အခန်း (၁၀၅-၁၀၆)
Vol. 11 Ch. 105-106
အခန်း (၁၀၅) စစ်ကြောရေး တံဆိပ်။
လက်ခံလိုက်သင့်သလား။ ရိုးသားစွာဆိုရလျှင် သူ့အနေဖြင့် ငြင်းဆန်ရန် အကြောင်းပြချက် သို့မဟုတ် လိုအပ်ချက် မရှိခဲ့ပေ။ သူက အင်ပါယာအမိန့်တော် အဖွဲ့အစည်း ၏ အဖွဲ့ဝင်ဖြစ်နေသော်လည်း အဖွဲ့အစည်းတစ်ခုတည်း၌သာ ကပ်တွယ်နေရမည်ဟု မဆိုလိုချေ။
သို့ရာတွင် ရဲချီယန်က အနည်းငယ်တော့ ရုန်းကန်ကြည့်ချင်သေးလေ၏။
"ကျွန်တော့်မှာ အဖွဲ့အစည်း ရှိပြီးသား"
"ကိစ္စမရှိပါဘူး၊ မင်းမှာ အဖွဲ့အစည်းတစ်ခုတည်း ရှိဖို့ မလိုပါဘူး၊ မင်းမကြိုက်ရင် နာမည်ကိုသာ ပြောလိုက် ငါနုတ်ထွက်ပေးမယ်၊ အဲဒီလူတွေက သဘောမတူဘူးဆိုရင် ငါကိုယ်တိုင်သွားပြီး အကြောင်းပြချက် ပေးလိုက်မယ်"
ကျောက်ရှီး၏ စကားကို ကြားသောအခါ သူ၏ စိတ်ထဲတွင် ရှာယာ နှင့် ကျောက်ရှီးတို့ တစ်ယောက်ဆံပင် တစ်ယောက်ဆွဲနေကြသည့် မြင်ကွင်းကို တိတ်တဆိတ် ပုံဖော်ကြည့်လိုက်မိပေသည်။ အတော်လေး စိတ်ဝင်စားစရာကောင်းသော်လည်း မလုပ်ရန် သူ ဆုံးဖြတ်လိုက်လေ၏။ အမျိုးသမီးနှစ်ဦး၏ တိုက်ပွဲကြားတွင် မြေစာပင် မဖြစ်ချင်ပေ။
ထိုအတွေးကို ဖယ်ရှားလိုက်ကာ ရဲချီယန်က မော့ကြည့်၍ ကျောက်ရှီး၏ အကြည့်များနှင့် ဆုံလိုက်လေ၏။
"ဘာလို့လဲဆိုတာ ပြောပြနိုင်မလား၊ ကျွန်တော့်ဆီမှာ ဘာမှထူးခြားတာ မရှိဘူးလို့ ထင်တယ်၊ ဆော်လမွန် မြို့တော် မှာ ကျွန်တော့်ထက်တော်တဲ့ ရထားမောင်းနှင်သူ တွေ အများကြီးရှိမယ်လို့ ထင်ပါတယ်"
ကျောက်ရှီးက သူမ၏ပါးကို ပြန်ထိုးလိုက်ကာ သားရေဖိနပ်ဝတ်ဆင်ထားသော သူမ၏ ခြေသလုံးလေးများကို လွှဲယမ်းရင်း ရယ်မောလိုက်လေ၏။
"မင်းပြောတာ မှန်တယ်၊ အဲဒါက မင်းဆီမှာ အမဲလိုက် စက်ယန္တရားနဂါး ရှိနေလို့ပဲ၊ မင်းဘာလုပ်လုပ် ဘာဖြစ်လာဖြစ်လာ ငါဂရုမစိုက်ဘူး၊ အမဲလိုက် စက်ယန္တရားနဂါး ကို ပိုင်ဆိုင်ထားတဲ့ မင်းက ငါ့ရဲ့ စစ်ကြောရေးခုံရုံး ကို ဝင်ဖို့ပဲ လိုတယ်၊ မဟုတ်ဘူး ငါ့ဆီကို ဝင်ဖို့ပဲ"
"ဘာလို့လဲ"
"အဲဒီနဂါးက မင်းထင်ထားတာထက် ပိုပြီး ထူးခြားတယ်"
ကျောက်ရှီးက သူမ၏ သေးငယ်သော ရင်ဘတ်ကို ပုတ်လိုက်လေ၏။
"စိတ်မပူပါနဲ့ ငါမလုပါဘူး၊ လုလို့လည်း မရလို့ပါ၊ မင်းဘာလုပ်ချင်လဲဆိုတာကိုလည်း ငါဝင်မစွက်ဖက်ဘူး၊ တကယ်တော့ မင်းရဲ့ ကိုယ်ရေးအချက်အလက်ကိုတောင် စစ်ကြောရေးခုံရုံး မှာ ထုတ်ဖော်ပြောမှာ မဟုတ်ဘူး၊ မင်းက အခြားအဖွဲ့အစည်းတွေကို ဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ ငါက နောင်တစ်ချိန်မှာ မင်းငါ့ကို ကူညီပေးဖို့ပဲ လိုတယ်၊ ဒီအဖြေကို ကျေနပ်ရဲ့လား"
ရဲချီယန်က ဆက်မမေးတော့ပေ။ ထပ်မေးနေလျှင်လည်း အဖြေထပ်ရမည်မဟုတ်ကြောင်း သူ ကောင်းကောင်းသိနေသောကြောင့် ဖြစ်လေ၏။ သူမလိုချင်သည်မှာ အမဲလိုက် စက်ယန္တရားနဂါး ဖြစ်ပြီး ၎င်းအတွက် စစ်ကြောရေးခုံရုံး တွင် နေရာတစ်ခုနှင့် သူ လုံးဝလျစ်လျူရှုနိုင်သော သို့မဟုတ် ငြင်းပယ်နိုင်သော အကူအညီတစ်ခုကို လဲလှယ်ပေးမည်ဖြစ်သည်။ ဤအပေးအယူက မဆိုးလှချေ။
