← Chapters

လူသား၏ခွန်အားနှင့်တိရစ္ဆာန်၏ဉာဏ်ရည်ယှဉ်ပြိုင်ခြင်း ၂

Vol. 91 Ch. 907

လူသား၏ခွန်အားနှင့်တိရစ္ဆာန်၏ဉာဏ်ရည်ယှဉ်ပြိုင်ခြင်း ၂

Vol. 91 Ch. 907

ဟိန်းဟောက်သံက လေပြင်းမုန်တိုင်းတစ်ခုကို တိုက်ခတ်လာစေပြီး ရှန်းယီ၏ဆံပင်များကို လွင့်စင်သွားစေသော်လည်း သူ၏တည်ငြိမ်သော အမူအရာကိုမူအနည်းငယ်မျှပင် တုန်လှုပ်အောင် မလုပ်နိုင်ခဲ့ချေ။

ထိုအစား အနောက်ပိုင်းနဂါးဘုရင်၏လုပ်ရပ်များကသာ သူ့ကို ရုတ်တရက်ရှင်းလင်းသွားစေ၏။

ဟုန်ကျယ်၏အရှင်သခင်များဟု ခေါ်ဆိုကြသော၊ မြင့်မြတ်လှသည့် နဂါးမျိုးနွယ်ဝင်များသည် မရေမတွက်နိုင်သောသက်ရှိများ၏ အသက်ကို စိုးမိုးကြပြီး၊ သူတို့၏စကားတစ်ခွန်းတည်းဖြင့် ကျယ်ပြောလှသော ရေပြင်နှင့်ကုန်းမြေများ၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်ကြ၏။

သို့သော် အစစ်အမှန် သေခြင်းရှင်ခြင်းတိုက်ပွဲတွင်မူ၊ သူတို့သည် ဤလောကသို့ သူပထမဆုံးရောက်ရှိလာစဉ်က သတ်ဖြတ်ခဲ့သောခွေးနက်ကြီးနှင့် မခြားနားဘဲ ဗီဇစိတ်၏ထိန်းချုပ်မှုကိုသာ ခံနေကြရသည်။

တိရစ္ဆာန်များထက်မပိုပေ။

နောက်တစ်ခဏတွင်၊ထူထပ်သော တိမ်မည်းကြီးများမှာရေပြင်ပေါ်တွင် နေဝင်ရီတရောအချိန်ကဲ့သို့ လိပ်တက်လာပြီး ပျံ့နှံ့သွား၏။

"ခမည်းတော်.."

ထိုနဂါးမျိုးဆက်မှာ တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိလိုက်၏။ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်မှုများဖြတ်ပြေးသွားပြီး အနောက်ပိုင်းနဂါးဘုရင်ထံသို့အရှိန်အဟုန်ဖြင့် ပြေးထွက်သွားခဲ့၏။

နောက်တစ်စက္ကန့်တွင်၊ရွှေရောင်အက်ကွဲကြောင်းများဖြင့်ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခုသည် တိမ်တိုက်များထဲမှ ထွက်ပေါ်လာပြီး ဝတ်ရုံများ လွင့်ဝဲလျက် သူ၏နောက်ကွယ်တွင် ပေါ်လာခဲ့ပါသည်။

ရက်စက်လှသောဒူးတိုက်ချက်တစ်ခုသည် ထိုမဟာနတ်ဆိုးကြီး၏ခါးအောက်ပိုင်းကို ပြင်းထန်စွာ ထိမှန်သွားသည်။

ဘန်း

ရှန်းယွဲ့ကျန်းချင်ထျန်း နှင့် မိုးပြာရောင်နဂါးမူလရင်းမြစ်စိတ်ဝိညာဉ်ခန္ဓာကိုယ်တို့၏အားဖြည့်မှုအောက်တွင်၊ နဂါးမျိုးဆက်က သူ၏ဦးနှောက်တစ်ခုလုံးတုန်ခါသွားသလို ခံစားလိုက်ရပြီး စိတ်ထဲတွင် ဗလာဖြစ်သွားကာခန္ဓာကိုယ်မှာ ဘေးတိုက် လွင့်ထွက်သွားတော့သည်။

