အခန်း (၆၆၇-၆၆၈)
Vol. 62 Ch. 667-668
အခန်း (၆၆၇) - ‘စာအုပ်ကူ’၏ စွမ်းပကား၊ ကျင့်ကြံခြင်းလောကပုံစံ အင်တာနက်ကွန်ရက်၊ ပေခြောက်ထောင်ရှည်လျားသော ကံကြမ္မာရွှေနဂါး(၄)။
ရှေးယခင်က ယန်မိုဂိုဏ်း၏ ဘိုးဘေးမှာ ဤအချက်ကို သိမြင်သောကြောင့် တတိယအဆင့်ကျင့်စဉ်ကို လုံးဝ မကျင့်ကြံရဲခဲ့ပေ။
ဒုတိယအဆင့်အထိသာ သူ့အနေဖြင့် ခက်ခက်ခဲခဲ တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်၏။
သို့သော် တတိယအဆင့်ကျင့်စဉ်ကို အသုံးပြုလိုက်သည်နှင့် များပြားလှသော အတွေးအကြံဆိုးများကြောင့် အသက်ဘေးနှင့် ကြုံတွေ့ရမည်မှာ အသေအချာပင်။
ဝုန်း...။
ထိုအခိုက်အတန့်တွင် ကျိုးစွေ့က မျက်လုံးဖွင့်လိုက်ပြီး ထိတ်လန့်ဖွယ်အလင်းတန်းတစ်ခုကို ထုတ်လွှတ်ကာ မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ်ကို စတင် လည်ပတ်လိုက်၏။
သူ၏ခန္ဓာကိုယ်ကို ဗဟိုပြု၍ အဆုံးမဲ့သော မိစ္ဆာချီများ ထွက်ပေါ်လာပြီး ထိုခဏ၌ မိစ္ဆာအသံများစွာက မြည်ဟည်းလာကာ ကောင်းကင်နှင့်မြေကြီး၏ ပဲ့တင်ထပ်မှုနှင့် တစ်သားတည်း ဖြစ်သွားလေသည်။
မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ် ဒုတိယအဆင့် - မိစ္ဆာဆင့်ခေါ်ခြင်း။
နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ ရောက်ရှိသွားပြီးနောက်တွင် မိစ္ဆာဆင့်ခေါ်ခြင်းစွမ်းအားမှာ ယခင်ကထက် အဆပေါင်းများစွာ ပို၍ အားကောင်းလာသည်။ စိတ်မိစ္ဆာများကို ဆင့်ခေါ်နိုင်ရုံသာမက မိစ္ဆာအသံများကို ဖန်တီးကာ နယ်ပယ်ပြင်ပမိစ္ဆာများကိုပါ ဆင့်ခေါ်နိုင်ပေသည်။
၎င်းက နယ်ပယ်ပြင်ပမိစ္ဆာများကို မျိုးနွယ်တူဟု ထင်မှတ်မှားစေပြီး အားလုံးကို ဆင့်ခေါ်လာစေလိမ့်မည် ဖြစ်၏။
ဂျွတ်... ဂျွတ်...။
ခဏချင်းမှာပင် မိစ္ဆာအသံ၏ တုန်ခါမှုနှင့်အတူ ဂူဗိမာန်၏ ပတ်ဝန်းကျင်၌ လေဟာနယ်ကွဲအက်မှုများ ပေါ်ပေါက်လာပြီး နယ်ပယ်ပြင်ပမိစ္ဆာများမှာ အက်ကွဲရာများထဲမှ တိုးထွက်လာကြ၏။
နယ်ပယ်ပြင်ပမိစ္ဆာတိုင်းသည် နတ်ဘုရားအသွင်ပြောင်းအဆင့်နှင့် ညီမျှပြီး သူတို့၏ကိုယ်ပေါ်တွင် ကြီးမားလှသော မှောင်မိုက်သည့် မိစ္ဆာချီများ ဖုံးလွှမ်းနေချေသည်။
တိတ်ဆိတ်သော အခန်းတစ်ခုလုံးမှာ ချက်ချင်းပင် မိစ္ဆာချီများ ဖုံးလွှမ်းသွားပြီး လက်တစ်ကမ်းကိုပင် မမြင်နိုင်လောက်အောင် မှောင်မိုက်သော လောကတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ဝုန်း...။
နယ်ပယ်ပြင်ပမိစ္ဆာများစွာက ကျိုးစွေ့၏ ဝိညာဉ်အငွေ့အသက်ကို ခံစားမိလိုက်သောအခါ တစ်ဦးချင်းစီမှာ ဝမ်းသာအားရ ဖြစ်သွားကြ၏။ ၎င်းမှာ ကမ္ဘာပေါ်တွင် အချိုမြိန်ဆုံးမုန့်တစ်ခုကို တွေ့လိုက်ရသကဲ့သို့ဖြစ်ပြီး ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့ တစ်ကောင်ပြီးတစ်ကောင် ခုန်အုပ်လာကြတော့သည်။
မိစ္ဆာဝါးမျို…။
ထိုအခိုက်အတန့်တွင် ကျိုးစွေ့က လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ရာ သူ၏တစ်ကိုယ်လုံးမှ ကြီးမားသော အနက်ရောင်မိစ္ဆာချီများက စီးထွက်လာပြီး ၎င်းအပေါ်တွင် ဝါးမျိုခြင်း သင်္ကေတများစွာ ပေါ်ပေါက်လာကာ ကြီးမားလှသော ဝါးမျိုခြင်း ဝဲကယက်တစ်ခုအဖြစ် ပြောင်းလဲသွား၏။
“မကောင်းတော့ဘူး...”
