အဆင်အခြင်မဲ့သော
Vol. 67 Ch. 706
အဆုံးအစမဲ့သော တံတိုင်းကြီးတစ်ခုက ထန်ထျန်း၏ ရှေ့တွင် ကန့်လန့်ဖြတ် တည်ရှိနေပြီး သူတို့၏ လမ်းကို ပိတ်ဆို့ထားသည်။
ထိုအရှည်မှာ လင်းယွင်တောင်တန်း တစ်ခုလုံးပင် ၎င်းကို ဆံ့နိုင်ရန် မလွယ်ကူလှဟု ထင်ရသည်။
သို့သော်လည်း ထိုတံတိုင်းကို တည်ဆောက်ထားသည့် အရာဝတ္ထုကိုယ်တိုင်ကပင် အလွန်အမင်း အစွမ်းထက်သော စွမ်းအားများကို သယ်ဆောင်ထားပြီး ဤနေရာ၏ ဟင်းလင်းပြင် တစ်ခုလုံးကို ပြောင်းလဲပစ်လိုက်ခြင်းဖြစ်ကြောင်း ထန်ထျန်း မြင်နိုင်သည်။
ပတ်သွားမည်ဆိုလျှင်လည်း လုံးဝ ပတ်သွား၍ ရနိုင်မည် မဟုတ်ပေ။
“မြေကမ္ဘာ အမြစ် ဆိုတာ ဘာလဲ”
ထန်ထျန်းက မေးလိုက်သည်။
ရှို့ကျွင်းက ရှင်းပြ၏။ “လင်းယွင်တောင်တန်းမှာပဲ တည်ရှိတဲ့ ထူးခြားတဲ့ အရာတစ်ခုပဲ၊ ဒါပေမဲ့ သူ့ရဲ့ ပုံရိပ်ယောင်ကတော့ မဟာကမ္ဘာ ကြီးရဲ့ ထောင့်တိုင်းမှာ ပျံ့နှံ့နေခဲ့တာ"
“သူက ဒီကုန်းမြေ ကို တည်ငြိမ်အောင် ထိန်းထားပေးတဲ့ အမြုတေ ပဲ၊ သူရှိနေလို့သာ သဘာဝတရားက ကမ္ဘာ ကြီးတစ်ခုလုံးကို ပိုပြီး လွယ်လွယ်ကူကူ လွှမ်းမိုးနိုင်တာ"
“ပြောရရင် သူက သက်ရှိအားလုံး ရှင်သန်ဖို့အတွက် အခြေခံ အမြစ်တွယ်ရာပဲ”
ထန်ထျန်းက မေးစေ့ကို ပွတ်သပ်ရင်း မေးလိုက်သည်။ “ကမ္ဘာ့သစ်ပင် နဲ့ ဆင်တူတာလား”
ရှို့ကျွင်းက ခေါင်းငြိမ့်ပြ၏။ “အဲ့လို ပြောလို့ရတယ်"
“ဒါပေမဲ့ သူက ဒဏ္ဍာရီထဲက ကမ္ဘာ့သစ်ပင်လောက်တော့ မစွမ်းထက်ဘူး၊ မြေကမ္ဘာနဲ့ သဘာဝတရားကို တည်ငြိမ်အောင်ပဲ လုပ်ပေးနိုင်တာ"
“ကမ္ဘာ့သစ်ပင်ကတော့ အရာခပ်သိမ်းကို တတ်နိုင်တယ်၊ ကောင်းကင်တာအို ရဲ့ အထက်မှာတောင် ရှိနေတာမျိုးပေါ့"
“ဒါပေမဲ့လည်း လူတွေက ကမ္ဘာ့သစ်ပင်ရဲ့ စွမ်းဆောင်ရည်ကို ချဲ့ကားပြောဆိုနေကြတာလည်း ဖြစ်နိုင်ပါတယ်၊ ဘယ်သူမှ သူ့ရဲ့ တည်ရှိမှုကို ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးကြဘူးလေ”
ထန်ထျန်းကတော့ တိတ်ဆိတ်နေမိသည်။ လူတွေက ချဲ့ကားပြောနေကြခြင်း မဟုတ်ဘဲ အမှန်တကယ်တော့ လျှော့တွက်နေကြခြင်းဖြစ်ကြောင်း သူ ကောင်းကောင်း သိသည်။
ကမ္ဘာ့သစ်ပင်၏ စွမ်းဆောင်ရည်မှာ လူသားတို့ စိတ်ကူးထားသည်ထက် ပို၍ အစွမ်းထက်သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ကမ္ဘာအသစ်ထဲတွင် ထိုကဲ့သို့ သစ်ပင်တစ်ပင် ရှိနေပြီး ၎င်းမှာ သူကိုယ်တိုင် စိုက်ပျိုးခဲ့ခြင်း ဖြစ်သောကြောင့်ပင်။
