လေပြည် စီးကြောင်းတောင် အတွင်း ပြောင်းလဲမှု
Vol. 7 Ch. 84
စုမင် ညာလက်ကို မြှောက်လိုက်စဉ်မှာ အနီရောင် အလင်းတစ်ချက် လက်သွားတယ်။ သူ့လက်ထဲမှာ သူ့ရဲ့ မာန်သွေးကြောမျှင် လက်နက်ဖြစ်တဲ့ လှံတံရှည် ရုတ်တရက် ပေါ်ထွက်လာတယ်။ လှံတံရှည်ဟာ ပကတိ အနီရောင် လွှမ်းလျက်။ လတ်လတ်ဆတ်ဆတ် သွေးတွေနဲ့ အရောင်ဆိုးထားတဲ့ ပုံစံနဲ့ အင်အားရှိပြီး ဒေါသတကြီး ရန်မူလိုတဲ့ ဟန်ပန်ရှိတယ်။ လေပြည်စီးကြောင်း တောင်ပေါ် တက်တုန်းက ရှိခဲ့တဲ့ ရှိန်ဝါ အဟုန်ပြင်းပြင်းဟာ စုမင်ရဲ့ကိုယ်က ထွက်ပေါ်နေတယ်။ သူ စကားတစ်ခွန်းမှ မပြောဘူး၊ ရဲဝမ်ကိုသာ မျက်နှာသေနဲ့ စိုက်ကြည့်လျက် ရှိတယ်။
"မင်း...."
ရဲဝမ် မျက်လုံးသူငယ်အိမ်တွေ လှုပ်ခတ် သွားလေတယ်။ စုမင်ရဲ့ ကိုယ်ခန္ဓာကနေ အလွန်ရင်းနှီး ကျွမ်းဝင်တဲ့ အရှိန်အဝါမျိုးကို ရနေတယ်။ ဒီအရှိန်အဝါမျိုးကို သူဘယ်တော့မှ လူမမှားဘူး။ သူ့မျက်လုံးထဲမှာ ဟောဒီ့ချိနဲ့နဲ့ လူငယ်လေးဟာ တခြားလူတစ်ယောက် အဖြစ်ကို တဖြည်းဖြည်း ပြောင်းလဲသွားနေတယ်။ ရဲဝမ်ရဲ့ အသက်ရှူနှုန်းကို မြန်ဆန်စေတဲ့ အဲဒီသူ၊ သူနဲ့ ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ တစ်ယောက်တည်းသော သူလို့ ရဲဝမ် ယုံကြည်ထားသူ…
"မင်းက မော့စုပဲ"
ရဲဝမ်က ဖြစ်ကတတ်ဆန်း သာမန် လူတစ်ယောက်မှ မဟုတ်ဘဲ။ ရုတ်တရက် ဆိုသလိုပဲ သူ့ကို ဘာကြောင့် အကြီးအကဲက ဒီနေရာဝန်းကျင်ကို ကင်းလှည့်ခိုင်းသလဲ ဆိုတာကို နားလည် သွားတယ်။
"နက်မှောင်တောင်က အန္တရာယ် ကျရောက်နေပြီ။ ငါ ပြန်မှ ဖြစ်မယ်။ မင်းငါ့ကိုတားရင် မင်းက ငါ့ရန်သူပဲ..." စုမင်ဟာ ရဲဝမ်ကို တစ်ချက် ကြည့်တယ်၊ အဲဒီနောက် ကျောခိုင်းလှည့်ထွက်လို့ ရှေ့ဆက်သွားတယ်။ စုမင် စိတ်ပိုင်းဖြတ်ပြီးပြီ။ ဘယ်သူမှ စုမင်ကို လာတားလို့မရဘူး...
စုမင် ခုန်ပျံလွှားပြီး ရှေ့ဆက်သွားတော့မယ့် အခိုက်မှာပဲ ရဲဝမ်ရဲ့ မျက်လုံးထဲမှာ အလင်းရောင် တစ်ချက် ဖြတ်ပြေးသွားတယ်။ အဲဒါက တွေဝေမှု အရိပ်အယောင် တစ်ခုဖြစ်တယ်။ ရွှံ့မြေ ကျောက်သား မြို့တော်ထဲမှာလည်း ပြောင်းလဲမှုကြီးတွေ ဖြစ်သွားခဲ့တာပဲ။ သူလည်း စိုးရိမ် ပူပန်မိပေမဲ့ အဲဒီ တွေဝေရိပ်ဟာ တဒင်္ဂသာ ခံလိုက်တယ်။ ယှဉ်ပြိုင် တိုက်ခိုက်လိုမှု ပြင်းပြင်းပြပြ စိတ်ဆန္ဒက အစားထိုး နေရာယူ ဝင်ရောက်လာတယ်...
