မသမာတဲ့ကြွယ်ဝခြင်း
Vol. 6 Ch. 75
စုမင်ဟာ လူသူကင်းမဲ့တဲ့ ခြံဝင်းကြီးထဲမှာ ရပ်နေရင်း ဒုတိယမြောက် အိမ်ရဲ့ ပိတ်ထားတဲ့တံခါးကို ကြည့်တယ်။ တွေဝေ တွန့်ဆုတ်ခြင်း မရှိဘဲ တစ်လှမ်းချင်း ရှေ့ကို ဆက်လျှောက်သွားတယ်။ အိမ်ရဲ့ အပြင်ဘက်ရပ်လို့ တံခါးကို တွန်းဖွင့်လိုက်တယ်။
တံခါးပွင့်သွားတယ် ဆိုလျှင်ပဲ မသဲကွဲတဲ့ မာန်ဖီသံရဲ့ နောက်ကနေ ရက်စက် ကြမ်းကြုတ်မှုတွေ ပြည့်လျှမ်းနေတဲ့ အစိမ်းရောင် လက်နှစ်ဖက်ဟာ စုမင်ထံကို ရုတ်တရက် တိုးဝင် လာလေတယ်။
စုမင်ရဲ့မျက်လုံးတွေထဲ အလင်းတစ်စ ဖြတ်ပြေး သွားတယ်။ သူ့မျက်နှာဟာ ခံစားချက်မဲ့တယ်။ သူ့ထက် အင်အား နည်းပါးသူနဲ့ ရင်ဆိုင်နေရချိန်မှာ သူ့လမ်းကို ဝင်ရှုပ်တဲ့ အရာမှန်သမျှကို ဖျက်ဆီးပစ်ဖို့ အသင့် ဖြစ်နေပြီးသား။ အချိန်က ညဖြစ်နေပြီး အချိန်နဲ့အမျှ အင်အား ဆုတ်ယုတ်နေတဲ့ ဝူစန်းထက် သူ့ခွန်အားတွေ သာလွန်နေတဲ့အချက်ကို ထပ်ပေါင်း ထည့်လိုက်လျှင် စုမင်မှာ လုံးဝ ကြောက်စရာမရှိဘူး။ အစိမ်းရောင် အရာကြီး သူ့ထံကို တိုးဝင်လာချိန်မှာ စုမင်ဟာ မြေကြီးကို ခြေဖနောင့်နဲ့ ပေါက်ချလိုက်လေတယ်။
၁၆၀ ခုသော သွေးကြောများဟာ စုမင်ရဲ့ကိုယ်ပေါ်မှာ ရုတ်ခြည်းဆိုသလို ပျံ့နှံ့ဖြာဆင်း လာပြီးလျှင် အံ့မခန်းသော ပြင်းအားကို ဖြစ်ပေါ်စေတယ်။ စုမင် တစ်လှမ်းလေးတောင် နောက်မဆုတ်ဘူး။ သူ့ထံက ထွက်ပေါ်နေတဲ့ မှန်းဆမရနိုင်တဲ့ စွမ်းအားနဲ့ သူ့ထံကို ဦးတည်လာနေတဲ့ အရာကို ရင်ဆိုင်လိုက်တယ်။
စုမင်ရဲ့ ချီစွမ်းအင်ကြောင့် အစိမ်းရောင် အရာဟာ တစ်ချက် လှုပ်ခါသွားပြီး ရုတ်တရက် ပြိုကွဲသွားပြီး အလင်းစတွေ အဖြစ်နဲ့ အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်သွားကာ ကနဦးက မှောင်မိုက်နေတဲ့ အခန်းကို အစိမ်းရောင်ဖျဖျ လင်းချင်း သွားစေတယ်။
