အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
အခန်း (၆၇) ပန်းချီကားရောင်းခြင်း
ဟွာကျွင်း ဆိုင်အပြင်ဘက်သို့ ခြေလှမ်းလိုက်သည့်အခါ တိုးဝှေ့တိုက်ခတ်လာသော အေးစိမ့်သည့်လေကြောင့် တုန်ရီသွားကာ အပေါ်အင်္ကျီကို တင်းတင်းစေ့လိုက်၏။
ဒုက္ခသည်များသည် ဆိုင်ရှေ့မှတစ်ဆင့် မြို့တံခါးဆီသို့ တန်းစီ၍ ဖြတ်သန်းသွားကြလေသည်။ သို့သော် မြို့ထဲသို့ ဝင်ခွင့်မရကြသဖြင့် နောက်ပြန်လှည့်လာကြပြီး နောက်ဆုံးတွင် တောင်ခြေရင်း၌ စုဝေးလိုက်ကြ၏။
မုန့်ဆိုင် လေးမှာ မီးရောင်များ လင်းထိန်ကာ လူစည်ကားနေသဖြင့် သူတို့ အနားသို့ မကပ်ရဲကြဘဲ မလှမ်းမကမ်းရှိ မြေကွက်လပ်တွင်သာ ထိုင်ချလိုက်ကြတော့သည်။
အချို့မှာ အလွန်ဗိုက်ဆာနေသဖြင့် မုန့်ဆိုင်တွင် ကံစမ်းကာ အစားအစာ အနည်းငယ် တောင်းရမ်းရန် ကြိုးစားကြသော်လည်း ဆိုင်ရှေ့သို့ မရောက်မီမှာပင် တန်းစီနေသော စားသုံးသူများက မောင်းထုတ်လိုက်ကြ၏။
“သူတောင်းစားတွေ၊ ဒီဘက်မလာနဲ့။ မင်းတို့ဆီက အနံ့တွေ နံစော်နေတာပဲ”
“သွားကြစမ်း၊ ဒါ မင်းတို့လာရမယ့် နေရာမဟုတ်ဘူး။ ငါတို့တောင် တန်းစီနေရလို့ စားရမလား မသေချာဘူး၊ မင်းတို့က ဘာလာလုပ်တာလဲ”
“သွား... သွား... နိမိတ်မရှိတဲ့သူတွေ”
ထိုအခါ ဒုက္ခသည်အချို့မှာ သစ်ကိုင်းများကို အားပြုကာ အားမရှိသော ခြေလှမ်းများဖြင့် နောက်ပြန်ဆုတ်သွားကြတော့သည်။
ရှန်းဟွိုက်ရွှီ ဟွာကျွင်းကို ပြောလိုက်၏။
“ဒီသူတောင်းစားတွေ ဘယ်ကနေ ဒီလောက်တောင် ရောက်လာကြတာလဲ။ တောင်ဘက်က ရေဘေးကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ဖြစ်ရမယ်”
ကျန်းနန်မှ ဤနေရာသို့ ရောက်ရန် အနည်းဆုံး ရက်သတ္တပတ် နှစ်ပတ်ခန့် ခရီးနှင်ရမည် ဖြစ်ရာ သူတို့ လုမင်လီ ၏ ကယ်ဆယ်ရေးနှင့် လွဲချော်ခဲ့ကြပေလိမ့်မည်။
မြို့ထဲသို့ ဝင်ခွင့်မရသဖြင့် သူတို့ သစ်ရွက်ခြောက်များကို စုဆောင်းကာ မြေပြင်ပေါ်တွင် ခင်းလိုက်ကြသည်။ ထို့နောက် အချင်းချင်း ပူးကပ်ကာ ကလေးငယ်များကို အလယ်တွင် ထား၍ မူလပုံသဏ္ဌာန်ပင် မမှတ်မိတော့သော စုတ်ပြတ်နေသည့် စောင်များဖြင့် တစ်ကိုယ်လုံးကို လုံအောင်ခြုံကာ တစ်ညတာကို ဖြတ်သန်းရန် ပြင်လိုက်ကြသည်။
ဟွာကျွင်းက တိုးတိုးလေး ဆိုမိ၏။
“သူတို့က ဒီအတိုင်းပဲ အိပ်ကြမှာလား။ ရာသီဥတုက အရမ်းအေးနေတာကို”
ရှန်းဟွိုက်ရွှီ ကြားသွားပြီး အမှတ်မထင် ပြန်ပြောလေသည်။
“သူတို့တွေ ဒီလောက်ရက်အထိ အသက်ရှင်ခဲ့တာပဲ၊ နွေးနွေးထွေးထွေး နေနိုင်မဲ့ နည်းလမ်းတော့ ရှိမှာပေါ့”
“ဒါဆို သူတို့ ဘာစားကြမှာလဲ။ ဒီလောက်အေးနေတာ တောထဲက ဟင်းသီးဟင်းရွက်တောင် ကျန်မှာမဟုတ်ဘူး”
ရှန်းဟွိုက်ရွှီ မျက်လုံးအဝိုင်းသားဖြင့် ဟွာကျွင်းကို သတိပေးလိုက်၏။
