အခန်း (၅၅-၅၆)
Vol. 6 Ch. 55-56
အခန်း (၅၅)
ကျွန်တော်တို့ အသက်ရှင်ပြီ
ကျန်းရှောင်လင် ဆက်လက်အောင့်အီးမထားနိုင်တော့ဘဲ ငိုကြွေးတော့သည်။
ဟွာကျွင်း ကျန်းရှောင်လင်ကို နှစ်သိမ့်ရင်း ဆို၏။
“အရမ်းမစိုးရိမ်ပါနဲ့ဦး။ အဲဒီမှာ တခြားဘာတွေလိုအပ်သေးလဲ။ ကျွန်မကိုပြောပါ၊ ကျွန်မ ပြင်ဆင်ပေးမယ်။ မနက်ဖြန်ကျရင် ရှင့်ကိုပဲ အပင်ပန်းခံပြီး ပြန်ယူသွားခိုင်းရမှာပဲ”
ကျန်းရှောင်လင် ပြောလိုက်သည်။
“ဆေးဝါးတွေ။ အစားအသောက်တွေ။ အကုန်လုံး လိုအပ်နေတာပါ။ အဲဒီမြင်းလှည်းပေါ်က ရိက္ခာတွေက ဘယ်လောက်အထိ ခံမလဲဆိုတာ ကျွန်တော်မသိဘူး၊ ဆောင်းရာသီကလည်း မကြာခင်ရောက်တော့မယ်၊ သူတို့မှာ စောင်တစ်ထည်တောင် မရှိကြဘူး။ တိုက်ပင်ရွာ တင်မကဘူး၊ တခြားဘေးဒုက္ခရောက်နေတဲ့ ခရိုင်အချို့မှာလည်း ရိက္ခာတွေ ပြတ်လပ်နေပါတယ်”
လုမင်လီ ပြောလိုက်၏။
“ငါ အခုပဲ မြို့တော်ကိုပြန်ပြီး ဧကရာဇ်မင်းမြတ်ကို ဒီကိစ္စ အကြောင်းကြားလိုက်မယ်။ ဒါ့အပြင် ဟွာကျွင်းကိုလည်း ပစ္စည်းတွေ ပိုပြင်ဆင်ပေးဖို့ တောင်းဆိုချင်ပါတယ်။ မနက်ဖြန် ငါပြန်လာတဲ့အခါ လူတွေခေါ်ပြီး လာပို့ပေးမယ်။ ဒီငွေစတွေနဲ့ လောက်မလား ကြည့်ပေးပါဦး”
ထိုသို့ဆိုကာ သူ့ငွေအိတ်ကို ထုတ်၍ ဟွာကျွင်းထံ ပေးလိုက်သည်။
“ဟင့်အင်း၊ မလိုပါဘူးရှင်။ လျိုကွမ်းကျင်း နဲ့ ကြာပန်းကြွေပန်းကန်လုံး ရောင်းရတဲ့ပိုက်ဆံတွေ အများကြီးရှိပါတယ်။ ရှင် စိတ်မပူပါနဲ့”
ထို့နောက် သူမ ကျန်းရှောင်လင်ကို မေးမြန်းလိုက်၏။
“ကူးစက်ရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ”
“အရင်ဆုံး ချောင်းဆိုးတယ်၊ ပြီးရင် ကိုယ်ပူအရမ်းကြီးတာပဲ”
ဟွာကျွင်းက ဟွာရှန့်ကို မှာကြားတော့သည်။
“ဟွာရှန့်... ကျန်းရှောင်လင် စားဖို့ တစ်ခုခု ပြင်ဆင်ပေးလိုက်ဦး။ အစ်မ ခဏနေ ပြန်လာခဲ့မယ်”
ဟွာကျွင်း သူမဖုန်းကိုယူကာ ဘေးအိမ်မှတစ်ဆင့် ထွက်ခွာသွား၏။ လမ်းမပေါ်တွင် ဆေးဆိုင်အချို့ ဖွင့်လှစ်ထားဆဲဖြစ်ရာ သူမ အနီးဆုံးဆိုင်သို့ အရင်သွားလေသည်။
“မင်္ဂလာပါရှင်၊ ကျွန်မ နှာခေါင်းစည်းတွေ၊ အဖျားကျဆေးနဲ့ ချောင်းဆိုးပျောက်ဆေးတွေ လိုချင်လို့ပါ”
ဆေးဆိုင်မှ အရောင်းစာရေးက ယဉ်ကျေးစွာဖြင့် ဆို၏။
“ရှိပါတယ်ခင်ဗျာ။ ဘယ်လောက်များများ လိုချင်လို့လဲ”
“ရှင်တို့ဆီမှာ ရှိသမျှ အကုန်လုံးပါ”
အရောင်းစာရေးမှာ အလွန်ထိတ်လန့်သွားသည်။
“နောက်ထပ် ကူးစက်ရောဂါတစ်ခု ထပ်ဖြစ်ပြန်ပြီလား”
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျွန်မက တောင်ပေါ်ရွာတစ်ခုကို လှူဖို့အတွက် အများကြီးဝယ်ထားချင်လို့ပါ”
ထိုအခါမှ အရောင်းစာရေးက စိတ်အေးသွားပြီး ဟွာကျွင်းအတွက် ပစ္စည်းများ ပြင်ဆင်ပေးသည်။ ကံမကောင်းစွာ ဆေးဆိုင်မှာ သေးငယ်သဖြင့် ပစ္စည်းလက်ကျန် သိပ်မရှိပေ၊ အဖျားကျဆေး အားလုံးပေါင်းမှ ပုလင်းပေါင်း (၂၀၀) သာ ရှိလေသည်။ နှာခေါင်းစည်း ဘူး (၂၀) နှင့် ချောင်းဆိုးပျောက်ဆေး ဘူး (၁၀၀) ကိုလည်း ယူလိုက်၏။
ဆေးအရောင်းစာရေး၏ အကြံပြုချက်အရ ဟွာကျွင်းသည် ရှုဖုန်းကျဲတု ဆေးတောင့်များ၊ ချင်းဖေးပိုင်းတု ဆေးမှုန့်များနှင့် ချင်းယန်တီဝမ်ဆေးလုံးများကိုပါ အပိုဆေးဝါးများအဖြစ် ဝယ်ယူခဲ့လေသည်။
