← Chapters

အခန်း (၆၆၁-၆၆၂)

Vol. 62 Ch. 661-662

အခန်း (၆၆၁-၆၆၂)

Vol. 62 Ch. 661-662

အခန်း (၆၆၁) - နှစ်တစ်ရာကြာပြီးနောက် ရွှမ်ဟွမ်ဂိုဏ်း၊ ဆဋ္ဌမအဆင့် စိတ်ဝိညာဉ်သွေးကြောနှင့် စိတ်ဝိညာဉ်ကမ္ဘာသစ်တစ်ခု ဖန်တီးခြင်း(၃)။

“ကဲ ကဲ... စကားမများကြနဲ့တော့… ကျုပ်တို့ သွားကြစို့”

“တည်နေရာရွှေ့ပြောင်းအစီအရင်က စတင်တော့မယ်”

ဤအချိန်၌ ဘေးနားရှိ ကျင့်ကြံသူတစ်ယောက်က အလျင်စလို ပြောလိုက်လေသည်။

ဝုန်း...။

ချက်ချင်းပင် ကျောက်မိသားစုမှ မျိုးဆက်သစ်များမှာ တည်နေရာရွှေ့ပြောင်းအစီအရင်ပေါ်တွင် အစီအရီ နေရာယူလိုက်ကြပြီးနောက် တည်နေရာရွှေ့ပြောင်းအစီအရင်သည် စူးရှတောက်ပသော အလင်းတန်းများနှင့်အတူ ဖြာထွက်လာတော့သည်။

နောက်တစ်စက္ကန့်၌ ကျောက်ယန်အပါအဝင် အခြားသူများအားလုံးသည် အခြားသောနေရာတစ်နေရာသို့ ချက်ချင်းဆိုသလို ရောက်ရှိသွားခဲ့လေသည်။

“သဘာဝဝိညာဉ်ချီတွေက အရမ်းကို သိပ်သည်းနေတာပဲ…”

ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးဆီသို့ ရောက်ရောက်ချင်းပင် ကျောက်မိသားစုဝင်များအားလုံး၏ မျက်လုံးများမှာ ပြူးကျယ်သွားကြ၏။ သူတို့သည် နေရာအနှံ့တွင် လွှမ်းခြုံနေသည့် သဘာဝဝိညာဉ်ချီများကို ချက်ချင်းပင် ခံစားသိရှိလိုက်ကြပြီး ထိုချီစွမ်းအင်များ၏ သိပ်သည်းဆမှာ ယခင်က သူတို့မိသားစု နေထိုင်ခဲ့သည့်နေရာနှင့်ယှဉ်လျှင် လုံးဝ နှိုင်းယှဉ်၍ပင် မရနိုင်ပေ။

လေတစ်ချက်မျှ ရှူသွင်းလိုက်ရုံဖြင့်ပင် ရက်အတော်ကြာအောင် ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့ရသည်နှင့် တူညီနေသကဲ့သို့ ခံစားလိုက်ရလေသည်။

တကယ်လို့သာ ဤနေရာ၌ အချိန်ကြာမြင့်စွာ ကျင့်ကြံနိုင်မည်ဆိုပါက အနာဂတ်တွင် အခြေတည်အဆင့်သို့ ရောက်ရှိနိုင်မည့် မျှော်လင့်ချက်ကြီးမှာ အလွန်ပင် များပြားလှသည်။

“ဟားဟား... ဒီနေရာက ကျုပ်တို့ ရွှမ်ဟွမ်ဂိုဏ်းအနီးအနားမှာရှိတဲ့ မြို့တစ်မြို့လေ… ဆဋ္ဌမအဆင့် ဝိညာဉ်သွေးကြောရှိတဲ့အတွက်ကြောင့် ဝိညာဉ်ချီတွေက သဘာဝကျကျကို သိပ်သည်းနေတာပေါ့”

ထိုအချိန်၌ ရွှင်လန်းတက်ကြွသည့် အသံတစ်သံ ထွက်ပေါ်လာလေသည်။

ကောင်းကင်ထက်မှ တတိယအဆင့် တောင်ပံစိမ်းမီးလင်းယုန်တစ်ကောင် ပျံသန်းလာသည်ကို မြင်လိုက်ရပြီး ထိုလင်းယုန်ပေါ်တွင် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်ကျင့်ကြံသူတစ်ယောက် ထိုင်နေလေသည်။ ထိုသူ၏ခန္ဓာကိုယ်မှ အလွန်အစွမ်းထက်သည့် မှော်စွမ်းအင်လှိုင်းများ ဖြာထွက်နေပြီး ရွှေအမြုတေအဆင့်သခင်တစ်ပါး ဖြစ်ကြောင်း သိသာထင်ရှားနေသည်။

သို့သော်လည်း ကျောက်မိသားစုမှ ကျင့်ကြံသူများ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုဝတ်ရုံမှာ ရွှမ်ဟွမ်ဂိုဏ်း၏ မှော်ဝတ်ရုံ ဖြစ်နေသောကြောင့်ပင်။

ရွှမ်ဟွမ်ဂိုဏ်းမှ တပည့်များမှလွဲ၍ အခြားမည်သူ့ကိုမျှ ဝတ်ဆင်ခွင့်မပြုထားဘဲ အကယ်၍ ဝတ်ဆင်ခဲ့ပါက ကြီးလေးသော ပြစ်မှုကျူးလွန်သည်ဟု သတ်မှတ်ခံရမည် ဖြစ်သည်။

ဤသည်မှာ ၎င်းတို့ရှေ့မှလူသည် ရွှမ်ဟွမ်ဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေခြင်းပင် ဖြစ်၏။

“စီနီယာ...”

