နောင်တမရတဲ့ ရူးမိုက်ခြင်း
Vol. 6 Ch. 81
"ကျွန်တော်ပြန်ချင်တယ်။ ကျွန်တော်ပြန်ချင်တယ် ..."
စုမင် ငိုကြွေးလေတယ်။ သူ့ရဲ့ ၁၆ နှစ်တာ ကာလတစ်လျှောက်မှာ အကြီးမားဆုံးသော ဒေါသတရားတွေနဲ့ အတူ တံခါးကို ဆက်လက် ဝင်ဆောင့်လျက် ရှိတယ်။
သို့ပေမဲ့ စည်းတံဆိပ်ဟာ ခိုင်မာလှပြီး မပြောင်းလဲဘူး။ သူ့ရဲ့ တံတောင်တွေ ပွန်းပဲ့ကာ သွေးတွေ ယိုစီးလာပြီး သူ့ရဲ့ အသံဟာ အက်ကွဲနေလွန်းလို့ ကြားမိသူတိုင်းရဲ့ နှလုံးသားကို ထိရှ စေလောက်ပြီး သွေးစိမ်းရှင်ရှင် အန်ထွက်လို့ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေတဲ့အထိ ဆက်လက်လုပ်ဆောင် နေခဲ့တယ်။ နောက်ဆုံးတော့ တံခါးရှေ့မှာ ဒူးထောက်လေတယ်။
တံခါးပေါ်မှာ မြောက်များစွာသော လက်သီးရာတွေ ပြည့်လျက် ...
"ကျွန်တော် ပြန်ချင်ပါတယ်။ ကျွန်တော် ပြန်လိုက်ချင်တယ် အကြီးအကဲ ... မျိုးနွယ်စုဆီ ပြန်ချင်ပါတယ်။ ကျွန်တော် သေရမယ် ဆိုရင်တောင် မျိုးနွယ်စုမှာပဲ သေချင်ပါတယ်။ ကျွန်တော် ပိုပြီး ခွန်အားတွေ ရှိလာအောင် အစွမ်းထက် မာန်စွမ်းအားရှင်တစ်ယောက် ဖြစ်လာအောင် ကြိုးစားနေတာက မျိုးနွယ်စုကို ကာကွယ်ပေးနိုင်ဖို့လေ ... အကြီးအကဲ ... ဘာလို့လဲ ... ဘာလို့လဲ”
စုမင် ငိုတယ်။ သူ့နှလုံးသားဟာ နာကျင်လှပြီ။ ဒီလို နာကျင်မှုမျိုးက သူ့ကို ခေါက်ခနဲ လဲကျသေဆုံး သွားစေတော့မတတ်ပဲ။
မျိုးနွယ်စုပေါ် ကျရောက်နေတဲ့ အန္တရာယ်အကြောင်း၊ အကြီးအကဲရဲ့ အားနည်းနေတဲ့ အခြေအနေနဲ့ မျိုးနွယ်စုဝင်တွေရဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ မျက်နှာတွေ အားလုံးအကြောင်း တွေးတော မိချိန်မှာ သူ့ရဲ့ စိတ်ဝိညာဉ်အတွင်းပိုင်း ခပ်နက်နက်ကနေ ကြုံးဝါးလိုက်လေတယ်။
"ငါသေရရင်တောင် ရောက်အောင်ပြန်ရမှာပဲ”
စုမင်ရဲ့ မျက်လုံးတွေထဲမှာ ထင်ရာစိုင်းလိုမှုတွေ အပြည့်။ မောဟိုက်စွာ အသက် ရှူရှိုက်ပြီး နောက်ကို ခြေလှမ်းဆုတ်လိုက်တယ်။
"အခုအချိန်မှာ အကြီးအကဲရဲ့ စည်းတံဆိပ်ကို မဖောက်ဖျက် နိုင်ရင်တောင် ငါ့ရဲ့အဆင့်ကို တိုးမြှင့်စေမယ့် ဘယ်အရာမဆို ငါလုပ်ဖို့ လုပ်နေပြီ”