တခြားသူ တစ်ယောက်သာဆို ရဲဝမ် အဲဒီလို ယှဉ်ပြိုင် တိုက်ခိုက်လိုစိတ် ဖြစ်ပေါ်မိမှာ မဟုတ်ဘူး။ ရဲဝမ်အတွက် သူနဲ့ရွယ်တူ မျိုးဆက်သစ်မှာ သူ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ ဘယ်သူမှ အခွင့်အရေး မရှိဘူး။ သို့ပေမဲ့ စမ်းသပ်ပွဲ ပထမအဆင့် အဆုံးသတ် အပြီးမှာတော့ သူ့ပြိုင်ဘက် အဖြစ် သတ်မှတ် ခံထိုက်တဲ့ လူတစ်ယောက် ရှိလာခဲ့ပြီး အဲဒါကတော့ မော့စု ပေါ့...
ပထမ အဆင့် စမ်းသပ်ပွဲမှာ သူနဲ့ မော့စုဟာ လက်ရည်တူ သရေကျခဲ့တယ် ဆိုပေမဲ့ ရဲဝမ်က သူရှုံးသွားတယ် ဆိုတာကို သိတယ်။ သူက ကွင်းထဲကို သတိလစ် မေ့မြောလျက် ပြန်ရောက်လာပြီး မော့စုက သတိရှိရှိနဲ့ ပြန်ရောက်လာခဲ့တာ....
ဒုတိယအဆင့်နဲ့ တတိယ အဆင့်တွေမှာ ရဲဝမ်က မော့စုနဲ့ ယှဉ်ပြိုင်ချင်ခဲ့တယ်။ သူတို့ မျိုးဆက် တစ်ခေတ်မှာ ရဲဝမ်ကသာ အစွမ်းထက်ဆုံး သူဖြစ်ကြောင်း သက်သေပြချင်ခဲ့တယ်။ မော့စုတစ်ယောက် တခြားအဆင့် စမ်းသပ်ပွဲတွေမှာ ဝင်မပြိုင်တာဟာ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က ထင်သလောက် မြင့်မားမှု မရှိလို့ပဲ ဖြစ်မယ်လို့ ရဲဝမ်က ခန့်မှန်းထားပေမဲ့ သူက မာန်မာန ထောင်လွှားတယ်။ သူသာ တကယ် ယှဉ်ပြိုင်လိုလျှင် တခြားသူကို အနိုင်ရဖို့ ကျင့်ကြံခြင်း အဆင့်တွေကို ထုတ်သုံးစရာ မလိုဘဲ ယှဉ်ပြိုင်နိုင်တယ်လို့ အထင်ရောက်နေတယ်။
"မော့စု..." ရဲဝမ် ခေါင်းကို ရုတ်တရက် မော့လိုက်တယ်။ သူ့ရဲ့အသံက အေးစက်လှတယ်၊ ပြောလိုက်ရင်း ညာဘက်ခြေလှမ်းနဲ့ ရှေ့လှမ်းလိုက်တာနဲ့ သူ့ရဲ့ကိုယ်ဟာ မြားတစ်စင်းလို ရှေ့ကို ပြေးထွက်သွားတယ်။ ရွှီခနဲ စုမင်ဆီ တစ်ရှိန်ထိုး ပြေးဝင်သွားလေတယ်။
"မင်းထွက်သွားလို့ မရဘူး..." ရဲဝမ်ရဲ့ အနီရောင် ဝတ်စုံက မီးတောက် တစ်ခုလို။ သူ လေထဲကို ခုန်လွှားလိုက်စဉ်မှာ နှင်းတွေဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို အရောင် လင်းလက် သွားစေပြီး ရင်သပ် ရှုမောလောက်စရာ လူပုဂ္ဂိုလ် တစ်ယောက် အဖြစ် ပြောင်းလဲ သွားစေတယ်။
