အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
အခန်း (၅၃)
လက်ရာပြောင်မြောက်သော မီနူးစာအုပ်
လုမင်လီ အပြင်ဘက်မှ ဝင်လာသည်။
ဟွာကျွင်း ချာရှူးဝက်ကင် မလုပ်မှီ ဆန်ကို ဆေးကြောပြီး အုန်းဆီအနည်းငယ် ထည့်ကာ နာရီဝက်ခန့် စိမ်ထားလိုက်၏။ သူမ အသားကို အရင်ဆုံး သေသေချာချာ ဆေးကြောပြီး ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ချာရှူးဆော့စ် အနည်းငယ်၊ ဟင်းချက်ဝိုင်နှင့် နှင်းဆီရည်ဝိုင် တို့ကို ထည့်ကာ သမအောင် နယ်လိုက်၏။
သူမ သွားကြားထိုးတံဖြင့် အသားကို အပေါက်ငယ်လေးများ ဖောက်လိုက်ပြီး အမွှေးအကြိုင်များ အသားထဲသို့ စိမ့်ဝင်သွားစေရန် အထပ်ထပ် ဖိနယ်ပေးသည်။ ထို့နောက် လေပူစက် ထဲတွင် (၁၅) မိနစ်ခန့် ကင်ပြီးနောက် အသားကို တစ်ဖက်လှန်ကာ (၁၂) မိနစ်ခန့် ထပ်မံကင်၏။ နောက်ဆုံးတွင် ပျားရည်တစ်လွှာ သုတ်လိမ်းပြီး (၂) မိနစ်ခန့် ထပ်မံကင်လိုက်သည်။
ဟွာကျွင်း ချက်ပြုတ်နေစဉ်အတွင်း လုပ်ဆောင်ချက် အဆင့်ဆင့်ကို ဟွာရှန့်အား ရှင်းပြနေ၏။ ဟွာရှန့်လည်း အသေးစိတ်ကို မလွတ်သွားစေရန် အလွန်ပင် ဂရုတစိုက် လိုက်မှတ်နေသည်။
သူမ စိမ်ထားသော ဆန်များကို မြေအိုးငယ်လေးထဲသို့ ထည့်ကာ မီးအသင့်အတင့်ဖြင့် ဖြည်းဖြည်းချင်း ချက်သည်။ ထမင်းကျက်ခါနီးအချိန်တွင် အပေါ်မှ ချာရှူးများကို စီရီတင်လိုက်ပြီးနောက် ရေနွေးဖျောထားသော ဟင်းရွက်စိမ်းအချို့ကို တင်လိုက်၏။ ကြက်ဥကြော် တစ်လုံးကိုလည်း ထပ်ထည့်ကာ နောက်ဆုံးတွင် ထူးခြားသော ဆော့စ်ရည်ကို လောင်းထည့်လိုက်သည်။ ဤသို့ဖြင့် 'လွမ်းဆွတ်တမ်းတ ထမင်း' တစ်အိုး ပြီးမြောက်သွားတော့သည်။
လုမင်လီ တံခါးဝမှ ဝင်လာရင်း ပြောလိုက်သည်။
“ကျွန်တော် ရောက်လာတာ အချိန်ကိုက်ပဲ ထင်တယ်။ ဟွာကျွင်း... ကျွန်တော့်အတွက်ရော တစ်အိုးလောက် ပိုဦးမလား”
လွန်ခဲ့သော ရက်ပိုင်းကစ၍ သူ ညရောက်သည်နှင့် မုန့်ဆိုင် အဝင်ဝတွင် စောင့်ဆိုင်းနေတတ်ပြီး အစားအသောက်နံ့ ရလျှင် တံခါးကို အသာအယာ တွန်းဖွင့်ကာ ဝင်လာတတ်၏။
“စစ်သူကြီးလုရဲ့ စားရကံကတော့ တကယ်ပါပဲ။ အချိန်ကိုက် ရောက်လာတယ်”
ထမင်းအိုးကို စားပွဲပေါ် တင်လိုက်သည့်အခါ မွှေးကြိုင်သော ရနံ့မှာ စိတ်ကို ဖမ်းစားနိုင်လွန်းလှ၏။ သူတို့ သုံးယောက်လုံး မြေအိုးကိုယ်စီ ကိုင်ကာ ခေါင်းမဖော်တမ်း စားသောက်ကြသည်။ အိုးထဲမှ ထမင်းများ ကုန်သွားသော်လည်း ချာရှူးများ(ဝက်သားကင်များ)ကျန်နေသေးသဖြင့် လုမင်လီ ထမင်းဖြူ နှစ်ပန်းကန် ထပ်မံတိုး၍ စားလိုက်သေး၏။
ဟွာကျွင်း တူကို ချလိုက်ပြီး သူတို့ သဘောထားကို မေးမြန်းသည်။
“မနက်ဖြန်ကျရင် ဒါကို ရောင်းချင်တယ်၊ ရှင်တို့ နှစ်ယောက်ကရော ဘယ်လို ထင်ကြလဲ”
နှစ်ယောက်လုံး လက်မြှောက်ကာ ထောက်ခံကြသည်။
“အသားနဲ့ ဟင်းရွက် မျှတတယ်၊ ပြီးတော့ အရသာကလည်း ဆန်းသစ်နေတော့ ရောင်းကောင်းမှာ သေချာတယ်”
“ကောင်းလိုက်တာ၊ ညီမလည်း သင်ပြီးပြီဆိုတော့ မနက်ဖြန် ဟွာကျွင်းကို ကူညီပေးနိုင်ပြီ”
ဟွာကျွင်း သစ်သားပြားငယ်တစ်ခုကို ယူကာ ရေးလိုက်သည်။
'မနက်ဖြန် အထူးဟင်းလျာ လွမ်းဆွတ်တမ်းတ ထမင်း'
ပြီးနောက် ဆိုင်တံခါးအပြင်ဘက်တွင် ချိတ်ဆွဲလိုက်သည်။