စုမင် သွေးရူးသွေးတန်း ဖြစ်နေတယ်။ သူ့နေရာမှာ အခြားသူဆိုလျှင်လည်း ဒီလိုပဲ ဖြစ်နေမှာပါပဲ။
သူ့ရဲ့ မျက်နှာဟာ ကြောက်စရာကောင်းအောင် ဖြူဆုတ်နေခဲ့ပြီး သူ့မျက်လုံးတွေဟာ နီရဲ တွတ်နေခဲ့ပြီး ဒေါသတွေနဲ့ ပြည့်နှက်လို့ နေတယ်။ သူ့ခေါင်းထဲမှာ အတွေးတစ်ခုပဲ ရှိတယ်။ ဒီနေရာကနေ ချိုးဖောက်ထွက်ခွာနိုင်ဖို့ ဘာနောက်ဆက်တွဲ အကျိုးရလဒ်တွေကိုမှ မစဉ်းစားဘဲ အားလုံး လုပ်ကြည့်ရမယ်။
ဒီကိစ္စကြောင့် အကြီးအကျယ် ဒဏ်ရာ ရခဲ့လျှင်တောင် သူဂရုမစိုက်ဘူး။ အခု အကြီးအကဲနဲ့ မျိုးနွယ်စုကိုပဲ ဂရုစိုက်တယ်။ သူသေရလျှင်သော်မှ မျိုးနွယ်စုအတွက် တိုက်ရင်းသေမယ်။
"ငါပိုပြီး ခွန်အားသန်မာဖို့ လိုတယ်။ ဒီနေရာကနေ ထွက်နိုင်ရမယ်”
စုမင်ဟာ မာန်သွင်းလိုက်ပြီး နောက်ကို ခြေလှမ်းဆုတ်လို့ လှည့်ထွက်လိုက်တယ်။ ဆေးဝါးတွေကို နိုင်စီးငြိမ်းသတ်ခြင်း လုပ်ဖို့ ဝယ်လာတဲ့ တိမ်လွှာမြက်များနဲ့တကွ အခြားသော ဆေးပင်များကို ကြည့်လိုက်တယ်။
ဒီဆေးပင်တွေ အားလုံးကို ဆေးဖော်ဖို့အတွက် ပြင်ဆင်ထားတာ။ စုမင် သေချာ ရှင်းရှင်းလင်းလင်း သိနေတာက ဒါတွေအားလုံးကို ကြိတ်ပြီး အရည်အဖြစ်နဲ့ သောက်လျှင်သော်မှ တစ်ခါတည်းနဲ့ သူအများကြီး သောက်နိုင်မှာ မဟုတ်ဘူး။ အဲဒီလိုလုပ်တဲ့ မာန်စွမ်းအားရှင် တစ်ယောက်ကလည်း သူ့ကိုယ်ခန္ဓာကိုသူ အကြီးအကျယ် ဒုက္ခဖြစ်စေမိမှာ၊ ဒဏ်ရာ အနာတရ ဖြစ်ပေါ်စေ မိမှာပဲ။ တကယ်တမ်းကျတော့ မာန်စွမ်းအားကို ကျင့်ကြံတဲ့ နည်းလမ်းဟာ တည်ငြိမ်ပြီးတော့ ပုံမှန်လေး အဆင့်မြှင်သွားဖို့ လိုတယ်လေ။
သို့ပေမဲ့လည်း အဲဒါကို စုမင် ဂရုမစိုက်ပါဘူး။ သူ့အသက်ကို သူစွန့်လွှတ်နိုင်တာမို့ ဒီဒဏ်ရာ အနာတရလောက်ကို ဂရုစိုက် မနေတော့ဘူး။ ဘယ်လောက်ပဲ ဒဏ်ရာပြင်းပြင်း သူလုံးဝ နောင်တရမှာ မဟုတ်ဘူး။
စုမင် ဘယ်တော့မှ နောင်တမရဘူး။
စုမင် တင်ပျဉ်ခွေ ထိုင်ချလိုက်တယ်၊ သူ့မျက်လုံးတွေက နီရဲနေတုန်းပဲ။ တိမ်လွှာမြက်တွေပါတဲ့ အိတ်ကို ယူလိုက်တယ်။ ဒီဆေးတွေကို ကြိတ်ချေဖို့အချိန် မရှိဘူး။ မျိုးနွယ်စုက အန္တရာယ်ထဲမှာ၊ အကြီးအကဲက အားနည်းနေတယ်။ အရာအားလုံးက သူ့ကို သူတစ်ခါမျှ မဖြစ်ဖူးတဲ့ ကြံမိကြံရာ ကြံစည်မိခြင်းတွေ ဖြစ်ပေါ်စေတယ်။