ရဲဝမ်ဟာ သွေးကြော ကျောက်သားကျင့်စဉ် အဆင့်၈ ရှိသူတစ်ယောက် ဖြစ်ပေမဲ့ သူ့ရဲ့စွမ်းအားကို အဆင့်၇ မှာသာ ကန့်သတ် ထားတယ်။ သူက မာန်မာန ထောင်လွှားသူ တစ်ယောက်ဖြစ်သည်ကိုး။ သူ တကယ် တိုက်ခိုက်လိုလျှင် မျှမျှတတနဲ့ပဲ တိုက်ခိုက်လိုတယ်။ အနိုင်ယူရလျှင်လည်း သူရဲ့ ယှဉ်ပြိုင်ဘက်ကို ခါးခါးသီးသီးနဲ့ လုံးလုံးလျားလျား လက်မြှောက် အရှုံးပေးအောင် လုပ်ချင်တယ်။
ရဲဝမ်ရဲ့ ကိုယ်ခန္ဓာကနေ အသံကျယ်ကြီး မြည်ဟိန်း ထွက်ပေါ်လာတယ်။ အဆင့်၇မှာ သူ့အစွမ်းတွေကို ကန့်သတ်လိုက်တဲ့ အခိုက်အတန့်မှာ သူနဲ့စုမင်ကြားက အကွာအဝေးက ပေ၁၀၀ မကျော်သေးဘူး။ သူဟာ မီးတောက်တစ်ခုလို အသွင်နဲ့၊ ညာဘက်လက်ကို ပင့်မပြီး စုမင်ကို လှမ်းဆွဲလိုက်တယ်။
သူ့တစ်ကိုယ်လုံးဟာ မီးလျှံတွေထဲ ရောက်ရှိနေသလိုပဲ။ သူ့ရဲ့ အသားရောင်ဟာလည်း နီရဲနေပြီး သူ့ရဲ့ ဆံပင်တွေတောင်မှ တောက်လောင်နေတဲ့ မီးလျှံတွေအဖြစ် အသွင် ပြောင်းလဲ သွားသလိုပဲ။ သူ့ကိုယ်ကနေ ကြီးမားလှတဲ့ အလျှံတငြီးငြီး မီးတောက်ကြီးတွေ ပေါင်းစပ်ထားသလို မီးပင်လယ်ကြီး ပေါ်ထွက်လာပြီး စုမင်ကို ဆွဲထားဖို့ အရှိန်အဟုန်နဲ့ ပြေးဝင်သွားတယ်။
အဲဒီ အခိုက်အတန့်မှာ မီးလျှံလက်ဟာ ရဲဝမ်ရဲ့ ရှေ့ပြေး ဖြစ်တယ်။ ခန္ဓာကိုယ်က အနောက်က လိုက်လာပြီး အလိုက်သင့်ပဲ မီးလျှံလက်ရဲ့ လှုပ်ရှားမှု အတိုင်း စုမင်ထံ ပြေးဝင်လာခဲ့တယ်။
စုမင် ရုတ်တရက် ရပ်တန့်လိုက်တယ်။ သူ့နံဘေးနားက နှင်းပွင့်တွေ အားလုံး ရေစက်ရေပေါက်တွေ အဖြစ်နဲ့ လေထဲမှာ လွင့်မျောနေတဲ့ ရေငွေ့ တိမ်စိုင် တစ်ခုအဖြစ် ပြောင်းလဲ သွားလေတယ်။ ကောင်းကင်ပေါ်က ကျဆင်းလာတဲ့ အပူရှိန်ဟာ စုမင် တစ်ကိုယ်လုံးကို လွှမ်းခြုံလိုက်တယ်။ တစ်ချိန်တည်းမှာပဲ စုမင်က ညာခြေနဲ့ မြေပြင်ကို တစ်ချက် ဆောင့်နင်း လိုက်စဉ်မှာ သူ့တစ်ကိုယ်လုံး မြေပြင်ပေါ်ကနေ မြောက်တက် သွားတယ်။ စုမင် နောက်လှည့် ကြည့်လိုက်တယ်။ မီးလျှံလက်ဟာ သူနဲ့ ပေ၃၀တောင် မကွာနေတော့ဘူး။ ကြည့်ရုံနဲ့တင် အဲဒါကြီးက စုမင်ကို ဆွဲထားပြီး မီးခိုးမှုန်တွေ အဖြစ် ပြောင်းလဲ သွားစေလိုဟန် ရှိတယ်။
