← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅) တန်ဖိုးမရှိသော ဘဝ

ချန်လော့၏ လုပ်ရပ်များကို မြင်သောအခါ ကျောက်မန်၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွား၏။

ဒါက ပညာသင်ဖို့ လာတာနဲ့ လုံးဝ မတူဘူး... ရှင်းရှင်းလင်းလင်းကို ဓားပြတိုက်ဖို့ လာတာပဲ...

သို့သော် ကျောက်မန်သည် ရှေ့သို့ တိုး၍ မတားဆီးဘဲ ကြည့်ရုံသာ ကြည့်နေခဲ့သည်။

ချန်လော့သည် စာအုပ်များစွာ ရယူခဲ့သော်လည်း ၎င်းတို့မှာ မူရင်း မိတ္တူများ မဟုတ်ဘဲ ကူးယူထားသော မိတ္တူများသာ ဖြစ်၏။

ထို့ကြောင့် ချန်လော့ ပိုယူသွားလည်း ပြဿနာ မရှိပေ။ သူတို့က နောက်တစ်အုပ် ထပ်ကူးခိုင်းပြီး နောက်မှ ပြန်ထားလိုက်လျှင် ရသည်။

မကြာမီမှာပင် ချန်လော့သည် လိုချင်သော စာအုပ်များ အားလုံးကို စုဆောင်းပြီးသွားပြီ ဖြစ်ပြီး စုစုပေါင်း အုပ်လေးဆယ်ကျော် ရှိကာ ကျောက်မန်မှာ ဆွံ့အသွားတော့၏။

“ကောင်းပြီ... လောလောဆယ် ဒီလောက်ဆို ရပြီ... ကျန်တာကို နောက်တစ်ခါမှ လာယူမယ်...”

ချန်လော့က ပြုံး၍ ပြောလိုက်သည်။

ကျောက်မန်သည် ပါးစပ် ဟလိုက်သော်လည်း အချိန်အတော်ကြာသည်အထိ စကားမ​ပြောနိုင်​တော့​ပေ။ နောက်ဆုံးတွင် သူမက မတတ်သာစွာ သက်ပြင်းချရုံသာ တတ်နိုင်တော့၏။

“ဒါနဲ့... ငါ နေဖို့ နေရာတစ်ခုလောက် ရှာပေးပါဦး... နောက်ရက်အနည်းငယ် အဆိပ်တောင်ထွတ်မှာ ငါ့ရဲ့ အဆိပ်ပညာတွေကို ​​သွေးကြည့်မလို့...”

ချန်လော့က ကျောက်မန်ကို ကြည့်၍ ပြောလိုက်သည်။

ဤသည်ကို ကြားသောအခါ ကျောက်မန်၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး အလျင်အမြန် ငြင်းပယ်လိုက်၏။

“မဖြစ်ဘူး... မင်း ချင်းယန်တောင်ထွတ်ကို ပြန်ရမယ်...”

ကျောက်မန်သည် ဆေးတောင်ထွတ်တွင် ချန်လော့၏ လုပ်ရပ်များကို ကိုယ်တိုင် မမြင်တွေ့ခဲ့ရသော်လည်း သေချာပေါက် ကြားဖူးထား၏။

ချန်လော့သာ အဆိပ်တောင်ထွတ်မှာ နေရင် အဆိပ်တောင်ထွတ်က ဘယ်လိုလုပ် ငြိမ်းချမ်းနိုင်တော့မှာလဲ...

ကျောက်မန်က သူ့ကို အလွန် ဆန့်ကျင်နေသည်ကို မြင်သောအခါ ချန်လော့သည် အတင်းအကျပ် မလုပ်တော့ရန် ဆုံးဖြတ်လိုက်သည်။

“ကောင်းပြီလေ... အဲဒါဆို မင်း ငါ့ကို နေစရာနေရာ ရှာပေးစရာ မလိုတော့ပါဘူး...”

ဤသည်ကို ကြားသောအခါ ကျောက်မန်မှာ ချက်ချင်းပင် သက်ပြင်းချလိုက်နိုင်ပြီး အဆိပ်တောင်ထွတ်ကို ကြီးမားသော ဘေးအန္တရာယ်မှ ကယ်တင်လိုက်နိုင်ပြီဟု ခံစားလိုက်ရ၏။

သို့​သော် ချန်လော့၏ နောက်စကားက ထိတ်လန့်​သွားစေသည် ။

“အဆိပ်တောင်ထွတ်မှာ ငါ့ဘာသာငါ ဖြစ်သလို နေလို့ရတဲ့ နေရာတစ်ခု ရှာလိုက်မယ်...”

ထိုသို့ ပြောပြီးနောက် သူသည် ကျမ်းစာဂိုဒေါင်ထဲမှ ပြေးထွက်သွားလေ၏။

ချန်လော့ ထွက်သွားသည်ကို မြင်သောအခါ ကျောက်မန်မှာ ဒေါသထွက်လွန်း၍ သွားကို ကြိတ်လိုက်မိသည်။

“မင်းက တော်တော် ခေါင်းမာတာပဲ...”

