အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
အခန်း (၆၉) လူ့အသက်မှာ မြင့်မြတ်ခြင်း၊ နိမ့်ကျခြင်း မရှိ
ခေတ်သစ်ကာလရှိ အသက်ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးငယ်များသည် ကျောင်းတက်ရင်း အပြစ်ကင်းစင်စွာ ဆော့ကစားနေကြဆဲ ဖြစ်သော်လည်း ရှေးခေတ်ကာလတွင်မူ ထိုအရွယ်ကလေးများသည် အလုပ်လုပ်ကာ ငွေရှာနေကြပြီ ဖြစ်လေသည်။
ဟွာကျွင်း ပြန်ရောက်လာသည်ကို မြင်သောအခါ ထိုကောင်လေးသည် မတ်တပ်ရပ်လိုက်ပြီး မြေပြင်ပေါ်ရှိ ဒဏ်ရာရရှိသူများ၏ အခြေအနေ တစ်ခုချင်းစီကို အစီရင်ခံလေ၏။
“ဒီလူကတော့ လက်ကျိုးသွားတာ၊ ဒီလူကတော့ သိပ်မပြင်းထန်ပါဘူး၊ ဖူးရောင်ရုံပဲရှိတာ၊ ဒီလူကတော့ ခေါင်းကို ရိုက်ချက်မိသွားလို့ သတိမေ့နေတာ၊ ဒီလူကတော့ ဘာဒဏ်ရာမှမရှိဘူး၊ ဆာလောင်လွန်းလို့ မူးလဲသွားတာပါ”
“နင် တော်တော်မြန်တာပဲ”
ဟွာကျွင်း သူ့ကို စိတ်ရင်းဖြင့် ချီးကျူးလိုက်၏။
“ဒီဆေးတွေကို သူတို့အတွက် လိုအပ်သလို သုံးလိုက်ပါ။ မင်း တော်တော် ပင်ပန်းသွားပြီ”
ကောင်လေး အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ မေးလိုက်သည်။
“သူတို့က အစ်မရဲ့ဆိုင်ကို ဖျက်ဆီးခဲ့ကြတာလေ၊ အစ်မက သူတို့ကို ဆေးကုပေးချင်သေးတာလား”
“သူတို့ မအောင်မြင်ခဲ့ဘူး မဟုတ်လား။ ပြီးတော့ သူတို့ကို ဒီအတိုင်း ပစ်ထားရင် ဒီညကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။ သူတို့ကလည်း အသက်ရှင်ဖို့ ကြိုးစားနေကြတာပဲလေ၊ အသက်ဆုံးရှုံးရလောက်တဲ့အထိတော့ မတန်ပါဘူး”
ကောင်လေး နားမလည်နိုင်ပေ။ သူ ထွက်ပြေးလာခဲ့ရသော လမ်းတစ်လျှောက်တွင် ဒုက္ခသည်အချို့သည် တစ်စုံတစ်ဦး၏ အိမ်ထဲသို့ ခိုးဝင်ကာ ပေါက်စီနှစ်လုံး ခိုးယူမိရုံဖြင့် ရိုက်သတ်ခံရသည်ကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည်။
ဤကဲ့သို့သော လောကကြီးတွင် ဒုက္ခသည်တစ်ဦး၏ အသက်မှာ တန်ဖိုးမရှိပေ။
သူ ဟွာကျွင်း ပေးသောဆေးကို အသာအယာယူကာ အာနိသင်ကို စစ်ဆေးပြီးနောက် ဒဏ်ရာရသူများကို လိမ်းပေးသည်။
ဖြူစင်သန့်ရှင်းသော ပတ်တီးစများမှာ ဒုက္ခသည်များ၏ ညစ်ပတ်နေသော အရေပြားနှင့် သိသိသာသာ ကွာခြားနေတော့၏။
အနားရှိ ရုံးတော်စစ်သည်က ကြည့်ရင်း ပြောလိုက်သည်။
“ဆိုင်ရှင်ဟွာက တကယ့်ကို သဘောကောင်းတာပဲ။ ဒီလို နိမ့်ကျတဲ့သူတွေကို ဆေးနည်းနည်းပေးရင်ပဲ လုံလောက်နေပြီကို၊ အခုတော့ ဒီလောက်ကောင်းတဲ့ ပတ်တီးတွေအထိ သုံးပေးနေတာ တကယ့်ကို ကြင်နာလွန်းရာ ရောက်နေပြီ”
“လူ့အသက်မှာ မြင့်မြတ်တာ၊ နိမ့်ကျတာဆိုပြီး ဘယ်လိုလုပ် ခွဲခြားလို့ ရမှာလဲ”
မကြာမီ ကောင်လေးသည် ဒဏ်ရာများကို ကုသပေးပြီးသွားသည်။ ဟွာကျွင်း သူ့ကို မေးမြန်းလိုက်၏။
“မင်း နာမည် ဘယ်သူလဲ”
“ကျွန်တော့်နာမည် မိုက်တုန်းပါ”