"ငါမင်းကို တကယ်ကူညီနိုင်မယ်လို့ အာမမခံနိုင်ဘူး"
"ရပါတယ်"
"ဒါဆို အခု ကျွန်တော်က တရားသူကြီးချုပ် လို့ ခေါ်ရမလား"
"ဟီးဟီး မလိုပါဘူး၊ မင်းက စစ်ကြောရေးခုံရုံး အတွက် တကယ်အလုပ်လုပ်မှာမှ မဟုတ်တာ၊ အင်း ငါ့ကို ကျောက်ရှီး လို့ပဲ ခေါ်ပါ၊ ငါဂရုမစိုက်ပါဘူး"
ရဲချီယန်က ရထားပေါ်သို့ ပြန်တက်သွားကာ စနစ်က ရထားတွဲအတွင်းမှာသာ ရှိနေဟန်ဆောင်လျက် သူ၏ ကိုယ်ရေးအချက်အလက်ပြဘုတ်ရှိ အဖွဲ့အစည်းစာကြောင်းကို အပ်ဒိတ်လုပ်ရန် မှန်ကန်သော ရွေးချယ်မှုကို နှိပ်လိုက်လေ၏။
[အဖွဲ့အစည်း - အင်ပါယာအမိန့်တော် အဖွဲ့အစည်း / ဆော်လမွန် မြို့တော် စစ်ကြောရေးခုံရုံး]
ရထားပေါ်မှ ဆင်းလာသောအခါ ကျောက်ရှီးက ထောင့်တွင်ပုန်းနေသော ကျောက်လင်ထံသို့ ပြေးသွားနှင့်လေပြီ။ သူမက ကျောက်လင်ထက် အရပ်ပုသော်လည်း ကျောက်လင်၏ ပါးကို လက်ဖြင့် ဆက်တိုက်ပွတ်သပ်နေလေ၏။
"မင်းဆီမှာ ထူးဆန်းတဲ့ အနံ့လေး ရှိနေတယ်၊ နည်းနည်းတော့ မနှစ်မြို့စရာကောင်းပေမယ့် ဆွဲဆောင်မှုလည်း ရှိတယ်၊ ဟေ့ ရဲချီယန် မင်းရဲ့ ချစ်သူကောင်မလေးကိုလည်း ငါ့ရဲ့ စစ်ကြောရေးခုံရုံး ထဲ ဝင်ခိုင်းလိုက်ရမလား"
"ကျွန်တော်တို့က သူငယ်ချင်းတွေပါ၊ အဲဒီလို ပတ်သက်မှုမျိုး မဟုတ်ဘူး"
ရဲချီယန်က ရှင်းပြရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။ တကယ်တမ်းဆိုရလျှင် သူတို့က သူငယ်ချင်းပင် မဟုတ်ချေ၊ အပေးအယူဆက်ဆံရေး ဟုဆိုလျှင် သိပ်ပြီး နားထောင်လို့ မကောင်းသောကြောင့်သာ ဖြစ်လေ၏။
"ကိစ္စမရှိပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် သူမက မင်းစကားကို အကုန်နားထောင်တာပဲကို"
ကျောက်လင်၏ ပါးကို ဆွဲလိမ်လိုက်ပြီးနောက် ရဲချီယန် မလျှောက်လာခင်မှာပင် သူမက ရထားခေါင်မိုးပေါ်သို့ ခုန်တက်ကာ ထိုင်လိုက်လေသည်။ သူမ၏အရပ်က မြေပြင်ပေါ်တွင် နေရန်မသင့်တော်ကြောင်းနှင့် ထိုသို့နေပါက သူမ၏ ဩဇာအာဏာကို လျော့ကျသွားစေမည်ဖြစ်ကြောင်း သူမ ကောင်းကောင်းသိနေသည်မှာ ထင်ရှားပေ၏။ ဤအချိန်တိုအတွင်း ရဲချီယန်အနေဖြင့် ကျောက်ရှီးထံမှ မည်သည့် ဩဇာအာဏာကိုမျှ မခံစားရသော်လည်း သူမက တရားသူကြီးချုပ် တစ်ယောက်ဖြစ်နေဆဲ ဖြစ်လေသည်။
မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသော ကျောက်လင်က သတိကြီးစွာဖြင့် မော့ကြည့်လိုက်လေ၏။ ရဲချီယန် လျှောက်လာသည်ကို မြင်သောအခါ သူမက သူ့အင်္ကျီလက်ကို အလိုအလျောက်ပင် ဖမ်းဆွဲလိုက်ပေသည်။
"အစ်ကိုချီယန် ကျွန်မ လက်ခံလိုက်သင့်လား"
"သဘောပဲလေ"
"ဒါဆို"