"မီး" စုမင် ခန္ဓာကိုယ်က လေထဲမှာ တန့်နေတယ်။ မီးလျှံလက်ကနေ တစ်ဆင့် အနောက်ကနေ လိုက်လာနေတဲ့ ရဲဝမ်ကို မြင်လိုက်ရတယ်။ မီးလျှံလက်က သူ့ကို ထိလုဆဲဆဲမှာပဲ စုမင် လျှာကို တစ်ချက် ကိုက်လိုက်ပြီး သွေးတစ်ပွက်ကို ငုံလိုက်တယ်။
အဲဒီပါးစပ် အပြည့် သွေးတစ်ငုံက စုမင် တစ်ခုခုကို အတင်းအကြပ် ညှစ်ထုတ်နေတဲ့ အဓိပ္ပာယ် မဟုတ်ပေမဲ့ သူအသုံးပြုမယ့် ပညာရပ်ရဲ့ လိုအပ်ချက်ကြောင့် ဖြစ်တယ်။ သွေးတစ်ပွက် ရရှိပြီးတဲ့ အခိုက်မှာတော့ သွေးကြော၂၄၃ ခုဟာ စုမင် ကိုယ်အနှံ့ ပျံ့နှံ့ ဖြာဆင်းသွားပြီးလျှင် ထူးဆန်းတဲ့ ရုပ်ပုံတစ်ခု အဖြစ် လိမ်ပတ် ရစ်ခွေသွားတယ်။ တစ်ချိန်တည်းမှာပဲ သွေးတစ်ပွက်က အန်ထွက်လာပြီး အနီရောင် သွေးမြူမှုန်တွေ အဖြစ်ကို ပြောင်းလဲသွားလေတယ်။
အဲဒါဟာ မှောင်မိုက်သွေးမှုန်ရဲ့ အနှစ်သာရ ဖြစ်တယ်။ ဒီပညာရပ်က လတ်ဆတ်တဲ့ သွေးတွေကို အသုံးပြုသူရဲ့ ချီနဲ့ ညီမျှတဲ့ စွမ်းအင် အထွတ်အထိတ်ကို ပေါက်ကွဲ ထွက်ပေါ် လာစေတယ်။ သွေးမြူမှုန်တွေဟာ မီးလျှံလက်ထံကို တဟုန်ထိုး ပြေးဝင်သွားတယ်။ အဲဒီ မြူမှုန်တွေ ကြားမှာလည်း လောင်ကျွမ်းနေတဲ့ မီးတောက်တွေ ပါရှိတယ်...
အဲဒီအရာဟာ သွေးမှုန်တွေနဲ့ မတူပါဘဲ တောက်လောင်နေတဲ့ မီးတောက် မှုန်များနဲ့သာ တူပါတယ်...
စုမင်ဟာ မီးကို မီးနဲ့ တိုက်နေတာ ဖြစ်တယ်...
စုမင်တစ်ယောက် တတိယမြောက် သွေးလောင်ကျွမ်းခြင်း ပြီးမြောက်ပြီး ကတည်းက သူ့ရဲ့ ခန္ဓာကိုယ် အတွင်းမှာ ပြောင်းလဲမှု ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့တယ်။ အသိသာဆုံး ပြောင်းလဲမှုကတော့ သူ့သွေးတွေထဲမှာ မီးတွေ ပူပြင်း လောင်မြုက်စွာ တောက်လောင်နေသလို ခံစားချက်တစ်ခု...
