← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉)

နတ်သမီး ဖူးပွင့်လာခြင်း

ရှောင်ယွန်းဂေဟာသည် မုန့်ဆိုင်ထက်ပင် ပိုမိုစည်ကားနေ၏။ အဝင်ဝတွင် လူပေါင်း ရာနှင့်ချီ၍ အလွှာလိုက် အထပ်လိုက် တိုးဝှေ့နေကြလေသည်။ သူတို့သည် ပူဇော်ပစ္စည်း အမျိုးမျိုးကို လက်တွင်ကိုင်ဆောင်ကာ တန်းစီစောင့်ဆိုင်းနေကြ၏။

စစ်သူကြီးလု လက်အောက်ငယ်သားများ လမ်းဖယ်ရှားပေးလိုက်မှ သူ ဂေဟာအဝင်ဝသို့ လျှောက်လှမ်းနိုင်ခဲ့ပြီး အခြေအနေကို သေသေချာချာ မြင်လိုက်ရတော့သည်။

မြေပြင်ပေါ်ရှိ ပစ္စည်းများမှာ တောင်ပုံရာပုံ ဖြစ်နေပြီး အမျိုးသားတစ်ဦး အဝင်ဝတည့်တည့်တွင် တင်ပျဉ်ခွေ ထိုင်နေ၏။ သူ မျက်စိမှိတ်ကာ ဂါထာမန္တန်အချို့ကို တိုးတိုးလေး ရွတ်ဖတ်နေလေသည်။

စစ်သူကြီးလု အရှေ့သို့ တက်လှမ်းကာ မေးမြန်းလိုက်၏။

“မင်းက ချောင်တရှန်း လား”

ချောင်တရှန်း မျက်စိတစ်ဖက်ကို ဖွင့်ကာ စောင်းငဲ့ကြည့်ရင်း ပြောလိုက်သည်။

“ပူဇော်ပစ္စည်းတွေကို ချထားခဲ့၊ ပြီးရင် တန်းစီတဲ့နေရာကို ပြန်သွားပြီး ပန်းနတ်သမီးရဲ့ အမိန့်တော်ကို စောင့်နေ”

စစ်သူကြီးလု နှာခေါင်းရှုံ့လျက် ဆို၏။

“ပန်းနတ်သမီး ဟုတ်လား။ ငါ့အမြင်မှာတော့ မင်းက လိမ်လည်လှည့်ဖြားနေတဲ့ လူလိမ်တစ်ယောက်ပဲ။ စစ်သည်တို့... သူ့ကို ဖမ်းသွားကြစမ်း”

တပ်ကြပ်ကြီးက အရှေ့သို့ တိုးသွားပြီး ချောင်တရှန်း၏ အင်္ကျီကော်လာ နောက်ဘက်မှ ဆွဲမလိုက်သည်။ ထိုအခါမှ ချောင်တရှန်းသည် မျက်စိနှစ်ဖက်လုံးကို ဖွင့်ကြည့်ကာ ဆို၏။

“မင်းတို့က ဘယ်သူမို့လို့လဲ။ ငါ့ရဲ့ ပူဇော်ပွဲ အခမ်းအနားကို ဘယ်လိုတောင် နှောင့်ယှက်ရဲကြတာလဲ”

တပ်ကြပ်ကြီး ပြန်ပြောလိုက်သည်။

“ဒါ စစ်သူကြီးလုပဲ။ မင်း လူတွေကို လိမ်လည်ပြီး သေဆုံးစေတယ်လို့ စွပ်စွဲချက် ရှိထားတယ်။ ငါတို့နဲ့ လိုက်ခဲ့”

ချောင်တရှန်း ထိတ်လန့်သွား၏။ သူ ဘေးပတ်ဝန်းကျင်မှ ကြည့်နေသူများကို မြင်လိုက်ရသည့်အခါ အကြံတစ်ခု ရသွားလေသည်။

“မင်းတို့ ငါ့ကို ဖမ်းသွားလို့ မရဘူး။ ပူဇော်ပွဲကို နှောင့်ယှက်တာဟာ ပန်းနတ်သမီးရဲ့ အမျက်ဒေါသကို ဆွပေးသလို ဖြစ်လိမ့်မယ်၊ တစ်ခရိုင်လုံးက လူတွေ ဒုက္ခရောက်ကုန်ကြလိမ့်မယ်”

တစ်စုံတစ်ယောက် ချက်ချင်း တုံ့ပြန်လိုက်သည်။

“ဟုတ်တယ် ဒီနေ့က ပန်းနတ်သမီးရဲ့ မွေးနေ့ပဲ၊ မင်းတို့ ချောင်တရှန်းကို ဖမ်းသွားလို့ မရဘူး”

“ဖမ်းသွားရင် နတ်ဘုရားတွေရဲ့ အပြစ်ပေးတာ ခံရလိမ့်မယ်”

“ပူဇော်ပွဲကို ရပ်လို့ မရဘူး၊ ချောင်တရှန်းကို အခုချက်ချင်း လွှတ်ပေး”

“ ချောင်တရှန်းက လူတွေကို လိမ်တာလည်း မဟုတ်ဘူး၊ သေအောင် လုပ်တာလည်း မဟုတ်ဘူး။ သူက လူအများကြီးကို ကယ်ခဲ့တာ”

“သူ့ကို ဖမ်းဖို့ သက်သေရှိလား။ မရှိရင် အခုချက်ချင်း လွှတ်ပေး”

