← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉) မနာပါဘူး

“ဒီလို လုပ်ရတဲ့ အကြောင်းပြချက်တွေ ကျွန်တော့်မှာ ရှိပါတယ်...”

ချန်လော့သည် ထွက်ပြေးမည့်အစား ပြဿနာကို စကားဖြင့် ကျိုးကြောင်းဆီလျော်စွာ ဖြေရှင်းရန် ကြိုးစားလိုက်၏။

ချန်လော့သည် ကုထျန်းရန်ကို ဖျောင်းဖျနိုင်မည်ဟု ယုံကြည်နေသောကြောင့် မဟုတ်ပေ။ ယင်းအစား သူသည် တစ်မိနစ်စောပြီး ထွက်ပြေးလျှင်ပင် ကုထျန်းရန်၏ လက်မှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သိထားသောကြောင့် ဖြစ်သည်။

ထို့အပြင် သူက ယခု ချင်းယန်တောင်ထွတ်တွင် ရှိနေခြင်း မဟုတ်ဘဲ လောချင်းယွီကလည်း ဤနေရာသို့ ချက်ချင်း ရောက်လာနိုင်မည် မဟုတ်ချေ။

ကုထျန်းရန်က သူ့ကို သတ်မည် မဟုတ်သော်လည်း သူ့ကို အများကြီး နာကျင်အောင်တော့ လုပ်နိုင်လောက်၏။

“၆၀၊ ၅၉၊ ၅၈...”

ကုထျန်းရန်က တိတ်တဆိတ် ရေတွက်နေပြီး ချန်လော့၏ ရှင်းပြချက်ကို နားထောင်ရန် လုံးဝ ရည်ရွယ်ချက် မရှိပုံရသည်။

သို့​ပေမဲ့ ချန်လော့သည် အနည်းငယ်မျှ မတုန်လှုပ်ဘဲ ဆက်ပြောလိုက်၏။

“ကျွန်တော် လုပ်ခဲ့သမျှ အားလုံးက အဆိပ်တောင်ထွတ်ရဲ့ ကောင်းကျိုးအတွက်ချည်းပါပဲ...”

ကုထျန်းရန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး သူ၏ ရေတွက်မှု ရပ်တန့်သွားကာ ချန်လော့ကို မယုံနိုင်စွာ စိုက်ကြည့်လိုက်သည်။

ဒီကောင်က ဘယ်လိုလုပ် ဒီလို စကားမျိုး ပြောထွက်ရဲတာလဲ...

ချန်လော့၏ နောက်ကွယ်တွင် လောချင်းယွီ ရှိမနေလျှင် ဤခွေးကောင်လေးကို ယခုချက်ချင်းပင် အပိုင်းပိုင်း အစစဖြစ်အောင် ရိုက်သတ်ပစ်လိုက်မည် ဖြစ်၏။

သူ၏ စကားများက ကုထျန်းရန်၏ အာရုံကို ဖမ်းစားနိုင်ခဲ့ကြောင်း မြင်သောအခါ ချန်လော့သည် မည်ကဲ့သို့ ဖမ်းစားနိုင်ခဲ့သည်ဖြစ်စေ ဂရုမစိုက်ဘဲ သူ၏ စကားများကို ချက်ချင်း အရှိန်မြှင့်လိုက်သည်။

“ကြည့်ပါဦး... အဆိပ်တောင်ထွတ်က ဘယ်လို တောင်ထွတ်မျိုးလဲ... အဆိပ်ဖော်စပ်တဲ့ တောင်ထွတ်လေ... ပြီးတော့ ဘာနဲ့ အကျော်ကြားဆုံးလဲ... သေချာတာပေါ့... အဆိပ်ဖော်စပ်တဲ့ ပညာရပ်နဲ့ အဆိပ်ဆရာတွေကြောင့်ပဲလေ...”

“ဒါပေမဲ့ ကျွန်တော် ဒီကို ရောက်လာပြီးနောက် အလွန် ကြီးမားတဲ့ ပြဿနာ တစ်ခုကို တွေ့ရှိခဲ့တယ်... အဆိပ်တောင်ထွတ်က တပည့်တွေဆီမှာ အန္တရာယ်ကို သတိပြုမိတဲ့ အသိစိတ် ဒါမှမဟုတ် နိုးကြားမှု လုံးဝ မရှိဘူး...”

“ဒါက အရမ်း အန္တရာယ် များတယ်... အဆိပ်တောင်ထွတ်ကို မကောင်းတဲ့ ရည်ရွယ်ချက် ရှိတဲ့သူ တစ်ယောက်ယောက်သာ ဝင်လာခဲ့ရင် ရေတွင်းထဲ အဆိပ်နည်းနည်း ထည့်လိုက်ရုံနဲ့ လူအများကြီးကို အလွယ်တကူ အဆိပ်ခတ်လို့ ရနေပြီလေ... သူတို့က ဂိုဏ်းရဲ့ အနာဂတ်တွေနော်... သူတို့သာ အဆိပ်သင့်သွားရင် ဂိုဏ်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်သွားမှာပေါ့...”

ဤသည်ကို ကြားသောအခါ ကုထျန်းရန်၏ မျက်နှာမှာ မည်းမှောင်သွား၏။

မင်းကလွဲလို့ ဘယ်သူက သေရမှာ မကြောက်ဘဲ အဆိပ်တောင်ထွတ်ကို အဆိပ်လာခတ်ရဲမှာလဲ...