ချင်းယွန်းခရိုင်၊ တိုက်ပင်ရွာ။
“နောက်ထပ် လူ (၇) ယောက် သေဆုံးသွားပြန်ပြီ”
မော့ချွမ်း သက်ကယ်မိုးထားသော မြေအိမ်လေးထဲသို့ ဝင်လာပြီး ကျန်းရှီယွဲ့ ကို အစီရင်ခံလိုက်သည်။
ကျန်းရှီယွဲ့ ရိက္ခာများကို ရေတွက်ရန် ကုန်းကုန်းလေး လုပ်နေခြင်းဖြစ်၏။ ဤစကားကို ကြားသောအခါ သူသည် ရုတ်တရက် မတ်တပ်ရပ်လိုက်ရာ ခေါင်းမူးသွားပြီး ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားလေသည်။
“ဘာလို့ ထပ်ထလာပြန်တာလဲ။ မင်းရဲ့အဖျားက မကျသေးဘူးလေ။ မြန်မြန်လှဲနေပါ၊ ဒီအလုပ်တွေကို ငါလုပ်ပါ့မယ်”
ကျန်းရှီယွဲ့ ပြင်းထန်စွာ ချောင်းအကြိမ်ကြိမ် ဆိုးလိုက်ပြီးနောက်မှ လည်ချောင်းထဲမှ ယားယံနာကျင်မှုမှာ အနည်းငယ် သက်သာသွား၏။
သူက ခေါင်းခါပြကာ ဆိုလေသည်။
“မင်း လုပ်ပေးခဲ့တာတွေ လုံလောက်ပါပြီ။ နောင်ကျရင် ဒီဘက်ကို ခဏခဏ မလာပါနဲ့တော့။ ငါ့မှာ နေဖို့ရက် သိပ်မကျန်တော့ဘူး။ ရိက္ခာအားလုံးကို အပြင်ကို ရွှေ့ထုတ်လိုက်ပါ။ နောက်ပိုင်းကျရင် အားလုံးက မင်းအပေါ်မှာပဲ မူတည်တော့မယ်”
မော့ချွမ်းညအနားသို့ တိုးသွားချင်သော်လည်း ကျန်းရှီယွဲ့က တားဆီးလိုက်၏။ သူသည် တံခါးဝတွင်သာ ရပ်နေပြီး ဆိုလေသည်။
“အချိန်တွက်ကြည့်ရင် ကျန်းရှောင်လင် ပြန်ရောက်လာတော့မှာပါ။ ခဏလောက် ထပ်စောင့်ပါဦး။ သူ ဟွာကျွင်းကို ရှာတွေ့သရွေ့တော့ မင်းကို ကယ်တင်နိုင်မဲ့ နည်းလမ်း ရှိမှာပါ”
“ဟွာကျွင်းရဲ့ ကျေးဇူးကြောင့်သာ ငါတို့ ဒီလောက်အထိ တောင့်ခံနိုင်ခဲ့တာပါ”
ကျန်းရှီယွဲ့ အခန်းထောင့်တစ်နေရာကို ကြည့်လိုက်၏။ ထိုထောင့်တွင် အထည်အိတ် အချို့ရှိနေသော်လည်း ယခုအခါ ဘာမှမရှိတော့ပေ။ အထဲကို ရှာကြည့်မည်ဆိုပါက အခွံဟောင်းများကိုသာ တွေ့ရလိမ့်မည်။
ဟွာကျွင်း ပေးလိုက်သော ရိက္ခာအားလုံးကို လမ်းခရီးတွင် အနည်းငယ် စားသုံးခဲ့သည်မှအပ ကျန်ရှိသမျှကို တိုက်ပင်ရွာထဲသို့ ယူဆောင်လာခဲ့ခြင်း ဖြစ်၏။ ကျန်းရှီယွဲ့နှင့် မော့ချွမ်းတို့သည် အစားအသောက်များကို သေသေချာချာ ခွဲခြားစာရင်းမှတ်ပြီး ဝေဒနာ ပြင်းထန်သူများကို ဦးစားပေး ကျွေးမွေးခဲ့ကြလေသည်။
သူနှင့် မော့ချွမ်းတို့မှာမူ တောဟင်းရွက်များကိုသာ စားသုံး၍ အသက်ဆက်ခဲ့ကြ၏။ သို့သော် ရိက္ခာများမှာ အကန့်အသတ်ရှိရာ မကြာမီမှာပင် မူလကရှိသော ဆန်ကီလို တစ်ရာထဲမှ ငါးကီလိုအောက်သာ ကျန်တော့ပြီး ရွာထဲရှိ တောဟင်းရွက်များနှင့် သစ်ခေါက်များပင် ကုန်ခန်းလုနီးပါး ဖြစ်နေပြီ ဖြစ်၏။
ပို၍ဆိုးသည်မှာ ကျန်းရှီယွဲ့ ကိုယ်တိုင်လည်း ကူးစက်ရောဂါ ခံစားနေရခြင်း ဖြစ်၏။ အခြေအနေများ ဤအတိုင်း ဆက်သွားနေပါက ကြာရှည် တောင့်ခံနိုင်မည်မဟုတ်ကြောင်း သူတို့အားလုံး သိနေကြသည်။ ကျန်းရှီယွဲ့ တစ်ဦးတည်းသာမက ရွာထဲရှိ လူအားလုံး သေဆုံးကြရပေလိမ့်မည်။
ကျန်းရှီယွဲ့က မှာကြားသည်။
“အဲဒီ ဆန်အိတ်ငယ်လေးကို ယူပြီး ထမင်းချက်လိုက်ပါ။ လူနာတွေကို ဝေပေးလိုက်ပါ”
မော့ချွမ်း စိတ်မကောင်းစွာဖြင့် ဆို၏။
“ဒါက ဟွာကျွင်း ငါတို့အတွက် ပေးထားတာလေ။ အခုအခြေအနေအရဆိုရင် ငါတို့...”