ဝူစန်းမှာ အပြိုပြိုအလဲလဲ။ အိမ်ထဲမှာ တင်ပျဉ်ချိတ် ထိုင်လျက်ရှိပြီး မျက်နှာဟာ သွေးဆုတ် ဖြူရော်နေတယ်။ နှုတ်ခမ်းထောင့်က တသွင်သွင် စီးကျနေတဲ့ သွေးစီးကြောင်းနဲ့ စုမင်ကို စူးစိုက်ကြည့်တယ်။ စုမင်အခန်းထဲကို ဝင်လာချင်းမှာ အတင်းအကြပ်ပဲ မာန်အတတ်ပညာနဲ့ မန္တန်တစ်ခု မန်းမှုတ် စီရင်လိုက်တာ သိသာပါတယ်၊ ဒါပေမဲ့ အဲဒါက စုမင်ကို ထိတောင် မထိလိုက်နိုင်ဘူး။ မန္တန်ပြယ်သွားတဲ့ အတွက်လည်း ဝူစန်း၊ ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေမိ သွားတယ်။
"မော့စု”ဝူစန်း ကြုံးဝါးလိုက်စဉ် သူ့မျက်လုံးတွေမှာ ဒေါသတွေ ပြည့်နှက်လို့။
စုမင်ကတော့ အေးဆေးပဲ၊ ဝူစန်းရဲ့ ရူးသွပ်နေတဲ့ အခြေအနေက သူ့ကို တစ်စက်လေးတောင် အကျိုးသက်ရောက်မှု မဖြစ်ဘူး။ ခြေဖဝါးတွေကို မရွှေ့လို့ အိမ်ထဲ ဝင်လာတယ်။ ဝူစန်းရဲ့ ဆယ့်နှစ်ပေ အကွာလောက်မှာရပ်ပြီး အေးစက်စွာ ကြည့်တယ်။
"မင်းတကယ် အားနည်း လာနေပြီပဲ။ မျက်ခုံးကြားက သွေးတွေ ဆက်သနေတဲ့ မင်းရဲ့ နောက်လိုက်တွေတောင် အရိပ်တောင် မမြင်ရအောင် ပျောက်ကုန်ကြပြီ” စုမင်ဟာ ခပ်ဖြည်းဖြည်းပဲ အေးအေးဆေးဆေး စကားဆိုတယ်။
ဝူစန်းမျက်နှာပေါ်မှာ သွေးကြောတွေ ထောင်ထလာပြီး ခါးသီးမှုတွေ ပြည့်နှက်နေတယ်။ ခြံတံခါးပွင့်သံကို ကြားလိုက်တုန်းက ထိတ်လန့်ပြီး ကြောက်စိတ်ဝင်မိတယ်၊ ဒါပေမဲ့ ချီကို မခံစားမိဘူး။ တံခါးဟာ သူ့ဘာသာသူ ပွင့်လာခဲ့သလိုပဲ။
မည်သို့ပင်ဖြစ်စေ အန္တရာယ်ရှိတယ်လို့ ခံစားချက် ပေါ်လာတယ်။ အထူးသဖြင့် တံခါးကို တွန်းဖွင့်လိုက်တဲ့ အချိန်မှာပေါ့။ အဲဒီအချိန်မှာ ဒါ အန္တရာယ်ဆိုတဲ့ ခံစားချက်က အထွတ်အထိပ်ပဲ။ ဒါကြောင့်မို့ အကျိုးဆက်တွေကို မစဉ်းစားဘဲ မန္တန်တစ်ခုကို စီရင်မန်းမှုတ်ခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ အိမ်ထဲကနေ တစ်ဟုန်ထိုး ပြေးထွက်လာတော့မယ့် အချိန်မှာ တံခါးမှာ ရပ်နေတဲ့လူရဲ့ မျက်နှာကို မြင်လိုက်ရတယ်။
တွေ့သွားတာနဲ့ ဝူစန်းက ထပ်တိုက်ခိုက်ဖို့ကို လက်လျှော့ လိုက်တယ်၊ ဘာလို့လဲဆိုတော့ အဲဒါက မော့စုဖြစ်နေလို့ပဲ။ အဲဒါက သူ အကြီးကြီး သံသယဝင်နေပြီး မထိရဲတဲ့ မော့စု သူက ရဲဝမ်နဲ့ အဆင့်တူတဲ့သူ၊ လောကကို ကိုင်လှုပ်နိုင်တဲ့သူက ဘယ်လိုမျိုးလဲဆိုတာ ဝူစန်းကိုယ်တိုင် မျက်လုံးနဲ့ တပ်အပ် မြင်ခဲ့တယ်လေ။ ဒီလို ခမ်းနားမှုမျိုးက ဝူစန်းကို ခါးသီးမှုတွေ ခံစားရစေတယ်။ မည်သို့ပင် ဆိုစေကာမူ ဝူစန်းက မတုံးအဘူး။ သူက အံ့မခန်း လောက်အောင် ဉာဏ်ကောင်းတယ်။ ဒီလူ ဘာကြောင့် ဒီကိုရောက်လာလဲ ဆိုတာ ဘာကြောင့်လဲဆိုပြီး ခန့်မှန်းမိတယ်။
