အခန်း (၆၅-၆၆)
Vol. 7 Ch. 65-66
အခန်း (၆၅)
ဘေးအန္တရာယ် ကယ်ဆယ်ရေး ပစ္စည်းများ
မုန့်ပြားမှာ လုံးဝ မာကျောမနေပေ။ ၎င်းအပေါ်တွင် အစာများစွာ ဖုံးအုပ်ထားပြီး အားလုံးမှာ တစ်ခါမှ မမြင်ဖူးသည့် အကောင်းစားများ ဖြစ်လေသည်။ ထို့အပြင် အလွန်လည်း မွှေးကြိုင်လှ၏။ ချိုအိပြီး ဆီရွှဲနေကာ စစ်ပွဲအတွင်း ထိုကဲ့သို့ အကောင်းစားများကို စားရမည်ဆိုလျှင် မည်မျှပင် ခက်ခဲပင်ပန်းပါစေ ဒုက္ခရောက်သည်ဟု ခံစားရမည် မဟုတ်ပေ။ နွေးထွေးသော ပဲနီလေးစွပ်ပြုတ် တစ်ပန်းကန်နှင့် တွဲဖက်လိုက်သည့်အခါ ဘဝမှာ အမှန်တကယ်ပင် သာယာလှပသွားတော့သည်။
လုမင်လီ မလှမ်းမကမ်းရှိ လူစည်ကားနေသော မုန့်ဆိုင် လေးကို ကြည့်နေမိ၏။ ပြတင်းပေါက်များမှ နွေးထွေးသော ဝါကျင်ကျင် အလင်းရောင်များ ထွက်ပေါ်နေသည်မှာ ကမ္ဘာနှစ်ခုကဲ့သို့ ကွာခြားနေလေသည်။ မကြာမီမှာပင် ပစ္စည်းများ ရောင်းကုန်သွားတော့၏။ စားသုံးသူများ အားလုံး ပြန်သွားကြပြီးနောက် ပစ္စည်းများကို စတင် သယ်ယူကြလေသည်။ စောင် ရာပေါင်းများစွာကို နာရီဝက်အတွင်း သယ်ယူပြီးစီးသွား၏။
ဟွာကျွင်း တာ့ကျန်းကို လှမ်းခေါ်လိုက်သည်။
“တာ့ကျန်း... ပစ္စည်းအချို့ ထပ်သယ်ပေးလို့ ရမလား။ တစ်ယောက်ကို တစ်နာရီ ယွမ် (၃၀၀) ပေးပါ့မယ်”
ရိုးသားဖြောင့်မတ်သော တာ့ကျန်း ချက်ချင်းပင် လက်ခါပြကာ ပြောသည်။
“အစ်မကြီးကလည်း အားနာစရာကြီး။ အစ်မကြီးက ကျွန်တော်တို့ရွာရဲ့ ကျေးဇူးရှင်ပဲဥစ္စာ။ အကူအညီလိုရင် ပြောလိုက်ရုံပါပဲ၊ ပိုက်ဆံ မလိုပါဘူး”
ရွာသားများကလည်း အပိုငွေ မယူလိုကြောင်း ပြောကြ၏။
“ဟုတ်ပါတယ်၊ အချိန်ကလည်း စောပါသေးတယ်။ လမ်းကြုံ သယ်ပေးတာကို ပိုက်ဆံ ယူစရာလား”
ဟွာကျွင်း ပြောလိုက်သည်။
“ပစ္စည်းနည်းနည်းပဲဆိုရင် ကျွန်မလည်း ပိုက်ဆံအကြောင်း မပြောပါဘူး၊ ဒါပေမဲ့ အခုက အတော်လေး များနေလို့ပါ။ အပြင်မှာ လူငှားရင်လည်း ဒီလောက် ပေးရမှာပဲ၊ ရှင့်တို့ကို ပေးရတာကမှ ကျွန်မ ပိုပြီး စိတ်အေးရတာပါ”
တာ့ကျန်းနှင့် ရွာသားများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးမှ ပြောတော့သည်။
“ကောင်းပါပြီ၊ ပစ္စည်း ဘယ်လောက်ရှိလဲ အရင်ကြည့်ရအောင်။ ဒါပေမဲ့ ကြိုပြောထားမယ်နော်၊ ပစ္စည်းနည်းရင်တော့ ပိုက်ဆံ လုံးဝ မယူဘူး”
ဟွာကျွင်းသည် သူတို့ကို ဘေးရှိ ဂိုဒေါင်ထဲသို့ ခေါ်သွားသည်။ တစ်ခဏ တိတ်ဆိတ်သွားပြီးနောက် တာ့ကျန်း မေးမြန်းလိုက်သည်။
“ဒါတွေ အကုန်လုံး သယ်ရမှာလား”
ဟွာကျွင်း ခေါင်းညိတ်ပြ၏။
“ဘုရားရေ... အများကြီးပဲ”
ဆန် ပိဿာပေါင်း သောင်းချီ၊ စည်သွပ်ဘူး သေတ္တာ ရာပေါင်းများစွာနှင့် တဲအလုံးပေါင်း သောင်းချီတို့မှာ ဂိုဒေါင်ထဲတွင် သေသေချာချာ စီထားလေသည်။ ကံကောင်းထောက်မစွာ တာ့ကျန်းမှာ ဝန်ချီစက် မောင်းတတ်လေသည်။ ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီက ပစ္စည်းလာပို့စဉ် တာ့ကျန်းသည် ဝန်ချီစက်ကို အသုံးပြု၍ ပစ္စည်းများကို ဂိုဒေါင်နှင့် မုန့်ဆိုင်ကြားရှိ လမ်းကျဉ်းလေးမှတစ်ဆင့် ဆိုင်အဝင်ဝအထိ ပို့ဆောင်ပေးခဲ့၏။ ဆိုင်ထဲသို့ ရောက်သည့်အခါ လက်တွန်းလှည်းများပေါ် တင်၍ ဆိုင်ရှေ့ရှိ မြင်းလှည်းများပေါ်သို့ ဆက်လက် တင်ဆောင်ကြသည်။
