← Chapters

စုမင်နဲ့ရဲဝမ်

Vol. 7 Ch. 83

စုမင်နဲ့ရဲဝမ်

Vol. 7 Ch. 83

လူတစ်ယောက်ရဲ့ ဘဝမှာ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို ကြုံတွေ့ရမှာ ဖြစ်သလို ချို့ယွင်းတဲ့ အခါတွေလည်း ရှိမယ်။ ဂုဏ်သရေ မြင့်မားတဲ့ နေ့ရက်တွေရှိသလို ခလုတ်တိုက်ပြီး လဲကျတဲ့ အချိန်တွေလည်း ရှိမယ်။ အဲ့ဒါတွေကို စုမင် နားမလည်ပါဘူး။ သူနားလည်တာ တစ်ခုပဲ ရှိတယ်။ မျိုးနွယ်စုဟာ သူ့ရဲ့ အိမ်ဆိုတာကိုပေါ့။

လက်သီး လွှဲလိုက်တဲ့ အခိုက်မှာပဲ စုမင်ရဲ့ ညာလက်ကနေ ကျယ်လောင်တဲ့ အသံကြီး မြည်ဟည်း ထွက်လာတယ်။ အဲဒါက စုမင်ရဲ့ အရိုးတွေက ပြင်းအားကို မခံနိုင်တော့တဲ့ အတွက် သူ့ရဲ့ အရိုးနဲ့ အသားတွေ ကွဲထွက်သွားတဲ့ လက္ခဏာ ဖြစ်တယ်။ တံခါးဆီကို လက်သီးနဲ့ လွှဲလိုက်တဲ့ အခိုက်အတန့်မှာ ထွက်ပေါ်လာတဲ့ ထစ်ချုန်းသံဟာ ကောင်းကင်ဘုံကို မြေပြင်ကို လှုပ်ခါ သွားစေလောက်တယ်။ ရာသီဥတုကိုပါ ကပြောင်းကပြန် ဖြစ်သွားစေပြီး နှင်းမုန်တိုင်းကိုပါ ရပ်တန့် သွားစေနိုင်တယ်။

တံခါးဟာ ပြင်းပြင်းထန်ထန် ပျက်စီးသွားပြီး အစိတ်စိတ် အမြွှာမြွှာပြိုကျကုန်တယ်။ ကြီးမား ပြင်းထန်တဲ့ လေပြင်းတစ်ဝှေ့က အရှိန်အဟုန်နဲ့ ဘေးတိုက် တိုက်ခတ်လိုက်ပြီး သစ်ရွက်ကြွေတွေကို လေထဲ လွင့်ပါ သွားစေသလိုမျိုး။

ကျယ်လောင်တဲ့ မိုးထစ်ချုန်းသံတွေ စုမင်ဘေးနားမှာ ပဲ့တင်ထပ် မြည်ဟည်း  သွားတယ်။ တံခါးကြီး လုံးလုံးလျားလျား ပြိုကျသွားတယ် ဆိုလျှင်ပဲ အပြင်ဘက်က နှင်းရုပ်ပုံလွှာပေါ်မှာလည်း များပြားလှတဲ့ အက်ကွဲရာတွေ ထင်ကျန် သွားစေတယ်၊ သို့ပေမဲ့ ၎င်းကတော့ တံခါးလိုမျိုး လုံးဝကြီး ပျက်စီး မသွားဘူး။

အဲဒီအခိုက်အတန့် စုမင်ရှေ့မှာ တံခါး မရှိတော့ဘူး၊ မြေပြင်တစ်ခုလုံး ဖွေးဖွေးလှုပ်နေတဲ့ ကြေမွနေတဲ့ သစ်သားစ အပျက်အစီးများသာ ကျန်ရစ်ခဲ့တော့တယ်။ သို့ပေမဲ့လည်း ကမ္ဘာမြေနဲ့ စုမင်ရဲ့ကြားထဲမှာ အက်ကွဲရာတွေနဲ့ နှင်းကန့်လန့်ကာ တစ်ခု ခြားနားလျက် ရှိနေသေးတယ်။ အလင်းရောင် ဖျဖျ ထွက်ပေါ်နေရင်းနဲ့ လေထဲမှာ လွင့်ဝဲနေပြီး မကြာခင်မှာပဲ အပျက်အစီး မရှိတဲ့ အလင်းမှန်သားပြင် တစ်ခု အဖြစ် ပြောင်းလဲသွားတယ်။

ပျက်စီးသွားခဲ့ပြီ ဖြစ်တဲ့ တံခါးက ၎င်းအစား အလင်းမှန်သားပြင် တစ်ခုကို သယ်ပိုး ထားရတာကြောင့် ဖွင့်ဖို့ သိပ်ခက်ခဲနေခဲ့ဟန် တူပါတယ်။ အခု တံခါးမရှိတော့တဲ့ အချိန်ကျတော့မှ တကယ် ချိပ်စည်း ပိတ်ကာထားခြင်းက အမှန်တကယ် ပေါ်ထွက်လာခဲ့တယ်။

အလင်းရောင်ကတော့ သိပ်လည်း မတောက်သလို အရမ်းလည်း မှိန်ဖျော့မနေ၊ အစွမ်း ထက်မြက်နေဆဲပဲ ဆိုတဲ့ ထင်ရှားတဲ့ ပြယုဂ်တစ်ခု။

