← Chapters

ကျွန်တော်ပြန်လိုက်ချင်တယ်

Vol. 6 Ch. 80

ကျွန်တော်ပြန်လိုက်ချင်တယ်

Vol. 6 Ch. 80

"မင်းပြန်လာပြီပဲ"

အကြီးအကဲက မျက်လုံးပွင့်လာတယ်။ သူ့မျက်နှာပေါ်မှာ သွေးရောင်မရှိ၊ ဖြူဖျော့နေပေမဲ့ စုမင်ကိုတော့ နူးညံ့ပြီး ချစ်ခင်တဲ့ အပြုံးများနဲ့ ကြည့်ရှုဆဲ။

"အကြီးအကဲ ... ဘာ ... ဘာဖြစ်တာလဲ”

စုမင်ရဲ့ခေါင်းထဲမှာ မိုးကြိုး ပစ်ချလိုက်သလို အသံတွေ မြည်ဟည်းနေတယ်။ အကြီးအကဲ အားနည်းနေတာကို မြင်တော့ သူ့မျက်နှာပေါ် မျက်ရည်တွေ ကျနေတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ သူ့စိတ်က ထိတ်လန့်နေတဲ့ အခြေအနေ၊ အသံတွေတောင်မှ တုန်ယင်နေတယ်။

"အကြီးအကဲ ... လေ့ချန် ... ဘာတွေဖြစ်တာလဲ”

စုမင်ဟာ ခေါင်းကို အကြမ်းပတမ်း မော့လို့ လေ့ချန်ကို ကြည့်လိုက်တယ်။ အခုအချိန်မှာ သူ့ အစွမ်းတွေ ဒါမှမဟုတ် သူဘယ်သူလဲ ဆိုတာတွေ ကွယ်ဝှက်ထားဖို့ ဂရုမစိုက်နိုင်တော့ဘူး။ သူ့ နှလုံးသားထဲမှာ တငွေ့ငွေ့ စုဖွဲ့လာတဲ့ ဒေါသတွေသာ ရှိနေတယ်။ အကြီးအကဲကို ထိခိုက် ဒဏ်ရာရအောင် လုပ်တာ ဘယ်သူလဲဆိုတာ သိချင်တယ်။ လက်တုံ့ပြန်မပေး နိုင်လောက်အောင် အင်အား မဲ့နေတယ် ဆိုလျှင်တောင် သိကိုသိရမှ ဖြစ်မယ်။

သူစကားပြောတဲ့ အသံက မကျယ်ဘူး။ သို့ပေမဲ့ အံ့မခန်းဖွယ် ရှိန်ဝါတစ်မျိုး ပါဝင်နေတယ်။ သူ လေ့ချန်ကို ကြည့်လိုက်ချိန်မှာပဲ လေ့ချန်ရဲ့ မျက်လုံးတွေထဲကလည်း မျက်ရည်တွေ စီးကျလို့လာတယ်။

"ငါလည်းမသိဘူး ... အကြီးအကဲက ဒီလိုမျိုး ပြန်ရောက်လာခဲ့တာပဲ”

"ကောင်းပြီ။ အခု ငါပြောတာနားထောင်ကြ"

အကြီးအကဲဟာ အသက်ပြင်းပြင်း ရှူလို့ မြေပြင်ပေါ်ကနေ ထရပ်တယ်။ ခြံဝန်းထဲမှာ ရှိနေသမျှသော လူတွေအားလုံးကို ဝေ့ဝဲ ကြည့်လိုက်စဉ်မှာ သူ့ရဲ့ အမူအရာဟာ လေးနက်လှတယ်။

"ငါ ... မဟူရာတောင်ကို သွားခဲ့တယ်”

အကြီးအကဲက ခပ်ဖြည်းဖြည်း ပြောတယ်။ သူ့ရဲ့အသံဟာ တိုးညင်းတယ်။ သို့ပေမဲ့ သူတို့ နားတွေထဲ ဝင်ရောက်လာတဲ့ အက္ခရာ တစ်လုံးချင်းစီဟာ မိုးကြိုးသံတွေလို ကျယ်လောင်လှတယ်။