မြင်းလှည်းတစ်စီးလျှင် ပစ္စည်း (၃၀) ခန့် တင်ဆောင်နိုင်ပြီး ထိုညတွင် မြင်းလှည်း (၁၀) စီးဖြင့် ဆန်တစ်ဝက်ခန့်ကို သယ်ယူနိုင်ခဲ့၏။ ထို့နောက် မြင်းလှည်း (၁၀) စီးက တဲများကို သယ်ဆောင်လေသည်။ ဤနည်းဖြင့် ညစဉ်ညတိုင်း လျှို့ဝှက်သော ယာဉ်တန်းကြီးမှာ မုန့်ဆိုင်မှ ထွက်ခွာကာ ဘေးသင့်ဒေသဆီသို့ ခန့်ညားစွာ ဦးတည်သွားကြတော့သည်။ ဤအဖွဲ့ကို လုမင်လီ၏ ကိုယ်ရံတော်တပ်သားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။ လှည်းပေါ်ရှိ ပစ္စည်းထုပ်များပေါ်တွင် အနီရောင်နောက်ခံ၌ အဖြူရောင်စာလုံးကြီးများဖြင့် "ဘေးအန္တရာယ် ကယ်ဆယ်ရေး ပစ္စည်းများ၊ မေတ္တာဖြင့် ကူညီခြင်း" ဟု ရေးသားထားရာ လမ်းတစ်လျှောက် မည်သူမျှ မတားဝံ့ကြပေ။
ဟွာကျွင်း ထုပ်ပိုးမှုအတွက် အထူးတလည် ညွှန်ကြားထားခြင်း မရှိသော်လည်း စာသားများကို မြင်လိုက်ရသည့်အခါ တစ်ခဏတာ မှင်သက်သွားမိ၏။ တာ့ကျန်း ခေါင်းကုတ်ကာ အားနာဟန်ဖြင့် ပြောသည်။
“ဒါက ကျွန်တော် ကိုယ်တိုင် ထည့်လိုက်တာပါ။ ကောင်းမှုလုပ်ရင် လူတိုင်းသိအောင် လုပ်သင့်တယ် မဟုတ်လား”
လုမင်လီသည် ဤထုပ်ပိုးမှုမှာ ရိုးရှင်း၊ ရှင်းလင်းပြီး ခန့်ညားလှသည်ဟု ယူဆကာ အလွန်သဘောကျနေလေသည်။ သူ တတိယမြောက်နေ့တွင် ထွက်ခွာသွားခဲ့ပြီး အိုးခွက်ပန်းကန်(ရှေးဟောင်းပစ္စည်း) အမြောက်အမြားကို ချန်ထားခဲ့၏။ ဤရက်ပိုင်းအတွင်း ပစ္စည်းများ ဝယ်ယူရာတွင် သူမ စုဆောင်းငွေများ အကုန်နီးပါး သုံးစွဲထားခဲ့ရသဖြင့် ဟွာကျွင်းအတွက် အတော်လေး အဆင်ပြေသွားတော့သည်။
မထွက်ခွာမီ သူ အနည်းငယ် မဝံ့မရဲဖြင့် မေးလိုက်သည်။
“ကျန်းရှီယွဲ့ ဆီကို ပေးချင်တဲ့ စာများ ရှိလား”
မေးပြီးနောက် သူ ဟွာကျွင်း၏ အဖြေကို စိုးရိမ်တကြီး စောင့်ဆိုင်းနေမိ၏။
ဟွာကျွင်း ခေါင်းခါပြလိုက်သည်။
“သူ့ဆီ ပေးစရာ စာမရှိပါဘူး”
‘ကောင်းတယ်’
လုမင်လီ၏ စိတ်မှာ ချက်ချင်းပင် လန်းဆန်းသွားတော့သည်။
“ဒါပေမဲ့ သူ့ဆီကို အနွေးအင်္ကျီ နှစ်ထည်လောက်တော့ ပေးပေးပါဦး”
လုမင်လီ၏ စိတ်မှာ ချက်ချင်း ပြန်လည် ထိုင်းမှိုင်းသွားတော့သည်။ ဟွာကျွင်း အင်္ကျီနှစ်ထည်ကို အိတ်တစ်ခုထဲ ထည့်လိုက်ပြီး မှာကြားလိုက်သည်။
“ဒီအမည်းရောင် နှစ်ထည်ထဲက အကြီးက ကျန်းရှီယွဲ့အတွက်၊ အသေးကတော့ မော့ချွမ်း အတွက်”
“လူနှစ်ယောက်အတွက်လား”
သူ့အသံမှာ အနည်းငယ် ပေါ့ပါးသွား၏။
“ဟုတ်တယ်။ အော်... ပြီးတော့ ဒါက ရှင့်အတွက်”
ဟွာကျွင်း နောက်ထပ် သေတ္တာတစ်လုံးကို ထုတ်ပေးရာ အထဲတွင် အဝါနုရောင် ငှက်မွှေးအင်္ကျီ အတိုတစ်ထည် ပါလေသည်။