…

ချန်လော့သည် သူ၏ အရှေ့ရှိ အခန်းကို ကြည့်၍ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

သူက လက်ရှိတွင် အဆိပ်တောင်ထွတ်ရှိ အမာခံတပည့်များ၏ နေအိမ်တွင် ရောက်ရှိနေ၏။

ဤနေရာရှိ အိမ်များ ပြည့်မနေသည်ကို မြင်သောအခါ သူသည် ကျပန်း တစ်လုံးကို ရွေးချယ်၍ ထိုနေရာတွင် နေရန် ဆုံးဖြတ်လိုက်၏။

ချန်လော့က တံခါးကို တွန်းဖွင့်လိုက်ပြီး အတွင်းပိုင်း အလှဆင်ထားမှုများကို တစ်ချက် ကြည့်၍ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“မင်းက နေရာတော့ တော်တော် ရွေးတတ်သားပဲ...”

ကျောက်မန်၏ အသံက အနောက်မှ ထွက်ပေါ်လာ၏။

ချန်လော့သည် ခေါင်းလှည့်လိုက်ရာ ကျောက်မန်က သူ့ကို ဒေါသတကြီး အမူအရာဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

တစ်ဖက်လူ၏ မျက်နှာပေါ်မှ ဒေါသကို လုံးဝ မမြင်သည့်အလား ချန်လော့က ပြုံးလိုက်၏။

“တကယ်တော့ ငါက အတွင်းဂိုဏ်းသား ဒါမှမဟုတ် အဓိကတပည့် တစ်ယောက်ရဲ့ နေအိမ်မှာပဲ နေဖို့ မူလက စဉ်းစားထားတာပါ...”

“ဒါပေမဲ့ ငါက ဧည့်သည် တစ်ယောက် ဖြစ်နေတာကို ထည့်စဉ်းစားပြီး ဖိတ်ကြားမခံရဘဲ ရောက်လာတာ ဆိုပေမယ့် ချင်းယန်တောင်ထွတ်ရဲ့ အမာခံတပည့် တစ်ယောက် ဖြစ်နေတုန်းပဲလေ...”

“ဖြစ်သလို နေရာတစ်ခုခုမှာ နေလိုက်ရင် အဆိပ်တောင်ထွတ်က ဧည့်ဝတ်ကျေပွန်မှု လုံးဝ မရှိဘူးလို့ လူတွေ ထင်သွားမှာပေါ့...”

“အဲဒါကြောင့် အဆိပ်တောင်ထွတ်ရဲ့ ကောင်းကျိုးအတွက် ဒီအိမ်ကို မလိုချင်ဘဲနဲ့ ရွေးလိုက်ရတာပါ...”

ဤသည်ကို ကြားသောအခါ ကျောက်မန်မှာ ထိုကောင်ကို ကန်သတ်ပစ်ချင်စိတ် ပေါက်သွားတော့၏။

သို့သော် သူမ စကားများများ မပြောတော့ပေ။ အဘယ်ကြောင့်ဆိုသော် ချန်လော့က ထိုနေရာတွင် နေချင်ကြောင်း ပြောပြီးနောက် သူမသည် ကုထျန်းရန်ထံ ချက်ချင်း သွားရောက် သတင်းပို့ခဲ့သောကြောင့် ဖြစ်သည်။

သို့သော် ကုထျန်းရန်က ချန်လော့ ဤနေရာတွင် နေခြင်းကို ကန့်ကွက်မည့်ပုံ မပေါ်သဖြင့် သူမ ဘာမှ ထပ်​မ​ပြောနိုင်​တော့​ပေ။

“မင်း အဆိပ်တောင်ထွတ်မှာ နေလို့ ရတယ်... ဒါပေမဲ့ ဒီမှာ ပြဿနာ ရှာခွင့် မရှိဘူး...”

“ပြဿနာ ရှာတယ် ဟုတ်လား... ငါက ဘယ်တုန်းက ပြဿနာ ရှာဖူးလို့လဲ... ငါက အဲဒီလို လူစားမျိုး မဟုတ်ပါဘူး...”

ချန်လော့သည် ကိုယ်ကျင့်တရား ကောင်းမွန်သော လူကြီးလူကောင်း တစ်ယောက်အလား မှန်ကန်ကြောင်း အခိုင်အမာ ပြောဆိုလိုက်၏။ သူ ပြောသည်မှာလည်း အတိုင်းအတာ တစ်ခုအထိ အဓိပ္ပာယ်ရှိပေသည်။

ဘာဘဲဖြစ်ဖြစ် အရင်တုန်းက ဆေးတောင်ထွတ်မှာ သူ ပြဿနာ ရှာခဲ့တာကို ပြန်စဉ်းစားကြည့်ရင် သူ့အပြစ် မဟုတ်ဘူးလေ... အားလုံးက ယန်ချင်းချွမ်ရဲ့ လုပ်ရပ်တွေချည်းပဲ...

နောက်ကြောင်းကို ပြန်ကြည့်ရင် ပြဿနာကို အရင်စရှာတာက ယန်ချင်းချွမ်ရဲ့ ညီ ယန်ချင်းလင်လေ...

တခြားကိစ္စတွေ ဆိုရင်ရော... အဲဒါတွေကို ပြဿနာ ကြီးကြီးမားမားလို့ သတ်မှတ်လို့ ရနိုင်ပါ့မလား... အသေးအဖွဲ ပွတ်တိုက်မှုလေးတွေ သက်သက်ပါပဲ...

