အခန်း (၁၈၇-၁၈၈)
Vol. 19 Ch. 187-188
အပိုင်း ၁၈၇
ကလစ်
ဗီလာရှေ့ရောက်သည်နှင့် ကားသည် ရပ်တန့်မနေဘဲ အထဲသို့ တန်းဝင်သွားသည်။ ခြံဝင်းတံခါးမှာ အလိုအလျောက်စနစ်ဖြစ်သော်လည်း လုံခြုံရေးဝန်ထမ်းများက လီဇီခိုင်၏ကားကို မြင်သည်နှင့် မှတ်မိကြသောကြောင့်ဖြစ်သည်။
လင်းဖန်တို့အဖွဲ့ ကားပေါ်မှဆင်းလိုက်ချိန်တွင် စမတ်ကျကျဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် ဘေးကလူလတ်ပိုင်းအမျိုးသားတစ်ဦး၏ တွဲကူမှုဖြင့် တံခါးဝတွင် ရပ်စောင့်နေသည်ကို တွေ့လိုက်ရသည်။
ဟုတ်ပါသည်။ ထိုအဘိုးအိုမှာ တရုတ်ပြည်၏ နာမည်ကျော် အချမ်းသာဆုံးသူဌေးကြီး လီကျားချန်ပင်ဖြစ်သည်။ ဘေးက လူလတ်ပိုင်းအမျိုးသားမှာတော့ လီမိသားစု၏ လက်ရှိခေါင်းဆောင် လီကျဲကျွီ ဖြစ်သည်။ လီကျဲခိုင်မှာ ဒုတိယမျိုးဆက်အမွေခံဟု လူသိများသော်လည်း၊ အမှန်စင်စစ် လီကျားချန်က ငယ်စဉ်ကတည်းက သူ့ဘေးမှာထားပြီး စနစ်တကျ ပြိုးထောင်ခဲ့သည့် တကယ့်အရိုက်အရာဆက်ခံသူမှာ လီကျဲကျွီ ဖြစ်သည်။
"ဟူး... လူစုံတက်စုံပါလား။"
ကားပေါ်မှ ဆင်းဆင်းချင်း မြင်တွေ့ရသည့် မြင်ကွင်းကြောင့် မာဟွာထန်က အံ့သြတကြီး ရေရွတ်လိုက်သည်။
"ကြည့်ရတာ ညီလေးလင်းရဲ့ မျက်နှာက တကယ်ကို အရာရောက်တာပဲ။"
လျူယွီတုန်ကလည်း ဝင်ပြောသည်။
၎င်းတို့သည် ကျိဖုပေါင်၏ ခေါင်းဆောင်များအနေဖြင့် လီမိသားစုနှင့် တွေ့ဆုံဖူးသော်လည်း ဤမျှ ခမ်းနားသော ကြိုဆိုမှုကို တစ်ခါမျှ မရရှိဖူးပေ။ လီမိသားစုအနေဖြင့် လင်းဖန်အပေါ် အထူးအလေးထားကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။ အမှန်စင်စစ် လင်းဖန်သည် ငယ်ရွယ်နုပျိုသည့်အရွယ်နှင့်ပင် ထရီလီယံတန် ကုမ္ပဏီတစ်ခုကို တည်ထောင်နိုင်ခဲ့ပြီး APPLE ကဲ့သို့ ကုမ္ပဏီကြီးကိုပင် တစ်နှစ်အတွင်း အလဲထိုးနိုင်ခဲ့ခြင်းမှာ လီကျားချန်ကိုယ်တိုင်ပင် အားကျရသည့် အောင်မြင်မှုမျိုး ဖြစ်သည်။ ဟောင်ကောင်တစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်းသော လူထုမှာလည်း Nirvana ဖုန်းများကို ကိုင်ဆောင်နေကြပြီ ဖြစ်သည်။
