← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇) အဆိပ်ခတ်ခြင်း ၂

မကြာမီမှာပင် ချန်လော့ ရောက်ရှိလာ၏။

အဆိပ်တောင်ထွတ်ရှိ ရေတွင်းမှာ တောင်ထွတ်ပေါ်ရှိ ရေအရင်းအမြစ် အနည်းငယ်ထဲမှ တစ်ခု ဖြစ်ပြီး အတွင်းဂိုဏ်းသား ငါးယောက်၊ ခြောက်ယောက်ခန့်သည် ထိုနေရာတွင် အထပ်ထပ် စောင့်ကြပ်နေကြ၏။

ချန်လော့ ပေါ်လာသည်ကို မြင်သောအခါ အတွင်းဂိုဏ်းသားများမှာ ကြောက်လန့်တကြား တုန်ယင်သွားကြ၏။

ဆေးတောင်ထွတ်တွင် ချန်လော့ လုပ်ခဲ့သမျှကို သူတို့ အားလုံး ကောင်းကောင်း သိထားကြသည်။

သို့သော် တပည့်တစ်​ယောက်သည် သတ္တိမွေး၍ ချန်လော့၏ ဘေးသို့ လျှောက်သွားကာ ဦးညွှတ်လိုက်၏။

“ စီနီယာအစ်ကို ချန်​လော့ ... ဘာကိစ္စများ ရှိလို့ ဒီကို လာတာလဲ မသိဘူး...”

တပည့်ဖြစ်သူသည် သူ၏ ကြောက်ရွံ့မှုကို ထိန်းချုပ်ကာ မေးလိုက်သည်။

ပတ်ပတ်လည်ရှိ အစောင့်များကို ကြည့်ရင်း ချန်လော့က မျက်မှောင်ကြုတ်လိုက်၏။

လူတွေ အများကြီး ရှိနေတဲ့ အချိန်မှာ တစ်ယောက်ယောက်ကို အဆိပ်ခတ်ဖို့ ဆိုတာ မလွယ်ဘူးလေ... သူတို့ မျက်စိရှေ့မှာတင် လုပ်လို့မှ မရတာ...

အတန်ကြာ စဉ်းစားပြီးနောက် ချန်လော့က ပြုံးလိုက်သည်။

“ငါ ရေနည်းနည်း လာခပ်တာပါ...”

ဤစကားကို ကြားသောအခါ တပည့်များမှာ အံ့အားသင့်သွားကြ၏။

“ဪ... စီနီယာအစ်ကို ကိုယ်တိုင် ရေလာခပ်တာလား... ကျွန်တော်တို့ကို ပြောလိုက်ရင် ကျွန်တော်တို့က စီနီယာအစ်ကိုအတွက် ရေလာပို့ပေးမှာပေါ့...”

တပည့်ဖြစ်သူက ပြောလိုက်၏။

မည်သို့ပင်ဆိုစေကာမူ ချန်လော့သည် တိုက်ရိုက်တပည့် တစ်ယောက် ဖြစ်သည်။အဆိပ်တောင်ထွတ်၏ တိုက်ရိုက်တပည့် မဟုတ်သော်လည်း သူ၏ အဆင့်အတန်းက ရှိနေသဖြင့် ကိုယ်တိုင် ရေခပ်ခိုင်းရန်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။

သို့သော် ဤသည်ကို ကြားသောအခါ ချန်လော့က ချက်ချင်းပင် ခေါင်းခါလိုက်သည်။

“ငါက တိုက်ရိုက်တပည့် တစ်ယောက် ဖြစ်ပေမယ့် အခြေခံအားဖြင့် တပည့်တစ်ယောက်ပဲလေ... မင်းတို့နဲ့ ငါ့ကြားမှာ ဘာကွာခြားချက်မှ မရှိပါဘူး...”

“ငါတို့က ဂိုဏ်းတူတွေလေ... ငါ့အတွက်တော့ မင်းတို့က ညီအစ်ကိုတွေလိုပါပဲ...”

“ရေတွင်းကို စောင့်ရတာ အရမ်း ပင်ပန်းနေပြီပဲ... ငါ့ရဲ့ အင်အားလေး နည်းနည်း သက်သာဖို့အတွက် မင်းတို့ကို ဘယ်လိုလုပ် ထပ်ပြီး ပင်ပန်းခံခိုင်းရက်မှာလဲ...”

“ဒါကို ကိုယ်တိုင် လုပ်နိုင်ရင် ငါကိုယ်တိုင်ပဲ လုပ်သင့်တာပေါ့...”

ချန်လော့၏ စကားကို ကြားပြီးနောက် ဤအတွင်းဂိုဏ်းသားများမှာ ရုတ်တရက် အနည်းငယ် စိတ်လှုပ်ရှားသွားကြ၏။

ပုံမှန်အားဖြင့် အဆိပ်တောင်ထွတ်ရှိ အဓိကတပည့်များသည် သူတို့ကို အထင်သေးလေ့ရှိပြီး အနှိမ်ခံရသည့် ခံစားချက်ကို သူတို့ ယဉ်ပါးနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

သို့သော် ယခု တိုက်ရိုက်တပည့် ဖြစ်သော ချန်လော့သည် သူတို့ကို လုံးဝ အထင်မသေးပေ။ ဆန့်ကျင်ဘက် အနေဖြင့် သူတို့ကို ညီအစ်ကိုများကဲ့သို့ ဆက်ဆံပြီး သူတို့၏ အခက်အခဲများကို နားလည်ပေးသဖြင့် လူတိုင်းကို စိတ်လှုပ်ရှားသွားစေ၏။

မည်သူမျှ စကားမပြောသည်ကို မြင်သောအခါ ချန်လော့သည် ရေတွင်းဆီသို့ လျှောက်သွားပြီး ရေပုံးတစ်ပုံးကို ကောက်ယူလိုက်သည်။

ထို့နောက် ရေပုံးကို ရေတွင်းထဲသို့ အဆင်မပြေစွာ ချလိုက်ပြီး ယင်းကို သိပ်မကျွမ်းကျင်သည့်ပုံ ပေါက်နေ၏။

“ စီနီယာအစ်ကို ချန်​လော့ ... ကျွန်တော် ကူညီပေးပါရစေ...”

