လင်းကူတောင်ကြား သို့ ဝင်ရောက်ခြင်း
Vol. 67 Ch. 700
ကြောင်လေးက ထန်ထျန်း၏ ပခုံးပေါ်တွင် ရပ်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်ကာ ပြောလိုက်သည်။ "ဒီနေရာက အများကြီး ပြောင်းလဲသွားတယ် ဆိုပေမဲ့ အချို့နေရာတွေကိုတော့ မှတ်မိနေသေးတယ်"
"ဒါက အပြင်ဘက် တောင်တန်းတွေ ဖြစ်ရမယ်"
"ငါတို့ လင်းကူ ကို သွားဖို့ လိုတယ်၊ အဲဒီနေရာက ငါနဲ့ ငါ့သခင် နေခဲ့တဲ့ နေရာပဲ"
ထန်ထျန်းက မေးလိုက်သည်။ "လင်းကူ လား"
"အဲဒါက ဘယ်လို နေရာမျိုးလဲ"
ကြောင်လေးက အဝေးသို့ လှမ်းကြည့်နေပြီး ကျောက်မျက်ရတနာကဲ့သို့ မျက်လုံးများထဲတွင် လွမ်းဆွတ်မှုများ ပြည့်နှက်နေသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သန်းကျော်တုန်းက ငါနဲ့ ငါ့သခင်ဟာ လင်းကူမှာပဲ အမြဲ နေခဲ့ကြတာ"
"အဲဒီနေရာက တစ်လောကလုံးမှာ အအေးချမ်းဆုံး နေရာလို့ ပြောလို့ရတယ်"
"ငှက်တွေ သားရဲတွေ ပျော်မြူးနေကြတယ်၊ ငါးတွေက ရေထဲမှာ ကူးခတ်နေကြတယ်၊ လေအေးလေး တိုက်ခတ်လိုက်ရင် တောင်ကြားတစ်ခုလုံး ပန်းရနံ့တွေ သစ်ပင်နံ့တွေနဲ့ သင်းပျံ့နေတာပဲ"
"အရာရာက သိပ်ကို သဟဇာတဖြစ်ပြီး သဘာဝကျလွန်းတယ်"
"ဒါပေမဲ့ အချိန်တွေ အများကြီး ကုန်ဆုံးသွားပြီ၊ ငါ့သခင်လည်း မရှိတော့ဘူး... အခု အဲဒီနေရာ ဘာဖြစ်နေမလဲဆိုတာ ငါ မသိဘူး"
"ဒါကြောင့် သတိထားပြီး သွားတာ အကောင်းဆုံးပဲ"
ထန်ထျန်းက ခေါင်းငြိမ့်လိုက်သည်။
ထို့နောက် သူက နောက်ထပ် မေးခွန်းတစ်ခုကို မေးလိုက်ပြန်သည်။
"အဲဒီမှာ ကျိကျွင်းတွေကို သတ်နိုင်တဲ့ နေရာတွေ ရှိလား"
ကြောင်လေး မှင်သက်သွားပြီးမှ ပြောသည်။ "အဲဒါတော့ အသေအချာ ရှိတာပေါ့"
"အေးချမ်းတယ် ဆိုတာက အန္တရာယ် မရှိဘူးလို့ မဆိုလိုဘူး"
"အဲဒီတုန်းကတောင် ကျိကျွင်းတွေ တောင် အလွယ်တကူ ခြေမချဝံ့တဲ့ အထူးနေရာ အတော်များများ ရှိခဲ့တယ်"
"အခု အဲဒီနေရာတွေ ရှိနေသေးလား မသိပေမဲ့ ငါ့သခင် မရှိတော့တဲ့ နောက်ပိုင်း အဲဒီနေရာတွေက ပိုပြီး ကြောက်စရာကောင်းလာနိုင်သလို အလားတူ သေမင်း နယ်မြေတွေလည်း အသစ် ထပ်ပေါ်လာနိုင်တယ်"
"ဘာပဲဖြစ်ဖြစ် သတိထားရမယ်၊ ငါကတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက မှတ်ဉာဏ်တွေနဲ့ပဲ လမ်းညွှန်ပေးနိုင်မှာ"
ထန်ထျန်းက အင်းဟု ပြန်ဖြေ လိုက်သည်။
သူက ဤမေးခွန်းကို မေးလိုက်ခြင်းမှာ သူ့အတွက် မဟုတ်ပေ...