"ကြိုဆိုပါတယ်"
လင်းဖန် ဗီလာတံခါးဝသို့ လျှောက်သွားချိန်တွင် လီကျားချန်က ပြုံးလျက် နှုတ်ခွန်းဆက်သည်။ စကားလုံးက ရိုးရှင်းသော်လည်း လေးနက်သည့် အဓိပ္ပာယ်များ ပါဝင်နေသည်။
လင်းဖန်ကလည်း ရှေ့က အဘိုးအိုကို လျစ်လျူမရှုရဲဘဲ အလေးအနက် ပြန်လည်နှုတ်ဆက်လိုက်သည်။
"မစ္စတာလီ... ခင်ဗျားရဲ့ နာမည်ကို ကြားရတာ ကြာပါပြီဗျာ။"
လင်းဖန်က တွန့်ဆုတ်မနေဘဲ ပြုံးလျက် လီကျားချန်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
"မင်းလို လူငယ်မျိုးကို ဟောင်ကောင်ကလူတွေက ချစ်လည်းချစ်ကြသလို၊ မုန်းလည်း မုန်းကြတယ်ကွ"
ဟု လီကျားချန်းက အဓိပ္ပာယ်ပါပါ ပြုံးရင်း ပြောလိုက်သည်။
"ဟားဟားဟား"
လင်းဖန်က ရယ်မောရင်း ပြန်ပြောသည်။
"မစ္စတာလီ ပြောတာ မှန်ပါတယ်။ တော်တဲ့လူတွေဟာ သာမန်လူတွေရဲ့ ကြောက်ရွံ့မှုကို အမြဲခံရတတ်တာပဲ မဟုတ်လား။"
မာန်တက်ပြီး ဟန်ဆောင်ကောင်းလှသော ဟောင်ကောင်သားများအတွက် လုံထန်ဂရုကို မကြိုက်ကြပေ။ အဘယ်ကြောင့်ဆိုသော် လုံထန်က မူလစျေးကွက်စည်းမျဉ်းများကို ဖျက်ဆီးပစ်သောကြောင့်ဖြစ်သည်။ သို့သော် လုံထန်၏ ထုတ်ကုန်များမှာ လူထု၏ ချစ်ခင်မှုကို ရရှိထားသဖြင့် သူတို့မှာ လက်ခံနေကြရခြင်း ဖြစ်သည်။
"ကောင်းတယ်။"
လီကျားချန်းက ခေါင်းညိတ်ကာ ချီးကျူးလိုက်သည်။
"မင်းအရွယ်တုန်းက ငါကတော့ လျှောက်စား၊ လျှောက်သွားနေတုန်းပဲ ရှိသေးတယ်။ မင်းလိုမျိုး ဒီလောက်ကြီးမားတဲ့ လုပ်ငန်းစုကြီးကို တည်ထောင်ဖို့ ဘယ်တုန်းကမှ မတွေးဖူးဘူး။"
"လုံထန်ဂရုဟာ တရုတ်နိုင်ငံအတွက် ကမ္ဘာ့စျေးကွက်မှာ လမ်းကြောင်းတစ်ခု ဖွင့်ပေးလိုက်ရုံတင်မကဘဲ၊ ကမ္ဘာပေါ်မှာရှိတဲ့ တရုတ်လူမျိုးအားလုံးရဲ့ အဆင့်အတန်းကိုလည်း မြှင့်တင်ပေးခဲ့တာပဲ။"
