အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
အခန်း (၆၁) ပြင်းရှသော သေရည်
လီမုသည် ချင်လဲ့၏ အခန်းငယ်လေးအတွင်းသို့ လှမ်းဝင်လာခဲ့၏။
အခန်းတွင်း၌မူ ပျက်စီးယိုယွင်းနေသော ဝိညာဉ်တံဆိပ်ပြား အပိုင်းအစများမှာ စည်းမဲ့ကမ်းမဲ့ ပြန့်ကျဲနေလေသည်။ အချို့သော တံဆိပ်ပြားများမှာ အပိုင်းပိုင်း ကွဲအက်နေသကဲ့သို့ အချို့မှာမူ မီးစွဲလောင်ထားသဖြင့် မည်းနက်၍ အနံ့ဆိုးများပင် ထွက်ပေါ်နေ၏။
“မင်းကတော့လေ...” လီမုက မျက်နှာပျက်လျက် ဆိုသည်။ “ဒီနေရာက မင်း မရောက်ခင်တုန်းကထက်တောင် ပိုပြီး စုတ်ပြတ်နေပါလား။ ငါ့ဆိုင်ကို သန့်ရှင်းပေးမယ်လို့ ကတိပေးခဲ့ပြီးတော့ ဒါက ဘာသဘောလဲ”
ချင်လဲ့၏ မျက်နှာမှာ အနေခက်စွာဖြင့် ပြောလိုက်ရသည်။ “ကျွန်တော် အလုပ်ထဲ အာရုံရောက်နေလို့ မသန့်ရှင်းဖြစ်သေးတာပါ၊ ခဏနေရင်တော့ အကုန် အဆင်ပြေသွားမှာပါ”
လီမုက ခေါင်းညိတ်လျက် ဆိုသည်။ “အင်းလေ... လူတစ်ယောက်ဟာ အရာတစ်ခုခုမှာ စိတ်စွမ်းအင် အကုန်နှစ်မြှုပ်ထားပြီဆိုရင် တခြား အသေးအဖွဲ ကိစ္စတွေကို သတိမထားမိတတ်ကြတာ သဘာဝပါပဲ။ တကယ်တော့ အရည်အချင်းရှိတဲ့ ပန်းပဲပညာရှင်တိုင်းမှာလည်း ဒီလို ထူးဆန်းတဲ့ ဝါသနာရှိတတ်ကြတာပဲ။ သူတို့ အလုပ်စလုပ်ပြီဆိုတာနဲ့ လောကကြီးကို မေ့သွားပြီး တခြား ဘာကိုမှ ဂရုမစိုက်တော့ဘူးလေ”
“ဦးလေးလီက ပန်းပဲ အတတ်ပညာကိုလည်း နှံ့စပ်တာလား” ချင်လဲ့မှာ အံ့အားသင့်သွား၏။
လီမုက ခေါင်းခါလျက် ဆိုသည်။ “ငါကတော့ မတတ်ပါဘူး၊ ဒါပေမဲ့ ငါ့မှာ ပန်းပဲပညာရှင် သူငယ်ချင်း တစ်ယောက်တော့ ရှိတယ်။ အဲဒီလူက နေ့စဉ်ဘဝမှာ အသန့်ကြိုက်လွန်းတဲ့ ရောဂါရှိတယ်။ တစ်နေ့ကို ရေအကြိမ်ကြိမ်ချိုးပြီး အရာရာကို သန့်ရှင်းနေမှ ကျေနပ်တာ။ ဒါပေမဲ့ ပန်းပဲ အလုပ်ထဲ စိတ်နှစ်လိုက်ပြီဆိုရင်တော့ ကြောက်စရာကောင်းလောက်အောင် ညစ်ပတ်သွားတတ်တယ်။ အစားမေ့၊ အိပ်မေ့၊ ရေမချိုးဘဲ ရက်ပေါင်းများစွာ နေတတ်ပြီး အလုပ်ပြီးသွားမှပဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာ”
“ဒါဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ တကယ့်ကို ထူးခြားတဲ့ ပါရမီရှင်တစ်ဦး ဖြစ်မှာပဲ” ချင်လဲ့၏ စိတ်ထဲ၌ လေးစားမှုများ တဖွားဖွား ဖြစ်ပေါ်လာခဲ့၏။
လီမုက ပြုံးလိုက်သော်လည်း အတည်ပြုခြင်း မပြုခဲ့ချေ။ “မင်းလည်း မကြာသေးခင်က အခန်းထဲမှာပဲ အောင်းပြီး ဝိညာဉ်အစီရင်တွေ ရေးထိုးနေခဲ့တာ အစားမေ့ အိပ်မေ့ပါပဲ။ မင်းရဲ့ ဇွဲနဲ့ အာရုံစူးစိုက်မှုကတော့ အဲဒီလူနဲ့ မခြားပါဘူး၊ ဒါပေမဲ့... ဒါက အထိရောက်ဆုံး နည်းလမ်းတော့ မဟုတ်ဘူး။ တစ်ခါတလေကျရင် စိတ်ကို လျှော့ချပြီး အနားယူတာ၊ စိတ်ကို အသစ်ပြန်လည် ပြင်ဆင်တာမျိုး လုပ်ပြီးမှ ပြန်စတာက မမျှော်လင့်ထားတဲ့ ရလဒ်ကောင်းတွေကို ရစေနိုင်တယ်”
ချင်လဲ့က တည်ကြည်သော အမူအရာဖြင့် ဆိုလိုက်၏။ “ဦးလေးလီ... ကျွန်တော့်ကို လမ်းညွှန်ပြသပေးပါဦး”
“ဒါက လမ်းညွှန်တာ မဟုတ်ပါဘူး၊ ငါ့သူငယ်ချင်းရဲ့ အကျင့်ကို ပြောပြရင်း မင်းအတွက် အတွေးသစ်တစ်ခု ရစေချင်တာပါ။” လီမုက ခဏမျှ တိတ်ဆိတ်သွားပြီးမှ ဆက်ပြောသည်။ “ငါ့ရဲ့ သူငယ်ချင်းဟာ ဝိညာဉ်အစီရင် ရေးထိုးရာမှာ အခက်အခဲနဲ့ ကြုံရပြီး ထပ်ခါတလဲလဲ ကြိုးစားလို့ မရတော့ဘူးဆိုရင် အဲဒီအလုပ်ကို လုံးဝ ပစ်ထားလိုက်တတ်တယ်”
သူသည် ချင်လဲ့ကို ကြည့်ကာ ဆက်လက်ပြောကြားသည်။ “အဲဒီလူဟာ အပြင်ထွက်ပြီး အားရပါးရ အော်ဟစ်တာ၊ သေရည်ကို သောက်စားတာ၊ ဒါမှမဟုတ် မိန်းမတစ်ယောက်နဲ့ အတူနေပြီး စိတ်အာရုံကို လွှတ်ချလိုက်တာမျိုး လုပ်ပြီး သူကြုံနေရတဲ့ အခက်အခဲကို လုံးဝ မေ့ထားလိုက်တာ။ ရက်နည်းနည်းလောက် လွတ်လွတ်လပ်လပ် နေလိုက်တဲ့အခါ စိတ်ဖိစီးမှုတွေ ပြေပျောက်သွားပြီး တင်းကျပ်နေတဲ့ အာရုံကြောတွေကလည်း ပြေလျော့သွားတော့တာပဲ...”
“အဲဒီနောက်မှ သူက အလုပ်ခွင်ထဲ ပြန်ဝင်ပြီး စိတ်အားသစ်နဲ့ အာရုံစိုက်လိုက်တဲ့အခါ မရနိုင်ဘူးလို့ ထင်ထားတဲ့ ပြဿနာတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်သွားတာ များတယ်”
လီမုက အသာအယာ ပြုံးလျက် ဆက်ပြော၏။ “သူ့ရဲ့ နည်းလမ်းက တကယ်ကို ထိရောက်တယ်။ မင်းလည်း သူ့ဆီကနေ အတုယူကြည့်ရင် ထူးခြားတဲ့ အောင်မြင်မှုမျိုး ရနိုင်တယ်”
“အာရုံကို တခြားဆီ လွှဲဖယ်ပြီး ခေတ္တလွတ်လပ်ခွင့်ပေးလိုက်တာ၊ လက်နက်ဖန်တီးခြင်းနဲ့ ပတ်သက်တဲ့ အရာအားလုံးကို လုံးဝ မေ့ပစ်လိုက်တာ။ စိတ်က ပုံမှန်အတိုင်း အေးချမ်းသွားမှ ပြန်စတာပေါ့...”
