သူ ဖြစ်နေမလား
Vol. 6 Ch. 74
စိမ်းဖန့်ဖန့်သွေးတွေ စုမင်ရဲ့ မျက်ခုံးနှစ်ဖက်ကြား အလယ်ဗဟိုကို ထိမိလိုက်ချင်းမှာပဲ ပြင်းပြလွန်းတဲ့ ရှိန်ဝါတစ်မျိုးကို စုမင် ခံစားမိလိုက်တယ်။ သေခြင်းတရားတွေနဲ့ ပြည့်နှက်နေတဲ့ အရှိန်အဝါ။ စုမင်ခေါင်းထဲမှာ ညည်းတွားသံတွေ အများကြီး ကြားယောင် လာရသလိုမျိုး။ အဲဒီအခိုက်အတန့်မှာ အစိမ်းရောင် သွေးလုံးဟာ ပြန်လည် အသက်ဝင်လာခဲ့ပြီး စုမင်ရဲ့ ခန္ဓာကိုယ်တွင်းထဲ မဝင်ရောက်သွားခင်မှာ လက်ထဲကနေ အတင်း ရုန်းထွက်ဖို့ ကြိုးစားနေခဲ့တယ်။
စုမင် အာရုံစူးစိုက်မှု အပြည့်နဲ့ မျက်လုံးတွေကို ကျဉ်းမြောင်း လိုက်တယ်။ သူ့ကိုယ်ထဲက ချီစွမ်းအင်ဟာ ခန္ဓာကိုယ် တစ်လျှောက် လှည့်လည် စီးဆင်းသွားပြီး သေခြင်းတရားရဲ့ ရှိန်ဝါကို ပျက်ပြယ် သွားစေပြီးနောက် ကိုယ်ထဲကို တိုးဝင်လာဖို့ ကြိုးစားနေတဲ့ အစိမ်းရောင်သွေးတွေကို တားဆီး လိုက်တယ်၊ စုမင်ဟာ ညာဘက်လက်ထဲမှာ သွေးလုံးကို ကိုင်ထားရင်း မျက်ခုံးတွေအနားက ခွာလိုက်တယ်။ ၎င်းအရာနဲ့ ဝေးသွားတာနဲ့ စုမင်မျက်လုံးတွေထဲမှာ အံ့အားသင့်တဲ့ အရိပ်အယောင် ပေါ်လာခဲ့တယ်။
ဒီအရာကို ထူးခြားတဲ့ မာန်ပညာရပ်တစ်မျိုးနဲ့ ပြုလုပ်ထားတာ ဖြစ်တယ်။ အဲဒီပညာရပ်ကို ကျင်ကြံသူ အတွက်သာ အရေးကြီးတာဖြစ်ပြီး ဒီပညာရပ်နဲ့ မသက်ဆိုင်သူကိုတော့ အန္တရာယ်တွေကိုသာ ယူဆောင်လာမှာ ဖြစ်တယ်။ စုမင် လေးလေးနက်နက် တွေးတောရင်း ဆုံးဖြတ်ချက် ချတယ်၊ ဒီသွေးတွေကို ဆုံးရှုံးရလို့ အင်အား နည်းပါးသွားတဲ့ ဝူစန်းရဲ့ အခြေအနေကို သုံးသပ်ချက် အရတော့ သူ့သီအိုရီရဲ့ သေချာမှု၊ မူလ ငါးဆယ် ရာခိုင်နှုန်းကို သုံးဆယ်ရာခိုင်နှုန်း ထပ်တိုးတက် လာစေတယ်။ လုံးဝဥဿုံ အသေချာကြီး ရယ်တော့ မဟုတ်ပေမဲ့ ရှစ်ဆယ်ရာခိုင်နှုန်း ဆိုလည်း လုံလောက် နေပါပြီ။
တကယ်ဆိုရလျှင် စုမင်ရဲ့ ခန့်မှန်းချက်က မှန်ကန်ပါတယ်။ အကယ်၍ အခြားသူ တစ်ယောက်သာ အလောင်းကောင်တွေရဲ့ သွေးတွေကို အတင်းအကျပ် စုပ်ယူမယ်ဆိုလျှင် အတွင်းဒဏ်ရာ ရရှိစေမှာ ဖြစ်တယ်။ အဲဒီလို လုပ်ဆောင်ခြင်းကနေ အကျိုးအမြတ် ရရှိမယ်ဆိုလျှင်တောင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ယှဉ်တွက်လိုက်လျှင် ဆိုးကျိုးက ကောင်းကျိုးထက် များနေလိမ့်မယ်။