သူ၏အောက်တွင် ရှန်းယီသည် အေးစက်သော မျက်နှာပေးဖြင့် သူ၏ဓားကိုကျွမ်းကျင်စွာ ဆွဲထုတ်လိုက်၏။

ဆန်းကြယ်ရွှေရောင်ဓားသွားက ရေအောက်မှနေ၍ ရေပြင်ကိုဖြတ်သန်းကာ ဝှေ့ယမ်းလိုက်ရာ၊ ညကောင်းကင်ယံကြီးဆင်းသက်လာပြီး အလင်းရောင်အားလုံးကို ဝါးမြိုပစ်လိုက်သည့်အလားပင်။

ဘုန်း..

ခပ်အုပ်အုပ်အသံတစ်ခု ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။

တောင့်တင်းလှသောနတ်ဆိုးခန္ဓာကိုယ်ကြီးမှာ နှစ်ပိုင်းကွဲသွားပြီး၊အစိတ်စိတ်အမြွှာမြွှာဖြစ်နေသော အင်္ဂါအစိတ်အပိုင်းများနှင့်အတူသွေးများမှာ ချီရှန့်ထောင်၏တုန်ယင်နေသော မျက်နှာပေါ်သို့စင်ဟပ်ကုန်သည်။

သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး၊ နှစ်ပိုင်းကွဲကာပြုတ်ကျသွားသော ခန္ဓာကိုယ်ကိုစိုက်ကြည့်နေမိသည်။

တစ်ဖက်သူကို ကယ်တင်ရန်ဆန့်ထုတ်ထားသော နဂါးလက်သည်းမှာ လေထဲတွင်တောင့်တင်းနေဆဲပင်။

"မင်း..."

အသံမှာ အက်ကွဲနေပြီး၊ ချီရှန့်ထောင်၏ ကျယ်လောင်စွာပွင့်ဟနေသော ပါးစပ်ထဲတွင် အေးစက်သော အစွယ်များပေါ်လာ၏။ နဂါးလက်သည်းမှာ လှိုင်းလုံးများကိုဖြတ်သန်းသွားသော မိုးကြိုးကဲ့သို့ပင် ကြက်သွေးရောင်နတ်ဆိုးစွမ်းအားများဖြင့် ရှန်းယီ၏ ရင်ဘတ်ကို ရိုက်ချလိုက်သည်။

သူသည် ထိုအားနည်းလှသောခန္ဓာကိုယ်ကို ဆွဲဖြဲပစ်ရန် သူ၏အစွမ်းရှိသမျှ ထုတ်သုံးလိုက်၏။

သို့သော် ရှန်းယီသည် ရှောင်တိမ်းရန် ဆန္ဒမရှိပုံရပြီး၊ရွှေရောင်သွေးများစီးကျလာကာ နဂါးလက်သည်းကို စွန်းထင်သွားစေခဲ့၏။ သူ၏သေမင်းမျက်လုံးများက ချီရှန့်ထောင်၏ လည်ပင်းကို တည့်တည့်စိုက်ကြည့်နေခဲ့သည်။

ရုတ်တရက်၊သူက အနောက်ပိုင်းနဂါးဘုရင်၏ လက်ချောင်းထိပ်များကိုလျင်မြန်စွာ ဖမ်းဆုပ်လိုက်ပြီး၊အခြားလက်တစ်ဖက်ဖြင့် မုန်တိုင်းအရှိန်အဟုန်ကဲ့သို့ သူ၏ဓားဖြင့် ခုတ်ချလိုက်ပါသည်။

ကောင်းကင်ဘုံနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ရှိ မဟာနတ်ဆိုးကြီး၏ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ်ကောင်းလှပြီး၊ကျောက်စိမ်းဦးချိုငွေနဂါးများ၏ သဘာဝအကြေးခွံများမှာ လောကတွင် ရှားပါးသော ရတနာများဖြစ်ကြသည်။

