← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇) ဝိညာဉ်ပင်လယ် ဖန်တီးခြင်း

​“ကျိုလျိုယွီဆိုတာ သုသာန်ခုနစ်ပါးတောင်ကြားရဲ့ လက်အောက်ခံ အမှောင်သုသာန် တောင်ကြားရဲ့ အရှင်သခင်ပဲ။ သူက ဝိညာဉ်လမ်းကြောင်း အဆင့် အလယ်အလတ်အဆင့်မှာ ရှိနေတာ၊ သုသာန်ခုနစ်ပါးတောင်ကြားထဲမှာလည်း သူ့ရဲ့ အဆင့်အတန်းက အတော်လေး မြင့်တယ်။ သူရဲ့ တပည့် လုလီတောင်မှ ဝိညာဉ်ပေါက်ဖွားခြင်း အလယ်အလတ်အဆင့်ကို ရောက်နေပြီလို့ သတင်းတွေ ထွက်နေတာ။ အဖွားကိုးက ပုံမှန်ဆို တပည့်ရွေးတာ သိပ်ဇကာတိုက်တာ၊ လင်မိသားစု ညီအစ်မနှစ်ယောက်ကို သူက သဘောကျသွားတာဟာ လင်မိသားစုအတွက် ကံကောင်းခြင်းလို့ပဲ ပြောရမှာပေါ့”

​ကျောက်ချန်းသည် မြူတိမ်ဆောင်ရှိ သူမ၏ ခန့်ညားလှသော အိမ်ဂေဟာအတွင်း၌ ကြွေခွက်ကလေးကို ကိုင်လျက် သောက်လိုက်၊ ပြောလိုက် လုပ်နေ၏။

​ချင်လဲ့၊ ခန်းကျိ၊ ကျူးဖုန်း၊ ဟန်ဖုန်းနှင့် အခြားလူများအားလုံးသည် အစားအသောက်များဖြင့် ပြည့်နှက်နေသော စားပွဲဝိုင်းကြီးကို ဝိုင်းလျက် စားသောက်နေကြလေသည်။ ကျင့်ကြံခြင်းအတွက် သီးသန့် တံခါးပိတ် ကျင့်ကြံနေဆဲဖြစ်သော ထူကျဲ တစ်ယောက်သာ မပါဝင်နိုင်ချေ။

​ညဉ့်သည် တဖြည်းဖြည်း နက်လာခဲ့ပြီ ဖြစ်သည်။

​နံရံများနှင့် ကျောက်တိုင်များတွင် တပ်ဆင်ထားသော ကျောက်မျက်ရတနာများမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်နေ၏။ ကျောက်ချန်းသည် ပိုးသား ညအိပ်ဝတ်စုံ ပွပွချောင်ချောင်ကို ဝတ်ဆင်ထားရာ သူမ၏ ရင်ဘတ်ဟိုက်နေသော နေရာမှ ဖြူဖွေးလှသော အသားအရေများ ပေါ်လွင်နေသဖြင့် ဘေးနားမှ လူငယ်များမှာ စိတ်မအေးနိုင်အောင် ဖြစ်နေကြ၏။ သူတို့သည် ခိုးကြည့်ချင်သော်လည်း တစ်ဖက်ကလည်း ကြောက်နေကြသဖြင့် မျက်လုံးများမှာ ကစားနေကြလေသည်။

​ကျောက်ချန်းကမူ သူတို့ကို ဂရုမစိုက်ချေ။ သူမသည် ချင်လဲ့ကို ကြည့်ကာ နှစ်သိမ့်ပြောဆိုသည်။ “အဖွားကိုးဟာ အမြဲတမ်း မာနကြီးတဲ့သူ တစ်ယောက်ပဲ။ သူက သူ့ရဲ့ တပည့်တွေကို ကျင့်ကြံတဲ့နေရာမှာ အသေအချာ ဂရုစိုက်တတ်တော့ လင်ညီအစ်မတွေဟာ သူ့ရဲ့ တပည့်ဖြစ်ခွင့်ရတာ တကယ် ကံကောင်းတာပါ။ ချင်လဲ့... နင်က ငယ်ပါသေးတယ်၊ အခုလောလောဆယ်မှာ သုသာန်ခုနစ်ပါးတောင်ကြား ဒါမှမဟုတ် အမှောင်အသူရာခန်းမ တို့လို အင်အားစုတွေထဲမှာ မပါဝင်နိုင်သေးပေမယ့် နောက်နောင်မှာ နင့်အတွက် အခွင့်အရေး မရှိဘူးလို့ မဆိုလိုပါဘူး”

​သူမ၏ လှပသော မျက်နှာထက်၌ တည်ကြည်သည့် အမူအရာများ ပေါ်ထွက်လာသည်။ “အမှန်အတိုင်း ပြောရရင် ငါ နင့်ကို အသေအချာ မသိသေးဘူး၊ ဒါပေမဲ့ ငါ ခံစားနေရတာက... နင့်မှာ ထူးခြားတဲ့ အရာတစ်ခု ရှိနေတယ်ဆိုတာပဲ။ ချင်လဲ့... သုသာန်ခုနစ်ပါးတောင်ကြား ဆိုတာ နင်ထင်သလောက် လက်လှမ်းမမီတဲ့ နေရာမျိုး မဟုတ်ပါဘူး။ နင်သာ အစွမ်းကုန် ကြိုးစားမယ်ဆိုရင် တစ်နေ့မှာ နင်လည်း အဲဒီလို အင်အားစုမျိုးထဲကို ဝင်နိုင်မှာပါ”

​“ဟုတ်တယ် ချင်လဲ့... မင်း အခု မြူတိမ်ဆောင်ကို ရောက်နေပြီ မဟုတ်လား။ နောက်ထပ် တစ်ဆင့်တက်လိုက်ရင် အမှောင်အသူရာခန်းမပဲ ရှိတော့တာ။ အမှောင်အသူရာခန်းမ နဲ့ သုသာန်ခုနစ်ပါးတောင်ကြားဟာ အချင်းချင်း ရင်းနှီးကြသလို သူတို့တွေ အတူတူ ပူးပေါင်းလုပ်ဆောင်ရမယ့် တာဝန်တွေလည်း အမြဲ ရှိတတ်တယ်။ တကယ်လို့ မင်းသာ အမှောင်အသူရာခန်းမကို ရောက်သွားမယ်ဆိုရင် မင်းရဲ့ စေ့စပ်ထားသူနဲ့ ပြန်ဆုံဖို့ အခွင့်အရေး ရှိမှာပါ” ခန်းကျီကလည်း ဝိုင်း၍ အားပေးလေသည်။

​ကျူးဖုန်း၊ ဟန်ဖုန်းနှင့် ကျန်သော လူများကလည်း သူ့ကို သေရည်ငှဲ့ပေးလိုက်၊ အားပေးစကား ပြောလိုက်နှင့် အလှည့်ကျ လုပ်နေကြ၏။

​ချင်လဲ့ကမူ အမြဲတမ်း ပြုံးနေခဲ့ပြီး ခွက်တစ်ခွက်ကို လက်ခံရရှိတိုင်းလည်း တစ်စက်မျှ မကျန်အောင် တစ်ကျိုက်တည်းနှင့် မော့ချလိုက်လေသည်။

​ကျောက်ချန်းက ဤသို့ စားသောက်ပွဲကြီး ပြုလုပ်ပေးရခြင်းမှာ သူ့အတွက်ကြောင့် ဖြစ်ကြောင်း၊ သူ၏ ရင်ထဲမှ အဖုအထစ်များကို ဖြေဖျောက်ပေးချင်ကြောင်းနှင့် လင်မိသားစုကိစ္စကြောင့် သူ၏ ကျင့်ကြံခြင်းလမ်းစဉ်တွင် ထိခိုက်မှု မရှိစေလိုကြောင်းကို သူ သိရှိနေလေသည်။

​သူသည် ထိုစေတနာများကို မြင်တွေ့နေရသဖြင့် သူ၏ ရင်ထဲ၌ နွေးထွေးမှုကို ခံစားနေရ၏။

​သောက်စားပွဲမှာ သန်းခေါင်ယံတိုင်အောင် ကြာမြင့်ခဲ့ပြီးနောက် လူစုခွဲခဲ့ကြလေသည်။ ချင်လဲ့သည်လည်း နှုတ်ဆက်ကာ ကျောက်ချန်း၏ အိမ်နှင့် မလှမ်းမကမ်းရှိ သူ၏ အိမ်ငယ်လေးဆီသို့ ပြန်လာခဲ့၏။

​မှောင်မည်းနေသော အခန်းအတွင်း၌ သူသည် ပြတင်းပေါက်ဘေးတွင် ထိုင်နေမိ၏။ သူ၏ စိတ်မှာ သေရည်ရှိန်ကြောင့် မူးဝေမနေသည့်အပြင် ပို၍ပင် ကြည်လင် လန်းဆန်းလာခဲ့သည်။

​လီမု၏ ပြင်းလှသော သေရည်များကို သောက်ခဲ့ဖူးသဖြင့် သူ၏ ခံနိုင်ရည်မှာ တိုးတက်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ယနေ့ သောက်ခဲ့သော သေရည်ကောင်းများမှာ သူ့အတွက်မူ ရေကဲ့သို့ပင် ပေါ့ပျက်ပျက် ဖြစ်နေပြီး မည်သည့် အရသာမျှ မရှိသလို သူ့ကို မူးအောင်လည်း မစွမ်းဆောင်နိုင်ခဲ့ချေ။

​“ဝိညာဉ်ပေါက်ဖွားခြင်း အလယ်အလတ်အဆင့်က လုလီ၊ ဝိညာဉ်လမ်းကြောင်း အလယ်အလတ်အဆင့်က ကျိုလျိုယွီ၊ အမှောင်သုဿန် တောင်ကြားရဲ့ အရှင်သခင်၊ သံနက်ဆင့် အင်အားစု...”