စုမင်က အရမ်းကြီး အံ့သြမသွားပါဘူး၊ အကြီးအကဲရဲ့ ချိပ်စည်းကာရံထားမှုက ဒီလောက်အလွယ်လေး ပျက်စီးမှာ မဟုတ်တာကိုတော့ စုမင် အစောကြီး ကတည်းက ခန့်မှန်းမိပြီးသားပါ။ တံခါးကြီး ပြိုကျ ပျက်စီးသွားပြီး မှန်သားပြင်ရဲ့ အလင်းရောင်က စုမင်ရဲ့ မြင်လွှာထဲ ဝင်ရောက်လာတဲ့ အခိုက်အတန့်မှာပဲ စုမင်ရှေ့ကို ခြေတစ်လှမ်း တိုးတယ်။ သူ့ကိုယ်ပေါ်က တစ်ခုတည်းသော သွေးကြောထုံးကြီးဟာ တောက်ပတဲ့ အလင်းရောင် စူးရှ ဖြာထွက်နေဆဲပဲ။ စုမင် လှုပ်ရှား လိုက်စဉ်မှာ သွေးကြောထုံးကြီးက အစွမ်းကုန် လင်းလက်လာပြီး စုမင်လည်း လက်သီးကို ထပ်မံ လွှဲယမ်း လိုက်ပြန်တယ်။

လက်သီးက လေဟာနယ်ထဲကို ကျရောက် သွားတယ်လို့ ထင်ရပေမဲ့ အမှန်တကယ်မှာတော့ မမြင်နိုင်တဲ့ မှန်သားပြင်ပေါ်ကို ကျရောက် သွားတာဖြစ်တယ်။ ၎င်းဟာ တုန်ခါသွားပေမဲ့ ကောင်းကင်ကို မျက်နှာမူလို့ ကြံ့ကြံ့ခံ တည်ရှိနေတယ်။

စုမင်ရဲ့ မျက်လုံးတွေက နီရဲနေတယ်။ မှန်သားပြင်ကို ထပ်ခါထပ်ခါ လက်သီးနဲ့ ထိုးခွဲလိုက်တယ်။ တစ်ခဏ အကြာမှာတော့ သွေးကြောရဲ့ အလင်းရောင်ဟာ သူ့ရဲ့အတိုင်းအတာ တစ်ခုရောက်သွားပြီ ဖြစ်တဲ့အတွက် မှိန်ကျသွားပြီး စုမင်လည်း အနောက်ကို ခြေလှမ်းဆုတ် လိုက်တယ်။ သူ့နှုတ်ခမ်းထောင့်ကနေ သွေးစီးကြောင်း စီးကျလာတယ်။ မှန်သားပြင်ကို စုမင် စိုက်ကြည့်တယ်၊ အဲဒီနောက် ညာဘက်လက်ကို ရုတ်တရက် မြှောက်လိုက်ပြီး သူ့ရဲ့ ညာဘက်ဘေးကို ခုတ်ပိုင်းလိုက်တယ်။

နတ်ဆိုးသုံးဖော် ကွပ်မျက် …

အဲ့ဒါက နက်မှောင်တောင် မျိုးနွယ်စုရဲ့ ပိုပြီး အစွမ်းထက်မြက်တဲ့ မာန်ပညာရပ် တစ်မျိုးဖြစ်တယ်။ ပြောကြတာကတော့ ဒီပညာရပ်က လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက စစ်မှန်တဲ့ နက်မှောင်တောင် မျိုးနွယ်စုထံက ဆင်းသက်လာတဲ့ အတတ်ပညာရပ် ဖြစ်ပါသတဲ့။

၎င်းအတတ် ပညာရပ်ကို အသုံးပြုတဲ့အခါ လေ့ကျင့်သား ပြည့်ဝမှုက အဓိက သော့ချက် မဟုတ်ဘူး။ အမှန်မှာတော့ ဒီအတတ်ပညာရပ်ကို အသုံးပြုရတာက အရမ်းလွယ်ကူတယ်။ စုမင်က ဒီပညာရပ်နဲ့ ပတ်သက်ပြီး ခေါင်းထဲမှာ အကြိမ်ကြိမ် ပုံဖော်ြ ကည့်ပြီးသား ဖြစ်တယ်။ သွေးကြော၂၀၀ မပြည့်သေးလို့သာ အသုံးမပြု နိုင်သေးတာပါ။

ဒီပညာရပ်နဲ့ ပတ်သက်ပြီး ခက်ခဲတဲ့ အပိုင်းကတော့ သွေးကြော အရေအတွက် ပေါ်မှာ မူတည်နေတာ ဖြစ်တယ်။ သွေးကြောပေါင်း ၂၀၀ရှိတဲ့ သူမှသာ ပထမဆုံး ခုတ်ပိုင်းမှုကို ပြုလုပ်နိုင်မှာ ဖြစ်တယ်။ အခု စုမင်မှာက သွေးကြော ၂၄၃ကြော ရှိသွားပြီ ဖြစ်ပြီး သွေးကြော ကျောက်သားအဆင့်၇ ရောက်နေပြီ ဖြစ်တာမို့ ပထမဆုံး အနေနဲ့ သူ့ခေါင်းထဲမှာ ဘေးထိုးထားရတဲ့ နတ်ဆိုး သုံးဖော် ကွပ်မျက် အတတ်ပညာကို အသုံးပြုလိုက်တာ ဖြစ်တယ်။

နတ်ဆိုး သုံးဖော်ကွပ်မျက် ဆိုတာ ကောင်းကင်ဘုံ နတ်မင်း တစ်ပါးကိုတောင် သတ်နိုင်စွမ်းတဲ့ အတတ်ပညာ ဖြစ်တယ်။ နတ်ဆိုးသုံးဖော် ကွပ်မျက်ကို သတ်ဖြတ်မှု သုံးခုလို့လည်း သိကြတယ်။

