← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃) ဆရာကြီး ယောင်ထိုက်

​“ဘာဖြစ်လို့လဲဗျ” ချင်လဲ့က မေးလိုက်၏။

​ယောင်ထိုက်သည် မြူတိမ်ဆောင်က မွေးထုတ်ပေးထားသည့် တစ်ဦးတည်းသော ပန်းပဲပညာရှင် ဖြစ်သည်။ သူသည် မြူတိမ်ဆောင်၏ အရင်းအမြစ်များကို အသုံးပြု၍ လက်နက်များကို ဖန်တီးရပြီး ထိုလက်နက်များကို လက်နက်ဆောင်၌ ထားရှိကာ ကျင့်ကြံသူများက အကျိုးပြုမှတ်များဖြင့် လဲလှယ်ကြရ၏။

​ပုံမှန်အားဖြင့် မြူတိမ်ဆောင်မှ ကျင့်ကြံသူများ၏ လက်နက်များ တိုက်ပွဲတွင် ပျက်စီးသွားပါကလည်း ယောင်ထိုက်ကပင် ပြင်ဆင်ပေးရလေသည်။ ၎င်းတို့မှာ မြူတိမ်ဆောင်၌ သူ လုပ်ဆောင်ရမည့် နေ့စဉ်တာဝန်များပင် ဖြစ်၏။

​“ချင်လဲ့... မင်းက ဒီကိစ္စကို သိပ်ပြီး အလွယ်မှတ်နေပုံရတယ်။ ပန်းပဲပညာရှင်တွေဟာ အဆင့်အတန်း မြင့်မားသလို လူတိုင်းရဲ့ အားကျမှုကို ခံရတာမှန်ပေမယ့်...” ဟန်ချင်းယွီသည် သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း မျက်မှောင်ကြုတ်လျက် စေတနာဖြင့် ဆိုသည်။ “ဒါပေမဲ့ ပန်းပဲပညာရှင် တစ်ယောက် ဖြစ်ဖို့ဆိုတာ ဘယ်လောက်အထိ ခက်ခဲတယ်ဆိုတာ မင်း စိတ်ကူးမိမှာ မဟုတ်ဘူး။ ဒီလမ်းဟာ... မင်း ထင်ထားတာထက် အဆပေါင်းများစွာ ပိုပြီး ပင်ပန်းဆင်းရဲလိမ့်မယ်”

​ချင်လဲ့က တိတ်ဆိတ်စွာ ခေါင်းညိတ်လျက် ဆိုလေသည်။ “ကျွန်တော် နားလည်ပါတယ် ဦးလေး”

​“ဆရာကြီးယောင်ထိုက်ဟာ မြူတိမ်ဆောင်မှာ ရှိနေတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီ။ ဒါပေမဲ့ အခုထိ သူဟာ သာမန်အဆင့် ၄ ဝိညာဉ်လက်နက်တွေကိုပဲ အောင်အောင်မြင်မြင် ဖန်တီးနိုင်သေးတာ။ ဆိုလိုတာကတော့ သူကိုယ်တိုင်ကလည်း သာမန်အဆင့် ၄ ပန်းပဲပညာရှင်ပဲ ရှိသေးတယ်ပေါ့” ဟန်ချင်းယွီက ဆက်လက်ရှင်းပြသည်။ “ပန်းပဲပညာမှာ အဆင့်တက်ဖို့ဆိုတာ ကျင့်ကြံသူတစ်ယောက် အဆင့်တက်ဖို့ထက် ပိုပြီး ခက်ခဲတယ်။ ဒီပညာကို လေ့ကျင့်ဖို့အတွက် မြောက်မြားလှတဲ့ ကုန်ကြမ်းတွေ၊ မရေမတွက်နိုင်တဲ့ စမ်းသပ်မှုတွေ၊ ထူးခြားတဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေနဲ့အတူ... အရေးကြီးဆုံးကတော့ ဆရာကောင်းရဲ့ လမ်းညွှန်မှု လိုအပ်တာပဲ။ ဆရာကောင်းမရှိဘဲ ဝိညာဉ်အစီရင်တွေကို ဘယ်သူမှ မသင်ပေးဘဲနဲ့ ကိုယ့်ဘာသာ ပန်းပဲပညာရှင်ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ”

​“ဦးလေးဟန်နဲ့ ဆရာကြီးယောင်ထိုက်က အနည်းဆုံးတော့ သူငယ်ချင်းတွေဆိုတော့ကာ အချို့စကားတွေကို ဦးလေးပြောရတာ ခက်နေလိမ့်မယ်၊ ဒါကြောင့် ကျွန်တော်ပဲ ရှင်းပြပါရစေ”

​ဝတုတ်လေး ခန်းကျိက ရှေ့ထွက်၍ ရှင်းပြရန် တာဝန်ယူလိုက်၏။ သူသည် မလှမ်းမကမ်းရှိ အဆောက်အအုံတစ်ခုကို ညွှန်ပြလျက် ဆိုသည်။ “ဟိုနေရာက ဆရာကြီးယောင်ထိုက်ရဲ့ အလုပ်ရုံပဲ။ ဆရာကြီးယောင်ထိုက်ဟာ အရင်တုန်းက ကျင့်ကြံသူ တစ်ယောက်ပဲ၊ ဒါပေမဲ့ သူ့ရဲ့ အဆင့်ကတော့ သိပ်မမြင့်လှဘူး။ အခုထိတောင်မှ သူက ဝိညာဉ်ပေါက်ဖွားခြင်း အဆင့်ရဲ့ အစောပိုင်းအဆင့်မှာပဲ ရှိသေးတာ။ ပြောကြတာတော့ သူ့ရဲ့ကံတရားက ကောင်းလွန်းလို့ ကုန်သွယ်ရေးလမ်းမှာ စာအုပ်အဟောင်းတစ်အုပ်ကို ဝယ်မိခဲ့တယ်တဲ့။ နောက်မှ အဲဒီစာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာတွေမှာ ထူးဆန်းတဲ့ အစီရင်အချို့ ပါနေတာကို သူ တွေ့သွားတာပေါ့။ အကြာကြီး စမ်းသပ်ကြည့်ပြီးမှ အဲဒါတွေဟာ အခြေခံအကျဆုံး ဝိညာဉ်အစီရင်တွေဆိုတာ သူ သိသွားခဲ့တာ။ အဲဒီမှာ သူက ဝမ်းသာအားရ ဖြစ်သွားပြီး ပန်းပဲပညာကို စမ်းသပ်တော့တာပဲ...

​“သူဟာ အဆင့်နိမ့် ကုန်ကြမ်းတွေကို ကိုယ်တိုင်စုဆောင်းပြီး အကြာကြီး စမ်းသပ်ခဲ့ရာက နောက်ဆုံးမှာ သာမန်အဆင့် ၁ ဝိညာဉ်လက်နက် တစ်လက်ကို ဖန်တီးနိုင်ခဲ့တယ်။ အဲဒီနောက်မှာ သူက အဲဒီလက်နက်ကို ကိုင်ပြီး မြူတိမ်ဆောင်ကို လာခဲ့တာ။ အဲဒီတုန်းက မြူတိမ်ဆောင်ရဲ့ အရှင်သခင်ဖြစ်တဲ့ တုကျဲရဲ့ အဖေကို သူက ကျွန်တော်ဟာ ပန်းပဲပညာရှင် တစ်ယောက်ပါလို့ ပြောပြီး သူ့ကို အလုပ်ခန့်ဖို့ တောင်းဆိုခဲ့တယ်"

​“အဲဒီအချိန်တုန်းက ဦးလေးတုဟာ မြူတိမ်ဆောင်ကို တည်ထောင်ခါစပဲ ရှိသေးတာဆိုတော့ သူ့မှာ တက်ကြွတဲ့ စိတ်ဓာတ်တွေ ရှိနေတာနဲ့ ယောင်ထိုက်ကို လက်ခံလိုက်တာပေါ့။ အဲဒီအချိန်မှာ ယောင်ထိုက်က အဆင့် ၁ လက်နက်တွေကိုပဲ ဖန်တီးနိုင်သေးတာ။ ကုန်ကြမ်းတွေကလည်း သိပ်ပြီး တန်ဖိုးမကြီးလှတာနဲ့ ဦးလေးတုက သူ့ကို ကူညီပံ့ပိုးပေးခဲ့တာပေါ့၊ နောင်တစ်ချိန်မှာ အောင်မြင်လာလိမ့်မယ်လို့လည်း မျှော်လင့်ခဲ့တာပဲ"

