← Chapters

အခန်း (၆၆၉-၆၇၀)

Vol. 62 Ch. 669-670

အခန်း (၆၆၉-၆၇၀)

Vol. 62 Ch. 669-670

အခန်း (၆၆၉) - ပြိုင်ဘက်ကင်းအလှပိုင်ရှင် ချိုးရူယွီ၊ ဂါဝန်အောက်မှကျေးကျွန်၊ မိန်းမပျိုတို့ကို ညို့ငင်နိုင်သည့်ယောက်ျား(၁)။

“ဒါက နတ်ဆိုးကပ်ဘေးပဲ...”

“နှစ်တစ်ရာလောက် ငြိမ်းချမ်းခဲ့ပြီးနောက် နတ်ဆိုးမျိုးနွယ်က နောက်ဆုံးတော့ လှုပ်ရှားလာပြီလား...”

ကျိုးစွေ့က မျက်လုံးကို မှေးစင်းလိုက်လေသည်။

ကပ်ဘေးချီဓာတ်မှ စီးဝင်လာသော သတင်းအချက်အလက်များမှတစ်ဆင့် ဤအကြိမ်ကပ်ဘေးသည် နတ်ဆိုးမျိုးနွယ်များထံမှ လာခြင်းဖြစ်ကြောင်း သူ ချက်ချင်းပင် သိလိုက်၏။

သို့သော် သေချာစဉ်းစားကြည့်လျှင် အမှန်တကယ်ပင် အလွန်ရှင်းလင်းလှပေသည်။

ရွှမ်ဟွမ်ကမ္ဘာကြီးတစ်ခုလုံးတွင် နတ်ဆိုးမျိုးနွယ်မှလွဲ၍ လူသားမျိုးနွယ်အပေါ် မည်သူက ခြိမ်းခြောက်နိုင်ပါမည်နည်း။

မိစ္ဆာသားရဲမျိုးနွယ်မှ နတ်ဘုရားအသွင်ပြောင်းအဆင့်များမှာမူ အထက်ဘုံသို့ တက်လှမ်းသွားကြခြင်း မဟုတ်လျှင် ချေချွတ်ခံလိုက်ရပြီဖြစ်ရာ လူသားမျိုးနွယ်၏ ပြိုင်ဘက်များ ဖြစ်မလာနိုင်တော့ပေ။

ယခင်က နတ်ဆိုးများ နှစ်တစ်ရာတိုင်တိုင် ငြိမ်သက်နေခဲ့ခြင်းမှာ လူသားမျိုးနွယ်၏ သတင်းအချက်အလက်များကို စုံစမ်းရန်အတွက်သာ ဖြစ်တန်ရာ၏။

ယခုအခါ သူတို့သည် အပြည့်အဝယုံကြည်မှုရှိသွားပြီဖြစ်၍ စတင်လှုပ်ရှားလာခြင်း ဖြစ်ပေလိမ့်မည်။

“အရင်ကရခဲ့တဲ့ သတင်းအချက်အလက်တွေအရဆိုရင် နတ်ဆိုးမျိုးနွယ်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့်နတ်ဆိုး အနည်းဆုံး သုံးထောင်လောက် ရှိတယ်...”

“စွမ်းအားက တကယ်ကို တော်တော်လေး အားကောင်းတာပဲ...”

“ဒါပေမဲ့ ဒီလောက်လေးနဲ့ဆိုရင် ငါ့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုမျိုး ဖြစ်လာနိုင်မှာ မဟုတ်ဘူး...”

“နတ်ဆိုးမျိုးနွယ်မှာ တခြားထူးခြားတဲ့ နည်းလမ်းတွေ ရှိနေသေးတာများလား...”

ကျိုးစွေ့၏ မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်တစ်ခု လက်သွားလေသည်။

အမှန်အတိုင်းဆိုရလျှင် နတ်ဆိုးမျိုးနွယ်တွင် နတ်ဘုရားအသွင်ပြောင်းအဆင့်နတ်ဆိုး သုံးထောင်သာ ရှိမည်ဆိုပါက သူ အလေးထားမည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ သူသည် ယခုအခါ နတ်ဘုရားအသွင်ပြောင်းအစောပိုင်းအဆင့်မျှသာ ရှိသည်ဟု ယူဆမထားသင့်ချေ။

စွမ်းအားအရ ပြောရမည်ဆိုလျှင် နတ်ဘုရားအသွင်ပြောင်းနှောင်းပိုင်းအဆင့် သို့မဟုတ် နတ်ဘုရားအသွင်ပြောင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူများပင် သူ၏ပြိုင်ဘက် ဖြစ်လာနိုင်မည်မဟုတ်ချေ။

ထို့အပြင် သူသည် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို အသုံးပြုနိုင်သေးသည်။

ထိုနတ်ဘုရားအသွင်ပြောင်းအဆင့်နတ်ဆိုးများမှာ လာသမျှ သေရုံသာရှိပေမည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ကူပိုးကောင်များကို ထုတ်လွှတ်လိုက်ရုံဖြင့်ပင် ၎င်းတို့ကို အမြစ်ဖြတ်သတ်ဖြတ်ရန် လုံလောက်နေချေပြီ။

သို့ရာတွင် ကပ်ဘေးချီဓာတ်၏ ကြိုတင်သတိပေးချက်အရ နတ်ဆိုးမျိုးနွယ်၏ စွမ်းအားသည် အလွန်အမင်း နက်နဲကြောင်း ဖော်ပြနေ၏။

နတ်ဆိုးမျိုးနွယ်သည် ထူးခြားသော နည်းလမ်းများကို ဖုံးကွယ်ထားပြီး စိတ်ကူးယဉ်ရန်ပင် ခက်ခဲသော စွမ်းအားများကို အချိန်မရွေး ပေါက်ကွဲထွက်ပေါ်လာစေနိုင်သည်။

မည်သို့ပင်ဖြစ်စေ ရှေးဟောင်းနတ်ဆိုးကမ္ဘာသည်လည်း နှစ်သန်းပေါင်းများစွာ တည်ရှိခဲ့သည် မဟုတ်ပါလော။