လီကျားချန်၏ အဆင့်အတန်းနှင့်ဆိုလျှင် မည်သူ့ကိုမျှ ဖော်လံဖားလုပ်ရန် မလိုပေ။ သူ၏ လင်းဖန်အပေါ် ချီးကျူးမှုမှာ တကယ်ကို ရင်ထဲကလာခြင်း ဖြစ်သည်။ ယခုခေတ်နှင့် ထိုခေတ် မတူညီသော်လည်း ထိုအရွယ်တွင် သူသည် လင်းဖန်ကဲ့သို့ မစွမ်းဆောင်နိုင်ခဲ့ကြောင်း သူဝန်ခံသည်။ ယခုအခါ လင်းဖန်မှာ တရုတ်ပြည်၏ ဂုဏ်ဆောင်သာမက ကမ္ဘာ့ထိပ်သီးတစ်ဦး ဖြစ်နေပြီဖြစ်ရာ သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကိုသာ ထုတ်ဖော်လိုက်လျှင် ကမ္ဘာ့အချမ်းသာဆုံးသူဌေး ဖြစ်လာမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
"ဒါကတော့ လီမိသားစုရဲ့ သားကြီးပေါ့၊ နာမည်ကြားဖူးတာ ကြာပါပြီ။"
လင်းဖန်က လီကျဲကျွီကို လှည့်ကြည့်ကာ နှုတ်ဆက်လိုက်သည်။
လီကျဲကျွီသည် စတန်းဖို့ဒ်တက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာနှင့် တည်ဆောက်မှုအင်ဂျင်နီယာ မဟာဘွဲ့များ ရရှိထားသူ ဖြစ်သည်။ ၁၉၈၅ ခုနှစ်တွင် Yangtze River Group သို့ စတင်ဝင်ရောက်ခဲ့ပြီး ဝန်ထမ်းငယ်ဘဝမှ စတင်ခဲ့သူဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် အခြေခံအဆောက်အအုံလုပ်ငန်းများကို စာရင်းသွင်း ရာတွင် အောင်မြင်မှုကြီးစွာ ရရှိခဲ့ပြီး၊ ၁၉၉၉ ခုနှစ်တွင် "tom" ဝက်ဘ်ဆိုက်ကို တည်ထောင်ကာ အင်တာနက်လောကသို့ ခြေချခဲ့သည်။
ထို့နောက် Air Canada ၏ ရှယ်ယာ ၃၁ ရာခိုင်နှုန်းကို ဝယ်ယူနိုင်ခဲ့ပြီး Time မဂ္ဂဇင်း၏ "ကမ္ဘာ့သြဇာအရှိဆုံး စီးပွားရေးလုပ်ငန်းရှင်များ" စာရင်းတွင် ပါဝင်ခဲ့သည်။ သူ၏ စွမ်းဆောင်ရည်မှာ လီကျဲခိုင်ထက် များစွာ ပိုမိုပြင်းထန်လှသည်။
"နေကောင်းလား မစ္စတာလင်း"
လီကျဲကျွီက ပြုံးလျက် ခေါင်းညိတ်နှုတ်ဆက်သည်။
- "အဖေ... မစ္စတာလင်း... ကျွန်တော်တို့ အထဲမှာပဲ စကားပြောကြတာပေါ့!"
"အင်း"
လီကျားချန်းက ခေါင်းညိတ်ကာ လင်းဖန်ကို ပြောလိုက်သည်။
"အရင်ဝင်ကြရအောင်၊ မဟုတ်ရင် ဟင်းတွေ အေးကုန်လိမ့်မယ်။"
ရှေ့က လီကျားချန်နှင့် ရင်ဘောင်တန်း လမ်းလျှောက်သွားသော လင်းဖန်ကိုကြည့်ကာ လျူယွီတုန်နှင့် မာဟွာထန်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးမိကြသည်။ စီးပွားရေးလောကမှာ ၁၀ နှစ်ကျော် ကျင်လည်ခဲ့ကြသော်လည်း ၁၉ နှစ်အရွယ် လင်းဖန်ကိုတော့ သူတို့ လက်ဖျားခါရသည်။ အကယ်၍ ကျိဖုပေါင်စီမံကိန်းသာ အောင်မြင်သွားလျှင် ၎င်းမှာ ကမ္ဘာ့သမိုင်းတွင် မှတ်တမ်းတင်ခံရမည့် ဂုဏ်ယူစရာကိစ္စကြီး ဖြစ်လာပေလိမ့်မည်။
