← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁) ကံဆိုးခြင်း၏ အသုံးဝင်ပုံ။

ဤမေးခွန်း၏ အဖြေကို ရဲချီယန်လည်း မသိခဲ့ပေ ။ သူ့အတွက်တော့ ရထားပေါ်တွင် အဖော်လုပ်ရန် သူမှလွဲ၍ မည်သူမျှ မထိုက်တန်ဟု ထင်မှတ်ထားလေ၏ ။ ရှန်ကွမ်းရင်းရွှယ်ဖြစ်စေ၊ ကျောက်လင်ဖြစ်စေ သို့မဟုတ် အခြားမည်သူပင်ဖြစ်စေ ထိုနည်းတူသာ ဖြစ်သည် ။ ထိုလူများ မဆိုးလှကြောင်း သိထားသော်ငြားလည်း အတူတူပင်ဖြစ်ချေပြီ။

အခြားသူများနှင့် အတူရှိနေခြင်းက သက်တောင့်သက်သာမဖြစ်စေဟု ခံစားရလေ၏။ လူသားများနှင့် ယှဉ်လျှင် ဝေါလီကဲ့သို့သော လူသားမဟုတ်သည့် အဖော်များကို ပို၍သဘောကျပေသည် ။ သေချာသည်မှာ တီနာလိုမျိုးဆိုလျှင်လည်း ကောင်းလှပေသည် ။

"ကြည့်ရတာ မင်းဆီမှာလည်း အဖြေမရှိဘူး ထင်ပါရဲ့၊ ကောင်းပြီလေ အချိန်လည်း ကုန်တော့မယ်၊ ဒီမြို့တော်က ဆိုးရွားပေမယ့် သစ်သီးဝိုင်နဲ့ ပုရွက်ဆိတ်နွားကင်လိုမျိုး ကောင်းတဲ့နေရာလေးတွေ ရှိသေးတယ်၊ အတူတူ သွားကြမလား"

"ငါမလိုက်တော့ဘူး၊ ရထားဆီ ပြန်ရဦးမယ်၊ တစ်ယောက်ယောက်က ငါ့ကို ရှာနေလို့"

"နှမြောစရာပဲ၊ ဒီနေ့မှ မသွားရင် အဲဒီဆိုင်က နောက်ပိုင်း ရှိချင်မှ ရှိတော့မှာ"

မွန်ရိုးဂျီနာက ထိုင်ခုံမှ ထကာ သူမ၏ ဓားတောင်ဝှေးကို မှီလျက် တိုက်ရိုက်ပင် ထွက်ခွာသွားလေတော့သည် ။ ရဲချီယန်တစ်ယောက်တည်းသာ ပလက်ဖောင်းပေါ်တွင် ကျန်ရစ်ခဲ့လေ၏ ။ သူက ထွက်မသွားသေးဘဲ မျက်ခုံးကို ပွတ်သပ်ကာ ရှေ့ရှိ စနစ်၏ အလင်းဖန်သားပြင်ပေါ်တွင် အဆက်မပြတ် တက်လာသော မက်ဆေ့ချ်များကို ကြည့်လိုက်သည် ။

"ဒုက္ခပါပဲ အစ်ကိုချီယန်၊ ကျွန်မရဲ့ စိတ်စွမ်းအား အမြင့်ဆုံးကန့်သတ်ချက်က အပြီးအပိုင် ကျဆင်းသွားပြီ" "အစ်ကို မနိုးသေးဘူးမလား၊ မြန်မြန်နိုးလာခဲ့တော့၊ အိပ်မက်မက်နေတာကလည်း စိတ်စွမ်းအားကို ကျဆင်းစေတယ်" "ထတော့" "မြန်မြန်ထတော့"

ဤအချိန်တိုလေးအတွင်းမှာပင် ကျောက်လင်က သူ့ထံ မက်ဆေ့ချ်များစွာကို ဆက်တိုက် ပေးပို့ထားချေပြီ ။ အစောပိုင်းက စနစ်၏ အသိပေးသံကို မပိတ်ထားခဲ့မိသဖြင့် ဆက်တိုက်မြည်နေသော အသံများကြောင့် ခေါင်းကိုက်လာစေသည် ။ သူက စကားစမရလောက်အောင်ပင် အကြောင်းပြန်လိုက်လေ၏။

"ငါနိုးနေပြီ နိုးနေပြီ၊ ငါ့ကို လာမနှောင့်ယှက်နဲ့တော့၊ ထပ်ပို့နေရင် နင့်ရဲ့ ပွစိပွစိလုပ်သံတွေကြောင့် ငါ့ခေါင်းကွဲထွက်သွားလိမ့်မယ်"

သူမ၏ ရထားတွဲထဲတွင် ရှိနေသော ကျောက်လင်က မက်ဆေ့ချ်ကို မြင်သောအခါ ရင်ဘတ်ကိုပုတ်ကာ သက်ပြင်းချလိုက်လေသည် ။

"ဝိုး အစ်ကိုချီယန်ရဲ့ စိတ်စွမ်းအားရော ကျသွားသေးလား၊ ဝူးဝူး ကျွန်မတော့ အရူးတစ်ယောက် ဖြစ်မသွားလောက်ပါဘူးနော်"