သူမက ရှန်ကွမ်းရင်းရွှယ် ထံမှရရှိခဲ့သော စနစ် ထိန်းချုပ်ရေး ခေါက်ဖုန်း ကို အိတ်ကပ်ထဲမှ ထုတ်ယူကာ လက်ခံသည် ဆိုသည့် ရွေးချယ်မှုကို နှိပ်လိုက်လေ၏။ ရထားခေါင်မိုးပေါ်တွင် ထိုင်နေသော ကျောက်ရှီးက မတူညီသော တံဆိပ်နှစ်ခုကို ထုတ်ယူကာ ပစ်ပေးလိုက်ပေသည်။
"ဒီဟာတွေ ယူထားလိုက်"
[စစ်ကြောရေး တံဆိပ်] [ဆော်လမွန် မြို့တော် စစ်ကြောရေးခုံရုံး၏ တတိယအဆင့် တရားသူကြီးတစ်ဦးဖြစ်ကြောင်း ကိုယ်စားပြုသော တံဆိပ်၊ ဤပစ္စည်းကို ကိုင်ဆောင်ထားခြင်းဖြင့် မည်သည့်မြို့တော်၏ အထက်ပိုင်းရပ်ကွက်များကိုမဆို ဝင်ရောက်နိုင်ပြီး အဆင့် ၄ နှင့်အထက် ပစ္စည်းများကို ဝယ်ယူနိုင်သည်]
[စစ်ကြောရေး တံဆိပ်] [ဆော်လမွန် မြို့တော် စစ်ကြောရေးခုံရုံး၏ ပထမအဆင့် တရားရေးအရာရှိတစ်ဦးဖြစ်ကြောင်း ကိုယ်စားပြုသော တံဆိပ်]
တံဆိပ်နှစ်ခုက ကွဲပြားလေ၏။ ရဲချီယန်၏ လက်ထဲရှိ တံဆိပ်က ဇောက်ထိုးဖြစ်နေသော ခရုပတ်ဓားပုံစံဖြင့် ပိုမို သပ်ရပ်လှပသော်လည်း ကျောက်လင်၏ တံဆိပ်ကမူ ကျည်ဆန်ပုံစံသာ ဖြစ်လေသည်။
"ဒါတွေက စစ်ကြောရေးခုံရုံး ရဲ့ ကိုယ်ရေးအချက်အလက် တံဆိပ်တွေပဲ၊ အဲဒါတွေကို ဝတ်ထားရင် အခြားသူတွေက မင်းတို့ စစ်ကြောရေးခုံရုံး ကဆိုတာ သိလိမ့်မယ်၊ တခြားမြို့တွေက အောက်ခြေအလုပ်သမားတွေ မင်းတို့ကို အခက်တွေ့အောင် လုပ်မှာမဟုတ်ဘူး"
ကျောက်ရှီးက ပို၍ သက်တောင့်သက်သာရှိသော အနေအထားသို့ ပြောင်းထိုင်လိုက်ကာ သမ်းဝေလိုက်ပြီးနောက် အနည်းငယ် ပင်ပန်းနေပုံရလေ၏။
"တကယ်ပါပဲ တစ်ခါတည်းနဲ့ စကားတွေ အများကြီး ပြောလိုက်ရတာ ဆူညံနေတာပဲ"
သူမက သူမ၏ ကိုယ်ပိုင် နေရာလွတ်ထဲသို့ လက်နှိုက်ကာ အဆက်မပြတ် မြည်နေသော ဖုန်းတစ်လုံးကို ဆွဲထုတ်လိုက်လေသည်။ ဖုန်းဖြေဆိုသည့် ခလုတ်ကို နှိပ်လိုက်သည်နှင့် တစ်ဖက်မှ အမျိုးသမီးတစ်ဦး၏ အသံက ချက်ချင်းပင် ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။
"တရားသူကြီးချုပ် အင်ပါယာအမိန့်တော် အဖွဲ့အစည်း က လူတွေ စည်းကမ်းထိန်းသိမ်းရေး ခန်းမကို တိုက်ခိုက်နေပြီ"
"ဪ မွန်ရိုးဂျီနာ ကို ငါ မောင်းထုတ်လိုက်ပြီပဲ"
"သူမဟုတ်ဘူး"
"ဟင် မဖြစ်နိုင်တာ၊ ငါမြို့ထဲမှာ ကြောက်စရာကောင်းတဲ့ အဖွဲ့ဝင်တစ်ယောက်ရဲ့ အနံ့ကိုပဲ ရတာ၊ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အနံ့ကို ငါ တော်တော်လေး မှတ်မိပါတယ်"
"တကယ်ပြောတာပါ၊ စစ်ပွဲ နက္ခတ်ဗေဒင် ပြီးတော့ နတ်နဂါး၊ သူတို့ ဝင်လာနေပြီ၊ အမိန့် ကတ်ပြား သိမ်းထားတဲ့ ယဇ်ပလ္လင်ဆီကို မကြာခင် ရောက်တော့မယ်"
"ဪ ဒါဆိုလည်း မင်းတို့ပဲ တားထားလိုက်ကြ၊ သူတို့ကို ယဇ်ပလ္လင်ထဲ ပေးမဝင်နဲ့"
"ကျောက်ရှီး၊ အထက်လူကြီးတွေက မင်းကို တရားသူကြီးချုပ် ခန့်ထားတာ စည်းကမ်းကို ကာကွယ်ဖို့အတွက်လေ၊ မြန်မြန် ပြန်လာခဲ့၊ ငါတို့ လုံးဝမတားနိုင်တော့ဘူး"