"ဒါဆို သွားကြစို့"
"လင်းယွင်တောင်တန်းကို ဝင်လာတဲ့ ကျိကျွင်းက ငါတစ်ယောက်တည်း မဟုတ်ဘူး၊ ဝူရှန့်ကျိကျွင်း အဆင့်တွေလည်း ရှိနိုင်တယ်"
"အရေးအကြီးဆုံး အရာကို သူတို့ အရင် ရှာမတွေ့သွားစေနဲ့"
ကြောင်လေးက လေးလံသော လေသံဖြင့် ပြောလိုက်သည်။ "စိတ်ချပါ"
"အဲဒီနေရာက အလွယ်တကူ ကျူးကျော်ဝင်ရောက်လို့ ရတဲ့ နေရာ မဟုတ်ဘူး"
ပြောပြီးသည်နှင့် ကြောင်လေးက ထန်ထျန်းကို လမ်းကြောင်းတစ်ခု ညွှန်ပြလိုက်လေသည်။
တားမြစ်နယ်မြေအတွင်းရှိ ဖျက်ဆီးခြင်း စွမ်းအားများက အရာအားလုံးကို ဖြတ်တောက်ထားရာ သူက ယခုအခါ ဝူရှန့်ကျိကျွင်း အဆင့်သို့ တက်လှမ်းထားသော်လည်း လမ်းကြောင်းမှန်ကို တိကျစွာ မခန့်မှန်းနိုင်ပေ။
အခြေခံအားဖြင့် ကျိကျွင်းအားလုံးမှာ တားမြစ်နယ်မြေထဲတွင် ဦးတည်ချက်မရှိဘဲ ယောင်ချာချာ ဖြစ်နေကြခြင်းပင်။
ကံကောင်းလျှင် အတွင်းပိုင်းကို ရောက်သွားမည်ဖြစ်ပြီး ကံမကောင်းလျှင် အပြင်ဘက်မှာပဲ ပတ်ချာလည်နေလိမ့်မည်၊ ပို၍ ကံဆိုးပါက သေမင်း နယ်မြေတစ်ခုခုထဲသို့ မတော်တဆ ရောက်သွားပြီး လင်းယွင်တောင်တန်းကနေ ဘယ်တော့မှ ပြန်မထွက်နိုင်တော့ပေ။
သို့သော် ကြောင်လေး၏ လမ်းညွှန်မှုကြောင့် ထန်ထျန်းအတွက်တော့ တော်တော်လေး လွယ်ကူနေလေသည်။
လမ်းတစ်လျှောက် သူတို့က မြေပြင်ကို ဖြတ်သန်းနေသည့် တောင်တန်းကြီး အများအပြားကို လျင်မြန်စွာ ကျော်ဖြတ်ခဲ့ကြသည်။
ခရီးစ ကတည်းက အမြဲတမ်း တက်ကြွနေတတ်သော ကြောင်လေးမှာ ရုတ်တရက် စကားနည်းသွားပြီး မြေပြင်ကို ငုံ့ကြည့်ကာ မျက်လုံးထဲတွင် နက်ရှိုင်းသော ဝမ်းနည်းမှုများ ပေါ်လွင် နေလေသည်။
ဤနေရာက ၎င်း၏ မှတ်ဉာဏ်များ ရှိရာနေရာ ဖြစ်သလို ၎င်းကို အဝမ်းနည်းစေဆုံး နေရာလည်း ဖြစ်သည်။