"ဒါရိုက်တာလင်းက လူငယ်တစ်ယောက်ဆိုပေမဲ့ စီးပွားရေးလုပ်ပုံလုပ်နည်းတွေက တကယ်ကို ပါးနပ်တယ်။"
"အမှန်အတိုင်းပြောရရင် မင်းတို့ကုမ္ပဏီရဲ့ Nirvana ဖုန်း ကြော်ငြာကတည်းက ငါ သေချာစောင့်ကြည့်နေခဲ့တာ။"
ထမင်းစားပွဲတွင် အားလုံး မြိန်ရည်ယှက်ရည် စားသောက်နေကြသော်လည်း လီကျားချန်က စီးပွားရေးအကြောင်းကို လက်မလွှတ်ပေ။
ဟောင်ကောင်သားများ၏ အတွေးအခေါ်အရ ထမင်းစားပွဲတွင် စီးပွားရေးအကြောင်း ပြောဆိုခြင်းမှာ သာမန်ကိစ္စပင် ဖြစ်သည်။ လီကျဲခိုင်သည်လည်း သူ၏သားဖြစ်ရာ Yingke Group ၏ လုပ်ငန်းချဲ့ထွင်မှုများနှင့် နောက်ကွယ်က ပူးပေါင်းဆောင်ရွက်မှုများကို လီကျားချန်ကိုယ်တိုင် စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် လင်းဖန်၏ ခြေလှမ်းတိုင်းကို သူ သေချာလေ့လာခဲ့ပြီး မည်သည့်အမှားအယွင်းမျှ ရှာမတွေ့နိုင်အောင် ပြည့်စုံလွန်းကြောင်း သူ သတိပြုမိသည်။
"ဟား မစ္စတာလီကလည်း မြှောက်ပင့်လွန်းနေပါပြီ။ ဒါက ပြောပလောက်တဲ့ ကိစ္စမဟုတ်ပါဘူး။"
လင်းဖန်က နှိမ့်ချစွာ ပြောလိုက်သည်။
ထိုသို့သော လင်းဖန်၏ အမူအရာကိုကြည့်ကာ လီကျားချန်မှာ ပို၍ပင် သဘောကျလာသည်။ တကယ်တော့ ဤလူငယ်မှာ ရည်မှန်းချက် အလွန်ကြီးမားသူဖြစ်သည်။ သို့သော် မည်သူကမှ ရည်မှန်းချက်မရှိဘဲ ဤနေရာသို့ ရောက်လာမည် မဟုတ်ပေ။ လင်းဖန်သည် သူ၏ ရည်မှန်းချက်ကို မည်သို့ အကောင်အထည်ဖော်ရမည်ကို ကောင်းကောင်းသိသည်။ ထို့ကြောင့်ပင် လီကျားချန်သည် ဤလူငယ် မည်မျှအထိ ခရီးပေါက်မည်ကို ခန့်မှန်းရန် မဝံ့မရဲ ဖြစ်နေခြင်းဖြစ်သည်။ ကျိဖုပေါင်မရှိလျှင်ပင် လုံထန်ဂရုသည် ကမ္ဘာကို အုပ်စိုးနိုင်သည့် အင်အားရှိနေပြီ မဟုတ်ပါလား။
.....................................................