ဟိုးရှေးရှေးတုန်း ကတည်းက နက်မှောင်တောင်က ဒီပညာရပ်ကို အမည်မသိ နေရာ တစ်ခုကနေ ရရှိခဲ့တယ်။ ပညာရပ်ကို လေ့လာပြီး နောက်မှာတော့ အားလုံး အံ့ဩကုန်ကြတယ်။ အဲဒီ နတ်ဆိုး သုံးဖော်ဟာ လောကမှာ အမှန်တကယ် တည်ရှိနေပါလျက် သူတို့မှာ အကောင်အထည် ပြစရာမရှိဘူး။ သူတို့ကို ဘယ်သူမှ မမြင်နိုင်သလို ထိတွေ့လို့လည်း မရဘူး။ သူတို့ တကယ်ရှိတာလည်း ဖြစ်ချင်ဖြစ်မယ်၊ တကယ် မရှိတာလည်း ဖြစ်နိုင်တယ်။

သို့ပေမဲ့လည်း အစွမ်းထက်မြက်တဲ့ နက်မှောင်တောင် မျိုးနွယ်စုက အဲဒီပညာရပ်ကို လေ့လာ သင်ယူတဲ့ အခါမှာ လုပ်ကိုင်ရမယ့် နည်းလမ်းပုံစံကို သိသွားခဲ့တယ်။ နေ့တစ်နေ့ရဲ့ မတူညီတဲ့ အချိန်တွေမှာ အကောင်အထည် မမြင်ရတဲ့ နတ်ဆိုးသုံးဖော်ဟာ ကွဲပြားတဲ့ နေရာတွေမှာ ပေါ်လာ တတ်ကြတယ်။ ဒါဟာ နက်မှောင်တောင် မျိုးနွယ်စုရဲ့ ပညာရပ် - နတ်ဆိုး သုံးဖော် ကွပ်မျက်ဟာ ဘယ်လောက်တောင်မှ ထိတ်လန့် ချောက်ချားဖွယ်ရာ ကောင်းတယ်ဆိုတာကို ပြသလျက်ရှိတယ်။

မျိုးနွယ်စုအတွင်းက ပရောဟိတ်တွေ ယုံကြည်ထားတာကတော့ ကောင်းကင်ဘုံနဲ့ မြေကမ္ဘာကြား ဆက်နွှယ်ထားမှု ပုံစံငယ်တွေ ရှိကြတယ်။ နတ်ဆိုးသုံးဖော်ဟာ အဲဒီ ဆက်နွှယ်မှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်။ ဘယ်လို စွမ်းအားမျိုးမဆို အဲဒီဆက်နွှယ်မှု ပုံစံငယ်ထဲမှာ ပါဝင်တယ်။ ပုံစံငယ်ထဲက‌ ဖောက်ထွက်နိုင်လျှင် မှန်းဆမရနိုင်တဲ့ ပြင်းအားတွေ ပေါက်ကွဲ ထွက်လာလိမ့်မယ်။

သို့ပေမဲ့လည်း နက်မှောင်တောင် မျိုးနွယ်စုဟာ အဲဒီ ပြင်းအား ပမာဏ ပေါ်ထွက်လာအောင် မပြုလုပ်နိုင် ကြသေးပါဘူး။

ပညာရပ်ကိုက နားလည်ဖို့ ခက်ခဲလွန်းတာလည်း ပါတယ်။ တစ်ခါတစ်ရံမှာ ပြင်းအားဟာ ထိတ်လန့်ဖွယ်ရာ အတိဖြစ်ပြီး သာမန် အချိန်တွေမှာတော့ သင့်တော်ရုံမျှသာ ထုတ်လွှတ်လေ့ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ သင့်တော်ရုံ ပမာဏနဲ့တင် လူတစ်ယောက်ကို သတ်နိုင်ဖို့ လုံလောက်ပြီ။

ဒါကြောင့်မို့လည်း နတ်ဆိုးသုံးဖော် ကွပ်မျက်ဟာ ခက်ခက်ခဲခဲနဲ့ လက်လွှဲယူရတဲ့ ပညာရပ်မျိုး ဖြစ်တယ်။ သွေးကြော‌ အလုံအလောက်ရှိတဲ့ သူမှန်သမျှ ဒီပညာရပ်ကို အသုံးပြုနိုင်ပေမဲ့ ပညာရပ်ရဲ့ အစစ်မှန်ဆုံး ပုံသဏ္ဌာန်ကို ရှာဖွေတွေ့ရှိတဲ့သူ မရှိသလောက် နည်းပါးတာ ဖြစ်တယ်။

နက်မှောင်တောင် မျိုးနွယ်စုတွေ နားမလည်တာလည်း အဲဒီ ပုံသဏ္ဌာန်ပဲပေါ့။ သူတို့ အသုံးပြုတော့ ပြု‌ကြပါရဲ့၊ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်မှု မရှိကြဘူး။ အကြီးအကဲတောင်မှ တစ်ခါပြောဖူးတာက နတ်ဆိုးသုံးဖော် ကွပ်မျက်ကို အမှန်တကယ် တတ်စွမ်း ထိန်းချုပ်နိုင်တဲ့သူက ဒီကမ္ဘာပေါ်မှာ ရှိသမျှ ဆက်နွှယ်မှု ပုံစံငယ်တွေကို ထိန်းချုပ်နိုင်စွမ်း သွားမှာဖြစ်သတဲ့။

