မဖြစ်နိုင်ဘူး
Vol. 6 Ch. 82
သွေးကြော ကျောက်သားအဆင့် (၇) ကို ရောက်ရှိနိုင်ဖို့ အနိမ့်ဆုံး လိုအပ်တဲ့ သွေးကြော အရေအတွက်က ၂၄၃ ခုဖြစ်တယ်။
လက်ရှိ အရှိန်ဟုန်နဲ့ စုမင်ကိုယ်ပေါ်မှာ သွေးကြော ၂၂၄ ခု ပေါ်ပေါက်လာခဲ့ ပြီးပြီ။ သွေးကြော ကျောက်သားအဆင့် (၇) ကို ရောက်ရှိနိုင်ဖို့ သွေးကြော ၁၉ ခုတိတိ လိုအပ်သေးတယ်။ တခြား တစ်ယောက် အတွက်သာဆိုလျှင် ဒါက ကြောက်မက်ဖွယ် ကောင်းလွန်းတဲ့ အရှိန်နှုန်း ဖြစ်တယ်။
ဒီလိုမျိုး စွမ်းအားတိုးမှုက စုမင် လေပြေစီးကြောင်းတောင်ကို တက်တုန်းက တိုးမြင့်ပုံမျိုးနဲ့ လုံးဝ ကွာခြားတယ်။ တကယ်ကျတော့ လေပြေစီးကြောင်း တောင်ပေါ်မှာတုန်းက စိတ်အခြေအနေကို အရင်းတည်လို့ ကောင်းမွန်စွာ ထိန်းချုပ်ခြင်းကို လေ့ကျင့်ရင်း လှုပ်ရှားခဲ့တာ ဖြစ်တယ်။ အများကြီး တိုးပွားလာခဲ့တယ် ဆိုပေမဲ့ ကျင့်ကြံခြင်းရဲ့ အခြေခံ နည်းဥပဒေသတွေအတိုင်း တည်တည်ငြိမ်ငြိမ်နဲ့ ဖြည်းဖြည်းမှန်မှန် သွေးကြောတွေကို တိုးမြင့်စေခဲ့တာ ဖြစ်တယ်။
သို့ပေမဲ့ ဒီတစ်ခါနဲ့က မတူဘူး။ စုမင်က အတင်းအကြပ် အားသုံးပြီး သွေးကြောတွေကို တိုးပွား စေခဲ့တယ်။ တိမ်လွှာမြက်ပင် ဆေးရည် အမြောက်အမြားကို အသုံးပြုပြီး၊ သူ့ရဲ့ အဲဒီ ဆေးရည်တွေကို သောက်နိုင်သလောက် သောက်သုံးအပြီးမှာလည်း ရုပ်နယ်လွန် အဆင့်ရှိတဲ့ မာန်စွမ်းအားရှင် သွေးတစ်စက်ကို စုပ်ယူခဲ့သေးတယ်။
ကြောင်းကျိုး ဆင်ခြင်ဉာဏ် နည်းနည်းရှိသေးတဲ့ ဘယ်လိုလူကမှ စုမင်ရဲ့ နည်းလမ်းမျိုးသုံးပြီး သူတို့ရဲ့ ခွန်အားကို တိုးတက်စေမှာ မဟုတ်ဘူး။ စုမင်သာလျှင် လုပ်တဲ့အရာ ဖြစ်တယ်။ ဒီလို ပြုမူခြင်းက ခန္ဓာကိုယ်ကို သေနိုင်တဲ့အထိ အန္တရာယ် ဖြစ်စေတယ်လေ။ ဒီလိုမှ မဟုတ်လျှင် ဒီနည်းလမ်း အသုံးပြုပြီး စွမ်းအားမြင့်အောင် လုပ်တဲ့သူတွေ ရိုက်သတ်မကုန် ဖြစ်နေမှာပေါ့။
သို့ပေမဲ့လည်း ... ဒါကပဲ စုမင်အတွက် တစ်ခုတည်းသော နည်းလမ်း မဟုတ်လား။ ဒီနည်းလမ်း မသုံးဘဲ သူ့မျိုးနွယ်ဝင်တွေ သေမှာ။ အကြီးအကဲ ပြန်ရောက်မလာမှာ သူတို့ရဲ့ မျိုးနွယ်စု လူမျိုးတုံး သက်ဖြတ်ခံရမှု ကြုံတွေ့ရမှာဆိုတဲ့ အန္တရာယ်တွေကို မျက်ကွယ်ပြုလို့ ရသားပဲ။