​ပြတင်းပေါက်အပြင်ဘက်ရှိ သစ်ပင်အောက်မှ လရောင်စက်ကလေးများကို ကြည့်ရင်း သူသည် မျက်မှောင်ကြုတ်လျက် တိုးတိုးလေး ရေရွတ်လိုက်၏။ ထို့နောက် သူသည် စိတ်ကို တည်ငြိမ်အောင် ထားကာ တရားထိုင်သည့် အနေအထားသို့ ရောက်ရှိသွားပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်လေသည်။ သူသည် သူ၏ ဝိညာဉ်ပင်လယ်အတွင်း၌ ဝဲဂယက်တစ်ခုကို စတင် စုစည်းလိုက်ပြန်သည်။

​တစ်နာရီခန့် ကြာပြီးနောက် သူ၏ ကြိုးစားမှုမှာ တစ်ဖန် ပြန်လည် ပျက်ပြားသွားခဲ့ပြန်၏။ သူ၏ ဝိညာဉ်စွမ်းအားများမှာ တိမ်တိုက်များအဖြစ် ပြန့်ကျဲသွားခဲ့ချေပြီ။

​“တစ်လကျော် ရှိသွားပြီ။ ငါ ညတိုင်း ဝဲဂယက်တစ်ခု ဖြစ်လာအောင် ကြိုးစားခဲ့ပေမယ့် တစ်ခါမှ မအောင်မြင်ခဲ့ဘူး။ ဝိညာဉ်သန့်စင်ခြင်းအဆင့် ၈ ကနေ အဆင့် ၉ ကို တက်လှမ်းဖို့ဆိုတာ ထင်ထားတဲ့အတိုင်းပဲ... အရင်ကထက် အဆပေါင်းများစွာ ပိုပြီး ခက်ခဲလှပါလား။ အဓိက ပြဿနာက ဘာလမ်းစမှ မရှိသလို မျှော်လင့်ချက် အလင်းတန်းလည်း မမြင်ရတာပဲ။ ငါ တစ်နေရာရာမှာ မှားနေတာလား”

​သူသည် ဤသို့ ဖြစ်နိုင်ကြောင်း သံသယဝင်လာပြီးနောက် ထိုင်၍ စဉ်းစားနေမိ၏။ လမ်းကြောင်းသစ် တစ်ခုကို သူ ရှာဖွေနေမိသည်။

​“ဝိညာဉ်သန့်စင်ခြင်း အဆင့် ၉ ဆိုတာ ဝိညာဉ်ပင်လယ်ထဲမှာ ဝဲဂယက်တစ်ခု ဖန်တီးဖို့ပဲ။ ဝဲဂယက်... ဝဲဂယက်...”

​ချင်လဲ့၏ နှလုံးသားမှာ လှုပ်ခတ်လာသည်နှင့်အမျှ သူ၏ စိတ်ထဲ၌လည်း အတွေးအမျိုးမျိုး ရှုပ်ထွေးလာခဲ့၏။ ထို့နောက် သူသည် သူ၏ ဝိညာဉ်အစီရင်များ ရေးဆွဲခြင်းအကြောင်းကို တွေးမိသွားပြီး ယခုကိစ္စကို ခဏဘေးဖယ်ကာ ဝိညာဉ်အစီရင် ရေးဆွဲခြင်းဘက်သို့သာ အာရုံပြန်စိုက်ရမလားဟု စဉ်းစားလိုက်၏။

​“ဝိညာဉ်စုဆောင်းခြင်း အစီရင်၊ စွမ်းအားမြှင့်တင်ခြင်း အစီရင်၊ ဝိညာဉ်သိုလှောင်ခြင်း အစီရင်၊ ကြံ့ခိုင်ခြင်း အစီရင်...”

​နက်နဲလှပြီး ဆန်းကြယ်လှသော ဝိညာဉ်အစီရင် လေးမျိုး၏ အစိတ်အပိုင်းကလေးများမှာ သူ၏ ဦးနှောက်အတွင်း၌ ပေါ်ထွက်လာခဲ့၏။ သူသည် မျက်မှောင်ကြုတ်လျက် တိတ်ဆိတ်စွာ စဉ်းစားနေမိသည်။

​“ဝိညာဉ်စုဆောင်းခြင်း အစီရင်... ဝိညာဉ်စုဆောင်းခြင်း အစီရင်... ဝိညာဉ်စုဆောင်းခြင်း အစီရင်၊ အဲဒါကလည်း ဝဲဂယက်တစ်ခု မဟုတ်ဘူးလား”

​ရုတ်တရက်ပင် သူ၏ ဦးနှောက်အတွင်း၌ အသိဉာဏ်အလင်းတန်းတစ်ခု လက်ခနဲ ပေါ်လာပြီး သူ၏ မျက်လုံးများမှာ တောက်ပသွားခဲ့၏။ ထိန်းချုပ်မရသော အတွေးတစ်ခုမှာ သူ၏ စိတ်ထဲ၌ ပွင့်လန်းလာခဲ့သည်။ "တကယ်လို့ ငါသာ ဝိညာဉ်စုဆောင်းခြင်း အစီရင်တစ်ခုကို ငါ့ရဲ့ ဝိညာဉ်ပင်လယ်ထဲမှာ ရေးဆွဲကြည့်မယ်ဆိုရင် ဘာဖြစ်လာမလဲ"

​ယနေ့အချိန်အထိ ဝိညာဉ်အစီရင် လေးမျိုးအနက် သူ အပြည့်အဝ တတ်မြောက်ထားသည်မှာ ဝိညာဉ်စုဆောင်းခြင်း အစီရင် တစ်မျိုးတည်းသာ ဖြစ်၏။

​သူသည် ထိုအစီရင်အတွက် သူ၏ ခွန်အားများကို အဆုံးမရှိ အသုံးချခဲ့သလို ဝိညာဉ်တံဆိပ်ပြားပေါင်း ရာနှင့်ချီ၍လည်း ပျက်စီးခဲ့ဖူး၏။ ဝိညာဉ်စုဆောင်းခြင်း အစီရင်အပေါ် သူ၏ နက်နဲလှသော နားလည်မှုကြောင့် ယခုအခါ သူသည် ထိုအစီရင်၏ ကွန်ရက်များကို အမှားအယွင်းမရှိ တိတိကျကျ ရေးဆွဲနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

​ခြုံငုံကြည့်မည်ဆိုလျှင် ဝိညာဉ်စုဆောင်းခြင်း အစီရင်သည် ဝဲဂယက်တစ်ခု၏ ပုံသဏ္ဌာန်နှင့် ခပ်ဆင်ဆင် တူလေသည်။ အပြင်ဘက်ရှိ ဝိညာဉ်မျဉ်းကြောင်းများသည် စက်ဝိုင်းပုံစံများစွာဖြင့် ဖွဲ့စည်းထားပြီး အတွင်းဘက်သို့ ကတော့ပုံစံ သို့မဟုတ် ဝက်အူရစ်ပုံစံဖြင့် ကျဉ်းဝင်သွားခြင်း ဖြစ်၏...

