← Chapters

စက်ဝန်းတစ်ပတ်လမ်းလျှောက်ကြစို့

Vol. 6 Ch. 78

စက်ဝန်းတစ်ပတ်လမ်းလျှောက်ကြစို့

Vol. 6 Ch. 78

ဆောင်းရာသီမှာ ရာသီဥတုက ကြည်လင်နေပေမဲ့  အေးစိမ့်လျက် ရှိနေသေးတယ်။ သို့ပေမဲ့ မာန်စွမ်းအားရှင်တွေ အဖို့ကတော့ ဒီလို အအေးဓာတ်မျိုးကို သည်းခံနိုင်ပါတယ်။ အဲဒီအပြင် ဆောင်းကလည်း မကြာခင်ကုန်ဆုံးတော့မှာပါ။

ကောင်းကင်ကနေ နှင်းတွေ ကျဆင်းနေပုံက ဆောင်းရာသီဟာ မထွက်ခွာချင်ဘဲ လောကလူသားတိုင်းကို သူရှိနေသေးတဲ့ အကြောင်း သတိပေးချင်သလိုပဲ။

ပထမတော့ နှင်းက မထူထပ်ဘူး၊ သို့ပေမဲ့ အများကြီးထပ်ပြီး မိုးပေါ်က ကျလာခဲ့တယ်။ နယ်မြေကို လေပြင်းတစ်ချက်က ဝှေ့တိုက် လိုက်ချိန်မှာတော့ မြေပြင်ပေါ်မှာ ပြန့်ကျဲ သွားလေတယ်။ လေပြည်ရဲ့ညည်းသံ‌မှာ နှင်းစက်တွေဟာ ကခုန်နေခဲ့တယ်။

နေ့ခင်းဘက်အထိ နှင်းတွေ ထူထဲစွာ ကျဆင်းနေဆဲပဲ။ အားလုံးကို ဖုံးအုပ်မသွားပေမဲ့ လေတိုက်လိုက်ချိန်တွေမှာ နှင်းတွေကို ပယ်ရှားသွားစေပြီး မြေပြင်ပေါ်ကို ရုတ်တရက် ကျရောက်လာတဲ့ အမှောင်ထုလွှာတစ်ခုလို ကောင်းကင်ကြီးကို ညှိုမှိုင်း သွားစေတယ်။

စုမင်ဟာ ‌ရွှံ့မြေကျောက်သား မြို့တော်ရဲ့လမ်း‌တွေကို ဖြတ်လျှောက်လာခဲ့တယ်။ နှင်းတွေဟာ သူ့အပေါ် ကျဆင်းနေတယ်၊ သူ့အင်္ကျီ၊ သူ့ဆံပင်တွေနဲ့ တချို့က နှာခေါင်းထိ အုပ်အောင် မျက်နှာကို ကာကွယ်ထားတဲ့ တိရစ္ဆာန် သားရေထည်ထဲအထိ ဝင်ရောက် လာကြတယ်။

နှင်းတွေက ရုတ်တရက် ကျဆင်းလာခဲ့တာပါ။ နက်မှောင်တောင် တည်းခိုဆောင်အထိ စုမင်ပြန်မရောက်ခင် သူ့လမ်းကြောင်းကို နှင်းထူထူက ပိတ်ဆို့ လိုက်ပါတော့တယ်။ မကြာခင်နှင်းတွေ ထပ်ကျလာလျှင် ဖုံးအုပ်သွားမယ့် ခြေရာတွေကို နောက်မှာ ချန်ရစ်လို့ နှင်းတွေပေါ်ကနေစုမင် လမ်းလျှောက် လာခဲ့တယ်။

ဒါဟာ ဒီဆောင်းတွင်းရဲ့နောက်ဆုံး နှင်းကျခြင်း ဖြစ်နိုင်တယ်။

စုမင် အသက်ရှူထုတ် လိုက်တိုင်း အဖြူရောင် အငွေ့တွေအဖြစ် ပြောင်းသွားတယ်။ အတန်ငယ်ကြာတော့မှ ဘယ်သူမှ နောက်ကလိုက်လာတာ သေချာမှ တည်းခိုဆောင်ကို ပြန်လာခဲ့တယ်။ တံခါးရှေ့မှာရပ်ပြီး ရှိသမျှအားအင်နဲ့ ကိုယ်ပေါ်ကနှင်းတွေကို ဖယ်ရှားပစ်တယ်။ အဲဒီနောက်မှ အိမ်ထဲ ဝင်လာတယ်။