မီးလျှံလက်နဲ့ မီးတောက်မှုန်များဟာ နီးသထက် နီးကပ်လာကြတယ်။ ဝင်သက် အနည်းငယ် အတွင်းမှာပဲ အချင်းချင်း ပွတ်တိုက်မိကြပြီး ထိတ်လန့် ချောက်ချားဖွယ် တောလဲသံကြီးတွေ ပေါက်ကွဲ ထွက်ပေါ်လာတယ်။ မီးလျှံလက်ဟာ မီးတောက်မှုန်ရဲ့ ဝါးမျိုမှု ခံလိုက်ရသလို ချက်ချင်းပဲ ကြေမွသွားပြီး လာရာလမ်းအတိုင်း ပြန်လှည့်လို့ ရဲဝမ်ထံ ပြန်လည် ဦးတည် သွားပါတော့တယ်။
ကြည့်ရတာ မိုးကောင်းကင်ကြီး တစ်ခွင်လုံး တောက်လောင် နေသလို..... မီးတောက် မီးလျှံတွေကြားမှာ နစ်မြုပ် သွားလုနီးပါး။
စုမင် တိတ်ဆိတ်နေဆဲပဲ။ သူ့မျက်လုံးတွေလည်း ရဲရဲနီနေပြီး မီးတောက် မှုန်တွေကြားထဲ တိုးဝင်လို့ သူ့ရဲ့ ညာဘက်လက်ကို ပင့်မြှောက် လိုက်တယ်။ လှံတံရှည်ကနေ စူးရှတဲ့ အလင်းရောင် ထွက်ပေါ်လာခဲ့ချိန်မှာ စုမင်က အရှေ့ကို ပစ်ထုတ်လိုက်တယ်။
လေတိုးသံနဲ့အတူ အနီရောင် လှံတံရှည်ဟာ မိုးကြိုး လျှပ်စီးသဏ္ဌာန် အသွင်ပြောင်းလဲပြီး မီးတောက်မှုန်တွေထဲ ထိုးဖောက် ဝင်ရောက်သွားလို့ မီးတောက်မှုန်တွေနဲ့ အတူ ရဲဝမ်ထံ ဦးတည်ပြီး ပျံသန်းလာတဲ့ သိမ်းငှက်တစ်ကောင် အဖြစ် ထပ်မံ ပြောင်းလဲ သွားပြန်တော့တယ်။
ရဲဝမ် အပြင်းအထန် ရင်တုန်သွားပြီး မျက်မှောင် ကုပ်လိုက်တယ်။ မော့စု ဒီလောက် အစွမ်းထက် လိမ့်မယ်လို့ စုမင်ထင်မထား။ အကယ်၍ သူသာ သူ့စွမ်းအားတွေကို ကန့်သတ် ထားနေဦးမယ် ဆိုလျှင် ဒီပြိုင်ပွဲမှာ နိုင်ဖို့ မျှော်လင့်ချက် မရှိဘူး...
သူ တုံ့ဆိုင်း မနေဘဲ ချက်ချင်း နောက်ပြန်ဆုတ်လို့ သူ့ရဲ့စွမ်းအား ကန့်သတ်ထားမှုကို ရုတ်သိမ်း လိုက်တယ်။ ၄၅၃ ခုသော သွေးကြောများဟာ သူ့တစ်ကိုယ်လုံးဆီ ပျံ့နှံ့ ဖြာဆင်းသွားပြီး သူ့ရဲ့ စွမ်းအား အစစ်အမှန်က ပေါ်ထွက်လာတယ်...
တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ညာလက်ကို မြှောက်လို့ လက်သီး လွှဲယမ်း လိုက်တယ်။ သူ့ရဲ့ ညာလက်သီး ဆုပ်ထံက တောက်ပတဲ့ အလင်းရောင် ဖြာထွက်လာပြီး တိရစ္ဆာန်သားရေနဲ့ ပြုလုပ်ထားတဲ့ အနက်ရောင် လက်အိတ် ထွက်ပေါ်လာတယ်။ အဲဒီလက်အိတ်ကနေ ထိတ်လန့်ဖွယ် အရှိန်အဝါတွေ လျှံကျနေတယ်။ အဲဒီလက်အိတ်က သူ့ရဲ့ မာန်စွမ်းအားရှင် သွေးကြောမျှင် လက်နက် ဆိုတာ ထင်ရှားတယ်...
