လင်းရင် နှင့် ရဲ့မင်
Vol. 67 Ch. 709
“ဒီနေရာက တကယ် ဘယ်လို နေရာမျိုးလဲ”
နတ်မိမယ် ရဲ့မင် က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဘာကြောင့်လဲဆိုတော့ အခုလေးတင် သူမက ကိုယ်ပိုင်ကမ္ဘာ နှင့် မည်သည့် ဆက်သွယ် မှုမှ ပြုလုပ်၍ မရတော့ကြောင်း ရှာဖွေတွေ့ရှိသွားသောကြောင့်ပင်။
၎င်းမှာ ကျိကျွင်းတစ်ယောက်အတွက် အားအကောင်းဆုံး ကာကွယ် နည်းဖြစ်သည်။ မင်ယောင်ကျိကျွင်း ကဲ့သို့ သူ့အိမ်ကို သူများ ခိုးယူခံရပြီး လွတ်လမ်း အဖြတ် ခံရခြင်းမျိုး မဟုတ်ပါက အခြေခံအားဖြင့် မည်သည့် ပြဿနာမှ ရှိလာနိုင်စရာ မရှိပေ။
မည်မျှပင် ကြောက်စရာကောင်းသော ကိစ္စနှင့် ကြုံရပါစေ အပြန်အလှန် အာရုံခံနိုင်ပြီး အေးအေးလူလူ ထွက်ခွာသွားနိုင်သည်။
အကယ်၍သာ...
နတ်မိမယ် ရဲ့မင် ရုတ်တရက် တွေးမိသည်မှာ ဤနေရာက လင်းယွင်တောင်တန်း ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် ခန့်မှန်းရ အခက်ဆုံးဖြစ်သော မြင့်မြတ် နယ်မြေ ငါးခုထဲမှ တစ်ခု ဖြစ်သည်။
မည်သို့သော ထူးဆန်းသည့် အခြေအနေမျိုးမဆို ဖြစ်ပေါ်လာနိုင်သည်။
ထန်ထျန်းက ဤကဲ့သို့သော နေရာမျိုးကို ရှာတွေ့နိုင်ခြင်းမှာလည်း မထူးဆန်းလှပေ။
“ ရုန်းကန်မနေနဲ့တော့”
ထန်ထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒီနေရာကို ငါ အခုလေးတင် စစ်ဆေးကြည့်ပြီးပြီ၊ ဝူရှန့်ကျိကျွင်း တည်ရှိမှုမျိုး ကျွံဝင်သွားရင်တောင် အတင်းတိုးထွက်ဖို့ လမ်းတစ်ခုပဲ ရှိတယ်"
“မင်း အားအကိုးဆုံး ထွက်ပြေးတဲ့ နည်းလမ်းကတော့ အသုံးမဝင်တော့ဘူး”
နတ်မိမယ် ရဲ့မင် ၏ အကြည့်များမှာ အေးစက်နေသော်လည်း သူမ၏ မျက်နှာတွင်မူ ဂရုမစိုက်သည့် အမူအရာများ ရှိနေဆဲပင်။
“နင်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲ နေတာပဲ ထန်ထျန်း”
သူမက အေးစက်စွာ ပြောလိုက်သည်။ “နင် ကျိကျွင်းအဆင့်ကို တက်လှမ်းနိုင်တာ ဘယ်လောက်ကြာသေးလို့လဲ။ ကျိကျွင်းတွေမှာ ဘယ်လို နည်းလမ်းတွေ ရှိတယ်ဆိုတာ နင် တကယ် သိလို့လား"
“ငါ မနိုးထခင်မှာ နင်က ငါ့ကို လုံးဝ ပိတ်ဆို့ထားနိုင်မယ့် နည်းလမ်းတစ်ခုခု ရှာတွေ့ခဲ့ရင်တော့ ဖြစ်နိုင်ခြေ အနည်းငယ် ရှိကောင်း ရှိနိုင်ပါတယ်"
“ဒါပေမဲ့ ငါ နိုးထလာတဲ့ အချိန်မှာတော့ နင် ငါ့ကို ဖမ်းထားနိုင်မယ့် ဘယ်နည်းလမ်းမှ ရှိတော့မှာ မဟုတ်ဘူး"