ထိုသို့ပြောပြီးနောက် ကျောက်မန်သည် လှည့်ထွက်သွားပြီး ချန်လော့က သူ၏ နေအိမ်ထဲသို့ ဝင်သွားလေ၏။

အချိန်မဖြုန်းတော့ဘဲ ချန်လော့သည် အခန်းထဲ ဝင်သည်နှင့် တစ်ပြိုင်နက် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ကျမ်းစာဂိုဒေါင်မှ သူ ယူလာသော စာအုပ်များကို ထုတ်ယူလိုက်၏။

ချန်လော့သည် ဤစာအုပ်များကို ရိုးရှင်းသော အမျိုးအစား သုံးခုအဖြစ် ခွဲခြားလိုက်၏။

၎င်းတို့မှာ ကျင့်စဉ်များ၊ သိုင်းကွက်များနှင့် အဆိပ်ဖော်စပ်နည်းများ ဖြစ်ကြသည်။

ထို့နောက် သူသည် ကျင့်စဉ်များဆိုင်ရာ စာအုပ်ကို ကောက်ယူ၍ သေသေချာချာ စတင် ဖတ်ရှုတော့၏။

ချန်လော့သည် ကျင့်စဉ် အမျိုးအစားမှ စာအုပ်များများ မယူခဲ့ပေ။ “အဆိပ်လေးမျိုးကျမ်း”၊ “အဆိပ်မွေးမြူခြင်း နည်းလမ်း” နှင့် “အဆိပ်ပန်းချီနှလုံးသား” ဟူသော သုံးအုပ်ကိုသာ ယူခဲ့သည်။

သေချာသည်မှာ ချန်လော့သည် ဤစာအုပ် သုံးအုပ်ကို ကျပန်း ကောက်ယူလာခဲ့ခြင်း မဟုတ်ပေ။ သူသည် အထွေထွေ မိတ်ဆက်များကို သေသေချာချာ ဖတ်ရှုခဲ့ပြီး၊ ဤသုံးအုပ်မှာ အဆိပ်ဆရာစာအုပ်များထဲတွင် အကောင်းဆုံး ကျင့်စဉ်စာအုပ်သုံးအုပ် ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ဖြစ်သည်။

သို့သော် ချန်လော့သည် မည်သည့် ကျင့်စဉ် စာအုပ် သုံးအုပ်ကို ရွေးချယ်ရမည်ကို မဆုံးဖြတ်ရသေးသဖြင့် အားလုံးကို ယူလာခဲ့ခြင်း ဖြစ်သည်။

ထိုကျင့်စဉ် သုံးမျိုးအနက် အစွမ်းအထက်ဆုံးမှာ “အဆိပ်လေးမျိုးကျမ်း” ဖြစ်ပြီး ၎င်းတွင် အဆိပ် လေးမျိုးကို တစ်ပြိုင်နက်တည်း ကျင့်ကြံရန် နှင့် ထိုအဆိပ်များကို အပြန်အလှန် အထောက်အကူပြုစေ၍ မိမိခန္ဓာကိုယ်တွင်းရှိ အဆိပ်စွမ်းအားကို မြှင့်တင်ရန် ဖြစ်၏။

သို့သော် ၎င်းသည် အားကောင်းသော်လည်း အားနည်းချက်များလည်း ရှိသည်။ နောက်တစ်ဆင့်သို့ တက်လှမ်းရာတွင် ပိုမို အားကောင်းသော အဆိပ် လေးမျိုးကို အစားထိုး အသုံးပြုရန် လိုအပ်၏။ ထို့အပြင် အဆိပ်ဆရာ တတိယအဆင့်သို့ ရောက်ရှိပြီးနောက် စတုတ္ထအဆင့်သို့ တက်လှမ်းလိုပါက “အဆိပ်လေးမျိုးကျမ်း” နှင့် ဆင်တူသော ကျင့်စဉ် တစ်ခုကိုသာ ရှာဖွေနိုင်မည် ဖြစ်သည်။

အဆိပ်လေးမျိုး ဆိုသည်မှာ ကြီးမားသော ပြဿနာ မဟုတ်သော်လည်း ပြဿနာမှာ အဆိပ်၏ အဆင့်က မြင့်မားလေလေ အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ပိုမို အရေးကြီးလေလေ ဖြစ်၏။ ၎င်းတို့သည် အတူတကွ မလုပ်ဆောင်နိုင်ပါက အဆိပ်သင့်ခြင်း သက်သက်သာ ဖြစ်သော “နှလုံးသားမိစ္ဆာဝင်ခြင်း ” ကို ဖြစ်ပေါ်စေနိုင်သည်။

အခြေအနေ မပြင်းထန်ပါက ခေါင်းမူးခြင်းနှင့် အိပ်ရာထဲတွင် ရက်အနည်းငယ် နေရခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ပြင်းထန်ပါက အဆိပ်သင့်၍ သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။ ထိုသို့သော အခြေအနေများ ယခင်က ဖြစ်ပွားခဲ့ဖူး၏။