လက်သီး ရှေ့တိုးလာတာနဲ့ အမျှ ပတ်ဝန်းကျင် တစ်ဝိုက်မှာလည်း ကျယ်လောင်တဲ့ ထစ်ချုန်းသံကြီးတွေ မြည်ဟိန်း ထွက်ပေါ် လာကြတယ်။ ရဲဝမ်ရဲ့ ရှေ့တည့်တည့်မှာ ဘယ်ကမှန်း မသိတဲ့ အနက်ရောင် လေတစ်ဝှေ့ပေါ် ထွက်လာပြီး သူ လက်သီး ထိုးသွင်းလိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီလေဝှေ့ဟာ ကမ္ဘာကြီး တစ်ခုလုံးကို ကပြောင်းကပြန် ဖြစ်သွားစေလောက်တဲ့ လေဆင်နှာမောင်း အသွင်သဏ္ဌာန် ပြောင်းလဲ သွားပါတော့တယ်။ လက်သီးဆုပ်ဟာ စုမင်ရဲ့ လှံတံရှည်နဲ့တကွ မီးတောက်မှုန်တွေနဲ့ ထိခတ်မိ သွားခြင်းဖြစ်ပြီး စုမင် နောက်ဘက်ကို ခြေလှမ်း ခုနစ်လှမ်း ရှစ်လှမ်းမျှ ဆုတ်ခွာ သွားရတယ်။ တစ်ချိန်တည်းမှာပဲ ရဲဝမ်ရဲ့ ကိုယ်ခန္ဓာလည်း သိမ့်ခနဲ လှုပ်ခါသွားပြီး အနောက်ကို ခြေလှမ်း လေးငါးလှမ်းမျှ ဆုတ်လိုက် ရတယ်။ သူ့တစ်ကိုယ်လုံး လေးလံ သွားတယ်။
ရဲဝမ် မရပ်တန့်လိုက်ဘူး။ တစ်ခဏအတွင်း စုမင်နဲ့ အနီးကလေး ဖြစ်သွားအောင် အရှေ့ကို ခုန်လွှား သွားလေတယ်။ စုမင်လည်း ထိုနည်းလည်းကောင်းပင်။ စုမင်နဲ့ လက်သီးချင်း ယှဉ်မိကြပြီး သူ့ရဲ့ လျင်မြန်မှုနှုန်းကြောင့် လက်သီးက အရင်ရှေ့ရောက်သွားပြီး ခန္ဓာကိုယ်ကြီးက ခဏနေမှ နောက်က လိုက်လာတာနဲ့ တူနေလေရဲ့။
အဝေးကနေ ကြည့်ရင်တော့ ရဲဝမ်ရဲ့ ဘေးပတ်လည်မှာ စုမင်တွေ အများကြီး ရှိနေတယ်လို့ ထင်မြင်မိမှာ ဧကန်။ သူတို့အနားမှာ တဝူးဝူး တဝေါဝေါ ဆူညံသံတွေ သောင်းဖျ ထွက်ပေါ်လျက် ရှိတယ်။ တစ်ခဏ အကြာမှာတော့ ကောင်းကင်ကို ထိုးဖောက် သွားသလို အသံတစ်ခု ပဲ့တင် ထပ်ထွက်ပေါ် လာပြီးလျှင် ရဲဝမ်ရဲ့ ပါးစပ်ကနေ သွေးတွေ စီးကျလာပြီး ခြေလှမ်းဆယ်လှမ်းမျှ နောက်ဆုတ် သွားရတယ်။ သူ ခေါင်းမော့ ကြည့်လိုက်ချိန်မှာ စုမင်လည်း သူ့လို သွေးအန်နေပြီး ခြေလှမ်း တစ်ဒါဇင်လောက် ဆုတ်သွားရတာကို မြင်လိုက်ရတယ်။
"ကြောက်စရာ ကောင်းလိုက်တဲ့ လျင်မြန်မှုပါလား... သူ့ကျင့်ကြံခြင်း အဆင့်က ငါ့လောက် မရှိသေးပေမဲ့ ဒီလောက် အရှိန်နှုန်းနဲ့ ဆိုရင် သူ့ကို တစ်ခါလောက် ဒဏ်ရာ ရမိအောင်လုပ်ရင် သူကငါ့ကို အကြိမ် တစ်ဒါဇင်လောက် ပြန်လုပ်မယ့် သဘောမှာ ရှိတယ်။ ဒီလူဟာ ငါတို့ လူငယ်မျိုးဆက် သစ်ခေတ်မှာ ငါ့ကို စိန်ခေါ်နိုင်လောက်အောင် ထိုက်တန်တဲ့ လူတစ်ယောက် တကယ်ကို ဟုတ်ပါပေတယ်... ''
ရဲဝမ် လန့်သွားပေမဲ့ အဲဒီ အချိန်မှာတော့ သူ တိုက်ခိုက်ရေး စိတ်ဓာတ်က ပိုကြွတက်နေတယ်။ သူ့ရဲ့ ဘယ်ဘက်လက်နဲ့ ကောင်းကင်ကို လက်ညှိုး ထိုးလိုက်တယ်။
"မော့စု... ငါ့ရဲ့ စွမ်းအား အစစ် အပြည့်အဝကို ထုတ်သုံးတော့မယ်..."
ရဲတမ် စကားပြော အပြီးမှာပဲ မမျှော်လင့်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတယ်...
ဒေါမောအပြည့် အသံတစ်သံဟာ လေပြည် စီးကြောင်း မျိုးနွယ်စု အကြီးအကဲရဲ့ အိမ်ခြံဝန်း၊ ပလ္လင်ပေါ်ကနေ ထွက်ပေါ်လာတယ်...