အစောင့်အရှောက် ခေါင်းဆောင်ရဲ့ မျက်နှာအမူအရာဟာ ချက်ချင်း ပြောင်းလဲသွားတယ်။ သူ့ဘေးက ရှန့်ဟန်ရဲ့ မျက်လုံး‌တွေထဲမှာလည်း အလင်းတစ်စ ဖျတ်ခနဲ ပေါ်ပေါက်လာခဲ့တယ်။ ပေလင်းကတော့ အသက်ပြင်းပြင်း ရှူရှိုက်မိပြီး ဝူလရဲ့ မျက်နှာကတော့ ချက်ချင်း ဖြူဖျော့ သွားတော့တယ်။

စုမင်လည်း ထိုနည်းလည်းကောင်းပင်။ သူတို့မျိုးနွယ်စုဟာ ဒုက္ခရောက်နေပြီး အဲဒီဒုက္ခတွေရဲ့ အကြောင်းရင်းမြစ်ဟာ မဟူရာတောင် မျိုးနွယ်စုဆိုတာ သူတို့အားလုံး သိကြတယ်။ ကိစ္စအားလုံးကို အသေးစိတ် မသိကြပေမဲ့ ဒီရက်ပိုင်း မျိုးနွယ်စုထဲမှာ ဝေ့လည်နေတဲ့ စိတ်ဓာတ်ကျဆင်းဖွယ်ရာ အခြေအနေဟာ သူတို့ကို အရိပ်အမြွက်တွေ ပြနေသည်လေ။

"မင်းတို့ ဒုတိယအဆင့်မှာ ပါဝင်နေကြတုန်းက ငါ မဟူရာတောင်ဆီ သွားခဲ့တယ်။ မဟူရာတောင်၊ ပိထူရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြင်ချင်လို့ပဲ”

အကြီးအကဲက တည်တည်ငြိမ်ငြိမ်ပဲ ရှင်းပြတယ်။ ပတ်ဝန်းကျင်ဟာ တစပြင်လို တိတ်ဆိတ် ငြိမ်သက်လျက် ... အကြီးအကဲရဲ့ စကားသံ တစ်ခုသာ ရှိတယ်။ အဲဒီအချိန်မှာ လေတိုးသံတွေမှာ ပျောက်ကွယ် နေသလိုပင်။

"သူ ... တကယ်ပဲ ... ရုပ်နယ်လွန်သွားပြီ”

အကြီးအကဲရဲ့ မျက်နှာထက်မှာ ခါးသီးမှုတွေ ထင်ဟပ်လာလေတယ်။

အစောင့်အရှောက် ခေါင်းဆောင်လည်း တိတ်ဆိတ်လျက် သူ့မျက်နှာဟာ မည်းမှောင်နေတယ်။ သူတစ်ခုခုပြောဖို့ စဉ်စားပြီး ချီတုံချတုံ ဖြစ်နေတဲ့ပုံဟန် ရှိပေမဲ့ အကြီးအကဲက ခေါင်းသွင်သွင် ခါယမ်းလေတယ်။ ကြည့်ရတာ အစောင့်အရှောက် ခေါင်းဆောင် ဘာပြောချင်လဲဆိုတာ အကြီးအကဲက သိနေပုံပဲ။

"ငါသွားမှ ဖြစ်မယ်လေ။ သူ့ရဲ့စွမ်းအား အမှန်ကို မသိဘဲနဲ့ ငါတို့ရဲ့ မျိုးနွယ်စုကို အိမ်ကိုစွန့်ခွာပြီး လေပြေစီးကြောင်း လက်အောက်ခံ ဖြစ်ရအောင် ကမူးရှူးထိုး မလုပ်ချင်ဘူး။ ဘိုးဘေးဘီဘင် အဆက်ဆက် နှစ်ရာပေါင်းများစွာ နေထိုင်ခဲ့တဲ့ သူတို့ရဲ့ အိမ်တွေကို ဘယ်သူကများ စွန့်ခွာချင်ပါ့မလဲ”