ဤကမ္ဘာတွင် မည်သည့်အဆင့်အထိသော စွမ်းအားများ ပါဝင်နေသည်ကို မည်သူကမျှ မသိနိုင်ချေ။

သေချာသည်မှာ နတ်ဆိုးမျိုးနွယ်များ အင်တိုက်အားတိုက်ရောက်ရှိလာပြီး ရွှမ်ဟွမ်ဂိုဏ်းကို တိုက်ခိုက်ရန်အတွက် အချိန်အနည်းငယ်လိုသေးကြောင်းပင်။

ကပ်ဘေးမှာ ချက်ချင်းစတင်မည်မဟုတ်ဘဲ ပြင်ဆင်ရန် အချိန်အတိုင်းအတာတစ်ခု ရရှိဦးပေမည်။

“ခဏလေး… အခု အန္တရာယ်ကြုံနေရတာက ရွှမ်ဟွမ်ဂိုဏ်းမှ မဟုတ်တာ...”

“ဟယ်ဟွမ်းဂိုဏ်းလား...”

“အနည်းဆုံး နတ်ဘုရားအသွင်ပြောင်းအဆင့်နတ်ဆိုး အကောင်တစ်ရာလောက်ကို လွှတ်ထားတာပဲ...”

ထိုအခိုက်အတန့်တွင် ကျိုးစွေ့၏ စိတ်ထဲ၌ လှုပ်ရှားသွားရသည်။

ချိုးရူယွီသည် ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရပုံရပြီး ဂိုဏ်းတစ်ခုလုံးမှာလည်း ယိမ်းယိုင်နေကာ မရေမတွက်နိုင်သော နတ်ဆိုးများ၏ တိုက်ခိုက်မှုကို ခံရတော့မည်ဖြစ်ပြီး အချိန်မရွေး ပျက်စီးသွားနိုင်ကြောင်း သူ အာရုံခံမိလိုက်၏။

သိထားရမည်မှာ ချိုးရူယွီသည် သူ၏အနာဂတ်တာအိုလက်တွဲဖော်ဖြစ်ပြီး သူ၏ တာအိုကျင့်စဉ်လမ်းကြောင်းနှင့် သက်ဆိုင်နေသောကြောင့် အမှားအယွင်း တစ်စုံတစ်ရာ အဖြစ်ခံ၍မရပေ။

ထို့ကြောင့် ချိုးရူယွီတစ်ယောက် အန္တရာယ်နှင့် ကြုံတွေ့ရသည်ကို သူ လက်ပိုက်ကြည့်နေမည်မဟုတ်ချေ။

ရွှစ်…။

ထိုသို့တွေးမိသည်နှင့် ကျိုးစွေ့သည် တွေဝေမနေဘဲ တည်နေရာပြောင်းအစီအရင်ကို အသုံးပြု၍ ဟယ်ဟွမ်းဂိုဏ်းသို့ ချက်ချင်း သွားရောက်လိုက်တော့သည်။

လွန်ခဲ့သော နှစ်တစ်ရာအတွင်း သူနှင့် ချိုးရူယွီတို့၏ ဆက်ဆံရေးသည်လည်း အလွန်အမင်း တိုးတက်လာခဲ့လေ၏။

ဟယ်ဟွမ်းဂိုဏ်း၏ ဟယ်ဟွမ်းတောင်ထွတ်တွင် တည်နေရာပြောင်းအစီအရင်တစ်ခုကို စောစီးစွာကတည်းကပင် တပ်ဆင်ထားပြီးဖြစ်၏။

ထို့ကြောင့် သူသည် ထိုအစီအရင်မှတစ်ဆင့် ဟယ်ဟွမ်းဂိုဏ်းသို့ အချိန်မရွေး သွားရောက်နိုင်ပေသည်။

…………

ဤအခိုက်အတန့်တွင် အရှေ့ပိုင်းကုန်းမြေတိုက်ကြီးရှိ ဟယ်ဟွမ်းဂိုဏ်း၌…။

ဟယ်ဟွမ်းဂိုဏ်းမှ ကျင့်ကြံသူအများအပြား၏ မျက်နှာများမှာ ဖြူရော်နေပြီး သေမင်းခံတွင်းဝသို့ ရောက်နေသည့်အလား ဖြစ်နေကြသည်။

သူတို့သည် ဂိုဏ်းအပြင်ဘက်တွင် အလွန်များပြားလှသော နတ်ဆိုးများ ရုတ်တရက်ပေါ်လာကြောင်းကို အာရုံခံမိကြလေသည်။

မိုင်တစ်သောင်းပတ်လည် ဧရိယာတစ်ခုလုံးကို နတ်ဆိုးများက ဝန်းရံထားပြီး မည်းမှောင်အုပ်ဆိုင်းနေကာ အဆုံးအစမဲ့သော နတ်ဆိုးချီဓာတ်များက ကောင်းကင်နှင့်နေကိုပင် ကွယ်ဝှက်ထားလေ၏။

ဤနယ်မြေတစ်ခုလုံးကို အမှောင်နတ်ဆိုးနယ်မြေအဖြစ် ပြောင်းလဲပစ်လိုက်သည့်အလား ထင်မှတ်ရ၏။

ကြောက်မက်ဖွယ်အကောင်းဆုံးမှာ ကောင်းကင်ထက်၌ ပျံသန်းနေသော နတ်ဘုရားအသွင်ပြောင်းအဆင့်နတ်ဆိုး အကောင်တစ်ရာကျော်သည် အလွန်ထိတ်လန့်ဖွယ်ကောင်းသော နတ်ဆိုးနယ်ပယ်များကို ထုတ်လွှတ်ထားပြီး ဟယ်ဟွမ်းဂိုဏ်း၏ ပဉ္စမအဆင့်အစီအရင်ကို အဆက်မပြတ် ဝင်ဆောင့်နေကြရာ ဟယ်ဟွမ်းဂိုဏ်း၏ အဓိကကာကွယ်ရေးအစီအရင်ကြီးကို ယိမ်းယိုင်ပြိုကျလုနီးပါး ဖြစ်စေခြင်းပင်။

ဤပဉ္စမအဆင့်အစီအရင်ကြီးသည် ထိုနတ်ဘုရားအသွင်ပြောင်းအဆင့်နတ်ဆိုးများ၏ စွမ်းအားများကြောင့် အချိန်မရွေး ပြိုကွဲသွားနိုင်သည့်အလား အက်ကွဲသံများ မြည်ဟည်းနေတော့သည်။

"ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ...”