နယ်ပယ်ပြင်ပမိစ္ဆာများစွာမှာ မကောင်းသောခံစားချက်ကို ပင်ကိုဗီဇအရ ခံစားမိသွားပြီး လူသား၏ ထောင်ချောက်ထဲသို့ ကျရောက်သွားပြီဟု ယူဆကာ အန္တရာယ်ရှိသောဤနေရာမှ ထွက်ပြေးရန် ပြင်လိုက်ကြသည်။
သို့သော် ယခုအချိန်တွင်မူ ထွက်ခွာရန်မှာ နောက်ကျသွားခဲ့ချေပြီ။
ဝုန်း... ဝုန်း... ဝုန်း…။
ဤကြီးမားလှသော ဝါးမျိုခြင်းဝဲကယက်က ပြင်းထန်လှသောဆွဲအားကို ထုတ်လွှတ်လိုက်ပြီး ထိုနယ်ပယ်ပြင်ပမိစ္ဆာများကို တစ်ချက်တည်း ဝါးမျိုပစ်လိုက်ရာ အသားကြိတ်စက်ထဲသို့ ရောက်သွားသကဲ့သို့ ဖြစ်သွားရတော့သည်။
ခဏအတွင်းမှာပင် နယ်ပယ်ပြင်ပမိစ္ဆာများမှာ ရုန်းကန်ရန်ပင် အချိန်မရလိုက်ဘဲ မရေမတွက်နိုင်သော ဝိညာဉ်အပိုင်းအစများအဖြစ် ကြိတ်ခြေခံလိုက်ရ၏။
သို့သော် ထိုဝိညာဉ်အပိုင်းအစများတွင် ညစ်ညမ်းစေသော စွမ်းအားများ ပါဝင်နေပေသည်။
အကယ်၍ ဝါးမျိုလိုက်ပါက ဝိညာဉ်ကို ညစ်ညမ်းစေပြီး ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်။
“ဝါးမျိုလိုက်တော့...”
ကျိုးစွေ့သည် ညစ်ညမ်းနေသော ထိုဝိညာဉ်အပိုင်းအစများကို သူကိုယ်တိုင် စားသုံးမည်မဟုတ်ပေ။ သူက လက်ဝေ့ယမ်းလိုက်ပြီး အားလုံးကို ‘အိပ်မက်ဝိညာဉ်ကူ’ထံသို့ လွှဲပြောင်းပေးလိုက်ချေသည်။
ဝုန်း...။
ထိုအခိုက်အတန့်တွင် ‘အိပ်မက်ဝိညာဉ်ကူ’မှာ တုံ့ဆိုင်းမနေတော့ဘဲ ပါးစပ်ကိုဟ၍ ထိုမိစ္ဆာဝိညာဉ်များကို တစ်ချက်တည်း ဝါးမျိုလိုက်ပြီး လျင်မြန်စွာ ချေဖျက်လိုက်တော့သည်။
၎င်းအတွက်မူ ဤသည်မှာ အလွန်ပင် အရသာရှိသော စားသောက်ပွဲကြီးတစ်ခု ဖြစ်၏။
၎င်း၏ အငွေ့အသက်နှင့် ခွန်အားမှာလည်း အဆမတန် တိုးတက်လာခဲ့သည်။
မကြာမီအချိန်အတွင်းမှာပင် ပဉ္စမအဆင့် အထွတ်အထိပ်အခြေအနေသို့ တက်လှမ်းနိုင်မည်ဖြစ်ပြီး ကျင့်ကြံမှုမှာလည်း ပိုမို တိုးတက်လာပေလိမ့်မည်။
“မဆိုးဘူး...”
“နှစ်ပေါင်းတစ်ရာကြာ ကျင့်ကြံအားထုတ်ပြီးနောက်မှာ နောက်ဆုံးတော့ မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ်ရဲ့ တတိယအဆင့်ကို အောင်မြင်သွားပြီ...”
“နှမြောစရာကောင်းတာက ဒီကျင့်စဉ်က မပြည့်စုံဘဲ သုံးဆင့်ပဲရှိနေတာ...”
“ကျန်တဲ့ကျင့်စဉ်တွေကို ရဖို့ဆိုတာ မဖြစ်နိုင်တော့တဲ့ ကိစ္စပဲ...”
“ဒါက ချန်ချွန်းတာအိုအရှင်ဆီက လာတဲ့ကျင့်စဉ်မဟုတ်ဘဲ စိတ်ဝိညာဉ်လောကကနေ လာတာဖြစ်နိုင်တယ်...”
“ပြည့်စုံတဲ့ကျင့်စဉ်ကို လိုချင်ရင်တော့ စိတ်ဝိညာဉ်လောကကို သွားမှဖြစ်မယ် ထင်တယ်...”
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်၏။ ‘အိပ်မက်ဝိညာဉ်ကူ’၏အင်အား တိုးတက်လာသည်နှင့်အမျှ သူ၏ဝိညာဉ်စွမ်းအားမှာလည်း လိုက်ပါတိုးတက်လာပြီး အာရုံခံနိုင်စွမ်းမှာလည်း ပိုမို ကျယ်ပြန့်လာသည်။
ရရှိသောအကျိုးကျေးဇူးမှာ ‘အိပ်မက်ဝိညာဉ်ကူ’ကဲ့သို့ မကြီးမားသော်လည်း အနည်းဆုံးအနေဖြင့် ဆိုးကျိုးများကို ရှောင်လွှဲနိုင်ခဲ့၏။
မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ်ကို ကျင့်ကြံသော အခြားကျင့်ကြံသူများကဲ့သို့ ဝိညာဉ်ကွဲအက်ခြင်းနှင့် ကျင့်စဉ်ဖောက်ပြန်ခြင်း အခြေအနေများသို့ ကျရောက်မည် မဟုတ်တော့ပေ။
“ပြီးတော့ ဒီကျင့်စဉ်က စိတ်မိစ္ဆာတွေနဲ့ နယ်ပယ်ပြင်ပမိစ္ဆာတွေကို တိုက်ခိုက်ဖို့တင် မကဘူး...”
