← Chapters

အဆင်အခြင်မဲ့သော

Vol. 67 Ch. 706

အဆင်အခြင်မဲ့သော

Vol. 67 Ch. 706

​အဆုံးအစမဲ့သော တံတိုင်းကြီးတစ်ခုက ထန်ထျန်း၏ ရှေ့တွင် ကန့်လန့်ဖြတ် တည်ရှိနေပြီး သူတို့၏ လမ်းကို ပိတ်ဆို့ထားသည်။

​ထိုအရှည်မှာ လင်းယွင်တောင်တန်း တစ်ခုလုံးပင် ၎င်းကို ဆံ့နိုင်ရန် မလွယ်ကူလှဟု ထင်ရသည်။

​သို့သော်လည်း ထိုတံတိုင်းကို တည်ဆောက်ထားသည့် အရာဝတ္ထုကိုယ်တိုင်ကပင် အလွန်အမင်း အစွမ်းထက်သော စွမ်းအားများကို သယ်ဆောင်ထားပြီး ဤနေရာ၏ ဟင်းလင်းပြင် တစ်ခုလုံးကို ပြောင်းလဲပစ်လိုက်ခြင်းဖြစ်ကြောင်း ထန်ထျန်း မြင်နိုင်သည်။

​ပတ်သွားမည်ဆိုလျှင်လည်း လုံးဝ ပတ်သွား၍ ရနိုင်မည် မဟုတ်ပေ။

​“မြေကမ္ဘာ အမြစ် ဆိုတာ ဘာလဲ”

ထန်ထျန်းက မေးလိုက်သည်။

​ရှို့ကျွင်းက ရှင်းပြ၏။ “လင်းယွင်တောင်တန်းမှာပဲ တည်ရှိတဲ့ ထူးခြားတဲ့ အရာတစ်ခုပဲ၊ ဒါပေမဲ့ သူ့ရဲ့ ပုံရိပ်ယောင်ကတော့ မဟာကမ္ဘာ ကြီးရဲ့ ထောင့်တိုင်းမှာ ပျံ့နှံ့နေခဲ့တာ"

​“သူက ဒီကုန်းမြေ ကို တည်ငြိမ်အောင် ထိန်းထားပေးတဲ့ အမြုတေ ပဲ၊ သူရှိနေလို့သာ သဘာဝတရားက ကမ္ဘာ ကြီးတစ်ခုလုံးကို ပိုပြီး လွယ်လွယ်ကူကူ လွှမ်းမိုးနိုင်တာ"

​“ပြောရရင် သူက သက်ရှိအားလုံး ရှင်သန်ဖို့အတွက် အခြေခံ အမြစ်တွယ်ရာပဲ”

​ထန်ထျန်းက မေးစေ့ကို ပွတ်သပ်ရင်း မေးလိုက်သည်။ “ကမ္ဘာ့သစ်ပင် နဲ့ ဆင်တူတာလား”

​ရှို့ကျွင်းက ခေါင်းငြိမ့်ပြ၏။ “အဲ့လို ပြောလို့ရတယ်"

​“ဒါပေမဲ့ သူက ဒဏ္ဍာရီထဲက ကမ္ဘာ့သစ်ပင်လောက်တော့ မစွမ်းထက်ဘူး၊ မြေကမ္ဘာနဲ့ သဘာဝတရားကို တည်ငြိမ်အောင်ပဲ လုပ်ပေးနိုင်တာ"

​“ကမ္ဘာ့သစ်ပင်ကတော့ အရာခပ်သိမ်းကို တတ်နိုင်တယ်၊ ကောင်းကင်တာအို ရဲ့ အထက်မှာတောင် ရှိနေတာမျိုးပေါ့"

​“ဒါပေမဲ့လည်း လူတွေက ကမ္ဘာ့သစ်ပင်ရဲ့ စွမ်းဆောင်ရည်ကို ချဲ့ကားပြောဆိုနေကြတာလည်း ဖြစ်နိုင်ပါတယ်၊ ဘယ်သူမှ သူ့ရဲ့ တည်ရှိမှုကို ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးကြဘူးလေ”

​ထန်ထျန်းကတော့ တိတ်ဆိတ်နေမိသည်။ လူတွေက ချဲ့ကားပြောနေကြခြင်း မဟုတ်ဘဲ အမှန်တကယ်တော့ လျှော့တွက်နေကြခြင်းဖြစ်ကြောင်း သူ ကောင်းကောင်း သိသည်။

