အခန်း (၆၆၅-၆၆၆)
Vol. 62 Ch. 665-666
အခန်း (၆၆၅) - ‘စာအုပ်ကူ’၏ စွမ်းပကား၊ ကျင့်ကြံခြင်းလောကပုံစံ အင်တာနက်ကွန်ရက်၊ ပေခြောက်ထောင်ရှည်လျားသော ကံကြမ္မာရွှေနဂါး(၂)။
“တပည့်သစ် ကျောက်ယန်လား”
“ဒီနှစ်မှာ ရွှမ်ဟွမ်ဂိုဏ်းအတွက် တပည့်တစ်ယောက်ထပ်ပြီး လက်ခံနိုင်လိမ့်မယ်လို့ မထင်ထားဘူး… ကြည့်ရတာ ကံကောင်းနေသေးတဲ့ပုံပဲ”
“ဒီဂိုဏ်းတူညီလေးက ဘယ်တောင်ထွတ်ကို ဝင်ရောက်လာနိုင်မလဲဆိုတာ မသိရသေးဘူး”
“ဪ... ဒါက ရွှမ်ဟွမ်အမိန့်ပေးတံဆိပ်ပြားပဲ… ယူပြီး သန့်စင်လိုက်ဦး”
စီမံရေးမှူးလျိုက အနည်းငယ် ပြုံးလိုက်ပြီး ကျောက်ယန်ကို ကြင်နာစွာ ကြည့်ရှုလိုက်သည်။
စကားဆုံးသည်နှင့် သူ၏ကိုယ်ပေါ်မှ လျှို့ဝှက်ဆန်းကြယ်သည့် မှော်အင်းကွက်များ ထွင်းထုထားသော အဖြူရောင်ကျောက်စိမ်း အမိန့်ပေးတံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်၏။ ယင်းမှာ မှော်ရတနာတစ်ပါးဖြစ်ဟန်တူပြီး ကျောက်ယန်ထံသို့ ကမ်းပေးလိုက်လေ၏။
ဤစကားကို ကြားလိုက်ရသောအခါ ကျောက်ယန် အလွန်စပ်စုချင်သွားမိသည်။ သူသည် အမိန့်ပေးတံဆိပ်ပြားကို ချက်ချင်း လှမ်းယူလိုက်ပြီးနောက် ကိုယ်တွင်းရှိ ဝိညာဉ်အာရုံကို အသုံးပြုကာ ယင်းအမိန့်ပေးတံဆိပ်ပြားကို ချက်ချင်း သန့်စင်လိုက်လေသည်။
ထို့နောက် ဤအမိန့်ပေးတံဆိပ်ပြားသည် သူ၏ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ပေါင်းစည်းဝင်ရောက်သွားချေသည်။
ဝုန်း...။
နောက်တစ်စက္ကန့်တွင် သူ၏ဝိညာဉ်သည် လျှို့ဝှက်ဆန်းကြယ်သော နေရာလွတ်တစ်ခုဆီသို့ ချက်ချင်း ချိတ်ဆက်သွားကြောင်း သတိပြုမိလိုက်ပြီးနောက် သူ၏မျက်စိရှေ့တွင် အချက်အလက်ပြမျက်နှာပြင်တစ်ခုက ရုတ်တရက် ပေါ်လာသည်ကို ခံစားလိုက်ရသည်။
[ အမည် - ကျောက်ယန်၊ ကျင့်ကြံခြင်း - ချီသန့်စင်ခြင်းအဆင့် ၂၊ အသက် - ၁၃ နှစ် ]
[ ကိုယ်ပိုင်အမှတ် - ၄၈၅၂၁၆၉၇ ]
[ ပါရမီ - ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်၊ မီးဓာတ်စိတ်ဝိညာဉ်ခန္ဓာ ]
[ အကြံပြုချက် - ယန်မိုတောင်ထွတ်သို့ ဝင်ရောက်ရန် သင့်တော်ပြီး ယန်မိုအင်မော်တယ်ကျမ်းကို ကျင့်ကြံရန် သင့်တော်ပါသည်။ ]
[ မိတ်ဆွေစာရင်း - ၀ ]
[ အကျိုးပြုမှတ် - ၀ ]
[ ပိုင်ဆိုင်မှု - ၀ ]
“ဒါ...”
ကျောက်ယန်၏ မျက်ဆန်များ ကျုံ့ဝင်သွားလေသည်။ အပေါ်တွင် ဖော်ပြထားသော အချက်အလက်များစွာကို မြင်လိုက်ရသောအခါ အလွန်အမင်း အံ့အားသင့်သွားပြီး ဘာတွေဖြစ်နေမှန်းပင် မသိတော့ချေ။
အမိန့်ပေးတံဆိပ်ပြားကို သန့်စင်လိုက်ပြီးနောက် သူ၏ ကိုယ်ရေးအချက်အလက်များအားလုံး ပေါက်ကြားသွားပုံရလေ၏။
အမှန်တကယ်ပင် မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်နေရတော့သည်။
“ဟားဟား... လန့်သွားတယ်မလား”
“မင်းရှေ့မှာ ပေါ်လာတာက အချက်အလက်ပြမျက်နှာပြင်လို့ ခေါ်တယ်…”
“မင်းအနေနဲ့ အမိန့်ပေးတံဆိပ်ပြားကို သန့်စင်လိုက်တဲ့အခါ ဂိုဏ်းချုပ်အရှင်ရဲ့ လျှို့ဝှက်ရတနာဖြစ်တဲ့ သိဒ္ဓိဝင်ကျမ်းစာတောင်နဲ့ မင်းရဲ့အသိစိတ်ကို ချိတ်ဆက်ပေးနိုင်လိမ့်မယ်…”
