← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း (၁၀၉) အဓိကရုဏ်း။

"ခွေးကောင်၊ မင်းလို ဒေသခံတစ်ယောက်က ငါ့ကို အထင်သေးရဲတယ်ပေါ့လေ"

ထိုအမျိုးသားက ဝန်ထမ်းဖြစ်သူ၏ ကော်လာကို ဆွဲကိုင်လိုက်ကာ ဒေါသတကြီးဖြင့် သစ်သီးလှီးဓားတစ်ချောင်းကို ဆွဲထုတ်ပြီး တစ်ဖက်လူ၏ လည်ပင်းသို့ ချိန်ရွယ်လိုက်လေ၏။

"ငါ့ရဲ့ စက်ခေါင်းတွဲကို ပြန်ပေး"

ဝန်ထမ်းဖြစ်သူက အကြောက်တရားမရှိဘဲ အထင်အမြင်သေးသည့် အကြည့်ကိုသာ ဆက်လက်ထိန်းသိမ်းထားပေသည်။

"မင်းလို အရှုံးသမားက မြို့တော်ထဲမှာပဲ တိတ်တိတ်လေး နေသင့်တာ၊ မင်းလိုလူက ရထားမောင်းနှင်သူ ပြန်ဖြစ်ဖို့ ထိုက်တန်တယ်လို့ တကယ်ထင်နေတာလား၊ မင်းက လူပြက်တစ်ယောက်ပါပဲကွာ"

ထိုအမျိုးသားကို လုံခြုံရေးများက အလျင်အမြန်ပင် ဖမ်းဆီးထိန်းချုပ်လိုက်သော်လည်း အလားတူဖြစ်ရပ်များက ထိုမျှနှင့် ရပ်တန့်မသွားခဲ့ချေ။

ဆော်လမွန် မြို့တော် တွင် ကျန်ရစ်ခဲ့ပြီးနောက် ကျေနပ်ဖွယ်မရှိသော ဘဝများကို ဖြတ်သန်းနေကြရသည့် ရထားမောင်းနှင်သူဟောင်းများက ဤနေရာသို့ ပိုမို၍ စုရုံးရောက်ရှိလာကြလေသည်။

သူတို့က ဤမြို့တော်မှ ထွက်ခွာသွားရန် မျှော်လင့်ချက်ဖြင့် သူတို့၏ ယခင်ရထားများကို လိုက်လံရှာဖွေနေကြခြင်း ဖြစ်လေ၏။

ငြိမ်းချမ်းရေး၏ လွှမ်းမိုးမှု မရှိတော့ချိန်တွင်။

ငွေကြေးမရှိ၊ အာဏာမရှိဘဲ အလုပ်အကိုင်ပင် ရှာမရသဖြင့် ရေမြောင်းထဲက သူတောင်းစားများသဖွယ် နေထိုင်နေကြရသော ဤလူများက သူတို့၏ ဂနာမငြိမ်ဖြစ်နေသော နှလုံးသားများ တဖြည်းဖြည်း နိုးကြားလာသည်ကို ခံစားလိုက်ကြရပေသည်။

သူတို့သည် လုံးဝကို ကျရှုံးနေသူများဖြစ်ကြကာ အဆုံးအစမရှိသော လွင်တီးခေါင်ပြင် ပေါ်သို့ ထပ်မံခြေချချင်သေးသည်ဆိုပါက သူတို့အတွက် တစ်ခုတည်းသော လမ်းကြောင်းမှာ ဤနေရာ၌ စက်ခေါင်းတွဲ တစ်ခုကို လုယူရန်ပင် ဖြစ်လေတော့သည်။

အရောင်းအဝယ် ခန်းမ ၏ မန်နေဂျာဖြစ်သူက အပြင်ဘက်တွင် စုရုံးလာကြသော အလေအလွင့်များကို ကြည့်ကာ ဒေါသတကြီးဖြင့် လက်သီးကို ဆုပ်ထားလိုက်လေ၏။

"ကျီး၊ ဒီအမှိုက်ကောင်တွေက ဘာလုပ်နေတယ်လို့ ထင်နေတာလဲ၊ အကူအညီတွေက ဘယ်ရောက်နေလဲ၊ ဘာလို့ မရောက်လာသေးတာလဲ"

"အထက်လူကြီးတွေက သူတို့ အလုပ်များနေလို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ တားထားဖို့ နည်းလမ်းရှာပါတဲ့"

"တားထားရမယ် ဟုတ်လား၊ ငါ့ဖင်ကိုလာတား"

ဤအရာအားလုံး ဘာကြောင့် ဖြစ်ပျက်နေရသနည်းဆိုသည်ကို ရဲချီယန် ကောင်းကောင်း သိနေလေသည်။

ကြည့်ရသည်မှာ ကျူရှင်းထူ က ထို အမိန့် ကတ်ပြား ကို အောင်မြင်စွာ ရယူနိုင်ခဲ့ပုံပေါ်ချေပြီ။

ထို့ကြောင့် ဤမြို့တော်ရှိ ငြိမ်းချမ်းရေး ခံစားမှုများက ပျောက်ကွယ်သွားခဲ့လေ၏။ ထိုလွှမ်းမိုးမှုမရှိတော့ချိန်တွင် မကျေနပ်ချက်များ ပြည့်နှက်နေသော ဤ ရထားမောင်းနှင်သူ များက သူတို့၏ ဘဝများကို ပြန်လည်ဆန်းစစ်လာကြကာ အထင်အမြင်သေးခံရသော သူတောင်းစားများအဖြစ် နေထိုင်ရမည့်အစား ရထားမောင်းနှင်သူ များအဖြစ် လွင်တီးခေါင်ပြင်သို့ ပြန်သွားခြင်းက ပို၍ကောင်းမွန်သော ဘဝကို ရရှိနိုင်မည်ဖြစ်ကြောင်း နားလည်သဘောပေါက်သွားကြပေသည်။