ကျန်းရှီယွဲ့က ကြားဖြတ်ပြောသည်။
“မင်း စားချင်ရင် စားလိုက်ပါ။ ငါ ဗိုက်မဆာဘူး”
ဤသို့ဆိုကာ သူ့ဘက်ကို ကျောခိုင်းလိုက်သည်။
မော့ချွမ်းသည် လက်ဖမိုးဖြင့် မျက်ရည်ကို သုတ်လိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ အပြင်သို့ ထွက်လာခဲ့လေသည်။
အပြင်ဘက်တွင် အဝတ်အစုတ်များဖြင့် ဆောက်ထားသော တဲစုတ်များ နေရာအနှံ့ ရှိနေ၏။ တဲတစ်ခုစီအောက်တွင် လူများသည် နွေးထွေးမှုရရန်အတွက် အစုလိုက်အပြုံလိုက် ကပ်နေကြပြီး ချောင်းဆိုးသံများမှာလည်း တစ်နေရာပြီးတစ်နေရာ ထွက်ပေါ်နေလေသည်။ ၎င်းတို့မှာ ရောဂါလက္ခဏာ အနည်းငယ်သာ ရှိသူများ ဖြစ်ပြီး ဝေဒနာပြင်းထန်သူများကိုမူ ရွာ၏ ဘုရားကျောင်း ထဲသို့ ပို့ထား၏။
လေးငါးနှစ်အရွယ် မိန်းကလေးငယ်လေးတစ်ဦး လျှောက်လာပြီး မော့ချွမ်း၏ ဘောင်းဘီကို ဆွဲကာ မေးမြန်းလိုက်သည်။
“အစ်ကိုမော့... ကျွန်မ မိဘတွေကို သွားတွေ့ခဲ့လားဟင်။ သူတို့ ဘယ်တော့ ပြန်လာမှာလဲ။ လင်အာ သူတို့ကို လွမ်းတယ်”
မော့ချွမ်း ဆောင့်ကြောင့်ထိုင်လိုက်ပြီး ညင်သာစွာ ဆို၏။
“လင်အာက လိမ္မာပါတယ်။ သမီးရဲ့ မိဘတွေ မကြာခင် ပြန်လာတော့မှာပါ”
လင်အာက ခေါင်းလေးစောင်းကာ မေးလိုက်သည်။ “သူတို့က လင်အာကို ပစ်ထားခဲ့တာလား”
မော့ချွမ်း လင်အာ၏ ဆံပင်ကို ပွတ်သပ်ပေးရင်း ဆို၏။
“ဘယ်လိုလုပ် အဲဒီလို ဖြစ်မှာလဲ။ လင်အာက ကိုကိုမြင်ဖူးသမျှထဲမှာ အလိမ္မာဆုံး မိန်းကလေးပဲ။ သူတို့ သမီးကို ဘယ်တော့မှ ပစ်မထားဘူး”
အမျိုးသမီး ငယ်တစ်ဦး လျှောက်လာပြီး လင်အာ၏ လက်ကိုဆွဲကာ ပြောသည်။
“အစ်ကိုမော့က အလုပ်ရှိတယ်လေ။ လင်အာ... အန်တီရှန်းကို ဆေးကြိုတာ ကူပေးမလား”
“ဟုတ်ကဲ့”
လင်အာ အိမ်နီးချင်း မြေအိမ်လေးထဲသို့ ခုန်ပေါက်ကာ ဝင်သွားတော့၏။
သူမ ထွက်သွားပြီးနောက် ချန်ရှန်း မော့ချွမ်းကို မေးတော့သည်။
“လင်အာရဲ့ မိဘတွေ အခြေအနေ ကောင်းရဲ့လား”
မော့ချွမ်းက ခေါင်းခါပြ၏။
“သူ့အဖေက ဒီမနက်ပဲ ဆုံးသွားပြီ၊ သူ့အမေရဲ့ အခြေအနေကလည်း အရမ်းဆိုးနေတယ်”
ချန်ရှန်း သက်ပြင်းချကာ ထပ်မေးလေသည်။
“ဒါဆို အစ်ကိုကျန်းကရော”
မော့ချွမ်းက ပြောလိုက်သည်။
“သူ ဖျားနေတာ နှစ်ရက်ရှိပြီ။ စိတ်ကတော့ ကြည်လင်နေပုံရပေမဲ့ ဆေးမရှိဘဲနဲ့တော့ အဖျားက ကျမှာမဟုတ်ဘူး”
ချန်ရှန်းက ငိုသံဖြင့် ဆို၏။
“တကယ်လို့ ရှင်တို့သာ... ဒါဆိုရင် ရှင်တို့လည်း...”