"မင်းကငါ့ရဲ့ အလောင်းကောင် သွေးဘောလုံးကို ခိုးယူသွားခဲ့ပြီး ငါ့ကို အချိန်နဲ့အမျှ အင်အား ဆုတ်ယုတ်စေတယ်။ ငါ့ရဲ့ အခြေအနေ အဆင့်အတန်းနဲ့ သူတို့ကို အရင်က ဖိနှိပ် ချုပ်ချယ် ထားတာတွေနဲ့ ငါအခု အားနည်းနေမှန်းသာ သိသွားကြလို့ကတော့ ငါ့အတွက် မကောင်းနိုင်ဘူး” ဝူစန်းက မျက်လုံးတွေကို စေ့ပိတ်ပြီး အသက်ပြင်းပြင်း ရှူတယ်။ မျက်လုံးတွေ ပြန်ဖွင့်လာတဲ့ အခါမှာတော့ သူ့မျက်နှာပေါ်က ထောင်ထနေတဲ့ သွေးကြောတွေ မှိန်ဖျော့ ပျောက်ကွယ်သွားပြီး သူ့မျက်နှာထားလည်း ပုံမှန် ပြန်ဖြစ်သွားတယ်။
ဝူစန်းတစ်ယောက် ပုံမှန်အခြေအနေကို မြန်မြန် ပြန်ရောက်သွားပြီး သူ့ရဲ့ဒေါသနဲ့ မကျေနပ်မှုတွေလည်း အစရှာမရအောင် ပျောက်ဆုံးသွားပြီး သူ့ရဲ့ အားနည်းနေတဲ့ အခြေအနေကို ဖုံးကွယ်ထားဖို့ မကြိုးစားတာကို မြင်တော့ စုမင် အနည်းငယ်မျှ လေးစားမိလေတယ်။
"အရင်တုန်းက မင်းကိုငါ ရန်စမိခဲ့တယ်။ မင်းစိတ်မရှိဖို့ မျှော်လင့်ပါတယ်။ “စကားပြောနေရင်း ဝူစန်းက မတ်တတ်ရပ်လို့ စုမင်ကို ဦးညွှတ်တယ်။
စုမင်ရဲ့မျက်နှာက ခံစားချက်မဲ့သလို မျက်နှာသေ ဖြစ်နေပေမဲ့ ဝူစန်းအပေါ် သူ့ရဲ့ အကောင်းမြင်မှုက ပိုလို့တိုးပွားလာတယ်။ သူ့ကိုကြည့်နေတဲ့ ဝူစန်းကို စိုက်ကြည့်ပြီး အကြည့်ချင်း ဆုံမိကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြာကြီး စိုက်ကြည့်နေပြီး နောက်မှာ စုမင်ဟာ ရုတ်တရက် ထရယ်တယ်။
"ဉာဏ်ကောင်းတဲ့ လူတွေနဲ့ ညှိနှိုင်းရတာ တကယ် လွယ်ကူတာပဲ။ ဈေးကိုပြော”
ဝူစန်းဟာ စိတ်လှုပ်ရှားနေတာကို တည်ငြိမ်အောင် ကြိုးစားတယ်။ သူ့စိတ်ထဲမှာ ဒီလူကို တိုက်ခိုက်ဖို့ ဘာစိတ်ကူး စိတ်သန်းမှ မရှိတော့ဘူး။ သူ့အမြင်အရ ဒီလိုလုပ်ခွင့် မရှိတော့ဘူး။ သူက မော့စုလောက် အစွမ်းမရှိသလို မော့စုလောက်လည်း နာမည်မကြီးဘူး။ သူ့ရဲ့စမ်းစစ်ချက်အရ ဆိုလျှင် ဒီလူကို အကြီးအကဲက လက်ခံတော့မှာ ဖြစ်ပြီး လေပြေစီးကြောင်း မျိုးနွယ်စုရဲ့ သင်ကြားပြသမှုကို ခံယူရတော့မှာ ဖြစ်တယ်။ ဒီလိုလူမျိုးနဲ့တော့ ဝူစန်း ရန်သူ မဖြစ်ချင်ဘူး။
