွံများမှာ အရိုးမှ ပြုတ်ထွက်လာသည်။

အခြေအနေမှာ အနည်းငယ် အနေရခက်သွားသဖြင့် သူ ဘာမှမဖြစ်သလိုပင် ထိုအသားတုံးကြီးကို ပါးစပ်ထဲ ထည့်လိုက်၏။ ၎င်းမှာ ပါးစပ်ထဲတွင် အရည်ပျော်သွား၏။

သံသယဖြစ်ဖွယ် အရသာ လုံးဝမရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် အလွန်ပင် စားချင်စဖွယ် ကောင်းလှ၏။

အားလုံးက သူ့ကို စိုက်ကြည့်နေကြသဖြင့် သူချောင်းနှစ်ချက်ဟန့်ကာ ဆိုသည်။

“အစားအသောက်က အဆင်ပြေပါတယ်”

လုမင်ကျဲ လေသံတိုးတိုးဖြင့် အောင်ပွဲခံလိုက်ကာ စတင်စားသောက်တော့သည်။။

လုယုံချန်းမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရ၏။ လက်ထဲမှ ဝက်လက်ကိုလည်း ပစ်ရန် နှမြောသဖြင့် ပန်းကန်ထဲ ပြန်ထည့်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

လုမင်ကျဲ ဇွန်း သုံး၍ ဝက်လက်ကို ဖဲ့လိုက်ပြီး ထမင်းနှင့် သေသေချာချာ နယ်ကာ ဇွန်းအပြည့် ခပ်စားနေ၏။

'ရိုင်းလိုက်တာ'

ထို့နောက် လုမင်လီကို ကြည့်လိုက်ရာ သူ၏ စားသောက်ပုံမှာ ပို၍ ယဉ်ကျေးလှ၏။ အသားတစ်တုံးကို ယူ၍ ပါးစပ်ထဲ ထည့်ကာ ဖြည်းဖြည်းချင်း မြည်းစမ်းပြီးမှ ထမင်းတစ်လုပ် စားသည်။

လုယုံချန်းလည်း စတူးရည် စိမ့်ဝင်နေသော ထမင်းတစ်လုတ်ကို စားလိုက်၏။ မွှေးပျံ့သော အနံ့နှင့် ထမင်းတစ်လုတ်၏ ပြည့်စုံမှုကြောင့် သူကိုယ်တိုင်တောင် မသိလိုက်ဘဲ မျက်လုံးများ မှေးစင်းသွားရသည်။

သူ ဖဲ့ထားသော ဝက်လက်ကို ကြည့်လိုက်ပြီး မည်သူမျှ ဂရုမစိုက်သည်ကို မြင်သဖြင့် တစ်တုံးလုံးကို ပါးစပ်ထဲ ထည့်လိုက်၏။ နူးညံ့ချောမွတ်ပြီး အရသာရှိလှသောအသားမှာ လျှာနှင့် သွားကြားတွင် ကြေညက်သွားကာ အလွန်ပင် ကောင်းမွန်လှသဖြင့် လျှာကိုပင် မျိုချမိတော့မတတ် ဖြစ်ရသည်။

သူ ဟွာကျွင်းကို မနေနိုင်ဘဲ မေးမြန်းလိုက်၏။

“ဒီဝက်လက်တွေကို ဘယ်လိုချက်ထားတာလဲ။ ဝက်သားရဲ့ ညှီနံ့တွေ လုံးဝ မရှိဘူးပဲ”

ဟွာကျွင်း ပြုံးလျက် ပြန်ဖြေသည်။

“ကျွန်မတို့ အရပ်မှာတော့ ဝက်တွေကို သင်းကွပ်ထားတဲ့အတွက် ဒီလိုအနံ့မျိုး မရှိတာပါ”

လုယုံချန်း သဘောပေါက်သွားသကဲ့သို့ ခေါင်းငြိမ့်ကာ ဆိုသည်။

“ဒါကြောင့်ကိုး”

သူက ဆက်လက်၍ ချီးကျူးပြန်၏။

“ဒီဝက်လက်တွေက အရမ်းနူးညံ့တာပဲ၊ တကယ်ကို လူကြီးတွေနဲ့ သင့်တော်တဲ့ အစားအစာပဲ”

“သမားတော်ကြီးလု ကြိုက်တယ်ဆိုရင် ကျွန်မမှာ နောက်ထပ် တစ်ပွဲ ရှိပါသေးတယ်။ အပိုတစ်တုံး ထပ်ယူဦးမလား”

လုယုံချန်းမှာ ရှက်ရွံ့မနေတော့ဘဲ သူမက ထိုသို့ဆိုလျှင် ရယ်မောလိုက်သည်။

“ဒါကတော့ အကောင်းဆုံးပေါ့။ ကျေးဇူးတင်ပါတယ် ဆိုင်ရှင်မလေး”

ယခုအခါ သူ စစ်သူကြီးလု၏ ရောဂါကို ကုသပေးနိုင်ခဲ့သည်မှာ စားသောက်ဆိုင်က အစားအစာများကြောင့်ဟု အပြည့်အဝ ယုံကြည်သွားပြီ ဖြစ်၏။

ယခင်က သူမကို တောထဲက သမားတော်ဟု ထင်မှတ်ကာ အထင်သေးခဲ့သော စိတ်ခံစားချက်များမှာ လုံးဝ ပျောက်ကွယ်သွားပြီး ရှေ့မှ အစားအစာများကိုသာ အာရုံစိုက် စားသောက်တော့သည်။။