“မိုက်တုန်း... ဆေးဖက်ဝင်အပင် နာမည်နဲ့ တူသားပဲနော်”
မိုက်တုန်း ခေါင်းညိတ်ပြကာ ပြောသည်။
“ကျွန်တော့် ဆရာက ပေးထားတာပါ”
ဟွာကျွင်းသည် ဟွာရှန့် ကို ပေါက်စီနှစ်လုံး ယူခိုင်းလိုက်ပြီး သူ့ကိုကမ်းပေးလိုက်သည်။
“ဒါက ဒီနေ့ ကူညီပေးလို့ နင့်အတွက် ဆုလာဘ်ပဲ”
မိုက်တုန်းမှာ မှင်တက်သွား၏။ သူသည် ပေါက်စီများကို ကြည့်ကာ ဟွာကျွင်းကို မေးမြန်းလိုက်သည်။
“ဒါတွေ အားလုံးက ကျွန်တော့်အတွက်လား”
“ဟုတ်တယ်၊ နင့်အတွက်ပဲ။ ဒီမှာတင် အေးအေးဆေးဆေး စားလိုက်ပါ”
အကယ်၍ သူ ပေါက်စီနှစ်လုံးကို ကိုင်ကာ ဒုက္ခသည်များဆီသို့ ပြန်သွားပါက ဝံပုလွေအုပ်ထဲသို့ အသားတုံး ပစ်ပေးလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
မိုက်တုန်းသည် ဟွာကျွင်း စကားပြန်ရုပ်သိမ်းသွားမည်ကို စိုးရိမ်သကဲ့သို့ ပေါက်စီများကို ယူကာ အငမ်းမရ စားတော့၏။
“ဘယ်သူမှ နင့်က လုမစားပါဘူး။ အေးအေးဆေးဆေး စားပါ၊ သီးသွားဦးမယ်”
ဒုက္ခသည်များသည် ပေါက်စီကို မြင်လိုက်ရသည့်အခါ မျက်လုံးများ ဝင်းလက်သွားပြီး ဆိုင်ဘက်သို့ မသိမသာ တိုးလာကြ၏။ အနားရှိ စစ်သည်များက တုတ်များကို ဝေ့ယမ်းကာ အနားမကပ်ရန် တားဆီးလိုက်ကြသည်။
ဟွာကျွင်းက သူတို့ကို လှမ်းပြောလိုက်၏။
“ကျွန်မဆီမှာ အစားအသောက်တွေ ရှိပါတယ်၊ ဒါပေမဲ့ အလကားတော့ မဟုတ်ဘူး။ ပေါက်စီ စားချင်တယ်ဆိုရင် မနက်ဖြန်ညကျရင် တစ်ခုခုနဲ့ လာလဲလို့ ရတယ်၊ ကြေးပြားပဲ ဖြစ်ရမယ်လို့ မကန့်သတ်ထားဘူး”
ဒုက္ခသည်တစ်ဦးက ရဲရဲတင်းတင်း ပြောသည်။
“ကျွန်တော်တို့က ဆင်းရဲသားတွေပါ။ တန်ဖိုးရှိတာ ဘာမှမကျန်တော့ပါဘူး၊ ကျန်ခဲ့တာတွေလည်း ရေထဲမှာ အကုန်ပါသွားပါပြီ”
ဟွာကျွင်းက ကျယ်လောင်စွာ ပြန်ပြောလိုက်၏။
“တန်ဖိုးရှိတဲ့အရာ ဖြစ်စရာ မလိုပါဘူး၊ ရှင့်တို့ဘက်က တန်ဖိုးရှိတယ်လို့ ယူဆတဲ့အရာဆိုရင် ရပါပြီ။ ဒါပေမဲ့ ဘာနဲ့လဲပေးမယ်ဆိုတာကိုတော့ ကျွန်မကပဲ ဆုံးဖြတ်ပါ့မယ်”
ထို့နောက် သူမ ဆိုင်တံခါးကို ပိတ်လိုက်တော့သည်။
နောက်တစ်နေ့ မနက်တွင် ဟွာကျွင်းသည် အဘိုးလု ထံမှ ဖုန်းလက်ခံရရှိ၏။
“ဟွာကျွင်း... အဘိုးတို့အဖွဲ့က မနေ့က ရှေးဟောင်းပစ္စည်းတွေကို စစ်ဆေးပြီးသွားပြီ၊ အားလုံးက အစစ်တွေဖြစ်သလို အင်မတန်ကို ရှားပါးပါတယ်။ အဘိုးက ယွမ် (၆.၅) သန်း ပေးချင်တယ်။ အသေးစိတ် တွက်ချက်ထားတာကို ဝီချက်ကနေ ပို့ပေးမယ်။ သမီး ဘယ်လို သဘောရလဲ”
“အဘိုးလုရှင့်... (၆.၅) သန်းဆိုရင် အဆင်ပြေပါတယ်၊ ကျွန်မမှာ ကန့်ကွက်စရာ မရှိပါဘူး”
နောက်ဆုံးတော့ သူမဆီသို့ ငွေအချို့ ပြန်ဝင်လာပြီ ဖြစ်၏။ ဟွာကျွင်း သူမ၏ ကတ်ထဲရှိ လက်ကျန်ငွေကို ကြည့်ကာ တစ်ခဏ ဝမ်းသာသွားလေသည်။ သို့သော် ထိုငွေများမှာ ကတ်ထဲတွင် ကြာကြာမရှိလိုက်ဘဲ သုံးစွဲရန် အချိန်ရောက်လာပြန်၏။
