← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇)

ကာကွယ်ထိန်းချုပ်မှုကို လျှော့ချ၍မရ

တိုက်ပင်ရွာ အဝင်ဝတွင် ထူးဆန်းသော အဖြူရောင် ဝတ်စုံများ ဝတ်ဆင်ထားသည့် စစ်သည်အချို့ ရှိနေ၏။ သူတို့မှာ ခြေဆုံးခေါင်းဆုံး ဖုံးအုပ်ထားပြီး မျက်နှာကိုပင် မမြင်ရပေ။ သူတို့ ခါးတွင် ချိတ်ထားသော ဓားများကိုသာ မမြင်ခဲ့ပါက လုမင်လီ သူတို့ကို မိစ္ဆာများဟု ထင်မှတ်ကာ ဓားထုတ်၍ နှိမ်နင်းမိတော့မည် ဖြစ်၏။

“မင်းတို့က ဘာလို့ ဒီလို ဝတ်ထားကြတာလဲ”

စစ်သည်တစ်ဦးက ပြန်လည် အစီရင်ခံလေသည်။

“စစ်သူကြီးကို တင်ပြပါတယ်၊ ဒါကို ကာကွယ်ရေး ဝတ်စုံလို့ ခေါ်ပါတယ်။ ကျန်းရှီယွဲ့ က စီစဉ်ပေးထားတာပါ။ ဒါကို ဝတ်ထားရင် ကူးစက်ရောဂါ မကူးစက်နိုင်ဘူးလို့ သူက ပြောပါတယ်။ ပြီးတော့ ကျွန်တော်တို့က နောက်ဆုံး ခံစစ်စည်း ဖြစ်တဲ့အတွက် စည်းကမ်း တင်းကျပ်ရမယ်လို့လည်း သူက မှာထားပါတယ်”

“ကျန်းရှီယွဲ့ ဟုတ်လား”

“မှန်လှပါ စစ်သူကြီး”

လုမင်လီ ကျန်းရှီယွဲ့နှင့် တစ်ခါမှ မဆုံဖူးသော်လည်း သူ့ အကြောင်းကို ကြားဖူးသည်မှာ ကြာပြီ ဖြစ်၏။ စစ်သူကြီးမျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သော်လည်း ငယ်စဉ်ကတည်းက သိုင်းပညာကို မနှစ်သက်ဘဲ စာပေကိုသာ အာရုံစိုက်ကာ အရာရှိ စာမေးပွဲ အောင်မြင်ရန် ရည်မှန်းခဲ့သူ ဖြစ်သည်။ ဖခင်ဖြစ်သူ၏ တားဆီးမှုကို ခံရပြီးနောက် စိတ်နာကာ စစ်တပ်၏ အနိမ့်ဆုံး အဆင့်မှ စတင် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်၏။

ယခုကြည့်ရသည်မှာ သူသည် အုပ်ချုပ်ရေး ပညာတွင် ပို၍ ပါရမီရှိပုံရပြီး ဤသီးခြား ရွာလေးကို စနစ်တကျ စီမံခန့်ခွဲထားနိုင်လေသည်။ တကယ်ကို အရည်အချင်းရှိသူ တစ်ဦးပင် ဖြစ်၏။

စစ်သည်လေး အနီးရှိ တဲထဲမှ ကာကွယ်ရေး ဝတ်စုံတစ်ခုကို ထုတ်ယူကာ လုမင်လီကို ပြောလိုက်သည်။

“စစ်သူကြီး... ဒါလေး ဝတ်ပေးပါခင်ဗျာ”

လုမင်လီ တစ်ခဏ ကြောင်သွား၏။ ဤဝတ်စုံမှာ အလွန် ရုပ်ဆိုးသည်ဟု သူ ထင်နေမိသည်။

“ငါ ဝတ်ဖို့ မလိုပါဘူး။ ကြည့်စမ်း... အထဲက ရွာသားတွေတောင် မဝတ်ထားကြဘူးပဲ”

မထင်မှတ်ဘဲ သူ တားဆီးခြင်း ခံလိုက်ရ၏။

“မရပါဘူး။ စစ်သူကြီးလု... ဒါက ရွာရဲ့ စည်းကမ်းပါ။ အပြင်လူတွေ အဝင်အထွက် လုပ်ရင် ဒါကို မဖြစ်မနေ ဝတ်ရပါမယ်၊ မဟုတ်ရင် အထဲဝင်ခွင့် မပြုပါဘူး”

လုမင်လီ အနည်းငယ် ရယ်ချင်သွား၏။

“မင်းတို့က ငါ့ရဲ့ စစ်သည်တွေ ဖြစ်ပြီးတော့ ငါ့ကို တားရဲကြတယ်ပေါ့လေ”

စစ်သည်လေး၏ မျက်နှာမှာ ကာကွယ်ရေး ဝတ်စုံအောက်တွင် ဖုံးကွယ်နေသဖြင့် သူ့အမူအရာကို မသိနိုင်သော်လည်း အသံမှာမူ ခိုင်မာ ပြတ်သားနေ၏။

“ကျွန်တော်က စစ်သူကြီးအတွက် စဉ်းစားပေးတာပါ။ ရောဂါပိုး ဆိုတာ ကျားထက် ကြောက်စရာ ကောင်းပါတယ်၊ သူ အခွင့်ကောင်း ယူတာကို ခွင့်မပြုနိုင်ပါဘူး”

“ဘာက ကျားထက် ကြောက်စရာ ကောင်းတာလဲ။ မင်း ဘာတွေ ပြောနေတာလဲ”

စစ်သည်လေး ရွာတံတိုင်းကို ညွှန်ပြလေသည်။ ထိုနေရာတွင် စာလုံးကြီးကြီးများ ရေးထားသည်ကို လုမင်လီ တွေ့လိုက်ရပါ၏။

'ရောဂါပိုးသည် ကျားထက် ကြောက်စရာ ကောင်းသည်၊ ရောဂါ ကာကွယ်ရေးကို လျှော့ချ၍ မရ'

၎င်း၏ အောက်တွင် စာလုံး အနည်းငယ် သေးသော စာတန်း တစ်ခုလည်း ရှိနေ၏။

'လက်ကို မကြာခဏ ဆေးပါ၊ လူစုလူဝေး ရှောင်ပါ၊ နှာခေါင်းစည်း တပ်ပါ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ပါ'

'ဒါက ဘာကြီးလဲ!'