ထိုအချက်ကို တွေးမိသည်နှင့် ကျောက်မိသားစုမှ ကျင့်ကြံသူများမှာ ချက်ချင်းပင် ရိုရိုသေသေဖြင့် နှုတ်ဆက်လိုက်ကြလေသည်။

“အားနာစရာမလိုပါဘူး…”

“ကျုပ်နာမည်က ယန်ချန်ယွမ်လို့ ခေါ်တယ်… ရွှမ်ဟွမ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပါ…”

“ဒီတစ်ကြိမ် ဂိုဏ်းထဲကို ဝင်လာမယ့် ဂျူနီယာညီငယ်လေးတစ်ယောက် ရှိတယ်လို့ ကျုပ် ကြားထားတယ်…”

“ဒါကြောင့်မို့လို့ ဒီဂျူနီယာညီငယ်လေးကို ဂိုဏ်းဆီ ခေါ်သွားဖို့အတွက် တာဝန်ယူပြီး လာကြိုတာပါ…”

“ဘယ်သူကများ ကျောက်ယန်လဲဆိုတာ မသိဘူး…”

ဤအဖြူရောင်ဝတ်ရုံနှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူမှာ ယန်ချန်ယွမ်ပင် ဖြစ်လေသည်။ နှစ်တစ်ရာခန့်ကျင့်ကြံပြီးနောက် သူသည် သဘာဝကျကျ ရွှေအမြုတေအဆင့်သခင်တစ်ပါး ဖြစ်လာခဲ့ပြီး တတိယအဆင့် ဝိညာဉ်သားရဲငါးကောင်နှင့်ပင် သွေးပဋိညာဉ်ချုပ်ဆိုထားနိုင်ခဲ့၏။

သူ၏စွမ်းအားမှာ ယခင်ကထက် မည်မျှပင် အဆပေါင်းများစွာ သန်မာလာခဲ့ပြီမှန်း မသိနိုင်တော့ချေ။

ယခုအခါတွင် သူသည် နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းတစ်ခု၏ ပါရမီရှင်တစ်ယောက်နှင့်ပင် တူညီနေလေပြီ။

ယခင်ကကဲ့သို့ အခြေတည်အဆင့်မိသားစုမှ သာမန်ကျင့်ကြံသူလေးတစ်ယောက် မဟုတ်တော့ချေ။

“ကျွန်တော်က ကျောက်ယန်ပါ…”

ထိုစကားကိုကြားသောအခါ ကျောက်ယန်သည် ချက်ချင်းပင် လိမ္မာရေးခြားရှိစွာဖြင့် ရှေ့သို့ ထွက်လာခဲ့သည်။ သူ၏အရှိန်အဝါများကိုလည်း တတ်နိုင်သမျှ ဖုံးကွယ်ထားပြီး တစ်ဖက်လူက သူ၏ပုံမှန်မဟုတ်သော အခြေအနေကို ရိပ်မိသွားမည်ကို စိုးရိမ်နေခဲ့၏။

သို့သော် သူ၏စိတ်ထဲတွင်မူ များစွာ စိုးရိမ်ထိတ်လန့်နေခြင်း မရှိပေ။ မည်သို့ပင်ဖြစ်စေ သူသည် တစ်ချိန်က နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်ကြီးတစ်ပါး ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။

သာမန် ရွှေအမြုတေအဆင့် ကျင့်ကြံသူလေးတစ်ယောက်က သူ၏နောက်ကြောင်းဇာတ်မြစ်ကို သိမြင်နိုင်လိမ့်မည် မဟုတ်သည်မှာ သေချာလှပေသည်။

ထို့အပြင် ဤခန္ဓာကိုယ်မှာ သုံးလအရွယ်ကတည်းက ခန္ဓာကိုယ်လုယူထားခဲ့ခြင်းဖြစ်ရာ ဝင်စားပြီးပြန်လည်မွေးဖွားလာသည်နှင့် အတူတူပင် ဖြစ်လေသည်။

သူ၏ဝိညာဉ်နှင့် ဤခန္ဓာကိုယ်မှာ ကြာမြင့်စွာကတည်းက ပြီးပြည့်စုံစွာ ပေါင်းစပ်သွားခဲ့ပြီး တစ်သားတည်းဖြစ်နေခဲ့ပြီဟု ဆိုနိုင်သည်။

“မဆိုးဘူး... တကယ်ကို ရုပ်ရည်သန့်ပြန့်ပြီး ပါရမီအထုံကလည်း အံ့မခန်းပါပဲ…”

“အခု ကျုပ်တို့နဲ့အတူ ရွှမ်ဟွမ်ဂိုဏ်းကို လိုက်ခဲ့တော့…”

“ခင်ဗျားတို့ ကျောက်မိသားစုအတွက်ကတော့ သီးသန့် ဧည့်ခံပေးမယ့်သူတွေ ရှိပါတယ်… သူတို့က ခင်ဗျားတို့ကျောက်မိသားစု နေထိုင်ရမယ့်နေရာဆီကို ခေါ်သွားပေးလိမ့်မယ်…”

ယန်ချန်ယွမ်သည် ကျောက်ယန်ကို ကြည့်ကာ အလွန်အမင်း ကျေနပ်သွားသည်။

ဤဆယ်ကျော်သက်အရွယ် လူငယ်လေး၏ပါရမီက တကယ်ကို အံ့သြစရာကောင်းလောက်အောင် မြင့်မားနေကြောင်းကို သူ ခံစားသိရှိနိုင်သည်။

သေချာသည်မှာ ထိုမျှမက သူသည် ဤလူငယ်လေးမှာ အတိတ်က သူ၏ပုံစံနှင့် အလွန်တူညီသည်ဟု ခံစားမိနေခြင်းပင် ဖြစ်၏။

ထို့ကြောင့် သူသည် ဤလူငယ်လေးအပေါ် သဘောကျမိသွားပြီး ယခုလိုမျိုး ကိုယ်တိုင်ကိုယ်ကျ ကူညီပေးနေခြင်း ဖြစ်လေသည်။

“ဟုတ်ကဲ့ပါ…”

ကျောက်ယန်က ခေါင်းညိတ်ပြလိုက်၏။

ရွှစ်...။

ဤအခိုက်အတန့်၌ ယန်ချန်ယွမ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျောက်ယန်ကို ခေါ်ဆောင်ကာ တတိယအဆင့် တောင်ပံစိမ်းမီးလင်းယုန်ပေါ်သို့ တက်ရောက်သွားလေသည်။ ထို့နောက် လေထုထဲသို့ မြောက်တက်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် လူအများ၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားတော့သည်။

ကျောက်မိသားစုမှ မျိုးဆက်သစ်များမှာလည်း အားကျသည့်အမူအရာများဖြင့် ကျန်ရစ်ခဲ့ကြလေသည်။

“စီနီယာယန်...”