ဝက်လက်စတူးထမင်း အပြင် နို့လက်ဖက်ရည်အေး၊ ကိတ်မုန့်လိပ်၊ အရည်များ စိမ့်ထွက်နေသော ရှောက်လုံပေါင်(ဖက်ထုပ်)၊ ခံတွင်းမြိန်စေသော အရွက်ချဉ်များအပြင် တစ်ခါမျှ မစားဖူးသော ငရုတ်သီးစပ် ကြက်ခြေထောက်ကိုလည်း မြိန်ရည်ယှက်ရည် ကိုက်စားနေ၏။

နွေးထွေးမွှေးပျံ့ပြီး အရသာထူးကဲလှသော မြူခိုးဖြူသဲမှုန်နီ လက်ဖက်ရည်မှာလည်း သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို အလွန်ပင် သက်သောင့်သက်သာ ဖြစ်စေ၏။

စားချင်စိတ်ဆိုသည်မှာ သေမျိုး ဆန္ဒတစ်ခုပင် ဖြစ်သည်။ လုယုံချန်းသည် ဤအချိန်တွင် သာမန်လူတစ်ဦးကဲ့သို့ပင် အစားအသောက်၏ ပျော်ရွှင်မှုထဲတွင် အပြည့်အဝ နစ်မြုပ်နေမိသည်။

စားပွဲပေါ်ရှိ ဟင်းပွဲအားလုံး ကုန်စင်သွားကာ ထမင်းတစ်လုံးမျှပင် မကျန်တော့ပေ။ လုယုံချန်း လက်ဖက်ရည် နောက်ဆုံးတစ်ငုံကို သောက်လိုက်ပြီး ဟွာကျွင်းကို ပြောလိုက်သည်။

“စောစောက ငါ အရမ်းရိုင်းသွားခဲ့တယ်။ ဟွာကျွင်း ခွင့်လွှတ်ပေးပါ”

ဟွာကျွင်း သဘောကောင်းစွာ ခေါင်းခါပြလိုက်၏။

“သမားတော်ကြီးလုက ဧကရာဇ်ရဲ့ အနီးကပ်လူဆိုတော့ သတိထားတာက မှန်ပါတယ်”

ထို့နောက် အရေးကြီးသော ကိစ္စကို ပြောဆိုကြသည်။

“ဒီတစ်ခါ ငါ မြို့တော်ကနေ ထွက်လာတုန်းက ဧကရာဇ်က မင်းသမီးအန်းဖျင် အတွက် အစားအစာအချို့ ယူလာပေးဖို့ မှာလိုက်တယ်။ သူက ကိုယ်ဝန်ဆောင်နေရပြီး ဘာမှမစားနိုင်ဘဲ ဖြစ်နေတာ။ မင်းရဲ့ အစားအစာက အစားအသောက် ပျက်တဲ့ရောဂါကို ကုနိုင်ရင် မင်းသမီးကိုလည်း စားချင်စိတ် ဖြစ်ပေါ်စေနိုင်လိမ့်မယ်လို့ ထင်တယ်”

ဟွာကျွင်း လုမင်လီကို ကြည့်လိုက်ရာ သူက ခေါင်းငြိမ့်ပြသဖြင့် သူမ ပြောလိုက်၏။

“ကောင်းပါပြီ။ ဒါဆို သမားတော်ကြီးလုက မြို့တော်ကို ဘယ်တော့ ပြန်မှာလဲဟင်။ ကျွန်မ ကြိုတင်ပြင်ဆင်ထားပေးပါ့မယ်”

လုယုံချန်း ပြန်ဖြေသည်။

“စစ်သူကြီးလု အဆင်ပြေသွားပြီဆိုတော့ ငါ ဒီည သူ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်း ဆေးညွှန်းအချို့ ရေးပေးပြီး မနက်ဖြန် မနက်မှာ ထွက်သွားတော့မယ်”

ဟွာကျွင်းက အခက်တွေ့ဟန်ဖြင့် ပြောလိုက်၏။

“မနက်ဖြန် မနက်ဆိုရင်တော့ အရမ်းမြန်လွန်းနေပြီ။ ကျွန်မ မနက်ဖြန် ညနေ ဆိုင်ဖွင့်မှပဲ အစားအစာတွေကို ပြင်ပေးနိုင်မှာပါ”

လုယုံချန်းက နားမလည်ဘဲ ပြောသည်။

“ငါ ဧကရာဇ်ဆီကို ချက်ချင်း သတင်းပို့ရမှာမို့ပါ။ ဟွာကျွင်း... ကျေးဇူးပြုပြီး ဒီညပဲ ပြင်ပေးပါဦး။ ငါ့ကို အခက်မတွေ့စေပါနဲ့”

ဟွာကျွင်း ပြန်ဖြေလိုက်၏။

“ကျွန်မ မင်းသမီးရဲ့ အကြိုက်ကို မသိသေးဘူးလေ။ ဘာတွေ ပြင်ဆင်ပေးနိုင်မလဲဆိုတာ အရင် စဉ်းစားကြည့်ပါရစေဦး”

လုယုံချန်း ပြန်ဖြေသည်။

“မင်းသမီးက အခုတလော အချဉ်နဲ့ အစပ်ကို ပိုကြိုက်နေတယ်။ ကိုယ်ဝန်မရှိခင်ကတော့ အချိုကြိုက်တတ်ပေမဲ့ အခုတော့ သိပ်မစားတော့ဘူး”