စုမင်ဟာ သွေးကို ပုလင်းထဲ ပြန်ထည့်လိုက်ပြီး ညာလက်နဲ့ ဝှေ့ယမ်း လိုက်တယ်။ ရုတ်တရက် လရောင်ခြည်တန်း တစ်ခု ပေါ်ပေါက်လာပြီး ပုလင်းဘေး ပတ်လည်ကို ဝန်းရံလိုက်တယ်။ ရင်ဘတ်ထဲကို ပြန်လည် ထည့်သွင်း သိမ်းဆည်းလိုက်ကာ ထရပ်လို့ အခန်းထဲက ထွက်သွား ပါတော့တယ်။
ကောင်းကင်ပေါ်က လက လခြမ်းကွေးလေး မဟုတ်တော့ဘူး၊ အနည်းငယ်မျှ လုံးဝန်းနေပြီ ဖြစ်တယ်။ မကြာခင် လပြည့်ည ရောက်တော့မယ် ဆိုတာ ကြည့်ရုံနဲ့တင် သိရှိနိုင်တယ်။
စုမင် အသက်ပြင်းပြင်း ရှူရှိုက်တယ်။ သူ့အကြံကို နောက်တစ်ခေါက် ပြန်တွေးကြည့် နေလိုက်ပြီး နောက်မှာ သူ့မျက်ဝန်းအိမ်ဟာ ခေတ္တမျှ လင်းလက် သွားတယ်။ ညဉ့်လယ်ကောင်ကြီးမှာ စုမင် အိမ်ထဲကနေ လျှောက်လှမ်း ထွက်လာခဲ့တယ်။ အနီးအနား ပတ်ဝန်းကျင်မှာ အပ်ကျသံတောင် မကြားရ လောက်အောင် တိတ်ဆိတ် နေတယ်။
လေပြေစီးကြောင်း မျိုးနွယ်စုက စီစဉ်ပေးထားတဲ့ နက်မှောင်တောင် မျိုးနွယ်စု တည်းခိုဆောင်ကနေ စုမင် ထွက်လာ လိုက်ချင်းမှာပဲ စုမင် ထိတ်ခနဲ ချောက်ချား သွားတယ်။ သူ့နောက်ကျောဘက်ကနေ အေးတိအေးစက် အသံတစ်သံ ထွက်လာတယ်။
“နောက်ကျနေပြီ၊ မင်း ဘယ်သွားမလို့လဲ”
စုမင် ရပ်လိုက်တယ်။ လှည့်ကြည့်လိုက်ချိန်မှာ တံခါးရဲ့ မှောင်ရိပ်ကျတဲ့ အပိုင်းထဲကနေ ထွက်လာတဲ့ လူတစ်ယောက်ကို မြင်လိုက်ရတယ်။ သူ့ပုံစံက သာမန်ပါပဲ၊ သို့ပေမဲ့ ကျဉ်းမြောင်း ထားတဲ့ မျက်လုံးတွေဟာ အေးစက်စက် လင်းလက်နေတယ်။ သူကတော့ နက်မှောင်တောင် မျိုးနွယ် ရှန့်ဟန်ပဲ ဖြစ်တယ်။
“နှုတ်ခွန်းဆက်ပါတယ်၊ အမဲလိုက် အဖွဲ့ခေါင်းဆောင်” သူ့ဆီကို လျှောက်လှမ်းလာနေတဲ့ ရှန့်ဟန်ကိုကြည့်ပြီး စုမင်မျက်နှာဟာ မပျက်မယွင်းနဲ့ တစ်ကိုယ်လုံးက မလှုပ်မယှက်။
“ငါမင်းကို မေးနေတယ်လေ” ရှန့်ဟန်ဟာ စုမင်ထံကို တဖြည်းဖြည်းချင်း လျှောက်လှမ်း လာရင်းနဲ့ စုမင်နဲ့ ဆယ်ပေအကွာခန့်မှာ ရပ်လို့ စုမင်ကို အေးစက်စက် ကြည့်နေတယ်။
