← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉)

ငွေကြေးစစ်ဆေးခြင်း

ကျိုးရှန်းရှန်း ေပြာလုိက်သည်။

“ဟွာကျွင်းရဲ့ မိသားစုက ဆင်းရဲတာမှန်ပေမဲ့ တစ်ယောက်ယောက်က သူ့ကို အဲဒီ လျိုကွမ်းကျင်း ဝတ်စုံကို ပေးခဲ့တာ ဖြစ်မှာပါ၊ ဒါကြောင့် ရင်းမြစ်ကတော့ မသိနိုင်ဘူးပေါ့”

ရှန်းလင်ယီ နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း အေးစက်စွာ ပြောသည်။

“ဒီအရွယ် မိန်းကလေးတွေက လူကုံထံလောကထဲ တိုးဝင်နိုင်ဖို့ဆိုရင် ဘာမဆို လုပ်ကြတာပဲ”

ကျိုးရှန်းရှန်း သူမအကြောင်းကို ရှန်းလင်ယီအား ကုန်းချောစကားများစွာ ပြောထားခဲ့ပုံရ၏။ ထို့ကြောင့် ဟွာကျွင်း မေးမြန်းလိုက်သည်။

“မစ္စရှန်း... ရှင့်မှာ ကျွန်မအပေါ် တစ်ခုခု နားလည်မှုလွဲနေတာ ရှိလို့လား။ ရှင် အခုပြောလိုက်တာက ဘာကို ဆိုလိုတာလဲ။ ကျွန်မ နားမလည်ဘူး”

ရှန်းလင်ယီမှာ အလွန်ပင် မာန်မာနကြီးလှ၏။

“ကျွန်မ ဘယ်သူ့နာမည်ကိုမှ တပ်မပြောခဲ့ဘူး၊ ဒါကြောင့် မစ္စဟွာအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အလျင်စလို အထင်မရောက်ပါနဲ့ဦး။ ဒါပေမဲ့ ရှန်းရှန်း ပြောတာကတော့ အမှန်ပဲ။ ဒါက ရှင် လာရမယ့် နေရာမျိုး မဟုတ်ဘူး။ ရှေးဟောင်းပစ္စည်းတွေက ဘယ်ကလာသလဲဆိုတာ မမေးမြန်းဘူးဆိုပေမဲ့ ရှင့်မှာတော့ အရင်က မှတ်တမ်းဆိုး ရှိခဲ့ဖူးတယ်။ တောက်လော့ကျူက ရှင့်ရဲ့ ပစ္စည်းတွေကို လက်ခံမှာ မဟုတ်ဘူး၊ လျိုကွမ်းကျင်း ဝတ်စုံဆိုရင်တောင်မှပေါ့”

ကျိုးရှန်းရှန်း ချက်ချင်း ကြားဖြတ် ပြောဆိုသည်။

“ဟုတ်တယ် ဟွာကျွင်း... ရှင် အထဲဝင်လို့ မရဘူး။ ကျွန်မက ရှင့်ကောင်းကျိုးအတွက် ပြောနေတာပါ။ ကျွန်မတို့ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေကို သီးသန့်ပဲ ဖြေရှင်းကြတာပေါ့။ လူအများကြီး ရှေ့မှာ ဒီလို ဖြစ်ပျက်နေတာ မကောင်းပါဘူး”

ပတ်ဝန်းကျင်ရှိ လူအများအပြားမှာလည်း ဟွာကျွင်းကို လက်ညှိုးထိုးကာ ဝေဖန်နေကြပြီ ဖြစ်၏။

“သူပဲ... လွန်ခဲ့တဲ့ ရက်ပိုင်းက လျိုကွမ်းကျင်း ဝတ်စုံ ဝတ်ထားလို့ နာမည်ကြီးနေတဲ့ မိန်းကလေးလေ။ သူ့မိသားစုက အရမ်းဆင်းရဲပြီး မိဘမဲ့တစ်ယောက်လို့ ကြားတယ်။ အဲဒီ လျိုကွမ်းကျင်း ဝတ်စုံကို ဘယ်ကရသလဲဆိုတာ ဘယ်သူမှ မသိကြဘူး”

“အင်တာနက်ပေါ်က နာမည်ကြီးလေး တစ်ယောက်က ဒီလိုနေရာမျိုးကို ဘယ်လို ရောက်လာတာလဲ”

“သူက ဒီအခွင့်အရေးကို သုံးပြီး နာမည်ကြီးအောင် လုပ်ချင်တာ နေမှာပေါ့။ ကိုယ့်အခြေအနေကိုယ်လည်း မသိဘူး”

“သူက ကျိုးမိသားစုရဲ့ သမီးနဲ့ အတန်းဖော်လို့ ကြားတယ်။ သူ့ ဆွဲကြိုးကို ခိုးခဲ့တာ ဖြစ်နိုင်တယ်”

“အဲဒီလိုလား။ ဒါဆို ဒီ လျိုကွမ်းကျင်း ဝတ်စုံကရော ပြဿနာ ရှိနိုင်တာပေါ့။ လုမိသားစုက ဘယ်လိုဖြစ်လို့ ဒီလိုလူမျိုးကို အထဲပေးဝင်တာလဲ”

ကျိုးရှန်းရှန်း ပတ်ဝန်းကျင်မှ ဝေဖန်သံများကို ကြားလိုက်ရ၏။ သူမ ရည်ရွယ်ချက် အောင်မြင်သွားသည်ကို တွေ့ရသဖြင့် နှုတ်ခမ်းထောင့်များမှာ မသိမသာ ပြုံးယောင်သန်းသွားသည်။

ဟွာရှန့်မှာ ဖြစ်ပျက်နေသည်ကို နားမလည်သော်လည်း သူမ၏ ဆဋ္ဌမအာရုံက ထိုလူများသည် သူမ အစ်မအပေါ် မကောင်းသော ရည်ရွယ်ချက် ရှိနေကြသည်ဟု ပြောနေ၏။ သူမက အကျယ်ကြီး အော်ပြောလိုက်သည်။

“လျှောက်မပြောကြနဲ့။ ကျွန်မအစ်မက ကမ္ဘာပေါ်မှာ အကောင်းဆုံး လူပဲ”