ထန်ထျန်းက ၎င်းကို အနှောင့်အယှက် မပေးဘဲ တိတ်ဆိတ်စွာ ခရီးဆက်ခဲ့သည်။
မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော သဘာဝမျက်ရည် အချို့ကို တွေ့သော်လည်း သူ ဂရုမစိုက်ဘဲ ကျော်သွားခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ သဘာဝမိခင်၏ မျက်ရည်များ ဖြစ်သလို ကြောင်လေး၏ စိတ်ထဲက ထာဝရ နာကျင်မှုများ ဖြစ်သောကြောင့်ပင်။
သူ့၏ အရှိန်မှာ သိပ်မမြန်လှဘဲ တစ်နာရီကျော်ခန့် ကြာပြီးနောက် ဓားဖြင့် ခုတ်ဖြတ်ထားသကဲ့သို့ မတ်စောက်သော ချောက်ကမ်းပါး တစ်ခု၏ ထိပ်သို့ ရောက်ရှိလာခဲ့သည်။
ချောက်ကမ်းပါးမှာ ဖြောင့်စင်းနေပြီး ဓားဖြင့် အတိ ခုတ်ချထားသကဲ့သို့ပင်၊ နှစ်ရှည်လများ ရေငွေ့များ၏ ဒဏ်ကြောင့် မှန်သားပြင်ကဲ့သို့ ချောမွေ့နေလေသည်။
ချောက်ကမ်းပါး အောက်ခြေတွင်မူ ကြီးမား၍ မှောင်မည်းသော ကျင်းကြီးတစ်ခု ရှိနေသည်။
အဆုံးမရှိသော ဖျက်ဆီးခြင်း စွမ်းအားများက ထိုကျင်းကြီးထဲတွင် ပြည့်နှက်နေပြီး လှိုင်းများကဲ့သို့ လိပ်တက်နေကြသည်။
တစ်ခါတစ်ရံ ထိုစွမ်းအားများမှာ ကျင်း အပြင်ရှိ တောအုပ်ထဲသို့ ပျံ့နှံ့သွားကြသည်။
၎င်းကပင် အပြင်ဘက်ရှိ တားမြစ်နယ်မြေကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။
ဤကျင်းကြီးမှာ ဖျက်ဆီးခြင်း စွမ်းအားများ ပြည့်နေသည့် ပန်းကန်လုံးကြီး တစ်ခုကဲ့သို့ပင်၊ ကျိကျွင်းတစ်ယောက် တောင်မှ အထဲသို့ ဝင်သွားပါက တော်တော်လေး ခံရခက်ပေလိမ့်မည်။
ရုတ်တရက် အေးစက်သော မျက်ရည်စက် နှစ်စက်က ထန်ထျန်း၏ ပခုံးပေါ်သို့ ကျလာသည်။
"ဘယ်လို ဖြစ်ရတာလဲ..."
"ဒီနေရာက ဘာလို့ ဒီလိုမျိုးကြီး ဖြစ်သွားရတာလဲ..."