ထိုအခိုက်အတန့်တွင် ကျောက်ယန်သည် အတောင်ပံစိမ်းမီးလင်းယုန်၏ ကျောပေါ်၌ ထိုင်နေရင်း ယန်ချန်ယွမ်ကို တုံ့ဆိုင်းဆိုင်းဖြင့် ကြည့်လိုက်လေသည်။

“ကျုပ်ကို ဂိုဏ်းတူအစ်ကိုယန်လို့ပဲ ခေါ်ပါ…”

“ရွှမ်ဟွမ်ဂိုဏ်းထဲမှာ ဝိညာဉ်သန္ဓေသားအဆင့် မရောက်သေးသရွေ့ အားလုံးက ဂိုဏ်းတူညီအစ်ကိုတွေလိုပဲ ခေါ်ဝေါ်ကြတာလေ…”

ယန်ချန်ယွမ်က အပြုံးလေးဖြင့် ပြောလိုက်၏။

“ဟုတ်ကဲ့ပါ... ဂိုဏ်းတူအစ်ကိုယန်”

ထိုစကားကိုကြားသောအခါ ကျောက်ယန်၏စိတ်ထဲတွင် လှုပ်ရှားသွားခဲ့လေသည်။ ယခင်က ရွှမ်ဟွမ်ဂိုဏ်းသည် ဤကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် တစ်ခုတည်းသော နတ်ဘုရားအသွင်ပြောင်းအဆင့်ဂိုဏ်းဖြစ်ပြီး ကမ္ဘာလောကတစ်ခုလုံးကို လွှမ်းမိုးထားနိုင်သည်ဟု သူ ကြားခဲ့ဖူး၏။

သို့ရာတွင် ရွှမ်ဟွမ်ဂိုဏ်းအတွင်း၌ ဝိညာဉ်သန္ဓေသားအဆင့်သို့ ရောက်ရှိမှသာလျှင် ပညာရှင်တစ်ယောက်အဖြစ် သတ်မှတ်ခံရမည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိချေ။

ရွှမ်ဟွမ်ဂိုဏ်း၏ အင်အားကြီးမားမှုက သူ၏စိတ်ကူးယဉ်နိုင်စွမ်းထက်ပင် ကျော်လွန်နေမည်မှာ သေချာလှသည်။

သူ၏ ယခင်ယန်မိုဂိုဏ်းပင်လျှင် ယှဉ်နိုင်မည် မဟုတ်ချေ။

“မင်း ဘာမေးချင်တာရှိလဲ… အားမနာတမ်း မေးလို့ရတယ်နော်…”

“ကျုပ် ဖြေနိုင်သလောက်တော့ ဖြေပေးပါ့မယ်…”

ယန်ချန်ယွမ်သည် ဤဂျူနီယာညီငယ်လေး၏ စိတ်ထဲတွင် မေးခွန်းများ အပြည့်ရှိနေကြောင်းကို ရိပ်မိလိုက်သဖြင့် ပြုံးကာ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ... ဂိုဏ်းတူအစ်ကိုယန်”

ကျောက်ယန်မှာ အတိုင်းမသိ ဝမ်းသာသွားရပြီး ချက်ချင်းပင် မေးလိုက်၏။

“အရင်က မိသားစုထဲက လူကြီးတွေပြောတာကို ကျွန်တော် ကြားဖူးတယ်… လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ဂိုဏ်းချုပ်ကြီးဟာ အင်မော်တယ်ပညာရပ်ကို သုံပြီး လောကသုံးပါးကို ပေါင်းစည်းခဲ့တယ်… အဲဒီလိုနဲ့ ကျွန်တော်တို့ကမ္ဘာကြီးက ရွှမ်ဟွမ်ကမ္ဘာအဖြစ် ပြောင်းလဲသွားပြီး ဝိညာဉ်ကမ္ဘာအသစ်တစ်ခု ဖြစ်လာတယ်ဆိုတာလေ… အဲဒါ တကယ်လားဟင်…”

သူသည် ယန်ချန်ယွမ်ကို မျှော်လင့်ချက်အပြည့်ရှိသော မျက်နှာဖြင့် ကြည့်လိုက်လေသည်။

မည်သို့ပင်ဖြစ်စေ ဤခေတ်ကာလသည် ရှေးဟောင်းခေတ်ကာလထက် အများကြီး ပိုမိုအားကောင်းနေကြောင်းကို သူ သတိထားမိလိုက်၏။ ဝိညာဉ်ချီများ၏ သိပ်သည်းဆမှာ လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာကထက်ပင် ပိုမိုများပြားနေရုံသာမက တစ်နေ့ထက်တစ်နေ့ပင် တိုးပွားလာနေသေးရာ တကယ်ကို ထူးဆန်းအံ့သြဖွယ်ကောင်းလှပေသည်။

“ဒါပေါ့... တကယ်ဖြစ်ခဲ့တာလေ”

"လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက ကျုပ် မျက်စိနဲ့တပ်အပ် မြင်တွေ့ခဲ့ရတာလေ...”

"ဂိုဏ်းချုပ်အရှင်က အတုမရှိ အင်မော်တယ်ပညာရပ်ကို သုံးပြီး ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာနဲ့ ရှေးဟောင်းနတ်ဆိုးကမ္ဘာကို ရွှမ်ဟွမ်ကမ္ဘာထဲ အတင်းအကျပ် ပေါင်းစည်းပစ်ခဲ့တာလေ...”