အဲဒါတွေအားလုံးကို မတွေးဘဲ သူ့ရဲ့ လုံခြုံဘေးကင်းမှု တစ်ခုတည်းကိုပဲ တွေးလျှင် ဒီမှာပဲ အေးအေးဆေးဆေးနေပြီး စိတ်ရှည်ရှည် ထိုင်စောင့်လို့ ရသားပဲ။ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်သလို ဖြစ်ကောင်းဖြစ်မယ်။ သူ မသေချာ မရေရာနဲ့ ခါးသီးစွာ ခံစားရမယ်။ ဒါပေမဲ့ သူ့ရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေမယ့် ဘာခြိမ်းခြောက်မှု တစ်ခုကိုမှ ရင်မဆိုင်ဘဲ နေလို့ရတယ်။
ဖြစ်နိုင်တာက အဲဒါတစ်ခုတည်းက အမှန်ကန်ဆုံး လုပ်ရပ်ပဲ။ ဒါဟာ သူ့အတွက် အကြီးအကဲ ကိုယ်တိုင် ရွေးချယ်ပေးခဲ့တဲ့ လမ်းပဲ။
တကယ်တမ်းမှာလည်း အားလုံးရဲ့ မျက်လုံးထဲမှာ စုမင်က ပျော့ညံ့တဲ့ကောင်လေ။ သူ ပြန်လာလျှင်လည်း သေမှာပဲ။ သူဘာမှ လုပ်နိုင်တာ မဟုတ်ဘူး။
သို့ပေမဲ့လည်း စုမင်က အဲဒီလမ်းကို ရွေးချယ်ဖို့ ငြင်းဆန်ခဲ့တယ်။ ပိုပြီး စွမ်းအားထက်မြက်လာဖို့ သူလုပ်ဆောင် ခဲ့သမျှက မျိုးနွယ်စုအတွက်သာ ဖြစ်တယ်။ သူ့ရဲ့ ပင်ကိုစရိုက်က ပျော့ညံ့ချင် ပျော့ညံ့မယ်။ ဒါပေမဲ့ အဲဒီစရိုက်ကို စုမင်က ဟိုးအတွင်း နက်နက်ထဲမှာ ဖုံးကွယ်ထားတယ်။ အခု ဒီလိုမျိုးတွေ ဖြစ်လာပြီဆိုတော့ အဲဒီ အားနည်းချက်က ချက်ချင်းပဲ ပျောက်သွားပြီး ဆုံးဖြတ်ချက် ခိုင်မာမှုနဲ့ စိတ်ပိုင်းဖြတ်မှုတွေက အစားထိုး နေရာယူသွားတယ်။
စုမင် ငယ်ငယ်ကတည်းက မျိုးနွယ်ဝင် အများစုဟာ စုမက်အပေါ် ကြင်ကြင်နာနာ ဆက်ဆံကြတယ်။ အဲဒီမှာ သူ့သူငယ်ချင်းတွေ ရှိတယ်။ ရင်းနှီးနေတဲ့ မျက်နှာသိတွေ ရှိတယ်။ သူ့ကို ငယ်စဉ်ကတည်းက စောင့်ရှောက်ခဲ့တဲ့ အမယ်အိုကြီးတွေ ရှိတယ်။ သူ့ကို စကားပြောတတ်အောင် သင်ပေးခဲ့တာ အကြီးအကဲနဲ့တကွသော မျိုးနွယ်ဝင်တွေ ဖြစ်တယ်။ သူ့ရဲ့ ၁၆ နှစ်တာ ဘဝ တစ်သက်တာမှာ ရှိခဲ့တာ သူတို့တွေပဲ။ စုမင် ဒါကို မျက်ကွယ် မပြုနေနိုင်ဘူး။
မျိုးနွယ်စု အန္တရာယ် ကျရောက်နေတာကို သိသိရက်နဲ့ ဘာမှမလုပ်ဘဲ နေသာသလို နေနေဖို့ သူ့အတွက် လုံးဝမဖြစ်နိုင်ဘူး။ မျိုးနွယ်စုဝင်တွေရဲ့ ခေါင်းပေါ်မှာ ဓားဝဲနေတာကို သိရက်နဲ့ နောက်ဆုတ် နေဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ လူမျိုးတုံး သတ်ဖြတ်ခံရတော့မယ့် အရေးကြုံနေတာကို ဒီမှာ ထိုင်စောင့်နေဖို့က ပိုလို့ မဖြစ်နိုင်ပါဘူး။
စုမင်ဟာ ဆယ်ကျော်သက် တစ်ယောက်၊ ၁၇ နှစ်တောင် မပြည့်သေးတဲ့ ဆယ်ကျော်သက် ကောင်ငယ်လေးတစ်ယောက် ဖြစ်ပါတယ်။ သူလည်း သေရမှာ ကြောက်ပါရဲ့။ ဘဝရဲ့ ဒဿနိက အတွေးအခေါ်တွေကို သေချာ နားမလည်သေးပေမဲ့ ဒီမျိုးနွယ်စုဟာ သူ့ရဲ့အိမ်ဆိုတာတော့ သူသိပါတယ်။