ကြောင်လေးက ရှိုက်ကြီးတငင် ငိုကြွေးရင်း ခြေထောက်အောက် က ကျင်းကြီးကို ကြည့်ကာ မျက်လုံးများ နီမြန်းနေလေသည်။
ထန်ထျန်းသည် ဤနေရာက ဘာလဲဆိုသည်ကို ခန့်မှန်းမိလိုက်ပြီး ဝမ်းနည်းနေသော ကြောင်လေးကို ကြည့်ကာ တတ်နိုင်သမျှ လေသံကို လျှော့၍ ပြောလိုက်သည်။
"မင်း ကမ္ဘာအသစ် ထဲကို အရင် ဝင်နေလိုက်ပါလား"
"ငါ အရင် သွားကြည့်လိုက်မယ်၊ အခက်အခဲ တစ်ခုခု ကြုံရမှ မင်းကို ပြန်ခေါ်မယ်လေ"
ကြောင်လေး ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထိုအကြံပြုချက်ကို လက်ခံလိုက်သည်။
မထွက်ခွာမီ ၎င်းက ခြေထောက်အောက် ရှိ မှောင်မည်းမှုကို ကြည့်ကာ ဝမ်းနည်းမှုကို ဖုံးကွယ်၍ မရနိုင်တော့ပေ။
ဤနေရာသို့ မလာခင်က ၎င်းတွင် မျှော်လင့်ချက် အချို့ ရှိကောင်း ရှိနေနိုင်သော်လည်း တကယ်တမ်း မြင်လိုက်ရသည့် အခါတွင်တော့ ထိုစိတ်ကူးယဉ်မှု အားလုံးမှာ ပျက်စီးသွားခဲ့ရလေပြီ၊ ခြေထောက်အောက် က သေဆုံးနေသော တောင်ကြားကဲ့သို့ပင် အသက်မဲ့နေလေသည်။
"ဟိုဘက် ကို သွား၊ လမ်းမလွဲစေနဲ့"
"ပထမဆုံး နားနေဆောင်ကို မြင်ရရင် ငါ့ကိုခေါ်၊ အဲဒီနောက်ပိုင်းက အချို့နေရာတွေက ကျိကျွင်းတွေကိုပါ သတ်နိုင်တယ်"
ထန်ထျန်းကို လမ်းကြောင်းမှန် ညွှန်ပြပြီးနောက် ကြောင်လေးမှာ သူ၏ ပခုံးပေါ်မှ ပျောက်ကွယ်သွားပြီး ကမ္ဘာအသစ် ထဲသို့ ခဏ ပြန်ဝင်သွားလေသည်။
သို့သော် ပခုံးပေါ်ရှိ အေးစက်သော ခံစားချက်ကတော့ အချိန်အတော်ကြာအောင် ကျန်ရစ်နေဆဲပင်။
ထန်ထျန်းက သက်ပြင်းတစ်ချက်ကို အသာချလိုက်ရင်း တောင်ကြားထဲသို့ ခုန်ချလိုက်လေသည်။
ကြီးမားသော ဖျက်ဆီးခြင်း စွမ်းအားများက သူ့ထံသို့ တိုးဝင်လာပြီး ထိုအထဲတွင် အဆုံးမရှိသော သေခြင်း အော်ရာ များ ရောယှက်နေသည်။
တစ်ချိန်က ဤနေရာသည် ကမ္ဘာပေါ်တွင် အ အေးချမ်း ဆုံး သဘာဝအကျဆုံး နေရာတစ်ခု ဖြစ်ခဲ့သော်လည်း သဘာဝမိခင် မရှိတော့သည့် နောက်တွင်မူ အစွန်းတစ်ဖက်မှ အခြားအစွန်းတစ်ဖက်သို့ ပြောင်းလဲသွားခဲ့လေပြီ။
ထန်ထျန်းအတွက်မူ ဤမျှ ဆိုးရွားသော ပတ်ဝန်းကျင်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ချောမွေ့သော ကျောက်နံရံအတိုင်း အောက်သို့ ဆင်းလာရင်း သူ၏ ပုံရိပ်မှာ အမှောင်ထဲတွင် နစ်မြုပ်သွားတော့သည်။
သို့သော် သူ မထင်မှတ်ထားသော အချက်မှာ အလယ်ပိုင်းရှိ ထူထပ်သော မြူမည်းအလွှာကို ဖြတ်ကျော်ပြီးနောက် အောက်ခြေတွင်မူ အလင်းရောင်များ ပြန်လည် ထွက်ပေါ်နေခြင်းပင်။