စားသောက်ဆိုင်မှာ မီးလောင်မှုကို ကြုံခဲ့ရသော်လည်း အပြင်ဘက် နံရံမှာမူ တစ်စုံတစ်ရာ ပျက်စီးခြင်း မရှိပေ။ ၎င်းမှာ အထူးပစ္စည်း တစ်ခုခုကို အသုံးပြုထားခြင်းလော သို့မဟုတ် အကာအကွယ် အလွှာတစ်ခု ရှိနေခြင်းလော ဆိုသည်မှာ မသေချာပေ။
နောက်တစ်နေ့ ညနေခင်းတွင် ဟွာကျွင်း တံခါးဖွင့်လိုက်သည့်အခါ အပြင်ဘက်တွင် တန်းစီနေသော လူအုပ်ကြီးကို မြင်ပြီး မှင်တက်သွားရ၏။
'လွမ်းဆွတ်တမ်းတ ထမင်း' ကို စားရန် စောင့်ဆိုင်းနေသော လူအုပ်ကြီးမှာ ဆိုင်တံခါး ပွင့်သွားသည်နှင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
“ဆိုင်ရှင်... နောက်ဆုံးတော့ တံခါးဖွင့်ပြီပဲ။ ဒီနေ့တော့ လွမ်းဆွတ်တမ်းတ ထမင်း' ကို မြည်းစမ်းကြည့်ရမယ်”
“ဆိုင်ရှင်ဟွာ... ခင်ဗျားဆိုင် ပိတ်ထားတဲ့ ရက်တွေမှာ ကျွန်တော် ညဘက်တောင် ကောင်းကောင်း အိပ်မပျော်ဘူးဗျာ”
“ဒါကတော့ အမှန်ပဲ၊ ဒီ 'လွမ်းဆွတ်တမ်းတ ထမင်း' ဆိုတာက နာမည်နဲ့ လိုက်ဖက်ပါစေလို့ပဲ မျှော်လင့်ပါတယ်”
ဟွာရှန့်ညအကျယ်ကြီး အော်ပြောလိုက်သည်။
“အားလုံးပဲ စိတ်ချပါ၊ ကျွန်မတို့ ဟွာကျွင်းမုန့်ဆိုင်က လူတွေကို တစ်ခါမှ စိတ်ပျက်အောင် မလုပ်ခဲ့ပါဘူး”
ဟွာကျွင်း တန်းစီနေသော ဖောက်သည်များသာမက ဆိုင်အဝင်ဝတွင် အခြားသော လူအများအပြားပါ ရောက်ရှိနေသည်ကို သတိပြုမိလိုက်၏။ သူမ အပြင်သို့ ခြေလှမ်းအနည်းငယ် လှမ်းကြည့်လိုက်သည့်အခါ သူမ၏ ဆိုင်ဘေးတစ်ဖက်တစ်ချက်တွင် ဆိုင်ခန်းငယ်များစွာ ပေါ်ပေါက်နေသည်ကို အံ့ဩစွာ တွေ့လိုက်ရသည်။
'ဝမ်တွန်' (ဖက်ထုပ်) ရောင်းသူ၊ သကြားရည်စိမ် သစ်သီး ရောင်းသူ၊ လက်ဖက်ရည်ကြမ်း ရောင်းသူနှင့် မီးအိမ်ရောင်းသူများပင် ရှိနေကြ၏။ ဟွာကျွင်းမုန့်ဆိုင်သည် ဖောက်သည် အမြောက်အမြားကို ဆွဲဆောင်နိုင်သည်ကို လူတိုင်းသိကြသဖြင့် ထိုအရှိန်အဟုန်ကို အမှီပြုကာ ဈေးရောင်းချင်ကြပုံရ၏။
ဟွာကျွင်းသည်လည်း ဤမြင်ကွင်းကို ဆန်းသစ်နေမိသည်။ ဤမျှ လူများပြားသည်ကို သူမ ပထမဆုံး မြင်ဖူးခြင်း ဖြစ်၏။
ယခုအခါ ဤနေရာသည် မြို့ပြင်တောင်ခြေက ခြောက်ကပ်ကပ် နေရာနှင့် မတူတော့ဘဲ ညဈေးတန်းငယ်လေး တစ်ခုအဖြစ် ပြောင်းလဲနေ၏။
လက်ဖက်ရည်ကြမ်း ရောင်းသော အဘိုးအိုတစ်ဦးသည် လူအများက ဟွာကျွင်းကို နှုတ်ဆက်နေကြသည်ကို မြင်သောအခါ သူမမှာ ဆိုင်ရှင်ဖြစ်ကြောင်း သိသွားသည်။ သူ ရိုးသားသော အပြုံးဖြင့် သူမအနားသို့ ချဉ်းကပ်လာကာ ဆိုသည်။
“ဆိုင်ရှင်ဟွာ... ရာသီဥတုက အေးလာပြီဆိုတော့ သမီးဆိုင်ရှေ့မှာ တန်းစီနေတဲ့သူတွေ အများကြီး မြင်လို့ပါ။ ကျုပ် သူတို့ကို လက်ဖက်ရည်ကြမ်းလေး ရောင်းချင်ပါတယ်၊ သမီးအနေနဲ့ စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်”
ဟွာကျွင်း စိတ်မရှိသည့်အပြင် သူမကိုယ်တိုင်လည်း ဤနေရာတွင် လူစိမ်းတစ်ဦး ဖြစ်သည်ကို နားလည်ထား၏။ သူမ ပြုံးလျက် ပြန်ပြောလိုက်သည်။
“ရပါတယ်၊ စိတ်ကြိုက် ရောင်းပါရှင်”
သို့သော် သူမနှင့် ဟွာရှန့် နှစ်ဦးတည်းဖြင့် အားလုံးကို မည်သို့ ကိုင်တွယ်နိုင်မည်နည်း။ သူမ ဟွာရှန့်ကို အနားခေါ်ကာ အမှာစကား အချို့ ပြောလိုက်သည်။
ဟွာရှန့်က ခေါင်းငြိမ့်ပြကာ ရွာထဲသို့ အမြန်ပြေးသွားတော့သည်။
“အဘိုးရေ အဘွားရေ”
ရာသီဥတု အေးလာပြီဖြစ်ရာ လယ်ကွင်းများတွင် ရောင်းစရာ အသီးအရွက်များ မရှိသဖြင့် အဘိုးနှင့် အဘွားမှာ မြို့ထဲသို့ မသွားဖြစ်သည်မှာ ကြာပြီ ဖြစ်၏။