အပိုင်း ၁၈၈
"ဒါရိုက်တာလင်းကတော့ နည်းနည်းရက်စက်တာပဲ"
ရုတ်တရက် လီကျားချန်က ဟင်းချိုကို တစ်ငုံသောက်လိုက်ပြီး လင်းဖန်ကို အဓိပ္ပာယ်ပါပါ ကြည့်ကာ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့် စားပွဲဝိုင်းရှိ လူတိုင်းမှာ လက်ထဲက ဇွန်းခက်ရင်းများကို မချဘဲ မနေနိုင်ကြတော့ပေ။
လျူယွီတုန် မာဟွာထန်၊ လီကျဲကျွီ နှင့်လီကျဲခိုင်တို့သည် အထက်က လူကြီးနှစ်ယောက်၏ အားပြိုင်မှုကို အသက်ရှူအောင့်ကာ စောင့်ကြည့်နေကြသည်။
"ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး"
လင်းဖန်က သူ့ပါးစပ်ကို တစ်ရှူးဖြင့် သုတ်လိုက်ပြီး တိုက်ရိုက်ပင် ပြန်ပြောသည်။
- "ကမ္ဘာကြီးက အရမ်းမြန်မြန် ပြောင်းလဲနေတာလေ။ လွန်ခဲ့တဲ့ တစ်နှစ်က ပြည်မကြီးမှာ ဝက်သားတစ်ပိဿာကို ၁၅ ယွမ်ပဲ ရှိခဲ့ပေမဲ့ အခုတော့ ၂၅ ယွမ် ဖြစ်သွားပြီ"
"ကျွန်တော် အရင်က အားလုံးကို စုစည်းပြီး တစ်ခုခု လုပ်ချင်ခဲ့တယ်။ ကမ္ဘာပေါ်မှာ လုပ်ငန်းစုငယ်လေးတွေ အများကြီး ရှိပေမဲ့ ဥရောပနဲ့ အမေရိကကလွဲရင် တကယ်တမ်း နိုင်ငံတကာအဆင့်မီတဲ့ လုပ်ငန်းစုကြီးတွေ မရှိသလောက်ပဲ"
"အဲဒီအချိန်တုန်းက အကျိုးအမြတ် ၁ ရာခိုင်နှုန်းကို ဘီလီယံတစ်ဝက်လောက်နဲ့ လဲတာက များလွန်းလို့လား.ခင်ဗျားကော ကျွန်တော်ကော သိကြပါတယ်။ ကျိဖုပေါင်ရဲ့ အနာဂတ်ဟာ ထရီလီယံပေါင်းများစွာတင် မကဘူး၊ နောက်ပိုင်းမှာ ရရှိလာမယ့် အမြတ်အစွန်းက အခုထက် အဆပေါင်း ၁၀၀ ကျော်သွားနိုင်တယ်ဆိုတာ"
သူက ခေတ္တရပ်ကာ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး ပြုံးလျက် ဆက်ပြောသည်။
"ဒီလို အကန့်အသတ်မရှိတဲ့ အလားအလာတွေရှိလို့ပဲ ကျွန်တော်က လူတိုင်းနဲ့ ပူးပေါင်းဖို့အတွက် ဒါကို ထုတ်ပြခဲ့တာ။ ဒါပေမဲ့ ဒါဟာ ကျွန်တော့်ရဲ့ လုံထန်ဂရုက ဒီအတိုင်း စားပွဲပေါ်မှာ အတင်ခံရမယ်လို့ ဆိုလိုတာ မဟုတ်သလို၊ တချို့လူတွေက ကျားပါးစပ်ကနေ အစာလုဖို့ ကြိုးစားလို့ရတဲ့ အကြောင်းပြချက်လည်း မဟုတ်ဘူး"