အထဲမှာက အပြင်မှာထက် ပိုနွေးထွေးတယ်။ စုမင်တံခါးပိတ်ပြီး သူ့ကိုယ်ကို ပတ်ထားသမျှတွေ ခွာချတယ်။

အားလုံးကိုဘေးဖယ်ပြီး ဆေးပင်အပြည့်ပါတဲ့ အိတ်တွေကိုလည်း ဘေးချပြီးနောက် ခန္ဓာကိုယ်တွင်းက ချီကို နှိုးဆွ အသက်ဝင်စေပြီး ချမ်းနေတာတွေကို ပြေပျောက် လိုက်စေတယ်။ အဲဒီလိုလုပ်ပြီးတာနဲ့ တင်ပျဉ်ချိတ်ထိုင်ချပြီး စုတ်ပြဲနေတဲ့ အိတ်သေးလေးကို ထုတ်ယူလို့ သေချာကြည့်တယ်။

''ဒီအိတ်က အရမ်းထူးဆန်းတယ်။ ပစ္စည်းတွေ အများကြီး ထည့်လို့ရတယ်။ ဒါပေမဲ့ တစ်ခုခု မူမမှန်တာ ရှိရမယ်။ ငါ့ကို ပေချွန်း ရောင်းလိုက်တာက သိပ်ကို လွယ်ကူလွန်းနေတယ်"

တစ်စုံတစ်ရာဟာ စုမင်မျက်လုံးတွေထဲ ဖြတ်ပြေးသွားတယ်။ သူအရင်ကလည်း သံသယရှိခဲ့ပေမဲ့ ဒီအကြောင်းကို တွေးမိလေလေ၊ ပေချွန်း လုပ်ရပ်တွေက ထူးဆန်းလေလေလို့ တွေးမိလာတယ်။

ခဏကြာ တွေးတောဆင်ခြင်ပြီး နောက်မှာတော့ အသုံးမလိုဘဲ ဝယ်လာတာတွေကိုဖယ်ပြီး တခြားဆေးပင်တွေ အိတ်ထဲကို ထည့်ဖို့ ကြိုးစားတယ်။ ဘာမှ မမှားယွင်းနေတာကို တွေ့လိုက်ရတယ်။

"ငါ ဂရုစိုက်ဖို့တော့ လိုသေးတယ်။ တကယ်ကျတော့လည်း ဒီဆေးပင်တွေကပဲ ငါပိုင်ဆိုင်သမျှ အကုန်အစင် မဟုတ်လား။ အားလုံးထည့်ပြီးမှ တစ်ခုခုဖြစ်ရင် ဒုက္ခရောက်မှာ"

စုမင်ခေါင်းကုတ်ပြီး အိတ်ကို ဘေးဖယ်ထားဦးဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ထပ် ရက်နည်းနည်းတော့ စောင့်နိုင်ပါတယ်။ အခြေအနေတွေ အားလုံး တည်ငြိမ်သွားတာနဲ့ အကြီးအကဲကို တစ်ချက်လောက် ပြကြည့်ရမယ်။

စုမင် အိတ်ကိုဘေးထားပြီး တင်ပျဉ်ချိတ် ထိုင်တယ်။ ချီကို ခန္ဓာကိုယ် တစ်လျှောက် လှည့်လည်ပြီးတဲ့ နောက်မှာ မှောင်မိုက်သွေးမှုန်ကို သင်ယူတဲ့အပေါ်မှာ အာရုံစိုက်ဖို့ လုပ်တယ်။ မြန်မြန်သင်ယူမှ တကယ့်တိုက်ပွဲအတွင်း အသုံးပြုနိုင်မှာ။