​ကမ္ဘာ့သစ်ပင်၏ စွမ်းဆောင်ရည်မှာ လူသားတို့ စိတ်ကူးထားသည်ထက် ပို၍ အစွမ်းထက်သည်။

​အဘယ်ကြောင့်ဆိုသော် သူ၏ ကမ္ဘာအသစ်ထဲတွင် ထိုကဲ့သို့ သစ်ပင်တစ်ပင် ရှိနေပြီး ၎င်းမှာ သူကိုယ်တိုင် စိုက်ပျိုးခဲ့ခြင်း ဖြစ်သောကြောင့်ပင်။

​“မြေကမ္ဘာ အမြစ်တွေရဲ့ ပုံရိပ်ယောင်က ကမ္ဘာ့အနှံ့မှာ ရှိတယ်ဆိုပေမဲ့ ငါ ဘာလို့ တစ်ခါမှ မတွေ့ဖူးတာလဲ”

ထန်ထျန်းက မေးလိုက်သည်။

​ရှို့ကျွင်းက ရှေ့သို့ ကြည့်ရင်း တည်ငြိမ်စွာ ပြော၏။ “ဘာလို့လဲဆိုတော့ သဘာဝမိခင် သေဆုံးသွားလို့ပဲ"

​“မြေကမ္ဘာ အမြစ် တွေ က သဘာဝမိခင်နဲ့အတူ မွေးဖွားလာခဲ့တာ၊ သဘာဝမိခင် သေဆုံးသွားတဲ့အခါ သူတို့လည်း သေဆုံးသွားတာနဲ့ မခြားတော့ဘူး"

​“အဲဒီအချိန်ကစပြီး သူ့ရဲ့ ပုံရိပ်ယောင်တွေက ကမ္ဘာတစ်ဝန်းကနေ လုံးဝ ပျောက်ကွယ်သွားခဲ့တယ်၊ အဲဒါကြောင့် သဘာဝတရား တစ်ခုလုံးက ရပ်တန့်သွားပြီး ဆုတ်ယုတ်လာတဲ့ အခြေအနေကို ရောက်သွားတာပဲ”

​ထန်ထျန်း နားလည်သွားသည်။ လောကကြီးက ဘာကြောင့် ဒီလောက်မြန်မြန် ပျက်စီးနေရသနည်း၊ ၎င်းမှာ ပြန်လည် မပြုပြင်နိုင်သော ညှိုးနွမ်းမှုမျိုး ဖြစ်နေရသနည်း ဆိုသည်မှာ အရင်းခံအားဖြင့် သဘာဝမိခင်ကြောင့်ပင် ဖြစ်သည်။

​သက်ရှိအားလုံးအတွက် သဘာဝမိခင်မှာ အလွန် အရေးကြီးလှသည်၊ သူမကို ဆုံးရှုံးလိုက်ရပြီးနောက် ကမ္ဘာကြီး၏ ရှေ့သို့ တိုးတက်မှု အရှိန်အဟုန်မှာ ရပ်တန့်သွားခဲ့ရသည်။

​“သဘာဝမိခင် ကျဆုံးပြီးနောက် မြေကမ္ဘာ အမြစ်တွေက မဟာကမ္ဘာကြီးအတွက် အသုံးမဝင်တော့ရုံတင်မကဘဲ သူကိုယ်တိုင်လည်း ကြီးမားတဲ့ အသွင် ပြောင်းလဲမှုတွေ ဖြစ်ခဲ့တယ်”

​ရှို့ကျွင်းက ဆက်ပြော၏။ “လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းချီတုန်းကတော့ မြေကမ္ဘာ အမြစ် ဆိုတာ ထိပ်တန်း နတ်ရတနာ တစ်ခုပဲ၊ သဘာဝ အကြွင်းအကျန်လိုမျိုး ကောင်းကင်ဆန့်ကျင်တဲ့ နတ်ရတနာထက် နည်းနည်းပဲ နိမ့်တာ"

​“အကယ်၍ အရေအတွက် လုံလုံလောက်လောက် ရှိမယ်ဆိုရင် သူ့ကို အသုံးပြုပြီး ကျိကျွင်းအဆင့်ကိုတောင် တက်လှမ်းနိုင်တယ်"

​“ဒါပေမဲ့ အခုတော့ သူက အလွန် အန္တရာယ်များတဲ့ အရာတစ်ခု ဖြစ်သွားပြီ"