"မကျပါဘူး ငါနိုးနေတာ ကြာပြီ၊ နင်လည်း အဲဒီဂျယ်လီငါးတွေနဲ့ တွေ့ခဲ့တာမလား၊ အခုမှ နိုးတာလား၊ ဘာတွေ အိပ်မက်မက်နေလို့လဲ၊ တကယ်ကို မလွယ်ဘူးပဲ နင်က အဲဒီအိပ်မက်လှလှလေးထဲမှာ တစ်သက်လုံး နစ်မြုပ်နေတော့မယ်လို့တောင် ထင်နေတာ"

ကျောက်လင်က နှုတ်ခမ်းကိုကိုက်ကာ အိပ်မက်ထဲက မြင်ကွင်းကို ပြန်တွေးရင်း လွမ်းဆွတ်တမ်းတမှုများဖြင့် သက်ပြင်းချလိုက်သည် ။

"ကျွန်မရဲ့ အိမ်ဟောင်းလေးကို အိပ်မက်မက်တာပါ၊ ရထားမောင်းပြီး ပုန်းရှောင်နေစရာမလိုသလို အသက်စွန့်စရာလည်း မလိုဘူး၊ အိမ်မှာ ကြောင်လေးတွေနဲ့ ဆော့မယ် ဗီဒီယိုတွေ ကြည့်ပြီး မုန့်တွေစားမယ်၊ ဝူးဝူး အရမ်းပျော်ဖို့ကောင်းတာပဲ၊ အဲဒါက ကျွန်မလိုချင်တဲ့ ဘဝလေ၊ အခုတော့ ဘယ်လိုဘဝကြီးထဲ ရောက်နေမှန်းကို မသိပါဘူး"

"အို ဒါဆို တကယ်ပဲ နိုးလာနိုင်ခဲ့တာလား၊ မဆိုးဘူးပဲ"

"ဟီးဟီး တကယ်တော့ ဗီဒီယိုတွေ ကြည့်နေရင်းနဲ့ ကံကောင်းခြင်း ကံဆိုးခြင်းတွေနဲ့ ပတ်သက်တဲ့ မက်ဆေ့ချ်တချို့ကို ရုတ်တရက် တွေ့လိုက်ရလို့ ရထားနဲ့ ပတ်သက်တာ တချို့ကို ပြန်မှတ်မိသွားတာပါ၊ အဲဒီအချိန်တုန်းကတော့ အိပ်မက်ထဲမှာပဲ တစ်သက်လုံး နေလိုက်ရရင် ကောင်းမယ်လို့ တကယ်တွေးမိပေမယ့် အစ်ကိုချီယန်လည်း သိတဲ့အတိုင်းပဲလေ ကျွန်မမှတ်မိသလောက် နောက်ဆုံးဘူတာက ကံကောင်းခြင်း ဘူတာဆိုတော့ နောက်လာမယ့် အချိန်တွေမှာ ကျွန်မအတွက် ကံကောင်းမှာ မဟုတ်ဘူး၊ အဲဒီလိုဆိုမှတော့ ကျွန်မကို တစ်သက်လုံး ပျော်ရွှင်စေမယ့် ဒီလောက်ကောင်းတဲ့အရာမျိုးနဲ့ ဘယ်လိုလုပ် ဆုံတွေ့နိုင်ပါ့မလဲ၊ အဲဒါနဲ့ပဲ နိုးလာခဲ့တာပါ"

ဒီလိုကိုး။ ကြည့်ရသည်မှာ ကျောက်လင်၏ ကံဆိုးခြင်းက လုံးဝဆိုးရွားသောအရာတော့ မဟုတ်ပုံပေါ်ပေ ။ ပုံသေပြောင်းလဲနေသော ကံဆိုးခြင်းက သူမအား ကောင်းသောအရာနှင့် ဆိုးသောအရာများကို ပိုမိုလွယ်ကူစွာ ခွဲခြားသိမြင်နိုင်စေသည်တကား။ သူမ အများသုံး ကုန်သွယ်ရေး ပလက်ဖောင်းတွင် ရှိနေစဉ်က ထိုပလက်ဖောင်းပေါ်သို့ ဝင်ရောက်ပြီး ထာဝရနေထိုင်မည်လား ဆိုသည်ကို ရွေးချယ်ခဲ့သကဲ့သို့ပင် ။ ကံဆိုးခြင်းဖြစ်သောကြောင့် သူမ မနေခဲ့ပေ။ သို့သော် ထိုကံဆိုးခြင်းကြောင့်ပင် သူမ အသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်လေ၏။ ကျောက်လင်၏ ပါရမီစွမ်းရည်က အရင်ကထင်ထားသည်ထက်ပင် ပို၍အစွမ်းထက်ပုံပေါ်ချေပြီ ။

"ဒါဆို နင့်ရဲ့ စိတ်စွမ်းအားက ဘယ်လောက်တောင် ကျသွားတာလဲ"

"စခရင်ရှော့ ပို့လိုက်မယ်"