အကြီးအကဲရဲ့ မျက်နှာဟာ သုန်မှုန်လျက်။

"အချိန် သိပ်မရှိဘူ။ ငါပြန်သက်သာပါပြီ။ မင်းတို့ကို မျိုးနွယ်စုဆီ ပြန်ခေါ်သွားပေးမယ်။ ပိထူဟာ ရုပ်နယ်လွန်အဆင့် ရောက်ရင်ရောက်မယ်။ ဒါပေမဲ့ သူ့စွမ်းအားတွေကို မထိန်းညှိရသေးဘူး။ ငါ ဒဏ်ရာ ရခဲ့တယ်။ ဒါပေမဲ့ သူလည်း ဘယ်လိုလှုပ်ရှားမှုမှ မလုပ်နိုင်သေးဘူး။ ငါတို့ … ပြောင်းရွှေ့ရမယ်”

အကြီးအကဲရဲ့ မျက်နှာမှာ စိတ်ပိုင်းဖြတ်ထားတဲ့ မျက်နှာထားနဲ့ သူ့မျက်လုံးတွေဟာ ပြတ်သားမှုတွေနဲ့ တောက်ပနေတယ်။ သူ့ရဲ့ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ ခြံဝန်းထဲက နှင်းမှုန်တွေအားလုံး ချေခွဲ ခံလိုက်ရသလို တစစီ လွင့်ထွက်သွားလျက်၊‌ ဘေးပတ်လည်မှာ အသံတွေ မြည်ဟည်းလာတယ်။ မြေပြင်က နှင်းလွှာထုဟာ အပေါ်ကို ကြွတက်လာပြီး ကောင်းကင်ထက်က ကျဆင်းလာတဲ့ နှင်းစက်များနဲ့ ထိမိလို့ ပဲ့တင်သံတွေ ဖြစ်ပေါ်လာစေတယ်။

မကြာခင်ပဲ ကောင်းကင်ပေါ်မှာ လင်းလက်တဲ့ အလင်းရောင်တစ်ခု ပေါ်လာပြီးလျှင် အားလုံး ပေါင်းစုဖွဲ့သွားလို့ ကြီးမားလှတဲ့ စပါးအုံးမြွေနက်ကြီး ဖြစ်ပေါ်လာတယ်။ စပါးအုံးကြီးက ရက်စက် ကြမ်းကြုတ်ဟန်ပေါ်ပြီး သူပေါ်လာတာနဲ့ ချက်ချင်းပဲ နက်မှောင်တောင် တည်းခိုဆောင်ထဲကို ဆင်းသက်လာတယ်။ သူဆင်းသက်လာတယ် ဆိုလျှင်ပဲ သူတို့ ကိုယ်ခန္ဓာတွေပေါ် ဖိအားတစ်ခု ဖြစ်ပေါ်လာစေတဲ့အတွက် ဝူလ၊ လေ့ချန်တို့ ကိုယ်ခန္ဓာတွေ အနည်းငယ်မျှ တုန်ယင်သွားကြတယ်။ ပေလင်းတောင်မှ အဲဒီဖိအားကို မခံစားနိုင်ပုံပေါ်တယ်။

"ပေလင်း၊ လေ့ချန်၊ ဝူလ ... မင်းတို့သုံးယောက်က ဒီမှာ နေခဲ့ချင်လည်း နေခဲ့။ ငါနဲ့အတူ ပြန်လိုက်ချင်လည်း ရတယ်။ မင်းတို့ ပြန်လိုက်မယ်ဆိုရင် အန္တရာယ်များတယ်”

အကြီးအကဲဟာ ပေလင်းနဲ့တကွ ကျန်နှစ်ယောက်ကို ကြည့်တယ်။

"အကြီးအကဲ ကျွန်တော်လိုက်မယ်"

ပေလင်းဟာ တွေဝေမနေဘဲ မတုန်လှုပ်တဲ့ အမူအရာနဲ့ ရှေ့ကိုတစ်လှမ်းတိုးတယ်။

"အကြီးအကဲ ... ကျွန်တော်လည်း ကျန်မနေခဲ့နိုင်ဘူ”

လေ့ချန်က လက်သီးတွေ ဆုပ်လိုက်တယ်။ သက်ဖြတ်လိုစိတ်က သူ့မျက်နှာပေါ်မှာ ထင်ဟပ်လို့။ သူပြန်ပြီးတော့ မျိုးနွယ်စုကိုကာကွယ်ချင်တယ်။