“မြေကမ္ဘာ အမြစ်တွေရဲ့ ပုံရိပ်ယောင်က ကမ္ဘာ့အနှံ့မှာ ရှိတယ်ဆိုပေမဲ့ ငါ ဘာလို့ တစ်ခါမှ မတွေ့ဖူးတာလဲ”
ထန်ထျန်းက မေးလိုက်သည်။
ရှို့ကျွင်းက ရှေ့သို့ ကြည့်ရင်း တည်ငြိမ်စွာ ပြော၏။ “ဘာလို့လဲဆိုတော့ သဘာဝမိခင် သေဆုံးသွားလို့ပဲ"
“မြေကမ္ဘာ အမြစ် တွေ က သဘာဝမိခင်နဲ့အတူ မွေးဖွားလာခဲ့တာ၊ သဘာဝမိခင် သေဆုံးသွားတဲ့အခါ သူတို့လည်း သေဆုံးသွားတာနဲ့ မခြားတော့ဘူး"
“အဲဒီအချိန်ကစပြီး သူ့ရဲ့ ပုံရိပ်ယောင်တွေက ကမ္ဘာတစ်ဝန်းကနေ လုံးဝ ပျောက်ကွယ်သွားခဲ့တယ်၊ အဲဒါကြောင့် သဘာဝတရား တစ်ခုလုံးက ရပ်တန့်သွားပြီး ဆုတ်ယုတ်လာတဲ့ အခြေအနေကို ရောက်သွားတာပဲ”
ထန်ထျန်း နားလည်သွားသည်။ လောကကြီးက ဘာကြောင့် ဒီလောက်မြန်မြန် ပျက်စီးနေရသနည်း၊ ၎င်းမှာ ပြန်လည် မပြုပြင်နိုင်သော ညှိုးနွမ်းမှုမျိုး ဖြစ်နေရသနည်း ဆိုသည်မှာ အရင်းခံအားဖြင့် သဘာဝမိခင်ကြောင့်ပင် ဖြစ်သည်။
သက်ရှိအားလုံးအတွက် သဘာဝမိခင်မှာ အလွန် အရေးကြီးလှသည်၊ သူမကို ဆုံးရှုံးလိုက်ရပြီးနောက် ကမ္ဘာကြီး၏ ရှေ့သို့ တိုးတက်မှု အရှိန်အဟုန်မှာ ရပ်တန့်သွားခဲ့ရသည်။
“သဘာဝမိခင် ကျဆုံးပြီးနောက် မြေကမ္ဘာ အမြစ်တွေက မဟာကမ္ဘာကြီးအတွက် အသုံးမဝင်တော့ရုံတင်မကဘဲ သူကိုယ်တိုင်လည်း ကြီးမားတဲ့ အသွင် ပြောင်းလဲမှုတွေ ဖြစ်ခဲ့တယ်”
ရှို့ကျွင်းက ဆက်ပြော၏။ “လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းချီတုန်းကတော့ မြေကမ္ဘာ အမြစ် ဆိုတာ ထိပ်တန်း နတ်ရတနာ တစ်ခုပဲ၊ သဘာဝ အကြွင်းအကျန်လိုမျိုး ကောင်းကင်ဆန့်ကျင်တဲ့ နတ်ရတနာထက် နည်းနည်းပဲ နိမ့်တာ"
“အကယ်၍ အရေအတွက် လုံလုံလောက်လောက် ရှိမယ်ဆိုရင် သူ့ကို အသုံးပြုပြီး ကျိကျွင်းအဆင့်ကိုတောင် တက်လှမ်းနိုင်တယ်"
“ဒါပေမဲ့ အခုတော့ သူက အလွန် အန္တရာယ်များတဲ့ အရာတစ်ခု ဖြစ်သွားပြီ"
“သူ့ရဲ့ အတွင်းပိုင်းမှာ ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်နေလဲဆိုတာ ဘယ်သူမှ မသိဘူး၊ ဒါပေမဲ့ သက်ရှိတစ်ဦးဦးသာ မတော်တဆ အနားကပ်သွားရင် သူက ဘယ်သူ့ကိုမဆို ခွဲခြားမှုမရှိဘဲ သေတယ့်အထိ တိုက်ခိုက်လိမ့်မယ်"