“ဒီကိစ္စထဲကို လုံးဝ ဝင်မပတ်သက်နဲ့နော်။ ဒုက္ခသည်တွေက အများကြီးပဲ၊ မင်းရဲ့ မုန့်ဆိုင်လေးက သူတို့အားလုံးကို ဘယ်လိုလုပ် ကျွေးနိုင်မှာလဲ။ အစိုးရက မနက်ဖြန်ကျရင် ကယ်ဆယ်ရေးရိက္ခာ ဝေလိမ့်မယ်။ မင်း ဆိုင်တံခါးကို သေသေချာချာ ပိတ်ပြီး ဂရုတစိုက်နေတာ ပိုကောင်းမယ်”
ဆိုင်ပိတ်ပြီးနောက် ဟွာကျွင်း ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်၏။ ဒုက္ခသည်များသည် အိပ်ပျော်နေကြပြီဖြစ်ရာ လှုပ်ရှားမှု မရှိတော့ပေ။ သူမ ဆိုင်တံခါးကို ပိတ်ကာ ဟွာရှန့် နှင့်အတူ အိမ်သို့ ပြန်ခဲ့တော့သည်။ ထိုညတွင် သူမ စိတ်မအေးနိုင်ဘဲ ဟိုဘက်ဒီဘက် လူးလှိမ့်ရင်း အိပ်မပျော်နိုင် ဖြစ်နေ၏။ လူအများကြီး ဆိုင်ရှေ့မှာ ရှိနေသဖြင့် သူတို့ ဆိုင်ထဲ ဖောက်ဝင်လာမည်ကို သူမ စိုးရိမ်နေမိသည်။
ဟွာရှန့် ဟွာကျွင်း၏ စိုးရိမ်မှုကို သတိပြုမိလေသည်။ သူမ နူးညံ့သောအိပ်ရာထဲတွင် လဲလျောင်းရင်း ဟွာကျွင်းကို နှစ်သိမ့်လိုက်၏။
“အစ်မ... စိတ်မပူပါနဲ့။ မုန့်ဆိုင်က ပိတ်ထားတဲ့အချိန်ဆိုရင် အပြင်ကနေ ဘယ်လိုမှ ဖွင့်လို့မရဘူး”
“တကယ်လား။ ညီမလေးက ဘယ်လိုသိတာလဲ”
ဟွာရှန့် ပြောလိုက်သည်။
“တစ်ခါက နေ့ခင်းဘက်မှာ လူတစ်ယောက်က ဆိုင်ထဲဝင်စားမယ်ဆိုပြီး ပြဿနာရှာသေးတယ်၊ သူ ဆိုင်တံခါးကို အကြာကြီး ထုရိုက်တာတောင် ဖွင့်လို့မရဘူး။ တံခါးမှာ ခြစ်ရာလေးတောင် မထင်ဘူးလေ”
ထိုအခါမှ မုန့်ဆိုင်တွင် ကိုယ်ပိုင်အကာအကွယ်စနစ် ရှိသည်ကို ဟွာကျွင်း သိလိုက်ရ၏။ သူမကိုယ်တိုင်ကသာ တခြားသူများအပေါ် သတိနည်းခဲ့ပြီး သေသေချာချာ မစစ်ဆေးခဲ့ခြင်းပင်။
ဆိုင်မီးလောင်စဉ်ကလည်း အပြင်တံခါးတွင် ဘာမှ မဖြစ်သည်ကို သတိရသွားသည်။
ထိုအခါမှ သူမ စိတ်အေးသွားတော့၏။
မိုးလင်းသည့်အခါ ဟွာကျွင်းသည် ဘေးသင့်ဒေသသို့ ပို့မည့် ပစ္စည်းများကို ပုံမှန်အတိုင်း ပြင်ဆင်ပြီး အပိုအချို့ကိုလည်း ထည့်လိုက်သည်။ ထို့နောက် သူမသည် အဘိုးလုထံသို့ ဖုန်းဆက်လိုက်၏။
“အဘိုးလု၊ အဘိုး အရင်တစ်ခါ သဘောကျတဲ့ ပန်းချီကားကို ကျွန်မ မေးကြည့်ပေးပြီးပါပြီ၊ ပိုင်ရှင်က ရောင်းဖို့ သဘောတူပါတယ်။ အဘိုး ဘယ်အချိန်မှာ လာယူချင်လဲ”
ဖုန်းအခြားတစ်ဖက်မှ အဘိုးလုသည် သိသိသာသာ ဝမ်းသာသွားတော့သည်။
“ကောင်းတယ်။ ကောင်းတယ်။ ဒီနေ့ နေ့ခင်းမှာပဲ လာခဲ့မယ်၊ အဲဒီ ပန်းချီကားကို သေသေချာချာ သိမ်းထားပေးဦးနော်”
ဟွာကျွင်းသည် ကျောင်းအနားရှိ ဆိုင်မှ (၄၈) ရောင်ပါ ဆေးရောင်စုံတစ်သေတ္တာကို ဝယ်ကာ မုန့်ဆိုင်သို့ ပြန်လာခဲ့၏။ သူမ နံရံပေါ်မှ ပန်းချီကားကို ဖြုတ်ကာ အိပ်ထဲသို့ သေသေချာချာ ထည့်လိုက်သည်။
ရှန်းဟွိုက်ရွှီအတွက် သူ အမှတ်မထင် ဆွဲထားသော ပန်းချီကားတစ်ချပ်ကို ဆေးရောင်စုံတစ်သေတ္တာနှင့် လဲလိုက်ရခြင်းက လုံးဝ မရှုံးပေ။
ဟွာကျွင်းအတွက်လည်း ထိုနည်းတူပင်။