“တစ်ချိန်တည်းမှာပဲ အခြားကျင့်ကြံသူတွေကို တိုက်ခိုက်ရာမှာလည်း သုံးလို့ရတယ်...”
“မိစ္ဆာဆင့်ခေါ်ခြင်းအတတ်ကို အသုံးပြုလိုက်တာနဲ့ ရန်သူရဲ့ စိတ်မိစ္ဆာတွေကို နှိုးဆွပေးနိုင်ပြီး ရန်သူကို စိတ်မိစ္ဆာပုံရိပ်ယောင်နယ်ပယ်ထဲ ကျရောက်သွားစေနိုင်တယ်...”
“မိစ္ဆာဝါးမျိုအတတ်ကလည်း ဝိညာဉ်တိုက်ခိုက်မှုအဖြစ် ပြောင်းလဲသွားနိုင်ပြီး ရန်သူရဲ့ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်နိုင်မှာပဲ...”
“ရန်သူရဲ့ ဝိညာဉ်ကို ချက်ချင်းပဲ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားစေနိုင်တယ်...”
“ဝိညာဉ်ဖြန့်ကျက်အဆိပ်ဆူးနဲ့ နည်းနည်းဆင်ပေမယ့် အစွမ်းကတော့ သိသိသာသာကို ပိုကောင်းတယ်...”
ကျိုးစွေ့က မျက်လုံးများကို မှေးကျဉ်းလိုက်၏။ ဤကျင့်စဉ်မှာ သာမန်မဟုတ်ဘဲ အလွန်ပင် စွမ်းအားကြီးမားသည်ဟု သူခံစားလိုက်ရသည်။
မိစ္ဆာလမ်းစဉ်ကျင့်စဉ်ဖြစ်သည့်အားလျော်စွာ အလွန်ပင် ဆန်းကြယ်ပြီး အစွမ်းထက်လှသည်ဟုသာ ဆိုရပေမည်။
သို့သော် အောင်မြင်အောင် ကျင့်ကြံရန်မှာလည်း လွယ်ကူသော ကိစ္စမဟုတ်ပေ။
ဝုန်း...။
ထိုအခိုက်အတန့်တွင် ကျိုးစွေ့က အတွေးတစ်ချက်လှုပ်ရှားလိုက်ပြီး သူ၏ကိုယ်ပေါ်ရှိ အချက်အလက်ပြမျက်နှာပြင်ကို ဖွင့်လိုက်သည်။ ချက်ချင်းပင် အချက်အလက်များစွာ ပေါ်ထွက်လာချေသည်။
[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - နတ်ဘုရားအသွင်ပြောင်းအဆင့် အစောပိုင်း (၆၀%)၊ သက်တမ်း - ၅၀၀ (၉၀၀၀၀နှစ်) ]
[ ပင်ကိုပါရမီ - ပထမအဆင့် စိတ်ဝိညာဉ်အမြစ် (၉၉%) ]
[ ဓားသိုင်းပညာ - ပဉ္စမအဆင့် အောက်ခြေအဆင့် (၄၀%) ]
[ အဆောင်ပညာ - ပဉ္စမအဆင့် အောက်ခြေအဆင့် (၂၇%) ]
[ အစီအရင်ပညာ - ပဉ္စမအဆင့် အထွတ်အထိပ် (၉၉%) ]
[ ဆေးဖော်စပ်ပညာ - ပဉ္စမအဆင့် အလယ်အလတ် (၂၀%) ]
[ လက်နက်သွန်းလုပ်ခြင်း - ပဉ္စမအဆင့် အောက်ခြေအဆင့် (၂၁%) ]
[ နတ်ဆိုးအသွင်ပြောင်းပညာရပ် - မဟာဆရာသခင်အဆင့် ]
[ ဓာတ်ငါးပါးဆေးဖော်စပ်ပညာရပ် - မဟာဆရာသခင်အဆင့် ]
[ မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းပညာရပ် - မိစ္ဆာမျိုးစေ့၊ မိစ္ဆာဆင့်ခေါ်ခြင်း၊ မိစ္ဆာဝါးမျိုခြင်း ]
[ အလင်းမျက်လုံးခုနှစ်လုံးလျှို့ဝှက်ပညာရပ် - နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း၊ နှလုံးသားမျက်လုံး ထိုးထွင်းသိမြင်ခြင်း၊ နှလုံးသားမျက်လုံး ဘာသာစကားနားလည်ခြင်း၊ နှလုံးသားမျက်လုံး စိတ်အာရုံဖတ်ခြင်း၊ နှလုံးသားမျက်လုံး သေကွင်းသေကွက်သိမြင်ခြင်း (၃၀%) ]
[ ကျူးရှန်းဓားသိုင်း - ပထမပုံစံ သဏ္ဌာန်မဲ့ဓားအလင်း၊ ဒုတိယပုံစံ သတ်ဖြတ်ခြင်းဓားအလင်း ]