“အရင်တစ်ခေါက် လင်းယွင်တောင်တန်းမှာ သူ့ကို တွေ့တုန်းကတော့ သူက မြေအောက်ထဲမှာပဲ နက်နက်ရှိုင်းရှိုင်း ပုန်းနေတာ၊ ရံဖန်ရံခါမှ အစိတ်အပိုင်း အနည်းငယ်ပဲ အပေါ်ပေါ်လာတတ်တာ၊ အဲဒီတုန်းကတော့ ပတ်သွားလို့ ရသေးတယ်"
“ဒါပေမဲ့ အခုတော့ သူက ဒီလောက် မြင့်မားတဲ့ တံတိုင်းကြီးတစ်ခု ဖြစ်နေပြီ"
“နောက်ပိုင်းမှာတော့ အားနည်းနည်း ထုတ်ရတော့မယ် ထင်တယ်”
ထန်ထျန်းက ခေါင်းငြိမ့်ပြလိုက်သည်။ ရှေ့ရှိ တံတိုင်းကြီးထဲမှ နေရာအနှံ့ ပျံ့နှံ့နေသော ဘေးအန္တရာယ်နှင့် ရန်လိုမှုများကို သူလည်း ခံစားနေရသည်။
“ဒါဆို... အတင်းတိုးဝင်ရုံပဲ ရှိတာပေါ့”
ထန်ထျန်းက ပြောလိုက်သည်။
ရှို့ကျွင်းက ခေါင်းငြိမ့်၏။ “ဟုတ်တယ်၊ အတင်းတိုးဝင်ရုံပဲ ရှိတယ်၊ အခုအချိန်မှာ တခြားဘက်ကို လမ်းကြောင်းပြောင်းဖို့ဆိုတာ မမှီတော့ဘူး"
“ဒါပေမဲ့ မြေကမ္ဘာ အမြစ်တွေက ဟင်းလင်းပြင်ကို ပြောင်းလဲနိုင်တယ်၊ လူနှစ်ယောက် ဝင်သွားရင် ချက်ချင်း ကွဲသွားလိမ့်မယ်၊ ငါ မင်းနဲ့အတူ သွားလို့ရမှာ မဟုတ်ဘူး"
“မင်း သေချာ စဉ်းစားပါ၊ ကျိကျွင်းတစ်ယောက် ဖြစ်ရင်တောင် ဒီတံတိုင်းကို ဖြတ်ဖို့ဆိုတာ မလွယ်ဘူး”
ထန်ထျန်းက ပြုံးပြကာ ကိစ္စမရှိကြောင်း အမူအရာ ပြလိုက်သည်။
ယခု သူ၏ ခွန်အားဖြင့်ဆိုလျှင် ဤတံတိုင်းကို ဖြတ်ကျော်ရန်မှာ အတော်လေး လွယ်ကူလှသည်။
သို့သော် သူတို့ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် သူတို့၏ နောက်ကွယ်မှ လှုပ်ရှားမှုအချို့ ပေါ်လာပြီး ပုံရိပ်အချို့က ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာကြသည်။
လှည့်ကြည့်လိုက်ရာ ထိုသူများမှာ အစောပိုင်းက သူတို့နှင့်အတူ ပန်းပင်လယ် အစီအရင်ကြီးကို ရင်ဆိုင်ခဲ့သည့် ကျိကျွင်းများပင် ဖြစ်သည်။
ထျန်းရွေ့၊ ချန်ဖျင်း နှင့် ယုတျယ်ကျိကျွင်း တို့က အရင်ဆုံး ထွက်လာကြသည်။
ထို့နောက် မကြာမီမှာပင် နောက်ထပ် ကျိကျွင်းနှစ်ဦး ထွက်လာပြန်ရာ အားလုံးမှာ အားကောင်းသော အော်ရာများ ရှိကြသည်။
သို့သော်လည်း လူဦးရေမှာ အစောပိုင်းက ၁၁ ယောက်မှ ယခု ၇ ယောက်သို့ လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။
ထန်ထျန်းက ယိရှန်း၏ ပုံရိပ်ကို မတွေ့ရပေ၊ သို့သော် ထိုလူ၏ အရည်အချင်းနှင့်ဆိုလျှင် ပန်းပင်လယ် အစီအရင်ထဲတွင် လဲကျသွားရန်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် ကျန်ရှိသော ကျိကျွင်း ၃ ဦးမှာမူ ကံဆိုးမိုးမှောင် ကျသွားခဲ့ပြီဟု ထင်ရသည်။