လူအုပ်ကြီးသည် တဖြည်းဖြည်း တိုးကပ်လာကာ စစ်သည်များကို ဝိုင်းရံထားကြ၏။ မလွှတ်ပေးပါက တစ်ခုခု လုပ်တော့မည့် အသွင် ရှိနေလေသည်။

“တိတ်စမ်း”

စစ်သူကြီးလု ဟိန်းဟောက်လိုက်ရာ လူတိုင်း ငြိမ်ကျသွားကြ၏။

သူ ချောင်တရှန်းကို လှည့်ကြည့်လိုက်ရာ ထိုသူက ကောက်ကျစ်သော မျက်လုံးများဖြင့် သူ့ကို ပြုံးကြည့်နေလေသည်။ လုမင်လီက တပ်ကြပ်ကြီးကို ပြောလိုက်၏။

“သူ့ကို လွှတ်ပေးလိုက်”

ချောင်တရှန်းသည် သူ့ယုတ်မာမှုကို ဖုံးကွယ်ရန် ခေါင်းငုံ့လိုက်ပြီးမှ ကိုယ်ကို မတ်ကာ ပြော၏။

“ငါက ပန်းနတ်သမီးရဲ့ အနီးကပ် အစေခံပဲ။ မင်းတို့ မသိလို့ လုပ်တာမို့ အပြစ်မယူတော့ဘူး၊ အခုချက်ချင်း ဆုတ်ခွာကြတော့၊ အခမ်းအနားကို နှောင့်ယှက်လို့ မရဘူး။ တကယ်လို့ မပြန်ချင်ရင်လည်း ရပါတယ်၊ တစ်နေရာရာမှာ ဒူးထောက်ပြီး ထိုင်နေကြပေါ့”

တပ်ကြပ်ကြီး ဒေါသထွက်ကာ ဓားကို ဆွဲထုတ်၍ ချောင်တရှန်း၏ လည်ပင်းတွင် တေ့လိုက်လေသည်။ ချောင်တရှန်းမှာ ခြေထောက်များ ပျော့ခွေသွားပြီး ဒူးထောက်လုနီးပါး ဖြစ်သွား၏။

ကိုးကွယ်ကြသူများကြားတွင် နောက်ထပ် ဆူညံသံများ ထွက်ပေါ်လာပြန်သည်။

“ဘာလုပ်တာလဲ။ ဓားကို ချက်ချင်း သိမ်းစမ်း၊ ချောင်တရှန်းကို ထိခိုက်အောင် မလုပ်နဲ့”

“အစိုးရ စစ်သည်တွေက လူတွေကို စိတ်ထင်သလို သတ်နေကြပြီ။ တားမယ့်သူ မရှိကြဘူးလား”

စစ်သူကြီးလု တပ်ကြပ်ကြီးကို တားမြစ်လိုက်ပြီး အကြည့်ဖြင့် အရိပ်အယောင် ပေးလိုက်၏။ တပ်ကြပ်ကြီး ချောင်တရှန်းကို ဒေါသတကြီး စိုက်ကြည့်ကာ ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။

စစ်သူကြီးလု မေးမြန်းလိုက်၏။

“မင်းကို ငါ မဖမ်းတာ ထားပါဦး၊ ဒါပေမဲ့ မင်း ငါ့ကို အမှန်အတိုင်း ဖြေရမယ်။ မင်းရဲ့ ဆေးတွေက ဘယ်က ရတာလဲ”

ချောင်တရှန်း မေးကို မော့ကာ ဂုဏ်ယူစွာဖြင့် ဆို၏။

“ကျွန်တော့် ဆေးတွေကို တိုက်ပင်ရွာက ပန်းနတ်သမီးက ပေးသနားခဲ့တာပါ”

စစ်သူကြီးလု ပြောလိုက်သည်။

“လျှောက်မပြောနဲ့။ တိုက်ပင်ရွာမှာ ဘယ်က နတ်သမီး ရှိလို့လဲ”

ကြည်ညိုသူတစ်ဦးက အော်ဟစ်လိုက်၏။

“နတ်သမီး မရှိဘဲ ဘယ်လို ဖြစ်နိုင်မှာလဲ။ တိုက်ပင်ရွာက လူတွေအားလုံး သေလုမျောပါး ဖြစ်နေတာ၊ အခု ပြန်ကောင်းကုန်ကြပြီလေ။ အဲဒါ နတ်သမီး မဟုတ်ရင် ဘာဖြစ်မလဲ”

“ဟုတ်ပါ့၊ ဟုတ်ပါ့။ အဲဒီထဲက လူတွေက ငါတို့ ခရိုင်ထဲက ဆေးပေးခန်မှာထက်တောင် ပိုမြန်မြန် ပြန်ကောင်းကြတယ်လို့ ကြားတယ်”

ချောင်တရှန်းက မျက်လုံးကို မှေးကျဉ်းကာ စစ်သူကြီးလုကို ပြောလိုက်သည်။

“မြင်တယ်မလား စစ်သူကြီးလု။ ဒါက လူတိုင်း သိတဲ့ ကိစ္စပဲ။ စစ်သူကြီးအနေနဲ့ ပန်းနတ်သမီးကို စော်ကားတာမျိုး လုံးဝ မလုပ်သင့်ဘူး၊ မဟုတ်ရင် ဘေးဒုက္ခတွေ ကြုံရလိမ့်မယ်”

စစ်သူကြီးလုက ထပ်မေးလိုက်သည်။

“နတ်သမီး ပေးတဲ့ဆေး ဆိုရင် ဘာလို့ လူ့အသက်ကို သေစေတာလဲ”