ထိုအချိန်တွင် သူတို့နှစ်ဦး အိပ်ယာဝင်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ဟွာရှန့် အော်သံကို ကြားသောအခါ တစ်ခုခု ဖြစ်ပြီဟု ထင်မှတ်ကာ အလျင်အမြန် ထလာကြသည်။
“ဟွာရှန့်... ဘာဖြစ်လို့ ပြန်လာတာလဲ”
ဟွာရှန့် မောဟိုက်နေသော်လည်း ဟွာကျွင်း မှာကြားလိုက်သည်ကို ပြောရန် မမေ့ပေ။
“ဒီနေ့ စားသောက်ဆိုင်မှာ ဖောက်သည်တွေ အများကြီး ရောက်နေလို့ ဟွာကျွင်းက အဘိုးတို့ ကူညီပေးနိုင်မလားလို့ မေးခိုင်းလိုက်တာပါ။ တစ်ရက်ကို ကြေးပြား (၅၀) ပေးမယ်တဲ့”
အဘိုးနှင့် အဘွားမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
“ဟွာကျွင်းက အကူအညီ လိုနေတာပဲ၊ ကူညီပေးရမှာပေါ့။ ပိုက်ဆံတော့ မယူပါရစေနဲ့၊ မယူပါရစေနဲ့”
သူတို့နှစ်ဦး အဝတ်အစားများကို အမြန်လဲကာ ဟွာရှန့်နှင့်အတူ စားသောက်ဆိုင်သို့ အပြေး လိုက်သွားကြတော့သည်။
ရှန်းဟွိုက်ရွှီ၏ မြင်းရထားသည် ယနေ့တွင် ထိုနေရာမှ ဖြတ်သန်းသွားခဲ့၏။ သူ မြို့ပြင်မှ စည်ကားသိုက်မြိုက်သော မြင်ကွင်းကို ကြားလိုက်ရသဖြင့် မြို့ထဲသို့ ရောက်နေပြီဟုပင် ထင်မှတ်လိုက်သည်။
“ထူးဆန်းလိုက်တာ၊ နေရာတိုင်းမှာ ဘေးဒုက္ခတွေ ကြုံနေရတာကို လင်းကျန်းမြို့ က ဒီလောက်အထိ စည်ကားနေလိမ့်မယ်လို့ မထင်ထားဘူး”
မြင်းရထားမောင်းသူက ပြန်ပြောသည်။
“သခင်လေး... ကျွန်တော်တို့ မြို့ထဲကို မရောက်သေးပါဘူး”
ရှန်းဟွိုက်ရွှီ လိုက်ကာကို အသာလှန်ကြည့်လိုက်ပြီး မေးမြန်းသည်။
“ဘာလို့ လူတွေ အဲဒီလောက် အများကြီး ရှိနေတာလဲ”
မြင်းရထားကို ရပ်လိုက်သည့်အခါ အစေခံလေးသည် စပ်စုချင်စိတ်ဖြင့် တန်းစီနေသော လူအုပ်ကြီး၏ အစွန်သို့ သွားကာ မေးမြန်းသည်။
“မင်းက ဒါတောင် မသိဘူးလား။ ဒီအရပ်က လူမဟုတ်ဘူး ထင်တယ်”
“ကျွန်တော့် သခင်လေးက ဝေနိုင်ငံ က လာတာပါ။ အမှန်အတိုင်း ပြောရရင် သူ ဒီလို စည်ကားတဲ့ မြင်ကွင်းမျိုး မမြင်ဖူးတာ ကြာပါပြီ”
“ဒါတွေက ဟွာကျွင်းမုန့်ဆိုင်ကြောင့်ပေါ့ကွ။ ဆိုင်ရှင်က ငယ်ပေမဲ့ လက်ရာကတော့ အံ့မခန်းပဲ၊ ပြီးတော့ ဈေးလည်း မကြီးဘူး။ ညတိုင်း လူတွေ အများကြီး တန်းစီကြလို့ အခုတော့ ဘေးနားမှာ ဆိုင်တွေပါ ပေါ်လာတာပေါ့”
“တကယ်ပဲ အဲဒီလောက် အရသာ ရှိလို့လား”
“မေးနေစရာ လိုသေးလို့လား။ နည်းနည်းလောက် နီးနီးသွားကြည့်ရင် အနံ့ကို ရလိမ့်မယ်။ ဒီနေ့ အထူးဟင်းလျာ အသစ် ရှိတယ်လို့ ကြားတယ်၊ အဲဒါက... 'လွမ်းဆွတ်တမ်းတ ထမင်း' တဲ့”
သတင်းအချက်အလက်များ စုံစမ်းပြီးနောက် အစေခံလေး မြင်းရထားဆီသို့ ပြန်လာကာ ရှန်းဟွိုက်ရွှီကို ပြောပြသည်။
“ဆိုင်က ဟင်းလျာတွေက နေ့တိုင်း မတူဘူးလို့ ပြောကြပါတယ်။ ဒီနေ့ကတော့ 'ထမင်းသုပ်’ ကျွေးတာတဲ့။ သခင်လေး... 'ထမင်းသုပ်’ ဆိုတာ ဘာလဲဟင်”
ရှန်းဟွိုက်ရွှီသည် အစားအသောက်နှင့် ပန်းချီကို အမြတ်နိုးဆုံး သူတစ်ဦး ဖြစ်ရာ ထူးဆန်းသွားသည်။
“တစ်ခါမှ မကြားဖူးပါဘူး။ နာမည်အရဆိုရင်တော့ ဆန်အမျိုးမျိုးကို ရောနယ်ထားတာ နေမှာပေါ့၊ ထွေထွေထူးထူး မဟုတ်နိုင်ပါဘူး။ ဒါပေမဲ့ ဘာလို့ လူတွေ ဒီလောက် တန်းစီနေကြတာလဲ”
အစေခံလေးက အလျှော့မပေးဘဲ ပြောလိုက်၏။
“သခင်လေး... အရမ်း အရသာ ရှိတယ်လို့ ပြောကြတယ်၊ ကျွန်တော်တို့ နောက်ကျရင် ကုန်သွားလိမ့်မယ်။ ဒီအထိလည်း ရောက်နေပြီကို...”
