အခန်း (၁၁၁-၁၁၂)
Vol. 12 Ch. 111-112
အခန်း (၁၁၁) နည်းလမ်းကောင်းများ
ယွီထျန်းစီ၏ဘေးတွင် လောချင်းယွီ ရှိနေသဖြင့် ဂိုဏ်းချုပ်သည် ချန်လော့အပေါ် မည်သည့် လွန်ကျူးသော လုပ်ရပ်ကိုမျှ မလုပ်ရဲပေ။
ထို့ကြောင့် သူသည် ချိုးအကြီးအကဲထံမှ သိလာရသမျှကို လောချင်းယွီ၏ အရှေ့တွင် ပြောပြရုံသာ တတ်နိုင်တော့၏။
ဘာတွေဖြစ်ခဲ့သည်ကို ကြားပြီးနောက် လောချင်းယွီမှာ ဘာပြောရမည်မှန်း မသိတော့ဘဲ နေရာ၌ပင် ရပ်နေတော့သည်။
သူမသည် ဘာမှမဖြစ်ခဲ့သည့်အလား ရပ်နေသော ချန်လော့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဒေါသတဟုန်းဟုန်း တောက်လောင်နေသော ယွီထျန်းစီကို ကြည့်လိုက်၏။
“သူ့ကို မသတ်ရင် ရပြီ...”
ထိုသို့ ပြောပြီးနောက် သူမက လှည့်ထွက်သွားရန် ပြင်လိုက်သည်။
ဤမြင်ကွင်းကို မြင်သောအခါ ချန်လော့မှာ ချက်ချင်း အထိတ်တလန့် ဖြစ်သွားပြီး လောချင်းယွီ၏ ခြေထောက်ကို ပြေးဖက်လိုက်၏။
“ဆရာ... ဒီကိစ္စတွေ အားလုံးက ဆရာ့အတွက် လုပ်ခဲ့တာပါ... ကျွန်တော် သေတော့မယ့် အရေးကို ဆရာက ဘာမှမလုပ်ဘဲ ရပ်ကြည့်နေလို့ မရဘူးလေ...”
“ကျွန်တော် ဝိညာဉ်ကျောက်တုံးတွေကို လိုချင်တာက ကျင့်ကြံဖို့အတွက် မဟုတ်ဘူးလား... ကျင့်ကြံတာက ပိုစွမ်းလာဖို့လေ... ပိုစွမ်းလာတာက ဆရာ့အတွက် ထိုက်ရီဂိုဏ်းက ကောင်ကို သတ်ပေးဖို့ မဟုတ်ဘူးလား...”
“ဒီတပည့်က ဆရာ့အတွက် ကြီးမားတဲ့ အကျိုးပြုမှုတွေ လုပ်ပေးခဲ့ပြီး ကြိုးကြိုးစားစားလည်း အလုပ်လုပ်ခဲ့တာပါ... ဆရာက ကျွန်တော့်ကို ဒီလိုမျိုး လျစ်လျူရှုထားမယ် ဆိုရင် ကျွန်တော့်ရဲ့ ရိုးသားတဲ့ နှလုံးသားလေး ဘယ်လောက်တောင် ကြေကွဲရမလဲ...”
ချန်လော့သည် ကျယ်လောင်စွာ ငိုကြွေးလိုက်သော်လည်း အချိန်အတော်ကြာသည့်တိုင်အောင် မျက်ရည်တစ်ပေါက်မျှ ကျမလာခဲ့ပေ။
ဤသည်ကို မြင်သောအခါ လောချင်းယွီသည် ခိုကိုးရာမဲ့စွာ ခေါင်းခါလိုက်၏။
ဤတပည့်ကို လက်ခံခဲ့မိသည့်အတွက် သူမ ရုတ်တရက် နောင်တရသွားသည်။
အရှက်မရှိလိုက်တာ... ဒီအကျင့်တွေကို ဘယ်သူ့ဆီက သင်လာတာလဲ မသိဘူး...
ထိုမြင်ကွင်းကို တွေ့သောအခါ ယွီထျန်းစီသည် လောချင်းယွီက ချန်လော့ကို သင်ခန်းစာ ပေးလိမ့်မည် မဟုတ်ကြောင်း သိလိုက်၏။
သို့သော် ဤနေရာအထိ လာပြီးမှတော့ သူ သေချာပေါက် လက်ဗလာဖြင့် ပြန်မည် မဟုတ်ပေ။
ထို့ကြောင့် သူသည် အံကြိတ်၍ ပြောလိုက်သည်။
“ဒီကိစ္စကို ဘာမှမဖြစ်ခဲ့ဘူးလို့ ငါ ဟန်ဆောင်ပေးနိုင်တယ်... ဒါပေမဲ့ ချိုးအကြီးအကဲဆီကနေ မင်း လိမ်ယူသွားတဲ့ ဝိညာဉ်ကျောက်တုံး ၅၀,၀၀၀ ကိုတော့ ပြန်ပေးရမယ်...”