လုမင်လီ စဉ်းစားစရာပင် မလိုတော့ပေ။ ဤအရာများအားလုံး ဟွာကျွင်း ၏ လက်ချက်သာ ဖြစ်ရမည်။ သူ စိတ်လျှော့ကာ ကာကွယ်ရေး ဝတ်စုံကို ဝတ်လိုက်ရတော့သည်။

အဖြူရောင် ဝတ်စုံမှာ သူ့ကို ခြေဆုံးခေါင်းဆုံး ဖုံးအုပ်ထားလေသည်။ ပွယောင်းယောင်း အင်္ကျီနှင့် ရယ်စရာ ကောင်းသော ဘောင်းဘီကြောင့် လမ်းလျှောက်ရာတွင် အဆင်မပြေဘဲ စစ်သည်လေး၏ နောက်မှ လိုက်သွားရသည်မှာ ရုပ်သေးရုပ်ကြီးနှင့် တူနေတော့သည်။

တစ်ခုတည်းသော စိတ်သက်သာရာမှာ သူ့မျက်နှာကို ဖုံးအုပ်ထားခြင်းပင် ဖြစ်၏။

ကံကောင်းသည်မှာ လမ်းဘေးရှိ ရွာသားများသည် ဤမြင်ကွင်းကို ယဉ်ပါးနေပြီ ဖြစ်သဖြင့် အထူးတလည် ဂရုမစိုက်ကြပေ။ သို့သော် ကျန်းရှီယွဲ့ကို မြင်လိုက်ရသည့် အချိန်တွင်မူ သူ့ စိတ်ထဲမှ ငြင်းဆန်မှုမှာ အထွတ်အထိပ်သို့ ရောက်သွားတော့သည်။

ကျန်းရှီယွဲ့သည် ဤသီးခြားရွာလေးတွင် လဝက်ခန့် ပိတ်မိနေပြီး ဒုက္ခအမျိုးမျိုးကို ခံစားခဲ့ရသော်လည်း ခန့်ညားထည်ဝါသော အမူအရာမှာ ပျောက်ကွယ်မသွားပေ။ ယခုအခါ ဆေးဝါး ဝေငှသည့် မှတ်တမ်းများကို ရေးမှတ်နေပြီး လှုပ်ရှားမှုတိုင်းမှာ မျိုးရိုးမြင့်အရှိန်အဝါများ ထွက်ပေါ်နေလေသည်။

လုမင်လီ၏ အရှိန်အဝါနှင့် မတူဘဲ သူက ပို၍ နူးညံ့ သိမ်မွေ့ကာ လပြည့်ဝန်းကဲ့သို့ အေးမြလှပေသည်။ သူ၏ အဝတ်အစားများမှာ လျှော်ဖွပ်လွန်း၍ အရောင်လွင့်နေသော်လည်း သန့်ရှင်းနေကာ သူ့မျက်လုံးများမှာလည်း တက်ကြွ လန်းဆန်းနေ၏။

လုမင်လီ မိမိကိုယ်ပေါ်ရှိ ကာကွယ်ရေး ဝတ်စုံကို ကြည့်ကာ ချက်ချင်းပင် ဆွဲဖြဲပစ်ချင်စိတ် ပေါက်သွားတော့သည်။

ကံကောင်းသည်မှာ ကျန်းရှီယွဲ့က သူ၏ အနေရခက်မှုကို ချက်ချင်းပင် ဖြေဖျောက်ပေးလိုက်၏။

“စစ်သူကြီးလု... ကျွန်တော် ခင်ဗျားကို လေးစားနေတာ ကြာပါပြီ။ အခုလို ဝတ်ခိုင်းရတာကို အားနာပေမဲ့ ရှောင်လွှဲလို့ မရလို့ပါ။ ခွင့်လွှတ်ပေးပါဦး”

လုမင်လီ လက်ဝှေ့ယမ်းကာ နားလည်ကြောင်း ပြလိုက်သလို သူ၏ ရှက်ကိုးရှက်ကန်း ဖြစ်မှုကိုလည်း ဖုံးကွယ်လိုက်လေသည်။

“ညီလေးကျန်းက ဒီလို ဝေဒနာ ပြင်းထန်သူတွေ ရှိနေတဲ့ ရွာကို စနစ်တကျ စီမံထားနိုင်တာ တကယ်ကို တော်ပါတယ်။ စစ်သေနာပတိကြီးကျန်းသာ သိရင် မင်းအတွက် တကယ်ကို ဂုဏ်ယူနေမှာပဲ”

ကျန်းရှီယွဲ့က ပြုံးပြသော်လည်း ဘာမှ ပြန်မပြောပေ။

လုမင်လီက အဓိက အကြောင်းအရာကို ဆက်လက် ပြောဆိုလိုက်သည်။

“မင်းရဲ့ စာကို ငါ ဖတ်ပြီးပြီ။ ရွာထဲက ကူးစက်ခံရသူ ငါးပုံသုံးပုံလောက် ပြန်ကောင်းလာပြီ ဆိုတာ တကယ်ပဲလား”

ကျန်းရှီယွဲ့ ခေါင်းငြိမ့်ကာ ဆို၏။

“အခုဆို ငါးပုံသုံးပုံထက်တောင် ပိုနေပါပြီ။ ဒီမနက်တင် ဘုရားကျောင်းထဲကနေ ဝေဒနာရှင် ဆယ်ယောက်ကျော် ထွက်လာနိုင်ပါပြီ။ အထဲမှာ နှစ်ဆယ်လောက်ပဲ ကျန်ပါတော့တယ်၊ သူတို့ရဲ့ ဝေဒနာတွေကလည်း တဖြည်းဖြည်း သက်သာလာနေပါတယ်။ စစ်သူကြီး... ကျွန်တော့်နောက် လိုက်ခဲ့ပါ”