ပထမဦးစွာ သူမ စောင်များနှင့် တဲများအတွက် ပေးရန်ကျန်နေသော ငွေများကို လွှဲပေးလိုက်ပြီး ဘေးသင့်ဒေသသို့ ဆက်လက်ပို့ဆောင်ရန် ပစ္စည်းများကို ထပ်မံမှာယူလိုက်သည်။ မုန့်ဆိုင်ပြင်ပတွင် ဒုက္ခသည်များစွာ ရှိနေသည်ကို ထည့်သွင်းစဉ်းစားကာ ဟွာကျွင်းသည် တဲများနှင့် စောင်များကို ပို၍မှာယူလိုက်သလို ပေါက်စီ သေတ္တာအများအပြားကိုလည်း မှာယူခဲ့၏။
ငွေများအားလုံး ကုန်သွားသော်လည်း ဟွာကျွင်းမှာ ဖော်ပြမတတ်သော ကျေနပ်မှုကို ခံစားနေရသည်။
သူမ နောက်ဆုံးတွင် အမည်မသိ လူတစ်ယောက် မဟုတ်တော့ဘဲ အခြားသူများ အားကိုးရာ ဖြစ်လာကာ လူများကို ဒုက္ခအတွင်းမှ ကယ်တင်နိုင်သူ ဖြစ်လာခဲ့ပြီ ဖြစ်၏။ ဤသည်မှာ သူမ မုန့်ဆိုင်ကို ဆက်ခံခဲ့ရသည့် အဓိပ္ပာယ်ပင် ဖြစ်ပေလိမ့်မည်။
မုန့်ဆိုင်ကို ဆက်လက် ဖွင့်လှစ်ရဦးမည် ဖြစ်ရာ ယနေ့တွင် သူမသည် ဆောင်းတွင်းအတွက် စားသုံးသူများ ကြိုက်နှစ်သက်မည့် ကြက်ကြော်၊ ဘီယာနှင့် ဘာဂါများကို ပြင်ဆင်ရန် ဆုံးဖြတ်လိုက်၏။
ကြက်ကြော်ဆိုင်မှာ ဟွာကျွင်းနှင့် ရင်းနှီးနေပြီ ဖြစ်သဖြင့် ဖုန်းတစ်ချက် ဆက်ရုံဖြင့် အချိန်မီ ပို့ပေးလာသည်။
ဟွာရှန့်သည် ယခုအခါ ဖုန်းကို ကျွမ်းကျင်စွာ သုံးတတ်နေပြီ ဖြစ်၏။ ဟွာကျွင်းက သူမကို ဆင်းကတ် တစ်ကတ် ဝယ်ပေးထားရာ သူမသည် ဖုန်းဆက်ရခြင်းကို အလွန်နှစ်သက်သဖြင့် ပစ္စည်းမှာယူသည့် တာဝန်ကို သူမကပင် ယူထားလေသည်။
ညနေပိုင်း ဆိုင်ဖွင့်သည်နှင့် စားသုံးသူများ တဖွဲဖွဲ ရောက်ရှိလာကြပြီး ဒုက္ခသည်များမှာလည်း မနီးမဝေးမှ ဆိုင်ဘက်သို့ လှမ်းကြည့်နေကြ၏။
ဟွာကျွင်းသည် စားပွဲနှင့် ထိုင်ခုံအချို့ကို ဆိုင်ရှေ့ ထောင့်နားတွင် ထုတ်ချထားကာ သူတို့ဘက်မှ လာတွေ့မည့်အချိန်ကို စောင့်နေသည်။ သို့သော် သူတို့မှာ အဝေးမှသာ ကြည့်နေကြပြီး မည်သူမျှ ရှေ့သို့ တိုးမလာကြပေ။
စားသုံးသူများ၏ စကားဝိုင်းမှာ ဒုက္ခသည်များအကြောင်း ဖြစ်နေသဖြင့် ဟွာကျွင်းသည် အပျင်းပြေ နားထောင်နေမိ၏။
“ကြားတာတော့ အစိုးရက ဒီနေ့ ဆန်ပြုတ်ဝေတာ နာရီဝက်တောင် မခံဘူး၊ အကုန်ကုန်သွားတာပဲတဲ့။ လူကများပြီး ဆန်ပြုတ်က နည်းနေတာကိုး”
“နေရာတိုင်းမှာ ရိက္ခာပြတ်နေတာ။ သူတို့တွေ အကုန်စားလိုက်ရင် နောက်ကျရင် ဆန်ဈေးတက်လာတဲ့အခါ တို့တွေပဲ ဒုက္ခရောက်မှာ”
“အစ်ကိုကလည်း အပိုတွေ စိုးရိမ်နေပြန်ပြီ။ မနေ့ညကတင် ဒုက္ခသည် အများကြီး အအေးမိပြီး သေကုန်ကြတာ၊ နောက်ဆို ပိုအေးလာတော့မှာဆိုတော့ သူတို့တွေ ဒီဆောင်းတွင်းကို ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး”
ဟွာကျွင်း၏ စိတ်မှာ လေးလံသွားတော့သည်။ သူမ အနီးအနားက လူများ နေ့ချင်းညချင်း သေဆုံးနေကြသည် မဟုတ်ပါလား။ သူမ တဲအချို့ကို ဆွဲထုတ်ကာ အပြင်ရှိ စစ်သည်များထံသို့ သွားပေးလိုက်၏။
“ဒီတဲတွေကို ဒုက္ခသည်တွေ နေဖို့အတွက် ဆောက်ပေးလိုက်ပါဦးရှင်”