အခုအချိန်မှာတော့ စုမင်က ဒီပညာရပ်ကို သုံးရုံသာ သုံးနိုင်သေးတယ်။ အခု လောလောဆယ်မှာ သူ့ရဲ့ ညာဘက်လက်ကို သူ့ရဲ့ညာဘက် အရပ်ဆီ ခုတ်ပိုင်းလိုက်ဖို့ ဆုံးဖြတ် လိုက်တာဟာ ဘာကြောင့်လဲဆိုတော့ အချိန်က ညဉ့်သန်းခေါင် ဖြစ်နေတဲ့ အတွက်ကြောင့်ပါပဲ၊ နတ်ဆိုး သုံးဆဖယ် ကွပ်မျက်ရဲ့ နည်းဥပဒေတွေ အရဆိုလျှင် ဒီအချိန်မှာ နတ်ဆိုးသုံးဖော်ရဲ့ ဆက်နွှယ်မှု ပုံစံငယ်က မြောက်အရပ်မှာ ရှိနေတယ်။

မြောက်ဘက်က စုမင်ရဲ့ ညာဘက်ဖြစ်တယ်။ ညာဘက်လက်ကို လွှဲယမ်း ခုတ်ပိုင်း လိုက်စဉ်မှာပဲ စုမင် ကိုယ်ပေါ်က သွေးကြောထုံးကြီးက တောက်ပတဲ့ အနီရောင်အလင်း လင်းလက် လာပြန်တယ်။ သွေးကြောတွေဟာ သွေးလွှမ်း လရောင်အောက်မှာ ရရှိခဲ့တဲ့ ပညာရပ်အတိုင်း ထူးဆန်းထွေလာ ရွေ့လျားနေကြပြီး သူ့ရဲ့ ညာဘက် လက်မောင်းပေါ်မှာ ကိုးကြိမ်ကိုးခါ လိမ်ပတ် ရှုပ်ထွေးပြီး လက်မောင်းက တစ်ဆင့် အပြင်ကို ထွက်ရှိ လာတော့တယ်။

ဒါကြောင့်ပဲ နတ်ဆိုး သုံးဖော် ကွပ်မျက်ကို အသုံးပြုဖို့ သွေးကြော၂၀၀ လိုအပ်တာ ဖြစ်တယ်။ ပညာရပ်က ဆန်းပြားမှု အပြည့်။ သွေးကြောတွေဟာ သူတို့ရဲ့ပိုင်ရှင်ကို ခေတ္တမျှ ထားရစ်ခဲ့ရမယ်။ ချီစွမ်းအင် အလုံအလောက် မရှိဘဲနဲ့တော့ ဒီပညာရပ်ကို ကောင်းကောင်း အသုံးပြုနိုင်ဖို့ ခက်ခဲမှာပဲ။

သွေးကြောတွေ သူ့ကိုယ်ကနေ ထွက်သွားတယ် ဆိုလျှင်ပဲ စုမင်စိတ်ထဲမှာ ထူးထူးဆန်းဆန်း ခံစားလာရတယ်။ သူ့ဘေး ညာဘက်နေရာဟာ လေဟာပြင် တစ်ခုလို ဖြစ်သွားပြီး ဘာမျှမရှိတဲ့ နေရာတစ်ခု အဖြစ် ပြောင်းလဲ သွားသလိုပဲ။ သူ့ရဲ့ ညာဘက်လက်နဲ့ ခုတ်ပိုင်းလိုက်တဲ့ အခိုက်မှာ သူ့ရဲ့ သွေးကြောတွေက ဓားထက်ထက် တစ်လက်လို ဖြစ်သွားပြီး လေဟာပြင်ကို ခုတ်ပိုင်းမိတယ်။ သူ့စိတ်ထဲမှာတော့ ရွှံ့နွံတွေကို ခုတ်ပိုင်း လိုက်ရသလို ခံစားရတယ်။

အဲ့ဒါက ထူးဆန်းတဲ့ အတွေ့အကြုံ တစ်ခုဖြစ်တယ်။ ဘာတွေဖြစ်နေသလဲ ဆိုတာ သူနားမလည်ဘူး။ ဒီပညာရပ်ကို ဘယ်လို သုံးရသလဲ ဆိုတာကိုပဲ သိတာ။

လေဟာပြင်ကို ထိုးခွဲ မိလိုက်စဉ်မှာတော့ ထူးဆန်းတဲ့ ခံစားချက်က ပျောက်ဆုံး သွားပါတော့တယ်။ အရာအားလုံးက ပုံမှန် အခြေအနေအတိုင်း ပြန်ဖြစ်သွားတယ်။ အဲဒီ အခိုက်အတန့်လေးမှာ စုမင်ရဲ့ရှေ့က အလင်းမှန်သားပြင်ဟာ ပြင်းပြင်းထန်ထန် တုန်ခါလာတယ်။ သေချာကြည့်မိမယ် ဆိုလျှင်တော့ အလင်းမှန်သားပြင် တစ်ခုသာ တုန်ခါနေတာ မဟုတ်ဘဲ စုမင်ဘေးနားက ရှိသမျှအရာ အားလုံးတုန်ခါနေခြင်း ဖြစ်ပါတယ်။