သေချာသည်မှာ လူတိုင်းက ထိုသို့မတွေးကြချေ။

မည်သို့ပင်ဆိုစေ လွင်တီးခေါင်ပြင်သို့ ဝင်ရောက်ခြင်းက အချိန်မရွေး သေဆုံးခြင်းကို ရင်ဆိုင်ရမည်ဟု ဆိုလိုရာ သေမှာကို ကြောက်ရွံ့သူများက ပို၍များနေဆဲပင် ဖြစ်လေ၏။

သို့ရာတွင် ဆော်လမွန် မြို့တော် က ကြယ်တစ်ထောင်မြို့တော် နှင့် ကွာခြားပေသည်။ ဤနေရာမှ ဒေသခံများက သူတို့၏ အဆင့်အတန်းကို ဆုံးရှုံးသွားသော ရထားမောင်းနှင်သူ ဟောင်းများကို ပို၍ပင် အထင်အမြင်သေးကြပုံပေါ်ကာ ရွံရှာမုန်းတီးစွာဖြင့် ဆက်ဆံကြလေသည်။

အပြင်ဘက်ရှိ လူများက လှုပ်ရှားရန် စိတ်အားထက်သန်နေကြလေ၏။ ပုံမှန်အားဖြင့် လျင်မြန်စွာ ပေါ်လာတတ်သော စစ်ဆေးရေးမှူး များ အရိပ်အယောင်ပင် မတွေ့ရခြင်းက သူတို့ကို ပို၍ ဂနာမငြိမ်ဖြစ်သွားစေသည်မှာ သေချာပေသည်။

အရောင်းအဝယ် ခန်းမ တွင် လုံခြုံရေး သိပ်မရှိလှချေ။ မည်သို့ပင်ဆိုစေ ငြိမ်းချမ်းရေး၏ လွှမ်းမိုးမှုအောက်တွင် ဆော်လမွန် မြို့တော် ၌ မည်သူကမျှ ပြဿနာမရှာခဲ့ကြသောကြောင့် ဖြစ်လေ၏။

ရထား အရောင်းအဝယ်ဌာန တွင် လုံခြုံရေးအစောင့် အနည်းငယ်သာ ရှိပေသည်။

သူတို့တွင် သေနတ်များရှိသော်လည်း အပြင်ဘက်တွင် စုရုံးနေသော အမည်းရောင် လူအုပ်ကြီးနှင့် ယှဉ်လိုက်လျှင် သမုဒ္ဒရာထဲ ရေတစ်စက်ကျသကဲ့သို့သာ ဖြစ်လေ၏။

အရောင်းအဝယ် ခန်းမ ၏ မန်နေဂျာဖြစ်သူက ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေကာ အကူအညီအတွက် အဆက်မပြတ် တောင်းဆိုနေသော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ချေ။

ဤအတိုင်း ဆက်သွားနေပါက မကြာမီ ဆိုးရွားသောအရာတစ်ခုခု ဖြစ်လာတော့မည်မှာ သေချာပေသည်။

ခွမ်း။

ဖန်ကွဲသံတစ်သံက ထွက်ပေါ်လာလေ၏။

တစ်စုံတစ်ယောက်က အရောင်းအဝယ် ခန်းမ အတွင်းသို့ ဓာတ်ဆီပုလင်းဗုံး တစ်လုံးကို ပစ်သွင်းလိုက်ခြင်း ဖြစ်လေသည်။

မီးတောက်များ ပြန့်နှံ့သွားကာ ဂနာမငြိမ်ဖြစ်နေသော လူများ၏ နှလုံးသားများကို လုံးဝ မီးမွှေးပေးလိုက်တော့သည်။

"ဝင်တိုက်ကြ၊ ငါ့ရဲ့ ရထား ကို ပြန်ပေး"

သူတို့က အတင်းဝင်ရောက်လာကြကာ လုံခြုံရေးအစောင့်များကို ချက်ချင်းပင် ခြေအောက်၌ နင်းခြေပစ်လိုက်ကြပြီးနောက် ရထား အရောင်းအဝယ်ဌာန အခန်းကို ရိုက်ချိုးဖျက်ဆီးကာ လုယက်ကြလေတော့သည်။

"ဒီလူတွေ ရူးနေကြတာလား"

ရထား အရောင်းအဝယ်ဌာန မှ ထွက်ခွာလာပြီးဖြစ်သော ကျောက်လင် က ရဲချီယန် ၏ နောက်ကျောမှနေ၍ အထဲရှိ အဖြစ်ဆိုးကြီးကို ခေါင်းလေးပြူကာ ချောင်းကြည့်လိုက်လေ၏။

သူတို့ တကယ်ပဲ ရူးသွပ်နေကြချေပြီ။

ရထားသင်္ချိုင်းတွင် ရထား များစွာရှိနေသည်မှာ မှန်သော်လည်း တကယ်တမ်း အထူး ရထားတွဲ များကိုမူ အပြင်ဘက်တွင် ထားရှိခြင်း မရှိချေ။