ရုံးတော် စစ်သည်များသည် ဟွာကျွင်း၏ စိတ်ထားကို သိကြသဖြင့် တက်ကြွစွာ ကူညီပေးကြရာ မကြာမီ တဲအချို့ အဆင်သင့် ဖြစ်သွားသည်။
ဤသည်မှာ သူတို့ကို သတ္တိပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး ဒုက္ခသည်အချို့ ဟွာကျွင်းဆီသို့ လျှောက်လာကြ၏။ သူတို့ သိပ်မဝေးသေးခင်မှာပင် ဒုက္ခသည်များကြားမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာလေသည်။
“အားလုံးပဲ၊ ဒီမိန်းမ စကားကို မယုံကြနဲ့။ ဒီဆိုင်က အကျင့်မကောင်းတဲ့ အယုတ်တမာဆိုင်ပဲ။ ဒီမိန်းမက မင်းတို့ဆီက ပစ္စည်းတွေကို လိမ်ယူချင်နေတာ”
“ဟုတ်တယ်၊ ကြည့်စမ်း၊ ဆိုင်ထဲက အစားအသောက်တွေက ဘယ်လောက်တောင် မွှေးနေလဲ။ ငါတို့ လူအများကြီးပဲ၊ အထဲဝင်ပြီး လုလိုက်ရင် ဒီမိန်းမနှစ်ယောက်က တို့ကို ဘယ်လိုတားနိုင်မှာလဲ”
“ပစ္စည်းနဲ့ လဲနေစရာ ဘာလိုလဲ၊ အလကားရမှာကို။ တက်ကြစမ်း”
မနေ့ညက အဖြစ်အပျက်ကြောင့် မည်သူမျှ မလှုပ်ရဲကြပေ။ ဟွာကျွင်း လူအုပ်ထဲတွင် ပုန်းရန် ကြိုးစားနေသော လူနှစ်ဦးကို စိုက်ကြည့်ကာ မေးလိုက်၏။
“ရှင်တို့က ဘယ်သူတွေလဲ။ ဘာလို့ ဒီမှာ ပြဿနာ လာရှာနေရတာလဲ”
သူတို့နှစ်ဦးမှာ လူမိသွားသည်ကို သိလိုက်ရသည့်အခါ မနေ့ညကကဲ့သို့ ထွက်ပြေးရန် ကြိုးစားကြသော်လည်း အရိပ်ထဲတွင် ပုန်းနေသော စစ်သည်အချို့က လှမ်းဖမ်းလိုက်ကြ၏။ သူတို့ ထိုသူနှစ်ဦးကို လည်ပင်းမှ ဆွဲကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်ကြသည်။
စစ်သည်တစ်ဦးက ဒေါသတကြီး ငေါက်လိုက်၏။
“အမှန်အတိုင်းပြောစမ်း။ မင်းတို့က ဘယ်သူတွေလဲ။ ဘာလို့ ဒီမှာ ပြဿနာ လာရှာနေတာလဲ”
တစ်ယောက်မှာ တုန်တုန်ရီရီဖြင့် ပြန်ဖြေသည်။
“အစီရင်ခံပါတယ် စစ်သည်တော်ခင်ဗျ၊ ကျွန်တော်တို့က ဒီကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေပါ။ ဗိုက်ဆာလွန်းလို့ အခုလို လုပ်မိတာပါ”
“မနေ့ညက ကျွန်မဆိုင်ကို ဖျက်ဆီးဖို့ ဦးဆောင်ခဲ့တာ ရှင်တို့နှစ်ယောက် မဟုတ်လား”
သူတို့က အပြတ်အသတ် ငြင်းဆိုကြ၏။
“မရှိပါဘူး၊ မနေ့ညက ကျွန်တော်တို့ ဒီမှာတောင် မရှိပါဘူး”
ထိုအချိန်တွင် မိုက်တုန်း ထွက်လာပြီး သူ့နောက်တွင် ခြေထောက်မသန်သည့်သူတစ်ဦး ပါလာလေသည်။ သူ မြေပြင်ပေါ်ရှိ လူနှစ်ဦးကို ကြည့်ကာ ပြောသည်။
“သူတို့ပဲ။ မနေ့ညက ဆိုင်ကို ဖျက်ဆီးဖို့ ကျွန်တော်တို့ကို အတင်းခေါ်သွားတာ သူတို့ပဲ။ကျွန်တော် မလာချင်ဘူးဆိုတာကို သူတို့က အတင်းလုပ်ခိုင်းတာ”
“မင်း လျှောက်ပြောမနေနဲ့။ ငါ မင်းကို တစ်ခါမှ မမြင်ဖူးဘူး”
“စစ်သည်တို့... ကျွန်တော် သက်သေခံပါ့မယ်၊ သူတို့နှစ်ယောက်ပါပဲ။ ကျွန်တော်တို့ လူအများကြီး သူတို့ကို မြင်လိုက်ရတာ၊ သူတို့ ပြာဖြစ်သွားရင်တောင် ကျွန်တော် မှတ်မိတယ်”
အခန်း (၇၀)
အစားအစာအတွက် ပစ္စည်းချင်းလဲလှယ်ခြင်း
