အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
အခန်း (၆၁)
ဆေးဝါးများ ထပ်မံလိုအပ်သည်။
လုမင်လီ စုတ်တံကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်လိုက်ပြီး ကောကျန်း ခေါင်းကို ခေါက်ကာ ဆိုသည်။
“ဘယ်မှာ နတ်သမီး ရှိလို့လဲ၊ ငါ သူတို့ကို လိမ်ပြောလိုက်တာကွ။ ဒါကို ကြည့်”
သူ လက်နှိပ်ဓာတ်မီးကို ဖွင့်ကာ အခန်းအနှံ့ ထိုးပြလိုက်၏။
“ဒါ... ဒါက အဲဒီ အံ့ဖွယ်အလင်း မဟုတ်လား”
ကောကျန်း ဒူးထောက်ရန် ပြင်လိုက်စဉ်မှာပင် လုမင်လီက ဟန့်တားလိုက်သည်။
“မတ်မတ်ရပ်စမ်း”
ထို့နောက် သူ လက်ထဲမှ ဓာတ်မီးကို ဖွင့်လိုက် ပိတ်လိုက် လုပ်ပြရင်း ပြောလိုက်သည်။
“ဒါကို လက်နှိပ်ဓာတ်မီးလို့ ခေါ်တယ်၊ အလင်းရောင် ရဖို့ သုံးတာ၊ အံ့ဖွယ်အလင်း မဟုတ်ဘူး”
ကောကျန်းသည် ဓာတ်မီးကို သေသေချာချာ ထိကြည့်လိုက်သည်။
“မီးအိမ်လိုမျိုး လမ်းပြဖို့ သုံးတာပေါ့... ကျွန်တော် ထိကြည့်လို့ ရမလား…”
လုမင်လီ ရက်ရက်ရောရော ပေးလိုက်၏။ ကောကျန်းသည် ဓာတ်မီးကို ကိုင်ကြည့်လိုက်သည်။
“အတော်လေး လေးသားပဲ”
သို့သော် လုမင်လီ၏ ရက်ရောမှုမှာ ငါးစက္ကန့်သာ ခံ၏။ ကောကျန်း ဖျက်ဆီးမိမည်ကို စိုးရိမ်သဖြင့် ချက်ချင်းပင် ပြန်လုယူလိုက်ကာ ပြောလိုက်သည်။
“ကဲ... သိသင့်သလောက် သိပြီ။ နောက်တစ်ခါ ငါ့ရှေ့မှာ နတ်တွေ၊ မိစ္ဆာတွေအကြောင်း လာမပြောနဲ့တော့၊ နားလည်လား။ ပြီးတော့ ဒီပုံတူကို အမွှေးတိုင်ထွန်းတာလည်း ရပ်လိုက်တော့”
အသက်ရှင်နေသေးသည့် လူတစ်ဦးကို အမွှေးတိုင်ထွန်း၍ ပူဇော်နေသည်မှာ မင်္ဂလာမရှိဟု သူ ခံစားရသည်။
ကောကျန်းကခေါင်းကုတ်လိုက်၏။
“ဟုတ်ကဲ့ပါ။ ဒါပေမဲ့ စစ်သူကြီးက တကယ်ကို ဉာဏ်ကြီးရှင်ပါပဲ။ မဟုတ်ရင် ချောင်တရှန်းကို ဖမ်းဖို့ ဒီလောက် လွယ်မှာ မဟုတ်ဘူး”
“ဒါပေမဲ့ စစ်သူကြီး... ဒီဓာတ်မီးက ဖယောင်းတိုင် မပါဘဲ လင်းနိုင်တာလေ။ ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။ ပြီးတော့ အဲဒီ ဆေးတွေကလည်း သောက်ပြီးတာနဲ့ အဖျားက ချက်ချင်း ကျသွားတာ။ အင်မော်တယ်ပစ္စည်း မဟုတ်ရင်တောင် အဲဒါထက် ပိုတော်ပါသေးတယ်”
လုမင်လီသည် ထိုစကားကို ကြားပြီးနောက် အတွေးထဲ နစ်ဝင်သွားတော့သည်။
ဟွာကျွင်းသည် အခြားကမ္ဘာမှ လာသူ ဖြစ်ရာ သူမ၏ အစားအစာ၊ ပစ္စည်းများနှင့် ဆေးဝါးများမှာ အံ့ဩစရာ ကောင်းလှ၏။ ဤအရာများနှင့် နတ်ဘုရားများ၏ ပစ္စည်းများကြားတွင် ကွာခြားမှုမရှိပေ။
ပုံပြင်များထဲတွင် နတ်ဘုရားများသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး အရသာများကို စားသုံးကြပြီး သူတို့၏ ဆေးလုံးတစ်လုံးသည် သေလူကိုပင် ပြန်ရှင်စေနိုင်သည်ဟု ဆိုကြသည်။
ဤရှုထောင့်မှ ကြည့်လျှင် ဟွာကျွင်းကို နတ်ဘုရားတစ်ပါးဟု ဆိုပါကလည်း ချဲ့ကားပြောဆိုရာ မရောက်ပေ။
လက်ထဲမှ ဓာတ်မီးကို ကြည့်ပြီး သူနှင့် ဟွာကျွင်းကြားရှိ ကွာဟချက်ကို ပထမဆုံးအကြိမ် ခံစားလိုက်ရ၏။