တပည့်တစ်ယောက်က ချန်လော့ကို ကူညီပေးရန် ရှေ့သို့ တိုးလာတော့သည်။

ဤစကားကို ကြားသောအခါ ချန်လော့မှာ အထိတ်တလန့် ဖြစ်သွားပြီး ထိုတပည့်ကို စူးရဲစွာ စိုက်ကြည့်လိုက်၏။

ဤအရာကို မြင်သောအခါ လူတိုင်းမှာ ကြောက်လန့်တကြား တုန်ယင်သွားကြပြီး သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသော်လည်း ဘာဖြစ်သွားသည်ကို သူတို့ လုံးဝ နားမလည်ခဲ့ကြပေ။

“ငါက မင်းတို့ကို နားခိုင်းရင် သေသေချာချာ နားပြီး ထိုင်နေကြစမ်းပါ...”

“မင်းတို့ နေ့တိုင်း ဒီလောက်တောင် ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတာ မလုံလောက်သေးဘူးလား...”

“သူတို့ကိုယ်သူတို့ သေတဲ့အထိ အလုပ်မလုပ်ရမချင်း ရပ်ကြမှာ မဟုတ်ဘူးပဲ...”

ဤအခိုက်အတန့်တွင် ချန်လော့က ဩဇာတိက္ကမကြီးမားသော CEO တစ်ယောက်ကဲ့သို့ ပြုမူပြီး သူ၏ ဇနီးငယ်လေးကို ချက်ချင်း သွားနားရန် အမိန့်ပေးနေသည့်အလား ဖြစ်နေ၏။

တပည့်များမှာ ဤမြင်ကွင်းကြောင့် လုံးဝ ဇဝေဇဝါ ဖြစ်သွားကြပြီး ဘာမှ​မ​ပြောနိုင်​တော့​ပေ။

တစ်ခဏအကြာတွင် သူတို့၏ ရင်ထဲ၌ နွေးထွေးသော ခံစားချက် တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး နှာခေါင်းများ ကျဉ်လာတော့သည်။

စီနီယာအစ်ကို ချန်​လော့က ဒီလောက် ဂရုစိုက်တတ်ပြီး နွေးထွေးတဲ့ နှလုံးသားရှိတဲ့ လူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး...

သို့သော် မည်သူမျှ မသိခဲ့သည့် အရာမှာ ရေခပ်ရာတွင် အဆင်မပြေဘဲ အရည်အချင်း မရှိပုံပေါက်နေသော ချန်လော့သည် တကယ်တမ်းတွင် ရေတွင်းကို အဆိပ်ခတ်နေခြင်းပင် ဖြစ်၏။

ရေခပ်ရာတွင် အသုံးပြုသော သစ်သားပုံးမှာ ယခုအခါ အဆိပ်မှုန့်များနှင့် အဆိပ်ရည်များ သုံးပုံတစ်ပုံခန့် ပြည့်နေပြီ ဖြစ်ပြီး ၎င်းတို့သည် ရောနှောသွားကာ အမည်းရောင် ပူဖောင်းများ ထွက်နေသော အရာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“ဒီအဆိပ်တွေ ရောစပ်လိုက်လို့ လူသေသွားမလား မသိဘူးနော်...”

“ထားလိုက်ပါတော့...စမ်းကြည့်မှပဲ ကောင်းလား၊ မကောင်းလား သိမှာပေါ့...”

ထိုသို့ ပြောပြီးနောက် ချန်လော့သည် သူ၏ လက်ထဲရှိ ရေပုံးကို ရေတွင်းထဲသို့ ပစ်ချလိုက်၏။

“ဘုန်း...”

သစ်သားပုံးသည် ရေတွင်းထဲရှိ ရေမျက်နှာပြင်နှင့် ရိုက်မိပြီး အသံတစ်ခု ထွက်ပေါ်လာသည်။

စည်ပိုင်းထဲတွင် အဆိပ်များနှင့် အဆိပ်မှုန့် အမြောက်အမြား ပါဝင်နေသဖြင့် ၎င်းက ရေတွင်းထဲသို့ လျင်မြန်စွာ နစ်မြုပ်သွား၏။

အမည်းရောင် အရည်များက ရေတွင်း တစ်ခုလုံးကို တစ်မုဟုတ်ချင်း ညစ်ညမ်းသွားစေသည်။

ဤသည်ကို မြင်သောအခါ ချန်လော့၏ မျက်နှာတွင် ရှက်ရွံ့သည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။

ဝက်တောင် ဒီရေကို သောက်မှာ မဟုတ်ဘူး...