ကျန်းရှီယွဲ့ လုမင်လီကို ဘုရားကျောင်းဆီသို့ ခေါ်ဆောင်သွားလေသည်။ လုမင်လီက မေးမြန်းရန် မအောင့်အီးနိုင်တော့ပေ။

“ဘာလို့ ငါတစ်ယောက်တည်းပဲ ဒီကာကွယ်ရေး ဝတ်စုံကို ဝတ်ရတာလဲ။ ညီလေးကျန်းနဲ့ ရွာသားတွေလည်း မဝတ်ထားကြဘူးပဲ”

ကျန်းရှီယွဲ့ ရှင်းပြလေသည်။

“ကျွန်တော်တို့ အားလုံးက ဖျားပြီးသွားကြပြီလေ။ ဟွာကျွင်းရဲ့ စာထဲမှာ ရေးထားတာက ကျွန်တော်တို့မှာ ပဋိပစ္စည်း တွေ ရှိနေပြီ ဖြစ်တဲ့အတွက် ဝတ်ဖို့ မလိုဘူးတဲ့။ စစ်သူကြီးက တစ်ခါမှ ရောဂါ မကူးစက်ဖူးသေးတော့ ကြိုတင် ကာကွယ်ရမှာ သဘာဝပါပဲ”

“ဟွာကျွင်းရဲ့ စာက အဲဒီလောက်အထိ အသေးစိတ် ရှင်းပြထားတာလား”

“ဟုတ်ပါတယ်။ ဟွာကျွင်းက ဆေးသောက်ပုံကို ရှင်းပြထားရုံတင် မကဘဲ ကူးစက်ရောဂါ ကာကွယ်ရေး အသိပညာတွေကိုလည်း အသေးစိတ် ဖော်ပြပေးထားပါတယ်။ ကျွန်တော်တို့က သူ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ခဲ့လို့ပဲ ကူးစက်ရောဂါကို မြန်မြန် ထိန်းချုပ်နိုင်ခဲ့တာပါ။ တကယ်ကို အံ့ဩစရာ ကောင်းလှပါတယ်”

ကျန်းရှီယွဲ့ အဝေးသို့ ငေးကြည့်ကာ တစ်ခုခုကို တွေးတောနေသယောင် ရှိပြီးနောက် ဆက်လက် ပြောဆို၏။

“သူ့ကျေးဇူးကြောင့်သာ မဟုတ်ရင် ဒီရွာသားတွေရော ကျွန်တော်ပါ အခုဆိုရင်...”

လုမင်လီ၏ စိတ်ထဲတွင်မူ ဟွာကျွင်းသည် သူ ခရီးမထွက်ခင်က ဘာမှ မမှာကြားခဲ့သည့်အပြင် စာတစ်စောင်ပင် မပေးခဲ့သည်ကို တွေးတောမိ၏။ ဤသည်မှာ ခွဲခြား ဆက်ဆံခံရတာလားဟု သူ တွေးနေမိသည်။

ဘုရားကျောင်းထဲတွင် တိတ်ဆိတ်နေကာ ရောဂါခံစားနေရသူများ၏ အော်ဟစ် ညည်းညူသံများကို မကြားရပေ။ ခုတင် ဒါဇင်ပေါင်းများစွာကို စနစ်တကျ စီထားပြီး တစ်ဝက်ခန့်မှာသာ ရောဂါခံနေရသူများ ရှိနေတော့သည်။ သမားတော် အချို့ ရောဂါသည်များကြားတွင် သွားလာကာ တစ်ခုခုကို သေသေချာချာ ရေးမှတ်နေကြ၏။

သူတို့ ရောက်လာသည်ကို မြင်သောအခါ အဖွဲ့ခေါင်းဆောင် သမားတော် ဖြစ်သူ ကျိုးနင်က အရှေ့သို့ ထွက်လာလေသည်။ သူသည် နန်းတွင်း သမားတော် တစ်ဦး ဖြစ်၏။ လုမင်လီ မြို့တော်မှ သမားတော် ဆယ်ဦး ခေါ်ဆောင်လာရာ သူသည်လည်း တစ်ဦး အပါအဝင် ဖြစ်၏။ အခြားသူများနှင့် မတူသည်မှာ သူသည် သဘောဆန္ဒ အလျောက် လိုက်ပါလာခြင်း ဖြစ်သည်။

သူ လုမင်လီကို မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လေ၏။

“ဗိုလ်ချုပ်လု... ဒီဆေးတွေက တကယ်ကို အံ့ဩစရာ ကောင်းလှပါတယ်။ ထိရောက်မှု မြန်ဆန်လွန်းတယ်၊ အထူးသဖြင့် အဖျားကျဆေး ဆိုရင် သောက်ပြီး နာရီဝက် အတွင်းမှာတင် ထူးခြားသွားတာပဲ။ ပြီးတော့ ဆေးကျိုနေဖို့ မလိုဘဲ ချက်ချင်း သောက်လို့ ရတဲ့အတွက် ကျွန်တော်တို့ သမားတော်တွေရဲ့ အချိန်ကို အများကြီး သက်သာစေပါတယ်”

သူ အလွန် စိတ်လှုပ်ရှားနေကာ တတွတ်တွတ် ပြောနေတော့သည်။

“ပြီးတော့ ညီအကိုကျန်းရဲ့ လက်ထဲက ညွှန်ကြားချက် စာအုပ်ကလည်း ကူးစက်ရောဂါ ပျံ့နှံ့မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်တာမို့ လောကကြီးကို ဖြန့်ဝေသင့်ပါတယ်”