"အကြီးအကဲ ... ကျွန်မလည်း မနေခဲ့ပါဘူး”

ဝူလလည်း အံတင်းတင်းကြိတ်လို့ အကြီးအကဲကို ဆုံးဖြတ်ချက် ပြတ်သားစွာ ကြည့်ပါတယ်။

အကြီးအကဲဟာ သူတို့သုံးယောက်ကိုကြည့်လို့ ခေါင်းဆတ်ပြီးနောက်မှာ သူ့ရဲ့ လက်မောင်းကို ဝှေ့ယမ်းလိုက်တယ်။ ကြီးမားလှတဲ့ လေအဟုန်ကြီး ပေါ်ပေါက်လာလို့ သူတို့သုံးယောက်ကို စပါးအုံးနက်ကြီးအပေါ် မရွှေ့ ပေးလိုက်တယ်။  သူတို့ မြွေကြီးပေါ် ရောက်ချိန်မှာပဲ အစောင့်အရှောက် ခေါင်းဆောင်နဲ့ ရှန့်ဟန်တို့လည်း ခုန်တက်လိုက်လေတယ်။

ခြံဝန်းထဲမှာ စုမင်နဲ့အကြီးအကဲပဲ ကျန်ရှိနေပါတော့တယ်။

အကြီးအကဲဟာ စုမင်ကို ကြည့်တယ်။ သူ့မျက်လုံး‌တွေထဲက သံယောဇဉ် ရိပ်ငွေ့ဟာ အားကောင်းလွန်းတယ်။ မယုံနိုင်လောက်အောင် အားကောင်းလွန်းပါရဲ့။

စုမင် ရင်ထဲ ဒိတ်ခနဲဖြစ်သွားတယ်။ တစ်ခုခု မကောင်းတာ ဖြစ်တော့မယ်လို့ ခံစားချက် ရနေတယ်။ အကြီးအကဲ ပြောတာကိုတောင် မစောင့်ဘဲနဲ့ သူချက်ချင်း ပြောလိုက်တယ်။

"အကြီးအကဲ ကျွန်တော်လည်း လိုက်မှာပါ။ သွားရအောင်”

အကြီးအကဲက မျက်လုံးတွေကို စေ့ပိတ်လိုက်မှ ခဏအကြာမှ ပြန်ဖွင့်လိုက်ပြီး တည်ကြည်စွာ ပြောတယ်။

"မင်းပြန်မလိုက်ရဘူး”

စုမင် မှင်တက်သွားတယ်။ တစ်ကိုယ်လုံး တုန်ယင်လို့ ခေါင်းမော့လာပြီး အကြီးအကဲကို ကြည့်တယ်။

“မင်းပြန်လိုက်လာရင်တောင် အလကားပဲ။ ငါတို့ ပြောင်းရွှေ့နေရင်း အန္တရာယ်တွေ ကြုံလာရနိုင်တယ်။ ဒီမှာနေပြီး ငါတို့ပြန်လာတာကို စောင့်ပါ" စကားဆုံးတာနဲ့ တစ်ပြိုင်နက် ဒေါသတကြီးနဲ့ တစ်ကိုယ်လုံး တုန်ယင်နေတဲ့ စုမင်ကို ခြံဝန်းထဲမှာ ထားရစ်ခဲ့ပြီး အကြီးအကဲဟာ လှံတစ်စင်းအသွင်နဲ့ မြွေနက်ကြီးဆီကို ပျံသန်း တက်ရောက်သွားပါတော့တယ်။

"အကြီးအကဲ”

စုမင် အကြမ်းပတမ်း ခေါင်းမော့ကြည့်တယ်။ သူ့မျက်နှာပေါ်မှာ တစ်ခါမှ မဖြစ်တည်ဖူးတဲ့ စိတ်ပိုင်းဖြတ်မှုတွေ ရှိနေတယ်။ ဒါဟာ အကြီးအကဲစကားကို နားမထောင်တဲ့ စုမင်ရဲ့ ပထမဆုံးအကြိမ် ဖြစ်တယ်။