ငါကိုယ်တိုင်က အဆိပ်တောင်ထွတ် တစ်ခုလုံးကို စောင့်ကြည့်နေတာ... သူ့မျက်စိအောက်မှာ ဘယ်သူက ပြဿနာ လာရှာရဲမှာလဲ...

ချန်လော့၏ အဆိပ်ခတ်မှုကို ကုထျန်းရန် ချက်ချင်း မသိရှိခဲ့ရခြင်းမှာ မိစ္ဆာတာအို ပြိုင်ပွဲသည် ရက်အနည်းငယ်အတွင်း စတင်တော့မည် ဖြစ်သဖြင့် ချန်လော့က ဤရက်ပိုင်းအတွင်း ကျင့်ကြံရာတွင် အလုပ်များနေမည် ဖြစ်ပြီး ပြဿနာရှာရန် အချိန်ရမည် မဟုတ်ဟု ထင်ကာ သူ့ကို သိပ်ဂရုမစိုက်ခဲ့မိသောကြောင့် ဖြစ်၏။

ပြန်တွေးကြည့်ရင် သူက အလကား တွေးပူနေခဲ့တာပဲ...

ကုထျန်းရန်...သူ ချန်လော့ရဲ့ ဘေးမှာ ရပ်ပြီးအချိန်ပြည့် စောင့်ကြည့်နေခဲ့သင့်တာ...

သို့သော် ချန်လော့သည် ကုထျန်းရန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို လုံးဝ သတိမထားမိသည့်အလား ဆက်ပြောနေခဲ့၏။

“ဒါပေမဲ့ ဒီတစ်ခါ ကျွန်တော် သူတို့ကို အဆိပ်ခတ်လိုက်ပြီးနောက် လူတိုင်းက အများကြီး ပိုပြီး နိုးကြားလာကြပြီ...”

“နောက်တစ်ခါ တစ်ယောက်ယောက်က အားလုံးကို အဆိပ်ခတ်ဖို့ ကြိုးစားရင် ဒီလောက် လွယ်တော့မှာ မဟုတ်ဘူး...”

ဤသည်ကို ကြားသောအခါ ကုထျန်းရန်က ကျယ်လောင်စွာ ရယ်မောလိုက်၏။

“ဆိုတော့ ငါက မင်းကို ကျေးဇူးတင်ရမယ်ပေါ့...”

ချန်လော့က အနည်းငယ် ရှက်ရွံ့စွာ ပြုံးလိုက်သည်။

“ရပါတယ်... ဒါက အကူအညီ သေးသေးလေး တစ်ခုပါပဲ...”

“မင်းက ယဉ်ကျေးတဲ့ စကားတွေကို လုံးဝ နားမလည်ဘူးပဲ...”

ကုထျန်းရန်က လက်ကို မြှောက်လိုက်ပြီး ဤခွေးကောင်ကို ရိုက်သတ်ပစ်ချင်စိတ် ပေါက်သွားတော့၏။

သို့သော် လောချင်းယွီကို သူ မနိုင်နိုင်ကြောင်း အသိတရားက သတိပေးနေသဖြင့် သည်းခံရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

ကုထျန်းရန်မှ ကျေးဇူးတင်သည့် အရိပ်အယောင် လုံးဝ မပြသည်ကို မြင်သောအခါ ချန်လော့က ခေါင်းခါလိုက်၏။

တော်လောက်ပြီ...

“ဒီကိစ္စမှာ ကျွန်တော်တို့ နှစ်ယောက်စလုံး မှားပါတယ်...”

“ကျွန်တော် မှားတာက ခင်ဗျားတို့ကို အဆိပ်ခတ်ခဲ့တာပဲ... ခင်ဗျား မှားတာက အဆိပ်တောင်ထွတ်မှာ ရှိနေပြီး အဆိပ်ကို ကာကွယ်နိုင်တဲ့ အခြေခံ အကျဆုံး စွမ်းရည်တောင် မရှိဘဲ တစ်ရက်ပဲ ကျင့်ကြံရသေးတဲ့ အဆိပ်ဆရာ အသစ်လေး တစ်ယောက်ရဲ့ အဆိပ်ခတ်တာကို ခံလိုက်ရတာပဲ...”

“အဆိပ်တောင်ထွတ်က အဆိပ်ဆရာတွေက တကယ်ကို အဲဒီလောက် အစွမ်းထက်တယ်လို့ ကျွန်တော် ထင်ခဲ့တာ... ဒါပေမဲ့ ဒီလောက် အဆိပ်နည်းနည်းလေးကိုတောင် မခံနိုင်ကြဘူးပဲ...”

ဤသည်ကို ကြားသောအခါ ကုထျန်းရန်က ဆက်၍ မတောင့်ခံနိုင်တော့ဘဲ ချန်လော့၏ တင်ပါးကို ခပ်ပြင်းပြင်း ကန်ချလိုက်တော့၏။

“မင်းကို အခုချက်ချင်း ထျန်းတင့်ဆေးမှုန့် ဆယ်ပုလင်း ပေးမယ်... အဲဒါတွေကို သောက်ချလိုက်... မင်း အသက်ရှင်နိုင်မလား ကြည့်ရအောင်...”