ကျောက်သား မြို့တော်ကို နောက်တစ်ခေါက် လှည့်ပတ်လို့ ဝယ်ချင်တာ ရှိသေးလား လိုက်ကြည့်မယ့် ကနဦးအစီအစဉ်ကိုတော့ အပြင်မှာ နှင်းတွေ အရမ်းကျနေလို့ ဖျက်သိမ်း လိုက်ပါပြီ။

အပြင်မှာ နှင်းတွေရော၊ တိုက်ခတ်တဲ့ လေပြည်ရောက အသံမျိုးစုံ ပြုနေတယ်။ စုမင်ကတော့ သူ့အခန်းထဲမှာ ငြိမ်သက်စွာ ထိုင်လျက်ရှိတယ်။ မကြာခင် မှောင်ရီပျိုးတော့မယ်။ နှင်းတွေကျမနေလျှင် မှောင်ရီပျိုးချိန်မှာလည်း အနည်းငယ်မျှ လင်းနေသေးတယ်။ ဒီနေ့ကတော့ နေမဝင်သေးတာတောင် မှောင်မိုက်မိုက် ဖြစ်နေတယ်။

သူအဝေးကြီးထိ မမြင်ရဘူး။ နှင်းတွေ ကောင်းကင်က ကျဆင်းလာတာကိုပဲ မြင်ရတယ်။ အဲဒါကြောင့်မို့လို့ပဲ မှောင်ရီဖျိုးဖျ အချိန်မှာတောင် ငွေရောင်မျက်နှာပြင်က အလင်းပြန်တဲ့ အလင်းရောင် စစလေးတော့ ရှိနေပါသေးတယ်။

နှင်းတွေဟာ ထူထပ်စွာ ကျဆင်းလျက်ရှိတယ်။ မကြာခင်မှာပဲ စုမင်ရဲ့နားဖျားတွေ ဆတ်ခနဲလှုပ်ရှားသွားပြီး သူ မတ်တတ်ထရပ်တယ်။ တံခါးဖွင့်လိုက်ချိန်မှာ ပေလင်းနဲ့ အခြားသူတွေ ပြန်လာကြတာကို တွေ့လိုက်တယ်။

အဲဒီလူတွေက မနေ့ကလောက် သောသောညံအောင် စကားမပြောကြဘူး။ နှင်းတွေအများကြီး ကျနေလို့လည်း ဖြစ်နိုင်ပါတယ်။ ပေလင်းက စုမင်ကိုတစ်ချက် ငဲ့ကြည့်ပြီးတာနဲ့ သူ့အခန်းထဲကို ဝင်ရောက် သွားပါတော့တယ်။ ဝူလလည်း သုန်သုန်မှုန်မှုန်ပဲ၊ စိတ်ဓာတ် တက်ကြွလာအောင် မစွမ်းသာတဲ့ပုံမျိုးနဲ့။ သူမလည်းပဲ အခန်းထဲကို ဝင်သွားတယ်။

ပုံမှန်အတိုင်း လေ့ချန် တစ်ယောက်သာ စုမင်ကို ကောင်းကောင်းမွန်မွန် ပြုံးပြပြီး အနားကပ် လာတယ်။ ကြည့်ရတာ ဒီနေ့ ဘာတွေဖြစ်ခဲ့လဲဆိုတာ စုမင်ကို ပြောပြလိုတဲ့ပုံပဲ။

အစောင့်အရှောက် ခေါင်းဆောင်လည်း မျက်မှောင်ကြုတ်လျက် ရှိတယ်။ ကောင်းကင်ထက်ကို ရံဖန်ရံခါဆိုသလို မော့ကြည့်နေပြီး မျက်နှာပေါ်မှာ စိုးရိမ်နေတဲ့ အရိပ်အယောင် ရှိနေတယ်။ ရှန့်ဟန်ကတော့ မထုံတက်တေး အေးတိအေးစက် ဖြစ်နေဆဲပါပဲ။ သူလည်း စုမင်ကို ဘာမှမပြောဘဲ အခန်းထဲပြန်ဝင် သွားတော့တယ်။

"စုမင်.. စမ်းသပ်ပွဲ ဒုတိယအဆင့်က ဒီနေ့တကယ်ကို အကြိတ်အနယ်ပဲကွာ။ ခွန်အားနဲ့ အမြန်နှုန်းကို စမ်းသပ်တာကနေ ငါတို့ ဘယ်လောက် အစွမ်းရှိလဲ ဆိုတာကို ပြသပေးတယ်။"