ထိုစကားကို ကြားလိုက်ရသည့် လူတိုင်း၏ မျက်နှာမှာ တင်းမာသွားခဲ့သည်။ လင်းဖန်၏ စကားလုံးများထဲတွင် ပါဝင်နေသော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒ ကို အားလုံး ခံစားလိုက်ရသည်။ ဂုဏ်သိက္ခာကြီးမားသော လုံထန်ဂရု၏ ဥက္ကဋ္ဌ၊ ပြည်ပမှာတောင် အနှိုင်းမဲ့ စီးပွားရေးဘုရင်တစ်ဦး ဖြစ်သူက သူ့ခေါင်းပေါ် လာတက်နင်းတာကို ဘယ်လိုလုပ် ခွင့်လွှတ်ပါမည်နည်း။
"ဒါပေမဲ့ စျေးနှုန်းက ရုတ်တရက်ကြီး ဒီလောက်တက်သွားတာကတော့ နည်းနည်းတော့ လွန်လွန်းရာ ကျတယ်" ဟု လီကျားချန်က တည်ငြိမ်စွာပင် ပြောသည်။
"လွန်ခဲ့တဲ့ တစ်လက ကမ္ဘာပေါ်မှာ လုံထန်ဂရုရဲ့ သြဇာဟာ APPLE ထက် အများကြီး နိမ့်ကျခဲ့ပါသေးတယ်။ ဒါပေမဲ့ အခုတော့ ကမ္ဘာပေါ်မှာ လုံထန်အကြောင်း မသိတဲ့ ကုမ္ပဏီ မရှိတော့ဘူး"
လင်းဖန်က လေးနက်သော အသံဖြင့် ဆက်ပြောသည်။
- "တရုတ်ပြည်မှာတင် လုံထန်မှာ အသုံးပြုသူ ၁.၂ ဘီလီယံ ရှိတယ်။ ဟောင်ကောင်ကို ထည့်မပြောနဲ့ဦး၊ အမေရိက၊ ဥရောပ၊ သြစတြေးလျနဲ့ တောင်အာရှက ခွဲတမ်းတွေကလည်း အရှိန်အဟုန်နဲ့ တိုးတက်နေတာ။ အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ဆီမှာ အခု ကမ္ဘာတစ်ဝှမ်း အသုံးပြုသူ ၁.၅ ဘီလီယံထက် မနည်း ရှိနေပြီ။ အခု ၁ ရာခိုင်နှုန်းကို ၃ ဘီလီယံ ဖြစ်နေပေမဲ့ နောက်ရက်အနည်းငယ်မှာ ၄ ဘီလီယံ၊ ၅ ဘီလီယံ ဖြစ်သွားနိုင်တယ်"
ကျိဖုပေါင်သည် ကမ္ဘာ့လူဦးရေ လေးပုံတစ်ပုံနီးပါးကို လက်ဝယ်ပိုင်ဆိုင်ထားသည့် လုံထန်ဂရု၏ ထုတ်ကုန်ဖြစ်ရာ နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက်လိုက်သည်နှင့် အသုံးပြုသူများမှာ အဆက်မပြတ် ဝင်ရောက်လာမည်ဖြစ်ပြီး ရန်ပုံငွေများမှာလည်း တောင်ပုံရာပုံ ရောက်လာမည်ဖြစ်သည်။ ကျိဖုပေါင်အတွက် ထရီလီယံချီသော တန်ဖိုးမှာ အစပျိုးရုံသာ ရှိပါသေးသည်။
"ဟူး...!"
ထိုစကားကို ကြားသောအခါ လီကျားချန်မှာ သက်ပြင်းရှည်ကြီးကို မချဘဲ မနေနိုင်တော့ပေ။ တကယ်တော့ အမှားက လုံထန်ကြောင့် မဟုတ်ဘဲ ဟောင်ကောင်က လူတွေက လောဘကြီးလွန်းခဲ့ခြင်းကြောင့် ဖြစ်သည်။ အစကတည်းက သဘောတူခဲ့လျှင် ယခုကဲ့သို့ ၃ ဆပေးစရာ လိုမည်မဟုတ်ပေ။ ယခုလည်း မပူးပေါင်းဘဲနေရန်မှာ ကျိဖုပေါင်၏ အလားအလာက မျက်ဝါးထင်ထင် ရှိနေပြီဖြစ်ရာ ပို၍ပင် ခက်ခဲနေသည်။