ဟွာကျွင်း၏ အပြုအမူများနှင့် အမြင်များမှာ သူ ဆုံဖူးသမျှ မိန်းကလေးများနှင့် မတူပေ။
သူ့စိတ်ထဲတွင် ဖော်ပြမတတ်သော ဝမ်းနည်းမှု အနည်းငယ် ဖြစ်ပေါ်လာသည်။ လုမင်လီသည် ပန်းချီကားကို ပြန်ကြည့်ကာ သက်ပြင်းချလိုက်ပြီး ပန်းချီကားနှင့် ဆေးပုလင်းကို ထုပ်ပိုး၍ ကျန်းရှီယွဲ့ ထံ ပြန်ပို့ခိုင်းလိုက်တော့သည်။
သူ စုတ်တံကို ကောက်ကိုင်ကာ ဟွာကျွင်းထံ စာရေးရန် ဆုံးဖြတ်လိုက်၏။
သူ စာရေးချင်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း အကြောင်းပြချက် မရှိဘဲ ဖြစ်နေ၏။ ယခုမူ ချောင်တရှန်း၏ ကိစ္စကို အကြောင်းပြ၍ ရေးမည်ဆိုလျှင် အဆင်ပြေနိုင်ပေမည်။
‘ဆောင်းရာသီမှာ ရောက်လာတဲ့အကူအညီကြောင့် ကျွန်တော် ကျေးဇူးတင်မိပါတယ်။ အခုဆို ကျွန်တော်တို့ ခွဲခွာရတာ လဝက်တောင်ကျော်ပြီ။ ဘေးဒုက္ခတွေ အဆင်ပြေချောမွေ့ဖို့ ကိစ္စတွေကို ပြန်ပြင်ဆင်ဖို့ လိုနေပါတယ်။ ဒါပေမဲ့ ကူးစက်ရောဂါကို တိုက်ဖျက်နိုင်ဖို့က အရေးကြီးဆုံးပါ။ ဟွာကျွင်းပို့ပေးတဲ့ ပစ္စည်းတွေက ကျွန်တော်တို့ရဲ့ အရေးပေါ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးခဲ့ပါတယ်’
ဟွာကျွင်း ကျန်းရှီယွဲ့ထံ ရေးသော စာကို ပြန်တွေးမိသည့်အခါ လုမင်လီသည် မိမိ၏ ရေးသားပုံမှာ လွန်စွာသမားရိုးကျဆန်လွန်းသည်ဟု ခံစားရသဖြင့် ၎င်းကို ချက်ချင်း ဆုတ်ဖြဲကာ အသစ်ပြန်ရေးသည်။
သူ စာရေးနေစဉ်မှာပင် သမားတော်ချန်းက အခန်းထဲသို့ အလောတကြီး ဝင်လာပြီး ဆိုသည်။
“စစ်သူကြီး။ ကျွန်တော့်မှာ တောင်းဆိုစရာ ရှိပါတယ်”
လုမင်လီ တည်ငြိမ်စွာ အနီးရှိ စာအုပ်တစ်အုပ်ကို ယူ၍ စာကို ဖုံးအုပ်လိုက်၏။
“ဘာကိစ္စလဲ”
“အိမ်နီးချင်း လော့ကျိုးခရိုင်နဲ့ ရှီးစီအန်းခရိုင်တွေမှာ ကူးစက်ခံရသူဦးရေက ရုတ်တရက် တိုးလာပါတယ်။ ဒီနေ့တင် ခရိုင်ပြင်ပက ကူးစက်ခံရသူ ဒါဇင်ပေါင်းများစွာ ထပ်ရောက်လာပါတယ်။ ကျွန်တော်တို့မှာ လူအင်အား မလောက်သလို ဆေးလည်း ကုန်တော့မယ်။ သုံးရက်အတွင်း ဒီအခြေအနေကို မထိန်းချုပ်နိုင်ရင် ခက်ပါလိမ့်မယ်”
လုမင်လီ မျက်မှောင်ကြုတ်ကာ မေးသည်။
“နန်းတော်က ပို့တဲ့ ဆေးတွေ ဘယ်လောက် ကျန်သေးလဲ”
“ဆယ်ပုံတစ်ပုံပဲ ကျန်ပါတော့တယ်”
“နောက်ထပ် ဆေးတွေ မရောက်ခင်အထိ တောင့်ခံထားလို့ ရမလား”
“စစ်သူကြီး ပွင့်ပွင့်လင်းလင်း ပြောရရင် ဆေးလုံလောက်ရင်တောင် အာနိသင်က အရမ်းနှေးတဲ့အတွက် အချိန်ဆွဲနေရင် အလကားပါပဲ။ တိုက်ပင်ရွာမှာ အောင်မြင်တဲ့ သာဓက ရှိနေတာပဲ၊ သူတို့ သုံးခဲ့တဲ့ ဆေးကို ဘာလို့ မသုံးတာလဲ”
ထိုစကားမှာ ပြောရလျှင် လွယ်ကူလှ၏။ လုမင်လီသည် သူ ခရီးမထွက်မီ ညက ဟွာကျွင်း ပြောခဲ့သည်ကို မှတ်မိနေသည်။ ဤဆေးများကို ရရန် မလွယ်ကူကြောင်း သူမ ဆိုခဲ့ဖူးသည်။ အကယ်၍ သူမကို ဒုက္ခမပေးချင်သည့် စိတ်သာ မရှိလျှင် သူသည် ဆေးအမြောက်အမြား ဝယ်ရန် အစောကြီးကတည်းက အကြံပြုခဲ့မိမည် ဖြစ်၏။