"ပါးစပ်ပိတ်ထား၊ ဆူညံနေတာပဲ"
ဖုန်းတစ်ဖက်မှ အသံက ရုတ်တရက် ရပ်တန့်သွားလေ၏။
"တ တရားသူကြီးချုပ်"
ကျောက်ရှီး၏ မျက်နှာအမူအရာက အနည်းငယ် ပို၍ အေးစက်သွားပေသည်။
"ငါအလုပ်များနေတယ်၊ ငါ့ကို လာမနှောင့်ယှက်နဲ့"
ရွှတ်ခနဲ အသံနှင့်အတူ ဖုန်းက အပိုင်းပိုင်း ကွဲကြေသွားလေတော့သည်။
ကျောက်ရှီးက ပို၍ သက်တောင့်သက်သာရှိသော အနေအထားသို့ ပြောင်းထိုင်လိုက်ကာ ရဲချီယန်ကို ကြည့်လိုက်ပြီးနောက် သူမ၏ မျက်နှာအမူအရာက ယခင်အတိုင်း ပြန်ဖြစ်သွားလေ၏။ သူမ၏ နက်ရှိုင်းသော အပြာရောင် မျက်လုံးများတွင် အဓိပ္ပာယ်မသိရသော အရိပ်အယောင်တစ်ခုက လင်းလက်သွားပေသည်။ သူမက အလျင်စလို ပြန်သွားရန် အစီအစဉ်မရှိပုံပေါ်ချေပြီ။
စည်းကမ်း၊ ယဇ်ပလ္လင်။
အင်ပါယာအမိန့်တော် အဖွဲ့အစည်း မှ လူများက ဆော်လမွန် မြို့တော် အပေါ် သက်ရောက်မှုရှိသော အမိန့် ကတ်ပြား ကို သိမ်းပိုက်ရန် ကြိုးစားနေကြကြောင်း ရဲချီယန် ကောင်းကောင်း သိလေ၏။ သို့သော် သူ ကောင်းကောင်းသိသည့် နောက်တစ်ခုလည်း ရှိပေသေးသည်။ ၎င်းက တကယ့် ရည်ရွယ်ချက် မဟုတ်ချေ။ မွန်ရိုးဂျီနာ ၏ ပြောစကားအရ ဤအင်ပါယာအမိန့်တော် အဖွဲ့အစည်း ၏ လှုပ်ရှားမှုက ဆော်လမွန် မြို့တော် ၏ အောက်တွင် ချိတ်ပိတ်ခံထားရသော တစ်စုံတစ်ခုကို လွှတ်ပေးရန် ဖြစ်လေသည်။
အခု အထက်ပိုင်းရပ်ကွက်ဆီသွားပြီး ထိုအမိန့် ကတ်ပြား ကို သိမ်းပိုက်ခြင်းကလည်း ထိုအရာကို ချိတ်ပိတ်ဖြေရန်အတွက် အာရုံလွှဲခြင်းတစ်ခု ဖြစ်နိုင်ချေရှိပေသည်။ ထိုသို့ဆိုလျှင် သူအခု လုပ်နေသောအရာကလည်း အာရုံလွှဲနည်းတစ်ခုများ ဖြစ်နေမလား။ လူလိမ်မ ကျူရှင်းထူက ဤအချိန်အတွက်များ သူ့ကို မြို့တော်ဆီ ခေါ်လိုက်တာလား။
"တကယ်ပဲ ပြန်သွားစရာ မလိုဘူးလား"
"ကိစ္စမရှိပါဘူး၊ အဲဒီကတ် ပျောက်သွားတာက ပိုတောင်ကောင်းသေးတယ်၊ တစ်နေကုန် ပျင်းရိခြင်းတို့ စည်းကမ်းတို့အကြောင်း ကြားနေရတာ နားငြီးသာ သက်သာသွားဦးမယ်၊ တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပဲ"
ကျောက်ရှီးက စိတ်ပျက်လက်ပျက်ဖြင့် နှာမှုတ်လိုက်ကာ ရဲချီယန်၏ မျက်နှာဆီသို့ အကြည့်လွှဲလိုက်လေ၏။
"မှတ်ထားနော်၊ နောင်ကျရင် အမဲလိုက် စက်ယန္တရားနဂါး နဲ့ ပတ်သက်တဲ့ ပြဿနာတွေ ကြုံလာရရင် ငါ့ကို မဖြစ်မနေ ဆက်သွယ်ရမယ်၊ မင်းကို ငါ ကူညီဖြေရှင်းပေးမယ်"
ရထားခေါင်မိုးပေါ်မှ ခုန်ဆင်းလာကာ ကျောက်ရှီးက နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားပြီး မထွက်သွားခင် နောက်ဆုံးစကားတစ်ခွန်း ချန်ထားရစ်ခဲ့လေသည်။
"နောက်တစ်ခါ ပြုပြင်ထိန်းသိမ်းမှု လုပ်ချင်ရင် ဒီလိုနေရာမျိုးကို ထပ်မလာနဲ့၊ မင်းသိမှာမဟုတ်ဘူး၊ ဒီနေရာက လေထုထဲမှာ ခုနက ငါနဲ့ရင်ဆိုင်ခဲ့တဲ့ အမျိုးသမီးရဲ့ အနံ့ကို ရလိုက်တယ်၊ မင်းကို လှည့်စားသွားတာ သူမ ဖြစ်လိမ့်မယ်"