"ရဲဝမ်က လေပြေစီးကြောင်း မျိုးနွယ်လူငယ်တွေထဲက အသန်မာဆုံး တစ်ယောက် ဆိုတာ တကယ်ပါပဲ။ ဒုတိယနေရာက ချန်ချွန်းကို အများကြီး‌ နောက်ကောက် ချနိုင်ခဲ့တယ်။ မဟူရာတောင်က ပိစုကလည်း ငါတို့မျိုးနွယ်ရဲ့ ရန်သူကြီး ဖြစ်လာမှာပဲ။ သူက တတိယ ချိတ်တယ်။ သူက သွေးကြော ကျောက်သားအဆင့် ၇လောက်ရှိနေပြီး တကယ် ခွန်အားကြီးတာကွ"

"မော့စု မ‌ပေါ်လာတာတော့ နှမြောစရာပဲ။ မဟုတ်ရင် ပိုပြီး စိတ်လှုပ်ရှားစရ ကောင်းမှာ"

"အာ.... ငါ‌ရော ဝူလပါ ထိပ်တန်း၅၀ထဲကို မဝင်နိုင်ခဲ့ဘူး။ ပေလင်းတစ်ယောက်ပဲ ၄၉ချိတ်တယ်။ ဒုတိယအဆင့် စမ်းသပ်ပွဲက ပြီးတာသာမြန်တာ၊ တကယ်ကို ခမ်းနား ကြီးကျယ်တာကွာ"

"တတိယအဆင့်ကို သုံးရက် ကြာပြီးနောက်မှာ ကျင်းပမယ်လို့ ကြားခဲ့တယ်။ အဲဒါက တကယ့်ကို စစ်မြေပြင်တိုက်ပွဲပဲ။ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းမှာပဲ"

လေ့ချန်က စုမင်နဲ့ အကြာကြီး စကားပြောနေခဲ့တယ်။ ‌တစ်နေ့တာလုံး မြင်ခဲ့သမျှ၊ ကြုံတွေ့ခဲ့ရတာ မှန်သမျှကို ဖောက်သည်ချတယ်။ သူအများကြီး ဆက်ပြောချင်ပေမဲ့ စုမင် စိတ်ဝင်စားမှု သိပ်မရှိတာ မြင်တော့ ခဏပဲ ဆက်ပြောပြီး သန်းဝေလို့ ထွက်ခွာ သွားပါတော့တယ်။

လေ့ချန်ကလည်း အဲဒီနေ့မှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရပြီး အနည်းငယ်မျှ ပင်ပန်းနေပြီကိုး။

လေ့ချန် ထွက်ခွာသွားပြီး နောက်မှာ စုမင်ဟာ အပြင်ဘက်က ညီအစ်ကို မသိတသိအချိန်ကို လွန်မြောက်ပြီး နှင်းမုန်တိုင်း အနည်းငယ် အားနည်းသွားတဲ့အချိန်ကို စောင့်အပြီးမှာတော့ တဒုန်းဒုန်း ခုန်လှုပ်နေတဲ့ရင်အစုံနဲ့ မတ်တတ် ရပ်နေခဲ့တယ်။ စိတ်လှုပ်ရှားစွာ၊ သို့ပေမဲ့ မျှော်လင့်ကြီးစွာနဲ့ အခန်းထဲက ထွက်ခွာ လာခဲ့ပါတော့တယ်။

ဒီတစ်ကြိမ် နက်မှောင်တောင် တည်းခိုဆောင်က စုမင် ထွက်လာချိန်မှာ ရှန့်ဟန် ပေါ်မလာတော့ပါဘူး။ ကောင်းကင်က မှောင်မိုက်နေပေမဲ့ မြေပြင်ကတော့‌ ငွေရောင်အလင်းဖျဖျနဲ့ လင်းလက်နေခြင်း အခြင်းအရာဟာ စုမင်ကို စကားနဲ့‌ ဖော်ပြမရတဲ့ခံစားမှုမျိုးကို ဖြစ်ပေါ်စေတယ်။

