မျိုးနွယ်စုကို မြင်ရပြီ…
Vol. 7 Ch. 85
လက်လွှဲယမ်း နေချိန်မှာ ထွက်ပေါ်လာခဲ့ပြန်တဲ့ မြည်ဟိန်းသံ ကျယ်ကျယ် လောင်လောင်က မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြားမှာ ရိုက်ခတ်လို့ သွားတယ်။ လှိုင်းတွန့်တွေဟာ ကွင်းထဲက လူတွေရဲ့ အင်္ကျီလက်တွေပေါ်မှာ ချက်ချင်း ပေါ်လာတယ်။ ရှီဟိုင်နဲ့ တခြားလူတွေဟာ သိမ့်ခနဲ တုန်ယင်သွားတာဟာ ကြီးမားတဲ့ ဆွဲအားတစ်ခုက သူတို့ကိုယ်ပေါ်မှာ ဖိနှိပ်ထားသလိုမျိုး။ တစ်ယောက်ပြီး တစ်ယောက်၊ သူတို့ကိုယ်ထဲက ချီဓာတ်တွေဟာ ပေါက်ကွဲ ပျက်စီးကုန်တယ်။ မျက်နှာတွေဟာ ဖြူရော် သွေးဆုပ်သွားပြီး သွေးတစ်ပွက် အန်လို့ မြေပြင်ပေါ်ကို ပြုတ်ကျ လာကြတယ်။ အသက်ရှင်နေသေးပေမဲ့ ကိုယ်ခန္ဓာ တစ်ခုလုံးဟာ ပေါက်ကွဲသွားသလို မချိမဆန့် ခံစားနေရတယ်။
"မသေကြသေးဘူးပေါ့။ ကြည့်ရတာ မြင့်မြတ်တဲ့ မဟာမျိုးနွယ်စု မြောင်မာန်ရဲ့ အင်အားနည်းတဲ့ မျိုးနွယ်ခွဲကနေ ဆင်းသက်လာတဲ့ ဒီမျိုးနွယ်စုကို ငါအထင်သေးလို့ မရဘူးပဲ။ ပြီးတော့လည်း မင်းတို့ကိုယ်ထဲမှာ စီးဆင်းနေတဲ့ မဟာမျိုးနွယ်စု မြောင်မာန်ရဲ့ အသွေးတွေဟာ ဒီနေရာမှာ ရှိနေသေးတယ်…" ဒီ စက်ဆုပ်ဖို့ကောင်းတဲ့ အသံဟာ လေထဲမှာ ပျံ့နှံ့လာတာနဲ့ အမျှ ထူးဆန်းတဲ့ နည်းလမ်းနဲ့ ဖန်တီးပြုလုပ်ထားတဲ့ မြူခိုးတွေဟာ ဒဏ္ဍာရီလာ သတ္တဝါကြီးရဲ့ အော်သံကို နာကျင်မှုတွေနဲ့ ရောထွေး သွားစေပါတယ်။
"ဆီးတား ပိတ်လှောင်ထားတဲ့ ငှက်မင်းမဟာ ရဖို့ မခက်ဘူး… ဒီစည်းကို ချဖို့ မင်းတို့ရဲ့ စွမ်းအင်တစ်ဝက်ကို သုံးထားရပြီးပြီ ဆိုတော့ အခု ဘယ်လောက်ထိ တောင့်ခံထားနိုင်မလဲ ကြည့်ကြသေးတာပေါ့ကွာ..." စိတ်ပျက်ဖို့ ကောင်းတဲ့ အသံထဲမှာ လှောင်ရယ်သံတွေ ရောစွက်နေတယ်။
ဒီအခိုက်အတန့်လေးမှာ အော်ဟစ်သံ သဲ့သဲ့ဟာ အဝေးက ရောက်လာတယ်။
