အခန်း (၁၀၇-၁၀၈)
Vol. 11 Ch. 107-108
အခန်း (၁၀၇) နတ်ဆိုး ကတ်ပြား · မာနတရား။
အလွန်လှပသော အမျိုးသမီးကြီးတစ်ဦးထံမှ အလှအပအတွက် ချီးကျူးခံရခြင်းကြောင့် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကျောက်လင်၏ စိတ်အခြေအနေက ချက်ချင်းပင် ကောင်းမွန်သွားလေ၏။
"ကောင်းပါပြီ ကျွန်မ သွားတော့မယ်"
ထွက်သွားရန် ပြောခံရခြင်းအတွက် သူမက မည်သို့မျှ စိတ်မခုမိဘဲ အမြန်ပင် ထွက်ခွာသွားကာ သူမ၏ ကိုယ်ပိုင်ရထားပေါ်သို့ ပြန်တက်သွားပြီး အိမ်တွင်ပုန်းနေသော ပွေးတစ်ကောင်လို ဆက်လက်နေထိုင်လေတော့သည်။
"ကျေးဇူးတင်ပါတယ်" မွန်ရိုးဂျီနာက ထပ်မံ၍ ကျေးဇူးတင်စကား ဆိုလိုက်ပေသည်။
သူမက ဓားတောင်ဝှေးကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင် ကတ်ပြားတစ်ခုက လက်ထဲတွင် ပေါ်လာပြီးနောက် ရဲချီယန်ထံသို့ ကမ်းပေးလိုက်လေ၏။
"ခုနက သကြားလုံးက တော်တော်လေး အဖိုးတန်တယ်မလား၊ ဒါကို ယူထားလိုက်ပါ၊ မင်းငါ့ကို ကယ်တင်ခဲ့တဲ့အတွက် အရေးမပါတဲ့ ကျေးဇူးဆပ်မှုလေးတစ်ခုအဖြစ် သတ်မှတ်လိုက်ပါ"
[နတ်ဆိုး ကတ်ပြား · မာနတရား]
[မာနတရား - မည်သူကမျှ သင့်၏အခွင့်အရေးများကို ဝင်ရောက်စွက်ဖက်ရန် မထိုက်တန်ပါ]
[နတ်ဆိုး - သင်က မည်သူ့ကိုမဆို အထင်အမြင်သေးရန် ထိုက်တန်ပါသည်]
ဒါက နတ်ဆိုး ကတ်ပြား အသစ်တစ်ခုပင် ဖြစ်လေ၏။ ဖော်ပြချက်က အနည်းငယ် နားလည်ရခက်နေသော်လည်း ၎င်းက စွမ်းအားအသစ်တစ်ခု ဖြစ်နေဆဲပင်။
ရဲချီယန်က ဟန်ဆောင်ပန်ဆောင် ငြင်းဆန်မနေဘဲ ဤနတ်ဆိုး ကတ်ပြားကို တိုက်ရိုက်ပင် သိမ်းဆည်းလိုက်လေသည်။
"ပြီးတော့ ဒါကိုလည်း ခုနက မင်း ယူဖို့မေ့သွားတယ်"
အနက်ရောင်သေတ္တာကို ရဲချီယန်ထံသို့ ထပ်မံကမ်းပေးလာပြန်ရာ ၎င်းက သူမရရှိထားသော အပြည့်အစုံ ချိတ်ပိတ်ထားသည့်အရာပင် ဖြစ်ချေပြီ။
"ဒါကို ကျွန်တော့်ပေးလိုက်လို့ တကယ်အဆင်ပြေရဲ့လား" ရဲချီယန်က ယူမလိုက်သေးပေ။
သူက သူ့ကိုယ်သူ အတော်လေး လောဘကြီးသူတစ်ယောက်ဟု သတ်မှတ်ထားသော်လည်း အရာအားလုံးကို ယူမည်ဟု မဆိုလိုချေ။
မွန်ရိုးဂျီနာက ဤသေတ္တာအတွက် သူမ၏ အသက်ကိုပင် ပေးလိုက်ရလုနီးပါး ဖြစ်ခဲ့ရလေ၏။ သူမ၏ အချိန်ကုန်ဆုံးပြီဟု ထင်သောကြောင့် အစောပိုင်းက သူ့ကို ပေးခဲ့ခြင်းဖြစ်သော်လည်း ယခုအချိန်တွင် သူမက အသက်ရှင်နေပြီဖြစ်ရာ သူ့ထံသို့ လွှဲပြောင်းပေးရန် မလိုအပ်တော့ဟု ထင်ရပေသည်။
"အဆင်ပြေပါတယ်၊ အထဲမှာ ဘာရှိလဲဆိုတာကို ငါမသိပေမယ့် အဲဒါက တော်တော်လေး အဖိုးတန်မှာ သေချာတယ်၊ မင်းကို ငါ အကြွေးမတင်ချင်ဘူး၊ ဒါပေမဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးကို ဆပ်ဖို့အတွက် ဒါနဲ့ ဟိုနတ်ဆိုး ကတ်ပြားကလွဲပြီး တခြား ဘာပေးရမလဲဆိုတာကို ငါမစဉ်းစားတတ်တော့ဘူး"
တကယ်တမ်းတွင် ရထားဒင်္ဂါး တစ်ရာ သို့မဟုတ် နှစ်ရာလောက် ပေးလျှင်လည်း အဆင်ပြေကြောင်း ရဲချီယန် ပြောချင်ခဲ့မိသည်။