"ကျွန်တော်လည်း မျိုးနွယ်စုဆီ ပြန်လိုက်ချင်ပါတယ် အကြီးအကဲ။ ကျွန်တော် ပြန်ချင်တယ်”

စပါးအုံးနက်ကြီးပေါ်မှာ ရပ်လျက်ရှိတဲ့ အကြီးအကဲထံ ကျယ်နိုင်သမျှ အကျယ်ဆုံး အော်ဟစ်လိုက်တဲ့ စုမင်ရဲ့ အသံဟာ ရှတလှတယ်။

"အကြီးအကဲ ပေလင်းပြန်နိုင်တယ်။ လေ့ချန်လည်း ရတယ်၊ ဝူလလည်း ရတယ်။ ကျွန်တော်ကလည်း မျိုးနွယ်စုဝင် တစ်ယောက်ပါပဲ။ ကျွန်တော်လည်း ပြန်ချင်တယ်။ မျိုးနွယ်စုကို ကာကွယ်ချင်တယ်။ မျိုးနွယ်စုအတွက် တိုက်ခိုက်ပေးချင်တယ် အကြီးအကဲ”

စုမင်ရဲ့ မျက်လုံးတွေဟာ နီရဲနေတယ်။ အော်ဟစ်လိုက်ချိန်မှာ သူ့ခန္ဓာကိုယ်ဟာ တုန်ယင်လျက် ရှိပြီး ခုန်တက်ဖို့လည်း အသင့်ဖြစ်နေပြီ။

"မရဘူး”

အကြီးအကဲက မျက်လုံးတွေကို မှိတ်လို့ ညာလက်နဲ့ တွန်းလိုက်တယ်။ စုမင်ပေါ်ကို ဖိအားပြင်းပြင်း ကျရောက်လာပြီး ခုန်တက်လာမယ့် သူ့ကို မြေပြင်ပေါ်မှာ ကျောက်ရုပ်လို မလှုပ်မယှက် အေးခဲသွားစေတယ်။

"ဒီမှာနေခဲ့။ ‌ဒီနေရာကနေ ခြေလှမ်းတစ်ဝက်တောင် လှမ်းထွက်မလာနဲ့”

အကြီးအကဲက မြွေကြီးပေါ်မှာ တင်ပျဉ်ခွေ ထိုင်ချလိုက်တယ်။ မြွေကြီးဟာ ကောင်းကင်ပေါ် တက်မသွားခင် ခေါင်းကိုမော့လို့ မာန်သွင်း ကြုံးဝါးလေတယ်။ မြေပြင်ပေါ်မှာ အော်ဟစ်နေတဲ့ စုမင်ကို ကြည့်ပြီး စပါးအုံးပေါ်မှာ ထိုင်နေသူတွေဟာ ရှုပ်ထွေးတဲ့ မျက်နှာထားတွေ ဖြစ်ပေါ်နေကြတယ်။

"အကြီးအကဲ”

စုမင်ရဲ့ အသံဟာ အက်ကွဲရှတ လာခဲ့တယ်။ မျက်ရည်တွေဟာ မြစ်တစ်စင်းလို စီးကျနေရင်းနဲ့ နှင်းလွှမ်းတဲ့ တိတ်တဆိတ်ညမှာ ပဲ့တင်ထပ် ပျံ့နှံ့သွားလေတယ်။ မြေပြင်ပေါ်ကို ဘုန်းခနဲ၊ ကောင်းကင်ကို မျက်နှာမူလျက် ဒူးထောက်ကျသွားတယ်။

"အကြီးအကဲ ... ကျွန်တော်ပြန်လိုက်ချင်တယ်။ ကျေးဇူးပြုပြီး ပြန်ခွင့်ပေးပါ။ ကျွန်တော် သွားရမှ ဖြစ်မယ်။ ဒီမှာမနေချင်ဘူး။ ဒီမှာမနေဘူး။ ကျွန်တော် သေရရင်တောင် ဒီမှာမနေဘူးဗျာ”