ချင်လဲ့သည် ထိုစကားကို ဆင်ခြင်တွေးတောနေမိပြီး သူ၏ မျက်လုံးများမှာ တဖြည်းဖြည်း တောက်ပလာ၏။ လီမု၏ လမ်းညွှန်မှုမှာ အလွန်ပင် လေးနက်လှကြောင်း သူ ခံစားလိုက်ရသည်။
“ကျေးဇူးတင်ပါတယ် ဦးလေးလီ” ချင်လဲ့က ရိုးသားစွာ ပြောဆိုလိုက်၏။
လီမုက လက်ကာပြလျက် ဆိုလိုက်လေသည်။ “ဝင်းထဲကို လာခဲ့ဦး၊ သေရည်လေး ဘာလေး သောက်ကြတာပေါ့။ မကြာခင်မှာ သူငယ်ချင်းတစ်ယောက်လည်း လာလိမ့်မယ်။ မင်းလည်း ငါနဲ့အတူ စကားစမြည် ပြောရင်း အဖော်လုပ်ပေးတာပေါ့”
ခြံဝင်း၏ အလယ်ဗဟို၌ သစ်ပင်ကြီးတစ်ပင် ရှိပြီး ၎င်း၏အောက်တွင် ကျောက်စားပွဲနှင့် ကျောက်ခုံတန်းလေးများ ရှိနေ၏။ စားပွဲပေါ်၌မူ မြိန်ဖွယ်ရာ အမြည်းအချို့နှင့် သေရည်များ ရှိနေကာ အလွန်ပင် မွှေးကြိုင်လှသော အနံ့မှာ အာသာပြေချင်စဖွယ် ဖြစ်နေတော့သည်။
လီမုက ချင်လဲ့ကို ထိုင်ခိုင်းလိုက်ပြီးနောက် သေရည်ခွက်ကို မြှောက်လျက် ဆို၏။ “လာ... သောက်ရင်း ပြောကြတာပေါ့”
“ဟိုတစ်ယောက်ကို စောင့်ဖို့ မလိုဘူးလားဟင်” ချင်လဲ့က အံ့သြစွာ မေးလိုက်သည်။
“မလိုပါဘူး” လီမုက အသာအယာ ပြုံးလျက် သေရည်တစ်ခွက်ကို အရင်ဆုံး မော့ချလိုက်၏။ ထို့နောက် သူသည် သေရည်နံ့များ သင်းပျံ့လာသည်အထိ ကျေနပ်စွာ သက်ပြင်းချလိုက်သည်။ “အားမနာနဲ့... လာ၊ သောက်စမ်း။ ဒီသေရည်က တကယ်ကို အဆင့်အတန်း မြင့်တယ်”
ချင်လဲ့သည် လီမု၏ စကားအတိုင်း သေရည်တစ်ငုံကို မော့ချလိုက်၏။ ထိုအခါ သူသည် တဟွတ်ဟွတ်နှင့် ချောင်းဆိုးလာခဲ့ပြီး မျက်နှာတစ်ခုလုံး သွေးရောင်လွှမ်းကာ နီမြန်းသွားလေတော့သည်။
ဤမျှ ပြင်းရှလှသော သေရည်မျိုးကို သူ တစ်ခါမျှ မကြုံဖူးချေ။
သေရည်တစ်ငုံသည် သူ၏ လည်ချောင်းထဲသို့ စီးဝင်သွားသည့်အခါ မီးခဲပူကြီး တစ်ခဲ လျှောကျသွားသကဲ့သို့ ပြင်းလှ၏။ ထို့နောက် ဝမ်းဗိုက်အတွင်း၌ အရည်ကျိုထားသော ကန့်ကဲ့သို့ ပူလောင်လှသဖြင့် သူ အော်ပင် အော်မိတော့မလို ဖြစ်သွားခဲ့သည်။
“အဟွတ်... အဟွတ်... ဒီသေရည်က... တကယ်ကို ပြင်းတာပဲ”
ချင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်နေပြီး ဝမ်းဗိုက်အတွင်း၌လည်း စူးရှသော ဝေဒနာကို ခံစားနေရကာ သူ၏ မျက်နှာမှာ ရဲရဲနီနေချေပြီ။
“ပထမဆုံး သောက်ဖူးတဲ့သူဆိုရင် ဒီလိုပဲ ဖြစ်တတ်တာပါ။ ကျင့်သားရသွားရင်တော့ ဇိမ်တွေ့သွားမှာပါ” လီမုက ရယ်ကျဲကျဲဖြင့် ဆိုလိုက်၏။ “တကယ်လို့ မခံနိုင်ဘူးဆိုရင်တော့ ရေလေး နည်းနည်း ရောသောက်ပေါ့။ ဗိုက်ထဲမှာ ကျင့်သားရသွားပြီဆိုမှ အေးအေးဆေးဆေး နည်းနည်းချင်း မျှင်းသောက်”
“ဒါဆိုရင်တော့ ရေရောသောက်တာ အကောင်းဆုံး ဖြစ်မှာပဲ...” ချင်လဲ့သည် ခေါင်းမာမနေတော့ဘဲ ချက်ချင်းပင် အရှုံးပေးကာ ရေအိုးကြီး တစ်လုံးနှင့်အတူ ပြန်ရောက်လာခဲ့၏။
လီမုမှာ မှင်သက်သွားပြီးနောက် သူ့ကို ပြုံးကြည့်နေသော်လည်း စကားတော့ မပြောခဲ့ချေ။
ချင်လဲ့သည် ရေအိုးကို မြှောက်ကာ သေရည်ထဲသို့ ရောရန် ပြင်ဆင်နေစဉ်မှာပင် သူ၏ အကြည့်များမှာ အံ့သြမှုများဖြင့် ပြည့်နှက်သွားပြီး ရပ်တန့်သွားခဲ့၏။ ဝမ်းဗိုက်အတွင်းမှ ပူလောင်မှုများမှာ ရပ်တန့်သွားပြီး နွေးထွေး၍ ကျေနပ်ဖွယ်ကောင်းသော ခံစားမှုတစ်ခုမှာ ခန္ဓာကိုယ်အနှံ့သို့ တဖြည်းဖြည်း ပျံ့နှံ့သွားလေသည်။ ပြင်းရှသော သေရည်နံ့မှာလည်း သူ၏ လည်ချောင်းတစ်လျှောက် သင်းပျံ့သွားပြီး ဖော်ပြ၍မရနိုင်သော အရသာထူးကို ခံစားလိုက်ရ၏။ သေရည်၏ ဤအရသာမျိုးကို သူ တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။
ဝေေဝဝါးဝါးနှင့် မူးယစ်နေသော ခံစားမှုမှာ သူ့အတွက် ကျေနပ်စရာ ဖြစ်နေတော့သည်။
“ကောင်းတယ်... တကယ့်ကို သေရည်ကောင်းပဲ...”