“မင်းရဲ့ ခန္ဓာကိုယ်အချက်အလက်တွေကို ဖော်ပြပေးနိုင်တာကလည်း ကျမ်းစာတောင်အရှင်က မင်းရဲ့ခန္ဓာကိုယ်ကို ချက်ချင်း စစ်ဆေးလိုက်ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ မင်းပိုင်ဆိုင်ထားတဲ့ ပါရမီတွေကို ရှင်းရှင်းလင်းလင်း သိရှိသွားလို့ပဲ…”
“အဲဒီနောက်မှာတော့ ကျမ်းစာတောင်အရှင်က မင်းရဲ့ပါရမီအပေါ် မူတည်ပြီးတော့ ပညာသင်ယူနိုင်ဖို့အတွက် ဂိုဏ်းခွဲတောင်ထွတ်တစ်ခုထဲကို ဝင်ရောက်ဖို့ အကြံပြုပေးနိုင်လိမ့်မယ်…”
“ဒါပေမဲ့ မင်းရဲ့ အချက်အလက်တွေ ပေါက်ကြားသွားမှာကို စိုးရိမ်နေစရာ မလိုပါဘူး…”
“ကျမ်းစာတောင်အရှင်ကလွဲပြီး မင်းရဲ့ ခန္ဓာကိုယ်အချက်အလက်တွေကို ဘယ်သူမှ မသိနိုင်ဘူးလေ…”
“ဒါနဲ့ မင်းကို ဘယ်တောင်ထွတ်ဆီ သွားပြီး ပညာသင်ယူဖို့ အကြံပြုထားလဲ…”
ယန်ချန်ယွမ်က အနည်းငယ် ပြုံးလိုက်ပြီး ဤအမိန့်ပေးတံဆိပ်ပြား၏အသုံးဝင်ပုံကို ရှင်းပြလိုက်သည်။
'သိဒ္ဓိဝင်ကျမ်းစာတောင်'ဟု အကြောင်းပြရခြင်းမှာ ကျိုးစွေ့သည် ၎င်းထံရှိ ကူပိုးကောင်များ၏အစွမ်းကို မဖော်ထုတ်လိုသောကြောင့်ပင် ဖြစ်သည်။
ဤသည်မှာ သူ၏အကြီးမားဆုံးသော လျှို့ဝှက်ချက်ဖြစ်ပြီး တာအိုလက်တွဲဖော်များပင်လျှင် သိရှိမည်မဟုတ်သောကြောင့် ထုတ်ဖော်ပြသမည်မဟုတ်သည်မှာ သေချာလှသည်။
ထို့ပြင် ရတနာများ၏စွမ်းရည်မှာ ထူးခြားဆန်းကြယ်ကာ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသောကြောင့် ရွှမ်ဟွမ်ဂိုဏ်းမှ တပည့်များအနေဖြင့်လည်း ပို၍နားလည်နိုင်မည်ဖြစ်၏။
ဤသည်က ကျိုးစွေ့ထံရှိ အစစ်အမှန်စွမ်းရည်များကို ဖုံးကွယ်ရန်လည်း ပို၍အဆင်ပြေစေသည်။
သိဒ္ဓိဝင်ကျမ်းစာတောင်တဲ့လား…။
ဤစကားကိုကြားသောအခါ ကျောက်ယန်တစ်ယောက် မျက်လုံးပြူးသွားပြီး လောကကြီးတွင် ဤကဲ့သို့သောရတနာမျိုး ရှိနေလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့သဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
အကယ်၍ ဤသို့သောစွမ်းရည်မျိုး အမှန်တကယ်ရှိနေပါက လူမှန်ရွေးချယ်၍ သင်ကြားပေးနိုင်မည်မှာ သေချာပေသည်။
တပည့်တစ်ဦးစီ၏ ပါရမီစွမ်းရည်များကို အပြည့်အဝအသုံးချနိုင်မည်ဖြစ်၏။
ရွှမ်ဟွမ်ဂိုဏ်းမှတပည့်တိုင်း ပါရမီရှင်များဖြစ်နေသည်မှာ အံ့သြစရာမဟုတ်တော့ပေ။
ဤကြောက်မက်ဖွယ်ကောင်းသောစွမ်းရည်ကို အမှန်တကယ်ခံစားလိုက်ရပြီး ၎င်းမှာ အင်မော်တယ်တို့၏ နည်းလမ်းဖြစ်ကြောင်း သေချာသွားတော့သည်။
"ဂိုဏ်းတူအစ်ကိုယန်... ကျမ်းစာတောင်သခင်က ကျွန်တော့်ကို ယန်မိုတောင်ထွတ်ဆီဝင်ဖို့ အကြံပြုထားတယ်..."
ကျောက်ယန်က ပြောလိုက်၏။
"ယန်မိုတောင်ထွတ်လား...”
"ဒါက တကယ်ကိုမဆိုးတဲ့ ဂိုဏ်းခွဲတစ်ခုပဲ..."
"ဒီဂိုဏ်းခွဲရဲ့အမွေအနှစ်က ရှေးဟောင်းနတ်ဘုရားအသွင်ပြောင်းအဆင့်ဂိုဏ်းဖြစ်တဲ့ ယန်မိုဂိုဏ်းကနေ ဆင်းသက်လာတယ်လို့ ဆိုကြတယ်..."
"သူတို့ရဲ့အဓိကကျင့်စဉ်ဖြစ်တဲ့ ယန်မိုအင်မော်တယ်ကျမ်းကို ဂိုဏ်းချုပ်ကြီးက ရရှိထားခဲ့တယ်… ဒါက အင်မော်တယ်အဆင့်ကို တိုက်ရိုက်ရောက်ရှိနိုင်တဲ့ ပြိုင်ဘက်ကင်းကျင့်စဉ်တစ်ခုပဲ..."
"ဒါပေမယ့် မီးဓာတ်စိတ်ဝိညာဉ်အမြစ် ဒါမှမဟုတ် မီးဓာတ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့ကျင့်ကြံသူတွေနဲ့သာ သင့်တော်တယ်..."
"မင်းရဲ့ပါရမီအရဆိုရင် ယန်မိုတောင်ထွတ်ကိုဝင်ဖို့ တကယ်ကိုသင့်တော်ပါတယ်..."