"ဒါကြောင့် အခုဆိုရင် ကျုပ်တို့ ရွှမ်ဟွမ်ကမ္ဘာရဲ့ မြေပုံက ကောင်းကင်နဲ့ မြေကြီး မှောက်ခုံလန်သွားသလို အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး တိုက်ကြီးဆယ့်သုံးတိုက် ပေါ်ထွက်လာခဲ့တာပဲ...”

"ရေတွက်လို့မရနိုင်တဲ့ ကျွန်းတွေ၊ ကျယ်ပြောလှတဲ့ သမုဒ္ဒရာတွေလည်း ပါသေးတယ်...”

"ဟိုးရှေ့က နတ်ဘုရားသစ်ပင်ကြီးကို မြင်လား...”

"အဲဒါကတော့ ကျုပ်တို့ ရွှမ်ဟွမ်ဂိုဏ်းရဲ့ နတ်ဘုရားသစ်ပင်ဖြစ်တဲ့ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ပဲ...”

"ကောလာဟလတွေအရတော့ ဒါက အင်မော်တယ်ဘုံကနေ ဆင်းသက်လာတဲ့အပင်လို့ ပြောကြတယ်...”

"တကယ်လို့ ရင့်ကျက်တဲ့အဆင့်အထိ ကြီးထွားလာမယ်ဆိုရင် အင်မော်တယ်ဘုံကိုတောင် တိုက်ရိုက်သွားလို့ရနိုင်တယ်လေ...”

ယန်ချန်ယွမ်က ကောင်းကင်ဆီသို့ တိုက်ရိုက်ထိုးတက်နေပုံရသော အစိမ်းရောင်သစ်ပင်ကြီး သို့မဟုတ် နွယ်ပင်ကြီးဆီသို့ လက်ညှိုးထိုးပြလိုက်၏။

"ဒါက..."

ကျောက်ယန်၏ မျက်ဝန်းအိမ်များ ကျုံ့ဝင်သွားရသည်။

အမှန်တကယ်တွင် သူသည် ဤလျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးမားလှသော သစ်ပင်ကြီးကို စောစီးစွာကတည်းက သတိထားမိခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းမှာ အလွန်တရာ ကြီးမားလွန်းပြီး မြင့်မားလွန်းလှသည်ဖြစ်ရာ မိုင်ပေါင်းသန်းချီဝေးကွာသော နေရာမှပင်လျှင် ၎င်း၏ ခမ်းနားကြီးကျယ်လှသော ပုံပန်းသဏ္ဌာန်ကို မြင်တွေ့နိုင်သောကြောင့်ပင်။

ယခင်က အဝေးတွင်သာ ရှိနေခဲ့ရသဖြင့် ဤကဲ့သို့သော ခံစားချက်မျိုး မရရှိခဲ့ပေ။

သို့သော် ယခု ရွှမ်ဟွမ်ဂိုဏ်းအနီးသို့ ရောက်ရှိလာချိန်တွင်ကား ဤဆန်းကြယ်သော သစ်ပင်ကြီး၏ အရိပ်အယောင်ကို စတင်မြင်တွေ့လာရချေပြီ။

မိုင်ပေါင်းမည်မျှ ကွာဝေးနေသေးသည်ကို မသိရသော်ငြား နက်ရှိုင်းလှသော အငွေ့အသက်များကို ရှင်းလင်းစွာ ခံစားသိရှိနိုင်သေး၏။ အဆုံးမဲ့သော အင်မော်တယ်မူလချီများ ပျံ့နှံ့နေပြီး ရေတွက်၍မရနိုင်သော အင်မော်တယ်စာလုံးများ လည်ပတ်နေပုံရသည်။

ဤသည်မှာ ရှေးဟောင်းခေတ်ကာလကပင် တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးသော အပင်မျိုးဖြစ်ပြီး စိတ်ကူးယဉ်နိုင်စွမ်းထက်ပင် ကျော်လွန်နေချေသည်။

သူ၏အစွမ်းအထက်ဆုံး အထွတ်အထိပ်ကာလကပင်လျှင် ဤသစ်ပင်ကြီးနှင့် ရင်ဆိုင်ရပါက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အားနည်းလွန်းနေမည်ဟု သူ ခံစားလိုက်ရသည်။

အခန်း (၆၆၂) - နှစ်တစ်ရာကြာပြီးနောက် ရွှမ်ဟွမ်ဂိုဏ်း၊ ဆဋ္ဌမအဆင့် စိတ်ဝိညာဉ်သွေးကြောနှင့် စိတ်ဝိညာဉ်ကမ္ဘာသစ်တစ်ခု ဖန်တီးခြင်း(၄)။

“ဂိုဏ်းတူအစ်ကိုယန်... အင်မော်တယ်ဘုံနဲ့ ဆက်သွယ်နိုင်တယ်ဆိုတာ တကယ်ကြီးလား..."

ကျောက်ယန် တစ်ကိုယ်လုံး တုန်ယင်နေမိ၏။

သူသည် အတိတ်က နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တစ်ပါး ဖြစ်ခဲ့ဖူးသည်ဆိုလျှင်ပင် ဤကဲ့သို့သော သတင်းကို ကြားလိုက်ရချိန်တွင် မလွဲမသွေ ထိတ်လန့်တုန်လှုပ်သွားရသည်။

အဘယ်ကြောင့်ဆိုသော် စိတ်ဝိညာဉ်ကမ္ဘာမှ ကျင့်ကြံသူများပင်လျှင် ယနေ့အချိန်အထိ တာအိုကို နားလည်သဘောပေါက်ပြီး အင်မော်တယ်အဖြစ်သို့ ရောက်ရှိနိုင်သူဟူ၍ အနည်းငယ်သာ ရှိသောကြောင့်ပင်။

အကယ်၍ ဤသစ်ပင်ကြီးမှတစ်ဆင့် အင်မော်တယ်ဘုံဆီသို့ အဆက်မပြတ် တက်လှမ်းသွားနိုင်မည်ဆိုပါက စိတ်ကူးယဉ်ကြည့်ရန်ပင် ခက်ခဲလွန်းလှသည်။

စိတ်ဝိညာဉ်ကမ္ဘာမှ စွမ်းအားရှင်များစွာပင်လျှင် ပျားပန်းခပ်မျှ အုံနှင့်ကျင်းနှင့် ရောက်လာကြလိမ့်မည်ဟု ခန့်မှန်းရ၏။

နှစ်ပေါင်းသောင်းချီ ကြာမြင့်ပြီးနောက် ဤကဲ့သို့သော အင်မော်တယ်ဘုံ၏ အပင်မျိုးကို မြင်တွေ့ရလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ပေ။

"အဲဒါကတော့ ကောလာဟလတွေက ဒီလိုပဲ ပြောကြတာလေ...”