သို့သော် မွန်ရိုးဂျီနာ၏ လေးနက်နေသော အကြည့်ကို မြင်လိုက်ရသောအခါ ထိုစကားများကို ပြန်မြိုချလိုက်လေတော့သည်။
သေတ္တာကို လက်ခံရယူလိုက်သည်နှင့် တစ်ပြိုင်နက် ထိတွေ့လိုက်ချိန်မှာပင် စနစ်၏ အကဲဖြတ်မှုက အလိုအလျောက် ပေါ်ထွက်လာလေ၏။
[ချိတ်ပိတ်ခြင်း သေတ္တာ]
[သေတ္တာအတွင်း၌ ချိတ်ပိတ်ထားသောအရာတစ်ခု ပါရှိပြီး ၎င်းက အမည်မသိ အရာဝတ္ထုတစ်ခုကို ချိတ်ပိတ်ထားသည်]
[သေတ္တာကို ဖွင့်ပြီးနောက် ချိတ်ပိတ်ထားမှုက လွတ်မြောက်သွားကာ လက်ရှိနေရာလွတ်တွင် တည်မြဲသွားမည်ဖြစ်သည်၊ သေတ္တာကို ပိတ်လိုက်ပါက ချိတ်ပိတ်ထားမှုကို ၎င်းအတွင်းသို့ ပြန်လည်ရောက်ရှိသွားစေမည်]
ချိတ်ပိတ်ထားမှုကို ချိတ်ပိတ်ရန် အသုံးပြုသည့် သေတ္တာတစ်ခုဖြစ်ကာ တစ်ခုထဲ တစ်ခုထပ်ထည့်ထားသော အရုပ်များကဲ့သို့ပင်။
"ဒါဆိုရင်လည်း ကျွန်တော် လက်ခံလိုက်ပါ့မယ်"
အထူးသိုလှောင်မှု နေရာလွတ်များကသာ ပစ္စည်းများကို လွတ်လပ်စွာ သိမ်းဆည်းခြင်း သို့မဟုတ် ထုတ်ယူခြင်းများ ပြုလုပ်နိုင်သောကြောင့် ရဲချီယန်က သေတ္တာကို လက်မောင်းထဲတွင် ယာယီ ပိုက်ထားလိုက်လေ၏။
"နောက်မှ အထဲကဟာကို ဖွင့်ဖို့ အခွင့်အရေးရရင် အဲဒါဘာလဲဆိုတာ ငါ့ကိုပြောပြဖို့ မမေ့နဲ့နော်"
"ကောင်းပါပြီ"
သူတို့နှစ်ဦး သဘောတူညီမှုတစ်ခု ရယူလိုက်ကြလေသည်။
အသက်ကယ်တင်ခံရသည့် ကျေးဇူးတရားက မွန်ရိုးဂျီနာ၏ နှလုံးသားထဲတွင် အမြစ်တွယ်သွားချေပြီ။ ရဲချီယန်ကို ထိုပစ္စည်းနှစ်ခု ပေးလိုက်ပြီးနောက်တွင်ပင် ထိုအရာနှစ်ခုထက် သူမ၏ အသက်ကိုသာ သူမက များစွာပို၍ တန်ဖိုးထားဆဲဖြစ်လေ၏။
သူမက သူမ၏ ရထားကို ပြုပြင်ရင်း ရဲချီယန်နှင့် ကျောက်လင်တို့ အေးအေးဆေးဆေး စကားပြောနေကြသည်ကို တိတ်တဆိတ် စောင့်ကြည့်နေလေသည်။
တိပ်ဖြင့် ပတ်ထားသော ဓားတောင်ဝှေးက သူမ၏ လက်ထဲတွင် ညင်သာစွာ လည်ပတ်နေပေ၏။
ယဇ်ပူဇော်ခြင်း ကတ်ပြားတစ်ခုက ဓားတောင်ဖျားတွင် ပေါ်ထွက်လာလေသည်။
ဤယဇ်ပူဇော်ခြင်း ကတ်ပြားကို သံကြိုးများဖြင့် ဖုံးလွှမ်းထားကာ အချို့က ခပ်သဲ့သဲ့ လင်းလက်နေသော်လည်း အများစုမှာ မှေးမှိန်နေဆဲဖြစ်လေ၏။
"ကံတရား... အများကြီး လိုအပ်နေသေးတယ်၊ အသက်ကယ်ခဲ့တဲ့ ကျေးဇူးတရားက တကယ်ပဲ ဆပ်ဖို့မလွယ်ဘူး၊ ဒါပေမဲ့ လုံးဝဆိုးရွားနေတာတော့ မဟုတ်ပါဘူး"
မွန်ရိုးဂျီနာက နှုတ်ခမ်းကိုကွေးကာ သူမကိုယ်သူမ တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"ရဲချီယန်... သူက တကယ့်ကို ထူးခြားတဲ့သူပဲ၊ ရှာယာလို အရူးမက သူ့ကို ဒီလောက်တောင် တန်ဖိုးထားတာ အံ့ဩစရာ မဟုတ်တော့ပါဘူး၊ မဟုတ်ဘူး ရှာယာလို အရူးမကို သူကယ်တင်နိုင်ခဲ့တယ်ဆိုတဲ့ အချက်က သူ့ကို သဘာဝအတိုင်း စိတ်ဝင်စားစရာ ဖြစ်စေတာပဲ"
————
စည်းကမ်းထိန်းသိမ်းရေး ခန်းမ။
ဆော်လမွန် မြို့တော်၏ အမြင့်ဆုံးနေရာ။
သံကြိုးများဖြင့် ချည်နှောင်ထားသော ကျောက်တိုင်ဆယ့်နှစ်တိုင်ဖြင့် ဝန်းရံထားသည့် ခြံဝင်းအတွင်း၌။