သူ့ရဲ့တစ်ခုတည်းသော ဆန္ဒက သူ့ရဲ့သွေးဘောလုံးကို ပြန်ယူပြီး သူ့အစွမ်းတွေကို တတ်နိုင်သလောက် မြန်မြန် ပြန်ရယူလိုတာပဲ။ တကယ်တမ်းကျတော့ မနက်လင်းလျှင် ဒုတိယ စမ်းသပ်ပွဲစတော့မှာဖြစ်ပြီး သူ့အတွက် အရမ်း အရေးကြီးတယ်လေ။
"မင်းငါ့ဆီက ဘာလိုချင်တာလဲ။ ငါ့မှာ မာန်သွေးကြောမျှင် တစ်ခုပဲရှိပြီး အဲဒါကလည်း ငါ့ရဲ့မာန်ပညာရပ်နဲ့သာ ကိုက်ညီတဲ့အရာပဲ။ ငါမင်းနဲ့ အလဲအလှယ် မလုပ်နိုင်ဘူး” ဝူစန်းက ခေတ္တမျှ တွေဝေနေပြီးမှ ပြောလာတယ်။ သူ့အတွက် သွေးဘောလုံးက အရေးကြီးသလို မာန်သွေးကြောမျှင် ကလည်း အရေးကြီးတယ်။ ဒါပေမဲ့လည်း အဲဒီလိုဆိုပြီး အလဲအလှယ် မလုပ်နိုင်ဘူး။ တကယ်တမ်းကျတော့ မာန်သွေးကြောမျှင် ဆိုတာ သူ တစ်ယောက်တည်း ပိုင်ဆိုင်တဲ့အရာ မဟုတ်ဘဲ မျိုးနွယ်စု တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့အရာ မဟုတ်လား။
"ငါ မင်းရဲ့ မာန်သွေးကြောမျှင်ကို မလိုချင်ဘူး။ အဲဒါကို ဒင်္ဂါးတွေနဲ့ပဲ လဲကြတာပေါ့။ ၅၀၀၀ပေး၊ မင်းဟာ ပြန်ဖြစ်ပြီ” စုမင်က ပြောရင်းဆိုရင်း ရင်ဘတ်ထဲက ပုလင်းလေးကို ထုတ်လိုက်တယ်။ သူ့လက်နဲ့ပုလင်းနဲ့ ထိမိလိုက်ချင်းမှာပဲ ပုလင်းကို လွှမ်းခြုံထားတဲ့ လရောင်ခြည်တန်းလေး ပျောက်သွားတာ ကိုတော့ ဘယ်သူမှ သတိမပြုမိ လိုက်ဘူး။
စုမင်လက်ထဲက ပုလင်းကိုမြင်တော့ ဝူစန်းနှလုံးသားက ကဆုန်ပေါက် ခုန်လှုပ်သွားတယ်။ ဒါပေမဲ့ စုမင်စကားကို ကြားတော့ အောင့်သက်သက်နဲ့သာ ပြုံးနိုင်တယ်။
"ညီနောင်မော့ ... ငါ့... ငါ့မှာ ၃၀၀၀လောက်ပဲ ရှိတယ်”
စုမင် ဘာမှမပြောဘူး။ ဝူစန်းကိုပဲ ခပ်မဆိတ် ကြည့်နေတယ်။ ခဏ အကြာမှာတော့ သူ့ရင်ဘတ်ထဲမှာ ပုလင်းကို ပြန်သိမ်းလိုက်ပြီး ပြေတယ်၊ “ဒီလိုဆိုရင်လည်း ဒင်္ဂါးအပြည့်ရှိပြီ ဆိုတော့မှ ငါ့ကို လာရှာလိုက်ပေါ့”