ဟွာကျွင်း ဟွာရှန့်၏ ကျောပြင်ကို အသာအယာ ပုတ်ပေးကာ စိတ်အေးအောင် ချော့မော့လိုက်လေ၏။ ထို့နောက် သူမ ရှေ့သို့ လှမ်းတက်လိုက်ကာ ဆိုသည်။

“မစ္စရှန်းက ကျွန်မမှာ မှတ်တမ်းဆိုး ရှိတယ်လို့ ပြောခဲ့တယ်။ ကျွန်မ ထောင်ကျခဲ့တာ၊ အချုပ်ခံခဲ့ရတာမျိုး ရှိဖူးလို့လား။ ဒါမှမဟုတ် တစ်ဆင့်စကားတွေကို နားထောင်ပြီး ကျွန်မကို တစ်ဖက်သတ် အပြစ်ပေးနေတာလား။ တစ်ခု သတိပေးချင်တာက ကောလာဟလတွေ ဖြန့်တာက ဥပဒေအရ တာဝန်ရှိတယ်ဆိုတာ မစ္စရှန်း နဲ့ မစ္စကျိုးတို့ သိထားသင့်တယ်”

ရှန်းလင်ယီ ပြောလိုက်၏။

“ကောလာဟလ ဖြန့်တာ ဟုတ်လား။ ဟဟ... သက်ဆိုင်သူတွေအားလုံး ဒီမှာ ရှိနေတာပဲလေ။ ကျွန်မက ကောလာဟလ ဖြန့်နေဖို့ လိုသေးလို့လား”

“ဟုတ်ပြီလေ၊ သက်ဆိုင်သူတွေအားလုံး ဒီမှာ ရှိနေမှတော့ ကျိုးရှန်းရှန်းနဲ့ အတူတူ ဒီကိစ္စကို ပြန်ပြီး သုံးသပ်ကြည့်တာပေါ့”

ကျိုးရှန်းရှန်း ညင်သာစွာ ဆိုသည်။

“ဟွာကျွင်း... ရှင်က အမြဲတမ်း သူတစ်ပါးရဲ့ စေတနာကို အလွဲကောက်နေရတာလား”

လုံခြုံရေးဝန်ထမ်းက ဆူညံသံများကို သတိထားမိသဖြင့် လျှောက်လာကာ မေးမြန်းလေ၏။

“မစ္စရှန်း၊ မစ္စကျိုး... ဘာဖြစ်ကြတာလဲခင်ဗျာ”

ရှန်းလင်ယီ ပြောလိုက်သည်။

“မျက်လုံးကို သေသေချာချာ ဖွင့်ထားကြစမ်း။ ဘယ်ကမှန်းမသိတဲ့ လူတွေကို အထဲပေးမဝင်နဲ့။ တစ်ခုခု ဖြစ်လာရင် နင်တို့ တာဝန်ယူရမှာနော်”

လုံခြုံရေးဝန်ထမ်းက နားလည်သွားပြီး ဟွာကျွင်းကို ကြည့်ကာ မေးမြန်းလိုက်၏။

“မင်္ဂလာပါ မစ္စ... မင်းမှာ ဖိတ်စာ ရှိပါသလား”

ဟွာကျွင်း ခေါင်းငြိမ့်ပြကာ သူမ၏ ဖုန်းထဲမှ အီလက်ထရွန်နစ် ဖိတ်စာကို ဖွင့်၍ ပြလိုက်သည်။

သေသေချာချာ စစ်ဆေးပြီးနောက် လုံခြုံရေးဝန်ထမ်းက ပြောလိုက်၏။

“မစ္စဟွာ... မင်းရဲ့ ဖိတ်စာက စစ်မှန်ပြီး အတည်ဖြစ်ပါတယ်။ အထဲကို ဝင်နိုင်ပါပြီ”

“နေဦး”

ကျိုးရှန်းရှန်း ဟွာကျွင်းကို တားလိုက်၏။

ဟွာကျွင်းက သူမကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်ကာ မေးမြန်းသည်။

“ရှင် ဟန်မဆောင်တော့ဘူးလား။ ကျွန်မမှာ ဖိတ်စာ ရှိတယ်၊ ကျွန်မကို အထဲမဝင်အောင် တားဖို့ ရှင့်မှာ ဘာအကြောင်းပြချက် ရှိလို့လဲ”

ကျိုးရှန်းရှန်းမှာ အနည်းငယ် စကားထစ်သွားသော်လည်း အကြောင်းပြချက် တစ်ခုကို ရှာတွေ့သွားကာ ပြောသည်။

“ဖိတ်စာ ရှိရင်တောင်မှ ရှင်က တောက်လော့ကျူရဲ့ အသင်းဝင်လား။ ပြီးခဲ့တဲ့တစ်ခေါက် ရှင် ဒီကို လာနိုင်ခဲ့တာက ကျွန်မရဲ့ အဆက်အသွယ်ကြောင့်လေ။ ဒါပေမဲ့ ဒီနေ့လို အခမ်းအနားမျိုးအတွက်ကျတော့ ကျွန်မက ရှင့်ကို ဖိတ်ဖို့ ရည်ရွယ်ထားပေမဲ့ ဒီအတိုင်း အထဲပေးဝင်လိုက်ရင်တော့ လူတိုင်းအတွက် မကောင်းဘူးလို့ ထင်တယ်”

သူမသည် ဆုံးဖြတ်ချက် တစ်ခုခု ချပေးရန် ရှန်းလင်ယီကို ကြည့်လိုက်၏။ ရှန်းလင်ယီသည် ဟွာကျွင်း၏ ဖုန်းထဲမှ ဖိတ်စာကို မြင်တွေ့ခဲ့ပြီး ဖြစ်ရာ ၎င်းမှာ လုကျောက် ကိုယ်တိုင် ပေးထားခြင်း ဖြစ်သည်ကို သိလိုက်၏။ ပုံမှန်ဆိုလျှင် ဟွာကျွင်းမှာ အထဲဝင်ခွင့် ရှိပေသည်။

သို့သော် ကျိုးရှန်းရှန်း ပြောသည့် စကားမှာလည်း မှန်ကန်နေသလို ကျိုးမိသားစုကိုလည်း မျက်နှာသာ ပေးချင်နေမိ၏။