မော့ချွမ်း သူမကို ကြားဖြတ်တားဆီးလိုက်သည်။
“ဒီဆန်ကိုယူပြီး ချက်လိုက်ပါ။ အားလုံးကို ဝေပေးလိုက်ပါ”
မနေ့ညက မိုးရွာထားသဖြင့် မော့ချွမ်းသည် အသစ်ထွက်လာနိုင်သော တောဟင်းရွက်များကို ရှာရန် ဆုံးဖြတ်လိုက်၏။ သူ ရက်အနည်းငယ် ဗိုက်ဆာဆာနှင့် နေ၍ရသော်လည်း ကျန်းရှီယွဲ့မှာ ဖျားနေသဖြင့် ဘာမှမစားဘဲ နေ၍မရပေ။
“အစ်ကိုမော့ ၊အစ်ကိုမော့”
မော့ချွမ်း ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်ရာ ကျန်းရှောင်လင် ပြန်ရောက်လာပြီ ဖြစ်၏။
ကျန်းရှောင်လင် ကျန်းရှီယွဲ့၏ မြင်းကိုစီးကာ နေ့ညမနားဘဲ နောက်ဆုံးတွင် အရောက် ပြန်လာခဲ့ခြင်း ဖြစ်လေသည်။
“ကျွန်တော်တို့ အသက်ရှင်ပြီ”
သူ မြင်း ဘေးတစ်ဖက်တစ်ချက်မှ အထုပ်များကို ချလိုက်ပြီး မော့ချွမ်းကို ပြော၏။
“အစ်ကိုမော့... ကျွန်တော်တို့မှာ ဆေးဝါးတွေ ပါလာပြီ။ စစ်သူကြီးလုရဲ့ စစ်တပ်ကလည်း ကျွန်တော်တို့နောက်မှာ လာနေပြီ၊ နောက်ရက်တွေမှာ ရိက္ခာတွေ ပိုရောက်လာတော့မှာ”
“ဟွာကျွင်းက ဒါတွေကို အရင်ဆုံးယူသွားဖို့ မှာလိုက်တာ။ ဟေး... အစ်ကိုကျန်း ဘယ်မှာလဲ”
မော့ချွမ်း သတိပြန်ဝင်လာပြီး ကျန်းရှောင်လင်ကို တင်းတင်းကျပ်ကျပ် ဖက်လိုက်သည်။
“မင်း တကယ် တော်တယ်”
သူတို့သည် ပစ္စည်းများကိုယူကာ ကျန်းရှီယွဲ့ကို ရှာရန် အတူတူ ထွက်လာကြ၏။
“ဒါက... အိုင်ဗျူပရိုဖန်လား။ ပန်းရောင် ဆေးရည်လား။ ဒါကို ဘယ်လို ဖွင့်ရမှာလဲ”
“ပြီးတော့ ဒီဆေးတောင့်တွေနဲ့ ဆေးမှုန့်တွေက စာတွေက ငါတို့နဲ့ မတူဘူး။ ဘယ်လို ခွဲခြားရမလဲ”
ကျန်းရှောင်လင် သူ့ခေါင်းသူ ရိုက်လိုက်သည်။
“ဩော်... ဦးနှောက်ကလည်း။ ဟွာကျွင်းက ကျွန်တော့်ကို စာရွက်တစ်ရွက် ပေးလိုက်သေးတယ်၊ အဲဒါက ဆေးသောက်ပုံ ညွှန်ကြားချက်တဲ့၊ ဆေးမသောက်ခင် အဲဒါကို အရင်ဖတ်ဖို့ သူမှာလိုက်တယ်”
သူ အင်္ကျီအိတ်ထဲမှ နှစ်ခေါက်ခေါက်ထားသော အဖြူရောင် အေဖိုး စာရွက်တစ်ရွက်ကို ထုတ်၍ ကျန်းရှီယွဲ့ထံ ပေးလိုက်၏။ ထိုစာရွက်ပေါ်တွင် ဆေးဝါးအမျိုးမျိုးကို မည်သို့သောက်ရမည်ကို ဟွာကျွင်းက တရုတ်စာလုံးအဟောင်း များဖြင့် ရေးသားထားသည်။
'ကျန်းရှီယွဲ့... ဒီစာကို ဖတ်ရချိန်မှာ ရှင် နေကောင်းနေမယ်လို့ မျှော်လင့်ပါတယ်။ ရှင်တို့ ကူးစက်ရောဂါနဲ့ ကြုံနေရတယ်လို့ ကျန်းရှောင်လင်က ပြောပြလို့ ကျွန်မ ဆေးအချို့ ရှာပေးလိုက်တယ်၊ ထိရောက်မှုရှိမယ်လို့ မျှော်လင့်ပါတယ်။ ဆေးဝါးတွေအပြင် ရှင်တို့ အရေးပေါ်သုံးဖို့အတွက် အားဖြည့်ဘီစကွတ် တွေနဲ့ အသင့်စား ခေါက်ဆွဲခြောက်တွေကိုလည်း ပြင်ပေးလိုက်တယ်။ နောက်ထပ် ရိက္ခာတွေကတော့ စစ်တပ်ကြီးနဲ့အတူ ရောက်လာပါလိမ့်မယ်'
ကျန်းရှီယွဲ့ တစ်စာလုံးကို သေသေချာချာ ဖတ်လိုက်ပြီးနောက် အစမှအဆုံး နောက်ထပ် နှစ်ခေါက် ထပ်မံဖတ်လေရာ စိတ်လှုပ်ရှားမှုကြောင့် သူ့လက်များပင် တုန်ယင်နေ၏။ သူသည် အိုင်ဗျူပရိုဖန် ဆေးတောင့် တစ်ဘူးကို ထုတ်ကာ တစ်လုံးကို မဆိုင်းမတွ သောက်လိုက်ပြီးနောက် မော့ချွမ်းနှင့် ကျန်းရှောင်လင်ကို ပြောလိုက်သည်။