ဟွာကျွင်းက တွေးတောလိုက်မိ၏။ အကယ်၍ အချဉ်နှင့် အစပ်ကို ကြိုက်လျှင် 'ငါး မုန့်ညင်းချဉ်’ က အလွန်သင့်တော်သော်လည်း ကုန်ကြမ်းဝယ်ရန် အချိန်မမီတော့ပေ။ သို့သော် အဆင်သင့်ရှိသော 'နာနတ်သီး ဝက်ချိုချဉ်’ ရှိသဖြင့် ၎င်းကို အရင်ပေးလိုက်ရန် ဆုံးဖြတ်လိုက်၏။

ဟွာကျွင်းက ခေါင်းငြိမ့်ပြကာ လုမင်လီဘက် လှည့်၍ ဆိုသည်။

“ရှင်တို့အတွက် ဝက်အူသိမ် ငရုတ်ကောင်း နဲ့ ကြက်စွပ်ပြုတ် ပြင်ပေးထားတယ်။ နို့နှစ်ရောင်သန်းနေအောင် ချက်ထားတာမို့ ဆောင်းတွင်းမှာ အစာအိမ် နွေးဖို့အတွက် အကောင်းဆုံးပဲ။ မနက်ဖြန်ကျရင် အဘွားလုနဲ့ အတူတူ သောက်ကြပေါ့။ အော်... နောက်ပြီး ငုံးကင်လည်း ပါသေးတယ်။ ပြီးခဲ့တဲ့တစ်ခါ အဘွားလုက အရမ်းကြိုက်တယ်လို့ ရှင်ပြောထားတာမို့ ဒီတစ်ခါတော့ အပိုတွေ ထည့်ပေးထားတယ်”

ပြောပြီးနောက် သူမ မီးဖိုချောင်ထဲသို့ ဝင်ပြီး ပြင်ဆင်သည်။

လုယုံချန်း စူးစမ်းလိုစိတ် ဖြစ်ပေါ်လာ၏။ ငရုတ်ကောင်းကို စွပ်ပြုတ်ထဲမှာ သုံးလို့ရသည်လော။ နို့နှစ်ရောင် စွပ်ပြုတ်ကလည်း စားချင်စဖွယ် ကောင်းလှပြီး ငုံးကင်ကလည်း ရှိသေး၏။ သူ နှစ်မျိုးလုံးကို မစားရသေးဘဲ မြည်းကြည့်ချင်နေမိသည်။။

“ဟွာကျွင်း... နေဦး”

လုယုံချန်း သူမကို အမြန်တားလိုက်ကာ ဆိုလေ၏။

“ငါ သေချာ ပြန်စဉ်းစားကြည့်လိုက်ဦးမယ်။ မနက်ဖြန်ကျရင် အဘွားလုရဲ့ သွေးခုန်နှုန်းကိုလည်း ထပ်စမ်းဖို့ လိုသေးတာပဲ။ ငါ သဘက်ခါမှပဲ ထွက်တော့မယ်”

ဟွာကျွင်း သူ့ကို ပြုံးပြလိုက်၏။

“ကောင်းပါပြီ... ဒါဆို မနက်ဖြန် ညနေကျရင်လည်း ဒီကို လာစားပါဦး။ မနက်ဖြန်တော့ ကျွန်မ ငါး မုန်ညင်းချဉ် ရောင်းဖို့ စီစဉ်ထားတယ်”

“ကောင်းပြီ။ ကောင်းပြီ”

လုယုံချန်းမှာ အလွန်ပင် ကျေနပ်သွားသည်။ သူ လက်နှစ်ဖက်ကို နောက်ပစ်လျက် အပြင်သို့ ထွက်လာ၏။ လုမင်ကျဲကမူ အစားအသောက် အိတ်ကြီးများကို သယ်ဆောင်ကာ ဘေးမှ လိုက်ပါလာသည်။ သမားတော်ကြီးလုက တစ်ချက်တစ်ချက်တွင် ဟင်းရည်များ မဖိတ်စေရန် ဂရုစိုက်ဖို့ သတိပေးနေ၏။

လုမင်လီသည် အနောက်ဆုံးမှ လိုက်လာကာ ဟွာကျွင်းအနားသို့ တိုး၍ တိုးတိုးလေး ပြောသည်။

“ငါ အဘွားကို မေးကြည့်ပြီးပြီ။ ပုလဲအရေအတွက်က မင်းပြောတာနဲ့ မတူဘူး။ တကယ်တော့ ပုလဲလုံးကြီး (၉၉) လုံးနဲ့ ပုလဲလုံးသေး (၁၀၄) လုံး ရှိတာပါ”

ဟွာကျွင်းမှာ ဝေခွဲမရ ဖြစ်သွားရ၏။

“ငါးလုံးတောင် လိုနေတာလား။ မဖြစ်နိုင်တာ။ အဘိုးလုက အဲဒီပန်းချီကားကို ဆယ်စုနှစ်နဲ့ချီ လေ့လာထားတာဆိုတော့ အသေးစိတ်ကို အကုန်သိနေတာလေ”

လုမင်လီ ပြောလိုက်သည်။

“ဒါဆိုရင် အဲဒီပန်းချီကားထဲက အမျိုးသမီးက ငါ့အဒေါ် မဟုတ်တာလည်း ဖြစ်နိုင်တယ်။ ဒါဆို ပန်းချီကားထဲက အမျိုးသမီးက ဘာလို့ ပန်းရောင်ဝတ်စုံ ဝတ်ထားရလဲဆိုတာ ရှင်းပြလို့ ရသွားပြီ”

“ဒါဆိုရင် လုမိသားစုက ရှင့်ရဲ့ မျိုးဆက်တွေ မဟုတ်နိုင်ဘူးလား”

အခန်း (၄၂)