ထို့ကြောင့် သူမ အမှန်တစ်ဝက် အမှားတစ်ဝက် ရွေးချယ် ပြောဆိုလိုက်သည်။

“တောက်လော့ကျူမှာ အသင်းဝင်တွေပဲ ဝင်လို့ရတယ်ဆိုတဲ့ စည်းကမ်း ရှိတာတော့ အမှန်ပဲ”

ဟွာကျွင်း ရယ်ချင်စိတ်ကို ထိန်းကာ ဆိုလိုက်၏။

“ဒါဆို ရှင်တို့က ဘာဖြစ်စေချင်တာလဲ။ ကျွန်မကို အခုချက်ချင်း အသင်းဝင်ခိုင်းမလို့လား”

ရှန်းလင်ယီက နှုတ်ခမ်းကို တွန့်လိုက်ရင်း ဆိုသည်။

“အသင်းဝင် ဆိုတာက ရှင် ဖြစ်ချင်တိုင်း ဖြစ်လို့ရတဲ့ အရာမျိုး မဟုတ်ဘူး”

ဟွာကျွင်းက ဖုန်းကို မြှောက်ပြကာ မေးမြန်းလိုက်၏။

“ဒါဆို မစ္စတာလု ပေးတဲ့ ဖိတ်စာက စက္ကူစုတ် တစ်ခုပဲပေါ့ ဟုတ်လား”

ကျိုးရှန်းရှန်း အကြံတစ်ခု ပေးလိုက်သည်။

“အဲလိုတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ တခြား အသင်းဝင်တွေရဲ့ အကျိုးအတွက် အသင်းဝင် လုပ်ထုံးလုပ်နည်းကို ရိုးရှင်းအောင် လုပ်လိုက်ရင်ရော ဘယ်လိုလဲ။ ရှင် အထဲဝင်နိုင်ဖို့အတွက် ငွေကြေးပိုင်ဆိုင်မှု စစ်ဆေးခြင်း ကို အောင်မြင်ဖို့ပဲ လိုပါတယ်”

တောက်လော့ကျူ၏ အသင်းဝင် ဖြစ်ရန်အတွက် ငွေကြေးပိုင်ဆိုင်မှု ယွမ် (၁၀) သန်း ရှိကြောင်း သက်သေပြရန် လိုအပ်၏။ ဟွာကျွင်း၌ ထိုမျှလောက်သော ငွေကြေး မရှိနိုင်ကြောင်း ကျိုးရှန်းရှန်းက သေချာပေါက် ယူဆထားသည်။ စပွန်ဆာအဘိုးကြီးများက မိန်းကလေးတစ်ယောက်ကို ယွမ် (၁၀) သန်းလောက် ပေးထားမည် မဟုတ်ပေ။

“တကယ်လို့ ရှင် အဲဒီ (၁၀) သန်းကို မပြနိုင်ရင်တော့ တောင်းပန်ပါတယ်၊ ရှင့်မှာ အထဲဝင်ဖို့ အရည်အချင်း မရှိဘူးလို့ပဲ ပြောရမှာပဲ”

ဟွာကျွင်းသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။ လူအများအပြားမှာ သူမနှင့် ဟွာရှန့်ကို လက်ညှိုးထိုးပြကာ တိုးတိုးတိုးတိုး ပြောဆိုနေကြသည်။ ဟွာကျွင်း တွေးမိလေလေ ပို၍ ဒေါသထွက်လေလေ ဖြစ်ရ၏။ လုကျောက်သာ သူမကို ထပ်တလဲလဲ မဖိတ်ခဲ့လျှင် သူမသည် ဤကဲ့သို့ မာန်မာနကြီးသော သူဌေးများ၏ ဝေဖန်ခြင်းကို ခံရန် လေလံပွဲသို့ လာမည် မဟုတ်ပေ။ သူမ ဤအရာကို သည်းခံမည် မဟုတ်တော့ပေ။

“ဒါ တောက်လော့ကျူရဲ့ သဘောထားပေါ့။ ဒါဆိုမစ္စရှန်းကဘဲ မစ္စတာလုကို ပြောပေးလိုက်ပါ၊ ကျွန်မ အထဲမဝင်တော့ဘူး”

ဟွာကျွင်းသည် ဟွာရှန့်ကို ဆွဲပြီး ထွက်ခွာရန် ပြင်လိုက်သည်။

ရှန်းလင်ယီ၏ လှောင်ပြောင်သံမှာ နောက်ဘက်မှ ထွက်ပေါ်လာ၏။

“ငွေကြေးစစ်ဆေးမယ်ဆိုတာနဲ့ သူ ထွက်သွားမှာမှန်း သိရင် စောစောကတည်းက စကားတွေ အများကြီး ပြောနေစရာ မလိုပါဘူး”

သူမ ခြေလှမ်းအနည်းငယ်မျှ မလှမ်းရသေးမီမှာပင် လုကျောက်သည် လူအချို့နှင့်အတူ ထွက်လာသည်။ ဤမြင်ကွင်းကို မြင်သည့်အခါ သူက ဟွာကျွင်းကို အလျင်အမြန် လှမ်းခေါ်လိုက်၏။

“မစ္စဟွာကျွင်း... မင်း ရောက်နေပြီပဲ၊ ဘာလို့ အထဲမဝင်တာလဲဟင်။ ကျွန်တော့်ရဲ့ အဘိုးက ခုနတင် မင်းအကြောင်း ပြောနေတာ၊ ဒါကြောင့် မင်းကို ထွက်ကြိုခိုင်းလိုက်တာပါ”

ဟွာကျွင်း လှည့်ကြည့်လိုက်ပြီး လုကျောက်ကို အသံကျယ်ကျယ်ဖြင့် ဆိုသည်။

“ရှင့်ရဲ့ တောက်လော့ကျူက အရမ်း ခမ်းနားတာပဲနော်။ ရှင်ပေးတဲ့ ဖိတ်စာနဲ့တောင် ကျွန်မ အထဲဝင်လို့ မရဘူး။ ဒါဆို မစ္စတာလု... ရှင် ကျွန်မကို နောက်နေတာလား”

လုကျောက်သည် ရှန်းလင်ယီနှင့် ကျိုးရှန်းရှန်းတို့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ရှန်းလင်ယီ၏ မျက်နှာကို စိုက်ကြည့်ကာ မေးလိုက်၏။

“ဘာတွေ ဖြစ်နေတာလဲ။ ငါ့ကို ရှင်းပြစမ်း”