ကုန်သွားလိမ့်မယ် ဟုတ်လား။ ရှန်းဟွိုက်ရွှီသည် စိတ်ပူသွားကာ မြင်းရထားပေါ်မှ ခုန်ဆင်းရန် ပြင်လိုက်သည်။
“သွား၊ သွား၊ သွား... မြန်မြန် သွားစီရအောင်”
အစေခံလေးမှာ လုပ်ထုံးလုပ်နည်းကို စုံစမ်းထားပြီး ဖြစ်၏။ သူ ရှန်းဟွိုက်ရွှီကို ဆွဲထားလိုက်သည်။
“မလောပါနဲ့ သခင်လေး၊ ကျွန်တော် နံပါတ်ယူပြီးပါပြီ။ မြင်းရထားထဲမှာပဲ စောင့်နေလို့ ရပါတယ်”
ဟွာကျွင်းနှင့် ဟွာရှန့်မှာ မနက်ကတည်းက အလုပ်ရှုပ်နေကြခြင်း ဖြစ်၏။ သူမ မြေအိုးငယ် တစ်ရာခန့်ကို ဝယ်ယူခဲ့ပြီး ချာရှူးများကို ကြိုတင်ပြင်ဆင်ထားကာ ထမင်းကိုလည်း တစ်ဝက်နပ်သည်အထိ ကြိုတင်ချက်ထား၏။ ညနေပိုင်းတွင် မီးဖိုပေါ် တင်ရုံ၊ ချာရှူးနှင့် ဟင်းရွက်များ ထည့်ကာ ဆော့စ်လောင်းရုံဖြင့် အသင့် ဖြစ်သည်။
ယခုအခါ ဟွာရှန့်နှင့် ဟွာကျွင်းမှာ မီးဖိုချောင်တွင် ထမင်းအိုးများကို နွှေးနေကြပြီး ဟွာရှန့်၏ အဘိုးနှင့် အဘွားမှာ အပြင်တွင် စားပွဲထိုး ကူညီပေးနေကြသည်။ ထမင်းအိုးများမှာ ဖောက်သည်များ၏ စားပွဲပေါ်သို့ တစ်လုံးပြီးတစ်လုံး ရောက်ရှိသွားကာ ဆိုင်ကလေးမှာ အလုပ်များနေတော့သည်။
ရှန်းဟွိုက်ရွှီ ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ပထမဆုံး ခံစားလိုက်ရသော အရာမှာ မွှေးကြိုင်သော ရနံ့ပင်။ သူ တရုတ်ပြည် အနှံ့အပြားသို့ လည်ပတ်ဖူးပြီး ဒေသအသီးသီးမှ အရသာများကို မြည်းစမ်းဖူးသော်လည်း ဤရနံ့ကိုမူ တိတိကျကျ ဖော်ပြရန် ခက်ခဲနေမိသည်။
အဘိုးအို တစ်ဦး သူ့ကို လွတ်နေသော စားပွဲတစ်ခုဆီသို့ ခေါ်ဆောင်သွားကာ ဆိုသည်။
“ဒီနေ့တော့ 'လွမ်းဆွတ်တမ်းတ ထမင်း' ပဲ ရှိပါတယ်၊ အချိုပွဲကိုတော့ သီးသန့် မှာလို့ ရပါတယ်”
လှပသော သရုပ်ဖော်ပုံများ ပါဝင်သည့် မီနူးစာအုပ်ကို ရှန်းဟွိုက်ရွှီထံ ကမ်းပေးလိုက်၏။
ရှန်းဟွိုက်ရွှီသည် ကြည့်ရင်း ကြည့်ရင်းဖြင့် အံ့ဩမှုများ တိုးလာကာ မျက်ဝန်းထဲတွင် လေးစားမှုများ ပြည့်နှက်သွားသည်။
“ဒါကို ဘယ်သူ ဆွဲတာလဲ။ တကယ့် အစစ်အတိုင်းပဲ။ ဒီလို ပန်းချီစတိုင်မျိုး ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး”
ဟွာရှန့်၏ အဘိုး ပြောလိုက်သည်။
“တောင်းပန်ပါတယ်၊ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော် သိတာကတော့ ဒါကို ကျွန်တော်တို့ ဆိုင်ရှင်က လုပ်တာပါ”
ရှန်းဟွိုက်ရွှီသည် အဘိုးအို၏ လက်ကို ဆွဲကာ စိတ်လှုပ်ရှားစွာ မေးမြန်း၏။
“အဘိုး... အဘိုးရဲ့ ဆိုင်ရှင်ကို ကျွန်တော့်ကို မိတ်ဆက်ပေးနိုင်မလား။ ကျွန်တော့် မျိုးရိုးက ရှန်းပါ၊ နာမည်ကတော့...”