ဤအဆိပ်တောင်ထွတ်မှ အတွင်းဂိုဏ်းသား ဆယ်ယောက်တွင် ကိုးယောက်မှာ အဆိပ်ဆရာ အဆင့်များ ဖြစ်ကြသည်။

ပထမအဆင့် အဆိပ်ဆရာက သိပ်မစွမ်းလှပေ။ သူ၏ ခန္ဓာကိုယ်ထဲတွင် အဆိပ်စွမ်းအားများကို စုဆောင်းထားပြီး အဆိပ်အမျိုးမျိုးကို ခံနိုင်ရည် အနည်းငယ် ရှိသော်လည်း ပျမ်းမျှအဆင့်ဟုသာ သတ်မှတ်နိုင်သည်။

အကယ်၍ သူတို့ကို အဆိပ်တစ်မျိုးတည်းသာ ပေးမည်ဆိုလျှင် ခံနိုင်ရည် ရှိကောင်း ရှိနိုင်ပေမည်။

ဒါပေမဲ့ ချန်လော့ဆိုတဲ့ ခွေးကောင်က ရေတွင်းထဲကို အဆိပ် အမျိုးအစား ဆယ့်နှစ်မျိုး အပြည့် တိုက်ရိုက် ထည့်လိုက်တာလေ...

အဆိပ် ဆယ့်နှစ်မျိုးစလုံး တစ်ပြိုင်နက်တည်း အာနိသင် ပြလာတော့ ပထမအဆင့် အဆိပ်ဆရာ မဆိုထားနဲ့ ဒုတိယအဆင့် အဆိပ်ဆရာ တချို့တောင် မခံနိုင်​တော့ဘူးပေါ့...

ဒါက သိုင်းဆရာကြီး တစ်ယောက်ကို သေနတ်နဲ့ ပစ်လိုက်လို့ သေနတ်ကျည်ဆန်က သိုင်းဆရာကြီးရဲ့ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားတာကို ကြည့်ပြီး “ဒီလောက်ပဲလား” လို့ ပြောလိုက်သလိုပဲလေ...

ဘာတွေဖြစ်နေတာလဲ... ဒီပစ္စတိုက သိုင်းဆရာကြီးရဲ့ သိုင်းကွက်တွေနဲ့ ယှဉ်နိုင်လို့လား... ဘာလို့ လေးနဲ့ မြားကို သုံးပြီး RPG ကို သွားမပစ်တာလဲ...

နောက်ဆုံးတွင် ချန်လော့မှာ ဒေါသထွက်နေသော ကုထျန်းရန်၏ ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းကို ခံလိုက်ရတော့၏။

“နောက်တစ်ခါ မင်းကို တွေ့ရင် မင်းကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်မယ်...”

ထိုသို့ ပြောပြီးနောက် ကုထျန်းရန်သည် လှည့်ထွက်သွားလေ၏။ သူ မြန်မြန် မထွက်သွားလျှင် လောချင်းယွီက သူ့ကို လာရှာမည်ကို ကြောက်နေမိသည်။

ဤအခိုက်အတန့်တွင် အဆိပ်တောင်ထွတ်မှ အတွင်းဂိုဏ်းသား အချို့က ဖြည်းညင်းစွာ လျှောက်လာကြ၏။

“စီနီယာအစ်ကို ချန်​လော့ ... အဆင်ပြေရဲ့လား...”

တပည့်များက ချန်လော့ကို တွဲထူလိုက်ကြသည်။ သူတို့သည် ရိုက်နှက်သံများကို ကြားပြီးနောက် လာရောက်ခဲ့ကြခြင်း ဖြစ်၏။

သူတို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် အကြီးအကဲက ချန်လော့ကို ရိုက်နှက်နေသည်ကို တွေ့လိုက်ရသည်။

သို့သော် ကုထျန်းရန်က ချန်လော့ကို အဘယ်ကြောင့် ရိုက်နှက်နေသည်ကို သူတို့ မသိကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အစောပိုင်းက ထိုနှစ်ယောက်၏ စကားပြောဆိုမှုများကို မကြားခဲ့ရသောကြောင့် ဖြစ်၏။

နောက်ဆုံးစကား ဖြစ်သော “နောက်တစ်ခါ မင်းကို တွေ့ရင် မင်းကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်မယ်...” ဆိုသည်မှာလည်း အဓိပ္ပာယ် ဝေဝါးနေပြီး မည်သူကမျှ သေချာ နားမလည်ခဲ့ကြပေ။

“စီနီယာအစ်ကို ချန်​လော့... အကြီးအကဲက ဘာလို့ စီနီယာအစ်ကိုကို ရုတ်တရက်ကြီး လာရိုက်တာလဲ...”

ဤသည်ကို ကြားသောအခါ တစ်ဖက်လူက သူ အဆိပ်ခတ်ခဲ့ကြောင်း မသိသေးကြောင်း ချန်လော့ သတိပြုမိသွား၏။

အတန်ကြာ စဉ်းစားပြီးနောက် သူက...

“အကြီးအကဲက ငါနဲ့ သိုင်းပြိုင်တာပါ... ဒါပေမဲ့ ငါက သူ့ရဲ့ ကာကွယ်မှုကို ဖောက်ထွက်သွားလို့ သူ ဒေါသထွက်ပြီး ငါ့ကို ရိုက်တာ...”

ဤသည်ကို ကြားသောအခါ တပည့်များ၏ မျက်လုံးများ လင်းလက်သွားကြ၏။

“တကယ်လား... ချန်လော့ စီနီယာအစ်ကိုက အဲဒီလောက်တောင် အစွမ်းထက်တာလား...”