“ဒါက အတိုပုံစံဆိုတော့ ရှင် မြင်းစီးတဲ့အခါ ပိုပြီး သက်သောင့်သက်သာ ရှိမှာပါ”
လုမင်လီ ၎င်းကို ဝမ်းသာအားရ ယူလိုက်ပြီး မျက်ခုံးများ ပင့်တက်သွားကာ မျက်နှာတွင်လည်း အပြုံးများ ပြည့်နှက်သွားတော့သည်။
သူက တခြားသူတွေနဲ့ မတူဘူးပဲ၊ သူတို့က အမည်းရောင်တွေ ဝတ်ရမှာကို သူကတော့ အဝါနုရောင်၊ တင်ပါးဖုံးရုံ အတိုပုံစံ၊ မြင်းစီးရတာ အဆင်ပြေမယ့် ပုံစံ၊ သူသည် စိတ်ကျေနပ်စွာဖြင့် ထွက်ခွာသွားတော့သည်။
ချင်းယွန်းခရိုင်။
ထောက်ပံ့ရေး ပစ္စည်းများ တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာရာ ကျန်းရှီယွဲ့သည် လူများကို ဦးဆောင်၍ ညလုံးပေါက် စာရင်းပြုစုသည်။ လုမင်လီမှာ ရောက်ရောက်ချင်း အနားမယူနိုင်ဘဲ ပစ္စည်းများကို ဘေးသင့်ပြည်သူများထံ အမြန်ဆုံး မည်သို့ ဝေငှရမည်ကို အခြားသူများနှင့် ဆွေးနွေးတိုင်ပင်၏။
အရုဏ်တက်ချိန်တွင် လမ်းဘေး၌ အိပ်ပျော်နေသော ပြည်သူများသည် အေးစိမ့်နေသော လက်ခြေများကို ခါယမ်းကာ မြေပြင်ပေါ်မှ ထလာကြ၏။ သူတို့သည် ဘေးတွင် အိပ်နေသော မိသားစုဝင်များကိုလည်း အအေးပတ်၍ သေဆုံးခြင်း ရှိမရှိ နှိုးကြည့်ကြလေသည်။ နောက်ထပ် တစ်ရက် အသက်ရှင်ခွင့် ရသည့်အတွက် သူတို့ ကျေးဇူးတင်နေကြ၏။
စစ်သည်လေးတစ်ဦးသည် လမ်းပေါ်တွင် မြင်းစီးကာ အော်ဟစ်ပြေးလွှားနေလေသည်။
“စစ်သူကြီးလု ပြန်ရောက်ပြီ၊ စစ်သူကြီးက ပစ္စည်းတွေ သယ်လာတယ်။ အားလုံး ခရိုင်အစိုးရရုံး ကို သွားပြီး ပစ္စည်းတွေ သွားယူကြပါ”
ထိုအသံမှာ တစ်မြို့လုံးသို့ ပဲ့တင်ထပ်သွားတော့သည်။
လမ်းဘေးရှိ ပြည်သူများ ထိုအသံကို ကြားကာ ဘေးကလူကို ဝေခွဲမရစွာ မေးမြန်းကြ၏။
“ငါတို့ကို ပစ္စည်းသွားယူခိုင်းနေတာလား”
တစ်ဦးက ပြောလိုက်သည်။
“အိမ်မက် မက်မနေနဲ့၊ ငါတို့ကို ဘယ်သူက ခေါ်မှာလဲ။ ဒီနေ့ ဆန်ပြုတ်တိုက်မဲ့ အချိန်တောင် မရောက်သေးဘူး”
“ဟုတ်တယ်၊ ဒီလိုအချိန်မှာ တစ်နေ့ ဆန်ပြုတ်တစ်ပန်းကန် ရတာကိုက ကံကောင်းလှပြီ။ နောက် ရက်နည်းနည်းနေရင် စားစရာ ပြတ်တော့မယ်လို့ ကြားတယ်”
လူတိုင်းမှာ ခေါင်းခါလျက် သူတို့၏ စုတ်ပြတ်နေသော ဖျာစုတ်များနှင့် စောင်ပါးလေးများကို ပြန်လည် သိမ်းဆည်းနေကြတော့သည်။ ထိုအချိန်တွင် ခရိုင်ရုံးရှေ့တွင် လူသူကင်းမဲ့နေ၏။ အိုးများထဲတွင် ပူနွေးသော ဆန်ဖြူပြုတ်နှင့် ပေါက်စီများ အသင့်ရှိနေသော်လည်း မည်သူမျှ လာမယူကြပေ။ ဆန်ပြုတ်တိုက်ရန် တာဝန်ကျသော စစ်သည်လေးသည် လုမင်လီထံ ပြေးသွားကာ အစီရင်ခံသည်။
“စစ်သူကြီး... ဘာကြောင့်လဲမသိဘူး၊ ဘယ်သူမှ ဆန်ပြုတ်လာမယူကြဘူး”
လုမင်လီ လက်အောက်ငယ်သားများကို တဲထိုးနည်း ပြသနေခြင်း ဖြစ်ပြီး ယခုမှ လက်စသတ်လိုက်နိုင်၏။ သူ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကိစ္စမရှိဘူး၊ အရင်ဆုံး တဲတွေကို အရင်ထိုးလိုက်ကြ”
စစ်သည်များသည် အမိန့်အတိုင်း နှစ်ယောက်တစ်တွဲစီ ခွဲကာ တဲများကို လမ်းပေါ်သို့ သယ်သွားကြ၏။