ယန်ချန်ယွမ်က ပြုံးလျက် ပြောလိုက်၏။ သူသည် ရွှမ်ဟွမ်ဂိုဏ်း၏ ဂိုဏ်းခွဲများစွာအကြောင်းကို လက်ခုပ်ထဲကရေကဲ့သို့ သိထားပေသည်။
ယခုလက်ရှိအချိန်အထိ ရွှမ်ဟွမ်ဂိုဏ်းတွင် ဂိုဏ်းခွဲပေါင်း တစ်ရာ့ရှစ်ခုရှိလေသည်။
ဂိုဏ်းခွဲတစ်ခုစီ၏အမွေအနှစ်များမှာ အင်မော်တယ်များချန်ရစ်ခဲ့သည့် အင်မော်တယ်ကျမ်းများမှ ဆင်းသက်လာခြင်းဖြစ်၏။
သေချာသည်မှာ ဂိုဏ်းခွဲများစွာရှိနေသော်လည်း လက်ရှိရွှမ်ဟွမ်ဂိုဏ်း၏ အခြေအနေအရ တောင်ထွတ်သခင် ထိုမျှလောက်များများ ရှာတွေ့နိုင်မည်မဟုတ်ပေ။
သို့ရာတွင် ကျိုးစွေ့မှာမူ မတူညီပေ။ သူ့၌ ကိုယ်ပွားများစွာရှိသည် မဟုတ်ပါလော။
အပြင်လူများကို ရှာမရနိုင်သဖြင့် မိမိကိုယ်တိုင် တာဝန်ယူလိုက်ခြင်းမှာလည်း အတူတူပင်ဖြစ်၏။
ထို့ကြောင့် ကျိုးစွေ့၏ ကိုယ်ပွားများစွာသည် လူအမျိုးမျိုးအသွင် ပြောင်းလဲကာ ရွှမ်ဟွမ်ဂိုဏ်း၏ တောင်ထွတ်သခင်များစွာ ဖြစ်လာကြလေသည်။
ဤအမွေအနှစ်များကို ကြီးကြပ်ရာတွင် ကူညီပေးကြသလို ရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်လာသော တပည့်များကို လမ်းညွှန်ပေးရန်လည်း တာဝန်ယူထားသည်။
တောင်ထွတ်သခင်အများစုမှာ ရွှမ်ဟွမ်ဂိုဏ်းချုပ်၏ ကိုယ်ပွားများဖြစ်သည်ဆိုခြင်းအား ရွှမ်ဟွမ်ဂိုဏ်းမှ တပည့်အများစု သိရှိကြမည်မဟုတ်ဟု ခန့်မှန်းရသည်။
"အင်မော်တယ်အဆင့်ကို တိုက်ရိုက်ရောက်နိုင်တယ်..."
ဤစကားကိုကြားလိုက်ရသောအခါ ကျောက်ယန်တစ်ယောက် လုံးဝကြက်သေသေသွားတော့သည်။ ရွှမ်ဟွမ်ဂိုဏ်းတွင် ဤကဲ့သို့သောသတင်းမျိုး ကြားရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ယန်မိုဂိုဏ်း၏ ကျင့်စဉ်များမှာ ပျောက်ကွယ်သွားခဲ့ပြီဟု သူထင်ထားခဲ့၏။
မိမိမှလွဲ၍ မည်သူမျှ တတ်ကျွမ်းနိုင်မည်မဟုတ်ဟု တွေးထားခဲ့သည်။
သို့ရာတွင် ယခုမူ ရွှမ်ဟွမ်ဂိုဏ်း၌ အတိတ်က ယန်မိုဂိုဏ်း၏ အမွေအနှစ်များ ရှိနေလေသည်။
ထို့ပြင် တစ်ဖက်လူ ရရှိထားသောကျင့်စဉ်မှာ မိမိထက်ပင် ပို၍ ပြည့်စုံနေသေး၏။
မည်သို့ပင်ဖြစ်စေ အတိတ်က ယန်မိုဂိုဏ်း၏ကျင့်စဉ်များမှာ အလွန်ဆုံးအနေဖြင့် နတ်ဘုရားအသွင်ပြောင်းအဆင့်အထိသာ ကျင့်ကြံနိုင်မည်ဖြစ်သည်။
သို့သော် ရွှမ်ဟွမ်ဂိုဏ်း၏ကျင့်စဉ်မှာမူ မဟာယာနအဆင့်အထိပင် ကျင့်ကြံနိုင်ပေသည်။
ဤသည်မှာ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေချေပြီ။
ယန်မိုဂိုဏ်း၏ စစ်မှန်သော အမွေအနှစ်ကို မည်သူကရရှိသွားခဲ့သနည်း။
"ဒါနဲ့ မင်းရဲ့နံပါတ်က ဘယ်လောက်လဲ... တို့တွေ မိတ်ဆွေဖွဲ့ကြရအောင်..."
ယန်ချန်ယွမ်က ပြောလိုက်၏။
"မိတ်ဆွေဖွဲ့မယ်... အဲဒါက ဘာအဓိပ္ပာယ်လဲ...”
ကျောက်ယန်မှာ ယန်ချန်ယွမ် ဘာပြောနေမှန်း မသိသဖြင့် မျက်နှာတွင် နားမလည်နိုင်သည့်အမူအရာ ပေါ်လွင်နေလေသည်။
"ဟားဟား... မင်းက ဒီအချက်အလက်ပြမျက်နှာပြင်ကို ခန္ဓာကိုယ်အချက်အလက်တွေ မှတ်တမ်းတင်ဖို့လောက်ပဲ သုံးတယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်..."
"ဒါရဲ့အသုံးဝင်ပုံက ဒီလောက်တင်မကဘူး..."
"အချင်းချင်းဆက်သွယ်လို့လည်း ရသေးတယ်..."
"မိတ်ဆွေဖွဲ့ပြီးသွားရင် အချက်အလက်ပြမျက်နှာပြင်ပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် သတင်းစကားပါးပြီး စကားပြောလို့ရပြီ..."
"စိတ်ကူးနဲ့တင် စကားပြောအကွက်ပေါ်မှာ စာရိုက်လို့ရတယ်..."
"ပြီးတော့ သတင်းစကားပေးပို့တာကလည်း ချက်ချင်းရောက်တယ်... ဘာနှောင့်နှေးမှုမှမရှိတဲ့အတွက် အရမ်းကိုအဆင်ပြေတယ်..."
"မိုင်သန်းပေါင်းများစွာ ကွာဝေးနေရင်တောင် အချင်းချင်းသတင်းစကားတွေ ဖလှယ်လို့ရတယ်..."