ကျူရှင်းထူက နက္ခတ်ပြက္ခဒိန်ပြားရှေ့တွင် ဒူးထောက်နေကာ သူမ၏ မျက်လုံးများက အဆုံးအစမရှိသော ကြယ်များဖြင့် အဆက်မပြတ် လင်းလက်နေလေ၏။
သူမက မျက်လုံးများကို မှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်သောအခါ သူမ၏ မျက်လုံးများက မူလပုံစံအတိုင်း ပြန်ဖြစ်သွားပေသည်။
လတ်ဆတ်သော သွေးတစ်ပွက်ကို အန်ချလိုက်ရာ နက္ခတ်ပြက္ခဒိန်ပြားတစ်ခုလုံး သွေးရောင်လွှမ်းသွားတော့သည်။
သူမ၏ဘေးတွင် ဆေးလိပ်ကို ဖွာရင်း နေကာမျက်မှန်ကို တပ်ဆင်ထားသော ဖန်ဟော့က အေးစက်စွာ ပြောလိုက်လေ၏။
"သေပြီလား"
ကျူရှင်းထူက ကူကယ်ရာမဲ့စွာ ပြုံးလိုက်လေသည်။
"မသေသေးဘူး၊ ကျွတ် ရှင်တို့တွေက တကယ်ကို တစ်ခုခုပဲ၊ ငါသေဖို့ချည်းပဲ အမြဲ မျှော်လင့်နေကြတာ"
"လူတွေက သဘာဝအရ ကံကြမ္မာကို တိုက်ခိုက်နေကြတာလေ၊ မင်းက ကံကြမ္မာကို အရှုံးပေးရတာကို သဘောကျတယ်ဆိုတော့ မင်းသေဖို့ ဆုတောင်းတာ ပုံမှန်ပဲ မဟုတ်ဘူးလား"
ကျူရှင်းထူက မည်သို့မျှ တုံ့ပြန်ခြင်းမရှိဘဲ ဖန်ဟော့၏ စကားများကိုလည်း မငြင်းဆန်ခဲ့ချေ။
သူမက နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ကာ နှုတ်ခမ်းကို ပွတ်သပ်လိုက်ရာ သူမ၏ မျက်လုံးများက အရောင်လက်သွားပေသည်။
"ဒါပေမဲ့ ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီ၊ ဆေးလိပ်သမား ရှင်သိလား၊ အဲဒီ ဘုရားစူး ကတ်ပြားကို ငါရပြီးကတည်းက နိမိတ်ဖတ်တာကြောင့် တန်ပြန်သက်ရောက်မှု မခံရတာ တော်တော်ကြာနေပြီ၊ ဟီးဟီး ဘယ်လောက်တောင် စိတ်ဝင်စားစရာ ကောင်းလိုက်လဲ"
ဖန်ဟော့က သံသယဖြင့် မျက်မှောင်ကြုတ်လိုက်လေ၏။
"မင်း တကယ်တော့ ဘာကို နိမိတ်ဖတ်နေတာလဲ"
ကျူရှင်းထူက ပြုံးလျက် ပြန်ဖြေလိုက်လေသည်။
"အဲဒီ အသစ်ဆုံး ဘုရားစူး ကတ်ပြားရဲ့ ပိုင်ရှင်က ဘယ်သူလဲဆိုတာကိုပဲလေ၊ ကျရှုံးသွားသေးပေမယ့် စိတ်ဝင်စားစရာကောင်းတာက ငါ အရမ်းပျော်စရာကောင်းတဲ့ အရာတစ်ခုကို ရှာတွေ့ခဲ့တယ်"
"ဘာလဲ"
"ဟီးဟီး ငါ ရှင့်ကို မပြောပြဘူး"
"စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလိုက်တာ"
ဖန်ဟော့က သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်ကာ ဆေးလိပ်ကို ခပ်ပြင်းပြင်း တစ်ချက်ဖွာလိုက်ပြီးနောက် ရင်ဘတ်အိတ်ကပ်ထဲမှ ကတ်ပြားတစ်ခုကို ဆွဲထုတ်လိုက်လေ၏။
"အသုံးမဝင်တာတွေ လုပ်နေတာ ရပ်လိုက်တော့၊ အဲဒီ အမိန့် ကတ်ပြားရဲ့ တည်နေရာကို မင်း ရှာတွေ့ပြီလား"
"အာ ဆောရီး ဆောရီး၊ နောက်ပိုင်း နက္ခတ်ပြက္ခဒိန်ပြားကို ကိုင်လိုက်တာနဲ့ အဲဒီလူက ဘယ်သူလဲဆိုတာကိုပဲ နိမိတ်ဖတ်ချင်နေတာ အကျင့်ဖြစ်နေပြီ၊ ခဏစောင့် အခု အမိန့် ကတ်ပြားရဲ့ တည်နေရာကို ရှာပေးမယ်"
"မင်း တကယ်ကို ရူးနေတာပဲ"
ဆယ်စက္ကန့်ပင် မပြည့်ခင်မှာပင် ကျူရှင်းထူက သူမ၏လက်ကို ဆန့်ထုတ်ကာ လမ်းကြောင်းတစ်ခုကို ညွှန်ပြလိုက်လေ၏။