ငရုတ်ကောင်း ဝက်အူသိမ် နှင့် ကြက်စွပ်ပြုတ်

ငါးမုန့်ညင်းချဉ် ချက်ပြုတ်ရသည်မှာ ရိုးရှင်းလှ၏။ ဟွာကျွင်း ကုန်ကြမ်းပေးသွင်းသူများနှင့် ရင်းနှီးနေပြီ ဖြစ်သဖြင့် သူမ ဆိုင်သို့ သွားချိန်တွင် အရာအားလုံးမှာ အဆင်သင့် ဖြစ်နေပြီး ကားပေါ်သို့ တိုက်ရိုက် တင်ဆောင်နိုင်သည်။

ငါးမှာ အရသာရှိရုံသာမကဘဲ အချဉ်နှင့် အစပ်အရသာရှိသော ဟင်းရည်မှာ ထမင်းနှင့် တွဲဖက်စားပါက ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် အလွန်ပင် ခံတွင်းမြိန်စေနိုင်၏။

နောက်ထပ် ဟွာကျွင်းသည် သွင်းကုန် စူပါမားကတ်တစ်ခုမှ ဓာတုပစ္စည်း ကင်းစင်သော ဒိန်ချဉ်အချို့ကို ဝယ်ယူလိုက်သည်။ ထိုဒိန်ချဉ်၏ ပါဝင်ပစ္စည်း စာရင်းမှာ သူမ မျက်နှာထက်ပင် ပို၍ သန့်ရှင်းနေသေး၏။

ထို့နောက် သူမ နို့လက်ဖက်ရည်ဆိုင်သို့ သွားကာ ချိုချိုချဉ်ချဉ် အရသာရှိသော 'သရက် ၊ ကျွဲကော် သာကူ' နှစ်ခွက်ကို ဝယ်ယူလိုက်ပြန်သည်။

ခေတ္တမျှ တွေးတောပြီးနောက် ဟွာကျွင်း ကိုရီးယား ထမင်းသုပ် တစ်ပွဲကိုလည်း ဝယ်လိုက်၏။ အကယ်၍ မင်းသမီးက ကြိုက်နှစ်သက်လျှင် နောင်တွင် မုန့်ဆိုင်၌ ထမင်းသုပ်များကိုပါ ရောင်းချနိုင်ပေသည်။

သူမ စူပါမားကတ်တွင် ပစ္စည်းကြည့်နေစဉ် ဖုန်းမှ မက်ဆေ့ချ်သံ မြည်လာပေသည်။ ဟွာကျွင်း ဝီချက်ကို ဖွင့်ကြည့်လိုက်ရာ လုကျောက် ထံမှ ဖြစ်နေ၏။

“ဟွာကျွင်း... ကျွန်တော် ဆွဲကြိုးကို ပညာရှင်တွေနဲ့ စစ်ဆေးခိုင်းပြီးပါပြီ။ တကယ်ကို အားနာပါတယ်၊ သူတို့က အကောင်းဆုံး ပြန်ပြင်ပေးဖို့ ကြိုးစားနိုင်ပေမဲ့ စိမ်းပြာငှက်မွှေးရဲ့ အသေးစိတ် အနုစိတ်ချက်တွေကိုတော့ ပြန်ပြင်လို့ မရနိုင်တော့ဘူးတဲ့။ ကျွန်တော် အခု မင်းတို့မြို့မှာ ရောက်နေပါတယ်။ ဒီနေ့ အချိန်ရမလား။ ကျွန်တော် လာပေးပါ့မယ်”

ဟွာကျွင်း ဤရလဒ်မျိုးကို ခန့်မှန်းထားသော်လည်း တိုက်ရိုက် ရင်ဆိုင်ရသည့်အခါ စိတ်ဓာတ် အနည်းငယ် ကျသွားရသည်။

သူမ လုကျောက်နှင့် အနီးအနားရှိ ကော်ဖီဆိုင်တစ်ခုတွင် တွေ့ဆုံရန် ချိန်းဆိုလိုက်ရာ သူသည် အမြန်ပင် ရောက်ရှိလာ၏။

ပိန်ပိန်ပါးပါးနှင့် အရပ်ရှည်ပြီး ရွှေရောင်ကိုင်း မျက်မှန်ကို တပ်ဆင်ထား၏။ ဟွာကျွင်းကို မြင်သည့်အခါ သူ၏ ပါးလွှာသော နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွတ်သွားသည်။

ဟွာကျွင်း လုကျောက်၏ မျက်နှာတွင် လုမင်လီနှင့် ဆင်တူသည့် အချက်အလက်များ ရှိမရှိ အကဲခတ်နေမိ၏။

သူတို့၏ ကိုယ်လုံးကိုယ်ပေါက်မှာ ဆင်တူသော်လည်း မျက်နှာသွင်ပြင်မှာမူ လုံးဝ ကွဲပြားနေသည်။

ဤသည်ကို တွေးမိရင်း ဟွာကျွင်းသည် မိမိကိုယ်မိမိ ရယ်ချင်သွားရ၏။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ မျိုးရိုးဗီဇများမှာ ပြောင်းလဲကုန်ပြီ ဖြစ်သဖြင့် လုမင်လီ၏ မျိုးဆက်များတွင် ဆင်တူယိုးမှားရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။

လုကျောက် သေတ္တာကို ဟွာကျွင်းထံ ကမ်းပေးရင်း အားနာစွာ ဆိုသည်။

“ကျွန်တော် အတော်ဆုံး ပညာရှင်တွေကို ရှာဖွေခဲ့သလို အဘိုးလုနဲ့လည်း တစ်ညလုံး လေ့လာခဲ့ပါတယ်။ ဒါကတော့ ကျွန်တော်တို့ အစွမ်းကုန် လုပ်ဆောင်နိုင်ခဲ့တဲ့ အခြေအနေပါပဲ”