"​ဝိညာဉ်စုဆောင်းခြင်း... ဝိညာဉ်စုဆောင်းခြင်း... ဝဲဂယက်ပုံစံတစ်ခုကသာ ဝိညာဉ်စွမ်းအားတွေကို ပိုပြီး အလွယ်တကူ စုစည်းဆွဲဆောင်နိုင်တာပဲ။ အသေအချာ စဉ်းစားကြည့်မယ်ဆိုရင် ဝိညာဉ်စုဆောင်းခြင်းပုံစံ ဆိုတာ ဝဲဂယက်ပုံသဏ္ဌာန်ပဲ မဟုတ်လား"

​အကယ်၍ သူသည် သူ၏ ဝိညာဉ်စွမ်းအားကို မျဉ်းကြောင်းများအဖြစ် အသုံးပြုပြီး သူ၏ ဝိညာဉ်ပင်လယ်ကို ဝိညာဉ်တံဆိပ်ပြားအဖြစ် သဘောထားကာ သူ၏ အသိစိတ်ကို ကညစ်တံအဖြစ် အသုံးပြု၍ ဝိညာဉ်စုဆောင်းခြင်း အစီရင်တစ်ခုကို ရေးဆွဲလိုက်မည်ဆိုလျှင်...။

​ဤအတွေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူသည် ထိုအတွေးကို ဆက်လက်၍ မထိန်းချုပ်နိုင်တော့ချေ။

​ချင်လဲ့သည် မှောင်မည်းနေသော အခန်းအတွင်း၌ မျက်လုံးများကို တစ်ဖန်ပြန်မှိတ်ကာ တရားထိုင်လိုက်ပြန်၏။ သူ၏ အသိစိတ်မှာ ချက်အောက် ဝိညာဉ်ပင်လယ်အတွင်းသို့ ထိုးဆင်းသွားခဲ့ပြီး ကျယ်ပြောလှသော ဝိညာဉ်ပင်လယ်ကြီးကို တစ်ဖန် ပြန်လည် မြင်တွေ့လိုက်ရပြန်သည်။

​ထိုကျယ်ပြောလှသော ပင်လယ်နှင့် တိမ်တိုက်များကြား၌ သူ၏ ဝိညာဉ်စွမ်းအားများသည် တိမ်တိုက်များအဖြစ် ရှိနေပြီး ၎င်းတို့သည် သူ၏ ဝိညာဉ်ပင်လယ်အတွင်း နေရာအနှံ့၌ ပြည့်နှက်နေကာ သူ၏ စိတ်အလိုအတိုင်း လှည့်ပတ်နေကြလေသည်။

​သူ၏ အသိစိတ်အပိုင်းအစကလေးမှာ ကညစ်တံတစ်ချောင်း သို့မဟုတ် ကြိုးတစ်မျှင်ကဲ့သို့ပင်။ ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်နေလျက် ၎င်းသည် ဟင်းလင်းပြင်အတွင်း၌ အကြမ်းထည်ကို စတင် ရေးဆွဲလိုက်ပြီး ထိုကျယ်ပြောလှသော နယ်မြေအတွင်းရှိ ဝိညာဉ်စွမ်းအားများကို ကြည်လင်ပြတ်သားသော ဝိညာဉ်မျဉ်းကြောင်းများအဖြစ် ပြောင်းလဲလိုက်လေသည်။

​သူသည် သူ အကျွမ်းကျင်ဆုံးဖြစ်သော ဝိညာဉ်စုဆောင်းခြင်း အစီရင်ကို သူ၏ ဝိညာဉ်ပင်လယ်အတွင်း၌ စတင်ရေးဆွဲလိုက်ပြီး ထိုအလုပ်အပေါ်၌သာ လုံးလုံးလျားလျား အာရုံစိုက်ထားလေတော့သည်။

​ဤအချိန်တွင် အကယ်၍ တစ်စုံတစ်ယောက်သည် သူ၏ ဝိညာဉ်ပင်လယ်အတွင်းသို့ ဝင်ရောက်ကြည့်ရှုနိုင်မည်ဆိုလျှင် ပုံမှန်အားဖြင့် ပြန့်ကျဲ၍ စနစ်မကျလှသော ဝိညာဉ်စွမ်းအားများသည် ယခုအခါ ကွေးကောက်လှသော မျဉ်းကြောင်းများအဖြစ် ချိတ်ဆက်နေသည်ကို အံ့သြတကြီး မြင်တွေ့ရပေလိမ့်မည်။

​ထိုလမ်းကြောင်းများသည် မြွေတစ်ကောင်ကဲ့သို့ လှုပ်ရှားနေကြပြီး သူ၏ ဝိညာဉ်ပင်လယ်အတွင်းရှိ ကျယ်ပြောလှသော ကမ္ဘာကြီးထဲ၌ ကြည်လင်ပြတ်သားသော မျဉ်းကြောင်းများကို ချန်ထားခဲ့၏။ မျဉ်းကြောင်းများမှာ တစ်ကြောင်းပြီးတစ်ကြောင်း များပြားလာခဲ့ပြီး တစ်ခါတစ်ရံ တစ်ကြောင်းနှင့်တစ်ကြောင်း ဖြတ်ကျော်သွားကြသလို၊ တစ်ခါတစ်ရံ ထိပ်နှင့်အမြီး ချိတ်ဆက်သွားကြကာ၊ တစ်ခါတစ်ရံတွင်မူ ပြိုင်လျက် စီးဆင်းနေကြလေသည်။

​တဖြည်းဖြည်းနှင့် သုံးဖက်မြင် ဝိညာဉ်စုဆောင်းခြင်း အစီရင်ကြီး တစ်ခုမှာ သူ၏ ဝိညာဉ်ပင်လယ်အတွင်း၌ ပေါ်ထွက်လာခဲ့ချေပြီ။

​ရေးဆွဲနေစဉ်အတွင်း သူသည် အမှားအယွင်း အနည်းငယ်မျှ မလုပ်ခဲ့ဘဲ ဝိညာဉ်မျဉ်းကြောင်း တစ်ကြောင်းချင်းစီမှာ အံ့မခန်း တိကျလှပေသည်။

​နောက်ဆုံးတွင်မူ စုစည်းထားသော ဝိညာဉ်စွမ်းအားများနှင့် တိမ်တိုက်များမှာ ကွဲလွင့်ပျောက်ကွယ်သွားမည့် လက္ခဏာ မပြတော့ချေ။

​သူသည် တစ်ထိုင်တည်းနှင့် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။

​“ဝုန်း...”

​ဝိညာဉ်စုဆောင်းခြင်း အစီရင် ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ချင်လဲ့၏ ဝိညာဉ်ပင်လယ်အတွင်းမှ ဝိညာဉ်စွမ်းအားများ ပွတ်တိုက်သံနှင့် ပြန့်ကားလာသံများ ထွက်ပေါ်လာ၏။ နောက်တစ်ခဏ၌ ဝိညာဉ်စုဆောင်းခြင်း အစီရင်သည် စစ်မှန်သော ဝဲဂယက်ကြီးတစ်ခုကဲ့သို့ တဖြည်းဖြည်းနှင့် ပို၍ ပို၍ မြန်ဆန်စွာ လှည့်ပတ်လာခဲ့လေတော့သည်။

​ချင်လဲ့၏ အသိစိတ်မှာ ချက်ချင်းပင် အပြင်သို့ တွန်းထုတ်ခြင်း ခံလိုက်ရပြီး သူ၏ ဝိညာဉ်ပင်လယ်အတွင်း ဖြစ်ပျက်နေသည်များကို ဆက်လက် မသိရှိနိုင်တော့ချေ။

​သို့သော်လည်း သူ၏ ဝိညာဉ်ပင်လယ်အတွင်း၌ မုန်တိုင်းတစ်ခု စတင်နေပြီဖြစ်ကြောင်းနှင့် သူ ခန့်မှန်း၍မရနိုင်သော အံ့မခန်း ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပေါ်နေပြီဖြစ်ကြောင်းကိုမူ သူ ခံစားနေရ၏။

​သူ၏ စိတ်ဖြင့် မမြင်ရသော်လည်း သူ၏ ခန္ဓာကိုယ်ဖြင့်မူ ခံစားသိရှိနေရလေသည်။ သူ၏ ဝိညာဉ်ပင်လယ်အတွင်း သူ ရေးဆွဲခဲ့သော ဝိညာဉ်စုဆောင်းခြင်း အစီရင်သည် သူ၏ ဝိညာဉ်ပင်လယ်နှင့် အကိုက်ညီဆုံး ဖြစ်စေရန်အတွက် သဘာဝအလျောက် အနည်းငယ် ပြုပြင်ပြောင်းလဲသွားသည်ကို သူ ခံစားလိုက်ရ၏။

​သူ၏ ဝိညာဉ်ပင်လယ်မှာ တစ်ဖြည်းဖြည်းနှင့် ပိုမို နာကျင်လာခဲ့သော်လည်း သူ၏ မျက်လုံးများမှာမူ ပို၍ ပို၍ တောက်ပလာခဲ့လေသည်။

​အပြင်ဘက်တွင်မူ သစ်ပင်အောက်မှ လရောင်စက်ကလေးများသည် နေ့အလင်းရောင်အဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။ ညဉ့်မှာ တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့ပြီး နေ့သစ်တစ်နေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

​သူသည် အချိန်ကုန်သွားသည်ကို အနည်းငယ်မျှ ဂရုမစိုက်ဘဲ အာရုံစူးစိုက်လျက် သူ၏ ဝိညာဉ်ပင်လယ်အတွင်း ဖြစ်ပျက်နေသော သေးငယ်လှသည့် ပြောင်းလဲမှုများကို ဖြည်းဖြည်းချင်း ခံစားနေမိသည်။