စုမင် မျက်လုံးတွေဟာ နီရဲလျက် ရှိပြီး တိမ်လွှာမြက် အမြောက်အမြားကို ယူငင်လို့ ပါးစပ်ထဲကို ထည့်လိုက်ပြီး အရည် ထွက်လာတဲ့အထိ ကြမ်းတမ်းစွာ ဝါးလို့ အမှိုက်တွေကို ပြန်ထွေးတယ်။ ဆေးရည်တွေက ခါးသက် လွန်းလှပေမဲ့ သူ့နှလုံးသားထဲက ခါးသီးမှုနဲ့ ယှဉ်လျှင် ဘာမှ မဟုတ်တော့ဘူး။
သူဝါးတယ်။ မျိုချလိုက်ပြန်တယ်။ ပြီးတာနဲ့ တိမ်လွှာမြက်တွေ အများကြီးကို ယူလိုက်ပြန်ပြီး ဆေးရည်တွေကို အကြမ်းပတမ်း မျိုချတယ်။ တဖြည်းဖြည်းနဲ့ သူ့ကိုယ်ခန္ဓာဟာ တုန်ယင်လာတယ်။ သူ့ကိုယ်ထဲမှာ မီးလျှံ တောက်လောင်နေသလို တစ်ကိုယ်လုံးကို ချွေးတို့နဲ့ ရွှဲရွှဲ နစ်နေစေတယ်။ သွေးကြောတွေအားလုံး သူ့ကိုယ်ခန္ဓာ တစ်လျှောက် ပျံ့နှံ့ဖြာဆင်း လာတယ်။
၁၆၀ ခုသော သွေးကြောများဂာ အနီရောင်ရဲရဲ အလင်း ထုတ်လွှတ်ကြလျက် သွေးနီရောင် ငရဲတစ်ခုလို ဖြစ်သွားအောင် တစ်အိမ်လုံးကို အလင်းတွေနဲ့ လွှမ်းခြုံ လိုက်လေတယ်။ အနီရောင် အလင်းတွေရဲ့ ဝန်းရံမှုအလယ်က စုမင်ထံမှာ မယုံနိင်ဖွယ်ရာ စိတ်ပိုင်းဖြတ်မှုတွေနဲ့ ရူးမိုက်မှုတွေ ကိန်းအောင်း နေပါတယ်။
၁၀ … ၃၀ ... ၅၀ ... အိတ်ထဲမှာ ရှိသမျှသော တိမ်လွှာမြက်ပင် ၁၀၀ လုံး ကုန်တဲ့အထိ မျိုချလိုက်တယ်။ အမှိုက်တွေကို ပြန်ထွေးချိန်မှာ သူ့ကိုယ်ထဲမှာ နာကျင်မှုက စူးရှအောင့်တက် လာတယ်။ ဒါဟာ တိမ်လွှာမြက်ပင်တွေ အများကြီးကို စားလိုက်လို့ ဖြစ်လာတဲ့ အကျိုးဆက်မှန်း စုမင် သိတယ်။ သူဒီလို ဆက်လုပ်နေမယ်ဆိုလျှင် နာကျင်မှုက ပိုပြင်းထန်လာပြီး နောက်ဆုံးကျလျှင် တစ်ကိုယ်လုံးကို ပျံ့နှံ့သွားတော့မယ်။
သို့ပေမဲ့ တစ်ချိန်တည်းမှာပဲ သူ့ကိုယ်ထဲက မီးတောက်ဟာ ပိုပြီး အားကောင်းလာသလို၊ သွေးကြောတွေလည်း တိုးပွားလာတာကို ခံစားနေရတယ်။ ဒီလို ခံစားမိတာနဲ့ စုမင်ဟာ မတွေဝေဘဲ နောက်ထပ် တိမ်လွှာမြက် တစ်အိတ်ကို ယူလိုက်တယ်။