"ဒါရိုက်တာလင်း... ဒီကိစ္စကို ထပ်ပြီး ညှိနှိုင်းလို့ တကယ်ပဲ မရတော့ဘူးလား"
လီကျားချန်းက လင်းဖန်ကို စေ့စေ့ကြည့်ကာ မေးလိုက်သည်။ ဤသည်မှာ သူကိုယ်တိုင် မေးမြန်းခြင်းထက် ဟောင်ကောင် စီးပွားရေးလောကတစ်ခုလုံးကို ကိုယ်စားပြု၍ မေးမြန်းခြင်း ဖြစ်သည်။ ယခင်က ၁ ရာခိုင်နှုန်းလျှင် ၁ ဘီလီယံမှ ယခု ၃ ဘီလီယံအထိ တက်သွားခြင်းမှာ လီကျားချန်းကဲ့သို့ အလွန်ချမ်းသာသူအတွက်ပင် ထိခိုက်မှု မသေးလှပေ။
"ကျွန်တော် ခင်ဗျားကို အမှန်အတိုင်း ပြောပါမယ်"
လင်းဖန်က ပြတ်သားစွာပင် ပြောလိုက်သည်။
- "၁ ရာခိုင်နှုန်းကို ၃ ဘီလီယံဆိုတာ အခုလက်ရှိ စျေးနှုန်းပဲ။ ဒီထက် လျော့မှာမဟုတ်ဘူး။ ဆန္ဒရှိရင် ပူးပေါင်းပါ၊ ဆန္ဒမရှိရင် ကျွန်တော်တို့ အတင်းအကြပ် မတိုက်တွန်းဘူး"
"နောက်ပြီး... ဒီငွေကို တရုတ်ယွမ်နဲ့ပဲ အခြေချရမယ်။ ဒါမှမဟုတ်ရင် အမေရိကန်ဒေါ်လာနဲ့ပဲ လက်ခံမယ်၊ ဟောင်ကောင်ဒေါ်လာနဲ့တော့ လုံးဝ အခြေမချနိုင်ဘူး"
ဟောင်ကောင်ဒေါ်လာသည် ယခင်က အာရှစျေးကွက်တွင် အရေးပါခဲ့သော်လည်း ယခုအခါ တရုတ်ပြည်၏ အင်အားကြီးမားလာမှုနှင့်အတူ RMB မှာ ကမ္ဘာ့အဆင့်တွင် ပိုမိုခိုင်မာလာပြီဖြစ်သည်။ ဟောင်ကောင်ဒေါ်လာဖြင့် အခြေချလျှင် လုံထန်ဂရုအတွက် လုပ်ငန်းမစခင်ကတည်းက ရှုံးနိမ့်မှု ဖြစ်နေပေလိမ့်မည်။
"......"
လီကျားချန်မှာ ခေါင်းခါရုံမှလွဲ၍ ဘာမျှ မပြောနိုင်တော့ပေ။ သူသည် ဟောင်ကောင်သားများအတွက်သာမက သူ့ကိုယ်သူအတွက်ပါ နောင်တရနေမိသည်။ လွန်ခဲ့သည့် တစ်လကသာ သဘောတူခဲ့လျှင် ယခုကဲ့သို့ ဘီလီယံပေါင်းများစွာ ပိုပေးစရာ လိုမည်မဟုတ်ပေ။
"ကျိဖုပေါင်ကို ဟောင်ကောင်မှာ စာရင်းသွင်းပြီးတာနဲ့ နိုင်ငံတကာစျေးကွက်ကို ချက်ချင်းချဲ့ထွင်မယ်လို့ ကြားတယ်။ ကျုပ်ရဲ့ အဆက်အသွယ်တွေက အသုံးဝင်မလား"
လီကျားချန်က လိမ္မာပါးနပ်စွာပင် ခေါင်းစဉ်ကို ပြောင်းလိုက်သည်။ လုံထန်အနေဖြင့် လီကျားချန်၏ အဆက်အသွယ်များကို အသုံးပြုလျှင် လီမိသားစု၏ ပြောရေးဆိုခွင့်မှာလည်း ပိုမိုမြင့်တက်လာမည်ဖြစ်သည်။