အဲဒါ‌တောင်မှပဲ အလင်းမှန်သားပြင်က တုန်ခါရုံသာတုန်ခါနေတာ၊ ဒီအတိုင်း မပျက်မယွင်း ရှိနေတုန်းပဲ။ စုမင်လုပ်ခဲ့သမျှ အရာတိုင်းက ဘာမှအများကြီး သက်ရောက်မှု မရှိသလိုပဲ။ အမှန်တော့လည်း ချိပ်စည်းက အကြီးအကဲ ကိုယ်တိုင် ချခဲ့တာပဲကိုး။ ချိပ်စည်းရဲ့ ခွန်အားက စုမင်ဆေးပင်လေးတွေ စားရုံ၊ မာန်သွေးလေး အသုံးချရုံနဲ့ ထိုးဖောက် ဖျက်ဆီးနိုင်တဲ့ သာမန်အရာလေး မဟုတ်ဘူးလေ။

စုမင် တစ်ကိုယ်လုံး တုန်ယင်နေတယ်။ ဒါဟာ စုမင်ရဲ့ ပထမဆုံးအကြိမ် အဖြစ် နတ်ဆိုး သုံးဖော်ကွပ်မျက်ကို အသုံးပြုခြင်း ဖြစ်တယ်။ သူ့ရဲ့လက်ရှိ စွမ်းအားလောက်နဲ့က ပထမဆုံး ခုတ်ပိုင်းမှုကိုသာ ပြုလုပ်နိုင်သေးတယ်။ ထူးဆန်းတဲ့ စွမ်းအားက သူ့ရဲ့နှလုံးသားကို တုန်ယင် နေစေပေမဲ့ မှန်သားပြင်က အလင်းရောင်ကို မြင်လိုက်ချိန်မှာတော့ ကြေကွဲမှု အရိပ်အယောင်တွေ သူ့မျက်နှာပေါ်မှာ ထင်ဟပ်လာတယ်။ သူတွေးထားသမျှ အစီအစဉ်တွေ အတိုင်း လုပ်ဆောင် ပြီးသွားပြီ၊ ဒါပေမဲ့ မှန်သားပြင်ရဲ့ အလင်းရောင်ကတော့ ကောင်းကင်ဘုံနဲ့ မြေကမ္ဘာကို ဆက်သွယ်ထားတဲ့ လျှိုမြောင်ငယ်လေး တစ်ခုလိုပဲ။ လူတိုင်းတော့ မြင်နိုင်ကြပါရဲ့၊ သို့ပေမဲ့ ဖြတ်လျှောက် သွားနိုင်စွမ်းတော့ မရှိကြပေဘူး။

စုမင်မျက်နှာဟာ ဖြူဖျော့နေတယ်။ တစ်ကိုယ်လုံးက ခွန်အားတွေ ကုန်ခန်းသွားသလိုမျိုး အနောက်ကို ဆုတ်လာခဲ့တယ်။

စုမင် နောက်ဆုတ်လိုက်တဲ့ အချိန်မှာပဲ သူ့မျက်နှာက လုံးဝ ပြောင်းလဲသွားတယ်။ သူ့ခြေဖဝါးအောက်က မြေပြင် ရွှေ့လျားနေတာကို တိတိပပကြီး ခံစားမိနေတယ်။

အဲဒီအခိုက်... လေပြည် စီးကြောင်းအပြင်ဘက် မြေပြန့် လွင်ပြင်မှာ တည်ရှိတဲ့ ချိပ်ပိတ် ထားတဲ့ လေပြည် စီးကြောင်းတောင် အတွင်းဘက် အနက်ရောင် အခိုးအငွေ့တွေ ကြားကနေ သားရဲကောင်ရဲ့ မာန်ဖီ ဟစ်အော်သံကြီးကို ကြားလိုက်ရတယ်။ အဲဒီ မာန်ဖီသံဟာ ဒေါသ တရားတွေနဲ့ ပြည့်နှက်လျက် ရှိတယ်။ အဲဒီဟစ်အော်သံ ပျံ့နှံ့လာချိန်မှာ တင်းတင်းကျပ်ကျပ် ချိပ်ပိတ်ထားတဲ့ နေရာဟာ ရုတ်တရက်ကြီး ပြင်းပြင်းထန်ထန် တုန်ခါလာတယ်။

"နောက်ဆုံးတော့ ငါ ဒါကို အထဲကနေ ထိုးဖောက် နိုင်သွားခဲ့ပြီ"

သားရဲကောင် မာန်ဖီနေတဲ့ အချိန်မှာပဲ ကြောက်မက်ဖွယ်ရာ အသံဟာ အထဲကနေ ထွက်ပေါ်လာတယ်။

တောင်တန်း ပေါ်ထွက်လာပြီး ချိပ်ပိတ်စည်း လွန့်လူး သွားတာကြောင့် ကောင်းကင်နဲ့ မြေပြင်ကြားက လေဟာပြင်လည်း တစစီ ကွဲထွက် သွားတဲ့အခါ မနီးမဝေး နေရာမှာ တည်ရှိတဲ့ လေပြည်စီးကြောင်း မြို့တော်တစ်ခုလုံး တုန်ခါ သွားပါတော့တယ်။

ရွှံ့မြေ ကျောက်သားမြို့တော်နဲ့ လေပြည်စီးကြောင်း တောင်တန်းကြားမှာ ထူးဆန်းတဲ့ ဆက်သွယ်မှု ရှိတယ်။ တောင်ပေါ်က ချိပ်ပိတ်စည်း အတင်းအကြပ် ဖျက်ဆီး ခံလိုက်ရတဲ့ အခိုက်အတန့်၊ ဆက်သွယ်မှုက အသက်ဝင်လာပြီး ရွှံ့မြေ ကျောက်သားမြို့ကို လှုပ်ခါသွားစေတဲ့ တသိမ့်သိမ့် တုန်ယင်မှုကို ဖြစ်ပေါ်စေတယ်။ မြို့သူမြို့သားတွေရဲ့ နှလုံးသားတွေလည်း အတူတကွ လှုပ်ခတ် သွားကြလေတယ်။