“ဒါပေမဲ့ စီနီယာအစ်ကိုက အခြေခံတည်ဆောက်ခြင်းအဆင့်မှာပဲ ရှိသေးတာလေ... အကြီးအကဲက နတ်ဝိညာဉ်အဆင့်တောင် ရောက်နေပြီ... အကြီးအကဲရဲ့ ကာကွယ်မှုကို တကယ် ဖောက်ထွက်နိုင်မယ်လို့ ထင်လို့လား...”

ဤသည်ကို ကြားသောအခါ အခြားတပည့်တစ်ယောက်က မေးခွန်းမေးသော တပည့်၏ ခေါင်းကို ချက်ချင်း ရိုက်ချလိုက်၏။

“အရူးကောင်... ဒါက ချစ်ကြည်ရေး သိုင်းပြိုင်တာလေ... အကြီးအကဲက သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကို ချန်လော့ စီနီယာအစ်ကိုရဲ့ အဆင့်နဲ့ တူအောင် သေချာပေါက် လျှော့ချထားမှာပေါ့...”

“ဒါပေမဲ့ အကြီးအကဲရဲ့ စွမ်းအားကို အခြေခံတည်ဆောက်ခြင်းအဆင့်အထိ လျှော့ချထားရင်တောင် သူက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ ယှဉ်လို့ ရတာမှ မဟုတ်တာ...”

“ချန်လော့ စီနီယာအစ်ကိုက အကြီးအကဲရဲ့ ကာကွယ်မှုကို ဖောက်ထွက်နိုင်တယ် ဆိုကတည်းက အရမ်း အစွမ်းထက်နေပြီ...”

လူတိုင်းက ခေါင်းညိတ်လိုက်ကြပြီး ချန်လော့ကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။

ချန်လော့သည် အနည်းငယ် ပြုံး၍ ခါးကို မတ်လိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ ခါးမှ စူးရှသော နာကျင်မှုတစ်ခု ထွက်ပေါ်လာသဖြင့် ချန်လော့က သွားကို ကြိတ်ကာ သူ၏ ခါးကို လက်တစ်ဖက်ဖြင့် အလျင်အမြန် ကိုင်ထားလိုက်ရ၏။

ဤသည်ကို မြင်သောအခါ အနီးနားရှိ တပည့်များက စိုးရိမ်ပူပန်သည့် အမူအရာများကို ချက်ချင်း ပြသလာကြသည်။

“ စီနီယာအစ်ကို ချန်​လော့... အဆင်ပြေရဲ့လား...”

“ကျွန်တော် ဆေးပညာ နည်းနည်းပါးပါး သိတယ်... တစ်ချက်လောက် ကြည့်ပေးရမလား...”

တပည့်များ၏ စိုးရိမ်ပူပန်မှုများကို တုံ့ပြန်သည့်အနေဖြင့် ချန်လော့က သူတို့ကို လက်ကာပြလိုက်၏။

ထို့နောက် သူက သွားကို ကြိတ်၍ အသက်ရှူသံ ပြင်းပြင်းဖြင့် ခေါင်းခါလိုက်သည်။

“အော့... မနာပါဘူး...”

တပည့်များ - “...”

အခန်း (၁၂၀) ကောလာဟလ

ချန်လော့ အရိုက်ခံရသော ညတွင် အနီရောင် ဝတ်စုံဖြင့် ပုံရိပ်တစ်ခုက အဆိပ်တောင်ထွတ်၏ ခန်းမကြီးဆီသို့ အလွန် လျင်မြန်သော အရှိန်ဖြင့် ပြေးသွားသည်ကို တစ်စုံတစ်ယောက်က မြင်တွေ့ခဲ့ရသည်။

ညဘက်တွင် ခန်းမကြီးထဲမှ အော်ဟစ်သံများ ပဲ့တင်ထပ်လာပြီး အဆိပ်တောင်ထွတ်ရှိ လူတိုင်း ရှင်းရှင်းလင်းလင်း ကြားနိုင်ခဲ့၏။

နောက်တစ်နေ့တွင် တန်ဖိုးကြီး အဆိပ်ပင် တစ်သုတ်ကို ချန်လော့၏ နေအိမ်သို့ ပို့ဆောင်ပေးခဲ့ပြီး သူ့အတွက် လျော်ကြေးပေးသည်ဟု ဆိုကြသည်။

ထိုရက်များအတွင်း ချန်လော့မှာ အတော်လေး ငြိမ်သက်သွား၏။

အဆိပ်၏ အာနိသင်ကို သက်သေပြပြီးပြီ ဖြစ်သဖြင့် ချန်လော့က စမ်းသပ်မှုများ ထပ်လုပ်ရန် မလိုအပ်တော့ပေ။ ကျန်ရှိနေသော အချိန်များကို မိစ္ဆာတာအို ပြိုင်ပွဲ မစတင်မီ ကျင့်ကြံမှုကို အရှိန်မြှင့်ရန်နှင့် စွမ်းအားကို တတ်နိုင်သမျှ မြှင့်တင်ရန် အသုံးပြုသင့်သည်။

သို့သော် ချန်လော့သည် မည်သည့် လှုပ်ရှားမှုမျှ မလုပ်ခဲ့သော်လည်း သူနှင့် ပတ်သက်သော ဒဏ္ဍာရီများကမူ ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်၏။

ထိုအချိန်တွင် အဆိပ်တောင်ထွတ်ရှိ အရက်ဆိုင်ငယ်လေး တစ်ခုတွင် တပည့် အချို့က အရက်သောက်နေကြသည်။

“မင်းတို့ ကြားပြီးပြီလား... အကြီးအကဲက မနေ့က လောအကြီးအကဲရဲ့ ရိုက်နှက်တာကို ထပ်ခံရတယ်တဲ့...”