“လေပြေစီးကြောင်း မျိုးနွယ်စုက ညဘက်မှာ အရမ်း စည်ကားတယ်လို့ ကျွန်တော် ပေလင်းဆီက ကြားထားပါတယ်။ ဒါကြောင့်မို့ တစ်ချက်လောက် ကြည့်ချင်လို့ပါ” စုမင်ဟာ သတိအပြည့်နဲ့၊ သူ့မျက်နှာပေါ်မှာ ကြောက်စိတ်တွေ ထင်ဟပ်နေတယ်။ သူ စကားကို မြန်မြန် ပြောတယ်။
ရှန့်ဟန်က စုမင်ကို အကြာကြီး ကြည့်နေပြီးမှ ခေါင်းကို ဖြည်းလေးစွာ ညိတ်တယ်။
“ညဘက်မှာ မလုံခြုံဘူး။ ပြဿနာ မဖြစ်စေဘဲနဲ့ အမြန်ပြန်လာခဲ့”။ ရှန့်ဟန်က ဖြည်းဖြည်းပဲ ပြောတယ်။ သူက မျိုးနွယ်စုရဲ့ အမဲလိုက် အဖွဲ့ခေါင်းဆောင်လေ။ ဒီခရီးစဉ်မှာ အကြီးအကဲ နောက်ကို လိုက်လာဖို့ ရွေးချယ်ခဲ့သူလည်း ဖြစ်တယ်။ မျိုးနွယ်စုဝင်တွေကို ကာကွယ်ရမှာက သူ့ရဲ့တာဝန်။ သူ့အနေနဲ့ ဒီစကားတွေ ပြောတာက ပုံမှန်ပဲ။
စုမင် သဘောတူ လိုက်တယ်။ ရှန့်ဟန်ကို ဦးညွှတ်ပြီးနောက်မှာ ခြေလှမ်းအနည်းငယ်မျှ နောက်ဆုတ်ပြီးမှ လှည့်ထွက်ပြီး အဝေးကို လျှောက်သွား တော့တယ်။ သူ့နောက်ကျောကို ရှန့်ဟန် စိုက်ကြည့်နေဆဲ ဆိုတာ စုမင် ခံစားမိတယ်။
အရှေ့ကို ခြေလှမ်း အနည်းငယ်မျှသာ လှမ်းရသေးတယ်၊ သူ့တစ်ကိုယ်လုံး ရှိသမျှ အမွေးတွေ ထောင်ထ သွားလေတယ်။ သူ့အပေါ်ကို ကျရောက်လာတဲ့ ပြင်းထန်တဲ့ ဖိအားကို ခံစားမိတယ်။ အဲဒီလို ခံစားမိရာကနေ တစ်ယောက်ယောက် ကတော့ သူ့ကို ပစ်မှတ်ထားနေပါပြီ ဆိုတဲ့ အန္တရာယ်ရှိကြောင်း သတိပေးချက် အဖြစ် ပြောင်းလဲသွားတယ်။
စုမင် ခန္ဓာကိုယ် အတွင်းက ချီကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့တော့မတတ် ဖြစ်သွားပြီး ဖိအားကို ခုခံတွန်းလှန်လုဆဲဆဲ။ ခန္ဓာကိုယ်ထဲက ချီဟာ အလိုအလျောက် လည်ပတ်လုဆဲဆဲ။ ဒါက မာန်စွမ်းအားရှင်တွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ သဘာဝကျကျ တုံ့ပြန်မှုဖြစ်ကြောင်း စုမင်သိတယ်။ ခန္ဓာကိုယ်အတွင်းက ချီစွမ်းအင် တွေကြောင့် အကယ်၍ ရုတ်တရက် တိုက်ခိုက်မှု တစ်ခုကြုံရလျှင် အလိုအလျောက် ခုခံတွန်းလှန်မှု ပေါ်ထွက်လာမှာ ဖြစ်လို့ ချီစွမ်းအင်ကို ဖုံးကွယ်ထားဖို့ရာ အလွန် ခက်ခဲပါတယ်။