စုမင် အဲဒီလို အော်ဟစ်ချိန်မှာ သူ့ကိုယ်ပေါ်မှာ သွေးကြောတွေ ထောင်ထလာတယ်၊ ဘယ်သူမှ သတိမထား မိပေမဲ့ပေါ့။ အကြီးအကဲရဲ့ ဖိအားကို တွန်းလှန်တဲ့ အားပြင်းတဲ့ ရှိန်ဝါတစ်မျိုးကလည်း သူ့ကိုယ်ကနေ ပွင့်ထွက်လာပါတော့တယ်။

သို့ပေမဲ့လည်း ဖိအားဟာ သိပ်ကို အားကောင်းလွန်းတာမို့ စုမင်ဟာ သူ့အစွမ်းနဲ့ ‌ဖျက်ဆီး ထိုးဖောက်လို့ မရနိုင်ဘူး။ ‌ဒါကြောင့်မို့ သူ့နှုတ်ခမ်းထောင့်ကနေ သွေးတွေစီးကျ လာလေတော့တယ်။ အဲဒါလည်းပဲ ဆက်ပြီး ရုန်းကြွနေတုန်း။ ဟစ်အော်နေတုန်း။

"အကြီးအကဲ ကျွန်တော်ကို သွားခွင့်မပေးရင် ကျွန်တော်သေရင်တောင်မှ ဒီနေရာကနေ ကျိန်းသေပေါက် ထွက်သွားမှာဗျ။ အဲဒါက ကျွန်တော့် မျိုးနွယ်စုပါ။ ကျွန်တော့်ကို ခေါ်ဆောင်လာခဲ့တဲ့ မျိုးနွယ်စု။ ကျွန်တော်သေရရင်တောင် မျိုးနွယ်စုမှာပဲ သေချင်တယ်။ ကျွန်တော်က နက်မှောင်တောင် မျိုးနွယ်စုဝင်အဖြစ် မွေးဖွားလာခဲ့ပြီး သေရင်တောင် နက်မှောင်တောင် မျိုးနွယ်စုဝင် အဖြစ်နဲ့သာ သေလိုတယ်”

အစောင့်အရှောက် ခေါင်းဆောင်ဟာ စပါးအုံးကြီးပေါ်မှာ ရပ်နေရင်း တစ်စုံတစ်ရာ ပြောဆိုလိုပုံ ပေါ်ပေမဲ့ အကြီးအကဲထံက အကြည့်တစ်ချက်နဲ့တင် တိတ်ဆိတ်သွားရတယ်။ ဘေးနားက ရှန့်ဟန်လည်း မကြည့်ဘဲနဲ့ မျက်လုံးတွေကို စေ့ပိတ်လျက် ရှိတယ်။

"စုမင် မင်းလိုက်လာရင်တောင် ဘာမှ အသုံးမဝင်ဘူး။ ငါတို့အချိန်တွေကို ဘာလို့ဖြုန်းတီး နေတာလဲ။ ဟန်ဆောင်မနေနဲ့တော့။ မင်းက တကယ်ကိုပဲ ..."

ပေလင်းက အေးစက်စွာ ပြောတယ်။ သူ့ရဲ့ မျက်လုံးထဲမှာ မတုန်လှုပ်ခြင်း‌တွေရှိတယ်။ သူ့ မျက်လုံးထဲမှာ အားလုံးကို ဟန်ဆောင် ဖြစ်ပျက်ပြနေတဲ့ မြေပြင်ပေါ်က စုမင်ကို ကြည့်တယ်။

သို့ပေမဲ့ သူတောင် စကားမဆုံးသေး စုမင်ရဲ့ ကြုံးဝါးသံကြောင့် ရပ်တန့်သွားတယ်။

"ပေလင်း တိတ်စမ်း”

စုမင်မျက်နှာဟာ ကြောက်မက်ဖွယ်။ သူဘာကိုမှ ဂရုမစိုက်တော့ဘူး။ ဒါဟာ သူ့ရဲ့ ပထမဆုံးအကြိမ် အကြီးအကဲစကားကို နားမထောင်ခြင်းနဲ့ ပေလင်းကို ပြန်ခံပြောခြင်းပဲ။ တကယ်တမ်းကျတော့ သူတို့ငယ်စဉ်က ရှိခဲ့ဖူးတဲ့ ပတ်သက်မှုကြောင့် ပေလင်းဘာပြောပြော နှုတ်ဆိတ်နေဖို့သာ ရွေးချယ်ခဲ့တာ။