နေ့လယ်ပိုင်းတွင် အဘိုးလု ရောက်ရှိလာ၏။ ယနေ့တွင် လုကျောက် မပါလာဘဲ အဘိုးလု၏ တပည့်တစ်ဦးသာ အတူပါလာသည်။
အဘိုးလုသည် ပန်းချီကားကို သေသေချာချာ ဖြန့်လိုက်ပြီး မှန်ဘီလူးဖြင့် အသေးစိတ် စစ်ဆေးသည်။ ထို့နောက် မှန်ဘီလူးကို သူ့တပည့်ထံ ကမ်းပေးလိုက်၏။
“ကြည့်စမ်း... ဒါ ရှန်းဟွိုက်ရွှီရဲ့ လက်ရာစစ်စစ်ပဲ။ စာရွက်နဲ့ မင်သားက အကုန်ကိုက်ညီတယ်”
သူ ဟွာကျွင်းကို မေးမြန်းလိုက်သည်။
“သမီးလေး... ဒီအတွက် စိတ်ထဲမှာ သတ်မှတ်ထားတဲ့ ဈေးနှုန်းရှိလား”
ဟွာကျွင်း တိုက်ရိုက်ပင် ပြောလိုက်၏။
“အဘိုးလုကို ကျွန်မ ယုံကြည်ပါတယ်။ အဘိုးပဲ ဈေးနှုန်း သတ်မှတ်ပေးပါရှင့်”
အဘိုးလု တစ်ခဏ စဉ်းစားပြီး ပြောလိုက်သည်။
“အဘိုး မလာခင်ကတည်းက ဈေးနှုန်းကို ခန့်မှန်းထားပြီးသားပါ။ အိမ်မှာရှိတဲ့ သူရေးထားတဲ့ ပန်းချီကားအပိုင်းလေးတောင် ယွမ်(၇) သိန်းအထိ ပေးဝယ်မဲ့သူ ရှိခဲ့တယ်။ ဒီပန်းချီကားကတော့ အကောင်းအတိုင်း ရှိနေသလို ယဉ်ကျေးမှုတန်ဖိုးကလည်း အလွန်မြင့်မားတယ်။ ရှန်းဟွိုက်ရွှီရဲ့ ပန်းချီကားတွေက အခုဆိုရင် အများကြီး မကျန်တော့ဘူးလေ။ ပြီးတော့ သူက လူပုံနဲ့ တိရစ္ဆာန်ပုံတွေကိုပဲ အဆွဲများတာ၊ ရှုခင်းပုံကတော့ ဒါ ပထမဆုံးပဲ...”
“ဒီလိုလုပ်ရအောင်၊ အဘိုး ယွမ် (၉.၂) သန်း ပေးမယ်။ သမီး ဘယ်လိုသဘောရလဲ။ ဒါက အဘိုး ပေးနိုင်တဲ့ အမြင့်ဆုံးဈေးပဲ”
ယွမ်ကိုးသန်း နှစ်သိန်း တောင်။
ဟွာကျွင်း အံ့ဩတုန်လှုပ်သွားတော့သည်။ သူမ ထိုညကို သတိရနေသေး၏။ ထိုသာမန်ညလေးမှာ ရှန်းဟွိုက်ရွှီသည် ထမင်းစားပွဲပေါ်မှာပင် အမှတ်မထင် ဆွဲလိုက်ခြင်း ဖြစ်သည်။
စတင်ချိန်မှ ပြီးဆုံးချိန်အထိ တစ်နာရီပင် မကြာလိုက်သော ပန်းချီကားက ယွမ်(၉.၂) သန်းအထိ ဈေးရသည်လော။
ဟွာကျွင်း ရှန်းဟွိုက်ရွှီကို ချက်ချင်းသွားရှာပြီး သုံးကြိမ်တိုင်တိုင် ဦးချကာ ငွေပင်ကြီးဟုပင် အော်ခေါ်ချင်စိတ် ပေါက်သွားတော့သည်။
ယခုအခါ ဟွာကျွင်း၏ ကတ်ထဲတွင် ပိုက်ဆံ အများကြီး မကျန်တော့ပေ။ စုဆောင်းငွေ ဆယ်သန်းနီးပါးကို ဘေးသင့်ဒေသအတွက် ပစ္စည်းများဝယ်ယူရာတွင် သုံးစွဲထား၏။ လူတစ်သိန်းကျော်ကို သူမ တစ်ယောက်တည်း ကူညီနိုင်ရန်အတွက် ရှေးဟောင်းပစ္စည်းများကို အမြန်ဆုံး ရောင်းချဖို့သာ လိုတော့သည်။
သူ လုမင်လီ ပို့ပေးထားသော ပုလင်းများနှင့် အိုးများကို ထုတ်ပြလိုက်ရာ အဘိုးလု မျက်လုံးပြူးသွားပြီး သူ့တပည့်မှာလည်း ပါးစပ်အဟောင်းသား ဖြစ်သွားတော့၏။
“အဘိုးလု... ဒီပစ္စည်းတွေက ဘယ်လောက်တန်မလဲဆိုတာ ကူညီပြီး တွက်ချက်ပေးလို့ ရမလားရှင့်”
အဘိုးလု တစ်ခုချင်းစီကို စစ်ဆေးရင်း အံ့ဩသံများ အဆက်မပြတ် ထွက်ပေါ်နေတော့၏။ စကားပင် မပြောနိုင်တော့ပေ။
“ဒါ ဒါ အကောင်းစားကြီးပဲ ဒါကို ကြည့်စမ်း... ဟား။ ဒါက... အို... ဘုရားရေ”