အတန်ကြာ ရပ်တန့်နေပြီးနောက် သူသည် လေချဉ်တစ်ချက် တက်လိုက်ပြီး ရေအိုးကို ပြန်ချထားလိုက်၏။ သူ၏ မျက်နှာမှာ နီမြန်းနေဆဲဖြစ်သော်လည်း သေရည်ခွက်ကို ပြန်ကိုင်ကာ နောက်ထပ် တစ်ငုံအား နည်းနည်းချင်း မျှင်းသောက်လိုက်လေသည်။ သူသည် မျက်လုံးများကို ချက်ချင်း မှိတ်လိုက်ပြီး သေရည်၏ စူးရှမှုမှာ လည်ချောင်းအတွင်း စီးဝင်သွားသည်ကို တိတ်ဆိတ်စွာ ခံစားနေမိ၏။ သူ၏ မျက်နှာထက်၌ မူးယစ်ကျေနပ်နေသော အမူအရာ ပေါ်လွင်နေလေသည်။
လီမုသည် အနည်းငယ် အံ့သြသွားပြီး ချင်လဲ့ကို စေတနာဖြင့် သတိပေးလိုက်သည်။ “ဒီသေရည်က... အတော်လေး ပြင်းတယ်၊ ပထမဆုံး သောက်တဲ့သူဆိုရင် ခန္ဓာကိုယ်က မခံနိုင်ဘဲ နေလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် မထိခိုက်အောင် ရေလေး နည်းနည်း ရောသောက်တာ ပိုကောင်းမယ်ထင်တယ်”
“ရပါတယ်ဗျာ၊ အဆင်ပြေပါတယ်၊ ကျွန်တော် တောင့်ခံနိုင်ပါသေးတယ်” ချင်လဲ့က မူးရီသော အမူအရာဖြင့် ပြန်ပြောလိုက်၏။
နှစ်ငုံမျှသာ သောက်ရသေးသော်လည်း သူသည် အနည်းငယ် မူးနေချေပြီ။ လင်မြို့တုန်းက သေရည် ဆယ်ခွက် သောက်ရသည်ထက်ပင် ယခုက ပိုမို မြန်ဆန်ပြီး ပြင်းထန်လှပေသည်။
“ဒါဆိုရင်တော့ ငါ ဘာမှ မပြောတော့ဘူး။ ကိုယ့်အခြေအနေကိုယ် သိရင်ပြီးတာပါပဲ” လီမုက သူ့ကို စူးစိုက်ကြည့်ကာ အသာအယာ ပြုံးလျက် ဆိုလိုက်၏။ “ဟော... ရေခဲကလေး လာပြီပဲ”
ချင်လဲ့ အံ့သြနေစဉ်မှာပင် အပြင်ဘက်မှ ဆီးနှင်းကဲ့သို့ ဖြူဖွေးလှသော ဝံပုလွေခွေးကြီး တစ်ကောင် ဝင်ရောက်လာလေသည်။ ထိုဝံပုလွေခွေးကြီးမှာ ၎င်း၏ အမွှေးအမျှင်များမှာ ပိုးသားကဲ့သို့ တောက်ပနေ၏။ ၎င်း၏ မျက်လုံးများမှာလည်း လူသားတစ်ဦးကဲ့သို့ပင် ဉာဏ်ရည်ထက်မြက်မှုများဖြင့် တောက်ပနေလေသည်။
၎င်းသည် ဆိုင်ထဲသို့ ဝင်လာပြီးနောက် အခြားသော ကျောက်ခုံတန်းပေါ်သို့ တိုက်ရိုက်သွား၍ လူသားတစ်ဦးကဲ့သို့ ထိုင်လိုက်၏။ ထို့နောက် ၎င်း၏ ခြေဖဝါးဖြင့် သေရည်ခွက်ကို ကိုင်ကာ မိမိဘာသာ သေရည်တစ်ခွက် ငှဲ့လိုက်လေသည်။ ၎င်းသည် ပြင်းထန်လှသော သေရည် တစ်ခွက်လုံးကို အမြန်ဆုံး သောက်ပြီးနောက် ကျေနပ်အားရစွာဖြင့် လေချဉ်တက်လိုက်၏။
ချင်လဲ့သည် ရုတ်တရက် ပေါ်လာသော ထိုဝံပုလွေခွေးကြီးကို အံ့သြတုန်လှုပ်စွာ ကြည့်ရင်း မေးလိုက်မိသည်။ “ဦးလေးလီ... ဒါက ဘာလဲဟင်”
“ဒါ ငါပြောတဲ့ သူငယ်ချင်းပဲလေ” လီမုက ပြုံးလျက် ဝံပုလွေခွေးကြီး၏ အဖြူရောင် အမွှေးအမျှင်များကို အသာအယာ ပွတ်သပ်ပေးလိုက်၏။ ဝံပုလွေခွေးကြီးမှာလည်း လီမု၏ အထိအတွေ့အောက်တွင် အလွန်ပင် သက်သောင့်သက်သာ ရှိနေဟန်ဖြင့် မျက်လုံးများကို မှေးစင်းလျက် တိတ်ဆိတ်စွာ ဝပ်နေလေသည်။
“ချင်လဲ့... မင်း တကယ့် ပန်းပဲပညာရှင် တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ဝိညာဉ်အစီရင်တွေ ရေးထိုးနေရုံနဲ့ မပြီးဘူး” လီမုက ပြောလိုက်၏။ “ဟုတ်တယ်... ဝိညာဉ် အစီရင်တွေဆိုတာ ဝိညာဉ်လက်နက်တွေရဲ့ တကယ့် အနှစ်သာရပဲ၊ ဝိညာဉ်လက်နက်ရဲ့ အဆင့်အတန်းကို သတ်မှတ်ပေးမယ့် အရာပဲပေါ့”
သူသည် ချင်လဲ့ကို ကြည့်လျက် ဆက်ပြောသည်။ “ဒါပေမဲ့ တကယ့် ပန်းပဲပညာရှင် တစ်ယောက်ဖြစ်ဖို့ဆိုရင် ဝိညာဉ်ကုန်ကြမ်း အမျိုးမျိုးကို ဘယ်လို ပေါင်းစပ်ရမလဲ၊ ဘယ်လို သန့်စင်ရမလဲဆိုတာကိုလည်း သိထားရမယ်။ လက်နက်တစ်လက် ရှိမှသာ အဲဒီပေါ်မှာ ဝိညာဉ်အစီရင်တွေကို ရေးထိုးနိုင်မှာလေ။ အခု မင်း လုပ်နေတာက ပန်းပဲပညာရဲ့ နောက်ဆုံးအဆင့်ပဲ ရှိသေးတယ်၊ လက်နက်တစ်လက် ဖြစ်လာဖို့အတွက် ကုန်ကြမ်းတွေကို ခွဲခြမ်းတာ၊ ရောနှောတာ၊ အရည်ကျိုတာနဲ့ သန့်စင်တာတွေကို မင်း နားမလည်သေးဘူး မဟုတ်လား”
“ဦးလေး ပြောသလိုပါပဲ” ချင်လဲ့က ရိုးသားသော မျက်နှာဖြင့် ဝန်ခံလေသည်။ “ကျွန်တော်က အပျော်တမ်း သဘောလောက်ပဲ ရှိပါသေးတယ်။ ကုန်ကြမ်းတွေကို အရည်ကျိုပြီး လက်နက်ဖြစ်အောင် ဘယ်သူမှ သင်မပေးဖူးဘူးလေ။ ကျွန်တော်က ဝိညာဉ်အစီရင် အချို့ကိုပဲ သိထားတာဆိုတော့ အဲဒီကနေပဲ စနိုင်တာပါ”
“အင်း... အဲဒီလိုကိုး” လီမုက ဆိုသည်။ “မင်း မြူတိမ်ဆောင်ကို သွားပြီး ယောင်ထိုက်ရဲ့ လက်ထောက်အဖြစ် လုပ်ခွင့်တောင်းကြည့်ပါ။ ယောင်ထိုက်က မြူတိမ်ဆောင်ရဲ့ ပန်းပဲပညာရှင် တစ်ယောက်ပဲ၊ သူ့ရဲ့ ဝိညာဉ်အစီရင် ရေးထိုးခြင်း အဆင့်အတန်းကတော့... သာမန်ပါပဲ၊ ဒါပေမဲ့ ကုန်ကြမ်းတွေကို ပေါင်းစပ်ပြီး လက်နက်ဖြစ်အောင် အရည်ကျိုတဲ့ နေရာမှာတော့ သူက အတော်လေး ကျွမ်းကျင်တယ်။ မင်း သူ့ဆီကနေ သွားသင်ယူလို့ ရတယ်”
ချင်လဲ့၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွား၏။ “ပန်းပဲပညာရှင်တွေဆိုတာ သူတို့ရဲ့ ပညာကို တပည့်တွေကိုတောင် သေချာ မသင်ပေးဘဲ ဖုံးကွယ်ထားတတ်ကြတာလေ။ အဲဒီ ယောင်ထိုက် ဆိုတဲ့သူက... ကျွန်တော့်ကို သင်ပေးပါ့မလား”