ဟွာကျွင်း သေတ္တာကို ဖွင့်ကြည့်လိုက်ရာ ပုလဲလုံးများကို ပြန်သီထားပြီး ဖြစ်သော်လည်း စိမ်းပြာငှက်မွှေး အနုစိတ်ချက်များမှာမူ ပျက်စီးနေဆဲ ဖြစ်၏။

“စိမ်းပြာငှက်မွှေး အတုတွေနဲ့ အစားထိုးလို့ ရပေမဲ့ မင်း ကို အရင်ဆုံး တိုင်ပင်ရမယ်လို့ ထင်လို့ပါ”

ဟွာကျွင်းက ဆိုသည်။

“ရပါတယ်။ ကျွန်မ သူငယ်ချင်းကို တစ်ချက်မေးကြည့်ဦးမယ်၊ တစ်ခုခု လုပ်လို့ရမလားဆိုတာ”

လုကျောက် စူးစမ်းစွာ မေးမြန်း၏။

“သူငယ်ချင်း ဟုတ်လား။ ဒီဆွဲကြိုးကို ပေးတဲ့သူကို ပြောတာလား”

ဟွာကျွင်း ခေါင်းငြိမ့်ပြကာ လုကျောက်ကို မှာကြားလိုက်သည်။

“ပြန်သွားရင် အဘိုးလုကို ပြောလိုက်ပါဦး၊ ဒီဆွဲကြိုးအပေါ်မှာ အရမ်းကြီး အစွဲအလမ်း မထားပါနဲ့လို့။ ဒါက အဘိုးတို့အိမ်က ရှေးဟောင်းပန်းချီကားထဲက ဆွဲကြိုး မဟုတ်ပါဘူး”

လုကျောက်မှာ နားမလည်နိုင် ဖြစ်သွားရ၏။

“ဘာလို့ အဲဒီလို ပြောတာလဲ။ ဆွဲကြိုးရဲ့ အသေးစိတ်တွေက အကုန်တူနေတာပဲလေ”

ဟွာကျွင်းက ရှင်းပြသည်။

“ဒါပေမဲ့ ပုလဲအရေအတွက်က မတူဘူးလေ။ ကျွန်မသူငယ်ချင်း ပြောတာကတော့ ဒီဆွဲကြိုးမှာ ပုလဲလုံးကြီး (၉၉) လုံးနဲ့ ပုလဲလုံးသေး (၁၀၄) လုံး ရှိရမယ်တဲ့”

လုကျောက် မေးသည်။

“ဒါဆို ကျန်တဲ့ ပုလဲလုံးကြီး ငါးလုံးက ဘယ်ရောက်သွားတာလဲ”

ဟွာကျွင်းက ခန့်မှန်းပြောဆိုလိုက်၏။

“ပါတီခန်းမထဲမှာ ကျန်နေခဲ့တာ ဖြစ်နိုင်သလို၊ မရိုးသားတဲ့လူ တစ်ယောက်ယောက်က ဝှက်ထားတာလည်း ဖြစ်နိုင်တာပေါ့”

“ဒါက တိုက်ဆိုင်မှု ဖြစ်ဖို့ကတော့ အရမ်းခက်တယ်”

သူက ခေတ္တစဉ်းစားပြီးနောက် ဆိုသည်။

“ခန်းမထဲမှာ ကျန်ခဲ့တာဆိုရင် စိတ်မပူပါနဲ့၊ ကျွန်တော် သေသေချာချာ စုံစမ်းပြီး ပြန်ပြောလိုက်ပါမယ်”

ထို့နောက် သူ ထပ်မံမေးမြန်းပြန်၏။

“အားနာပေမဲ့ မေးပါရစေ မစ်ဟွာ... ဟိုတစ်ညက ဝတ်ခဲ့တဲ့ လျိုကွမ်းကျင်း ဝတ်စုံကို ရောင်းဖို့ စိတ်ကူးရှိလား”

ထိုညကလည်း လုကျောက်က ဤမေးခွန်းကို မေးခဲ့ဖူးသော်လည်း ဟွာကျွင်းမှာ စိတ်မကြည်သဖြင့် ဂရုမစိုက်မိခဲ့ပေ။

“ဒါပေမဲ့ ဝတ်ပြီးသား ဖြစ်နေပြီလေ”

လုကျောက် ရယ်မောလျက် ဆိုသည်။

“မစ်ဟွာကလည်း နောက်နေပြန်ပြီ၊ ဘယ်ရှေးဟောင်းပစ္စည်းက အရင်မျိုးဆက်တွေ မသုံးခဲ့တာ ရှိလို့လဲ။ သူ့ရဲ့ တန်ဖိုးက အသစ်လား အဟောင်းလားဆိုတာမှာ မဟုတ်ဘဲ သူ့ရဲ့ လက်ရာနဲ့ သူ သယ်ဆောင်ထားတဲ့ သမိုင်းကြောင်းမှာ ရှိတာပါ”

ဟွာကျွင်း ခေါင်းငြိမ့်လိုက်၏။ လျိုကွမ်းကျင်းမှာ အလွန်တန်ဖိုးကြီးလှသဖြင့် သူမကိုယ်တိုင် သိမ်းထားသည်မှာ နှမြောစရာ ဖြစ်နေပေလိမ့်မည်။ မြတ်နိုးတန်ဖိုးထားသူထံတွင် စုဆောင်းထားခြင်းက ပို၍ ကောင်းမွန်သလို သူမအတွက်လည်း အမြတ်ရနိုင်သည် မဟုတ်လား။