အခန်း (၁၀၆) သေလုမျောပါး ဖြစ်နေသော မွန်ရိုးဂျီနာ။
ကျောက်ရှီး ထွက်ခွာသွားလေပြီ။ သူမက အထက်ပိုင်းမှ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ရှိနေသေးသည်။ ဆော်လမွန်မြို့တော်တွင် တည်ရှိနေသော အမိန့်ကတ်ပြားကို သူမက သဘောမကျခဲ့ပေ။ ထို့ပြင် အဆိုပါကတ်ပြား အခိုးခံရမည်ကို ကျောက်ရှီးက တစ်စိတ်တစ်ပိုင်း မျှော်လင့်နေကြောင်းပင် သိသာထင်ရှားလှချေသည်။
"မင်းရဲ့ စက်ယန္တရားနဂါးကို သေချာဂရုစိုက်ထား၊ နောက်တစ်ခါ ငါတို့တွေ့တဲ့အချိန်ကျရင် အဲဒါကြီး ပျက်စီးနေတာကို မမြင်ချင်ဘူး"
၎င်းက ကျောက်ရှီး မထွက်ခွာမီ ချန်ထားရစ်ခဲ့သော နောက်ဆုံးစကားပင် ဖြစ်လေ၏။ ကျယ်ဝန်းလှသော ပလက်ဖောင်းနေရာကြီးက တိတ်ဆိတ်ငြိမ်သက်ခြင်းဆီသို့ ပြန်လည်ရောက်ရှိသွားပေသည်။
စကားသိပ်မပြောဘဲ ငြိမ်နေခဲ့သော ကျောက်လင်က ဤအချိန်ရောက်မှသာ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်နိုင်လေတော့သည်။
"အစ်ကိုချီယန် အဲဒီတရားသူကြီးချုပ်နဲ့ တော်တော်ရင်းနှီးတာလား"
"နင် အကုန်ကြားတာပဲ မဟုတ်ဘူးလား၊ ငါတို့အခုမှ ပထမဆုံးအကြိမ် ဆုံဖူးတာပါ၊ ဒီစက်ယန္တရားနဂါးကြောင့်သာ"
သူစကားပြောလို့ မဆုံးသေးခင်မှာပင် သဲ့သဲ့မျှထွက်ပေါ်လာသော အသံတစ်သံက သူ၏အာရုံကို ဖမ်းစားသွားလေ၏။
"ဘာဖြစ်လို့လဲ"
"တိတ်တိတ်နေ"
သူက ကောင်းကင်ယံသို့ မော့ကြည့်လိုက်လေသည်။ ဇယားကွက်ပုံစံရှိသော နေရာလွတ်က တဖြည်းဖြည်း ဖောင်းကြွလာရာ ရထားတစ်စင်းစင်းက ထိုနေရာသို့ တည်နေရာရွှေ့ပြောင်းခံနေရကြောင်း ညွှန်ပြနေပေသည်။
ဘယ်သူများဖြစ်နိုင်မလဲ။ မွန်ရိုးဂျီနာလား။ သို့သော် ထိုအချိန်မှာပင် ဟိန်းဟောက်သံနှင့်အတူ ဇယားကွက်ကြီးက အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။ ပြင်းထန်စွာ ပျက်စီးနေသော ရထားတစ်စင်းက ကောင်းကင်ယံမှ ပြုတ်ကျလာကာ မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် စောင့်အကျတွင် အထူးတလည် သနားစရာကောင်းလောက်အောင် စုတ်ပြတ်သတ်နေချေပြီ။
ဤရထားကို သူ အရင်က မြင်ဖူးလေ၏။ ၎င်းက လေထဲတွင် ကျောက်ရှီးနှင့် ရင်ဆိုင်ခဲ့စဉ်က မွန်ရိုးဂျီနာ အသုံးပြုခဲ့သော ရထားပင်တည်း။
"အစ်မဂျီနာလား"
ခဏမျှ တွေဝေသွားပြီးနောက် ရဲချီယန်က အလျင်အမြန်ပင် ရှေ့သို့ တိုးသွားလိုက်သည်။ ရထားတံခါး ပွင့်လာလေ၏။
သူ၏ မျက်လုံးထဲသို့ ဝင်ရောက်လာသောအရာမှာ နှစ်ပိုင်းကျိုးနေသည့် ဓားတောင်ဝှေးတစ်ခုနှင့် ဝမ်းဗိုက်တွင် နက်ရှိုင်းသော ဒဏ်ရာကြီးတစ်ခု ရရှိထားကာ မြေပြင်ပေါ်တွင် လဲကျနေသော မွန်ရိုးဂျီနာပင် ဖြစ်လေတော့သည်။ သူမ မျက်နှာပေါ်ရှိ မျက်နှာဖုံးအများစုမှာ ကွဲကြေနေပြီး ဖုံးကွယ်ထားသော မျက်နှာကို ပေါ်လွင်နေစေပေသည်။ မှောင်မိုက်သော ရွှေရောင်မျက်လုံးများက ရှင်းပြ၍မရအောင်ပင် မှေးမှိန်နေချေပြီ။