ဤအရှုံးသမားများက စက်ခေါင်းတွဲ တစ်ခုတည်းဖြင့် လွင်တီးခေါင်ပြင်တွင် ရှင်သန်ရန် ခက်ခဲမည်ဖြစ်ကြောင်း ကောင်းကောင်း သိနေကြလေ၏။ လွင်တီးခေါင်ပြင်သို့ ဝင်ရောက်ရန်အတွက် သူတို့က ရထား များကို လုယူရုံမျှဖြင့် မကျေနပ်နိုင်ကြတော့ချေ။

အနီးအနားရှိ ဆိုင်များနှင့် လူများက သူတို့၏ ပစ်မှတ်များ ဖြစ်လာကြတော့သည်။

ကံမကောင်းစွာဖြင့် ရဲချီယန် ကလည်း ၎င်းတို့ထဲမှ တစ်ခု အပါအဝင် ဖြစ်လာခဲ့လေ၏။

"အဲဒီမှာ ရပ်လိုက်စမ်း၊ မင်းအခုလေးတင် ဝယ်လာတဲ့ဟာတွေကို ပေးစမ်း"

ဒိုင်း။

သေနတ်တစ်ချက်တည်းဖြင့်ပင် အသက်ပျောက်သွားလေ၏။

အလောင်းကို ကျော်ဖြတ်သွားရင်း သူက လက်ဖြောက်တစ်ချက် တီးလိုက်ကာ ကျီးကန်းနတ်ဆိုး ကို ဆင့်ခေါ်လိုက်လေသည်။

၎င်းက စူးရှစွာ အော်ဟစ်လိုက်ကာ အလောင်းပေါ်သို့ ဆင်းသက်ပြီးနောက် သွေးစွန်းနေသော ရထားဒင်္ဂါး တစ်ပြားကို ဆိတ်ယူကာ ရဲချီယန်၏ ပခုံးပေါ်သို့ ပြန်လည်ရောက်ရှိလာပေသည်။

"တော်တော် မွဲတာပဲ၊ ဒါပေမဲ့..."

ရဲချီယန်၏ အကြည့်များက ပတ်ဝန်းကျင်ကို ဝေ့ဝဲသွားလေ၏။

"လူတွေကတော့ တော်တော် များသားပဲ"

သူက သေနတ်ကို မြှောက်ကာ ပစ်ခတ်လိုက်လေသည်။

ကျည်ဆန်များက ဤလောဘကြီးနေသော ကောင်များကို တိကျစွာ ထိမှန်သွားတော့သည်။

ကျီးကန်းနတ်ဆိုး က သူတို့၏ နှလုံးသားများကို ထိုးဆိတ်ကာ သွေးစွန်းနေသော ရထားဒင်္ဂါး များကို တစ်ပြားပြီးတစ်ပြား လိုက်လံကောက်ယူနေလေ၏။

အသက် ဆယ့်နှစ်ချောင်း၊ ရထားဒင်္ဂါး ဆယ့်ခြောက်ပြား။

သတ်ဖြတ်လုယက်ခြင်းက ငွေရှာရန် အမြန်ဆုံးနည်းလမ်းဖြစ်သည်ဟု ဆိုကြသည့်အတိုင်း အဆင့် ၈ ရတနာသေတ္တာ တစ်လုံးကပင် ဤမျှလောက်သာ ပေးစွမ်းနိုင်မည် ဖြစ်လေ၏။

"ဟေး ကြောက်လွန်းလို့ တောင့်တင်းသွားတာလား"

ကျောက်လင်၏ မျက်လုံးရှေ့တွင် သူက လက်ကို ဝှေ့ယမ်းပြလိုက်လေသည်။

"အာ မ မဟုတ်ပါဘူး၊ အစ်ကိုချီယန် သူတို့ကို သတ်လိုက်တာ မှန်ပါတယ်"

ရဲချီယန် လူသတ်လိုက်ခြင်းကြောင့် ကျောက်လင် ကြောက်လန့်သွားခြင်း မဟုတ်ဘဲ ကျီးကန်းနတ်ဆိုး က သူတို့၏ နှလုံးသားများကို ထိုးဆိတ်နေသည့် လုပ်ရပ်ကြောင့် ဖြစ်လေ၏။

"အို နင်က သူတော်စင်မလေးလို ဟန်ဆောင်တော့မလို့ ထင်နေတာ"

"ဘယ်လိုလုပ် အဲဒီလို ဖြစ်နိုင်မှာလဲ၊ အစ်ကိုချီယန်က ကျွန်မကို ဘယ်လိုလူမျိုးလို့ ထင်နေတာလဲ"

"ကံဆိုးမလေးလေ"

"အဲဒါကိုတော့ ကျွန်မ မငြင်းနိုင်ပါဘူးလေ..."

ကျောက်လင် က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့သွားလေသည်။

"တောင်းပန်ပါတယ် အစ်ကိုချီယန်၊ ကျွန်မတို့က ရထားတွဲ လာဝယ်ရုံလေးကို ဒီလိုဖြစ်သွားတာဆိုတော့ ကျွန်မကြောင့်ဖြစ်ရမယ်..."