​“မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်ပေါင်းနှစ်ဆယ်ကျော် ကုန်သွားခဲ့ပြီ။ ဦးလေးတုကတော့ အမှောင်အသူရာခန်းမကို သွားခဲ့တာ ကြာပြီဖြစ်သလို ဆရာကြီးယောင်ထိုက်ကလည်း အဆင့် ၁ ကနေ အခုတော့ အဆင့် ၄ ပန်းပဲပညာရှင် ဖြစ်လာခဲ့တာပေါ့”

​စကားပြောရင်း ခန်းကျိက ခဏနားကာ ခါးသက်သက် ပြုံးလိုက်၏။ “နှစ်ပေါင်းနှစ်ဆယ်ကျော်မှာမှ အဆင့် ၁ ကနေ အဆင့် ၄ ကိုပဲ တက်နိုင်တယ်ဆိုတော့ ဒီတိုးတက်မှုနှုန်းဟာ... အတော်လေးကို နှေးကွေးလွန်းလှပါတယ်။ ဘာကြောင့်လဲဆိုတော့ သူရခဲ့တဲ့ ဝိညာဉ်အစီရင်တွေက အခြေခံအကျဆုံးနဲ့ အရိုးရှင်းဆုံးတွေ ဖြစ်နေလို့ပါပဲ"

​“လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဦးလေးတုက အမှောင်အသူရာခန်းမကနေ ပြန်လာတဲ့အခါ ပန်းပဲပညာရှင် တစ်ယောက်ကိုပါ ခေါ်လာခဲ့ဖူးတယ်။ အဲဒီလူက ယောင်ထိုက်ဆီမှာရှိတဲ့ ဝိညာဉ်အစီရင်တွေကို မြင်လိုက်တာနဲ့ တန်းပြောတာပဲ။ ဒီလို အခြေခံ ဝိညာဉ်အစီရင်တွေကိုပဲ အားကိုးနေမယ်ဆိုရင်တော့ ယောင်ထိုက်ဟာ တစ်သက်လုံး အဆင့်မြင့် လက်နက်ဖော်စပ်သူ ဖြစ်လာမှာ မဟုတ်ဘူးတဲ့”

​“ဆိုလိုတာကတော့ ဆရာကြီးယောင်ထိုက်ရဲ့ အောင်မြင်မှုဟာ ဒီလောက်မှာတင် ရပ်နေမှာပဲ၊ ရှေ့ဆက်ဖို့ဆိုတာ မလွယ်ဘူး” ဟန်ဖုန်းက ကြားဖြတ်ပြောလိုက်၏။ “သူက ဆရာသမားရဲ့ လမ်းညွှန်မှုမပါဘဲ ဒီလောကထဲကို ဝင်လာခဲ့တာဆိုတော့ ဘယ်သူကမှ လမ်းမပြခဲ့ဘူးလေ။ အရေးကြီးဆုံးကတော့ သူ့မှာ အဆင့်မြင့်တဲ့ ဝိညာဉ်အစီရင်တွေကို ရနိုင်မယ့် လမ်းစမရှိတာပဲ။ ဒါကြောင့်လည်း သူဟာ အဆင့်မြင့်တဲ့ ဝိညာဉ်လက်နက်တွေကို မဖန်တီးနိုင်တာပေါ့”

​“ဒါတင်မကသေးဘူး” ခန်းကျိက မျက်လုံးလေးများ မှေးလျက် ဆက်ပြောသည်။ “ဒီနှစ်တွေအတွင်းမှာ အဖွဲ့ဝင်အသစ်တွေ အများကြီးဟာ မျှော်လင့်ချက်တွေနဲ့ ဆရာကြီးယောင်ထိုက်ဆီမှာ လက်ထောက်ဝင်လုပ်ခဲ့ကြဖူးတယ်။ ဒါပေမဲ့ ယောင်ထိုက်ကတော့ သူ့ရဲ့ ဝိညာဉ်အစီရင်တွေကို သူ့အသက်ထက်တောင် တန်ဖိုးထားတာမို့လို့ ဘယ်သူ့ကိုမှ လုံးဝ မသင်ပေးဘူး။ သူတို့တွေကို လက်နက်ဖန်တီးတဲ့ နေရာမှာပဲ ကူညီခိုင်းတာ။

​“မင်း သိထားရမှာက ဝိညာဉ်အစီရင်တွေဆိုတာ ဝိညာဉ်လက်နက်ရဲ့ ဝိညာဉ်ပဲ။ အဲဒါကို နားမလည်ဘဲနဲ့ လက်နက်တစ်လက်ကို ဝိညာဉ်လက်နက် ဖြစ်အောင် မလုပ်နိုင်ဘူးလေ။ ဒါကြောင့်လည်း သူ့ဆီမှာ လာလုပ်တဲ့သူတွေဟာ နှစ်တော်တော်ကြာတဲ့အထိ ဘာမှ မသိရတော့ ဒေါသတကြီးနဲ့ သူ့ကို ဆဲဆိုပြီး ထွက်သွားကြတာပေါ့"

​“သူက အလွန်စေးနှဲပြီး အတ္တကြီးတယ်ဆိုတဲ့ သတင်းတွေ ပြန့်သွားတော့ နောက်ပိုင်းမှာ ဘယ်သူမှ သူ့ဆီမှာ လက်ထောက် မဝင်ချင်ကြတော့ဘူး။ အခုဆိုရင် သူဟာ တစ်ယောက်တည်း ဒုက္ခခံပြီး လုပ်နေရတာပေါ့။ မြူတိမ်ဆောင်ကိုလည်း လူအင်အားမရှိလို့ ဆိုပြီး ခဏခဏ တိုင်တန်းတတ်သေးတယ်။ ဒါပေမဲ့လည်း အဖွဲ့ဝင်အသစ်တွေကို သူ့ဆီသွားဖို့ ပြောတိုင်း ဘယ်သူမှ မသွားချင်ကြဘူးလေ...”

​ခန်းကျိသည် ယောင်ထိုက်၏ အခြေအနေကို အသေးစိတ် ရှင်းပြပြီးနောက် နိဂုံးချုပ်လိုက်သည်။ “မင်း တကယ်လို့ ယောင်ထိုက်ဆီမှာ လုပ်မယ်ဆိုရင် ဆယ်နှစ်နေလို့တောင် ဝိညာဉ်အစီရင် တစ်ခု ရဖို့ မမျှော်လင့်နဲ့။ အဲဒီလူက သူ့ရဲ့ ဝိညာဉ်အစီရင်တွေကို အသက်ထက်တောင် အလေးထားတာ။ ငါ့အကြံကို နားထောင်စမ်းပါ... အခုကတည်းက စိတ်ပြောင်းလိုက်တော့၊ အဲဒီမှာ အချိန်မဖြုန်းပါနဲ့”

​“အင်း... ချင်လဲ့ရယ်၊ သူ့ကို ဆရာကြီးလို့ ခေါ်နေလို့ တကယ့် ဆရာကြီးလို့တော့ မထင်လိုက်နဲ့။ အဲဒီလူက အရည်အချင်း သိပ်မရှိပေမယ့် တကယ်လို့သာ သူ့ရဲ့ ဝိညာဉ်အစီရင်တွေကို သင်ပေးမယ်ဆိုရင်တော့ သူ့ဆီမှာ သင်ချင်တဲ့သူတွေ အများကြီး ရှိဦးမှာပေါ့။ အခုတော့ သူက အဲဒါတွေကို သေမတတ် ဖုံးကွယ်ထားတော့ ဘယ်သူက သူ့အတွက် သွားပြီး အပင်ပန်းခံမှာလဲ” ဟန်ဖုန်းကလည်း ဝိုင်းပြောလိုက်လေသည်။

​ထိုသူနှစ်ဦး၏ ရှင်းပြချက်ကြောင့် ချင်လဲ့အနေဖြင့် ယောင်ထိုက်မှာ မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း အကြမ်းဖျင်း သိလိုက်ရ၏။ သို့သော် သူ ယောင်ထိုက်ဆီသို့ သွားလိုသည့် အကြောင်းအရင်းမှာ ဝိညာဉ်အစီရင်များအတွက် မဟုတ်ခဲ့ချေ။