နောက်ထပ် အကောင်းဆုံးမှာ “အဆိပ်မွေးမြူခြင်း နည်းလမ်း” ဖြစ်သည်။

ဤကျင့်စဉ်မှာ အဆိပ်မွေးမြူနိုင်သော ခန္ဓာကိုယ် မရှိသူများအား ပြင်းထန်သော အဆိပ်အတောက်များကို ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ “မိစ္ဆာနှလုံးသား အဆိပ်မွေးမြူခန္ဓာ” မှ ရိုးရှင်းစွာ ပြောင်းလဲထားခြင်း ဖြစ်သည်ဟု ဆိုကြ၏။

ဤကျင့်စဉ်က တကယ်တော့ ကောင်းမွန်သော်လည်း ၎င်းသည် “မိစ္ဆာနှလုံးသား အဆိပ်မွေးမြူခန္ဓာ” မှ ဆင်းသက်လာသောကြောင့် ပြဿနာ အချို့ ရှိသည်။ နောက်ပိုင်းအဆင့်အထိ ကျင့်ကြံသောအခါ အဆိပ်အတောက်များသည် ခန္ဓာကိုယ်ထဲတွင် စတင် စုပုံလာမည်ဟု ဆိုကြ၏။ ၎င်းတို့ကို ဖယ်ရှား၍ မရနိုင်ပါက ယင်းက ကျင့်ကြံသူများအတွက် ကြီးမားသော အားနည်းချက် တစ်ခု ဖြစ်လာမည် ဖြစ်သည်။

နောက်ဆုံးတစ်ခုဖြစ်သော “အဆိပ်ပန်းချီနှလုံးသား” အနေဖြင့်မူ ၎င်းက ပြင်းထန်မှုအပိုင်းတွင် အားအကောင်းဆုံးများထဲတွင် မပါဝင်ဘဲ အလွန်ဆုံးမှ ပျမ်းမျှသာ ရှိ၏။

သို့သော် ချန်လော့က ဤကျင့်စဉ်ကို ရွေးချယ်ခဲ့ခြင်းမှာ ၎င်း၏ စွမ်းအားကြောင့် မဟုတ်ဘဲ ၎င်း၏ ဘေးကင်းလုံခြုံမှုကြောင့် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ကျင့်စဉ်များ အားလုံးကို ဖတ်ရှုပြီးနောက် ဤတစ်ခုတည်းကသာ အဆိပ်အတောက်များကြောင့် ထိခိုက်နစ်နာခြင်း သို့မဟုတ် နှလုံးသားမိစ္ဆာဝင်ခြင်း ဖြစ်စဉ် မရှိဘဲ အဆိပ်အတောက်များ၏ ဘေးအန္တရာယ်မှ ခန္ဓာကိုယ်ကို လုံးဝ ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့သောကြောင့် ဖြစ်၏။

သို့သော် ဤဘေးကင်းလုံခြုံမှု၏ တန်ဖိုးမှာ ထိုကျင့်စဉ်၏ စွမ်းအားသည် ပျမ်းမျှသာ ရှိပြီး အလွန်ဆုံးမှ အလယ်အလတ် သို့မဟုတ် အောက်ခြေအဆင့်မျှသာ ရှိခြင်း ဖြစ်သည်။ “အဆိပ်လေးမျိုးကျမ်း” နှင့် “အဆိပ်မွေးမြူခြင်း နည်းလမ်း” တို့နှင့် ယှဉ်လျှင် အများကြီး နိမ့်ကျနေ၏။

“ရွေးချယ်ရတာ တကယ်ကို ခက်ခဲတာပဲ...”

ချန်လော့သည် ထိုသို့ ပြောရင်း သူ၏ အကြည့်က စာအုပ် သုံးအုပ်ပေါ်သို့ ကျရောက်သွား၏။

ရုတ်တရက် ချန်လော့၏ အကြည့်သည် စူးရှသွားပြီး အလွန် ခက်ခဲသော ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည့်အလား ထို့နောက် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။

“ဘဝက တိုတိုလေးနဲ့ ဘာမှမရှိဘူး ဆိုတော့... ဘာလို့ မစမ်းကြည့်ရမှာလဲ...”

ထိုသို့ ပြောပြီးနောက် ချန်လော့သည် ရုတ်တရက် လက်လှမ်း၍... “အဆိပ်ပန်းချီနှလုံးသား” ကို ကောက်ယူလိုက်သည်။

“ငါ့ရဲ့ ကံကြမ္မာက အရမ်း ဆိုးရွားနေပေမယ့်လည်း... ငါကတော့ အသက်ရှင်ချင်သေးတယ်...”

“သေသွားရင်တော့ အရာအားလုံး ဆုံးရှုံးသွားမှာပဲလေ...”

အခန်း (၁၁၆) အဆိပ်ခတ်ခြင်း

“သင်တစ်ရက်လုံး ကျင့်ကြံခဲ့ပါတယ်... အဆတစ်ရာ တိုးပွားစေပြီးနောက် သင်ရက်တစ်ရာ ကျင့်ကြံပြီးသလို ဖြစ်သွားပါပြီ...”

“မင်းရဲ့ အဆိပ်ဆရာ ကျင့်ကြံမှုက ပထမအဆင့်ကို ထိုးဖောက်ဝင်ရောက်သွားပြီး ပထမအဆင့် ကနဦးအဆင့်ကို ရောက်ရှိသွားပြီ...”