“ဟားဟား... ပန်းပဲပညာရှင်တွေ အသက်နဲ့လဲပြီး ကာကွယ်ထားကြတာက အဓိက ဝိညာဉ်အစီရင်တွေကိုပဲ။ အရည်ကျိုတဲ့ ပညာရပ်ကိုတော့ သူတို့ သိပ်ပြီး ဖုံးကွယ်ထားလေ့ မရှိပါဘူး။ ဒီအပိုင်းကတော့ ကိုယ်တိုင် အနီးကပ် ကြည့်ရှုပြီး လက်တွေ့ စမ်းသပ်ကြည့်ရုံနဲ့တင် တဖြည်းဖြည်း ကျွမ်းကျင်လာနိုင်ပါတယ်။ ပန်းပဲပညာရှင် တစ်ယောက်စီရဲ့ တကယ့် လျှို့ဝှက်ချက်က သူတို့ ရေးထိုးတဲ့ ဝိညာဉ်အစီရင်တွေပဲလေ။ အဲဒါကိုတော့ သူတို့ရဲ့ တပည့်တွေကိုတောင် လွယ်လွယ်နဲ့ မသင်ပေးကြဘူး”
လီမုက သူ့ကို ပြုံးလျက် ကြည့်ကာ ဆက်ပြော၏။ “ပြီးတော့ ဒီအပိုင်းအတွက်ကတော့ မင်း သူ့ဆီကနေ သင်ယူနေဖို့ မလိုဘူး မဟုတ်လား”
“သူက ကျွန်တော့်ကို လက်ခံပါ့မလား” ချင်လဲ့၏ မျက်လုံးများမှာ တောက်ပလာ၏။ လီမု၏ စကားကို သူ ယုံကြည်သွားခဲ့ချေပြီ။
“စမ်းကြည့်ရင် သိရမှာပေါ့” လီမုက အဓိပ္ပာယ်ပါပါ ပြုံးလိုက်၏။
“ကောင်းပါပြီ၊ ကျွန်တော် မနက်ဖြန် မြူတိမ်ဆောင်ကို သွားပြီး ယောင်ထိုက်ဆီမှာ အလုပ်လုပ်ဖို့ ခွင့်တောင်းကြည့်ပါ့မယ်” ချင်လဲ့က မူးမူးရီရီဖြင့်ပင် ပြတ်သားစွာ ပြောဆိုလိုက်လေသည်။
“ချင်လဲ့... ပြင်ပကမ္ဘာကြီးက အလွန်ကျယ်ပြောလှတယ်၊ မင်းက အခုမှ စရမှာ။ လူငယ်ဘဝဆိုတာ... တကယ်ကို ကောင်းတာပဲ” လီမုက စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်၏။
“ဦးလေးလီ... ဦးလေးက ပြင်ပကမ္ဘာအကြောင်း သိတာလား။ ကျွန်တော့်ကို ဦးလေးရဲ့ အတွေ့အကြုံတွေ ပြောပြပါဦးလား” ချင်လဲ့၏ အတွေးများမှာ ဝေးလွင့်သွားခဲ့ချေပြီ။
“ငါ ငယ်ငယ်တုန်းကတော့ နေရာအနှံ့ လျှောက်သွားခဲ့ဖူးတယ်၊ လူအမျိုးမျိုးနဲ့ တွေ့ခဲ့သလို ကိစ္စအမျိုးမျိုးကိုလည်း သိခဲ့ရတာပေါ့...” လီမုက ခေါင်းညိတ်လိုက်၏။ သူသည် နောက်ထပ် သေရည်တစ်ငုံကို မော့ချလိုက်ပြီး မျက်လုံးများ အနည်းငယ် နီမြန်းလျက် လေသံတိုးတိုးဖြင့် ဆက်လက်ပြောကြားသည်။ “ငါတို့ ခြေထောက်အောက်က ဒီတိုက်ကြီးကို သွေးနီလှိုင်းတိုက်ကြီးလို့ ခေါ်တယ်။ ဒီတိုက်ကြီးမှာတင် မြူတိမ်ဆောင်နဲ့ ရေခဲပြင်နန်းတော်တို့လို ထုံးကျောက်အဆင့် အဖွဲ့အစည်းပေါင်း တစ်ရာကျော်လောက် ရှိတယ်။ အမှောင် အသူရာခန်းမနဲ့ သုသာန်ခုနစ်ပါးတောင်ကြား တို့လို သံနက်အဆင့် အဖွဲ့အစည်းတွေလည်း ဆယ်ခုကျော်လောက် ရှိတာပေါ့”
“အဲဒါတွေရဲ့ အထက်မှာတော့ ကြေးနီအဆင့် အဖွဲ့အစည်း နှစ်ခုပဲ ရှိတယ်။ ဒီအဖွဲ့အစည်း နှစ်ခုဟာ သွေးနီလှိုင်းတိုက်ကြီးကို ရာစုနှစ်ပေါင်းများစွာ စိုးမိုးထားခဲ့သလို အကောင်းဆုံး ကျင့်ကြံခြင်း အရင်းအမြစ်တွေကိုလည်း သိမ်းပိုက်ထားကြတာ။ ဒါတင်မကသေးဘူး၊ အကောင်းဆုံး သတ္တုတွင်းတွေကိုလည်း သူတို့ပဲ ပိုင်ဆိုင်ကြတယ်။ အမှောင် အသူရာခန်းမနဲ့ သုသာန်ခုနစ်ပါး တောင်ကြားလိုမျိုး သံနက်အဆင့် အဖွဲ့အစည်းတွေကိုလည်း သူတို့ကပဲ အုပ်ချုပ်ပြီး ဒီတိုက်ကြီးပေါ်က သက်ရှိအားလုံးရဲ့ သေခြင်း၊ ရှင်ခြင်းကိုတောင် သူတို့ကပဲ ဆုံးဖြတ်နိုင်ကြတာပေါ့”
လီမုက ခဏနားပြီး ချင်လဲ့ကို စူးစိုက်ကြည့်ကာ အသာအယာ ပြုံးလိုက်၏။ “ဝိညာဉ်နယ်မြေထဲမှာ သွေးနီလှိုင်းတိုက်ကြီးလို တိုက်တွေ အများကြီး ရှိသေးတယ်။ သွေးနီလှိုင်းတိုက်ကြီးမှာတော့ အမြင့်ဆုံးက ကြေးနီအဆင့်ပဲ ရှိပေမယ့် တခြားတိုက်တွေမှာဆိုရင် ငွေအဆင့်တွေ၊ ရွှေအဆင့် အဖွဲ့အစည်းတွေတောင် ရှိသေးတာ။ အဲဒီတိုက်တွေက သွေးနီလှိုင်းထက် ပိုပြီး ကျယ်ပြောသလို ပိုပြီးတော့လည်း စည်ကားလှတယ်။ မင်း အိပ်မက်ထဲမှာတောင် မမြင်ဖူးတဲ့ ထူးဆန်းအံ့သြဖွယ်ရာတွေလည်း အများကြီး ရှိတာပေါ့”
ချင်လဲ့သည် ထိုစကားများကို နားထောင်ရင်း သူ၏ သွေးများ ဆူဝေလာခဲ့၏။ သူသည် ကျယ်ပြောလှသော ကမ္ဘာကြီး၏ ပုံရိပ်လွှာကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ စိတ်ကူးများမှာလည်း အခြားသော လှပသည့် တိုက်ကြီးများဆီသို့ ဝေးလွင့်သွားခဲ့လေတော့သည်။
“ဦးလေးလီ... ဦးလေးက ဒါတွေအကုန် သိနေတယ်ဆိုတော့ နေရာအများကြီးကို ရောက်ဖူးမှာ သေချာတယ်နော်” ချင်လဲ့က အားကျစွာဖြင့် မေးမြန်းလိုက်၏။
“ဟုတ်တယ်... ငါ နေရာအများကြီးကို ရောက်ခဲ့ဖူးတယ်၊ ဘဝတစ်ဝက်လောက်ကို လှည့်လည်သွားလာရင်းနဲ့ ကုန်ဆုံးခဲ့တာပေါ့။ ဒါပေမဲ့ နောက်ဆုံးမှာတော့... နောက်ဆုံးမှာတော့ ငါလည်း... ဟူး...” လီမု၏ မျက်နှာမှာ အထီးကျန်ဆန်သွားခဲ့၏။ သူသည် စကားကို ဆုံးအောင် မပြောဘဲ သက်ပြင်းချလိုက်လေသည်။ သူသည် အရက်ခွက်ထဲမှ ပြင်းရှလှသော သေရည်များကို မော့ချလိုက်ပြီး အတိတ်ကို ပြန်လည် တမ်းတနေဟန် ရှိလေတော့သည်။
အခန်း (၆၂) မြူတိမ်ဆောင်
နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် ချင်လဲ့ နိုးလာသောအခါ မိမိသည် ဝိညာဉ်တံဆိပ်ပြားများ ပြန့်ကျဲနေသည့် အခန်းငယ်လေးအတွင်း၌ အိပ်ပျော်နေခဲ့ကြောင်း သိလိုက်ရ၏။
သူသည် မည်သည့်အချိန်တွင် သတိလစ်မေ့မြောသွားခဲ့သည်ကို မမှတ်မိတော့ချေ။ လီမုက ပြင်ပကမ္ဘာ၏ စိတ်ဝင်စားဖွယ်ရာများကို ပြောပြနေခဲ့သည်ကိုသာ ဝေဝေဝါးဝါး မှတ်မိတော့သည်။ သူသည် သေရည်ကို များများစားစား သောက်ခဲ့သည်ဟု မထင်သော်လည်း အတော်ကလေးကို မူးယစ်သွားခဲ့ခြင်း ဖြစ်၏။
လီဈေးဆိုင်ကလေးမှာ တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်ပြီး ပတ်ဝန်းကျင်၌ ဆူညံသံဟူ၍ မရှိချေ။ သူသည် ကိုယ်လက်သန့်စင်ပြီးနောက် ဝင်းထဲသို့ ထွက်လာခဲ့သော်လည်း လီမုနှင့် ရေခဲကလေးဟု ခေါ်သော ဝံပုလွေခွေးကြီးတို့ကို မတွေ့ရတော့ချေ။ သူတို့ နှစ်ဦးသား မည်သည့်နေရာသို့ ထွက်သွားကြသည်ကို သူ မသိရှိခဲ့ပေ။
ထူးဆန်းသည်မှာ ယမန်နေ့ညက သူသည် သေလုမတတ် မူးယစ်ခဲ့သော်လည်း ယနေ့နံနက်တွင်မူ ခေါင်းကိုက်ခဲခြင်း ဝေဒနာကို အနည်းငယ်မျှပင် မခံစားရခြင်း ဖြစ်၏။
ထိုသို့ဖြစ်မည့်အစား သူ၏စိတ်မှာ အလွန်ပင် ကြည်လင်နေပြီး မျက်လုံးများတွင်လည်း ကျန်းမာသန်စွမ်းသော အရိပ်အယောင်များဖြင့် တောက်ပနေလေသည်။
“သွေးနီလှိုင်းတိုက်ကြီး၊ ကျယ်ပြောလှတဲ့ ဝိညာဉ်နယ်မြေ၊ သူရဲကောင်းအဖွဲ့အစည်းတွေနဲ့ ခန့်ညားထည်ဝါတဲ့ တိုက်ကြီးတွေ...”
ခြံဝင်းငယ်လေးအတွင်းရှိ သစ်ပင်အောက်၌ ရပ်နေရင်း ချင်လဲ့သည် ယမန်နေ့ညက လီမုပြောပြခဲ့သော စကားများကို ပြန်လည် ဆင်ခြင်တွေးတောနေမိ၏။ “အမှောင်အသူရာခန်းမနဲ့ သုသာန်ခုနစ်ပါး တောင်ကြားတို့လို အဖွဲ့အစည်းတွေဟာလည်း အင်အားအကြီးဆုံးတော့ မဟုတ်သေးဘူးပေါ့။ သူတို့တောင်မှ တခြား ကြေးနီအဆင့် အဖွဲ့အစည်းကြီး နှစ်ခုကို အညံ့ခံနေကြရတာပဲ”
သူသည် မိမိကိုယ်မိမိ အလွန်ပင် သေးငယ်လှကြောင်း ခံစားလိုက်ရသည်။
“အရာအားလုံးဟာ... ဒီနေရာကနေ စတင်ရလိမ့်မယ်”
မြူတိမ်ဆောင်ရှိရာအရပ်သို့ လှည့်ကြည့်ရင်း ချင်လဲ့သည် ခိုင်မာပြတ်သားသော အကြည့်များဖြင့် တိုးတိုးလေး ရေရွတ်လိုက်လေသည်။
ထို့နောက် သူသည် လီဈေးဆိုင်မှ ထွက်ခွာလာခဲ့ပြီး လီမု၏ အကြံပြုချက်အတိုင်း မြို့၏တောင်ဘက်ပိုင်းရှိ မြူတိမ်ဆောင်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့၏။
နှစ်နာရီခန့် ကြာပြီးနောက်...
သူသည် မြူတိမ်ဆောင်သို့ ရောက်ရှိလာခဲ့ပြီး ဂိတ်တံခါးဝရှိ အစောင့်တဲသို့ အခြေအနေကို ရှင်းပြလိုက်၏။ မိမိသည် ချင်လဲ့ ဖြစ်ကြောင်းနှင့် မြူတိမ်ဆောင်သို့ သတင်းပို့ရန် လာရောက်ခြင်းဖြစ်ကြောင်း ပြောဆိုလိုက်သည်။
“ခဏလောက် စောင့်ပေးပါဦး၊ သခင်လေး ခန်းကျိကို သွားအကြောင်းကြားလိုက်ပါ့မယ်။ ခင်ဗျားလာရင် သူ့ကို အကြောင်းကြားဖို့ မှာထားလို့ပါ” အစောင့်က ရိုသေစွာ ပြောဆိုလိုက်၏။
ချင်လဲ့က ခေါင်းညိတ်ပြလိုက်သည်။
ဂိတ်စောင့်မှာ အပြေးအလွှား ထွက်ခွာသွားခဲ့၏။
မကြာမီမှာပင် ဝတုတ်လေး ခန်းကျိနှင့် ဟန်ဖုန်းတို့ အတူတူ ရောက်ရှိလာကြပြီး ချင်လဲ့ကို မြင်သည်နှင့် တပြိုင်နက် ဝမ်းသာအားရ ရယ်မောလိုက်ကြသည်။ “ဒီကောင်... နောက်ဆုံးတော့ မြူတိမ်ဆောင်ကို လာဖို့ စိတ်ကူးရပြီပေါ့။ ငါတော့ မင်းကို တကယ် နားမလည်နိုင်တော့ဘူး၊ အဲဒီ လီဈေးဆိုင်မှာ မင်း ဘာသွားလုပ်နေတာလဲ။ အဲဒါက ဝိညာဉ်ကုန်ကြမ်းဆိုင်လေးပဲလေ၊ မင်းကို ဘာများ ပေးနိုင်မှာမို့လို့လဲ”
“ချင်လဲ့... ငါ မင်းကို ငါ့အဖေဆီ ခေါ်သွားပေးမယ်” ဟန်ဖုန်းက ခင်မင်ရင်းနှီးစွာ ဆိုလိုက်၏။
“ကောင်းပါပြီ” ချင်လဲ့သည် သူတို့နှစ်ဦးနှင့်အတူ မြူတိမ်ဆောင်အတွင်းသို့ လှမ်းဝင်လာခဲ့၏။
မြူတိမ်ဆောင်အတွင်း၌ ခန့်ညားထည်ဝါသော ကျောက်တိုက်အဆောက်အအုံကြီးများ တည်ရှိနေပြီး ကျင့်ကြံသူ အများအပြား ဝင်ထွက်သွားလာနေကြသည်ကို မြင်တွေ့ရ၏။ ထိုလူအားလုံးမှာ သူတို့၏ လက်ထဲ၌ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြားများကို ကိုင်ဆောင်ထားကြပြီး ဂိတ်ဝရှိ မှတ်ပုံတင်ဌာန၌ တစ်ခုခုကို ပြောဆိုနေကြလေသည်။
“ကြည့်စမ်း... အဲဒါက လေ့ကျင့်ရေးကွင်းပဲ။ အထဲမှာ အခန်းတွေ အများကြီး ရှိတယ်။ အချို့က ဆွဲငင်အားကို ထိန်းညှိပေးတဲ့အခန်း၊ အချို့က ဝိညာဉ်စွမ်းအား ပိုပြီး သိပ်သည်းတဲ့အခန်း၊ အချို့ကတော့ တရားထိုင်ဖို့ သင့်တော်တဲ့အခန်းတွေပေါ့။ ပြီးတော့ တိုက်ခိုက်တာတွေကို လေ့ကျင့်ဖို့အတွက် ခိုင်ခံ့တဲ့ နံရံတွေပါတဲ့ အခန်းတွေလည်း ရှိတယ်။ မြူတိမ်ဆောင်က ကျင့်ကြံသူတွေဟာ သူတို့ရဲ့ အကျိုးပြုမှတ်တွေကို သုံးပြီး အဲဒီအခန်းတွေကို အသုံးပြုနိုင်ကြတာပဲ...”