အခု သူ့အိမ်က အန္တရာယ်တောထဲ ကျရောက်နေပြီ။ သူ သေချာပေါက် လုံးဝ လျစ်လျူ မရှုနိုင်ဘူး။ သူသေရလျှင်သော်မှ သူ့အိမ်ကို ကာကွယ်ရင်း သူသေမယ်။
အဲဒါက စုမင်ပဲ။
သူ့ရဲ့ မဆင်မခြင် လုပ်ရပ်ဟာ ရူးမိုက်ချင် ရူးမိုက်မယ်၊ သူ့ရဲ့ ရူးမိုက်မှုကို နားမလည်တဲ့ လူတွေ အများကြီး ရှိပြီး မေးခွန်း ထုတ်ကြလိမ့်မယ်။ ဒါပေမဲ့ အားလုံးက သူ့ရဲ့ အရိုးတွေပေါ်မှာ ထိုးထွင်း စွဲထင်ရစ်ပြီးသား။ သူဟာ နက်မှောင်တောင် မျိုးနွယ်စုကို သူ့ရဲ့ အိမ်အဖြစ် အသိအမှတ် ပြုခဲ့တာ ဟိုးအရင် ကတည်းက။
သူ့အိမ်က အန္တရာယ်ထဲ ကျရောက်နေတယ်။ သူ့သူငယ်ချင်းတွေ သေရတော့မယ်၊ သူ့ရဲ့ အကြီးအကဲကို နောက်တစ်ခါ မမြင်ရတော့မှာမျိုး ဖြစ်နိုင်တယ်။ သူ့ကို ငယ်ငယ်တည်းက ကြင်နာစွာ ဆက်ဆံခဲ့တဲ့ သူ့ရဲ့ မိသားစုတွေ ... အခု ငိုကြွေးမြည်တမ်း နေကြလောက်ပြီ။ သူဘယ်လိုကြောင့် မရူးမိုက်ဘဲ နေနိုင်ပါ့မလဲ။
စုမင် ခေါင်းမော့လို့ ကြုံးဝါးလိုက်တယ်။ ချီထဲကို မာန်သွေးစက် ဆက်လက် စုပ်ယူနေရင်း သူ့တစ်ကိုယ်လုံး တုန်ယင်နေတယ်။ ကောင်းမွန်စွာ ထိန်းချုပ်ခြင်း ပြုလုပ်လိုက်ချိန်မှာ မာန်သွေးစက်ဟာ ခန္ဓာကိုယ်အနှံ့ တစ်ဟုန်ထိုး ပျံ့နှံ့သွားပြီး သွေးကြောတိုးပွားတဲ့ လက္ခဏာတွေ ထပ်မံပေါ်ပေါက် လာတော့တယ်။
စုမင် မျက်လုံးတွေ နီရဲပြီး သူ့မျက်နှာဟာ ကြောက်လန့်ဖွယ်ရာ ရှုံ့မဲ့နေတယ်။ သူ့ရဲ့ မျက်နှာပေါ်မှာ ကြောက်စရာ အမူအရာမျှမက ရူးရူးမိုက် စွန့်စားခြင်းတွေပါ ပါဝင်နေပြီး သူ့ကို နတ်ဆိုး တစ်ကောင်နဲ့ တူနေစေတယ်။
မြောက်မြားလှစွာသော သွေးကြောများ ပျံ့နှံ့ ဖြာဆင်းနေချိန်မှာ စုမင်ရဲ့ တစ်ကိုယ်လုံးကနေပြီး ပြင်းထန်လှတဲ့ အင်အားတစ်ရပ် ပေါက်ကွဲထွက်လာတယ်။ အဲဒီ အခြင်းအရာက သူ့ရဲ့ ကြုံးဝါးသံကို ပိုမို ကျယ်လောင်လာစေပြီး နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်ခွာပြီးနောက်မှာ တံခါးကို ဝင်တိုက် လိုက်ပြန်တယ်။ ဒီတစ်ခါတော့ သူ့ရဲ့ ဦးခေါင်းကို မသုံးသလို သူ့ရဲ့ လက်သီးချက်တွေလည်း မဟုတ်တော့ဘူး။ ပခုံးနဲ့တကွ တစ်ကိုယ်လုံးကို သုံးပြီး ဝင်တိုက်လေတယ်။
စုမင်ရဲ့ ခန္ဓာကိုယ်နဲ့ တံခါးနဲ့ ထိမိသွားချိန်မှာ ကျယ်လောင်တဲ့အသံ မြည်ဟည်း ထွက်ပေါ်လာတယ်။ တံခါးဟာ တုန်ခါသွားပြီး တံခါးအပြင်ဘက် မာန်နတ်ဘုရား ရုပ်ပုံလွှာပေါ်မှာ အက်ကွဲကြောင်းတွေ ထပ်မံ ဖြစ်ပေါ်လာစေပြန်တယ်။