"ဘာလို့ ရုတ်တရက်ကြီး ဒီနတ်ဆိုးတွေက အလုံးအရင်းနဲ့ ကျူးကျော်လာပြီး ငါတို့ဟယ်ဟွမ်းဂိုဏ်းကို ဝိုင်းရံတိုက်ခိုက်ရတာလဲ...”

"အရင်က အေးအေးချမ်းချမ်း ရှိနေခဲ့တာကို ဘာလို့ ရုတ်တရက်ကြီး တိုက်ခိုက်လာရတာလဲ… ဘာအရိပ်အယောင်မှလည်း မပြခဲ့ဘူး...”

ဟယ်ဟွမ်းဂိုဏ်းမှ တပည့်များစွာ၏ မျက်နှာများမှာ အလွန်တရာ အကျည်းတန်နေလေသည်။

ကိစ္စရပ်များက အလွန်တရာ ရုတ်တရက်ဆန်လွန်းလှသဖြင့် သူတို့မှာ ဘာလုပ်ရမှန်းပင် မသိတော့ချေ။

မျက်စိတစ်မှိတ်အတွင်း အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ အဆုံးအစမဲ့သော နတ်ဆိုးကပ်ဘေးအတွင်းသို့ ကျဆင်းသွားပြီး သေကြေဒဏ်ရာရသူများမှာ ရေတွက်၍ပင် မရနိုင်တော့ပေ။

မြေအောက်နတ်ဆိုးလိုဏ်ဂူများအတွင်းမှ မရေမတွက်နိုင်သော နတ်ဆိုးများ ထွက်ပေါ်လာကာ အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေ၏။

"ရုတ်တရက် တိုက်ခိုက်တာ မဟုတ်ဘူး… တကယ်တော့ ဒီကိစ္စက အစောကြီးကတည်းက အရိပ်အယောင်တွေ ပြနေခဲ့တာ...”

"အရင်က တပည့်တချို့ မြေအောက်နတ်ဆိုးလိုဏ်ဂူတွေမှာ မကြာခဏ ထူးဆန်းတဲ့လှုပ်ရှားမှုတွေ တွေ့ခဲ့ရပြီး နတ်ဆိုးအမြောက်အမြား စုဝေးနေပုံရတယ်လို့ သတင်းပို့ခဲ့ဖူးတယ်...”

"ပြဿနာက ထူးဆန်းတဲ့လှုပ်ရှားမှုကို တွေ့ရရင်တောင် ဘာလုပ်နိုင်မှာလဲ… ငါတို့မှာ အခု ဂိုဏ်းချုပ်ကြီးတစ်ယောက်ပဲ နတ်ဘုရားအသွင်ပြောင်းအဆင့် ရှိတာလေ...”

"မြေအောက်နတ်ဆိုးလိုဏ်ဂူတွေကို ပြန်တိုက်ခိုက်ပြီး နတ်ဆိုးတွေကို သတ်ဖြတ်နိုင်ဖို့ စွမ်းအားမှ မရှိတာ...”

ဟယ်ဟွမ်းဂိုဏ်း၏ အကြီးအကဲတစ်ယောက်က ဘာမှမတတ်နိုင်သည့်လေသံဖြင့် ပြောလိုက်သည်။

မြေအောက်နတ်ဆိုးလိုဏ်ဂူမှ နတ်ဆိုးများသည် အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်လိုကြောင်းနှင့် နတ်ဘုရားအသွင်ပြောင်းအဆင့်နတ်ဆိုးများက ဦးဆောင်လှုပ်ရှားနေပုံရကြောင်း သူမ စောစီးစွာကတည်းက သိထားခဲ့သည်။

သို့ရာတွင် ထိုသို့သိထားသော်လည်း သူမ ဘာမှမတတ်နိုင်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဟယ်ဟွမ်းဂိုဏ်း၏ စွမ်းအားမှာ အလွန်အားနည်းလွန်းသောကြောင့်ပင်။

ဟယ်ဟွမ်းဂိုဏ်းကို ကာကွယ်ရန်ပင် အစွမ်းကုန် ကြိုးစားနေရချိန်တွင် မြေအောက်နတ်ဆိုးလိုဏ်ဂူများကို သွားရောက်တိုက်ခိုက်ရန်မှာ မဖြစ်နိုင်သောအရာပင် မဟုတ်ပါလော။

"ဟူး… အမုန်းဆုံးကတော့ ထိုက်ရွှီဂိုဏ်း၊ ဟွမ့်ယွမ်ဂိုဏ်းနဲ့ လီရှန်မိစ္ဆာနန်းတော်တို့က နတ်ဘုရားအသွင်ပြောင်းအဆင့် ဘိုးဘေးတွေပဲ… ကိုယ့်ကိုယ်ကျိုးအတွက်နဲ့ စိတ်ဝိညာဉ်ဘုံကို တက်လှမ်းသွားကြတယ်… ကျင့်ကြံခြင်းလောကရဲ့ သေရေးရှင်ရေးကို လုံးဝဂရုမစိုက်ကြဘူး...”

"ကံကောင်းတာက သူတို့တွေ ကံဆိုးမိုးမှောင်ကျပြီး လေဟာနယ်လမ်းကြောင်းဖွင့်တဲ့အချိန်မှာ လေဟာနယ်မုန်တိုင်းနဲ့ ကြုံတွေ့ခဲ့ရလို့ တစ်ယောက်ပြီးတစ်ယောက် လေဟာနယ်လမ်းကြောင်းထဲမှာ သေဆုံးသွားကြတာပဲ… မဟုတ်ရင်တော့ သူတို့တွေ တကယ်ကို လွတ်မြောက်သွားကြတော့မှာ...”