စခရင်ရှော့တစ်ခု ရောက်လာလေ၏။

"စိတ်စွမ်းအား - ၈၀ / ၁၀၀ (လှပသော အိပ်မက်တစ်ခု၏ တန်ဖိုး)"

"အမှတ် ၂၀ တောင်ဆိုတော့ တကယ်ကို များလွန်းတယ်၊ ပြန်ပြည့်လာမယ့် အရိပ်အယောင်လည်း မတွေ့ဘူး၊ နာရီဝက်လောက် အိပ်လိုက်ရုံနဲ့တင် ဒီလောက်ဖြစ်သွားတာဆိုတော့ ဆက်အိပ်နေရင် သေချာပေါက် အရူးဖြစ်သွားမှာမလား"

"ဖြစ်နိုင်တယ်"

ရဲချီယန်က မေးစေ့ကိုပွတ်ကာ အများသုံး ချက်ဘောက်စ်ကို ဖွင့်လိုက်သည် ။ ထိုအထဲတွင် စကားပြောဆိုမှုအချို့ ရှိနေနှင့်လေပြီ။ သို့ရာတွင် သိပ်မများလှပေ။ လူအများစုက ထိုလှပသောအိပ်မက်ထဲတွင် နစ်မြုပ်နေဆဲဖြစ်ကာ ရုန်းမထွက်နိုင်သေးပုံပေါ်လေ၏။ အချို့ကမူ အိပ်မက်ထဲရောက်နေကြောင်း သိသော်လည်း မနိုးထချင်ကြသေးသည်မှာ သေချာပေသည်။ မိတ်ဆက်လမ်းညွှန်တွင် ဖော်ပြထားသည့်အတိုင်းပင် ဖြစ်လေ၏။ တချို့သူများအတွက် လှပသော အိပ်မက်ထဲတွင် နစ်မြုပ်နေခြင်းက လွတ်မြောက်မှုတစ်မျိုး ဖြစ်ပေမည်။

ထိုအမျိုးသမီး ရှန်ကွမ်းရင်းရွှယ်ရော ဘယ်လိုနေလဲ၊ အိပ်ပျော်နေတုန်းပဲလား ။ ရဲချီယန်က သူ၏ သူငယ်ချင်းစာရင်းကို တစ်ချက်ကြည့်ကာ ခဏမျှစဉ်းစားပြီးနောက် စာတစ်စောင် ပို့လိုက်သည် ။

"ဘာထူးလဲ"

"ဘာလဲ"

"နိုးနေပြီလားလို့ လှမ်းကြည့်တာ"

သူမ၏ ရထားတွဲအတွင်းဝယ် ဒိုက်ထိုးနေသော ရှန်ကွမ်းရင်းရွှယ်က နဖူးမှချွေးများကို သုတ်ကာ ချွေးရွှဲနေသော အပေါ်ဝတ်ကို ချွတ်လိုက်ရင်း အလင်းဖန်သားပြင်ပေါ်ရှိ စကားပြောဆိုမှုများကို ကြည့်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးလေး ပေါ်လာလေ၏ ။

"ခုလေးတင် နိုးတာ၊ အိပ်မက်လှလှလေးတစ်ခု မက်ပြီး စိတ်စွမ်းအား အမြင့်ဆုံးကန့်သတ်ချက်တချို့ လျော့သွားပေမယ့် ပြန်ပြည့်လာနိုင်လောက်တယ်မလား၊ ရှင်ရော ဘယ်လိုလဲ"

"မိတ်ဆက်လမ်းညွှန်အရဆိုရင်တော့ ရနိုင်ပါတယ်၊ ဘယ်လောက်တောင် လျော့သွားတာလဲ"

"၁၅ မှတ်ဆိုတော့ နည်းတဲ့ပမာဏတော့ မဟုတ်ဘူး၊ ခေါင်းနည်းနည်း ကိုက်နေတယ်၊ ရှင်က ဘယ်တုန်းက နိုးတာလဲ၊ ပြီးတော့ ဘာတွေ အိပ်မက်မက်လဲ"

" ကျွန်တော်နိုးနေတာ ကြာလှပေါ့၊ ဘာမှမလျော့သွားဘူး၊ အိပ်မက်ကတော့ အိမ်အကြောင်း မက်တာပဲ"

"ကျွန်မလည်း အတူတူပဲ"

လူအများစု မက်ခဲ့ကြသည့် အိပ်မက်မြင်ကွင်းမှာ သူတို့၏ ယခင်အိမ်ဟောင်းပင် ဖြစ်ပေမည်။ သူတို့အတွက် ရထားပေါ်က ဤမျှော်လင့်ချက်မဲ့နေသော ဘဝနှင့်ယှဉ်လျှင် အတိတ်က မည်မျှပင် ဆိုးရွားခဲ့ပါစေ အခုလက်ရှိအရာအားလုံးထက် ပိုကောင်းနေဆဲဖြစ်လေ၏ ။ မိဘမဲ့ဂေဟာတွင် ကြီးပြင်းလာသော ရဲချီယန်နှင့်မတူဘဲ လူအများစုတွင် မိသားစုရှိကြသေးသော်လည်း ယခုအခါတွင်မူ သူတို့နှင့် ထပ်မံတွေ့ဆုံနိုင်တော့မည် မဟုတ်ချေ ။