“နှာခေါင်းစည်းတွေ တပ်လိုက်ကြ၊ ဆေးတွေ သွားဝေဖို့ ငါနဲ့အတူ လိုက်ခဲ့”
အခန်း (၅၆) နတ်ဆေးမဟုတ်ပါ
ကျန်းရှီယွဲ့ နှင့် အခြားနှစ်ဦးတို့ ဘုရားကျောင်း ဆီသို့ လျှောက်လှမ်းလာကြရာ ကျန်းရှောင်လင် လမ်းတစ်လျှောက်လုံး အော်ဟစ်လာသည်။
“ကျွန်တော်တို့မှာ ဆေးပါလာပြီဗျို့ ၊ ဆေးပါလာပြီ။ ကူးစက်ခံရသူတိုင်းကို တစ်ဦးချင်းစီ စနစ်တကျ ဝေပေးသွားမှာပါ”
လူအုပ်ကြီးမှာ တစ်စတစ်စ ပိုမိုများပြားလာပြီး သူတို့နောက်မှ ဘုရားကျောင်းဆီသို့ လိုက်ပါလာကြ၏။
“အစ်ကိုကြီးကျန်း ဘာပြောလိုက်တာလဲ။ ဆေးရှိတယ် ဟုတ်လား။ ဒါဆို ကျွန်တော်တို့ အသက်ရှင်ပြီပေါ့”
“တကယ်ပဲ ဆေးရှိတာလား။ ကောင်းကင်ဘုံက မစတာပဲ”
“မြန်မြန်သွားရအောင်၊ သူပြောသလို တကယ် ဆေးရှိမရှိ သွားကြည့်ရအောင်”
ဘုရားကျောင်းအဝင်ဝသို့ ရောက်သည့်အခါ သူတို့နောက်တွင် လူပေါင်းတစ်ရာခန့် စုဝေးမိနေပြီ ဖြစ်၏။ သူတို့ အဝင်ဝတွင် ရပ်တန့်ပြီး ကျန်းရှီယွဲ့နှင့် အခြားနှစ်ဦး အထဲသို့ ဝင်သွားသည်ကို ကြည့်ကာ သတင်းကောင်းကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
ဘုရားကျောင်းထဲတွင် ကိုယ်ပူအရမ်းကြီးနေသော ဝေဒနာရှင်များဖြင့် ပြည့်နှက်နေ၏။ သူတို့ သုံးဦး ဟွာကျွင်း၏ စာထဲပါသည့် ညွှန်ကြားချက်အတိုင်း လူတစ်ဦးချင်းစီကို အရင်ဆုံး အဖျားကျဆေး တိုက်ကျွေးပြီးနောက် ရှုဖုန်းကျဲတုဆေးတောင့်များနှင့် တွဲဖက်ပေးလိုက်ကြသည်။ သမားတော်က ဆေးတိုက်သည့် အချိန်နှင့် နောက်တစ်ကြိမ် တိုက်ရမည့် အချိန်များကို မှတ်တမ်းတင်ထား၏။
ကျန်းရှီယွဲ့ အားဖြည့်ဘီစကွတ် (၁၀) ဘူးကိုလည်း ချန်ထားရစ်ခဲ့ပြီး ရောဂါလက္ခဏာ သက်သာသူများအား ထိုဘီစကွတ်များကို ရေဖြင့် ပျော့အောင်လုပ်ကာ လူနာတိုင်းကို ဝေပေးရန် မှာကြားခဲ့သည်။
ဘုရားကျောင်းထဲမှ ထွက်လာပြီးနောက် အပြင်တွင် စိုးရိမ်တကြီး စောင့်နေသော ရွာသားများကို မြင်သောအခါ ကျန်းရှီယွဲ့ ပြောလိုက်သည်။
“ရွာသားတို့... အရင် ပြန်ကြပါဦး။ နောက်မှ မိန်းကလေး ချန်ရှန်း ဆီမှာ ကိုယ့်ရဲ့ ရောဂါလက္ခဏာတွေကို အသိပေးပြီး ဝေဒနာ အနုအရင့်အလိုက် တန်းစီပြီး ဆေးထုတ်ကြပါ”
ထိုစကားကြောင့် လူအုပ်ကြီးမှာ ဆူညံသွားတော့၏။
“တကယ် ဆေးရှိတာပဲ။။ငါ နားမကြားမှားပါဘူး၊ တကယ် ဆေးရှိတာပဲ”
“ကျေးဇူးတင်လိုက်တာ၊ ငါတို့ အသက်ရှင်ရတော့မယ်”
“အမေ... အမေ ကြားလား။ ကျွန်တော်တို့မှာ ဆေးရှိပြီ၊ သေမဲ့ရက် ထိုင်စောင့်နေစရာ မလိုတော့ဘူး”
လူအများအပြားမှာ ထိုနေရာတွင်ပင် ဒူးထောက်ကာ အကြိမ်ကြိမ် ဦးချနေကြသည်။
“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊ နောက်ဆုံးတော့ ငါတို့ အသက်ချမ်းသာရာ ရပြီ”