ယန်ချန်ယွမ်က ရှင်းပြလိုက်သည်။
ဘာ...။
ဤစကားထွက်ပေါ်လာချိန်တွင် ကျောက်ယန်၏စိတ်ထဲ၌ မုန်တိုင်းထန်သွားသကဲ့သို့ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားတော့သည်။
ဤစွမ်းရည်မှာ မည်မျှအထိကြောက်မက်ဖွယ်ကောင်းကြောင်း သူသိထားပေသည်။
အတိတ်က ကျင့်ကြံခြင်းလောကတွင် သတင်းပို့သည့်ကိရိယာ သို့မဟုတ် သတင်းပို့အဆောင်ကဲ့သို့သော အလားတူသတင်းပို့နိုင်သည့် စွမ်းရည်မျိုးရှိခဲ့၏။
ပြဿနာမှာ သတင်းပို့ကိရိယာဖြစ်စေ၊ သတင်းပို့အဆောင်ဖြစ်စေ ၎င်းတို့၏အကွာအဝေးမှာ ကန့်သတ်ချက်ရှိနေခြင်းပင်။
အဆင့်အတန်းမြင့်မားမှုအပေါ်မူတည်၍ မိုင်တစ်ထောင်၊ မိုင်တစ်သောင်း၊ မိုင်တစ်သိန်း၊ မိုင်တစ်သန်း စသဖြင့် ကွာခြားသွားသည်။
သို့သော် အမြင့်ဆုံးဆိုလျှင်ပင် မိုင်ဆယ်သန်းထက်ပို၍ မကွာဝေးနိုင်ပေ။
အဆင့်ပိုမြင့်သောသတင်းပို့ကိရိယာမှာလည်း ဖန်တီးစရိတ် ပိုမိုကြီးမားသောကြောင့် သာမန်လူများ လုံးဝအသုံးမပြုနိုင်ချေ။
ထို့ကြောင့် ကျင့်ကြံခြင်းလောကတွင် သတင်းအချက်အလက်ပေးပို့ရာ၌ အလွန်နှေးကွေးလေသည်။
အကယ်၍ မမျှော်လင့်ထားသည့် ပြဿနာတစ်ခုခု ဖြစ်ပွားလာပါက သတင်းပြတ်တောက်သွားနိုင်ခြေလည်း ရှိပေသည်။
သို့ရာတွင် ဤသိဒ္ဓိဝင်ကျမ်းစာတောင်ရတနာကမူ ကျင့်ကြံသူတိုင်း၏ဆက်သွယ်ရေးကို ချိတ်ဆက်ပေးနိုင်ပြီး အချင်းချင်းသတင်းစကားများ ဖလှယ်နိုင်စေသည်ဖြစ်ရာ ဤစွမ်းရည်မှာ အင်မော်တယ်တို့ကဲ့သို့ အလွန်အစွမ်းထက်လှချေသည်။
ဤသို့သောသတင်းပို့စွမ်းရည် ပိုင်ဆိုင်ထားခြင်းက ကျင့်ကြံခြင်းလောကကို ကောင်းကင်နှင့်မြေကြီး မှောက်ခုံလန်သွားသကဲ့သို့ ပြောင်းလဲသွားစေပေမည်။
ပြင်ပလောကမှ မည်သူကမျှလည်း ရွှမ်ဟွမ်ဂိုဏ်း၏ တပည့်များကို လုပ်ကြံသတ်ဖြတ်ရဲမည် မဟုတ်တော့ပေ။
အကယ်၍ လုပ်ကြံခံရလျှင်ပင် သတင်းစကားကို ချက်ချင်းပို့နိုင်ပြီး ရွှမ်ဟွမ်ဂိုဏ်းမှ ကျင့်ကြံသူများကို အမြန်ဆုံး လာရောက်ကယ်ဆယ်စေနိုင်မည်ဖြစ်၏။
ယင်း၏ အကျိုးကျေးဇူးများမှာ ပြောစရာပင် မလိုတော့ချေ။
"ဂိုဏ်းတူအစ်ကို... တကယ်ပဲအကွာအဝေးကန့်သတ်ချက် မရှိဘူးလား...”
ကျောက်ယန်က မနေနိုင်ဘဲ မေးလိုက်၏။
"ဒါကတော့ တကယ်ကြီး အကွာအဝေးကန့်သတ်ချက် မရှိတာတော့ မဟုတ်ဘူး..."
"ဒါပေမယ့် ယေဘုယျပြောရရင် ရွှမ်ဟွမ်ကမ္ဘာထဲမှာ ရှိနေသရွေ့တော့ အချင်းချင်း သတင်းပို့လို့ရတယ်..."
"ရွှမ်ဟွမ်ကမ္ဘာရဲ့ အပြင်ဘက် ရောက်သွားရင်တော့ သေချာမသိဘူး..."
"အဲဒီအချိန်ကျရင်တော့ အဆက်အသွယ် ပြတ်တောက်သွားနိုင်တယ်..."
"ဒါမှမဟုတ် လျှို့ဝှက်နယ်မြေတစ်ခုခုကိုသွားရင်လည်း သတင်းပို့တာကို ဟန့်တားထားကောင်း ထားနိုင်တယ်..."
ယန်ချန်ယွမ်က စဉ်းစားပြီးနောက် သေချာပြန်ဖြေလိုက်၏။
အခန်း (၆၆၆) - ‘စာအုပ်ကူ’၏ စွမ်းပကား၊ ကျင့်ကြံခြင်းလောကပုံစံ အင်တာနက်ကွန်ရက်၊ ပေခြောက်ထောင်ရှည်လျားသော ကံကြမ္မာရွှေနဂါး(၃)။
"ဒီလိုကိုး..."
ကျောက်ယန်က မျက်လုံးကို ကျဉ်းမြောင်းလိုက်၏။ ဤသို့ဆိုလျှင်ပင် ဤစွမ်းရည်မှာ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေချေပြီ။
တစ်ကမ္ဘာလုံး၏ သတင်းပေးပို့မှုကို ထောက်ပံ့ပေးနိုင်သည့် မည်သည့်ရတနာမျိုးက ဤအရာကို လုပ်ဆောင်နိုင်မည်မှန်း သူ မသိထားပေ။
ဤသည်မှာ ဒဏ္ဍာရီလာအဆင့်မြင့် ကောင်းကင်ဝိညာဉ်ရတနာ၊ ရွှမ်ထျန်းရတနာ သို့မဟုတ် အင်မော်တယ်လက်နက်ပင် ဖြစ်နိုင်သည်။
သို့သော် သေချာတွေးကြည့်လျှင် ရွှမ်ဟွမ်ဂိုဏ်းချုပ်မှာ အင်မော်တယ်ဝင်စားသူ ဖြစ်နိုင်သည်မဟုတ်ပါလော။
ထိုသို့ဆိုလျှင် ၎င်းထံတွင်အင်မော်တယ်လက်နက် ရှိနေခြင်းမှာလည်း မဖြစ်နိုင်သည့်ကိစ္စမဟုတ်ပေ။
"မိတ်ဆွေဖွဲ့ပြီး အချင်းချင်းစကားပြောလို့ရတဲ့အပြင်..."