"နိုးလာတာ ကောင်းပါတယ်၊ ဒါပဲလေ"

"အင်း"

စကားပြောဆိုမှုကို အဆုံးသတ်လိုက်ပြီးနောက် ရဲချီယန်၏ အကြည့်က အခြားတစ်ဖက်သို့ ရောက်သွားရာ ကျောက်လင်ထံမှ မက်ဆေ့ချ်များစွာ ထပ်မံရောက်ရှိနေသည်ကို တွေ့လိုက်ရသည် ။ ပြီးခဲ့သည့်အကြိမ် ကြယ်တစ်ထောင်မြို့တော်တွင် တွေ့ဆုံခဲ့ပြီးကတည်းက သူမက သူ့အား သူငယ်ချင်းတစ်ယောက်လို ပို၍သဘောထားလာခဲ့လေသည် ။

"ဪ ဒါနဲ့ အစ်ကိုချီယန်၊ ကျွန်မ မေးစရာတစ်ခု ရှိလို့"

"ဘာလဲ"

"ဒီတစ်ကြိမ် ဂျယ်လီငါးတွေနဲ့ တွေ့တာက ကျွန်မရဲ့ ကံဆိုးခြင်းတွေကို ဖယ်ရှားပစ်လိုက်တာလို့ ထင်လား၊ ဒီနေ့လယ် ဝင်မယ့် ဘူတာက ကံဆိုးခြင်းဘူတာ ဖြစ်မယ်ဆိုတော့ ကျွန်မက အစတည်းက မဆင်းဖို့ စဉ်းစားထားတာ၊ ဒါပေမဲ့ ဂျယ်လီငါးတွေနဲ့ တွေ့လိုက်ရတာက ကံဆိုးခြင်းတွေကို သုံးပစ်လိုက်တာနဲ့ အတူတူပဲဆိုရင်တော့"

သူမပြောသည်က တကယ်ပဲ ဖြစ်နိုင်ချေရှိပေသည်၊ ကံကောင်းခြင်းနှင့် ကံဆိုးခြင်းတို့က ထိန်းညှိနေလေ၏၊ တစ်နည်းအားဖြင့်ဆိုရလျှင် အိပ်မက်စားသုံးသူနှင့် တွေ့ဆုံခြင်းကလည်း ကံဆိုးခြင်းတစ်မျိုးဟု သတ်မှတ်နိုင်ချေသည် ။

"နောက်ဘူတာကျရင် ဆင်းကြည့်လိုက်ပါလား"

"ကျွန်မ မဆင်းရဲဘူး၊ ခန့်မှန်းတာ လွဲသွားရင် သေမှာပေါ့"

"အဲဒါဆိုရင်ကော"

"ရထားဒင်္ဂါးတွေကို အပိုသုံးပြီး ယာယီမြို့တွင်းဝင်ခွင့် လက်မှတ်ဝယ်ရင် တစ်ရက်လောက် မြို့ထဲမှာ နေလို့ရတယ်လို့ ကြားဖူးတယ်၊ အဲဒီနည်းနဲ့ဆိုရင် ဘူတာရုံ ပလက်ဖောင်းပေါ် ဝင်တာကို ရှောင်လွှဲလို့ရတယ်၊ ကံဆိုးခြင်းတွေပဲ ဖြစ်ပါစေ မြို့ထဲဝင်သွားရင် ရှောင်လွှဲဖို့ ပိုလွယ်မယ်လို့ ထင်လို့ပါ၊ အဲဒါနဲ့ ကျွန်မ တွေးကြည့်နေတာ"

"အဲဒီလူက ရထားဒင်္ဂါး ဘယ်လောက်တောင်းတာလဲ"

"၈ ပြားပါ"

"ပိုက်ဆံ ငါ့ပေး"

"ဘာဖြစ်လို့လဲ"

"ငါ့မှာ နင့်ကို နောက်မြို့တစ်မြို့ဆီ သွားခွင့်ရမယ့် နည်းလမ်းရှိတယ်"

အခန်း (၁၀၂) တရားသူကြီးချုပ်

ဆိုရိုးစကားရှိသည့်အတိုင်း ကိုယ့်ဆီကထွက်သည့်အဆီ ကိုယ့်ဟင်းအိုးထဲသာ ပြန်ဝင်သကဲ့သို့ပင် ဤရထားဒင်္ဂါး ၈ ပြားကို မည်သူရရ အရေးမကြီးပေ ။ ဆော်လမွန် မြို့တော်သို့ ဝင်ခွင့်ရသော ထိုဖိတ်စာကလည်း တစ်ခါသုံးပစ္စည်း မဟုတ်ချေ ။ အလုပ်တစ်ခုကို စလုပ်လျှင် အဆုံးတိုင်အောင် လုပ်ဆောင်တတ်သော မူဝါဒနှင့်အညီ ရဲချီယန်က မြို့အဝင်ဘူတာရုံဆီသို့ပင် သွားရောက်ခဲ့လေ၏ ။