အချိန်ဟာ တဖြည်းဖြည်းနဲ့ ကုန်လွန်လာပြီး တစ်နာရီ ကုန်ဆုံးသွားပြီ။ အဲဒီ တစ်နာရီအတွင်းမှာ စုမင်ဟာ တိမ်လွှာမြက်ပင် ၇၀၀ ရဲ့ အရည်တွေကို မျိုချပြီးသွားပြီ။ ဒီကိစ္စဟာ တခြားသူတွေအတွက် စိတ်ကူးနဲ့တောင် တွေးတောကြည့်ဖို့ ခက်ခဲပေမဲ့ စုမင်ကတော့ တကယ်ပဲ လုပ်ဆောင်ပြီးခဲ့ပြီ။
စုမင် ဆက်လက်ပြီး တုန်ယင်နေတယ်။ စူးရှတဲ့ နာကျင်မှုဟာ တစ်ကိုယ်လုံးကို ပျံ့နှံ့လာပြီ။ ဝမ်းဗိုက်ထဲမှာလည်း အောင့်နေတယ်။ ဆေးရည်တွေ အားလုံးကို အစာ မချေဖျက် နိုင်သေးပေမဲ့ အပြင်မှာ အများကြီး ကျန်နေသေးတယ်။ တစ်ပေါက်တောင် ထပ်မမျို နိုင်တော့ဘူး၊ အန်ထွက်တော့မယ်လို့ ခံစားမိပေမဲ့ မာန်သွင်းဟစ်အော်လို့ တောင့်ခံတယ်။
သူ့ကိုယ်ထဲက တောက်လောင်နေတဲ့ ခံစားချက်က အထွတ်အထိပ်ကို ရောက်ရှိလာပြီး ကိုယ်ထဲမှာပဲ ပေါက်ကွဲ ပျံ့နှံ့သွားတယ်။ စုမင်ဟာ ညာလက်ကို မြှောက်လို့ ရင်ဘတ်ကို ထုတယ်။
သူ့ကိုယ်ထဲက မီးတောက်ဟာ ကြုံးဝါးသံနဲ့ ပေါင်းစပ်မိသွားတယ်။ မီးတောက်တွေ ပေါက်ကွဲပျံ့နှံ့ သွားတဲ့ အခိုက်မှာ စုမင်ရဲ့ မွေးညင်းပေါက်တွေ ထဲကနေ သွေးနီရောင် အခိုးအငွေ့တွေ ထွက်လာတယ်။ အခိုးအငွေ့တွေ ကြားမှာ မသဲမကွဲ မြည်ဟည်းသံတွေ ပါရှိပြီး သွေးကြောတွေကလည်း တိုးပွား လာတယ်။
၁၆၁ … ၁၆၂ … ၁၆၃ ... နောက်ဆုံး ၁၆၇ ခုမြောက်မှ ရပ်တန့်သွားတယ်။
စုမင်မျက်နှာဟာ ဖြူဖျော့လျက်။ မတ်တတ်ထလို့ တံခါးကို လက်သီးနဲ့ ထိုးလိုက်တယ်။ ဒုန်းခနဲ အသံနဲ့အတူ လက်သီးချက်ကြောင့် တံခါးက တုန်ခါသွားတယ်။ သူ့ရဲ့ နှုတ်ခမ်းထောင့်ကနေလည်း သွေးတွေ စီးကျလာတယ်။ သူအနောက်ကို ခြေလှမ်း အနည်းငယ်မျှ ဆုတ်လို့ ကောင်းကင်ကို မျက်နှာမူကာ ကြုံးဝါးလိုက်တယ်။
"မလုံလောက်သေးဘူး။ မလုံလောက်သေးဘူး”
သွေးရူးသွေးတန်းနဲ့ နောက်ထပ် တိမ်လွှာမြက် တစ်အိတ်ကို ယူလိုက်ပြန်တယ်။ သူ့ခန္ဓာကိုယ်က ဒါတွေကို ထပ်ပြီး လက်မခံနိုင်တော့တာ သိပေမဲ့ တွေဝေခြင်း ကင်းစွာနဲ့ ထပ်မံမျိုချဖို့ လုပ်ပါတယ်။
၇၀၀ ... ၈၀၀ ... ၉၀၀ ... စုမင်ရဲ့ နှုတ်ခမ်းထောင့်ကနေ အစိမ်းရောင် အရည်တွေ စီးကျလာတယ်။ သူ့ကိုယ်ခန္ဓာမှာ ခံစားနေရတဲ့ နာကျင်မှုက သူ့ကိုယ်တွင်းမှာ ရှိသမျှ သွေးကြောတွေကို ထောင်ထ လာစေတယ်။ သွေးကြောတွေ ပေါ်ပေါက်လာတာနဲ့အမျှ နာကျင်မှုတွေနဲ့ တောက်လောင်နေတဲ့ အပူရှိန်က ပေါက်ကွဲ ထွက်လာပြန်တယ်။