စိုးရိမ်ပူပန်မှုက ဝူစန်းမျက်နှာပေါ်မှာ ထင်ဟပ်လာတယ်။ သူသာ ဒီနေ့ည အလောင်းကောင် သွေးလုံးကို ပြန်ရနိုင်လျှင် မနက်ကျရင် နိုင်ဖို့ မျှော်လင့်ချက် ရှိတယ်။ ဒါပေမဲ့ ဒီညမှ ပြန်မရလျှင်တော့ ဒုတိယအဆင့်ကို ဝင်ပြိုင်လည်း အဆင့်က မြေကြီးနား ကပ်နေလိမ့်မယ်။
အဲဒီအပြင် ဒီလျှို့ဝှက် ဆန်းကြယ်တဲ့မော့စုကို ဘယ်လိုရှာရမလဲ ဆိုတာလည်း သူမသိဘူး။ အခုနေ မော့စုထွက်သွားပြီး ဝူစန်းအနေနဲ့ ငွေပြည့်အောင် ရှာနိုင်တဲ့အချိန်မှာ သူ့ရဲ့အလောင်းကောင် သွေးဘောလုံးကို ပြန်ရဖို့ ခက်ခဲသွားပြီ။
"ညီ... ညီနောင်မော့ .... ဒီလိုဆိုရင်ရော ဘယ်လိုလဲ ... ဒီမှာ ခဏလောက် စောင့်ပေးပါ။ ကျုပ် ဒင်္ဂါး သွားရှာလိုက်မယ်။ အဲဒါ နှစ်နာရီလောက်ပဲ ကြာမှာပါ၊ ပြီးတာနဲ့ ကျုပ် ပြန်လာခဲ့မယ်။ နှ.... နှစ်နာရီလောက် စောင့်ပေးနိုင်မလား။ “ဝူစန်းက ချက်ချင်းပဲ တုံ့ပြန်စကား ဆိုတယ်။
စုမင် မျက်မှောင်ကြုတ်တယ်။ ဝူစန်းကို တစ်ချက်မျှ ကြည့်လိုက် ပြီးတဲ့နောက် ထပ်ပြီး စိတ်မဝင်စားတော့ဘူး။ ထွက်သွားဖို့အတွက် နောက်ကို လှည့်လိုက်တယ်။ ဒီနေရာမှာ အရူးလို စောင့်နေစရာ ဘာအကြောင်းမှ မရှိဘူး။ ဝူစန်းအနေနဲ့ တစ်ခုခု အကွက်ချ ကြံစည်နေလည်း ကိစ္စမရှိဘူး၊ စုမင်က အမြဲ သတိရှိတယ်။
"ညီနောင်မော့ ... ကျုပ်မှာ ဒင်္ဂါး၃၃၀၀ ရှိတယ်။ ဒီလိုဆိုရင်ရော... ဒါပါထပ်ပြီး ပေါင်းထည့်ပေးမယ် ဆိုရင်ရော “ဝူစန်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားတယ်။ အရှေ့ကို ခြေလှမ်း အနည်းငယ်လှမ်းလို့ အံတင်းတင်းကြိတ်လို့ အခန်းထောင့်က သစ်သားဘူးလေးကို ထုတ်ယူလိုက်တယ်။
စုမင်ရှေ့မှာပဲ တွန့်ဆုတ်ခြင်း ကြီးစွာနဲ့ ဝူစန်းက ဘူးလေးကို ဖွင့်လိုက်တယ်။ အထဲမှာ ခရမ်းရောင် ရွက်လွှာ ခုနစ်ခုပါတဲ့ ဆေးပင်တစ်ခု တည်ရှိနေတယ်။
အဲဒီသစ်ရွက်က သိပ်ကို ထူးခြားတယ်။ တစ်ရွက်ချင်းစီမှာကို ရွက်လွှာခုနစ်ခု ကွဲလျက် ရှိနေသေးတယ်။ ရွက်ကြောတွေရဲ့ အစီစဉ်ပုံစံက စစကြည့်ချင်းမှာဆို မျက်စိ ရှုပ်စရာ။
"ဒီအသည်းခုနစ်လွှာ ဆေးပင်က အရမ်းကို ရှားပါးတယ်။ ငါ ဒါကို မတော်တဆ ရှာတွေ့ခဲ့တာ။ ဒီတစ်ခုတည်းနဲ့တင် ဒင်္ဂါးထောင်ပေါင်းမက အဖိုးတန်တယ်။ “ဝူစန်းက စုမင်ကိုကြည့်ပြီး ဆေးပင်ကို လှမ်းပေးတယ်။