"အင်း ဖြစ်နိုင်ချေများတယ်၊ နင့်ရဲ့ နောက် ကံကောင်းခြင်း ဘူတာ ပြီးသွားရင် ဆုကြေးအနေနဲ့ ငါ့ကို ရထားဒင်္ဂါး တွေ ပိုပေးဖို့ မမေ့နဲ့"

ရဲချီယန် က ခေါင်းညိတ်လိုက်ကာ ဗိုက်စင်သီး တစ်လုံးကို ထုတ်ယူ၍ ကိုက်စားလိုက်လေ၏။

"သွားကြစို့၊ ပြန်ဖို့ အချိန်တန်ပြီ"

အပြန်လမ်းတစ်လျှောက်တွင် ဆော်လမွန် မြို့တော် ၏ နေရာအသီးသီးက အတိုင်းအတာတစ်ခုအထိ ဖရိုဖရဲ အခြေအနေများထဲသို့ ကျဆင်းနေသော်လည်း စစ်ဆေးရေးမှူး များမှာ ပေါ်မလာခဲ့ကြချေ။

သူတို့က ပြိုကျနေသော နံရံများနှင့် အပျက်အစီးများရှိသည့် ရွာလေးဆီသို့ ပြန်လည်ရောက်ရှိလာကြလေသည်။

ထို အသားပြာရောင် အက်ဖ် များက သူတို့၏ အိတ်များကို ထုပ်ပိုးနေကြကာ ဤနေရာမှ ထွက်ခွာတော့မည့်ပုံ ပေါ်နေပေသည်။

ဘူတာရုံလေး သို့ ပြန်ရောက်သောအခါ မွန်ရိုးဂျီနာ ၏ ပျက်စီးနေသော ရထားက သူတို့ ပထမဆုံး ပြန်ရောက်လာချိန်နှင့် ယှဉ်လျှင် အများစုကို ပြုပြင်ပြီးစီးနေပြီ ဖြစ်လေ၏။

သူမ၏ မျက်နှာဖုံး ကျိုးပဲ့သွားသဖြင့် ခရမ်းရောင် မျက်နှာကာလေးတစ်ခုကိုသာ ဝတ်ဆင်ထားလေသည်။

သူတို့နှစ်ဦး ပြန်ရောက်လာသည်ကို မြင်သောအခါ သူမက ပြုံးလျက် ပြောလိုက်ပေသည်။

"အပြင်ဘက်မှာ အခြေအနေ ဘယ်လိုလဲ"

"ရှုပ်ယှက်ခတ်နေတာပဲ၊ အမိန့် ကတ်ပြား အယူခံလိုက်ရပြီမလား"

သူတို့နှစ်ဦး စကားပြောနေသည်ကို ကြားသောအခါ ကျောက်လင်က ခိုးနားမထောင်ဘဲ တိတ်တဆိတ်ပင် ရှောင်ထွက်သွားလေ၏။

"ဟုတ်တယ်၊ အဲဒီ လူလိမ်မက ငါ့ကို ဆက်သွယ်လာတယ်၊ သူတို့ကို အခု ပုတုတု စစ်ကြောရေးမှူးချုပ် တစ်ယောက်က လိုက်လံဖမ်းဆီးနေတာတဲ့၊ ပြီးတော့ အဲဒီလူက တော်တော်လေး ပြဿနာရှာတတ်တဲ့ပုံပဲ ဟားဟား၊ ကျူရှင်းထ က ရှာယာလို လူမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း အနည်းဆုံးပဲလေ၊ ကံဆိုးချင်တော့ ဆော်လမွန် မြို့တော် ရဲ့ စစ်ကြောရေးမှူးချုပ်က အဲဒီလိုလူမျိုး ကွက်တိ ဖြစ်နေတာပဲ"

ရဲချီယန်က မကြာသေးမီကမှ တွေ့ခဲ့ရသော ကျောက်ရှီးကို တိတ်တဆိတ် တွေးလိုက်မိလေသည်။

"သူတို့ အဖမ်းခံရရင် ဘာဖြစ်မလဲ"

"သေချာပေါက် သေမှာပေါ့၊ အဲဒီ ပုတုတု စစ်ကြောရေးမှူးချုပ်က ဘယ်တော့မှ အလျော့ပေးတတ်တာ မဟုတ်ဘူး၊ အင်း မဟုတ်သေးဘူး ငါ့ကို အရင်တစ်ခေါက် လိုက်ဖမ်းတုန်းက သူမက အကြောင်းပြချက် တစ်ခုခုကြောင့် ရုတ်တရက် ထွက်သွားခဲ့တယ်၊ ငါက ချိတ်ပိတ်ထားသောအရာ ကို ယူတာကို သူမ ဝင်မနှောင့်ယှက်နိုင်အောင် ယဇ်ပူဇော်ခြင်းစွမ်းအားကို သုံးဖို့ အစကတည်းက ပြင်ဆင်ထားခဲ့ပေမယ့် သူမက အာရုံလွှဲခံလိုက်ရတော့ ငါ့အတွက် အများကြီး ပိုလွယ်သွားတာပေါ့၊ မဟုတ်ရင် ငါ အသက်ရှင်ရက် ပြန်ရောက်လာနိုင်ဖို့ သိပ်မသေချာဘူး"

မွန်ရိုးဂျီနာက ရဲချီယန် အတွက် လက်ဖက်ရည်တစ်ခွက် ငဲ့ပေးလိုက်ကာ ညွှန်ပြဟန် ပြုလိုက်လေ၏။

"ဒါတွေက လက်ဖက်ခင်းဘူတာ ကနေ ငါပြောင်းစိုက်ထားတဲ့ လက်ဖက်ပင်က ခူးထားတဲ့ လက်ဖက်ရွက်တွေလေ၊ အရသာခံကြည့်ပါဦး၊ အရင်က မင်း မသောက်ခဲ့ရဘူးမလား၊ ဒီတစ်ခါတော့ လက်လွတ်မခံနဲ့တော့"

အခန်း (၁၁၀) ဘူတာရုံမှ ထွက်ခွာသွားသော မွန်ရိုးဂျီနာ။

"အပြင်ဘက်မှာ အခြေအနေ ဘယ်လိုလဲ"