ကျိုးရှန်းရှန်း အလျင်အမြန် စကားစလိုက်လေ၏။

“မစ္စတာလု... ဟွာကျွင်းမှာ ဖိတ်စာ ရှိတာမှန်ပေမဲ့ သူက ရှင့်ရဲ့ ကလပ်မှာ အသင်းဝင် မဟုတ်ဘူးလေ။ သူက အရင်က…”

လုကျောက်က စိတ်မရှည်စွာဖြင့် ကြားဖြတ် ပြောဆိုလိုက်၏။

“မစ္စကျိုး... မစ္စဟွာကျွင်းကို ကျွန်တော့်ရဲ့ အဘိုးနဲ့ ကျွန်တော် ကိုယ်တိုင် ဖိတ်ကြားထားတာပါ။ ကျွန်တော့်ရဲ့ ဧည့်သည်တွေကို ဘာလုပ်ရမယ်ဆိုတာ မင်း လာပြီး အမိန့်ပေးစရာ မလိုပါဘူး”

ရှန်းလင်ယီ ရှင်းပြသည်။

“သူက အသင်းဝင် မဟုတ်သလို တခြား ဧည့်သည်ကလည်း ခေါ်လာတာ မဟုတ်တဲ့အတွက် ငွေကြေးစစ်ဆေးမှု လုပ်ရင် လုံလောက်မယ်လို့ ကျွန်မ ထင်လို့ပါ”

လုကျောက် ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

“အဓိပ္ပာယ် မရှိတာ။ ငါ ကိုယ်တိုင် ဖိတ်ထားတဲ့သူက ငွေကြေးစစ်ဆေးစရာ မလိုဘူး။ တကယ်လို့ ငါ ထွက်မကြည့်ခဲ့ရင် သူ ဒေါသထွက်ပြီး ထွက်သွားနေပြီ။ အကျိုးဆက်ကို နင် တာဝန်ယူမှာလား”

ထို့နောက် သူ ဟွာကျွင်းကို ရိုးသားစွာ ပြောလိုက်၏။

“မစ္စဟွာ... တကယ်ပဲ တောင်းပန်ပါတယ်။ ဒါ ကျွန်တော့်ဘက်က ညှိနှိုင်းမှု မကောင်းခဲ့လို့ပါ။ ဖြစ်ခဲ့တာတွေကို ခွင့်လွှတ်ပေးစေချင်ပါတယ်”

ထို့နောက် သူ ရှန်းလင်ယီကို ကြည့်လိုက်ရာ သူမမှာလည်း လူကျောက်၏ အကြည့်အောက်တွင် တောင်းပန်လိုက်ရသည်။

“မစ္စဟွာ... တကယ်ပဲ တောင်းပန်ပါတယ်။ ဒါ ကျွန်မရဲ့ အမှားပါ”

ဟွာကျွင်း ပြုံးကာ ပြောလိုက်သည်။

“မစ္စရှန်းမှာ ဘာအမှား ရှိလို့လဲ။ တောက်လော့ကျူမှာ ငွေကြေးစစ်ဆေးရမယ်ဆိုတဲ့ စည်းကမ်း မရှိလို့လား”

ရှန်းလင်ယီ ပြန်ဖြေသည်။

“ရှိတာတော့ ရှိပါတယ်၊ ဒါပေမဲ့ ရှင့်ကို လုကျောက်က ကိုယ်တိုင် ဖိတ်ထားတာဆိုတော့ စစ်ဆေးစရာ မလိုတော့ပါဘူး”

ဟွာကျွင်း သူမ အိတ်ထဲမှ ဘဏ်ကတ်တစ်ခုကို ထုတ်လိုက်ပြီး ဆိုသည်။

“စည်းကမ်း ရှိတယ်ဆိုမှတော့ စစ်ဆေးကြည့်တာပေါ့။ ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို တခြား ပုံစံအမျိုးမျိုးနဲ့ ထပ်ပြီး အထင်လွဲတာမျိုး မခံချင်ဘူး”

လုကျောက် တစ်ခဏ စဉ်းစားပြီး လုံခြုံရေးဝန်ထမ်းကို ခေါင်းငြိမ့်ပြလိုက်သည်။ လုံခြုံရေးဝန်ထမ်းသည် POS စက်ကို ချက်ချင်း ယူလာကာ ဟွာကျွင်း၏ ကတ်ကို ယူ၍ လက်ကျန်ငွေကို တိုက်ရိုက် စစ်ဆေးလိုက်၏။

“လက်ကျန်ငွေ ရှစ်သန်း”

ဟွာကျွင်းက ထပ်မံ ပြုံးပြလိုက်သည်။

“အို... တောင်းပန်ပါတယ်၊ ဒီကတ်ထဲမှာ ရှစ်သန်းပဲ ကျန်တော့တယ်။ ဒါကိုရော ထည့်တွက်လို့ ရမလား မသိဘူးနော်”

သူမက ပြောရင်းနှင့် လူတိုင်း၏ ရှေ့တွင် သေတ္တာကို ဖွင့်ပြလိုက်ရာ လျိုကွမ်းကျင်း ဝတ်စုံ၏ ထောင့်လေးတစ်ခု ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်မှ အံ့ဩသံများ ထွက်ပေါ်လာသည်။

“ဘုရားရေ... ဒါ လျိုကွမ်းကျင်း ဝတ်စုံလား။ ဓာတ်ပုံထဲမှာတော့ မသိသာပေမဲ့ ဒီလို ညမှောင်မှောင်မှာတော့ တကယ်ကို တောက်ပနေတာပဲ”

“လုအဘိုးကြီး ဘာလို့ ဒါကို မမေ့နိုင်ဖြစ်နေရသလဲဆိုတာ အခုမှပဲ နားလည်တော့တယ်။ ဒီနေ့တော့ ကျွန်တော်လည်း ဒါကို လေလံဆွဲရမှာမို့ သူ့ကိုပဲ တောင်းပန်ရတော့မှာပဲ”

“လျိုကွမ်းကျင်း ဝတ်စုံက တကယ်ကို နာမည်နဲ့ လိုက်ဖက်တာပဲ”

လုံခြုံရေးဝန်ထမ်းက အလျင်အမြန် ပြောလိုက်၏။

“ရပါတယ်၊ ရပါတယ်... အထဲကို တန်းဝင်လို့ ရပါပြီ”