တပည့်ဖြစ်သူ၏ အကြည့်များမှာလည်း ဟွာကျွင်းအပေါ် လေးစားအားကျမှုများဖြင့် ပြည့်နှက်သွားတော့သည်။ သူ အဘိုးလုကို တိုးတိုးလေး မေးမြန်းလိုက်သည်။
“ဆရာလု... ဒါတွေ အားလုံးက အစစ်တွေပဲလား”
ဤအရာများထဲမှ တစ်ခုခုကိုသာ သူ ရခဲ့လျှင် သူ့ဘွဲ့လွန်စာတမ်းအတွက် လုံလောက်သွားပေသည်။
အဘိုးလု မှန်ဘီလူးကို ချလိုက်ပြီး လက်အိတ်ကို ချွတ်ကာ ပြောသည်။
“ အများကြီးပဲ၊ တစ်ထိုင်တည်းနဲ့ ဈေးနှုန်း မပြောနိုင်သေးဘူး”
ဟွာကျွင်းက နားလည်ကြောင်း ပြောဆိုကာ ပစ္စည်းများကို အိတ်ထဲသို့ ပြန်ထည့်ရန် ပြင်ဆင်လေ၏။
“ရပါတယ် အဘိုးလု၊ အဘိုး ဒါတွေကို ယူသွားပြီး ဖြည်းဖြည်းချင်းပဲ စစ်ဆေးပေးပါ”
အဘိုးလုနှင့် သူ့တပည့်မှာ သူမ လုပ်ရပ်ကြောင့် ထိတ်လန့်သွားပြီး ချက်ချင်း တားလိုက်ကြ၏။
“မလုပ်နဲ့၊ မလုပ်နဲ့၊ ဒါတွေက အဖိုးတန်ပစ္စည်းတွေလေ။ ဘယ်လိုဖြစ်လို့ ဒီအတိုင်း အိတ်ထဲ ထည့်ရတာလဲ”
အဘိုးလု ပစ္စည်းများကို အသာအယာ ပြန်ထုတ်လိုက်ရင်း ဆို၏။
“အို... အဘိုးက အသက်ကြီးပြီ၊ ဒါမျိုး မြင်ရတာ ရင်တုန်တယ်”
ဈေးထဲမှ ပန်းကန်သုံးလုံး (၁၀) ယွမ်ပေးဝယ်သလို ထည့်နေသည်ကို မြင်ရသည်မှာ သွေးတိုးချင်စရာပင်။
လုမင်လီ ပို့ပေးစဉ်ကလည်း သေချာ မထည့်ပေးလိုက်သဖြင့် ဟွာကျွင်းလည်း အမှတ်တမဲ့ဖြင့် အိတ်ထဲ ထည့်မိခြင်း ဖြစ်၏။
အဘိုးလုတွင် ထည့်စရာ ပစ္စည်း မပါလာသဖြင့် သူ့တပည့်ဖြစ်သူက ပါးနပ်စွာ အနားရှိ အမြန်ချောပို့ဂိတ်သို့ ပြေးသွားကာ စက္ကူသေတ္တာကြီးများနှင့် လေအိတ်များကို ဝယ်ယူလာခဲ့သည်။
ပန်းကန်လုံးများအတွင်းတွင် ဂွမ်းစများကို ထည့်ကာ အပြင်ဘက်မှ လေအိတ်ပလတ်စတစ်ဖြင့် ပတ်လိုက်၏။ ထို့နောက် သတင်းစာဖြင့် တစ်ထပ် ထပ်ပတ်ပြီး သေတ္တာအောက်ခြေတွင် ကတ်ထူများ ခံကာ တစ်ခုချင်းစီကို သေသေချာချာ ထည့်သွင်းလိုက်တော့သည်။ နောက်ဆုံးတွင် သေတ္တာကို တိပ်ဖြင့် လုံအောင် ပိတ်လိုက်သည်။
“အခုမှပဲ အဆင်ပြေသွားတော့တယ်”
အဘိုးလုသည် ထိုအခါမှ စိတ်ကျေနပ်သွား၏။ သူ လုကျောက်ကို ဖုန်းဆက်ကာ ဟွာကျွင်းထံသို့ ယွမ် (၉.၂) သန်း လွှဲခိုင်းလိုက်ပြီးနောက် ပြောလိုက်သည်။
“ဟွာကျွင်း... စိတ်ချပါ။ အဘိုး ပြန်ရောက်တာနဲ့ လူတွေကို ခေါ်ပြီး ပစ္စည်းတွေကို စစ်ဆေးခိုင်းပါ့မယ်၊ ပိုက်ဆံကိုတော့ မနက်ဖြန်ကျရင် အကုန်လွှဲပေးပါ့မယ်”
ဟွာကျွင်းမှာ ကန့်ကွက်စရာ မရှိပေ။ သူမ အဘိုးလုကို အားကိုးပြီး ရောင်းခိုင်းသဖြင့် သူ့ကို အပြည့်အဝ ယုံကြည်သည်။
အခန်း (၆၈) ဒုက္ခသည်များ၏ ရုန်းရင်းဆန်ခတ်မှု
ထိုနေ့ညနေတွင် ရှန်းဟွိုက်ရွှီ မှော်ဆန်သော (၄၈) ရောင်ပါ ဆေးရောင်စုံများကို အမြန်မြင်တွေ့လိုသဖြင့် ဆိုင်သို့ စောစောရောက်လာလေသည်။
ဟွာကျွင်း ဆေးရောင်စုံများကို သူ့ထံ ကမ်းပေးရင်း သတိပေးစကား ဆို၏။