လက်ဖက်ရည်က အလွန်ကောင်းမွန်သော်လည်း သူက သိပ်ပြီးသောက်လေ့သောက်ထမရှိသဖြင့် အနည်းငယ်စိမ်းနေပေသည်။

ရဲချီယန်က လက်ဖက်ရည်ပန်းကန်ကို ချထားလိုက်ကာ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်လေ၏။

"အပြင်မှာ တော်တော်လေး ရှုပ်ယှက်ခတ်နေတာ၊ တစ်ချိန်တုန်းက ရထားမောင်းနှင်သူ တွေ ဖြစ်ခဲ့ပေမယ့် ရထားကို စွန့်လွှတ်ခဲ့တဲ့သူတွေက အခု အရောင်းအဝယ်ဌာနမှာ ရထားတွေကို လုယူနေကြတယ်၊ လွင်တီးခေါင်ပြင်ထဲကို ပြန်ဝင်ဖို့ မျှော်လင့်နေကြတာလေ၊ ဒါပေမဲ့"

သူက ခဏမျှ တုံ့ဆိုင်းသွားလေသည်။

မွန်ရိုးဂျီနာက အပြုံးရေးရေးလေးဖြင့် သူ၏စကားကို အဆုံးသတ်ပေးလိုက်လေ၏။

"ဒါပေမဲ့ အဲဒီလူတွေက ရထားကို ရသွားရင်တောင် နောက်ဆုံးမှာတော့ လွင်တီးခေါင်ပြင် ဒါမှမဟုတ် ဘူတာရုံ တစ်ခုခုမှာ သေသွားကြမှာပဲ မဟုတ်ဘူးလား"

"လုံးဝကြီးတော့ မဟုတ်လောက်ပါဘူး၊ တချို့တွေများ ကံကောင်းနိုင်မလား"

"ဟီးဟီး တကယ်လို့ အဲဒီလိုလူတွေသာ ရှိခဲ့မယ်ဆိုရင် သူတို့က အစကတည်းက ရထားကို စွန့်လွှတ်ဖို့ ရွေးချယ်ခဲ့မှာ မဟုတ်ဘူး"

မွန်ရိုးဂျီနာ၏ လေသံက အေးအေးဆေးဆေးပင် ရှိနေပေသည်။

"မင်း မထူးဆန်းဘူးလို့ မထင်ဘူးလား၊ မြို့တော်ကို ထိန်းချုပ်ထားသူတွေက ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဟောပြောနေကြပြီး ရထားမောင်းနှင်သူ တွေကို ရထားတွေစွန့်လွှတ်ကာ မြို့တော်ထဲမှာ သာမန်လူတွေအဖြစ် နေထိုင်ဖို့ တိုက်တွန်းနေကြပေမယ့် သူတို့ရဲ့ မျိုးဆက်တွေကိုကျတော့ ရထားမောင်းနှင်သူ တစ်ယောက်ဖြစ်လာဖို့အတွက် အရာအားလုံးကို ကြိုးစားအားထုတ်ဖို့ သင်ကြားပေးနေကြတယ်၊ ဒီထူးဆန်းတဲ့ ရှေ့နောက်မညီမှုက အရာတစ်ခုတည်းကိုပဲ ညွှန်ပြနေတာ"

သူမက ခွက်နှုတ်ခမ်းဝကို ပွတ်သပ်လိုက်ရာ သူမ၏ လေသံက တဖြည်းဖြည်း နောက်ပြောင်ချင်ဟန် ပေါက်လာချေပြီ။

"ကိုယ်ရေးအချက်အလက်ကို စွန့်လွှတ်တယ်ဆိုတာက လွင်တီးခေါင်ပြင်ကို ကြောက်ရွံ့တဲ့ သာမန်လူတွေနဲ့ အားနည်းသူတွေသာ ပြုလုပ်တဲ့ ရွေးချယ်မှုတစ်ခုပဲ၊ မြို့တော်ရဲ့ အဆင့်မြင့်အရာရှိတွေထဲက ဘယ်သူကမှ သူတို့ရဲ့ ရထားတွေကို စွန့်လွှတ်မှာ မဟုတ်ဘူး၊ သူတို့က ထွက်ခွာစရာမလိုဘဲ ကိုယ့်မြို့တော်ထဲမှာပဲ ထာဝရနေထိုင်နိုင်မယ့် နည်းလမ်းတွေကို အသုံးပြုကြလိမ့်မယ်၊ ရထားကို စွန့်လွှတ်လိုက်ခြင်းက စွမ်းအားကို စွန့်လွှတ်တာ မဟုတ်သလို ဆက်လက်ပြီး ပိုမိုအားကောင်းလာအောင် မလုပ်နိုင်တော့ဘူးလို့ ဆိုလိုတာ မဟုတ်ပေမယ့် ရထားမရှိရင် ရှေ့ကိုဆက်သွားလို့ မရဘူးလေ၊ တကယ် ရည်မှန်းချက်ကြီးတဲ့သူတွေက သူတို့ကိုယ်သူတို့ တုံ့ဆိုင်းနေဖို့ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး"

မွန်ရိုးဂျီနာ၏ စကားများက ကျောက်ရှီး ပြောခဲ့သည်များနှင့် တော်တော်လေး ဆင်တူနေပေသည်။