သူ့ရဲ့ သွေးကြော အသစ်တွေကတော့ နီရဲ မနေတော့ဘူး။ သွေးရောင် အနည်းငယ်သာ စွန်းပေနေပြီး အရောင်မှိုင်းနေတယ်။ အဲဒါက စုမင်ရဲ့ မဆင်မခြင် လုပ်ရပ်ကြောင့် သူ့ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတဲ့ လက္ခဏာပဲ။
ဒါပေမဲ့ စုမင် ဂရုမစိုက်ဘူး။
မယုံနိုင်စရာ အရှိန်နှုန်းနဲ့ သူ့ကိုယ်တွင်းက သွေးကြောတွေကို တိုးပွားလာစေတယ်။ ၁၆၈ ... ၁၆၉ ... ၁၇၀ ... ပြီးတော့ ၁၇၃ ခုအထိ ရောက်အောင် ဆက်သွားတယ်။ စုမင် ပြေးထွက်ပြီး တံခါးကို ထိုးပြန်တယ်။ လက်သီးတစ်ချက်၊ လက်သီးနှစ်ချက် ... လက်သီးသုံးချက် ... တံခါးက ပြင်းပြင်းထန်ထန် လှုပ်ခါသွားပေမဲ့ ပိတ်လှောင်ထားလျက် ရှိဆဲ။
"ပွင့်စမ်း”
စုမင် ကြုံးဝါးလိုက်တယ်။ ဒီတစ်ကြိမ်မှာတော့ သူ လက်သီးမသုံးတော့ဘဲ အဲဒီအစား သူ့ရဲ့ ခေါင်းနဲ့ ပြေးတိုက်တယ်။ မိုးကြိုးလို မြည်ဟည်းသံနဲ့ တံခါးမှာ အက်ကွဲရာ ပေါ်လာပြီး နက်မှောင်တောင် မျိုးနွယ်စုရဲ့ မာန်နတ်ဘုရား ရုပ်တုကို ရေးဆွဲထားတဲ့ နှင်းမှုန်တွေဟာ လှုပ်ခတ်လို့ လွင့်ကျ သွားပါတော့တယ်။
စုမင်ရဲ့ နဖူးကနေ သွေးတွေ စီးကျနေတယ်။ မျက်လုံးတွေဟာ နီနီရဲရဲ။ နာကျင်မှုကို သူ ဂရုမစိုက်ဘူး။ အက်ကွဲကြောင်းကို မြင်တာနဲ့ ထပ်ပြီးထပ်ပြီး ခေါင်းနဲ့ တိုက်ပြန်တယ်။
အဆုံးမှာတော့ တံခါးဟာ အနည်းအကျဉ်းမျှသာ ပွင့်လာခဲ့ပြီး စုမင်လည်း ဒီထက်ပိုပြီး မဖွင့်နိုင်တော့ဘူး။
စုမင်ရဲ့ မျက်လုံးတွေထဲမှာ ဝမ်းနည်းမှုတွေ ပေါ်လာတယ်။ သူ ကြေကြေကွဲကွဲနဲ့ ရယ်လိုက်ပြီး ဆေးပင်အိတ်တွေကို ဆွဲယူလို့ အကုန်လုံးကို ဆွဲဖွင့် ပစ်လိုက်တယ်။ ကျယ်လောင်တဲ့ အသံနဲ့အတူ တိမ်လွှာမြက်ပင်တွေပါတဲ့ အိတ်တွေအားလုံး ပွင့်ထွက်ကုန်ကြတယ်။
အင်အားတစ်ခုနဲ့ တိမ်လွှာမြက်ပင်တွေ အားလုံးကို ဘောလုံးသဏ္ဌာန်ဖြစ်အောင် စုစည်းလိုက်တယ်။ နောက်ထပ်တစ်ဖန် အဲဒီအရာကို လက်နဲ့ ရိုက်ချလိုက်ချိန်မှာတော့ ကျယ်လောင်တဲ့ အသံ ပေါ်ထွက်လာတယ်။ အစိမ်းရောင်အရည်တွေ ပေါ်ထွက်လာခဲ့ပြီး စိမ်းဖန့်ဖန့် မိုးရေစက်တွေ သဏ္ဌာန် ပြောင်းလဲလို့ သူ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ချိန်မှာ စုမင် ပါးစပ်ထဲကို ဝင်ရောက် လာတော့တယ်။