မြက်ပင်နှင့် သစ်ပင်များစွာသည်ပင် လွန်ခဲ့သော နှစ်ပေါင်း တစ်သန်းခန့်ကဲ့သို့ ရှင်သန်နေကြဆဲ ဖြစ်သည်။
သို့သော် သေချာ ဂရုတစိုက် ကြည့်လိုက်သည့် အခါမှသာ ထိုအပင်များမှာ အမှန်တကယ်တော့ အပင်များ မဟုတ်တော့ဘဲ သက်ရှိဟုပင် ခေါ်၍မရတော့ဘဲ သေခြင်းအော်ရာ များထဲတွင် နှစ်ရှည်လများ နေ ထားခြင်းကြောင့် ဖြစ်ပေါ်လာသည့် "မိစ္ဆာကောင်" များ ဖြစ်နေသည်ကို သူ တွေ့လိုက်ရသည်။
အမှန်တကယ်ပင် သူ ထင်ထားသည့်အတိုင်းပင်၊ သူ မြေပြင်သို့ ခြေချလိုက်သည်နှင့် ဘေးနားရှိ တောပန်းလေး တစ်ပွင့်မှာ ရုတ်တရက် ကြီးထွားလာပြီး နီရဲသော ပွင့်ဖတ်များမှာ မျက်စိတစ်မှိတ်အတွင်း သွေးအိုင်ကဲ့သို့သော ပါးစပ်ကြီးအဖြစ် ပြောင်းလဲသွားကာ သူ့ကို ဝါးမြိုရန် တိုးဝင်လာလေသည်။
ထိုပုပ်စပ်စပ် အနံ့အသက်ဆိုးကြီးမှာ ကမ္ဘာ့စွမ်းအားနှင့် မခြားသော ဖျက်ဆီးခြင်း စွမ်းအားများကို သယ်ဆောင်ထားပြီး ကျိကျွင်းတစ်ယောက် ကိုယ်တိုင် တိုက်ခိုက်လိုက်သကဲ့သို့ပင် ပြင်းထန်လှသည်။
"ရှပ်"
ထန်ထျန်းက လက်ညှိုးကို ဓားကဲ့သို့ အသုံးချကာ ၎င်း၏ လည်တံကို ခုတ်ဖြတ်လိုက်သည်။
ထက်မြက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီးနောက် ပါးစပ်ကြီးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ မကြာမီမှာပင် ၎င်း၏ ပင်စည်၊ အမြစ်များနှင့်အတူ မီးခိုးငွေ့များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။
ရှေ့ရှိ မြောက်မြားစွာသော ပန်းပင်နှင့် သစ်ပင်များကို ကြည့်ရင်း ထန်ထျန်းက အတန်ကြာ စဉ်းစားလိုက်ပြီးနောက် သူ၏ ကိုယ်ပေါ်ရှိ သက်ရှိအငွေ့အသက်များကို ဖုံးကွယ်လိုက်လေသည်။
ထို့နောက် သူ ရှေ့သို့ တိုး လိုက်ရာ ထို ထူးဆန်းသော အပင်များမှာ မည်သည့် ထူးခြားမှုမျှ မပြတော့ဘဲ သာမန်အပင်များကဲ့သို့ ငြိမ်သက်နေကြတော့သည်။
၎င်းတို့မှာ သက်ရှိအငွေ့အသက်ကို ရရှိမှသာ တိုက်ခိုက်ခြင်း ဖြစ်သည်။
ထန်ထျန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် ကြောင်လေး ညွှန်ပြခဲ့သည့် လားရာအတိုင်း လျှောက်သွားလိုက်သည်။
ချုံနွယ်ပိတ်ပေါင်းများကို ဖြတ်ကျော်ကာ မြက်ရှည်များ ဖုံးလွှမ်းနေသော မြေပြင်ကျယ်တစ်ခုသို့ ရောက်သောအခါ ရုတ်တရက် လူခုနစ်ယောက် ရှစ်ယောက်ခန့် ရှိသော အုပ်စုတစ်စုမှာ ထန်ထျန်း၏ အမြင်အာရုံထဲသို့ ပေါ်လာလေသည်။
၎င်းတို့မှာ ကျိကျွင်း အုပ်စုတစ်စုပင် ဖြစ်သည်။
မှတ်ချက် ဆန်းကြယ်ဥကမ္ဘာမှ ကမ္ဘာအသစ်သို့ ပြောင်းသုံးထားသဖြင့် အခုအပိုင်းမှစ၍ ပြောင်းသုံးသွားပါမည်