“ဒါက လျှို့ဝှက်ချက်ဆိုတာ မှတ်ထားပါ။ ဒီဆေးတွေနဲ့ ဆွဲထားတဲ့ ပန်းချီကားတွေကို ရှင်ကိုယ်တိုင် ဒါမှမဟုတ် ရှင့်သူငယ်ချင်းတွေပဲ ကြည့်လို့ရမယ်။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဈေးကွက်ထဲ ထုတ်မရောင်းရဘူးနော်”
ထို့နောက် သူမက ထပ်လောင်းပြော၏။
“တကယ်လို့ ရောင်းချင်တယ်ဆိုရင် ကျွန်မကိုပဲ ပြန်ရောင်းပါ”
“ဒါက ကျွန်မတို့နှစ်ယောက်ရဲ့ လျှို့ဝှက်ချက်ပဲ၊ တတိယလူ မသိစေနဲ့။ မဟုတ်ရင် ဒီဆေးတွေ ကုန်သွားတဲ့အခါ အသစ် ထပ်မပေးတော့ဘူး”
ရှန်းဟွိုက်ရွှီ ဆေးရောင်စုံများကို ကြည့်ကာ စွဲလန်းနေတော့သည်။ ပန်းချီကားတစ်ချပ်နှင့် ဆေးတစ်သေတ္တာ လဲရခြင်းမှာပင် သူ့အတွက် အတော်လေး တန်နေပြီဟု သူက အစကတည်းက ယူဆထား၏။ နောင်တွင်လည်း ဆေးများ ထပ်ရနိုင်သေးသည်ဟူသော ဟွာကျွင်း၏ အရိပ်အမြွက်စကားကို ကြားလိုက်ရသည့်အခါ သူ အကြိမ်ကြိမ် ခေါင်းညိတ်ပြသည်။
“စိတ်ချပါ၊ ကျွန်တော် ဒီလျှို့ဝှက်ချက်ကို လုံးဝ မပေါက်ကြားစေရဘူး။ ဒီလို အကောင်းစားတွေကို တခြားသူတွေ သိအောင် ဘယ်လုပ်မလဲ။ လူတိုင်းက လာတောင်းနေကြရင် ကျွန်တော့်အတွက် ကျန်တော့မှာ မဟုတ်ဘူး”
ဟွာကျွင်းညမုန့်ဆိုင် အပြင်ဘက်ရှိ ဒုက္ခသည်များကို ကြည့်လိုက်ရာ ယနေ့တွင် လူဦးရေ ပိုများလာသလို ခံစားနေရ၏။
“ဒီနေ့ ဒုက္ခသည်တွေ ပိုများလာသလိုပဲနော်”
ရှန်းဟွိုက်ရွှီ၏ မျက်လုံးများမှာ ဆေးရောင်စုံများဆီမှ ခွာမရဘဲ ရှိနေလေသည်။
“ဟုတ်တယ်။ နေ့ခင်းဘက်က သူတို့တွေ မြို့ထဲဝင်ဖို့ ကြိုးစားကြသေးတယ်၊ ဒါပေမဲ့ မြို့ထဲမှာ လူဒီလောက်အများကြီးကို ဘယ်လိုဆံ့မလဲ။ လူနည်းနည်းပဲ ပေးဝင်ပြီး ကျန်တဲ့သူတွေကိုတော့ မြို့ပြင်မှာပဲ ထားလိုက်ရတာပေါ့”
“အစိုးရက ရိက္ခာ မဝေဘူးလား”
“မဝေသေးဘူး။ ဒါပေမဲ့ မကြာခင် ဝေတော့မယ်လို့ ကြားတယ်။ ဟေ့... ကျွန်တော် ပြောမယ်၊ တခြားသူတွေရဲ့ ကိစ္စထဲ ဝင်မပါနဲ့။ ခင်ဗျား မုန့်ဆိုင်မှာ မိန်းကလေးနှစ်ယောက်တည်း ရှိတာ။ တစ်ခုခုဖြစ်လာရင် ဘယ်လိုလုပ်မလဲ”
“ဘာဖြစ်နိုင်လို့လဲ”
ဟွာကျွင်း သိပ်စိတ်မဝင်စားဟန်ဖြင့် ပြောသည်။ မုန့်ဆိုင်တွင် အကာအကွယ်စနစ် ရှိပေသည်။
သူမ၏ ဂရုမစိုက်မှုကို မြင်သောအခါ ရှန်းဟွိုက်ရွှီ စိုးရိမ်တကြီးဖြင့် ဆို၏။
“ဟာ။ သတိမလွတ်စမ်းပါနဲ့။ ဒုက္ခသည်တွေ ရုန်းရင်းဆန်ခတ်ဖြစ်တာ မကြားဖူးဘူးလား။ အမြဲတမ်း ဖြစ်နေကျပဲ”
“သူတို့ကို သေသေချာချာ နေရာချပေးထားရင် ဘယ်လိုလုပ် ရုန်းရင်းဆန်ခတ် ဖြစ်မှာလဲ”
ရှန်းဟွိုက်ရွှီ ခေါင်းခါပြလေသည်။
“အဲဒါက အဲဒီလောက် မရိုးရှင်းဘူး။ အခု နေရာတိုင်းမှာ ရိက္ခာပြတ်လပ်နေတာ၊ ခရိုင်အတော်များများမှာ ငတ်နေတဲ့သူတွေ မရေမတွက်နိုင်အောင် ရှိနေတာလေ။ ရိက္ခာဝေပေးနိုင်တာကိုက တော်လှပြီလို့ ပြောရမယ်”