[ ဓာတ်ငါးပါးမိုးကြိုးပညာရပ် - ကျွမ်းကျင်အဆင့်၊ ကုယုံဆန်းကြယ်အလင်း - မဟာဆရာသခင်အဆင့်၊ ရှေးဟောင်းလိပ်နက်ပညာရပ် - တတိယအဆင့်၊ ဝိညာဉ်ဖြန့်ကျက်အဆိပ်ဆူး - မဟာဆရာသခင်အဆင့်၊ မီးလုံးပညာရပ် - မဟာဆရာသခင်အဆင့်၊ လေဓားသွားပညာ - မဟာဆရာသခင်အဆင့်၊ ရွှေအလင်းပညာ - မဟာဆရာသခင်အဆင့်၊ ရေခဲနှင်းပညာ - မဟာဆရာသခင်အဆင့်၊ နွေလေမိုးပညာ - မဟာဆရာသခင်အဆင့်၊ လျှပ်စီးဆင့်ခေါ်ခြင်းပညာ - မဟာဆရာသခင်အဆင့်... ]
[ ‘ချစ်ခြင်းမေတ္တာကူ’ - ဆဌမအဆင့် အောက်ခြေအဆင့်၊ ‘ကိုယ်ပွားကူ’ - ပဉ္စမအဆင့် အောက်ခြေအဆင့်၊ ‘အရက်ကူ’ - ပဉ္စမအဆင့် အောက်ခြေအဆင့်၊ ‘ရွှေစားကူ’ - ပဉ္စမအဆင့် အောက်ခြေအဆင့်၊ ‘စာအုပ်ကူ’ - ဆဌမအဆင့် အောက်ခြေအဆင့်၊ ‘အိပ်မက်ဝိညာဉ်ကူ’ - ပဉ္စမအဆင့် အလယ်အလတ်၊ ‘နဂါးဆင်ကူ’ - ပဉ္စမအဆင့် အလယ်အလတ်၊ ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ - ပဉ္စမအဆင့် အောက်ခြေအဆင့်၊ ‘တည်နေရာပြောင်းကူ’ - ပဉ္စမအဆင့် အောက်ခြေအဆင့်၊ ‘အစီအရင်နှလုံးသားကူ’ - ပဉ္စမအဆင့် အထွတ်အထိပ်၊ ‘ပစ္စည်းရှာဖွေကူ’ - ပဉ္စမအဆင့် အောက်ခြေအဆင့်၊ ‘မိုးကြိုးကပ်ဘေးကူ’ - ပဉ္စမအဆင့် အလယ်အလတ်၊ ‘ဆေးဝါးကူ’ - ပဉ္စမအဆင့် အောက်ခြေအဆင့်၊ ‘ကံကြမ္မာကူ’ - ပဉ္စမအဆင့် အောက်ခြေအဆင့် ]
“မဆိုးဘူး... သက်တမ်းက ကိုးသောင်းတောင် ရှိလာပြီပဲ...”
“ဒါက အရင်ထက်စာရင် အများကြီး တိုးလာတာပဲ...”
“ဒါပေမဲ့ ဒီလိုဖြစ်တာက ရွှမ်ဟွမ်ကမ္ဘာရဲ့ အဆင့်အတန်း မြင့်တက်လာတာနဲ့လည်း တိုက်ရိုက်ပတ်သက်နေမှာပဲ...”
“ဒီနှစ်တွေအတွင်းမှာ ဖန်ဆင်းခြင်းချီတွေနဲ့ သက်ရှည်အနှစ်သာရတွေကို အများကြီး စုပ်ယူခဲ့တာကိုး...”
“ဒါကြောင့် ခန္ဓာကိုယ်ထဲက သွေးမျိုးဆက်က အဆင့်မတက်သေးရင်တောင် သက်တမ်းကတော့ တိုးလာခဲ့တာပဲ...”
ကျိုးစွေ့သည် မိမိ၏သက်တမ်း အဘယ်ကြောင့် ဤမျှတိုးလာရသည်ကို ချက်ချင်းပင် နားလည်သွား၏။ ဤသည်မှာ ရွှမ်ဟွမ်ကမ္ဘာ၏ အဆင့်အတန်းမြင့်တက်လာမှုနှင့် အလွန်တရာ ဆက်စပ်နေပေသည်။ ရွှမ်ဟွမ်ကမ္ဘာတွင် ပါရှိသည့် သက်ရှည်အနှစ်သာရများမှာ စိတ်ဝိညာဉ်လောကနှင့်ပင် စတင်ယှဉ်ပြိုင်နိုင်စွမ်း ရှိလာသောကြောင့်ပင်။
ထို့ကြောင့် ရွှမ်ဟွမ်ကမ္ဘာရှိ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ၏ သက်တမ်းမှာလည်း သိသိသာသာ မြင့်တက်လာခဲ့ချေပြီ။
သူ၏တာအိုလက်တွဲဖော်များ ဖြစ်ကြသည့် ချန်ဇီယွင်နှင့် ယဲ့ဖေးရိုတို့ကဲ့သို့ပင် သူမတို့၏သက်တမ်းမှာလည်း နှစ်ပေါင်းခြောက်ထောင်အထိ မြင့်တက်သွားခဲ့လေ၏။
“ကျင့်ကြံမှုအဆင့် တိုးတက်တဲ့နှုန်းကတော့ နှေးနေတုန်းပဲ...”
“နှစ်ပေါင်းတစ်ရာလုံး အသည်းအသန် ကျင့်ကြံခဲ့တာတောင် တိုးတက်မှုက ၆၀ %ပဲ ရှိသေးတယ်...”
“နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံခြင်းက တကယ်ကို ခက်ခဲလှတာပဲ...”