“စစ်သူကြီး... နည်းလမ်းရှိရင် အဲဒီ ပြည်သူတွေအတွက် စဉ်းစားပေးပါဦး။ ရာသီဥတုက ပိုပိုအေးလာပြီ၊ သူတို့လည်း နေမကောင်းကြဘူး။ ကျွန်တော် စိုးရိမ်မိပါတယ်”
လုမင်လီ အံကြိတ်ကာ ဆိုသည်။
“ဆေးရအောင် ငါ နည်းလမ်းရှာပါ့မယ်။ ဘာပဲဖြစ်ဖြစ် ငါပြန်မလာခင်အထိ တောင့်ခံထားကြစမ်း”
“တိုက်ပင်ရွာကိုလည်း အခုချက်ချင်း ချိတ်ပိတ်တာကို ပြန်ဖွင့်လိုက်တော့။ ကျန်းရှီယွဲ့ကို ထွက်လာခိုင်းပြီး ရောဂါ ကာကွယ်ရေး ကိစ္စတွေကို တာဝန်ယူခိုင်းလိုက်။ အားလုံး သူ့ရဲ့ စီစဉ်မှုကို နားထောင်ကြ”
ညွှန်ကြားချက်များ ပေးပြီးနောက် သူ မြင်းပေါ်သို့ ချက်ချင်း တက်ကာ ဟွာကျွင်း၏ မုန့်ဆိုင် ဆီသို့ အပြေးအလွှား ပြန်တော့သည်။
ဟွာကျွင်းသည် လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက အနားမနေခဲ့ပေ။ သူမသည် မြို့ထဲရှိ ဆေးဆိုင်တိုင်းသို့ သွားကာ အဖျားကျဆေး စုစုပေါင်း ပုလင်းတစ်ထောင်ကို ဝယ်ယူခဲ့၏။
ဝေးလံခေါင်သီသော တောင်ပေါ်ဒေသများအတွက်ဟု အကြောင်းပြခဲ့သော်လည်း သူမ စိုးရိမ်နေဆဲ ဖြစ်၏။ ဆေးအမြောက်အမြားကို တစ်ပြိုင်နက် ဝယ်ယူခြင်းက ဈေးကွက်ကို လှုပ်ခတ်စေနိုင်ပြီး အထက်လူကြီးများ၏ အာရုံစိုက်မှုကို ခံရမည်ကို သူမ ကြောက်မိသည်။
ထို့ကြောင့် ဆိုင်တစ်ဆိုင်လျှင် ဆေးပုလင်း ဒါဇင်အနည်းငယ်စီသာ ဝယ်ယူခဲ့ရာ ပုလင်းတစ်ထောင် ပြည့်ရန် ရက်တော်တော်များများ ကြာခဲ့သည်။
ထို့အပြင် ဟွာကျွင်းသည် အွန်လိုင်းမှလည်း ပစ္စည်းများကို အများအပြား မှာယူခဲ့၏။
အသားဘူးနှင့် ငါးဘူး စုစုပေါင်း အခု (၁၀၀၀) ၊ ဆန်ပိဿာ (၁၀၀၀၀) ခန့်နှင့် အသင့်စား ခေါက်ဆွဲထုပ် (၅၀၀၀) တို့ ဖြစ်သည်။
ဆိုင်ထဲတွင် မဆံ့မည်ကို စိုးရိမ်သဖြင့် သူမ ရက်ခွဲ၍ မှာယူခဲ့ပြီး ပစ္စည်းပို့သည့် အချိန်ကိုလည်း ခွဲခြား သတ်မှတ်ထားခဲ့၏။
သို့သော်လည်း ပထမဆုံးနေ့မှာပင် ဆိုင်လေးထဲတွင် ပစ္စည်းများမှာ တောင်ပုံရာပုံ ဖြစ်နေတော့သည်။ စားပွဲများ၊ ကြမ်းပြင်နှင့် ထိုင်ခုံများပေါ်တွင် သေတ္တာများ ပြည့်နှက်နေ၏။
မကြာသေးမီက ဆိုင်ဖွင့်ရန် မသင့်တော်သဖြင့် ဟွာကျွင်းသည် ညစဉ်ညတိုင်း ဟွာရှန့် ကို စစ်သူကြီးအိမ်တော်သို့ လွှတ်၍ ဤပစ္စည်းများကို အရင် သယ်ထုတ်ခိုင်းရသည်။
သို့သော် သူမကို ပို၍ အံ့ဩသွားစေသည်မှာ လုမင်လီသည် ထိုညမှာပင် ရောက်ရှိလာခြင်း ဖြစ်၏။
သူသည် လမ်းတစ်လျှောက် လုံးဝ အနားမယူခဲ့ပေ။ လုမင်လီ ဆိုင်ထဲသို့ ဝင်လာသည့်အခါ သူ၏ မျက်လုံးများမှာ နီရဲနေပြီး တစ်ကိုယ်လုံးတွင် အအေးဓာတ်များ လွှမ်းခြုံနေ၏။
သူ၏ ပထမဆုံး စကားလုံးမှာ အသံဩဩဖြင့် ထွက်ပေါ်လာသည်။
“စားစရာ တစ်ခုခု ရှိလား”
“ရှိတယ်၊ ခဏစောင့်”
ဟွာကျွင်း အမဲသား နှစ်တုံးကို ထုတ်ယူကာ ငရုတ်ကောင်း၊ သံလွင်ဆီတို့ဖြင့် အသာအယာ နယ်နှပ်ပြီးနောက် ဒယ်အိုးကို အပူပေးလိုက်၏။