ထန်ထျန်းက သူတို့ကို အကဲခတ်နေစဉ်မှာပင် သူတို့ကလည်း လှမ်းကြည့်လာကြသည်။
ထန်ထျန်းက မည်သည့် ဒဏ်ရာမျှမရဘဲ ထွက်လာနိုင်သည်ကို တွေ့ရသောအခါ အချို့သောသူများ၏ မျက်လုံးထဲတွင် အံ့သြသွားသည့် အမူအရာများ သိသိသာသာ ပေါ်လာသည်။
သို့သော် ထိုမျှသာ ဖြစ်ပြီး မကြာမီမှာပင် သူတို့၏ အကြည့်များကို ရှေ့ရှိ တံတိုင်းကြီးဆီသို့ ပြောင်းလိုက်ကြသည်။
“မြေကမ္ဘာ အမြစ်တွေလား"
“ဘာလို့ ဒီလို ဖြစ်သွားရတာလဲ”
ထျန်းရွေ့က ရှို့ကျွင်းကဲ့သို့ပင် အံ့သြတကြီး ရေရွတ်လိုက်သည်။
“အင်း... အရင်တုန်းကလည်း ဒီလို အခြေအနေမျိုး တစ်ခါ ကြုံဖူးတယ်၊ ဒါပေမဲ့ တစ်ကြိမ်ပဲ ရှိခဲ့တာ"
“မှတ်မိသလောက်ဆိုရင် အဲဒီတုန်းက တာအိုရောင်းရင်း အနည်းဆုံး ၄ ယောက်လောက် မြေကမ္ဘာ အမြစ်တွေထဲမှာ ထာဝရ ကျန်ရစ်ခဲ့ပြီး လင်းယွင်တောင်တန်းအတွက် အာဟာရ ဖြစ်သွားခဲ့ရတယ်"
“ဒီအရာတွေက အပြင်ကို ပေါ်ထွက်နေတဲ့ အချိန်မှာ မြေအောက်ထဲ မြှုပ် နေတာထက် အများကြီး ပိုပြီး အန္တရာယ်များတယ်”
ချန်ဖျင်းကျိကျွင်းက ပြောလိုက်သည်။
သို့သော်လည်း အခြား ကျိကျွင်းတစ်ဦးက လှောင်ပြုံးပြုံးကာ ပြော၏။ “တော်စမ်းပါ၊ ဒီလိုတွေ လာမလုပ်နဲ့"
“ငါလည်း တစ်ခါ ကြုံဖူးတယ်၊ မင်းပြောသလို လုံးဝ အန္တရာယ်မများဘူး၊ ပုံမှန် အခြေအနေနဲ့ အတူတူပဲ"
“ပြီးတော့ ဘယ်သူမှလည်း မသေခဲ့ဘူး"
“မင်း ဒီလောက် ချဲ့ကားပြောနေတာက ငါတို့ကို ခြောက်လှန့်ပြီး ပြိုင်ဘက် တစ်ယောက် လျော့သွားအောင် လုပ်ချင်လို့ မဟုတ်လား”
ချန်ဖျင်းကျိကျွင်း၏ အမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ “ငါက ငါမြင်ခဲ့တဲ့ အခြေအနေကို ပြောပြရုံသက်သက်ပဲ"
“ယုံတာ၊ မယုံတာက မင်းတို့အပိုင်းပဲ"
“ငါက မင်းတို့ အသက်တွေအတွက် တာဝန်ယူပေးရမယ့် ဝတ္တရား မရှိဘူး”
ထိုအချိန်တွင် အမြဲတမ်း နှုတ်ဆိတ်နေတတ်သည့် ယုတျယ်ကျိကျွင်းက အနည်းငယ် စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ “အားလုံး မငြင်းကြနဲ့တော့၊ မြေကမ္ဘာ အမြစ်တွေရဲ့ ထူးခြားမှုကို လူတိုင်း သိတာပဲ၊ အန္တရာယ် မရှိဘူးဆိုတာကတော့ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ"