ဟွာရှန့်၏ အဘိုးက ခေါင်းခါပြလိုက်ရာ ဘေးမှ ဖောက်သည် တစ်ဦးက ရယ်မောရင်း ကြားဖြတ် ပြောဆိုသည်။
“သခင်လေး... အမောမခံပါနဲ့။ ပညာတတ်တွေ အများကြီး ဒီမီနူးအကြောင်း လာမေးကြဖူးတယ်၊ ဒါပေမဲ့ ဆိုင်ရှင်က ဒါကို ဘယ်သူ ဆွဲတာလဲဆိုတာ တစ်ခါမှ မပြောခဲ့ဘူး။ သခင်လေး သဘောကျရင် ဟိုဘက်က လူတွေလိုပဲ ထိုင်ကြည့်နေလိုက်ပါ”
ထိုသို့ဆိုကာ ပြတင်းပေါက်ဘက်ကို လက်ညှိုးထိုးပြသည်။
ရှန်းဟွိုက်ရွှီ ထိုဘက်သို့ လှမ်းကြည့်လိုက်၏။ ပြတင်းပေါက်ဘက်က စားပွဲတစ်ခုတွင် ပညာတတ် ဝတ်စုံ ဝတ်ထားသူ နှစ်ဦးမှာ မီနူးစာအုပ်ကို ကိုင်ကာ ရှားပါး ရတနာတစ်ခုကို ထိတွေ့နေသကဲ့သို့ အလွန် ဂရုတစိုက် ကိုင်တွယ် ကြည့်ရှုနေကြသည်။
ရှန်းဟွိုက်ရွှီ ပြောစရာ စကားပျောက်ရှသွားသည်။
အခန်း (၅၄)
ဝမ်းနည်းဖွယ်ရာ အစားအစာ
ရှန်းဟွိုက်ရွှီ တွေးတောနေမိသည်။
'ငါ ဘယ်လိုလုပ် သူတို့လို ကလေးကလား ဆန်နိုင်မှာလဲ။ ငါက ရင့်ကျက်တဲ့ ပန်းချီဆရာ တစ်ယောက်ပဲ၊ သိက္ခာ အကျမခံနိုင်ဘူး'
သူ မီနူးစာအုပ်ထဲမှ အမယ်အချို့ကို အသာအယာ ညွှန်ပြလိုက်ပြီး နှမြောတသစွာ ဟွာရှန့် အဘိုးထံသို့ ပြန်ပေးလိုက်သည်။
သို့သော် သူ့ စိတ်ထဲတွင် ထိုမီနူးစာအုပ်ထဲမှ ပန်းချီလက်ရာ၏ ငါးပုံတစ်ပုံခန့်ကိုပင် တတ်မြောက်သွားပါက သူ့ ပညာမှာ များစွာ တိုးတက်သွားလိမ့်မည်ဟု တွေးကာ တောင့်တနေမိ၏။
မကြာမီမှာပင် မြေအိုးထမင်း ရောက်ရှိလာရာ တရှဲရှဲ မြည်သံနှင့်အတူ ထွက်ပေါ်လာသော အငွေ့အသက်များမှာ အအေးဓာတ်ကိုပင် ပြယ်လွင့်သွားစေသယောင် ရှိလေသည်။ ဝင်းပြောင်နေသော ထမင်းစေ့များမှာ ဆီ လဲ့လဲ့ဝင်းနေပြီး အနီရောင်သန်းသော အသားလွှာများမှာ ရှန်းဟွိုက်ရွှီ တစ်ခါမှ မမြင်ဖူးသော ပုံစံမျိုး ဖြစ်နေ၏။
သူ မီနူးစာအုပ် အကြောင်းကို ခေတ္တမေ့သွားပြီး ဇွန်းကိုကိုင်ကာ စတင်စားသောက်တော့သည်။ အရသာမှာ အလွှာလိုက် ကွဲပြားနေ၏။ မွှေးကြိုင်ခြင်း၊ နူးညံ့ခြင်း၊ ချိုမြိန်ခြင်းနှင့် စေးပိုင်ခြင်း ရနံ့တို့မှာ ရောယှက်နေသည်။ ရှန်းဟွိုက်ရွှီ အပူကိုပင် ဂရုမစိုက်နိုင်တော့ဘဲ တစ်လုတ်ပြီး တစ်လုတ် စားနေမိရာ တစ်အိုးလုံးမှာ ခဏချင်းပင် ပြောင်သလင်းခါသွားတော့၏။
သူ ထိုင်ခုံမှာ မှီလိုက်ပြီး ဗိုက်ကို ပွတ်သပ်နေမိ၏။ တကယ် အရသာရှိလှပေ၏။ လူအများကြီး တန်းစီနေကြသည်မှာ မဆန်းပါဟု တွေးနေမိသည်။
နောက်ထပ် အဆာပြေမုန့်တစ်ခု ထပ်မံရောက်လာရာ ၎င်းမှာ အရိုးထုတ်ထားသော ကြက်ခြေထောက် ချဉ်စပ်သုပ် ဖြစ်၏။ ထိုအခါမှ ရှန်းဟွိုက်ရွှီ မီနူးစာအုပ်ထဲမှ မည်သည့်အရာအား မှာမိသည်ကို သိလိုက်ရတော့သည်။
“ဒါကို ဘာလို့ လာချပေးတာလဲ။ ကျွန်တော် ဒါမျိုးတွေ မစားဘူး”
ရှန်းဟွိုက်ရွှီက တူ ကို ထပ်မကိုင်ရန် ဆုံးဖြတ်လိုက်၏။
သူနှင့် စကားပြောခဲ့သော ဖောက်သည်က ၎င်းကိုမြင်ပြီး မေးမြန်းလိုက်သည်။
“ညီလေး... ကြက်ခြေထောက် မကြိုက်ဘူးလား။ ကျွန်တော့်ကို ပေးမလား”
အစုံလိုက် ဟင်းလျာထဲတွင် အဆာပြေမုန့်ကို ကန့်သတ်ထားသဖြင့် သူသည် အသားကြော်ကိုသာ ရွေးချယ်ခဲ့ရခြင်း ဖြစ်၏။ အရိုးထုတ်ထားသော ကြက်ခြေထောက် ချဉ်စပ်သုပ်ကို မည်သူက မကြိုက်ဘဲ နေမည်နည်း။ ရှန်းဟွိုက်ရွှီ ထိုသူ မေးသည်ကို ကြားသောအခါ ပြန်မပေးချင်တော့ပေ။
“ဘယ်သူက မစားဘူး ပြောလို့လဲ။ ကျွန်တော် ခဏ နားနေတာပါ”
ဘေးကလူ အကြည့်အောက်တွင် သူ မြည်းကြည့်လိုက်၏။