ရွှံ့မြေကျောက်သား မြို့တော် လှုပ်ခါသွားချိန်မှာ စုမင်ရပ်နေတဲ့ နေရာက တုန်ခါမှုကလည်း ပိုလို့ အားကောင်းလာတာကို ခံစား မိလိုက်တယ်။ ကမ္ဘာကြီး တစ်ခုလုံး လှိုင်းလုံးတွေ တလိမ့်လိမ့် တက်နေသလိုမျိုး တုန်ခါနေတယ်။ အကြီးအကဲရဲ့ ချိပ်စည်းလည်း ပထမဆုံး အကြိမ်အနေနဲ့ အားအင် ဖျော့တော့ သွားတာကို ခံစား လိုက်ရလေတယ်။

စုမင် စိတ်တက်ကြွ သွားတယ်။ ခပ်တိုးတိုး မာန်သွင်း ဟစ်အော် လိုက်တယ်။ သူဟစ်အော်လိုက်တဲ့ အချိန်မှာပဲ သူ့မျက်လုံးတွေထဲမှာ သွေးလွှမ်းလရဲ့ အရိပ် ပေါ်ပေါက် လာတော့တယ်။ အပြင်ဘက်က နှင်းမုန်တိုင်းကြောင့် ကောင်းကင်ပေါ်မှာ လမင်းသာနေခြင်း မရှိပေမဲ့ စုမင်ရဲ့ မျက်လုံးထဲက သွေးလွှမ်းလကတော့ ပိုလို့ပိုလို့ ထင်ရှား ပြတ်သားစွာ ပေါ်ပေါက်လာပါတယ်။

မျက်လုံးထဲမှာ သွေးလွှမ်းလရဲ့ ပုံရိပ် ပေါ်ပေါက် လာစဉ်မှာပဲ အလင်းမှန်သားပြင် ရှိရာထံ စုမင် တစ်ဟုန်ထိုး ပြေးသွားတယ်။ မှန်သားပြင်ကို ကိုယ်လုံးနဲ့ ထပ်ခါထပ်ခါ တိုက်တယ်။ မြေပြင် တုန်လှုပ်နေတာနဲ့ အမျှ အလင်းရောင်ဟာလည်း ပိုလို့ပိုလို့ မှိန်ဖျော့ လာလေတယ်။

တခဏအကြာ ကမ္ဘာမြေပြင်ရဲ့ တုန်ခါမှုဟာ အထွတ်အထိတ်ထိ ရောက်သွားပြီး ရွှံ့မြေ ကျောက်သား မြို့တော်တစ်ခုလုံးလည်း နွမ်းလျစွာ ကျန်ရစ်ခဲ့ပြီး အလင်းမှန်သားပြင် တစ်ခြမ်းဟာလည်း မြေပြင်ပေါ်မှာ ‌ကွဲကြေ ပြန့်ကျဲလျက်......။ အလင်းမှန်သားပြင်လည်း အခုချိန်မှာတော့ ပိန်းပိတ်အောင် မှောင်ကျ သွားပါပြီ။ တစ်ချက် ကြည့်လိုက်ရုံနဲ့ မှန်သားပြင် တစ်ခုလုံး ကြွေကျသွားဖို့ တည်းတည်းလေးမျှသာ လိုတော့တာကို တွေ့နိုင်ပါတယ်။ စုမင်ရဲ့စိတ်ထဲကို ထူးဆန်းတဲ့ ခံစားချက် တိုးဝင်လာခဲ့ပေမဲ့ မကြာခင်မှာပဲ သူ့ရဲ့ ဘယ်ဘက်ခြမ်းကနေ နီမြန်းတဲ့ အလင်းရောင် ပေါ်ထွက်လာခဲ့တယ်။ အနီရောင် အလင်းတန်း ခပ်မျှင်မျှင်ဟာ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး စုမင်ရဲ့ ညာဘက် လက်ဆီကို တိုးဝင် လာခဲ့လေတယ်။ ၂၄၃ခုသော သွေးကြောများကို  စုဖွဲ့ချည်နှောင် ထားတဲ့ သွေးကြောထုံးကြီးဟာ စုမင်ထံကို တစ်ဖန် ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။

သူ့ရဲ့ ညာဘက် လက်မောင်းမှာ ပုန်းကွယ်လျက် ရှိတဲ့ မာန်စွမ်းအားရှင် သွေးကြောမျှင် လှံတံလည်း ပေါ်ထွက်လာခဲ့ပြီး သိမ်းငှက်သဏ္ဌာန် အသွင်ပြောင်းလို့ စူးရှတဲ့ အော်မြည်သံနဲ့အတူ မှန်သားပြင်ထံ တိုးဝင် သွားလေတယ်။