ချောင်တရှန်းက အသံကျယ်ကျယ်ဖြင့် ငိုယိုကာ ဆို၏။

“ဒါက မဟုတ်မမှန် စွပ်စွဲတာပါ၊ ကျွန်တော့်ကို မနာလိုတဲ့သူတွေက နာမည်ဖျက်တာ။ ကျွန်တော် ချောင်တရှန်းက လူတွေကို ဘယ်တော့မှ မထိခိုက်ဘူး၊ ကယ်တင်တာပဲ ရှိတယ်။ မယုံရင် လူတိုင်းကို မေးကြည့်”

“ဟုတ်တယ်၊ ချောင်တရှန်းရဲ့ ဆေးကို သောက်ပြီး ကျွန်တော် နေကောင်းသွားတာ”

“နောက်ဆုံးတစ်ခေါက် ဆေးသောက်တော့ အဖျားက အဲဒီနေ့မှာတင် ကျသွားတာပဲ”

“ဆေးက ပြဿနာ ရှိဖို့ မဖြစ်နိုင်ပါဘူး။ တစ်ခုခု လွဲမှားနေတာ နေမှာပါ”

“အရာရှိတွေက ချောင်တရှန်းကို ဖမ်းပြီး အပြစ်ပုံချချင်နေတာပဲ ဖြစ်မှာ”

စွပ်စွဲချက်များမှာ တစ်စတစ်စ ပိုမို ရူးသွပ်ဖွယ် ကောင်းလာလေသည်။

စစ်သူကြီးလုက ပြောလိုက်၏။

“မင်းရဲ့ ဆေးက လူကို မသတ်ဘူးဆိုရင်တော့ စုံစမ်းစစ်ဆေးတာကို ကြောက်စရာ မလိုဘူးပေါ့။ စစ်သည်တို့... အထဲဝင်ပြီး ရှာဖွေကြစမ်း။ ရှိသမျှ ဆေးတွေ အကုန်ရှာ၊ စစ်ဆေးကြည့်လိုက်ရင် သိရလိမ့်မယ်”

ထိုစကားကို ကြားသောအခါ ချောင်တရှန်း မျက်နှာပျက်သွား၏။ သူသည် စစ်သည်များကို တားဆီးကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

“မရဘူး... မရဘူး... မင်းတို့ ပန်းနတ်သမီးကို နှောင့်ယှက်မိလိမ့်မယ်”

“အထဲဝင်လို့ မရဘူး။ ပူဇော်ပွဲ မပြီးသေးဘူး။ မင်းတို့ လုပ်ရပ်က ပန်းနတ်သမီးကို စော်ကားတာပဲ၊ သူ စိတ်ဆိုးလိမ့်မယ်”

“ဟုတ်တယ် သူတို့ကို ပေးမဝင်နဲ့ ငါတို့ နတ်သမီးဆီက ဆေးရထားတာ၊ သူ့ကို အနှောင့်အယှက် မပေးနိုင်ဘူး။ မြန်မြန် တားကြစမ်း”

ရွာသားများ အရှေ့သို့ တိုးလာပြန်ရာ စစ်သည်များက တားဆီးထားရသော်လည်း လူအင်အား များလွန်းသဖြင့် စစ်သူကြီးလု အနေဖြင့်လည်း သူတို့ကို အနာတရ မလုပ်နိုင်ပေ။ သူတို့အားလုံး လူအုပ်အောက် ရောက်သွားတော့မည့် အသွင် ရှိနေလေသည်။

စစ်သူကြီးလုက အော်ဟစ်လိုက်ပြန်၏။

“အားလုံး နောက်ဆုတ်ကြစမ်း”

သူ ခါးမှ ဓားကို ဆွဲထုတ်လိုက်ရာ ထွက်ပေါ်လာသော ဓားအလင်းတန်းက လူအုပ်ကို အနည်းငယ် တုန်လှုပ်သွားစေသည်။ သူ ရွာသားများကို တကယ် မတိုက်ခိုက်လိုသဖြင့် နည်းလမ်းအသစ်ကို စဉ်းစားလိုက်၏။

စစ်သူကြီးလု ပြောလိုက်သည်။

“ ချောင်တရှန်း... မင်း ခုနက ပြောတော့ ပန်းနတ်သမီးက တိုက်ပင်ရွာမှာ နေတာဆို။ ဒီမှာ ယဇ်ပလ္လင် တည်ထားတာက ဘာထူးမှာလဲ”

ပန်းနတ်သမီး အကြောင်း ပြောလိုက်သည်နှင့် ချောင်တရှန်းက သတ္တိများ ပြန်ဝင်လာပုံ ရ၏။

“ထူးတာပေါ့ ငါ့မှာ နတ်သမီး ပေးထားတဲ့ သက်သေ အထောက်အထား ရှိတယ်”

“စကားသက်သက်နဲ့တော့ မယုံနိုင်ဘူး။ ထုတ်ပြစမ်း”

ချောင်တရှန်းသည် အလွန် ဂုဏ်ယူနေ၏။

“ကောင်းပြီ... ဒီနေ့တော့ မင်းတို့ကို သက်သေပြရတာပေါ့၊ ဘယ်သူမှ ငါ့ကို မစွပ်စွဲနိုင်အောင်လို့”

သူ အိမ်ထဲသို့ ဝင်သွားပြီးနောက် မကြာမီမှာပင် ပန်းချီကားငယ်လေး တစ်ချပ်ကို ကိုင်၍ ပြန်ထွက်လာလေသည်။ သူ ၎င်းကို သေသေချာချာ ဖွင့်ပြလိုက်၏။