တပည့်တစ်ယောက်က ပြောလိုက်၏

“ဟုတ်တယ်... အကြီးအကဲ အရိုက်ခံရပြီး တစ်ညလုံး အော်နေတာ... မနေ့ညက ငါတောင် ကောင်းကောင်း အိပ်မပျော်ဘူး...”

အခြားတပည့် တစ်ယောက်က ပြန်ဖြေလိုက်သည်။

ထိုနှစ်ယောက်၏ စကားပြောဆိုမှုကို ကြားသောအခါ အနီးနားရှိ တပည့် အချို့လည်း ဝင်ရောက် ဆွေးနွေးလာကြ၏။

“စီနီယာအစ်ကို ချန်​လော့နဲ့ သက်ဆိုင်တယ်လို့ ငါ ကြားတယ်...”

“မင်း အဲဒီအကြောင်း ထပ်ပြောနေပြန်ပြီလား... လောအကြီးအကဲက သူ့တပည့်ကို ဘယ်လောက် ကာကွယ်ပေးတယ် ဆိုတာ မင်း မသိဘူးလား...”

“ဒါပေမဲ့ အကြီးအကဲက ဘာလို့ ချန်လော့ စီနီယာအစ်ကိုကို ရုတ်တရက်ကြီး ရိုက်ရတာလဲ...”

ဤမေးခွန်းကို ကြားသောအခါ ချန်လော့၏ အမာခံ ပရိသတ် တစ်ယောက်က ချက်ချင်း ထွက်လာတော့၏။

“ဒါနဲ့ ပတ်သက်ပြီး ငါ သိတယ်... ငါတို့ ချန်လော့ စီနီယာအစ်ကိုကို အတူတူ ပြန်လိုက်ပို့ပေးခဲ့တာလေ... ချန်လော့ စီနီယာအစ်ကိုက သူ အကြီးအကဲနဲ့ သိုင်းပြိုင်တာ အကြီးအကဲရဲ့ ကာကွယ်မှုကို ဖောက်ထွက်သွားတယ်လို့ ပြောတယ်...”

သို့သော် သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ ဘေးရှိ အခြား အမာခံ ပရိသတ် တစ်ယောက်က အံ့အားသင့်သွား၏။

“ဟမ်... ကာကွယ်မှုကို ဖောက်ထွက်ရုံ သက်သက်ပဲလား... ချန်လော့က အကြီးအကဲကို သွေးအန်အောင် လုပ်လိုက်တယ်လို့ ငါ ဘာလို့ ကြားခဲ့တာလဲ...”

“ဟမ်... သွေးအန်ရုံ သက်သက်ပဲလား... အရိုးတချို့ ကျိုးသွားတယ်လို့ မပြောဘူးလား...”

“ဟမ်... အရိုးတချို့ ကျိုးသွားရုံ သက်သက်ပဲလား... သူတို့က အကြီးအကဲကို ဖိထားပြီး ဆယ်မိနစ်လောက် ရိုက်တယ်လို့ ငါ ကြားတယ်...”

…

သူတို့ ပိုပြောလေလေ ပို၍ အဓိပ္ပာယ်မဲ့လာလေလေ ဖြစ်ပြီး အတော်လေး အကျိုးအကြောင်း သင့်တင့်သော တပည့် အချို့မှာ ဆွံ့အသွားကြတော့၏။

သွေးအန်တယ် ဟုတ်လား... အရိုးကျိုးတယ် ဟုတ်လား... ရိုက်နှက်တယ် ဟုတ်လား... မင်းတို့က နတ်ဝိညာဉ်အဆင့်ကို တကယ် နားမလည်ကြတာပဲ... အဲဒီကျင့်ကြံသူက ဘယ်လောက် စွမ်းအားကြီးတယ် ဆိုတာ မင်းတို့ သိတယ် မဟုတ်လား...

“အဟွတ်... အဟွတ်...”

တပည့်တစ်ယောက်က နှစ်ကြိမ်ခန့် ချောင်းဟန့်လိုက်ရာ လူတိုင်း၏ အကြည့်က သူ့ထံသို့ ရောက်ရှိသွား၏။

အဆိပ်တောင်ထွတ်၏ အမာခံတပည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး စက္ကူယပ်တောင် တစ်ချောင်းကို ကိုင်ထားသော အမျိုးသား တစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။

တစ်ယောက်ကို တစ်ယောက် မြင်သောအခါ လူတိုင်းမှာ အနည်းငယ် အံ့အားသင့်သွားကြ၏။

အဘယ်ကြောင့်ဆိုသော် သူတို့၏ အရှေ့ရှိ လူမှာ “အဆိပ်တောင်ထွတ်၏ နံပါတ်တစ် အတွေးအခေါ်ပညာရှင်” ဟု လူသိများသော ကျန်းမော့ယွီ ဖြစ်နေသောကြောင့် ဖြစ်သည်။

“တကယ်တော့ ဒီကိစ္စမှာ မြင်ရတာထက် ပိုနက်နဲတဲ့ အကြောင်းပြချက် ရှိနိုင်တယ်လို့ ငါ ထင်တယ်...”