ဝိညာဉ်ကျောက်တုံး ၅၀,၀၀၀ ဆိုသည်မှာ ချန်လော့နှင့် ချိုးအကြီးအကဲတို့ အရောင်းအဝယ် လုပ်ခဲ့သော ပမာဏ မဟုတ်ကြောင်း သိသာလှ၏။
အဘယ်ကြောင့်ဆိုသော် ချိုးအကြီးအကဲသည် လျှို့ဝှက်ချက် အချို့ကို တိတ်တဆိတ် ဖုံးကွယ်ထားခဲ့ပြီး တစ်စောင်လျှင် ဝိညာဉ်ကျောက်တုံး ၅,၀၀၀ ဖြင့် စာချုပ် ဆယ်စောင်ကိုသာ တင်ပြခဲ့သောကြောင့် ဖြစ်သည်။
သို့ပေမဲ့ ချန်လော့သည် ယခုအချိန်တွင် ထိုကဲ့သို့သော ကိန်းဂဏန်း အသေးအဖွဲလေးကို ဂရုစိုက်နေရန် အချိန်မရှိပေ။
ရုတ်တရက် သူသည် မြေပြင်ပေါ်မှ မတ်တတ်ရပ်လိုက်၏။ သူ၏ မျက်နှာပေါ်တွင် အစောက ပြသခဲ့သော ဝမ်းနည်းပူဆွေးမှုများ မရှိတော့ဘဲ တည်ငြိမ်သော အမူအရာတစ်ခုသာ ရှိနေတော့သည်။
“ကျွန်တော့်ဆီမှာ ပိုက်ဆံ မရှိဘူး... ဒါပေမဲ့ ဂိုဏ်းချုပ်က ကျွန်တော့် အသက်ကိုတော့ ယူလို့ ရတယ်...”
“ဂိုဏ်းချုပ်မှာ သတ္တိရှိရင် ကျွန်တော့်ကို သတ်လိုက်... ကျွန်တော့်ဆီကနေ ဝိညာဉ်ကျောက်တုံး တစ်တုံးတောင် ရမှာ မဟုတ်ဘူး...”
ချန်လော့၏ ရုတ်တရက်ဆန်သော ခိုင်မာသည့်ဆုံးဖြတ်ချက်ကို မြင်သောအခါ ယွီထျန်းစီနှင့် လောချင်းယွီတို့ နှစ်ယောက်စလုံး အံ့အားသင့်သွားကြ၏။
ယွီထျန်းစီမှာ တစ်ခဏမျှ ဆွံ့အသွားသော်လည်း တွန့်ဆုတ်ခြင်းများ မရှိဘဲ ချန်လော့၏ သိုလှောင်အိတ်ကို လှမ်းဆွဲလိုက်သည်။
ဤအရာကို မြင်သော်လည်း ချန်လော့သည် လုံးဝ ငြိမ်သက်နေ၏။
သူ ပြန်ရောက်လာပြီးနောက် ပြဿနာ တစ်ခုခု ဖြစ်မည်ကို စိုးရိမ်သောကြောင့် ဝိညာဉ်ကျောက်တုံးများ အားလုံးနှင့် မှော်လက်နက် ငါးခုကို ဖွက်ထားခဲ့ပြီး ဖြစ်သည်။ ယခု သူ၏ သိုလှောင်အိတ်ထဲတွင် လောချင်းယွီ ပေးထားသော ဓားသိုင်းကျမ်း အနည်းငယ်နှင့် ဝိညာဉ်ကျောက်တုံး ရာဂဏန်း အနည်းငယ်မှလွဲ၍ မည်သည့်အရာမှမရှိ။
အတန်ကြာ ရှာဖွေပြီးနောက် ယွီထျန်းစီသည် ချန်လော့၏ သိုလှောင်အိတ်ထဲမှ တွေ့ရှိရသော ဝိညာဉ်ကျောက်တုံး ရာဂဏန်း အနည်းငယ်နှင့် သိုင်းကျမ်း အချို့ကို ကြည့်လိုက်ရာ ဒေါသဖြစ်လွန်း၍ အံကြိတ်ထားသောသွားတွေပါ နာလာတော့၏။
“ချန်လော့... မင်းက တကယ် အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်...”
ယွီထျန်းစီသည် ချန်လော့ကို သင်ခန်းစာ ပေးရန် သူ၏ လက်ထဲရှိ သိုင်းကျမ်းကို ဆုတ်ဖြဲတော့မည် ပြင်လိုက်သည်။
သို့သော် သူ မလှုပ်ရှားရသေးခင်မှာပင် ကြီးမားလှသော အားအဟုန်တစ်ခုက သူ၏ ဝမ်းဗိုက်ကို လျှပ်စီးလက်သကဲ့သို့ အလွန် လျင်မြန်သော အရှိန်ဖြင့် ဝင်ဆောင့်လိုက်၏။
“ဘုန်း...”
ကျယ်လောင်သော အသံကြီးတစ်ခုနှင့်အတူ ယွီထျန်းစီမှာ လွင့်ထွက်သွားတော့သည်။
ထို့အပြင် သူ၏ လက်ထဲတွင် ရှိနေသော သိုင်းကျမ်းမှာလည်း လုယူခံလိုက်ရ၏။
ဤအခိုက်အတန့်တွင် လောချင်းယွီသည် သိုင်းကျမ်းကို လက်တွင် ကိုင်လျက် မတ်တတ်ရပ်နေသည်။ သူမက ယွီထျန်းစီကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီး သိုင်းကျမ်းကို ချန်လော့ထံ ကမ်းပေးလိုက်၏။
ထို့နောက် သူမသည် ယွီထျန်းစီကို ကြည့်၍ ပြောလိုက်သည်။
“ဒါက ငါ သူ့အတွက် ရှာပေးထားတဲ့ သိုင်းကျမ်းပဲ... မင်း အဲဒါကို ဆုတ်ဖြဲရဲရင် မင်းကိုလည်း ငါ ဆုတ်ဖြဲပစ်မယ်...”