ထိုမျှမက ဤရှေးဟောင်းနဂါးကြီးက နတ်ဆိုးစွမ်းအားများဖြင့် စုစည်းပေါင်းစပ်လုပ်ထားသည့် သံချပ်ကာကိုလည်း ဝတ်ဆင်ထားသေး၏။

ဓားတစ်ချက်ဖြင့်... သံချပ်ကာ ကွဲအက်သွားခဲ့သည်။

နောက်တစ်ချက်... ငွေရောင်အကြေးခွံများ လွင့်စင်သွားခဲ့၏။

ဓားရှည်မှာအသားထဲသို့ နစ်ဝင်သွားပြီး၊ ရှန်းယီသည် သွေးအရသာကိုမြည်းစမ်းနေသော ဝံပုလွေတစ်ကောင်ကဲ့သို့ လွတ်မြောက်ရန်ကြိုးစားနေသော အနောက်ပိုင်းနဂါးဘုရင်၏လက်ချောင်းများကို မြဲမြံစွာဆုပ်ကိုင်ထားကာ အားအင်ကုန်ခမ်းခြင်းမရှိဘဲ ထိုတိုက်ခိုက်မှုကိုပင် ထပ်တလဲလဲပြုလုပ်နေခဲ့သည်။

"ငါနဲ့ အတူအသက်ချင်း လဲချင်တာလား၊ မင်းမှာ အဲ့ဒီလောက်အဆင့်ရှိတယ်လို့ ထင်နေတာလား"

သူ အပြင်းအထန်ဒဏ်ရာရသွားခြင်း မဟုတ်ပေ။

သို့သော် ဓားအလင်းတန်းများ လင်းလက်နေမှုအောက်တွင် ချီရှန့်ထောင်က ဤဓားကို ခဏတာ ရှောင်တိမ်းချင်လာခဲ့၏။ သူသည် ကာကွယ်ရန် သူ၏လက်မောင်းကိုမြှောက်လိုက်ရာ၊ နောက်ဆုံးတွင်ဆုတ်ခွာလိုက်နိုင်ကာယိုင်တိုင်တိုင်ဖြင့် နောက်ဆုတ်သွား၏။

ထိုစဉ်တစ်နည်းနည်းဖြင့် သူ၏အောက်မှ မြေပြင်သည် ရုတ်တရက် နိမ့်ဆင်းသွားလေ၏။

သူအံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်ရာ သူသည် မသိလိုက်ဘဲ မှောင်မိုက်နေသော မရဏကမ္ဘာစံအိမ် အတွင်းသို့ ခြေလှမ်းမိသွားကြောင်း တွေ့လိုက်ရသည်။

ပဲ့တင်ထပ်နေသော ရေစီးဆင်းသံများမှာ ဝိညာဉ်ကိုဆွဲထုတ်နိုင်စွမ်းရှိသော ခြောက်ခြားဖွယ်ရာ အကျိုးသက်ရောက်မှုရှိနေပုံပင်။ ချီရှန့်ထောင်က ကျိုးပဲ့နေသောတံတားတစ်စင်း၏ အစွန်းတွင် ခြေကုပ်ယူလိုက်ပြီး သူ့ကိုယ်သူထိန်းညှိလိုက်ချိန်တွင် တံတား၏အဆုံးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။

"အခုကော ဘာမှော်အတတ်တွေ သုံးပြန်တာလဲ"

သူ၏ဝိညာဉ်ထဲတွင် မသက်မသာခံစားချက်ကို သိလိုက်ရသဖြင့်၊ ချီရှန့်ထောင်က ချက်ချင်းပင် စိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်ပြီး ဆီးနှင်းကဲ့သို့ဖြူဖွေးသောဓားရှည်တစ်စုံကို လက်ထဲသို့ပြန်လည်ဆင့်ခေါ်ကာ ရှေ့သို့ကြည့်လိုက်၏။