ဒါပေမဲ့လည်း သည်းခံတယ်ဆိုတာ အတိုင်းအတာ ရှိတယ်။ သူ မနာခံနိုင်တဲ့ ‌သေချာပေါက် ငြင်းပယ်မှ ဖြစ်မယ့်ကိစ္စတွေ ရှိပြီး ပေလင်းက စည်းကျော် လာခဲ့ပြီလေ။ စုမင် ကြုံးဝါးလိုက်စဉ်မှာ ပေလင်းက စကားဆက်ပြောမလို လုပ်ပေမဲ့ စုမင်ရဲ့ မျက်နှာပေါ်က ရဲတောက်နေတဲ့ မျက်လုံးတွေကို မြင်လိုက်စဉ်မှာတော့ ရင်တစ်ချက် တုန်သွားပြီး စကားတွေကို မျိုချ လိုက်ပါ‌တော့တယ်။

စပါးအုံး မြွေနက်ကြီးက လေထဲကို မြင့်တက်သွားပြီ။ အကြီးအကဲရဲ့ ပြန်လည်ဖွင့်လာတဲ့ မျက်လုံးတွေထဲမှာ ကြေကွဲမှုတွေ ရှိနေလေရဲ့။ သူ့ကို ကာကွယ်ပေးနိုင်ဖို့သာ ပြန်လိုက်ဖို့ ခွင့်မပြုပေးခြင်းကို ငြင်းဆန်နေတဲ့ စုမင်ကို ကြည့်တယ်။ စုမင်ကို ဘာအန္တရာယ်မှ မကျရောက် စေလိုဘူး။ တကယ်တမ်းမှာ ဒီပြောင်းရွှေ့မှုက အန္တရာယ် များလွန်းတယ်။ သူတောင်မှ မဟန့်တားနိုင်တဲ့ အန္တရာယ်မျိုး ကြုံတွေ့ရနိုင်တယ်။

"မရဘူး”

စုမင်ရဲ့ နှုတ်ခမ်းထောင့်က သွေးတွေ စီးကျလာတာမြင်တော့ အကြီးအကဲရဲ့ နှလုံးသားဟာ ဖျစ်ညှစ်ခံရသလို နာကျင်သွားရတယ်။ သူ့ရဲ့ ညာလက်ကို ထပ်မံ ဝေ့ယမ်းလိုက်ပြန်တယ်။ ဖိအားကို ချေဖျက်နိုင်ဖို့ ရုန်းကန်နေဆဲ စုမင်ထံ နှင်းမုန်တိုင်းဟာ အသံ အော်မြည်ရင်း ရောက်ရှိလာခဲ့ပြီး စုမင်ရဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံလို့ အိမ်ထဲကို ခေါ်ဆောင် ရောက်ရှိသွားစေတယ်။

စုမင်ဟာ မျက်စိတစ်ဖျတ် အတွင်းမှာ အိမ်ထဲ သွင်းခံလိုက်ရတယ်။ ဝုန်းခနဲ မြည်သံနဲ့ တံခါးပိတ်သွားပြီး နှင်းမုန်တိုင်းဟာ တစ်အိမ်လုံးကို ဝန်းရံစေလျက် ကြီးမားတဲ့ အကျဉ်းထောင်ကြီး တစ်ခုလို ပြောင်းလဲသွားတယ်။ နှင်းတွေနဲ့ ရေးဆွဲထားတဲ့ ထူးဆန်းတဲ့ ရုပ်ပုံတစ်ခုလည်း တံခါးပေါ်မှာ ရှိနေတယ်။ အဲဒါကတော့ နက်မှောင်တောင် မျိုးနွယ်စုက မာန်နတ်ဘုရား ရုပ်တုရဲ့ ရုပ်ပုံလွှာ ဖြစ်ပါတယ်။