"သူခိုး... ငါတို့ရဲ့မြင့်မြတ်တဲ့ တောင်တော်ကို ဘယ်လိုကြောင့်များ အန္တရာယ် ပြုရဲရတာလဲ" အဲဒီအသံကတော့ ကျင်းနန်နဲ့ရဲ့ အသံဖြစ်တယ်။ သူ့ခန္ဓာကိုယ်က လေအဖြစ် ပြောင်းလဲသွားပြီး လေပြည် စီးကြောင်း တောင်ဆီ ပြေးထွက် သွားတယ်။ တစ်ချိန်တည်း လိုလိုမှာ ရွှံ့မြေကျောက်သား မြို့ထဲက အခြားသော အစွမ်းထက် ရှိန်ဝါပြည့်လျှမ်းတဲ့ လူတစ်ယောက်လည်း မိုးကောင်းကင်ဆီ ဦးတည်ပြီး ထွက်ခွာ သွားတယ်။
အဲဒီသူက ကျင်းနန်နဲ့အတူ ထွက်ခွာသွားတာပါ။ ဒုတိယမြောက် ရှိန်ဝါရှင်ကတော့ ရုပ်နယ်လွန် အဆင့်ရောက်နေတဲ့ မာန်စွမ်းအားရှင် ဖြစ်တဲ့ အလွန်လှပ ချောမောတဲ့ သက်လတ်ပိုင်း အရွယ် အမျိုးသမီး တစ်ယောက်ဖြစ်တယ်...
ရဲဝမ် တဒင်္ဂ မှင်တက် မိသွားတယ်။ စုမင်ရဲ့ မျက်လုံးတွေထဲ တဖျတ်ဖျတ် လက်သွားတယ်။ တွေဝေ မနေဘဲနဲ့ ဝေးရာကို အမြန်ဆုံး ဆုတ်ခွာခဲ့တယ်။ ရဲဝမ်နဲ့ ယှဉ်ပြိုင်နေရတာက သူ့ကို အကြီးကြီး စိုးရိမ်သောက ရောက်စေတယ်လေ။ သူက အခု ချချင်နေတာ မဟုတ်ဘူး။ မျိုးနွယ်စုကိုသာ အမြန် ပြန်ရောက်ချင်တာ ဖြစ်တယ်...
ဒီအခွင့်အရေးကို အသုံးချပြီး မယှဉ်သာနိုင်အောင် လျင်မြန်လှတဲ့ အရှိန်နဲ့ ရဲဝမ်နဲ့ သူနဲ့ကြားက အကွာအဝေး ကြီးမားလာအောင် ချဲ့ထွင်လိုက်တယ်။
ရဲဝမ်ရဲ့ အမူအရာ ပြောင်းလဲသွားတယ်။ အဝေးရောက် သွားပြီဖြစ်တဲ့ စုမင်ကို လုံးဝ အရေးမလုပ်တော့ဘဲ ကျောခိုင်းပြီး မြို့ထဲကို ပြန်လှည့်ပြေး လာတယ်။ ဘာတွေဖြစ်နေလဲဆိုတာ မသိပေမဲ့ တစ်ခုခုကတော့ အကြီးအကျယ် မှားယွင်းနေပြီ ဆိုတာကို သူခံစားမိတယ်။
အဲဒီအခိုက်အတန့်မှာ လေပြည်စီးကြောင်း မျိူးနွယ် အပြင်ဘက် လွင်ပြင်ကျယ်ကြီးပေါ်က ခေတ်အဆက်ဆက် ချိပ်စည်း ပိတ်လှောင်ပြီး လျှို့ဝှက်စွာ ဖုံးကွယ်ထားတဲ့ လေပြည် စီးကြောင်းတောင်မှာ အလွန် ထိတ်လန့် ချောက်ချား ဖွယ်ရာသော ပြောင်းလဲမှုကြီး ရုတ်တရက် ဖြစ်ပေါ်လာခဲ့တယ်...