ထိုနေရာတွင် ရှန်းယီသည်လည်း ဆိတ်သုဉ်းနေသောနန်းတော်သို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။ သူ၏စုတ်ပြဲနေသော အနက်ရောင် ဝတ်ရုံအောက်ရှိ ခန္ဓာကိုယ်မှာရွှေရောင်သွေးများဖြင့် စိုရွှဲနေပြီဖြစ်သည်။

သူတို့နှစ်ဦးတိုက်ခိုက်နေကြစဉ်၊ ကျန်ရှိနေသော နဂါးမျိုးနွယ်ဝင်များသည်လည်း သူတို့၏ အစစ်အမှန်ပုံစံများသို့ ပြောင်းလဲသွားကြ၏။ ကျောက်စိမ်းဦးချိုငွေနဂါးအများအပြားမှာ အရပ်မျက်နှာအနှံ့သို့ ရူးသွပ်စွာတိုက်ခိုက်နေကြသော်လည်း၊သူတို့၏ခေါင်းများမှာ သွေးချင်းချင်းနီနေသည့်တိုင်အောင် ဤမက်မွန်ပန်းအစီအရင်၏ ဖွဲ့စည်းပုံထဲမှ မလွတ်မြောက်နိုင်ကြချေ။

ထိုစဉ်မှာပင်၊ခြောက်ခြားဖွယ်ရာ နက်မှောင်သော အရိပ်အယောင်များ သူတို့ရှေ့တွင် ပေါ်လာခဲ့၏။

နောက်တစ်ခဏတွင်၊ဒေါသတကြီး ဟိန်းဟောက်နေသောနဂါးသံများက စူးရှသောငိုကြွေးမြည်တမ်းသံများအဖြစ် ပြောင်းလဲသွားတော့သည်။

"ဝုန်း"

ထိုအေးစက်သော ပုံရိပ်များက သူတို့၏သတ်ဖြတ်ဓားများကို တညီတညွတ်တည်းဝှေ့ယမ်းလိုက်ကြ၏။

ဧရာမနဂါးခန္ဓာကိုယ်ကြီးများမှ ပူနွေးပြီး ကြက်သွေးရောင်သွေးများလှပစွာပန်းထွက်လာပြီး၊ ကောင်းကင်ယံရှိ မက်မွန်ပန်းများကိုပင် ထိတ်လန့်ဖွယ်ရာဆွဲဆောင်မှုမျိုးဖြင့် အရောင်ဆိုးလိုက်သည်။

"ရှူး..."

ကောင်းကင်မှ သွေးမိုးများ ရွာချနေသည်ကို ကြည့်ရင်း ကျစ်ရှန်းက အလိုအလျောက်ပင် မျက်လုံးလွှဲလိုက်မိ၏။

ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူမျိုးနွယ်မှ ဖြစ်သော သူမက ဒေါသအထွက်ဆုံးအချိန်မှာပင် ဤကဲ့သို့ မြင်ကွင်းမျိုးကို စိတ်ကူးမယဉ်ခဲ့ဖူးချေ။

အရှေ့ပိုင်းနဂါးနန်းတော်၏ အိမ်ရှေ့မင်းသားဖြစ်သော ကျစ်ယန်က ပိုမိုခံနိုင်ရည်ရှိသော်လည်း၊ နဂါးမျိုးနွယ်ဝင်တစ်ဦးဖြစ်နေသဖြင့် သနားစိတ် အနည်းငယ် ဝင်လာမိသည်။

သေချာသည်မှာ ထိုသနားစိတ်မှာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။

သူ၏နှလုံးသားထဲတွင် အေးစက်မှုကိုအမှန်တကယ်ခံစားလိုက်ရခြင်းမှာ၊ ရှန်းယီ အစီအရင်အတွင်းသို့ တစ်လှမ်းချင်းစီဝင်ရောက်သွားသည့် အချိန်မှစ၍ ချီရှန့်ထောင်၏မြင့်မားလှသောသတ်ဖြတ်လိုစိတ်မှာ ကြောက်ရွံ့မှုအဖြစ် တဖြည်းဖြည်းပြောင်းလဲလာပြီး တစ်ချိန်လုံး ရိုက်နှက်ခံနေရသောကြောင့် ဖြစ်သည်။