"ဆေးလိပ်သမား နဂါးချစ်သူကို ပြောလိုက် အမိန့် ကတ်ပြားက အဲဒီဘက်ကို မီတာ ၁၈၅၂ အကွာ မြေအောက် ၁၃ မီတာမှာ ရှိတယ်လို့၊ အဲဒီမှာ ယဇ်ပလ္လင်တစ်ခုရှိတယ်၊ ပြီးတော့ အဲဒီ အမိန့် ကတ်ပြားက ငြိမ်းချမ်းရေး ပဲ၊ မြန်မြန်သွားရှာခိုင်းလိုက် ဟိုပုတုတု တရားသူကြီးချုပ်လည်း မကြာခင် ပြန်လာတော့မှာ"
သူ၏ ဆေးလိပ်ကို မီးညှိလိုက်လေ၏။
ထပ်မံ၍ ခပ်ပြင်းပြင်း ဖွာလိုက်ပြီးနောက် ဖန်ဟော့က သူ၏ လက်ထဲရှိ စစ်ပွဲကတ်ပြားတစ်ခုကို ခေါင်းပေါ်သို့ မြှောက်လိုက်လေသည်။
များပြားလှသော ဗုံးကြဲလေယာဉ်ကြီးများက လေဟာနယ်ထဲမှ ပေါ်ထွက်လာကာ ကောင်းကင်ယံကို မီးဟုန်းဟုန်းတောက်လောင်စေလျက် မြေပြင်ပေါ်သို့ ပမာဏများပြားလှသော ဗုံးများကို ကော်ဇောဖြန့်သကဲ့သို့ အဆက်မပြတ် ကြဲချနေတော့သည်။
ထိုအရာနှင့် ဆန့်ကျင်ဘက်အနေဖြင့် လေထဲတွင် အခြားသော ဆော်လမွန် မြို့တော်မှ နေထိုင်သူများနှင့် တိုက်ခိုက်နေသည့် ရွှေရောင်ဆံပင်နှင့် လူငယ်လေးက လေချွန်လိုက်လေ၏။
အရောင်အမျိုးမျိုးရှိသော ဧရာမနဂါးကြီးများစွာက သူ့ကို ဝန်းရံထားလေသည်။ သူက နဂါးများကို ယုယရင်းနှီးစွာ ပွတ်သပ်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် သဘာဝမကျသော သွေးရောင်လွှမ်းမှုတစ်ခုက ပြန့်နှံ့သွားပေသည်။
"မကြာခင် မကြာခင်ပါပဲ၊ ဒါကို ဖြေရှင်းပြီးသွားတာနဲ့ မင်းတို့အားလုံးအတွက် ညီမလေးတစ်ကောင် ရှာပေးနိုင်လောက်တယ် ဟီးဟီး"
ဧရာမနဂါးကြီးများက ဟိန်းဟောက်လိုက်ကြကာ မှန်မှန်ချီတက်သွားကြလေ၏။ သို့သော် သူတို့နှင့် ကောင်းကင်ယံမှ ဗုံးကြဲလေယာဉ်များက သတ်မှတ်ထားသော နေရာသို့ ရောက်ရှိသွားချိန်မှာပင်။
နဂါးများ၏ အသက်ရှူငွေ့များနှင့် ဗုံးများက အဆက်မပြတ် ကျဆင်းလာတော့သည်။
မြေပြင်မှာ နက်ရှိုင်းသော တွင်းကြီးတစ်ခု ပေါ်ထွက်လာသည်အထိ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခံလိုက်ရပေသည်။
နက်ရှိုင်းလှသော တွင်းကြီးထဲ၌။
စင်ကြယ်သော အဖြူရောင် ယဇ်ပလ္လင်တစ်ခု တည်ရှိနေလေ၏။
ကျူရှင်းထူက သီချင်းတစ်ပုဒ်ကို ညည်းတွားရင်း ဆေးသုတ်တံနှင့်တူသော အဖြူရောင် တံမြက်စည်းတစ်ခုပေါ်တွင် ထိုင်လျက် အနားကွပ်အကြီးကြီးပါသော ဦးထုပ်ကြီးကို ဆောင်းကာ တွင်းကြီးအထက်တွင် ပျံသန်းနေလေသည်။
"အမိန့် ကတ်ပြား · ငြိမ်းချမ်းရေး။ အို ဘုရားရေ တကယ်ပဲ ငါတို့က အာရုံလွှဲဖို့ ဒီကိုရောက်နေတာကို တကယ်အောင်မြင်သွားလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး၊ အင်း ဟိုပုတုတု တရားသူကြီးချုပ် ဒီမှာ မရှိလို့ပဲ ဖြစ်ရမယ်"
သူမက တံမြက်စည်းပေါ်မှ အောက်သို့ ပျံသန်းဆင်းလာကာ ယဇ်ပလ္လင်ကို ဝန်းရံထားသော အကာအကွယ်ဒိုင်းလွှားကို မှော်တောင်ဝှေးဖြင့် ညင်သာစွာ ခေါက်လိုက်လေ၏။
အကာအကွယ်ဒိုင်းလွှားက အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီးနောက် သူမက အမိန့် ကတ်ပြားကို ကောက်ယူလိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်လေသည်...