"အဲဒီပေါ်မှာ စကားပြောဖိုရမ်တစ်ခုလည်း ရှိသေးတယ်..."
"ဖိုရမ်ပေါ်မှာ ဂိုဏ်းတူမောင်နှမတွေက သတင်းအချက်အလက်တွေအများကြီး တင်လေ့ရှိကြတယ်..."
"အချင်းချင်း သတင်းအချက်အလက်တွေ ဖလှယ်ကြတယ်... ဒါမှမဟုတ် ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို ဖလှယ်ကြတယ်လေ..."
"ဂိုဏ်းတူညီလေး အချိန်ရရင် အဲဒီဖိုရမ်ကို ဝင်ကြည့်သင့်တယ်..."
"အကျိုးအမြတ်မနည်း ရနိုင်တယ်..."
ယန်ချန်ယွမ်က အကြံပေးလိုက်၏။
စကားပြောဖိုရမ်တဲ့လား...။
ဤစကားကိုကြားလိုက်ရချိန်တွင် ကျောက်ယန်၏ စိတ်ထဲ၌ လှုပ်ရှားသွားရသလို အချက်အလက်ပြမျက်နှာပြင်ပေါ်တွင် စကားပြောဖိုရမ်တစ်ခုကို အမှန်တကယ် တွေ့လိုက်ရသောကြောင့် ချက်ချင်းဖွင့်ကြည့်လိုက်လေသည်။
ထိုခဏ၌ ၎င်းပေါ်တွင် ပို့စ်များအစီအရီ ပေါ်လာသည်ကို တွေ့လိုက်ရ၏။
( တောင်းပန်ခြင်း - လက်ရှိအခန်းမှာ internet, chat forum, post, scan စသဖြင့် ခေတ်ပေါ်အသုံးအနှုန်းတွေ ဖြစ်နေပါတယ်။ ရှန်းရှနဲ့ မလိုက်ဖက်လို့ အခြားစကားလုံးတွေတော့ စဉ်းစားကြည့်ပါသေးတယ်။ သို့ပေသိ နားလည်မလွယ်ဘဲ ရှုပ်သွားစေနိုင်လို့ ခေတ်ပေါ်အတိုင်းပဲ သုံးလိုက်ပါတယ်ဗျ။ )
"ကျွန်တော်နဲ့အတူ မြေအောက်နတ်ဆိုးဂူကိုသွားပြီး နတ်ဆိုးတွေကိုအတူတူ သတ်ချင်တဲ့ဂိုဏ်းတူမောင်နှမတွေ ရှိလား… နတ်ဆိုးအလောင်းတွေကိုရရင် ပါဝင်ကူညီမှုအပေါ်မူတည်ပြီး ခွဲဝေပေးမယ်… ရွှေအမြုတေအဆင့်ကျင့်ကြံသူပဲ လိုချင်တယ်... အဖော်သုံးယောက်လိုသေးတယ်… ချီသန့်စင်ခြင်းနဲ့ အခြေတည်အဆင့် အတွေ့အကြုံမရှိတဲ့သူတွေ လာမနှောင့်ယှက်ပါနဲ့..."
"ဂိုဏ်းတူအစ်ကိုတို့... ကျွန်တော် ချန်လန်ပင်လယ်ဒေသရဲ့ XX ကျွန်းမှာ စတုတ္ထအဆင့် အောက်ခြေအဆင့် ပင်လယ်မိစ္ဆာတစ်ကောင်ကို တွေ့ထားတယ်… သူက ပင်လယ်ပြင်မှာသောင်းကျန်းနေလို့ ဂိုဏ်းက ဝိညာဉ်သန္ဓေသားအဆင့်အကြီးအကဲများ လာပြီးသတ်ပေးဖို့ မျှော်လင့်ပါတယ်… ဒါမှ သူက ပင်လယ်ပြင်ကိုဆက်ပြီး ဒုက္ခမပေးနိုင်မှာပါ..."
"စိမ်းပြာကြာဆေးလုံးဖော်စပ်ဖို့အတွက် စိမ်းပြာကြာသီး အရေးတကြီးလိုအပ်နေလို့ပါ… ဂိုဏ်းတူအစ်ကိုတို့ဆီမှာရှိရင် ဆက်သွယ်ပေးကြပါဦး… ဈေးကောင်းပေးဝယ်ပါမယ်... အပြင်မှာလူချင်းတွေ့ပြီး အရောင်းအဝယ်လုပ်လို့ရပါတယ်… တကယ်မရောင်းချင်ရင် လာဖင်မယားပါနဲ့..."
"ဒီဆေးညွှန်းကို ကူပြီးရှင်းပြပေးနိုင်မယ့် ဂိုဏ်းတူအစ်ကို၊ အစ်မတွေရှိလား… ရှင်းပြတဲ့အကြောင်းအရာကောင်းရင် အွန်လိုင်းကနေ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်ရာ ပေးပါမယ်..."
ချက်ချင်းပင် မျက်စိနောက်လောက်အောင်ပင် များပြားလှသော ပို့စ်များက သူ၏ရှေ့မှောက်၌ ပေါ်လာတော့သည်။
ထိုအရာအားလုံးမှာ ရွှမ်ဟွမ်ဂိုဏ်းမှ တပည့်များစွာက လွှင့်တင်ထားခြင်း ဖြစ်ချေ၏။
အချို့မှာ အဖွဲ့ဝင်များဖိတ်ခေါ်ကာ မြေအောက်နတ်ဆိုးဂူသို့ သွားရောက်၍ နတ်ဆိုးများကို သတ်ဖြတ်ရန်ဖြစ်ပြီး၊ အချို့မှာ အကူအညီတောင်းခံသည့်ပို့စ်ဖြစ်ကာ ဂိုဏ်းတူအစ်ကိုများ လာရောက်ကယ်ဆယ်ရန် မျှော်လင့်နေကြသည်။
သို့မဟုတ် ဆေးဖော်စပ်ခြင်း၊ အစီအရင်ရေးဆွဲခြင်း စသည့်ပညာရပ်များကို အချင်းချင်း ဆွေးနွေးလိုကြခြင်းဖြစ်သည်။
အချုပ်ဆိုရလျှင် ဖိုရမ်ပေါ်တွင် အလွန်စည်ကားနေပြီး ဂိုဏ်းတူအစ်ကို၊ အစ်မများစွာမှာ ပို့စ်များတင်နေကြသဖြင့် အလွန်အမင်း သက်ဝင်လှုပ်ရှားနေချေသည်။
သူ၏ဘဝတစ်သက်တာတွင် ဤမျှလောက် များပြားသောလူများ အတူတကွ စကားပြောနေကြသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
ဤကဲ့သို့သော ခံစားချက်မျိုးမှာ အရင်ကတစ်ခါမှ မကြုံဖူးခဲ့ပေ။
လူအချင်းချင်းကြားရှိ အကွာအဝေးများမှာ ရုတ်တရက် အစအနမကျန် ပျောက်ကွယ်သွားသကဲ့သို့ပင်။
"ဟားဟား... ဖိုရမ်က စိတ်ဝင်စားစရာကောင်းတယ်မလား...”