သူသည် အာဏာရှိသောရာထူးနေရာတွင် ကြာမြင့်စွာနေခဲ့ရသဖြင့် သတ်ဖြတ်လိုသောဆန္ဒများ ပျောက်ကွယ်သွားပြီလော။

ရှန်းယီကော ဘယ်လိုလဲ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်ရက်စက်ကြမ်းကြုတ်တဲ့ အမူအကျင့်မျိုးရလာအောင် ဘယ်နေရာမှာ လေ့ကျင့်ခဲ့တာလဲ။

ကျစ်ယန်က အစီအရင်၏အလယ်ဗဟိုသို့ လေးနက်စွာ ကြည့်လိုက်မိသည်။ အစောပိုင်းက လျစ်လျူရှုခံခဲ့ရသည့် ရှက်စိတ်ကိုပင် မေ့သွားခဲ့၏။

သွေးညှီနံ့များရောနှောနေသော ရေငွေ့များမှာ နောက်ကျိနေသောရေစီးကြောင်းနှင့်အတူရွာချလာနေသည်။

ပုံရိပ်နှစ်ခုကြားတွင် သွေးမိုးများလွင့်မျောနေခဲ့သည်။

ရှန်းယီက ချီရှန့်ထောင်ထံသို့ ချဉ်းကပ်သွားပြီ ဖြစ်သော်လည်း၊ အနောက်ပိုင်းနဂါးဘုရင်မှာမူ သူ၏ပတ်ဝန်းကျင်ကိုသာ ငေးကြောင်ကြည့်နေမိသည်။ ဤကျယ်ပြောလှသော အနောက်ပိုင်းဟုန် နဂါးနန်းတော်တွင် ယခုအခါသူတစ်ယောက်တည်းသာကျန်တော့ပုံရလေ၏။

စိတ်ပျံ့လွင့်နေသည့် ခဏတာအတွင်း၊ မှောင်မိုက်နေသော မရဏကမ္ဘာစံအိမ်တစ်ခုလုံးမှာ ပုံရိပ်ယောင်များဖြစ်လာပြီး၊ပျံ့နှံ့နေသော မြူခိုးမည်းများမှာ သူ၏ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း တင်းကြပ်လာစေသည့်ချွန်ထက်သော လက်သည်းကြီးတစ်ခုကဲ့သို့ဖြစ်လာသည်ကို သူ သတိမထားမိခဲ့ပေ။

ဝုန်း

ရှန်းယီက လေထဲသို့ခုန်တက်ကာ ဝှေ့ယမ်းကန်လိုက်ရာ၊ဒဏ်ရာရနေသော ချီရှန့်ထောင်၏ လည်ပင်းကို ပြင်းထန်စွာထိမှန်သွားပြီး ကျိုးပဲ့နေသောတံတားပေါ်မှ လွင့်ကျသွားစေခဲ့၏။

တစ်ချိန်တည်းမှာပင် ရှေ့သို့တက်လှမ်းလိုက်ပြီး၊ သူ၏ဓားရှည်ကို လေထဲတွင်ဝှေ့ယမ်းလိုက်ရာ ဆန်းကြယ်ရွှေရောင်ဓားသွားမှာ နဂါးခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပါသည်။

ချီရှန့်ထောင်က ဒေါသတကြီးဖြင့် သူ၏ဓားကို ဝှေ့ယမ်းလိုက်၏။ သူ၏ကျောက်စိမ်းဦးချိုမှ ပြောင်းလဲထားသော ဆီးနှင်းဖြူကဲ့သို့ အေးစက်သောဓားရှည်မှာ သူနှစ်ပေါင်းများစွာလေ့ကျင့်လာခဲ့သောရတနာဖြစ်သည်။

ရွှေရောင်မှော်အက္ခရာဆန်းကြယ်ဓားရှည်၏ တိုက်ခိုက်မှုအားလုံးကို အမှန်တကယ်ပင် တားဆီးနိုင်ခဲ့ပြီး၊အနည်းငယ် အက်ကွဲသွားသော်လည်း ကြေမွမသွားခဲ့ပေ။