ကျိုးစွေ့သည် မိမိ၏ကျင့်ကြံမှုမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် အလယ်အလတ်သို့ ရောက်ရှိရန် အလှမ်းဝေးနေသေးသည်ကို သတိပြုမိလိုက်၏။
အခန်း (၆၆၈) - ‘စာအုပ်ကူ’၏ စွမ်းပကား၊ ကျင့်ကြံခြင်းလောကပုံစံ အင်တာနက်ကွန်ရက်၊ ပေခြောက်ထောင်ရှည်လျားသော ကံကြမ္မာရွှေနဂါး(၅)။
အမှန်အတိုင်းဆိုရလျှင် ဤသို့သော ကျင့်ကြံမှုနှုန်းမှာ အလွန်ပင် မြန်ဆန်နေပြီဟု ဆိုရပေမည်။
တကယ်တမ်းတွင် ရွှမ်ဟွမ်ကမ္ဘာ၏ အဆင့်အတန်းမြင့်တက်လာမှုကြောင့် ရွှမ်ဟွမ်ဂိုဏ်း၏ ပတ်ဝန်းကျင်၌ ဆဋ္ဌမအဆင့် အထွတ်အထိပ် စိတ်ဝိညာဉ်သွေးကြောများ ဖြစ်ပေါ်လာခဲ့ရုံသာမက ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကြီး၏ အနီးအနား၌ စိတ်ဝိညာဉ်ချီသိပ်သည်းဆမှာ သတ္တမအဆင့်အထိပင် ရောက်ရှိနေသောကြောင့်သာ ဤမျှမြန်ဆန်နေခြင်း ဖြစ်ချေသည်။
သို့မဟုတ်လျှင်မူ သူ၏ကျင့်ကြံမှုနှုန်းမှာ ၄၀ %ခန့်သာ ရှိလိမ့်ဦးမည်ဟု ခန့်မှန်းရသည်။ ဤကျင့်ကြံမှုနှုန်းအတိုင်းသာဆိုလျှင် နောက်ထပ်နှစ်ပေါင်းတစ်ရာခန့် ကြာပြီးနောက်တွင်မှသာ နတ်ဘုရားအသွင်ပြောင်းအဆင့် အလယ်အလတ်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု ခန့်မှန်းရပေ၏။
“ကျင့်ကြံမှုနှုန်းက ဒီလောက်အထိ နှေးနေရတာက စိတ်ဝိညာဉ်အမြစ်ပါရမီနဲ့လည်း ဆိုင်မှာပဲ...”
“ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ကို တက်လှမ်းဖို့က ဒီလောက်တောင် ခက်ခဲလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”
“နှစ်ပေါင်းတစ်ရာလောက် အသည်းအသန် ကျင့်ကြံခဲ့ပြီး တာအိုလက်တွဲဖော်တွေနဲ့ အတူတူလေ့ကျင့်ခဲ့တာတောင် ကောင်းကင်အဆင့်ကို မရောက်နိုင်သေးဘူးပဲ...”
ကျိုးစွေ့မှာ အနည်းငယ် နှမြောတသ ဖြစ်သွားမိ၏။ နှစ်ပေါင်းတစ်ရာအတွင်း အပြင်းအထန် ကျင့်ကြံပြီးနောက် သူ၏စိတ်ဝိညာဉ်အမြစ်မှာ ဆင့်ကဲပြောင်းသွားလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့ခြင်းဖြစ်၏။
သို့သော် အနည်းငယ်မျှ လိုအပ်နေသေးသည်ကို မထင်မှတ်ဘဲ တွေ့လိုက်ရသည်။ ထင်ရှားသည်မှာ ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်နှင့် ပထမအဆင့် စိတ်ဝိညာဉ်အမြစ်တို့အကြားရှိ ကွာဟချက်မှာ ပြောသလောက် မရိုးရှင်းချေ။
ယင်းမှာ ဝိညာဉ်သန္ဓေသားအဆင့်မှ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ ကူးပြောင်းသကဲ့သို့ပင် ဖြစ်ပေ၏။ နှစ်ခုစလုံးမှာ သဘောသဘာဝချင်း လုံးဝဥဿုံ ကွဲပြားခြားနားသွားခြင်းပင်။
ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်သို့ မြှင့်တင်လိုပါက ထင်ထားသကဲ့သို့ မလွယ်ကူသည်မှာ သဘာဝကျလှသည်။
“ဒါနဲ့... တာအိုလက်တွဲဖော်တွေရဲ့ အကူအညီနဲ့ ကျင့်ကြံရင်ရော…”
“ဟယ်ဟွမ်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် ချိုးရူယွီရဲ့ ခန္ဓာကိုယ်ထဲမှာ ကြီးမားတဲ့ ယင်အနှစ်သာရ စွမ်းအားတွေ ရှိနေတာပဲ…”
“ပြီးတော့ သူမက ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ကျင့်ကြံသူလည်း ဖြစ်နေတယ်လေ…”
“တကယ်လို့ သူမရဲ့ စွမ်းအားကို အသုံးချနိုင်မယ်ဆိုရင် နှစ်ပေါင်းများစွာ အချိန်ကုန်ခံ ကျင့်ကြံရမှာကို သက်သာစေရုံတင်မကဘူး”
“ငါ့ရဲ့ စိတ်ဝိညာဉ်အမြစ်ကို ကောင်းကင်အဆင့် ရောက်အောင်လည်း ကူညီပေးနိုင်မှာပဲ…”
“တကယ်ကို တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်စေမှာပဲ…”
ကျိုးစွေ့သည် မေးစေ့ကို ပွတ်သပ်ရင်း မိမိ၏ကျင့်ကြံမှု အစီအစဉ်အတွက် တာအိုလက်တွဲဖော်၏ အကူအညီကိုသာ အဓိကထားရလိမ့်မည်ဟု တွေးတောနေမိ၏။ သို့သော် ဤသည်မှာ ရှက်စရာကိစ္စ မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ သူ၏ကျင့်ကြံခြင်းလမ်းစဉ်သာ မဟုတ်ပါလော။ စည်းစိမ်၊ လက်တွဲဖော်၊ ကျင့်စဉ်နှင့် နေရာဟူသော အချက်လေးချက်တွင် တာအိုလက်တွဲဖော်မှာ ဒုတိယအဆင့်၌ ရှိနေခြင်းဖြစ်သည်။ ယင်းကို ကြည့်ခြင်းဖြင့် တာအိုလက်တွဲဖော်၏ အရေးပါပုံကို မြင်သာနိုင်သည်။
“နှမြောစရာပဲ... တခြားအတတ်ပညာတွေ၊ တန်ခိုးစွမ်းအားတွေနဲ့ ကူပိုးကောင်တွေရဲ့ တိုးတက်မှုက သိပ်မရှိဘူးပဲ...”