"ငြိမ်းချမ်းရေးကို ဆုံးရှုံးသွားပြီဆိုတော့ ဒီမြို့မှာ ဖိနှိပ်ခံထားရတဲ့ နှလုံးသားတွေက နောက်ဆုံးတော့ လွတ်မြောက်နိုင်ပြီပေါ့၊ အို တုံ့ဆိုင်းနေကြတဲ့ လူတွေ သင်တို့ ရထားပေါ် ပြန်တက်ပြီး ရှေ့ဆက်သွားသင့်ပြီ"
အခန်း (၁၀၈) ရထား အရောင်းအဝယ်ဌာန။
ဆော်လမွန် မြို့တော်၊ ရထား အရောင်းအဝယ်ဌာန။
ရဲချီယန်၏ အနောက်မှ လိုက်ပါလာသော ကျောက်လင်က ပတ်ဝန်းကျင်ကို စပ်စုချင်စိတ်ဖြင့် လှည့်ပတ်ကြည့်ရှုနေလေ၏။ ဤအဆောက်အအုံ၏ အနောက်ဘက်တွင်မူ မရေမတွက်နိုင်သော ရထားတွဲများဖြင့် ဖွဲ့စည်းထားသည့် တောင်ကြီးတစ်တောင်ရှိနေကာ လိပ်တက်နေသော မီးခိုးငွေ့မည်းကြီးများ ထွက်ပေါ်နေပေသည်။
ထူးဆန်းသော ပတ်ဝန်းကျင်ကြောင့် သူမမှာ ရှင်းပြ၍မရအောင်ပင် သက်တောင့်သက်သာမဖြစ်မှုကို ခံစားလိုက်ရလေသည်။
ဤနေရာက ရထားသင်္ချိုင်းတစ်ခုနှင့်ပင် တူနေချေပြီ။
အရောင်းအဝယ်ဌာနအတွင်းသို့ ဝင်ရောက်သွားသောအခါ ဤနေရာ၌ ထင်ထားသည်ထက် လူပိုများနေသည်ကို တွေ့လိုက်ရလေ၏။
ကျပန်းထိုင်ခုံတစ်ခုံကို ရှာဖွေထိုင်လိုက်ရာ ဈေးဝယ်ယူရန် ဖန်သားပြင်တစ်ခုက သူ၏ရှေ့တွင် ပေါ်ထွက်လာတော့သည်။
"သာမန် ရထားတွဲတွေပဲ ရှိတာလား၊ ဟင် ဒီမှာ ရထားခေါင်းတွဲတွေကိုပါ ရောင်းနေတာလား၊ ဘုရားရေ တော်တော်ဈေးကြီးတာပဲ"
အချို့သော ရထားတွဲများနှင့် ယှဉ်ကြည့်လျှင် အခြေခံအကျဆုံး ရထားခေါင်းတွဲတစ်ခု၏ ဈေးနှုန်းကပင် ရထားဒင်္ဂါး ၁၀၀ အထိ ရှိနိုင်ရာ ရထားမောင်းနှင်သူ များမဟုတ်ပါက ဝယ်ယူနိုင်မည့်အရာမျိုး မဟုတ်ပုံပေါ်ပေ။ ရောင်းချရန် ရည်ရွယ်ချက်မရှိဘဲ ကြည့်ရှုရန်သက်သက်သာ ဤနေရာ၌ ပြသထားခြင်းဖြစ်ဟန် တူလေ၏။
"သူတို့က ရထားမောင်းနှင်သူ အရေအတွက်ကို မတိုးချင်ကြဘူးလား"
အချိန်အတော်ကြာ ရှာဖွေကြည့်ပြီးနောက်တွင် သူ၏ ဒုတိယမြောက် ရထားတွဲကဲ့သို့သော သိုလှောင်မှု နေရာလွတ် ရထားတွဲမျိုးကို ဤနေရာ၌ မတွေ့ရသည့်အပြင် အပူချိန်ထိန်း ရထားတွဲများ သို့မဟုတ် စိုက်ပျိုးရေး ရထားတွဲများကိုပင် မတွေ့ရချေ။
ဤနေရာတွင် ရောင်းချသော ရထားတွဲအများစုမှာ အသွင်အပြင်နှင့် အတွင်းပိုင်း အဆောက်အအုံများသာ ကွာခြားပြီး သူ၏ရထားကဲ့သို့ အဆင့်မြင့် အသွင်ကူးပြောင်းခြင်း အပြီးတွင် ရရှိလာသော အထူးစွမ်းရည်များ မရှိကြပေ။
ဝယ်ယူရန်ထက် ဤအရောင်းအဝယ်ဌာနက ရထားတွဲများကို ရောင်းချရန် အဓိကရည်ရွယ်ထားပုံပေါ်လေ၏။
ရဲချီယန် ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်က ဤအရာမဟုတ်ချေ။ သာမန်ရထားတွဲများက အစကတည်းက ဈေးမကြီးလှသလို ဤအဆင့်နိမ့် ရထားတွဲများကို ဝယ်ယူရန် သူရောက်လာခြင်းလည်း မဟုတ်ပေ။ သူက တရားသူကြီး တံဆိပ်ကို ထုတ်ယူကာ ရှေ့ရှိ ဈေးဝယ်ယူရန် ဖန်သားပြင်ဆီသို့ ချိန်ရွယ်လိုက်လေ၏။
"ဒင် ဒင်၊ ကိုယ်ရေးအချက်အလက် အတည်ပြုပြီးပါပြီ၊ စစ်ကြောရေးခုံရုံး ၏ တတိယအဆင့် တရားသူကြီး ကြိုဆိုပါသည်၊ သင့်အတွက် အထူးရထားတွဲ ဝယ်ယူခွင့်များကို ဖွင့်လှစ်ပေးနေပါပြီ"