“ဒီလို နေရာမျိုးမှာ ခြေလှမ်းတိုင်းကို သေသေချာချာ ဂရုစိုက်ရမယ်”
သူမ၏ ပုံစံမှာ အမှန်တကယ်ပင် စိုးရိမ်နေပုံရသည်။
ဤအခြေအနေကို မြင်သောအခါ ထန်ထျန်းက ရှို့ကျွင်းကို မေးလိုက်သည်။ “သူတို့ထဲက ဘယ်သူပြောတာ အမှန်လဲ”
ရှို့ကျွင်းက ပြော၏။ “ဂရုစိုက်မနေနဲ့၊ အားလုံးကို အလိမ်အညာလို့ပဲ သတ်မှတ်လိုက်"
“လမ်းကြောင်း အသီးသီးကနေ တားမြစ်နယ်မြေ ဗဟိုကို ဝင်လာတဲ့အခါ ပေါ်လာတဲ့ နေရာတွေက မတူကြဘူး၊ အတော်လေး နက်နက်ရှိုင်းရှိုင်း ထပ်ဝင်သွားမှသာ ပြန်ဆုံဖို့ အခွင့်အရေး ရှိတာ"
“ဒါပေမဲ့ လမ်းကြောင်းတူတူ ဝင်လာတဲ့သူတွေကတော့ အကွာအဝေး သိပ်မဝေးနိုင်ဘူး"
“ဒါကြောင့် အခု မြင်နေရတဲ့ လူအုပ်စုက အလားအလာရှိတဲ့ ပြိုင်ဘက်တွေချည်းပဲ၊ တစ်ယောက်ကိုတစ်ယောက် သေအောင်လုပ်ဖို့ မစဉ်းစားတဲ့သူ မရှိဘူး"
“စောစောက ပန်းပင်လယ်ဘက်မှာ ထျန်းရွေ့၊ ချန်ဖျင်း၊ ယုတျယ် သုံးယောက်က ပူးပေါင်းပြီးပြီဆိုတော့ သူတို့ကြားမှာ ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေး တစ်ခု ရှိနေမှာ အသေအချာပဲ၊ နောက်လာမယ့် ပစ်မှတ်က ငါတို့ဖြစ် နိုင်တယ်"
“အထဲ ရောက်လို့ သူတို့ထဲက တစ်ယောက်ယောက်နဲ့ တွေ့ရင် သတိထားပါ”
ထန်ထျန်းက နှုတ်ခမ်းပင့်လိုက်သည်။ ဤလူအုပ်စုမှာ အပြင်ပန်းတွင် သဟဇာတ ဖြစ်နေသယောင် ရှိသော်လည်း စိတ်ထဲတွင်မူ တစ်ယောက်ထက်တစ်ယောက် ပို၍ ကောက်ကျစ်ကြသည်။
ပန်းပင်လယ်ထဲမှ အောင်မြင်စွာ ထွက်လာနိုင်သည့် ကျန်ကျိကျွင်းနှစ်ဦးမှာလည်း သာမန်လူများ မဟုတ်ကြသည်မှာ အသေအချာပင်။
“တကယ် ပျင်းစရာကောင်းတာပဲ"
“သူတို့ဘာသာသူတို့ ဒီမှာ သရုပ်ဆောင်နေပါစေတော့၊ ငါ မစောင့်တော့ဘူး”
ထန်ထျန်းက ပြောလိုက်သည်။
ရှို့ကျွင်းက မေး၏။ “မင်း အားနည်းတဲ့ နေရာကို မရှာတော့ဘူးလား"
“ဒီတံတိုင်းက အထူအပါး မတူဘူး၊ ပါးတဲ့ နေရာကနေ ဖြတ်ရင် ပိုပြီး လွယ်ကူမှာပေါ့”
ထန်ထျန်းက လက်ကာပြလိုက်သည်။ “မရှာတော့ဘူး"
“ငါ့ရဲ့ ဇာတိရွာ နာမည်က မန်ရွာ လို့ ခေါ်တယ်"
“ငါတို့ရဲ့ ဆောင်ပုဒ်က စကားလုံး တစ်လုံးတည်းပဲ၊ မဆင်မခြင်လုပ်တယ် ဆိုတာပဲ”
ပြောပြီးသည်နှင့် သူက ရှင်းယွဲ့အင်မော်တယ် ဓားကို ဆွဲထုတ်ကာ တံတိုင်းကြီးဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားလေတော့သည်။