"တကယ် ဟုတ်မဟုတ်ဆိုတာကိုတော့ လောလောဆယ် မသိရသေးဘူး...”

"ဘာပဲဖြစ်ဖြစ် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်က ကြီးထွားဆဲအဆင့်မှာပဲ ရှိနေသေးတာဆိုတော့ အချိန်က အတော်ကြီးကို ကြာမြင့်ဦးမှာ...”

"ကျုပ်တို့ သက်တမ်းကုန်ဆုံးလို့ အိုမင်းသေဆုံးသွားတဲ့အထိတောင် သူ အပြည့်အဝ ကြီးထွားလာတာကို စောင့်နိုင်ချင်မှ စောင့်နိုင်လိမ့်မယ်...”

ယန်ချန်ယွမ်က လက်ကို ခါယမ်းပြလိုက်၏။

ဤကဲ့သို့သော ကောလာဟလများကို သူ လုံးဝ ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ သူနှင့် အလွန်တရာ အလှမ်းဝေးလွန်းလှသောကြောင့်ပင် မဟုတ်ပါလော။

သူ၏သက်တမ်းအရ ထိုအချိန်အထိ စောင့်ဆိုင်းနိုင်မည်ဟုလည်း မသေချာလှ။

"ဒါက..."

ဤစကားကို ကြားလိုက်ရချိန်တွင် ကျောက်ယန်၏ မျက်ဝန်းများက တလက်လက် တောက်ပသွားရသည်။

ဤနတ်ဘုရားသစ်ပင်၏ ကြီးထွားနှုန်းမှာ အလွန်နှေးကွေးပြီး အပြည့်အဝ ကြီးထွားလာရန်အတွက် နှစ်ပေါင်းသောင်းချီ၊ သိန်းချီ သို့မဟုတ် သန်းချီ၍ပင် အချိန်ယူရပေမည်။

သို့ရာတွင် အကယ်၍ သူသာ ထိုဆန်းကြယ်သော လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်သွားနိုင်ပါက သူ၏အချိန်များမှာ ရပ်တန့်လုနီးပါး အခြေအနေမျိုး ဖြစ်သွားပေလိမ့်မည်။

ထိုလျှို့ဝှက်နယ်မြေအတွင်း၌ ကျင့်ကြံ၍ မရနိုင်လျှင်ပင် သူ့အား အနာဂတ်ဆီသို့ တိတ်တဆိတ် ကူးဖြတ်သွားနိုင်စေမည်ဖြစ်၏။

အကယ်၍ ဤထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်သာ အနာဂတ်တွင် အင်မော်တယ်ဘုံနှင့် တကယ်တမ်း ဆက်သွယ်နိုင်မည်ဆိုပါက သူသည်လည်း နှစ်ပေါင်းတစ်သန်းအကြာဆီသို့ ခိုးဝင်သွားပြီးနောက် အခွင့်ကောင်းယူကာ တာအိုကိုနားလည်နိုင်ပြီး အင်မော်တယ်ဖြစ်လာနိုင်ကောင်းသည်။

"ဂိုဏ်းတူအစ်ကိုယန်... စိတ်ဝိညာဉ်ကမ္ဘာက ကျင့်ကြံသူတွေရဲ့ သက်တမ်းက ကျုပ်တို့ မူလကမ္ဘာက ကျင့်ကြံသူတွေထက် ပိုပြီး ရှည်လျားတယ်လို့ ကြားဖူးတယ်… အဲဒီကိစ္စက တကယ်များလား...” ကျောက်ယန်က ဆက်လက်မေးမြန်းလိုက်၏။

"အဲဒါကတော့ သေချာပေါက် အမှန်ပေါ့...”

"ဒါပေမဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့်နဲ့ အထက်က ကျင့်ကြံသူတွေအတွက်လောက်ပဲ ကန့်သတ်ထားတာလေ...”

"မူလကျင့်ကြံခြင်းကမ္ဘာမှာ နတ်ဘုရားအသွင်ပြောင်းအဆင့်က အလွန်ဆုံး အနှစ်သုံးထောင်ပဲ နေနိုင်ပေမဲ့ စိတ်ဝိညာဉ်ကမ္ဘာမှာတော့ အနှစ်ခြောက်ထောင်အထိ နေနိုင်တယ်လို့ ပြောကြတယ်...”

"သက်တမ်းက တစ်ဆတိတိကို တိုးလာတာလေ...”

"ဒါပေမဲ့ အခုတော့ မတူတော့ဘူး… စိတ်ဝိညာဉ်ကမ္ဘာကို မတက်လှမ်းဘဲ ရွှမ်ဟွမ်ကမ္ဘာထဲမှာ နေမယ်ဆိုရင်တောင် နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တွေက အနှစ်ခြောက်ထောင် နေနိုင်သွားပြီ… သက်တမ်းက အကြီးအကျယ် တိုးလာခဲ့တာပဲ...”

"ဒါပေမဲ့ အဲဒါကလည်း နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တွေမှပဲ ခံစားခွင့်ရတဲ့ အခွင့်အရေးမျိုးပေါ့...”