ကျန်းမော့ယွီက သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ဖြည်းညင်းစွာ ပြောလိုက်၏။

ကျန်းမော့ယွီ၏ နာမည်ကို လူတိုင်း ကြားဖူးကြပြီး ပြောစရာ ရှိနေကြောင်း သိလိုက်ရသောအခါ လူတိုင်းက တိတ်ဆိတ်သွားကြပြီး သူဖော်ထုတ်ပြမည့် အမှန်တရားကို စောင့်ဆိုင်းနေကြသည်။

သို့သော် ကျန်းမော့ယွီက အလောတကြီး မရှိပေ။ သူသည် ဦးစွာ အရက်တစ်ငုံ သောက်လိုက်ပြီး အရသာခံလိုက်ကာ စက္ကန့်အနည်းငယ် ကြာမှသာ စကားပြောလာ၏။

“ပထမဦးဆုံး အနေနဲ့ သိုင်းပြိုင်တယ် ဆိုတဲ့ အကြံအစည်က တကယ်တော့ ဖြစ်နိုင်ခြေ အတော်လေး နည်းပါတယ်...”

“အကြီးအကဲလို နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်က ချန်လော့ရဲ့ ရိုက်နှက်တာကို ခံရဖို့ ဆိုတာ ထားလိုက်ပါဦး... သူနဲ့ သိုင်းပြိုင်ဖို့ ဆိုတာတောင် အတော်လေး ဖြစ်နိုင်ခြေ နည်းပါတယ်...”

“အဲဒါကြောင့် အကြီးအကဲက ချန်လော့ကို ရိုက်နှက်ရတဲ့ အကြောင်းပြချက် တခြားတစ်ခု ရှိနိုင်တယ်လို့ ငါ ထင်တယ်...”

“ချန်လော့ အရိုက်မခံရခင် အချိန်ကို ငါတို့ ပြန်သွားကြည့်မယ်... အဲဒီအချိန်တုန်းက ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို လူတိုင်း သိလောက်ပါတယ်...”

“အတွင်းဂိုဏ်းမှာ အကြီးအကျယ် အဆိပ်သင့်ခဲ့တယ်လေ... တပည့် အများအပြား ကူးစက်ခံခဲ့ရတယ်...”

“ငါ စုံစမ်းစစ်ဆေးနေတုန်းက ချန်လော့က ရေတွင်းကို သွားပြီး ရေလာခပ်တဲ့ သူတွေကို မေးခွန်းတွေ မေးခဲ့တယ် ဆိုတာကိုလည်း ငါ တွေ့ရှိခဲ့တယ်...”

“ပြီးတော့ အကြီးအကဲ ထွက်သွားတုန်းက ပြောသွားတဲ့ ‘နောက်တစ်ခါ မင်းကို တွေ့ရင် မင်းကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်မယ်’ ဆိုတဲ့ စကားကိုပါ ထည့်စဉ်းစားကြည့်မယ်...”

“ကျွတ်... ကျွတ်... ကျွတ်... ဘာတွေ ဖြစ်နေလဲ ဆိုတာကို အခုလောက်ဆို မင်းတို့ အားလုံး နားလည်လောက်ပါပြီ...”

ဤသည်ကို ကြားသောအခါ ကျန်းမော့ယွီ၏ အပြုံးက ပိုမို ကျယ်ပြန့်လာ၏။

“ဟုတ်တယ်... အမှန်တရားက တစ်ခုတည်းပဲ ရှိတယ်... အတွင်းဂိုဏ်းမှာ အစုလိုက်အပြုံလိုက် အဆိပ်သင့်တဲ့ ဖြစ်ရပ်ရဲ့ နောက်ကွယ်က ကြိုးကိုင်သူက တကယ်တော့ ချန်လော့ပဲ...”

“ဒီနည်းနဲ့ သံသယတွေ အားလုံးကို ရှင်းပြလို့ ရပြီလေ...”

“အကြီးအကဲက ချန်လော့ကို ဘာလို့ ရိုက်တာလဲ... ‘နောက်တစ်ခါ မင်းကို တွေ့ရင် မင်းကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်မယ်’ ဆိုတဲ့ စကားကို ဘာလို့ ပြောခဲ့တာလဲ...”

“အဆိပ်သင့်နေတဲ့ တပည့်တွေကို သူ ဘာလို့ သွားကြည့်ရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောရရင် အဲဒါက တကယ်တော့ လူတွေရဲ့ စိတ်နှလုံးကို သိမ်းသွင်းဖို့အတွက်ပါပဲ... ဒီချန်လော့က တကယ့်ကို ဉာဏ်ကောင်းတဲ့ လူပဲ... ကံမကောင်းတာက အဆိပ်တောင်ထွတ်ရဲ့ နံပါတ်တစ် အတွေးအခေါ်ပညာရှင် ဖြစ်တဲ့ ငါ ကျန်းမော့ယွီနဲ့ လာတွေ့နေတာပဲ...”