ရုံးတော်အာဏာပိုင်များသည် တွေဝေနှောင့်နှေးခြင်း မရှိကြပေ။ သူတို့ ထိုသူနှစ်ဦး၏ လက်ကိုလိမ်ကာ ရုံးတော်သို့ ခေါ်ဆောင်ရန် ပြင်လိုက်ကြသော်လည်း ထိုသူနှစ်ဦးမှာ ရုန်းထွက်လိုက်ကြပြီး အော်ဟစ်ကြတော့၏။
“ကယ်ကြပါဦး။ အာဏာပိုင်တွေက ဒုက္ခသည်တွေကို ရိုက်နှက်နေပါတယ်၊ အားလုံးပဲ လာကြည့်ကြပါဦး”
“ပါးစပ်ပိတ်ထားစမ်း။ ရှင်တို့က ဒုက္ခသည်တွေ မဟုတ်ဘူး။ ရှင်တို့ရဲ့ ဘောင်းဘီနဲ့ ဖိနပ်တွေကို ကြည့်ဦး၊ တောင်တွေ၊ မြစ်တွေကို တစ်လလုံး ဖြတ်ကျော်လာရတဲ့သူနဲ့ တူလို့လား”
ထိုအခါ သူတို့သည် ခန္ဓာကိုယ်အောက်ပိုင်းကို ဖုံးကွယ်ရန် ကြိုးစားရင်း ချက်ချင်း ထိုင်ချလိုက်ကြ၏။
ဘေးရှိ လူတစ်ဦး ပြောလိုက်သည်။
“သူက ဒုက္ခသည် မဟုတ်တာ အမှန်ပဲ၊ ကျွန်တော်တို့ သူ့ကို တစ်ခါမှ မမြင်ဖူးဘူး”
“ဟုတ်တယ်၊ ဒီလူနှစ်ယောက်က တစ်ခါမှ မမြင်ဖူးတဲ့ သူစိမ်းတွေပဲ။ သူတို့က ငါတို့ကြားထဲ ရောနှောပြီး ပြဿနာရှာဖို့ ရည်ရွယ်ချက်ရှိရှိ လာကြတဲ့သူတွေ ဖြစ်ရမယ်”
ခိုင်လုံသော သက်သေအထောက်အထားများကြောင့် သူတို့နှစ်ဦး ဘာမှ ပြန်မပြောနိုင်တော့ဘဲ ခေါင်းငုံ့ကာ မြေပြင်ပေါ်တွင် ထိုင်နေကြတော့၏။
ဟွာကျွင်းမှ ထပ်မံမေးမြန်းသည်။
“ရှင်တို့ကို ဘယ်သူ စေခိုင်းတာလဲ။ အရင်တစ်ခါက မီးရှို့ခဲ့တာလည်း ရှင်တို့ပဲ မဟုတ်လား”
“ဘယ်သူမှ စေခိုင်းတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့က မုန့်ဆိုင် မှာ စားဖို့ ပိုက်ဆံမရှိလို့ ဒီအကြံကို ထုတ်လိုက်တာပါ”
“ဟုတ်ပါတယ်၊ ဘယ်သူမှ မခိုင်းပါဘူး၊ ကျွန်တော်တို့ ဘာသာ လာခဲ့တာပါ”
“မင်းတို့ ဝန်မခံလည်း ကိစ္စမရှိဘူး။ ရုံးတော်ကို ရောက်ရင်တော့ မင်းတို့ ပါးစပ်ဟလာအောင် လုပ်မဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်”
ထို့နောက် စစ်သည်များသည် ထိုသူနှစ်ဦးကို ဖမ်းဆီးပြီး မြို့ထဲသို့ ခေါ်ဆောင်သွားသည်။
ရုန်းရင်းဆန်ခတ်မှုများ ပြီးဆုံးသွားသည့်အခါ မုန့်ဆိုင်ရှေ့တွင် ပြန်လည် တိတ်ဆိတ်သွားတော့၏။ တန်းစီနေသော စားသုံးသူများက တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသလို အဝေးမှ ဒုက္ခသည်များမှာလည်း တွေဝေနေကြသည်။
ဟွာကျွင်းမှ အော်ဟစ်လိုက်၏။
“ပစ္စည်းနဲ့ အစားအစာ လဲလို့ရပါတယ်။ လဲချင်တဲ့သူ ရှိလား။ ဒီအခွင့်အရေး လက်လွတ်သွားရင် နောက်ထပ် ရမှာမဟုတ်ဘူးနော်”
နောက်ဆုံးတွင် လူအနည်းငယ် လျှောက်လာကြသည်။ ဦးဆောင်လာသူမှာ အဘိုးအိုတစ်ဦးဖြစ်ပြီး တိရစ္ဆာန်အစွယ်တစ်ခု ချိတ်ဆွဲထားသော ကြိုးတစ်ချောင်းကို ထုတ်ပြလေသည်။
“ဒါက ဝံပုလွေစွယ်ပါ”
“ကျွန်တော့်သားက တစ်ခါက ဝံပုလွေတစ်ကောင်ကို ဖမ်းမိခဲ့ဖူးတယ်။ သူက အရမ်းဝမ်းသာပြီး ဒီအစွယ်ကို ပေးရင်း သူ့အတွက် လည်ဆွဲလုပ်ပေးဖို့ ကျွန်တော့်ကို ပြောခဲ့တာ။ ဝံပုလွေစွယ်က သိပ်တန်ဖိုးမရှိမှန်း ကျွန်တော်သိပါတယ်၊ ဒါပေမဲ့ ဆိုင်ရှင်ဟွာက စိတ်ကောင်းရှိတယ်ဆိုလို့ ကျွန်တော် ကံစမ်းကြည့်တာပါ”