ထိုအချိန်တွင် ပြည်သူများသည် စစ်သည်များကို ကြောက်ရွံ့နေကြ၏။ စစ်ဝတ်စုံဝတ်ထားသော လူတစ်စု လမ်းပေါ်သို့ အတင်းဝင်လာသည်ကို မြင်ရသောအခါ သူတို့ အလွန် ထိတ်လန့်သွားကြတော့သည်။ ပို၍ ကြောက်စရာ ကောင်းသည်မှာ ထိုသူများက မြေပြင်ပေါ်ရှိ ဖျာစုတ်များနှင့် စောင်စုတ်များကို ဘေးသို့ ကန်ထုတ်ကာ တစ်နေရာတည်းတွင် စုပုံခိုင်းလိုက်၏။ ထို့ကြောင့် ပြည်သူများမှာ လုံးဝ ပျာယာခတ်သွားကြ၏။
သူတို့မှာ ရှေ့သို့တက်၍ မတားဝံ့ဘဲ ဒူးထောက်ကာ ငိုယိုတောင်းပန်ကြသည်။
“စစ်သူကြီးတို့ရယ်... ကျွန်တော်တို့ကို သနားကြပါ၊ ဒီလောက် အေးနေတဲ့ ရာသီမှာ ဒီစောင်လေးတွေ ရှိမှ အသက်ရှင်နိုင်မှာပါ”
“စစ်သူကြီးတို့ရယ်... ကျွန်တော်တို့ကို အသက်ရှင်ခွင့်ပေးပါ။ ကျွန်တော့် မိန်းမနဲ့ ကလေးတွေက အားနည်းနေတာ၊ ဖျာနဲ့ စောင်တွေ မရှိရင် ဘယ်လိုလုပ်မလဲ”
ငိုယိုသံများမှာ နေရာအနှံ့ ထွက်ပေါ်လာရာ သူတို့ ဆုံးရှုံးသွားရသည်မှာ စောင်များ မဟုတ်ဘဲ သူတို့၏ အသက်များအလား ခံစားနေကြရ၏။ အလုပ်မှာ အရေးကြီးသဖြင့် စစ်သည်လေးများက ဘာမှ ပြန်မရှင်းပြပေ။ နှစ်ယောက်တစ်တွဲစီ အလုပ်လုပ်ကာ ခဏချင်းမှာပင် တဲများကို ထိုးလိုက်ကြသည်။
စစ်စိမ်းရောင် တဲများမှာ အဝင်တံခါး ပါရှိပြီး ဘေးနှစ်ဖက်တွင် အကြည်ရောင် ပလတ်စတစ်များ ပါရှိ၏။ အထည်သားမှာ ရေစိုမခံ၊ လေဒဏ်ခံနိုင်သည့်အပြင် အတွင်းတွင်လည်း ဂွမ်းအလွှာ ပါရှိလေသည်။ စစ်သည်လေးများသည် မြင်းလှည်းပေါ်မှ စောင်များကို ချကာ တဲထဲသို့ ပစ်ထည့်ပေးလိုက်ပြီးနောက် နောက်တစ်နေရာသို့ အမြန် ဆက်သွားကြ၏။
ငိုယိုသံများမှာ တိတ်ဆိတ်သွားတော့သည်။ ပြည်သူများသည် သူတို့ မည်သို့ လုပ်လိုက်သည်ကို နားမလည်နိုင်ဘဲ ငေးကြည့်နေကြ၏။ မှော်ပညာကဲ့သို့ပင် အစိမ်းရောင် အိမ်လေးများမှာ တန်းစီ၍ ပေါ်လာလေသည်။
ဒီအရာများက ဘယ်သူ့အတွက်လဲ။ ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် လာသော အရာရှိကြီးတွေအတွက်လား။ ဒါပေမဲ့ အရာရှိတွေက ခရိုင်ရုံးမှာပဲ နေကြတာ မဟုတ်လား။ ဘာလို့ ပြည်သူတွေရဲ့ နေရာကို လာသိမ်းပြီး သူတို့ကို သွားစရာမရှိအောင် လုပ်ရတာလဲ။
မည်သူမျှ ရှေ့သို့ မတိုးဝံ့ဘဲ ရပ်နေကြစဉ် မိန်းမငယ်လေးတစ်ဦး မေးမြန်းလိုက်သည်။
“အမေ... သမီးတို့မှာ အိမ်မရှိတော့ဘူးလားဟင်”
သူမ အမေမှာ ထိုစကားကို ကြားကာ မျက်ရည်များကို ပြန်လည် သုတ်နေမိတော့သည်။
စစ်သည်များ ထွက်ခွာရန် အသင့်ဖြစ်နေပါ၏။ နောက်ဆုံးတွင် ကျန်ခဲ့သော စစ်သည်လေးက ပြည်သူများ ငေးကြည့်နေသည်ကို မြင်သဖြင့် လှမ်းအော်ပြောလိုက်လေသည်။
“ဘာတွေ ငေးကြည့်နေကြတာလဲ။ ဒါ စစ်သူကြီးလုက အားလုံးအတွက် စီစဉ်ပေးတာ။ တဲတစ်လုံးမှာ လူဆယ်ယောက် ဆံ့တယ်၊ အဆင်ပြေသလို ဝင်နေကြတော့။ ပြီးရင် ခရိုင်ရုံးကိုသွားပြီး အစားအစာ သွားယူဖို့ မမေ့ကြနဲ့ဦး”
ထို့နောက် သူသည် လှည့်ထွက်သွားတော့သည်။
အခန်း (၆၆)