ဟယ်ဟွမ်းဂိုဏ်းမှ အကြီးအကဲတစ်ယောက်က သူတစ်ပါးဒုက္ခရောက်သည်ကို ဝမ်းသာအားရဖြင့် ပြောလိုက်၏။

သူတို့အတွက် ထိုနတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်များ ကံဆိုးမိုးမှောင်ကျသွားသည်ကို သိရခြင်းမှာ အလွန်တရာ ပျော်ရွှင်စရာကောင်းသော ကိစ္စတစ်ခုပင်ဖြစ်၏။

သူတို့ မလွတ်မြောက်နိုင်ပါက နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်များလည်း မလွတ်မြောက်စေချင်ပေ။

"အဲဒါပြောတာ… ဂိုဏ်းချုပ်ကြီးကမှ တော်သေးတယ်...”

"စိတ်ဝိညာဉ်ဘုံကို မတက်လှမ်းဘဲ ငါတို့နဲ့အတူတကွ သေအတူရှင်မကွဲ နေပေးခဲ့တာလေ...”

"ဒါကြောင့်ပဲ ကပ်ဘေးတစ်ခုကို ရှောင်လွှဲနိုင်ခဲ့တာ… ဒါကလည်း စိတ်ကောင်းရှိသူကို ကောင်းကင်က စောင့်ရှောက်တာပဲ နေမှာ...”

ဟယ်ဟွမ်းဂိုဏ်းမှ ကျင့်ကြံသူအများအပြားမှာ အလွန်ကျေးဇူးတင်နေကြလေ၏။

အမှန်တိုင်းဆိုရလျှင် ဂိုဏ်းချုပ်ချိုးရူယွီသာ ဂိုဏ်းကို ကာကွယ်မပေးထားပါက လွန်ခဲ့သော နှစ်တစ်ရာအတွင်း အဆက်မပြတ် ထွက်ပေါ်လာသော နတ်ဆိုးများကြောင့် ဟယ်ဟွမ်းဂိုဏ်းမှာ စောစီးစွာကတည်းက ပျက်စီးသွားလောက်ချေပြီ။

အမှန်တကယ်တွင် နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်များ ဆုံးရှုံးသွားသော ဂိုဏ်းများသည်ကား ယခုနှစ်များအတွင်း ဟယ်ဟွမ်းဂိုဏ်းမှ ဝင်ရောက်စွက်ဖက်ရန်ပင် မလိုဘဲ စောစီးစွာကတည်းက လုံးဝပျက်စီးသွားခဲ့ကြသည်။

ထို့အပြင် သူတို့သည် ဟယ်ဟွမ်းဂိုဏ်း၏ အကာအကွယ်ကို ရရှိရန်အတွက် ဂိုဏ်းရှိ စည်းစိမ်ဥစ္စာအားလုံးကို ယူဆောင်လာကာ ဟယ်ဟွမ်းဂိုဏ်းအတွင်းသို့ ဝင်ရောက်လာပြီး ဟယ်ဟွမ်းဂိုဏ်းနှင့် ပူးပေါင်းသွားခဲ့ကြသည်။

ယခုအချိန်ထိ အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် နတ်ဘုရားအသွင်ပြောင်းအဆင့်ဂိုဏ်းဟူ၍ ဟယ်ဟွမ်းဂိုဏ်းတစ်ခုတည်းသာ ကျန်ရှိတော့၏။

ထိုက်ရွှီဂိုဏ်း၊ ဟွမ့်ယွမ်ဂိုဏ်း၊ လီရှန်မိစ္ဆာနန်းတော် စသည့် နတ်ဘုရားအသွင်ပြောင်းအဆင့်ဂိုဏ်းများမှာမူ သမိုင်းကြောင်းထဲတွင် ပျောက်ကွယ်သွားခဲ့သည်မှာ ကြာလှပြီဖြစ်သည်။

"ဟူး… ဒီစကားတွေ ပြောနေလို့လည်း ဘာမှ အသုံးမဝင်ဘူး...”

"အခု ငါတို့ စဉ်းစားရမှာက ဒီနတ်ဆိုးတွေကို ဘယ်လိုတွန်းလှန်မလဲ ဆိုတာပဲ...”

"အမှန်တိုင်းပြောရရင် ငါတို့ဟယ်ဟွမ်းဂိုဏ်းရဲ့ ပဉ္စမအဆင့် ထိုက်ယီရွှမ်ယင်အစီအရင်က သိပ်အချိန်အကြာကြီး ခံနိုင်မှာ မဟုတ်ဘူး...”

"နတ်ဘုရားအသွင်ပြောင်းအဆင့်နတ်ဆိုး အကောင်တစ်ရာကျော်က စုပေါင်းတိုက်ခိုက်လာရင် ပဉ္စမအဆင့်အစီအရင်ဆိုရင်တောင် ဖျက်ဆီးခံရနိုင်တယ်...”

ဟယ်ဟွမ်းဂိုဏ်းမှ အကြီးအကဲများစွာ၏ မျက်နှာများမှာ အလွန်တည်ကြည်လေးနက်နေလေသည်။

ဟယ်ဟွမ်းဂိုဏ်း၏ ပဉ္စမအဆင့် ထိုက်ယီရွှမ်ယင်အစီအရင်သည် အမှန်တကယ်ပင် စွမ်းအားကြီးမားသော်လည်း နတ်ဘုရားအသွင်ပြောင်းအဆင့်နတ်ဆိုး အကောင်တစ်ရာကျော်နှင့် များပြားလှသော နတ်ဆိုးများ၏ ဝိုင်းရံတိုက်ခိုက်မှုကိုမူ တွန်းလှန်နိုင်ရန် ခက်ခဲလှပေသည်။

နာရီအနည်းငယ်ကြာရုံမျှဖြင့် ဟယ်ဟွမ်းဂိုဏ်း၏ တောင်စောင့်အစီအရင်ကြီးမှာ ဖျက်ဆီးခံရဖွယ်ရှိသည်။