“အခုတော့ နင် အဲဒီအတွက် တန်ဖိုးပြန် ပေးဆပ်ရလိမ့်မယ်"
“ဒါက နင် ကျိကျွင်းဖြစ်ပြီးနောက်ပိုင်း ပထမဆုံး သင်ခန်းစာပဲ”
ပြောပြီးသည်နှင့် သူမက အလွန်ထူးဆန်းသော လက်ကွက်တစ်ခုကို ဖော်လိုက်သည်။
ချက်ချင်းပင် ကုချင်း ပတ်ပတ်လည်၌ မူလကတည်းက ထကြွနေသော မီးခိုးရောင် စွမ်းအားများမှာ ထပ်မံ ပေါက်ကွဲ ထွက်ပေါ်လာသည်။
ထို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား မှာ ပြင်ပမှ ဟင်းလင်းပြင် စွမ်းအားများကို ချက်ချင်းပင် တွန်းထုတ်ပစ်လိုက်ပြီး ဘေးကင်းသော ဇုန် တစ်ခုကို ဖန်တီးလိုက်သည်။
ထို့နောက် နတ်မိမယ် ရဲ့မင်က ကုချင်းကို ပိုက်ကာ ဟင်းလင်းပြင် ရွှံ့နွံ အပြင်သို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။
သို့သော်လည်း ဤအခြေအနေကို မြင်သော် ထန်ထျန်းက ခေါင်းယမ်းလိုက်ရုံသာ ရှိသည်။
“အဲဒါဆိုရင်တော့ မင်း မှားသွားပြီ”
“မင်းသာ ငါ့အကြောင်းကို တကယ် သိရင် ငါက အကြောက်ဆုံးလူ ဆိုတာကို နားလည်လိမ့်မယ်"
“အထူးသဖြင့် ကိုယ့်အသက်နဲ့ ပတ်သက်လာတဲ့ ကိစ္စတွေမှာပေါ့"
“လုံလောက်တဲ့ ယုံကြည်ချက် မရှိဘဲနဲ့ ငါ မင်းကို အကုန်ဖွင့်ပြောပါ့မလား”
ပြောပြီးသည်နှင့် ထန်ထျန်းက လက်ညှိုးကို ထုတ်လိုက်ရာ အလွန်တရာ ကြီးမားလှသော ဖိအားကြီးတစ်ခုမှာ ကောင်းကင်ထက်မှ ချက်ချင်း ကျဆင်းလာပြီး ဟင်းလင်းပြင် ရွှံ့နွံ ထဲသို့ ကျရောက်သွားသည်။
ကြီးကျယ်ခမ်းနားသော စွမ်းအားများက ဟင်းလင်းပြင် စွမ်းအားများကို ဖြတ်ကျော်ကာ ကုချင်း၏ မီးခိုးရောင် အကာအကွယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားပြီး ထကြွနေသော စွမ်းအားများကို အတင်းအဓမ္မ ပြန်လည် ဖိနှိပ်ပစ်လိုက်သည်။
လမ်းအနည်းငယ် အတင်းအကျပ် လျှောက်လာခဲ့သော နတ်မိမယ် ရဲ့မင် မှာလည်း ရပ်တန့်သွားရပြီး မည်သည့် လှုပ်ရှားမှုမှ ထပ်မံ မပြုလုပ်နိုင်တော့ပေ။
ဤအချိန်တွင်မှ နတ်မိမယ် ရဲ့မင် အမှန်တကယ် ထိတ်လန့်သွားတော့သည်။
“မဖြစ်နိုင်တာ”
သူမက မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာတွင် မယုံကြည်နိုင်သည့် အမူအရာများဖြင့် ပြည့်နှက်သွားသည်။
“ဝူရှန့် စွမ်းအား... နင်က ဝူရှန့်ကျိကျွင်း အဆင့်ကို တက်လှမ်းသွားပြီလား”