"အဲဒီပေါ်မှာ လုပ်ဆောင်ချက်တွေအများကြီး ရှိသေးတယ်... နောက်ဆိုရင် မင်း သိလာပါလိမ့်မယ်..."
"ဒါပေမယ့် ဒီတံဆိပ်ပြားက သတင်းပို့လို့ရတဲ့အပြင် အရောင်းအဝယ်လုပ်တဲ့ ကိရိယာအနေနဲ့လည်း သုံးလို့ရတယ်..."
"အကယ်၍ မင်းဆီမှာ ဝိညာဉ်ကျောက်တုံးတွေရှိနေရင် ငွေတိုက်ထဲမှာ သွားအပ်ထားလို့ရတယ်... အဲဒီအခါကျရင် တံဆိပ်ပြားကိုသုံးပြီး အွန်လိုင်းကနေ ငွေလွှဲလို့ရတာကြောင့် ဝိညာဉ်ကျောက်တုံးအများကြီး သယ်သွားစရာ မလိုတော့ဘူး… အရမ်းကိုအဆင်ပြေတယ်..."
"မယုံနိုင်စရာပဲ..."
"ဂိုဏ်းတူအစ်ကိုယန်... ဒီလိုမှော်ရတနာမျိုးကို ကျွန်တော်တို့ ရွှမ်ဟွမ်ဂိုဏ်းကလူတွေပဲ သုံးလို့ရတာလား...”
ကျောက်ယန်က သိချင်စိတ်ဖြင့် မေးလိုက်၏။
အကယ်၍ ဤသို့သောမှော်ရတနာမျိုးသာ ပြင်ပသို့ ပြန့်နှံ့သွားပါက မရေမတွက်နိုင်သော ကျင့်ကြံသူများစွာအတွက် အကျိုးကျေးဇူးများစွာ ရရှိစေမည်မှာ သေချာသည်ဟု သူထင်မြင်မိလေသည်။
"ဒါကတော့ လောလောဆယ် ငါတို့ ရွှမ်ဟွမ်ဂိုဏ်းကလူတွေပဲ သုံးလို့ရသေးတယ်..."
"ဒါပေမယ့် မကြာသေးခင်က ဂိုဏ်းကနေ ပြင်ပလူတွေ သုံးလို့ရမယ့်ဗားရှင်းကိုလည်း စမ်းသပ်နေတယ်..."
"နောက်ထပ် အချိန်အတိုင်းတာတစ်ခုကြာရင် ငါတို့ရွှမ်ဟွမ်ဂိုဏ်းက ပုံစံသစ်သတင်းပို့ကိရိယာတွေကို ရောင်းချလာနိုင်တယ်..."
"အဲဒီအချိန်ကျရင် ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးက လူတိုင်း ဒီသတင်းပို့ကိရိယာကို သုံးလို့ရလာနိုင်တယ်..."
ယန်ချန်ယွမ်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
“ဒီလိုကိုး...”
ကျောက်ယန်က ခေါင်းညိတ်လိုက်၏။ ရွှမ်ဟွမ်ဂိုဏ်းသည် ဤကုန်းမြေတိုက်ကြီးသာမက တစ်လောကလုံးကိုပါ သူတို့လက်အောက်သို့ အလုံးစုံသိမ်းသွင်းရန် အစီအစဉ်ကြီးတစ်ခုကို ဖော်ဆောင်နေသည်ဟု သူခံစားလိုက်ရသည်။
သို့သော် ဤသည်မှာလည်း ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စရပ်ပင်ဖြစ်သည်ဟု သူတွေးမိ၏။
ယခုအချိန်အထိ ရွှမ်ဟွမ်လောကတစ်ခုလုံးတွင် ရွှမ်ဟွမ်ဂိုဏ်းသည် အထွတ်အထိပ်ဖြစ်ပြီး လူသားမျိုးနွယ်၏ မည်သည့်ဂိုဏ်းကမှ ရွှမ်ဟွမ်ဂိုဏ်းထက် ပို၍ အစွမ်းမထက်နိုင်ချေ။
အခြားအရာများကို အသာထားလျှင်ပင် ရွှမ်ဟွမ်ဂိုဏ်းရှိ နတ်ဘုရားအသွင်ပြောင်းအဆင့်ကျင့်ကြံသူ အရေအတွက်တစ်ခုတည်းက အခြားဂိုဏ်းများ လိုက်မီနိုင်ခြင်းမရှိတော့ပေ။
ရှေးယခင်ကယန်မိုဂိုဏ်း ပြန်လည်ရှင်သန်လာလျှင်ပင် ဤခေတ်ကာလရှိ ရွှမ်ဟွမ်ဂိုဏ်း၏ နှိပ်ကွပ်ခြင်းကို ခံရမည်မှာ အသေအချာပင်။
နှစ်ဖက်စလုံး၏ အင်အားကွာဟချက်မှာ အလွန်ပင် ကြီးမားလွန်းလှပေသည်။
ထို့ပြင် ရွှမ်ဟွမ်ဂိုဏ်း ဖွံ့ဖြိုးတိုးတက်လာသည့်အချိန်မှာ အလွန်တိုတောင်းသေးသည်။ အကယ်၍ နောက်ထပ် နှစ်ပေါင်းတစ်ထောင်ခန့်သာ ဆက်လက်တိုးတက်သွားပါက တစ်လောကလုံးကို စည်းလုံးညီညွတ်အောင် ပြုလုပ်နိုင်ရန်မှာ ခဲယဉ်းသော ကိစ္စမဟုတ်တော့ချေ။
“ကဲ... မှတ်ပုံတင်တာလည်း ပြီးပြီဆိုတော့ ရွှမ်ဟွမ်တံဆိပ်ပြားကိုလည်း ရပြီပေါ့...”