စုမင် ဆေးပင်ကို ကြည့်လိုက်မိတာနဲ့ ရင်ထဲမှာ လှပ်ခနဲ ဖြစ်သွားတယ်။ ဘာအပင်လဲဆိုတာကို အတည်မပြုခင်မှာ သေသေချာချာ စစ်ဆေးကြည့်ရှု လိုက်သေးတယ်။ ဒါဟာ တောင်အရပ်ခွဲခွာ ဆေးဖော်စပ်ဖို့ လိုအပ်နေတဲ့ သူတစ်ခါမျှ မမြင်ဖူးတဲ့ ဆေးအမယ် နှစ်မျိုးထဲက တစ်ခုပဲ စုမင်က မျက်တောင်တစ်ချက် မခတ်ဘဲ ဘူးအဖုံးကို ပိတ်လိုက်တယ်။ တွန့်ဆုတ်နေတဲ့ပုံစံနဲ့ ဝူစန်းကို ကြည့်တယ်။
ဝူစန်းဟာ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေတယ်။ ခဏအကြာမှာ စုမင် ခေါင်းညိတ်လိုက်တာကို မြင်တော့ သူ့ရဲ့စိတ်လှုပ်ရှား တက်ကြွမှုကို ဒီထက်ပိုပြီး မဖုံးဖိထား နိုင်တော့ဘူး။ ချက်ချင်းပဲ တစ်ခုကိုတစ်ရာ တန်ဖိုးရှိတဲ့ ဒင်္ဂါးပြား အဖြူတွေကို ထုတ်ယူလို့ အိတ်ထဲကို ထည့်ပေးပြီး စုမင်ကို တလေးတစား ကမ်းပေးတယ်။
စုမင် စစ်ဆေး လိုက်တယ်။ ဘာအမှားမှ မရှိဘူးဆိုတာ သူသေချာသွားမှ ပုလင်းကိုထုတ်ပြီး ဝူစန်းကို ပေးလိုက်တယ်။
"မင်းရဲ့အလောင်းကောင် သွေးလုံးက အရမ်းတန်ဖိုးရှိတယ်။ နောက်တစ်ခါ မပျောက်စေနဲ့။ “စုမင်သာ ဝူစန်းကို လေးလေးနက်နက် ကြည့်ပြီးနောက် နောက်လှည့်လို့ အခန်းထဲက ထွက်သွားကာ အမှောင်ထုထဲကို ဝင်ရောက် ပျောက်ကွယ် သွားပါတော့တယ်။
ဝူစန်း ပုလင်းကို ကိုင်ထားတယ်။ စုမင် ထွက်ခွာသွားတာကို သူကြည့်နေရင်း သူ့ရဲ့မျက်နှာထားဟာ ပြောင်းလဲ သွားတယ်။ ခဏအကြာမှာ သူ သက်ပြင်းချပြီးတော့ စုမင်ကို အန္တရာယ်ပြုမယ့်အတွေးကို လုံးဝဥဿုံ ပယ်ဖျက် လိုက်ပါ တော့တယ်။
နက်မှောင်တောင် တည်းခိုဆောင်မှာ စုမင်ဟာ လက်ထဲက သုံးဆယ်မျှသော အဖြူရောင်ဒင်္ဂါးများကို ကြည့်ပြီး အင်မတန် စိတ်လှုပ်ရှား နေတယ်။ သူ့ဘဝမှာ ဒီလောက် ငွေအများကြီး မရှိဖူးဘူး။ ငွေရောင် တောက်နေတဲ့ ကျောက်ဒင်္ဂါးတွေကို ကြည့်ပြီး စုမင် မနေနိုင် မထိုင်နိုင် တစ်ခုချင်းစီကို အနီးကပ် မျက်လုံးနား ကပ်ကြည့် နေမိတယ်။ ဒီလို ကံကောင်းမှုကြီးဟာ ဟိုတစ်ခေါက် အာရုံစိုက်ခံရတဲ့ ဗဟိုချက်မ ဖြစ်တုန်းကလို ခံစားချက်နဲ့ တူညီတယ်။