​“ဦးလေးဟန်... ကျွန်တော့်ကို ယောင်ထိုက်ရဲ့ လက်အောက်မှာပဲ စီစဉ်ပေးပါ၊ ကျွန်တော် သူ့ရဲ့ လက်ထောက် လုပ်ချင်ပါတယ်” ချင်လဲ့က သူတို့ သုံးဦး၏ အံ့သြနေသော အကြည့်များအောက်၌ပင် တည်ငြိမ်စွာ ဆိုလိုက်၏။ “ကျွန်တော်က ဝိညာဉ်အစီရင်တွေအတွက် သွားတာ မဟုတ်ပါဘူး။ အဲဒီမှာ အကြာကြီး နေမှာလည်း မဟုတ်ဘူး၊ တစ်နှစ်လောက်ပဲ နေမှာပါ။ ကျွန်တော့်ကို ယုံကြည်ပါ... ကျွန်တော်က လူအ မဟုတ်ပါဘူး။ ကျွန်တော့်မှာ ကိုယ်ပိုင် အစီအစဉ်တွေ ရှိလို့ပါ၊ ဒါကြောင့် ကျွန်တော့်ကို မတားကြပါနဲ့တော့”

​ထိုသို့ ပြတ်သားစွာ ပြောလိုက်သောအခါ သူတို့ သုံးဦးမှာ မည်သို့ ပြန်ပြောရမှန်း မသိဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိကြတော့သည်။ သူ မည်သည်အား ရည်ရွယ်နေသနည်း ဆိုသည်ကိုလည်း သူတို့ စဉ်းစားမရနိုင်ကြချေ။

​ယောင်ထိုက်၏ အခြေအနေကို သူတို့ အကုန်အစင် ပြောပြပြီး ဖြစ်သော်လည်း ချင်လဲ့က ဇွတ်အတင်း လုပ်နေသဖြင့် သူတို့လည်း လက်လျှော့လိုက်ရတော့သည်။

​“ကောင်းပါပြီ... မင်းအတွက် ငါ စီစဉ်ပေးပါ့မယ်” ဟန်ချင်းယွီက နောက်ဆုံးတွင် ခေါင်းညိတ်လိုက်၏။

​သူသည် စာရေးတံကို ကိုင်ကာ ချင်လဲ့၏ အခြေအနေကို ရှင်းပြထားသော ထောက်ခံစာ တစ်စောင်အား အမြန်ဆုံး ရေးသားလိုက်၏။ ထို့နောက် တံဆိပ်ရိုက်နှိပ်ကာ ချင်လဲ့ကို ကမ်းပေးလိုက်သည်။ “ဒီစာကို ယူသွားပြီး ယောင်ထိုက်ဆီမှာ တိုက်ရိုက် သတင်းပို့လိုက်တော့။ အင်း... အဲဒါမတိုင်ခင် ဟန်ဖုန်းက မင်းကို အဝတ်အစားတွေ ထုတ်ဖို့နဲ့ နေစရာ စီစဉ်ပေးဖို့ ခေါ်သွားလိမ့်မယ်”

​“ဦးလေးဟန်... အခုဆိုရင် ကျွန်တော် လေ့ကျင့်ရေးခန်းမတွေမှာ သွားလေ့ကျင့်လို့ရသလို ကျမ်းစာဆောင်ကနေ စာအုပ်တွေ ငှားဖတ်လို့ ရပြီလားခင်ဗျာ”

​“ရတာပေါ့၊ မင်းမှာ အသုံးပြုလို့ရမယ့် အကျိုးပြုမှတ် တစ်ထောင် ရှိနေသေးတယ်လေ။ အကျိုးပြုမှတ် ရှိနေသရွေ့ မြူတိမ်ဆောင်က ဘယ်နေရာကိုမဆို မင်း အသုံးပြုနိုင်ပါတယ်” ဟန်ချင်းယွီက ဆိုလိုက်၏။

​ချင်လဲ့သည် ရင်ထဲ၌ ဝမ်းသာသွားပြီး ကျေးဇူးတင်စကား ပြောဆိုလိုက်သည်။ ထို့နောက် ဟန်ဖုန်းနှင့် ခန်းကျိတို့၏ ဦးဆောင်မှုဖြင့် မြူတိမ်ဆောင်၏ အဝတ်အစား လေးစုံကို ထုတ်ယူခဲ့ပြီး သူ၏ နေစရာ အိမ်ငယ်လေးသို့ ရောက်ရှိသွားခဲ့၏။

​ဟန်ဖုန်းနှင့် ခန်းကျိတို့၏ အဆက်အသွယ်ကြောင့် ထိုအိမ်ငယ်လေးမှာ အလွန်ပင် တိတ်ဆိတ်ငြိမ်သက်လှပြီး ပရိဘောဂများလည်း စုံလင်လှ၏။ ထို့ပြင် ၎င်းမှာ ကျောက်ချန်း၏ အိမ်နှင့်လည်း နီးကပ်စွာ တည်ရှိနေလေသည်။

​“ကျောက်ချန်းက ငါတို့ မြူတိမ်ဆောင်က လူ မဟုတ်ဘူး။ သူက အမှောင်အသူရာခန်းမမှာ မွေးတာ၊ သူ့အဖေကလည်း ဦးလေးတုလိုပဲ အမှောင်အသူရာခန်းမရဲ့ တပ်မှူးတစ်ယောက်ပေါ့။ သူ့အဖေရဲ့ အယူအဆက ဦးလေးတုနဲ့ တူတယ်၊ လူငယ်တွေကို အောက်ခြေကနေ စပြီး ပွတ်တိုက်ပေးရမယ်၊ ကိုယ့်အားကိုယ်ကိုးပြီး တိုးတက်လာအောင် လုပ်ရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးပေါ့”

​“ဒါကြောင့် သူ့ကို ငယ်ငယ်ကတည်းက ငါတို့ မြူတိမ်ဆောင်ကို ပို့ထားခဲ့တာ။ သူ့မိဘတွေက သူ့အပေါ် အများကြီး မျှော်လင့်ထားကြတယ်။ အင်း... သူက အစ်ကိုကြီးတုလိုပဲ ဝိညာဉ်ပေါက်ဖွားခြင်းကို ရောက်နေပြီ။ အခုတော့ သူက သူ့ရဲ့ အဆင့်ကို တည်ငြိမ်အောင် လုပ်နေတာဆိုတော့ မကြာခင် ပြန်ထွက်လာတော့မှာပါ”

​ခန်းကျိသည် ချင်လဲ့ကို အိမ်ထဲသို့ ခေါ်လာရင်း ဝါးတောနှင့် ကျောက်ဆောင်များကြားရှိ သုံးထပ်ဆောင်လေးကို ညွှန်ပြကာ ရှင်းပြနေ၏။ ထိုအဆောက်အအုံလေးမှာ အလွန်ပင် လက်ရာမြောက်လှပြီး နံရံများပေါ်တွင်လည်း ဝိညာဉ်သားရဲပုံစံများ ရေးဆွဲထားကာ အလွန်ပင် ကြည့်ကောင်းလှလေသည်။

​ချင်လဲ့၏ အိမ်ငယ်လေးမှာ အခန်းသုံးခန်း ပါရှိပြီး ကျောက်ချန်း၏ အိမ်နှင့် နီးကပ်သဖြင့် ပတ်ဝန်းကျင်မှာ အလွန်ပင် သာယာလှပေသည်။ တိတ်ဆိတ်ငြိမ်သက်သဖြင့် ကျင့်ကြံခြင်း ပြုလုပ်ရန်အတွက် အကောင်းဆုံးနေရာပင် ဖြစ်၏။

​“ပုံမှန်ဆိုရင်တော့ ဟန်ဖုန်း၊ ချူးဖုန်းနဲ့ ငါတို့က ဒီနားမှာပဲ ရှိတတ်ကြတယ်။ ညကျမှ အပြင်ထွက်လည်ကြတာပေါ့။ မင်း တစ်ခုခု အကူအညီလိုရင် ငါတို့ဆီ လာခဲ့နော်။ ဪ... ဒါနဲ့ ညကျရင် ငါတို့ အပြင်ထွက်လည်ကြမယ်လေ၊ မင်းအတွက် ကြိုဆိုပွဲ လုပ်ပေးမလို့” ခန်းကျိ၏ မျက်လုံးများမှာ တောက်ပသွားပြီး သူ၏ ဝတုတ်တုတ် မျက်နှာထက်၌ ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာ၏။ “မင်းကို နေရာကောင်း တစ်ခု ခေါ်သွားပေးမယ်”