မြို့တော်ထဲသို့ ဝင်ရောက်ခြင်းက ရထားကို စွန့်လွှတ်လိုက်သည်ဟု မဆိုလိုချေ။

ထိုကဲ့သို့သော ရွေးချယ်မှုကို ပြုလုပ်ခဲ့သူများမှာ အမိန့် ကတ်ပြား ၏ လွှမ်းမိုးမှုကြောင့် ဆိုလျှင်ပင် သူတို့၏ ကိုယ်ပိုင် အကြောက်တရားနှင့် စွမ်းဆောင်ရည် မလုံလောက်မှုတို့ကြောင့်သာ ဖြစ်လေ၏။

သာမန်လူများအတွက် ဤရွေးချယ်မှုက ဆိုးရွားသောအရာတော့ မဟုတ်ပေ။ သို့သော် မြို့တော်ထဲတွင် ကောင်းမွန်စွာ မနေထိုင်ရသောကြောင့် အဓိကရုဏ်း ဖန်တီးနေကြသူများအတွက်မူ လွင်တီးခေါင်ပြင်သို့ ပြန်သွားလျှင်ပင် ကောင်းမွန်သော အဆုံးသတ် ရရှိနိုင်မည်မဟုတ်ချေ။

ဟင်။

နေဦး။

အကယ်၍ အဲဒီလိုဆိုရင်။

"မင်း သဘောပေါက်သွားပြီလား"

"သေချာတာပေါ့၊ အဲဒီလိုဆိုမှတော့ အဲဒီအမျိုးသမီး ကျူရှင်းထူ က မြို့တော်ထဲက အမိန့် ကတ်ပြား တွေကို ခိုးယူပြီး ဘာကိုရချင်နေတာလဲ"

ရဲချီယန်က သူ၏ အဖြေကို ထုတ်ပြောလိုက်လေသည်။

"ကတ်ပြားတွေရဲ့ အမိန့်တွေကို စုဆောင်းဖို့လား"

"မှန်တာပေါ့၊ အဖြေက ဒီလောက်ရိုးရှင်းတာ၊ အဲဒီ လူလိမ်မ လုပ်ခဲ့သမျှ အရာအားလုံးက ကိစ္စတစ်ခုတည်းအတွက်ပဲ၊ အဲဒါက ကတ်ပြားရဲ့ အမိန့်ကို စုဆောင်းဖို့ ဒါမှမဟုတ် ကတ်ပြားအမိန့် အစီအစဉ်တစ်ခုလုံးကို ရရှိနိုင်မယ့်သူကို အင်ပါယာအမိန့်တော် အဖွဲ့အစည်း ထဲ ဝင်လာစေဖို့ပဲ၊ သူမက အဲဒီကတ်ပြားအမိန့် ဘယ်သူ့လက်ထဲမှာ ရှိနေလဲဆိုတာကို ဂရုမစိုက်ဘူး၊ ကတ်ပြားပိုင်ရှင်က အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာဖို့ကိုပဲ ဂရုစိုက်တာ"

မွန်ရိုးဂျီနာက ကောင်းကင်ယံသို့ မော့ကြည့်လိုက်လေ၏။

ဤအချိန်တွင် ကျူရှင်းထူမှာ ဆော်လမွန် မြို့တော် ၏ အထက်ပိုင်းရပ်ကွက်တွင် လိုက်လံဖမ်းဆီးခံနေရချေပြီ။

"မင်းကို ငါပြောစရာတစ်ခုပဲ ရှိတယ်"

သူမက ခဏမျှ ရပ်တန့်သွားလေသည်။

"ဘာပဲဖြစ်ဖြစ် အဲဒီ လူလိမ်မက ကတ်ပြားအမိန့်ကို စုဆောင်းတာကလွဲရင် သူမပြောသမျှ ဘယ်အရာကိုမှ မယုံနဲ့၊ ကြီးမားတဲ့ ကောင်းကျိုးအတွက်ပဲဖြစ်ဖြစ် ကယ်တင်ခြင်းအတွက်ပဲဖြစ်ဖြစ် အသက်ရှင်ဖို့အတွက်ပဲဖြစ်ဖြစ် အားလုံးက အတုအယောင်တွေချည်းပဲ"

တစ်နည်းအားဖြင့် မွန်ရိုးဂျီနာ ဖော်ပြခဲ့သည့်အတိုင်း လူတိုင်းက လူလိမ်မ ဟုခေါ်ကြသော ကျူရှင်းထူ၏ လုပ်ရပ်များနောက်ကွယ်မှ ရည်ရွယ်ချက်မှာ အမှန်တကယ်ပင် သန့်စင်လွန်းလှပေသည်။

ကတ်ပြားအမိန့် အတွက်တဲ့လား။

ရဲချီယန် သိပ်ပြီး နားမလည်နိုင်ခဲ့ချေ။

"ကတ်ပြားအမိန့် တစ်ဆက်လုံးကို အောင်မြင်စွာ စုဆောင်းနိုင်ခဲ့ရင် ဘာဖြစ်မှာလဲ"

"ငါလည်း မသိဘူး၊ ဘာပဲဖြစ်ဖြစ် ငါတစ်ခါမှ မအောင်မြင်ခဲ့ဖူးဘူးလေ၊ ဖြစ်နိုင်တာက အဲဒီ လူလိမ်မပဲ အောင်မြင်ခဲ့ဖူးလို့ သူမက ကတ်ပြားအမိန့် စုဆောင်းဖို့ကို ဒီလောက်တောင် စွဲလမ်းနေတာ ဖြစ်မယ်"

မွန်ရိုးဂျီနာက သက်ပြင်းချလိုက်ကာ ဓားတောင်ဝှေးကို မှီလျက် မတ်တတ်ရပ်လိုက်ပြီးနောက် သူမ၏ ရထားဆီသို့ လျှောက်သွားလေ၏။