အတန်ကြာ စဉ်းစားပြီးနောက် ချန်လော့သည် သစ်သားပုံးကို ယူ၍ ရေကို မွှေရန်မှလွဲပြီး အခြား ရွေးချယ်စရာ မရှိတော့ပေ။ အရောင်ဖျော့သွားစေရန် ရေနှင့် အဆိပ်ကို တတ်နိုင်သမျှ ရောနှောရန် ကြိုးစားလိုက်၏။

တစ်မိနစ်ခန့် ကြာပြီးနောက် အဆိပ်များက ရေထဲတွင် လုံးဝ ပျော်ဝင်သွားပုံရပြီး ချန်လော့သည် ရေတစ်ပုံးကို ဖြည်းညင်းစွာ ဆွဲတင်၍ သယ်ယူလာခဲ့သည်။

အနံ့ မရှိတော့ကြောင်း သေချာစေရန် ရေကို သူ၏ လက်ဝါးဖြင့် ညင်သာစွာ ယပ်ခတ်ကြည့်ပြီးနောက် အပြုံးတစ်ခု ပေါ်လာ၏။

“ပြီးပြည့်စုံတယ်...”

ထို့နောက် သူသည် ရေများကို ရေတွင်းထဲသို့ ပြန်လောင်းထည့်ရန် စီစဉ်လိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး အနောက်ရှိ လူများကို လှည့်ကြည့်လိုက်သည်။

“ထားလိုက်ပါတော့... ဒါကိုပဲ ပြန်ယူသွားလိုက်မယ်...”

ချန်​လော့မှာ ရေပုံးကို ယူသွားရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။ ​သေချာ​ပေါက် မထွက်ခွာမီ ဤအတွင်းဂိုဏ်းသားများကို နှုတ်ဆက်လိုက်သေး၏။

“ငါ သွားတော့မယ်... အရမ်း ပင်ပန်းအောင် အလုပ်မလုပ်ကြနဲ့... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြဦး...”

ဤသည်ကို ကြားသောအခါ တပည့်များက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။

“ဟုတ်ကဲ့ပါ စီနီယာအစ်ကို ချန်​လော့...”

“စီနီယာအစ်ကို ချန်​လော့... ဖြည်းဖြည်းသွားပါ... လမ်းမှာ သတိထားပါနော်...”

တပည့်များသည် ချန်လော့ကို အပြုံးပန်းဝေသော မျက်နှာများဖြင့် နှုတ်ဆက်လိုက်ကြ၏။

ထို့​နောက် သူတို့သည် ချန်လော့ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေကြပြီး သူ့အပေါ် ကြီးမားသော လေးစားမှုများပင် ပြသနေ​သေးသည်။

တစ်ခါတစ်ရံတွင် သူတို့ကို လေးစားမှုနှင့် ဂရုစိုက်မှု အနည်းငယ် ပေးရုံဖြင့် မထင်မှတ်ထားသော ဆုလာဘ်များကို ရရှိနိုင်သည်။

စီနီယာအစ်ကို ချန်​လော့က ကောလာဟ​တွေထဲကလောက် ဆိုးသွမ်းတဲ့သူ မဟုတ်ပါဘူး...

“ ‘ယုတ်မာတယ်’ ဆိုတာ ဘာအဓိပ္ပာယ်လဲ... ငါတို့ ချန်ရှင်းဂိုဏ်းမှာတော့ သူက လူကောင်း တစ်ယောက်အဖြစ် သတ်မှတ်ခံထားရပြီးသားပဲ...”

“ စီနီယာအစ်ကို ချန်​လော့အကြောင်း မကောင်းပြောတဲ့ သူတွေက ကောလာဟလတွေ ဖြန့်နေတာပဲ...”

“ငါတို့ရဲ့ အကောင်းဆုံး စီနီယာအစ်ကို ချန်​လော့ကို အတူ ကာကွယ်ကြမယ်...”

…

မကြာမီမှာပင် ချန်လော့သည် သူ၏ နေအိမ်သို့ ပြန်ရောက်လာ၏။ ပတ်ပတ်လည်ကို တစ်ချက် ကြည့်၍ မည်သူမျှ မရှိကြောင်း စစ်​ဆေးပြီးနောက် သစ်သားပုံးထဲမှ ရေများ အားလုံးကို ချက်ချင်း သွန်ပစ်လိုက်သည်။

ထို့နောက် ချန်လော့သည် သစ်သားပုံးကို ပစ်ချ၍ ထွက်ခွာတော့မည် ပြင်လိုက်စဉ် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရုတ်တရက် သတိပြုမိသွား၏။ သူသည် ယခုလေးတင် ရေသွန်ချလိုက်သော နေရာကို ငုံ့ကြည့်လိုက်ရာ မြေပြင်ပေါ်ရှိ မြက်ပင်များက မာနတခွဲခွဲဖြင့် မတ်မတ်ရပ်နေရာမှ ညှိုးရော်ကာ စိတ်ပျက်အားငယ်နေပုံ ပေါက်သွားကြောင်း တွေ့လိုက်ရသည်။

“ငါ့ရဲ့ အဆိပ်နဲ့ ဘာမှမဆိုင်လောက်ပါဘူး...”