သူ့အမူအရာ ပြောင်းလဲသွားပြီး အနည်းငယ် နှမြောတသဟန်ဖြင့် ဆို၏။

“ကံမကောင်းတာက ညီကိုကျန်းက ကျွန်တော့်ကို ကိုယ်တိုင်ပဲ ကြည့်ခွင့်ပေးပြီး အသေးစိတ် လေ့လာဖို့ ငှားမပေးတာပါပဲ”

နောက်တစ်စက္ကန့်တွင် သူ ပြန်လည် တက်ကြွသွားသည်။

“စစ်သူကြီးလု... ဒီနတ်သမားတော်ကြီးနဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးနိုင်မလား။ ကျွန်တော် သူ့ရဲ့ တပည့်အဖြစ် ခံယူပြီး တစ်သက်လုံး အလုပ်အကျွေး ပြုချင်ပါတယ်”

လုမင်လီနှင့် ကျန်းရှီယွဲ့တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ ထို့နောက် လုမင်လီ ပြောလိုက်သည်။

“ကျော်ကြားတဲ့ သမားတော်ဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ ဒီဆေးတွေကို တိုက်ဆိုင်မှု တစ်ခုကြောင့် ရလာခဲ့တာပါ”

ထို့နောက် သူ ကျန်းရှီယွဲ့ကို မေးမြန်းတော့သည်။

“အဲဒီ ညွှန်ကြားချက် စာရွက်နဲ့ ပတ်သက်ပြီးတော့ ညီလေးကျန်းအနေနဲ့ အများအကျိုးကို ရှေးရှုပြီး စဉ်းစားပေးစေချင်တယ်”

ကျန်းရှီယွဲ့သည် သူ့အင်္ကျီကြားထဲမှ စာရွက်ကို ထုတ်၍ လုမင်လီထံ ပေးလိုက်၏။ လုမင်လီ ၎င်းကို ဖွင့်ဖတ်လိုက်ရာ ပထမဆုံး စာကြောင်းကို မြင်သည်နှင့် စိတ်ထဲတွင် တစ်မျိုး ဖြစ်သွားတော့သည်။

“ညီလေးကျန်း... မင်းက ဟွာကျွင်းရဲ့ ဒီလောက်အထိ အလေးပေးတာ ခံရတာ တကယ်ကို ကံကောင်းတာပဲ”

ကျန်းရှီယွဲ့မှာ ကြောင်သွားပြီး ဘာပြန်ပြောရမှန်း မသိ ဖြစ်သွား၏။

“ဒါက ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ စာ ဖြစ်တဲ့အတွက် လူအများကြားမှာ ဖြန့်ဝေဖို့ မသင့်တော်ပါဘူး။ ကျွန်တော် အချိန်ရရင် အရေးကြီးတဲ့ အပိုင်းတွေကို ကူးရေးပြီး သမားတော်ကြီးကျိုးကို ပေးလိုက်ပါ့မယ်”

လုမင်လီ စာရွက်ကို ကျန်းရှီယွဲ့ထံ ပြန်ပေးလိုက်ပြီး သဘောတူခြင်းလား မကျေနပ်ခြင်းလား မကွဲပြားသော အသံဖြင့် နှာမှုတ်လိုက်သည်။

“နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်”

ကျန်းရှီယွဲ့ လုမင်လီ အနားသို့ တိုးသွားကာ တိုးတိုးလေး ဆို၏။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော် ဆေးတွေကို စာရင်းစစ်ကြည့်တော့ အိုင်ဗျူပရိုဖန် ဆေးရည် နှစ်ပုလင်း ပျောက်နေတာ တွေ့ရတယ်။ ရွာအနှံ့ ရှာကြည့်ပေမဲ့ မတွေ့ဘူး။ တစ်ယောက်ယောက်က ရွာအပြင်ကို ယူသွားမှာ စိုးရိမ်မိတယ်။ စစ်သူကြီးလု အနေနဲ့ အပြင်မှာ သတိထားပေးစေချင်ပါတယ်။ ဆေးက အဓိက မဟုတ်ပေမဲ့ အဲဒီပုလင်းကိုတော့ ဘာပဲဖြစ်ဖြစ် ပြန်ယူရပါမယ်”

ဟွာကျွင်း သူမ၏ စာထဲတွင် ရောဂါ ပျောက်ကင်းပြီးနောက်မှာပင် အနည်းဆုံး ခုနစ်ရက်ခန့် သီးခြားခွဲနေကာ စောင့်ကြည့်ရမည်ဟု မှာကြားထားသည်။ ကျန်းရှီယွဲ့သည် စုံစမ်းရန်အတွက် ရွာမှ ထွက်ခွာနိုင်ခြင်း မရှိသဖြင့် စစ်သူကြီးလုကိုသာ အပ်နှံလိုက်ရခြင်း ဖြစ်၏။

ထိုစကားကို ကြားသောအခါ လုမင်လီသည်လည်း စိုးရိမ်သွားလေသည်။ ဤသည်မှာ အလွန် အရေးကြီးသော ကိစ္စ ဖြစ်၏။ အကယ်၍ မကောင်းသော စိတ်ထားရှိသူများ လက်ထဲသို့ ရောက်သွားပါက ဟွာကျွင်းအတွက် မလိုလားအပ်သော ဘေးဒုက္ခများ ရောက်လာနိုင်ပေသည်။

သူက ခေါင်းငြိမ့်လိုက်၏။

“အပြင်ဘက် ကိစ္စကို ငါ့ကို လွှဲထားလိုက်ပါ။ မင်းကတော့ ရွာထဲက လူတွေကို ဆက်ပြီး စုံစမ်းပေးပါ။ ဟွာကျွင်းရဲ့ ပစ္စည်းတွေ တခြားသူတွေ လက်ထဲကို မရောက်စေရဘူး”

မကြာသေးမီက ချင်းယွန်းခရိုင် တွင် နတ်လူသား တစ်ဦး ပေါ်ထွန်းလာ၏။ သူသည် တိုက်ပင်ရွာမှ လာသူ ဖြစ်ပြီး မျိုးရိုးအမည် ဟွာ ဟု ခေါ်သော ပန်းနတ်သမီး က ခိုင်းစေသဖြင့် ကူးစက်ရောဂါအတွက် နတ်ဆေးများကို ခရိုင်သူ ခရိုင်သားများထံ ယူဆောင်လာပေးခြင်း ဖြစ်သည်ဟု ဆိုလေသည်။