ဖန်သားပြင်ပေါ်ရှိ အကြောင်းအရာများက အဆက်မပြတ် အသစ်ပြန်လည်ပေါ်ထွက်လာကာ နဂိုက နည်းပါးလှသော ဈေးဝယ်ယူရန် စာမျက်နှာများမှာလည်း ဆက်တိုက် တိုးပွားလာတော့သည်။
"အထူးရထားတွဲ ဝယ်ယူခွင့်ကို အသက်သွင်းလိုက်ပါပြီ"
နောက်သို့ လှန်ကြည့်လိုက်သောအခါ ဤတစ်ကြိမ်တွင် အထူးရထားတွဲအချို့ ပေါ်လာချေပြီ။
နွယ်ပင်များကို ဆင့်ခေါ်နိုင်သော နွယ်ပင်ရထားတွဲများနှင့် တိရစ္ဆာန်များမွေးမြူရန် သီးသန့်ဖြစ်သော အလိုအလျောက် အစာကျွေးခြင်းနှင့် သန့်ရှင်းရေးလုပ်ခြင်းတို့ကို လုပ်ဆောင်နိုင်သည့် မွေးမြူရေးရထားတွဲများလည်း ရှိလေ၏။
အပူချိန်ထိန်း ရထားတွဲများနှင့် စိုက်ပျိုးရေး ရထားတွဲများကိုပင် ဤနေရာ၌ တွေ့လိုက်ရပေသည်။
သို့သော် သိုလှောင်မှု နေရာလွတ် ရထားတွဲ မရှိသေးဘူးလား။
ထိုအရာက အမှန်တကယ်ပင် လုံလောက်အောင် အဖိုးတန်လွန်းနေပုံပေါ်လေ၏။
ကျောက်လင်ကလည်း ထိုအတိုင်း လိုက်လုပ်ကာ သူမ၏ ကိုယ်ပိုင်တံဆိပ်ကို စကင်ဖတ်လိုက်လေသည်။
သို့သော် ဘာမှဖြစ်မလာခဲ့ချေ။
"အစ်ကိုချီယန် ဒီကရထားတွဲတွေက အကုန်လုံး သာမန်တွေချည်းပဲ၊ ပြီးတော့ တော်တော်လည်း ဈေးကြီးတယ်၊ ကိုယ့်ဘာသာကိုယ် တည်ဆောက်တာက ပိုကောင်းမယ်လို့ ထင်တယ်"
ဈေးဝယ်ယူရန် မျက်နှာပြင်ပေါ်ရှိ သာမန်ရထားတွဲများကို ညည်းညူနေလျက် သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကျောက်လင်ကို တစ်ချက်ကြည့်လိုက်ကာ တံဆိပ်ကို ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်လေ၏။
"ဒါကို သုံးလိုက်"
"အင်း ဒီလိုမျိုးတောင် ရတာလား"
ကျောက်လင်က မေးစေ့ကို ထောက်ကာ ပေါ့ပေါ့ပါးပါးပင် ခဏမျှ ကြည့်လိုက်လေသည်။ သူမ အလွန်စိတ်ဝင်စားသော ရထားတွဲအချို့ကို တွေ့လိုက်ရသော်လည်း မဝယ်နိုင်ခဲ့ချေ။ မည်သို့ပင်ဆိုစေ ဤနေရာမှ ထွက်သွားပြီးနောက် ရဲချီယန်ကို ပေးရန် ငွေအချို့ ကျန်ရှိနေသေးကြောင်း ကျောက်လင် ကောင်းကောင်းသိနေပေသည်။
သို့ရာတွင် သူမက တစ်စုံတစ်ခုကို အလျင်အမြန် တွေးမိသွားကာ ရဲချီယန် ပစ်ပေးလိုက်သော တံဆိပ်ကို ကြည့်ရင်း မျက်လုံးများ အရောင်လက်သွားလေ၏။
"အစ်ကိုချီယန် ဒါကို အရောင်းအဝယ် ခန်းမမှာ ရောင်းလို့ရလား"
သူမ စကားမဆုံးသေးသော်လည်း ရဲချီယန်က သူမ၏ ဆိုလိုရင်းကို ရှင်းလင်းစွာ နားလည်လိုက်ပေသည်။
"တွေးတောင် မတွေးနဲ့၊ အဲဒီလူတွေက လွတ်ပေါက်တွေ ထားပေးပါ့မလား၊ မီးကျောက် ကို ရချင်ရင် ကိုယ့်ဘာသာပဲ ကြံစည်ရမှာပေါ့"
ကျောက်လင်က စိတ်ပျက်လက်ပျက်ဖြင့် အို ဟုသာ ရေရွတ်လိုက်လေ၏။
"ဟူး ရှန်ကွမ်းရင်းရွှယ် တုန်းကလို မီးကျောက် ကို ရောင်းတဲ့ အမြတ်ကြီးစားလုပ်တဲ့သူ တစ်ယောက်လောက်နဲ့သာ တွေ့ရရင် နည်းနည်းဈေးကြီးရင်တောင် အဆင်ပြေမှာ"
"တစ်ယောက်က ရောင်းဖို့ ဆန္ဒရှိပြီး တခြားသူတွေကလည်း ဝယ်ဖို့ ဆန္ဒရှိတယ်ဆိုရင် အဲဒါကို ဘယ်လိုလုပ် အမြတ်ကြီးစားတယ်လို့ ခေါ်မလဲ၊ အဲဒါကို တရားမျှတတဲ့ ကုန်သွယ်မှုလို့ ခေါ်တာပေါ့"