အကယ်၍ သာမန်မျိုးနွယ်ဝင်တစ်ဦး ဖြစ်ခဲ့လျှင်တော့ သူတို့ခံစားရတဲ့ ဖိအားက သိပ်ပြင်းထန်မှာ မဟုတ်ပါဘူး။ မာန်စွမ်းအားရှင် ဖြစ်မှသာ ဖိအားကို ရှင်းရှင်းလင်းလင်း ခံစားရမှာ ဖြစ်တယ်။ ဒီနည်းလမ်းက မိမိတို့ အနားပတ်ဝန်းကျင်က လူတွေ၊ စွမ်းအားတွေကို ဖုံးကွယ်ထားခြင်း ရှိမရှိ စမ်းသပ်တဲ့နည်းလမ်း ဖြစ်တယ်။ သို့ပေမဲ့ ဒီနည်းလမ်းကို အသုံးပြုသူက မိမိ စမ်းသပ်မယ့်သူရဲ့ သွေးကြော ကျောက်သား ကျင့်စဉ် အဆင့်ထက် ပိုသာလွန်နေမှ အကျိုး သက်ရောက်မှုရှိမှာ။
ရှန့်ဟန်ရဲ့စွမ်းအားက စုမင်ထက်များစွာ သာလွန်မှုရှိတယ်။ အကယ်၍ ဒီရုတ်တရက် အလစ်ဖမ်းတဲ့ နည်းလမ်းကို စုမင် စမ်းသပ်ပွဲ ဝင်မပြိုင်ခင် သုံးခဲ့လျှင် စုမင်ရဲ့ ပြန်လည် တွန်းလှန်တိုက်ခိုက်မှုက ထွက်ပေါ်လာမှာ မဟုတ်ဘူး။ အကြီးအကဲက သူ့ ချီကိုဖုံးကွယ်ဖို့ မန္တန်တစ်ခု မန်းမှုတ် ပေးထားတဲ့အတွက် သူ့ရဲ့ချီကို ဘယ်သူမှ သတိပြုမိမှာ မဟုတ်ဘူး။ အတင်းအကျပ် ဖိအားပေးပြီး ချီကို နိုးထအောင် လုပ်လျှင်တောင် ဘယ်သူမှ သတိထားမိကြမှာ မဟုတ်ဘူး။
သို့ပေမဲ့လည်း စမ်းသပ်ပွဲ ဝင်ချိန်ကစလို့ စုမင်က စိတ်အခြေအနေကို အားပြုပြီး ကောင်းမွန်စွာ ထိန်းချုပ်ခြင်းနဲ့ ကိုယ်အတွင်းက ချီကို ထိန်းချုပ်နိုင်နေခဲ့ပြီ ဖြစ်တယ်။ သူ နည်းနည်းလေးမှ ချီတုံချတုံ မဖြစ်ဘူ။ ခန္ဓာကိုယ် အတွင်းက ချီစွမ်းအင် နိုးထလာတော့မယ့် အချိန်မှာပဲ အတွေးလေး တစ်ချက်နဲ့ပဲ ချီကို ထိန်းချုပ် ထားလိုက်နိုင်တယ်။ အဲဒီလိုလုပ်ရပ်က အခြားလူတွေ လိုက်လုပ်ဖို့ဆို ခက်ခဲမှာ ဖြစ်ပေမဲ့လည်း စိတ်အခြေအနေကို အားပြုပြီး ကောင်းမွန်စွာ ထိန်းချုပ်ခြင်း နည်းလမ်းကို နားလည်ပြီးသား ဖြစ်တဲ့ စုမင်အတွက်တော့ ဒါဟာ အခက်ကြီး မဟုတ်ဘူး။ ဒါပေမဲ့ ချီကို ဖုံးကွယ်နိုင်ကောင်း ဖုံးကွယ်နိုင်ပေမဲ့ လူဟာ ဘယ်လောက်ပဲ တည်ငြိမ်အောင် နေနိုင်ပါစေ၊ ခန္ဓာကိုယ်ရဲ့ မသိစိတ်အတိုင်း အလိုအလျောက် တုံ့ပြန်မှုအရ ဖြစ်ပေါ်လာတဲ့ မျက်နှာ အနေအထားအရ အကဲခတ် ဆုံးဖြတ်ကြတဲ့သူတွေ ရှိတယ်။
ရှန့်ဟန် ရှာနေတာလည်း အဲဒါပဲ။
မည်သို့ပင် ဆိုစေကာမူ သူက စုမင်ကို လျှော့တွက်ခဲ့တယ်။ ပိုပြီး တိတိကျကျ ပြောရလျှင် သူက စုမင်ကို တစ်ခါဖူးမျှ လောက်လောက်လားလား အာရုံစိုက်ခြင်း မရှိတာကြောင့် စုမင်ကို နားမလည်ဘူးလေ။ အန္တရာယ်ရှိတယ်လို့ ခံစားချက် ရလိုက်တာနဲ့ စုမင် မရပ်တန့်လိုက်ဘူး။ စုမင်ဟာ ဘာမှ ထိခိုက်ခံစားမှုမရှိသလို ပုံစံမျိုးနဲ့ အလျင်မလိုတဲ့နှုန်းနဲ့ ညအမှောင်ထဲမှာ တိုးဝင်ပျောက်ကွယ် သွားတယ်။