“ဟင်… စပ်စပ်လေးနဲ့ စားလို့ကောင်းသားပဲ၊ အိအိလေးနဲ့ ဝါးလို့ကောင်းတယ်၊ မဆိုးဘူးဘဲ”
ရှန်းဟွိုက်ရွှီ ပြုံးဖြဲဖြဲဖြင့် ဘေးစားပွဲက ဖောက်သည်ကို လှမ်းပြောလိုက်သည်။
“တကယ် စားကောင်းတယ်”
ရှန်းဟွိုက်ရွှီ စိတ်ရှည်သူ တစ်ဦး ဖြစ်၏။ တစ်ခါတရံ ပန်းချီတစ်ချပ် အပြီးသတ်ရန်အတွက် ရက်ပေါင်းများစွာ အခန်းထဲမှ မထွက်ဘဲ ထိုင်နေတတ်သူ ဖြစ်သည်။ သူ စားသောက်ပြီးနောက် စားသောက်ဆိုင် ပိတ်သိမ်းသည်အထိ တစ်နေရာတွင် ရပ်ကာ စောင့်ဆိုင်းနေပါ၏။
ဟွာကျွင်း ညောင်းညာနေသော လက်မောင်းများကို နှိပ်ကာ မီးဖိုချောင်ထဲမှ ထွက်လာ၏။
ဟွာရှန့်အဘိုးက သူမအနားသို့ လာကာ ပြောပြသည်။
“ဆိုင်ရှင်... ဟိုဘက်မှာ ထူးဆန်းတဲ့ ဖောက်သည်တစ်ယောက် ရှိတယ်၊ သူက ပြန်မသွားဘဲ သမီးကို စောင့်နေတာတဲ့”
ထိုအခါမှ ဟွာကျွင်း ကောင်းကောင်းမွန်မွန် ဝတ်ဆင်ထားပြီး ထောင့်ချိုးတစ်ခုတွင် ရပ်ကာ သူမကို စိုက်ကြည့်နေသော လူတစ်ဦးကို သတိပြုမိလိုက်၏။
ဟွာကျွင်း ထိုသူ့ထံ လျှောက်သွားကာ ပြောသည်။
“မင်္ဂလာပါ၊ ကျွန်မက ဒီဆိုင် ပိုင်ရှင်ပါ။ ဘာကူညီပေးရမလဲရှင်”
ရှန်းဟွိုက်ရွှီ၏မျက်လုံးများမှာ တောက်ပသွား၏။
“ဆိုင်ရှင် မီနူးစာအုပ် တစ်အုပ်လောက် ကျွန်တော့်ကို ရောင်းပါလား၊ ရမလားခင်ဗျာ”
“တောင်းပန်ပါတယ်၊ မီနူးစာအုပ်က အပြင်ကို ယူသွားလို့ မရပါဘူး။ အနောက်မှာလည်း ရေးထားပါတယ်ရှင်”
ရှန်းဟွိုက်ရွှီ မယုံသင်္ကာဖြင့် မီနူးစာအုပ်ကို လှန်ကြည့်လိုက်ရာ အနောက်ဘက်တွင် စာကြောင်းတစ်ကြောင်းကို တွေ့လိုက်ရ၏။
'ဤမီနူးစာအုပ်ကို အပြင်သို့ ယူဆောင်ခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်း မပြုပါ။ အမွှေးတိုင် တစ်တိုင်စာ အချိန်အတွင်းသာ မှာယူပေးပါရန်'
“ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်က ပန်းချီဆရာ တစ်ယောက်ပါ။ ဒီနေ့ မီနူးစာအုပ်ကို မြင်လိုက်ရတော့ သူ့ရဲ့ အရောင်အသွေး သုံးနှုန်းပုံတွေက ကျွန်တော့်ကို အံ့ဩသွားစေပါတယ်။ မိန်းကလေး... ဒါကို ဘယ်သူ ဆွဲတာလဲဆိုတာ ကျွန်တော့်ကို ပြောပြပေးနိုင်မလား။ ကျွန်တော် သူ့ကို ထိုက်ထိုက်တန်တန် ဆုလာဘ် ပေးပါ့မယ်”
“တောင်းပန်ပါတယ်၊ ကျွန်မ မပြောနိုင်ပါဘူး”
“ကျွန်တော့် နာမည်က ရှန်းဟွိုက်ရွှီ ပါ၊ ကျွန်တော့်အကြောင်း တစ်ခါမှ မကြားဖူးဘူးလား”
ဟွာကျွင်း ခေါင်းခါပြကာ ပြောလိုက်၏။
“ကျွန်မ ရှင့်ကို မသိပါဘူး”
ရှန်းဟွိုက်ရွှီ တွေးတောနေမိသည်။
'ပါရမီရှင်တွေကတော့ မောက်မာတတ်ကြတာပဲ။ ငါ ဒီမှာ ပန်းချီတစ်ချပ် ချန်ထားခဲ့ရမယ်၊ အဲဒီ ဆရာကြီး မြင်ရင် ငါ့ကို လမ်းညွှန်ပေးကောင်း ပေးလိမ့်မယ်'
“စာရွက်နဲ့ စုတ်တံ ယူခဲ့စမ်း”
အစေခံလေးမှာ သခင်၏ စိတ်လိုက်မာန်ပါ လုပ်ရပ်များကို ယဉ်ပါးနေပြီ ဖြစ်ရာ စာရွက်နှင့် စုတ်တံကို ချက်ချင်း ယူလာပေးလိုက်၏။ ရှန်းဟွိုက်ရွှီ စုတ်တံကို ကိုင်ကာ တစ်ခဏ စဉ်းစားပြီးနောက် စာရွက်ပေါ်တွင် စတင် ရေးဆွဲတော့သည်။
'ဒီလူ ဘာဖြစ်နေတာလဲ'
ဟွာကျွင်း စိတ်ထဲမှ တွေးနေမိသော်လည်း စပ်စုချင်စိတ်ကြောင့် သူ့ကို မတားဆီးခဲ့ပေ။
မကြာမီမှာပင် တရုတ်ရိုးရာမင်ပန်းချီ တစ်ချပ် ပြီးမြောက်သွားတော့သည်။ မြင့်မားသော တောင်ခြေတွင် နှင်းများ ဖုံးလွှမ်းနေပြီး စားသောက်ဆိုင်လေး တစ်ဆိုင်မှာ ထောင့်ချိုးတစ်ခုတွင် တိတ်ဆိတ်စွာ ရှိနေ၏။
၎င်းမှာ ဤကမ္ဘာနှင့် သီးခြား ကင်းလွတ်နေသယောင် ရှိပါသည်။