​ချင်လဲ့မှာ အံ့သြသွားပြီး ငြင်းဆိုလိုက်သည်။ “ဒီနေ့တော့ မလုပ်ပါနဲ့ဦးဗျာ။ တစ်နေ့လုံး လမ်းလျှောက်လာရလို့ ပင်ပန်းနေပြီ၊ ခဏနေရင် ကျမ်းစာဆောင်မှာ စာအုပ်အချို့ သွားငှားဖတ်မလို့။ ကျွန်တော့်မှာ အခြေခံ ဗဟုသုတတွေက သိပ်အားနည်းနေတာဆိုတော့ နည်းနည်းလောက် လေ့လာထားမှ ဖြစ်မှာပါ။ မနက်ဖြန်ကျရင်လည်း ဆရာကြီးယောင်ထိုက်ဆီမှာ သတင်းပို့ရဦးမှာဆိုတော့ အချိန်သိပ်မရှိဘူးဗျ။ နောက်မှပဲ သွားကြတာပေါ့”

​“ကောင်းပါပြီဗျာ၊ ဒါဆိုရင် အစ်ကိုတု အပြင်ထွက်လာမှပဲ ငါတို့ အတူတူ သွားကြတာပေါ့။ အဲဒီအချိန်ကျရင်တော့ မင်း လုံးဝ ငြင်းလို့ မရတော့ဘူးနော်” ခန်းကျိက စိတ်ကောက်ချင်ဟန် ဆောင်လျက် ဆိုလိုက်၏။

​“ကောင်းပါပြီဗျာ” ချင်လဲ့က မတတ်သာသည့်အဆုံး သဘောတူလိုက်ရတော့သည်။

​မကြာမီမှာပင် ခန်းကျိနှင့် ဟန်ဖုန်းတို့မှာ နှုတ်ဆက်၍ ထွက်ခွာသွားကြပြီး ချင်လဲ့တစ်ဦးတည်း ကျမ်းစာဆောင်ရှိရာသို့ ဦးတည်လျှောက်လှမ်းလာခဲ့၏။

​“ဟေ့... ဒါ လင်မြို့နယ်က ကောင်လေး မဟုတ်လား”

​လမ်း၌ပင် ခနဲ့တဲ့တဲ့ အသံတစ်သံ ထွက်ပေါ်လာ၏။ အသက်သုံးဆယ်ခန့် ရှိသော ကျင့်ကြံသူတစ်ဦးသည် ချင်လဲ့ကို မျက်မှောင်ကြုတ်လျက် ကြည့်နေလေသည်။

​ချင်လဲ့က လှည့်ကြည့်လိုက်သောအခါ လက်နက်ဆောင်ဘက်မှ လူတစ်စု ထွက်လာသည်ကို တွေ့လိုက်ရ၏။

​ထိုလူများမှာ တုဟိုင်ထန်၏ လက်အောက်ငယ်သားများ ဖြစ်ကြသည်။ သူတို့သည် တုဟိုင်ထန်နှင့်အတူ လင်မြို့နယ်သို့ လိုက်ပါသွားခဲ့ဖူးပြီး လင်မိသားစုကို ပျက်စီးလုနီးပါးအထိ ဖိအားပေးခဲ့ကြသူများ ဖြစ်၏။ သို့သော် နောက်ဆုံးတွင် ချင်လဲ့က မြူတိမ်တံဆိပ်ပြားကို ထုတ်ပြလိုက်သဖြင့် သူတို့မှာ အရှက်တကွဲနှင့် ဆုတ်ခွာခဲ့ကြရလေသည်။

​“ဟဲဟဲ... ဒီကောင်က လင်မိသားစုရဲ့ သမီးကြီးနဲ့ စေ့စပ်ထားတဲ့သူလေ၊ ဒါပေမဲ့ ကံဆိုးတာက စေ့စပ်ပွဲက ပျက်သွားပြီတဲ့” တစ်ယောက်က ခနဲ့တဲ့တဲ့ ရယ်မောလျက် ဆိုလိုက်၏။ “လင်မိသားစုကတော့ တကယ်ကို ကံထူးတာပဲ။ သူတို့ သမီးနှစ်ယောက်စလုံးက ကောင်းကင်ပေါ်ကို ခုန်တက်သွားကြသလိုပဲ၊ အဖွားကျိုရဲ့ တပည့်တွေ ဖြစ်သွားကြတာလေ။ လင်ချန်ယဲ့က ဘယ်လိုလုပ်ပြီး ဒီလိုကောင်မျိုးကို သူ့သမီးရဲ့ အနာဂတ်မှာ အဟန့်အတား အဖြစ် ခံမှာလဲကွာ...”

​“ဟုတ်တာပေါ့၊ ငါသာ လင်ချန်ယဲ့ နေရာမှာဆိုရင်လည်း ဒီစေ့စပ်ပွဲကို ချက်ချင်း ဖျက်သိမ်းလိုက်မှာပဲ” နောက်တစ်ယောက်က ထောက်ခံလိုက်၏။

​ကျမ်းစာဆောင်နှင့် လက်နက်ဆောင်မှာ မျက်နှာချင်းဆိုင် တည်ရှိနေသဖြင့် ထိုနေရာတစ်ဝိုက်တွင် ကျင့်ကြံသူ အများအပြား ဝင်ထွက်သွားလာနေကြလေသည်။

​ထိုလူများ၏ ကဲ့ရဲ့ရှုံ့ချသံကို ကြားရသောအခါ အခြားလူများလည်း ရပ်တန့်သွားကြပြီး စိတ်ဝင်တစား နားထောင်နေကြတော့၏။ အချို့ကမူ အခြေအနေကို အသေးစိတ် စူးစမ်းမေးမြန်းနေကြလေသည်။

​လင်ချန်ယဲ့သည် လင်ယွီရှီး၏ အနာဂတ်အတွက် ချင်လဲ့ကို စွန့်ပစ်လိုက်ပြီဆိုသည်အား သိသွားကြသောအခါ လူတိုင်း၏ အကြည့်များမှာ ထူးဆန်းသွားကြပြီး ချင်လဲ့ကို လက်ညှိုးထိုးကာ အမျိုးမျိုး ဝေဖန် ပြောဆိုနေကြလေသည်။

အခန်း (၆၄) ပစ်မှတ်ကို ရှာဖွေခြင်း

​မကြာသေးခင်ကပင် ချင်လဲ့သည် လင်ယွီရှီးနှင့် ပတ်သက်သမျှကို မတွေးမိရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့ပြီး သူမအား ခေတ္တမျှ မေ့ထားရန် အားထုတ်နေခဲ့၏။

​အဘယ်ကြောင့်ဆိုသော် သူမအကြောင်းကို စတင်တွေးတောမိသည်နှင့် တပြိုင်နက်၊ အတိတ်ဟောင်းများကို ပြန်လည် တမ်းတမိသည်နှင့် တပြိုင်နက် သူ၏စိတ်မှာ တည်ငြိမ်မှု ကင်းမဲ့သွားပြီး အခြားသော အလုပ်ကိစ္စများကို လုပ်ဆောင်နိုင်စွမ်း မရှိတော့သောကြောင့် ဖြစ်၏။

​သို့သော် ယခုအချိန်တွင်မူ ထိုလူများ၏ ကဲ့ရဲ့ရှုံ့ချသံများက သူ၏ အတိတ်ပုံရိပ်များကို ပြန်လည် ထွက်ပေါ်လာစေခဲ့ပြီး သူ၏ ခက်ခက်ခဲခဲ တည်ငြိမ်အောင် ထိန်းထားရသော နှလုံးသားကို... တဖန် ပြန်လည် လှုပ်ခတ်သွားစေခဲ့ချေပြီ။

​သူ၏ မျက်နှာအမူအရာမှာ ရုတ်တရက်ပင် မှောင်မှောင်မှိုင်မှိုင်နှင့် အေးစက်သွားလေတော့သည်။