“အဖေ... လာ သွားကြစို့၊ ပြန်ပြီး တန်းစီရအောင်”
ချန်ရှန်း၏ မီးဖိုချောင်ငယ်လေး ရှေ့တွင် လူအများအပြား တန်းစီနေကြပြီ ဖြစ်၏။ ကျန်းရှီယွဲ့ ရောဂါအလိုက် ဆေးဝေပေးရန် တာဝန်ယူပြီး ချန်ရှန်းက ဘီစကွတ် တစ်ခုချင်းစီကို သုံးပုံပုံကာ တစ်ဦးလျှင် တစ်ပုံနှုန်းဖြင့် ဝေပေးသည်။
“အရှင်... ဒီသေးသေးလေးက တကယ်ပဲ ဆေးလားဟင်”
အဘိုးအို တစ်ဦးက သူ၏ လက်ဖဝါးပေါ်ရှိ ဆေးတောင့်ကို ကြည့်ကာ ကျန်းရှီယွဲ့ကို မေးမြန်းလိုက်၏။
“ဟုတ်ပါ့၊ ကျွန်တော်က ဆေးခါးရည် ထင်နေတာ၊ ဒါက သကြားလုံး မဟုတ်ဘူးလား”
“ဆေးမရှိရင်လည်း မရှိဘူး ပြောပေါ့။ ဒါက ငါတို့ကို နောက်နေတာ မဟုတ်လား”
“ဒါကို စားလို့ ရရဲ့လား။ စားပြီးရင် သေသွားမလား”
လူအများအပြားက သံသယဖြင့် မေးခွန်းထုတ်ကြ၏။ ကျန်းရှီယွဲ့ စိတ်ရှည်လက်ရှည် ရှင်းပြသည်။
“ဒါက ဆေးအစစ်ပါ။ ကျွန်တော်လည်း လွန်ခဲ့တဲ့ နာရီဝက်ကမှ စားထားတာ။ တကယ်လို့ အဆိပ်ဆိုရင် ကျွန်တော် သေနေတာ ကြာပြီပေါ့၊ အခုလို ဘယ်ရပ်နေနိုင်ပါ့မလဲ”
အချို့က ရွေးချယ်စရာ မရှိသဖြင့် စားလိုက်ကြသော်လည်း အချို့မှာမူ သံသယ ဖြစ်နေကြဆဲ ဖြစ်၏။ အချို့ကမူ ဆေးတောင့်ကို မြင်သည်နှင့် သူတို့၏ အချိန်ကို ဖြုန်းတီးသည်ဟု ဆိုကာ ဘေးနားရှိ ရွှံ့နွံထဲသို့ ပစ်ချကာ ထွက်သွားကြသည်။
အမှန်စင်စစ် ဘုရားကျောင်းမှ ဤနေရာအထိ သွားပြီးနောက် ကျန်းရှီယွဲ့မှာ တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေပြီး အတွင်းခံအင်္ကျီမှာ စိုရွှဲနေသော်လည်း တစ်ကိုယ်လုံးမှာ ပေါ့ပါး လန်းဆန်းနေကာ အရိုးထဲမှ နာကျင်မှုများမှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်၏။ သူ ရွာသားများကို ဤအခွင့်အရေး လက်လွတ်မခံစေရန် ထပ်တလဲလဲ ရှင်းပြနေမိသည်။
“တကယ်လို့ မယုံသေးရင် မနက်ဖြန်မှ ဆေးလာထုတ်ကြပါ။ ကျွန်တော် မနက်ဖြန်လည်း ဒီမှာပဲ ရှိနေမှာပါ။ အဲဒီကျမှ ကျွန်တော့် အခြေအနေကို ကြည့်ပြီး ဆုံးဖြတ်ကြပါ”
ကျန်းရှီယွဲ့က အခြေအနေ ကြည့်နေသူများကို ပြောလိုက်၏။ လူတိုင်းက ထိုသို့တွေးလိုက်ပြီးနောက် လူစုခွဲ သွားကြသည်။
သူ တဲအပြင်သို့ ထွက်လာပြီး လွှင့်ပစ်ထားသော ဆေးများကို တစ်လုံးချင်းစီ ကောက်ကာ သက်ပြင်းချသည်။
မော့ချွမ်းကလည်း ကူညီပေးရင်း ဆို၏။
“ဘာလို့ ဒီလောက်အထိ ဂရုစိုက်နေတာလဲ။ မင်း ဆေးပေးပြီးပြီပဲ၊ မသောက်တာက သူတို့ရဲ့ ရွေးချယ်မှုပေါ့”
ကျန်းရှီယွဲ့ ပြောတော့သည်။
“ငါက ဟွာကျွင်းကို အကြွင်းမဲ့ ယုံကြည်နိုင်ပေမဲ့ သူတို့က ငါ့ကို အကြွင်းမဲ့ မယုံကြည်နိုင်ကြဘူး။ ဒါက လူ့သဘာဝပဲလေ။ ဒီလောက်လေးနဲ့ ငါ ဘယ်လို လက်လျှော့နိုင်မှာလဲ”
“ငါသာဆိုရင်တော့ သူတို့ကို ဂရုမစိုက်တော့ဘူး။ ခက်ခက်ခဲခဲ ရထားတဲ့ ဆေးတွေကို ဒီလို ဖြုန်းတီးပစ်မှတော့ ဝေဒနာ ခံစားရတာ ထိုက်တန်ပါတယ်”
ကျန်းရှီယွဲ့ ပြုံးလျက် ဆို၏။