ရဲချီယန်က သူမနှင့် ဆက်၍စကားပြောနေရန် ပျင်းရိသွားကာ များပြားလှသော ရထားတွဲများကြားတွင် ရှာဖွေနေလေတော့သည်။
ဤရထားတွဲများကို အရောင်းအဝယ်ဌာနက တည်ဆောက်ထားခြင်းမဟုတ်ဘဲ ဆော်လမွန် မြို့တော် တွင် နှစ်များစွာကြာအောင် ၎င်းတို့၏ ရထားတွဲများကို ရောင်းချရန် ရွေးချယ်ခဲ့ကြသော ရထားမောင်းနှင်သူ များက ချန်ထားရစ်ခဲ့ခြင်း ဖြစ်လေ၏။ တစ်နည်းအားဖြင့် ရထားသင်္ချိုင်းဟု ခေါ်ဆိုနိုင်သော အရောင်းအဝယ်ဌာန အနောက်ဘက်ရှိ တောင်ကြီးပင် ဖြစ်ပေသည်။
ရထားတွဲတစ်ခု ဝယ်ရန် အဆိုပြုခဲ့သူမှာ သူဖြစ်ပြီး မွန်ရိုးဂျီနာ က သူ့ကို ဤနေရာသို့ လမ်းညွှန်ပေးခဲ့ခြင်း ဖြစ်လေ၏။
"ဟင် ဒါက နည်းနည်း စိတ်ဝင်စားစရာပဲ"
အချိန်ကြာမြင့်စွာ ရွေးချယ်ပြီးနောက် ရဲချီယန်၏ အကြည့်က ရထားတွဲတစ်ခုပေါ်တွင် နောက်ဆုံး ရပ်တန့်သွားလေသည်။
"အတုအယောင် သဲပုံစံငယ် ရထားတွဲ"
"ဤရထားတွဲက ဘူတာရုံ အတွင်း ဖွင့်လှစ်ပြီးသော နယ်မြေများ၏ မြေပုံ သဲပုံစံငယ်ကို အလိုအလျောက် ဖန်တီးပေးမည်ဖြစ်သည်"
"ဈေးနှုန်း - ရထားဒင်္ဂါး ၁၀ ပြား"
ဈေးလည်းမကြီးသလို သိပ်ပြီးလည်း အစွမ်းမထက်လှချေ။
မည်သို့ပင်ဆိုစေ အလိုအလျောက် မဖန်တီးမီ ရထားမောင်းနှင်သူ ကိုယ်တိုင်က မြေပုံကို ဖွင့်လှစ်ပေးရန် သူ၏ သဲပုံစံငယ်အတွက် လိုအပ်လေသည်။ သို့သော် သူ့ထံတွင် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ရှိနေကြောင်း မမေ့ပါနှင့်။
အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ပြီးနောက် သဲပုံစံငယ် ဖန်တီးခြင်းကို ပိုမိုရိုးရှင်းစေနိုင်မည်ဆိုလျှင် ဤရထားဒင်္ဂါး ဆယ်ပြားက သေချာပေါက် တန်ဖိုးရှိလာမည် ဖြစ်လေ၏။
"ဒါပဲ"
ရဲချီယန်က ဆုံးဖြတ်ချက်ချကာ ဝယ်ယူရန် ရွေးချယ်မှုကို နှိပ်လိုက်လေသည်။
ရထားဒင်္ဂါး ဆယ်ပြားကို ထုတ်ယူကာ သူ၏ရှေ့ရှိ ဒင်္ဂါးပြားထည့်ရန် အပေါက်အတွင်းသို့ ထည့်လိုက်လေ၏။ မကြာမီမှာပင် အနက်ရောင် သော့တစ်ချောင်းက သူ၏ရှေ့ရှိ စားပွဲပေါ်တွင် ပေါ်လာတော့သည်။
"တစ်ခါသုံး ဖွင့်လှစ်သော သော့"
"ရထားတွဲတစ်ခုကို အတွင်း၌ ချိတ်ပိတ်ထားသည်၊ သင့်ရထားထံသို့ ပြန်ရောက်ပြီးနောက် ၎င်းကိုဖွင့်ကာ ရထားနှင့် ချိတ်ဆက်ရန် နေရာချထားနိုင်သည်"
"တော်တော်လေး ရိုးရှင်းတာပဲ"
လိုချင်သော ရထားတွဲကို ဝယ်ယူပြီးနောက် ရဲချီယန်က ချက်ချင်း ထွက်မသွားသေးပေ။ သူက မွေးမြူရေးရထားတွဲတစ်ခုကို ဝယ်ယူရန် ရထားဒင်္ဂါး ၅ ပြား ထပ်မံသုံးစွဲလိုက်လေ၏။
သူ့အတွက် စားသုံးနိုင်သော အသားများစွာ ရှိနေသေးသော်လည်း ဆိုရိုးစကားရှိသည့်အတိုင်း ထိုင်စားနေလျှင် တောင်,တောင်ပြိုနိုင်သည် မဟုတ်ပါလား။
နောက်ပိုင်းတွင် ပိုက်ဆံအကုန်ခံပြီး ဝယ်ရမည့်အစား မွေးမြူသင့်သော တိရစ္ဆာန်အချို့နှင့် ဆုံတွေ့ပါက အရန်စားနပ်ရိက္ခာအဖြစ် မွေးမြူရန် ၎င်းကို အသုံးပြုနိုင်မည် ဖြစ်လေ၏။