…

ချန်လော့သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ခုကို မှုတ်ထုတ်လိုက်၏။

သူ၏ ပါးစပ်ထဲမှ မီးခိုးငွေ့ တစ်စွန်းတစ်စ လွင့်ပျံထွက်လာသည်။

“ငါ ပထမအဆင့်ကို ရောက်သွားပြီ... သိပ်ကောင်းတာပဲ...”

ချန်လော့၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။

သူ၏ ခန္ဓာကိုယ်အတွင်းမှ ထူးခြားသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ ထိုအရာက အဆိပ်စွမ်းအားပင် ဖြစ်၏။

သို့သော် ဤအဆိပ်စွမ်းအားသည် တစ်စုံတစ်ခုဖြင့် ဖုံးအုပ်ခံထားရပြီး သွေးကြောထဲမှ သွေးများနှင့် တူသည်။ အဆိပ်စွမ်းအားသည် သွေးများနှင့် တူပြီး ၎င်းကို ဖုံးအုပ်ထားသောအရာက သွေးကြောများနှင့် တူ၏။ ဤနည်းအားဖြင့် အဆိပ်စွမ်းအား၏ ကိုက်စားခံရခြင်းမှ ကင်းဝေးစေနိုင်သည်။

ထို့နောက် ချန်လော့သည် သိုလှောင်အိတ်ထဲမှ အဆိပ်ပင် အချို့ကို ထုတ်ယူလိုက်၏။

ဤအဆိပ်ပင်များကို ချန်လော့သည် အဆိပ်မြူစိမ့်မြေတွင် ခူးဆွတ်ခဲ့ခြင်း ဖြစ်ပြီး အနည်းငယ်မျှသာ ကျန်ရှိတော့သည်။

ကျင့်ကြံရာတွင် အဆိပ်များ၏ အကူအညီ လိုအပ်၏။ ကျင့်စဉ်ကို အသုံးပြု၍ အဆိပ်များကို စုပ်ယူခြင်းဖြင့် ၎င်းတို့ကို မိမိကိုယ်ပိုင် စွမ်းအား၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲနိုင်မည် ဖြစ်သည်။

“ဒီအဆိပ်တွေရယ်၊ စနစ်ရယ် ပေါင်းလိုက်ရင် ပထမအဆင့် အထွတ်အထိပ် ဒါမှမဟုတ် ဒုတိယအဆင့် ကနဦးအဆင့်အထိတောင် ရောက်ဖို့ လုံလောက်မှာပါ...”

“အခု အဆိပ်သိုင်းကွက်တွေနဲ့ ဖော်စပ်နည်းတွေကို ကြည့်ရအောင်...”

ထိုသို့ ပြောပြီးနောက် ချန်လော့သည် ဘေးမှ အဆိပ်သိုင်းကွက်များကို ကောက်ယူလိုက်၏။

ချန်လော့တွင် အဆိပ်သိုင်းကွက်များ ပို၍ပင် နည်းပါးလှပြီး စုစုပေါင်း နှစ်ခုသာ ရှိသည်။ တစ်ခုက “ပန်းပြောင်းသစ်ပင်ဆက်” ဖြစ်ပြီး အခြားတစ်ခုမှာ “မရဏလက်ညှိုး” ဖြစ်၏။

အဆိပ်သိုင်းကွက်များကိုလည်း အမျိုးအစား နှစ်မျိုး ခွဲခြားထားသည်။

တစ်မျိုးက တိုက်ရိုက် အသုံးပြုနိုင်သော သိုင်းကွက်မျိုး ဖြစ်ပြီး အခြားတစ်မျိုးမှာ ဂိမ်းတစ်ခုရှိ “အထူးစွမ်းရည် ပေါင်းထည့်ခြင်း” ကဲ့သို့ အခြား တိုက်ခိုက်မှုများအပေါ်တွင် ထပ်ဆင့် အသုံးပြုရခြင်း ဖြစ်၏။

“ပန်းပြောင်းသစ်ပင်ဆက်” က နောက်ပိုင်း အမျိုးအစားတွင် ပါဝင်ပြီး မိမိ၏ အဆိပ်စွမ်းအားကို အခြား သိုင်းကွက်များ သို့မဟုတ် လက်နက်များကို တိုက်ခိုက်ရာတွင် အသုံးပြုရခြင်း ဖြစ်သည်။

“မရဏလက်ညှိုး” ကတော့ ယခင် အမျိုးအစား ဖြစ်ပြီး ၎င်းကိုယ်တိုင်က သိုင်းကွက်တစ်ခု ဖြစ်၏။

ချန်လော့သည် ယခင်က သိုင်းကွက်များစွာကို ကျင့်ကြံခဲ့ပြီး ဖြစ်သဖြင့် အဆိပ်သိုင်းကွက်များကို သိပ်စိတ်မဝင်စားဘဲ ဤသိုင်းကွက် နှစ်ခုကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် “မရဏလက်ညှိုး” မှာ အဆိပ်စွမ်းအားကို လက်ညှိုးတစ်ချောင်းတည်းတွင် စုစည်းထားသော သိုင်းကွက်တစ်ခု ဖြစ်သဖြင့် ရုတ်တရက် တိုက်ခိုက်ရန် သင့်တော်ပြီး ယင်းက ချန်လော့၏ အကြိုက်နှင့် အတိအကျ ကိုက်ညီနေ၏။