လမ်းခရီးတစ်လျှောက်တွင် မြို့တော်၏ လေထုက အလွန်အမင်း တင်းမာလေးနက်နေကြောင်း သူ သိသိသာသာ ခံစားလိုက်ရပေသည်။ လမ်းသွယ်လမ်းမတိုင်းရှိ လူများက အင်ပါယာအမိန့်တော် အဖွဲ့အစည်း ရောက်ရှိလာတော့မည့်အကြောင်းကို ဆွေးနွေးပြောဆိုနေကြကာ ယူနီဖောင်းဝတ်ဆင်ပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်ဆေးရေးမှူးများက နေရာအနှံ့ သွားလာလှုပ်ရှားနေကြပြီး အကြောင်းပြချက်အမျိုးမျိုးပေးကာ မကြာခဏဆိုသလို အတင်းအဓမ္မ စစ်ဆေးမှုများ ပြုလုပ်နေကြလေ၏ ။ ၎င်းက ရထားမောင်းနှင်သူများနှင့် ထိုနေရာတွင် နေထိုင်ကြသော ဒေသခံများ နှစ်ရပ်လုံးအပေါ် သက်ရောက်မှုရှိနေချေပြီ ။

"အစ်ကိုချီယန် ကျွန်မ ဒီမှာရောက်နေပြီ"

မြို့အဝင် ပလက်ဖောင်းပေါ်တွင် ရပ်နေသော ကျောက်လင်က ရဲချီယန်ကို မြင်လိုက်ရပြီးနောက် နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း ပတ်ဝန်းကျင်ရှိ စစ်ဆေးရေးမှူးများ၏ အန္တရာယ်များသော အကြည့်များကို ရုတ်တရက် သတိပြုမိသွားကာ အမြန်ပင် နောက်ဆုတ်သွားလေ၏ ။

"သွားရအောင်"

သူမ၏လက်ကိုဆွဲကာ အလျင်အမြန် ထွက်ခွာလာခဲ့ပြီးနောက် လမ်းကြားလေးတစ်ခုထဲသို့ ရောက်မှသာ ရဲချီယန်က သူမထံသို့ လက်ဖြန့်ပေးလိုက်လေသည် ။

"ပေးတော့"

"အို"

ဖိတ်စာကတ်ကို ကျောက်လင်က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် သူ၏လက်ဖဝါးထဲသို့ ထည့်ပေးလိုက်ရပေသည် ။

"အစ်ကိုချီယန် ဒီကတ်ကို ဘယ်ကရလာတာလဲ ဝယ်လို့ရသေးလား"

"နင့်မေးခွန်းတွေကို ဖြေပေးရင် ငါ့ကို ပိုက်ဆံပေးမှာလား"

"ဟင့်အင်း"

"ဒါဆိုလည်း မမေးနဲ့လေ၊ ဪ ဒါနဲ့ နင်ငါ့ကို ရထားဒင်္ဂါး ၅ ပြား အကြွေးတင်နေသေးတယ်ဆိုတာ မှတ်ထားဦး၊ ပိုက်ဆံရှိလာရင် ပြန်ဆပ်ဖို့ မမေ့နဲ့"

"ဘာ"

ကျောက်လင်က သူမကိုယ်သူမ လက်ညိုးထိုးပြလိုက်ပြီးနောက် ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်သော်လည်း သူမမှလွဲ၍ အခြားမည်သူမျှ မရှိချေ ။

"ကျွန်မလား"

"နင်မဟုတ်လို့ ဘယ်သူရှိသေးလဲ"

ရဲချီယန်က ကျောက်လင်ကို အပြုံးလေးဖြင့် ကြည့်လိုက်လေ၏ ။

"နင်က ကံဆိုးခြင်းတွေ ပါမပါ ဘယ်သူက သိမှာလဲ၊ နင့်ကို မြို့ထဲခေါ်လာရတာက ကြီးမားတဲ့ အန္တရာယ်ရှိတယ်လေ၊ ငါပါ နင့်ဆီက ကံဆိုးတာတွေ ကူးစက်ခံလိုက်ရရင် ဘယ်လိုလုပ်မလဲ၊ အဲဒီလိုဆို ငါအရမ်းနစ်နာသွားမှာပေါ့"

"ဒါပေမဲ့ ကျွန်မ အခုလေးတင် ပေးလိုက်ပြီမလား"

"အဲဒါက မြို့ထဲဝင်ဖို့အတွက်လေ၊ အခုငါတောင်းတာက ကံဆိုးခြင်းတွေအတွက်"

ရဲချီယန်၏ ခပ်တည်တည်ပြောဆိုဟန်ကြောင့် ကျောက်လင်မှာ ဒေါသထွက်ကာ ပါးစပ်လေးစူသွားလေတော့သည် ။

"အစ်ကိုက အရမ်းလွန်လွန်းတယ်"

"နင်ထွက်သွားချင်လို့လား"

"မဟုတ်ပါဘူး ဒါပေမဲ့ အခု ကျွန်မဆီမှာ ပိုက်ဆံမရှိဘူး၊ တစ်ခုခုကို အာမခံအဖြစ် ပေးထားရင် ရတယ်မလား"

"သဘောပဲလေ"