နှင်းမုန်တိုင်းထဲမှာ အချိန်ကြာမြင့်စွာ လျှောက်လှမ်း အပြီးမှာတော့ စုမင်ဟာ မော့စု အသွင်သဏ္ဌာန်ကို ပြောင်းလဲ လိုက်ပါ‌တော့တယ်။ နဂါးနက်တောင် တည်းခိုဆောင် အနားကို ချဉ်းကပ်သွားပြီး အဲဒီမှာ ရပ်စောင့် နေလေတယ်။

အချိန်တွေ တဖြည်းဖြည်း ကုန်လွန် သွားပြီးတဲ့နောက် နှင်းမုန်တိုင်းကလည်း ဆက်လက် ဖြစ်ပေါ်နေတယ်။ ကောင်းကင်ယံထက်က နှင်းတွေ အဆင်မပြတ် ကျဆင်းနေရင်းမှာပဲ နဂါးနက်တောင် မျိုးနွယ်စုတံခါးဟာ တိတ်တဆိတ် ပွင့်ဟလာခဲ့ပြီး ပိုင်လင်းရဲ့ လှပတဲ့ မျက်နှာလေးက ဟိုရှာဒီရှာနဲ့ ပေါ်ထွက်လာခဲ့တယ်။ သူမဟာ အဖြူရောင်အင်္ကျီကို ဝတ်ဆင်ထားပြီး လည်တိုင်ကို မြောက်မြားစွာသော သားမွေးများနဲ့ ဆင်ယင်ထားတယ်။ သူမဟာ မယုံနိုင်လောက်အောင် အထူးလှပလွန်း နေပါရဲ့။

သူမဟာ ဘေးဘီဝဲယာကို ဝေ့ဝဲ ကြည့်နေတယ်။ စုမင်ကို မြင်သွားချိန်မှာ သူမရဲ့မျက်နှာ သေးသေးလေးထက်မှာ ရှက်ရွံ့သွားတဲ့ အရိပ်အယောင်လေး ပေါ်ပေါက်လာတယ်။ ဖုံးဖိလို့မရတဲ့ ပျော်ရွှင်မှုတွေလည်း ရှိနေပါတယ်။ ခပ်သွက်သွက်ကလေး လှမ်းလာပြီး စုမင်ရှေ့မှာ လာရပ်တယ်။ သူတို့တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြတယ်။

"နင်အကြာကြီး စောင့်လိုက်ရတယ် မဟုတ်လား" ပိုင်လင်းက နူးညံ့ညင်သာစွာ ဆိုတယ်။

"မဟုတ်ပါဘူး၊ ငါအခုမှရောက်တာ" သူ့ရှေ့မှာရပ်နေတဲ့ ပိုင်လင်းကိုကြည့်လို့ စုမင်ခေါင်း ကုတ်တယ်။ ဒီလောက် လှတဲ့မိန်းကလေးကို သူ့တစ်သက်တာမှာ တစ်ခါမှ မမြင်ဖူးဘူး။ နှင်းမှုန်တွေရဲ့ အေးစက်မှုကြောင့် နီတီတီဖြစ်နေတဲ့ ပိုင်လင်းရဲ့ ပါးပြင်လေးတွေနဲ့ ရှက်ရွံ့မှုတွေ ပါဝင်နေတဲ့ တဖျတ်ဖျတ် တောက်ပနေတဲ့ မျက်ဝန်းလေးတွေကို ကြည့်ရင်း စုမင်ရဲ့နှလုံးသားဟာ ပိုလို့ မြန်ဆန်စွာ ခုန်လှုပ် လာပါတော့တယ်။

"ဘာကြည့်နေတာလဲ။ အရူးနဲ့တူတယ်။ စက်ဝန်း တစ်ပတ် လမ်းလျှောက်ကြမယ်လို့ နင်ပြောခဲ့တာ မဟုတ်လား" ပိုင်လင်းမျက်နှာလေးက ပိုလို့နီထွေးလာခဲ့ပေမဲ့ စုမင်ရဲ့ အကြည့်တွေကနေ ရှောင်လွှဲမသွားခဲ့ဘူး။ အဲဒီအစား မျက်တောင် တဖျတ်ဖျတ်ခတ်ပြီး တခစ်ခစ်နဲ့ ခပ်တိုးတိုး ရယ်နေတယ်။