ညဘက်တွင် ထုံးစံအတိုင်း ထောက်ပံ့ရေး ပစ္စည်းများကို လှည်းပေါ်တင်၍ ဘေးသင့်ဒေသသို့ ပို့ဆောင်ကြသည်။ စစ်သည်များ ထွက်ခွာသွားပြီး ဟွာကျွင်း ဆိုင်တံခါးပိတ်ရန် ပြင်နေစဉ်မှာ ဒုက္ခသည် ဆယ်ဂဏန်းခန့် မုန့်ဆိုင်ဆီသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရ၏။
အမျိုးသားနှစ်ဦးက ဦးဆောင်၍ အော်ဟစ်ကာ ပြေးလာကြလေသည်။
“မြန်မြန်၊ ဒီမှာပဲ၊ သူတို့ဆီမှာ ရိက္ခာတွေ အများကြီးရှိတယ်။ ဒါကို လုနိုင်ရင် ငါတို့ စားရပြီ”
ဟွာကျွင်းမှာ ပါးနပ်လှသဖြင့် ဆိုင်တံခါးကို ချက်ချင်းပိတ်ကာ လော့ခ်ချလိုက်၏။ သူတို့ ဆိုင်ရှေ့သို့ ရောက်လာကြပြီး တံခါးပိတ်ထားသည်ကို မြင်သောအခါ ဦးဆောင်သူက တံခါးကို ကန်ကြရန် လူအုပ်ကို လှုံ့ဆော်သည်။
“ကြည့်စမ်း။ ဒီဆိုင်ရှင်က ဘယ်လောက်တောင် လူပါးဝလဲ၊ သူ ပစ္စည်းထုပ်တွေကို အပြင်သယ်ထုတ်နေတာ ငါ ကိုယ်တိုင်မြင်ခဲ့တာ။ ငါ လှည်းနားကို ခိုးကပ်ပြီး ချောင်းကြည့်ခဲ့တာ၊ အဖြူရောင် ဆန်အကောင်းစားတွေပဲ”
ကြံရာပါကလည်း ထပ်ဆင့်ပြောသည်။
“ဟုတ်တယ်၊ ဒီကောင်မလေးဆီမှာ ဆန်တွေအများကြီးပဲ၊ တစ်အိတ်ရရင်တောင် ငါတို့ အကြာကြီး စားလို့ရတယ်။တံခါးကို ကန်ဖွင့်ပြီး ဆန်အိတ်တွေ ယူကြစမ်း”
ထိုအခါ လူဆယ်ဂဏန်းခန့်မှာ တံခါးကို ဝိုင်းဝန်း ထုရိုက်ကြတော့သည်။ အချို့က ကန်ကြသလို အချို့ကလည်း ဘယ်ကရမှန်းမသိသော တုတ်များဖြင့် ပြတင်းပေါက်များကို ရိုက်နှက်ကြ၏။
ထူးဆန်းသည်မှာ မုန့်ဆိုင်အတွင်း၌ အပြင်က စကားပြောသံများကို ရှင်းရှင်းလင်းလင်း ကြားနေရသော်လည်း တံခါးကို ရိုက်နှက်သံများမှာ အသံပမာဏ လျှော့ချထားသကဲ့သို့ ရှိနေလေသည်။ စောင်တစ်ထပ် ခံထားသကဲ့သို့ အသံမှာ ခပ်အုပ်အုပ်သာ ရှိပြီး လုံးဝ ကြောက်စရာ မကောင်းပေ။
ဟွာကျွင်း စိတ်သက်သာရာ ရသွား၏။ မုန့်ဆိုင်သည် အာကာသကို ဖြတ်ကျော်နိုင်သည်ဆိုလျှင် ဤကဲ့သို့သော အကာအကွယ်စနစ်မျိုး ရှိနေမည်မှာ အမှန်ပင် ဖြစ်လေသည်။
အပြင်ဘက်မှ အမျိုးသားတစ်ဦး၏ အသံကို သူမ ကြားလိုက်ရ၏။
“ဒီတံခါးက အသေမာတာပဲ။ လူတွေ ထပ်ခေါ်ကြစမ်း”
တစ်ဦးက ပြန်ထူးကာ ပြေးထွက်သွားလေသည်။ မကြာမီ လူများ ပိုရောက်လာပြီး တံခါးကို ဝိုင်းရိုက်ကြပြန်၏။
တစ်ယောက်က အကြံပေးသည်။
“မီးရှို့လိုက်ကြစမ်း”
ခေါင်းဆောင်ဖြစ်သူမှာ အော်လိုက်လိုက်၏။
“မလုပ်နဲ့၊ မီးရှို့လည်း အလကားပဲ”
‘သူ မီးရှို့လည်း အလကားဖြစ်မှန်း ဘယ်လိုသိတာလဲ။ သူ ဘယ်သူလဲ’
ဟွာကျွင်းသည် အပေါ်ထပ်သို့ ပြေးတက်ကာ ပြတင်းပေါက်မှ ချောင်းကြည့်လိုက်၏။
ထိုခေါင်းဆောင်သည် ဟောင်းနွမ်းသောအဝတ်အစားများကို ဝတ်ထားသော်လည်း သူ့ဖိနပ်များမှာမူ သန့်ရှင်းနေသည်။
ခရီးအဝေးကြီး လာခဲ့ရသည့်တိုင်အောင် သူ၏ ဖိနပ်များမှာ အဘယ်ကြောင့် ဤမျှ သန့်ရှင်းနေရသနည်း။