ပန်းနတ်သမီး၏ စေခိုင်းခြင်းကို ခံရသူ ဖြစ်သဖြင့် မိမိကိုယ်ကိုယ် ချောင်တရှန်းဟု ခေါ်ဆိုလေ၏။ ရက်အနည်းငယ် အတွင်းမှာပင် သူ့ဆေးများက လူအများအပြားကို ပျောက်ကင်းစေခဲ့ရာ မြို့တော်မှ လာသော ဆရာဝန်များထက်ပင် ပို၍ ထိရောက်နေလေသည်။ ထို့ကြောင့် သူ့ထံ ချဉ်းကပ်သူ ပိုမို များပြားလာသော်လည်း သူ၏ ဆေးကို ရရှိရန်မှာ မလွယ်ကူပေ။ အလှူငွေ အမြောက်အမြား ပေးရသည့်အပြင် တန်းလည်း စီရသေး၏။

အခန်း (၅၈)

ပျောက်ဆုံးသွားသော ဆေးဝါး

ချင်းယွန်းခရိုင်သည် ပျက်စီးယိုယွင်းနေဆဲဖြစ်ပြီး အိမ်များကို ပြန်လည်တည်ဆောက်နေရဆဲ ဖြစ်၏။ ခရိုင်ရုံးတော်မှအပ အကောင်းပကတိ ကျန်ရှိနေသော အခြားတစ်နေရာမှာ ရှောင်ယွန်းဂေဟာ ပင် ဖြစ်လေသည်။

ရှောင်ယွန်းဂေဟာသည် မူလက ခရိုင်အတွင်း အကြီးဆုံးသော ကချေသည်ဂေဟာ ဖြစ်၏။ ဂေဟာရှင် အမျိုးသမီးကြီးမှာ ငွေကြေးအမြောက်အမြား ရှာဖွေနိုင်ခဲ့ပြီး အဆောက်အအုံကို အလွန်ခိုင်ခံ့အောင် ပြုပြင်ထားသဖြင့် ရေကြီးမှုဘေးမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်လေသည်။

လက်ရှိတွင် ချောင်တရှန်း ဟု အမည်ရသော ထင်ပေါ်ကျော်ကြားသူတစ်ဦးမှာ ရှောင်ယွန်းဂေဟာတွင် နေထိုင်လျက်ရှိ၏။ သူသည် ရုပ်ဆိုးပြီး အရပ်ပုသော်လည်း ခရိုင်အတွင်းရှိ သာမန်ပြည်သူများ စိတ်ထဲတွင် နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်နေတော့သည်။ သူ့လက်ထဲမှ အံ့ဖွယ်ဆေးဝါးမှာ လူပေါင်းများစွာ၏ အသက်ကို ကယ်တင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်၏။

ယနေ့တွင်လည်း ရှောင်ယွန်းဂေဟာ အပြင်ဘက်တွင် လူတန်းကြီးမှာ ရှည်လျားစွာ ရှိနေဆဲ ဖြစ်လေသည်။ ချောင်တရှန်းသည် ဒုတိယထပ်ရှိ နွေးထွေးသော အခန်းတစ်ခုတွင် ထိုင်နေပြီး ဝတ်စုံပါးပါး ဝတ်ဆင်ထားသော အမျိုးသမီးနှစ်ဦး၏ ပြုစုမှုကို ခံယူနေ၏။ သူ တန်းစီနေသော လူအုပ်ကြီးကို လက်ဖြင့် အသာအယာ ညွှန်ပြလိုက်ရာ ဂေဟာရှင် အမျိုးသမီးကြီးမှာ သူ၏ဆိုလိုရင်းကို နားလည်သွားပြီး ခါးလေးနွဲ့ကာ အောက်ထပ်သို့ ဆင်းသွားတော့သည်။

“ဒီနေ့ ဆေးရမဲ့သူတွေကို ချောင်တရှန်းက ရွေးချယ်ပြီးပြီ”

ဂေဟာရှင် အမျိုးသမီးကြီး အသံစူးစူးဖြင့် အော်ဟစ်လိုက်သည်။

လူတိုင်းက အရွေးခံရရန် ဆုတောင်းရင်း ခေါင်းပြူ၍ ကြည့်ကြကုန်၏။

“ဒီလူ၊ ဒီလူ... ပြီးတော့ အပြာရောင်အင်္ကျီနဲ့လူ၊ ကျွန်မနောက် လိုက်ခဲ့ကြ”

လူအုပ်ထဲမှ လူသုံးဦး ထွက်လာ၏။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးငယ် နှစ်ဦး ဖြစ်လေသည်။

တစ်စုံတစ်ယောက်က အော်ဟစ်ငိုယိုသည်။

“ကျေးဇူးပြုပြီး ချောင်တရှန်းရယ်... ကျွန်တော့်ကို ဆေးပေးသနားပါဦး။ တစ်ကိုယ်လုံး နာကျင်နေလို့ပါ”

“ချောင်တရှန်း၊ ဆေးအတွက် ကျွန်တော် ငွေအများကြီး ပေးပါ့မယ်”

“နတ်မင်းကြီးရယ်... ကျွန်တော့်ကို ကယ်ပါဦး”

…

ဂေဟာရှင် အမျိုးသမီးကြီးက သူမ၏ လက်ကိုင်ပုဝါကို ဝှေ့ယမ်းကာ ဆို၏။

“တိတ်စမ်း ချောင်တရှန်းက တစ်နေ့ကို လူသုံးယောက်ပဲ ဆေးပေးတာ၊ ဒါက စည်းကမ်းပဲ။ ဘာလို့ ဒီမှာ လာအော်နေကြတာလဲ။ အားလုံး ထွက်သွားကြစမ်း”