ရဲချီယန် ရောက်လာသည်ကို မြင်သောအခါ သူမက ရုန်းကန်ထရန် ကြိုးစားသော်လည်း ဒဏ်ရာများကြောင့် လှုပ်ရှား၍မရနိုင်ခဲ့ချေ။
"အဟွတ် မျိုးဆက်သစ်လေးတစ်ယောက်ကို ငါ့ရဲ့ ဒီလောက်သနားစရာကောင်းတဲ့ အခြေအနေကို ပေးမြင်လိုက်ရတာ တကယ်ကို ရှက်စရာကောင်းတာပဲ"
"ဟူး ဟူး အရင်က ဒီလောက်ထိ စုတ်ပြတ်သတ်နေတာမျိုး တစ်ခါမှ မဖြစ်ဖူးဘူး"
သူမက အသက်ရှူရခက်ခဲနေကာ နာကျင်မှုကြောင့် ခန္ဓာကိုယ်မှာ အဆက်မပြတ် တုန်ယင်နေလေ၏။
"မလှုပ်နဲ့ ဒဏ်ရာက တော်တော်ပြင်းထန်တယ်၊ ဒီအတိုင်းဆက်သွားရင် အစ်မ သေသွားလိမ့်မယ်"
ရဲချီယန်က ဆရာဝန်တစ်ယောက်မဟုတ်သော်လည်း မွန်ရိုးဂျီနာ၏ လက်ရှိအခြေအနေ မည်မျှဆိုးရွားနေကြောင်းကို သိနိုင်ပေသည်။ ကျိုးပဲ့နေသော မျက်နှာဖုံးမှတစ်ဆင့် ပေါ်ထွက်နေသည့် ဖြူဖွေးသည့်ပါးပြင်တွင် သွေးရောင်မရှိတော့ဘဲ မှောင်မိုက်သော ရွှေရောင်မျက်လုံးများကလည်း အဆက်မပြတ် အာရုံလွတ်နေချေပြီ။
၎င်းက သူမ၏ အဆုံးသတ်ရောက်လုနီးပြီဖြစ်ကြောင်း ပြသနေသော လက္ခဏာပင် ဖြစ်လေ၏။ သူမ သေလုမျောပါး ဖြစ်နေပေသည်။
"ငါသိပါတယ် ဟီးဟီး၊ ဒါပေမဲ့ အခုတော့ အဲဒါတွေက အရေးမကြီးတော့ပါဘူး"
မွန်ရိုးဂျီနာက သူမ၏ ခန္ဓာကိုယ်အောက်မှ အနက်ရောင် သေတ္တာငယ်တစ်ခုကို ဆွဲထုတ်လိုက်လေသည်။
"ငါက အဲဒီ ချိတ်ပိတ်ထားမှုကို အထင်သေးခဲ့မိတယ်၊ ပြီးတော့ ဆော်လမွန်မြို့တော်ကိုလည်း အထင်သေးမိခဲ့တယ်၊ ဒါပေမဲ့ သူတို့ကလည်း ငါ့ကို အထင်သေးခဲ့ကြတာပဲလေ အဟွတ်၊ ဒါက အဲဒီ ချိတ်ပိတ်ထားတဲ့အရာပဲ၊ ဘယ်လိုလဲ၊ သာမန်ပဲလို့ ထင်ရတယ်မလား"
"ချိတ်ပိတ်ထားတဲ့အရာ ဟုတ်လား"
"ဟီးဟီး အထဲကဟာကို ယူဖို့ ချိတ်ပိတ်ထားတာကို ဖြေလို့မရခဲ့ဘူး၊ အဲဒါနဲ့ ချိတ်ပိတ်ထားတဲ့အရာတစ်ခုလုံးကိုပဲ လုယူလာခဲ့လိုက်တယ်၊ တစ်နည်းအားဖြင့်တော့ ငါအောင်မြင်ခဲ့တယ်လို့ ပြောလို့ရတာပေါ့"
မွန်ရိုးဂျီနာ၏ မျက်နှာအမူအရာက တဖြည်းဖြည်း ပို၍ မိန်းမောတွေဝေလာလေ၏။ မြေပြင်ပေါ်တွင် လဲလျောင်းနေသော သူမ၏ပတ်လည်တွင် ပြန့်ကျဲနေသော ယဇ်ပူဇော်ခြင်းကတ်ပြားအနည်းငယ်က ထွက်ခွာတော့မည့် သူတို့၏သခင်ကို ဝမ်းနည်းပူဆွေးနေသည့်အလား လွင့်မျောနေကြလေသည်။
သူမက သေတ္တာကို ရဲချီယန်၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်ပေသည်။
"ရော့ အထဲမှာ ဘာရှိလဲဆိုတာကို ငါမသိပေမယ့် ဟီးဟီး တစ်နေ့နေ့ကျရင် မင်း အဲဒါကို ချိတ်ပိတ်ဖြေနိုင်ခဲ့ရင် ကိုယ်ပိုင်မက်ဆေ့ချ်ကနေတစ်ဆင့် ငါ့ကို လာပြောပြဖို့ မမေ့နဲ့နော်"
ရဲချီယန်က သေတ္တာကို တိတ်ဆိတ်စွာ လှမ်းယူလိုက်ပြီး ဘေးသို့ချထားလိုက်လေ၏။ မွန်ရိုးဂျီနာကို ကြည့်ကာ သူက မေးလိုက်သည်။
"ကျွန်တော် ဘယ်လိုကူညီပေးရမလဲ"