“ဒါဆိုရင် ဂိုဏ်းတူအစ်ကိုက မင်းကို ဂိုဏ်းရဲ့ထမင်းစားဆောင်မှာ ထမင်းလိုက်ကျွေးမယ်...”
ထိုအချိန်တွင် ယန်ချန်ယွမ်က ပြုံးလျက် ပြောလိုက်၏။
“ဂိုဏ်းတူအစ်ကို... ဂိုဏ်းမှာ ထမင်းစားဆောင် ရှိသေးတာလား...”
ဤစကားကို ကြားသောအခါ ကျောက်ယန်ခမျာ အလွန်အံ့အားသင့်သွားမိသည်။ ရွှမ်ဟွမ်ဂိုဏ်း၏ သာယာဝပြောမှုမှာ ဤမျှအထိ ကောင်းမွန်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ဒါပေါ့... ထမင်းစားဆောင် ရှိတာပေါ့...”
“ငါတို့ ရွှမ်ဟွမ်ဂိုဏ်းက စားစရိတ်ရော နေစရိတ်ပါ အကုန်ငြိမ်းပဲ...”
“အဓိကအားဖြင့် ရွှမ်ဟွမ်ဂိုဏ်းရဲ့ ထမင်းစားဆောင်က နန်းစားတော်ကဲမြို့တော်မှာ ရှိတာ...”
“အဲဒီနေရာက ရွှမ်ဟွမ်ဂိုဏ်းရဲ့ တောင်ကြားတစ်ခုမှာ ရှိပြီးတော့ မြို့ကြီးတစ်မြို့ကို တည်ဆောက်ထားတာ...”
“ဘာပဲဖြစ်ဖြစ် ငါတို့ ရွှမ်ဟွမ်ဂိုဏ်းမှာ လူဦးရေက မနည်းဘူးလေ...”
“ဒါကြောင့် ဂိုဏ်းက မြို့တစ်မြို့ကို တိုက်ရိုက်တည်ဆောက်ထားတာ...”
“ပြီးတော့ ဂိုဏ်းရဲ့ ထမင်းစားဆောင်ဆိုပြီးတော့လည်း အထင်မသေးနဲ့ဦး...”
“တကယ်တော့ အဲဒီထဲမှာရှိတဲ့ ဟင်းလျာတွေက အပြင်လောကမှာ လုံးဝစားလို့မရနိုင်တဲ့ နတ်ဘုရားဟင်းလျာတွေနဲ့ စိတ်ဝိညာဉ်အစားအစာတွေပဲ...”
“ထမင်းဆိုရင်လည်း အဆင့်မြင့်ဆုံး ဓာတ်ငါးပါးစိတ်ဝိညာဉ်ဆန်ကို သုံးထားတာ… ဓာတ်ငါးပါးစိတ်ဝိညာဉ်စွမ်းအားတွေ သိပ်သည်းနေပြီး ထမင်းတစ်ပန်းကန်စားတာက သာမန်ဆေးလုံးတစ်လုံးစားတာနဲ့ အတူတူပဲ… ပြီးတော့ အရမ်းသန့်စင်ပြီး သွေးလေကိုလည်း အားကောင်းစေတယ်...”
“ဟင်းမျိုးစုံကလည်း ဆေးဘက်ဝင်ဟင်းလျာတွေပဲ… အဲဒီထဲမှာ နှစ်တစ်ရာသက်တမ်းရှိတဲ့ ဆေးပင်တွေ အများကြီးထည့်ထားတာ… စားလိုက်ရုံနဲ့ ခန္ဓာကိုယ်ကို အကျိုးပြုစေသလို ကိုယ်ခန္ဓာကိုလည်း သန်မာစေတယ်… အဲဒါရဲ့ အစွမ်းက အံ့မခန်းပဲ… အပြင်လောကမှာ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရဘူး...”
“အကယ်၍ ကုန်ကျစရိတ်ကိုပဲ တွက်မယ်ဆိုရင်တောင် ခန့်မှန်းလို့မရနိုင်တော့ဘူး...”
“ဒါက ငါတို့ ရွှမ်ဟွမ်ဂိုဏ်းသားတွေပဲ ခံစားခွင့်ရှိတဲ့အခွင့်အရေးပဲ...”
ယန်ချန်ယွမ်က ရှင်းပြလိုက်၏။
“ဒါ... ဒါက...”
ကျောက်ယန် ကြောင်အမ်းသွားရသည်။ ယခု သူ့စိတ်ထဲတွင် 'ဖြုန်းတီးလိုက်တာ... အရမ်းကို ဖြုန်းတီးတာပဲ' ဟူသော အတွေးနှစ်ခုသာ ရှိတော့သည်။
ရှေးဟောင်းခေတ်က နတ်ဘုရားအသွင်ပြောင်းဂိုဏ်းများပင်လျှင် တပည့်များကို ဤကဲ့သို့ ပြုစုပျိုးထောင်ပေးသည်ကို မတွေ့ဖူးပေ။
ဆေးပင်များနှင့် စိတ်ဝိညာဉ်ဆန်များကို သုံး၍ အရမ်းကာရော ပံ့ပိုးပေးနေခြင်းပင်။
ဤကဲ့သို့ဆိုလျှင် ဝက်တစ်ကောင်ဆိုလျှင်ပင် တာအိုကို ရရှိနိုင်ပေလိမ့်မည်။
ဆေးပင်များကို အလကားရသည့်အလား ဇွတ်သုံးနေကြသည်မှာ အံ့ဩစရာပင်။
အမှန်စင်စစ် ရွှမ်ဟွမ်ဂိုဏ်းသည် ‘ဆေးဝါးကူ’နှင့် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်တို့၏ စွမ်းအားကြောင့်သာ ဤမျှအထိ ရက်ရက်ရောရော ပြုလုပ်နိုင်ခြင်း ဖြစ်ပေသည်။
၎င်းတို့က ဆေးပင်များကို အကြီးအကျယ် စိုက်ပျိုးနိုင်ရန်အတွက် လက်တွေ့ဖြစ်လာစေခဲ့၏။
ထို့ကြောင့် ဆေးပင်များ၏ ကုန်ကျစရိတ်မှာ အလွန်တရာ လျော့ကျသွားပြီး ရွှမ်ဟွမ်ဂိုဏ်းက နေ့စဉ်အစားအစာအဖြစ် ထုတ်ပေးနိုင်ခြင်း ဖြစ်သည်။
မည်သည့်ဂိုဏ်းမဆို ဤသို့သော အခြေအနေမျိုးကို မလုပ်ဆောင်နိုင်ကြချေ။
‘ဆေးဝါးကူ’အတွက်မူ ဆေးပင်များကို အကြီးအကျယ် စိုက်ပျိုးခြင်းက ၎င်းအား ဆေးရနံ့များစွာကို ဝါးမျိုစေနိုင်ပြီး အင်အားကို လျင်မြန်စွာ တိုးတက်စေသည်။