ကြောက်မက်ဖွယ်ရာ ကြုံးဝါးသံများဟာ ကောင်းကင် တစ်ခွင်ပျံ့လွင့်သွားတယ်။ သိမ်းငှက်က ဝင်တိုက်လိုက်တဲ့ အချိန်မှာ မှန်သားပြင်က တုန်ယင်လာခဲ့ပြီး လုံးလုံးလျားလျား ပျက်စီးခြင်း ဆိုက်ရောက်လို့ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွား ပါတော့တယ်။ နှင်းရုပ်ပုံလွှာဟာလည်း မြေပြင်အနှံ့ ပြန့်ကြဲ သွားခဲ့ပြီး လေတစ်ဝှေ့မှာ အဝေးကို လွင့်ပါ သွားတော့တယ်။ ၎င်းနှင်းပွင့်တွေနဲ့ ကောင်းကင်က ကျနေတဲ့ နှင်းတွေထိမိတဲ့ အခိုက်မှာတော့ အဆက်မပြတ်‌သော နားမခံနိုင်စရာ ထစ်ချုန်းသံကြီးများ ပေါ်ထွက်လာတယ်။

စုမင်ဟာ ချိပ်ပိတ် စည်းကို အောင်မြင်စွာ ချိုးဖောက် နိုင်ခဲ့ပါပြီ…

စုမင် တစ်ကိုယ်လုံး တုန်ယင်လာပြီးလျှင် ‌ပါးစပ် အပြည့်‌ သွေးတစ်ပွက် အန်ထုတ်တယ်။ မြေပြင်ပေါ်ကို ကျသွားတဲ့ သွေးကွက်များဟာ မြင်မကောင်းရှုမကွာနှင့် ထိတ်လန့်စရာပင်။ သွေးကြော၂၄၃ခု ထုံးနေတဲ့ သွေးကြောရဲ့ အလင်းလည်း မှိန်ဖျော့သွားပြီ။ အပြင်ဘက်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ပြန့်ကြဲ‌တည်ရှိ မနေချင်ကြတော့ဘဲ စုမင်ကိုယ်ထဲ ပြန်ဝင်ရောက်လာခဲ့ပါပြီ။

စုမင်မျက်နှာဟာ နွမ်းဖတ်လျက်၊ သူ့တစ်ကိုယ်လုံး သွေးတွေနဲ့ နစ်နေပြီး ဆံပင်တွေဟာလည်း ရှုပ်ရှုပ်ပွပွ။ သို့ပေမဲ့ သူ့ရဲ့မျက်လုံး နှစ်လုံးကတော့ တဖျတ်ဖျတ် တောက်ပလျက် ရှိလေရဲ့။ အဲဒီမျက်လုံးတွေထဲ လင်းလက်မှုကတော့ စုမင်ရဲ့ ဆုံးဖြတ်ချက်ခိုင်မာမှုနဲ့ ရည်ရွယ်ချက် ပြတ်သားမှု ပြယုဂ်တို့ ဖြစ်ပါရဲ့…

"ငါထွက်နိုင်သွားပြီ… မြန်နိုင်သလောက် အမြန်‌ဆုံး အရှိန်နှုန်းနဲ့ မျိုးနွယ်စုဆီ ပြန်သွားရမယ်" စုမင် အသက်ပြင်းပြင်း ရှူရှိုက်တယ်။ စုမင် ရှင်းရှင်းကြီး သိနေတာ တစ်ခုကတော့ အခုလို သူလွတ်မြောက် လာနိုင်တာက ထူးဆန်းတဲ့ တုန်ခါမှုကြောင့်ပဲ ဖြစ်တယ်။ ဒါပေမဲ့ စုမင်မှာ အေးဆေး တွေးတောစရာ အချိန်မရှိသေးဘူး။ မြန်မြန်ပဲ ရှေ့ကို ထွက်သွားလိုက်တာက ခရီးနှင်နေတဲ့ လှံတံရှည် တစ်ခုလိုမျိုး အသွင်ပြောင်းသွားတယ်။

လျင်မြန်မှုဟာ စုမင်ရဲ့ အကောင်းဆုံး အရည်အသွေး တစ်ခု။ သူ မာန်စွမ်းအားရှင် တစ်ယောက် ဖြစ်မလာခင် ကတည်းက သွက်သွက်လက်လက် ဖျတ်ဖျတ်လတ်လတ် ရှိခဲ့သူ။ အခု သွေးကြော ကျောက်သားကျင့်စဉ် အဆင့်(၇)ရှိသူ တစ်‌ယောက်ဖြစ်နေပြီ၊ သူ့ရဲ့ လျင်မြန်မှု အရှိန်နှုန်းဟာ ကြောက်မက်ဖွယ်ရာ။

နက်မှောင်တောင် တည်းခိုဆောင်ထဲကနေ ပြေးထွက်လို့ လမ်းတွေကို ဖြတ်ကျော်ခဲ့ပြီး ‌ရွှံ့မြေ ကျောက်သားမြို့တော်ရဲ့ နံရံတွေကို ခုန်ကျော်ခဲ့တယ်။ အဲဒီ အခိုက်အတန့်မှာ နှလုံးသားထဲက စိုးရိမ်ပူပန်မှုဟာ တောက်လောက်နေတဲ့ မီးတောက်တစ်ခုလို မြန်မြန်သွားဖို့ တစ်ခုကိုပဲ ခေါင်းထဲမှာ စဉ်းစားမိစေတယ်။

မာန်သွေး စက်စုပ်ယူထားမှုနဲ့ တိမ်လွှာမြက်ပင် အများအပြား စားသုံး ထားမှုတွေဟာ သူ့အပေါ် အကြီးအကဲ မန္တာန်မှုတ်ပေးထားတဲ့ အစွမ်းတွေကို ဖုံးအုပ်ထားစေခြင်းကို အနည်းငယ်မျှ ကျိုးပျက်စေပြီး ရေခဲ ကျောက်ဆောင်ကို ဖြတ်သန်း စီးဆင်းမယ့် ‌ဒီရေလှိုင်းတွေလို သူ့ရဲ့ စွမ်းအားတွေက ဟုန်းခနဲ တက်လာတယ်။ စုမင်ဟာ သူ့ရဲ့ စွမ်းအားတွေကို ဖုံးကွယ် မထားနိုင်တော့ဘူး။