သို့ပေမဲ့လည်း ဒါက မော့စန်းက ပြုလုပ်ထားတဲ့ ချိပ်စည်းတံဆိပ် ဖြစ်တယ်။ စုမင် လွယ်လွယ်နဲ့ ချိုးဖျက်နိုင်မယ့်ထဲမှာ မပါဘူး။ ဒီစည်းတံဆိပ်ကို ဖန်တီးရတဲ့ အကြီးအကဲရဲ့ အကြောင်းပြချက်က ရှင်းတယ်။ စုမင်ရဲ့ လှုပ်ရှားမှုကို ကန့်သတ်လိုခြင်း ဖြစ်တယ်။ သူက စုမင် အန္တရာယ်တောထဲခြေ မချလိုဘဲ အထဲမှာ နေစေလိုတယ်။
သို့ပေမဲ့လည်း အကြီးအကဲဟာ တွက်ကိန်း မှားခဲ့တယ်။ သူဟာ စုမင်တစ်ယောက် ဒီနေရာက လွတ်မြောက်လိုစိတ် တစ်ခုတည်းနဲ့ ဒီလောက် ရူးမိုက်တဲ့ လုပ်ရပ်တွေ လုပ်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါက အကြီးအကဲ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်ပဲ။
သူ့ရဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်ပေမဲ့ စုမင်ရဲ့ လက်ရှိစွမ်းအား အဆင့်နဲ့ ဒီအခန်းထဲက ထွက်နိုင်စရာအကြောင်း မရှိဘူးဆိုတာကိုသာ သူခန့်မှန်း ထားခဲ့တယ်။ အကြီးအကဲရဲ့ မျက်လုံးထဲမှာ စုမင်ဟာ ထာဝရ ကလေးငယ်လေး တစ်ယောက် ဖြစ်နေမှာ။
စုမင်ရဲ့ မျက်လုံးတွေထဲကနေ မျက်ရည်တွေ စီးကျနေတယ်။ မျက်ရည်တွေဟာ သူ့ရဲ့ သွေးတွေနဲ့ ရောနှောသွားရာက သူဟာ သွေးမျက်ရည်တွေနဲ့ ငိုကြွေးနေသလို အသွင်ပေါက်စေတယ်။ ဒါပေမဲ့ သူ အရှုံးမပေးသေးဘူး။ နောက်ဆုတ်လို့ တံခါးကို ဝင်ဆောင့်ပြန်တယ်။ စုမင် တစ်ခါ မာန်သွင်းလိုက်တိုင်း ကြုံးဝါးသံဟာ မိုးကြိုးသံလို မြည်သည်းရင်း တံခါးကို တစ်ကိုယ်လုံးနဲ့ ဝင်တိုက်တယ်။
တံခါးကို သူဝင်တိုက်လိုက်တဲ့ အခါမှာပဲ သူ့ကိုယ်ပေါ်က သွေးကြော အရေအတွက်ဟာ ထပ်မံ တိုးပွားလာတယ် ... ၂၂၇ ... ၂၃၁ ...၂၃၃။
ဝုန်း
အိမ်တစ်အိမ်လုံး ပြိုလဲသွားတော့မလို တုန်ခါသွားတယ်။ အိမ်ဟာ သားရိုင်းတစ်ကောင်ကို ပိတ်လှောင်ထားတဲ့ လှောင်အိမ် တစ်ခုလိုမျိုး ပြောင်းလဲသွားသလိုပဲ။ အဲဒီအခိုက်မှာ လှောင်အိမ်ဟာ သားရိုင်းရဲ့ တိုက်ခိုက်မှုကို ဆက်လက် တောင့်မခံနိုင်တော့ သလိုမျိုး။
တံခါး အပြင်ဘက်က မာန်နတ်ဘုရား ရုပ်ပုံလွှာပေါ်က အက်ရာတွေက ပိုလို့ များပြားလာတယ်။ နှင်းတွေအများကြီး မြေပြင်ပေါ်ကို ပြုတ်ကျသွားပြီး အခုချက်ချင်း ပေါက်ကွဲ ထွက်သွားတော့မယ်ဟန် ပေါ်ပေမဲ့ အခုထိ အရင်အတိုင်း ခိုင်မြဲနေဆဲပဲ။
"ငါ မျိုးနွယ်စုကို ကာကွယ်ပေးချင်တယ် ....”