ကျောက်လင်ကို ခေါ်ဆောင်လာရင်း ရဲချီယန်က အစပိုင်းတွင် အက်ဖ်များ နေထိုင်ရာနယ်မြေဆီသို့ သူမကို ပြန်လည်ခေါ်ဆောင်သွားရန် ရည်ရွယ်ထားခဲ့လေ၏ ။

သို့ရာတွင် သူတို့နှစ်ဦး သိပ်မဝေးခင်မှာပင် ကောင်းကင်ယံမှ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုကို ကြားလိုက်ရပေသည်။ အသံလာရာသို့ မော့ကြည့်လိုက်သောအခါ တွဲဆယ့်နှစ်တွဲပါရှိသော ရေပြာရောင် ရထားတစ်စင်းက အထက်ကောင်းကင်ယံတွင် ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရလေ၏။ မျက်နှာဖုံးတပ်ထားပြီး ဓားတောင်ဝှေးကို ကိုင်ဆောင်ထားသော အမျိုးသမီးတစ်ဦးက ရထားခေါင်မိုးပေါ်တွင် ထိုင်နေကာ သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် ယဇ်ပူဇော်ခြင်း ကတ်ပြားများစွာက ဖြည်းညင်းစွာ လွင့်မျောနေချေပြီ ။ လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများက သူမကို ဝန်းရံလျက်ရှိနေသည်။

"ဟိုဟာက"

မွန်ရိုးဂျီနာ ပင်တည်း ။ ဤအချိန်မှာပင် စတင်နေပြီလော။ သူ မျှော်လင့်ထားသည်ထက် များစွာ စောနေလေ၏။

ဆော်လမွန် မြို့တော်မှ လူများကလည်း ထိုအခြေအနေကို လျင်မြန်စွာပင် သတိပြုမိသွားကြလေသည် ။ ကောင်းကင်ပျံ ဆိုင်ကယ်ရာပေါင်းများစွာက လေထဲသို့ ပျံတက်လာကာ ရထားကို ဝန်းရံလိုက်ကြပေသည်။ ခေါင်းဆောင်ဖြစ်သူက အသံချဲ့စက်ကို ကိုင်ကာ ရထားပေါ်ရှိ မွန်ရိုးဂျီနာကို ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏ ။

"ဟေ့ ရှေ့ကလူ၊ မင်းက ဆော်လမွန် မြို့တော်ရဲ့ ဥပဒေတွေကို ချိုးဖောက်ထားတယ်၊ ရထားပေါ်ကနေဆင်းပြီး လက်နက်ချစမ်း"

သို့သော် သူစကားပြောလို့ အဆုံးသတ်လိုက်သည်နှင့်တစ်ပြိုင်နက် မွန်ရိုးဂျီနာက သူမ၏ ဓားတောင်ဝှေးကို ဝှေ့ယမ်းလိုက်ရာ သူမ၏ရထားကို ဗဟိုပြုလျက် ကြီးမားလှသော အလင်းစက်ဝိုင်းကြီးတစ်ခုက အပြင်ဘက်သို့ ပျံ့နှံ့ထွက်ပေါ်လာတော့သည် ။

"ယဇ်ပူဇော်မှု စတင်ပြီ"

ကောင်းကင်ယံတွင် ဇောက်ထိုးဖြစ်နေသော မြို့တော်တစ်ခုက အထက်မှ ဆင်းသက်လာကာ ဆော်လမွန် မြို့တော်ပေါ်သို့ ပြုတ်ကျတော့မည့်အလား ဖြစ်နေချေပြီ ။

"အစ်ကို အစ်ကိုချီယန် ဘာတွေဖြစ်နေတာလဲ"

ကျောက်လင်က အကြောက်လွန်ကာ သူ၏နောက်တွင် ပုန်းအောင်းနေလေ၏ ။

"နင့်ရဲ့ ကံဆိုးခြင်းတွေ အလုပ်လုပ်သွားပြီ ထင်တယ်၊ သွားကြစို့၊ ဒီမှာ ဆက်မနေနဲ့တော့၊ မဟုတ်ရင် ကြယ်တစ်ထောင်မြို့တော်တုန်းကလို တစ်ခုခုနဲ့ ထပ်မှန်ခံနေရဦးမယ်"

"တောင်းပန်ပါတယ်"

ကျောက်လင်က ခေါင်းငုံ့သွားလေသည် ။

"ကျွန်မ ခန့်မှန်းတာ လွဲသွားတယ်၊ ကံကောင်းခြင်းတွေ ဖြစ်လာမယ်လို့ ထင်ခဲ့တာ"

ဖြစ်ပျက်နေသမျှ အရာအားလုံးကို သူမကိုယ်တိုင်ကြောင့်ဟုသာ အပြစ်တင်နေလေ၏။ ကောင်းကင်ယံမှ တိုက်ပွဲစတင်သွားပြီဖြစ်ကာ ဇောက်ထိုးဖြစ်နေသော မြို့တော်ထဲမှနေ၍ စစ်တုရင်ခုံပေါ်က နယ်ရုပ်များကဲ့သို့ စစ်သည်တော်များက ကောင်းကင်ယံမှ ပြုတ်ကျလာပြီး စစ်ဆေးရေးမှူးများနှင့် တိုက်ခိုက်နေကြလေတော့သည် ။