ဤအခိုက်အတန့်တွင် ယွီထျန်းစီမှာ အလွန်တရာ စိတ်ပျက်သွားတော့၏။
မည်သို့ပင်ဆိုစေကာမူ သူက ဂိုဏ်းတစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေ...
ထို့အပြင် ယနေ့ကိစ္စတွင် ဘာအမှားမှ မလုပ်ခဲ့ဘဲ အချောင်ရိုက်ခံနေရသည်မှာ အဘယ်ကြောင့် သူဖြစ်နေသနည်း...
သို့သော် ချန်လော့၏ ယုံကြည်ချက်ရှိပြီး အကြောက်အလန့်ကင်းသော အမူအရာကို မြင်သောအခါ ယွီထျန်းစီသည် ယနေ့ သူ တိတ်တဆိတ် ခံစားရတော့မည်ဖြစ်ကြောင်း သိလိုက်၏။
မည်သို့ပင်ဆိုစေကာမူ သူသည် ချန်လော့ကို တကယ်တမ်း အရေးယူရန် မဖြစ်နိုင်သလို လောချင်းယွီကလည်း သေချာပေါက် ဘာမှမလုပ်ဘဲ ရပ်ကြည့်နေမည် မဟုတ်ပေ။
ထို့အပြင် မကြာမီ ကျင်းပတော့မည့် မိစ္ဆာတာအို ပြိုင်ပွဲတွင် ပါဝင်ရန်အတွက် ချန်လော့ကို သူ လိုအပ်သေး၏။
ယခု မိစ္ဆာတာအို ပြိုင်ပွဲအတွက် တစ်ပတ်ခန့်သာ အချိန်ကျန်တော့သည်။
ချန်လော့သာ အပြင်းအထန် ဒဏ်ရာရသွားလျှင် အခြားဂိုဏ်းများမှ ပြိုင်ဘက်များကို ရင်ဆိုင်ရာတွင် သူ၏ အဓိက လက်နက်တစ်ခု ဆုံးရှုံးသွားမည် ဖြစ်၏။
ကြည့်ရတာ ဝိညာဉ်ကျောက်တုံး ၅၀,၀၀၀ ကို ချန်လော့ဆီ အလကား ပေးလိုက်ရတော့မယ့်ပုံပဲ...
သို့သော် မည်သို့ပင်ဆိုစေကာမူ သူက ဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်နေဆဲပင် ဖြစ်သည်။
သူ အရှုံးပေါ်သွားရင်တောင် မျက်နှာပန်း အပျက်ခံလို့ မဖြစ်ဘူးလေ...
ထို့ကြောင့် ဂိုဏ်းချုပ်သည် မတ်တတ်ရပ်၍ ဖုန်များကို ခါထုတ်လိုက်၏။
“ချန်လော့... ဒါက မင်းရဲ့ ပထမဆုံးအကြိမ် အမှားလုပ်တာ ဖြစ်လို့ ဒီတစ်ခါတော့ မင်းကို ငါ ခွင့်လွှတ်ပေးလိုက်မယ်...”
“သေဒဏ်ကနေ ကင်းလွတ်ခွင့် ရပေမယ့် ပြစ်ဒဏ်ကတော့ ရှောင်လွှဲလို့ မရဘူး...”
“နောက်တစ်ပတ်နေရင် ကျင်းပမယ့် မိစ္ဆာတာအို ပြိုင်ပွဲမှာ အခြေခံတည်ဆောက်ခြင်းအဆင့် အုပ်စုမှာ မင်း ပထမ မရခဲ့ရင် မင်းကို ငါ အပြစ်ပေးမယ်...”
ယွီထျန်းစီက တစ်စုံတစ်ခုကို ဆက်ပြောချင်နေပုံရသော်လည်း သူ့ဘေးရှိ လောချင်းယွီကို တစ်ချက် ကြည့်၍ ခဏမျှစဉ်းစားပြီးနောက် လှည့်ထွက်သွားလေ၏။
လုံခြုံသော အကွာအဝေး တစ်ခုသို့ ရောက်သောအခါ သူသည် ရုတ်တရက် လှည့်၍ ချန်လော့ကို ကြည့်လိုက်သည်။
“အဲဒီအချိန်ကျရင် မင်းရဲ့ ဆရာတောင် မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး...”
ထိုသို့ ပြောပြီးနောက် ယွီထျန်းစီက အလွန် လျင်မြန်သော အရှိန်ဖြင့် ထွက်ပြေးသွားတော့၏။
ဤသည်ကို မြင်သောအခါ လောချင်းယွီသည် အကူအညီမဲ့စွာ ခေါင်းခါလိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။
ထို့နောက် သူမက ချန်လော့ဘက်သို့ လှည့်၍ ပြောလိုက်သည်။
“သူ အခုလေးတင် ပြောသွားတာက နောက်နေတဲ့ပုံ မပေါ်ဘူး... မင်း သတိထားတာ ပိုကောင်းမယ်...”
“အဲဒါကြောင့် မင်း မိစ္ဆာတာအို ပြိုင်ပွဲမှာ တကယ်ပဲ ပထမရအောင် ယူတာ ပိုကောင်းမယ်...”
“ဒါဆို သူ ကျွန်တော့်ကို သတ်ပစ်မှာလား...”
“သူ မရဲပါဘူး...”