အရင်က ဘာမှမရှိတဲ့အိတ်ကပ်နဲ့ ယှဉ်ကြည့်လျှင် အခုလို ကျောက်ဒင်္ဂါး အများကြီးတွေနဲ့ ပြည့်လာတော့ ကိုယ့်ကိုယ်ကိုယ် သူကြွယ်ကြီး တစ်ယောက်လို ခံစားလိုက် ရတယ်။ တကယ်တမ်း ကျတော့ ဒီလောက် ငွေအများကြီး ရဖူးတာ စုမင်ဘဝမှာ ပထမဆုံးလေ။
"တကယ်လို့များ လေ့ချန်သာ ငါ့မှာ ပိုက်ဆံ ဘယ်လောက် ရှိတယ် ဆိုတာ သိသွားရင် ငါ့ကို မျက်လုံးပြူးကြီးနဲ့ စိုက်ကြည့်ပြီး မယုံနိုင်လို့ စကားတွေ ထစ်နေမှာပဲ” စုမင်ရဲ့ မျက်နှာပေါ်မှာ ငယ်သွေးကြွတဲ့ ဂုဏ်ယူ ဝင့်ကြွားမှုလေး ရှိနေလေတယ်။
ပိုအရေးကြီးတာက ဒီလောက်ငွေတွေ အများကြီးကို အားအများကြီး စိုက်ထုတ်စရာမလို၊ ဘာတန်ရာတန်ကြေးမှ ပေးစရာ မလိုဘဲ ရရှိလာခဲ့တာလေ။ ဒါက မြူမှုန်ထိုးခွဲ တစ်လုံးကို ဒင်္ဂါးတစ်ရာနဲ့ ရောင်းလိုက် ရတုန်းကနဲ့ လုံးဝ ကွဲပြားတယ်။
"ဝူစန်းက အရမ်း ချမ်းသာတာပဲ။ လေပြေစီးကြောင်း မျိုးနွယ်ရဲ့ ပါရမီရှင်လေး တစ်ယောက်အနေနဲ့ ဒီလောက် ငွေတွေအများကြီး ရှိနေတာက နားလည် နိုင်စရာတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဖလှယ်မှုအပြီး သူ့မှာ ဘယ်လောက် ကျန်သေးလဲလို့ သိချင်လိုက်တာ” ဝူစန်းမှာ ဒီလောက်ပဲ ရှိမယ်လို့ စုမင်မထင်သလို အများကြီး ကျန်လိမ့်ဦးမယ်လို့လည်း မထင်မိဘူး။
စုမင်က ဖြစ်လာနိုင်တဲ့ ဒုက္ခသုက္ခ ပြဿနာ အပေါင်း အားလုံးကို တွက်ချက်ပြီးသား။ တစ်ခုက သူ့အစွမ်းက ဝူစန်းထက် သာတဲ့အတွက် နေ့ခင်းဘက်မှာ ဝူစန်းနဲ့ ဆုံမယ်ဆိုလျှင်တောင် သူ့အတွက် အဆင်ပြေမှာပဲ။ နောက်ထပ် ပိုအရေးကြီးတာ တစ်ခုက သူက စုမင်ကို မော့စုမှန်း မသိဘူး။ ဘယ်မှာ လိုက်ရှာရမလဲ ဆိုတာလည်း မသိဘူး။ ဒါကြောင့်မို့ သူဘယ်သူလဲဆိုတာ မပေါ်သေးသရွေ့ စုမင်အတွက် လုံခြုံတယ်။
အဲဒီအပြင် ဝူစန်းက သူ့ကို ပြဿနာတောင် ရှာရဲပါ့မလား ဆိုတာလည်း ရှိသေးတယ်။ တကယ်တော့ ဝူစန်းအနေနဲ့ သူ့ကိုရန်မရှာဘဲ သည်းခံနေဖို့က ဖြစ်နိုင်ချေ ပိုများတယ်။ တကယ်တမ်းမှာ ဝူစန်းက အရူး မဟုတ်ဘူးလေ၊ အခြေအနေနဲ့ အချိန်အခါအရ လှုပ်ရှားပြုမူ တတ်သူပဲ။
***