ဤသို့ ပြောပြီးနောက် ကျန်းမော့ယွီသည် သူ၏ စက္ကူယပ်တောင်ကို ပိတ်လိုက်ပြီး လူအုပ်ထံမှ အံ့ဩသံများနှင့် လက်ခုပ်သံများကို စောင့်မျှော်နေရင်း သူ၏ မျက်နှာပေါ်တွင် မိမိကိုယ်ကိုယ် ကျေနပ်နေသော အပြုံးတစ်ခု ပေါ်လာ၏။

လက်ခုပ်သံများပင် မစတင်ရသေးခင် ကျယ်လောင်သော “ခွပ်” ခနဲ အသံကြီး ထွက်ပေါ်လာပြီး အရက်အိုး တစ်လုံးက သူ၏ နဖူးပေါ်တွင် ပေါက်ကွဲသွားကာ အရက်များက သူ၏ မျက်နှာ တစ်ပြင်လုံးသို့ စင်ထွက်သွားတော့သည်။

လူတိုင်းက အရက်အိုး လွင့်ပျံလာရာ အရပ်သို့ ကြည့်လိုက်ရာ အတွင်းဂိုဏ်းသား တစ်ဦးက ကျန်းမော့ယွီကို ဒေါသတကြီး စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

“မင်း ပေါက်ကရတွေ ပြောနေတာပဲ... စီနီယာအစ်ကို ချန်​လော့က သဘောကောင်းပြီး ငါတို့ အတွင်းဂိုဏ်းသားတွေကို သူ့ညီအစ်ကို အရင်းတွေလို ဆက်ဆံတာ... သူက ငါတို့ကို ဘယ်လိုလုပ် ဒုက္ခပေးမှာလဲ...”

“ငါ ထင်တာကတော့ မင်းတို့က စီနီယာအစ်ကို ချန်​လော့ကို မနာလိုဖြစ်ပြီး ဒီနေရာမှာ သူ့အကြောင်း ကောလာဟလတွေ တမင် ဖြန့်နေတာပဲ ဖြစ်ရမယ်...”

ကျန်းမော့ယွီသည် သူ့ကို အရက်အိုးဖြင့် ပေါက်ခဲ့သော တပည့်ကို မြင်လိုက်​သောအခါ ကျန်း​မော့ယွီ၏ မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်သွား၏။

“ကျစ်... မင်းလို အောက်တန်းကျတဲ့ အတွင်းဂိုဏ်းသားကများ ငါ့ကို ကိုယ်ထိလက်ရောက် ကျူးလွန်ရဲတယ်ပေါ့... မင်း သေချင်နေတာပဲ...”

ဤစကားများကို မပြောခဲ့လျှင် အဆင်ပြေနိုင်သော်လည်း ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အရက်ဆိုင်ထဲရှိ အတွင်းဂိုဏ်းသား ၈၀% ကျော်မှာ ချက်ချင်းပင် အကြီးအကျယ် စော်ကားခံလိုက်ရသည်ဟု ခံစားလိုက်ရ၏။

ထိုတပည့် ပြောခဲ့သည်မှာ မှန်ကန်ကြောင်း သူတို့ ရုတ်တရက် သဘောပေါက်သွားကြသည်။ ဤကျန်းမော့ယွီက ချန်လော့အကြောင်း ကောလာဟလများ ဖြန့်ကာ သူတို့ကြားတွင် သွေးခွဲရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။

အတော်လေး အကျိုးအကြောင်း သင့်တင့်သော အတွင်းဂိုဏ်းသား အချို့ပင်လျှင် ကျန်းမော့ယွီက လိမ်ညာနေပြီး ချန်လော့ကို အပုပ်ချရန် ကြိုးစားနေသည်ဟု အစပိုင်းတွင် ထင်ခဲ့ကြ၏။

“ခွပ်...”

အခြား အရက်အိုး တစ်လုံး လွင့်ပျံလာပြီး ကျန်းမော့ယွီ၏ နဖူးကို မှန်သွားသည်။

ဤအခိုက်အတန့်တွင် ကျန်းမော့ယွီမှာ ရုတ်တရက် ဒေါသထွက်သွားသော်လည်း သူ လက်တုံ့မပြန်နိုင်ခင်မှာပင် မရေမတွက်နိုင်သော အရက်အိုးများက သူ့ဆီသို့ လွင့်ပျံလာပြီး ဝင်ဆောင့်ကြတော့၏။

ဤအ​​ခြေအ​နေသို့ ရောက်သောအခါ ကျန်းမော့ယွီလည်း ဆက်၍ သည်းမခံနိုင်တော့ပေ။

“မင်းတို့လို အသုံးမကျတဲ့ အတွင်းဂိုဏ်းသား အုပ်စုက... မင်းတို့ အားလုံး အသက်ရှင်ရတာ ငြီးငွေ့နေပြီပဲ...”

ထိုသို့ ပြောပြီးနောက် သူက အတွင်းဂိုဏ်းသား တစ်ဦးကို ရုတ်တရက် လက်သီးဖြင့် ထိုးချလိုက်၏။

“ဘုန်း...”

ထိုအတွင်းဂိုဏ်းသားမှာ ငါးမီတာခန့် အဝေးသို့ လွင့်ထွက်သွားတော့သည်။

ဤသည်ကို မြင်သောအခါ အတွင်းဂိုဏ်းသားများ၏ ဒေါသက လုံးဝ ပေါက်ကွဲသွားတော့၏။

“ကျစ်... အတွင်းဂိုဏ်းက ညီအစ်ကိုတို့... လက်နက်တွေ ယူကြ... ဒီအမာခံတပည့်တွေကို စီနီယာအစ်ကို ချန်​လော့ ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်အောင် လုပ်ကြမယ်...”