စုမင် အဲဒီနေရာက ထွက်သွားပြီးတာနဲ့ ရှန့်ဟန် မျက်ခုံးတွေ တွန့်ကွေးသွားတယ်။ သို့ပေမဲ့လည်း အဲဒီနေရာမှာ သူ ဆက်ရပ်မနေတော့ဘူး။ နောက်လှည့်ပြီးတော့ မျိုးနွယ်စု တည်းခိုဆောင်ထဲ ပြန်ဝင်သွား ပါတော့တယ်။
သူ့လုပ်ရပ်က နယ်ကျော်တဲ့ လုပ်ရပ်မျိုး မဟုတ်ဘူး။ အကြီးအကဲရှေ့မှာ ဒီလုပ်ခဲ့လျှင်တောင် သူ့ကို ဘယ်သူမှ သံသယဝင်မှာ မဟုတ်ဘူး။ တကယ်တမ်းမှာလည်း သူက ပွင့်ပွင့်လင်းလင်း လုပ်ခဲ့တဲ့အတွက်လည်း စုမင်ကို သံသယဝင်ပြီး စမ်းသပ်ကြည့်တာပါ ဆိုပြီးပဲ လူတွေက တွေးတောကြမှာ။
စုမင်ဟာ တည်းခိုဆောင်နဲ့ တော်တော်ဝေးဝေးကို ရောက်တဲ့အထိ တည်ငြိမ်အောင် နေခဲ့တယ်။ အဲဒီနောက်မှာတော့ တဒိန်းဒိန်းနဲ့ ကဆုန်ပေါက်နေတဲ့ နှလုံးသားကို ခုခံနိုင်စွမ်း မရှိတော့ဘူး။ ရှန့်ဟန်တစ်ယောက် သူ့ကို စစ်ဆေးစမ်းသပ်လိုက်တဲ့ အခိုက်အတန့်မှာပဲ သူ တရားရှုမှတ်နေတဲ့ ဒီရက်တွေ အတောအတွင်းမှာ ထူးဆန်းတဲ့ ချောင်းမြောင်း ကြည့်ရှုသူကို ရှာတွေ့ပြီ ဖြစ်ကြောင်း သိလိုက်ရတယ်။
“အဲဒါ သူကိုး စုမင်မျက်မှောင် ကြုတ်လိုက်တယ်။ မျိုးနွယ်စု အတွင်းမှာ သစ္စာဖောက် ရှိနေတဲ့အကြောင်း အကြီးအကဲ ပြောဖူးတာကို သတိရသွားတယ်။ အကြီးအကဲက အသေးစိတ်ကိုတော့ မပြောပြခဲ့ပေမဲ့ စိုးရိမ်စရာ ကောင်းတာကို စုမင် အတပ် ပြောနိုင်တယ်။
“သူဖြစ်နေမလား”
စုမင် သံသယဝင်မိတယ်။ မျိုးနွယ်စုအတွင်း အမဲလိုက် ခေါင်းဆောင် တစ်ယောက်ရဲ့ အဆင့်အတန်းက အရမ်းမြင့်မားပြီး အာဏာစက် ပြင်းတယ်။ သူဟာ အမဲလိုက် အဖွဲ့ထဲက မာန်စွမ်းအားရှင် အားလုံးကို အုပ်ချုပ်နိုင်စွမ်း ရှိတယ်။ သူ့မှာ မျိုးနွယ်စုအတွက် အစားအစာ ရှာဖွေပေးရတဲ့ အရေးကြီး တာဝန်တစ်ခုလည်း ရှိပြန်တယ်။
စုမင်မှတ်မိသလောက် ဒီနှစ်တွေအတွင်း ရှန့်ဟန်က မျိုးနွယ်စုအတွက် အစားအစာရိက္ခာတွေ အများကြီး ရှာဖွေ ပေးနိုင်ခဲ့တယ်။ သူက မဖော်မရွေ နေတတ်တာသာ ရှိမယ်၊ တကယ်တမ်းကျတော့၊ မျိုးနွယ်စုထဲမှာ အေးတိအေးစက်နဲ့ လျှောက်သွားနေရင်းနဲ့ မျိုးနွယ်စုထဲက သက်ကြီးရွယ်အိုတွေကို ဂရုစိုက်ပေးတာတွေ စုမင် တွေ့နေရတာပဲ။