ဟန်ဖုန်းသည် ခုနစ်ဟက်တာခန့် ကျယ်ဝန်းသော အဆောက်အအုံအစုအဝေးကို ညွှန်ပြလျက် ချင်လဲ့ကို ရှင်းပြနေ၏။ “မြူတိမ်ဆောင်ရဲ့ ကျင့်ကြံသူတွေဟာ သူတို့ရဲ့ ကတ်ပြားတွေနဲ့ မှတ်ပုံတင်ပြီး လိုအပ်တဲ့ အခန်းတွေကို ရွေးချယ်နိုင်ကြတယ်။ ဝိညာဉ်ပညာရပ်တွေကို လေ့ကျင့်တာ၊ တိုက်ခိုက်ရေး အတွေ့အကြုံ ယူတာတွေ အားလုံးက ဒီနေရာမှာပဲ ဖြစ်တာပေါ့”
ချင်လဲ့သည် ထိုစကားများကို နားထောင်ရင်း ခေါင်းညိတ်ပြမိ၏။ မြူတိမ်ဆောင်သည် မြူတိမ်ဆောင်ပင် ဖြစ်ကြောင်းနှင့် လင်မိသားစုနှင့် ယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှကြောင်း သူ ရင်ထဲ၌ သိမြင်လိုက်ရသည်။
လင်မိသားစု၌မူ တိုက်ခိုက်ရေးကွင်း တစ်ကွင်းသာ ရှိပြီး ၎င်းမှာ အနည်းငယ် ကျယ်ဝန်းသည်မှအပ ထူးခြားမှု မရှိချေ။ ကျင့်ကြံသူများ၏ လေ့ကျင့်မှုအတွက် အထောက်အကူပြုမည့် သီးသန့်အခန်းများလည်း မရှိခဲ့ပေ။
“ဘယ်ဘက်ကတော့ ကျမ်းစာဆောင်ပဲ။ အဲဒီမှာ ကျင့်ကြံခြင်းအဆင့်တွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ အခြေခံ ဝိညာဉ်ပညာရပ်တွေ စုံနေတာပဲ။ ကျင့်ကြံခြင်း လောကထဲကို အခုမှ စဝင်တဲ့သူတွေအတွက် အဲဒီက စာအုပ်တွေက အများကြီး အထောက်အကူဖြစ်စေမှာပေါ့။ အင်း... နယ်ပယ်အဆင့်တွေ ခွဲခြားတာ၊ ဝိညာဉ်လက်နက်တွေ၊ ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝိညာဉ်ပညာရပ်တွေ အကြောင်းကို အဲဒီမှာ အသေးစိတ် ရှာလို့ရတယ်”
ဟန်ဖုန်းက ပြုံးလျက် ဆက်လက်ပြောကြားသည်။ “ဒါပေမဲ့ အဲဒီမှာ ရှိတာတွေက အခြေခံ ဗဟုသုတတွေ များပါတယ်။ ပြသထားတဲ့ ပညာရပ်တွေကလည်း သာမန်အဆင့် ၆ အောက်တွေပဲ ရှိတာပေါ့။ ငါတို့ မြူတိမ်ဆောင်က ထုံးကျောက်အဆင့်ပဲ ရှိတာဆိုတော့ အမှောင်အသူရာခန်းမလို နေရာမျိုးနဲ့တော့ ယှဉ်လို့မရဘူးလေ။ ဒါကြောင့် ဒီမှာရှိတဲ့ စာအုပ်တွေကတော့ သိပ်ပြီး တန်ဖိုးမကြီးလှပါဘူး”
“စာအုပ်တွေကို အကျိုးပြုမှတ်တွေနဲ့ ငှားဖတ်လို့ ရတာလား” ချင်လဲ့၏ မျက်လုံးများတွင် ဝမ်းသာရိပ်များ ပေါ်လာ၏။
ကျင့်ကြံမှုနယ်ပယ် အသီးသီးနှင့် ပန်းပဲပညာရပ်များအကြောင်းကို သူ များစွာ မသိရှိသေးချေ။ အခြေခံ ဗဟုသုတများပင် သူ၏ အားနည်းချက် ဖြစ်နေသဖြင့် မိမိ၏ သွေးကြောများအတွင်း၌ မိုးကြိုးစွမ်းအားများ ပြည့်နှက်နေသော်လည်း ကျင့်ကြံခြင်းအဆင့် ၈ သို့ တက်လှမ်းရန် စိုးရိမ်နေခဲ့ရခြင်း ဖြစ်၏။
အမှန်စင်စစ် သူ၏သွေးကြောများအတွင်း၌ ဝိညာဉ်စွမ်းအားဖြစ်စေ၊ အခြားသော စွမ်းအားတစ်ခုခုဖြစ်စေ ပြည့်နှက်နေပြီဆိုလျှင်ပင် ၎င်းကို ကျင့်ကြံခြင်းအဆင့် ၈ သို့ ရောက်ရှိသွားပြီဟု သတ်မှတ်နိုင်ကြောင်း သူ မသိရှိခဲ့ပါ။
ထိုအချက်ကိုတော့ သူသည် လင်မိသားစု၏ အဆင့်တိုင်းတာသည့် ကျောက်တုံးကို သုံးပြီး အတည်ပြုခဲ့ပြီး ဖြစ်သော်လည်း အခြေခံ ဗဟုသုတ မရှိသဖြင့် စိုးရိမ်ကြောင့်ကြနေခဲ့ရခြင်း ဖြစ်၏။
မြူတိမ်ဆောင်၏ ကျမ်းစာဆောင်၌ အခြေခံ ဗဟုသုတများကို လေ့လာနိုင်မည်ဟု သိလိုက်ရသဖြင့် သူသည် အတွင်းစိတ်၌ ဝမ်းသာသွားခဲ့ရသည်။ နောင်တစ်ချိန်တွင် အလားတူ မှားယွင်းမှုမျိုး မဖြစ်စေရန်အတွက် ကျမ်းစာဆောင်သို့ မကြာခဏ လာရောက်၍ ကျင့်ကြံသူတစ်ဦး သိသင့်သိထိုက်သည့် ဗဟုသုတများကို သေချာစွာ လေ့လာမည်ဟု ဆုံးဖြတ်လိုက်လေသည်။
“စာအုပ်အားလုံးကို အကျိုးပြုမှတ်တွေနဲ့ ငှားလို့ရပါတယ်” ဟန်ဖုန်းက အတည်ပြုလိုက်သည်။ “ဒါပေမဲ့ အဆင့်မြင့် ဝိညာဉ်ပညာရပ်တွေ အတွက်တော့ အကျိုးပြုမှတ် အတော်များများ လိုလိမ့်မယ်နော်”
“ကျမ်းစာဆောင်ရဲ့ မျက်နှာချင်းဆိုင်၊ ငါတို့ရဲ့ ညာဘက်မှာ ရှိတာကတော့ လက်နက်ဆောင်ပဲ။ အဲဒီမှာ ဝိညာဉ်ကုန်ကြမ်းတွေနဲ့ ဝိညာဉ်ဆေးပင်တွေ ရှိတယ်။ တကယ်တမ်း တန်ဖိုးအရှိဆုံးကတော့ ဝိညာဉ်လက်နက်တွေပေါ့။ ဒါပေမဲ့ အထဲက လက်နက်တွေကလည်း သာမန်အဆင့် ၅ အောက်တွေပဲ ရှိတာပါ။ လက်နက်ဆောင်က လက်နက်တွေလောက်တော့ မကောင်းနိုင်ပါဘူး။ ဒါတွေကိုလည်း အကျိုးပြုမှတ်တွေနဲ့ လဲလှယ်လို့ ရတယ်...”