​“သူ့ရဲ့ အတွင်းပိုင်းမှာ ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်နေလဲဆိုတာ ဘယ်သူမှ မသိဘူး၊ ဒါပေမဲ့ သက်ရှိတစ်ဦးဦးသာ မတော်တဆ အနားကပ်သွားရင် သူက ဘယ်သူ့ကိုမဆို ခွဲခြားမှုမရှိဘဲ သေတယ့်အထိ တိုက်ခိုက်လိမ့်မယ်"

​“အရင်တစ်ခေါက် လင်းယွင်တောင်တန်းမှာ သူ့ကို တွေ့တုန်းကတော့ သူက မြေအောက်ထဲမှာပဲ နက်နက်ရှိုင်းရှိုင်း ပုန်းနေတာ၊ ရံဖန်ရံခါမှ အစိတ်အပိုင်း အနည်းငယ်ပဲ အပေါ်ပေါ်လာတတ်တာ၊ အဲဒီတုန်းကတော့ ပတ်သွားလို့ ရသေးတယ်"

​“ဒါပေမဲ့ အခုတော့ သူက ဒီလောက် မြင့်မားတဲ့ တံတိုင်းကြီးတစ်ခု ဖြစ်နေပြီ"

​“နောက်ပိုင်းမှာတော့ အားနည်းနည်း ထုတ်ရတော့မယ် ထင်တယ်”

​ထန်ထျန်းက ခေါင်းငြိမ့်ပြလိုက်သည်။ ရှေ့ရှိ တံတိုင်းကြီးထဲမှ နေရာအနှံ့ ပျံ့နှံ့နေသော ဘေးအန္တရာယ်နှင့် ရန်လိုမှုများကို သူလည်း ခံစားနေရသည်။

​“ဒါဆို... အတင်းတိုးဝင်ရုံပဲ ရှိတာပေါ့”

ထန်ထျန်းက ပြောလိုက်သည်။

​ရှို့ကျွင်းက ခေါင်းငြိမ့်၏။ “ဟုတ်တယ်၊ အတင်းတိုးဝင်ရုံပဲ ရှိတယ်၊ အခုအချိန်မှာ တခြားဘက်ကို လမ်းကြောင်းပြောင်းဖို့ဆိုတာ မမှီတော့ဘူး"

​“ဒါပေမဲ့ မြေကမ္ဘာ အမြစ်တွေက ဟင်းလင်းပြင်ကို ပြောင်းလဲနိုင်တယ်၊ လူနှစ်ယောက် ဝင်သွားရင် ချက်ချင်း ကွဲသွားလိမ့်မယ်၊ ငါ မင်းနဲ့အတူ သွားလို့ရမှာ မဟုတ်ဘူး"

​“မင်း သေချာ စဉ်းစားပါ၊ ကျိကျွင်းတစ်ယောက် ဖြစ်ရင်တောင် ဒီတံတိုင်းကို ဖြတ်ဖို့ဆိုတာ မလွယ်ဘူး”

​ထန်ထျန်းက ပြုံးပြကာ ကိစ္စမရှိကြောင်း အမူအရာ ပြလိုက်သည်။

​ယခု သူ၏ ခွန်အားဖြင့်ဆိုလျှင် ဤတံတိုင်းကို ဖြတ်ကျော်ရန်မှာ အတော်လေး လွယ်ကူလှသည်။

​သို့သော် သူတို့ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် သူတို့၏ နောက်ကွယ်မှ လှုပ်ရှားမှုအချို့ ပေါ်လာပြီး ပုံရိပ်အချို့က ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာကြသည်။

​လှည့်ကြည့်လိုက်ရာ ထိုသူများမှာ အစောပိုင်းက သူတို့နှင့်အတူ ပန်းပင်လယ် အစီအရင်ကြီးကို ရင်ဆိုင်ခဲ့သည့် ကျိကျွင်းများပင် ဖြစ်သည်။

​ထျန်းရွေ့၊ ချန်ဖျင်း နှင့် ယုတျယ်ကျိကျွင်း တို့က အရင်ဆုံး ထွက်လာကြသည်။

​ထို့နောက် မကြာမီမှာပင် နောက်ထပ် ကျိကျွင်းနှစ်ဦး ထွက်လာပြန်ရာ အားလုံးမှာ အားကောင်းသော အော်ရာများ ရှိကြသည်။

​သို့သော်လည်း လူဦးရေမှာ အစောပိုင်းက ၁၁ ယောက်မှ ယခု ၇ ယောက်သို့ လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။