လောချင်းယွီက တည်ငြိမ်စွာ ပြောလိုက်၏။
ဤသည်ကို ကြားသောအခါ ချန်လော့မှာ အခုမှ စိတ်လျှော့လိုက်နိုင်တော့သည်။
သို့သော် နောက်တစ်စက္ကန့်တွင် လောချင်းယွီက ဆက်ပြောလိုက်၏။
“ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူက နတ်ဝိညာဉ်အဆင့် အထွတ်အထိပ်လေ... သူ့လက်ထဲက စွမ်းအားကို ထိန်းချုပ်တဲ့ နေရာမှာ အထူးကောင်းမွန်တယ်... ကြီးကြီးမားမား ဒဏ်ရာမရစေဘဲနဲ့ အလွန်အမင်း နာကျင်အောင် သူ လုပ်နိုင်တယ်...”
“အဲဒီလိုသာဆိုရင် ငါ ဝင်စွက်ဖက်ဖို့ အကြောင်းပြချက် သိပ်မရှိတော့ဘူး...”
ချန်လော့မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။
“ကြီးကြီးမားမား ဒဏ်ရာမရဘဲနဲ့ အလွန်အမင်း နာကျင်တယ် ဆိုတာက ဘယ်လို ခံစားချက်မျိုးလဲ...”
လောချင်းယွီသည် ချန်လော့ကို တစ်ချက် ကြည့်လိုက်ပြီး ဘာမှ ထပ်မပြောဘဲ လက်ကို ချန်လော့၏ နဖူးပေါ် ဖိထားရန် မြှောက်လိုက်၏။
အနီရောင် အလင်းတန်း တစ်ချက် လက်သွားပြီးနောက် စူးရှသော နာကျင်မှုက သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားကာ အသားထဲတွင် ဓားသွား ထောင်ပေါင်းများစွာ ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကို လှည့်ပတ် လှီးဖြတ်နေသည့်အလား ခံစားလိုက်ရသည်။
“ဝှစ်...”
လောချင်းယွီသည် သူမ၏ လက်ချောင်းများကို ချန်လော့၏ နဖူးပေါ်မှ ဖယ်ရှားလိုက်၏။ နာကျင်မှု ဖြစ်စဉ်က နှစ်စက္ကန့်၊ သုံးစက္ကန့်ခန့်သာ ကြာသော်လည်း ချန်လော့အတွက်မူ နေ့ရက်ပေါင်းများစွာ ကုန်ဆုံးသွားသည့်အလား ခံစားလိုက်ရသည်။
“အခု ဘယ်လို ခံစားရလဲ...”
လောချင်းယွီက တိုးညင်းစွာ မေးလိုက်၏။
ဤအခိုက်အတန့်တွင် ချန်လော့သည် နေရာ၌ပင် ရပ်နေပြီး သူ၏ မျက်လုံးများက သွေးရောင်လွှမ်းနေကာ သူ၏ နဖူးတွင် နာကျင်မှုကြောင့် ချွေးများ ဖြင့် ပြည့်နှက်နေသည်။
သူသည် စက္ကန့်အနည်းငယ်မျှ မိန်းမောသွားပြီးနောက် လောချင်းယွီ၏ စကားကို ကြားမှသာ အသိပြန်ဝင်လာ၏။
သူသည် ခေါင်းကို ဖြည်းညင်းစွာ လှည့်၍ လောချင်းယွီကို ကြည့်လိုက်သည်။
လောချင်းယွီသည် အစောက ဖြစ်ပျက်သွားသည်များကြောင့် ချန်လော့ ကြောက်လန့်သွားမည်ဟု ထင်ထားခဲ့သော်လည်း အံ့အားသင့်စရာ ကောင်းသည်မှာ သူမ ခေါင်းလှည့်လိုက်သည်နှင့် တစ်ပြိုင်နက် ချန်လော့၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခုကို တွေ့လိုက်ရခြင်း ဖြစ်၏။
ဤမြင်ကွင်းကြောင့် လောချင်းယွီပင် အံ့အားသင့်သွားသည်။
ငါ လုပ်တာ လွန်သွားလို့ ချန်လော့များ အရူး ဖြစ်သွားပြီလား...
ထို့နောက် ချန်လော့က သူမကို ရုတ်တရက် စကားပြောလာသည်ကို ကြားလိုက်ရ၏။
“ဆရာ... အခုလေးတင် သုံးလိုက်တဲ့ သိုင်းကွက်က ဘာလဲ...”
“ကျွန်တော့်ကို မြန်မြန် သင်ပေးပါ... ကျွန်တော် ဒါကို သင်ချင်တယ်...”
ချန်လော့၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။
ထိုနည်းလမ်းက တကယ့်ကို ပြောင်မြောက်သည်ဟု သူ ထင်သည်။
အဲဒါက ကြီးကြီးမားမား အန္တရာယ် မဖြစ်စေဘဲ နာကျင်မှုကို ဖြစ်စေနိုင်တယ်...
ဖြောင့်ချက်ယူဖို့အတွက်ဆိုရင်တော့ ဒါက တကယ့်ကို ထိပ်တန်း နည်းလမ်းပဲ...