ကျိုးစွေ့က အခြားသော အချက်အလက်များကိုလည်း ကြည့်လိုက်လေ၏။ နတ်ဘုရားအသွင်ပြောင်းအဆင့်၌ အတတ်ပညာများကို မြှင့်တင်ရန်မှာ အလွန်ပင် ခက်ခဲလှသည်မှာ သိသာထင်ရှားပေသည်။
အဘယ်ကြောင့်ဆိုသော် ယင်းတို့မှာ ပဉ္စမအဆင့်သို့ ရောက်ရှိနေသောကြောင့်ပင်။ တိုးတက်မှုရရှိရန်အတွက် နှစ်ပေါင်းရာချီ၊ သို့မဟုတ် နှစ်ပေါင်းထောင်ချီပင် အချိန်ယူရပေလိမ့်မည်။
သို့သော် အနည်းငယ်မျှ တိုးတက်လာသည်မှာပင် မဆိုးလှဟု ဆိုရပေမည်။ နှစ်ပေါင်းများစွာ စဉ်ဆက်မပြတ် စုဆောင်းလာခဲ့မည်ဆိုလျှင်မူ ကြီးမားသော တိုးတက်မှုများကို ရရှိလာနိုင်မည်ပင်။
ယေဘုယျအားဖြင့် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတိုင်းမှာလည်း ဤကဲ့သို့ပင် ဖြစ်ကြ၏။ တစ်ခုတည်းသော တိုးတက်မှု သိသိသာသာ ရှိနေသည်မှာ ဆေးဖော်စပ်ခြင်းအတတ်ဖြစ်ပြီး ယခုအခါ ပဉ္စမအဆင့် အလယ်အလတ်သို့ ရောက်ရှိနေချေပြီ။
“ပဉ္စမအဆင့်အလယ်အလတ် ဆေးဖော်စပ်ခြင်းအတတ်ဆိုရင် ပဉ္စမအဆင့် ရတနာဆေးလုံးတွေကို ဖော်စပ်နိုင်ပြီပဲ...”
“ဒါပေမဲ့ ပဉ္စမအဆင့် ဆေးလုံးတွေကို ဖော်စပ်ဖို့ကလည်း ထင်သလောက် မလွယ်ကူဘူး...”
“ပဉ္စမအဆင့် စိတ်ဝိညာဉ်ဆေးပင်တွေထဲက အညစ်အကြေးတွေကို ဖယ်ရှားဖို့ဆိုရင် နတ်ဘုရားအသွင်ပြောင်းနယ်ပယ်ကို အသုံးချဖို့ လိုအပ်တာကိုး...”
“ဒါမှသာ အညစ်အကြေးတွေကို ဆက်တိုက်ဖယ်ရှားနိုင်ပြီး ဆေးအာနိသင်ကို သန့်စင်နိုင်မှာ ဖြစ်တယ်...”
“ဒါပေမဲ့ ပဉ္စမအဆင့် ဆေးဖော်စပ်ပညာရှင်တွေအတွက် အခက်ခဲဆုံးက ပဉ္စမအဆင့်ဆေးပင်တွေကို ရရှိဖို့ပဲ...”
“ပစ္စည်းမရှိဘဲ ဆေးဖော်စပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ... တကယ်လို့ ပဉ္စမအဆင့်ဆေးပင်တွေ မရှိဘူးဆိုရင် ဘယ်လိုလုပ်ပြီး ပဉ္စမအဆင့် ဆေးလုံးတွေကို ဖော်စပ်နိုင်မှာလဲ...”
“ပဉ္စမအဆင့် ဆေးပင်တွေမရှိရင် ဆေးဖော်စပ်မှု အတွေ့အကြုံလည်း မရှိနိုင်ဘူး... အဲ့ဒါဆိုရင် အဆင့်တက်ဖို့က လုံးဝ မဖြစ်နိုင်တော့ဘူး...”
“ကံကောင်းတာက ငါ့မှာ ‘ဆေးဝါးကူ’ရဲ့ အကူအညီ ရှိနေလို့ပဲ... ပဉ္စမအဆင့် ဆေးပင်တွေကို မြန်မြန်ဆန်ဆန် ပြုစုပျိုးထောင်နိုင်ခဲ့တယ်...”
“ဒါကြောင့်လည်း ငါက ပဉ္စမအဆင့် ဆေးလုံးတွေကို အမြောက်အမြား ဖော်စပ်နိုင်ခဲ့တာပဲ...”