ဟွာကျွင်း ကျိုးရှန်းရှန်းကို ကြည့်ကာ မေးမြန်းလိုက်သည်။

“မစ္စကျိုး... အခုရော ကျွန်မ အထဲဝင်ဖို့ အရည်အချင်း ရှိပြီလားဟင်”

ကျိုးရှန်းရှန်း၏ စိတ်ထဲတွင် ဒေါသများမှာ ပြည့်လျှံနေပြီ ဖြစ်၏။ ဟွာကျွင်း၏ ကတ်ထဲတွင် ဤမျှလောက်သော ငွေရှိနေမည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။ ဤသည်မှာ လူအများရှေ့တွင် သူမကို ပါးရိုက်လိုက်သလိုဖြစ်သော်လည်း သူမ အပြင်ပန်းတွင် ဒေါသထွက်မပြဝံ့ပေ။ သူမ အံတင်းတင်းကြိတ်ကာ စကားအနည်းငယ်ကို ပြောလိုက်သည်။

“ဟွာကျွင်း... ရှင် အထဲဝင်ဖို့ အရည်အချင်း မရှိဘူးလို့ ကျွန်မ တစ်ခါမှ မပြောခဲ့ပါဘူး။ ရှင်က ဘာလို့ ကျွန်မကိုပဲ အမြဲတမ်း ပစ်မှတ်ထားနေရတာလဲ”

အခန်း (၅၀)

သက်သေ

ဟွာကျွင်း နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူမကို အဖတ်မလုပ်တော့ဘဲ ဟွာရှန့် လက်ကိုဆွဲကာ တောက်လော့ကျူထဲသို့ ဝင်သွားတော့သည်။

လုကျောက် ကျိုးရှန်းရှန်းကို သေသေချာချာ စိုက်ကြည့်လိုက်ရာ သူ့မျက်ဝန်းထဲတွင် သိသာသော သတိပေးချက်များ ပြည့်နှက်နေ၏။ သူ ဟွာကျွင်း ဘေးတွင် လျှောက်လှမ်းလာပြီး လက်က သူမ ခါးနောက်နားကို အသာအယာ ထိန်းမပေးထားရင်း နှစ်ဦးသား ဝင်သွားတော့သည်။

၎င်းမှာ သီးသန့်လေလံပွဲ တစ်ခုဖြစ်သော်လည်း လျိုကွမ်းကျင်း ဝတ်စုံအကြောင်း သတင်းများမှာ လုပ်ငန်းခွင်အတွင်း ချက်ချင်းပင် ပျံ့နှံ့သွားခဲ့၏။ လုကျောက် ထိုအခွင့်အရေးကို အသုံးချကာ အခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ရန် စီစဉ်လိုက်သည်။

အထူးတလည် ကြော်ငြာနေစရာ မလိုဘဲ လေလံပွဲ စတင်သည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် လူများ ပြည့်နှက်သွားတော့၏။

အချို့မှာ လျိုကွမ်းကျင်း ဝတ်စုံကို ကြည့်ရန်ဖြစ်ပြီး အချို့မှာမူ ဟွာကျွင်းကြောင့် ရောက်လာကြခြင်း ဖြစ်၏။

“အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ။ ပြီးခဲ့တဲ့တစ်ခေါက်က လျိုကွမ်းကျင်း ဝတ်စုံ နောက်ဆုံးတော့ လေလံတင်ပြီပေါ့”

“လျိုကွမ်းကျင်း... အားပေးနေတယ်နော်”

ဟွာကျွင်း လျိုကွမ်းကျင်း ဝတ်စုံနှင့် ကြာပန်းပုံစံ ပန်းကန်လုံးကို ဝန်ထမ်းများထံ အပ်နှံလိုက်ပြီး စင်အောက်တွင် ဝင်ထိုင်လိုက်သည်။ ပစ္စည်းတစ်ခုပြီးတစ်ခု တင်ဆက်လာရာ ပရိသတ်များ၏ လေလံဆွဲမှုမှာ ပြင်းထန်လှပြီး ပတ်ဝန်းကျင် အခြေအနေမှာ လျင်မြန်စွာပင် အရှိန်တက်လာ၏။

“လေလံပစ္စည်း အမှတ် (၄၇) မြစိမ်းရောင် ကြာပန်းထိုး လျိုကွမ်းကျင်း ဝတ်စုံတစ်စုံ။ အခြေခံဈေး ယွမ်(၁.၂) သန်း”

အနောက်ဘက်ရှိ မျက်နှာပြင်ကြီးပေါ်တွင် ပြသထားသော ဓာတ်ပုံမှာ လူတိုင်းကို မှင်တက်သွားစေသည်။

ငါးမိနစ်မပြည့်မီမှာပင် ဈေးနှုန်းမှာ (၂.၆) သန်းအထိ ရောက်ရှိသွားပြီး နောက်ဆုံးတွင် အဘိုးလုက ၎င်းကို (၃) သန်းဖြင့် ဝယ်ယူကာ သူနှင့် လျိုကွမ်းကျင်း၏ ရေစက်ကို အဆုံးသတ်လိုက်သည်။

“လေလံပစ္စည်း အမှတ် (၄၈) အမှတ် (၄၇) နှင့် စုဆောင်းသူ တစ်ဦးတည်းဆီကပါပဲ။ ပွင့်လွှာဆယ်ချပ်ကြာပွင့်ပန်းကန်လုံး။ အခြေခံဈေး (၂၄၀၀၀၀)။ (၂၆၀၀၀၀)... (၂၈၀၀၀၀)... မစ္စတာလျူက (၃၀၀၀၀၀) ပေးပါတယ်။ ဒီထက် မြင့်ဦးမလားခင်ဗျာ”

လုအဘိုးကြီး လျိုကွမ်းကျင်း ဝတ်စုံကို ရအောင်ယူမည်ဟု ဆုံးဖြတ်ထားသည်ကို လူတိုင်းသိကြသဖြင့် မပြိုင်ဘဲ လျှော့ပေးခဲ့ကြ၏။ ယခု ဤကြာပန်းပုံစံ ပန်းကန်လုံးကို မြင်သည့်အခါတွင်မူ လူတိုင်း၏ မျက်လုံးများမှာ တောက်ပလာပြီး လျှော့မပေးကြတော့ဘဲ တစ်ဦးပြီးတစ်ဦး အပြိုင်အဆိုင် လေလံဆွဲကြတော့သည်။