အခန်း (၁၁၂) ကိုယ့်စွမ်းအားကိုယ် မြှင့်တင်ရအောင်
ချန်လော့၏ အဆက်မပြတ် တောင်းဆိုမှုများအောက်တွင် လောချင်းယွီမှာ ယခင်က သူမ အသုံးပြုခဲ့သော နည်းလမ်းများကို သူမ၏ တပည့်အား မသင်ပေးဘဲ မနေနိုင်တော့ချေ။
ဤမန္တာန်ကို “ပုရွက်ဆိတ် တစ်သောင်း နတ်ဘုရားစားသုံးခြင်း မန္တာန်” ဟု ခေါ်သည်။
နာမည်ကတော့ ကြောက်မက်ဖွယ် ကောင်းသော်လည်း “နတ်ဘုရား စားသုံးခြင်း” ဆိုသည်မှာ နတ်ဘုရားများကို သတ်ဖြတ်နိုင်စွမ်း ရှိသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ယင်းအစား မန္တာန်၏ သက်ရောက်မှုမှာ ဝိညာဉ်အပေါ်တွင်သာ ကျရောက်ပြီး ခန္ဓာကိုယ်ကို ကြီးကြီးမားမား ထိခိုက်မှု မဖြစ်စေခြင်းကြောင့်သာ ဖြစ်၏။
သို့သော် ချန်လော့သည် “ပုရွက်ဆိတ် တစ်သောင်း နတ်ဘုရားစားသုံးခြင်း မန္တာန်” ကို ရရှိပြီးနောက် မျက်နှာပေါ်ရှိ အပြုံးများသည် ပျောက်ကွယ်သွားသည်။
ဤမန္တာန်ကို ရွှေမြုတေအဆင့်တွင်သာ အသက်သွင်းနိုင်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်တွင် လုံးဝ အသုံးမပြုနိုင်ကြောင်း သူသိလိုက်ရခြင်းကြောင့် ဖြစ်၏။
“မန္တာန် အများစုက အသုံးပြုဖို့အတွက် ရွှေမြုတေအဆင့် ဖြစ်ဖို့လိုတယ်...”
လောချင်းယွီက ဘေးမှနေ၍ ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။
“ဘာလို့လဲဆိုတော့ ရွှေမြုတေကို ဖွဲ့စည်းနိုင်မှသာ ရွှေမြုတေရဲ့ စွမ်းအားကို ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေ စုစည်းနိုင်ပြီး တကယ့် ကျင့်ကြံခြင်းရဲ့ ပထမအဆင့် လှမ်းတက်နိုင်မှာ ဖြစ်လို့ပဲ...”
“ကျင့်ကြံခြင်းရဲ့ ပထမအဆင့်မှာ ချီသန့်စင်ခြင်းအဆင့်နဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်တွေက အခြေခံ တည်ဆောက်တဲ့ အဆင့်တွေသာ ဖြစ်ပြီး အသုံးပြုနိုင်တဲ့ စွမ်းရည်တွေက များသောအားဖြင့် ခွန်အားသက်သက်ကို အားကိုးရတဲ့ သိုင်းကွက်တွေပဲ...”
“ဒီမန္တာန်တွေကို မင်း သုံးချင်ရင် သေသေချာချာ ကျင့်ကြံလိုက်ဦး...”
ဤသည်ကို ကြားပြီးနောက် ချန်လော့မှာ အကူအညီမဲ့စွာ သက်ပြင်းချရုံသာ တတ်နိုင်တော့၏။
ဤသည်မှာ အမှန်တကယ်ပင် ဖြစ်နိုင်ချေရှိပုံရသည်။ စွမ်းအားကြီးမားသော စွမ်းရည် အများစုကို ရွှေမြုတေအဆင့်သို့ ရောက်ရှိပြီးမှသာ အသုံးပြုနိုင်ပေသည်။
မှော်လက်နက် မရှိဘဲ အရာဝတ္ထုများအား ထိန်းချုပ် ရွှေ့လျားခြင်းကို ကိုယ်တိုင် လုပ်ဆောင်နိုင်ရန်အတွက် အနည်းဆုံး ရွှေမြုတေအဆင့်သို့ ရောက်ရှိရန် လိုအပ်၏။
ယခင်က ရရှိခဲ့သော မပြည့်စုံသည့် မူလဓားဆန္ဒ၊ အဖြူရောင် မြူခိုးများနှင့် ယခု “ပုရွက်ဆိတ် တစ်သောင်း နတ်ဘုရားစားသုံးခြင်း မန္တာန်” တို့လည်း ထိုနည်းတူပင်။
အားလုံးနီးပါးက ကျင့်ကြံရန် သို့မဟုတ် အပြည့်အဝ အသုံးပြုနိုင်ရန်အတွက် ရွှေမြုတေအဆင့်သို့ ရောက်ရှိရန် လိုအပ်၏။
လေးလံသော စိတ်နှလုံးဖြင့် ချန်လော့သည် “ပုရွက်ဆိတ် တစ်သောင်း နတ်ဘုရားစားသုံးခြင်း မန္တာန်” ကို သူ၏ စုဆောင်းမှုထဲတွင် ယာယီ သိမ်းဆည်းထားပြီး သူ စွမ်းအားပြည့်ဝလာချိန်မှသာ ကျင့်ကြံရန် မတတ်သာဘဲ ရွေးချယ်လိုက်ရတော့သည်။
သို့သော် ချန်လော့က တစ်စုံတစ်ခုကို သတိပြုမိသွားပုံရပြီး လောချင်းယွီကို ကြည့်လိုက်၏။
“ဒါနဲ့ ဆရာ... ရွှေမြုတေအဆင့်ကို ထိုးဖောက်ဝင်ရောက်တဲ့ နေရာမှာ ထူးခြားတာ တစ်ခုခု ရှိလား...”