​“ဘာလဲ... ငါတို့ ပြောနေတာကို နားထောင်ရတာ မင်းအတွက် အဆင်မပြေဖြစ်နေလို့လား” ပထမဆုံး စကားစလိုက်သည့် ကျင့်ကြံသူမှာ ဝိညာဉ်သန့်စင်ခြင်း အဆင့် ၉ သို့ ရောက်ရှိနေသူ ဖြစ်၏။ ယခင်က သူသည် လင်မြို့နယ်သို့ ရောက်ခဲ့ဖူးပြီး ချင်လဲ့နှင့် တုဟန်တို့၏ တိုက်ပွဲကိုလည်း မြင်တွေ့ခဲ့ဖူးလေသည်။ သို့သော် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ တုဟန်ထက် တစ်ဆင့် ပိုမြင့်နေသဖြင့် သူသည် ကြောက်ရွံ့ခြင်းမရှိဘဲ ဆက်လက်၍ ကဲ့ရဲ့နေခြင်း ဖြစ်၏။ “မြူတိမ်ဆောင်မှာ တစ်ဦးချင်း စိန်ခေါ်တိုက်ခိုက်တာကို ကန့်သတ်မထားဘူးကွ။ လူမသေရင် ဒါမှမဟုတ် ဒုက္ခိတ မဖြစ်သွားရင် မြူတိမ်ဆောင်က ဘာမှ ဝင်မပြောဘူး”

​သူသည် လက်ညှိုးကို ဆန့်ထုတ်ကာ မလှမ်းမကမ်းရှိ ချင်လဲ့ကို ညွှန်ပြလျက် ခနဲ့တဲ့တဲ့ ဆိုလိုက်၏။ “စော်ကားခံရတယ်လို့ ခံစားနေရရင်လည်း လာခဲ့လေ၊ တိုက်ကြည့်ကြတာပေါ့”

​“ဂျိန်း...”

​သူ၏ စကားမဆုံးသေးမီမှာပင် ချင်လဲ့၏ ခန္ဓာကိုယ်အတွင်းမှ မိုးခြိမ်းသံကဲ့သို့သော အသံကြီး တစ်သံ ထွက်ပေါ်လာလေသည်။

​ခဏချင်းမှာပင် အားနည်းလှသည်ဟု ထင်ရသော၊ သိမ်မွေ့၍ ပိန်လှီလှသော ချင်လဲ့မှာ အခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားခဲ့ချေပြီ။

​သူ၏ မျက်လုံးများအတွင်းမှ ကြမ်းတမ်းလှသော တိုက်ခိုက်လိုစိတ်များ လျှံထွက်လာပြီး သူ၏ လက်မောင်းတစ်လျှောက်၌လည်း ပြာလဲ့လဲ့ လျှပ်စီးကြောင်းများမှာ ကြိုးတစ်မျှင်ကဲ့သို့ ရစ်ပတ်သွားလေသည်။

​ဘေးမှ ကြည့်နေကြသူများအားလုံး၏ အံ့သြနေသော အကြည့်များအောက်၌ပင် ချင်လဲ့သည် ရုတ်တရက်ပင် ပေါက်ကွဲထွက်လာသော အရှိန်ဖြင့် စတင်တိုက်ခိုက်တော့၏။ သားကောင်ကို ရှာဖွေနေသော ကြမ်းတမ်းသည့် သားရဲတစ်ကောင်ကဲ့သို့ သူသည် ထိုလူဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေတော့သည်။

​“ဖြန်း... ဖျစ်... ဖျစ်...”

​လျှပ်စီးကြောင်းများမှာ တစ်ကြောင်းပြီးတစ်ကြောင်း ထွက်ပေါ်လာပြီး ပြင်းထန်သော လျှပ်စီးတန်းကြီး တစ်တန်းအဖြစ် ပြောင်းလဲသွားခဲ့၏။ နေရောင်ခြည်၏ ပြင်းထန်လှသော အလင်းတန်းများအောက်၌ပင် ထိုလျှပ်စီး၏ အလင်းကြောင့် လူတိုင်း၏ မျက်လုံးများမှာ ခေတ္တမျှ ဝေဝါးသွားခဲ့ရသည်။

​“ဟွန့်...”

​တုဟိုင်ထန်၏ လက်အောက်ငယ်သားမှာ သူ၏လက်ဝါးနှစ်ဖက်ကို ချက်ချင်းပင် ရိုက်လိုက်ပြီးနောက် ပြန်လည် ဖြန့်ထုတ်လိုက်ရာ သူ၏ လက်ဖဝါးများကြား၌ ခရမ်းရင့်ရောင် ဝိညာဉ်စွမ်းအားလုံးကြီး တစ်လုံးမှာ လျင်မြန်စွာ ဖြစ်ပေါ်လာ၏။ ထိုစွမ်းအားလုံးအတွင်း၌ ထူထပ်လှသော မီးခိုးငွေ့များ ပြည့်နှက်နေပြီး တောက်ပသော အလင်းတန်းများလည်း လက်ခနဲ လက်ခနဲ ဖြစ်နေလေသည်။

​စွမ်းအားလုံးကြီးအတွင်းမှ သန့်စင်ပြီး ပြင်းထန်လှသော ဝိညာဉ်စွမ်းအားများ လှိုင်းထလျက် ရှိနေစဉ်မှာပင် သူသည် ထိုခရမ်းရောင် စွမ်းအားလုံးကို ပစ်လွှတ်လိုက်လေတော့သည်။

​“အုန်း... ဝုန်း... ဝုန်း...”

​ထိုစွမ်းအားလုံးအတွင်းမှ ပေါက်ကွဲသံများ တစ်သီတစ်တန်းကြီး ထွက်ပေါ်လာ၏။ ထို့နောက် ခရမ်းရောင် မီးခိုးငွေ့များမှာ သူနှင့် ချင်လဲ့ကြားရှိ ဟင်းလင်းပြင်အတွင်းသို့ ရုတ်တရက်ပင် ပြန့်နှံ့သွားပြီး နေရာအနှံ့ကို ဖုံးလွှမ်းသွားလေတော့သည်။

​“ဟင်...”

​ထိုလူဆီသို့ တဟုန်ထိုး ပြေးဝင်နေသော ချင်လဲ့မှာ မိမိ၏ ရှေ့တွင် ခရမ်းရောင် မီးခိုးငွေ့များသာ မြင်နေရသဖြင့် ပစ်မှတ်ကို မတွေ့နိုင်တော့ကြောင်း သိလိုက်ရ၏။

​ထို့ပြင် ထိုမီးခိုးငွေ့များမှာ လူကို ထုံကျဉ်သွားစေနိုင်သော အစွမ်းရှိပုံရသည်။ မီးခိုးငွေ့များ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်လာသောအခါ သူသည် ပင်ပန်းနွမ်းနယ်မှုကို ခံစားလာရပြီး မျက်ခွံများပင် လေးလံလာခဲ့၏။

​“ဟေ့ကောင်လေး... မင်းက တုဟန်ကို အနိုင်ယူနိုင်ရုံနဲ့ ငါ့ကိုလည်း အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား”

​ထိုလူ၏ အေးစက်စက် ရယ်မောသံမှာ နေရာအနှံ့မှ ထွက်ပေါ်လာနေသဖြင့် သူသည် ဘေးနားတင် ရှိနေသကဲ့သို့ ခံစားရသော်လည်း မျက်စိနှင့်မူ ပစ်မှတ်ကို ရှာမတွေ့နိုင်ချေ။

​ကြီးမားလှသော အန္တရာယ်တစ်ခုမှာ နေရာအနှံ့မှ ဝိုင်းရံလာသကဲ့သို့ ခံစားလိုက်ရသဖြင့် ချင်လဲ့၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်များမှာ ထောင်ထသွားပြီး သူ၏ စိတ်နှင့် မျက်နှာမှာလည်း စိုးရိမ်တကြီး ဖြစ်လာခဲ့၏။ ရန်သူ၏ တိုက်ကွက်မှာ မကြာမီ ရောက်ရှိလာတော့မည်ကို သူ သိရှိနေလေသည်။

​“ဒီကောင် သုယန်ကတော့လေ... လူနှိပ်စက်ရတာကို တကယ် ဝါသနာပါတာပဲ။ အစကတည်းက သူ့ရဲ့ တိမ်ခိုးပညာကို သုံးလိုက်တာဆိုတော့ အဲဒီကောင်လေးက သူ့ရဲ့ နေရာကို ဘယ်လိုလုပ် ရှာတွေ့မှာလဲ။ ဒီပွဲက ဆက်တိုက်ဖို့ လိုသေးလို့လား”

​“ဟုတ်တယ်... အဲဒီ ခရမ်းရောင် မီးခိုးငွေ့တွေထဲမှာဆိုရင် သုယန်က သူလုပ်ချင်တာကို စိတ်ကြိုက်လုပ်လို့ရတာ။ အဲဒီကောင်လေးကတော့ လူအတစ်ယောက်လိုပဲ ငြိမ်ပြီး အရိုက်ခံနေရတော့မှာပေါ့။ သူက သုယန်ကို မြင်နိုင်မယ့် နည်းလမ်း လုံးဝ မရှိဘူး”

​“...”