ဤမွေးမြူရေးရထားတွဲက သူ၏ စိုက်ပျိုးရေးရထားတွဲကဲ့သို့ အလိုအလျောက်စနစ် အပြည့်အဝ မပါရှိသော်လည်း အခြေခံ အလိုအလျောက် သန့်ရှင်းရေးလုပ်ဆောင်ချက်များကိုသာ ထိန်းသိမ်းထားကာ အစာကျွေးခြင်းကဲ့သို့သောအရာများအတွက် လူကိုယ်တိုင် အားစိုက်ထုတ်ရန် လိုအပ်နေဆဲဖြစ်ပေသည်။
သို့သော် ကိစ္စမရှိချေ။
သူ့မှာ ဝေါလီ ရှိနေသည်လေ။
ရထားဒင်္ဂါး ၁၅ ပြား သုံးစွဲပြီးနောက် ရဲချီယန်၏ စိတ်အခြေအနေက ကောင်းမွန်နေလေ၏။
မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကျောက်လင်က သူ ထရပ်သည်ကို မြင်သောအခါ နောက်မှ လိုက်ပါလာခဲ့သည်။ သူတို့နှစ်ဦး ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် အရောင်းအဝယ်ဌာန အတွင်းမှ ဆူညံသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရလေ၏။
"ကျွန်တော့်ရဲ့ ရထားခေါင်းတွဲကို ရောင်းတုန်းက ခင်ဗျားတို့က ရထားဒင်္ဂါး ၁၀ ပြားပဲ ပေးခဲ့တာလေ၊ ဘာလို့လဲ၊ ဘာလို့ အခုပြန်ဝယ်တာကို ၁၀၀ တောင် ပေးရမှာလဲ၊ ကျွန်တော် မဝယ်နိုင်ဘူး၊ ကျွန်တော့်ရဲ့ ရထားခေါင်းတွဲအဟောင်းကို ပြန်ရွေးချင်ရုံပဲ၊ အဲဒါကို ပြန်ပေး၊ ကျွန်တော့်ရဲ့ ရထားခေါင်းတွဲကို ပြန်ပေး"
စုတ်ပြတ်သတ်နေပြီး သာမန်ရုပ်ရည်ရှိသော အမျိုးသားတစ်ဦးက ဝန်ထမ်းတစ်ဦးကို ဒေါသတကြီး အော်ဟစ်နေလေ၏။
"လူကြီးမင်း ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ၊ အရောင်းအဝယ်က နှစ်ဦးသဘောတူ လုပ်ခဲ့တာပါ၊ ရထားခေါင်းတွဲတစ်တွဲအတွက် ရောင်းဈေး ရထားဒင်္ဂါး ၁၀၀ ဆိုတာက သင့်တင့်တဲ့ ဈေးနှုန်းတစ်ခုပါ၊ သင်က ရထားခေါင်းတွဲကို ရောင်းချဖို့နဲ့ ရထားမောင်းနှင်သူ အဖြစ်ကို စွန့်လွှတ်ဖို့ ရွေးချယ်ခဲ့တာက သင့်ကိုယ်ပိုင် ရွေးချယ်မှုပဲ မဟုတ်ဘူးလား၊ အခုမှ နောင်တရနေရင်လည်း ရထားဒင်္ဂါး အလုံအလောက် မရှိတဲ့ သင့်ကိုယ်သင်သာ အပြစ်တင်ပါတော့"
ဝန်ထမ်းဖြစ်သူ၏ လေသံက အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေပေသည်။
တကယ်တမ်းတွင် ဤကမ္ဘာမှ ဒေသခံများစွာက ၎င်းတို့၏ ရထားမောင်းနှင်သူ အဖြစ်ကို စွန့်လွှတ်ကာ မြို့တွင်း၌သာ နေထိုင်သူများကို အထင်အမြင်သေးကြလေ၏။
အကြောင်းမူကား ဤဒေသခံများအတွက် ငယ်စဉ်ကတည်းက သင်ကြားခဲ့ရသော ပညာရေးမှာ ရထားမောင်းနှင်သူ များက အရာအားလုံးထက် သာလွန်သည်ဟူ၍ပင် ဖြစ်လေသည်။ မွေးရာပါကတည်းက သူတို့သည် ရထားမောင်းနှင်သူ များကို အလုပ်အကျွေးပြုရန် သို့မဟုတ် ရထားခေါင်းတွဲတစ်ခု ဝယ်ယူရန် ကြွယ်ဝချမ်းသာမှုများကို စုဆောင်းရန်နှင့် ရထားမောင်းနှင်သူ တစ်ဦးဖြစ်လာရန်အတွက် ငါးရာပုံ တစ်ပုံသာ အောင်မြင်နိုင်ချေရှိသော ပြင်းထန်သည့် စစ်ဆေးမှုတစ်ခုကို အောင်မြင်ရန် သင်ယူခဲ့ကြရပေသည်။
ထို့ကြောင့် ရထားမောင်းနှင်သူ အဖြစ်ကို ပေါ့ပေါ့ဆဆ စွန့်လွှတ်ခဲ့ကြသူများမှာ သူတို့၏ နှလုံးသားထဲတွင် အပြည့်အဝ ကျရှုံးသူများသာ ဖြစ်ကြပေတော့သည်။