စစ်သူကြီးလုသည် အနီးဆုံးတွင် ရှိနေသဖြင့် ပန်းချီကားထဲမှ အမျိုးသမီးသည် ဟွာကျွင်းနှင့် အလွန်တူနေသည်ကို ချက်ချင်း သိလိုက်ရတော့သည်။ သူမသည် ဆံပင်များကို ရိုးရှင်းစွာ ထုံးထားပြီး အကွက်ဖော် အင်္ကျီနှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပါ၏။

ဤသည်မှာ ကျန်းရှီယွဲ့ ဆွဲထားသော ပုံဖြစ်ပြီး ချောင်တရှန်းက ဆေးများနှင့်အတူ ခိုးယူလာခဲ့ခြင်း ဖြစ်ကြောင်း သူ အသေအချာ သိလိုက်ရ၏။

သူ စိတ်ထဲမှ ကျန်းရှီယွဲ့ကို နှစ်ကြိမ်ခန့် ကြိမ်ဆဲလိုက်ပြီးနောက် ချောင်တရှန်း၏ စကားကို ကြားလိုက်ရသည်။

“ဒါ ပန်းနတ်သမီးပဲ။ ဘာလို့ အခုထိ ဒူးမထောက်ဘဲ နေနေကြတာလဲ”

လူအုပ်ကြီးထဲမှ အတော်များများက ဒူးထောက်လိုက်ကြ၏။

“နတ်သမီးကြီးခင်ဗျာ... ကျွန်တော်မျိုးတို့ရဲ့ အလေးပြုတာကို ခံယူပေးပါ”

ချောင်တရှန်းက စစ်သူကြီးလုကို မေးလိုက်သည်။

“စစ်သူကြီးလု... စစ်သူကြီးလုကရော ဘာလို့ နတ်သမီးကို ဒူးမထောက်တာလဲ။ လူတိုင်းကို ဘေးဒုက္ခ ရောက်အောင် လုပ်ချင်နေတာလား”

စစ်သူကြီးလု လူအုပ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“တိုက်ဆိုင်လိုက်တာ၊ ငါ မနေ့ကတင် တိုက်ပင်ရွာက ပြန်လာတာ။ ဘုရားကျောင်းက ကျန်းမျိုးနွယ် တစ်ယောက် ပြောတာတော့... ပန်းနတ်သမီးဟာ အပြင်မှာ သူ့နာမည်ကို အသုံးချပြီး လူတွေကို လိမ်လည်နေတာကို သိလို့ အရမ်း စိတ်ဆိုးနေတယ်တဲ့။ ဒါကြောင့် သူရဲ့ မွေးနေ့မှာ သူ့ဆန္ဒကို ဖော်ပြဖို့အတွက် နတ်တမန် အသစ်တစ်ယောက်ကို ရွေးချယ်မယ်လို့ ဆုံးဖြတ်ထားတယ်တဲ့။ အဲဒါက ဒီနေ့ပဲ ဖြစ်လိမ့်မယ်”

သူသည် ပန်းချီကားကို ညွှန်ပြကာ ဆို၏။

“ကြည့်ကြစမ်း၊ ပန်းနတ်သမီး ဖူးပွင့်လာပြီ”

ထိုအချိန်တွင် ပန်းချီကားထဲမှ ဟွာကျွင်း၏ မျက်နှာပေါ်သို့ အလင်းတန်း တစ်ခု ကျရောက်လာရာ ရွာသားများက အံ့ဩတကြီး အော်ဟစ်ကြတော့သည်။

“ပန်းနတ်သမီး ဖူးပွင့်လာပြီ၊ ပန်းနတ်သမီး ဖူးပွင့်လာပြီ”

ချောင်တရှန်းပင်လျှင် ထိတ်လန့်သွားကာ လက်ထဲမှ ပန်းချီကားမှာ ပြုတ်ကျလုနီးပါး ဖြစ်သွား၏။

“ပန်းနတ်သမီးခင်ဗျာ... နတ်တမန်ကို ရွေးချယ်ပေးပါ”

စစ်သူကြီးလု အခွင့်ကောင်းယူ၍ အော်ဟစ်လိုက်ရာ လူအများအပြားက ထပ်ဆင့် အော်ဟစ်ကြလေသည်။

“ပန်းနတ်သမီးခင်ဗျာ... နတ်တမန်ကို ရွေးချယ်ပေးပါ”

“တိတ်စမ်း”

စစ်သူကြီးလု အမိန့်ပေးလိုက်ပြီး ပန်းချီကားကို ညွှန်ပြလိုက်၏။

“ကြည့်ကြ”

အလင်းတန်းသည် ဟွာကျွင်း၏ မျက်နှာပေါ်မှ တဖြည်းဖြည်း ရွေ့လျားသွားပြီး ပန်းချီကားထဲမှ ထွက်ခွာကာ အနီးရှိ စစ်သည်များပေါ်သို့ ကျရောက်သွားသည်။ အလင်းတန်း ကျရောက်သည့် လူတိုင်းမှာ အံ့ဩတကြီးဖြင့် ဒူးထောက်လိုက်ကြ၏။

အလင်းတန်းသည် သင့်တော်သောသူကို ရွေးချယ်နေသယောင် ရှေ့နောက် ရွေ့လျားနေလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေကာ မည်သူမျှ စကားမပြောရဲကြပေ။

နောက်ဆုံးတွင် အလင်းတန်းသည် စစ်သူကြီးလု၏ လက်ထောက်ဖြစ်သူ ကောကျန်းပေါ်တွင် ရပ်တန့်သွားတော့သည်။ စစ်သူကြီးလု ကျယ်လောင်သော အသံဖြင့် ကြေညာလိုက်၏။