လမ်းတစ်လျှောက်တွင် ခန်းကျိနှင့် ဟန်ဖုန်းတို့က မြူတိမ်ဆောင်အကြောင်းကို အသေးစိတ် ရှင်းပြနေကြ၏။ သူတို့သည် ကျင့်ကြံသူများ အမြဲသွားလာတတ်သည့် လေ့ကျင့်ရေးကွင်း၊ ကျမ်းစာဆောင်နှင့် လက်နက်ဆောင်တို့ကို အလေးထား ပြောဆိုနေသဖြင့် ချင်လဲ့အနေဖြင့် မြူတိမ်ဆောင်၏ အခြေအနေကို ပီပြင်စွာ မြင်တွေ့လိုက်ရသည်။ လင်ဖုန်းနှင့် အခြားသူများသည် အဘယ်ကြောင့် အသက်နှင့်လဲ၍ မြူတိမ်ဆောင်သို့ ဝင်လိုကြသည်ကိုလည်း သူ နားလည်သွားခဲ့ရ၏။
မြူတိမ်ဆောင်၏ အဖွဲ့ဝင် ဖြစ်လာသည်နှင့် တပြိုင်နက် ထိုအရင်းအမြစ်အားလုံးကို မိမိ၏ အကျိုးပြုမှတ်များဖြင့် စိတ်ကြိုက် အသုံးပြုနိုင်မည် ဖြစ်ရာ မိမိ၏ ကျင့်ကြံမှုအဆင့် တိုးတက်ရန်အတွက် လင်မြို့နယ်မှာထက် များစွာ ပိုမို အခွင့်အလမ်း သာနေတော့သည်။
သူတို့ သုံးဦးသား စကားစမြည် ပြောဆိုရင်း လျှောက်လာကြရာ မကြာမီမှာပင် အကြီးအကဲ ဟန်ချင်းယွီရှိရာသို့ ရောက်ရှိလာကြ၏။ ဟန်ဖုန်းက တံခါးဝမှပင် အော်ဟစ်လိုက်လေသည်။ “အဖေ... ချင်လဲ့ကို သတင်းပို့ဖို့ ခေါ်လာပြီဗျ”
“ဟားဟား... ဝင်ခဲ့၊ ဝင်ခဲ့” ဟန်ချင်းယွီက ပြုံးရွှင်စွာ ဆီးကြိုလိုက်၏။
“ဦးလေးဟန်” ခန်းကျိက မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးလျက် နှုတ်ဆက်လိုက်ပြီး ချင်လဲ့ကို ဆွဲကာ ဆိုလိုက်သည်။ “ချင်လဲ့... ဦးလေးဟန်ကို နှုတ်ဆက်လိုက်ဦးလေ”
“ဦးလေးဟန်... နေကောင်းလားခင်ဗျာ” ချင်လဲ့က နှုတ်ဆက်လိုက်သည်။
ဟန်ချင်းယွီက ခေါင်းညိတ်ပြလျက် ချင်လဲ့ကို အကဲခတ်ကြည့်ကာ ရယ်မောလျက် ဆိုလေသည်။ “မဆိုးပါဘူး လူငယ်လေးရယ်။ တကယ်ကို မဆိုးပါဘူး။ မင်း မြူတိမ်ဆောင်ကို အခုမှ ရောက်လာတာ ဖြစ်ပေမယ့် မင်းရဲ့ နာမည်ကိုတော့ ဦးလေး ကြားနေရတာ ကြာပါပြီ”
“ဦးလေးက ချီးကျူးလွန်းနေပါပြီ” ချင်လဲ့က နှိမ့်ချစွာ ပြန်ပြောလိုက်သည်။
“မင်းရဲ့ သက်သေခံကတ်ပြားကိုတော့ ဦးလေး လုပ်ထားပေးတာ ကြာပါပြီ။ ရော့... ဒါကို ယူထားလိုက်” ဟန်ချင်းယွီသည် စိမ်းညိုရောင် သံပြားလေးတစ်ပြားကို ကမ်းပေးလိုက်၏။ ၎င်း၏ ရှေ့မျက်နှာစာ၌ မြူတိမ်ပုံ တံဆိပ်ပါရှိပြီး နောက်ကျောဘက်၌မူ ချင်လဲ့၏ အမည်ကို ရေးထိုးထားလေသည်။ “အရင်တုန်းကတော့ လင်လဲ့လို့ ရေးထားတာပေါ့၊ နောက်မှ မင်းက အမည်ဝှက် သုံးထားတာ သိရလို့ နောက်ထပ် တစ်ပြား အပိုလုပ်လိုက်ရတယ်”
“ဒီကောင်ကတော့လေ... နာမည်ကိုတောင် လျှို့ဝှက်ထားသေးတာ၊ တကယ့်ကို လူဆိုးလေးပဲ” ခန်းကျိက နှာခေါင်းရှုံ့လျက် ဆိုလိုက်၏။
“ဒါက မြူတိမ်တံဆိပ်ပြားပါ” ချင်လဲ့က ပြုံးလျက် သူ၏လက်ထဲမှ တံဆိပ်ပြားကို ဟန်ချင်းယွီထံသို့ ပြန်ပေးလိုက်၏။
ထိုတံဆိပ်ပြားမှာ တုမိုနှင့် တုကျဲတို့အတွက် အထူးပြုလုပ်ပေးထားသော တံဆိပ်ပြားဖြစ်ပြီး မြူတိမ်ဆောင်သို့ ဝင်ရောက်နိုင်သော အထောက်အထားလည်း ဖြစ်၏။ ယခုအခါတွင် သူသည် မြူတိမ်ဆောင်၏ အဖွဲ့ဝင် ဖြစ်လာပြီဖြစ်ရာ ဤတံဆိပ်ပြားမှာ သူ့အတွက် မလိုအပ်တော့ချေ။ ထို့ပြင် ဤတံဆိပ်ပြားမှာ တုကျဲအတွက် အလွန်ပင် အရေးကြီးသော ပစ္စည်းဖြစ်သဖြင့် သူက ပြန်လည် ပေးအပ်လိုက်ခြင်း ဖြစ်သည်။
ဟန်ချင်းယွီက ခေါင်းညိတ်လျက် တံဆိပ်ပြားကို ယူလိုက်ပြီး ခေတ္တမျှ စဉ်းစားကာ ဆိုသည်။ “ချင်လဲ့... ပုံမှန်ဆိုရင်တော့ မြူတိမ်ဆောင်ကို အသစ်ဝင်လာတဲ့သူတွေဟာ အကြီးအကဲ တစ်ယောက်ယောက်ရဲ့ လက်အောက်မှာ အလုပ်လုပ်ဖို့ ရွေးချယ်နိုင်ကြတယ်။ မြူတိမ်ဆောင်မှာ အကြီးအကဲ ငါးယောက် ရှိတာပေါ့။ ဦးလေးကတော့ အတွင်းပိုင်း စီမံခန့်ခွဲမှုတွေ၊ တာဝန်တွေ ခွဲဝေတာတွေနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေဆီက အခွန်ကောက်တာတွေကို တာဝန်ယူရတယ်။ ဝိညာဉ်ကုန်ကြမ်းတွေကို စီစဉ်တာနဲ့ အကျိုးပြုမှတ်တွေကို တွက်ချက်တာတွေလည်း ပါတာပေါ့...