ဟွာကျွင်းသည် ဤလူမှာ ဒုက္ခသည် မဟုတ်ကြောင်း အလိုလို သိလိုက်၏။ သူနှင့် အပေါင်းအပါများသည် ဒုက္ခသည်များကြားထဲ ရောနှောဝင်ရောက်ကာ မုန့်ဆိုင်ကို တိုက်ခိုက်ဖို့ လှုံ့ဆော်နေခြင်း ဖြစ်လေသည်။
သူတို့သည် အရင်တစ်ခါ မီးရှို့ခဲ့သော အဖွဲ့နှင့် တစ်ဖွဲ့တည်းပင် ဖြစ်ရမည်။
ထိုအချိန်တွင် မီးအိမ်များ ကိုင်ဆောင်ထားသော စစ်သည်တစ်စု ပြေးလာကြလေသည်။ သူတို့သည် သတိပေးစကား အော်ဟစ်ကာ ရုန်းရင်းဆန်ခတ်ဖြစ်နေသော ဒုက္ခသည်များကို တုတ်များဖြင့် ပြင်းပြင်းထန်ထန် ရိုက်နှက်ကြတော့သည်။
ရိုက်ချက်တိုင်းမှာ ထိမိလှ၏။ ကြာမြင့်စွာ ငတ်မွတ်မှုနှင့် အာဟာရချို့တဲ့ကာ ပိန်လှီနေပြီး အဝတ်အစား ပါးပါးလေးသာ ဝတ်ထားသော ထိုဒုက္ခသည်များသည် နှစ်ချက်ခန့် အရိုက်ခံရရုံဖြင့် မြေပြင်ပေါ်သို့ လဲကျသွားကာ ပြန်မထနိုင်ကြတော့ပေ။
တစ်ဖက်တွင်လည်း ဒုက္ခသည်အတု နှစ်ဦးမှာ စစ်သည်များ ရောက်လာသည်နှင့် နောက်ဘက်သို့ ခိုးဝင်ကာ ထွက်ပြေး လွတ်မြောက်သွားကြသည်။
ဟွာကျွင်း အောက်ထပ်သို့ ပြေးဆင်းလာသည့်အခါ ဒုက္ခသည်များအားလုံး မြေပြင်ပေါ်တွင် လဲကျနေကြပြီ ဖြစ်၏။ အချို့မှာ ငြိမ်သက်နေကြပြီး အချို့မှာမူ လက်မောင်းများကို ဆုပ်ကိုင်ကာ ညည်းတွားနေကြလေသည်။
သူမသည် စိုးရိမ်တကြီးဖြင့် တံခါးကို ဖွင့်လိုက်၏။ စစ်သည်တစ်ဦးက သူမဘက်သို့ လှည့်ကာ ပြောသည်။
“ဆိုင်ရှင်ဟွာ... စိတ်အေးအေးထားပါ၊ ပြဿနာရှာတဲ့ ဒုက္ခသည်အားလုံးကို နှိမ်နင်းလိုက်ပါပြီ။ မြို့တော်ဝန် က မြို့ပြင်မှာ ဒုက္ခသည်တွေ စုဝေးနေတာကို သိလို့ မုန့်ဆိုင်အတွက် စိုးရိမ်ပြီး ကျွန်တော်တို့ကို အထူးလွှတ်ပြီး စောင့်ရှောက်ခိုင်းတာပါ”
“ကျေးဇူးတင်ပါတယ်”
ဟွာကျွင်းသည် ရှေ့သို့ တိုးသွားကာ မြေပြင်ပေါ်ရှိ ဒုက္ခသည်များ၏ ဒဏ်ရာများကို စစ်ဆေးကြည့်ချင်မိ၏။
စစ်သည်က သူမကို တားလိုက်သည်။
“ဆိုင်ရှင်ဟွာ... သတိထားပါဦး။ သူတို့က ရုတ်တရက် အကြမ်းဖက်လာနိုင်တယ်။ ကျွန်တော်တို့ သူတို့ကို ဖမ်းသွားဖို့ လိုသေးတယ်”
ဟွာကျွင်းက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။
“ကြည့်စမ်းပါဦး၊ ဘယ်သူကများ ပြန်ထနိုင်ဦးမှာမလို့လဲ။ သူတို့တွေက အသုံးချခံရတာပါ၊ ပစ္စည်းခိုးချင်တယ်ဆိုရင်တောင် ဒီလောက် ပြစ်ဒဏ်ပေးတာ လုံလောက်ပါပြီ”
ထိုအချိန်တွင် ဆူညံသံများကြောင့် အခြားဒုက္ခသည်များစွာ ရောက်ရှိလာကြပြီး လူကြီးလူငယ်မရွေး အဝေးမှ ရပ်ကြည့်နေကြ၏။
“သူတို့က အသုံးချခံရတာလို့ ဘာလို့ ပြောတာလဲ။ ဒါက အစားအသောက်အပေါ် လောဘတက်ပြီး လုပ်ကြတာ သိသာနေတာပဲကို”
ဟွာကျွင်း ပြောလိုက်သည်။
“ဒုက္ခသည် မဟုတ်ဘဲ ဒုက္ခသည်လို ဟန်ဆောင်ထားတဲ့ လူနှစ်ယောက် သူတို့ကြားထဲမှာ ရောနှောနေတာ ကျွန်မ အခုလေးတင် မြင်လိုက်တယ်။ သူတို့ကပဲ ကျွန်မရဲ့ မုန့်ဆိုင်ကို ဖျက်ဆီးဖို့ လှုံ့ဆော်နေတာ”