…

ထို့နောက် ချန်လော့သည် အခန်းသို့ ပြန်လာခဲ့ပြီး သတင်းများကို စောင့်ဆိုင်းနေစဉ် အစောက သူ ယူလာခဲ့သော အဆိပ်သိုင်းကွက် နှစ်ခုကို ကျင့်ကြံလေ့လာနေခဲ့၏။

ပထမနေ့တွင် ဘာသတင်းမှ မထွက်လာခဲ့ဘဲ အရာအားလုံးက တည်ငြိမ်နေသော​ကြောင့် ချန်လော့မှာ စတင် စိုးရိမ်လာပြီ ဖြစ်သည်။

ထိုအဆိပ်များ၏ ဖော်ပြချက်များအရ အဆိပ်များကို စားသုံးပြီး တစ်နာရီမှ သုံးနာရီအတွင်း အာနိသင် ပြသင့်၏။

ချန်လော့က အပြင်ထွက်၍ အကြိမ်အနည်းငယ် ကြည့်ရှုခဲ့သော်လည်း အဆိပ်တောင်ထွတ်တွင် အဆိပ်သင့်နေသည့်ပုံ ပေါက်နေသော မည်သူ့ကိုမျှ မတွေ့ခဲ့ရပေ။

ဒုတိယနေ့တွင်လည်း မည်သည့် သတင်းအစအနမျှ မရှိသေးပေ။ ချန်လော့သည် ဝိညာဉ်ကျောက်တုံး နှစ်ဆယ်ခန့် အကုန်အကျခံ၍ ရေတွင်းစောင့်နေသော တပည့်များအတွက် အစားအသောက် အချို့ ဝယ်သွားပေးကာ မကြာသေးမီက ရေလာခပ်သူ ရှိမရှိ မေးမြန်းခဲ့သေး၏။

သူတို့၏ အဖြေမှာ မကြာသေးမီက လူများသည် နေ့တိုင်း ရေလာခပ်ကြကြောင်းနှင့် ချန်လော့ အဆိပ်ခတ်ခဲ့သော ရေတွင်းကိုပင် လူများ လာရောက်ခဲ့ကြကြောင်း ဖြစ်သည်။

ဤသည်ကို ကြားသောအခါ ချန်လော့မှာ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသည်ကို ခံစားလိုက်ရ၏။

ငါ ကိုယ်တိုင် ဖော်စပ်ထားတဲ့ အဆိပ်က ထိပ်တန်း အဆိပ်ဆရာ တစ်ယောက်ကိုတောင် အဆိပ်မသင့်စေနိုင်ဘူး ဆိုတာ ယုံနိုင်စရာ မရှိဘူး...

ချန်လော့ တစ်ယောက် မျှော်လင့်ချက်မဲ့သလို ခံစားနေရချိန် တတိယနေ့တွင် သတင်းတစ်ခုက သူ၏ နားထဲသို့ ရုတ်တရက် ရောက်ရှိလာ၏။

“မင်း ဆိုလိုတာက တစ်ယောက်ယောက် အဆိပ်သင့်သွားတာလား...”

ချန်လော့သည် သူ တွေ့ဆုံနေသော အတွင်းဂိုဏ်းသားကို ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အမူအရာတစ်ခု ရှိနေသည်။

ဤတပည့်မှာ ရေတွင်းကို စောင့်ကြပ်သော တပည့်များထဲမှ တစ်ဦး ဖြစ်၏။ ချန်လော့သည် သူတို့အတွက် အစားအသောက်များ ယူလာပေးခဲ့သဖြင့် ချန်လော့အပေါ် အမြင်ကောင်း ရှိကြသည်။

သတင်းကို ကြားသောအခါ သူသည် ချန်လော့ကို ထောင်ချောက်ထဲ မကျစေရန် သတိထားရန် အရင်ဆုံး လာရောက် ပြောပြခြင်း ဖြစ်၏။

“ဟုတ်တယ်... ရေတွင်းကို အဆိပ်ခတ်သွားတဲ့ ခွေးကောင်က ဘယ်သူလဲ မသိဘူး... အတော်လေး ပြင်းထန်တယ်...”

“ရေသောက်ပြီးတာနဲ့ တစ်ကိုယ်လုံး အားနည်းပြီး ပျော့ခွေသွားတယ်... အန်တယ်၊ ဝမ်းလျှောတယ်... အိမ်သာကို တွားသွားဖို့တောင် အားမရှိတော့ဘူး...”

“သူတို့ထဲက အများစုက ကိုယ့်အခန်းထဲမှာကိုယ် ရေသောက်ရင်း အဆိပ်သင့်သွားကြတာ ဆိုတော့ တခြား ဘယ်သူမှ မသိကြဘူးလေ...”

“ဒီနေ့မှပဲ အဆိပ်သင့်တဲ့ ပထမအသုတ်က ပြန်ကောင်းလာပြီး ဂိုဏ်းချုပ်ဆီကို အလျင်စလို သွားသတင်းပို့ကြတာ... အဲဒီတော့မှ ဂိုဏ်းချုပ်က ရေတွင်းကို ပိတ်ပစ်လိုက်တာပဲ...”

တပည့်ဖြစ်သူ၏ ဖော်ပြချက်ကို ကြားပြီးနောက် ချန်လော့ တစ်ယောကိ ချက်ချင်းပင် စိတ်လှုပ်ရှားလာတော့၏။

ကြည့်ရတာ သူ၏ အဆိပ်က အာနိသင် မရှိသည် မဟုတ်ဘဲ အလွန် ပြင်းထန်လွန်းနေသဖြင့် အဆိပ်သင့်သူများ၏ ပထမအသုတ်မှာ အသံထွက်ရန်ပင် အခွင့်အရေး မရခဲ့ခြင်း ဖြစ်နေတော့သည်။

ဤသည်ကို တွေးမိသောအခါ သူသည် ပို၍ပင် စိတ်လှုပ်ရှားလာတော့၏။

အခန်း (၁၁၈) မင်းကို တစ်မိနစ် အချိန်ပေးမယ်

“ဘယ်တပည့်တွေ အဆိပ်သင့်သွားတာလဲ...”