တောင်တွေ လိုက်တက်ပြီး အပြန်ကျရင် တိရစ္ဆာန် အစွယ်တွေ အများကြီး သယ်လာပေးတယ်။ ဘာလို့လဲဆိုတော့ မျိုးနွယ်စုထဲက ကလေးလေးတွေက သဘောကျလို့။ လာစုငယ်လေးတွေကို သူ့ရဲ့ အေးစက်စက် မထုံတက်သေးပုံစံနဲ့ပဲ ဆက်ဆံတယ် ဆိုပေမဲ့ အဲဒီလို ပြုမူတိုင်းမှာ သူ့ရဲ့ ကြင်နာမှုတွေ ပါဝင်နေတယ် ဆိုတာကို စုမင် အတပ်ပြောနိုင်တယ်။
စုမင်မှတ်ဉာဏ်ထဲက မှတ်မှတ်ရရရှိနေတဲ့ ဆောင်းတွင်း တစ်ခုမှာတုန်းက မျိုးနွယ်စုထဲက အမဲလိုက်သမား တချို့ဟာ မဟူရာတောင် မျိုးနွယ်စုရဲ့ ချုံခို တိုက်ခိုက်ခံခဲ့ရပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ထွက်ပြေး လွတ်မြောက် လာကြတယ်။ တစ်ယောက်ဆို သေပါသေတယ်။ ရှန့်ဟန်ရဲ့မျက်နှာဟာ ရေခဲတမျှ အေးစက် မာကျောသွားပြီး မျိုးနွယ်စုထဲက တစ်ယောက်တည်း ထွက်သွားခဲ့တယ်။ နောက်တစ်နေ့ သူ ပြန်ရောက်လာတော့ မဟူရာတောင် မျိုးနွယ်စုက မာန်စွမ်းအားရှင် သုံးယောက်ရဲ့ ခေါင်းပြတ် သုံးခုကို ကိုင်လျက်သား။
အဲဒီနှစ်က အကြီးအကဲရဲ့ စွမ်းအား အံ့မခန်း ကြီးထွားနေလို့သာ မဟုတ်လျှင် မဟူရာတောင် မျိုးနွယ်နဲ့ စစ်ဖြစ်နိုင်လောက်တဲ့ ကိစ္စမျိုး။
အဲဒီမြင်ကွင်း တစ်ခုချင်းစီကို စုမင် မြင်ယောင် လာတယ်။ ရှန့်ဟန်တစ်ယောက် သစ္စာဖောက် ဖြစ်သွားရမယ့် အကြောင်းပြချက်မျိုး ရှာမတွေ့ဘူး။ စုမင် အမြင်အရတော့ ဒီလိုစရိုက်နဲ့ ခေါင်းဆောင် တစ်ယောက်က သစ္စာဖောက်စရာကို မရှိဘူး။
“ငါအတွေး လွန်နေတာလည်း ဖြစ်မှာပါ”
စုမင် တိတ်တဆိတ်နဲ့ ဆက်လက် တွေးတောနေပြီး စိတ်သက်သာရာ ရစွာနဲ့ သက်ပြင်းချကာ ရှေ့ကို ဆက်လျှောက် သွားတယ်။ တဖြည်းဖြည်းနဲ့ သူ့မျက်နှာဟာ ပြောင်းလဲသွားပြီး ခန္ဓာကိုယ်က တောင့်တင်း သန်မာလာတယ်။ သူ့ရဲ့ အဝတ်အစားတွေရောပဲ ပြောင်းလဲ သွားတယ်။ မကြာခင်မှာပဲ အမှောင်ရိပ်ထဲကနေ ထွက်လာတဲ့ စုမင်ဟာ လေပြေစီးကြောင်း မျိုးနွယ်စုရဲ့ ချောင်ကြိုချောင်ကြား မကျန် နာမည် ကျော်ကြားတဲ့ အံ့မခန်း လျှို့ဝှက်နက်နဲတဲ့ မော့စု အဖြစ် ပြောင်းလဲ သွားပါပြီ။