ထိုအချိန်ရောက်လျှင် သူတို့အနေဖြင့် မည်သည့်နေရာသို့ပင် ထွက်ပြေးစေကာမူ သေလမ်းသာ ရှိပေတော့မည်။

အဘယ်ကြောင့်ဆိုသော် ပတ်ဝန်းကျင်အရပ်မျက်နှာအားလုံးကို နတ်ဆိုးများက စောစီးစွာကတည်းက ရေတစက်မျှပင် မယိုစိမ့်နိုင်လောက်အောင် ဝိုင်းရံထားပြီးဖြစ်သောကြောင့်ပင်။

အခန်း (၆၇၀) - ပြိုင်ဘက်ကင်းအလှပိုင်ရှင် ချိုးရူယွီ၊ ဂါဝန်အောက်မှကျေးကျွန်၊ မိန်းမပျိုတို့ကို ညို့ငင်နိုင်သည့်ယောက်ျား(၂)။

"ဂိုဏ်းချုပ်ကြီး… အခု ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ...”

ဟယ်ဟွမ်းဂိုဏ်းမှ အကြီးအကဲများစွာမှာ ဂိုဏ်းချုပ်ချိုးရူယွီကို မကြည့်ဘဲမနေနိုင်အောင် ဖြစ်သွားကြရသည်။

ချိုးရူယွီမှာ အဖြူရောင်ဂါဝန်ရှည်တစ်ထည်ကို ဝတ်ဆင်ထားပြီး ဆီးနှင်းကဲ့သို့ ဖြူဖွေးသော အသားအရေနှင့် ပြီးပြည့်စုံလှသည့် ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားကာ သူမ၏ခန္ဓာကိုယ်မှ အလွန်စင်ကြယ်သော အငွေ့အသက်များ ထွက်ပေါ်နေပြီး အတိုင်းထက်အလွန် လှပနေသည်ကို တွေ့လိုက်ရသည်။

လွန်ခဲ့သော နှစ်တစ်ရာအတွင်း ကျင့်ကြံပြီးနောက် သူမ၏ ကျင့်ကြံခြင်းစွမ်းရည်မှာလည်း သိသိသာသာ တိုးတက်လာခဲ့ကြောင်း ထင်ရှားနေ၏။

ပို၍အရေးကြီးသည်မှာ ကောင်းကင်နှင့်မြေကြီး၏ ကြီးမားသော အပြောင်းအလဲနှင့် ကမ္ဘာ့အဆင့် တိုးတက်လာမှုကြောင့် သူမ၏သက်တမ်းမှာ နှစ်ပေါင်းသုံးထောင်ကျော်မျှ အလိုအလျောက် တိုးလာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဤအချက်ကပင် သူမ၏ ခန္ဓာကိုယ်အတွင်း၌ သက်စောင့်စွမ်းအင်များကို ပြည့်ဝနေစေပြီး အလွန်အမင်း နုပျိုနေစေခြင်း ဖြစ်ပေသည်။

သူမ၏ ကျောက်စိမ်းမိန်းမပျိုကျင့်စဉ်သည်လည်း အလွန်နက်နဲဆန်းကြယ်သောအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

"မစိုးရိမ်ပါနဲ့… ကျွန်မ အကူအညီတစ်ယောက် ရှာတွေ့ထားပြီးပါပြီ...”

"သူ့ရဲ့ အကူအညီနဲ့ဆိုရင် ကျွန်မတို့ ဟယ်ဟွမ်းဂိုဏ်းရဲ့ အန္တရာယ်က သူ့အလိုလို ပြေလည်သွားမှာပါ...”

ချိုးရူယွီက အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်ကာ ယုံကြည်မှုအပြည့်ရှိသော အမူအရာကို ပြသလိုက်သည်။

"ဂိုဏ်းချုပ်ကြီးက အကူအညီရှာတွေ့ထားတာလား...”

"ကျင့်ကြံခြင်းလောကမှာ တခြား နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တွေ ရှိနေသေးလို့လား… အားလုံး တစ်စုတစ်ဝေးတည်း အထက်ဘုံကို တက်လှမ်းသွားကြပြီလို့ ပြောတာ မဟုတ်ဘူးလား...”

"ကမ္ဘာကြီးက ဘယ်လောက်တောင် ကျယ်ဝန်းလိုက်သလဲ… နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တွေ ပုန်းအောင်းနေသေးတာလည်း မဖြစ်နိုင်တဲ့ကိစ္စတော့ မဟုတ်ဘူး...”

"ဂိုဏ်းချုပ်ကြီးက ဒီလောက်တောင် ယုံကြည်မှုရှိနေမှတော့ ဒီတစ်ခါ ခေါ်ထားတဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် အကူအညီတွေ အများကြီးရှိပုံပဲ...”

ဤစကားကို ကြားလိုက်ရသောအခါ ဟယ်ဟွမ်းဂိုဏ်းမှ ကျင့်ကြံသူများစွာမှာ ရူးသွပ်လုမတတ် ဝမ်းသာသွားကြပြီး မျှော်လင့်ချက်အပြည့်ပါသော မျက်နှာပေးများဖြင့် ချိုးရူယွီကို ကြည့်လိုက်ကြလေ၏။

အကယ်၍ နတ်ဘုရားအသွင်ပြောင်းအဆင့် အကူအညီများသာ ပါဝင်ကူညီပေးမည်ဆိုပါက ဤအကြိမ် နတ်ဆိုးကပ်ဘေးကို ကာကွယ်နိုင်လိမ့်မည်ဟု သူတို့ တွေးထင်နေကြသည်။

ဤသို့ဖြင့် နတ်ဆိုးများစွာမှာ ခက်ခဲမှုကို ကောင်းကောင်းသိရှိသွားပြီး ဆုတ်ခွာသွားရပေလိမ့်မည်။

"ဒါက..."