ပြင်းထန်သော အဆင့်များပြီးနောက် ၎င်းမှာ ယွမ်(၅၀၀၀၀၀) ဖြင့် အံ့ဩစရာကောင်းလောက်အောင် ရောင်းထွက်သွားလေ၏။

ဟွာရှန့် မျက်လုံးအဝိုင်းသားဖြင့် ဟွာကျွင်းကို တိုးတိုးလေး မေးမြန်းသည်။

“အစ်မရဲ့ ပစ္စည်းတွေကို ဒီလောက်တောင် လုနေကြတာလားဟင်”

ဟွာကျွင်းမှာ အလွန်ပင် ဝမ်းသာနေမိ၏။ ၎င်းမှာ အစပျိုးရုံသာ ရှိသေးသည်။ စားသောက်ဆိုင်မှ သူငယ်ချင်းများ၏ ကျေးဇူးကြောင့် ယခုအခါ သူမ၏ အကောင့်ထဲတွင် ယွမ် (၃.၅) သန်း ရောက်ရှိသွားပြီ ဖြစ်၏။

ဟွာကျွင်း အောင်မြင်လေလေ ကျိုးရှန်းရှန်း သူမကို မုန်းတီးလေလေ ဖြစ်သည်။ သူမ တက်ကြွနေသော ဟွာကျွင်းကို ကြည့်ကာ တွေးတောနေမိ၏။

'နင် ဘယ်လောက်အထိ ဂုဏ်ယူနိုင်မလဲ ကြည့်ကြသေးတာပေါ့။ နင် ဘယ်တော့မှ ပြန်မထူနိုင်အောင် ငါ့မှာ နည်းလမ်းတွေ အများကြီး ရှိတယ်'

ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ လူအုပ်ကြီး တစ်အုပ် ရုတ်တရက် ရောက်ရှိလာပြီး မှတ်ချက်များမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

“ရှေးဟောင်းပစ္စည်းတွေ ခိုးရောင်းနေတဲ့သူ၊ ဒါက ခိုးရာပါပစ္စည်းတွေကို အကြီးအကျယ် ရောင်းစားနေတာ မဟုတ်လား”

“တရားမျှတမှု မရှိတော့ဘူးလား။ ဥပဒေဆိုတာကော ရှိသေးရဲ့လား။ သူခိုးကတောင် လူကောင်းလို ဟန်ဆောင်နိုင်နေပြီလား”

“ဘာလို့လဲ။ ပြီးခဲ့တဲ့တစ်ခါက သူ တခြားမိန်းကလေးတစ်ယောက်ကို ပါးရိုက်တာတောင် ဘာမှမဖြစ်ဘူးလား။ သူ့နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေလို့လား”

ဟွာကျွင်း သူမမှာ မုန်တိုင်း၏ ဗဟိုချက်သို့ ရောက်နေသည်ကို မသိသေးပေ။ လေလံပွဲပြီးနောက် စားသောက်ပွဲ ရှိသဖြင့် သူမသည် ဟွာရှန့်နှင့်အတူ အရသာရှိသော အစားအသောက်များကို စိတ်အေးလက်အေး စားသုံးနေ၏။

အင်တာနက်ဆယ်လီဝမ်လီမင် နှင့် သူ့လက်ထောက်တို့ ကင်မရာကိုင်ကာ ဟွာကျွင်းထံသို့ ချဉ်းကပ်လာသည်အထိ ဖြစ်၏။

“မစ္စဟွာကျွင်း... မင်းရဲ့ လျိုကွမ်းကျင်း ဝတ်စုံ ရင်းမြစ်က မသေချာဘူးလို့ ကျွန်တော်တို့ ကြားထားပါတယ်။ ဒါကို တိုက်ရိုက်ထုတ်လွှင့်မှုက ပရိသတ်တွေကို ရှင်းပြပေးနိုင်မလားခင်ဗျာ”

ကင်မရာမှာ ဟွာကျွင်း၏ မျက်နှာဆီသို့ တိုက်ရိုက် ချိန်ထားသဖြင့် သူမမှာ စိတ်အနှောင့်အယှက် ဖြစ်သွားရ၏။ သူမ ကင်မရာကို ရှောင်ရန် ခေါင်းကို အနည်းငယ် လွှဲလိုက်သည်။

“ကျွန်မကိုယ်ကျွန်မ သက်သေပြနေဖို့ လိုမယ်လို့ မထင်ပါဘူး။ တကယ်လို့ တစ်ယောက်ယောက်က ကျွန်မမှာ အပြစ်ရှိတယ်လို့ ထင်ရင် ရဲစခန်းကို တိုက်ရိုက် တိုင်ကြားနိုင်ပါတယ်”

တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ လူအများအပြားမှာ ဆူညံနေကြဆဲ ဖြစ်ပြီး ရှင်းပြချက်ကို တောင်းဆိုနေကြ၏။ ဝမ်လီမင် ဟွာကျွင်းကို တားဆီးကာ ဆိုသည်။

“မစ္စဟွာ... မင်း အထက်တန်းကျောင်း နောက်ဆုံးနှစ်တုန်းက အတန်းဖော် ကျိုးရှန်းရှန်းရဲ့ တန်ဖိုးကြီး ဆွဲကြိုးကို ခိုးခဲ့တယ်လို့ ကြားရပါတယ်။ ဒါက အမှန်ပဲလားခင်ဗျာ”

ဟွာကျွင်း နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဆိုလေ၏။

“မဟုတ်ပါဘူး၊ ကျွန်မ မလုပ်ခဲ့တဲ့ အရာတစ်ခုအတွက်တော့ ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ဘူး”

“ဒါဆို သူက သူခိုးပေါ့။ မိဘမဲ့တစ်ယောက်က ရုတ်တရက် ရှေးဟောင်းပစ္စည်း နှစ်ခု ထုတ်ပြနိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး”

“ဝယ်တဲ့သူတွေကတော့ တကယ်ကို ကံဆိုးတာပဲ။ အခု တစ်နိုင်ငံလုံး သိသွားပြီဆိုတော့ သူ့ဆီက ငွေပြန်တောင်းကြစမ်း”