စုမင်ဟာ လေပြေစီးကြောင်း မြို့တော်ကြီးရဲ့ အတွင်းပိုင်းကို ထိတ်လန့်စရာ ကောင်းလှတဲ့အရှိန်နဲ့ တစ်ဟုန်ထိုး ပြေးလွှား ဝင်ရောက် သွားပါတော့တယ်။
မေးကြည့်လိုက်တာနဲ့ သိလိုက် ရတော့တာပဲ။ မော့စုက လေပြေစီးကြောင်း မျိုးနွယ်စုမှာ နာမည်ကြီးလျှင်တောင် ရာဂဏန်းလောက်လူကပဲ ရုပ်ကိုမြင်ဖူး ကြတာမို့လို့ ဘယ်သူမှ သိပ်ပြီး အာရုံမစိုက်မိကြဘူး။
ဝူစန်းနေတဲ့နေရာ အကြောင်း စုမင်ကို အဖြေပေးလိုက် ကြသူတွေက သူတို့ ရှေ့မှောက်က လူဟာ အားလုံးကို တုန်လှုပ်ချောက်ချား သွားအောင်လုပ်နိုင်ခဲ့တဲ့ မော့စုပါလို့ မသိကြဘူး။
သူတို့ပြောပြရတဲ့ အကြောင်းရင်းကတော့ စုမင်က သူ့ရဲ့နည်းပါးလှသော ပိုင်ဆိုင်မှုတွေထဲက ကျောက်ဒင်္ဂါးအနည်းငယ်ကို ထုတ်ယူ လာခဲ့လို့ဖြစ်တယ်။ အဲဒါအပြင်ကို ဒီရက်ပိုင်းထဲမှာ လေပြေစီးကြောင်း မျိုးနွယ်ဝင်တွေက ဒီကိစ္စမျိုးကို ရင်းနှီးကျွမ်းဝင်နေပြီး ဖြစ်လို့ပဲ။ လေပြေစီးကြောင်း မျိုးနွယ်စုရဲ့ ပါရမီရှင်တွေကိုတွေ့ဖို့ အပြိုင်အဆိုင် ကြိုးစားနေတဲ့ အပြင်လူတွေ အများကြီး ရှိတာကိုလည်း စုမင်က သိထားတယ်။
သို့ပေမဲ့ တွေ့ချင်တဲ့သူတွေ အများကြီးရှိပေမဲ့လည်း တကယ်တမ်းတွေ့ဖို့ ဆင့်ခေါ်ခံရသူက နည်းပါးလှတယ်။
ဝူစန်းက ရွှံ့မြေကျောက်သား မြို့တော်ရဲ့ အရှေ့ဘက်ထောင့်က အိမ်တစ်အိမ်မှာ နေထိုင်တယ်။ အဲဒီနေရာက အရမ်းကို တိတ်ဆိတ် ငြိမ်သက်တယ်၊ အထူးသဖြင့် ညဘက်တွေမှာပေါ့။ ညဟာ အဲဒီတစ်နေရာလုံးကို ပိန်းပိတ်တဲ့ အမှောင်ထုအဖြစ် ပြောင်းလဲ သွားစေတယ်။ မီးတိုင်တွေတော့ ရှိပေမဲ့ အရေအတွက် နည်းပါးပြီး ပြန့်ကျဲတည်ရှိနေတာ ဖြစ်တယ်။ လရောင်ရဲ့ အကူအညီနဲ့ စုမင်ဟာ အဲဒီအိမ်ရဲ့ ကောက်ကြောင်းကို လှမ်းမြင်ရတယ်။
ရွှံမြေနဲ့ ဆောက်လုပ်ထားတဲ့ အိမ်တွေ အများကြီးထဲကမှ မြေနေရာ ခပ်ကြီးကြီး ယူထားတဲ့အိမ်ဖြစ်တယ်။ အနီးအနား ပတ်ဝန်းကျင်က အဆောက်အဦတွေထဲမှာ ထင်ရှား ပေါ်လွင်နေပြီး သီးခြား တည်ရှိတယ်။ အဲဒါက ဝူစန်းရဲ့အိမ် ဖြစ်ပါတယ်။
မျိုးနွယ်စုထဲက ပါရမီရှင် တစ်ယောက် ဖြစ်တဲ့အတိုင်း ဝူစန်းရဲ့ အဆင့်အတန်းက အရမ်းကို မြင့်မားတယ်။ သူ့ရဲ့ မှောင်မှောင်မိုက်မိုက် နေရာကတောင် တခြားနေရာတွေနဲ့ အလိုအလျောက် ကွဲထွက်နေတယ်၊ သူ့ခြံဝင်းထဲမှာ အိမ်လေးလုံး တည်ရှိပြီး တိတ်ဆိတ်တဲ့ သန်းခေါင်ယံ ညအလယ်မှာ ကြောက်လန့်စရာ ကောင်းတဲ့ ခံစားချက်ကို ပေးစွမ်းတယ်။