ချိုးရူယွီမှာ ဆွံ့အသွားပြီး ဘာဆက်ပြောရမှန်းပင် မသိတော့ချေ။

သူမမှာ အေးဆေးတည်ငြိမ်ဟန် ပေါက်နေသော်လည်း အတွင်းစိတ်ထဲတွင်မူ အလွန်အမင်း ထိတ်လန့်နေခဲ့၏။

သူမတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် အကူအညီများ မည်သည့်နေရာက သွားရပါမည်နည်း။

တစ်ခုတည်းသော အကူအညီမှာ ထိုကျောက်တုံးခေါင်း ကျိုးစွေ့ပင် ဖြစ်ပေသည်။

ဤနှစ်တစ်ရာအတွင်း သူမသည် သူမ၏ စွမ်းရည်အားလုံးကို ထုတ်သုံးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အောက်ကျို့ခံကာ ညို့ငင်ခြင်းပညာရပ်များကိုပင် အသုံးပြုခဲ့လေ၏။

ရည်ရွယ်ချက်သည်ကား ထိုအကောင်စုတ်ကို မူးယစ်တွေဝေသွားစေရန်သာ ဖြစ်သည်။

အကောင်းဆုံးမှာ သူမ၏ ဂါဝန်အောက်မှကျေးကျွန် ဖြစ်လာပြီး သူမ ခိုင်းစေသမျှ လုပ်ပေးရန်ပင် ဖြစ်ပေတော့သည်။

“ငါအသုံးပြုခဲ့တဲ့ ညို့ငင်ခြင်းပညာရပ်တွေက နည်းနည်းလေးတောင် အသုံးမဝင်ဘဲ ငါကိုယ်တိုင်သာ အသေအလဲ ပင်ပန်းနွမ်းနယ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ...”

“ဒီယောက်ျားက လုံးဝကို ကျောက်တုံးခေါင်းတစ်လုံးပဲ ဖြစ်ရမယ်...”

“ပုံမှန်ယောက်ျားတစ်ယောက်သာဆိုရင် ငါ့လို အရမ်းလှတဲ့ မိန်းမချောလေးတစ်ဦးရဲ့ ညို့ငင်မှုကို လျစ်လျူရှုထားနိုင်မှာ မဟုတ်ဘူး...”

“အမှန်အတိုင်းပြောရရင် ငါလေးမယ် အတင်းအဓမ္မတောင် အပိုင်သိမ်းဖို့ ကြံစည်မိလုနီးပါး ဖြစ်ခဲ့ဖူးတယ်...”

“ဒါပေမဲ့ ငါ့ခမျာ အဲဒီအကောင်ကို မယှဉ်နိုင်ဘူးဆိုတာ သိလိုက်ရပြီး သူ့ဆီကနေ ရိုက်နှက်မှုကိုတောင် ခံရတော့မလို့...”

“ပြောသာပြောရတယ်… ဟုတ်သာမဟုတ်တာ... ငါနဲ့ အဲဒီယောက်ျားရဲ့ အကွာအဝေးက အတော်လေး နီးကပ်သွားတယ်လို့ ခံစားလိုက်ရတယ်...”

“ဒါကြောင့် နတ်ဆိုးတွေရဲ့ ဝိုင်းရံတိုက်ခိုက်ခြင်းကို ရင်ဆိုင်ရချိန်မှာ ပထမဆုံးအနေနဲ့ ကျိုးစွေ့ဆီ သတင်းပို့ပြီး အကူအညီတောင်းခံခဲ့တာပဲ...”

“ဒါပေမဲ့ အခုအချိန်အထိ အဲဒီအကောင်စုတ်က ဘာသတင်းမှ ပြန်မပို့သေးဘူး...”

“အရမ်းအန္တရာယ်များလွန်းလို့ ငါ့ကို စွန့်ပစ်ဖို့ ရည်ရွယ်ထားတာများလား...”

“ဒီလောကက ဘယ်ယောက်ျားမှ မကောင်းဘူးဆိုတာ ငါ သိထားပြီးသားပါ...”

“ကပ်ဘေးနဲ့ ကြုံတွေ့ရတိုင်း ဘေးနားကလူတွေကို တွန့်ဆုတ်ခြင်းအလျဉ်းမရှိဘဲ စွန့်ပစ်တတ်ကြတာချည်းပဲ...”

“လင်မယားဖြစ်နေရင်တောင် ဘာတတ်နိုင်မှာလဲ… ဘေးအန္တရာယ်ကျရောက်လာချိန်မှာ ကိုယ့်လမ်းကိုယ် လျှောက်ကြရတာချည်းပါပဲလေ...”

ဝုန်း...။

ချိုးရူယွီတစ်ယောက် တွေးချင်ရာတွေး၍ စိတ်တိုနေစဉ်မှာပင် ဟယ်ဟွမ်းတောင်ထွတ်ပေါ်၌ ရုတ်တရက် တောက်ပသောအလင်းတန်းများ ပေါက်ကွဲထွက်လာပြီး လေဟာနယ်တစ်ခုလုံး တုန်ခါသွားလေသည်။

ချက်ချင်းဆိုသလိုပင် တည်နေရာရွှေ့ပြောင်းအစီအရင်ထဲမှ လူရိပ်တစ်ခုက ထွက်ပေါ်လာ၏။

“ဘယ်သူလဲ...”

မျက်စိတစ်မှိတ်အတွင်းမှာပင် ဟယ်ဟွမ်းဂိုဏ်းမှ ကျင့်ကြံသူအများအပြားမှာ ကြက်သီးမွေးညင်းများ ထသွားကြပြီး ရန်သူများ ဝင်ရောက်တိုက်ခိုက်သည်ဟု ထင်မှတ်ကာ မှော်ရတနာများကို ထုတ်ယူ၍ လက်ဦးမှုရယူကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။

“မစိုးရိမ်ကြပါနဲ့၊ ငါပါ...”