“ဇန်နဝါရီ (၅) ရက်နေ့ကျရင် တောက်လော့ကျူ မှာ သီးသန့် လေလံပွဲတစ်ခု ရှိပါတယ်။ မစ်ဟွာ စိတ်ဝင်စားရင် ယူလာခဲ့ပြီး ပြသကြည့်လို့ ရပါတယ်။ မမျှော်လင့်ထားတဲ့ ဈေးနှုန်းမျိုး ရနိုင်ပါတယ်”

ပြောရင်းနှင့် လုကျောက်က ဟွာကျွင်းထံသို့ ဒစ်ဂျစ်တယ် ဖိတ်စာတစ်ခု ပေးပို့လိုက်သည်။

“ဖိတ်စာကို ပြရုံနဲ့ ဝင်လို့ရပါတယ်။ ဟွာကျွင်းမှာ တခြားပစ္စည်းတွေ ရှိရင်လည်း ယူလာခဲ့လို့ ရပါတယ်။ ကျွန်တော်တို့က ကျွမ်းကျင်တဲ့ ပညာရှင်တွေကိုလည်း ဖိတ်ထားသလို အဘိုးလုလည်း အဲဒီမှာ ရှိနေမှာပါ”

လေလံပွဲလား။ ဟွာကျွင်း ဝတ္ထုများထဲတွင်သာ မြင်ဖူးခဲ့ခြင်း ဖြစ်ရာ ဤတစ်ကြိမ်တွင် သူမကို ဗဟုသုတ တိုးပွားစေနိုင်ပေမည်။

သူမ ပြောလိုက်သည်။

“ကောင်းပါပြီ... ကျွန်မ လာခဲ့ပါ့မယ်”

စစ်သူကြီးလု၏ အိမ်တော်

လုယုံချန်း လုမင်လီ၏ သွေးခုန်နှုန်းကို သေသေချာချာ စစ်ဆေးပြီးနောက် ပြောလာ၏။

“အင်း... အဘက်ဘက်ကနေ ပြန်ကောင်းနေပြီ။ စစ်သူကြီးလုအနေနဲ့ စစ်မြေပြင်မှာ မြင်းစီးပြီး ပြန်လည် စွမ်းဆောင်နိုင်ဖို့ သိပ်မကြာတော့ဘူးလို့ ထင်တယ်။ ခန္ဓာကိုယ် ပြန်လည်အားဖြည့်ဖို့အတွက် ဆေးညွှန်းအသစ်တစ်ခု ရေးပေးခဲ့ပါ့မယ်”

လုမင်လီ လုယုံချန်းကို ကျေးဇူးတင်စကား ဆိုသည်။

“ထူးဆန်းတာက အခုဆိုရင် ကျွန်တော် အိမ်တော်က စားဖိုမှူးတွေ ချက်တဲ့ ဟင်းတွေကိုလည်း စားလို့ရနေပြီ။ ဒါပေမဲ့ အများကြီးတော့ မဟုတ်ဘူးပေါ့”

လုယုံချန်း နားလည်စွာ ဆိုသည်။

“အများကြီး မစားနိုင်တာက ပုံမှန်ပါပဲ။ မင်းက နေ့တိုင်း ဟွာကျွင်း မုန့်ဆိုင်က အစားအစာတွေကို စားနေတာဆိုတော့ တခြားဟာတွေကို ဘယ်လောက်များ စားနိုင်တော့မှာလဲ”

“ဒါနဲ့... ထမင်းစားချိန် ရောက်ပြီ မဟုတ်လား”

လုမင်လီနှင့် သူသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ရယ်မောလိုက်ကြ၏။ လုမင်လီက ဆိုသည်။

“သမားတော်ကြီးလု ပြောမှပဲ ကျွန်တော်လည်း ဗိုက်ဆာလာတော့တယ်။ ဟွာကျွင်း ပြောတဲ့ ဝက်အူသိမ် ငရုတ်ကောင်း နဲ့ ကြက်စွပ်ပြုတ်ကိုလည်း ကျွန်တော် မမြည်းရသေးဘူး။ အတူတူ သွားစားကြတာပေါ့”

အားလုံး စားပွဲတွင် ဝိုင်းထိုင်လိုက်ကြပြီးနောက် အစေခံမလေးများက နွှေးထားသော ဟင်းပွဲများကို တစ်ပွဲပြီးတစ်ပွဲ တည်ခင်းကြသည်။ နောက်ဆုံးတွင် စွပ်ပြုတ်အိုးကြီးကို စားပွဲအလယ်တွင် တင်ကာ အဖုံးကို ဖွင့်လိုက်၏။

ငွေ့ရည်ဖွဲ့ အငွေ့ပျံမှုများနှင့်အတူ ဆွဲဆောင်မှုရှိသော အနံ့မှာ ပျံ့လွင့်လာသည်။ ငရုတ်ကောင်းနံ့နှင့် ကြက်သားနံ့တို့ ပေါင်းစပ်ကာ နှာခေါင်းကို လာရောက် ဆွဲဆောင်နေ၏။

“မွှေးလိုက်တာ”

လုမင်ကျဲက အရင်ဆုံး အော်ဟစ်လိုက်သည်။ သူ အစေခံမလေး ခပ်ပေးသည်ကိုပင် မစောင့်နိုင်တော့ဘဲ လက်ဝေ့ယမ်းကာ ဆို၏။

“ကျွန်တော့်ဘာသာ ကျွန်တော် လုပ်မယ်”