ချန်လော့က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့်မှ ရွှေမြုတေအဆင့်သို့ ကျင့်ကြံခြင်းနှင့် ပတ်သက်၍ ချန်လော့ သိပ်မသိပေ။
မည်သို့ပင်ဆိုစေကာမူ ယွင်ထျန်းဂိုဏ်းတွင် ရှိစဉ်က သူသည် အောက်ခြေအဆင့် တပည့်တစ်ယောက်မျှသာ ဖြစ်၏။ ရွှေမြုတေအဆင့်ကိုပင် ထည့်မဆိုခင် ၊ ဤဘဝတွင် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ပင် ရောက်နိုင်ရန် မျှော်လင့်ချက် မရှိခဲ့ပေ။
အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ပတ်သက်၍ သူ အနည်းငယ် နားလည်သော်လည်း ရွှေမြုတေအဆင့်နှင့် ပတ်သက်၍မူ သူ့ဆီမှာ အသိပညာလုံးဝမရှိပေ။
မည်သို့ပင်ဆိုစေကာမူ သူ၏ တစ်သက်တာတွင် ရွှေမြုတေအဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်မည့် နေ့တစ်နေ့ ရှိလာလိမ့်မည်ဟု သူ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ပေ။
ချန်လော့ မေးခွန်းမေးသည်ကို မြင်သောအခါ ဆရာဖြစ်သူ လောချင်းယွီက မဖုံးကွယ်ထားတော့ချေ။
“အခြေခံတည်ဆောက်ခြင်းကနေ ရွှေမြုတေကို ဖွဲ့စည်းတဲ့ နေရာမှာ စုစုပေါင်း အဆင့် ၅ ဆင့် ရှိတယ်... အမြင့်ဆုံးကနေ အနိမ့်ဆုံးအထိ အဆင့်မြင့် ရွှေမြုတေ၊ အလယ်အလတ်အဆင့် ရွှေမြုတေ၊ အနိမ့်ဆုံးအဆင့် ရွှေမြုတေ... ပြီးတော့ ပိုထူးခြားတဲ့ မပြည့်စုံတဲ့ ရွှေမြုတေနဲ့ ပြီးပြည့်စုံတဲ့ ရွှေမြုတေတို့ပဲ...”
“အဲဒီအထဲမှာ အဆင့်မြင့်၊ အလယ်အလတ်နဲ့ အနိမ့်ဆုံးအဆင့် ရွှေမြုတေ အမျိုးအစားတွေက အဖြစ်အများဆုံးပဲ... လူတစ်ဦးချင်းစီရဲ့ ပါရမီနဲ့ ထိုးဖောက်ဝင်ရောက်တဲ့ နေရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေအပေါ် မူတည်ပြီး မတူညီတဲ့ အဆင့်တွေ ထွက်ပေါ်လာတာ...”
“ယေဘုယျအားဖြင့် ပျက်စီးနေတဲ့ ရွှေမြုတေတွေ အနေနဲ့ကတော့ အမှီအခိုကင်း ကျင့်ကြံသူတွေကြားမှာ တွေ့ရတတ်တယ်... အရင်းအမြစ်တွေ နည်းပြီး သာမန် ဒါမှမဟုတ် နိမ့်ကျတဲ့ ပါရမီ ရှိပေမယ့် သူတို့ရဲ့ ထိုးဖောက်ဝင်ရောက်မှုကို ဇွတ်တရွတ် လုပ်ဆောင်တဲ့အခါ မပြည့်စုံတဲ့ ရွှေမြုတေ ဖွဲ့စည်းမှု ဖြစ်လာပြီး အပြစ်အနာအဆာ ရှိတဲ့ ရွှေမြုတေတစ်ခုပဲ ထွက်ပေါ်လာတာ...”
“အဲဒီလို ကျင့်ကြံသူမျိုးက ရွှေမြုတေအဆင့်ရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပေမယ့် သူ့ရဲ့ ကျင့်ကြံမှုကတော့ ထာဝရ ဖိနှိပ်ခံထားရတတ်တယ်... ဘယ်လောက်ပဲ ကျင့်ကြံကျင့်ကြံ မပြည့်စုံတဲ့ ရွှေမြုတေကြောင့် လုံးဝ တိုးတက်နိုင်တော့မှာ မဟုတ်ဘူး...”
“ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒါက ထာဝရ ပထမအဆင့် ရွှေမြုတေ ကျင့်ကြံမှုတစ်ခု သက်သက်ပဲ...”
လောချင်းယွီ၏ စကားကို ကြားပြီးနောက် ချန်လော့က ခေါင်းညိတ်လိုက်၏။
ငါ့ရဲ့ ပါရမီကို မြှင့်တင်ပြီးရင်တောင် သိပ်မကောင်းလောက်ပေမယ့် ပျမ်းမျှတော့ ရှိမှာဘဲ...
အဆတစ်ရာ တိုးပွားစေသော စနစ်ကို ပေါင်းထည့်လိုက်လျှင် အဆင့်မြင့် ရွှေမြုတေ ရရှိရန်မှာ သေချာသလောက် ရှိနေပြီ ဖြစ်၏။
သို့သော် လောချင်းယွီသည် ပြီးပြည့်စုံတဲ့ ရွှေမြုတေအကြောင်း ပြောသည်ကို ကြားသောအခါ ချန်လော့၏ အကြည့်များက ချက်ချင်းပင် စိတ်အားထက်သန်မှုများဖြင့် တောက်လောင်လာတော့သည်။
စနစ်တစ်ခု ရှိနေလျက်နဲ့ အကောင်းဆုံးကို ဘာလို့ မယူရမှာလဲ...
ရိုးရိုးကူးပြောင်းလာသူ တစ်ယောက်အတွက် ဒါမှမဟုတ် စနစ်တစ်ခု ပါလာတဲ့ ကူးပြောင်းလာသူ တစ်ယောက်အတွက် အကောင်းဆုံး မဟုတ်ရင်...
“ဆရာ... ပြီးပြည့်စုံတဲ့ ရွှေမြုတေကို ဘယ်လို ရနိုင်မလဲ...”