မိုးပေါ်ကကျတဲ့ ပေါင်မုန့်
“ဒါက ကျွန်တော်တို့ နေဖို့အတွက်လား”
“မဖြစ်နိုင်တာ၊ ဒီလောက်ကောင်းတဲ့အရာကို ငါတို့က ဘယ်လိုလုပ် သုံးလို့ရမှာလဲ”
“ဂွမ်းစောင်တွေလည်း ပါတယ်ဟ။ ဒီလောက်အထူကြီးတွေ”
“မင်းမကြားလိုက်ဘူးလား၊ စစ်သူကြီးလုက ငါတို့ကို ပေးတာတဲ့။ စစ်သူကြီးလုက ငါတို့ကို အအေးဒဏ်ကနေ ခိုလှုံဖို့ ပေးတဲ့ အိမ်တွေပဲ”
“စစ်သူကြီးလုက အကျင့်ပျက်ခြစားတဲ့ ခရိုင်အရာရှိကို မောင်းထုတ်ပြီး ငါတို့ကို အအေးဒဏ်က ကာကွယ်ဖို့ အိမ်တွေပေးတယ်။ စစ်သူကြီးလုက တကယ့်သူရဲကောင်းပဲ”
ပြည်သူများသည် တဲများထဲသို့ တိုးဝှေ့ဝင်ရောက်ကြသည်။ သာမန်တဲများနှင့် မတူသည့်အချက်မှာ ဤတဲများသည် အလွန်ကျယ်ဝန်းလှပြီး လူဆယ်ယောက်ခန့် အသာ ဆံ့သည်။ တစ်ယောက်က အဝင်တံခါးကို ပိတ်လိုက်သည့်အခါ အပြင်ဘက်မှ အေးစိမ့်သောလေမှာ လုံးဝ ပြတ်တောက်သွားတော့၏။ တဲအတွင်းရှိ အပူချိန်မှာလည်း ချက်ချင်းပင် သိသိသာသာ နွေးထွေးလာသည်။
“အမေ... သမီး ဒီအစိမ်းရောင် အိမ်လေးကို သဘောကျတယ်၊ သမီးတို့ အိမ်ဟောင်းထက် အများကြီး ပိုကောင်းတယ်”
“ဟုတ်တယ် သမီး၊ စစ်သူကြီးလုကို ကျေးဇူးတင်ရမယ်။ တို့တွေ နောက်ဆုံးတော့ အသက်ချမ်းသာရာ ရကြပြီ”
လူတိုင်း တဲတစ်လုံးတွင် မည်သူတို့နှင့် အတူနေမည်ကို အလျင်အမြန် ဆုံးဖြတ်လိုက်ကြ၏။ တစ်ဦးက သံသယဖြင့် မေးမြန်းသည်။
“ဒါဆို ခရိုင်ရုံးကိုသွားပြီး ထောက်ပံ့ရေး ပစ္စည်းတွေ ယူလို့ရတယ်ဆိုတာ တကယ်ပေါ့နော်”
လူတိုင်း ရုတ်တရက် သတိဝင်လာကြ၏။
‘တကယ်ကောင်ကင်းပေါ်က ကျလာတဲ့ ပေါင်မုန့်ကြီးလား’
[T/N ကောင်းကင်ပေါ်က ကျလာတဲ့ ပေါင်မုန့်ဆိုတာ မမျှော်လင့်ဘဲ ရောက်လာတဲ့ ကံကောင်းခြင်းမျိုးကို ဆိုလိုတာပါ]
“မိုးပေါ်က ဘယ်လိုကျမှာလဲ၊ စစ်သူကြီးလုက ငါတို့အတွက် ပင်ပင်ပန်းပန်း ရှာပေးထားတာ”
“သွားကြည့်ကြရအောင်”
လူအုပ်ကြီးမှာ တစ်ဦးကိုတစ်ဦး လက်တို့ကာ သတင်းဖြန့်လိုက်ကြသည်။
ခရိုင်ရုံး အဝင်ဝတွင် ချန်ရှန်းတို့ အိုးကြီးများကို စောင့်ကြပ်ရင်း ရံဖန်ရံခါ မွှေပေးနေကြ၏။
“အစ်မကြီးချန်... ဘာလို့ ဘယ်သူမှ ရောက်မလာသေးတာလဲ။ ပုံမှန်ဆို ရိက္ခာဝေမယ်ဆိုရင် လူတွေက တန်းစီနေကြတာလေ”
“ခဏလောက် ထပ်စောင့်ကြည့်ရအောင်၊ လူတွေက စိုးရိမ်နေကြတုန်း ထင်တယ်”
ရုံးတော်မှ စစ်သည်လေးတစ်ဦး ပြေးလာပြီး အသိပေးသည်။
“လာနေကြပြီဟေ့ လူတွေအများကြီး ဒီဘက်ကို လာနေကြပြီ”
ချန်ရှန်းသည် အတွေ့အကြုံ ရင့်ကျက်သူပီပီ ဘေးကလူများကို ညွှန်ကြားလိုက်၏။
“အားလုံး အဆင်သင့်ပြင်ထား၊ စနစ်တကျ ဝေပေးကြမယ်”
မကြာမီ လူအုပ်ကြီး တိုးဝှေ့ရောက်ရှိလာတော့သည်။ တစ်ဦးက မေးမြန်း၏။
“ထောက်ပံ့ရေး ပစ္စည်းတွေ ယူလို့ရပြီလား”
အနားရှိ စစ်သည်လေးတစ်ဦးက မောင်းကိုယူ၍ ကျယ်လောင်စွာ တီးလိုက်၏။
“အားလုံး တန်းစီကြပါ၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေကြ၊ အလှည့်ကျ ယူကြပါ။ လူတိုင်းရစေရမယ်၊ မတိုးကြနဲ့”