"တောင်းပန်နေစရာ မလိုပါဘူး၊ နောက်မှ ငါ့ကို ရထားဒင်္ဂါး ၂ ပြား ထပ်ပေးလိုက်ရုံပဲ"

သူမ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ မည်သို့ပင်ဆိုစေ ဤနေရာ၌ အဓိကရုဏ်းတစ်ခုက ဖြစ်ပေါ်လာမည်မှာ အသေအချာပင်။ မွန်ရိုးဂျီနာက အဖွဲ့အစည်းနှင့် ပတ်သက်သော သတင်းများကို ဖြန့်ဝေသွားမည်ဖြစ်ပြီး သူမ၏ ရည်ရွယ်ချက်က အမှောင်ထုထဲတွင် ဖြစ်ပျက်နေသော အချို့အရာများကို ဖုံးကွယ်ရန်အတွက် မြို့တော်ကို ဖရိုဖရဲဖြစ်သွားစေရန် အသေအချာပင် ဖြစ်လေ၏ ။

အခက်အခဲများစွာကို ဖြတ်ကျော်ပြီးနောက် ရဲချီယန်က ကျောက်လင်ကို ပြိုကျနေသော နံရံများနှင့် အပျက်အစီးများရှိရာ နယ်မြေဆီသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ပေသည် ။ အပြင်ဘက်ရှိ သွေးထွက်သံယိုနှင့် မီးဟုန်းဟုန်းတောက်နေသော မြင်ကွင်းနှင့်မတူဘဲ စားပွဲများနှင့် ကုလားထိုင်များကို သပ်ရပ်စွာ စီစဉ်ထားကာ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအပါအဝင် အသားစိမ်းရောင်ရှိသော အက်ဖ် ရာပေါင်းများစွာက အတူတကွ ထိုင်နေကြလေ၏ ။ သူ့ကို ဤနေရာသို့ ခေါ်လာခဲ့သော ကလေးငယ်နှင့် အန်နီတို့လည်း ထိုအထဲတွင် ပါဝင်နေလေသည် ။

"အစ်ကိုကြီးပဲ"

အန်နီလေးက ပါးစပ်ထောင့်မှ ထမင်းစေ့များကို သုတ်ကာ ပြေးလာလေ၏ ။

"အစ်ကိုကြီး၊ မမဂျီနာက အစ်ကိုကြီးအတွက် စာတစ်စောင် ထားခဲ့တယ်"

အန်နီက သူမအိတ်ကပ်ထဲမှ ထုတ်ပေးလာသော စာရွက်ကို သူ ယူလိုက်သည် ။ ထိုအပေါ်တွင် အနက်ရောင်စာကြောင်းတစ်ကြောင်း ရေးသားထားလေ၏။

"အခန်းထဲက ပလက်ဖောင်းကနေ ဒီမြို့ကနေ တိုက်ရိုက် ထွက်သွားလို့ရတယ်၊ ထွက်သွားမလား နေခဲ့မလားဆိုတာကတော့ ရှင်သာ ဆုံးဖြတ်ပါတော့၊ ဟိုလူလိမ်မပြောတာတွေကိုလည်း ဂရုစိုက်မနေနဲ့၊ ကျွန်မ ဒါကို စီစဉ်နေတာ ကြာပြီမို့လို့ ဘာမတော်တဆမှုမှ ဖြစ်လာမှာ မဟုတ်ဘူး၊ လူသစ်တစ်ယောက် အကူအညီပေးဖို့ ဘာမှမလိုဘူး"

စာရွက်ကို သိမ်းလိုက်ကာ ရဲချီယန်က ကျောက်လင်ကို ထိုအခန်းအတွင်းရှိ ဘူတာရုံထဲသို့ ခေါ်သွားလေ၏ ။ ယခင်နည်းလမ်းကို အသုံးပြု၍ သူက သူမ၏ရထားကိုပါ ထိုနေရာသို့ တည်နေရာ ရွှေ့ပြောင်းပေးလိုက်လေသည် ။

"အစ်ကိုချီယန် ဒီမှာ ဘာတွေဖြစ်တော့မှာလဲ"

"အကြမ်းဖက်တိုက်ခိုက်မှုပဲ"

"ဟင် ဒါ ဒါ ဒါဆိုရင် ကျွန်မ အခုပဲ ထွက်သွားတော့မယ်"

ထွက်ပြေးရန် ကြိုးစားနေသော ကျောက်လင်၏ ကော်လာကို သူ ဖမ်းဆွဲလိုက်လေ၏ ။

"ဘာလို့ ပြေးနေတာလဲ၊ တိုက်ခိုက်ခံရမှာက နင်မှမဟုတ်တာ၊ ဒီမှာပဲ လိမ်လိမ်မာမာလေး နေစမ်းပါ၊ နင်မသေပါဘူး"