​မြူတိမ်ဆောင်မှ ကျင့်ကြံသူ အများအပြားမှာ ကျမ်းစာဆောင်နှင့် လက်နက်ဆောင် အပေါ်ထပ်တို့၌ လက်ပိုက်လျက် ရပ်ကြည့်ရင်း ထိုတိုက်ပွဲအကြောင်းကို ပြောဆိုနေကြလေသည်။

​အဆောက်အအုံ နှစ်လုံးကြားရှိ ဟင်းလင်းပြင်၌ ခရမ်းရောင် မီးခိုးငွေ့များမှာ တဖြည်းဖြည်းနှင့် ဖုံးလွှမ်းလာခဲ့၏။ တစ်ခါတစ်ရံတွင် မလှုပ်မယှက် ရပ်နေသော ချင်လဲ့ကို မြင်ရသလို သူ့ကို ကြောင်ဖမ်းမိသော ကြွက်တစ်ကောင်ကဲ့သို့ သဘောထားကာ အရှိန်အဟုန်ဖြင့် ပတ်ချာလည် ပြေးနေသော ရန်သူကိုလည်း တွေ့မြင်ရ၏။ သိသာသည်မှာ ထိုလူသည် ချင်လဲ့ကို ချက်ချင်း မနှိမ်နင်းဘဲ ဖြည်းဖြည်းချင်း အရှက်ခွဲရန် ကြံစည်နေခြင်း ဖြစ်၏။

​“သူ ဘယ်မှာလဲ...”

​ချင်လဲ့က ခေတ္တရပ်လိုက်၏။ မီးခိုးငွေ့များကြောင့် သူ၏ အမြင်အာရုံမှာ ပျက်ပြားနေသဖြင့် ပတ်ဝန်းကျင် အခြေအနေကို မြင်နိုင်မည့် နည်းလမ်း မရှိချေ။

​ထိုအချိန်တွင် သုယန်၏ ခနဲ့တဲ့တဲ့နှင့် စော်ကားသော အသံမှာ ထွက်ပေါ်လာပြန်သည်။

​“သေကိန်း ဆိုက်နေတဲ့ကောင်... မင်းက သခင်လေး တုဟန်ကို ထိခိုက်အောင် လုပ်ခဲ့ပြီးတော့ မင်းရဲ့ အနာဂတ်က ဘာဖြစ်မလဲဆိုတာ မင်း သိရဲ့လား။ မြူတိမ်ဆောင်ထဲကို ဝင်လာရုံနဲ့ မင်းရဲ့ အပြစ်တွေကနေ လွတ်မြောက်သွားမယ်လို့ ထင်နေတာလား။ ဟဲဟဲ... မကြာခင်မှာ မင်း ဘာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ မင်း သိလာမှာပါ”

​“လင်မိသားစုက အခုတော့ သုသာန်ခုနစ်ပါး တောင်ကြားနဲ့ ပတ်သက်နေလို့ အကြီးအကဲတုက သူတို့ကို ခဏလွှတ်ထားပေးဦးမှာပေါ့၊ ဒါပေမဲ့ မင်းကတော့... လင်မိသားစုကတောင် စွန့်ပစ်လိုက်တဲ့ အကောင်ပဲ။ အကြီးအကဲတုရဲ့ လက်ထဲကနေ မင်း လွတ်နိုင်မယ်လို့ ထင်နေတာလား”

​သုယန်သည် တိုက်ခိုက်ရန် အလျင်မလိုဘဲ ချင်လဲ့၏ စိတ်ပိုင်းဆိုင်ရာကို ဦးစွာ ဖျက်ဆီးရန် ကြိုးစားနေခြင်း ဖြစ်၏။ သူသည် ချင်လဲ့ကို စိတ်ဓာတ်ကျသွားအောင် ဦးဆုံး လုပ်လိုဟန် ရှိလေသည်။

​“ငါ့မျက်စိက... သူ့ကို ရှာမတွေ့ဘူးဆိုရင် မှိတ်ထားလိုက်တာက ပိုကောင်းမယ်”

​မီးခိုးငွေ့များကြား၌ ချင်လဲ့သည် သူ၏ မျက်လုံးများကို မှိတ်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားလိုက်၏။ ထို့နောက် သူသည် သူ၏ စိတ်စွမ်းအားကို ချက်ချင်းပင် လွှတ်ထုတ်လိုက်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းလိုက်လေသည်။

​သူ၏ စိတ်စွမ်းအားမှာ လျင်မြန်စွာ ပြန့်နှံ့သွားပြီးနောက် သက်ရှိတစ်ခု၏ လှုပ်ရှားမှုကို သူ ချက်ချင်းပင် ခံစားလိုက်ရ၏။ ထိုသက်ရှိမှာ သူ၏ ဘေးပတ်လည်၌ အရှိန်အဟုန်ဖြင့် ပတ်ချာလည် လှုပ်ရှားနေလေသည်။

​“တွေ့ပြီ...”

​ချင်လဲ့သည် တိုးတိုးလေး ရေရွတ်လိုက်ရင်း သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မိုးကြိုးနှင့် လျှပ်စီးစွမ်းအားများကို စုစည်းလိုက်၏။ သူ၏ လက်ချောင်းဆယ်ချောင်းကြားမှ လျှပ်စီးကြောင်းများမှာ ရုတ်တရက်ပင် ထွက်ပေါ်လာလေတော့သည်။

​မီးခိုးငွေ့များကြားမှ မျက်စိကျိန်းလောက်အောင် တောက်ပလှသော လျှပ်စီးတန်း ဆယ်တန်းမှာ လက်ခနဲ လက်ခနဲ ထွက်ပေါ်လာခဲ့၏။

​“ဖျစ်... ဖျစ်... ဖျစ်...”

​လျှပ်စီးတစ်ခုခုကို ထိမှန်သွားသော အသံမှာ မီးခိုးငွေ့များကြားမှ ထွက်ပေါ်လာပြီးနောက် သုယန်၏ နာကျင်စွာ အော်ဟစ်သံမှာ ချက်ချင်းပင် လိုက်ပါလာခဲ့သည်။ ထိုအသံမှာ အခွင့်အရေးကို အရယူလိုက်နိုင်သည့် အသံပင် ဖြစ်၏။

​“ဝုန်း...”

​မိုးခြိမ်းသံကြီး တစ်ခုနှင့်အတူ ချင်လဲ့သည် အခွင့်အရေးကို အရယူကာ သူ၏ လက်သီးဖြင့် ပစ်မှတ်အား ထိုးနှက်လိုက်ရာ သုယန်၏ ရင်ဘတ်ကို တည့်တည့်ကြီး ထိမှန်သွားလေတော့သည်။

​သုယန်၏ ခန္ဓာကိုယ်မှာ ခရမ်းရောင် မီးခိုးငွေ့များကြားမှ လွင့်ထွက်သွားခဲ့ပြီး သူ၏ ပါးစပ်မှလည်း သွေးနီရောင်များမှာ ပန်းထွက်လာခဲ့၏။

​ထိုသွေးစက်များမှာ ခရမ်းရောင် မီးခိုးငွေ့များနှင့် ရောယှက်ကာ လေထဲ၌ မျဉ်းတစ်ကြောင်းကဲ့သို့ ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ် လွင့်ထွက်သွားပုံမှာ မီးခိုးငွေ့များနှင့် ဆက်နွှယ်နေသကဲ့သို့ ထူးဆန်းလှသော မြင်ကွင်းတစ်ခု ဖြစ်နေလေတော့သည်။

​“ဘုန်း...”