"ငါသွားတော့မယ်"

"အခုပဲလား"

"အင်း အပြင်က အဲဒီ အက်ဖ်တွေကိုပါ ငါနဲ့အတူ ခေါ်သွားမလို့"

"ငါက သူတို့ကို ကျေးဇူးဆပ်ဖို့ ရှိသေးတယ်၊ ပြီးတော့ ယဇ်ပူဇော်မှုတစ်ခုကို ပြီးမြောက်ဖို့ သူတို့ကို ကူညီပေးရဦးမယ်၊ အဲဒီတော့ သူတို့က ငါ့ရဲ့ လက်ထောက်တွေဖြစ်လာပြီး ရထားပေါ်မှာ နေကြလိမ့်မယ်"

ဓားတောင်ဝှေးက လွှဲယမ်းသွားလေ၏။

ထိုရထားတွဲပေါ်မှ ဥတစ်လုံးကို သယ်ဆောင်လာသော လင်းယုန်ကြီးတစ်ကောင်က ပျံသန်းလာပေသည်။

"ဒါက မင်းအတွက်"

မွန်ရိုးဂျီနာက နွေးထွေးနေသော လင်းယုန်ဥကို ကမ်းပေးလိုက်လေ၏။

"ဒါက ငါ့ရဲ့ အိမ်မွေးလင်းယုန်ဆီက လတ်လတ်ဆတ်ဆတ် ဥထားတဲ့ဥပဲ၊ ခွဲခွာခြင်း လက်ဆောင်အနေနဲ့ မင်းကို ငါပေးတာ၊ မစားပစ်နဲ့နော်၊ အကောင်ပေါက်အောင် ဖောက်ပြီး အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားလိုက်"

"အစ်မကို ကယ်တင်ခဲ့တဲ့အတွက် ဆုကြေးဆိုရင်တော့ အရင်က နတ်ဆိုး ကတ်ပြားနဲ့ အဲဒီ ချိတ်ပိတ်ထားသောအရာ ထဲက ပစ္စည်းကတင် လုံလောက်တာထက်ကို ပိုနေပါပြီ"

"ဟင့်အင်း မလုံလောက်သေးပါဘူး"

မွန်ရိုးဂျီနာက ဘာကိုမှ ရှင်းမပြတော့ဘဲ ဥကို ရဲချီယန်၏ လက်မောင်းထဲသို့ အတင်းထိုးထည့်ပေးလိုက်လေသည်။ သူမက မျက်နှာကာကို ချွတ်လိုက်ကာ သူ့ကို အနည်းငယ် ပြုံးပြလိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်က ပူဖောင်းများအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားကာ ပျောက်ကွယ်သွားတော့သည်။

ရထား၏ ဥဩသံက ထွက်ပေါ်လာလေ၏။

မွန်ရိုးဂျီနာ၏ ရထားရှေ့တွင် သံလမ်းများက ဆန့်ထွက်သွားကာ နေရာလွတ်က တွန့်လိမ်ကောက်ကွေးသွားပေသည်။

အပြင်ဘက်ရှိ ပျက်စီးနေသော အသားစိမ်းရောင် အက်ဖ် ရွာလေးထဲမှ အက်ဖ်များက အထုပ်အပိုး အကြီးအသေးများကို သယ်ဆောင်လျက် ထိုတွန့်လိမ်နေသော နေရာလွတ်ထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြလေသည်။

သူတို့က တစ်တွဲတည်းသော ရထားတွဲအတွင်းသို့ ဝင်ရောက်သွားကြကာ ပျောက်ကွယ်သွားကြတော့သည်။

ထိုနေရာတွင် လူရာပေါင်းများစွာ နေထိုင်နိုင်လောက်အောင် ကြီးမားသော ကမ္ဘာငယ်လေးတစ်ခု တည်ရှိနေပုံရလေ၏။

ဥဩသံက ထပ်မံထွက်ပေါ်လာပြန်သည်။

သူ၏ သူငယ်ချင်းစာရင်းထဲရှိ မွန်ရိုးဂျီနာက သူ့ထံသို့ မက်ဆေ့ချ်တစ်စောင် ပို့လာလေ၏။

"မင်း မဖြေရှင်းနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတစ်ခုခုနဲ့ ကြုံလာရရင် ငါ့ကို လာရှာလို့ရတယ်၊ မင်းကို ကူညီဖို့ နည်းလမ်းရှာပေးမယ်"

ရထားက စတင်ရွေ့လျားသွားလေတော့သည်။

ရထားတစ်စင်းလုံး တွန့်လိမ်မှုလေဟာနယ်များအတွင်းသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း အခြားသူတစ်ယောက်၏ ရထားက ဘူတာရုံမှ ထွက်ခွာသွားသည်ကို ဤရှုထောင့်မှနေ၍ သူ ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်းပင် ဖြစ်လေ၏။

"ငါလည်း သွားဖို့ အချိန်တန်ပြီ"

သူက ဆော်လမွန် မြို့တော် တွင် တစ်ရက်ပင် မပြည့်သေးသော်လည်း ဤခရီးစဉ်မှ ရရှိလိုက်သောအရာများက အတော်လေး ကြီးမားလှပေသည်။

အခြားအရာအားလုံးကို ဘေးဖယ်ထားလိုက်လျှင် ရထားဒင်္ဂါး များကို ကြည့်ရုံဖြင့်ပင် သူ့ထံတွင် ယခုအခါ လေးဆယ်အထိ ရှိနေချေပြီ။