မွန်ရိုးဂျီနာက ခေါင်းခါလိုက်ကာ သက်သာရာရသွားဟန်ဖြင့် ပြုံးလိုက်လေသည်။
"မင်း ကူညီပေးလို့ မရပါဘူး၊ ဒီဒဏ်ရာက ကျိန်စာကတ်ပြားကြောင့် ဖြစ်ရတာ၊ အချိန်အလုံအလောက်ရရင်တော့ ဖြေရှင်းဖို့ နည်းလမ်းရှိနိုင်ပေမယ့် ကံမကောင်းစွာနဲ့ပဲ အခုအချိန်မှာ ရှာယာသာ ဒီမှာရှိနေမယ်ဆိုရင်တော့၊ ဟီးဟီး နှမြောစရာပဲ သူက ဒီမှာမှမရှိတာ၊ ငါ့အတွက် ကျန်နေတဲ့ အချိန်တိုလေးအတွင်းမှာ သူမရဲ့ စွမ်းအားကပဲ ဒီကျိန်စာကို ဖြေဖျောက်ပေးနိုင်မှာပါ"
ရှာယာ၏ စွမ်းအား ဟုတ်လား။ ရဲချီယန်က မျက်မှောင်အနည်းငယ် ပင့်လိုက်ကာ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားလေ၏။ မွန်ရိုးဂျီနာ၏ အကြည့်များအောက်မှာပင် သူက ရထားပေါ်သို့ အလျင်အမြန် ပြေးတက်သွားကာ သာမန်သိုလှောင်မှု နေရာလွတ်ထဲမှ သကြားလုံးတစ်လုံးကို ဆွဲထုတ်လိုက်ပေသည်။
"ဒါဆိုရင် အဆင်ပြေလောက်တယ်မလား"
မွန်ရိုးဂျီနာ၏ ရထားပေါ်သို့ ပြန်ရောက်လာသောအခါ မြေပြင်ပေါ်တွင် လဲလျောင်းနေသော သူမက ရဲချီယန်ကိုမြင်လျှင် အနည်းငယ် ပြုံးလိုက်လေ၏။
"ငါ"
"ပါးစပ်ဟလိုက်"
"အင်း"
ချိုမြိန်သောရနံ့တစ်ခုက မွန်ရိုးဂျီနာ၏ ပါးစပ်အတွင်း ပေါက်ကွဲထွက်လာတော့သည်။ ရဲချီယန်က သကြားလုံးတစ်လုံးလုံးကို မွန်ရိုးဂျီနာ၏ ပါးစပ်ထဲသို့ အတင်းထိုးသွင်းလိုက်ခြင်း ဖြစ်လေ၏။ သူမ၏ မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားလေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် အဆက်မပြတ် သွေးထွက်နေသော ဒဏ်ရာက ချက်ချင်း ရပ်တန့်သွားပေသည်။
ထို့နောက် ကြွယ်ဝလှသော သက်စောင့်စွမ်းအားများက ဒဏ်ရာမှတစ်ဆင့် အသားစသစ်များကို ရက်လုပ်ပေးကာ လုံးဝကျက်သွားသည်အထိ ကျန်ရစ်နေသော ကျိန်စာများကို ခုခံချေဖျက်ပေးလိုက်တော့သည်။ ပြားချပ်ချောမွေ့နေသော သူမ၏ဝမ်းဗိုက်ပေါ်တွင် ကျန်ရှိနေသော သွေးကွက်အချို့သာ မရှိခဲ့လျှင် ထိုနေရာ၌ အသက်အန္တရာယ်ရှိသော ကြောက်မက်ဖွယ် ဒဏ်ရာကြီးတစ်ခု ရှိခဲ့ဖူးကြောင်းကို မှန်းဆရန်ပင် ခက်ခဲလှချေပြီ။
ပေါ့ပ်။
မွန်ရိုးဂျီနာ ပြန်လည်ကောင်းမွန်လာသည်ကို မြင်သောအခါ ရဲချီယန်က သူ၏လက်ကို ရုပ်သိမ်းလိုက်ကာ သူမ၏ ပါးစပ်ထဲမှ သကြားလုံးကို ဆွဲထုတ်လိုက်လေ၏။ ကျန်ရှိနေသော သကြားလုံး အနည်းငယ်ကို ကြည့်ကာ နှမြောတသဖြစ်စွာဖြင့် သက်ပြင်းချလိုက်လေသည်။
"ဘာမှတောင် မကျန်တော့ဘူး၊ အစ်မဂျီနာ ကျွန်တော့်ကို ပိုက်ဆံပြန်ပေးဖို့ မမေ့နဲ့နော်၊ အဲဒါက တော်တော်ဈေးကြီးတာ"
မွန်ရိုးဂျီနာမှာ နေရာတွင်ပင် အေးခဲသွားကာ ဖြည်းညင်းစွာ ထိုင်လိုက်လေ၏။ သူမ၏ ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ရဲချီယန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်ပေသည်။
"ငါ့ကို ဘာလုပ်လိုက်တာလဲ"