"အာ... ဟုတ်သား။ ဟားဟား" စုမင် နှာခေါင်းကို ထိလိုက်တယ်။ ပိုင်လင်းရဲ့ ရယ်သံလေးတွေ ကြားမှာ နှင်းမုန်တိုင်းအောက်မှာ နှစ်ယောက်သားဟာ ခပ်ဝေးဝေးထိ လျှောက်သွား ကြတယ်။

သူတို့နှစ်ယောက် နှင်းမုန်တိုင်းထဲ ပျောက်ကွယ် သွားကြချိန်မှာ စစ်ခုန်းဟာ ဝေခွဲမရဖြစ်နေတဲ့ရုပ်နဲ့ နဂါးနက်တောင် တည်းခိုဆောင်ထဲမှာ ထိုင်လျက် ရှိနေတယ်။ ထွက်သွားပြီး နှစ်ယောက်သားကို စောင့်ကြည့်ချင်ပေမဲ့ အဆုံးမှာတော့ သက်ပြင်း ရှည်ကြီးချလို့ အဲဒီအတွေးတွေကို စွန့်လွှတ် လိုက်ပါတော့တယ်။

အမျိုးသမီးကြီးလည်း တည်းခိုဆောင်ထဲမှာ ရှိနေပါရဲ့။ သူမက သူမရဲ့ အခန်းထဲမှာ ထိုင်နေတယ်။ ပိုင်လင်း ထွက်သွားတာသိပေမဲ့ သူမ မတားဘူး။ သူမစိတ်ထဲမှာ ပိုင်လင်းသာ မော့စုနဲ့ အကြောင်းပါမယ် ဆိုလျှင် အဲဒီကနေ အကောင်းဆုံးရလဒ် ထွက်ပေါ် လာနိုင်တယ်။

လေပြင်းတွေဟာ ညာသံပေး တိုက်ခတ်နေကြပြီး နှင်းပွင့်တွေ ကခုန်နေကြတယ်။ နှင်းမုန်တိုင်းထဲမှာ စုမင်နဲ့ ပိုင်လင်းတို့ဟာ ရွှံ့မြေ ကျောက်သား မြို့တော်ရဲ့ လမ်းကြားတွေထဲမှာ လမ်းလျှောက် နေကြတယ်။ နှင်းမှုန်တွေက သူတို့ဘေးမှာ ကျဆင်းနေပြီး ဆွဲဆောင်မှုရှိတဲ့ အလင်းရောင်လေး တောက်ပလျက် ရှိတယ်။ လမ်းကြားရဲ့ ဘေးဘယ်ညာ နှစ်ဖက်နှစ်ချက်က အဆောက်အဦတွေရဲ့ ခေါင်မိုးပေါ်မှာ ခိုနားလျက်ရှိပြီး လောကကြီးကို နှင်းပွင့်လောကကြီး အဖြစ် ပြောင်းလဲသွားစေတယ်။

ဒီလိုညမျိုးမှာ လမ်းလျှောက် နေကြသူ အနည်းအကျဉ်းပဲ ရှိတယ်။ စုမင် အရမ်း စိတ်လှုပ်ရှားနေတယ်။ ပိုင်လင်းကို စကား သွားပြောတုန်းက ပြသခဲ့တဲ့ ထက်မြက်တဲ့ ဉာဏ်ပညာ ရှိဟန်ကလည်း‌ ပျောက်ဆုံးသွားပြီ။ ပိုင်လင်းက သူ့ရဲ့လက်ကို လာရောက် တွဲချိတ်လိုက်စဉ် မှာတော့ သူမရဲ့ချွေးစေးပြန်နေတဲ့ နူးညံ့တဲ့လက်ကလေးရဲ့ အထိအတွေ့မှာ ကြောင်အမ်းအမ်း ဖြစ်နေရာကနေ သတိဝင်လာပြီး ပိုင်လင်းရဲ့ လက်သေးသေးလေးကို ပြန်လည် ဆုပ်ကိုင် လိုက်တယ်။