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
နတ်မိမယ် ရဲ့မင် က စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
ထန်ထျန်း၏ အကြည့်များမှာ တည်ငြိမ်နေသည်။ “ဒါက မင်း ပြောခဲ့တဲ့အတိုင်း မဟုတ်ဘူးလား”
“မင်းက ငါ့ရဲ့ ထူးခြားမှုကို အမြဲ ခံစားလို့ရတယ်လို့ ပြောနေတာပဲလေ"
“ဘာလဲ... ငါ ဝူရှန့်ကျိကျွင်း အဆင့်ကို ရောက်နေတာကိုတော့ မင်း မခံစားမိဘူးလား”
နတ်မိမယ် ရဲ့မင် မှင်တက်သွားသည်။
သူမ အရင်က ထိုသို့ ပြောခဲ့သည်မှာ အမှန်ပင်ဖြစ်ပြီး ပြောသမျှမှာလည်း အမှန်တရားများသာ ဖြစ်သည်။
အင်မော်တယ် ဧကရာဇ် အဆင့်မှ ကျိကျွင်း အဆင့်သို့ တက်လှမ်း ရန် ထန်ထျန်းက နှစ် ဝက်ခန့်သာ အသုံးပြုခဲ့ရသည်။ ၎င်းမှာ တစ်ကမ္ဘာလုံးတွင် မရှိဖူးသေးသော ကောင်းကင်ဆန့်ကျင်သည့် အံ့ဖွယ် ဖြစ်ရပ်တစ်ခုပင်။
သို့သော် ထန်ထျန်းက မည်သူမှ မသိအောင် ဝူရှန့်ကျိကျွင်း အဆင့်သို့ ဝင်ရောက်သွားလိမ့်မည်ဟု သူမ မည်သို့ စိတ်ကူးထားနိုင်ပါ့မည်နည်း။
ဝူရှန့်ကျိကျွင်း ဟု ခေါ်ရခြင်းမှာ ၎င်းက တစ်ကမ္ဘာလုံး၏ အကန့်အသတ်သို့ ရောက်ရှိသွားပြီ ဖြစ်သောကြောင့် ဖြစ်ကာ ထိုအဆင့်ကို ကျော်လွန်နိုင်သော မည်သည့် တည်ရှိမှုမှ မရှိတော့ပေ။
ကမ္ဘာ့အရှင် ၊ မဟာ ကောင်းကင်အရှင် တို့သည်လည်း ဝူရှန့်ကျိကျွင်း နယ်ပယ်အတွင်း၌သာ ရှိနေသေးသည်။
သာမန် ကျိကျွင်း တစ်ယောက်က ဝူရှန့်ကျိကျွင်း အဆင့်သို့ ရောက်ရန်မှာ ကောင်းကင်ဆန့်ကျင်သော ကံကောင်းမှုမျိုး လိုအပ်ရုံတင်မကဘဲ အချိန်အတော်ကြာ ကျင့်ကြံ ရန်လည်း လိုအပ်သည်။
ထိုအချိန်မှာ အနည်းဆုံး နှစ်ပေါင်း တစ်သိန်းမှ စတင် ရေတွက်ရခြင်း ဖြစ်သည်။
သို့သော် ထန်ထျန်းကမူ မဖြစ်နိုင်သော အံ့ဖွယ်တစ်ခုကို ထပ်မံ ဖန်တီးခဲ့ပြန်လေပြီ။
နတ်မိမယ် ရဲ့မင် မှာ မည်သို့ ဖော်ပြရမှန်းပင် မသိတော့ပေ။
ဤအခိုက်အတန့်တွင် သူမ အမှန်တကယ်ပင် မျှော်လင့်ချက် ကင်းမဲ့သွားရသည်။
ဟင်းလင်းပြင် ရွှံ့နွံ မှာ မူလကတည်းက လွတ်မြောက်ရန် ခဲယဉ်းလှရာ အပြင်ဘက်တွင်လည်း ဝူရှန့်ကျိကျွင်း တစ်ယောက်က အငြိုးဖြင့် စောင့်ကြည့်နေပြန်သည်။
ထန်ထျန်း ပြောသည်မှာ မှန်သည်။ သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေခြင်း မဟုတ်ဘဲ အလွန်အမင်း တည်ငြိမ်လွန်းနေခြင်း ဖြစ်သည်။
“ကဲ အခုတော့ သေသေချာချာ စကားပြောလို့ ရပြီပေါ့”