​ထန်ထျန်းက ယိရှန်း၏ ပုံရိပ်ကို မတွေ့ရပေ၊ သို့သော် ထိုလူ၏ အရည်အချင်းနှင့်ဆိုလျှင် ပန်းပင်လယ် အစီအရင်ထဲတွင် လဲကျသွားရန်မှာ မဖြစ်နိုင်ပေ။

​ထို့ကြောင့် ကျန်ရှိသော ကျိကျွင်း ၃ ဦးမှာမူ ကံဆိုးမိုးမှောင် ကျသွားခဲ့ပြီဟု ထင်ရသည်။

​ထန်ထျန်းက သူတို့ကို အကဲခတ်နေစဉ်မှာပင် သူတို့ကလည်း လှမ်းကြည့်လာကြသည်။

​ထန်ထျန်းက မည်သည့် ဒဏ်ရာမျှမရဘဲ ထွက်လာနိုင်သည်ကို တွေ့ရသောအခါ အချို့သောသူများ၏ မျက်လုံးထဲတွင် အံ့သြသွားသည့် အမူအရာများ သိသိသာသာ ပေါ်လာသည်။

​သို့သော် ထိုမျှသာ ဖြစ်ပြီး မကြာမီမှာပင် သူတို့၏ အကြည့်များကို ရှေ့ရှိ တံတိုင်းကြီးဆီသို့ ပြောင်းလိုက်ကြသည်။

​“မြေကမ္ဘာ အမြစ်တွေလား"

​“ဘာလို့ ဒီလို ဖြစ်သွားရတာလဲ”

ထျန်းရွေ့က ရှို့ကျွင်းကဲ့သို့ပင် အံ့သြတကြီး ရေရွတ်လိုက်သည်။

​“အင်း... အရင်တုန်းကလည်း ဒီလို အခြေအနေမျိုး တစ်ခါ ကြုံဖူးတယ်၊ ဒါပေမဲ့ တစ်ကြိမ်ပဲ ရှိခဲ့တာ"

​“မှတ်မိသလောက်ဆိုရင် အဲဒီတုန်းက တာအိုရောင်းရင်း အနည်းဆုံး ၄ ယောက်လောက် မြေကမ္ဘာ အမြစ်တွေထဲမှာ ထာဝရ ကျန်ရစ်ခဲ့ပြီး လင်းယွင်တောင်တန်းအတွက် အာဟာရ ဖြစ်သွားခဲ့ရတယ်"

​“ဒီအရာတွေက အပြင်ကို ပေါ်ထွက်နေတဲ့ အချိန်မှာ မြေအောက်ထဲ မြှုပ် နေတာထက် အများကြီး ပိုပြီး အန္တရာယ်များတယ်”

ချန်ဖျင်းကျိကျွင်းက ပြောလိုက်သည်။

​သို့သော်လည်း အခြား ကျိကျွင်းတစ်ဦးက လှောင်ပြုံးပြုံးကာ ပြော၏။ “တော်စမ်းပါ၊ ဒီလိုတွေ လာမလုပ်နဲ့"

​“ငါလည်း တစ်ခါ ကြုံဖူးတယ်၊ မင်းပြောသလို လုံးဝ အန္တရာယ်မများဘူး၊ ပုံမှန် အခြေအနေနဲ့ အတူတူပဲ"

​“ပြီးတော့ ဘယ်သူမှလည်း မသေခဲ့ဘူး"

​“မင်း ဒီလောက် ချဲ့ကားပြောနေတာက ငါတို့ကို ခြောက်လှန့်ပြီး ပြိုင်ဘက် တစ်ယောက် လျော့သွားအောင် လုပ်ချင်လို့ မဟုတ်လား”

​ချန်ဖျင်းကျိကျွင်း၏ အမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ “ငါက ငါမြင်ခဲ့တဲ့ အခြေအနေကို ပြောပြရုံသက်သက်ပဲ"

​“ယုံတာ၊ မယုံတာက မင်းတို့အပိုင်းပဲ"

​“ငါက မင်းတို့ အသက်တွေအတွက် တာဝန်ယူပေးရမယ့် ဝတ္တရား မရှိဘူး”

​ထိုအချိန်တွင် အမြဲတမ်း နှုတ်ဆိတ်နေတတ်သည့် ယုတျယ်ကျိကျွင်းက အနည်းငယ် စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ “အားလုံး မငြင်းကြနဲ့တော့၊ မြေကမ္ဘာ အမြစ်တွေရဲ့ ထူးခြားမှုကို လူတိုင်း သိတာပဲ၊ အန္တရာယ် မရှိဘူးဆိုတာကတော့ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ"