ပိုင်လင်း ခေါင်းလေးကို ငုံ့လိုက်တယ်။ နှင်းပွင့် လက်လက်လေးတွေရဲ့ ရောင်ပြန်ဟပ်နေတဲ့ ပါးပြင်နီနီလေးနဲ့အတူ ပိုင်လင်းဟာ မယုံကြည် နိုင်လောက်အောင် လှပလွန်းနေတယ်။

"သွားရအောင်... လျှောက်သွားကြစို့" စုမင်လည်း ခပ်တိုးတိုး ရေရွတ်ပြီးတော့ ဒူးထောက် ထိုင်ချလိုက်တယ်။ ရှက်ရွံ့တဲ့ အပြုံးလေးနဲ့အတူ ပိုင်လင်းက စုမင်ရဲ့ကျောကို မှီလိုက်တယ်။ စုမင်ရဲ့ နောက်ကျောပြင်ကနေ ထွက်ပေါ်နေတဲ့ အနွေးဓာတ်လေးက ပိုင်လင်းကို ပျော်ရွှင်စေတယ်။

နောက်ကျောဘက်က လာတဲ့ ရနံ့ဖျော့ဖျော့လေးကို ရှူရှိုက်မိချိန်မှာ ပိုင်လင်းရဲ့ သေးသွယ်တဲ့ ခန္ဓာကိုယ်လေးက ပေါ်ထွက်လာတဲ့ တူညီတဲ့ အနွေးဓာတ်ကို ခံစားမိတယ်။ အသက်ပြင်းပြင်း ရှူလို့ ရှေ့ဆက် လျှောက်သွားလိုက်ပြီး မြို့ကိုဝန်းရံထားတဲ့ ရွှံကျောက်သား နံရံတွေပေါ်ကနေ ကျော်လွှားလို့ အနောက်မှာ ချန်ထားရစ်ခဲ့တယ်။

ပိုင်လင်းရဲ့ နှလုံးသားဟာလည်း ကဆုန်ပေါက် ခုန်လှုပ်လို့နေတယ်။ ပြေးလွှားနေတုန်း စုမင်ရဲ့နှလုံးသားလည်း တဒုန်းဒုန်း တုန်ခါနေတာကို ပိုင်လင်း ခံစားမိတယ်။ လေပြေစီးကြောင်း နယ်မြေပြင်ပက မြေပြန့်ပေါ် ကျဆင်းလျက်ရှိတဲ့ နှင်းမုန်တိုင်းကို ကြိုဆိုလို့ ဟိုးအဝေးဆီက တိတ်ဆိတ်ငြိမ်သက်ပြီး လူသူကင်းဝေးရာ မြေပြန့်ဆီကို ဦးတည် ပြေးလွှားလာခဲ့တယ်။

နှင်းတွေက သူတို့ကိုယ်ပေါ်ကျဆင်း နေကြပေမဲ့ အအေးဓာတ်ကို မခံစားမိကြဘူး၊ သူတို့ရင်ထဲက အနွေးဓာတ်က သူတို့တစ်ကိုယ်လုံးကို လွှမ်းခြုံ ထားကြတယ်။ သူတို့မြို့ပြင်ကို ရောက်သွားချိန်မှာတော့ စုမင်က သူ့ရဲ့ မူလရုပ်သွင်ကို ပြန်လည် ပြောင်းလဲလိုက်တယ်။

"ပိုင်လင်း... မင်းဘာလို့ ပိုလေးလာတာလဲ" စုမင်ရဲ့အသံမှာ ပျော်ရွှင်မြူးထူးမှုတွေ ပါဝင်နေပြီး နှင်းဝေတဲ့ညမှာ သူဟာ ဟက်ဟက်ပက်ပက် ရယ်မောတယ်။

"အဓိပ္ပာယ်မရှိ" စုမင်ကျောပြင်ရဲ့ နွေးထွေးမှုမှာ နစ်မျောနေတဲ့ ပိုင်လင်းဟာ စုမင်ရဲ့စကားကို ကြားလိုက်ချိန်မှာတော့ စိုက်ခနဲ နေအောင် ကြည့်ပြီး ဆွဲဆိတ် လိုက်တယ်။