စစ်သည်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးမှ မေးမြန်းလိုက်၏။
“အဲဒီလိုကိစ္စ ရှိလို့လား”
ဟွာကျွင်းက ခေါင်းညိတ်ပြလိုက်သည်။
“အရင်တစ်ခါကလည်း သူတို့ပဲ ကျွန်မဆိုင်ကို မီးရှို့ခဲ့ကြတာ၊ ကျွန်မ ညီမလေး သေလုနီးပါး ဖြစ်ခဲ့ရတယ်။ ကံကောင်းလို့ စစ်သူကြီးလု ရှိနေပြီး မီးကို အချိန်မီ ငြှိမ်းသတ်ပေးခဲ့လို့သာ။ မဟုတ်ရင် ကျွန်မဆိုင်လေး ပြာဖြစ်သွားလောက်ပြီ”
ဟွာကျွင်း ပြောသည်မှာ အမှန်ပင် ဖြစ်၏။ လုမင်လီ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းပေးခဲ့ခြင်းပေ။
စစ်သူကြီးလု၏ အမည်ကို ကြားလိုက်ရသည့်အခါ ဤကိစ္စမှာ သေးငယ်သော ကိစ္စမဟုတ်ကြောင်း စစ်သည်တော်များ သိလိုက်ကြ၏။
“ဆိုင်ရှင်ဟွာ... ကျွန်တော်တို့ မြို့တော်ဝန်ဆီကို လူလွှတ်ပြီး ချက်ချင်း သတင်းပို့လိုက်ပါ့မယ်။ တရားခံတွေကို အမြန်ဆုံး ရှာဖွေပါ့မယ်”
“အဲဒီလူနှစ်ယောက် ထပ်လာဦးမှာ အသေအချာပဲ။ မယုံရင် မနက်ဖြန် သေသေချာချာ စောင့်ကြည့်ကြည့်ပါ၊ သူတို့ကို ဖမ်းမိပါလိမ့်မယ်”
ထို့နောက် ဟွာကျွင်း မြေပြင်ပေါ်ရှိ ဒုက္ခသည်များဆီသို့ လျှောက်သွားကာ ဒဏ်ရာများကို ကြည့်လိုက်သော်လည်း သူမ နားမလည်ပေ။ သူမတွင်လည်း အချိန်အများကြီး မရှိတော့ပေ။ သူမ မတ်တပ်ရပ်ကာ လူအုပ်ထဲသို့ လှမ်းအော်လိုက်သည်။
“ဆေးပညာ အနည်းအကျဉ်း သိတဲ့သူ ရှိလား။ ဒဏ်ရာကို ပတ်တီးစည်းပေးနိုင်ပြီး ဆေးလိမ်းပေးနိုင်ရင် ရပါပြီ”
ပတ်ဝန်းကျင်မှာ အလွန်တိတ်ဆိတ်နေ၏။ ကြာရှည်သော ငတ်မွတ်မှုနှင့် ပင်ပန်းနွမ်းနယ်မှုများကြောင့် သူတို့မှာ ခံစားချက်မရှိသော လူများအလား ဖြစ်နေကြသည်။ သူတို့သည် ဟွာကျွင်းကို ထုံထိုင်းစွာသာ ကြည့်နေကြ၏။
အကြိမ်ကြိမ် ခေါ်ယူပြီးနောက် လူအုပ်မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ကောင်လေးတစ်ယောက် ထွက်လာသည်။
သူက တိုးညင်းသောအသံဖြင့် ပြောလိုက်သည်။
“ကျွန်တော် နည်းနည်း သိပါတယ်”
သူသည် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ခန့်သာ ရှိသေးပြီး အသံမှာ ဩနေကာ နှုတ်ခမ်းများမှာ ကွဲအက်နေ၏။ မျက်နှာတွင်လည်း ဖူးရောင်နေသော ဒဏ်ရာများ ရှိနေသည်။
ဟွာကျွင်း ဒူးထောက်ထိုင်ကာ မေးလိုက်၏။
“ပတ်တီး စည်းတတ်လား”
သူ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“ကျွန်တော် အရင်က ဆေးဆိုင်မှာ အလုပ်လုပ်ဖူးတယ်၊ အချို့အရာတွေကို သင်ယူခဲ့ဖူးတယ်”
“ကောင်းပြီ၊ ဒီမှာ ခဏစောင့်နေဦးနော်”
သူမသည် မုန့်ဆိုင်ထဲသို့ ပြေးဝင်သွားကာ မိမိအိမ်ဘက်ခြမ်းမှတစ်ဆင့် အနားရှိ ဆေးဆိုင်သို့ ပြေးသွားပြီး ပတ်တီးများနှင့် အိုင်အိုဒင်းဆေးရည်များကို ဝယ်ယူလိုက်သည်။
သူမ မုန့်ဆိုင်သို့ ပြန်ရောက်လာသည့်အခါ ကောင်လေးငယ်လေးမှာ လူတိုင်းကို ကျွမ်းကျင်စွာ စစ်ဆေးပေးနေပြီ ဖြစ်လေသည်။