အမဲသား၏ ဘေးတစ်ဖက်တွင် အဆီလွှာ အထူကြီး ပါရှိရာ ဟွာကျွင်းသည် ထိုအဆီလွှာပါသော ဘက်ကို အိုးထဲသို့ အရင်ထည့်ကာ (၁) မိနစ်ခန့် အပူပေးလိုက်၏။ အဆီများ ထွက်လာသောအခါမှ အသားကို ဆန့်လိုက်ပြီး ထိုအဆီဖြင့်ပင် ဆက်လက် ကြော်သည်။
တစ်ဖက်စီကို (၃) မိနစ်ခန့်သာ ကြော်ပြီးနောက် ထောပတ် အနည်းငယ် ထည့်ကာ မီးအေးအေးဖြင့် အသားထဲသို့ စိမ့်ဝင်သွားအောင် လုပ်လိုက်၏။ အပြင်ဘက်က ကျက်သွားပြီး အတွင်းသားမှာ ပန်းရောင်သမ်းကာ နူးညံ့နေသော အမဲသားတုံးမှာ စားသုံးရန် အသင့်ဖြစ်သွားတော့သည်။
လုမင်လီ ကောင်းမွန်သော အစားအစာကို မည်သည့်အခါက နောက်ဆုံးစားခဲ့သည်ကိုပင် မမှတ်မိတော့ပေ။သူ တာဝန်များဖြင့် အမြဲလိုလို အလုပ်ရှုပ်နေကာ ရသမျှ အစားအစာများမှာလည်း စားချင်စရာ မကောင်းသဖြင့် သူ ဂရုမစိုက်ခဲ့ပေ။
သို့သော် ယခုမွှေးကြိုင်သော အနံ့ကို ရလိုက်သည့်အခါ သူ့လည်ချောင်းမှာ လှုပ်ရှားလာတော့သည်။ သူသည် တံတွေးကို မျိုချရင်း အငမ်းမရ စားသောက်တော့သည်။
အပြင်သားမှာ မီးကျွမ်းနေသော်လည်း အတွင်းသားမှာ နူးညံ့လှ၏။ တစ်ကိုက် ကိုက်လိုက်တိုင်း ထူးခြားသော အဆီနံ့နှင့် အရသာမှာ သူ့လျှာပေါ်တွင် ပျံ့နှံ့သွားသည်။
သူ အလွန် ဆာလောင်နေသော်လည်း အမူအရာမှာ ပျာယာခတ်မနေဘဲ ခန့်ညားထည်ဝါလှ၏။ မကြာမီမှာပင် အသားနှစ်တုံးလုံး ကုန်သွားတော့သည်။
သူ လက်ကိုင်ပုဝါဖြင့် ပါးစပ်ကို သုတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ဝေခွဲမရစွာ ကြည့်ရင်း မေးလိုက်၏။
“ဒါတွေက...”
ဟွာကျွင်း ပြောလိုက်သည်။
“စစ်သူကြီး ရောက်လာတာ အချိန်ကိုက်ပါပဲ။ ကျွန်မ ဆေးတွေနဲ့ အစားအစာတွေ ဝယ်ထားတယ်။ ဒါတွေကို သယ်ဖို့ ဟွာရှန့်ကို စစ်သူကြီးအိမ်တော်ဆီ လွှတ်ထားတယ်”
လုမင်လီ တစ်ခဏ စဉ်းစားပြီးမှ ပြောလိုကက်သည်။
“ဟွာကျွင်း... မင်းကို အားနာပေမဲ့ အကူအညီ တောင်းစရာ ရှိတယ်။ အခု ရောဂါဖြစ်နေတဲ့ လူဦးရေက တစ်သိန်း ရှစ်သောင်းအထိ ရှိနေပြီ။ ဒီပစ္စည်းတွေနဲ့ မလောက်ဘူး။ ငါ နောက်ထပ် ဆေးတွေနဲ့ အစားအစာတွေ အများကြီး လိုတယ်။ ငွေဘယ်လောက် ကုန်ကုန် ကိစ္စမရှိဘူး၊ မင်း လိုသလောက်သာ ပြောပါ”
လူပေါင်း တစ်သိန်း ရှစ်သောင်း။ ဤသည်မှာ သေးငယ်သော ကိစ္စမဟုတ်ပေ။ ဟွာကျွင်း ဝေခွဲမရ ဖြစ်သွား၏။
“ကျွန်မတို့ဆီမှာ ဆေးဝါးအတော်များများက ထိန်းချုပ်ထားတဲ့ ပစ္စည်းတွေ ဖြစ်တယ်။ အဲဒီလောက် အများကြီးကို တစ်ခါတည်း ရဖို့ ခက်လိမ့်မယ်”
“ပြီးတော့ ကျွန်မရဲ့ ဆိုင်ကလည်း အရမ်းသေးလွန်းတော့ ဒီလောက် ပစ္စည်းအများကြီးကို မဆံ့ဘူး။ ဒါတွေကို ဘယ်လို ဝယ်ယူရမယ်ဆိုတာ ကျွန်မ သေသေချာချာ စဉ်းစားရဦးမယ်”
အခန်း (၆၂)
နဂါးနှင့် ဖီးနစ် ကျောက်စိမ်းဆွဲသီး
ဟွာကျွင်း စိုးရိမ်ပူပန်နေမိ၏။ ဤမျှများပြားသော ဆေးဝါးများကို သူမ မည်သို့ ရယူနိုင်ပါမည်နည်း။
လုမင်လီ မေးလိုက်၏။