ဤသည်မှာ စားသောက်ဆိုင် ပုံစံဖြစ်၏။ မင်တစ်မျိုးတည်းကိုသာ အသုံးပြုထားသော်လည်း တစ်ချပ်လုံးမှာ အလွန် အနုပညာ ဆန်လှပေသည်။
ရှန်းဟွိုက်ရွှီ သူ့အမည်ကို ရေးထိုးပြီးနောက် တံဆိပ်တုံးကို ခတ်နှိပ်လိုက်၏။ သူ ပန်းချီကားကို ခဏကြာ ကြည့်ရှုပြီးနောက် ခေါင်းငြိမ့်လိုက်သည်။
“မဆိုးပါဘူး။ ဆိုင်ရှင်... ဒီပန်းချီကားက ခင်ဗျားအတွက် လက်ဆောင်ပါ၊ ဒီနေ့ရဲ့ ထမင်းအတွက် ကျေးဇူးတင်တဲ့ အနေနဲ့ပေါ့”
ဟွာကျွင်း ထိုပန်းချီကားကို အလွန် သဘောကျသွား၏။ သူမ ဝမ်းသာအားရ လက်ခံလိုက်လိုက်သည်။
“မနက်ဖြန်ကျရင် ဒါကို ဘောင်သွင်းပြီး စားသောက်ဆိုင်ရဲ့ အထင်ရှားဆုံး နေရာမှာ ချိတ်ထားလိုက်မယ်”
ရှန်းဟွိုက်ရွှီ အလွန် ဝမ်းသာသွား၏။ စားသောက်ဆိုင်မှာ ချိတ်ထားသရွေ့ မီနူးဆွဲသည့် ဆရာကြီးက သူ့ကို သတိထားမိမှာ သေချာသည်ဟု တွေးနေမိသည်။
ရှန်းဟွိုက်ရွှီကို ပြန်လည် ပို့ဆောင်ပေးပြီးနောက် ဟွာကျွင်း ပန်းချီကားကို ကြည့်ကာ သဘောကျနေလေသည်။
ထိုအချိန်တွင် လုမင်လီ ဝင်လာ၏။ မကြာသေးမီက သူ ဖောက်သည်များ ပြန်သွားချိန်မှသာ ညစာ လာစားလေ့ ရှိလေသည်။ ဟွာကျွင်းသည်လည်း သူနှင့် နားလည်မှု ရထားသကဲ့သို့ မီးဖိုချောင်တွင် သူစားရန်အတွက် အမြဲ ချန်ထားပေးလေ့ ရှိ၏။ လုမင်လီ လျှောက်လာပြီး ပန်းချီကို ကြည့်ကာ ပြောလိုက်သည်။
“ဒါ ရှန်းဟွိုက်ရွှီရဲ့ လက်ရာလား”
“ရှင် သူ့ကို သိတာလား။ ခုနကပဲ ဆိုင်အတွက် ဆွဲပေးသွားတာ”
လုမင်လီ ခေါင်းငြိမ့်ကာ ပြောပါ၏။
“သူက နာမည်ကြီး ပန်းချီဆရာ တစ်ယောက်လေ။ တစ်နှစ်ပတ်လုံး ခရီးလှည့်လည်နေတတ်တယ်လို့ ကြားဖူးတယ်၊ စားသောက်ဆိုင်ကို ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး”
ဟွာကျွင်း ပို၍ ဝမ်းသာသွားတော့သည်။
“နာမည်ကြီးလား။ ဒါဆို ကျွန်မ ကံထူးတာပေါ့။ ဒီနာမည်ကြီးမှုက ကျွန်မတို့ခေတ်အထိ ရောက်မလား မသိဘူး”
လုမင်လီသည် သူမ ပျော်ရွှင်နေသော မျက်နှာကို ကြည့်ကာ ပြုံးလိုက်မိသည်။
ညစာ စားပြီးနောက် ဟွာကျွင်း လုမင်လီကို လိုက်ပို့ရာ အဝေးမှ လူတစ်ယောက်က ဖုန်တထောင်းထောင်း ထအောင် မြင်းစီးလာနေသည်ကို တွေ့လိုက်ရ၏။
“မော့ချွမ်း ဖြစ်မလား”
သူမ တံခါးဝတွင် ရပ်ကာ စောင့်ဆိုင်းနေလိုက်သည်။
လုမင်လီ သူမက အဝေးသို့ စိုက်ကြည့်နေသည်ကို မြင်သောအခါ လှမ်းကြည့်လိုက်ပြီး မေးလိုက်၏။
“ဘာဖြစ်လို့လဲ”
“ကျွန်မ သူငယ်ချင်း ဖြစ်မယ် ထင်လို့ပါ”
လုမင်လီ သေသေချာချာ ကြည့်လိုက်၏။
“မြင်းနီကြီးလား။ မြင်းကောင်းပဲ”
ဟွာကျွင်း ထိုမြင်းကို မြင်ဖူးသလို ခံစားနေရကာ ၎င်းမှာ ကျန်းရှီယွဲ့ ၏ မြင်းနှင့် တူနေ၏။ သို့သော် မြင်းပေါ်မှ လူမှာ သူ မဟုတ်ပေ။
နီးကပ်လာသည့်အခါမှ မရင်းနှီးသော လူငယ်တစ်ဦး ဖြစ်ပြီး ဖုန်မှုန့်များ ပေကျံကာ နှုတ်ခမ်းများမှာလည်း ခြောက်ကပ်နေသည်ကို တွေ့လိုက်ရ၏။
သူ မြင်းပေါ်မှ အလျင်အမြန် ဆင်းလာပြီး မေးတော့သည်။
“ခင်ဗျားက ဟွာကျွင်း လား”
ဟွာကျွင်း ထိုသူကို မမြင်ဖူးကြောင်း သေချာသဖြင့် ခေါင်းငြိမ့်ပြလိုက်၏။
“ဟုတ်ပါတယ်၊ ရှင်ကရော ဘယ်သူလဲ”
“ကျွန်တော့် နာမည်က ကျန်းရှောင်လင် ပါ၊ ကျန်းရှီယွဲ့ တစ်ခုခု ဖြစ်နေလို့”
ဟွာကျွင်းမှာ အလွန် ထိတ်လန့်သွားလေသည်။
“ရှင် ဘာပြောလိုက်တာလဲ”
သူမ ကျန်းရှောင်လင်ကို ဆိုင်ထဲသို့ ခေါ်ဆောင်လာရာ သူသည် ရေသုံးခွက်ကို တစ်ဆက်တည်း သောက်လိုက်ပြီးနောက် အကျိုးအကြောင်းကို ရှင်းပြတော့သည်။