ထိုသို့ ပြောပြီးနောက် တပည့်ဖြစ်သူက အဆိပ်ထုတ် တစ်ထုတ်ကို ထုတ်ယူ၍ ကျန်းမော့ယွီဆီသို့ ကြဲချလိုက်၏။

သူတို့သည် လူစုခွဲရင်း အော်ဟစ်နေကြသည်။

“ဒီအကွက်ကို ယူလိုက်စမ်း... မင်း သုံးရက်လောက် ဝမ်းလျှောသွားမယ်...”

ဤသည်ကို မြင်သောအခါ အခြားသူများလည်း ပါဝင်လာကြ၏။

“ငါ့ရဲ့ ‘အကြောသေဆေးမှုန့်’ ကို ယူလိုက်စမ်း...”

“ဒီအကွက်ကို ယူလိုက်... မင်း တစ်ကိုယ်လုံး ကိုက်ခဲသွားမယ်...”

“ဒီ ‘ဖုတ်ကောင်ယပ်တောင်’ အကွက်ကို ယူလိုက်စမ်း...”

…

ဤသည်ကို မြင်သောအခါ ကျန်းမော့ယွီကလည်း နောက်ဆုတ်ရန် ငြင်းဆန်ခဲ့၏။

“အမာခံတပည့်တွေ... ငါနဲ့အတူ ပြန်တိုက်ကြမယ်...”

ထိုသို့ ပြောပြီးနောက် သူသည် အဆိပ် နှစ်ထုပ်ကို ထုတ်ယူလိုက်ပြီး နှေးကွေးသော လှုပ်ရှားမှုဖြင့် လက်တစ်ဖက်စီတွင် ကိုင်ထားလိုက်သည်။

“ငါ့ရဲ့ ‘ဖောရောင်ဆေးမှုန့်’ အကွက်ကို ယူလိုက်စမ်း...”

“ငါ့ရဲ့ ‘လေလည်များ’ အကွက်ကို နောက်တစ်ခု ယူလိုက်စမ်း...”

အမာခံတပည့်များမှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားကြ၏။

သူတို့က အရက်သောက်ရန်သာ လာခဲ့ကြခြင်း ဖြစ်သည်။ ဤသို့ ဖြစ်ရအောင် သူတို့ ဘာလုပ်ခဲ့ကြသနည်း။

သို့သော် လက်ရှိ အခြေအနေအရ သူတို့မှာလည်း ပါဝင်ရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။

“ငါ့ရဲ့ ‘စိတ်ချောက်ချားစေသော ဆေးမှုန့်’ ကို ယူလိုက်စမ်း...”

“ဒီ ‘မျက်စိကျိန်း’ အကွက်ကို ယူလိုက်စမ်း...”

…

လူအုပ်က အဆိပ်များကို ဆက်လက် ဖြန်းပက်နေကြပြီး မကြာမီမှာပင် အရက်ဆိုင် တစ်ခုလုံး ပြည့်နှက်သွားကာ ဆေးမှုန့်များက လေထုထဲတွင် အဆက်မပြတ် ကြဲလွငိ့နေလေ၏။

ထိုအချိန်တွင် အရက်ဆိုင်၏ မီးဖိုချောင်ထဲ၌ လူသန်ကြီး တစ်ယောက်က ဧည့်သည်များကို အဆာပြေစာ အဖြစ် တည်ခင်းရန် မြေပဲများနှင့် အသားခြောက်များကို မီးပြင်းပြင်းဖြင့် ကြော်နေသည်။

အရက်ဆိုင် အတွင်းမှ ထွက်ပေါ်လာသော ဆူညံသံများကို ကြားလိုက်ရသောအခါ သူသည် မျက်​မှောင်ကြုတ်သွားသည်။

ထိုသူသည် တံခါးပေါ် လက်တင်၍ ဖွင့်လိုက်၏။

ရိုးရှင်းသော အခြေခံ ဗဟုသုတ အရ နေရာလွတ် တစ်ခုရှိ ဖုန်မှုန့် ပမာဏသည် အတိုင်းအတာ တစ်ခုအထိ ရောက်ရှိလာသောအခါ မီးပွင့်မီးစများနှင့် ထိတွေ့မိပါက ဓာတု ပြောင်းလဲမှု အ​သေးစား တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်သည်။

“ဝှစ်...”

ဘာတွေ ဖြစ်နေသည်ကို မသိသော ထမင်းချက် တစ်ယောက်က မီးဖိုချောင် တံခါးကို ဖွင့်လိုက်၏။

ထိုအခိုက်အတန့်တွင် မီးပွင့်မီးစများနှင့်ဖုန်မှုန့်များသည် တစ်ခုနှင့် တစ်ခု ထိတွေ့သွားပြီး ၊ မီးတောက်သည် လွင့်မျောလာသော ဖုန်မှုန့်များနှင့်အတူ အရက်ဆိုင်ထဲသို့ လျင်မြန်စွာ ပျံ့လွင့်သွားတော့သည်။

“ဘုန်း...”

အဆိပ်တောင်ထွတ်တွင် သေးငယ်သော မှိုပွင့်ပုံစံ တိမ်တိုက်လေးများ ပွင့်လန်းလာတော့၏ ။

All Chapters