အဘွားလုက လက်ကိုင်တုတ်ဖြင့် ကြမ်းပြင်ကို ထုလိုက်ကာ ဆူပူသည်။

“ယဉ်ကျေးမှု မရှိလိုက်တာ။ မိသားစုချင်း စားနေတာဆိုရင် တစ်မျိုးပေါ့၊ အခု ဧည့်သည်လည်း ရှိနေတာကို”

လုယုံချန်း မျက်လုံးများမှာ စွပ်ပြုတ်အိုးတွင်သာ ရှိနေပြီး တိုးတိုးလေး ရေရွတ်နေ၏။

“ကိစ္စမရှိပါဘူး... ကိစ္စမရှိပါဘူး... မင်ကျဲ၊ မြန်မြန် ခပ်စမ်းပါ”

အဘွားလုက ရယ်မောလျက် ခေါင်းခါလိုက်သည်။

“သူ အဲဒီလို ဖြစ်တာလည်း မဆန်းပါဘူး၊ ဒီစွပ်ပြုတ်က တကယ်ကို မွှေးတာပဲ”

လုမင်လီ အဘွားလုအတွက် တစ်ပွဲခပ်ပေးကာ ဆိုသည်။

“အဘွား... ဖြည်းဖြည်း သောက်ပါဦး၊ ပူလိမ့်မယ်နော်”

နို့နှစ်ရောင်သန်းနေသော စွပ်ပြုတ်ထဲတွင် ဝက်အူသိမ်အပိုင်းများနှင့် ကြက်သားတုံးများ ရှိနေပြီး ဂိုဂျီသီးနီနီများနှင့် ဆီးသီးခြောက်နီများက အလှဆင်ထား၏။ ငရုတ်ကောင်းကို အမှုန့်လုပ်ထားသဖြင့် အနံ့ကိုသာ ခံစားရပြီး အဖတ်များကို မတွေ့ရပေ။

ဝက်အူသိမ်မှာ နူးညံ့နေပြီး ကြက်သားတုံးများမှာမူ အနည်းငယ် ဝါး၍ ကောင်းသော အနေအထားတွင် ရှိ၏။

လုယုံချန်း စွပ်ပြုတ်တစ်ငုံကို မျိုချလိုက်ပြီးနောက် ချီးကျူးသည်။

“ငရုတ်ကောင်းရဲ့ အစပ်အရသာက စွပ်ပြုတ်ထဲမှာ အပြည့်အဝ စိမ့်ဝင်နေတာပဲ၊ အငန်အရသာကလည်း အတော်ပဲ၊ ကြက်သားနဲ့ ဝက်အူသိမ် ပေါင်းစပ်လိုက်တာက ဒီလောက် လတ်ဆတ်တဲ့ အရသာကို ပေးနိုင်လိမ့်မယ်လို့ မထင်ထားဘူး။ သောက်လိုက်ရင် ခံတွင်းထဲမှာ အရသာရှိပြီး နောက်ဆုံးမှ အစပ်အရသာလေး ကျန်ခဲ့တာပဲ၊ ဆီးသီးခြောက်နဲ့ ဂိုဂျီသီးတွေလည်း ပါသေးတယ်”

သူ အံ့ဩနေမိ၏။

“ဒီစွပ်ပြုတ်ကို သောက်လိုက်ရင် အစာအိမ်တစ်ခုလုံး နွေးသွားတာပဲ၊ တကယ်ကို ကောင်းတဲ့ စွပ်ပြုတ်ပဲ။ အဘွားတို့လို လူကြီးတွေနဲ့ စစ်သူကြီးလုလို အစာအိမ် အားနည်းတဲ့သူတွေအတွက် အထူးသင့်တော်တယ်”

အဘွားလု ပြုံးလျက် ပြန်ပြောသည်။

“ကောင်းတယ်... အားလုံး သောက်ကြ၊ အများကြီး သောက်ကြ”

“အရင်တုန်းကတော့ အသားမဝယ်နိုင်တဲ့ ဆင်းရဲသားတွေက ဝက်ကလီစာတွေကို ဈေးပေါပေါနဲ့ ဝယ်စားကြတယ်လို့ ကြားဖူးတယ်။ အစကတော့ မျိုချဖို့ ခက်မယ်လို့ ထင်ထားတာ၊ အခုလို ချက်လိုက်ရင် ဒီလောက် အရသာရှိတဲ့ ဟင်းတစ်ခွက် ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး”

အဘွားက ချီးကျူးလိုက်၏။

သမားတော်ကြီးလု အဘွားလုကို ပြောလိုက်သည်။

“ဒါဆိုရင် အဘွား မနေ့ညက ဝက်လက်စတူးကို မစားလိုက်ရတာ နှမြောစရာပဲ။ ဝက်လက်က အရမ်းနူးညံ့ပြီး ပါးစပ်ထဲမှာ အရည်ပျော်သွားတာ၊ အနံ့ကလည်း တကယ်စွဲမက်စရာပဲ။ ဆင်းရဲသားတွေက ကျွန်တော်တို့ထက် ပိုပြီး ကောင်းကောင်း စားနေရတာလားလို့တောင် ထင်မိတယ်”

လုမင်လီ အေးစက်စွာ ပြန်ပြောလေ၏။

“သမားတော်ကြီးလု... ခင်ဗျားက တကယ့် ဆင်းရဲသားတွေကို မမြင်ဖူးသေးလို့ပါ။ သူတို့က ဝက်လက် ဒါမှမဟုတ် ဝက်အူသိမ်ကို တစ်သက်လုံး မြင်ဖူးချင်မှ မြင်ဖူးကြမှာ၊ တောထဲက ဟင်းရွက်တွေကိုပဲ ဝမ်းဗိုက်ဖြည့်ဖို့ အားကိုးနေကြရတာ”