“ယဲ့ရန်ချိုးကတော့ စည်းကမ်းပိုင်းကို တာဝန်ယူရတယ်။ မြူတိမ်ဆောင်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့သူ ဒါမှမဟုတ် စည်းကမ်းဖောက်ဖျက်တဲ့သူ ဘယ်သူမဆို သူ့ရဲ့ အပြစ်ပေးမှုကို ခံရမှာပဲ။
“အကြီးအကဲ တုဟိုင်ထန်ကတော့ ပြင်ပကိစ္စတွေကို တာဝန်ယူရတယ်။ ဝိညာဉ်ကုန်ကြမ်းတွေ စုဆောင်းတာ၊ ဝိညာဉ်သားရဲတွေကို ဖမ်းဆီးတာနဲ့ သတ္တုတွင်းသစ်တွေကို ရှာဖွေတာတွေပေါ့။
“အကြီးအကဲ ချူးယန်နဲ့ ဝေရှင်းတို့ကတော့ အပြင်ဘက် တိုက်ပွဲတွေကို တာဝန်ယူရတယ်။ ရေခဲပြင်နန်းတော်ကို နှိမ်နင်းတာနဲ့ တခြား အဖွဲ့အစည်းတွေထဲကို ထိုးဖောက်ဝင်ရောက်တာတွေပေါ့”
ဟန်ချင်းယွီက သူ့ကို ကြည့်ကာ ဆက်လက် ရှင်းပြသည်။ “ငါတို့ အကြီးအကဲ ငါးယောက်ဟာ ကိုယ့်တာဝန်နဲ့ကိုယ် အလုပ်လုပ်ကြရတာ။ အဲဒီထဲမှာ ဦးလေးရဲ့ အလုပ်ကတော့ အတော်လေး ဘေးကင်းပြီး သက်သောင့်သက်သာ ရှိတယ်။ ဒါပေမဲ့ အကျိုးပြုမှတ် အများကြီး ရဖို့ကတော့ အတော်လေး ခက်လိမ့်မယ်။ အကြီးအကဲ ယဲ့ရန်ချိုးရဲ့ နေရာကလည်း ဦးလေးနဲ့ မခြားပါဘူး။ အဲဒီမှာလည်း အန္တရာယ် သိပ်မရှိသလို ဂုဏ်ပြုမှတ် ရဖို့လည်း မလွယ်ဘူး”
သူက ခဏနားပြီးမှ ဆက်ပြောသည်။ “လူအင်အား အမြဲလိုအပ်နေတာကတော့ အကြီးအကဲ တုဟိုင်ထန်၊ ချူးယန်နဲ့ ဝေရှင်းတို့ရဲ့ နေရာတွေပဲ။ သူတို့က အမြဲတမ်း အပြင်ထွက်ပြီး အလုပ်လုပ်နေကြရတာ။ ရန်သူတွေကို တိုက်ခိုက်ရတာဆိုတော့ အန္တရာယ်လည်း များသလို အကျိုးပြုမှတ် ရဖို့လည်း အလွန် လွယ်ကူပါတယ်။ အင်း... အဖွဲ့ဝင်အသစ်တွေအနေနဲ့ အကြီးအကဲ ငါးယောက်ထဲက ကြိုက်တဲ့သူ့ဆီမှာ အလုပ်လုပ်ဖို့ ရွေးချယ်နိုင်တယ်။ မင်းကော... ဘယ်သူ့ဆီမှာ လုပ်မယ်လို့ ဆုံးဖြတ်ထားသလဲ”
ချင်လဲ့သည် မှင်သက်သွားမိ၏။ ဟန်ချင်းယွီ၏ ရှင်းပြချက်ကြောင့် သူသည် မြူတိမ်ဆောင်၏ စနစ်ကျပုံကို ပိုမို နားလည်သွားခဲ့ရသည်။
မြူတိမ်ဆောင်သည် မြူတိမ်ဆောင်ပင် ဖြစ်ကြောင်းနှင့် အကြီးအကဲ တစ်ဦးစီ၌ တိကျသော တာဝန်များ ရှိနေသဖြင့် စနစ်တကျ ရှိလှကြောင်း သူ တွေးတောနေမိ၏။
အဖွဲ့အစည်းကြီးတစ်ခုဆိုသည်မှာ ဤသို့ပင် ဖြစ်သင့်သည် မဟုတ်လော။
“ချင်လဲ့... မင်း တုဟိုင်ထန် ဒါမှမဟုတ် ဝေရှင်းတို့ဆီကိုတော့ မရွေးနဲ့နော်။ တုဟိုင်ထန်က လင်မိသားစုနဲ့ ရန်ငြိုးရှိသလို၊ ဝေရှင်းကလည်း လျိုယန်ထောင် ရဲ့ လူယုံပဲ။ သူတို့နှစ်ယောက်လုံးက ငါ့အဖေနဲ့ တစ်ဖက်စီပဲ” ဝတုတ်လေး ခန်းကျိက စိုးရိမ်တကြီး ပြောဆိုလိုက်၏။ “ငါ့အဖေက ဦးလေးဟန်နဲ့ ချူးဖုန်းရဲ့ အဖေ ဦးလေးချူးတို့နဲ့ တစ်ဖက်တည်းကွ”
ယမန်နေ့ညက လီမုသည်လည်း မြူတိမ်ဆောင်၏ အခြေအနေကို အကြမ်းဖျင်း ပြောပြခဲ့ဖူး၏။ တုကျဲ၏ အစ်ကိုဖြစ်သူ တုမိုသည် လက်ရှိတွင် ကျင့်ကြံခြင်းအဆင့် အလွန်မြင့်မားနေပြီး မကြာမီ အမှောင်အသူရာခန်းမသို့ သွားရောက်ကာ ဖခင်ဖြစ်သူ တုရှိရှင်းနှင့် ပူးပေါင်းတော့မည် ဖြစ်ကြောင်း၊ ထိုအခါ မြူတိမ်ဆောင်၏ အရှင်သခင် နေရာလပ်သွားမည်ဖြစ်ရာ ခန်းဟွီနှင့် လျိုယန်ထောင်တို့ကြား၌ အပြိုင်အဆိုင် ဖြစ်လာနိုင်ကြောင်း လီမုက အရိပ်အမြွက် ပြောခဲ့ဖူးလေသည်။
ခန်းကျိ ပြောသည်ကို ချင်လဲ့ နားလည်၏။ သို့သော် သူသည် ဤနေရာသို့ မလာခင်ကတည်းက ဆုံးဖြတ်ပြီးသား ကိစ္စတစ်ခု ရှိနေသည်။ သူသည် ယောင်ထိုက် အတွက် လာခဲ့ခြင်း ဖြစ်၏။
“ဦးလေးဟန်... ကျွန်တော် ဆရာကြီး ယောင်ထိုက် ဆီမှာ အလုပ်လုပ်ချင်ပါတယ်။ သူ့ရဲ့ ပန်းပဲပညာ လက်ထောက်တစ်ယောက် ဖြစ်ချင်တာပါ။ ဦးလေး ဘယ်လို ထင်သလဲခင်ဗျာ” ချင်လဲ့က တည်ကြည်စွာ မေးမြန်းလိုက်၏။
“ဆရာကြီး ယောင်ထိုက် ဟုတ်လား”
ဟန်ချင်းရွီ၊ ဟန်ဖုန်း နှင့် ခန်းကျိတို့ သုံးဦးသားမှာ အံ့အားသင့်သွားကြပြီး သူတို့၏ မျက်လုံးများတွင် ထူးဆန်းသော အမူအရာများ ပေါ်ထွက်လာလေတော့သည်။