​သုယန်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့၏။ သူ၏ ဆံပင်များမှာ မည်းနက်၍ ကျွမ်းနေပြီး သူ၏ မျက်နှာမှာလည်း ပြာနှမ်းနေကာ မီးခိုးငွေ့များရှိရာသို့ ကြောက်လန့်တကြား လှမ်းကြည့်နေလေသည်။

​သူ နားမလည်နိုင်ခဲ့ချေ... ချင်လဲ့သည် သူ၏ နေရာကို မည်သို့ကြောင့် တိတိကျကျ သိနေရသည်အား သူ နားမလည်နိုင်ခဲ့ပါ။ ပထမဆုံး လျှပ်စီးတန်း ဆယ်ချက်က ထိမှန်ခဲ့ပြီးနောက် မိုးကြိုးလက်သီးက သူ၏ ခန္ဓာကိုယ်ကို မီးခိုးငွေ့များကြားမှ လွင့်ထွက်သွားအောင် ထိုးနှက်လိုက်ခြင်း ဖြစ်၏။

​“ဟင်... သုယန် ရှုံးသွားတာလား။ သူ့ရဲ့ တိမ်ခိုးပညာက အဲဒီကောင်လေးကို မလှည့်စားနိုင်ဘူးလား”

​“တိုက်ရိုက်ကြီး လွင့်ထွက်သွားတာပဲဗျာ။ ဟဲဟဲ... တကယ်ကို ရယ်စရာကောင်းတာပဲ”

​“စိတ်ဝင်စားဖို့ ကောင်းသားပဲ”

​“...”

​ကြည့်နေကြသော မြူတိမ်ဆောင် ကျင့်ကြံသူများ၏ မျက်နှာထက်၌ ကဲ့ရဲ့လှောင်ပြောင်သော အမူအရာများ ပေါ်ထွက်လာပြီး သုယန်ကို ကြည့်ကာ တစ်ဟားဟားနှင့် ရယ်မောနေကြလေတော့သည်။

​မီးခိုးငွေ့များကြားမှ ချင်လဲ့သည် လမ်းလျှောက်၍ ထွက်လာခဲ့၏။ သူသည် မျက်မှောင်ကြုတ်လျက် သုယန်၏ ရှေ့၌ ရပ်ကာ ဆိုလိုက်သည်။ “မြူတိမ်ဆောင်က တစ်ဦးချင်း တိုက်ခိုက်တဲ့နေရာမှာ လူမသေစေရဘူးလို့ ကန့်သတ်မထားရင် မင်း ခုနကတည်းက ငါ့လက်ထဲမှာ အသက်ပျောက်နေပြီ”

​ထို့နောက် သူသည် သူ့ကို သုယန်နှင့်အတူ ဝိုင်း၍ ကဲ့ရဲ့ခဲ့ကြသော တုဟိုင်ထန်၏ အခြားသော လက်အောက်ငယ်သားများကို အေးစက်စက် တစ်ချက်ကြည့်ကာ ကျမ်းစာဆောင်ရှိရာသို့ လှည့်ထွက်သွားလေတော့သည်။

​“ဟားဟား... ဒီကောင်လေးက စိတ်ဝင်စားဖို့ ကောင်းသားပဲ။ အရင်တုန်းကတော့ ငါက လက်အောက်ခံ အဖွဲ့အစည်းတွေက လာတဲ့သူတွေကို အထင်သေးခဲ့တာ။ ဒီတစ်ခါတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ လူနှစ်ယောက်တောင် ပါလာတာပဲ။ တစ်ယောက်က ကောင်းယွီတဲ့၊ နောက်တစ်ယောက်ကတော့ ဒီကောင်လေးပေါ့... တကယ်ကို စိတ်ဝင်စားစရာပဲ”

​“ဟုတ်တယ်... ဒါပေမဲ့ ကောင်းယွီဆိုတဲ့ ကောင်လေးကတော့ ပိုပြီး အင်အားကြီးပုံရတယ်။ သူ့ရဲ့ ပြိုင်ဘက်က ဝိညာဉ်ပေါက်ဖွားခြင်းရဲ့ အစောပိုင်းအဆင့်မှာ ရှိတဲ့ ဖန်းထုံ တောင်မှ သူ့လက်ထဲမှာ အရှက်တကွဲ ဖြစ်သွားတာလေ”

​“ဟုတ်တာပေါ့... ဖန်းထုံကလည်း ပါးစပ်မစောင့်ဘဲနဲ့ ကောင်းယွီဟာ သူ့အစ်မရဲ့ အရှိန်အဝါနဲ့ မြူတိမ်ဆောင်ကို ဝင်လာတာလို့ ပြောတာကိုး၊ သူ ခံရတာ ထိုက်တန်ပါတယ်”

​“ငါလည်း မထင်ထားဘူး... သူက ဝိညာဉ်သန့်စင်ခြင်း အဆင့် ၉ ပဲ ရှိသေးပေမယ့် ဖန်းထုံကိုတောင် အရှက်ခွဲနိုင်တယ်ဆိုတော့ တကယ်ကို အံ့သြစရာပဲ။ ဒါနဲ့... အခု ကောင်လေးကရော ဘယ်အဆင့်မှာ ရှိတာလဲ”

​“သုယန်ကို အနိုင်ယူနိုင်တယ်ဆိုရင်တော့ သူလည်း အနည်းဆုံး အဆင့် ၉ တော့ ရှိမှာပေါ့”

​“ဒါဆိုရင် သူနဲ့ ကောင်းယွီ ဘယ်သူက ပိုပြီး အင်အားကြီးမယ် ထင်သလဲ”

​“သေချာပေါက် ကောင်းယွီ ပေါ့ဗျာ။ စဉ်းစားနေစရာတောင် မလိုဘူး။ မင်းက ဒီကောင်လေးက ကောင်းယွီထက် ပိုပြီး အင်အားကြီးမယ်လို့ ထင်နေတာလား”

​“အဲလိုတော့ မဟုတ်ပါဘူး၊ ကောင်းယွီက ပိုပြီး အင်အားကြီးမယ်လို့ ငါလည်း ယုံကြည်ပါတယ်။ အဲဒီကောင်လေး လူတွေကို ကြည့်တဲ့ ပုံစံက တစ်မျိုးပဲဗျ။ သူက တကယ်ကို ရက်စက်တဲ့ လူတစ်ယောက် ဖြစ်မှာ သေချာတယ်”

​“ဟဲ... ကောင်းယွီနဲ့ လျိုရန်တို့က အခု လက်နက်ဆောင်ထဲမှာ ရှိနေတာ။ ငါ အပြင်မထွက်ခင်က သူတို့နှစ်ယောက်လုံးကို တွေ့ခဲ့တယ်”

​“...”

​ချင်လဲ့သည် ကျမ်းစာဆောင်ဆီသို့ လျှောက်လှမ်းနေစဉ်မှာပင် မြူတိမ်ဆောင် ကျင့်ကြံသူ တစ်စုမှာ သူနှင့် ကောင်းယွီကို နှိုင်းယှဉ်ကာ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြလေသည်။ သူတို့နှစ်ဦး တိုက်ခိုက်ကြလျှင် မည်သူက အနိုင်ရမည်နည်းဟု ဆွေးနွေးကြပြီးနောက် ကောင်းယွီက အနည်းငယ် ပို၍ အင်အားကြီးမည်ဟု တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်လိုက်ကြ၏။ သို့သော်လည်း ထိုသူနှစ်ဦးလုံးကိုမူ မည်သူကမျှ အလွယ်တကူ သွားရောက်၍ မစော်ကားရဲကြတော့ချေ။

​“ချင်လဲ့”

​ထိုအချိန်တွင် လက်နက်ဆောင်၏ အဝင်ဝမှ လျိုရန်၏ အသံ ထွက်ပေါ်လာ၏။ လျိုရန်၏ ဘေးနား၌မူ ကောင်းယွီ ရှိနေပြီး သူ၏ မျက်လုံးများမှာ အမှန်တကယ်ပင် ရက်စက်၍ အေးစက်လှလေသည်။

​သူတို့ နှစ်ဦးမှာ လက်နက်ဆောင်အတွင်း၌ ရှိနေကြခြင်း ဖြစ်၏။ အပြင်ဘက်မှ တိုက်ခိုက်သံများကို ကြားရသောအခါ ထွက်ကြည့်ကြရာ တိုက်ပွဲမှာ ပြီးဆုံးနေချေပြီ။ သို့သော် သူတို့သည် တစ်ချက်ကြည့်ရုံဖြင့် ကျမ်းစာဆောင်ဆီသို့ လျှောက်လှမ်းနေသော ချင်လဲ့ကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