ဆေးရည်တွေကို မျိုချလိုက်ချိန်မှာ သူ့ကိုယ်တွင်းမှာ ကျယ်လောင်တဲ့ ပဲ့တင်သံ မြည်ဟည်းလာတယ်။ သူ့ရဲ့ ဒေါသတရားတွေနဲ့ ထပ်တူကျတဲ့ ကိုယ်တွင်းက သွေးကြောတွေဟာ တဟုန်ထိုး တိုးပွား လာတော့တယ်။ ၁၇၅ ... ၁၇၇ ... ၁၈၉ ခု ရောက်ချိန်မှာတော့ ရုတ်တရက် ရပ်တန့် သွားတော့တယ်။
စုမင်ရဲ့ တစ်ကိုယ်လုံးကနေ တောက်ပတဲ့ အနီရောင်အလင်း ဖြာထွက်နေတယ်။ သူ ရှေ့တိုးပြီး တံခါးကို ဆောင့်တိုက် ပြန်ပါတယ်။ ထိခတ်မိတဲ့ အသံဟာ သူ့ပတ်ဝန်းကျင်ကို ပဲ့တင်ထပ်သွားပြီး တံခါးက အနည်းငယ်ပွင့်ဟ သွားပြန်ပါတယ်။
မာန်နတ်ဘုရား ရုပ်ပုံကနေ နှင်းတွေအများကြီး လွင့်ကျလာပြန်တယ်။ ရုပ်ပုံလွှာမှာလည်း အနည်းငယ် အက်ရာထင်သွားတယ်။
စုမင်လက်တစ်ခုလုံး သွေးတွေရွှဲလို့။ တံခါး တစ်ခုလုံးလည်း သွေးတွေ စွန်းပေနေတယ်။ အဲဒီ အခိုက်မှာ စုမင်ဟာ သနားဖွယ်ရာအတိ။ တခြားတစ်ယောက်အဖြစ် ပြောင်းလဲ သွားသလိုပဲ။ သူ့ ဆံပင်တွေမှာလည်း သွေးတွေ စွန်းထင်းနေတယ်။ အမြဲလိုလို သန့်ရှင်းပြီး ချောမောခန့်ညားတဲ့ မျက်နှာလည်း အခုတော့ ရူးမိုက်မှုအပြည့်နဲ့ ကြမ်းတမ်းတဲ့ ရုပ်သွင်ကို ပြောင်းလဲနေတယ်။
"ငါ မျိုးနွယ်စုကို ပြန်မယ်။ မျိုးနွယ်စုအတွက် တိုက်ခိုက်မယ်။ ငါပြန်ချင်တယ်”
စုမင်ရဲ့ အသံက လုံးဝ အက်ကွဲနေပြီ။ တံခါးအနည်းငယ် ပွင့်သွားတာမြင်တော့ ထပ်ပြီးတော့ တံခါးကို ခေါင်းနဲ့ ဆောင့်ပြန်တယ်။
"ငါပြန်ချင်တယ်”
ကျယ်လောင်တဲ့ ထိခိုက်မိသံနဲ့အတူ စုမင် ပါးစပ်အပြည့် သွေးတွေ အန်ထွက်လာတယ်။ သို့ပေမဲ့လည်း တွေဝေတွန့်ဆုတ်ခြင်း မရှိစွာနဲ့ တံခါးကို ဝင်တိုက်နေတုန်းပဲ တံခါးကို ဝင်ဆောင့်နေရင်းနဲ့ တံခါးက ပိုပိုပြီး ပွင့်ဟလာတယ်။ အပြင်ဘက်က မာန်နတ်ဘုရား ရုပ်တုပေါ်မှာလည်း အက်ကွဲရာတွေ ပိုများလာတယ်။
ဒီအခန်းကနေ မကြာခင် လွတ်မြောက်တော့မယ်လို့ ထင်ရတယ်။