"မင်း ငါ့ကို သတ်ချင်တာလား၊ မင်းမှာ လုံလောက်တဲ့ ခွန်အားမရှိသေးဘူး"

"နဂါးသိုက်မရှိရင်တောင်မှ၊ မသေမျိုးအစီအရင်ရဲ့ အကူအညီမရှိဘဲနဲ့ မင်းကငါ့ကိုဘယ်လိုများ ယှဉ်နိုင်မှာလဲ"

သူက သူ၏ဓားကိုဒေါသတကြီး ဝှေ့ယမ်းလိုက်ပြီး သူ၏အနှစ်သာရသွေးများကို ဆူပွက်စေကာ၊ ရွှေရောင်မှော်အက္ခရာဆန်းကြယ်ဓားရှည်ကို တစ်လက်မချင်းနောက်သို့ တွန်းထုတ်လိုက်သည်။

...

ရှန်းယီက မည်သည့်ထိတ်လန့်မှုကိုမျှ မခံစားရပေ။ မသေမျိုးနိယာမ နှင့် နတ်ဘုရားစွမ်းရည်များ၏ အထောက်အပံ့ရှိနေသော်လည်း၊ပြိုင်ဘက်မှာမူ သူ၏ကျင့်ကြံခြင်းအဆင့်ထက်များစွာ သာလွန်သော နဂါးနတ်ဆိုးတစ်ဦး ဖြစ်နေသည်။

ခွန်အားပိုင်းတွင် ခြေတစ်လှမ်းနောက်ကျနေခြင်းမှာ ပုံမှန်ပင်။

သူသည် နေမင်းဝါးမြိုမိုးပြာနဂါးကိုပြတ်သားစွာ စွန့်လွှတ်လိုက်ပြီး၊ခြေထောက်ဖြင့် ဝှေ့ယမ်းကန်လိုက်ရာ ပြိုင်ဘက်၏ဓားရှည်မှာ လွင့်ထွက်သွားခဲ့၏။

လက်သီးများကို မြှောက်ကာထိုးချလိုက်ရာ၊ လက်သီးတစ်ချက်စီတွင် ကြမ်းကြုတ်သောဆန်းကြယ်ကျားဖြူတစ်ကောင်စီပါဝင်နေပြီး ချီရှန့်ထောင်၏မျက်နှာကို ပြင်းထန်စွာ ထိမှန်သွားသည်။

တစ်ခဏချင်းမှာပင်၊နှစ်ဦးစလုံးမှာ အစွမ်းထက်သောပုဂ္ဂိုလ်များ၏အမူအရာများ ပျောက်ကွယ်သွားပြီး၊လက်သီးချင်းအသားချင်းလုံးထွေးကာ တိုက်ခိုက်နေကြသော တောရိုင်းသားရဲများကဲ့သို့ ဖြစ်သွားကြ၏။

"လာစမ်း ငါ့ဆီ လာခဲ့စမ်း"

"သတ္တိနဲ့ ရက်စက်မှု ယှဉ်တိုက်တဲ့နေရာမှာ၊ ငါလို နဂါးဘုရင်က မင်းကို ကြောက်နေလိမ့်မယ် ထင်လို့လား"

ချီရှန့်ထောင်က သူ၏ငယ်ရွယ်က ခွန်အားများကို တဖြည်းဖြည်းပြန်လည်ရရှိလာပြီး၊ တိုက်ပွဲကြာလာသည်နှင့်အမျှ ပိုမိုရဲရင့်လာကာ သူ၏မျက်နှာပေါ်ရှိ သတ်ဖြတ်လိုသောအမူအရာမှာ ပိုမိုပြင်းထန်လာပါသည်။