ထိုသုံးဦးကို အပေါ်ထပ်သို့ ခေါ်ဆောင်သွားပြီးနောက် အမျိုးသမီးကြီးသည် တံခါးအပြင်ဘက်တွင် စောင့်နေလေသည်။ ချောင်တရှန်းသည် လက်များကို ခမ်းခမ်းနားနား ဝှေ့ယမ်းပြပြီးနောက် တစ်စုံတစ်ယောက်က ထိုသုံးဦးကို အခန်းအသီးသီးသို့ ခေါ်ဆောင်သွားကာ ဆေးကိုစောင့်ရန် တံခါးများ ပိတ်ထားလိုက်လေသည်။

အခန်းထဲတွင် အမွှေးတိုင်များ ထွန်းထားရာ ရနံ့မှာ ဆေးခါးပင်နံ့နှင့် တူသော်လည်း အနည်းငယ် စူးရှနေ၏။ ရွေးချယ်ခံရသော အမျိုးသားနှင့် အမျိုးသမီးများသည် အလယ်ရှိ ထိုင်ဖုံပေါ်တွင် ဒူးထောက်ကာ ဦးချရင်း အမွှေးတိုင်နံ့ကို တစ်ခဏ ခံယူနေကြရလေသည်။

တံခါးပွင့်လာပြီး ချောင်တရှန်း ဝင်လာ၏။ ကြိုတင် အသိပေးထားသည့် စည်းကမ်းချက်များအတိုင်း သူတို့သည် သုံးကြိမ်တိုင်တိုင် ရိုသေစွာ ဦးချကြပြီးနောက် စိတ်အားထက်သန်စွာဖြင့် မတ်မတ်ထိုင်ကာ မျက်စိမှိတ်၍ ပါးစပ်ဟထားကြ၏။ ဆေးရည်များ သူတို့ပါးစပ်ထဲသို့ ကျလာမည်ကို စောင့်နေကြခြင်း ဖြစ်လေသည်။

ချောင်တရှန်းသည် အိုင်ဗျူပရိုဖန် ပုလင်းကို ထုတ်ကာ အဖုံးဖွင့်ပြီး ပန်းရောင်ဆေးရည်ကို လက်ဖက်ရည်ခွက်ထဲသို့ လောင်းထည့်လိုက်၏။ သူ လက်ညှိုးဖြင့် ပေါ့ပေါ့ပါးပါး မွှေလိုက်ပြီးနောက် သူတို့ပါးစပ်ထဲသို့ လောင်းထည့်ပေးလိုက်လေသည်။

မကြာမီမှာပင် သူတို့သည် ခေါင်းမူးလာကာ အိပ်မောကျသွားကြတော့၏။ တစ်နာရီခန့်အကြာတွင်မှ နိုးလာကြပြီး တံခါးအပြင်ဘက်သို့ တွဲခေါ်ခြင်း ခံရလေသည်။

အမှန်စင်စစ် အခန်းထဲတွင် ထွန်းထားသော အမွှေးတိုင်များမှာ စျေးပေါသော မူးယစ်ဆေးများနှင့် ရောစပ်ထားခြင်း ဖြစ်ရာ နာရီဝက်ခန့် အနံ့ရှုမိရုံဖြင့် အိပ်ပျော်သွားစေခြင်း ဖြစ်၏။

အမျိုးသမီးငယ် အများအပြားမှာ နိုးလာသည့်အခါ သူတို့ အဝတ်အစားများ ဖရိုဖရဲ ဖြစ်နေသည်ကို တွေ့ရသော်လည်း နတ်မင်းကြီးကို အကြွင်းမဲ့ ယုံကြည်နေကြသဖြင့် သတိမေ့နေစဉ် ကိုယ့်ဘာသာ အဝတ်အစားများ ရှုပ်ပွသွားသည်ဟုသာ ထင်မှတ်ကြလေသည်။

ရူးသွပ်ဖွယ်ရာ နေ့တစ်နေ့ ကုန်ဆုံးပြီးနောက် ချောင်တရှန်း ခုတင်ပေါ်တွင် လှဲလျောင်းရင်း သက်ပြင်းချကာ ဆို၏။

“အခုနောက်ပိုင်း ဆေးလာတောင်းတဲ့ မိန်းကလေးတွေ ပိုများလာပေမဲ့ သူတို့ ရုပ်ရည်တွေက အရင်လောက် မလှကြဘူး။တောက်... အထိအတွေ့ကလည်း မကောင်းဘူး”

အမျိုးသမီးတစ်ဦး သူ့ရင်ခွင်ထဲတွင် လှဲလျောင်းရင်း ချွဲနွဲ့စွာ ဆိုလေသည်။

“ချောင်တရှန်းကတော့ ဆိုးလိုက်တာ။ ချန့်ချန့် ရှိနေတာတောင် တခြားမိန်းကလေးတွေဆီ သွားနေတုန်းပဲ”

ချောင်တရှန်း သူမ ပါးကို ဆွဲလိမ်ကာ ပြောလိုက်သည်။

“ဘယ်လိုလုပ် အတူတူ ဖြစ်မှာလဲ။ မင်းက ကချေသည်လေ၊ သူတို့ကတော့ မိကောင်းဖခင် သားသမီးတွေလေ၊ တန်ဖိုးက အများကြီး ကွာခြားတာပေါ့”

ရင်ခွင်ထဲမှ အမျိုးသမီးမှာ တစ်ခဏ ကြောင်သွားပြီးနောက် ရယ်မောကာ ဆို၏။

“ရှင်ကတော့ စိတ်တိုစရာကြီး”

ချောင်တရှန်းကမူ ဘာမှ ဂရုမစိုက်ဘဲ သီချင်းတစ်အေးအေးဖြင့် ကျေနပ်နေလေသည်။ ထိုအခါ အမျိုးသမီး ပြောလိုက်သည်။

“အံ့ဖွယ်ဆေးက တစ်ဝက်တောင် မကျန်တော့ဘူး။ ကျွန်မတို့ အခု ရပ်သင့်ပြီနော်။ ရှင် ကျွန်မကိုပါ ခေါ်သွားမှာ မဟုတ်လား”