“ဒီနေ့တော့ လူတစ်ယောက်ကို ဆန်ပြုတ် တစ်ပန်းကန်နဲ့ ပေါက်စီ တစ်လုံးစီ ရမယ်။ ကလေးပါတဲ့ မိသားစုတွေဆိုရင် အပိုအဖြစ် စည်သွပ်ဘူး တစ်ဘူးစီ ရဦးမယ်”
“မနက်ဖြန်ကစပြီးတော့ အလုပ်လုပ်မှ ရိက္ခာရမဲ့ စနစ် ကို ကျင့်သုံးမယ်”
“နေမကောင်းတဲ့သူ ရှိတဲ့ မိသားစုတွေကလည်း ဆေးပေးခန်းကို သွားပြီး အလကား ဆေးကုသနိုင်တယ်။ ပြီးတော့ ခုနစ်ရက်စာ အခမဲ့ စားနပ်ရိက္ခာလည်း ရဦးမယ်”
ကြေညာချက် ထွက်လာသည်နှင့် လူအုပ်ကြီးမှာ ဝိုင်းဝန်း ဆွေးနွေးကြတော့သည်။
“ဆရာကြီး... ဘယ်လို အလုပ်မျိုးတွေ လုပ်ရမှာလဲခင်ဗျာ”
စစ်သည်လေးက ပြန်ဖြေသည်။
“ရိက္ခာယူပြီးရင် ဘေးက စားပွဲမှာ သွားစာရင်းပေးလိုက်ပါ။ ကိုယ့်အခြေအနေနဲ့ ကိုက်ညီတဲ့ အလုပ်ကို ရွေးလို့ရတယ်၊ မြောင်းတူးမလား၊ အိမ်ပြင်မလား၊ ဒါမှမဟုတ် လူနာတွေကို ကြည့်ရှုစောင့်ရှောက်မလား ကြိုက်တာရွေးနိုင်တယ်”
“အရင်က နန်းတွင်းက ကယ်ဆယ်ရေးတုန်းက အလုပ်လုပ်ရမယ်လို့ မပြောပါဘူး။ ဒီလောက် နည်းနည်းလေး စားရတာကို ဘယ်က အားရှိမှာလဲ”
“ဟုတ်ပ၊ သဲတွေပါတဲ့ ဆန်ပြုတ်ကျဲကျဲလေး သောက်ရတာ၊ ကိုယ့်အိမ်တောင် ကိုယ်မပြင်နိုင်တာ မြောင်းတွေ ဘယ်လိုသွားတူးမှာလဲ”
စစ်သည်လေးက ရှင်းပြသည်။
“နန်းတွင်းရဲ့ ကယ်ဆယ်ရေးကတော့ အခမဲ့ပေါ့၊ ဒါပေမဲ့ ဒါက မတူဘူး။ ဒါတွေက စစ်သူကြီးလု ငွေသားအစစ်တွေနဲ့ လဲလှယ်ပြီး ယူလာပေးထားတာ”
“ဆရာကြီး၊ ဒါဆို ဒီနေ့ ဆန်ပြုတ်ကတော့ အလကားပဲ မဟုတ်လား”
စစ်သည်လေးက ခေါင်းညိတ်ပြ၏။
“ဒီနေ့အတွက် အားလုံးကို စစ်သူကြီးလုက အခမဲ့ ပေးတာပါ”
ပါးနပ်သော အချို့သူများ အခွင့်ကောင်းယူရန် ကြံစည်ကြသည်။
“ဒါဆို ဒီနေ့တော့ တို့တွေ တန်းစီယူကြမယ်၊ မနက်ဖြန်ကျရင်တော့ နန်းတွင်းကဝေတဲ့ ကယ်ဆယ်ရေး ရိက္ခာကို သွားယူကြတာပေါ့”
“ဟုတ်တယ်။ အဲဒါ ကောင်းတဲ့ အကြံပဲ”
စစ်သည်လေးမှ ချန်ရှန်းကို အကူအညီမဲ့စွာ ကြည့်လိုက်၏။ ချန်ရှန်း ခေါင်းညိတ်ပြကာ ဆိုသည်။
“ရပါတယ်၊ သူတို့တွေ စားပြီးသွားရင် အလိုလို လာစာရင်းပေးကြလိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်”
တိုက်ပင်ရွာသည် ခေါင်းမာခဲ့ကြသော်လည်း နောက်ဆုံးတွင် အစားအသောက်ကြောင့် စကားပြန်ရုတ်သိမ်းခဲ့ကြသူများကို သူမ အကြိမ်ကြိမ် မြင်ဖူးခဲ့ပြီ ဖြစ်၏။ ဤအစားအစာများ၏ ဆွဲဆောင်မှုမှာ မည်မျှ ကြီးမားကြောင်း သူမ ကောင်းကောင်း သိသည်။
ချန်ရှန်း အိုးအဖုံးကို ဖွင့်လိုက်ရာ ငွေ့တထောင်းထောင်းနှင့်အတူ ထမင်းနံ့ မွှေးမွှေးလေးမှာ ပျံ့လွင့်လာတော့သည်။ လူတိုင်း ထိုအနံ့ကို ရလိုက်ကြ၏။
“ဘာလို့ ဆန်ပြုတ်က ဒီလောက်တောင် မွှေးနေရတာလဲ”
“ဘုရားရေ... သွားရည်တောင် ကျလာပြီ”
ချန်ရှန်း စနစ်တကျ ဝေငှပေးသည်။ သူမသည် ပန်းကန်များကို ယူကာ ဆန်ပြုတ် အပြည့် ထည့်ပေးပြီး ဘေးရှိ စစ်သည်လေးက ပေါက်စီအဖြူကြီး တစ်လုံးစီ ကမ်းပေး၏။ အရင်ရသောသူများက အံ့ဩတကြီးဖြင့် ဘေးတွင် ရပ်ကြည့်နေကြသလို တန်းစီနေသူများကလည်း လည်ပင်းရှည်အောင် ကြည့်နေကြ၏။