“ရှင့်သားက ဒီလည်ဆွဲကို မလိုချင်တော့ဘူးလား”
အဘိုးအို မျက်နှာမှာ ဝမ်းနည်းရိပ် သန်းသွားသော်လည်း မျက်လုံးများတွင် မျက်ရည်များ ခမ်းခြောက်နေပြီ ဖြစ်သည်။ သူအကျင့်ပါနေသော လက်ဖြင့် မျက်ရည်စများကို သုတ်လိုက်ရင်း ပြောသည်။
“သူ သေသွားပါပြီ၊ လွန်ခဲ့တဲ့ တစ်လကပဲ ရောဂါနဲ့ ဆုံးသွားတာပါ”
အနားရှိ လူတစ်ဦးမှာ အဘိုးအိုကိုအော်ဟစ်လိုက်၏။
“ဒီအဘိုးကြီးက တော်တော်ဆိုးတာပဲ။ ရောဂါနဲ့သေတဲ့သူရဲ့ ပစ္စည်းကို ယူလာပြီး လူတွေကို ဒုက္ခပေးချင်နေတာလား။ ဒီဝံပုလွေစွယ်ကနေ ရောဂါ ကူးစက်နိုင်တယ်”
အဘိုးအိုမှာ ထိတ်လန့်သွားပြီး ဟွာကျွင်းကို လက်ကာပြကာ ရှင်းပြသည်။
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျွန်တော် ဒါကို အကြိမ်ကြိမ် ဆေးကြောခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒါကို ဆွဲပြီး မြောက်ဘက်အထိ လာခဲ့တာ ဘာမှ မဖြစ်ပါဘူး။ ကျွန်တော် ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်ပါဘူး”
ဟွာကျွင်းက ခေါင်းညိတ်ပြကာ အားလုံးကိုရှင်းပြလိုက်၏။
“ရောဂါပိုးတွေက လေထဲမှာ ဒီလောက်ကြာအောင် အသက်မရှင်နိုင်ပါဘူး၊ ဒီလည်ဆွဲက ဘေးကင်းပါတယ်”
ထိုအခါမှ အဘိုးအို စိတ်အေးသွားတော့သည်။
သူက စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။
“ဆိုင်ရှင်လေး... ဒီဝံပုလွေစွယ်ကို အစားအစာနဲ့ လဲလို့ ရနိုင်မလား”
ဟွာကျွင်းက ပြုံးလိုက်ပြီး ပြောသည်။
“ရတာပေါ့။ ကျွန်မ ဒီဝံပုလွေစွယ်ကို တကယ် သဘောကျတယ်။ ပေါက်စီ အလုံး (၂၀) နဲ့ အူဒုံ အသားလုံး နှစ်ချောင်းနဲ့ လဲပေးမယ်”
ဘေးရှိ လူတစ်ဦးက ထပ်မံ အကြံပေးပြန်၏။
“ဆိုင်ရှင်ဟွာ... ရှင် မသိလို့ပါ၊ ဝံပုလွေစွယ်က သိပ်မတန်ပါဘူး။ ဝံပုလွေသားရေ ဒါမှမဟုတ် ဝံပုလွေသားဆိုရင်တော့ ဈေးရနိုင်သေးတာပေါ့”
ထို့နောက် ဟွာကျင်းသည် ပြန်ပြောလိုက်သည်။
“ကျွန်မ သဘောကျရင် တန်ဖိုးရှိတာပါပဲ”
သူမ အနောက်က သေတ္တာထဲမှ ပေါက်စီ အလုံး (၂၀) ကို ထုပ်ပိုးပေးပြီး အူဒုံ နှစ်ချောင်းကိုလည်း ဟင်းရည်အပြည့်ဖြင့် အဘိုးအိုထံသို့ ကမ်းပေးလိုက်သည်။
အဘိုးအိုသည် ဝံပုလွေစွယ်တစ်ခုက ဤမျှ တန်ဖိုးရှိလိမ့်မည်ဟု မထင်ထားသဖြင့် ဝမ်းသာအားရ ယူဆောင်သွားတော့၏။ သူသည် ချက်ချင်းမစားဘဲ သူ့မြေးလေး အတွက် အမြန် ပြန်ယူသွားသည်။
“ပေါက်စီနဲ့ လဲချင်တဲ့သူ ရှိသေးလား”
မကြာမီ အမျိုးသားတစ်ဦးသည် လေးထောင့်ပုံစံ သစ်သားတုံးတစ်ခုကို ကိုင်ကာ လျှောက်လာ၏။
“ဆိုင်ရှင်... ဒါက ကျွန်တော့်ရဲ့ ခေါင်းအုံးပါ။ ဒါကို အစားအစာနဲ့ လဲလို့ရမလား”
ပတ်ဝန်းကျင်မှ ရယ်သံများ ထွက်ပေါ်လာတော့၏။
“သစ်သားခေါင်းအုံး အစုတ်ကြီးကိုတောင် လာလဲနေသေးတယ်။ မနံဘူးလား”