"မင်းလည်း ဒီသတင်းကို သိနေလိမ့်မယ်လို့ မထင်ထားဘူး… မင်းမိသားစုရဲ့ အကြီးအကဲတွေက ဗဟုသုတ ကြွယ်ဝပုံပဲ... ဟဟ…”

ယန်ချန်ယွမ်က ရယ်မောလိုက်လေသည်။

ဤကဲ့သို့သော လျှို့ဝှက်ချက်များကို ထုတ်ပြောပြရသည်ကိုလည်း သူ ဝန်လေးမနေပေ။

သာမန်ကျင့်ကြံသူများအတွက်မူ ဤသည်မှာ ကြီးမားသော လျှို့ဝှက်ချက်တစ်ခုဖြစ်ပြီး အချိန်နှင့်အင်အားများစွာ အကုန်ခံလျှင်ပင် ရရှိနိုင်ရန် မသေချာပေ။

သို့သော် ရွှမ်ဟွမ်ဂိုဏ်းမှ တပည့်များအတွက်မူ သာမန်အသိတစ်ခုမျှသာ ဖြစ်၏။ လျှို့ဝှက်ထားရန် လုံးဝမလိုအပ်ပေ။

"ဪ... ဒီလိုကိုး...”

ကျောက်ယန်၏ စိတ်ထဲတွင်လည်း မုန်တိုင်းထန်သွားသကဲ့သို့ တုန်လှုပ်ချောက်ချားသွားရသည်။

သူ၏ မူလဝိညာဉ်သက်တမ်းမှာ ယခင်ကထက် တစ်ဆတိတိ တိုးလာကာ အကြီးအကျယ် မြင့်တက်လာသည်ကို သူ သတိထားမိခဲ့သည်မှာလည်း အံ့ဩစရာမဟုတ်တော့ပေ။

မူလက သူသည်လည်း သက်တမ်းကုန်ဆုံး၍ သေဆုံးရတော့မည်ဖြစ်၏။

သို့သော် ဤခေတ်ကာလသို့ ရောက်ရှိလာပြီးနောက်တွင်မူ နေရင်းထိုင်ရင်း သက်တမ်းအနှစ်သုံးထောင် ရရှိလိုက်သကဲ့သို့ ဖြစ်သွားခဲ့၏။

သူ့အတွက် အနှစ်သုံးထောင် သက်တမ်းတိုးပေးလိုက်သည်နှင့် တူညီပေသည်။

ဤအချက်တစ်ချက်တည်းနှင့်ပင် ဤကမ္ဘာကြီးသည် ကောင်းကင်နှင့်မြေကြီး မှောက်ခုံလန်သွားသကဲ့သို့ ပြောင်းလဲသွားခဲ့သည်မှာ အမှန်တကယ်ပင် ဖြစ်ကြောင်း သက်သေပြရန် လုံလောက်နေပေပြီ။

ဤကမ္ဘာသည် စိတ်ဝိညာဉ်ကမ္ဘာနှင့် နှိုင်းယှဉ်နိုင်သည်ဆိုသော ကိစ္စမှာလည်း အခြေအမြစ်မရှိ ပြောဆိုနေခြင်းမျိုး မဟုတ်သလို ရွှမ်ဟွမ်ဂိုဏ်းမှ အလကား ကြွားလုံးထုတ်ထားခြင်းမျိုးလည်း မဟုတ်ပေ။

သူကဲ့သို့သော နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တစ်ပါးအနေဖြင့် ဤအချက်ကို အရှင်းလင်းဆုံး သိရှိထားပေသည်။

"ဂိုဏ်းတူအစ်ကိုယန်... ကျုပ်တို့ အဲဒီနတ်ဘုရားသစ်ပင်နားကို ကပ်ပြီး ကြည့်လို့ရမလား မသိဘူးနော်...”

ကျောက်ယန်က မျက်လုံးများကစားလိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

"ဟားဟား... ကျုပ်တို့ ရွှမ်ဟွမ်ဂိုဏ်းက တပည့်တွေထဲမှာ ဘယ်သူကများ အဲဒီနတ်ဘုရားသစ်ပင်ကို မကြည့်ချင်ဘဲ နေမှာလဲ...”

"ဒါပေမဲ့ အဲဒါက မဖြစ်နိုင်ဘူးလေ...”

"အဲဒီနေရာက ဂိုဏ်းချုပ်အရှင်ရဲ့ ကျင့်ကြံရာနေရာဖြစ်လို့ တခြားသူတွေ အနားကပ်ခွင့် လုံးဝမရှိဘူး...”

"ဒါပေါ့... တကယ်လို့ မင်းသာ ဂိုဏ်းအတွက် အကျိုးပြုမှတ်တွေ အများကြီးရထားတာ ဒါမှမဟုတ် ကြီးမားတဲ့ အကျိုးဆောင်မှုတွေ လုပ်ထားမယ်ဆိုရင်တော့ နတ်ဘုရားသစ်ပင်အနားမှာ ရက်အနည်းငယ် ကျင့်ကြံဖို့ ခွင့်ပြုချက်ရလိမ့်မယ်...”

"နတ်ဘုရားသစ်ပင်အနားမှာ ကျင့်ကြံမယ်ဆိုရင် မင်းရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းက အဆပေါင်းများစွာ တိုးလာလိမ့်မယ်လို့ ပြောကြတယ်...”

"တစ်ချိန်တည်းမှာပဲ အဆင့်တက်နိုင်ခြေကလည်း အရမ်းမြင့်တယ်...”

"ဝိညာဉ်သန္ဓေသားအဆင့် အကြီးအကဲတွေ အများကြီးကလည်း နတ်ဘုရားသစ်ပင်အနားမှာ ကျင့်ကြံချင်ကြပေမဲ့ နှမြောစရာကောင်းတာက အကျိုးပြုမှတ်အများကြီး လိုအပ်နေတာပဲ...”