“မင်း အရင်က လုမျိုးနွယ် မိသားစုအကြောင်း ပြောခဲ့ဖူးတယ်နော်၊ သူတို့က ကိုယ့်ရဲ့ မျိုးဆက်တွေ ဖြစ်နိုင်မလား”
ဟွာကျွင်း ပြောလိုက်သည်။
“ဟုတ်တယ်၊ ဒါပေမဲ့ ကျွန်မလည်း သေသေချာချာတော့ မသိသေးဘူး”
လုမင်လီ မြစိမ်းရောင်တောက်နေသော ကျောက်စိမ်းဆွဲသီးတစ်ကုံးကို ထုတ်ယူလိုက်၏။ ဟွာကျွင်းသည် တစ်ချက်ကြည့်ရုံဖြင့် ၎င်းမှာ အလွန်တန်ဖိုးရှိသော ပစ္စည်းဖြစ်ကြောင်း သိလိုက်သည်။
သူ ဆွဲသီးကို အသာအယာ လှည့်လိုက်ရာ ကျောက်စိမ်းဆွဲသီးမှာ နှစ်ခြမ်း ကွဲသွားတော့သည်။
တစ်ခြမ်းတွင် နဂါးရုပ်ကို ထွင်းထုထားပြီး ကျန်တစ်ခြမ်းတွင် ဖီးနစ်ရုပ် ကို ထွင်းထုထားရာ နှစ်ခုစလုံးမှာ သက်ရှိထင်ရှား ရှိနေသကဲ့သို့ အလွန် လက်ရာမြောက်လှ၏။
လုမင်လီ တစ်ခဏ စဉ်းစားပြီးနောက် ဖီးနစ်ရုပ်ထွင်းထားသော အခြမ်းကို ဟွာကျွင်းထံ ကမ်းပေးကာ ဆိုသည်။
“ဒါကိုယူပြီး သူ့ကို သွားရှာလိုက်ပါ။ တကယ်လို့ သူသာ ကိုယ်တို့ လုမိသားစုက ဆင်းသက်လာတဲ့သူ ဆိုရင်တော့ မင်းကို အစွမ်းကုန် ကူညီပါလိမ့်မယ်”
ဟွာကျွင်းက ဝေခွဲမရဖြစ်ကာ မေးမြန်းလေ၏။
“ဒါကို သူ့ကို ရောင်းခိုင်းတာလား”
“မဟုတ်ပါဘူး...”
လုမင်လီသည် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားဟန်ဖြင့် ဆို၏။
“ဒါက ကိုယ့်မိသားစုရဲ့ အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ ကျောက်စိမ်းဆွဲသီးပဲ။ အစက အဖေနဲ့ အမေမှာ တစ်ခြမ်းစီ ရှိခဲ့တာ၊ ကိုယ် လူလားမြောက်တဲ့ အခမ်းအနား ရောက်မှ နှစ်ခုကို ပေါင်းပြီး ကိုယ့်ကို ပေးခဲ့တာပါ...”
သူ ဟွာကျွင်းဘက်သို့ လှည့်ကြည့်လိုက်ရာ ဘာမှ ထူးထူးခြားခြား တုံ့ပြန်မှုမရှိဘဲ သေသေချာချာ နားထောင်နေသည်ကို တွေ့ရသဖြင့် ချောင်းတစ်ချက် ဟန့်ကာ ဆက်ပြောသည်။
“ဒီကျောက်စိမ်းကို သူ့ကို ပြလိုက်ရုံပါပဲ။ သူသာ လုမိသားစုရဲ့ မျိုးဆက်ဆိုရင် အလိုလို နားလည်သွားလိမ့်မယ်”
ဟွာကျွင်း ပြောလိုက်၏။
“ကောင်းပါပြီ၊ အခုပဲ သူ့ကို ပြပြီး ဘယ်လို တုံ့ပြန်မလဲ ကြည့်လိုက်မယ်”
ထို့နောက် သူမ ဖုန်းကို ထုတ်လိုက်သည်။ ကျောက်စိမ်းဆွဲသီးကို ဓာတ်ပုံရိုက်ကာ လုကျောက် ထံသို့ ဝီချက် မှတစ်ဆင့် တိုက်ရိုက် ပေးပို့လိုက်၏။
လုမင်လီသည် သူမက အလင်းထွက်နေသော အရာတစ်ခုကို ထုတ်၍ သုံးနေသည်ကို ကြည့်ကာ စူးစမ်းချင်စိတ်ဖြင့် မေးမြန်းသည်။
“ဒါက ဘာပစ္စည်းလဲ”
“ဒါကို ဖုန်းလို့ ခေါ်တယ်လေ။ စာရေးသလိုမျိုး တခြားသူတွေနဲ့ ဆက်သွယ်လို့ ရတယ်။ အရမ်း အဆင်ပြေတာ၊ ကြည့်ဦး”
ဟွာကျွင်း ဖုန်းကို လုမင်လီထံ ကမ်းပေးလိုက်၏။ သူ အားပြင်းပြင်းဖြင့် ကိုင်မိပါက ကွဲသွားမည်ကို စိုးရိမ်သဖြင့် တင်းတင်းကြပ်ကြပ် မကိုင်ရဲဘဲ လက်ထဲတွင် အသာအယာ ကိုင်ကာ ပြောသည်။
“ဘာလို့ အလင်း မထွက်တော့တာလဲ”
ဟွာကျွင်း ဖန်သားပြင်ကို လက်ဖြင့် အသာအယာ ပုတ်လိုက်ရာ ဖုန်းမှာ ပြန်လည် တောက်ပလာပြန်သည်။
လုမင်လီ ဤပစ္စည်း၏ လက်ရာမြောက်ပုံကို အံ့ဩနေမိ၏။ ရုတ်တရက် ဖုန်းမှာ တုန်ခါလာသဖြင့် သူ လန့်သွားတော့သည်။