“မင်းကသာ ဂရုမစိုက်ဘူး ပြောတာ၊ တကယ်တမ်းကျတော့ အလုပ်တွေ အများကြီး လုပ်ပေးနေတာပဲကို”
ကံကောင်းထောက်မစွာ အားဖြည့်ဘီစကွတ်များကိုမူ အောင်မြင်စွာ ဝေငှနိုင်ခဲ့သဖြင့် ယနေ့ညတွင် မည်သူမျှ ဗိုက်ဆာမည် မဟုတ်ပေ။ ကျန်းရှီယွဲ့ ထိုဘီစကွတ်များ၏ စွမ်းအင်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ဖြစ်၏။ ဘီစကွတ် တစ်ဝက်ခန့် စားရုံဖြင့် တစ်နေ့လုံး ဗိုက်မဆာဘဲ နေနိုင်ပေသည်။
သန်းခေါင်ယံ အချိန်တွင် ကျန်းရှီယွဲ့သည် တစ်ကိုယ်လုံး နာကျင်လာကာ နေ့ဘက်က ဆေးမသောက်ခင် အခြေအနေသို့ ပြန်ရောက်သွားသလို ခံစားရသည်။ ရောဂါ ပြန်ထတတ်သည်ဟု ဟွာကျွင်း မှာကြားခဲ့သည်ကို သတိရကာ နောက်ထပ် တစ်လုံး ထပ်သောက်လိုက်ရာ အမှန်တကယ်ပင် ခံတွင်း ပြန်လိုက်လာ၏။ သူ ညွှန်ကြားချက်အတိုင်း ခေါက်ဆွဲတစ်ပန်းကန် ပြင်ဆင် စားသောက်ပြီးနောက် မိုးလင်းသည့်တိုင်အောင် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
နိုးလာသည့်အခါ သူသည် လန်းဆန်းတက်ကြွနေ၏။ အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှပေသည်။ ဟွာကျွင်းရှိနေ၍သာ တော်တော့သည်ဟု ကျန်းရှီယွဲ့ တိတ်တဆိတ် သက်ပြင်းချမိ၏။ သူ မူလက စစ်မြေပြင်တွင် သေရန် ပြင်ဆင်ထားသော်လည်း အမှန်တကယ်ပင် အသက် ပြန်ရှင်လာခဲ့ပြီ ဖြစ်သည်။
သူ ကိုယ်လက် သန့်စင်ပြီးနောက် သစ်သားတဲဆီသို့ သွားရာ လူအများအပြား တန်းစီနေကြသည်ကို တွေ့လိုက်ရ၏။
လူအချို့မှာ မြေပြင်ပေါ်တွင် တစ်ခုခုကို ရှာဖွေနေကြသည်။ ကျန်းရှီယွဲ့ လျှောက်သွားသည့်အခါ သူတို့၏ ရေရွတ်သံကို ကြားလိုက်ရ၏။
“မနေ့က ဒီနားမှာပဲ လွှင့်ပစ်လိုက်တာ သေချာပါတယ်၊ တစ်ယောက်ယောက် ကောက်သွားတာလား မသိဘူး”
“ဘာရှာနေကြတာလဲ”
ကျန်းရှီယွဲ့ မေးမြန်းသည်။
သူတို့မှာ ရှက်ကိုးရှက်ကန်းဖြင့် ဆိုကြ၏။
“မနေ့က ဆေးရတော့ အလကားပဲ ထင်ပြီး လွှင့်ပစ်လိုက်တာပါ။ အခုမှ နောင်တရလို့ ပြန်လာရှာတာပါ”
“ဒီဆေးက ဘယ်လောက် အဖိုးတန်လဲ သိလား။ တစ်လုံးတည်းနဲ့တင် အဖျား ချက်ချင်း ကျသွားတာ။ မယုံရင် ကျွန်တော့်ကို ပြန်ပေးပြီး တခြားသူတွေကို ပေးလို့ ရရဲ့သားနဲ့၊ အခုတော့ ဒီလောက် အဖိုးတန်တာကို ဒီလို ပစ်စလက်ခတ် လုပ်ရသလား”
သူတို့ မျက်နှာငယ်လေးများဖြင့် ငိုယိုကာ ဆိုကြ၏။
“ကျွန်တော်တို့ မသိလို့ပါ။ ကျွန်တော်တို့ကို နောက်နေတယ်ပဲ ထင်ခဲ့တာ။ ကိုယ့်ခရိုင်ဝန်ကတောင် ဆေးမပို့ပေးတာ၊ အရှင်တို့ဆီမှာ လူသေကို ပြန်ရှင်စေနိုင်တဲ့ နတ်ဆေး ရှိမယ်လို့ ဘယ်သူ သိမှာလဲ။ အခုတော့ တကယ် နောင်တရပါပြီ”
“ဟုတ်ပါတယ်၊ အဘိုးအိုကျန်းဆိုရင် မနေ့က သေလုမျောပါး ဖြစ်နေတာ၊ သူ့သမီးက ဆေးတစ်လုံး ရလို့ တိုက်လိုက်တာ အခု ထိုင်တောင် ထိုင်နိုင်နေပြီ။ ဒါက တကယ်ကို လူသေကို ပြန်ရှင်စေတာပါပဲ”