ချန်လော့က သူ့ထံ လာရောက် သတင်းပို့သော တပည့်ကို ကြည့်၍ မမေးဘဲ မနေနိုင်တော့ချေ။

ထိုတပည့်မှာ တစ်ခဏမျှ တန့်သွားပြီးနောက် မေးလိုက်၏။

“စီနီယာအစ်ကို ချန်​​လော့... ဘာလို့ အဲဒါကို မေးတာလဲ...”

“သေချာ​ပေါက်...”

ချန်လော့သည် မူလက သူတို့၏ ရောဂါလက္ခဏာများအကြောင်း သွားရောက် မေးမြန်းပြီး ဤအဆိပ်များနှင့် ပတ်သက်သော တိကျသည့် အချက်အလက်များကို မှတ်တမ်းတင်ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုသို့ ပြောလိုက်ပါက အဆိပ်တောင်ထွတ်ရှိ တပည့်များ၏ ပစ်မှတ်ထားခြင်းကို ခံရနိုင်ပြီး သူ့ကို နှင်ထုတ်ရန် စုပေါင်း တောင်းဆိုမှုများ ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို စဉ်းစားမိသောအခါ ချန်လော့သည် စကားကို ချက်ချင်း ရပ်လိုက်၏။

အတန်ကြာ စဉ်းစားပြီးနောက် သူက ဖြည်းညင်းစွာ စကားစလိုက်သည်။

“အမ်း... သေချာ​​ပေါက်... အဲဒီတပည့်တွေကို ငါ သွားကြည့်ရမှာပေါ့...”

“မင်းတို့ အတွင်းဂိုဏ်းသားတွေက ငါတို့ ချန်ရှင်းဂိုဏ်းအတွက် အရေးပါတဲ့ တိုက်ခိုက်ရေး အင်အားစုတွေလေ...”

“ငါ့အမြင်မှာတော့ ချန်ရှင်းဂိုဏ်းကြီး ရပ်တည်နေနိုင်တာက စွမ်းအားကြီးမားတဲ့ အကြီးအကဲတွေနဲ့ ဂိုဏ်းချုပ်ကြောင့် မဟုတ်သလို တိုက်ရိုက်တပည့် ဆယ်ဂဏန်းလောက်ကြောင့်လည်း မဟုတ်ဘူး... မင်းတို့လို ထောင်သောင်းချီတဲ့ အတွင်းဂိုဏ်းသားတွေကြောင့်ဘဲ...”

“မင်းတို့ကြောင့်သာ ချန်ရှင်းဂိုဏ်းက ကြီးမားတဲ့ ဂိုဏ်းကြီးတစ်ခု ဖြစ်လာတာလေ... အခု မင်းတို့ အဆိပ်သင့်ပြီး နေမကောင်း ဖြစ်နေကြပြီ... မင်းတို့ရဲ့ တိုက်ရိုက်တပည့်နဲ့ စီနီယာအစ်ကို တစ်ယောက်အနေနဲ့ မင်းတို့ကို လာမကြည့်ဘဲ ဘယ်နေနိုင်ပါ့မလဲ...”

ချန်လော့၏ စကားကို ကြားပြီးနောက် ထိုတပည့်မှာ ရုတ်တရက် ရင်ထဲတွင် နွေးထွေးသွားသည်ကို ခံစားလိုက်ရ၏။ သူတို့က ချန်လော့၏ အမြင်တွင် ဤမျှ အရေးပါနေလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။

ဂိုဏ်းသား​​လေးသည် ထင်ထားသည့်အတိုင်းပင် ချန်လော့ကို ထောက်ခံရန် သူ၏ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့သည်။

“ စီနီယာအစ်ကို ချန်​လော့... ခဏလေး စောင့်ပါဦး... ကျွန်တော် လူတစ်ယောက်ကို သွားရှာပြီး အဆိပ်သင့်သွားတဲ့ တပည့်တွေရဲ့ စာရင်းကို အခုချက်ချင်း သွားယူပေးပါ့မယ်...”

ချန်လော့က ခေါင်းညိတ်လိုက်၏။

“သွားတော့... လမ်းမှာ ဖြည်းဖြည်းလျှောက်နော်... မချော်လဲစေနဲ့...”

တပည့်ဖြစ်သူက ခေါင်းညိတ်၍ အလွန် ဝမ်းသာစွာဖြင့် ထွက်သွားလေ၏။ တပည့် ထွက်သွားပြီးနောက် ချန်လော့က ပြုံးလိုက်သည်။

“ဟက်... ငါ ပထမဆုံးအကြိမ် အဆိပ်ဖော်စပ်တာတောင် ထိပ်တန်း အဆိပ်ဆရာ တစ်အုပ်ကြီးကို လဲကျသွားအောင် လုပ်နိုင်ခဲ့ပြီ... ငါက တကယ့် ပါရမီရှင်ပဲ...”

“မိစ္ဆာတာအို ပြိုင်ပွဲ ရောက်လာရင် ငါ မနိုင်တဲ့သူနဲ့ တွေ့ရင် သူတို့ စားမယ့် အစားအသောက်ထဲ အဆိပ်ခတ်လိုက်မယ်...”