စုမင်ရဲ့ အမြင်အာရုံဟာ ဝေဝါးလာပြီ။ သူ့စိတ် အစဉ်လည်း နောက်ကျိကျိ ဖြစ်လာပြီ။ သို့ပေမဲ့ အဲဒီ … အဲဒီ ဝေဝါးနေတဲ့ အမြင်အာရုံ နောက်ကျိနေတဲ့ စိတ်အစဉ်နဲ့တောင် စုမင်ထဲမှာ ထိတ်လန့်စရာ ဇွဲလုံလတွေ ရှိနေဆဲပဲ။ နှုတ်ခမ်းထောင့်က သွေးတသွင်သွင် စီးကျနေတဲ့ ဝင်သက်နဲ့အမျှ ရေရွတ် ပြောဆိုရင်း တံခါးကို ထပ်မံ ဝင်တိုက်ပြန်တယ်။
ကြုံးဝါးသံကျယ်ကြီးက အိမ်အနှံ့ ပျံ့နှံပဲ့တင် ထပ်သွားပြီး စုမင်ရဲ့ သွေးကြောတွေ ထပ်မံ တိုးပွားလာလို့ မာန်သွေးစက်ကို ထပ်မံ စုပ်ယူနေတော့တယ်။ သွေးကြောများဟာ ၂၃၃ ခုကနေ ၂၃၇ ခုအထိ တိုးပွားလာတယ်။
"မျိုးနွယ်စုဆီ ပြန်သွားချင်တယ် ..."
စုမင်ဟာ မဆင်ခြင်စွာနဲ့ တံခါးကို ဝင်တိုးပြန်တယ်။ ပဲ့တင်သံဟာ အကြာကြီး မြည်ဟည်းနေခဲ့ပြီး အက်ကွဲရာက အကြီးကြီး ဟသွားတယ်။ တံခါးတစ်ခုလုံး သွေးတွေနဲ့ နစ်နေပါပြီ။ အဲဒါတွေ အားလုံးက စုမင်ရဲ့ သွေးတွေပါ။ အဲဒီ သွေးတွေက သူ့ရဲ့ ဇွဲသက်သေ။
"မျိုးနွယ်စုအတွက် တိုက်ခိုက်ပေးချင်တယ်"
စုမင်ဟာ ကြုံးဝါးလို့ တံခါးကို ထပ်မံ ဝင်တိုက်တယ်။ ခေါင်းနဲ့တောင် ဆောင့်လိုက်သေးတယ်။ အဲဒီလို လုပ်နေရင်းမှာပဲ သွေးကြော အရေအတွက် ၂၃၇ ကနေ ၂၄၃ ကို တစ်ဟုန်ထိုး တိုးမြင့်လာခဲ့ပြီး တစ်ချိန်တည်းမှာပဲ အခြားအဆင့် တစ်ခုကို ထိုးဖောက် ဝင်ရောက်သွားနိုင်ကြောင်း လက္ခဏာရပ်၊ စွမ်းအား အမြောက်အမြားဟာလည်း စုမင်ကိုယ်ကနေ ထွက်ပေါ်လာလေတယ်။
သွေးကြောကျောက်သား အဆင့်(၆)ကနေ အဆင့်(၇)ဆီ ထိုးဖောက်ရောက်ရှိ သွားချိန်မှာ စွမ်းအားတွေ ထွက်ပေါ်လာတယ်။ အဲဒီ စွမ်းအားတွေ စုမင်ကိုယ်ကနေ ပေါ်ထွက်လာချိန်၊ တံခါးကို ထပ်မံ ဝင်တိုက်လိုက်ချိန်မှာ စွမ်းအားအရှိန်ပြည့်ဟာ သူ့ကိုယ်တွင်းကနေ တံခါးပေါ်ကို ကျရောက် သွားတော့တယ်။
ကြောက်မက်ဖွယ် အသံကျယ်ကြီး မြည်ဟည်းသွားတယ်။ တံခါးက ကြမ်းတမ်းစွာ လှုပ်ခါသွားပြီး အက်ကွဲသံ ပေါ်ထွက်လာတယ်။ တံခါးတစ်ဝက်လောက် ပွင့်သွားခဲ့ပါပြီ။ အပြင်ဘက်က မာန်နတ်ဘုရား ရုပ်ပုံလွှာဟာလည်း ကြီးကြီးမားမား ပျက်ဆီးသွားခဲ့ပြီ။ နှင်းတွေ အများကြီး ကျရောက်လာလို့ ရုပ်ပုံလွှာကို ကျိုးပဲ့စေကာ မပြည့်မစုံ ဖြစ်ပေါ်စေတယ်။
သို့ပေမဲ့ အကျဉ်းချထားမှုဟာ နဂိုအတိုင်း မပျက်ယွင်းသေးဘူး။ ချိပ်စည်းတံဆိပ်ရဲ့ တောင့်ခံနိုင်စွမ်း အတိုင်းအတာကုန်ကိုတော့ ရောက်ရှိသွားတဲ့ပုံပဲ။