ကျိုးစွေ့မှာ မေးစေ့ကို ပွတ်သပ်ရင်း တွေးနေမိ၏။ ဤသည်မှာ နှစ်ပေါင်းတစ်ရာအတွင်း သူ၏ဆေးဖော်စပ်ခြင်းအတတ် အဘယ်ကြောင့် ပဉ္စမအဆင့်အလယ်အလတ်သို့ လျင်မြန်စွာ ရောက်ရှိသွားရသည့် အကြောင်းရင်းပင် ဖြစ်၏။
အကယ်၍ အတွေ့အကြုံအတွက် အသုံးပြုရန် ပဉ္စမအဆင့်ဆေးပင်များစွာ မရှိခဲ့ပါက ဤမျှမြန်ဆန်စွာ တိုးတက်လာနိုင်မည် မဟုတ်ချေ။
“ဒါပေမဲ့ အတိုးတက်ဆုံး အရာကို ပြောရမယ်ဆိုရင်တော့ ကံကြမ္မာရဲ့ တိုးတက်မှုပဲ...”
“ရွှမ်ဟွမ်ဂိုဏ်းရဲ့အင်အား မြင့်တက်လာတာကြောင့် ကံကြမ္မာစွမ်းအားတွေကလည်း အရှိန်အဟုန်နဲ့ တိုးလာခဲ့တယ်...”
“အခုဆိုရင် ငါ့ရဲ့ ကံကြမ္မာရွှေနဂါးက အလျား ပေပေါင်းခြောက်ထောင်အထိ ကြီးထွားလာပြီပဲ...”
ကျိုးစွေ့က အတွေးတစ်ချက်လှုပ်ရှားလိုက်၏။ သူ၏ဦးခေါင်းထက် လေဟာနယ်အတွင်း၌ ပေပေါင်းခြောက်ထောင် ရှည်လျားသော ကံကြမ္မာရွှေနဂါးကြီးတစ်ကောင် ဝဲပျံနေသည်ကို မြင်လိုက်ရ၏။
၎င်း၏ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော ကံကြမ္မာအင်းကွက်များ ရှိနေပြီး ခန့်မှန်းရခက်သော၊ မြင့်မြတ်လွန်း၍ မည်သူမျှ မကျူးကျော်ဝံ့သော အငွေ့အသက်များကို ထုတ်လွှတ်နေချေသည်။
ရွှမ်ဟွမ်ဂိုဏ်း လွှမ်းမိုးထားသည့် နယ်ပယ်အတွင်းရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် သက်ရှိအားလုံး၏ အငွေ့အသက်များနှင့် ကံကြမ္မာများမှာ ထိုရွှေနဂါးကြီးနှင့် ထပ်တူထပ်မျှ ဆက်နွှယ်နေသကဲ့သို့ ရှိနေလေ၏။
ထင်ရှားသည်မှာ ယခုအခါ ရွှမ်ဟွမ်ဂိုဏ်းသည် ရွှမ်ဟွမ်တိုက်ကြီးသာမက ချန်လန်ပင်လယ်ပြင်တစ်ခုလုံးရှိ သက်ရှိများနှင့်ပါ ကံကြမ္မာ ချိတ်ဆက်နေပြီ ဖြစ်သည်။ နှစ်ဦးနှစ်ဖက်လုံးမှာ အပြန်အလှန်ဖြစ်နေပြီး တစ်ဦးကောင်းလျှင် တစ်ဦးတက်၊ တစ်ဦးပျက်လျှင် တစ်ဦးကျမည့် အခြေအနေမျိုးပင်။
ချန်လန်ပင်လယ်ပြင်တစ်ခုလုံး၏ စွမ်းအားမြင့်တက်လာမှုကြောင့် ရွှမ်ဟွမ်ဂိုဏ်း၏ ကံကြမ္မာစွမ်းအားမှာလည်း မြင့်တက်လာခဲ့ရခြင်း ဖြစ်၏။ ရွှမ်ဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည့်အတွက် သူ၏ကျင့်ကြံမှုမှာ များစွာမတိုးတက်သေးသော်လည်း ကံကြမ္မာစွမ်းအားမှာမူ တစ်ရှိန်ထိုး တိုးတက်နေခဲ့ချေပြီ။
ယခုအခါ သူသည် ကောင်းကင်နှင့်မြေကြီး၏ စောင့်ရှောက်မှုကို ရရှိထားသူဟုပင် ဆိုနိုင်ပေသည်။ သူသည် အပြင်သို့ မထွက်ဘဲ ဂိုဏ်းအတွင်း၌သာ နေနေလျှင်ပင် ရွှမ်ဟွမ်ကမ္ဘာရှိ ကံကြမ္မာရှင်များနှင့် ပါရမီရှင်များမှာ ကြီးမားသော ကံကြမ္မာစွမ်းအား၏ ဆွဲဆောင်မှုကြောင့် သူ့ထံသို့ ရောက်ရှိလာကြမည်သာ ဖြစ်၏။
တစ်ကမ္ဘာလုံးရှိ လူသားပါရမီရှင်များမှာ ရွှမ်ဟွမ်ဂိုဏ်းသို့ အလုအယက် ဝင်ရောက်လာကြပေလိမ့်မည်။ ဤသည်မှာ လောကရှိ ပါရမီရှင်အားလုံးကို လက်ဝါးကြီးအုပ်လိုက်ခြင်းပင် ဖြစ်ပေ၏။
မှန်ပေသည်၊ နှစ်ဖက်လုံးမှာ အပြန်အလှန် အကျိုးပြုနေကြခြင်း ဖြစ်၏။ ရွှမ်ဟွမ်ဂိုဏ်းက ဤပါရမီရှင်များကို ပျိုးထောင်ပေးသကဲ့သို့ ဤပါရမီရှင်များကလည်း ရွှမ်ဟွမ်ဂိုဏ်းကို အဆင့်အတန်း မြင့်မားလာအောင် ကူညီပေးနေကြခြင်းပင်။
“အခုဆိုရင် ငါသာ ကံကြမ္မာစွမ်းအားကို သုံးလိုက်မယ်ဆိုရင် ရွှမ်ဟွမ်ကမ္ဘာထဲက ရတနာတွေကို အလွယ်တကူ ရယူနိုင်တော့မှာပဲ...”