လုကျောက်ထံမှ ဖုန်းခေါ်လာခြင်း ဖြစ်၏။ ဟွာကျွင်း ဖုန်းကို ကိုင်လိုက်ရာ လုကျောက်၏ အလောတကြီး အသံ ထွက်ပေါ်လာသည်။
“မစ္စဟွာ... ခင်ဗျား ပို့လိုက်တဲ့ ပုံကို ကျွန်တော် အခုပဲ မြင်လိုက်ရတယ်။ အဲဒီ ကျောက်စိမ်းဆွဲသီးက ခင်ဗျားဆီမှာ ရှိနေတာလား”
ဟွာကျွင်းသည် လုမင်လီကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။
“ကျွန်မဆီမှာ ရှိနေပါတယ်။ ရှင် အဲဒီ ကျောက်စိမ်းကို သိလို့လား”
“အမှန်အတိုင်း ပြောရရင် အဲဒါက ကျွန်တော့် မိသားစုရဲ့ အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ ကျောက်စိမ်းရဲ့ ကျန်တဲ့ တစ်ခြမ်း ဖြစ်နေလို့ပါ။ ဒါကို ဘယ်လိုရခဲ့လဲဆိုတာ မေးလို့ ရမလား”
“မနက်ဖြန် မနက် ကျွန်မရဲ့ မုန့်ဆိုင်ကို လာခဲ့ပါ၊ အဲဒီကျမှ လူချင်းတွေ့ပြီး စကားပြောကြတာပေါ့”
လုကျောက်နှင့် ချိန်းဆိုပြီးနောက် ဟွာကျွင်း ဖုန်းကို ချလိုက်ပြီး လုမင်လီကို ပြောလိုက်သည်။
“ရှင် လောင်းကြေးထပ်တာ မှန်သွားပြီ၊ သူက တကယ်ပဲ ရှင့်ရဲ့ မျိုးဆက်ပဲ...”
လုမင်လီက ပြင်ပေးလိုက်၏။
“သူက လုမိသားစုရဲ့ မျိုးဆက်ပါ၊ ကိုယ့်မျိုးဆက်တော့ ဟုတ်ချင်မှ ဟုတ်မှာပါ။ လုမင်းကျဲ ရဲ့ မျိုးဆက်လည်း ဖြစ်နိုင်တာပဲ”
ဟွာကျွင်းသည် ထိုစကားကို စဉ်းစားကြည့်ကာ သဘောတူလိုက်၏။ ထို့နောက် သူမက မေးမြန်းသည်။
“ရှင် ဒီမှာ ဘယ်လောက်ကြာကြာ နေလို့ရသေးလဲ”
“ခရိုင်ထဲမှာ ကျန်းရှီယွဲ့ က အခြေအနေတွေကို စောင့်ကြည့်နေတာမို့ ကိုယ် သုံးရက်လောက်တော့ ပြန်နေလို့ ရပါတယ်”
ထိုအချိန်တွင် ဟွာကျွင်း ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။
“ကျန်းရှီယွဲ့ ဘယ်လိုနေသေးလဲ”
လုမင်လီသည် မျက်လွှာချလိုက်ပြီး လေသံအေးအေးဖြင့် ပြန်ဖြေသည်။
“သူ အရင်က နေမကောင်း ဖြစ်နေတာ၊ ဒါပေမဲ့ မင်းပေးတဲ့ ဆေးတွေကြောင့် ခဏလေးနဲ့ ပြန်ကောင်းသွားပါပြီ”
“ကောင်းတာပေါ့။ ဆေးတွေက ထိရောက်တယ်ဆိုတော့... ဒါဆို စစ်သူကြီး ဆေးဘယ်လောက်လောက် လိုမလဲ”
“အဖျားကျဆေး သက်သက်ပဲဆိုရင် အခု ငါးသောင်းလောက် လိုမယ်။ တခြားဆေးတွေကိုတော့ သမားတော်တွေဘာသာ ပြင်ဆင်နိုင်ပါတယ်”
ဟွာကျွင်းသည် စာရွက်နှင့် ကလောင်ကို ထုတ်၍ မှတ်သားလိုက်သည်။
“ဒါ့အပြင် ရာသီဥတုက အေးလာပြီဆိုတော့ တခြား အအေးဒဏ် ကာကွယ်ရေး ပစ္စည်းတွေ ရှိရင်လည်း တစ်ခါတည်း ပြင်ဆင်ထားလို့ ရပါတယ်”
ဟွာကျွင်း တစ်ခဏ စဉ်းစားပြီးနောက် စာရွက်ပေါ်တွင် ရေးမှတ်လိုက်၏။ စောင်များ၊ တဲများ၊ ဖယောင်းတိုင်များ၊ အသင့်စား ခေါက်ဆွဲများ၊ ရေသန့်ဘူးများနှင့် ဆန်များ ဖြစ်သည်။ လူပေါင်း တစ်သိန်း ရှစ်သောင်းအတွက် ရည်ရွယ်၍ ပြင်ဆင်ခြင်း ဖြစ်၏။
ထိုအချိန်မှာပင် ဟွာရှန့် လုမင်းကျဲနှင့်အတူ ရောက်ရှိလာသည်။ လုမင်းကျဲသည် အိမ်ထဲသို့ ဝင်လာသည်နှင့် အံ့ဩတကြီး အော်ဟစ်လိုက်၏။