စုမင်ရဲ့ နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျလာတယ်။ နောက်ကိုဆုတ်လို့ ခေါင်းကို အကြမ်းပတမ်း မော့တယ်။ သူ့ကိုယ်ပေါ်က ၂၄၃ ခုသော သွေးကြောများရဲ့ သွေးနီရောင် တလက်လက် တောက်ပနေမှုဟာ ကောင်းကင် တစ်ခွင်လုံးကို ထွန်းလင်းတောက်ပ သွားစေတော့မတတ်ပဲ။
တစ်ခန်းလုံးကို လင်းထိန်သွားစေတဲ့ အလင်းရောင်ရဲ့ ပျံ့နှံ့မှု အရှိန်နှုန်းဟာ စုမင်ရဲ့ ကိုယ်ခန္ဓာကို ရက်စက်ကြမ်းတမ်းတဲ့ ရှိန်ဝါတွေနဲ့ ပြည့်လျှံနေစေတယ်။ အဲဒီအခိုက်မှာ စုမင်ဟာ သွေးကြော ကျောက်သားအဆင့်(၆)ကနေ အဆင့်(၇)ကို အောင်မြင်စွာ ခြေလှမ်းနိုင်သွားပြီ ဖြစ်ပါတယ်။
သွေးကြောကျောက်သား ကျင့်စဉ်အဆင့်(၇) …
သွေးကြောကျောက်သား အဆင့်(၇)ကနေ အဆင့်(၈)ကို ကူးပြောင်းနိုင်ဖို့အတွက် သွေးကြော ၃၉၉ ခု လိုအပ်တယ်။ အဆင့်(၈) ရောက်ရှိသွားတာနဲ့ တစ်ပြိုင်နက် စုမင်ဟာ သွေးကြောကျောက်သား ကျင့်စဉ် အလယ်ဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိတဲ့ မာန်စွမ်းအားရှင်တစ်ဦး ဖြစ်သွားမှာပါ။ နောက်ထပ်တစ်ဆင့် တိုးလို့ အဆင့်(၉)ကို တက်လှမ်း နိုင်ခဲ့လျှင်တော့ သွေးကြောကျောက်သား ကျင့်စဉ် နောက်ဆုံးအဆင့်ရဲ့ စစ်သည်တော်လို့ သူ့ကိုယ်သူ ခေါ်ဆိုနိုင်ပါပြီ။
စုမင်သိသလောက် မျိုးနွယ်စု တစ်ခုလုံးမှာ အစောင့်အရှောက် ခေါင်းဆောင်နဲ့ ရှန့်ဟန်သာ သွေးကြောကျောက်သား အဆင့်(၈) ရှိကြတယ်။ သူတို့ထက် အစွမ်းပိုကြီးတဲ့ မျိုးနွယ်စုခေါင်းဆောင် အနေနဲ့တော့ အဆင့်(၉) ရောက်မနေတောင် အဆင့်(၉)နဲ့ နီးစပ်နေလောက်ပြီ။
ဒါဟာ သွေးကြောကျောက်သား အဆင့်(၈)ရဲ့ ပေါက်ရောက်မှုနဲ့ အဆင့်(၇)ထိ ရောက်ရှိနိုင်တဲ့ မာန်စစ်သည်တော် အရေအတွက် ဘယ်လောက်နည်းပါးလဲ ဆိုတာကို ထင်ရှားစွာ ပြသနေတယ်။ မျိုးနွယ်စုထဲမှာ အဆင့်(၇)ရှိတဲ့သူ လုံးဝမရှိတာတော့ မဟုတ်ပေမဲ့ ရောက်ရှိနိုင်တဲ့ အနည်းအကျဉ်း ဟာလည်း မျိုးနွယ်စု ခေါင်းဆောင်တို့ရဲ့ မျိုးဆက်က လူတွေပဲ။ သူတို့အားလုံးကလည်း အမဲလိုက်အဖွဲ့ရဲ့ လက်ထောက်ခေါင်းဆောင်တွေ ဖြစ်နေကြပြီ။