" သူခိုး... ငါတို့ရဲ့ မြင့်မြတ်တဲ့ တောင်တော်ကို အန္တရာယ်ပြုရဲတယ်ပေါ့..." အသံနဲ့အတူ လေပြည်စီးကြောင်း မျိုးနွယ်စု အကြီးအကဲ ကျင်းနန်ဟာ ဒေါသတကြီး ရောက်ရှိလာတယ်။ သူ့အနောက်မှာ ခရမ်းရောင် အဝတ်နဲ့ ချောမောလှပပြီး ခက်ထန် အေးစက်တဲ့ အမျိုးသမီး ရှိနေတယ်။ အမျိုးသမီးဟာ သက်လတ်ပိုင်းအရွယ် ရှိနေပေမဲ့ သူမ အလှတရားတွေဟာ မှေးမှိန် သွားခြင်း မရှိသေးဘူး။ ကျူးကျော်လာသူကို သတ်ဖြတ်ပစ်ချင်နေတဲ့ ရန်လိုတဲ့ အကြည့်တွေ သူမမှာ ရှိနေတယ်။
သူတို့ ရောက်လာတာနဲ့ အက်ကွဲကြောင်း ရှိရာကို အပြေးအလွှား သွားပြီး အနက်ရောင် မြူခိုးတွေ ဝန်းရံထားတဲ့ လေပြည်စီးကြောင်း တောင်ထဲကို တွေဝေမနေဘဲ ဝင်သွားကြတယ်။ မကြာခင်မှာ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို လှုပ်ခတ်စေခဲ့တဲ့ အရမ်းကျယ်လောင်တဲ့ မြည်ဟိန်းသံဟာ အနက်ရောင် မြူခိုးတွေကြားထဲက ပေါ်ထွက်လာတယ်။ တစ်ချိန်ထဲမှာ ကျင်းနန်ဆီက အလင်းမှိန်မှိန် တစ်ချက် ထွက်လာတယ်။
လေပြည်စီးကြောင်း မျိုးနွယ်စုမှာ ဖြစ်ပျက်နေတာတွေကို စုမင်မသိဘူး။ သိခဲ့ရင်လည်း သူစိတ်ဝင်စားမှာ မဟုတ်ဘူး။ အခုအချိန်မှာ သူ့အတွက် အရေးကြီးဆုံးက အမြန်ဆုံးအရှိန်နှုန်းနဲ့ မျိုးနွယ်စုရှိရာကို ရောက်နိုင်ဖို့ ဖြစ်တယ်။
သူ့မျိုးနွယ်စု ကျန်ရှိနေသေးရဲ့လား ဆိုတာကို သိချင်မိတယ်…
သူ့မျိုးနွယ်စုဝင်တွေ အားလုံး အန္တရာယ် ကင်းရဲ့လား ဆိုတာကို သူသိချင်နေတယ်…
စိုးရိမ် ဝမ်းနည်းစိတ်တွေ၊ ဆောက်တည်ရာ မရ ဖြစ်နေတာတွေ၊ ပူပင်သောကနဲ့ မိုက်ရူးရဲဆန်မှု တွေအားလုံး ဖြစ်ပြီး သွားတဲ့အခါ သူငြိမ်ကျသွားတယ်။ နှင်းတောကို တိတ်တိတ်ဆိတ်ဆိတ် ဖြတ်ပြေးလာတယ်။ အကြီးအကဲတို့ ထွက်သွားတာ အချိန်နည်းနည်း ကြာသွားပြီ။ မိုးကောင်းကင်မှာ ရောင်နီလင်းလို့ အရုဏ် တက်လာပြီ ဖြစ်တယ်။ စပါးအုံးမြွေနက်ရဲ့ အမြန်နှုန်းနဲ့သာဆိုရင် အကြီးအကဲနဲ့ အခြားလူတွေဟာ မျိုးနွယ်စုရှိရာကို ရောက်နေလောက်ပြီ ဆိုတာ စုမင်သိတယ်။
" ဘေးကင်းပါစေ…" စုမင် ခြေထောက်တွေဟာ ဘဝရဲ့အမြန်ဆုံးအရှိန်နှုန်းနဲ့ မြေပြင်ကို ထိရိုက်သွားတယ်။