“နတ်တမန်ကို ဂါရဝပြုကြစမ်း”

အခန်း (၆၀)

သေစေသော ဟင်္သာပြဒါး

ကောကျန်း သည် အောက်သို့ ငုံ့ကြည့်ရာ မျက်လုံးများ ပြူးကျယ်သွားပြီး လက်ဖြင့် စမ်းကြည့်သော်လည်း ဘာမှ မစမ်းမိပေ။ ထို့နောက် သူ လုမင်လီ ကို မော့ကြည့်လိုက်ပြီးနောက် ဆက်လက် ရပ်မနေနိုင်တော့ဘဲ ဒူးထောက်၍ လဲကျသွားတော့သည်။

လုမင်လီသည် နှုတ်ခမ်းကို တွန့်လိုက်မိ၏။ သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို ကြည့်စမ်းပါဦး၊ ပုံမှန်ဆိုလျှင် သူသည် ဤမျှအထိ အထိမခံနိုင်သူ မဟုတ်ပေ။ သို့သော်လည်း ဤခေတ်ကာလတွင် လက်နှိပ်ဓါတ်မီးကို မကြောက်မည့်သူ မည်သူ ရှိပါမည်နည်း။

လုမင်လီ ခရီးမထွက်မီက ဟွာကျွင်း သည် သူ ညဘက် ခရီးသွားရာတွင် အခက်အခဲ မရှိစေရန် ဤလက်နှိပ်ဓါတ်မီးကို ပေးခဲ့ခြင်း ဖြစ်၏။ သူသည် ၎င်းကို အသုံးမပြုဘဲ သိမ်းထားခဲ့သော်လည်း ယနေ့တွင် ဤမျှအထိ အသုံးဝင်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သူ လက်နှိပ်ဓါတ်မီးကို အင်္ကျီလက်ထဲတွင် ဝှက်ထားပြီး နတ်ဘုရား၏ အလိုတော်အဖြစ် ဟန်ဆောင်ကာ ရှိနေသူ အားလုံးကို လှည့်စားလိုက်ခြင်း ဖြစ်သည်။

လုမင်လီ ကောကျန်းကို ထရန် အရိပ်အယောင် ပြလိုက်ရာ ကြည်ညိုသူများက သူ့ဘက်သို့ လှည့်၍ ဦးချကြကုန်၏။

“နတ်တမန်မင်းကို ဂါရဝပြုပါတယ်”

“နတ်တမန်မင်းကို ဂါရဝပြုပါတယ်”

…

ချောင်တရှန်းမှာမူ ထိုနေရာတွင်ပင် ကြောင်အမ်းအမ်း ဖြစ်နေသည်ကို မြင်သောအခါ လုမင်လီ ခက်ထန်သော အသံဖြင့် မေးမြန်းလိုက်သည်။

“မင်းက ဘာလို့ ဒူးမထောက်တာလဲ”

ပန်းနတ်သမီး အမှန်တကယ်ပင် ဖူးပွင့်လာခဲ့ပြီ ဖြစ်လော။ ဤသည်မှာ သူ့ကြောင့်လား။ သူ စိတ်မသက်မသာ ဖြစ်နေပြီး ကောကျန်း၏ ရှေ့တွင် ဒူးထောက်ကာ တုန်တုန်ရင်ရင်ဖြင့် ဆိုသည်။

“နတ်မင်းတမန်ကို ဂါရဝပြုပါတယ်”

ကောကျန်းမှာ ကြောင်တောင်တောင် ဖြစ်နေဆဲ ဖြစ်၏။ သူ အလေ့အထအရ လုမင်လီကို မေးမြန်းသည်။

“စစ်သူကြီးလု... ပန်းနတ်သမီးက ဘာကို ဆိုလိုတာလဲ။ ဘာလို့ ကျွန်တော့်ကိုမှ နတ်တမန်အဖြစ် ရွေးချယ်ရတာလဲ။ ကျွန်တော့်ကို တစ်ခုခု လုပ်စေချင်လို့လား”

လုမင်လီ ပြောလိုက်သည်။

“ပန်းနတ်သမီးမှာ ညွှန်ကြားချက် ရှိမှာပါ။ ငါတို့ တိတ်တိတ်ဆိတ်ဆိတ် စောင့်နေရုံပါပဲ”

လူတိုင်း၏ အာရုံမှာ လက်နှိပ်ဓါတ်မီး၏ အလင်းတန်းပေါ်တွင်သာ ရှိနေ၏။ မကြာမီမှာပင် ၎င်းသည် ထပ်မံ ရွေ့လျားသွားပြန်သည်။ လုမင်လီ လက်မောင်းကို အသာအယာ ရွှေ့လိုက်ရာ အလင်းတန်းမှာ ရှောင်ယွန်းဂေဟာ အတွင်းသို့ ကျရောက်သွားပြီးနောက် ဓာတ်မီးကို ပိတ်လိုက်သည်။

“ပန်းနတ်သမီးက နတ်တမန်မင်းကို အထဲဝင်ကြည့်စေချင်ပုံ ရတယ်”

လုမင်လီ ကောကျန်းကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သော်လည်း ကောကျန်းက နားမလည်သေးပေ။ သူ ဝေခွဲမရ ဖြစ်နေပြီး မေးမြန်းလိုက်၏။

“ပန်းနတ်သမီးက ကျွန်တော့်ကို... မဟုတ်ဘူး၊ ယုံကြည်ကိုးကွယ်သူတွေကို ဘာလုပ်စေချင်တာလဲ”