ပြိုင်ဘက်ကင်းသော စွမ်းအားနှင့် ရင်းနှီးကျွမ်းဝင်မှုတို့ ပါဝင်နေပုံရသော အသံတစ်သံက ထွက်ပေါ်လာ၏။

တစ်ဖက်လူ၏ ပုံပန်းသဏ္ဌာန်ကို လုံးဝ မမြင်ရသေးသော်လည်း ဟယ်ဟွမ်းဂိုဏ်းမှ လူအားလုံးသည် အသံရှင်အပေါ် အလိုအလျောက် ယုံကြည်အားထားမှုများ ဖြစ်ပေါ်လာကာ မိမိတို့၏ အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။

ဤသည်ကား ‘ချစ်ခြင်းမေတ္တာကူ’ထံမှ ထွက်ပေါ်လာသော နတ်ဘုရားညို့ငင်အသံပင် ဖြစ်လေသည်။

နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းသွားပြီးနောက် နတ်ဘုရားညို့ငင်အသံ၏ စွမ်းအားမှာ သိသာစွာ ပိုမို အားကောင်းလာခဲ့ချေပြီ။

နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူဖြစ်လျှင်ပင် ဤအသံကို ကြားလိုက်ရပါက အလိုအလျောက် ယုံကြည်မှုများ ဖြစ်ပေါ်လာပြီး သူ၏မိတ်ဆွေကောင်း ဖြစ်လာမည်သာ ဖြစ်၏။

စကားပြောလိုက်သူမှာ သဘာဝကျစွာပင် ကျိုးစွေ့ ဖြစ်လေသည်။

သူသည် ရွှမ်ဟွမ်ဂိုဏ်းမှ တည်နေရာရွှေ့ပြောင်းအစီအရင်ကို အသုံးပြု၍ ဟယ်ဟွမ်းဂိုဏ်းသို့ တိုက်ရိုက် ရောက်ရှိလာခြင်း ဖြစ်၏။

ထို့အပြင် ၎င်းမှာ ကိုယ်ပွားမဟုတ်ဘဲ ခန္ဓာကိုယ်အစစ်အမှန်ကိုယ်တိုင် ရောက်ရှိလာခြင်း ဖြစ်ပေသည်။

“စီနီယာကျိုး ဖြစ်နေတာကိုး...”

ထိုလူရိပ် ပေါ်ထွက်လာသည်ကို မြင်လိုက်ရသောအခါ ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူ အများအပြားမှာ ရုတ်တရက် သက်ပြင်းချလိုက်နိုင်ကြသည်။

သူတို့သည် မျက်စိရှေ့ရှိ ချောမောခန့်ညားလှသော အမျိုးသားအား ရူးသွပ်မတတ် စိုက်ကြည့်နေကြပြီး ဤအမျိုးသားမှာ အလွန်တရာ ခန့်ညားထည်ဝါကာ လူ့ပြည်သို့ ဆင်းသက်လာသော အင်မော်တယ်တစ်ပါးနှင့်ပင် တူနေတော့သည်။

သူ၏ လှုပ်ရှားမှုတိုင်း၊ စကားတစ်ခွန်းတိုင်းသည် အဆုံးမဲ့သော ဆွဲဆောင်မှုများ ပါဝင်နေသကဲ့သို့ပင်။

ဤအမျိုးသားသည် မိမိတို့ဂိုဏ်းချုပ်ကြီး၏ ချစ်သူဖြစ်ဖွယ်ရှိသည်ဟု သံသယမဝင်မိပါက သူတို့သည် စောစီးစွာကတည်းကပင် ခုန်အုပ်၍ ပျော်ပါးချင်နေကြမည်မှာ သေချာလှသည်။ အဘယ်ကြောင့်ဆိုသော် ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူများအတွက် ဤကဲ့သို့သော ကိစ္စမျိုးမှာ အရေးတယူလုပ်စရာပင် မဟုတ်သောကြောင့်ပင်။

မိမိကိုယ်ကို ပျော်ရွှင်စေနိုင်သရွေ့ မည်သည့်ကိစ္စကိုမဆို လုပ်ဆောင်နိုင်ပြီး လုံးဝ တားမြစ်ချက်မရှိသလောက်ပင် ဖြစ်၏။

“တာအိုရောင်းရင်းကျိုး...”

ကျိုးစွေ့ ပေါ်ထွက်လာသည်ကို မြင်လိုက်ရသောအခါ ချိုးရူယွီ၏ လှပသောမျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး သူမ၏စိတ်ထဲတွင် ကြီးမားသော လုံခြုံမှုနှင့် ဝမ်းမြောက်မှုတို့ ပြည့်နှက်သွားလေသည်။

မူလက ထိုကျောက်တုံးခေါင်းက သူမကို စွန့်ပစ်သွားပြီဟု ထင်မှတ်ထားခဲ့သော်လည်း ကိုယ်တိုင်ရဲရဲဝံ့ဝံ့ လာရောက်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ပေ။

ဤယောက်ျားသည် ပုံမှန်အားဖြင့် မိမိ၏ ခံစားချက်များကို ထုတ်ဖော်ပြသလေ့မရှိသည်မှာ သိသာလှ၏။

သို့သော် တိတ်တဆိတ်တွင်မူ သူမကို စောစီးစွာကတည်းက ချစ်မိနေပြီမှာ သေချာပေသည်။

သို့မဟုတ်ပါက သေနိုင်ခြေ အလွန်များပြားသည့် ဤကဲ့သို့သော ဘေးအန္တရာယ်မျိုးကို ရင်ဆိုင်ရချိန်တွင် မည်သို့ဖြစ်၍ ကိုယ်တိုင်လာရောက်နိုင်ပါမည်နည်း။

ပုံမှန်အချိန်များတွင် ကတိကဝတ်မျိုးစုံပေးတတ်ပြီး အရေးကြီးသောအချိန်ရောက်မှ တာအိုလက်တွဲဖော်ကို စွန့်ပစ်တတ်သည့် လူယုတ်မာယောက်ျားများနှင့် နှိုင်းယှဉ်လိုက်ပါက ဤယောက်ျားသည် မည်မျှပို၍ ကောင်းမွန်နေမည်ကို ခန့်မှန်း၍ပင် ရနိုင်မည်မဟုတ်ပေ။

သူမ၏ ယောက်ျားရွေးချယ်တတ်သော အမြင်မှာ အလွန်ကောင်းမွန်ပြီး လူရွေးမမှားခဲ့ကြောင်း သေချာသွားလေပြီ။

“ဒါက...”