ထို့ကြောင့် ဤသည်မှာ အပြန်အလှန် အကျိုးပြုသည့်ကိစ္စရပ်ပင် ဖြစ်ချေသည်။
အမှန်အတိုင်းဆိုရလျှင် ရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်လိုက်သည်မှာ မှန်ကန်လွန်းလှသည်ဟု သူခံစားလိုက်ရ၏။
အကယ်၍ အခြားဂိုဏ်းသို့ ဝင်ရောက်ခဲ့မည်ဆိုပါက ဤကဲ့သို့သော အခွင့်အရေးမျိုးကို မည်သည့်နေရာတွင် ရနိုင်ပါမည်နည်း။
အခြားဂိုဏ်းများ၏ ပံ့ပိုးမှုမှာ ရွှမ်ဟွမ်ဂိုဏ်း၏ တစ်သောင်းပုံတစ်ပုံပင် ရှိလိမ့်မည်မဟုတ်ပေ။
ရွှမ်ဟွမ်ဂိုဏ်းသည် အလွန်ပင် ချမ်းသာကြွယ်ဝလွန်းလှသည်ဟုသာ ဆိုရပေလိမ့်မည်။
ယခုအခါ ကျောက်ယန်သည် ရွှမ်ဟွမ်ဂိုဏ်းရှိ သူ၏အနာဂတ်ဘဝကို အလွန်ပင် မျှော်လင့်နေမိတော့သည်။
............
ထိုအချိန်တွင်... ရွှမ်ဟွမ်တောင်ထွတ်၌။
ယခုအခါ ရွှမ်ဟွမ်တောင်ထွတ်သည် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ အနီးတွင်ရှိပြီး အမြင့်ပေတစ်သိန်းအထိ ကြီးထွားလာကာ အလွန်တရာ ခန့်ညားထည်ဝါလှသည်။
ရွှမ်ဟွမ်ဂိုဏ်း၏ ပင်မတောင်ထွတ်ဖြစ်သည့်အားလျော်စွာ ၎င်းသည် စိတ်ဝိညာဉ်စွမ်းအား အသိပ်သည်းဆုံးနေရာများထဲမှ တစ်ခုလည်း ဖြစ်၏။
တစ်ချိန်တည်းမှာပင် ဤနေရာသည် ကျိုးစွေ့၏ တာအိုလက်တွဲဖော်များ ကျင့်ကြံအားထုတ်သည့် နေရာလည်း ဖြစ်ပေသည်။
တိတ်ဆိတ်သော အခန်းတစ်ခုအတွင်း၌...။
ကျိုးစွေ့က ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေကာ ထိုင်နေ၏။ သူသည် ဤအခိုက်အတန့်တွင် ရှေးယခင်က နတ်ဘုရားအသွင်ပြောင်းဂိုဏ်းတစ်ခုဖြစ်သည့် ယန်မိုဂိုဏ်းမှ ဆင်းသက်လာသော အလွန်ပင် ဆန်းကြယ်လှသည့် မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ် ကို လေ့လာနေခြင်း ဖြစ်သည်။
မူလက သူသည် ဤကျင့်စဉ်ကို ဒုတိယအဆင့်အထိ ကျင့်ကြံပြီး ဖြစ်ချေသည်။
နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းပြီးနောက်တွင် သူသည် တတိယအဆင့်ကို စတင်လေ့လာနေခြင်း ဖြစ်သည်။
ဤအဆင့်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ ရောက်ရှိမှသာ ကျင့်ကြံအောင်မြင်နိုင်မည့် အခွင့်အရေး ရှိပေသည်။
မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ်၏ တတိယအဆင့်မှာ မိစ္ဆာဝါးမျိုခြင်း ဖြစ်၏။
အကယ်၍ ဤအဆင့်သို့ ရောက်ရှိပါက စိတ်မိစ္ဆာများကို ဝါးမျိုရုံသာမက နယ်ပယ်ပြင်ပမိစ္ဆာများနှင့် မကောင်းဆိုးဝါးတစ္ဆေများကဲ့သို့သော ဝိညာဉ်ခန္ဓာများကိုပါ ဝါးမျိုနိုင်ပေသည်။
ဝါးမျိုမှုအောင်မြင်သည်နှင့် ကျင့်ကြံသူ၏ ဝိညာဉ်စွမ်းအားမှာ အဆမတန် တိုးတက်လာမည် ဖြစ်၏။
ထို့ကြောင့် မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ်ကို ကျင့်ကြံသော မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများ၏ ဝိညာဉ်စွမ်းအားမှာ အလွန်ပင် အားကောင်းလှပြီး တူညီသောအဆင့်ရှိ ကျင့်ကြံသူများထက် များစွာ သာလွန်ပေသည်။
သို့သော် ဤသည်မှာ သေစေနိုင်သည့် အားနည်းချက်တစ်ခုလည်း ရှိနေသည်။
နယ်ပယ်ပြင်ပမိစ္ဆာများနှင့် မကောင်းဆိုးဝါးတစ္ဆေများ၏ ခန္ဓာကိုယ်ထဲတွင် အတွင်းစိတ်အကြံဆိုးများ၊ ယုတ်ညံ့သော စိတ်ထားများနှင့် အငြိုးအတေးများစွာ ကိန်းအောင်းနေသောကြောင့် ဖြစ်သည်။
အကယ်၍ သတိမထားဘဲ ဝါးမျိုလိုက်မည်ဆိုပါက မိမိ၏ဝိညာဉ်ကို ညစ်ညမ်းစေပြီး ရှုပ်ထွေးသော အတွေးများ ဝင်ရောက်လာစေနိုင်သည်။
ထိုအခါ ဝိညာဉ်ကွဲအက်သွားပြီး ကျင့်စဉ်ဖောက်ပြန်ကာ သေဆုံးသွားနိုင်ပေသည်။