ခြံဝင်းက ကြီးမား ကျယ်ဝန်းလှပေမဲ့ လူသူခေါင်ခိုက်တယ်။ လရောင်အောက်မှာ အဲဒီခြံဝင်းကြီးက ချောက်ချားစရာ ကောင်းလှပြီး သုဿာန်တစပြင်နဲ့ တူနေတယ်။
အိမ်လေးလုံးဟာလည်း မှောင်အတိ၊ နေထိုင်သူ မရှိသလိုပဲ။ အရင်တုန်းကတော့ ဒီလိုမဟုတ်ပေဘူး၊ ဝူစန်းဟာ ဘယ်လောက် ထူးခြားပြီး အထူးဆက်ဆံ ခံထိုက်သူလဲ ဆိုတာကို ပြသဖို့အတွက် သူ့ရဲ့နောက်လိုက်တွေက အဲဒီနေရာကို အစဉ်အမြဲ စောင့်ကြပ်လျက် ရှိတယ်။
အခုတော့ဖြင့် တစ်ယောက်မှ မရှိတော့ပါ။ အဲဒါက ဝူစန်းရဲ့အဆင့် ကျသွားလို့ စွန့်ခွာ ကုန်ကြတာလား၊ ဒါမှမဟုတ် သူ အားနည်းနေတာကို သူများတွေ သိသွားမှာစိုးလို့ ဝူစန်းကပဲ အားလုံးကို မောင်းထုတ် ပစ်လိုက်သလား၊ ပြောပြမယ့်သူ မရှိတော့ဘူး။
စုမင်ဟာ ခြံဝင်းကျယ်ကြီးနဲ့ ပေ၁၀၀လောက် အကွာကနေ ရပ်နေတယ်။ လရောင်အောက်မှာမို့ ရှည်လျားနေတဲ့ အရိပ်ဟာ ဘေးပတ်ဝန်းကျင်က အမှောင်ထုနဲ့ပေါင်းစပ် သွားပါတော့တယ်။
သူ့ရှေ့က ခြံဝင်းကြီးကို စုမင်ကြည့်တယ်။ ခဏအကြာမှာတော့ ခြံဝင်းတံခါး အနားရောက်သွားတဲ့အထိ ရှေ့ကို ဖြည်းဖြည်းချင်း လျှောက်လှမ်း သွားတယ်။ တွေဝေခြင်း မရှိစွာနဲ့ သူ တွန်းဖွင့်လိုက်တယ်။ သစ်သားတံခါးကို သူတွန်းဖွင့်လိုက်တယ် ဆိုလျှင်ပဲ ကျွီခနဲအသံဟာ ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားတယ်။
စုမင်ကို ဘယ်သူမှ သတိမပြုမိကြသလိုမျိုး အိမ်လေးလုံးစလုံးက တိတ်ဆိတ်နေဆဲပဲ။ ဘယ်သူမှ မရှိသလိုမျိုး ခံစားရတယ်။
မည်သို့ပင် ဆိုစေကာမူ စုမင်အပြင်မှာ ရပ်နေရင်းကပဲ ဒုတိယမြောက် အိမ်ကနေ ချီ စွမ်းအင် အရှိန်အဝါကို ခံစားရတယ်။ ချီရဲ့ တောင့်တင်း ခိုင်မာမှုအရဆိုလျှင် အဲဒီလူဟာ သွေးကြော ကျောက်သား အဆင့်၅လောက် ရှိတဲ့သူလို့ ကောက်ချက် ချနိုင်တယ်။ ဒါက ဝူစန်းအနားကို ရောက်သွားပြီး တစ်ချက် ကြည့်လိုက် တုန်းကထက် အားပျော့နေပေမဲ့ စဉ်းစား ကြည့်လိုက်တော့ ဝူစန်းရဲ့ အစွမ်းတွေက ဆက်တိုက်ကို လျော့ကျ နေနိုင်တာမို့ နားလည် ပေးလို့တော့ ရပါတယ်။
***