ချန်လော့ ချက်ချင်းပင် မေးလိုက်၏။
လောချင်းယွီက တစ်ခဏမျှ စဉ်းစားလိုက်သည်။
“ပြီးပြည့်စုံတဲ့ ရွှေမြုတေ ဆိုတာက ယေဘုယျအားဖြင့် အသုံးအနှုန်း တစ်ခု သက်သက်ပဲ... ဒါပေမဲ့ မတူညီတဲ့ အမျိုးအစားတွေ ရှိတယ်... ကျင့်ကြံသူ တစ်ယောက်ချင်းစီရဲ့ မတူညီတဲ့ ဝိသေသလက္ခဏာတွေအပေါ် မူတည်ပြီး ဓားရွှေမြုတေ၊ မီးရွှေမြုတေ၊ နှင်းခဲရွှေမြုတေ စတဲ့ ပြီးပြည့်စုံတဲ့ ရွှေမြုတေတွေအဖြစ် ဖွဲ့စည်းသွားမှာပဲ...”
“ပြီးပြည့်စုံတဲ့ ရွှေမြုတေအဖြစ် အခိုင်အမာ ဖွဲ့စည်းနိုင်ဖို့ ယေဘုယျအားဖြင့် အထူးကိုယ်ထည် တစ်ခု၊ အဖိုးတန် ပစ္စည်းတွေနဲ့ လုံလောက်တဲ့ ကံကြမ္မာ လိုအပ်တယ်...”
“အချိန်အခါ၊ နေရာဒေသနဲ့ လူပုဂ္ဂိုလ်တွေ ညီညွတ်မှသာ ပြီးပြည့်စုံတဲ့ ရွှေမြုတေကို ရရှိနိုင်မှာ...”
“ပြီးပြည့်စုံတဲ့ ရွှေမြုတေကို ရရှိနိုင်တဲ့ ကျင့်ကြံသူတိုင်းက သူတို့ရဲ့ ဒေသမှာ နာမည်ကျော်ကြားနိုင်တဲ့ စွမ်းအားရှင်တွေ ဖြစ်လာပြီး မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေကို လွှမ်းမိုး၊ သတ္တဝါ အားလုံးကို အထက်စီးကနေ ကြည့်နိုင်တဲ့ သူတွေချည်းပဲ...”
ထိုသို့ပြောပြီးနောက် လောချင်းယွီသည် ချန်လော့ကို စိုက်ကြည့်လိုက်သည်။
အကြောင်းပြချက် တစ်ခုခုကြောင့် ချန်လော့သည် လောချင်းယွီ၏ မျက်လုံးများထဲတွင် ယခင်က မကြုံစဖူးသော အရာတစ်ခုကို မြင်တွေ့လိုက်ရသည်။
လောင်ကျွမ်းနေသော၊ အနှိုင်းမဲ့ မျှော်လင့်ချက် တစ်ခု... ချန်လော့က သူမကို တစ်စုံတစ်ခု မေးလိမ့်မည်ဟု မျှော်လင့်နေသည့်အလား...
လောချင်းယွီက ဤမျှော်လင့်ချက်ကို သူမ၏ မျက်လုံးများထဲတွင် နက်ရှိုင်းစွာ ဖုံးကွယ်ထားသော်လည်း ချန်လော့က သတိပြုမိသွား၏။
အတန်ကြာ စဉ်းစားပြီးနောက် ချန်လော့က မေးလိုက်သည်။
“ဆောင်းဦးလေပြေ လီက ပြီးပြည့်စုံတဲ့ ရွှေမြုတေလား...”
ဤသည်ကို ကြားသောအခါ လောချင်းယွီ၏ မျက်နှာက ချက်ချင်း အေးစက်သွားပြီး နေရာ၌ပင် ချန်လော့ကို ပါးရိုက်ချင်စိတ် ပေါက်သွားတော့၏။ သူမ၏တပည့်က အထိရှလွယ်ဆုံး အကြောင်းအရာကို ဘယ်လို ဆွဲထုတ်ရမလဲ ဆိုတာကို တကယ် သိတာပဲ။
“သူက အဆင့်မြင့် ရွှေမြုတေ သက်သက်ပါ... ပြီးပြည့်စုံတဲ့ ရွှေမြုတေ မဟုတ်ဘူး... အဲဒီလောက်နဲ့ မတန်ပါဘူး...”
“ဪ...”
ချန်လော့က ခေါင်းညိတ်လိုက်ပြီးနောက် တိတ်ဆိတ်သွား၏။
ဤအခိုက်အတန့်တွင် လောချင်းယွီမှာ ချောင်းမဟန့်ဘဲ မနေနိုင်တော့ချေ။ သူမ၏ တပည့်က ဤမျှ ပူးပေါင်းဆောင်ရွက်မှု မရှိသည်ကို မြင်သောအခါမှသာ သူမဘာသာ ပြောရုံသာ တတ်နိုင်တော့သည်။
“ငါက ပြီးပြည့်စုံတဲ့ ရွှေမြုတေ ပိုင်ရှင်ပဲ...”
“ဪ... တော်လိုက်တာ...”
ချန်လော့သည် တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
ထိုစကား တစ်ခွန်းက လောချင်းယွီ၏ တည်ငြိမ်မှုကို နေရာ၌ပင် ပျက်ပြားသွားစေလုမတတ် ဖြစ်သွားစေသည်။
ဂိုဏ်းထဲက လူအများအပြားက သူမ၏တပည့်ကို အဘယ့်ကြောင့် ဤမျှ မုန်းတီးနေကြသည်ကို အခုမှပဲ သူမ နားလည်သွားတော့၏။
“ငါ ပြန်တော့မယ်... မင်းဘာသာမင်း ကျင့်ကြံတော့...”