'ဒီငတုံးကောင်'

လုမင်လီ စိတ်ထဲမှ ဆဲဆိုလိုက်ပြီးနောက် စစ်တပ်သုံး လက်ဟန်ဖြင့် 'ရှာဖွေစမ်း' ဟု အချက်ပြလိုက်သည်။

ထိုအခါမှ ကောကျန်း နားလည်သွားပြီး လူအချို့ကို ခေါ်ယူလိုက်၏။

“လာကြ။ ငါ့နောက်ကနေ အထဲကို လိုက်ရှာကြစမ်း”

ချောင်တရှန်း အလျင်အမြန် တားဆီးသည်။

“အထဲဝင်လို့ မရဘူး။ ရှာလို့ မရဘူး”

ကောကျန်း သူ့ကို ဘေးသို့ တွန်းဖယ်ကာ နောက်လှည့်မကြည့်ဘဲ အထဲသို့ ပြေးဝင်သွားတော့သည်။ ချောင်တရှန်း လက်မလျှော့ဘဲ အောက်ရှိ ကြည်ညိုသူများကို အကူအညီ တောင်းတော့၏။

“တစ်ခုခု ပြောကြပါဦး။ ပန်းနတ်သမီးရဲ့ အေးချမ်းမှုကို အနှောင့်အယှက် မပေးခိုင်းပါနဲ့”

လူတိုင်းမှာ ပန်းနတ်သမီး၏ အလိုတော်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ဖြစ်ရာ မည်သူကမှ သူ့စကားကို နားမထောင်ကြတော့ပေ။ သူတို့အားလုံး နတ်တမန်မင်း ပြန်ထွက်လာမည့် အချိန်ကိုသာ တိတ်ဆိတ်စွာ စောင့်နေကြသည်။

မကြာမီမှာပင် ကောကျန်းသည် လူအချို့နှင့်အတူ ပြန်ထွက်လာပြီး ပစ္စည်းများစွာ ပါလာသည်ကို တွေ့ရ၏။ ရွှေ၊ ငွေ၊ ပုလဲနှင့် ကျောက်သံပတ္တမြားများ ပြည့်နှက်နေသော သေတ္တာကြီး သုံးလုံးနှင့် အမျိုးသမီး အချို့ ဖြစ်သည်။

ကောကျန်းသည် လုမင်လီ အနားသို့ လျှောက်လာပြီး လက်ထဲမှ အိတ်ကို ဖွင့်ပြလိုက်၏။ အထဲတွင် အိုင်ဗျူပရိုဖန် ဆေးရည် နှစ်ပုလင်း ရှိနေသော်လည်း အထဲမှ ဆေးရည်များမှာ အနီရောင်ဖျော့ဖျော့သို့ ပြောင်းလဲနေပြီ ဖြစ်၏။

လုမင်လီ အနောက်ဘက်ရှိ သမားတော်ဘက်သို့ လှည့်ကာ ဆိုသည်။

“သမားတော်ချန်း... ကျေးဇူးပြုပြီး ဒါလေးကို ကြည့်ပေးပါဦး”

သမားတော်ချန်း ဆေးပုလင်းများကို ကြည့်လိုက်သော်လည်း ဘယ်က စရမှန်း မသိ ဖြစ်နေ၏။

သူသည် ဤကဲ့သို့သော အရာများကို တစ်ခါမှ မမြင်ဖူးပေ။ လုမင်လီ ပုလင်းအဖုံးကို ဖွင့်ကာ သူ့ထံ ပေးလိုက်သည်။ သူသည် အံ့ဩတကြီးဖြင့် ယူလိုက်ပြီး သေသေချာချာ နမ်းကြည့်ကာ လက်ဖြင့် အနည်းငယ် ထုတ်၍ စစ်ဆေးပြီးနောက် အတည်ပြုလိုက်၏။

“ဒါ ဟင်္သာပြဒါး တွေပဲ”

ရွာသားများ တစ်ဦးကိုတစ်ဦး အံ့ဩတကြီး ကြည့်လိုက်ကြပြီး ပြောကြ၏။

“ဘယ်လိုလုပ် ဟင်္သာပြဒါး ဖြစ်နိုင်မှာလဲ။ ဟင်္သာပြဒါးက အဆိပ်ရှိတယ်လေ”

လုမင်လီ အမွှေးတိုင်အိုး တစ်ခုကို သမားတော်ချန်းထံ ပေးလိုက်ပြန်သည်။

“ဒါကိုလည်း စစ်ဆေးပေးပါဦး”

သမားတော်ချန်းသည် အနည်းငယ် နမ်းကြည့်ရုံဖြင့် ချက်ချင်းပင် လက်ကို ဆန့်ထုတ်ကာ အမွှေးတိုင်အိုးကို အဝေးသို့ ပို့လိုက်လေ၏။

“ဒီထဲမှာ မူးယစ်ဆေး တွေ ပါနေတယ်”

“ဘာလဲ။ ဘယ်လိုလုပ် မူးယစ်ဆေး ပါနေမှာလဲ။ ဒါက အထူးပြုလုပ်ထားတဲ့ ဆေးခါးပင်တွေ မဟုတ်ဘူးလား”