“အစ်ကို၊ ဘာတွေ ဝေပေးနေတာလဲ၊ ဘာလို့ ဒီလောက် မွှေးနေရတာလဲ”
“ဆန်အကောင်းစားနဲ့ ချက်ထားတဲ့ ဆန်ပြုတ်ဟ။ ပြီးတော့ ပေါက်စီအဖြူကြီးတွေ”
သူ လှမ်းအော်ပြောလိုက်၏။
ဤသည်မှာ တစ်ခါမှ မကြုံဖူးသော ကိစ္စဖြစ်သည်။ ကယ်ဆယ်ရေး ဆန်ပြုတ်ဆိုသည်မှာ ဆန်အနည်းငယ်၊ သဲတစ်ဆုပ်နှင့် ရေကျဲကျဲ တစ်ပန်းကန်သာ ဖြစ်လေ့ရှိသော်လည်း ယခုမှာမူ ပျစ်နှစ်နေသော ဆန်အကောင်းစားဖြင့် ချက်ထားသည့် ဆန်ပြုတ်ကြီး ဖြစ်နေ၏။ ထို့အပြင် ပေါက်စီအဖြူကြီးများပင်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် တစ်နပ်ကို ပေါက်စီအဖြူတစ်လုံး ပေးမည်ဆိုလျှင် သူတို့ ပုန်ကန်ရဲသည်အထိပင်။ မိမိတို့၏ အိုးအိမ်များကို ပြန်လည် တည်ဆောက်ဖို့ကတော့ အသေးအဖွဲ့သာ ရှိတော့သည်။
ထို့အပြင် ကလေးရှိသော မိသားစုများမှာ အသားစည်သွပ်ဘူးများကို ရကြသေး၏။ စည်သွပ်ဘူးသည် မည်သည့်အရာမှန်း သူတို့ မသိသော်လည်း ဖွင့်ကြည့်လိုက်သည့်အခါ အထဲတွင် အသားများ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ဤကဲ့သို့ ဘေးအန္တရာယ်နှင့် ရောဂါဘေး ကျရောက်နေချိန်တွင် အသားစားရခြင်းမှာ မယုံနိုင်စရာပင်။ စစ်သည်တော်ကြီး ပြောသွားပုံအရဆိုလျှင် နေ့တိုင်း အလုပ်လုပ်ပါက နေ့တိုင်း အသားစားရပေမည်။
ဆန်ပြုတ်သောက်ပြီးသူ တစ်ဦး ပါးစပ်ကို သုတ်ကာ အော်ပြောလိုက်၏။
“တောက် ငါ လုပ်မယ်ကွာ၊ သေတွင်းထဲ ဆင်းရမယ်ဆိုရင်တောင် ဆင်းမယ်”
“ဟုတ်တယ်။ တို့တွေ စစ်သူကြီးလု နောက်ကို လိုက်မယ်။ ကျွန်တော် အရင်က လက်သမားပါ၊ အိမ်တွေ ပြင်ပေးနိုင်တယ်”
“ကျွန်တော်ကတော့ ညစ်ပတ်တာ မကြောက်ဘူး၊ မြောင်းထဲက ရွှံ့တွေ တူးပေးမယ်”
“ကျွန်တော်လည်း သွားမယ်၊ ကျွန်တော်က ခွန်အားရှိတယ်၊ ဘာမဆို လုပ်နိုင်တယ်”
“ကျွန်တော်ကတော့ လူနာတွေကို ကြည့်ပေးချင်ပါတယ်။ ဒီဆန်ပြုတ်နဲ့ ပေါက်စီကို စားရမယ်ဆိုရင် သေရမှာတောင် မကြောက်တော့ဘူး”
စစ်သည်လေးက ပြုံးရွှင်စွာ ပြောလိုက်သည်။
“သေစရာ မလိုပါဘူး။ အခု ဆေးပေးခန်းမှာ အကာအကွယ် ဝတ်စုံတွေနဲ့ သီးသန့်ခန်းတွေ ရှိနေပြီ။ စည်းကမ်းအတိုင်း သေသေချာချာ လိုက်နာရင် ရောဂါမကူးစက်နိုင်ဘူး။ ဆေးပေးခန်းက စားစရာတွေက ပိုတောင် ကောင်းသေးတယ်”
တန်းစီနေသူများမှာ ရိက္ခာဝေသည့်နေရာမှ ဘေးရှိ စာရင်းပေးသည့် စားပွဲများဆီသို့ ရွှေ့သွားကြပြီး လုမင်လီ သတ်မှတ်ပေးထားသော အလုပ်နေရာများတွင် တစ်ဦးချင်းစီ စာရင်းပေးလိုက်ကြသည်။ ထိုညတွင် ချင်းယွန်းခရိုင်မှ ပြည်သူများသည် အလွန်ပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားကြ၏။ လေဒဏ်ခံ တဲများနှင့် နူးညံ့သော ဂွမ်းစောင်များ၊ နေ့လယ်က စားခဲ့ရသော ဆန်ပြုတ်ချိုချိုလေးများကြောင့် ရေကြီးမှုနှင့် ရောဂါဘေးမှာ သူတို့နှင့် အလွန်ဝေးကွာသွားပြီဟုပင် ထင်မှတ်နေကြတော့သည်။