ထိုအခိုက်အတန့်တွင် ကျိုးစွေ့သည် မြေပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်ရင်း ခံစားလိုက်မိ၏။ လောကတစ်ခုလုံးတွင် ရွှေရောင်အလင်းစက်လေးများ ပေါ်ထွက်နေသကဲ့သို့ သူ ခံစားနေရသည်။ ထိုရွှေရောင်အလင်းစက် တစ်ခုချင်းစီမှာ ဤကမ္ဘာအတွင်း ဝှက်ဖုံးနေသည့် ကံကြမ္မာအခွင့်အလမ်း တစ်ခုစီကို ကိုယ်စားပြုနေခြင်းပင်။
သူ၏ကံကြမ္မာစွမ်းအား အချို့ကို အသုံးပြုလိုက်ရုံဖြင့် ထိုအခွင့်အလမ်းကို ရရှိနိုင်ပြီး မိမိ၏အင်အားကို မြှင့်တင်နိုင်မည် ဖြစ်သည်။ လောကရှိ ကံကြမ္မာအခွင့်အလမ်းအားလုံးမှာ သူ အလိုရှိသမျှ ရယူနိုင်သည့် အနေအထားသို့ ရောက်ရှိနေချေပြီ။
အခွင့်အလမ်းများစွာမှာ ဆန်းကြယ်သော အငွေ့အသက်များကို ထုတ်လွှတ်လျက် သူ့ကို ဆွဲဆောင်ရန် ကြိုးစားနေကြလေ၏။ ဤသည်မှာ ကံကြမ္မာစွမ်းအား၏ ဆွဲဆောင်မှုပင်ဖြစ်ရာ လျှို့ဝှက်နက်နဲလှသော ကံကြမ္မာအငွေ့အသက်၏ ချိတ်ဆက်မှုမှာ ပြောမပြနိုင်လောက်အောင်ပင် ဆန်းကြယ်လှသည်။
“ဟဟ... ငါ့ကို ကံကြမ္မာစွမ်းအားတွေ သုံးပြီး အခွင့်အလမ်းတွေကို ရယူစေချင်တာလား...”
“အခု ငါ့မှာ ဘယ်ရတနာတွေ၊ ဘယ်အခွင့်အလမ်းတွေများ လိုအပ်နေသေးလို့လဲ...”
“ငါ့အတွက်တော့ ကြီးမားတဲ့ ကံကြမ္မာစွမ်းအားကို ထိန်းသိမ်းထားဖို့ကသာ အဓိကပဲ...”
“ကံကြမ္မာသာ ရှိနေမယ်ဆိုရင် ဘာပဲလုပ်လုပ် ဘေးကင်းမှာဖြစ်သလို လောကရဲ့ စောင့်ရှောက်မှုကိုလည်း ရနေမှာပဲ...”
“အန္တရာယ်တစ်ခုခု ကြုံလာရရင်တောင် ကြိုတင်ပြီး သတိပေးချက် ရနိုင်သေးတယ်...”
“ဒီလို အခွင့်အလမ်း သေးသေးလေးတွေကိုတော့ မယူတာပဲ ကောင်းပါတယ်... ငါ့မှာ ဒါတွေ မလိုပါဘူး...”
ကျိုးစွေ့မှာ အလွန်ပင် တည်ငြိမ်နေလေ၏။ အခွင့်အလမ်းများစွာ၏ အငွေ့အသက်များက သူ့ကို ဆွဲဆောင်နေကြသော်လည်း သူကား လှုပ်ရှားခြင်းမရှိချေ။
တန်ဖိုးကြီးရတနာမဟုတ်လျှင်မူ သူ၏စိတ်ကို လှုပ်ရှားအောင် မစွမ်းနိုင်တော့။ သူ၏အမြင်မှာ အလွန်မြင့်မားနေပြီ မဟုတ်ပါလော။ သာမန်ရတနာများမှာ သူ၏မျက်စိထဲသို့ပင် မဝင်တော့ချေ။
“ဟင်...”
ထိုအခိုက်အတန့်တွင် ကျိုးစွေ့၏အတွင်းစိတ်မှာ လှုပ်ရှားသွားပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ ‘ကံကြမ္မာကူ’မှာ သိသိသာသာ လှုပ်ရှားလာကာ ကြီးမားသော သတင်းအချက်အလက်များကို ပေးပို့လာလေ၏။
ကံကြမ္မာ၏ ကြိုတင်သတိပေးချက်ပင်။
မည်းမှောင်သော ကပ်ဘေးအငွေ့အသက်များမှာ သူ၏ဦးခေါင်းထက်သို့ တိမ်တိုက်များသဖွယ် ဖုံးလွှမ်းလာနေချေပြီ။
ကြီးမားသော သတ်ဖြတ်လိုခြင်း အငွေ့အသက်များမှာ မြို့တော်ကြီးကို ဖြိုဖျက်တော့မည့် မည်းမှောင်သော တိမ်တိုက်များကဲ့သို့ ပျံ့နှံ့လာနေလေ၏။
အဝေးတစ်နေရာမှ ကပ်ဘေးအငွေ့အသက်များဖြင့် ဖွဲ့စည်းထားသော မြွေနဂါးကြီးတစ်ကောင် ပြေးဝင်လာကာ သူ၏ကံကြမ္မာရွှေနဂါးကို ဝါးမျိုပစ်ရန် ကြိုးစားနေသကဲ့သို့ ရှိနေတော့သည်။