ရှီဟိုင်နဲ့တကွ လူရှစ်ယောက်ဟာ သူတို့ရှေ့က နေရာကို တောင်ခြေကနေ ကြောင်အအနဲ့ ရပ်ကြည့်နေကြတယ်။ သူတို့ မျက်လုံးတွေထဲမှာ မယုံကြည်နိုင်မှုတွေ ပြည့်နှက်နေတယ်။
သူတို့ မျက်စိ ရှေ့တည့်တည့်မှာပဲ သူတို့ရှေ့က ဟင်းလင်းပြင် လေဟာနယ်ကြီးဟာ တဖြည်းဖြည်း လွန့်လူးလာခဲ့ပုံက တောင်အတွင်းထဲကနေ ကြီးမားတဲ့ လက်တစ်စုံက ဆုပ်နယ်နေသလိုပဲ။ ကောင်းကင်ဘုံနဲ့ လောကမြေပြင်ကို ပေါက်ရောက်တဲ့ ကြီးမားလှတဲ့ အက်ကြောင်းလည်း ပေါ်ထွက်လာတော့တယ်...
အက်ကြောင်းကနေ တစ်ဆင့် လေပြည်စီးကြောင်း တောင်ကို ရှင်းရှင်းလင်းလင်းကြီး မြင်ရတယ်။ အနက်ရောင် မြူခိုးမြူငွေ့တွေက ကောင်းကင်ဆီ ပျံတက် သွားကြတယ်။ သူတို့ ရှေ့ဆက် သွားရင်းမှာပဲ သားရဲကောင်ရဲ့ ကြုံးဝါးသံက လေထုထဲကို ပျံ့နှံ့ ထွက်ပေါ်လာခဲ့တယ်။
သားရဲကောင် မာန်ဖီလိုက်တဲ့ တစ်ချိန်တည်းမှာပဲ ထိတ်လန့် တုန်လှုပ်ဖွယ်ရာ ရယ်သံ တစ်ခုကိုလည်း ကြားလိုက်ရပါတယ်။
"မီးလျှံမာန်မျိုးနွယ်စုရဲ့ ဒဏ္ဍာရီလာ သတ္တဝါ- ငှက်မင်းမဟာက ငါထင်ထားတဲ့ အတိုင်းပါပဲလား... ဒါက သူ့ရဲ့ကျန်ရှိနေတဲ့ အပိုင်းစလေး တစ်စမျှသာ ဖြစ်ပေမဲ့ စွမ်းအားတွေ အများကြီး ပါရှိနေသေးတယ်... အနည်းဆုံးတော့ မီးလျှံ မာန်မျိုးနွယ်ရဲ့ အကြွင်းအကျန်တွေ ရှာဖွေဖို့ ငါရင်းနှီးခဲ့တဲ့ နှစ်ကာလတွေက အလကား မဖြစ်သွားဘူးပဲ..."
အသံက ရှီဟိုင်နဲ့ အခြားသူတွေ အားလုံးအတွက် အစိမ်းသက်သက် အသံဖြစ်တယ်။ သူ့စကားကို ကြားတာနဲ့ အားလုံးရဲ့ မျက်နှာထားတွေ ပြောင်းလဲ ကုန်ကြတယ်။ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး အက်ကြောင်းထဲက လေပြည်စီးကြောင်း တောင်ဆီကို မတွေမဝေနဲ့ ဝင်ရောက် သွားကြတယ်။ သူတို့တွေက လေပြည်စီးကြောင်း မျိုးနွယ်တွေ ဖြစ်တာမို့ သူတို့ အထွတ်အမြတ် ထားတဲ့တောင်ပေါ်ကို အပြင်လူ ကျူးကျော်နေတာကို လက်ပိုက် ကြည့်မနေနိုင်ကြဘူး...
သို့ပေမဲ့လည်း လူကိုးယောက် ရှေ့တိုးသွားကြပြီး အက်ကြောင်းထဲ ရောက်လုဆဲဆဲ အခိုက်မှာ တောက်ပေါ် အခိုးအငွေ့တွေ ကြားကနေ ဟွန့်ခနဲ လှောင်ပြောင် ရယ်မောသံ တစ်ခုကို ကြားလိုက်ကြရတယ်။ ချက်ချင်းဆိုသလိုပဲ ပေ၁၀၀လောက် ရှည်လျားတဲ့ ခရမ်းရောင် သန်းနေတဲ့ အနီရောင် လက်မောင်းတစ်ခုက အခိုးအငွေ့တွေ ကြားကနေ ထွက်လာပြီး ရှီဟိုင်နဲ့ အခြားသူတွေ ရှေ့မှာ ခပ်ဖြည်းဖြည်းနဲ့ ဘယ်ညာ လွှဲယမ်းသွားတယ်...
***