“ပြိုင်ကွင်းထဲ ရောက်တဲ့အခါ ငါ့ပြိုင်ဘက်က အရှုံးပေးရမလား၊ ဒါမှမဟုတ် ဘောင်းဘီကို ဆွဲတင်ရင်း ငါနဲ့ တိုက်ရမလား ဆိုတာပဲ... အဲဒီ မြင်ကွင်းကို တွေးကြည့်ရုံနဲ့တင် တကယ့်ကို အံ့မခန်းပါလား...”

…

မကြာမီမှာပင် အတွင်းဂိုဏ်းသားသည် စာရင်းတစ်ခုနှင့်အတူ ပြန်ရောက်လာ၏။ ချန်လော့က ထပ်မံ အံကြိတ်၍ အဆိပ်သင့်နေသော တပည့်များကို သွားရောက် ကြည့်ရှုရန်အတွက် သစ်သီးအချို့ ဝယ်ရန် ဝိညာဉ်ကျောက်တုံး ၁၀၀ ဟူသော ကြီးမားသည့် ပမာဏကို အကုန်အကျ ခံလိုက်သည်။

လမ်းတစ်လျှောက်တွင် ချန်လော့ကို မြင်သောအခါ တပည့်များစွာက သူ၏ နောက်သို့ လိုက်ပါလာကြ၏။

ချန်လော့၏ လုပ်ရပ်များကို မြင်ပြီးနောက် လူတိုင်းမှာ ချက်ချင်းပင် မျက်ရည်ကျလုမတတ် စိတ်လှုပ်ရှားသွားကြသည်။

အတွင်းဂိုဏ်းသား တစ်ဦး၏ နေအိမ်တွင် အဆိပ်သင့်နေသော တပည့်က ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး ချန်လော့က သူ၏ ဘေးတွင် ထိုင်နေ၏။

“ချန်လော့ စီနီယာအစ်ကို... ကျွန်တော့်ကို လာကြည့်တာလား...”

ကုတင်ပေါ်တွင် လှဲနေသော တပည့်မှာ ဖြူဖျော့ကာ အားနည်းနေပြီး တစ်ကိုယ်လုံး ချွေးစေးများ ပြန်နေကာ စကားပင် အနိုင်နိုင် ပြောနေရသည်။

ချန်လော့သည် တစ်ဖက်လူကို ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သည့် အမူအရာတစ်ခု ချက်ချင်း ပေါ်လာ၏။ သူသည် တစ်ဖက်လူ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

“ဘယ်လိုနေသေးလဲ... နည်းနည်း သက်သာရဲ့လား...”

ဤစကားကို ကြားသော​ကြောင့် တပည့်ဖြစ်သူမှာ မျက်ရည်များ ပေါက်ပေါက်သီအောင် ကျလာတော့သော်လည်း သူ ငိုနေစဉ်မှာပင် ထိန်းချုပ်မရဘဲ ဝမ်းများ သွားချလိုက်တော့၏။

စူးရှသော အနံ့ဆိုးကြီး တစ်ခုက လေထုထဲသို့ ချက်ချင်း ပြန့်နှံ့သွားပြီး ချန်လော့၏ မျက်နှာက မည်းမှောင်သွားကာ ဘေးရှိ အခြားတပည့်များ၏ မျက်နှာများမှာလည်း အတော်လေး ရုပ်ဆိုးသွားကြသည်။

“စီနီယာအစ်ကို ချန်​လော့... ကျွန်တော်တို့...”

တပည့်တစ်ယောက်က ရှေ့သို့ တိုးလာပြီး ချန်လော့ကို ထွက်သွားရန် တိုက်တွန်းဖို့ ကြိုးစားလိုက်၏။

သူ စကားမဆုံးခင်မှာပင် ချန်လော့က သူ့ကို တားရန် လက်ကို မြှောက်လိုက်သည်။

“ရပါတယ်...”

လူတိုင်းမှာ ဆွံ့အသွားကြပြီး ကုတင်ပေါ်တွင် လှဲနေသော တပည့်မှာလည်း မျက်ရည်များ ကျလာ​တော့သည်။

ထို့နောက် ချန်လော့သည် သူ့ကို မေးခွန်းအချို့ ထပ်မေးလိုက်သည်။

ဥပမာ - ဘယ်အချိန်က ရေသောက်ခဲ့သလဲ၊ ဘယ်အချိန်က အဆိပ်သင့်ခဲ့သလဲ၊ အစပိုင်းမှာ ဘယ်လို ခံစားခဲ့ရသလဲ စသည်တို့ ဖြစ်၏။

မေးခွန်းများ မေးနေစဉ်အတွင်း သူတို့က စက္ကူနှင့် စုတ်တံဖြင့် မှတ်စုများလည်း မှတ်သားခဲ့ကြသည်။ ဤအရာများ အားလုံးက အရေးကြီးသော အတွေ့အကြုံများ ဖြစ်၏။

နောင်ကျရင် သူ တစ်ယောက်ယောက်ကို အဆိပ်ခတ်ချင်တဲ့ အခါတိုင်း ဒီမှတ်တမ်းတွေကို ပြန်ကြည့်လို့ ရတယ်လေ...