"ဒါဆိုရင်တော့... ကူညီပါဦးဗျာ"
လင်းဖန်က ပြုံးလျက် သဘောတူလိုက်သည်။ လီကျားချန်သည် ဗြိတိန်ဘုရင်မထံမှ သူရဲကောင်းဘွဲ့ ရရှိထားသူဖြစ်ပြီး ဗြိတိန်၏ စီးပွားရေးထက်ဝက်ခန့်ကို ချုပ်ကိုင်ထားသူ ဖြစ်သည်။ သူသာ ရှေ့ထွက်ပေးလျှင် ကျိဖုပေါင်အနေဖြင့် ဗြိတိန်စျေးကွက်သို့ ဝင်ရောက်ရာတွင် များစွာ အဆင်ပြေချောမွေ့သွားမည် မဟုတ်ပါလား။
ထိုနေ့ နေ့လည် ၂ နာရီတွင် လင်းဖန်၊ မာဟွာထန်နှင့်လျူယွီတုန်တို့သည် လီကျားချန်နှင့်အတူ ရှန်ရွှေပိုရှိ Cheung Kong Industries ၏ လျှို့ဝှက်ရုံးခန်းသို့ ရောက်ရှိလာကြသည်။ တစ်ချိန်တည်းမှာပင် ဟောင်ကောင်၏ ထိပ်သီးသူဌေးကြီးများမှာလည်း ၎င်းတို့၏ ညှိနှိုင်းရေးအဖွဲ့များဖြင့် ခမ်းနားစွာ ရောက်ရှိလာကြရာ သတင်းမီဒီယာများ၏ အာရုံစိုက်မှုကို များစွာ ရရှိခဲ့သည်။
ဟောင်ကောင်၏ ထိပ်သီးသူဌေးကြီး ၁၀ ဦးစလုံးမှာ ပျက်ကွက်ခြင်းမရှိဘဲ ရောက်ရှိလာကြသည်။ ၎င်းတို့ထဲတွင် ဟော်မိသားစု၏ ခေါင်းဆောင် ဟော်ကျန့်ထိန်နှင့် သားဖြစ်သူ ဟော်ချီကန်းတို့လည်း ပါဝင်သည်။
ဟော်မိသားစုသည် ဟောင်ကောင်တွင် လီမိသားစုနှင့် အင်အားချင်း မယှဉ်နိုင်လောက်အောင် ကြီးမားလှသည်။ ယခင်ခေါင်းဆောင် ဟော်ယင်းတုန်းကွယ်လွန်ပြီးနောက်ပိုင်း အနည်းငယ် အားနည်းသွားသလို ရှိသော်လည်း၊ မကြာသေးမီနှစ်များအတွင်း ဟော်ညီအစ်ကို ၃ ဦး၏ ကြိုးပမ်းမှုကြောင့် ၎င်းတို့၏ အင်အားမှာ ပြန်လည်ကြီးထွားလာခဲ့ပြီး ပိုင်ဆိုင်မှုမှာ ယွမ် ဘီလီယံ ၁၀၀ ထက်မနည်း ရှိနေသည်။
ဟောင်ကောင်သားများ၏ စိတ်ထဲတွင် ဟော်မိသားစုမှာ အမြဲတမ်း အချမ်းသာဆုံးဟု သတ်မှတ်ခံရပြီး လီမိသားစုမှာ ဒုတိယနေရာတွင်သာ ရှိသည်ဟု ယူဆကြသည်။ သို့သော် ဟော်မိသားစုမှာ အလွန်ပင် လျှို့ဝှက်စွာ နေတတ်ကြသူများ ဖြစ်သည်။
ဟော်မိသားစု၏ သားဖြစ်သူ ဟော်ချီကန်းမှာ တရုတ်အားကစားမယ် ကော်ကျင်းကျင်းနှင့် ချစ်ကြိုက်ခဲ့မှုကြောင့် ပြည်မကြီးမှာပါ နာမည်ကြီးခဲ့သူဖြစ်သည်။