လောချင်းယွီက ထွက်သွားရန် ချက်ချင်း လှည့်လိုက်သော်လည်း တစ်စုံတစ်ခုကို သတိရသွားသည့်အလား ချန်လော့ကို ပြန်ကြည့်လိုက်၏။
“မိစ္ဆာတာအို ပြိုင်ပွဲမှာ မင်း ပထမရမယ်လို့ သေချာရဲ့လား...”
ဤသည်ကို ကြားသောအခါ ချန်လော့က အနည်းငယ် ပြုံးလိုက်သည်။
“ကျွန်တော်က ရွှေမြုတေအဆင့်ကိုတောင် ဘာပြဿနာမှ မရှိဘဲ ကိုင်တွယ်နိုင်တာပဲ... အခြေခံတည်ဆောက်ခြင်းအဆင့် အနည်းငယ်လောက်က ဘာများ အရေးကြီးလို့လဲ...”
ဤသည်ကို ကြားသောအခါ လောချင်းယွီက ခေါင်းခါလိုက်၏။
“ရာက္ခသတံခါးဂိုဏ်း၊ ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်းနဲ့ ဒေါသမီးတောက်ဂိုဏ်းတို့က ချန်ရှင်းဂိုဏ်းနဲ့အတူ မိစ္ဆာတာအိုရဲ့ ဂိုဏ်းကြီး လေးခုအဖြစ် ပူးတွဲ တည်ရှိနေနိုင်တာ... သူတို့ရဲ့ အခြေခံအုတ်မြစ်နဲ့ စွမ်းအားတွေက အားနည်းနေလို့ မဟုတ်ဘူး...”
“ပြီးတော့ ချန်ရှင်းဂိုဏ်းနဲ့ မတူတာက သူတို့က ကဏ္ဍစုံမှာ ဖွံ့ဖြိုးတိုးတက်အောင် မလုပ်ဘဲ နယ်ပယ်တစ်ခုတည်းမှာ အထူးပြုကြတယ်... အဲဒါကြောင့် သူတို့ရဲ့ တပည့်တွေက ချန်ရှင်းဂိုဏ်းက တပည့်တွေထက် အများကြီး ပိုပြီး အားကောင်းကြတာပဲ...”
“အခြေခံတည်ဆောက်ခြင်းအဆင့်မှာ ရွှေမြုတေအဆင့်ကို သတ်နိုင်တယ် ဆိုတာက တခြားဂိုဏ်းတွေက ပါရမီရှင်တွေရဲ့ အမြင်မှာတော့ ကြွားလုံးထုတ်စရာ မဟုတ်ဘူး... တကယ်တော့ သူတို့က အဲဒါကို ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခု အနေနဲ့ပဲ မှတ်ယူထားကြတာ... ဆန့်ကျင်ဘက် အနေနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်မှာ ရွှေမြုတေအဆင့် ကျင့်ကြံသူကိုတောင် မသတ်နိုင်တဲ့ သူတွေကမှ တကယ်ကို ထူးခြားနေပြီး လှောင်ပြောင်ခံရမယ့် သူတွေပဲ...”
“မင်းရဲ့ လက်ရှိ စွမ်းအားက မဆိုးပါဘူး... ဒါပေမဲ့ တခြား ဂိုဏ်းတွေက ပါရမီရှင်တွေက မင်းကို သေချာပေါက် ရှုံးလိမ့်မယ်လို့ မဆိုလိုဘူး... ဒေါသမီးတောက်ဂိုဏ်းမှာ အလွန် ပြင်းထန်တဲ့ ပေါက်ကွဲအား ရှိတယ်၊ ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်းမှာ ထူးဆန်းတဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်... ပြီးတော့ သတ်ဖြတ်တဲ့ နေရာမှာ ပြတ်သားတဲ့ ရာက္ခသတံခါးဂိုဏ်းလည်း ရှိသေးတယ်... အဲဒီ ဂိုဏ်းတွေက သင်ပေးတဲ့ သိုင်းကွက်တွေ အားလုံးက သေစေနိုင်တဲ့ အကွက်တွေချည်းပဲ... တကယ်လို့ တိုက်ပွဲသာ ဖြစ်လာရင် မင်း သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး...”
အတိုချုပ် ပြောရလျှင် မင်းကိုယ်မင်း ကယ်တင်နိုင်ဖို့ ကြိုးစားတာ ပိုကောင်းမယ်။
“မင်းသာ ပထမ မရခဲ့ရင် ယွီထျန်းစီက မင်းကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး...”
ထိုသို့ ပြောပြီးနောက် လောချင်းယွီက တိုက်ရိုက် ထွက်သွားလေ၏။
ဤအခိုက်အတန့်တွင် ချန်လော့က နေရာ၌ ရပ်နေပြီး သူ၏ ရင်ထဲသို့ စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စ ဝင်ရောက်လာသည်။
သူ အရင်က အရမ်း ယုံကြည်ချက် ရှိခဲ့သော်လည်း ယခု ကြည့်ရသည်မှာ အခြေအနေများက သူ ထင်ထားသည်ထက် ပိုမို ရှုပ်ထွေးနေပုံရ၏။
“မဖြစ်ဘူး... ငါ့ရဲ့ စွမ်းအားကို မြှင့်တင်ဖို့ လိုအပ်နေပြီ...”