ထိုအမျိုးသားက လှည့်ကြည့်ကာ ပြောသည်။
“ဒါက မနံပါဘူး။ မင်းတို့ ဘာသိလို့လဲ”
ထို့နောက် သူက ဟွာကျွင်းကို ပြောလိုက်၏။
“ဒီခေါင်းအုံးက မနံရုံတင်မကဘူး၊ ထူးဆန်းတဲ့ အနံ့လေးတောင် ရှိသေးတယ်”
ဟွာကျွင်းသည် နှစ်ပေါင်းများစွာ အိပ်ခဲ့သော ခေါင်းအုံးမှာ မနံလျှင်ပင် တော်လှပြီဟု ယူဆထားသဖြင့် အနံ့ကို မရှူကြည့်ပေ။
သို့သော် ထိုခေါင်းအုံးကို ကြည့်လိုက်သည့်အခါ မျက်နှာပြင်မှာ အရောင်တောက်နေပြီး နီညိုရောင် သစ်သားသားမှာ အလွန်ပင် ကြည့်ကောင်းနေသည်။
ဟွာကျွင်းက ဘာမှမလှုပ်ရှားသည်ကို မြင်သောအခါ ထိုအမျိုးသားက ထပ်ပြောလေ၏။
“ကျွန်တော် ဒီသစ်သားကို အမှတ်မထင် ရခဲ့တာပါ။ အနံ့လေးက မွှေးနေလို့ ခေါင်းအုံး လုပ်လိုက်တာ။ ရေကြီးတုန်းက ကျွန်တော် အိပ်နေတာ၊ ဘာမှ ယူဖို့ အချိန်မရဘဲ ဒီခေါင်းအုံးကိုပဲ ဆွဲပြီး ပြေးလာခဲ့တာ”
စားရန် စောင့်နေသော စားသုံးသူတစ်ဦးက ပြောသည်။
“ဆိုင်ရှင်... တကယ် မွှေး၊ မမွှေး ကျွန်တော် ကြည့်ပေးမယ်”
ထိုသို့ဆိုကာ ထိုခေါင်းအုံးကို ယူ၍ အနံ့ခံကြည့်သည်။ ထို့နောက် အံ့ဩတကြီးဖြင့် ပြောလိုက်၏။
“သူ လိမ်ပြောတာ မဟုတ်ဘူး၊ တကယ်ကို မွှေးတာပဲ”
ခေါင်းအုံးကို လက်ဆင့်ကမ်း ကြည့်ကြစဉ် ဟွာကျွင်းသည် သင်းပျံ့သော ရနံ့တစ်ခုကို ရလိုက်လေသည်။
အခြား စားသုံးသူတစ်ဦးကလည်း လာရောက် အနံ့ခံကြည့်ပြီးနောက် အားလုံးကို ပြောလိုက်၏။
“ဒါက စန္ဒကူးသားပဲ။ သူ့အနံ့က အရမ်းပြင်းတော့ ခြင်တွေကိုတောင် ပြေးစေနိုင်တယ်။ မြို့ထဲက သူဌေးတွေက ဒါကို သေတ္တာလုပ်ဖို့ သုံးကြတာ၊ မင်းကတော့ ခေါင်းအုံး လုပ်ထားတာလား၊ ဟားဟား”
“ကျွန်တော် ဘာလုပ်လုပ် ဘာဖြစ်လဲ။ဆိုင်ရှင်လေး... ဒါကို ပေါက်စီနဲ့ လဲလို့ရမလား ပြောပါဦး”
ဟွာကျွင်းက ခေါင်းညိတ်ကာ ပြောလိုက်၏။
“ရပါတယ်။ စန္ဒကူးသားနဲ့လုပ်ထားတဲ့ ခေါင်းအုံးအဟောင်းဆိုတော့ ပေါက်စီ အလုံး (၅၀) နဲ့ လဲပေးမယ်။ လဲချင်လား”
“လဲမယ်၊ လဲမယ်၊ လဲမယ်”
ထိုအမျိုးသားသည် ပေါက်စီအိတ်ကြီးကို ကိုင်ကာ ဝမ်းသာအားရ ထွက်သွားတော့သည်။
ဒုက္ခသည်များကြားတွင် တိုးတိုးတိတ်တိတ် ပြောဆိုသံများ ထွက်ပေါ်လာ၏။
“တကယ်ပဲ ပေါက်စီအဖြူကြီးတွေနဲ့ လဲလို့ရတာပဲ”
“ငါလည်း ပြန်သွားပြီး ဘာလဲလို့ရမလဲ သွားရှာဦးမယ်”
အချို့မှာ ဟွာကျွင်း မည်သည့်အရာများ လက်ခံမလဲဆိုသည်ကို သိချင်သဖြင့် ဆက်လက် စောင့်ကြည့်နေကြသည်။ အမှန်စင်စစ် ဟွာကျွင်း မည်သူ့ကိုမျှ နှင်မထုတ်ဘဲ ပစ္စည်းအားလုံးကို လက်ခံ၏။
မကြာမီမှာပင် သူမ ကလေးကစားစရာ ဗုံလေးတစ်ခု၊ နွားချိုဘီးတစ်ခု၊ သစ်သားဆံထိုးတစ်ခုနှင့် စုတ်တံတစ်ခုတို့ကို လက်ခံရလိုက်သည်။
မည်သည့်ပစ္စည်း ယူလာသည်ဖြစ်စေ ဟွာကျွင်းသည် သူတို့ကို လက်ဗလာဖြင့် ဘယ်တော့မှ ပြန်မလွှတ်ပေ။