အောက်ရှိ အမျိုးသမီးငယ် တစ်ဦးမှာ ထိုစကားကို ကြားသည်နှင့် မျက်နှာ ဖြူလျော်သွားတော့သည်။ သူမ ဤအမွှေးတိုင်နံ့ကို နမ်းရှိုက်ပြီးနောက် အချိန်အတော်ကြာ သတိမေ့သွားခဲ့ကာ နိုးလာသည့်အခါ အဝတ်အစားများ ဖရိုဖရဲ ဖြစ်နေပြီး ခန္ဓာကိုယ်တွင်လည်း အလွန် အနေရခက်သော ခံစားချက်မျိုး ခံစားခဲ့ရသည်ကို သတိရသွား၏။ သူမ တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် ချောင်တရှန်းကို လက်ညှိုးထိုးပြီး ရှက်ရွံ့ကာ ဒေါသတကြီး အော်လိုက်သည်။

“နင်....နင်....ငါ့ကို ဆေးတိုက်ပြီးတော့ တစ်ခုခု လုပ်ခဲ့တာ မလား”

ချောင်တရှန်းမှာ ဤရုတ်တရက် စွပ်စွဲချက်ကြောင့် ထိတ်လန့်သွားကာ မည်သို့သော ဆင်ခြေ ပေးရမှန်း မသိ ဖြစ်သွား၏။ သူ အမျိုးသမီး၏ အကြည့်ကို ရှောင်ဖယ်ရင်း ထိတ်လန့်တကြား ပြောလိုက်သည်။

“မင်း ဘာတွေ ပြောနေတာလဲ ငါနားမလည်ဘူး...”

ထိုအချိန်တွင် အမျိုးသမီးမှာ အားလုံးကို နားလည်သွားတော့သည်။ သူမ နှုတ်ခမ်းများမှာ တဆတ်ဆတ် တုန်ယင်နေကာ ဆက်လက် အသက်ရှင်ရန် မျက်နှာ မရှိတော့ဟု ခံစားလိုက်ရ၏။ ထို့နောက် သူမ အံကြိတ်ကာ အဝင်ဝရှိ ခြင်္သေ့ရုပ်ဆီသို့ ပြေးဝင်တိုက်တော့သည်။ 'ဒိုင်း' ခနဲ အသံနှင့်အတူ သူမ မြေပြင်ပေါ်သို့ လဲကျသွားကာ နဖူးမှ သွေးများ စီးကျလာတော့၏။

အရာအားလုံးမှာ လူတိုင်း မတုံ့ပြန်နိုင်လောက်အောင် မြန်ဆန်လွန်းလှ၏။ အဘွားအို တစ်ဦး ပြေးလာကာ ငိုယိုသည်။

“ငါ့သမီးလေး”

သူမ နွေးထွေးနေဆဲ ဖြစ်သော ရုပ်အလောင်းကို ပွေ့ဖက်ပြီး နှလုံးကြေကွဲစွာ ငိုကြွေးသည်။ အမျိုးသမီး၏ ဖခင်ဖြစ်သူသည်လည်း သမီးဖြစ်သူ၏ ရင်နာစရာ အခြေအနေကို မြင်သောအခါ ချောင်တရှန်းဆီသို့ ဒေါသတကြီး ပြေးဝင်သွားတော့သည်။

“ငါ မင်းကို သတ်မယ်။ ခွေးတိရစ္ဆာန်ကောင်”

လုမင်လီ ဥပဒေမဲ့ လုပ်ရပ်ကို အမှန်တကယ် လုပ်မိမည်ကို စိုးရိမ်သဖြင့် သူ့အား တားဆီးကာ ပြောလိုက်သည်။

“အဘိုး... စိတ်အေးအေး ထားပါ၊ ကျွန်တော် အဘိုးအတွက် တရားမျှတမှု ရအောင် လုပ်ပေးပါ့မယ်”

ထို့နောက် သူ ချောင်တရှန်းကို မေးမြန်းလိုက်၏။

“ချောင်တရှန်း... မဟုတ်ဘူး၊ မင်းကို တုအာ့ချန်းလို့ပဲ ခေါ်ရမလား၊ မင်း ဘာပြောစရာ ရှိသေးလဲ”

ဤမြင်ကွင်းကို မြင်သောအခါ တုအာ့ချန်း ထိတ်လန့်တကြား ဒူးထောက်လိုက်သည်။

“ကျွန်တော် အရင်က ပေးခဲ့တာ... အရင်က ပေးခဲ့တာတွေက တကယ် နတ်ဆေးတွေပါ။ သူတို့ အားလုံး သက်သေခံနိုင်ပါတယ်။ ကျွန်တော် လူအများကြီးကိုလည်း ကုပေးခဲ့တာမို့ ကျွန်တော့်မှာ အနည်းနဲ့အများတော့ ကျေးဇူးရှိပါတယ်”

“မင်း အဲဒီ နတ်ဆေးတွေကို ဘယ်က ရတာလဲ”

“တိုက်ပင်ရွာကနေ ခိုးလာတာပါ...”

လုမင်လီ ထပ်မေးလိုက်၏။

“ဒါဆို ဒီဟင်္သာပြဒါးတွေက ဘာလဲ”

“နောက်ပိုင်း... နောက်ပိုင်းကျတော့ နတ်ဆေးတွေ ကုန်သွားလို့ ကျွန်တော်... ကျွန်တော် တခြား အရာတွေနဲ့ ရောပြီး ဟင်္သာပြဒါးကို အစားထိုးလိုက်တာပါ... လူသေလိမ့်မယ်လို့ ကျွန်တော် တကယ် မထင်ထားဘူး။ တကယ်ပါ”

အောက်ရှိ ပြည်သူများမှာ ဒေါသထွက်ကုန်ကြပြီး တုအာ့ချန်းကို တံတွေးဖြင့် ထွေးကာ ဆဲဆိုကြတော့သည်။