ချောင်တရှန်း သူမကို ပို၍ တင်းတင်းကြပ်ကြပ် ဖက်လိုက်ပြီး ဆိုလေသည်။

“ဘာတွေ လောနေတာလဲ။ အံ့ဖွယ်ဆေး ကုန်သွားရင် တခြား ဆေးမှုန့် တစ်ခုခုနဲ့ ရောလိုက်မှာပေါ့။ ဘာပဲဖြစ်ဖြစ် အဲဒီ ငတုံးတွေက သိမှာမဟုတ်ဘူး။ ပိုက်ဆံ အလုံအလောက် ရပြီဆိုရင် မင်းကို အဝေးကြီး ခေါ်သွားပေးပါ့မယ်”

ချန့်ချန့် ကျေနပ်ဟန်ဖြင့် မှီနေသော်လည်း စိတ်ထဲတွင်မူ ရွံရှာနေမိ၏။

'နင့် ရုပ်ဆိုးတဲ့ အကောင်နဲ့ ဘယ်သူက အတူနေချင်မှာလဲ။ ပိုက်ဆံတွေ ရတာနဲ့ နင့် ညစ်ပတ်တဲ့ လက်တွေကို ငါ ကိုယ်တိုင် ဖြတ်ပစ်မှာ'

နောက်တစ်နေ့တွင် ချောင်တရှန်း ငွေရှာသည့် အရှိန်ကို မြှင့်လိုက်လေသည်။ သူသည် ဂေဟာရှင် အမျိုးသမီးကြီးကို လွှတ်၍ သတင်းလွှင့်ခိုင်းလိုက်၏။

“နောက်ရက်အနည်းငယ်ဆိုရင် ပန်းနတ်သမီးရဲ့ မွေးနေ့ ရောက်တော့မယ်။ ပန်းနတ်သမီးက ဒီဒေသကို ကောင်းချီးပေးထားတာမို့ ရှင့်တို့ ဆန္ဒရှိရင် ပူဇော်ပစ္စည်းတွေ ဆက်သပြီး ဆုတောင်းနိုင်ပါတယ်။ ပူဇော်ပစ္စည်း ဆက်သတဲ့သူတွေထဲက တစ်နေ့ကို ဆယ်ယောက်ကို ချောင်တရှန်းက ရွေးချယ်ပြီး ဆေးပေးသနားပါလိမ့်မယ်”

ဤစကားမှာ အုတ်အော်သောင်းနင်း ဖြစ်သွားစေတော့သည်။ လူများ အဖိုးတန် ပစ္စည်းများ ယူရန် အိမ်သို့ အပြေးအလွှား ပြန်ကြကုန်၏။ ရွှေ၊ ငွေနှင့် ကျောက်သံပတ္တမြားများမှာ ရှောင်ယွန်းဂေဟာဆီသို့ အလုအယက် ရောက်ရှိလာတော့သည်။

လုမင်လီ တစ်ခုခု မှားယွင်းနေသည်ကို ပထမဆုံး သတိပြုမိသူ ဖြစ်ပြီး သမားတော်က သူ့ကို လာရောက် အစီရင်ခံခြင်း ဖြစ်၏။

“စစ်သူကြီးလု... ကျွန်တော်တို့ အစီရင်ခံစရာ ရှိပါတယ်”

“မကြာသေးမီက ဆေးပေးခန်းကနေ ရောဂါသည်တွေ ထွက်ပြေးနေကြပါတယ်။ အစပိုင်းမှာ သူတို့က သီးခြားခွဲနေရမှာကို မလိုလားလို့ ထင်ပြီး ကျွန်တော်တို့ အတတ်နိုင်ဆုံး ဖျောင်းဖျခဲ့ပါတယ်။ ဖျောင်းဖျလို့ မရတဲ့အခါ တံခါးတွေ ပိတ်ပြီး အပြင်မထွက်ဖို့၊ ကျွန်တော် ဆေးလာပို့ပေးမယ်လို့ ပြောခဲ့ရပါတယ်။ ဒါပေမဲ့ ဒီနေ့ ရောဂါသည်တစ်ယောက်ကို ဆေးသွားပို့တဲ့အခါ သူ အိမ်မှာပဲ ထူးထူးဆန်းဆန်း သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်”

“သူ့မိသားစုက အစီရင်ခံမှပဲ ကျွန်တော်တို့ သိရတာပါ။ နောက်ပိုင်း စုံစမ်းကြည့်တော့ မကြာသေးမီက လူ ၈ ယောက်ဟာ ဒီလိုနည်းနဲ့ပဲ သေဆုံးခဲ့ရပြီး အားလုံးဟာ ဟင်္သာပြဒါး အဆိပ်သင့်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်”

“ဟင်္သာပြဒါး ဟုတ်လား။ ဘာလို့ သူတို့က ဆေးကောင်းကောင်း မသောက်ဘဲ ဟင်္သာပြဒါးတွေကို စားနေကြတာလား”

သမားတော်က ခေါင်းခါပြသည်။

“ကျွန်တော်တို့လည်း မသိပါဘူး”

“စစ်သည်တော်တို့”

လုမင်လီက သူ့လက်အောက်ငယ်သားများကို ခေါ်ယူလိုက်၏။

“ဒီအကြောင်း သိတဲ့သူ မှန်သမျှကို ခေါ်ခဲ့ကြစမ်း”

မကြာမီမှာပင် သေဆုံးသူ အချို့၏ မိသားစုဝင်များကို ခရိုင်ရုံးတော်သို့ ခေါ်ဆောင်လာခဲ့လေသည်။ လုမင်လီက သေသေချာချာ စစ်မေးတော့သည်။

အမျိုးသမီးတစ်ဦးက ငိုယိုကာ ဆို၏။

“ဒါ ချောင်တရှန်း ကြောင့်ပါ။ ကျွန်မ အမျိုးသားက ချောင်တရှန်း ပေးတဲ့ဆေးကို သောက်ပြီး အဲဒီနေ့ညမှာပဲ ဆုံးသွားတာပါ”