ထန်ထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “မင်း ငါ့အနားကို ချဉ်းကပ်ဖို့ အများကြီး ကြိုးစားခဲ့သလို မင်းကိုယ်မင်း ဒီ ကုချင်း ထဲမှာ ဝှက်ထားခဲ့တာက တကယ်တော့ ဘာလုပ်ချင်လို့လဲ”
ဤမေးခွန်းကို နတ်မိမယ် ရဲ့မင် က တိတ်ဆိတ်စွာသာ တုံ့ပြန်သည်။
မူလက တင်းမာနေသော အမူအရာများမှာလည်း ဘာကြောင့်ရယ်မသိ တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။
ကံကြမ္မာကို လက်ခံလိုက်သည့် ပုံစံမျိုးပင်။
“နင့်ကို ပြောပြစရာ ဘာမှ မရှိဘူး"
“ပြောပြဖို့လည်း မဖြစ်နိုင်ဘူး"
“သတ်ချင်ရင် သတ်လိုက်တော့၊ ငါ့ဆီကနေ ဘာအသုံးဝင်တဲ့ သတင်းအချက်အလက်မှ ရမှာ မဟုတ်ဘူး”
နတ်မိမယ် ရဲ့မင် က ပြောလိုက်သည်။
သို့သော် သူမ၏ အဖြေကို ထန်ထျန်းက မျှော်လင့်ထားပြီးသား ဖြစ်သည်။
သူက ခပ်ဖျော့ဖျော့ ပြုံးကာ နတ်မိမယ် ရဲ့မင် ၏ မျက်လုံးများကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ “တကယ်တော့ မင်းရဲ့ အဲဒီလို လျှို့ဝှက်ချက်တွေအပေါ် ငါ သိပ်ပြီး စိတ်မဝင်စားဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် မအောင်မြင်တော့တာပဲလေ"
“ငါ နားမလည်တာ တစ်ခုပဲ ရှိတယ်"
“မင်းက ဒီလောက် ကြီးမားတဲ့ အောင်မြင်မှုတွေ ရထားတာကို ဘာလို့ တစ်ယောက်တည်း ထွက်လာပြီး ဒီလောက် အန္တရာယ်များတဲ့ အလုပ်ကြမ်းတွေကို လာလုပ်နေရတာလဲ"
“သူတို့က မင်းကို အရေးမပါဘူးလို့ သတ်မှတ်ထားတာလား”
နတ်မိမယ် ရဲ့မင် က မျက်လုံးများကို မှေးစိုက်လိုက်ပြီး ပြော၏။ “နင် ဘာတွေ ပြောနေတာလဲ ငါ မသိဘူး”
ထန်ထျန်းက ရယ်မောလိုက်ပြီး “တကယ်တော့ မင်းအတွက် ငါ တကယ်ပဲ မခံချင်ဖြစ်မိတယ်၊ တကယ်ပါ"
“ငါသာဆိုရင် မင်းက ဒီလို အောင်မြင်မှုတွေ ရပြီးတဲ့နောက်မှာ မင်းကို အများကြီး ကျေးဇူးတင်မိမှာဖြစ်သလို မင်းကိုလည်း သေသေချာချာ ကာကွယ်ထားမှာပဲ"
“ဒါပေမဲ့ မဟာ ကောင်းကင်အရှင် ကတော့ မင်းရဲ့ သေခြင်း ရှင်ခြင်း ကို သိပ်ပြီး ဂရုစိုက်ပုံ မရဘူး"
“ငါ ပြောတာ မှန်တယ်မလား"
“လင်းရင်”
နတ်မိမယ် ရဲ့မင် မှာ မှင်တက်သွားသည်။ သူမက သူမ၏ တုံ့ပြန်မှုကို လျင်မြန်စွာ ဖုံးကွယ်ရန် ကြိုးစားသော်လည်း ထန်ထျန်းက ဖမ်းဆီးမိသွားခဲ့ပြီ ဖြစ်သည်။
ထန်ထျန်းက ပြုံးကာ ပြော၏။ “ကြည့်ရတာ ငါ မှန်သွားပုံရတယ်”