ဤပစ္စည်းအချို့မှာ တန်ဖိုးရှိသလို အချို့မှာမူ တန်ဖိုးမရှိပေ။ သို့သော် ပစ္စည်းတစ်ခုချင်းစီ၏ နောက်ကွယ်တွင် ကိုယ်ပိုင် ဇာတ်လမ်းလေးများ ရှိနေကြသည်။
ဤသည်မှာ သဘာဝဘေးအန္တရာယ်အောက်တွင် အသက်ရှင်ဖို့ ကြိုးစားနေကြရသော သာမန်ပြည်သူများ၏ ဇာတ်လမ်းများ ဖြစ်၏။
ဗုံလေး၏ ပိုင်ရှင်ဖြစ်သော ကလေးငယ်မှာ ရေထဲတွင် မျောပါသွားခဲ့ပြီ ဖြစ်သော်လည်း သူ့မိဘများက အမှတ်တရအဖြစ် ထိုဗုံလေးကို သယ်ဆောင်လာခဲ့ကြခြင်း ဖြစ်သည်။
နွားချိုဘီးမှာ ချစ်သူနှစ်ဦး၏ အမှတ်တရပစ္စည်း ဖြစ်ခဲ့သော်လည်း ယခုအခါ တစ်ဦးက ပျောက်ဆုံးသွားခဲ့ပြီး ကျန်တစ်ဦးမှာလည်း ဒုက္ခသည်ဘဝရောက်နေပြီဖြစ်သည့်အတွက် ပြန်ဆုံဖို့ ခက်ခဲနေတော့သည်။
သစ်သားဆံထိုးမှာ မိန်းကလေးတစ်ဦး၏ အလှအပကို မြတ်နိုးမှု ဖြစ်သလို စုတ်တံမှာလည်း ပညာရှိတစ်ဦး၏ အိပ်မက်များ ဖြစ်လေသည်။ ဤအရာအားလုံးမှာ ဘေးအန္တရာယ်ကြောင့် ပျက်စီးသွားခဲ့ရပြီ ဖြစ်၏။
နောက်ဆုံးတွင် လူအုပ်ကြီး လူစုကွဲသွားသည့်အခါ ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး လျှောက်လာသည်။ သူမ ဘေးဘယ်ညာကို ကြည့်ကာ လူမရှိသည်ကို အတည်ပြုပြီးမှ ရှက်ကိုးရှက်ကန်းဖြင့် ဟွာကျွင်းကို မေးမြန်း၏။
“ကျွန်မမှာ တစ်ကိုယ်ရေသုံး ပစ္စည်းတစ်ခု ရှိပါတယ်။ မုန့်ဆိုင်က ဒါကို လက်ခံမလားလို့ သိချင်လို့ပါ”
“ဘာလဲဟင်၊ ကျွန်မကို ပြပါဦး”
သူမသည် အင်္ကျီလက်ထဲမှ ပန်းရောင် အဝတ်စတစ်ခုကို မျက်နှာနီမြန်းလျက် ထုတ်ပြသည်။
“ဒါက ကျွန်မရဲ့ ရင်ဖုံး ပါ”
ထို့နောက် သူမက ဆက်လက် ရှင်းပြသည်။
“ကျွန်မကိုယ်တိုင် ပန်းထိုးထားတာပါ၊ တစ်ခါမှ မဝတ်ရသေးတဲ့ အသစ်စက်စက်ပါ”
ထိုရင်ဖုံးပေါ်တွင် ပန်းပွင့်ပုံစံကို အလွန် လက်ရာမြောက်စွာ ထိုးထားလေသည်။ အလွှာလိုက် အနုစိတ်မှုများမှာ အသက်ဝင်လှပါ၏။
“ကျွန်မ သိပါတယ်၊ ဒါက အားနာစရာကောင်းမှန်း။ ဒါပေမဲ့ ကျွန်မ အစားအသောက် အရမ်း လိုအပ်နေလို့ပါ။ ကျွန်မ... ကျွန်မသာ မစားရရင် ကျွန်မရဲ့ ကလေးလည်း ငတ်သေသွားပါလိမ့်မယ်”
သူမ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာတော့သည်။
ဟွာကျွင်း ဆက်လက်မေးမြန်းလိုက်၏။
“ကလေးက နို့စို့နေတုန်းလား”
အမျိုးသမီးက ခေါင်းညိတ်ပြကာ ဆိုလေ၏။
“ကျွန်မကလေးက ခြောက်လပဲ ရှိသေးတာ၊ သူ ဗိုက်ဆာနေတာ ရက်အတော်ကြာပြီ”
သူမ၏ မျက်နှာမှာ ပိန်လှီကာ ဖြူဖျော့နေသော်လည်း မျက်လုံးများတွင်မူ အသက်ရှင်လိုစိတ်များ ပြည့်နှက်နေ၏။
“ရှင်ပေးတဲ့ ရင်ဖုံးကို ကျွန်မ လက်ခံပါ့မယ်။ ဒီပေါ်က ပန်းတွေကို ရှင်ကိုယ်တိုင် ထိုးထားတာလား”
“ဟုတ်ပါတယ်၊ ကျွန်မက အရင်က ပန်းထိုးတဲ့သူပါ၊ ပုံမှန်ဆိုရင် ပန်းထိုးပြီး ရောင်းရတဲ့ ပိုက်ဆံနဲ့ အသက်မွေးတာပါ”
“ရှင့်ရဲ့ လက်ရာက အရမ်းကောင်းတာပဲ၊ ကျွန်မ သဘောကျတယ်။ ဒီရင်ဖုံးအတွက် ရှင့်ကို ကြက်စွပ်ပြုတ် တစ်အိုးနဲ့ လဲပေးမယ်”