“အစ်ကိုကြီးလား။ ဘယ်တုန်းက ပြန်ရောက်တာလဲ။ ဘာလို့ အိမ်ကို မလာတာလဲ”
ထို့နောက် သူ လုံးဝ ပြောင်းလဲသွားသော မုန့်ဆိုင်လေးကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
“ဟွာရှန့်က ကျွန်တော့်ကို ပစ္စည်းတွေ လာသယ်ခိုင်းလို့။ အဲဒီ သေတ္တာတွေလား”
လုမင်လီ သူခေါ်လာသော လူများကို အမိန့်ပေးကာ ပစ္စည်းများကို လှည်းပေါ်သို့ တစ်ခုချင်းစီ တင်ခိုင်းလိုက်သည်။ စစ်တပ်နောက်ခံ ရှိသူများပီပီ သူတို့သည် ပစ္စည်းများကို ခဏချင်းပင် လက်စသတ်ကာ သိမ်းဆည်းလိုက်ကြတော့၏။
သူတို့ ထွက်သွားပြီးနောက် ဟွာကျွင်းသည် မုန့်ဆိုင်လေးကို လှည့်ပတ်ကြည့်ရှုနေမိသည်။ မုန့်ဆိုင်၏ နောက်ဘက်တံခါးမှာ လမ်းမကြီးနှင့် ဆက်နေပြီး ညာဘက်တွင် သူမ အိမ်ရှိကာ ဘယ်ဘက်တွင်မူ စွန့်ပစ်ထားသော မြေကွက်လပ်တစ်ခု ရှိနေသည်။
အကယ်၍ သူမ ထိုမြေကွက်ကို ဝယ်ယူပြီး ဂိုဒေါင်တစ်ခု ဆောက်နိုင်ခဲ့ပါက ပစ္စည်းများ စီမံရသည်မှာ ပို၍ လွယ်ကူသွားပေလိမ့်မည်။
ဤကိစ္စအားလုံးမှာ လုကျောက်၏ စွမ်းဆောင်ရည်ပေါ်တွင်သာ မူတည်နေတော့သည်။
လုမင်လီသည် ငယ်ငယ်ရွယ်ရွယ်နှင့် စစ်သူကြီးကြီး ဖြစ်ခဲ့သူမို့ သူ့မျိုးဆက်များသည်လည်း ညံ့မည်မဟုတ်ပေ။
နောက်တစ်နေ့ နံနက်တွင် လုကျောက်နှင့် လုမျိုးနွယ် အဘိုးအိုတို့ မုန့်ဆိုင် အဝင်ဝတွင် စောင့်ဆိုင်းနေကြပြီ ဖြစ်၏။
ဟွာကျွင်းသည် သူတို့ကို အထဲသို့ ဖိတ်ခေါ်လိုက်သည်။ အဘိုးလု စိတ်အားထက်သန်စွာဖြင့် မေးမြန်းတော့သည်။
“သမီးဆီက ကျောက်စိမ်းဆွဲသီးကို အဘိုး ကြည့်လို့ ရမလား”
ဟွာကျွင်း ကျောက်စိမ်းဆွဲသီးကို ကမ်းပေးလိုက်၏။ အဘိုးလုသည် သူ့အိတ်ကပ်ထဲမှ အဖိုးတန် သေတ္တာငယ်လေးကို ထုတ်၍ အထဲမှ ကျောက်စိမ်းဆွဲသီးကို ထုတ်ယူလိုက်သည်။ ၎င်းမှာ နဂါးရုပ် ထွင်းထားပြီး မနေ့ညက လုမင်လီ ကိုင်ထားသော အခြမ်းနှင့် ထပ်တူကျနေ၏။
အဘိုးအိုသည် ဆွဲသီးနှစ်ခြမ်းကို ပူးကပ်လိုက်ရာ 'ကလစ်' ခနဲ အသံနှင့်အတူ တစ်သားတည်း ဖြစ်သွားပြီး ချောမွေ့စွာ ပေါင်းစပ်သွားတော့သည်။
အဘိုးလုသည် စိတ်လှုပ်ရှားစွာဖြင့် ဟွာကျွင်းကို ပြောလိုက်သည်။
“အဘိုး မင်းကို စောင့်နေခဲ့တာ ကြာပါပြီ”
“ငါတို့ လုမိသားစုမှာ ဘိုးဘေးအစဉ်အဆက် စည်းကမ်းတစ်ခု ရှိပါတယ်။ အကယ်၍ တစ်စုံတစ်ယောက်က နဂါးနှင့် ဖီးနစ် ဆွဲသီးရဲ့ ကျန်တဲ့တစ်ခြမ်းကို ယူလာခဲ့ရင် ဘာမေးခွန်းမှ မမေးဘဲ တစ်မျိုးနွယ်လုံးရဲ့ အင်အားနဲ့ ကူညီရမယ် ဆိုတာပါပဲ”
“အဘိုးတို့ လုမိသားစုက ဒီကျောက်စိမ်းဆွဲသီးကို မျိုးဆက်ပေါင်းများစွာ ရှာဖွေခဲ့တာ၊ အခု ငါ့ လက်ထက်ကျမှ ပြန်တွေ့ရတော့တာပဲ။ အဘိုး ဘိုးဘေးတွေကို မျက်နှာပြရဲပါပြီ”
အရာအားလုံးမှာ ဤအခိုက်အတန့်တွင် ကွင်းဆက် တစ်ခုတည်း ဖြစ်သွားတော့သည်။ မနေ့ညက လုမင်လီ၏ အတွေးမှာ တစ်ညတည်းနှင့် နှစ်ပေါင်း တစ်ရာကျော်ကို ဖြတ်ကျော်ကာ လက်ဆင့်ကမ်း ရောက်ရှိလာခဲ့၏။