ကောင်းကင်ပေါ်က နှင်းကျဆင်းမှုက တဖြည်းဖြည်း ပါးလျသွားလေလေ လမင်းကြီးလည်း လုံးလုံးလျားလျား စတင် ထွက်ပေါ်လာစ ပြုလေ.......။

‌လောကတစ်ခွင်လုံး ငွေရောင် ပက်ဖျန်းလျက်။ သို့ပေမဲ့လည်း အဲဒီည အချိန်မှာတော့ တောက်ပနေတဲ့ ငွေမှင်ရောင်ဟာ လှမနေဘဲ ကြောက်လန့်ဖွယ် ပတ်ဝန်းကျင်ကို ဖြစ်ပေါ်နေစေတယ်။

အဝေးတစ်နေရာမှာ ဖြူလွှတဲ့ တိမ်စိုင် ကောက်ကြောင်းကို မြင်နေရပြီ။ နေ့သစ် တစ်နေ့ဟာ မကြာခင် ရောက်ရှိလာပါတော့မယ်။

ဒါတောင် ရောင်နီမလာခင် အမှောင်ထုက ဒီလောက် ချောက်ချားဖွယ်အတိ ဖြစ်နေတာ အံ့ဩစရာ။

ရွှံ့မြေ ကျောက်သားမြို့တော် တစ်ခုလုံး ရုတ်ရုတ်သဲသဲ။ မြို့သူမြို့သားတွေဟာ ကြောက်လန့်မှုနဲ့ အံ့အားသင့်မှုတွေ ရောပြွမ်းနေတဲ့ မျက်နှာထားတွေနဲ့ အိမ်တွေထဲက ထွက်လာကြတယ်။ ဘာတွေ ဖြစ်နေတာလဲကို သူတို့မသိကြဘူး။ ကမ္ဘာကြီး အဆုံးသတ်ချိန် ရောက်ရှိ လာခဲ့သလိုမျိုးပဲ.... ပြိုကျသွားတဲ့ အိမ်တွေတောင် ရှိနေတယ်။

စုမင် အဲဒါကို ဂရုမစိုက်ပါဘူး။ သူရှေ့ကို မြန်မြန် လျှောက်သွားတယ်။ နံရံတွေကို ဖြတ်ကျော်နေဆဲမှာ အန္တရာယ်ကို ခံစားမိလိုက်တယ်။

အေးစက်နေတဲ့ အသံတစ်ခုသာ စုမင်ထံ ပျံ့လွင့်လာတယ်။

"မင်းထွက်သွားလို့မရဘူး''

စုမင်ခြေလှမ်းတွေကို ရပ်တန့်လိုက်တဲ့ အခိုက်မှာပဲ လူတစ်ယောက်ဟာ သူ့အနောက်က အမှောင်ထုထဲကနေ ထွက်ပေါ်လာခဲ့တယ်။

၎င်းသာ အင်္ကျီအနီရောင် ဝတ်ဆင်ထားပြီး အနားမှာ ရှိသူမှန်သမျှကို လောင်မီး ကျသွားစေလောက်တဲ့ အရှိန်ဝါမျိုး ပိုင်ဆိုင်ထားတယ်။ သူ့မျက်နှာထားဟာ အေးစက်တယ်၊ သူ့ရဲ့ စိတ်ဝိညာဉ်က လျှံကျနေတဲ့ မာန်မာန ထောင်လွှားမှု အငွေ့အသက်များက သူ့ကို လွှမ်းခြုံလျက် ရှိ‌တယ်။ အဲ့ဒါ ရဲဝမ် ဖြစ်တယ်။

"အကြီးအကဲရဲ့ အမိန့်အရ ဒီညမှာ အပြင်လူမှန်သမျှ ထွက်သွားခွင့် မရှိဘူး။ မင်းဟာ အစွမ်းတော့ ထက်ပါရဲ့။ မင်းရဲ့ ချီ ဓာတ်တွေကတော့ ကသောင်းကနင်း ဖြစ်နေတယ်။ ဒီနားတစ်ဝိုက်က ငါ စီရင်ပိုင်ခွင့်ရှိတဲ့ နယ်မြေပဲ။ မင်း ငါ့ကို အနိုင်တိုက်နိုင်ဖို့ မမျှော်လင့်နဲ့"

ရဲဝမ်ဟာ စုမင်ကို မျက်နှာသေနဲ့ ကြည့်ပြီး စကားကို တစ်လုံးချင်း ဖြည်းညင်းစွာ ရေရွတ်တယ်။

စုမင် ချက်ချင်း လှည့်ပြီး ရဲဝမ်ကို ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေဟာ နီရဲလျက်ရှိပြီး အဲဒီ မျက်လုံးတွေထဲမှာ ရက်စက် ကြမ်းကြုတ်မှုနဲ့ မိုက်ရူးရဲဆန်မှုတွေ ကိန်းအောင်း နေလေတယ်။

အဲဒီ မျက်လုံးတွေကို ရဲဝမ် တွေ့မိခိုက်မှာတော့ သူ့နှလုံးသားဟာ တစ်ချက် တုန်ရီသွားတယ်။ ဘာကြောင့်မှန်းမသိ ဒီမျက်လုံးတွေကို ရင်းနှီးနေခဲ့တယ်.......

***

All Chapters