သို့ပေမဲ့လည်း လက်ချောင်း တစ်ဝက်စာလောက် ပွင့်ဟလာပြီး နောက်မှာတော့ ရပ်သွားပြန်တယ်။ စုမင်ရဲ့ လက်ရှိ စွမ်းအင်အဆင့်နဲ့တော့ ဒီလောက်ပဲ လုပ်နိုင်တယ်။ ဒီအတိုင်းပဲ ပွင့်နေမယ်ဆိုလျှင် တော်သေးပေမဲ့ စုမင် ရပ်လိုက်တဲ့ အချိန်မှာပဲ အဲဒီ အဟလေးက ပြန်ပိတ်သွားတယ်။
"အကြီးအကဲ”
စုမင်ဟာ နာကျင်စွာ ဟစ်အော်လိုက်တယ်။ သူသေမလို ကြိုးစားပြီး ဖွင့်ထားခဲ့တဲ့ တံခါးက သူ့ရှေ့မှာ ပြန်ပိတ်သွားတာကို ကြည့်ပြီး စုမင် ချက်ချင်း ထိတ်လန့်သွားကာ ပုလင်းလေးကို ထုတ်ယူ လိုက်တော့တယ်။ အဲဒီထဲမှာ ရုပ်နယ်လွန်အဆင့် လေပြေစီးကြောင်း အကြီးအကဲရဲ့ မာန်သွေးသုံးစက် ရှိတယ်”
စုမင်ခေါင်းမော့လို့ မတုံ့ဆိုင်းနေဘဲ ပုလင်းကို ပါးစပ်ထဲ လောင်းချလိုက်တယ်။ သို့ပေမဲ့ တစ်စက်သာ ကျလာတယ်။ တခြား သွေးစက်တွေက တစ်စုံတစ်ရာရဲ့ ဟန့်တားမှု ခံထားရသလို ကျမလာ ကြဘူး။ ဒါက သူအလွန်အကျွံ အသုံးပြုမှာစိုးလို့ အကြီးအကဲ စီမံထားတဲ့ အကာအကွယ်ပဲ ဆိုတာ စုမင် သိတယ်။
သူ့ ခံတွင်းထဲကို မာန်သွေးစက် ရောက်ရှိသွားတယ် ဆိုလျှင်ပဲ သူ့တစ်ကိုယ်လုံးက သွေးတွေ ဆူပွက်လာတာကို စုမင် ခံစားမိလိုက်တယ်။ သူပါးစပ် ပြန်ဖွင့်ပြီး သွေးစက်ကို ထွေးလိုက်တယ်။ ဘယ်လက်ကို မြှောက်လို့ လက်ညှိုးနဲ့ ညွှန်လိုက်စဉ်မှာ မာန်သွေးစက်ဟာ ချက်ချင်း ပေါက်ကွဲ ထွက်သွားပြီး အခိုးအငွေ့တွေ အဖြစ် ပြောင်းလဲလို့ သူ့ရဲ့ နား၊ နှာခေါင်းဝ၊ မျက်လုံးတွေနဲ့ ပါးစပ်ထဲကို ရှူသွင်း လိုက်ပါတော့တယ်။
မာန်သွေးစက်ကနေ ဖြစ်တည်လာတဲ့ အခိုးအငွေ့တွေ သူ့ကိုယ်ထဲ ဝင်ရောက်လာချိန်မှာ စုမင်ရဲ့ တစ်ကိုယ်လုံး နီရဲသွားတယ်။ မြောက်မြားလှတဲ့ စွမ်းအားတွေ သူ့ကိုယ်ထဲကနေ ပွင့်ထွက်လာတယ်။
အဲဒီ အခိုက်မှာပဲ သူ့ကိုယ်ပေါ်မှာ သွေးကြောတွေ တိုးပွားလာပါတော့တယ်။
၁၉၀ ... ၁၉၅ ... ၂၀၁ ... ၂၀၉ .... သွေးကြော အရေအတွက် ၂၂၃ ခု ရောက်ရှိစဉ်မှာ စုမင်ရဲ့ မျက်လုံး၊ နားရွက်နဲ့ နှာခေါင်း၊ နှုတ်ခမ်းထောင့်တွေကနေ သွေးတွေ စီးကျလာခဲ့တယ်။
သို့ပေမဲ့လည်း သူ့မျက်လုံးတွေဟာ ဒေါသတရားတွေနဲ့ မလျော့သော ဇွဲလုံ့လများနဲ့ တောက်လောင်နေဆဲ။
***