ကျိုးစွေ့က မျက်တောင်တစ်ချက် ခတ်လိုက်၏။

ချိုးရူယွီထံမှ သဘောကျနှစ်သက်မှု အတိုင်းအတာမှာ ရုတ်တရက် ပြည့်နှက်သွားသည်ကို သူ အာရုံခံလိုက်မိသည်။

ဤတစ်ကြိမ်တွင် သူ၏ မစွန့်ပစ်ဘဲ ဘေးအန္တရာယ်ကြုံချိန်၌ ရဲဝံ့စွာ ထွက်ပေါ်လာမှုက သူမ၏ သဘောကျနှစ်သက်မှုကို များစွာ တိုးတက်သွားစေပုံရချေသည်။

ဤအခိုက်အတန့်တွင် ချိုးရူယွီ၏ ခန္ဓာကိုယ်ထံမှ ရမ္မက်ဆန္ဒများ ပြင်းပြနေသည့် အငွေ့အသက်မျိုးကို သူ အာရုံခံနိုင်လေသည်။

သူမ၏ ခန္ဓာကိုယ်တွင်းရှိ သန့်စင်ယင်ချီများသည်လည်း ပြင်းထန်စွာ ထွက်ပေါ်နေ၏။

မည်သည့်နေရာ၊ မည်သည့်အချိန်ဖြစ်နေသည်ကိုပင် ဂရုစိုက်မည့်ပုံမပေါ်ချေ။

သူသာ ဆန္ဒရှိပါက ဤအမျိုးသမီးကို အချိန်မရွေး ပိုင်ဆိုင်နိုင်မည်ဟုပင် ထင်မှတ်ရသည်။

ဟယ်ဟွမ်းဂိုဏ်း၏ အမျိုးသမီးကျင့်ကြံသူပီပီ ရဲရဲဝံ့ဝံ့ ချစ်တတ်၊ မုန်းတတ်ပြီး လောကီလူသားများ၏ အမြင်များကို လုံးဝ ဂရုမစိုက်ဟုသာ ဆိုရပေမည်။

သို့မဟုတ်ပါကလည်း သူတို့၏အမြင်တွင် ဤသည်ကသာ မှန်ကန်နေခြင်းဖြစ်ပြီး အခြားသူများ၏ လုပ်ရပ်များကသာ မှားယွင်းနေသည်ဟု ယူဆထားပုံရ၏။

“ဒါပေမဲ့ စီနီယာကျိုး... အပြင်ဘက်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုး အကောင်တစ်ရာကျော်အပြင် ဝိညာဉ်သန္ဓေသားအဆင့် နတ်ဆိုး သောင်းနဲ့ချီပြီး ရှိနေတာ… ပြီးတော့ အဆင့်နိမ့် နတ်ဆိုးတွေကလည်း သန်းနဲ့ချီပြီး ရှိသေးတယ်… ဘယ်လိုလုပ်ပြီး ခုခံနိုင်မှာလဲ...”

“စီနီယာကျိုး တစ်ယောက်တည်းပဲ အကူအညီ လာပေးတာလား...”

ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူ အများအပြားက အလွန်စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်ကြလေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့ ဟိုကြည့်ဒီကြည့် ရှာဖွေကြည့်သော်လည်း အကူအညီအဖြစ် ကျိုးစွေ့တစ်ယောက်တည်းသာ ရောက်လာပုံရသောကြောင့်ပင်။

ကျိုးစွေ့သည် မိမိတို့၏ ဂိုဏ်းချုပ်ကြီးနှင့် ကွာခြားမှုသိပ်မရှိလှသော နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တစ်ပါး ဖြစ်ကြောင်း သူတို့ သိထားကြသော်လည်း၊ ဤကဲ့သို့သော အခြေအနေမျိုးတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် တစ်ယောက်နှစ်ယောက် ပိုများလာခြင်းက လုံးဝ အသုံးမဝင်ပေ။

ဟယ်ဟွမ်းဂိုဏ်း၏ ဤတစ်ကြိမ် အကျပ်အတည်းကို လုံးဝ ဖြေရှင်းနိုင်စွမ်း ရှိမည်မဟုတ်ချေ။

“မစိုးရိမ်ကြပါနဲ့...”

“ဒီလောက် နတ်ဆိုးလေးတွေက သာမန်အမှိုက်သရိုက်တွေလောက်ပါပဲ...”

“ကျုပ်တစ်ယောက်တည်းနဲ့တင် လုံလောက်ပါတယ်...”

ကျိုးစွေ့က တည်ငြိမ်စွာ ပြောလိုက်၏။

ဘာ…။

ထိုစကားထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူ အများအပြားမှာ လှပသောမျက်လုံးလေးများ ပြူးကျယ်သွားကြပြီး မယုံကြည်နိုင်စွာဖြင့် ကျိုးစွေ့ကို ကြည့်လိုက်ကြလေသည်။

ဤသည်မှာ အလွန်မောက်မာသော စကားဖြစ်သော်လည်း အဘယ်ကြောင့်မှန်းမသိ သူတို့သည် ထိုစကားကို ယုံကြည်ချင်နေကြသည်။

ဤအမျိုးသားသည် မည်သည့်ကိစ္စကို ပြုလုပ်သည်ဖြစ်စေ သဘာဝကျကျ မလွဲမသွေ လုပ်ဆောင်နိုင်လိမ့်မည်ဟု ထင်မှတ်နေကြ၏။

ဤအခိုက်အတန့်တွင် သူတို့၏စိတ်ထဲ၌ ယုံကြည်မှုနှင့် သတ္တိများ အပြည့်အဝ ပြည့်နှက်သွားတော့သည်။

အပြင်ဘက်ရှိ အဆုံးမဲ့သော နတ်ဆိုးများ ဝင်ရောက်လာလျှင်ပင် သူတို့သည် ဂရုစိုက်တော့မည် မဟုတ်ပေ။

…………

All Chapters