“အရှင်... ကျွန်တော်တို့ နောင်တရပါပြီ။ ကျွန်တော်တို့ မှားသွားပါတယ်၊ နတ်ဆေးကို လွှင့်ပစ်မိလို့ နတ်ဘုရားတွေရဲ့ အပြစ်ပေးတာ ခံရတော့မှာပဲ”
ကျန်းရှီယွဲ့က ရယ်မောရင်း ဆိုသည်။
“ကဲ ပါ... အဲဒီဆေးတွေကို မနေ့က ကျွန်တော် ကောက်ထားလိုက်ပါတယ်။ ပြန်ပြီး တန်းစီပြီးတော့ပဲ ယူကြပါတော့”
ထိုသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ စိတ်သက်သာရာ ရသွားကြ၏။
“ကျေးဇူးတင်ပါတယ် အရှင်။ ကျေးဇူးတင်ပါတယ် အရှင်”
ကျန်းရှီယွဲ့သည် တည်ငြိမ်သော ခြေလှမ်းများဖြင့် လူအုပ်ကြားမှ ဖြတ်ကာ အရှေ့ဆုံးသို့ လျှောက်သွားသည်။ သူက ဆိုလေ၏။
“အခု ကျွန်တော် ဒီမှာ ကျန်းကျန်းမာမာနဲ့ ရပ်နေနိုင်ပြီဆိုတော့ အားလုံး ကျွန်တော့်ကို ယုံကြည်နိုင်ကြပြီလား”
“အရှင်။ ယုံကြည်ပါတယ်။ ကျွန်တော့်ဝမ်းကွဲဆိုရင် မနေ့ညက ဆေးသောက်ပြီး အဖျားကျသွားပြီ”
“ကျွန်တော့် အဖေလည်း အတူတူပဲ၊ အိပ်ယာထဲ လဲနေတာ ငါးရက်ရှိပြီ၊ အခု ထိုင်နိုင်နေပြီ”
“ကျွန်တော်လည်း ပါတယ်။ ဆေးသောက်ပြီးတာနဲ့ တစ်ကိုယ်လုံး နာကျင်တာတွေ ပျောက်သွားတာပဲ၊ ဒါက တကယ်ကို နတ်ဆေးပါပဲ”
“ဟုတ်တယ်၊ နတ်ဆေးပဲ”
ကျန်းရှီယွဲ့ လက်ကာပြကာ ဆိုသည်။
“ဒါ နတ်ဆေး မဟုတ်ပါဘူး၊ ရောဂါနဲ့ ဆေး တည့်သွားလို့ မြန်မြန် သက်သာတာပါ။ အားလုံးက ကိုယ့်ရဲ့ ဝေဒနာကို အမှန်အတိုင်း ပြောပြကြပါ၊ ဝေဒနာအလိုက် ဆေးတွေ မတူလို့ လောဘမကြီးကြပါနဲ့”
လူတိုင်းက ခေါင်းငြိမ့် ထောက်ခံကြသည်။
ဘုရားကျောင်းဘက်မှလည်း သတင်းကောင်းများ ရောက်လာ၏။ မနေ့က သေလုမျောပါး ဖြစ်နေသော ဝေဒနာရှင်တချို့ နိုးလာကြပြီ ဖြစ်၏။ ကျန်းရှီယွဲ့က မော့ချွမ်းကို ဆေးညွှန်ကြားချက် စာရွက်ကို သမားတော်ထံ ပေးခိုင်းလိုက်ရာ စာထဲပါသည့်အတိုင်း ဆက်လက် ကုသပေးရန် မှာကြားလိုက်သည်။
လုမင်လီ သုံးရက်အကြာတွင် ချင်းယွန်းခရိုင်သို့ ရောက်ရှိလာ၏။ သူသည် စစ်သည်များကို နှစ်ဖွဲ့ခွဲကာ တစ်ဖွဲ့ကို တိုက်ပင်ရွာသို့ ရိက္ခာများ ပို့ခိုင်းပြီး သူကိုယ်တိုင်မှာမူ အခြားတစ်ဖွဲ့ကို ဦးဆောင်၍ ခရိုင်ဝန်ကို ရာထူးမှ ချက်ချင်း ထုတ်ပယ်လိုက်သည်။
သူ ခရိုင်ရုံးတွင်ပင် နေထိုင်ကာ ခရိုင်ရေးရာများကို ပြန်လည် စီမံပြီး နန်းတွင်းမှ ပေးပို့သော ရိက္ခာများကို ဝေငှရန် ကြီးကြပ်လေ၏။
“စစ်သူကြီး... တိုက်ပင်ရွာက ကူးစက်ခံရသူ ငါးပုံသုံးပုံလောက် ပြန်ကောင်းလာပါပြီ။ ဘယ်လို ဆက်စီစဉ်ရမလဲခင်ဗျာ”
“ဒီလောက် မြန်လား”
ခရိုင်ထဲတွင်လည်း သီးခြား ခွဲထားသော ဝေဒနာရှင် ရာဂဏန်း ရှိနေသော်လည်း ဆရာဝန်များ ပေးသော ဆေးများဖြင့် ဆယ်ရက်ကျော် ကုသသော်လည်း ထူးခြားမှု မရှိပေ။ တိုက်ပင်ရွာနှင့် မတူသည်မှာ ဟွာကျွင်း ဝယ်ပေးလိုက်သော ဆေးအားလုံးကို တိုက်ပင်ရွာသို့သာ ပေးပို့ခဲ့ခြင်း ဖြစ်၏။
လုမင်လီ စုတ်တံကို ချလိုက်ပြီး အပေါ်အင်္ကျီကို ယူကာ ထရပ်လိုက်သည်။
“ငါ သွားကြည့်လိုက်ဦးမယ်”