အံ့ဩစရာ ကောင်းလှပေသည်။
အဘိုးအိုကြီးသည် နံရံပေါ်ရှိ ပန်းချီကားကို မြင်လိုက်ရသည့်အခါ ထပ်မံ မှင်သက်သွားပြန်သည်။ ၎င်းမှာ ရှန်းဟွိုက်ရွှီ ဆွဲပေးထားသော နှင်းတောထဲမှ မုန့်ဆိုင်လေး၏ ပန်းချီကား ဖြစ်၏။ အဘိုးအိုကြီးက ပန်းချီကားကို ညွှန်ပြကာ ဟွာကျွင်းကို ဆိုသည်။
“ဒါ... ဒါ ရှန်ဟွိုက်ရွှီးရဲ့ လက်ရာပဲ။တကယ့် လက်ရာအစစ်ပဲ”
ရှန်ဟွိုက်ရွှီး၏ အစစ်အမှန် လက်ရာများမှာ အလွန် ရှားပါးလှရာ တွေ့ရခဲလှသော်လည်း ဤမိန်းကလေးမှာမူ ၎င်းကို စားသောက်ဆိုင် နံရံတွင်ပင် ချိတ်ဆွဲထားသည်။
ထို့နောက် သူမ ရောင်းချခဲ့ဖူးသော ရှေးဟောင်း ပစ္စည်းများ၏ တန်ဖိုးကို ထည့်သွင်း စဉ်းစားကြည့်ရင်း အဘိုးအိုကြီးက ခေါင်းခါလျက် 'ဒီမိန်းကလေးက မရိုးရှင်းဘူး' ဟု တွေးနေတော့သည်။
လုကျောက် တည်ငြိမ်စွာ ဟွာကျွင်းကို မေးမြန်းလိုက်၏။
“မစ္စဟွာကျွင်း... ဒီအချိန်မှာ ကျောက်စိမ်းဆွဲသီးကို ထုတ်ပြတယ်ဆိုတော့ တစ်ခုခု အခက်အခဲ ရှိလို့လား”
ဟွာကျွင်း ပြောလိုက်သည်။
“ကျွန်မ အဖျားကျဆေး ရှစ်သောင်းလောက် လိုချင်တယ်။ ပြီးတော့ ဘေးက မြေကွက်လပ်ကို ဝယ်ပြီး ဂိုဒေါင်တစ်ခု အမြန်ဆုံး ဆောက်ချင်တယ်။ ရှင် စီစဉ်ပေးနိုင်မလား”
လုကျောက် တစ်ခဏ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြ၏။
“ဘိုးဘေးတွေရဲ့ စည်းကမ်း ရှိနေတာမို့ စိတ်ချပါ၊ ကျွန်တော်တို့ နည်းလမ်းရှာပြီး ဖြေရှင်းပေးပါ့မယ်”
လုကျောက်ကဲ့သို့ ထူးချွန်ထက်မြက်သည့် မြေးဖြစ်သူ ရှိနေသဖြင့် အဘိုးအိုကြီးမှာ မိသားစုကိစ္စများကို စိတ်မပူတော့ဘဲ ပန်းချီကားဆီသို့သာ အာရုံရောက်နေတော့သည်။
“ဟွာကျွင်း... ဒီပန်းချီကားကို ရောင်းချင်လား။ ကျွန်တော် အမြင့်ဆုံး ဈေးပေးပါ့မယ်”
“ဒီပန်းချီကားက ကျွန်မသူငယ်ချင်း တစ်ယောက် ထားခဲ့တာမို့ သူ့ကို အရင် မေးကြည့်ရဦးမယ်”
ရှန်းဟွိုက်ရွှီ ထိုပန်းချီကားကို လာချိတ်ပြီးကတည်းက ညနေတိုင်း ဆိုင်သို့ လာထိုင်လေ့ရှိပြီး ပန်းချီကားကို တစ်စုံတစ်ယောက်က ဝေဖန်ပြောဆိုခြင်း ရှိမရှိ အမြဲ မေးလေ့ရှိ၏။
မရှိကြောင်း သိရသည့်အခါတိုင်း သူ စိတ်မကောင်းစွာ ပြန်သွားလေ့ ရှိသည်။
ဟွာကျွင်းသည် သူ့ကို ကြည့်ပြီး သနားမိသော်လည်း ဘာမှ မတတ်နိုင်ပေ။ သူသည် ကျော်ကြားသော ပန်းချီဆရာ ဖြစ်သော်လည်း ခေတ်သစ် နည်းပညာများနှင့် ယှဉ်ပြိုင်ချင်နေသူ မဟုတ်ပါလား။
လုကျောက်၏ အလုပ်မှာ အလွန် မြန်ဆန်လှ၏။ ထိုနေ့ မွန်းလွဲပိုင်းမှာပင် သူ ဆောက်လုပ်ရေး အဖွဲ့ကို ခေါ်ယူကာ ဂိုဒေါင် ဆောက်လုပ်ရေးကို စတင်လိုက်သည်။
“မြေကို ဝယ်ဖို့တော့ မရသေးဘူး၊ ဒါပေမဲ့ ဆယ်နှစ်စာ ငှားပေးထားတယ်။ ဂိုဒေါင် ဆောက်တာကို ဒီနေ့ပဲ စလိုက်ပြီ။ ၁၅ ရက်အတွင်း အပြီးသတ်နိုင်ဖို့ မျှော်လင့်ရတယ်။ ဆေးဝါးကိစ္စကိုလည်း ဆေးစက်ရုံနဲ့ ဆက်သွယ်ထားပြီးပြီမို့ အလွန်ဆုံး သဘက်ခါဆိုရင် ရောက်လာပါလိမ့်မယ်”