နတ်မိမယ် ရဲ့မင် ၏ မျက်နှာမှာ မှောင်ကျသွားသည်။ ဆက်လက် ဖုံးကွယ်နေခြင်းမှာ မည်သည့် အဓိပ္ပာယ်မှ မရှိတော့ကြောင်း သူမ သိသည်။
“နင် ဘယ်တုန်းက သိသွားတာလဲ”
လင်းရင် က လေးနက်သော အသံဖြင့် မေးလိုက်သည်။
ထန်ထျန်းက ခဏစဉ်းစားပြီးနောက် “အဲဒီညတုန်းကပဲ ခန့်မှန်းမိတာ"
“မင်းရဲ့ တေးသံက ခံစားချက်တွေ အရမ်း သိသာလွန်းနေတယ်။ အဲဒါက လနတ်သမီး နဲ့ ကမ္ဘာ့အရှင် တို့ရဲ့ ကြားက ခံစားချက်ကို ဖော်ပြနေတာ မဟုတ်ဘူး"
“အဲဒါက မင်းကိုယ်တိုင်ရဲ့ အတွေ့အကြုံနဲ့ ခံစားချက်တွေပဲ"
“ငါ မှားမနေဘူးဆိုရင် ပန်းသီးပင်အောက်မှာ ထိုင်နေတဲ့ အဲဒီ ပုံရိပ်က လုမင် ပဲ"
“ဟုတ်တယ်မလား”
လင်းရင် တိတ်ဆိတ်သွားသည်။ ထန်ထျန်း၏ ပြောစကား ကို သူမ ဝန်ခံလိုက်သည့် သဘောပင်။
လင်းရင် ကို ကြည့်ရင်း ထန်ထျန်းက ဆက်ပြောသည်။ “တကယ်တော့ မင်းရဲ့ အဲဒီ ခံစားချက်တွေထဲမှာ မင်းက အရမ်းကို စစ်မှန်နေတယ်ဆိုတာ ငါ ခံစားမိတယ်။ ပြီးတော့ အရမ်းကိုလည်း စိတ်ရှုပ်ထွေးပြီး လမ်းပျောက်နေသလိုပဲ"
“ပိုပြီးတော့ သိသာတာက နောင်တရနေတဲ့ ခံစားချက်ပဲ။ အဲဒါက ငါ့ကို အရမ်း စွဲလန်းစေတယ်"
“လုမင် သေသွားပြီဆိုတာ မင်း သိတယ်"
“အဲဒီလို ကိစ္စတွေ ဖြစ်ပျက်သွားတာကို မင်း နောင်တရနေတာ"
“ပြီးတော့ သူ မသေခင်မှာ နောက်ဆုံးတစ်ခေါက်တောင် မတွေ့လိုက်ရတဲ့အတွက် မင်းကိုယ်မင်းလည်း မုန်းနေသေးတယ်"
“ဒါတွေ အကုန်လုံးက မင်းရဲ့ တေးသံထဲကနေ ငါ ကြားခဲ့ရတဲ့ အရာတွေပဲ"
“နောက်ပြီး...”
“မပြောနဲ့တော့”
လင်းရင် က ထန်ထျန်း၏ စကားကို ကြမ်းတမ်းစွာ ဖြတ်ပြောလိုက်သည်။
ထန်ထျန်းက ချက်ချင်းပင် ကိစ္စတစ်ခုကို နားလည်သွားသည်။
လုမင် က သူမ အလေးအနက်ထားဆုံး လူတစ်ယောက် ဖြစ်သလို သူမ၏ အားနည်းချက်လည်း ဖြစ်သည်။
တကယ်တော့ သူမ အခု သူမကိုယ်သူမ ပေးထားတဲ့ နာမည်ကနေလည်း သိနိုင်သည်။
နတ်မိမယ် ရဲ့မင်
လင်းရင် ၊ ရဲ့မင်
သူမ၏ နှလုံးသားထဲတွင် သစ်ပင်အောက်မှာ ထိုင်နေခဲ့သော ထိုလူကို ဘယ်တုန်းကမှ မေ့ပျောက်မသွားခဲ့ပေ။
“ငါ သူ့ကို မသေစေချင်ခဲ့ဘူး”
“အဲဒါက ငါ့ရဲ့ ရည်ရွယ်ချက် လုံးဝ မဟုတ်ဘူး”
လင်းရင် က စူးစူးဝါးဝါး အော်လိုက်သည်။
ထန်ထျန်းက သူမကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။
“ဒါဆို မင်းရဲ့ တကယ့် ရည်ရွယ်ချက်က ဘာလဲ”