ယန်ချန်ယွမ်က သက်ပြင်းချကာ ပြောလိုက်၏။

သူသည်လည်း ထိုထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်အနားသို့ ချဉ်းကပ်ကာ လေ့လာကြည့်ရှုချင်မိသည်။ ပြောမရနိုင်လောက်အောင် ကြီးမားသော အကျိုးကျေးဇူးများ ရရှိနိုင်မည်ဟု တွေးမိ၏။ သို့သော် ဝမ်းနည်းစရာမှာ သူ့၌ရှိသော အကျိုးပြုမှတ်များက လုံးဝမလုံလောက်ခြင်းပင်ဖြစ်ချေသည်။

ထို့ကြောင့် သူသည် ဤဆန်းကြယ်လှသော နတ်ဘုရားသစ်ပင်ကြီးကို အဝေးမှသာ လှမ်းမျှော်ကြည့်ရှုနိုင်တော့၏။

ဤစကားကို ကြားလိုက်ရချိန်တွင် ကျောက်ယန်မှာ စိတ်ပျက်မသွားသည့်အပြင် အလွန်အမင်း စိတ်လှုပ်ရှားသွားလေသည်။

မည်သို့ပင်ဖြစ်စေကာမူ အခွင့်အရေးရှိလျှင် ရပြီဖြစ်၏။ ဂိုဏ်းအကျိုးပြုမှတ်ဆိုသည်ကား လုံးဝကို ကိစ္စမရှိပေ။

ဝုန်း...။

များစွာမကြာလိုက်၊ တတိယအဆင့် တောင်ပံစိမ်းမီးလင်းယုန်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှမ်ဟွမ်ဂိုဏ်း၏ တောင်တံခါးဝရှေ့သို့ ရောက်ရှိလာတော့၏။

၎င်းမှာ ပေတစ်သောင်းမျှ မြင့်မားပုံရသော ခမ်းနားကြီးကျယ်လှသည့် တောင်တံခါးကြီးတစ်ခုဖြစ်ပြီး တစ်ခုလုံးကို ကျောက်စိမ်းဖြူများဖြင့် တည်ဆောက်ထားကာ အထက်တွင် တားမြစ်အစီအရင်များ ပြည့်နှက်နေအောင် ရေးထွင်းထားသဖြင့် အလွန်တရာ ခိုင်ခံ့လွန်းလှသည်။

ပတ်လည်တွင်မူ ကြီးမားကျယ်ပြန့်လှသော ပဉ္စမအဆင့် အထွတ်အထိပ်အကာအကွယ်တစ်ခုရှိနေပြီး ရေတွက်၍မရနိုင်သော ပဉ္စမအဆင့် အစီအရင်ရုန်းသင်္ကတများ ထွက်ပေါ်နေကာ ဖျက်ဆီးခြင်းအငွေ့အသက်များ ပါဝင်နေပေသည်။

အကယ်၍ တစ်စုံတစ်ယောက်က ထိုနေရာသို့ ရဲတင်းစွာ ကျူးကျော်ဝင်ရောက်လာမည်ဆိုပါက ဖျက်ဆီးခြင်းဒဏ်ကို ခံရမည်မှာ သေချာပေသည်။

နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူဖြစ်လျှင်ပင် နေရာတွင်အသက်ပျောက်ပြီး တာအိုလမ်းစဉ် ပျက်သုဉ်းသွားရပေလိမ့်မည်။

တောင်တံခါးဝသို့ ရောက်ရှိပြီးနောက်တွင် ယန်ချန်ယွမ်က ကျောက်ယန်ကို ခေါ်ဆောင်ကာ တောင်ပံစိမ်းမီးလင်းယုန်ပေါ်မှ ချက်ချင်းဆင်းလိုက်ပြီး တောင်တံခါးအတွင်းသို့ ခြေလျင်လျှောက်ဝင်သွားသည်။ သူသည် ကိုယ်ပေါ်မှ ရွှမ်ဟွမ်ဂိုဏ်းအမှတ်အသား တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ ညင်သာစွာ ထိလိုက်၏။

ချက်ချင်းပင် အကာအကွယ်ပွင့်သွားပြီး အလင်းတံခါးတစ်ခု ပေါ်လာလေသည်။

ထို့နောက် ယန်ချန်ယွမ်က ကျောက်ယန်ကို ခေါ်ဆောင်ကာ တောင်တံခါးအတွင်းသို့ ဝင်ရောက်သွားတော့၏။

ဘာ...။

တောင်တံခါးအတွင်းသို့ ဝင်ဝင်ချင်းမှာပင် ကျောက်ယန်၏ မျက်ဝန်းများ ကျုံ့ဝင်သွားရသည်။ အဘယ်ကြောင့်ဆိုသော် တောင်တံခါးအထက်တွင် ပျင်းရိပျင်းတွဲ ဝပ်နေသော ပေတစ်ရာခန့်ကြီးမားသည့် ကျောင်းလုံနဂါးတစ်ကောင်ကို သူ ချက်ချင်း မြင်လိုက်ရသောကြောင့်ပင်။ ၎င်း၏ကိုယ်ပေါ်တွင် အမျိုးအမည်မသိသော နဂါးစွမ်းအားများ ပျံ့နှံ့နေသည်။

ဤကျောင်းလုံနဂါး၏ ကိုယ်ပေါ်ရှိ အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး အနည်းဆုံး နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံခြင်းစွမ်းရည် ရှိနေချေသည်။

ရွှမ်ဟွမ်ဂိုဏ်း၏ တောင်တံခါးဝတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျောင်းလုံနဂါးက စောင့်ကြပ်နေလိမ့်မည်ဟု သေသည့်တိုင် သူ မထင်မှတ်ထားခဲ့မိပေ။ ၎င်းမှာ အမှန်တကယ်ပင် အံ့မခန်းဖြစ်လွန်းလှ၏။

ရှေးဟောင်းခေတ်ကာလက နတ်ဘုရားအသွင်ပြောင်းအဆင့်ဂိုဏ်းများပင်လျှင် ဤမျှကြီးမားသော လုပ်ရပ်မျိုး မရှိခဲ့ကြချေ။

"ဒီအရှင်က ကျုပ်တို့ ရွှမ်ဟွမ်ဂိုဏ်းရဲ့ တောင်စောင့်ဝိညာဉ်သားရဲ ကျောင်းလုံအရှင်သခင်ပဲ...”