သို့သော် ချန်လော့သည် ဤအဆိပ်သိုင်းကွက် နှစ်ခုကို ကျင့်ကြံသင်ယူရန် အလောတကြီး မရှိပေ။

သူ၏ ယခင် အတွေ့အကြုံများအရ ဤအဆိပ်သိုင်းကွက် နှစ်ခုကို အလွန်ဆုံးမှ နှစ်ရက်အတွင်း အပြီးသတ်နိုင်သင့်၏။

မိစ္ဆာတာအို ပြိုင်ပွဲ စတင်ရန် ခြောက်ရက်ခန့်သာ လိုတော့သဖြင့် အလျင်စလို လုပ်ရန် လိုအပ်​နေသည်။

ဤသည်ကို တွေးမိသောအခါ ချန်လော့သည် ဘေးရှိ ကျန်ရှိနေသော စာအုပ် သုံးဆယ်ခန့်ကို ချက်ချင်း ကောက်ယူလိုက်၏။

ဤကျန်ရှိနေသော စာအုပ်များအားလုံးတွင် တူညီသော အချက်တစ်ချက် ရှိသည်။ ၎င်းတို့က အလွန် ပါးလွှာပြီး စာအုပ်တစ်အုပ်စီတွင် စာမျက်နှာ ဆယ်မျက်နှာခန့်သာ ရှိနိုင်လောက်အောင် ပါးလွှာနေခြင်း ဖြစ်၏။

၎င်းတို့ ဤမျှ ပါးလွှာနေရခြင်း၏ အကြောင်းရင်းမှာ ထိုအရာ အားလုံးကို အဆိပ်များဖြင့် ပြုလုပ်ထားသောကြောင့် ဖြစ်သည်။

မှန်၏။ ဤတစ်ကြိမ်တွင် အဆိပ်တောင်ထွတ်ရှိ ကျမ်းစာဂိုဒေါင်မှ ချန်လော့ ယူလာသော အများဆုံး ပစ္စည်းများမှာ ဤအဆိပ်ဖော်စပ်နည်းများပင် ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ မိစ္ဆာတာအို ပြိုင်ပွဲက မကြာမီ ကျင်းပတော့မည် ဖြစ်သည်။ ချန်လော့တွင် စနစ် ရှိသော်လည်း စနစ်၏ စွမ်းအားကလည်း ကန့်သတ်ချက်များ ရှိပြီး ဤအချက်ကို သူကောင်းစွာ သိရှိထား၏။

ဤမျှ တိုတောင်းသော အချိန်ကာလအတွင်း မိမိ၏ စွမ်းအားကို သိသိသာသာ မြှင့်တင်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ထို့ကြောင့် ချန်လော့သည် အခြားနည်းလမ်း တစ်ခုကို ရွေးချယ်ရန် စီစဉ်ခဲ့၏။ ခွန်အားကို မြှင့်တင်မည့်အစား ပျော့ကွက်များကို အသုံးချရန် ဖြစ်၏။

ရာက္ခသတံခါးဂိုဏ်း၊ ဆန္ဒရမ္မက်နတ်ဆိုးဂိုဏ်းနှင့် ဒေါသမီးတောက်ဂိုဏ်းတို့တွင် ချန်လော့ထက်ပင် ပိုမို အားကောင်းနိုင်သော အလွန် စွမ်းအားကြီးမားသည့် ပါရမီရှင်များ ရှိနေနိုင်သည်။

အကယ်၍ ချန်လော့သည် သူ၏ အကောင်းဆုံး ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွင် ရှိနေလျှင်ပင် ပြိုင်ဘက်ကို ယှဉ်နိုင်မည် မဟုတ်ပေ။

ဒါပေမဲ့ ပြိုင်ဘက်က အကောင်းဆုံး အခြေအနေမှာ မရှိရင်ရော...

အဆိပ်ခတ်လိုက်လို့ သူတို့ရဲ့ အစွမ်းအစ အပြည့်အဝရဲ့ ၈၀% ဒါမှမဟုတ် ၆၀% လောက်ပဲ ထုတ်သုံးနိုင်တော့မယ် ဆိုရင်ရော...

ဤသည်က အဆိပ်တောင်ထွတ်တွင် ပညာသင်ရန် ချန်လော့ ရွေးချယ်ခဲ့သည့် အကြောင်းရင်းပင် ဖြစ်၏။

ချန်လော့သည် အဆိပ်ဖော်စပ်နည်း စာအုပ်တစ်အုပ်ကို ကောက်ယူ၍ ဖြစ်သလို တစ်ချက် ကြည့်လိုက်ပြီးနောက် မကြာမီမှာပင် မျက်မှောင်ကြုတ်ကာ ထိုစာအုပ်ကို ပြန်ချထားခဲ့ပြီး တခြားတစ်အုပ်ကို ကောက်ယူလိုက်သည်။

“သေစေနိုင်တဲ့ အဆိပ်... ကောင်းတဲ့အရာပဲ... ဒါပေမဲ့ ကံဆိုးစွာနဲ့ လောလောဆယ် ငါ သုံးလို့ မရသေးဘူး...”