ဤသည်မှာ သူရင်းနှီးကျွမ်းဝင်သော တိုက်ခိုက်မှုပုံစံပင်။ ကျင့်ကြံသူက မည်မျှပင်သင်ယူထားပါစေ၊သူက ကြီးကျယ်ခမ်းနားမှုကို အတုခိုးထားရုံသာဖြစ်ပြီး သူ့ကို မည်သို့လွှမ်းမိုးနိုင်ပါမည်နည်း။

ဆန့်ကျင်ဘက်အားဖြင့်၊ ရှန်းယီမှာမူ တစ်ချိန်လုံး တည်ငြိမ်နေခဲ့သည်။

သားရဲတစ်ကောင်နှင့် တိုက်ခိုက်ရာတွင် ပို၍ ရက်စက်ရန်လိုအပ်သည်မှာ အမှန်ပင်ဖြစ်သော်လည်း၊မိမိကိုယ်ကိုယ် တကယ်တမ်း သားရဲတစ်ကောင်ဟု မသတ်မှတ်သင့်ပေ။

အမည်းရောင်မြူခိုးများဖြင့် ဖွဲ့စည်းထားသော ချွန်ထက်သောလက်သည်းမှာ သူ၏ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်းနစ်ဝင်လာနေသည်ကို ချီရှန့်ထောင် သတိမထားမိခဲ့ချေ။

ပုံရိပ်နှစ်ခုသည် ရေ၏အနက်ရှိုင်းဆုံး အစိတ်အပိုင်းသို့ တဖြည်းဖြည်းဆင်းသက်သွားကြ၏။

ချီရှန့်ထောင်က လူငယ်လေး၏အသက်ရှူသံမှာ ပိုမို အားနည်းလာသည်ကို ခံစားလိုက်ရပြီး၊ နောက်ဆုံးတွင် ရက်စက်စွာရယ်မောလိုက်သည်။

"မင်း ပြီးသွားပြီလား"

ထိုစဉ်မှာပင်၊ရှန်းယီက သူ့ကိုအသိဉာဏ်မရှိသော အရာတစ်ခုကိုကြည့်သကဲ့သို့ အသာအယာလှမ်းကြည့်လိုက်သည်ကို သူ ရုတ်တရက်သတိပြုမိသွားခဲ့သည်။

ချီရှန့်ထောင်က တစ်စုံတစ်ခုမှားယွင်းနေပြီဖြစ်ကြောင်း နောက်ဆုံးတွင် သိလိုက်ရသည်။

သူ တစ်စုံတစ်ခုကို မေ့နေပုံပင်။

ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ၊ မည်သည့်အချိန်ကမှန်း မသိဘဲတောက်ပြောင်နေသော မက်မွန်ပန်းများမှာပျောက်ကွယ်သွားပြီး၊ ရေပြင်မှာ မှိုင်းညို့ကာလေးလံနေပြီဖြစ်ကြောင်း သူ သိလိုက်ရ၏။

အထွတ်အထိပ် မရဏကမ္ဘာ နှင့် ယင်ယန်ရှင်ခြင်းနှင့်သေခြင်းတို့၏ လွှမ်းမိုးမှုအောက်တွင်၊ သူသည် တိုက်လေ ပို၍အားတက်လေဖြစ်နေသော်လည်း၊ သူ၏ပတ်ဝန်းကျင်အပေါ် စောင့်ကြည့်နိုင်စွမ်းကိုမူ ကြာမြင့်စွာကပင် ဆုံးရှုံးခဲ့ရပြီဖြစ်သည်။

ထိုနဂါးသိုက်... ရှန်းယီက သူ့ကိုကြာမြင့်စွာကတည်းက ပြန်ပေးခဲ့ပြီးသားဖြစ်ပါသည်။

ကံမကောင်းစွာဖြင့်၊ယခုတော့ အနည်းငယ် နောက်ကျသွားပြီဖြစ်လေ၏။

ရှန်းယီက သူ၏လက်ဝါးကို ဖြန့်လိုက်ပြီး သွေးစွန်းနေသောမက်မွန်ပန်းဖြင့် ပြိုင်ဘက်၏ နဖူးကို အုပ်လိုက်ရာ၊သူ၏ အမြင်အာရုံမှာ ကွယ်ပျောက်သွားခဲ့သည်။