​နေမြင့်လာသောအခါ အပြင်သို့ တွန်းထုတ်ခြင်း ခံခဲ့ရသော သူ၏ အသိစိတ်မှာ သူ၏ ဝိညာဉ်ပင်လယ်အတွင်းသို့ တစ်ဖန် ပြန်လည် ဝင်ရောက်ခွင့် ရရှိသွားခဲ့၏။

​အတွင်း၌ မည်သည်များ ဖြစ်ပျက်ခဲ့သည်ကို သူ နောက်ဆုံးတွင် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။

​သူ၏ ဝိညာဉ်ပင်လယ်အတွင်းရှိ ဝိညာဉ်တိမ်တိုက်များကြား၌ လေဆင်နှာမောင်းကဲ့သို့သော ဝဲဂယက်ကြီးတစ်ခု ရှိနေ၏။ ထိုဝဲဂယက်၏ တည်ဆောက်ပုံမှာ ဝိညာဉ်စုဆောင်းခြင်း အစီရင်နှင့် ဆင်တူသော်လည်း ထူးခြားသော ကွဲပြားမှုအချို့ ရှိနေလေသည်။ ၎င်းမှာ သူ၏ ဝိညာဉ်ပင်လယ်နှင့် အကိုက်ညီဆုံး ဖြစ်စေရန်အတွက် သဘာဝအလျောက် ပြုပြင်ပြောင်းလဲသွားခြင်း ဖြစ်ပေလိမ့်မည်...။

​ထိုဝဲဂယက်သည် သူ၏ ဝိညာဉ်ပင်လယ် ဗဟိုချက်တွင် တည်ရှိနေ၏။ သူ အားစိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုဝဲဂယက်သည် လှည့်ပတ်ကာ ဝိညာဉ်တိမ်တိုက် အစုအဝေးများကို စုပ်ယူလိုက်လေသည်။

​အဆက်မပြတ် လှည့်ပတ်ခြင်းနှင့် သန့်စင်ခြင်းများမှတစ်ဆင့် ထိုဝဲဂယက်သည် ဝိညာဉ်စွမ်းအားများကို အံ့မခန်း သန့်စင်သွားစေပြီး ယခင်ကထက် ပိုမိုသိပ်သည်းသွားစေခဲ့၏။

​ချင်လဲ့၏ မျက်လုံးများမှာ အတုမရှိ တောက်ပနေပြီး သူ၏ ခန္ဓာကိုယ်မှာလည်း အနည်းငယ် တုန်ယင်နေ၏။ သူ၏ မျက်နှာထက်၌ အတိုင်းထက်အလွန် ဝမ်းသာပီတိဖြစ်နေသော အမူအရာများ ပေါ်ထွက်လာခဲ့လေသည်။

​လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ၏ အဖိုး ပြောခဲ့သော စကားများကို သူ ရုတ်တရက် သတိရလိုက်၏။

​“ဝိညာဉ်အစီရင် ဆိုတာ လက်နက်တွေရဲ့ နှလုံးသားပဲ။ ဒါပေမဲ့ ဝိညာဉ်အစီရင်တွေ ဘယ်ကနေ စလာသလဲဆိုတာ မင်း သိလား။ ပထမဆုံး ဝိညာဉ်အစီရင်ဟာ အစွမ်းထက်တဲ့ ပညာရှင်တစ်ယောက်က ကမ္ဘာကြီးရဲ့ နိယာမတွေကို ဆင်ခြင်သုံးသပ်ပြီး သဘာဝတရားရဲ့ ကွန်ရက်တွေကို ဖမ်းဆွဲတယ်။ ပြီးတော့ သူ့ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး ရေးဆွဲခဲ့ရာကနေ ပေါ်လာတာလို့ သတင်းတွေ ရှိခဲ့တယ်။ အကြိမ်ပေါင်း ကုဋေကုဋာမက ကြိုးစားခဲ့ပြီးနောက်မှာမှ အခုလိုမျိုး တဖြည်းဖြည်း တိုးတက်လာခဲ့တာပေါ့”

​“အစွမ်းအထက်ဆုံးနဲ့ အဆန်းကြယ်ဆုံး ဝိညာဉ်အစီရင်တွေဟာ ဒီအတိုင်း ဟင်းလင်းပြင်ထဲကနေ ပေါ်လာတာ မဟုတ်ဘူး။ အဲဒါတွေဟာ သဘာဝတရားရဲ့ နိယာမတွေကို လိုက်နာပြီး၊ ကမ္ဘာကြီးရဲ့ မြင့်မြတ်လှတဲ့ အခြေခံသဘောတရားတွေကို စူးစမ်းလေ့လာရာကနေ ကောင်းကင်ဘုံရဲ့ လက်ရာတွေအဖြစ် ပေါ်ထွက်လာခဲ့တာပဲ”

​“နာမည်ကျော် တောင်တန်းတွေ၊ မြစ်ကြီးတွေကနေစလို့ အဆုံးမဲ့လှတဲ့ ဂလက်ဆီ ကြယ်စုတန်းတွေအထိ ကမ္ဘာပေါ်က အရာအားလုံးဟာ တကယ်တော့ ဝိညာဉ်အစီရင်တွေနဲ့ ပြည့်နှက်နေတာ။ ကောင်းကင်က ကြယ်တာရာတွေဟာ ဝိညာဉ်အစီရင်တွေပဲ၊ သူတို့ရဲ့ လမ်းကြောင်းတွေဟာ ဝိညာဉ်မျဉ်းကြောင်းတွေ စီးဆင်းပုံပဲ။ မင်း ကောင်းကင်ပေါ်ကနေ ဒီကမ္ဘာကြီးကို လှမ်းကြည့်လိုက်မယ်ဆိုရင် မြစ်တွေဟာ ဝိညာဉ်မျဉ်းကြောင်းတွေ ဖြစ်နေတာ၊ တောင်တန်းတွေဟာလည်း ဝိညာဉ်မျဉ်းကြောင်းတွေ ဖြစ်နေတာ၊ ကမ္ဘာမြေကြီး ကိုယ်တိုင်ဟာလည်း ဝိညာဉ်အစီရင်ကြီး တစ်ခုပဲ ဆိုတာကို မင်း သိလာလိမ့်မယ်”

​“ကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက သွေးကြောတွေဟာလည်း ဝိညာဉ်အစီရင်ပဲ၊ ငါတို့ ဦးနှောက်ထဲက အာရုံကြောတွေဟာဆိုရင် အရှုပ်ထွေးဆုံးနဲ့ အဆန်းကြယ်ဆုံး ဝိညာဉ်အစီရင်တွေပေါ့။ မင်း အသေအချာ ကြည့်မယ်ဆိုရင် ဝိညာဉ်အစီရင်တွေဟာ ကမ္ဘာအရပ်ရပ်မှာ ရှိနေတာကို မြင်ရလိမ့်မယ်”

​“တကယ်လို့ တစ်စုံတစ်ယောက်က ကမ္ဘာကြီးရဲ့ သဘာဝနိယာမတွေနဲ့ အပြောင်းအလဲတွေကို အပြည့်အဝ နားလည်သွားမယ်ဆိုရင် ပန်းပဲပညာရှင်တွေဟာ အဲဒီ မြင့်မြတ်လှတဲ့ အခြေခံသဘောတရားတွေ ပါဝင်တဲ့ ဝိညာဉ်အစီရင်အသစ်တွေကို ဖန်တီးနိုင်ကြလိမ့်မယ်။ အဲဒါဟာ ဝိညာဉ်အစီရင်တွေရဲ့ အထွတ်အထိပ်ပဲ။ ရှေးခေတ်က ပညာရှင်တွေ၊ ပထမဆုံး ပန်းပဲပညာရှင်တွေ၊ အရှုပ်ထွေးဆုံးနဲ့ အံ့သြစရာ အကောင်းဆုံး ဝိညာဉ်အစီရင်တွေဟာ ဒီအကြောင်းကြောင့်ပဲ ရှိနေကြတာ”

​“စစ်မှန်တဲ့ ဝိညာဉ်အစီရင်တွေဆိုတာ မြင့်မြတ်လှတဲ့ အခြေခံသဘောတရားတွေနဲ့ ကမ္ဘာကြီးရဲ့ နိယာမတွေပဲ။ ဒါဟာ ကျင့်ကြံခြင်းလမ်းစဉ်နဲ့ အတူတူပါပဲ”

​ထိုစဉ်က ချင်ရှန်းသည် သူ ကျင့်ကြံနေစဉ်အတွင်း အလွန်ပင် ရှုပ်ထွေးလှသော အကြောင်းအရာများကို ပြောပြလေ့ရှိရာ သူသည် လုံးဝ ဝေခွဲမရဖြစ်ခဲ့ပြီး မည်မျှပင် ကြိုးစား၍ စဉ်းစားသော်လည်း အဓိပ္ပာယ်ကို နားမလည်နိုင်ခဲ့ချေ။