"တောင်တံခါးဝကို စောင့်ကြပ်ရတာပေါ့...”

"ဒါပေမဲ့ သူက သာမန်အချိန်တွေမှာ အနှောင့်အယှက်ပေးခံရတာကို မကြိုက်ဘူး… ဒါကြောင့် သူနဲ့ သွားပြီး စကားမပြောပါနဲ့… ခေါင်းညိတ်ပြရုံနဲ့တင် ရပါပြီ...”

"ရိုသေမှုကို ပြသလိုက်တယ်ဆိုရင် လုံလောက်သွားပါပြီ...”

ယန်ချန်ယွမ်က ရှင်းပြလိုက်၏။

"ဂိုဏ်းတူအစ်ကိုယန်... ဒီလို နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲတွေ အများကြီးလား...”

ကျောက်ယန်က မနေနိုင်ဘဲ မေးလိုက်၏။

နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲများကို တောင်တံခါးစောင့်ခိုင်းခြင်းက လွန်လွန်းနေသည်ဟု သူ ခံစားလိုက်ရသည်။

"သိပ်တော့လည်း မများပါဘူး...”

"လောလောဆယ် ကျုပ်တို့ ရွှမ်ဟွမ်ဂိုဏ်းတစ်ဂိုဏ်းလုံးမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲ အကောင်တစ်ရာကျော်လောက်ပဲ ရှိတာပါ...”

ယန်ချန်ယွမ်က လက်ကို ဝှေ့ယမ်းပြလိုက်၏။

"ဒါက..."

ဤစကားကို ကြားလိုက်ရချိန်တွင် ကျောက်ယန်၏ မျက်နှာကြွက်သားများ တွန့်လိမ်သွားပြီး ဆွံ့အသွားကာ မည်သို့ပြောရမှန်းပင် မသိတော့ချေ။

ရွှမ်ဟွမ်ဂိုဏ်းသည် လွန်ခဲ့သော နှစ်ပေါင်းသောင်းချီအတွင်း မွေးဖွားလာခဲ့သည့် အသန်မာဆုံး နတ်ဘုရားအသွင်ပြောင်းအဆင့်ဂိုဏ်းဖြစ်မှန်း သူ သိထားသော်လည်း ဂိုဏ်းတစ်ခုတည်းတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် ဝိညာဉ်သားရဲ အကောင်တစ်ရာကျော် ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

ဤကဲ့သို့သော စွမ်းအားမျိုးက အလွန်တရာကို ချဲ့ကားလွန်းနေသည် မဟုတ်ပါလော။

ရှေးဟောင်းခေတ်ကာလဆိုလျှင်ပင် ယင်းသည် ပြိုင်ဘက်ကင်းသော အုပ်စိုးသူဂိုဏ်းကြီးတစ်ခု ဖြစ်နေမည်မှာ သေချာပေသည်။

အတိတ်က သူ၏ယန်မိုဂိုဏ်းသည် ဤသည်နှင့် နှိုင်းယှဉ်လိုက်ပါက အမှိုက်တစ်စမျှသာ ဖြစ်၏။ ၎င်းတို့နှစ်ခုမှာ ကွာခြားလွန်းလှပြီး လုံးဝ နှိုင်းယှဉ်၍မရနိုင်ပေ။

သို့သော် သေချာ ပြန်တွေးကြည့်မည်ဆိုလျှင်မူ ရွှမ်ဟွမ်ဂိုဏ်းချုပ်က အင်မော်တယ်ဝင်စားသူဖြစ်နိုင်ရာ ဤအချက်သည်ကာ ပြောပလောက်စရာမဟုတ်တော့ချေ။

များစွာမကြာလိုက်၊ ယန်ချန်ယွမ်နှင့် ကျောက်ယန်တို့သည် အထစ်ပေါင်းတစ်သိန်းရှိသော လှေကားကို တက်သွားကြပြီး နောက်ဆုံးတွင် တောင်ထိပ်သို့ ရောက်ရှိသွားကြလေသည်။

အဝေးသို့ လှမ်းကြည့်လိုက်သည့်အခါ ဆက်တိုက်ဆိုသလို အနိမ့်အမြင့်များဖြင့် အဆုံးအစမဲ့ ကျယ်ပြန့်လှသော တောင်တန်းကြီးများကို မြင်တွေ့ရလေသည်။

တောင်ထွတ်များစွာတို့၏ အလယ်တွင်မူ ခမ်းနားကြီးကျယ်လှသော နန်းတော်များစွာကို တည်ဆောက်ထားပြီး တားမြစ်အစီအရင်များကို ထွင်းထုထား၏။

ပတ်ပတ်လည်တွင် မြူခိုးများ ရစ်သိုင်းနေကာ အင်မော်တယ်ကမ္ဘာလေးတစ်ခုကဲ့သို့ ဖြစ်နေပေသည်။

သဘာဝစိတ်ဝိညာဉ်ချီများမှာ အထွတ်အထိပ်သို့ ရောက်ရှိလုနီးပါး သိပ်သည်းနေပြီး စိတ်ဝိညာဉ်အရည်များ၊ စိတ်ဝိညာဉ်မြူခိုးများအဖြစ်ပင် ဖြစ်ပေါ်နေသည်။ ကောင်းကင်ထက်ရှိ ဤစိတ်ဝိညာဉ်မြူခိုးများသည် မျိုးစုံသော ဝိညာဉ်သားရဲများ၊ နတ်ဘုရားသားရဲများအဖြစ်ပင် အသွင်ပြောင်းနေကာ အလွန်တရာ ဆန်းကြယ်လွန်းလှတော့သည်။

All Chapters