​“ဒီလို နေရာမျိုးမှာ ခြေလှမ်းတိုင်းကို သေသေချာချာ ဂရုစိုက်ရမယ်”

​သူမ၏ ပုံစံမှာ အမှန်တကယ်ပင် စိုးရိမ်နေပုံရသည်။

​ဤအခြေအနေကို မြင်သောအခါ ထန်ထျန်းက ရှို့ကျွင်းကို မေးလိုက်သည်။ “သူတို့ထဲက ဘယ်သူပြောတာ အမှန်လဲ”

​ရှို့ကျွင်းက ပြော၏။ “ဂရုစိုက်မနေနဲ့၊ အားလုံးကို အလိမ်အညာလို့ပဲ သတ်မှတ်လိုက်"

​“လမ်းကြောင်း အသီးသီးကနေ တားမြစ်နယ်မြေ ဗဟိုကို ဝင်လာတဲ့အခါ ပေါ်လာတဲ့ နေရာတွေက မတူကြဘူး၊ အတော်လေး နက်နက်ရှိုင်းရှိုင်း ထပ်ဝင်သွားမှသာ ပြန်ဆုံဖို့ အခွင့်အရေး ရှိတာ"

​“ဒါပေမဲ့ လမ်းကြောင်းတူတူ ဝင်လာတဲ့သူတွေကတော့ အကွာအဝေး သိပ်မဝေးနိုင်ဘူး"

​“ဒါကြောင့် အခု မြင်နေရတဲ့ လူအုပ်စုက အလားအလာရှိတဲ့ ပြိုင်ဘက်တွေချည်းပဲ၊ တစ်ယောက်ကိုတစ်ယောက် သေအောင်လုပ်ဖို့ မစဉ်းစားတဲ့သူ မရှိဘူး"

​“စောစောက ပန်းပင်လယ်ဘက်မှာ ထျန်းရွေ့၊ ချန်ဖျင်း၊ ယုတျယ် သုံးယောက်က ပူးပေါင်းပြီးပြီဆိုတော့ သူတို့ကြားမှာ ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေး တစ်ခု ရှိနေမှာ အသေအချာပဲ၊ နောက်လာမယ့် ပစ်မှတ်က ငါတို့ဖြစ် နိုင်တယ်"

​“အထဲ ရောက်လို့ သူတို့ထဲက တစ်ယောက်ယောက်နဲ့ တွေ့ရင် သတိထားပါ”

​ထန်ထျန်းက နှုတ်ခမ်းပင့်လိုက်သည်။ ဤလူအုပ်စုမှာ အပြင်ပန်းတွင် သဟဇာတ ဖြစ်နေသယောင် ရှိသော်လည်း စိတ်ထဲတွင်မူ တစ်ယောက်ထက်တစ်ယောက် ပို၍ ကောက်ကျစ်ကြသည်။

​ပန်းပင်လယ်ထဲမှ အောင်မြင်စွာ ထွက်လာနိုင်သည့် ကျန်ကျိကျွင်းနှစ်ဦးမှာလည်း သာမန်လူများ မဟုတ်ကြသည်မှာ အသေအချာပင်။

​“တကယ် ပျင်းစရာကောင်းတာပဲ"

​“သူတို့ဘာသာသူတို့ ဒီမှာ သရုပ်ဆောင်နေပါစေတော့၊ ငါ မစောင့်တော့ဘူး”

ထန်ထျန်းက ပြောလိုက်သည်။

​ရှို့ကျွင်းက မေး၏။ “မင်း အားနည်းတဲ့ နေရာကို မရှာတော့ဘူးလား"

​“ဒီတံတိုင်းက အထူအပါး မတူဘူး၊ ပါးတဲ့ နေရာကနေ ဖြတ်ရင် ပိုပြီး လွယ်ကူမှာပေါ့”

​ထန်ထျန်းက လက်ကာပြလိုက်သည်။ “မရှာတော့ဘူး"

​“ငါ့ရဲ့ ဇာတိရွာ နာမည်က မန်ရွာ လို့ ခေါ်တယ်"

​“ငါတို့ရဲ့ ဆောင်ပုဒ်က စကားလုံး တစ်လုံးတည်းပဲ၊ မဆင်မခြင်လုပ်တယ် ဆိုတာပဲ”

​ပြောပြီးသည်နှင့် သူက ရှင်းယွဲ့အင်မော်တယ် ဓားကို ဆွဲထုတ်ကာ တံတိုင်းကြီးဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားလေတော့သည်။

All Chapters