​နှစ်အနည်းငယ် ကုန်လွန်သွားပြီးနောက် ချင်ရှန်း၏ စကားများကို တစ်ဖန် ပြန်လည် သတိရလိုက်သောအခါမှသာ ထိုစကားများသည် သူ၏ အခန်းကဏ္ဍတွင် စတင်၍ အကျိုးသက်ရောက်လာခဲ့ချေပြီ။

​ဤအချိန်တွင် ချင်လဲ့သည် သူ ကျင့်ကြံနေစဉ်အတွင်း ချင်ရှန်းက အဘယ်ကြောင့် သူ နားမလည်နိုင်သော စကားများကို တစ်ဦးတည်း ရေရွတ်နေခဲ့သည်အား နောက်ဆုံးတွင် သဘောပေါက်သွားခဲ့လေသည်။

​ချင်ရှန်းသည် သူ၏ နက်နဲလှသော အတွေ့အကြုံများ၏ အနှစ်သာရကို သူ၏ ဦးနှောက်အတွင်းသို့ အတင်းအကျပ် ရိုက်သွင်းပေးနေခဲ့ခြင်း ဖြစ်၏။

​ယနေ့ ဤအချိန်ကျမှသာ သူသည် ၎င်းကို နောက်ဆုံးတွင် နားလည်သဘောပေါက် သွားခဲ့လေပြီ။

​“ခပ်သိမ်းသော အရာတွေဟာ ဝိညာဉ်အစီရင်တွေပဲ၊ မြင့်မြတ်လှတဲ့ အခြေခံသဘောတရားတွေဟာလည်း တစ်ခုနဲ့တစ်ခု ဆက်နွှယ်နေတာပဲ”

​ချင်လဲ့သည် တိုးလျသော လေသံဖြင့် ရေရွတ်လိုက်၏။ သူ၏ မျက်နှာထက်၌ အသိဉာဏ်သစ်တစ်ခုကို ရရှိသွားသည့် ဂုဏ်ရောင်များ ထွန်းလင်းနေလေသည်။ သူသည် နက်နဲလှသော အမှန်တရားတစ်ခုကို ရုတ်တရက် နားလည်သွားခဲ့သကဲ့သို့ပင်။

​“အဖိုးက ကျွန်တော့်ကို ဘာမှ မသင်ပေးခဲ့တာ မဟုတ်ဘူး၊ သူက အရေးအကြီးဆုံး အရာတွေကို လွန်ခဲ့တဲ့ အချိန်ကတည်းက ပြောပြခဲ့ပြီးသားပဲ။ ဒါကို အခုထိ နားမလည်ခဲ့တဲ့ ကျွန်တော်ဟာ တကယ်ကို ရယ်စရာကောင်းလှပါလား”

အခန်း (၆၈) လေ့လာဆည်းပူးခြင်း

​“ချင်လဲ့... သဲရွှေ သုံးအောင်စ၊ မြန်မြန်”

​“ချင်လဲ့၊ မြေသားသလင်းကျောက် သုံးတုံး”

​“ချင်လဲ့၊ ဆန်းကြယ်အအေးဓာတ် ကျောက်စိမ်း နှစ်ခဲ”

​“ချင်လဲ့”

​ပန်းပဲဆောင်အတွင်း၌ ယောင်ထိုက်သည် အလုပ်များလွန်းသဖြင့် ချွေးပြန်နေပြီး မီးဖိုကြီးကို ပတ်ချာလည်ပြေးလျက် အဆက်မပြတ် အော်ဟစ်ခိုင်းစေနေ၏။

​မီးဖိုအတွင်းရှိ မီးသလင်းကျောက်ပေါင်း ဒါဇင်နှင့်ချီ၍ တောက်လောင်နေသော မီးလျှံများမှာ နီရဲနေပြီး အပူရှိန်မှာ ဟင်းလင်းပြင်သို့ မြင့်မားစွာ တက်လှမ်းနေသဖြင့် အဆောင်အတွင်းရှိ အပူချိန်မှာ အံ့သြစရာကောင်းလောက်အောင် မြင့်တက်နေလေသည်။

​ယောင်ထိုက်သည် ဝိညာဉ်ကုန်ကြမ်းများကို အဆက်မပြတ် ခွဲခြမ်းနေပြီး သူ၏ မျက်လုံးများမှာမူ မီးဖိုဆီသို့သာ စူးစိုက်ကြည့်နေ၏။ ကုန်ကြမ်းတစ်ခုချင်းစီ မည်မျှကြာကြာ အပူပေးရမည်ကို သူ တွက်ချက်နေခြင်း ဖြစ်သည်။ မီးဖိုအတွင်းရှိ ကုန်ကြမ်းများ၏ အပြောင်းအလဲကို အမြဲမပြတ် စောင့်ကြည့်ရင်း လိုအပ်သော ကုန်ကြမ်းသစ်များကို ထည့်သွင်းရန်အတွက် ချင်လဲ့အား အဆက်မပြတ် အော်၍ ခိုင်းနေလေတော့သည်။

​အဆောင်အတွင်း၌ ချင်လဲ့၏ အဝတ်အစားများမှာ ချွေးများဖြင့် စိုရွှဲနေချေပြီ။ သူသည် ယောင်ထိုက် အလိုရှိသော ကုန်ကြမ်းများကို တစ်နေရာမှ တစ်နေရာသို့ ပြေးလွှားယူဆောင်ပေးနေရ၏။

​မီးဖိုဘေးရှိ ကြမ်းပြင်ပေါ်တွင် ဝိညာဉ်ကုန်ကြမ်းများဖြင့် ပြည့်နှက်နေ၏။ ကုန်ကြမ်းအများအပြားကို အပိုင်းပိုင်းခွဲထားပြီး အချို့ကိုမူ အခြားကုန်ကြမ်းများနှင့် ရောစပ်နိုင်ရန် အမှုန့်ကြိတ်ထားလေသည်။

​မီးဖိုအတွင်းရှိ အခြေအနေ ပြောင်းလဲလာသည်နှင့်အမျှ လိုအပ်သော ကုန်ကြမ်းများမှာလည်း လိုက်၍ ပြောင်းလဲသွား၏။ ထိုကုန်ကြမ်းများ၏ ပမာဏကိုလည်း အချိုးအစားအလိုက် ပြန်လည် ညှိနှိုင်းရလေသည်။

​မီးဖိုကို အသုံးပြုရာတွင် အပြောင်းအလဲ အနည်းငယ်မျှသည် နောက်ဆက်တွဲ အဆင့်များအားလုံးကို ပြောင်းလဲသွားစေနိုင်ပြီး ၎င်းသည် ဝိညာဉ်လက်နက်ကို တိုက်ရိုက် ထိခိုက်စေနိုင်ပေသည်။

​မီးသလင်းကျောက်များ၏ အပူရှိန်၊ မီးဖို၏ မျက်နှာပြင် အကျယ်အဝန်း၊ ဝိညာဉ်ကုန်ကြမ်းများ ပေါင်းစပ်မှု ပမာဏ၊ ကုန်ကြမ်းအချင်းချင်း ပွတ်တိုက်မှုနှင့် မီး၏ ပြင်းအား...

​လက်နက်တစ်လက်ကို ဖန်တီးရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များမှာ အလွန်ပင် များပြားလှပေသည်။ သေးငယ်လှသော အမှားတစ်ခုသည်ပင် ဖော်စပ်မှုတစ်ခုလုံးကို ပျက်စီးသွားစေနိုင်ပြီး ယခင်က အားထုတ်ခဲ့သမျှအား အလဟဿ ဖြစ်သွားစေနိုင်လေသည်။

​ချင်လဲ့သည် အဆက်မပြတ် လှုပ်ရှားနေပြီး ယောင်ထိုက် ခေါ်သမျှ ကုန်ကြမ်းများကို တိကျသော ပမာဏအတိုင်း ယူဆောင်ပေးနေ၏။ သူ ယူပေးလိုက်သည့် ကုန်ကြမ်းတိုင်းမှာ ယောင်ထိုက် အလိုရှိသည့်အတိုင်း တိကျလှပြီး အနည်းငယ်မျှပင် မလွဲချော်ချေ။

​ဝိညာဉ်အစီရင်များကို ရေးဆွဲခြင်းသည် လက်နက်ဖန်တီးခြင်းထက်ပင် ပို၍ တိကျမှု လိုအပ်သည် မဟုတ်လော။

​ဝိညာဉ်လမ်းကြောင်း တစ်ကြောင်း၏ အကျယ်အဝန်းမှာ ဆံခြည်တစ်မျှင်စာမျှ လွဲချော်သွားပါက ဝိညာဉ်အစီရင် တစ်ခုလုံး ပျက်စီးသွားနိုင်ပြီး ကျန်ရှိသော အစိတ်အပိုင်းများကိုလည်း ဆက်လက် ရေးဆွဲ၍ မရနိုင်တော့ချေ။

​ထိုအချက်ကြောင့်ပင် ချင်လဲ့သည် သူ၏ တိကျမှုကို အစွန်းကုန်အထိ လေ့ကျင့်ထားခဲ့ခြင်း ဖြစ်၏။