အဘွားအိုတစ်ဦး ကြားဖြတ်၍ ပြောသည်။

“လျှောက်မပြောနဲ့။ ချောင်တရှန်းရဲ့ ဆေးက ဘယ်လိုလုပ် ပြဿနာ ရှိမှာလဲ။ သူ့ဆေးကြောင့် လူဘယ်လောက်တောင် ပျောက်ကင်းကုန်ပြီလဲ။ နင်ပဲ ငါ့သားကို သေအောင် လုပ်တာ ဖြစ်မှာပါ”

ထိုသို့ဆိုကာ ထိုအမျိုးသမီးကို ရိုက်ရန် ပြင်လေသည်။

လုမင်လီ ရုံးတော်တူနှင့် ထုလိုက်သဖြင့် သူတို့ ငြိမ်ကျသွားကြ၏။

“ဘယ်က ချောင်တရှန်းလဲ။ အစအဆုံး တစ်ခုမှ မချန်ဘဲ ရှင်းပြစမ်း”

အဘိုးအိုတစ်ဦး ရှင်းပြလာသည်။

“ချောင်တရှန်းက မြို့မြောက်ဘက်က ရှောင်ယွန်းဂေဟာမှာ နေတာပါ။ သူက ကူးစက်ရောဂါကို ကုနိုင်တယ်။ သူပေးတဲ့ ဆေးသောက်တဲ့သူ အများကြီး နောက်နေ့မှာ ပြန်ကောင်းလာကြတယ်”

လုမင်လီ မေးလိုက်၏။

“သူက ဘယ်ကလဲ။ ဘယ်ကနေ ရောက်လာတာလဲ။ ချင်းယွန်းခရိုင်က လူပဲလား”

အဘိုးအို ပြန်ဖြေ၏။

“သူက တိုက်ပင်ရွာက လာတာပါ။ သူ့ ရွာက ပန်းနတ်သမီးကို အမြဲ အလုပ်အကျွေး ပြုခဲ့တာလို့ ဆိုပါတယ်။ ရွာထဲက သေလုမျောပါး ဖြစ်နေတဲ့သူတွေကို ပန်းနတ်သမီးက ကယ်တင်ခဲ့တာပါ။ ဒါပေမဲ့ ပန်းနတ်သမီးက အပြင်ထွက်လို့ မရတဲ့အတွက် ချောင်တရှန်းကို ခရိုင်ထဲ လွှတ်ပြီး သူမကိုယ်စား ဆေးပေးခိုင်းတာပါ”

တိုက်ပင်ရွာ ပန်းနတ်သမီး ဟူသည့် စကားများကို ကြားသောအခါ လုမင်လီသည် မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရ၏။

“အဲဒီဆေးက ဘယ်လိုပုံစံလဲ မင်းတို့ သိလား”

အဘိုးအိုမှာ ယခင်က သောက်ဖူးသဖြင့် ပြန်လည် စဉ်းစားကာ ဆို၏။

“ပန်းရောင်လေးပါ၊ ချိုမြိန်တဲ့ အရသာ ရှိတယ်။ သောက်ပြီးရင် အိပ်ပျော်သွားပြီး နိုးလာရင် အများကြီး သက်သာသွားတာပဲ”

ပန်းရောင်ဖြစ်ပြီး ချိုမြိန်သော အရသာမှာ ကျန်းရှီယွဲ့ ပြောပြခဲ့သော အိုင်ဗျူပရိုဖန်ဆေးရည်၏ ပုံစံနှင့် တူညီနေသော်လည်း သောက်ပြီးလျှင် အိပ်ပျော်သွားတတ်သည်ဟု ကျန်းရှီယွဲ့က မပြောခဲ့ပေ။ လုမင်လီသည် ဤကွဲလွဲမှုကို သတိပြုမိလိုက်၏။

“မနေ့က ခင်ဗျား သား သောက်တဲ့ဆေးကရော အတူတူပဲလား”

အဘိုးအိုက ခေါင်းခါကာ ပြောသည်။

“ကျွန်တော် မသိဘူး၊ ဒါပေမဲ့ ချောင်တရှန်း ပေးတဲ့ဆေး ဆိုတာတော့ သေချာပါတယ်။ ဆေးက ပြဿနာ ရှိမှာ မဟုတ်ပါဘူး”

ချွေးမဖြစ်သူက အလျင်အမြန် ပြောသည်။

“မဟုတ်ဘူး၊ အဲဒါက မချိုဘူး။ ကျွန်မ အမျိုးသားက အဲဒီဆေးက ခါးသက်သက် အရသာ ရှိတယ်လို့ မနေ့က ပြောခဲ့တယ်”

“အဲဒီ ချောင်တရှန်း ဆိုတဲ့လူ အခု ရှောင်ယွန်းဂေဟာမှာ ရှိနေတုန်းပဲလား”

အဘိုးအို ခေါင်းငြိမ့်ပြလိုက်သည်။

“အိမ်နီးချင်းတွေ ပြောတာတော့ ရှောင်ယွန်းဂေဟာမှာ ဒီနေ့ လူတွေ အရင်ကထက်တောင် ပိုများနေတယ်တဲ့”

ဟွာကျွင်း၏ အမည်ကို အလွဲသုံးစားလုပ်ကာ လူများကို လိမ်လည်နေသော ချောင်တရှန်း ဆိုသည့်သူကို သွားရောက် တွေ့ဆုံရန် အချိန်တန်ပြီဟု လုမင်လီ ဆုံးဖြတ်လိုက်လေသည်။ လုမင်လီသည် စစ်သည်တစ်ဖွဲ့ကို ခေါ်ယူကာ မြို့မြောက်ဘက်ရှိ ရှောင်ယွန်းဂေဟာဆီသို့ ဒေါသတကြီး ချီတက်သွားလေတော့သည်။

All Chapters