မေးခွန်းများ မေးပြီးနောက် ချန်လော့က ဝိညာဉ်ကျောက်တုံး ၃၊ ၄ တုံးခန့် တန်ဖိုးရှိသော သစ်သီးများကို တစ်ဖက်လူထံ ထားရစ်ခဲ့၏။

“ငါ ဒီရက်ပိုင်း မိစ္ဆာတာအို ပြိုင်ပွဲအတွက် ကျင့်ကြံဖို့ ကြိုးစားနေလို့ ပိုက်ဆံ သိပ်မကျန်တော့ဘူး...”

“သစ်သီးလေး နည်းနည်းပဲ ပါလို့ ညီလေး စိတ်ထဲ မထားပါနဲ့...”

ဤသည်ကို ကြားသောအခါ တပည့်ဖြစ်သူမှာ ပို၍ပင် စိတ်လှုပ်ရှားသွားတော့သည်။

“စီနီယာအစ်ကိုကို ဒီလောက် ပိုက်ဆံ အများကြီး ကုန်ခံဖို့ ကျွန်တော် ဘယ်လိုလုပ် ရဲပါ့မလဲ...”

ထိုသို့ ပြောရင်း သူက လှည့်၍ ဘေးမှ သိုလှောင်အိတ် တစ်လုံးကို ထုတ်ယူလိုက်သည်။

“စီနီယာအစ်ကိုက မိစ္ဆာတာအို ပြိုင်ပွဲမှာ ပါဝင်ပေးတာက ကျွန်တော်တို့ ချန်ရှင်းဂိုဏ်းအတွက် ဂုဏ်ယူစရာပါပဲ... ကျွန်တော်တို့ တပည့်တွေအတွက် ပိုက်ဆံ အကုန်အကျ မခံသင့်ပါဘူး...”

“ဒီမှာ ကျွန်တော် စုထားတဲ့ ဝိညာဉ်ကျောက်တုံးလေး တချို့ ရှိပါတယ်... အလုံး ၂၀၀ လောက်ပဲ ရှိပေမယ့် စီနီယာအစ်ကိုအတွက် တစ်ထောင့်တစ်နေရာကနေ အထောက်အကူ ဖြစ်စေဖို့ မျှော်လင့်ပါတယ်...”

ဤသည်ကို မြင်သောအခါ ချန်လော့မှာ အံ့အားသင့်သွား၏။

ဒီတစ်ခါတော့ မျှော်လင့်မထားတဲ့ အကျိုးအမြတ်လေး ရလာလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး...

စကားပုံတစ်ခု ရှိသည် မဟုတ်လော။

မျှော်လင့်မထားဘဲ ရလာတဲ့ ပိုက်ဆံကို မြင်ရင် လူတိုင်း စိတ်လှုပ်ရှားတတ်ကြတာ သဘာဝပဲလေ...

ချန်လော့သည် ဒီဝိညာဉ်ကျောက်တုံး အိတ်ကို သေချာပေါက် လက်လွတ်ခံမည် မဟုတ်ပေ။

သို့သော် ၎င်းကို တိုက်ရိုက် ယူလိုက်လျှင် အနည်းငယ် ရိုင်းစိုင်းသလို ဖြစ်သွားပေမည်။

အတန်ကြာ စဉ်းစားပြီးနောက် ချန်လော့က တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး သူ၏ မျက်နှာပေါ်တွင် ချီတုံချတုံ ဖြစ်နေသည့် အမူအရာတစ်ခု ပေါ်လာ၏။

“စီနီယာအစ်ကို ချန်​လော့... ကျေးဇူးပြုပြီး လက်ခံပေးပါ... စီနီယာအစ်ကိုက နောက်ရက်အနည်းငယ် နေရင် မိစ္ဆာတာအို ပြိုင်ပွဲမှာ ပါဝင်ရတော့မှာကို ဒီလိုအချိန်မျိုးမှာတောင် ကျွန်တော်တို့ကို အချိန်ပေးပြီး လာကြည့်သေးတယ်... ကျွန်တော်တို့ အရမ်းကို ကျေးဇူးတင်လှပါပြီ...”

“ဟုတ်ပါတယ် စီနီယာအစ်ကို ချန်​လော့... ကျေးဇူးပြုပြီး လက်ခံပေးပါ...”

“စီနီယာအစ်ကို... ကျေးဇူးပြုပြီး လက်ခံပေးပါ...”

သူ့ပတ်ဝန်းကျင်ရှိ လူများက သူ့ကို လက်ခံရန် ဖျောင်းဖျကြမှသာ ချန်လော့က မတတ်သာသော အမူအရာကို ပြသ၍ သိုလှောင်အိတ်ကို လက်ခံရန် လက်ကို မြှောက်လိုက်၏။

“အင်းလေ... ညီလေးရဲ့ စေတနာကို ငါ လက်ခံလိုက်ပါ့မယ်...”

“ငါသာ ပြိုင်ပွဲမှာ နေရာတစ်ခု ရခဲ့ရင် ဒီဂုဏ်သိက္ခာက ငါ ချန်လော့ တစ်ယောက်တည်းအတွက် မဟုတ်ဘဲ မင်းတို့ အားလုံးအတွက်လည်း ဖြစ်စေရမယ်...”

“မင်းတို့သာ မရှိရင် ငါ ချန်လော့ ဆိုတာ ဘာမှ မဟုတ်ပါဘူး...”