​ယနေ့အစောပိုင်းတွင် သူသည် သူ၏ ဝိညာဉ်ပင်လယ်အတွင်း၌ ဝိညာဉ်စုဆောင်းခြင်း အစီရင်ကို ရေးဆွဲပြီး ဝဲဂယက်တစ်ခုအား အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပြီး ဝိညာဉ်သန့်စင်ခြင်းအဆင့် ၉ သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်၏။

​ယခုအခါ ဝိညာဉ်ပင်လယ်အတွင်းရှိ ဝဲဂယက်မှာ ဖြစ်ပေါ်နေပြီဖြစ်ရာ သူသည် ဝိညာဉ်စွမ်းအားကို လှည့်ပတ်၍ ကျင့်ကြံမည်ဆိုပါက ထိုဝဲဂယက်သည်လည်း စတင်လည်ပတ်ကာ ဝိညာဉ်စွမ်းအားကို သန့်စင်ပေးရန် ကူညီပေးလိမ့်မည်။

​ဤအကြိမ် အဆင့်တက်လှမ်းခြင်းမှတစ်ဆင့် သူသည် ပန်းပဲပညာနှင့် ကျင့်ကြံခြင်း လမ်းစဉ်အပေါ် နားလည်မှုအသစ်တစ်ခု ရရှိခဲ့၏။ အမြဲတမ်း တုန်လှုပ်ချောက်ချားနေခဲ့သော သူ၏ စိတ်မှာလည်း ယခုအခါ တည်ငြိမ်သွားခဲ့ပြီ ဖြစ်၏။

​ယခင်က သူသည် ကျင့်ကြံခြင်းလမ်းစဉ်နှင့် ပန်းပဲပညာ ကြားထဲတွင် မည်သည့်လမ်းကို ရွေးရမည်နည်းဟု အမြဲ ဝေခွဲမရ ဖြစ်နေခဲ့သည်။

​အကြိမ်ပေါင်းများစွာတွင် သူသည် ပန်းပဲပညာကို စွန့်လွှတ်ကာ ကျင့်ကြံခြင်းဘက်သို့သာ လုံးလုံးလျားလျား အာရုံစိုက်ပြီး မြန်မြန်ဆန်ဆန် အဆင့်တက်ချင်နေခဲ့၏။ ထိုသို့လုပ်ခြင်းအားဖြင့် အမှောင်အသူရာခန်းမသို့ စောစောရောက်ကာ လင်ယွီရှီးနှင့် ပြန်လည် ဆုံစည်းနိုင်မည်ဟု သူ မျှော်လင့်ခဲ့သည်။

​ပန်းပဲပညာတွင် အချိန်ကုန်နေခြင်းသည် သူ၏ ကျင့်ကြံခြင်းကို ထိခိုက်စေပြီး အဆင့်တက်ခြင်းအား နှေးကွေးစေမည်ဟု သူ အစပိုင်းတွင် ထင်မြင်ခဲ့မိသည်။

​သို့သော် မနေ့ကမှ သူသည် အသိဉာဏ်အလင်းတစ်ခုကို ရရှိခဲ့ပြီးနောက် သူ၏ နှလုံးသားမှာ အခြေကျသွားခဲ့ခြင်း ဖြစ်၏။ ဝိညာဉ်စုဆောင်းခြင်း အစီရင်ကို ရေးဆွဲနိုင်ခဲ့ခြင်းက သူ ကြာရှည်စွာ ရုန်းကန်နေခဲ့ရသော ပြဿနာအား ဖြေရှင်းပေးခဲ့ပြီး ကျင့်ကြံခြင်းအဆင့် ၉ သို့ တက်လှမ်းရန် ကူညီပေးခဲ့သည် မဟုတ်လော။

​“အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက်ဟာ ကျွမ်းကျင်တဲ့ ပန်းပဲပညာရှင် ဖြစ်လာဖို့ဆိုတာ အလွန်ခက်ခဲတဲ့ ကိစ္စပဲ၊ မဖြစ်နိုင်သလောက်ပါပဲ”

​“ဒါပေမဲ့ ဝိညာဉ်အစီရင်တွေအကြောင်း နက်နက်နဲနဲ သိထားတဲ့ ပန်းပဲပညာရှင် တစ်ယောက်ဟာ အစွမ်းထက်တဲ့ ကျင့်ကြံသူ ဖြစ်လာဖို့ဆိုတာတော့ အလွန်လွယ်ကူတဲ့ ကိစ္စပဲ။ အဲဒီမှာ ဘာအတားအဆီးမှ မရှိသလောက်ပဲ”

​“အစွမ်းထက်တဲ့ ပန်းပဲပညာရှင် အများအပြားဟာ အစွမ်းအထက်ဆုံး ကျင့်ကြံသူတွေ ဖြစ်နေကြတာဟာ ကျင့်ကြံခြင်းရဲ့ နက်နဲတဲ့ နိယာမတွေကို အပြည့်အဝ နားလည်ထားကြလို့ပဲ”

​အဖိုးဖြစ်သူက သူ့ကို တစ်ခါက ပြောခဲ့ဖူး၏။ ထိုစဉ်က သူသည် ဂရုမစိုက်ခဲ့သော်လည်း ယခုအခါတွင်မူ ထိုစကားသည် အမှန်တရားဖြစ်ကြောင်း သူ လက်ခံလိုက်ပြီ ဖြစ်၏။

​ထိုအချက်ကြောင့်ပင် သူသည် ပန်းပဲပညာကို ဆက်လက် လေ့လာရန် ဆုံးဖြတ်ချက် ခိုင်မာသွားခဲ့ခြင်း ဖြစ်လေသည်။

​ယောင်ထိုက်သည် ဤလမ်းပေါ်တွင် သူ၏ ပထမဆုံး ဆရာဖြစ်သလို သူ့ကို အမှန်တကယ် သင်ကြားပေးနိုင်သူလည်း ဖြစ်သဖြင့် သူသည် လေ့လာသင်ယူခြင်းအပေါ်၌ အစွမ်းကုန် အားထုတ်တော့၏။

​“အခုလောလောဆယ်မှာတော့ ဝိညာဉ်ကုန်ကြမ်းတွေ လုံးလုံးလျားလျား ပေါင်းစပ်သွားတဲ့အထိ စောင့်ရမယ်။ ပြီးမှ ပုံစံခွက်ထဲကို ထည့်ပြီး လက်နက်ရဲ့ ပုံသဏ္ဌာန်ကို ဖြည်းဖြည်းချင်း ဖော်ယူရမှာပဲ”

​နေဝင်ရီတရောအချိန်အထိ သူတို့ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ကြပြီးနောက် ယောင်ထိုက်သည် နောက်ဆုံးတွင် အလုပ်ရပ်နားရန် အော်ပြောကာ မီးဖိုဘေး၌ ထိုင်ချလိုက်လေသည်။ သူသည် သူ၏ ချွေးများကို သုတ်ရင်း မီးဖိုအား တောက်ပသော မျက်လုံးများဖြင့် ကြည့်ကာ စကားပြောနေ၏။

​ချင်လဲ့ မနားရသည်မှာ နာရီပေါင်းများစွာ ကြာခဲ့ချေပြီ။ ယခုအခါ သူသည် လူပင် ပြိုလဲတော့မည့် အခြေအနေသို့ ရောက်နေ၏။ သူသည် ယောင်ထိုက်ဘေးတွင် ထိုင်ချလိုက်ပြီး မေးလိုက်၏။ “ဒါပြီးရင် ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ”

​ယောင်ထိုက်သည် သူ၏ ခေါင်းကို လှည့်ကြည့်လိုက်ရာ ဝဝဖိုဖို မျက်နှာထက်၌ ဝမ်းသာသော အရိပ်အယောင်များ ပေါ်ထွက်လာပြီး ချီးကျူးလိုက်လေသည်။ “မင်းက မင်းအရင် လူတွေအားလုံးထက် ပိုပြီး အာရုံစိုက်နိုင်တာပဲ။ မင်းတစ်ယောက်တည်းနဲ့တင် ဟိုလူ နှစ်ယောက်၊ သုံးယောက် ပေါင်းတာထက် ပိုပြီး အလုပ်တွင်တယ်”

​ဤသို့ပြောရင်း သူသည် နှာခေါင်းရှုံ့ကာ ဆိုသည်။ “အရင်လူတွေက ငါ့နောက်ကို နှစ်အတော်ကြာအောင် လိုက်ခဲ့ကြပေမယ့် မင်းလောက် အလုပ်မလုပ်နိုင်ကြဘူး။ ကုန်ကြမ်းတွေ ယူခိုင်းလိုက်ရင် ငါ လိုချင်တဲ့ ပမာဏအတိုင်း တိတိကျကျ ရတာ ရှားတယ်။ အဲဒီတော့ ငါ့ဘာသာ ပြန်ပြီး ချိန်တွယ်နေရတာနဲ့ ငါ့ရဲ့ အချိန်တွေ အလဟဿ ကုန်ခဲ့ရတာ”

​လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်အတွင်း ယောင်ထိုက်ထံတွင် ကုန်ကြမ်းများ ယူဆောင်ပေးရသည့် လက်ထောက်ပေါင်း ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ရှိခဲ့ဖူး၏။

​ထိုသူများသည် တစ်နှစ်၊ နှစ်နှစ်ကြာသည်အထိ ကုန်ကြမ်းများ ချိန်တွယ်ရာတွင် အမှားများ ပြုလုပ်တတ်ကြသေးသည်။ ဥပမာအားဖြင့် သဲရွှေ သုံးအောင်စ ယူခိုင်းလျှင် သူတို့က အနည်းငယ် ပို၍ ယူလာတတ်ကြ၏။ သူတို့အတွက်မူ ထိုအနည်းငယ်မှာ မည်သည်မျှ မဟုတ်သော်လည်း ယောင်ထိုက်အတွက်မူ ထိုအနည်းငယ်ကြောင့်ပင် အရည်ကျိုသည့် ဖြစ်စဉ်တစ်ခုလုံး ပြောင်းလဲသွားနိုင်သည်ကို သူတို့ မသိကြချေ။

​အပြောင်းအလဲတစ်ခုသည် နောက်ထပ် အပြောင်းအလဲများစွာကို ဖြစ်ပေါ်စေပြီး လိပ်ပြာအာနိသင် ကဲ့သို့ပင် လက်နက်ဖန်တီးခြင်း ဖြစ်စဉ်တစ်ခုလုံးအား ပျက်စီးသွားစေနိုင်သည်။

​ယောင်ထိုက်သည် ချင်လဲ့နှင့် ပထမဆုံးအကြိမ် ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သဖြင့် အစပိုင်းတွင် ကြီးကြီးမားမား မျှော်လင့်မထားခဲ့ချေ။ ချင်လဲ့သည်လည်း ယခင် တပည့်များကဲ့သို့ပင် အစပိုင်းတွင် အမှားအယွင်းများစွာ လုပ်လိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ အလုပ်အများဆုံးအချိန်တွင် အမှားများ ဆက်တိုက် လုပ်မိပါက အလုပ်တွင်ကျယ်မှုကို အဟန့်အတား ဖြစ်စေသလို ဖန်တီးခြင်းကိုလည်း ပျက်စီးသွားစေနိုင်သည် မဟုတ်လော။

​သို့သော်လည်း ချင်လဲ့၏ အံ့သြစရာကောင်းလှသော တိကျမှု၊ ဝိညာဉ်ကုန်ကြမ်းများအပေါ် နားလည်မှုနှင့် မြန်ဆန်လှသော တုံ့ပြန်မှုများကြောင့် ယောင်ထိုက်မှာ အံ့သြတကြီး ဖြစ်ခဲ့ရလေသည်။

​ချင်လဲ့သည် သူ၏ မျှော်လင့်ချက်များကို အဖက်ဖက်မှ ကျော်လွန်ခဲ့သဖြင့် မနက်ဖြန်မှ ပြီးစီးမည်ဟု သူ ထင်မှတ်ထားခဲ့သော အကြမ်းထည် အရည်ကျိုမှုမှာ ယနေ့ညနေမှာပင် ပြီးဆုံးသွားခဲ့၏။ ၎င်းသည် သူ၏ ခန့်မှန်းချက်ထက် များစွာ သာလွန်နေခဲ့လေသည်။

​သူသည် ချင်လဲ့အပေါ် အလွန်ပင် ကျေနပ်နေမိပြီး သူနှင့် အလုပ်လုပ်ရသည်မှာ အလွန်ပင် လွယ်ကူလှသည်ဟု ခံစားနေရ၏။

​“ဒီကောင်လေးကတော့... တကယ့်ကို ပါရမီရှင်ပဲ” ယောင်ထိုက်သည် မျက်လုံးများကို မှေးလျက် ချင်လဲ့ကို ကြည့်ရင်း အတွေးဝင်နေမိသည်။

​“ဒါပြီးရင် ဘာဆက်လုပ်ရမလဲ” ချင်လဲ့က ထပ်မေးလိုက်၏။

​“မီးဖိုအောက်မှာ ပုံစံခွက်တစ်ခွက် ရှိတယ်။ ကုန်ကြမ်းတွေ ဖြည်းဖြည်းချင်း အနည်ထိုင်သွားတဲ့အခါ လက်နက်ရဲ့ အကြမ်းထည်ပုံစံ ပေါ်လာလိမ့်မယ်” ယောင်ထိုက်က အပြုံးလေးဖြင့် အသေအချာ ရှင်းပြသည်။ “အေးသွားတဲ့အခါမှာတော့ အကြမ်းထည်လက်နက် ဖြစ်လာလိမ့်မယ်။ အဲဒီအခါကျရင် ပိုပြီး လှပသွားအောင် လက်နက်ကို စတင် သွေးရမယ်။ နောက်တစ်ဆင့်ကတော့ လက်နက်ရဲ့ အစွမ်းကို တိုးမြှင့်ပေးဖို့အတွက် ရတနာတွေနဲ့ ဝိညာဉ်ကုန်ကြမ်းတွေကို ထည့်သွင်းရမယ်။ နောက်ဆုံးအဆင့်ကတော့... လက်နက်အတွက် ဝိညာဉ်အစီရင်တွေ ရေးဆွဲရမှာပဲ”

​ချင်လဲ့သည် အသေအချာ နားထောင်နေခဲ့၏။ ယနေ့တွင် သူ အများကြီး လေ့လာသင်ယူနိုင်ခဲ့သည်ဟု ခံစားရသည်။ အလွန် အလုပ်များခဲ့သော်လည်း ယနေ့သည် သူ၏ ပညာရှာပုံတော်အတွက် အကျိုးအရှိဆုံးနေ့ပင် ဖြစ်၏။

​ယနေ့မှသာ သူသည် ပန်းပဲပညာကို လက်တွေ့ ဖြတ်သန်းခဲ့ရပြီး ထိုဖြစ်စဉ်တစ်ခုလုံးအား ရှင်းရှင်းလင်းလင်း သိရှိသွားခဲ့ခြင်း ဖြစ်လေသည်။

​ဒုတိယနေ့တွင် သူ အလုပ်ရုံသို့ ရောက်လာသောအခါ မီးဖိုမှ မီးများမှာ ငြိမ်းနေပြီ ဖြစ်သည်ကို တွေ့ရ၏။

​သူ သွားကြည့်လိုက်သောအခါ မီးဖိုအောက်ခြေရှိ မြောင်းလေးတစ်မြောင်း အတွင်း၌ ပုံစံခွက်အမျိုးမျိုးကို တွေ့လိုက်ရ၏။ အကယ်၍ ဓား သို့မဟုတ် သံလျက်ကဲ့သို့သော ဝိညာဉ်လက်နက်များကို ဖန်တီးမည်ဆိုလျှင် ဓားပုံစံခွက်များကို ထည့်ရမည်ဖြစ်ပြီး ပုဆိန်ကဲ့သို့သော လက်နက်အတွက်ဆိုလျှင် ပုဆိန်ပုံစံခွက်ကို ထည့်ရမည် ဖြစ်သည်။

​ယခု ယောင်ထိုက် ဖော်စပ်နေသည်မှာ တူတစ်လက် ဖြစ်၏။ ထိုပုံစံခွက်မှာ ရှိနေသေးသော်လည်း အကြမ်းထည် တူမှာမူ ယောင်ထိုက်၏ လက်ထဲတွင် ရောက်နေချေပြီ။ သူသည် ကြမ်းတမ်းနေသော မျက်နှာပြင်ကို ချောမွေ့သွားစေရန် ကော်ပတ်စက္ကူဖြင့် တိုက်စားနေလေသည်။

​ချင်လဲ့သည် တိတ်ဆိတ်စွာ စောင့်ကြည့်နေမိ၏။

​ယောင်ထိုက်သည် ဦးစွာ တူ၏ မျက်နှာပြင်ကို ချောမွေ့အောင် လုပ်ပြီးနောက် လက်ကိုင်နေရာတွင် မြေသားအရောင်ရှိသော သလင်းကျောက် သုံးတုံးကို ထည့်သွင်းလိုက်၏။ သူက ဆိုသည်။ “ဒါက ကောင်းကင်တိမ်တိုက် သလင်းကျောက်ပဲ၊ သာမန်အဆင့် ၆ ဝိညာဉ်ကုန်ကြမ်းပေါ့။ ဒါက အချောသတ် အဆင့်ပဲ။ သူက ဝိညာဉ်စွမ်းအားကို တိမ်တိုက်တွေအဖြစ် ပြောင်းလဲပေးနိုင်တယ်။ ဝိညာဉ်အစီရင်နဲ့ တွဲသုံးလိုက်ရင် ဒီတူကို ဝှေ့ယမ်းလိုက်တိုင်း မီးခိုးရောင် တိမ်တိုက်တွေ ပေါ်လာလိမ့်မယ်။ ဒါဟာ မဟာလှိုင်းလုံး ပညာကို ကျင့်ကြံတဲ့သူတွေအတွက် အလွန် သင့်တော်တယ်”