အဘွားလုက ခေါင်းငြိမ့်ပြသည်။

“အခုဆို ကျန်းနန်ဘက်မှာ ရေကြီးနေတော့ ဒုက္ခသည်တွေ ဘယ်လောက်တောင် များနေမလဲ မသိဘူး။ မြို့ထဲမှာလည်း ဆန်ဈေးတွေ တက်နေတယ်လို့ ကြားတယ်”

ထိုစကားကို ကြားသည့်အခါ အားလုံးမှာ တိတ်ဆိတ်သွားကြပြီး မိမိတို့ လက်ထဲရှိ ထမင်းကို ပိုမို တန်ဖိုးထား၍ စားသောက်ကြသည်။

စားသောက်ပြီးနောက် သမားတော်ကြီးလုသည် ကျေနပ်စွာဖြင့် သူ့အခန်းသို့ ပြန်သွားကာ ကြက်စွပ်ပြုတ် ချက်နည်းကို ပြန်လည် စဉ်းစားနေမိ၏။

လုညီအစ်ကိုတို့မှာမူ အဘွားလုနှင့် စကားပြောရန် ကျန်ရစ်ခဲ့သည်။

အဘွားလုက ချီးကျူးလိုက်၏။

“ဒီစွပ်ပြုတ်က တကယ် အရသာရှိတာပဲ။ အခုတလော ရာသီဥတုက အေးလာတော့ မနက်နိုးရင် မီးဖိုလေး မရှိရင် လမ်းတောင် မလျှောက်နိုင်သလို ခံစားရတာ။ အခု ဒီစွပ်ပြုတ် သောက်လိုက်တော့ တစ်ကိုယ်လုံး နွေးသွားတာပဲ”

လုမင်လီက ဆိုသည်။

“အဘွား ချမ်းတယ်ဆိုရင် မြေးမှာ အဘွားအတွက် သင့်တော်တဲ့ အဝတ်အစား ကောင်းကောင်းတစ်ထည် ရှိတယ်”

အဘွားလုက ခေါင်းခါပြ၏။

“မြေးပေးထားတဲ့ မြေခွေးသားအင်္ကျီတွေ၊ ဖျံမွှေးအင်္ကျီတွေ အများကြီး ရှိပါတယ်၊ အဲဒါတွေနဲ့တင် လုံလောက်ပါပြီ”

လုမင်လီက အစေခံကို ခေါ်၍ အောက်ခံမွှေး(အင်္ကျီအတွင်း အမွှေး) ပါသော အနွေးထည် ကို ယူလာခိုင်းလိုက်ကာ ဆိုသည်။

“ဒါက မြေခွေးသားနဲ့ မတူပါဘူး၊ အဘွား စမ်းဝတ်ကြည့်ပါဦး”

အနွေးထည်မှာ အလွန်ကြီးမားလှသဖြင့် အဘွားလု ဝတ်လိုက်သည့်အခါ စောင်ကြီးတစ်ထည်ကို လွှမ်းထားသကဲ့သို့ ခန္ဓာကိုယ်ကို ပေါ့ပေါ့ပါးပါး ပတ်ထားသည်။ မကြာမီမှာပင် အဘွားလုသည် ၎င်းကို ပြန်ချွတ်ချင်လာ၏။

“ဘာလို့ ချွေးတွေ ထွက်လာရတာလဲ။ ဒါကို ဘာအင်္ကျီလို့ ခေါ်လဲ။ ပေါ့တော့ ပေါ့ပါရဲ့၊ ဝတ်ထားရတာ တကယ်ကို ပူတာပဲ”

လုမင်လီ ရှင်းပြသည်။

“ဒါကို ဟွာကျွင်း ကျွန်တော့်ကို ပေးထားတာပါ၊ အနွေးထည်လို့ ခေါ်တယ်။ ငန်းတွေရဲ့ ရင်ဘတ်က အနုဆုံး အမွှေးတွေနဲ့ လုပ်ထားတာတဲ့။ ကျွန်တော် နှင်းထဲမှာ လမ်းလျှောက်ရင် ဒါကို ဝတ်လေ့ရှိတယ်၊ အေးစက်တဲ့ လေတွေ လုံးဝ မဝင်နိုင်ဘူး”

အဘွားလု ထိုအနွေးထည်ကို သေသေချာချာ ပွတ်သပ်ကြည့်ကာ အစေခံမလေးကို ဂရုတစိုက် သိမ်းခိုင်းလိုက်၏။

ထို့နောက် သူမက ဆိုသည်။

“ဟွာကျွင်းက တကယ်ပဲ ငါတို့မိသားစုအတွက် ကံကောင်းစေတဲ့ ကြယ်လေးပဲ။ သူသာ မရှိရင် မြေး ဘယ်လိုတောင် ခံစားနေရမလဲ မသိဘူကွယ်....”

လုမင်လီက အဘွား၏ လက်ကို ဆုပ်ကိုင်ကာ ဆိုလေ၏။

“အဘွား... ဝမ်းမနည်းပါနဲ့တော့။ ကြည့်ပါဦး၊ ကျွန်တော် အခု အဆင်ပြေနေပြီ မဟုတ်လား”

အဘွားလုက မှာကြားသည်။

“ဟွာကျွင်းက တစ်ယောက်တည်း ရုန်းကန်နေရတာ မလွယ်ဘူး။ မြေးက သူ့ကို ငွေတွေ အများကြီး ပေးရမယ်၊ သူ့အပေါ် မတရား မလုပ်နဲ့နော်”

All Chapters