“သက်သေရှိတယ် မဟုတ်လား။ ကျိုးမိသားစုက မိန်ကလေး... ထွက်လာပြီး တစ်ခုခု ပြောပြပါဦး”

တစ်ချိန်တည်းမှာပင် ကြည့်ရှုသူများမှာ ပို၍ များပြားလာပြီး ဟွာကျွင်းကို ဝိုင်းရံထားကြသဖြင့် သူမမှာ ပြေးစရာ နေရာမရှိတော့ပေ။

ဝမ်လီမင် ဘေးမှ မေးမြန်းသည်။

“မစ္စကျိုးရှန်းရှန်း ရှိပါသလား။ ကာယကံရှင် တစ်ယောက်အနေနဲ့ စကားအနည်းငယ် ပြောပေးပါဦးခင်ဗျာ”

ကျိုးရှန်းရှန်း လူအုပ်ထဲမှ အချိန်ကိုက် ထွက်လာပြီး ဟွာကျွင်းကို ကြည့်လိုက်၏။

“ဟွာကျွင်း... ကျွန်မကတော့ အရင်ကိစ္စတွေကို အပြစ်မယူချင်ပါဘူး၊ ဒါပေမဲ့ ရှင် လူတိုင်းကို မလိမ်သင့်ဘူးလေ။ နားလည်မှုတွေ ပိုပြီး မလွဲသွားအောင် လျိုကွမ်းကျင်း ဝတ်စုံနဲ့ ပန်းကန်လုံးရဲ့ ရင်းမြစ်တွေကို လူသိရှင်ကြား ရှင်းပြသင့်ပါတယ်”

ဝမ်လီမင် အခွင့်အရေးကို ဆုပ်ကိုင်ကာ ကျိုးရှန်းရှန်းကို မေးလိုက်၏။

“မစ္စကျိုး... ဒါဆို မစ္စဟွာ ခိုးခဲ့တယ်ဆိုတဲ့ ကိစ္စက အမှန်ပေါ့ ဟုတ်လား”

ကျိုးရှန်းရှန်း ခေါင်းငြိမ့်ပြကာ ဆိုသည်။

“ကျွန်မ ထပ်ပြီး ဖုံးကွယ်မထားချင်တော့ပါဘူး။ သူ ကျွန်မရဲ့ ဆွဲကြိုးကို ခိုးခဲ့တာ အမှန်ပါ၊ ကျွန်မမှာ သက်သေလည်း ရှိပါတယ်”

အဘိုးလု အခြေအနေကို မြင်သည့်အခါ လုကျောက်ကို ကြိမ်းမောင်းလိုက်၏။

“ဒါ ဘာတွေ ဖြစ်နေတာလဲ။ သူတို့က ဒီနေရာကို ဟင်းသီးဟင်းရွက်စျေးလို လုပ်နေကြတာ။ မင်း ဘာလို့ ဘာမှ မလုပ်တာလဲ”

လုကျောက် အေးအေးဆေးဆေးပင် ဆိုသည်။

“မလောပါနဲ့ အဘိုး၊ သူတို့ ခဏလောက် ဆူညံပါစေဦး”

ဟွာကျွင်း ပြောလိုက်သည်။

“တိုက်ဆိုင်လိုက်တာ၊ ရှင့်မှာ သက်သေရှိသလို ကျွန်မမှာလည်း ရှိတယ်။ တကယ်လို့ အဲဒီတုန်းက ရှင့်ရဲ့ ဆွဲကြိုးကို ကျွန်မ တကယ် ခိုးခဲ့တာဆိုရင် အခုချက်ချင်း ရှင့်ကို ဒူးထောက်ပြီး တောင်းပန်မယ်၊ ပြီးရင် ရဲစခန်းမှာ အဖမ်းခံမယ်။ ဒါပေမဲ့ ကျွန်မ မခိုးခဲ့ဘူးဆိုရင်ရော”

ကျိုးရှန်းရှန်း ပြန်ပြောသည်။

“နားလည်မှုလွဲတာဆိုရင်တော့ ကျွန်မ ရှင့်ကို တောင်းပန်ဖို့ အသင့်ပါပဲ”

“ဒီနှစ်တွေ အများကြီး ကျွန်မ သူခိုးဆိုတဲ့ စွပ်စွဲချက်နဲ့ နေလာခဲ့ရတာ။ ရိုးရိုး တောင်းပန်ရုံနဲ့တင် လုံလောက်မယ်လို့ ရှင် ထင်နေတာလား”

လုကျောက် လူအုပ်ထဲသို့ လျှောက်လှမ်းလာပြီး ဝမ်လီမင်၏ နေရာတွင် အစားထိုး ဝင်ယူလိုက်ကာ ကျိုးရှန်းရှန်းကို ပြောလိုက်၏။

“မစ္စဟွာကျွင်းက ဒူးထောက်တောင်းပန်ပြီး အဖမ်းခံဖို့အထိ အဆင်သင့် ဖြစ်နေမှတော့၊ အလားတူပဲ... ဟွာကျွင်းမှာ သက်သေရှိခဲ့ရင် မစ္စကျိုးက သုံးကြိမ် ဒူးထောက်တောင်းပန်ရမယ်၊ ပြီးတော့ ခင်ဗျားရဲ့ လူမှုကွန်ရက် အကောင့်အားလုံးမှာ တောင်းပန်တဲ့ ဗီဒီယိုကို တင်ရမယ်”

ကျိုးရှန်းရှန်း အံတင်းတင်းကြိတ်ကာ ဆိုသည်။

“ကောင်းပါပြီ။ အကယ်၍ ရှင် ကျွန်မရဲ့ ဆွဲကြိုးကို မခိုးခဲ့ဘူးဆိုရင် ကျွန်မ ရှင့်ကို ဒူးထောက်ပြီး တောင်းပန်ပါ့မယ်”

လုကျောက်က လက်ခုပ်တီးကာ ဆိုသည်။

“ကောင်းပြီ။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့သူတွေလည်း အများကြီးဆိုတော့ ဘယ်သူက အရင်ဆုံး သက်သေ ထုတ်ပြမလဲ”

ကျိုးရှန်းရှန်း ပြောလိုက်သည်။

“ကျွန်မ အရင်ပြမယ်”