"အစ်မကို ကယ်လိုက်တာပေါ့၊ ဒီသကြားလုံးက အစ်မရှာယာ ကျွန်တော့်ကို ပေးထားတာ၊ သူမရဲ့ စွမ်းအားကမှ ကျိန်စာကို ဖယ်ရှားနိုင်တယ်လို့ အစ်မပဲ ပြောခဲ့တာ မဟုတ်ဘူးလား"
[ရှာယာ၏ ကုသရေး သကြားလုံး (အဆင့် ၈)]
[မသေသေးသရွေ့ အသက်ရှင်နိုင်သည်]
ရဲချီယန်က ဤဖော်ပြချက်၏ တန်ဖိုးကို အပြည့်အဝ နားလည်သဘောပေါက်သွားလေတော့သည်။
"ကျေးဇူးတင်ပါတယ်"
မွန်ရိုးဂျီနာက မတ်တတ်ရပ်လိုက်ကာ သူမ၏ နှုတ်ခမ်းထက်၌ ကျန်ရစ်နေသော အချိုဓာတ်ကို ညင်သာစွာ လျှာဖြင့်လျက်လိုက်လေ၏။
"မင်း ငါ့ကို ကယ်တင်ခဲ့တာပဲ၊ လူသစ်တစ်ယောက်ရဲ့ ကယ်တင်တာကို ခံရလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး"
ရဲချီယန်က ပခုံးတွန့်ပြလိုက်သည်။
"လူလိမ်မ စီနီယာတစ်ယောက်က ပြောခဲ့တယ် မဟုတ်ဘူးလား၊ ကျွန်တော်က ဒီနေရာမှာ အသုံးဝင်လိမ့်မယ်တဲ့၊ ကြည့်ရတာ ဒါက ကျွန်တော့်ရဲ့ အသုံးဝင်မှုပဲ ထင်တယ်"
"ဟီးဟီး အဲဒီ လူလိမ်မပြောတာတွေကို နားမထောင်ပါနဲ့၊ ကံကြမ္မာနဲ့ ပတ်သက်ပြီး သူမပြောသမျှက အကုန်မှန်နေတာမှ မဟုတ်တာ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်၊ အင်း ငါ မင်းကို ကျေးဇူးဆပ်မှာပါ၊ ဒါပေမဲ့ အဲဒီမတိုင်ခင် အဝတ်အစားလဲဖို့ ငါ့ကို အချိန်ခဏလောက် ပေးနိုင်မလား"
သူမက ပေါ်နေသော ဝမ်းဗိုက်ကို လက်ညိုးထိုးပြလိုက်လေ၏။
"ကောင်းပါပြီ"
ရထားအပြင်ဘက်သို့ လျှောက်ထွက်လာသောအခါ ကျောက်လင်က အပြင်ဘက်တွင် ရပ်ကာ အထဲသို့ စပ်စုချင်စိတ်ဖြင့် လှမ်းကြည့်နေလေသည်။
"အစ်ကိုချီယန် ဒါက ဘယ်သူ့ရထားလဲ၊ အစ်ကိုသိတဲ့လူ နောက်တစ်ယောက်ပဲလား"
"အင်း သဘောကောင်းတဲ့ စီနီယာတစ်ယောက်ပါ၊ သူက နင့်ထက် ပိုလှတယ်"
"ဟင် ကျွန်မ ကျွန်မက ရုပ်ဆိုးနေလို့လား"
ကျောက်လင်က ပါးစပ်လေးစူကာ ရဲချီယန်၏ စကားကို အလွန်မကျေမနပ်ဖြစ်သွားသော်လည်း ထိုမကျေနပ်မှုက အချိန်ကြာကြာ မခံခဲ့ပေ။ မွန်ရိုးဂျီနာက အဝတ်အစားအသစ်တစ်စုံ လဲလှယ်ပြီးနောက် ရထားထဲမှ ထွက်လာသောအခါ သူမမျက်နှာပေါ်ရှိ မျက်နှာဖုံးမှာ မရှိတော့ချေ။ အခြားအမျိုးသမီးများပင် အလွန်အမင်း မနာလိုဖြစ်သွားစေနိုင်သော မျက်နှာတစ်ခုက ကျောက်လင်ကို ချက်ချင်းပင် ယုံကြည်မှု ပျောက်ဆုံးသွားစေတော့သည်။
မွန်ရိုးဂျီနာက သူမ၏ ဓားတောင်ဝှေးကို မှီလျက် တိုက်ရိုက်ပင် လျှောက်လာလေ၏။ ရဲချီယန်၏ နောက်တွင် ပုန်းနေသော ကျောက်လင်ကို မြင်သောအခါ သူမက ညင်သာစွာ ပြုံးပြလိုက်ပေသည်။
"ဒါကရော"
"သူငယ်ချင်းတစ်ယောက်ပါ ကျောက်လင်လို့ ခေါ်တယ်၊ သူမက ကျွန်တော်နဲ့ တစ်သုတ်တည်း ပါလာတဲ့ ကံဆိုးတဲ့ လူသစ်လေးပေါ့၊ ကံဆိုးတာတွေ ဖယ်ရှားပစ်ဖို့ သူ့ကို ခေါ်လာခဲ့တာ"
"သူမက အရမ်းလှတာပဲ၊ ညီမလေး ကျောက်လင် ဟီးဟီး၊ ရဲချီယန်နဲ့ အစ်မကို အချိန်ခဏလောက် ပေးနိုင်မလား၊ အစ်မ သူ့ကို ပြောစရာလေးရှိလို့"