သူတို့ ဘေးဒုက္ခ ရောက်နေသော ဒေသသို့ လွန်ခဲ့သော လဝက်ခန့်က ရောက်ရှိခဲ့ကြခြင်း ဖြစ်သော်လည်း တစ်လအတွင်းမှာပင် ထိုနေရာမှာ လုံးဝ ပြောင်းလဲသွားခဲ့၏။
ရေကြီးမှုများ ပြန်လည် ကျဆင်းသွားသော်လည်း ပျက်စီးသွားသော အိမ်ခြေ အမြောက်အမြားနှင့် စိုက်ပျိုးမြေများမှာ ပျက်စီးကုန်ပြီ ဖြစ်၏။ ပြည်သူများမှာ နေ့ဘက်တွင် အိမ်ပြင်ပြီး ညဘက်၌ မြေကြီးပေါ်တွင် အိပ်နေကြရလေသည်။
ကျန်းရှီယွဲ့နှင့် သူ့အဖွဲ့မှာလည်း ထိုအခြေအနေကို မြင်သောအခါ မဆိုင်းမတွ ကူညီပေးခဲ့ကြသော်လည်း ရေကြီးမှု၏ ကြောက်စရာ အကောင်းဆုံးမှာ နေထိုင်မှု ဘဝသာမကပေ။ မကြာမီမှာပင် လူများ ဖျားနာလာကြပြီး ရောဂါကူးစက်မှုမှာ လျင်မြန်စွာ ပျံ့နှံ့သွားလေ၏။
ဒေသခံ ခရိုင်ဝန်က ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီး တိုက်ပင်ရွာ ဟု ခေါ်သော ဝေးလံသော ရွာတစ်ရွာကို နေရာသတ်မှတ်ပေးလိုက်သည်။ ထို့နောက် အသုံးမကျဟု ယူဆရသူများ၊ ဖျားနာသူများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများကို ထိုနေရာသို့ မောင်းထုတ်ကာ သူတို့ဘာသာ သေသေ ရှင်ရှင် ပစ်ထားလိုက်၏။
အစပိုင်းတွင် အစားအသောက် အနည်းငယ် ပို့ပေးသော်လည်း နောက်ပိုင်းတွင် ရောဂါကူးစက်သူ များပြားလာသဖြင့် မည်သူမျှ မချဉ်းကပ်ဝံ့ကြတော့ပေ။ ရုံးတော်သား အချို့ကသာ အဝေးမှ စောင့်ကြပ်နေကြ၏။
ကျန်းရှီယွဲ့နှင့် မော့ချွမ်းမှာ ထိုမြင်ကွင်းကို မကြည့်ရက်သဖြင့် အစားအသောက်နှင့် ဆေးဝါးများကို ကိုယ်တိုင် ပို့ဆောင်ပေးခဲ့ကြလေသည်။ ရက်အနည်းငယ် ကြာသည့်အခါ ခရိုင်ဝန်က သူတို့ကို ထပ်မံ မပို့ရန် တားဆီးလေသည်။
အကြောင်းအရင်းမှာ ရိက္ခာများ ရှားပါးနေပြီး ရွာထဲမှ လူများသည် အလုပ်မလုပ်နိုင်တော့သဖြင့် နောက်ဆုံးတွင် သေကြမည့်သူများသာ ဖြစ်သည်ဟု ဆိုကာ အစားအသောက်နှင့် ဆေးဝါးများကို အလဟဿ မဖြုန်းတီးချင်ခြင်း ဖြစ်၏။
ကျန်းရှီယွဲ့မှာ အလွန် ဒေါသထွက်သွားကာ ခရိုင်ဝန်ကို လူသားမဆန်ကြောင်း၊ တာဝန် ပျက်ကွက်ကြောင်းနှင့် ဥပဒေကို အလွဲသုံးစား လုပ်ကြောင်း ပြင်းထန်စွာ ဆဲဆိုခဲ့သည်။ နောက်ဆုံးတွင် ခရိုင်ဝန်က သူတို့အားလုံးကို တိုက်ပင်ရွာထဲသို့ ထည့်ပစ်လိုက်ပြီး အပြင်လူများကိုမူ သူတို့မှာ ကူးစက်ရောဂါ ခံစားနေရသည်ဟု လိမ်ညာ ပြောဆိုလိုက်သည်။
ကျန်းရှောင်လင်မှာ ထိုနေ့က အပြင်ရောက်နေသဖြင့် လွတ်မြောက်ခဲ့ခြင်း ဖြစ်၏။ သူ ဟွာကျွင်း ပြင်ဆင်ပေးလိုက်သော ရိက္ခာများကို ထိုညတွင် ရွာအပြင်ဘက်သို့ တိတ်တဆိတ် ပို့ဆောင်ပေးခဲ့ပြီးနောက် အကူအညီ ရှာရန် မြို့တော်သို့ ပြန်လာခဲ့ခြင်း ဖြစ်လေသည်။
“အစ်ကိုကျန်းနဲ့ အစ်ကိုမော့တို့က လုံးဝ မဖျားပါဘူး။ ကျွန်တော်တို့ ရိက္ခာပို့တဲ့အခါ အမြဲတမ်း နှာခေါင်းစည်း တပ်ထားသလို အဝေးကနေပဲ ချထားပေးခဲ့တာပါ၊ ဖျားတဲ့သူတွေနဲ့ တိုက်ရိုက် ထိတွေ့မှု မရှိပါဘူး။ ပြီးတော့ ကျွန်တော် သူတို့နဲ့ နေ့တိုင်း အတူတူ ရှိနေတာပါ၊ သူတို့ ဖျားရင် ကျွန်တော်လည်း လွတ်မှာ မဟုတ်ပါဘူး”
လုမင်လီမှာ အလွန် ဒေါသထွက်သွားကာ မေးတော့သည်။
“မင်း ပြောတာတွေ အားလုံး အမှန်ပဲလား”
“အမှန်တွေပါဗျာ။ ဝူချန်း ကိုတောင် သူတို့ ဖမ်းပိတ်ထားလိုက်ကြတာ။ ကျွန်တော် ဒီကို လာခဲ့ရတဲ့ ရက်တွေမှာ သူတို့ တကယ် ဖျားနေပြီလားဆိုတာ ကျွန်တော် မသိဘူး၊ ဟူးးး...”