ထိုစာအုပ်တွင် မှတ်တမ်းတင်ထားသော ဖော်စပ်နည်းမှာ “ထျန်းတင့်ဆေးမှုန့်” ဟု ခေါ်သော အဆိပ်တစ်မျိုး ဖြစ်သည်။ သေသေချာချာ အသုံးပြုပါက ရွှေမြုတေအဆင့်ရှိ သိုင်းဆရာ တစ်ဦးကိုပင် တိုက်ရိုက် သတ်ဖြတ်နိုင်စွမ်း ရှိ၏။

သို့သော် ချန်လော့က ၎င်းကို မလေ့လာခဲ့ပေ။ အဆိပ်ကို ကြိုက်​သော်လည်း လောလောဆယ် သူ့အတွက် မလိုအပ်သောကြောင့် ဖြစ်၏။

မိစ္ဆာတာအို ပြိုင်ပွဲသည် အခြေခံအားဖြင့် ချစ်ကြည်ရေး ပြိုင်ပွဲ တစ်ခုသာ ဖြစ်ပြီး အသေအလဲ တိုက်ခိုက်ရမည့် တိုက်ပွဲ မဟုတ်ပေ။

အကယ်၍ သူသာ ဤအဆိပ်ကို အသုံးပြု၍ ပြိုင်ဘက်ကို သတ်လိုက်လျှင် ဂိုဏ်းများကြား စစ်ပွဲတစ်ရပ်ကို လှုံ့ဆော်လိုက်သလို ဖြစ်သွားပေမည်။

ချန်လော့သည် အဆိပ်ဖော်စပ်နည်းများကို ကောက်ယူ၍ အတန်ကြာ စဥ်းစားလိုက်ပြီး ​​နောက်ဆုံးတွင် ဆယ့်နှစ်မျိုးကို ရွေးချယ်လိုက်၏။

ဤစာအုပ် ဆယ့်နှစ်အုပ်တွင် တစ်ကိုယ်လုံး ယားယံစေသော အဆိပ်များ၊ အသက်ရှူရ ခက်ခဲစေသော အဆိပ်များ၊ အခြားသူများကို မေ့လဲသွားစေနိုင်သော အဆိပ်များနှင့် ပြင်းထန်သော ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်သော အဆိပ်များ အပါအဝင် အဆိပ်အမျိုးမျိုး ပါဝင်သည်။

ချန်​လော့သည် ၎င်းတို့ကို မြန်မြန်ဆန်ဆန် တစ်ချက် ကြည့်လိုက်ပြီး သူ လိုအပ်သော အဆိပ်ကို ဆုံးဖြတ်လိုက်ကာ သူ၏ နေအိမ်မှ ထွက်ခွာ၍ အဆိပ်သိုလှောင်ရုံဆီသို့ ပြေးသွားလေ၏။

အဆိပ်သိုလှောင်ရုံ ဆိုသည်မှာ အဆိပ်တောင်ထွတ်တွင် အဆိပ်များကို သိမ်းဆည်းရန် အသုံးပြုသော နေရာ ဖြစ်သည်။

ထိုနေရာတွင် အဆိပ်မျိုးစုံကို ဝယ်ယူနိုင်၏။

ချန်လော့သည် လိုအပ်သော အဆိပ်အမျိုးတိုင်းကို ဆယ်ခုစီ ဝယ်ယူခဲ့ရာ ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော် ကုန်ကျသွားခဲ့ပြီး အလွန် နှမြော​နေတော့သည်။

“ကံကောင်းလို့ ချိုးအကြီးအကဲဆီကနေ ပိုက်ဆံ နည်းနည်း ညှစ်ထုတ်ထားနိုင်ခဲ့တာ... မဟုတ်ရင် ငါ လုံးဝ မွဲသွားမှာပဲ...”

လောချင်းယွီ၏ တပည့်အဖြစ် ပထမဆုံး စတင်ဖြစ်လာခဲ့စဉ်က အချိန်ကို သူ ရုတ်တရက် လွမ်းဆွတ်သွားမိ၏။ ဆေးတောင်ထွတ်သို့ နောက်ဆုံးအကြိမ် သွားခဲ့စဉ်ကလည်း တပည့်များသည် သူ့ကို လက်ဆောင်ပေးရန် အလုအယက် ဖြစ်နေခဲ့ကြပြီး လက်ဆောင်များကို ဈေးတစ်ဝက် လျှော့၍ အကြွေပင် မယူခဲ့ကြပေ။

အဆိပ်များကို သိမ်းဆည်းပြီးနောက် ချန်လော့သည် သူ၏ နေအိမ်သို့ ချက်ချင်း ပြန်လာပြီး စတင် ဖော်စပ်တော့၏။

မစတင်မီ ချန်လော့သည် အဆ ၁၀၀ တိုးပွားစေသော စနစ်ကို အမြန် အသက်သွင်းလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူ အဆိပ်ကို ပထမဆုံးအကြိမ် ဖော်စပ်ခြင်း ဖြစ်ပြီး အတွေ့အကြုံ အနည်းငယ်သာ ရှိသောကြောင့် ဖြစ်၏။