လူငယ်မျိုးဆက်ထဲမှာတော့ စုမင်ဟာ သွေးကြောကျောက်သား ကျင့်စဉ်အဆင့်(၇)ကို ရောက်ရှိတဲ့ ပထမဦးဆုံးသော လူငယ်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ သူဟာ သူ့ရဲ့ အသက်အန္တရာယ်ကို ဂရုမစိုက်ဘဲ စွမ်းအားတွေကို အတင်းအကြပ် တိုးပွားစေခဲ့ပြီး သူ့ရဲ့ အစွမ်းတွေက တည်ငြိမ်မှု မရှိလျှင်သော်မှ ဒီအဖြစ်အပျက်က ပြောင်းလဲ မသွားပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် စုမင်ကတော့ ဂရုမစိုက်ဘူး။ သူ မျှော်လင့်ချက်ကို မြင်နေရပြီ။ တံခါး လှုပ်နေတာကိုလည်း မြင်ပြီး ရုပ်ပုံလွှာရဲ့ ကျိုးပဲ့နေတဲ့ အခြေအနေကိုလည်း မြင်တယ်။ ထပ်ပြီးတော့ အရှေ့ကိုတိုးလို့ တံခါးကို ဝင်ဆောင့်ပြန်တယ်။
တံခါးက ပွင့်ထွက်တော့မယောင်၊ ချိပ်စည်းတံဆိပ် ကျိုးပျက်တော့မယောင် ထင်မြင်ရပေမဲ့ စုမင် ဘယ်နှကြိမ် ဘယ်လောက်ပဲ အားထည့်ပြီး ကြိုးစားပါစေ သူ မဖွင့်နိုင်သေးဘူး။ အဆင့်(၇)လောက်က စစ်သည်တော်ရဲ့ စွမ်းအားဟာ အကြီးအကဲရဲ့ ချိပ်စည်းကို ဖယ်ရှားနိုင်ဖို့ အနည်းငယ်မျှ လိုအပ်နေသေးတယ် ဆိုတာ ထင်ရှားတယ်။
စုမင်မှာလည်း လုပ်နိုင်စွမ်းက အတိုင်းအတာတစ်ခု ရှိတယ်။ အဲဒီအပြင် လကလည်း အပြင်ဘက် နှင်းမုန်တိုင်းရဲ့ ဖုံးအုပ်ထားမှုအောက်မှာ ရောက်နေတယ်။ ဒီလို ရာသီဥတုမျိုးမှာ သူဟာ လရဲ့ စွမ်းအားကို အသုံးပြုလို့ သွေးလောင်ကျွမ်းခြင်းကိုလည်း မလုပ်ဆောင်နိုင်ဘူး။
နှင်းမုန်တိုင်းက အားပျော့သွားတော့မယ့် အရိပ်အယောင်တွေ ပြနေပြီး မကြာခင် ပြီးဆုံးတော့မယ်လို့ ထင်မြင်ရတာမို့ လမင်းဟာ ကောင်းကင်မှာ ထွန်းလင်းလာပါတော့မယ်။ သို့ပေမဲ့ သူ ဆက်စောင့်မယ် ဆိုလျှင်လည်း စုမင် သည်းမခံနိုင်တဲ့ ညှင်းပန်းမှု တစ်ခုကို ထပ်ပြီး တောင့်ခံရဦးမှာပါပဲ။
အခုနက အပြုအမူတွေ အားလုံးဟာ ဒီအိမ်ထဲက အမြန်ဆုံး ထွက်သွားချင်လို့ ရူးရူးမိုက်မိုက်နဲ့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ထပ်ပြီး စောင့်ဆိုင်းရလျှင် သူတို့ မျိုးနွယ်စုအပေါ် ကျရောက်လာနိုင်ဖွယ် မည်သို့သော ကပ်ဘေးဆိုးကိုမျှ စုမင် မတွေးတောချင်ပါ။
တံခါးကို အလုံးစုံ ပွင့်သွားအောင် မလုပ်နိုင်တာကို တွေ့ရတော့ သူ့ရဲ့ မျက်လုံးတွေထဲမှာ ကြေကွဲရိပ်တွေ ထင်ဟပ် လာလေတော့တယ်။ သူ နောက်ပြန်ဆုတ်တယ်။ နာနာကျင်ကျင်နဲ့ ပြုံးမိတယ်။ သို့ပေမဲ့ သူ အရှုံးမပေးသေးဘူး။ ဝမ်းနည်းမှုတွေ ပြည့်လျှံနေတဲ့ စူးရှတဲ့ ကြုံးဝါးသံကို ဟစ်အော်လိုက်ချိန်မှာ သွေးကြော ၂၄၃ ခုလုံး ရွှေ့လျားလို့ သူ့ကိုယ်ထဲက ချီဓာတ်တွေကို တစ်ကိုယ်လုံးမှာ လှည့်ပတ်လိုက်တယ်။