“လူလိမ်၊ ငါ့ပိုက်ဆံတွေ ပြန်ပေး”

“မင်း လူဘယ်လောက်တောင် ဒုက္ခပေးခဲ့လဲ။ အသေဆိုးနဲ့ သေပါစေ”

လုမင်လီ အမိန့်ပေးလိုက်၏။

“ဒီကိစ္စနဲ့ ပတ်သက်သူ အားလုံးကို ဖမ်းခေါ်သွားကြ၊ ပြီးတော့ ရှောင်ယွန်းဂေဟာကို ချိတ်ပိတ်လိုက်”

–

သေသေချာချာ စစ်ဆေးပြီးနောက် တုအာ့ချန်းသည် ခိုးမှု၊ ငွေကြေးအတွက် လူသတ်မှုနှင့် အမျိုးသမီးများကို စော်ကားမှုများ ကျူးလွန်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။ လုမင်လီသည် တုအာ့ချန်းအား ချက်ချင်း သေဒဏ်ပေးလိုက်ပြီး လူထု၏ ဒေါသကို ပြေလျော့စေရန် သူ့အလောင်းကို မြို့တံခါးဝတွင် ချိတ်ဆွဲထားလိုက်၏။

နေ့စဉ်နေ့တိုင်း လူများသည် သူ့ကို ခဲများဖြင့် ပစ်ပေါက်နေကြပြီး ဤသို့ ပြုလုပ်မှသာ ကူးစက်ရောဂါကြောင့် ခံစားခဲ့ရသော ဒုက္ခများ အနည်းငယ် သက်သာမည်ဟု ထင်နေကြပုံ ရသည်။ လုမင်လီသည် ပူဇော်ပစ္စည်း အားလုံးကို စာရင်းမှတ်ကာ တစ်ဦးချင်းစီသို့ ပြန်လည် ပေးအပ်ခဲ့သော်လည်း လူအများအပြားမှာမူ ခရိုင်ရုံးတော် အဝင်ဝသို့ ပူဇော်ပစ္စည်းများ ပေးပို့နေကြဆဲ ဖြစ်၏။ အကြောင်းမှာ ပန်းနတ်သမီး၏ ပုံတူပန်းချီကားမှာ ခရိုင်ရုံးတော်တွင် ရှိနေသည်ဟု ကြားသိရခြင်းကြောင့်ပင်။

ထို့အပြင် ခရိုင်ရုံးတော်တွင် နတ်တမန်လည်း ရှိနေသည် မဟုတ်ပါလား။

လုမင်လီသည် ခရိုင်ရုံးတော် အဝင်ဝရှိ ပူဇော်ပစ္စည်းအသစ်များကို ကြည့်ပြီး ခေါင်းခါလျက် သက်ပြင်းချလိုက်သည်။ ထို့နောက် ဘေးနားက လူကို ပြောလိုက်၏။

“အရင်အတိုင်းပဲ... ဘယ်သူ ပို့တာလဲဆိုတာ မေးပြီး ပြန်ပေးလိုက်ပါ”

“ဟုတ်ကဲ့ပါ”

လုမင်လီ စာကြည့်ခန်းသို့ ပြန်လာရာ စားပွဲထောင့်တွင် ထားရှိသော ပုံတူပန်းချီကားမှာ နေရာရွေ့နေသည်ကို သတိပြုမိလိုက်၏။

သူ တံခါးဘက်သို့ မော့ကြည့်လိုက်ရာ ကောကျန်းက ခေါင်းလေးပြူ၍ သူ့ကို ခိုးကြည့်နေသည်ကို အမိအရ ဖမ်းမိလိုက်တော့သည်။

“ကောကျန်း၊ အထဲဝင်ခဲ့စမ်း။ မင်း ဒီပန်းချီကားကို ထပ်ရွှေ့ပြန်ပြီ မဟုတ်လား”

ကောကျန်း အလျင်အမြန် ကာကွယ်ပြောဆို၏။

“စစ်သူကြီးလု... ဒီပန်းချီကားက ဖုန်တွေ တက်နေတာ တွေ့လို့ ကျွန်တော် ထုတ်ပြီး သုတ်ပေးတာပါ”

လုမင်လီ ပြောလိုက်သည်။

“မင်းက နေ့တိုင်း ခိုးထုတ်ပြီး သုတ်ပေးနေတာပဲ၊ ဖုန်က ဘယ်လိုတက်မှာလဲ။ ပြီးတော့ မင်းက သုတ်ရုံတင် သုတ်တာလား။ မင်း ဘာလုပ်ခဲ့လဲဆိုတာ ကိုယ့်ဘာသာ ဝန်ခံစမ်း”

ကောကျန်းမှာ အနည်းငယ် လိပ်ပြာမလုံ ဖြစ်သွားပြီး ပြောလိုက်၏။

“ကျွန်တော် အမွှေးတိုင် နည်းနည်း ထွန်းပြီး သစ်သီးလေးတွေ တင်ပေးတာပါ...”

ထို့နောက် သူ လုမင်လီကို ဆက်လက် အကြံပြုသည်။

“စစ်သူကြီးလု... ဒါက ပန်းနတ်သမီးရဲ့ ပုံတူပန်းချီကားလေ။ အမွှေးတိုင် ထွန်းပြီး ချိတ်ဆွဲ ထားသင့်တာပေါ့။ စစ်သူကြီးလုက ဒါကို ထောင့်ထဲမှာ ပစ်ထားတာက နတ်သမီးကို စော်ကားရာ ရောက်ပါတယ်”

All Chapters