စုမင် နာလို့ တွန့်သွားပေမဲ့ သူ့ရယ်သံက ပိုလို့တောင် မြူးထူးလာတယ်။ ရုတ်တရက် ခုန်ချလိုက်ပြီး ပိုင်လင်းကို လန့်အော်အောင် လုပ်ပြီးမှ ဆက်ပြေးတယ်။ သူ့ရယ်သံနဲ့ ပိုင်လင်းရဲ့ ငြူစူသံက သာယာ နာပျော်ဖွယ်သော ဆူညံသံကို ဖြစ်ပေါ်စေတယ်။

ပျော်စရာကောင်းတဲ့ အချိန်လေးတွေက အကုန်မြန်တယ်။ သူတို့ သတိမထားမိ လိုက်ခင်မှာပဲ ညဉ့်သန်းခေါင် အချိန်ကို ကျော်လွန်သွားပြီ ဖြစ်တယ်။ စုမင်နဲ့ပိုင်လင်းဟာ နှင်းတွေထဲမှာ လမ်းလျှောက်ရင်း၊ လက်တွေတွဲထားပြီး တစ်ယောက်နဲ့ တစ်ယောက် အနားနားကပ်လို့ ခပ်တိုးတိုး စကားဆိုနေကြပုံက သူတို့မှာ ပြောစရာ အကြောင်းအရာတွေ မကုန်နိုင်ကြတော့ သလိုပဲ။ ရံဖန်ရံခါ ပျံ့လွင့်လာတဲ့ ရယ်သံလွင်လွင်များဟာ ဒီအချိန်လေးက သူတို့အတွက် ဘယ်လောက်လှပလဲ ဆိုတာကို ဖော်ပြနေလေရဲ့။

နှင်းတွေဟာ ဆက်လက် ကျဆင်းနေပြီး နှစ်ယောက်သားရဲ့ ကိုယ်ခန္ဓာတွေ၊ ခေါင်းတွေပေါ် တင်နေကြတယ်။ သူတို့နှစ်ယောက်ကို တစ်ယောက်ယောက်က အဝေးကနေ လှမ်းကြည့်လိုက်လျှင် စုမင်နဲ့ ပိုင်လင်းတို့ရဲ့ ဆံပင်တွေကို ဖွေးဖွေး ဖြူနေကြတယ်လို့ ထင်ကြမှာပဲ။

သူတို့ခေါင်းပေါ်က ဆံပင်တွေ ဖြူဖွေးသွားကြတဲ့အထိ ဒီလိုလျှောက်လှမ်း နိုင်ကြပါမလား မသိပါ။ ဒါမှမဟုတ်.... ဒီနေ့ရက်တွေကို ပြန်လည် ငဲ့ကြည့်မိတဲ့အခါ ဆုံးရှုံးခဲ့ရပြီမို့ သက်ပြင်းမော ချနေရကြမလား။

"ငါတို့ မဟူရာတောင်ပေါ်မှာ ရှိနေကြတဲ့ညကို မှတ်မိသေးလား၊ အဲဒီညကလည်း နှင်းတွေ ကျနေတယ်လေ....."

"မှတ်မိတာပေါ့... နင့်ရဲ့ဆံပင်တွေ နှင်းတွေနဲ့ ဖွေးဖွေးလှုပ် နေတာလေ"

"မင်းလည်း အတူတူပဲ၊ အမယ်အိုကြီး ဖြစ်သွားသေးတယ်"

"ပြောစမ်းပါ.. ငါတို့နှင်းတွေထဲမှာ ဒီလိုမျိုးလေး ဆက်လျှောက် သွားမယ်ဆိုရင် ငါတို့ဆံပင်တွေ ဖြူသွားတဲ့အထိ လျှောက်လှမ်း သွားနိုင်ကြမှာလားဟင်...."

ပိုင်လင်းဟာ စုမင်ရဲ့လက်ကို ဆုပ်ကိုင်ထားရင်း ခပ်တိုးတိုးလေး ရေရွတ်တယ်၊ သူမရဲ့အသံလေးထဲမှာ ထိရှလွယ်မှုတွေ ပါဝင်နေလေရဲ့။

***

All Chapters