"စိတ်ကို အသုံးပြုပြီး ကောင်းမွန်စွာ ထိန်းချုပ်ခြင်း လုပ်ဆောင်ရမယ် ... စိတ်ကို အသုံးပြုပြီး ကောင်းမွန်စွာ ထိန်းချုပ်ခြင်း လုပ်ဆောင်ရမယ်"
လေပြေစီးကြောင်း တောင်ပေါ်မှာ နားလည်လာခဲ့တဲ့ ကောင်းမွန်စွာ ထိန်းချုပ်ခြင်း နည်းလမ်းကို ဒီနေရာမှာ အင်အားအစွမ်း အပြည့်နဲ့ အသုံးချလိုက်တယ်။ ၂၄၃ ခုသော သွေးကြောတွေဟာ တဖြည်းဖြည်းချင်း တစ်ခုချင်းစီ ပျောက်ကွယ်သွားတယ်။ ၂၁၅ ... ၁၈၆ ... ၁၆၂ ...၉၃ ... ၇၅ ... ၄၇ …
တစ်ခုတည်းပဲ ကျန်တဲ့အထိ သူ့ကိုယ်ပေါ်က သွေးကြောတွေအားလုံး ပျောက်ကွယ်သွားတယ်။ စုမင် ခေါင်းမော့လာစဉ်မှာ ကြောက်လန့် ခြောက်ခြားဖွယ် ရည်ရွယ်ချက် ပြတ်သားမှုသာ သူ့ မျက်လုံးတွေထဲမှာ ကျန်ရှိပါတော့တယ်။
"အကြီးအကဲ ... မျိုးနွယ်စုဆီ ပြန်ဖို့ အရေးကနေ အကြီးအကဲ ကျွန်တော့်ကို မတားဆီးနိုင်ပါဘူး"
စုမင် မျက်လုံးတွေကို မှိတ်ချလိုက်တယ်။ တစ်ခဏအကြာမှာ မျက်လုံးတွေ ပြန်ပွင့်လာပြီး နောက်ဆုံးသော သွေးကြောမျှင်ဟာ အနီရောင်တောက်တောက် လင်းလက်လာပြီးလျှင် မယုံနိုင်စရာ အရှိန်နှုန်းနဲ့ ပိုလို့ ... ပိုလို့ လင်းလက် လာပါတော့တယ်။
ထင်ရှားနေတာက ဒါဟာ သွေးကြောတစ်ခုတည်းတင် မကဘူး။ ပိုပြီး လင်းလာလေလေ၊ စုမင်ဟာ သွေးကြော တစ်ခုတည်းမှာ သွေးကြောအားလုံးကို ပူးတွဲထုံးဖွဲ့ပစ်ဖို့ ကြံစည်နေတယ်ဆိုတဲ့ လက္ခဏာတွေကို ပြသနေတယ်။ မျက်စိတဖျတ်အတွင်းမှာ သွေးကြောရဲ့ အလင်းဟာ သူ့ရောက်နိုင်သမျှ အတိုင်းအတာထိ အစွမ်းကုန် လင်းလက်နေခဲ့ပါပြီ။ သူ့ကိုယ်ပေါ်မှာ သွေးကြောတစ်ခုသာ ရှိတယ်လို့ ထင်မြင်ရပေမဲ့ တကယ်တမ်းမှာတော့ သွေးကြော ၂၄၃ ခု ထုံးဖွဲ့နေတဲ့ သွေးကြောထုံးကြီး ဖြစ်ပါတယ်။
ဒါဟာ ကောင်းမွန်စွာ ထိန်းချုပ်ခြင်းရဲ့ အပြင်းထန်ဆုံးသော စွမ်းအား ဖြစ်ပါတယ်။
"မျိုးနွယ်စုဆီ ပြန်ချင်တယ်။ ငါက မျိုးနွယ်စုမှာ မွေးဖွားလာခဲ့တာ။ ငါသေရရင်တောင်မှ နက်မှောင်တောင် မျိုးနွယ်စုဝင် တစ်ယောက်အနေနဲ့ သေဆုံးမယ်"
စုမင်ဟာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်တယ်။ သွေးကြော ၂၄၃ ခုဟာ တစ်ခုတည်းအဖြစ် ထုံးဖွဲ့တည်ရှိနေပြီး လိမ်ပတ် ရစ်ခွေလျက် စုမင်ရဲ့ ညာလက်သီးဆီကို ရောက်ရှိ သွားတော့တယ်။
***