သို့သော် မုန့်ဆိုင် လေးမှာမူ မကြုံစဖူး အခက်အခဲနှင့် ရင်ဆိုင်နေရသည်။ အကူအညီ မရရှိသေးသော ဒုက္ခသည်များစွာသည် နေအိမ်များကို စွန့်ခွာကာ မြို့တော်ဆီသို့ ဦးတည် လာနေကြသည်။ မုန့်ဆိုင်လေးမှာ သူတို့ ဖြတ်သန်းရမည့် လမ်းကြောင်းပေါ်တွင် တည့်တည့်ကြီး ရှိနေ၏။
ဟွာကျွင်းသည် ထိုအခြေအနေကို သတိမထားမိသေးဘဲ ရှန်းဟွိုက်ရွှီ နှင့် ပန်းချီကား ရောင်းဖို့ကိစ္စကို ဆွေးနွေးနေသည်။
“ဟွာကျွင်း... ကျွန်တော်ရှန်းက ကပ်စေးနှဲလို့ မဟုတ်ပါဘူး၊ ဒီပန်းချီကားကို တခြား အသုံးချစရာ ရှိနေလို့ပါ”
ဟွာကျွင်း နားမလည်နိုင်စွာ မေးသည်။
“ကျွန်မဆိုင်မှာ ချိတ်ထားတဲ့ ပန်းချီကားက ရှင့်အတွက် ဘာအသုံးဝင်မှာလဲ”
ရှန်းဟွိုက်ရွှီသည် ဆက်လက် ဖုံးကွယ်ထား၍ မရတော့သဖြင့် တိုက်ရိုက်ပင် ပြောလိုက်၏။
“ဒီမုန့်စာရင်းကို ဆွဲတဲ့သူကို ဆွဲဆောင်ဖို့ပါ”
“လောကမှာ ပညာချင်း အထာနပ်တဲ့သူတွေ ရှိကြတယ်လေ။ အဲဒီ ဆရာကြီးကသာ ကျွန်တော့် ပန်းချီကားကို မြင်ရင် ကျွန်တော်နဲ့ စကားလာပြောမှာ အသေအချာပဲ”
ဟွာကျွင်း နားလည်သွား၏။ သူမ မှတ်မိသလောက်ဆိုလျှင် ထန်မင်းဆက်ခေတ်မှ ကဗျာဆရာများသည် သူတို့၏ လက်ရာများကို အရက်ဆိုင်များတွင် ချိတ်ဆွဲကာ အချင်းချင်း အသိအမှတ်ပြုကြလေ့ ရှိသည်။ သို့သော် ခေတ်သစ်တွင် ပညာရှင်များ မရှိဘဲ ဖုန်းကင်မရာသာ ရှိ၏။ ဟွာကျွင်း သူ့ကို အလေးအနက် ရှင်းပြသည်။
“အကိုရှန်း... မဟုတ်ဘူး၊ သခင်လေးရှန်း၊ ရှင် စောင့်မနေပါနဲ့တော့၊ အဲဒီလို ဆရာကြီးဆိုတာ မရှိဘူး”
“ဘာလို့လဲ။ ဒါဆို ဒီမုန့်စာရင်းကို ဘယ်သူက ဆွဲတာလဲ”
“ဒီမုန့်စာရင်းက ဆွဲတာမဟုတ်ဘူး၊ ပုံနှိပ်ထားတာ”
“ပုံနှိပ်တာ.. အရောင်တွေ အများကြီးကို ဘယ်လိုလုပ် ပုံနှိပ်လို့ ရမှာလဲ”
“အဲဒါကတော့...”
ဟွာကျွင်း တစ်ခဏ စဉ်းစားပြီးမှ ဆိုသည်။
“ဒီလိုလုပ်ပါလား၊ မနက်ဖြန်ကျရင် ရှင့်ကို ဆေးရောင်စုံ အစုံလိုက်တစ်ခု ယူလာပေးမယ်။ ဒီပန်းချီကားကိုတော့ ကျွန်မကို ရောင်းပေးမလား”
“ဆေးရောင်စုံလား။ ဒီမုန့်စာရင်းပေါ်က အရောင်တွေလိုမျိုးလား”
“အတိအကျကြီးတော့ မတူဘူးပေါ့၊ ဒါပေမဲ့ (၄၈) ရောင် ပါတယ်၊ ရှင် ကိုယ်တိုင်လည်း စပ်ယူလို့ ရတယ်”
ရှန်းဟွိုက်ရွှီ၏ မျက်လုံးများ ရုတ်တရက် ဝင်းလက်သွားတော့သည်။
“တကယ်လို့ အဲဒီလို ဆေးတွေ ရှိတာ မှန်ရင်တော့ ဒီပန်းချီကားကို စိတ်ကြိုက်သာ လုပ်ပါတော့”
သူတို့ စကားပြောနေစဉ်မှာ ဟွာကျွင်းသည် ဆိုင်အပြင်ဘက်မှ ထူးဆန်းသော ဆူညံသံများကို ကြားလိုက်ရ၏။ သူမ အပြင်ထွက်ကြည့်လိုက်သည့်အခါ ဒုက္ခသည် တန်းရှည်ကြီးကို တွေ့လိုက်ရတော့သည်။ သူတို့သည် ဝေးလံသော ခရီးမှ လာခဲ့ကြသူများဖြစ်ရာ အရေပြားနှင့် အရိုးသာ ကျန်တော့၏။ သူတို့ထဲတွင် အာဟာရချို့တဲ့နေသော ကလေးငယ်များနှင့် ဖျားနာနေသော အဘိုးအဘွားများ ပါဝင်ကာ အဝတ်အစားများမှာလည်း စုတ်ပြတ်နေပြီး မျက်နှာများမှာ ထုံထိုင်းနေကြသည်။