သူထိုသို့ပြောသော်လည်း ကျောက်လင်မှာ အသေအလဲ ကြောက်ရွံ့နေဆဲဖြစ်ချေပြီ ။ သစ်သားနှင့် သတ္တုတို့ဖြင့် တည်ဆောက်ထားသော ခံတပ်အလား ထောင့်တစ်နေရာတွင် ကွေးကွေးလေးနေကာ သူမ၏ ရထားတွဲထဲသို့ တိုက်ရိုက်ပင် ဝင်ပုန်းနေတော့သည် ။

"ကျွန်မ အပြင်မထွက်ဘူး"

ဒါဆို အရင်က ကံဆိုးခြင်း ပလက်ဖောင်းတိုင်းကို သူမ ဒီလိုပုံစံမျိုးနဲ့ ဖြတ်သန်းခဲ့တာပေါ့လေ။ ဘူတာရုံထဲမှ ထွက်လာသောအခါ အပြင်ဘက်ရှိ မြင်ကွင်းက ကြီးမားစွာ ပြောင်းလဲသွားချေပြီ။ ကောင်းကင်ယံတွင် လျှပ်စီးသံချပ်ကာကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက အမြင့်တစ်နေရာ၌ ဂရုမစိုက်ဟန်ဖြင့် ရပ်နေလေ၏။ သူမ၏ ပတ်ဝန်းကျင်ရှိ ဆင့်ခေါ်ထားသော စစ်တုရင်နယ်ရုပ်စစ်သည်များက သတ်မှတ်ထားသော အကွာအဝေးတစ်ခုအတွင်းသို့ ဝင်ရောက်လာသောအခါ အစအနအဖြစ်သို့ ကြေမွပျက်စီးသွားကြလေတော့သည်။

"အင်ပါယာအမိန့်တော် အဖွဲ့အစည်းက အဖွဲ့ဝင်၊ ဆော်လမွန် မြို့တော်ထဲ ခိုးဝင်လာပြီး မင်း ဘာတွေလုပ်နေတာလဲ"

မွန်ရိုးဂျီနာက သူမ၏ ဓားတောင်ဝှေးကို လှည့်လိုက်ရာ ယဇ်ပူဇော်ခြင်း ကတ်ပြား · မေးခွန်းသုံးခုက သူမ၏ ဦးခေါင်းထက်တွင် ပေါ်ထွက်လာလေ၏ ။

"အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအနေနဲ့ကတော့ သေချာပေါက် ရှင်တို့ဝါဒဖြန့်ထားသလိုပဲ အစီအစဉ်တကျဖြစ်နေတာတွေကို ဖျက်ဆီးပစ်ဖို့ပေါ့"

သူမ၏ ပုံရိပ်သုံးပုံတစ်ပုံက လင်းလက်သွားပေသည်။

"မင်းတစ်ယောက်တည်းနဲ့လား"

လျှပ်စီးသံချပ်ကာက ပေါက်ကွဲထွက်သွားကာ ထိုအမျိုးသမီးက မွန်ရိုးဂျီနာ၏ ခေါင်းပေါ်သို့ ချက်ချင်း ပြေးတက်သွားပြီး အောက်သို့ ထိုးချလိုက်သော်လည်း မွန်ရိုးဂျီနာ၏ ပုံရိပ်က ရေပြင်ထက်က အရိပ်တစ်ခုပမာ ပျောက်ကွယ်သွားလေတော့သည် ။

"ဒီလောက်လည်း ဒေါသမကြီးပါနဲ့ ဟီးဟီး၊ ဆော်လမွန် မြို့တော်ရဲ့ လေးစားရပါသော စစ်ကြောရေးမှူးချုပ် ကျောက်ရှီး၊ ရှင်က တစ်ချိန်တုန်းက အမြဲတမ်း ရှေ့ကိုဆက်သွားနေတဲ့ လူတစ်ယောက်ပါ၊ အခုတော့ ပျင်းရိသူတွေအတွက် အစေခံတစ်ယောက် ဖြစ်လာပြီး အရင်ကထက် အများကြီး အားနည်းသွားပါလား"

ကျောက်ရှီး၏ မျက်နှာအမူအရာက မွန်ရိုးဂျီနာ၏ လှောင်ပြောင်မှုကြောင့် ပြောင်းလဲသွားခြင်း မရှိချေ ။ သူမက လက်သီးကိုဆုပ်လိုက်ရာ သူမ၏ ကိုယ်ခံပညာဝတ်စုံက လေမတိုက်ဘဲ လွင့်ဝဲနေတော့သည်။

"စကားတစ်ခွန်းနှစ်ခွန်းလေးနဲ့ ငါ့ကို ရန်စနိုင်မယ်လို့ မင်းထင်နေတာလား၊ အစေခံလား၊ ပျင်းရိသူတွေလား၊ အဲဒီသခင်ကြီးက ကျရှုံးသွားသူတွေကို မျှော်လင့်ချက်ရောင်ခြည်လေး ပေးဖို့အတွက် မြို့တော်ကို တည်ဆောက်ခဲ့တာ၊ ရေမြောင်းထဲမှာ လိုက်ကိုက်စားနေတဲ့ မင်းတို့လို ခြကောင်တွေက ငါတို့ကို ဝေဖန်ဖို့ ဘာအခွင့်အရေးရှိလို့လဲ"

All Chapters