ချိပ်စည်းတံဆိပ်နဲ့တကွ အကျဉ်းထောင်ကြီး ပေါ်ပေါက်လာစဉ်မှာ စုမင်ရဲ့ ကြုံးဝါးသံဟာ တိခနဲ ဖြတ်တောက် ခံလိုက်ရလေတယ်။

နှင်းမုန်တိုင်းဟာ ဆက်လက်တိုက်ခိုက်ဆဲ ... မြွေနက်ကြီးလည်း ကောင်းကင်ထက်ကို ဆက်လက် မြင့်တက်လို့ နက်မှောင်တောင် ရှိရာထံ အံ့မခန်း အရှိန်နှုန်းနဲ့ ခရီးနှင်လို့ မကြာခင် မြင်ကွင်းက ပျောက်ကွယ် သွားတော့တယ်။

"စုမင် ဒါက ငါ မင်းအတွက်လု ပ်ပေးနိုင်တဲ့ နောက်ဆုံးသော အရာပါ။ အခုချိန်ကစပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါတော့”

မော့စန်းဟာ စပါးအုံးနက်ပေါ်မှာ ညှိုးငယ်တဲ့ မျက်နှာထားနဲ့ တင်ပျဉ်ခွေ ထိုင်လျက်ရှိတယ်။ သို့ပေမဲ့ သူ့ရဲ့ စိတ်မချမ်းမြေ့မှုတွေ အောက်မှာတော့ တငွေ့ငွေ့ ကျွမ်းလောင်နေတဲ့ တိုက်ခိုက်လိုစိတ်တွေ ရှိနေတယ်။ မသေမချင်း တိုက်ခိုက်သွားမယ့် စိတ်ဝိညာဉ်ပေါ့။

စပါးအုံးမြွေကြီး ထွက်ခွာသွားချိန်မှာ နှင်းတွေက ဆက်လက် ကျဆင်းနေပြီး ရွှံမြေကျောက်သား မြို့တော်ရဲ့ လမ်းတွေ၊ အဆောက်အဦ ခေါင်မိုးတွေနဲ့ နက်မှောင်တောင် မျိုးနွယ်စုရဲ့ တည်းခိုဆောင်ပေါ်ကို ဆက်လက် ကျဆင်းနေလေတယ်။

တိတ်ဆိတ်လွန်းလှတယ် ... တခြားဘာအသံမှ မရှိသလို လေတိုက်ခတ်သံသာ ပဲ့တင်ထပ်လျက် ရှိတယ်။ သို့ပေမဲ့ နက်မှောင်တောင် တည်းခိုဆောင်ထဲမှာ ... စည်းချထားတဲ့ အိမ်ထဲမှာ ... နှလုံးသား တစ်ခုလုံး စုတ်ပြတ် သွားလောက်အောင် အော်ဟစ်နေတဲ့ ကြုံးဝါးသံတွေ ရှိပါရဲ့။ သို့ပေမဲ့ အပြင်ဘက်ကိုတော့ ပျံ့နှံ့ မသွားလေဘူး။

"ကျွန်တော်ပြန်ချင်တယ်။ မျိုးနွယ်စုကို ပြန်ချင်တယ်။ မျိုးနွယ်စုဝင်တွေကို ကာကွယ် ပေးချင်တယ်။ ကျွန်တော် သေရရင်တောင် ကျွန်တော်ပြန်မယ်။ အကြီးအကဲ”

အခန်းထဲမှာ စုမင်ဆံပင်တွေဟာ ရှုပ်ပွလို့၊ မျက်လုံးတွေက ရဲရဲနီလို့၊ ပြင်းထန်လွန်းတဲ့ ဒေါသတွေ အပြည့်နဲ့။ သူ့ရဲ့ ခွန်အားတွေ၊ အရှိန်နှုန်း အပြည့်နဲ့ အခန်းတံခါးကို ပြေးဆောင့်တယ်။ အဲဒီလို လုပ်လိုက်တိုင်း တံခါးတစ်ခုလုံး တုန်ခါသွားပေမဲ့ စည်းတံဆိပ်ကြောင့် တစ်လက်မလေးတောင် မလှုပ် သွားခဲ့ပါဘူး။

***

All Chapters