​“အစ်ကိုလျို... ကောင်းယွီ” ချင်လဲ့သည် ကျမ်းစာဆောင်၏ အဝင်ဝ၌ ရပ်တန့်လိုက်ပြီး သူတို့ နှစ်ဦးဘက်သို့ လှည့်ကာ မေးလိုက်၏။ “ခင်ဗျားတို့လည်း ဒီကို ရောက်နေကြတာလား”

​“ငါတို့က လက်နက်ဆောင်ထဲမှာ ကောင်းနိုးရာရာလေးတွေ ရှိမလားလို့ ရှာနေကြတာလေ။ တိုက်ခိုက်သံတွေ ကြားရလို့ ထွက်ကြည့်တာပေါ့” လျိုရန်က ပြုံးလျက် ဆိုလိုက်၏။

​သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သုယန်ရှိရာဘက်သို့ လှမ်းကြည့်နေကြသော လူများကို မြင်တွေ့လိုက်ရပြီးနောက် ရုတ်တရက်ပင် အံ့သြတကြီးနှင့် မေးလိုက်သည်။ “သုယန်နဲ့ တိုက်ခဲ့တာ မင်းလား”

​ချင်လဲ့က ခေါင်းညိတ်ပြလိုက်သည်။

​“ဟားဟား... မင်းနဲ့ ကောင်းယွီ၊ မင်းတို့ လူငယ်လေးနှစ်ယောက်ကတော့ တကယ်ကို ဆူးခက်တွေပဲကွာ။ ကောင်းယွီ မြူတိမ်ဆောင်ကို ရောက်တာ သုံးရက်ပဲ ရှိသေးတယ်၊ အကြီးအကဲဝေရှင်း ရဲ့ လက်အောက်က ဖန်းထုံနဲ့ အပြင်းအထန် တိုက်ခဲ့ပြီးပြီ။ မင်းကရော ဘယ်တုန်းက ရောက်တာလဲ။ ဘာလို့ အခုကတည်းက ရန်ဖြစ်နေရတာလဲ” လျိုရန်က ထူးဆန်းသော အမူအရာဖြင့် မေးမြန်းလိုက်၏။

​“ကျွန်တော် ဒီနေ့မှ ရောက်တာပါ” ချင်လဲ့က ရှင်းပြသည်။ “အဲဒီ သုယန်ရဲ့ ပါးစပ်က သိပ်မသန့်လို့ဗျာ၊ သူ့ဘာသာ တိုက်ချင်ပါတယ်လို့ ဇွတ်အတင်း လာပြောနေတာနဲ့ သူ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာပါ”

​“ဟ” လျိုရန်သည် သုယန်ရှိရာဘက်သို့ လှည့်ကြည့်လိုက်ရာ သုယန်နှင့် တုဟိုင်ထန်၏ အခြားသော လက်အောက်ငယ်သားများမှာ မျက်နှာပျက်ပျက်နှင့် ထွက်ခွာသွားကြသည်ကို မြင်တွေ့လိုက်ရ၏။ “မင်းနဲ့ ကောင်းယွီကတော့ တကယ့်ကို တစ်ဂိုဏ်းတည်းပဲ၊ ရောက်တာနဲ့ ပြဿနာ ရှာတော့တာပဲ။ ကိုယ့်အားကိုယ်ကိုးပြီး ဒီကို လာခဲ့ကြတဲ့ တခြားသူတွေနဲ့ ယှဉ်ရင် မင်းတို့ နှစ်ယောက်ကတော့ တကယ်ကို ထင်ပေါ်လွန်းတယ်ဟေ့”

​“အချို့လူတွေရဲ့ ပါးစပ်က သိပ်ပြီး နံလွန်းတာကြောင့် ကျွန်တော့်ရဲ့ လက်တွေက ယားယားလာလို့ပါ။ သူတို့ကို ပညာမပေးလိုက်ရင် ကျွန်တော် နေလို့မကောင်းဘူး” ကောင်းယွီက အေးစက်စက် မျက်နှာဖြင့် ဆိုလိုက်ရာ သူ၏ မျက်လုံးများမှာလည်း မှောင်မည်းနေ၏။ “ချင်လဲ့ လုပ်တာ မှန်ပါတယ်။ လူကောင်းလုပ်နေရင် အနှိပ်စက်ခံရမှာပဲ။ ဒီနေရာမှာ မင်းက အေးအေးဆေးဆေး နေပြမယ်ဆိုရင် မင်းအတွက် ပြဿနာတွေပဲ ရောက်လာလိမ့်မယ်။ သူတို့ရဲ့ သွားအချို့ကို ချိုးပေးလိုက်မှသာ သူတို့ရဲ့ ပါးစပ်တွေက နည်းနည်း သန့်သွားမှာပေါ့”

​သူ၏ ရက်စက်လှသော အကြည့်များက ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ရာ သူနှင့် အကြည့်ချင်းဆုံသူတိုင်းမှာ အနေခက်စွာဖြင့် ဟဲဟဲပတ်ပတ် ရယ်မောနေကြလေတော့သည်။

​သိသာသည်မှာ လူတိုင်းက သူ့ကို အတော်ကလေး ကြောက်နေကြခြင်း ဖြစ်၏။

​“မင်း ရောက်လာတာ ကောင်းတာပေါ့၊ မဟုတ်ရင် ဒီမှာက ပျင်းစရာကြီး ဖြစ်နေတော့မှာ” ကောင်းယွီက ချင်လဲ့ကို ကြည့်ကာ ပြောလိုက်၏။ ထို့နောက် သူက အေးစက်စက် အမူအရာဖြင့်ပင် ဆက်လက်ပြောကြားသည်။ “ဟိုတုန်းက ငါတို့ ဘယ်သူနိုင်တယ် ဘယ်သူရှုံးတယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးနော်။ မင်း ဝိညာဉ်သန့်စင်ခြင်း အဆင့် ၉ ကို ရောက်တဲ့အထိ ငါ စောင့်နေပါ့မယ်၊ အဲဒီအချိန်ကျမှ ငါတို့ နောက်ထပ် တစ်ခါ တိုက်ကြတာပေါ့!”

​“ရပါတယ်... ပြဿနာ မရှိပါဘူး” ချင်လဲ့ကလည်း အဆင်သင့်ပင် ခေါင်းညိတ်၍ သဘောတူလိုက်လေသည်။

​“သခင်လေးကောင်းရယ်... မေ့လိုက်စမ်းပါကွာ။ ကိုယ့်ဘာသာ ဒုက္ခရှာမနေပါနဲ့တော့” လျိုရန်က ခါးသက်သက် ရယ်မောလျက် ဆိုသည်။ “ပြီးခဲ့တဲ့ တစ်ခါကတည်းက မင်း အရေးနိမ့်ခဲ့တာကို မမှတ်မိသေးဘူးလား။ မင်း တခြားဘယ်သူနဲ့ပဲ တိုက်တိုက် ပြဿနာ မရှိပါဘူး။ မင်း ဖန်းထုံကိုတောင် တိုက်နိုင်တာပဲလေ။ ဒါပေမဲ့ ချင်လဲ့နဲ့တော့... ငါ့စကားကို နားထောင်စမ်းပါ၊ မေ့လိုက်တာ အကောင်းဆုံးပဲ။ ဒီကောင်ရဲ့ တည်ရှိမှုက မင်းကို နှိမ်ဖို့အတွက်ပဲ ဖြစ်လာတာ”

​သူ၏ စကားအဆုံး၌မူ မပြေသေးသော ပတ်ဝန်းကျင်မှ မြူတိမ်ဆောင် ကျင့်ကြံသူများအားလုံးမှာ အံ့အားသင့်သွားကြပြီး သူတို့ထံသို့ လှမ်းကြည့်နေကြလေတော့သည်။

​လျိုရန်၏ စကားအရဆိုလျှင် ကောင်းယွီသည် ယခင်က ချင်လဲ့၏ လက်ထဲ၌ အရေးနိမ့်ခဲ့ဖူးသည် မဟုတ်လော။ ဤသို့ ဖြစ်နိုင်ပါ့မည်လော။

​သူတို့သည် ချင်လဲ့ကို တစ်ဖန် ပြန်လည် ကြည့်ရှုလိုက်ကြသောအခါ ချင်လဲ့မှာ ပိုမို၍ နက်နဲလှပြီး ခန့်မှန်းရခက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသည်ဟု ခံစားလိုက်ရပြီး သူ့ကို အထင်သေးရန်အတွက်လည်း ပိုမို၍ ကြောက်ရွံ့လာကြလေသည်။

All Chapters