ချန်လော့ ခန့်မှန်းထားသည့်အတိုင်းပင် သူ၏ အတွေ့အကြုံ လုံးဝ မရှိမှုကြောင့် ဖော်စပ်ရန် ကြိုးစားမှု အားလုံးနီးပါး မအောင်မြင်ခဲ့ဘဲ အဆိပ်ပမာဏ အတော်များများ အလဟဿ ဖြစ်သွားခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် စနစ်၏ အကူအညီဖြင့် ချန်လော့၏ ဆေးဖော်စပ်မှု စွမ်းရည်သည် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး သူ၏ ပဉ္စမမြောက် ကြိုးစားမှုတွင် ဆေးတစ်မျိုးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့၏။

တစ်ရက်ပင် မပြည့်မီ အချိန်အတွင်း ချန်လော့သည် လိုအပ်သော အဆိပ်များ အားလုံးကို ဖော်စပ်ပြီးစီးသွားခဲ့သည်။

သူ၏ အရှေ့ရှိ အဆိပ်ပုလင်းများနှင့် အဆိပ်မှုန့်များကို ကြည့်ရင်း ချန်လော့က ပြုံးလိုက်၏။

“ဒါပေမဲ့ တခြားတစ်ဖက်က ပြန်ကြည့်ရင် အလုပ်မဖြစ်မှာ စိုးလို့ တစ်ယောက်ယောက်နဲ့ အရင် စမ်းကြည့်သင့်တာ မဟုတ်ဘူးလား...”

ချန်လော့က ပြောရင်း စဥ်းစားလိုက်သည်။

“ဒါပေမဲ့ ဘယ်နေရာမှာ စမ်းရမလဲ... ဓားတောင်ထွတ်လား... နေပါစေတော့... ငါ အဲဒီကို သွားချင်စိတ် မရှိဘူး... ဆေးတောင်ထွတ်လား... အဲဒီနေရာက ကောင်းမယ် ထင်တယ်...”

သို့သော် ဤအကြောင်းကို စဉ်းစားနေစဉ်မှာပင် ချန်လော့က မေးခွန်းတစ်ခုကို ရုတ်တရက် သတိရသွား၏။

“ပြိုင်ပွဲကို လာမယ့် ကျင့်ကြံသူတွေ အားလုံးက အဆိပ်ဆရာတွေ ဖြစ်နေရင်ရော...”

“ဒါမှမဟုတ် အဆိပ်ကို တွန်းလှန်နိုင်တဲ့ မှော်လက်နက် တစ်ခုခု ပိုင်ဆိုင်ထားရင်ရော...”

ဤသည်ကို တွေးမိသောအခါ ချန်လော့သည် မျက်​မှောင်ကြုံ့သွားသည်။

ဤဖြစ်နိုင်ခြေကို ဖယ်ထုတ်၍ မရနိုင်ပေ။

ဆိုလိုသည်မှာ သူ၏ အစီအစဉ်သည် ကျရှုံးသွားနိုင်သည်ဟု အဓိပ္ပာယ်သက်ရောက်၏။

ယခုအခါ ရွေးချယ်စရာ နှစ်ခုသာ ရှိတော့သည်။ အဆိပ်ဆရာ လမ်းစဉ်ကို လက်လျှော့၍ သင်၏ စွမ်းအားကို မြှင့်တင်ရန် အခြားနည်းလမ်း တစ်ခု ရှာဖွေမည်လား၊ သို့မဟုတ် အဆိပ်ဆရာ တစ်ယောက်ကို အဆိပ်ခတ်ရန် ကြိုးစားမည်လား ဆိုသည်ပင် ဖြစ်သည်။

အတန်ကြာ စဉ်းစားပြီးနောက် ချန်လော့က ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။

“ဆုံးဖြတ်ပြီးပြီ... ငါ အဆိပ်တောင်ထွတ်ကို အဆိပ်ခတ်မယ်...”

ကျားသိုက်ထဲကို သိသိကြီးနဲ့ ဝင်သွားတယ် ဆိုတာ ဘာအဓိပ္ပာယ်လဲ...

အဆိပ်တောင်ထွတ်ကို အဆိပ်လေး နည်းနည်းလောက်နဲ့ လန့်သွားအောင် လုပ်လိုက်ရအောင်...

ထိုသို့ ပြောပြီးနောက် ချန်လော့က သူ ဖော်စပ်ထားသော အဆိပ်များကို ယူ၍ အပြင်သို့ ထွက်သွားလေ၏။

အဆိပ်တောင်ထွတ်တွင် ရေတွင်း အချို့ ရှိပြီး အတွင်းဂိုဏ်းသားများက ရေလိုသည့်အခါတိုင်း ထိုနေရာသို့ သွားရောက် ခပ်ယူလေ့ရှိကြောင်း သူ မှတ်မိနေသည်။

အဆိပ်တောင်ထွတ်၏ အတွင်းဂိုဏ်းသို့ ဝင်ရောက်နိုင်သည် ဆိုသည်မှာ အနည်းဆုံး ပထမအဆင့် အဆိပ်ဆရာ တစ်ဦး ဖြစ်ရမည်ကို ဆိုလို၏။

သူတို့က ငါ ဖော်စပ်ထားတဲ့ အဆိပ်တွေကို ခံနိုင်ရည် ရှိမရှိ စမ်းသပ်ဖို့ ဒါက အခွင့်အရေးကောင်း တစ်ခုပဲ...

All Chapters