လူအုပ်ထဲမှ တစ်ယောက်ကို ဆွဲထုတ်လိုက်၏။ ဟွာကျွင်း ကြည့်လိုက်ရာ ၎င်းမှာ ကျူးယွမ် ဖြစ်နေသည်။

သူမကို ကင်မရာရှေ့သို့ ဆွဲထုတ်လာပြီး ကျိုးရှန်းရှန်းက ပြောပြလိုက်၏။

“အဲဒီတုန်းက ဟွာကျွင်းရဲ့ အိတ်ထဲမှာ ကျွန်မရဲ့ ဆွဲကြိုးကို တွေ့ခဲ့တာ သူပါပဲ”

လုကျောက် ခေါင်းငြိမ့်ပြကာ ဆိုသည်။

“မစ္စ... အခြေအနေကို အသေးစိတ် ရှင်းပြပေးပါ”

ကျူးယွမ်သည် ကင်မရာရှေ့တွင် ရပ်ကာ ဆံပင်ကို အခက်တွေ့စွာ ပြင်လိုက်ပြီး ဖြည်းဖြည်းချင်း စတင် ပြောဆိုသည်။

“အဲဒါက ကျွန်မတို့ အထက်တန်းကျောင်း နောက်ဆုံးနှစ်တုန်းကပါ။ ကျွန်မတို့ သုံးယောက်လုံးက အတန်းဖော်တွေပါ။ တစ်နေ့ မနက်ပိုင်း ကာယအချိန်မှာ အားလုံးက ကွင်းထဲကို သွားကြပေမဲ့ ဟွာကျွင်း တစ်ယောက်တည်းပဲ နေမကောင်းလို့ဆိုပြီး အတန်းထဲမှာ ကျန်ခဲ့တယ်”

“ကိုယ်လက်လှုပ်ရှားမှု ပြီးလို့ အတန်းထဲ ပြန်လာတဲ့အခါ ရှန်းရှန်းရဲ့ အမေပေးထားတဲ့ ဆွဲကြိုး ပျောက်သွားတာကို သိလိုက်ရတယ်။ အဲဒီ ဆွဲကြိုးက အရမ်း တန်ဖိုးကြီးတာ၊ ရှန်းရှန်းက အမြဲ ဝတ်ထားတတ်ပေမဲ့ မနက်ပိုင်း ကာယအချိန်မှာပဲ ဖြုတ်ထားတာ”

“အဲဒါနဲ့ ကျွန်မတို့ အတန်းတစ်ခုလုံး ရှာကြပေမဲ့ မတွေ့ဘူး... နောက်တော့ ဟွာကျွင်းရဲ့ စားပွဲအံဆွဲထဲမှာ တွေ့ခဲ့ရတာပါ”

သူမ စကားအဆုံးတွင် ပတ်ဝန်းကျင်မှ ဆူညံသံများ ထွက်ပေါ်လာပြီး ဝေဖန်သံများမှာ ပို၍ ကျယ်လောင်လာ၏။

“ဒါဆို သူက တကယ် သူခိုးပေါ့”

“ဒါဆို ဒီပစ္စည်းတွေကော သန့်ရှင်းရဲ့လား။ ကံကောင်းလို့ ကျွန်တော် လေလံမဆွဲခဲ့တာ”

“ စိတ်ဓာတ်က တကယ့်ကို ယုတ်ညံ့တာပဲ”

အင်တာနက်ပေါ်တွင်မူ ပို၍ပင် ဒေါသထွက်နေကြ၏။

“ငါပြောသားပဲ၊ ဇာတ်ကွက်က ပြောင်းဦးမှာပါလို့”

“လေလံပွဲမှာ သူခိုးအဖမ်းခံရတာကို မြင်လိုက်ရတာ တကယ်ပဲ ကံကောင်းတာပဲ”

“ပြီးခဲ့တဲ့တစ်ခါက သူ ဘယ်လိုတောင် လူကို ရိုက်လိုက်တာလဲ။ အရမ်း မောက်မာလွန်းတယ်”

“သူ့နောက်ကွယ်မှာ အကောင်ကြီး တစ်ကောင်ကောင်ရှိနေလို့ပေါ့”

လုကျောက် ပတ်ဝန်းကျင်ကို ငြိမ်သက်ရန် လက်ဟန်ပြလိုက်၏။ သူ ကျူးယွမ်ကို မေးမြန်းသည်။

“မင်း ပြောသမျှ အားလုံးက လုံးဝ အမှန်ဖြစ်ကြောင်း အာမခံနိုင်လား”

ကျူးယွမ် ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။

“ကျွန်မ ဒီမှာ ပြောသမျှ စကားလုံးတိုင်းက အမှန်ဖြစ်ကြောင်း အာမခံပါတယ်။ အဲဒီတုန်းက ကျွန်မတို့ အတန်းဖော်တွေ အားလုံးလည်း ရှိနေကြတာပဲ၊ အတန်းပိုင် ဆရာလည်း ရှိပါတယ်”

ကျိုးရှန်းရှန်း ညင်သာစွာ ပြောလိုက်၏။

“ဒီလိုဆိုမှတော့ ဟွာကျွင်း... ကျွန်မတို့က အတန်းဖော်တွေပဲလေ။ ရှင် အဖမ်းခံဖို့ မလိုတော့ပါဘူး၊ ကျွန်မကို တောင်းပန်ရုံနဲ့ တော်ပါပြီ”

“ရှင် ဒူးထောက်ရမယ်။ မဟုတ်ရင် ရှင် မှတ်မိမှာ မဟုတ်ဘူး”

လုကျောက် အေးဆေးစွာပင် ဆိုသည်။

“မလောပါနဲ့ဦး၊ ဟွာကျွင်းမှာလည်း သက်သေရှိပါသေးတယ်။ အားလုံး အတူတူ နားထောင်ကြတာပေါ့”

ဟွာရှန့် စိုးရိမ်တကြီးဖြင့် ဟွာကျွင်း၏ လက်ကို ဆွဲထား၏။ ဟွာကျွင်း ငုံ့ကြည့်ကာ သူမကို စိတ်အေးအောင် အကြည့်တစ်ချက် ပေးလိုက်သည်။

“တိုက်ဆိုင်လိုက်တာ၊ ကျွန်မရဲ့ သက်သေကလည်း ကျူးယွမ် ပါပဲ”

All Chapters