​ယောင်ထိုက်သည် အလုပ်လုပ်ရင်း အဆင့်တစ်ဆင့်ချင်းစီကို ချင်လဲ့အား ရှင်းပြနေခဲ့၏။ မိုးချုပ်ခါနီးတွင် တူအတွင်းသို့ ကောင်းကင်တိမ်တိုက် သလင်းကျောက် သုံးတုံးကို ထည့်သွင်းပြီးသွားသောအခါမှသာ သူ အလုပ်ပြီးဟန် ရှိတော့သည်။

​“နောက်ဆုံးအဆင့်ကတော့ အရေးအကြီးဆုံး အဆင့်ပဲ။ အဲဒါကတော့ ဝိညာဉ်အစီရင်တွေကို ရေးဆွဲပြီး လက်နက်ရဲ့ အဆင့်အတန်းကို တကယ်တမ်း သတ်မှတ်လိုက်တာပဲ”

​ယောင်ထိုက်၏ ဝဝဖိုဖို မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာပြီး ဆက်ပြော၏။ “ဒီအဆင့်က မင်းအတွက်တော့ အလှမ်းဝေးသေးသလို၊ အလွန်လည်း နက်နဲတယ်။ ဒါဟာ အချိန်တိုအတွင်းမှာ သင်ယူလို့ရတဲ့ အရာမျိုး မဟုတ်ဘူး။ အင်း... မနက်ဖြန်ကစပြီး ငါ ဝိညာဉ်အစီရင်တွေ ရေးဆွဲရတော့မယ်။ အဲဒီအချိန်မှာ ငါက တိတ်ဆိတ်နေတာကို လိုချင်တာ။ ဒါကြောင့် နောက်လာမယ့် ငါးရက်အတွင်း မင်း လာစရာ မလိုဘူး၊ မင်း အနားယူလို့ ရတယ်”

​“ဟုတ်ကဲ့ပါ” ချင်လဲ့သည် စကားအများကြီး မပြောတတ်သဖြင့် ခေါင်းညိတ်ကာ နားလည်ကြောင်း ပြလိုက်၏။

​ခန်းကျိ၊ ဟန်ဖုန်းနှင့် အခြားလူများ၏ ပြောစကားအရ ယောင်ထိုက်သည် သူ၏ ဝိညာဉ်အစီရင်များကို သူ၏ အသက်ကဲ့သို့ပင် တန်ဖိုးထားပြီး အခြားသူများအား အလွယ်တကူ လက်ဆင့်ကမ်းမည် မဟုတ်ကြောင်း သူ သိရှိထားပြီးသား ဖြစ်၏။

​ထို့ကြောင့် လက်နက်များအတွက် ဝိညာဉ်အစီရင်များ ရေးဆွဲရမည့် အချိန်တွင် သူသည် သူ၏ လက်ထောက်များကို အားလပ်ရက် ပေးလေ့ရှိပြီး အလုပ်ရုံအတွင်းသို့ မည်သူ့ကိုမျှ အဝင်မခံသလို အနှောင့်အယှက်လည်း အပေးမခံချေ။

​ချင်လဲ့သည် ဤကိစ္စအတွက် အသင့်ပြင်ထားပြီး ဖြစ်သဖြင့် သူသည် ကျေကျေနပ်နပ်ပင် လက်ခံကာ အလုပ်ရုံအတွင်းမှ ထွက်လာခဲ့လေသည်။

​ယောင်ထိုက်မှာ အနည်းငယ် အံ့သြသွား၏။ ချင်လဲ့ ထွက်သွားပြီးနောက် သူသည် မျက်မှောင်ကြုတ်လျက် တိုးတိုးလေး ရေရွတ်၏။ “ထူးဆန်းတဲ့ ကောင်လေးပဲ၊ သူက တစ်ခွန်းတောင် မမေးသလို နေချင်တဲ့ အမူအရာလည်း မပြဘူး။ အင်း... သူက အခုမှ စတာဆိုတော့ စိတ်ကို ထိန်းထားနိုင်တာလည်း ဖြစ်မှာပါ။ နောက်ပိုင်းမှာရော သူ ဒီလိုပဲ ရှိနေဦးမလားဆိုတာ ငါ သိချင်မိတယ်...”

​သူသည် တံခါးဝကို ကြည့်ကာ စဉ်းစားဟန်ဖြင့် မေးစေ့ကို ပွတ်သပ်ရင်း ဆိုလိုက်သည်။ “ဒီတစ်ယောက်တော့ အကြာကြီး နေနိုင်ပါစေလို့ ငါ မျှော်လင့်ပါတယ်။ သူက ပိုပြီး လည်တာပဲဖြစ်ဖြစ်၊ ဝိညာဉ်အစီရင်တွေအတွက် လာတာပဲဖြစ်ဖြစ်၊ အနည်းဆုံးတော့ ဒီကောင်လေးက ခိုင်းရတာ တကယ် အဆင်ပြေတယ်”

​...

​ယောင်ထိုက်က အားလပ်ရက် ပေးလိုက်သဖြင့် ချင်လဲ့သည် ရုတ်တရက် စိတ်လက်ပေါ့ပါးသွားပြီး လီမု၏ ဆိုင်သို့ သွားရန် စဉ်းစားလိုက်၏။

​နောက်တစ်နေ့တွင် လီမု၏ဆိုင်သို့ သွားသောအခါ ဆိုင်မှာ ထုံးစံအတိုင်း အေးစက်နေဆဲ ဖြစ်ပြီး လီမုလည်း ပြန်မလာသေးပုံရ၏။

​သူ့တွင် သော့ရှိနေသဖြင့် ထိုကိစ္စမှာ ပြဿနာ မရှိချေ။ သူသည် အခန်းငယ်လေး အတွင်းသို့ ဝင်ကာ တိတ်ဆိတ်စွာ ထိုင်နေမိ၏။

​ယခုအခါ သူသည် ဝိညာဉ်သန့်စင်ခြင်း အဆင့် ၉ သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူ ကျင့်ကြံမည်ဆိုပါက သူ၏ ဝိညာဉ်ပင်လယ်အတွင်းရှိ ဝဲဂယက်သည် လည်ပတ်ကာ ဝိညာဉ်စွမ်းအားများကို သန့်စင်ပေးလိမ့်မည်။ သူ၏ ဝိညာဉ်ပင်လယ်အတွင်းရှိ ဝိညာဉ်စွမ်းအား အားလုံးကို သန့်စင်ပြီးသွားသောအခါတွင်မူ သူသည် ဝိညာဉ်ပေါက်ဖွားခြင်းသို့ တက်လှမ်းရန် စတင် ပြင်ဆင်နိုင်ပြီ ဖြစ်၏။

​သူသည် စွမ်းအားမြှင့်တင်ခြင်း အစီရင် ရေးဆွဲခြင်းကို ရပ်နားထားသည်မှာ ကြာပြီ ဖြစ်၏။ ထို့ကြောင့်လည်း သူသည် ယခု အားလပ်ရက်တွင် စွမ်းအားမြှင့်တင်ခြင်း အစီရင်ကို ဆက်လက် လေ့ကျင့်ရန်အတွက် လီမု၏ဆိုင်သို့ လာခဲ့ခြင်း ဖြစ်လေသည်။

​“နောက်ဆုံးတော့ ငါ စိတ်အေးအေးထားနိုင်မယ့် အချိန် ရပြီပေါ့။ ဒီတစ်ခါတော့ ပိုပြီး ကံကောင်းပါစေလို့ မျှော်လင့်ရတာပဲ၊ လာမယ့် ငါးရက်အတွင်းမှာ အောင်မြင်အောင် လုပ်ရမယ်”

​သူသည် ပထမဆုံး ဝိညာဉ်တံဆိပ်ပြားကို ထုတ်ယူလိုက်ပြီး စိတ်ထဲ၌ စွမ်းအားမြှင့်တင်ခြင်းပုံစံကို လေ့လာလိုက်၏။ ထို့နောက် အသက်ပြင်းပြင်း တစ်ချက်ရှူကာ သူ၏ လက်ချောင်းကို တံဆိပ်ပြားပေါ်သို့ တင်လိုက်လေသည်။

​သူ၏ လက်ချောင်း တံဆိပ်ပြားပေါ်သို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် သူသည် တိတ်ဆိတ်သွားခဲ့ပြီး မည်သည့် အသံကိုမျှ မကြားရတော့ချေ။

​ဤကမ္ဘာကြီးပေါ်တွင် သူ၊ လက်ထဲမှ ဝိညာဉ်တံဆိပ်ပြားနှင့် ထိုတံဆိပ်ပြားအတွင်းရှိ ကမ္ဘာကြီး စသည်တို့ဖြင့်သာ ကျန်ရှိတော့သလိုပင်။

All Chapters