ပင်ပန်းနွမ်းနယ်နေသော်လည်း အက်ကွဲနေသော အသံတစ်ခုက ချီရှန့်ထောင်၏ နားထဲသို့ ဖြည်းဖြည်းချင်း တိုးဝင်လာခဲ့သည်။

"လောဘဝံပုလွေ... မသေမျိုးသတ်ဖြတ်ခြင်း"

မမြင်နိုင်သော နဖူးအလယ်ရှိစိတ်ဝိညာဉ်ပင်လယ်အတွင်း၊အမှောင်ထုများ ဖုံးလွှမ်းနေသော နတ်ဆိုးခန်းမထဲတွင်..

ခယ်ရှစ်စန်း ဦးဆောင်‌သော၊ အစီအရင်ကျောက်တုံး ၁၇ ခုလုံးသည် မျက်လုံးများကို ဖွင့်လိုက်ကြ၏။

သွေးစွန်းနေသောမက်မွန်ပန်းများက ချီရှန့်ထောင်၏မျက်လုံးများထဲသို့ နစ်ဝင်သွားပါသည်။

နောက်တစ်ခဏတွင်၊ သူအဂုဏ်ယူဆုံး ဖြစ်သော ခန္ဓာကိုယ်ကြီးမှာ ကျောက်တုံးတစ်ခုကဲ့သို့ဖြစ်သွားပြီး အတွင်းမှအပြင်သို့အက်ကွဲလာကာ၊ ကမ္ဘာပေါ်တွင် အချွန်ထက်ဆုံးဓားသွားများကဲ့သို့ လင်းလက်တောက်ပသော အဖြူရောင်အလင်းတန်းများသည် ထိုအက်ကွဲကြောင်းများထဲမှ ထိုးထွက်လာပြီးရေပြင်တစ်ခုလုံးကို လင်းထိန်သွားစေခဲ့၏။

ချီရှန့်ထောင်က ဘေးဘက်သို့ တုန်ရင်စွာလှမ်းကြည့်လိုက်မိသည်။

ထိုမှောင်မိုက်ပြီးအဆုံးမရှိသော ချောက်ကမ္ဘာကြီးမှာ သူအားကိုးရဆုံးသော နဂါးသိုက်ပင်။

အဆုံးမရှိသောမျှော်လင့်ချက်ကင်းမဲ့မှုနှင့် မကျေနပ်မှုများက ဤအနောက်ပိုင်းနဂါးဘုရင်၏ မျက်လုံးများထဲတွင် ပြည့်နှက်လာတော့သည်။

ဂွတ်..

ကြေမွသွားသောအသံများနှင့်အတူ၊အစွမ်းထက်လှသော မသေမျိုးအစီအရင်က ရှေးဟောင်းနဂါးကြီး၏ခန္ဓာကိုယ်အတွင်း၌နောက်ဆုံးတွင် ပျံ့နှံ့သွားပြီး ၎င်းကိုအစိတ်စိတ်အမြွှာမြွှာဖြစ်သွားစေတော့သည်။

(ဒီအပိုင်းမှာတော့ တော်လေးအားရစရာကောင်းခဲ့သလို ခေါင်းစဉ်ကို ကျနော်အတော်လေးကြိုက်မိပါတယ်။ လူသားတစ်ယောက်ရဲ့ ခွန်အားနဲ့ ဉာဏ်ရည်ကိုသုံးပြသွားပုံကိုအတော်လေးနှစ်ခြိုက်မိပါတယ်၊ အင်္ဂလိပ်မှာ နာမည်တွေရောနေခဲ့ပေမဲ့ ကျ‌နော်‌အကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့ပါတယ်၊အကယ်၍အဆင်မပြေမှုရှိခဲ့သော် ကျနော့်ရဲ့အရည်အချင်းမပြည့်မှုအတွက် တောင်းပန်အပ်ပါကြောင်း စာဖတ်သူများအားလေးစားစွာဖြင့်..)

All Chapters