ထိုသို့ ပြောပြီးနောက် သူသည် “ဝမ်းနည်းပူဆွေးနေသည့်” အမူအရာဖြင့် သိုလှောင်အိတ်ကို သိမ်းဆည်းလိုက်၏။

တပည့်များက ချန်လော့ကို ကြည့်လိုက်ရာ ထိုအခိုက်အတန့်တွင် သူတို့၏ မျက်လုံးများက လင်းလက်သွားပုံရသည်။

ဤမြင်ကွင်းကို မြင်သောအခါ ချန်လော့ သိလိုက်၏။

ဗိုလ်စွဲမယ့် နေ့ရောက်လာရင် အဆင့်အနိမ့်ဆုံး အတွင်းဂိုဏ်းသားတောင်မှ ချန်လော့က သူတို့ ကိုယ်တိုင် ဖြစ်နေသလိုမျိုး ခေါင်းမော့ပြီး ချန်လော့ရဲ့ စွမ်းရည်တွေကို တစ်ကမ္ဘာလုံး သိအောင် ကြွားလုံးထုတ်မှာ သေချာတယ်...

ထို့နောက် ချန်လော့သည် တပည့် အချို့ထံ သွားရောက်လည်ပတ်ခဲ့ပြီး သူဝယ်လာသော သစ်သီးအများစုကို ပေးဝေကာ သတင်းအချက်အလက် အလုံအလောက် စုဆောင်းပြီးနောက် ထွက်ခွာရန် ပြင်ဆင်လိုက်၏။

သို့သော် ထိုအချိန်မှာပင် ချန်လော့နှင့် တပည့်များ၏ အရှေ့တွင် ရင်းနှီးနေသော ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုပုံရိပ်ကို မြင်သည်နှင့် တစ်ပြိုင်နက် လူတိုင်းက ဒူးထောက်ချလိုက်ကြ၏။

“အကြီးအကဲကို ဂါရဝပြုပါတယ်...”

ချန်လော့ လှမ်းကြည့်လိုက်ရာ သူ၏ အရှေ့ရှိ လူမှာ အခြားသူ မဟုတ်ဘဲ အဆိပ်တောင်ထွတ် အကြီးအကဲ ကုထျန်းရန်ပင် ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

ကုထျန်းရန်က သူ၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုဖြင့် ချန်​လော့ကို ကြည့်နေသော်လည်း သူ၏ မျက်လုံးများထဲရှိ သတ်ဖြတ်လိုသော အငွေ့အသက်ကိုမူ ဖုံးကွယ်မထားနိုင်ခဲ့ပေ။

ထိုအခိုက်အတန့်တွင် ချန်လော့က အရာအားလုံးကို နားလည်သွား၏။ သို့မဟုတ် ပို၍ တိတိကျကျ ပြောရလျှင် ဤမြင်ကွင်း ထွက်ပေါ်လာလိမ့်မည်ဟု သူ ကြိုတင် ခန့်မှန်းမိပြီးသား ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ယခင်က ဆေးတောင်ထွတ်တွင် ယွီယန်ဇီက တောင်တစ်ခုလုံးကို စောင့်ကြည့်နိုင်သော ဝင်္ကပါတစ်ခု သူ့တွင် ရှိကြောင်း ပြောခဲ့ဖူးသည် မဟုတ်လော။

ပြီးတော့ ကုထျန်းရန်ကလည်း အကြီးအကဲ တစ်ယောက် ဖြစ်နေတာပဲ... သူ့ဆီမှာရော အဲဒီလို ဝင်္ကပါမျိုး မရှိဘဲ နေပါ့မလား...

ဤအချိန်တွင် ကုထျန်းရန်က ဇာတ်လမ်း တစ်ခုလုံးကို သိနေလောက်ပြီ ဖြစ်၏။

“မင်းတို့ အားလုံး ထွက်သွားလို့ ရပြီ... ချန်လော့နဲ့ ငါနဲ့ ဆွေးနွေးစရာလေး ရှိလို့...”

ဤသည်ကို မြင်သောအခါ တပည့်များက သိပ်ပြီး မတွေးတောခဲ့ကြပေ။ လွန်ခဲ့သော ရက်အနည်းငယ်က အဆိပ်တောင်ထွတ်တွင် ချန်လော့၏ လုပ်ရပ်များကြောင့် အကြီးအကဲက စိတ်လှုပ်ရှားသွားပြီး ချန်လော့နှင့် စကားပြောချင်ခြင်း ဖြစ်မည်ဟုသာ ထင်မှတ်ခဲ့ကြ၏။

ထို့ကြောင့် လူတိုင်းက အလျင်အမြန် ထွက်သွားကြပြီး ချန်လော့နှင့် ကုထျန်းရန်တို့သာ လမ်းပေါ်တွင် ကျန်ရစ်ခဲ့သည်။

ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်နေပြီး ချန်လော့မှာ အနည်းငယ် အနေရခက်လာသဖြင့် တိတ်ဆိတ်မှုကို ဖြိုခွဲရန် ဦးစွာ စကားစလိုက်၏။

“ကုအကြီးအကဲ... တကယ်တော့ ကျွန်တော် ရှင်းပြနိုင်ပါတယ်...”

ကုထျန်းရန်က အနည်းငယ် ပြုံးလိုက်သည်။

“မင်းကို တစ်မိနစ် အချိန်ပေးမယ်...”

“တစ်မိနစ်အတွင်း ရှင်းပြရမှာလား...”

ချန်လော့က မေးလိုက်၏။

ကုထျန်းရန်က ပြုံး၍ ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး... မင်း ထွက်ပြေးဖို့ တစ်မိနစ် အချိန်ပေးမယ်လို့ ပြောတာ...”

All Chapters