သူက တစ်ရာပြည့်အောင် စုဆောင်းပြီးနောက် ရထားကို နောက်တစ်ဆင့် အဆင့်မြှင့်တင်ရန် စီစဉ်ထားလေ၏။

ထို့အပြင် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်နိုင်သော စိုက်ပျိုးရေး ရထားတွဲ နှင့် အတုအယောင် သဲပုံစံငယ် ရထားတွဲ တို့ကို ထုတ်ယူကာ ဆဋ္ဌမနှင့် သတ္တမနေရာများတွင် အသီးသီး ချိတ်ဆက်လိုက်ပေသည်။

ဤနေရာမှ ထွက်ခွာပြီးနောက် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ကို သူ ပြုလုပ်မည် ဖြစ်လေ၏။

သူက အိတ်ဆောင်နာရီ ကို ထုတ်ကြည့်လိုက်ရာ အချိန်က ညနေ ၅ နာရီ ၁၈ မိနစ် ရှိနေပြီ ဖြစ်လေသည်။

သူ အခုပဲ ဘူတာရုံကနေ ထွက်သွားသင့်လား။

ရဲချီယန်က ခဏမျှ စဉ်းစားခန်း ဝင်နေလေ၏။

အကယ်၍ အခုထွက်သွားလျှင် နောက်ထပ် ဘူတာရုံ တစ်ခုသို့ ဝင်ရောက်ရန် မနက်ဖြန် နေ့လယ်အထိ ရထားပေါ်တွင် စောင့်နေရဦးမည် ဖြစ်လေသည်။

လောဖို့ မလိုအပ်ချေ။

မြို့တော်ထဲတွင် ထောက်ပံ့ရေးပစ္စည်း အချို့ကို သူ ဆက်လက် ဝယ်ယူနိုင်သေးပေသည်။

မည်သို့ပင်ဆိုစေ အစောပိုင်းက သူ လဲလှယ်ထားခဲ့သော ဆော်လမွန် ဒင်္ဂါး ၂၀၀၀ ကို မသုံးရသေးသလို နောက်တစ်ကြိမ် ဘယ်တော့လာဖြစ်မည်ကိုလည်း မသိရသဖြင့် ၎င်းတို့ကို သိမ်းထားခြင်းက အဓိပ္ပာယ်မရှိလှပေ။

"ဟင် ဟိုအစ်မချောချောလေးရဲ့ ရထားက ဘယ်ရောက်သွားတာလဲ"

သူမ၏ ကိုယ်ပိုင်ရထားပေါ်တွင် တစ်ခုခုကို ပြုပြင်နေခဲ့သော ကျောက်လင်က ပြေးထွက်လာလေ၏။

"သူမ ထွက်သွားပြီ၊ နင် အသံမကြားလိုက်ဘူးလား"

ကျောက်လင်က လျှာလေးထုတ်ပြကာ သူမ၏ ဒုတိယမြောက် ရထားတွဲကို လက်ညိုးထိုးပြလိုက်ပေသည်။

"အဲဒီရထားတွဲက လုံးဝ အသံလုံတယ်၊ ဟီးဟီး ကျွန်မ ပုံမှန်ဆိုရင် အဲဒီမှာပဲ အိပ်တာ၊ ရထားဘီးတွေရဲ့ တဂျောက်ဂျောက်မြည်တဲ့ အသံကိုတောင် မကြားရဘူး၊ တော်တော် မိုက်တယ်မလား"

"ကောင်းပါပြီလေ၊ ကြည့်ရတာ နင့်ဆီမှာလည်း ပစ္စည်းကောင်းတချို့ ရှိနေပုံပဲ"

"သေချာတာပေါ့"

"ကွက်တိပဲ၊ နင့်ရဲ့ ကံဆိုးခြင်းတွေ ကူးစက်ခံလိုက်ရလို့ ငါကြုံတွေ့နေရတဲ့ အခုလက်ရှိ ကံဆိုးမှုတွေအတွက် လျော်ကြေးပေးဖို့ အဲဒါကို ပိုက်ဆံနဲ့ ရောင်းလိုက်လေ"

"အဲ အဲဒါကတော့၊ ကျွန်မ အရင်ပြန်သွားတော့မယ်"

အထိတ်တလန့် ထွက်ပြေးသွားသော ကျောက်လင်ကို ကြည့်ရင်း ရဲချီယန်က ခါးသက်သက် ရယ်မောလိုက်လေ၏။

ရိုးသားစွာ ဆိုရလျှင် သူမ၏ ဤတစ်ကြိမ် ကံဆိုးခြင်းက သူထင်ထားသည်ထက် များစွာ ပို၍ ရိုးရှင်းနေပေသည်။

အနည်းငယ်မျှသော အန္တရာယ်လေးမှလွဲ၍ မျှော်လင့်မထားသော မည်သည့်အရာမျှ ဖြစ်မလာခဲ့ချေ။

သူမရဲ့ ကံဆိုးခြင်းက တကယ်တော့ အဲဒီလောက်ကြီး ဆိုးရွားမနေတာများလား။

သို့ရာတွင် ထိုအတွေးက သူ၏ စိတ်ထဲသို့ ဖြတ်ပြေးသွားချိန်မှာပင်။

မြေပြင်၏ ပြင်းထန်သော တုန်ခါမှုက ရဲချီယန်ကို ထိုအတွေးကို ပြန်လည်ရုပ်သိမ်းသွားစေတော့သည်။

"...ဒီနေ့ ငါ ပြဿနာတွေ အရမ်းများနေပြီလား"

All Chapters