သူ့အရှိန်ဟာ မြန်လွန်းတာကြောင့် မျက်စိတစ်မှိတ် အတွင်းမှာ အဝေးကို ရောက်သွားတယ်။ ဒီလိုမရပ်မနား ပြေးနေတဲ့အတွက် ဖြစ်လာမယ့် အကျိုးဆက်တွေကို ဂရုမစိုက်အားဘူး။ သူ့ရဲ့ ပင်ပန်း နွမ်းနယ်မှုတွေကိုတောင် မေ့လျော့နေခဲ့တယ်။ ဒီထက် မြန်မြန် ပြေးနိုင်အောင် သူ့ကိုယ်မှာ လှည့်ပတ် စီးဆင်းနေတဲ့ သွေးကြောပေါင်း ၂၄၃ ကြောလုံးကို အဆက်မပြတ် ပေါက်ကွဲ ပွင့်ထွက်စေတာကြောင့် သူ့ကို ခွန်အားတိုး လာစေပြီး မြန်မြန်ဆန်ဆန်နဲ့ ခရီးတွင်စေပါတယ်။
မိုးစင်စင် လင်းလာပြီးနောက် နေမင်းကြီး ထွန်းလင်းလာချိန်မှာ နေ့အလင်းရောင် တောက်ပလာခဲ့ပြီး ငွေမင်ရောင် အလင်းတန်းဟာလည်း နှင်းဖုံးလွှမ်းနေတဲ့ မြေပြင်မှာ ရောင်ပြန်ဟပ် နေခဲ့တယ်။ စုမင်ဟာ လေပြည်စီးကြောင်း မျိုးနွယ်စုရဲ့ ပိုင်နက်ကို ကျော်လွန်လာခဲ့ပြီး ခြောက်သွေ့ သစ်တောထဲ မြန်မြန်ဆန်ဆန် ပြေးဝင်သွားတယ်။ အဲဒီနေရာဟာ အရင်တုန်းက သွားခဲ့ဖူးတဲ့ ကုန်သွယ်ရေးရင်ပြင် အနီးမှာပဲ ဖြစ်တယ်။
အရင်တုန်းက အရှိန်နှုန်းနဲ့သာဆိုရင် ဒီနေရာရောက်နိုင်ဖို့ နေ့တစ်ဝက်လောက် အချိန်ယူရမှာ ဖြစ်ပေမဲ့ အခုအချိန်မှာတော့ ဒီနေရာကို ဖြတ်သန်းဖို့ လေးနာရီလောက်ပဲ သူသုံးပြုခဲ့တယ်။
အခြားသူတွေတွက် ဒီအမြန်နှုန်းဟာ မယုံနိုင်လောက်အောင် အံ့အားသင့်စေမှာ ဖြစ်ပေမဲ့ စုမင်အနေနဲ့ အရမ်းနှေးနေသေးတယ်လို့ ခံစားရတယ်...
သူ အော်ဟစ် မာန်သွင်းတာမျိုး မလုပ်တော့ဘူး။ ဒါပေမဲ့ သူ့ခြေထောက်မှာ သွေးကြောတွေ ထင်ထင်ရှားရှား ပေါ်လာတဲ့အထိ တောထဲမှာ ပြေးလွှားနေခဲ့တယ်။ တစ်ခါတလေမှာ ရုတ်တရက် အရှေ့ကို တစ်ချက်တစ်ချက် ခုန်ပြီး ရလာတဲ့ အရှိန်နဲ့ ရှေ့ဆက်သွားတယ်။ စုမင်ဟာ မရပ်မနားဘဲ ဆက်ပြေးနေတာကြောင့် ချွေးတွေ ရွှဲနစ်လို့နေတယ်။ သူ့ခြေထောက်တွေတင် မဟုတ်ဘဲ ခန္ဓာကိုယ် တစ်ခုလုံးဟာ နာကျင်တာကို စတင် ခံစားလာရတယ်။
အချိန်တွေ တဖြည်းဖြည်း ကုန်လာတယ်။ နေမွန်းတည့်ချိန် ရောက်တဲ့အခါမှာ ကောင်းကင်က နှင်းကျတာ ရပ်သွားတယ်။ တိမ်ကင်းစင်ပြီးတော့ ကောင်းကင်ဟာ ကြည်လင်နေတယ်။ ဒါပေမဲ့လို့ တောထဲမှာ ပြေးလွှားနေတဲ့ လူတစ်ယောက် ရှိနေတယ်။ သူ့အရှိန်ကြောင့် ချွေးတွေဟာ အောက်ကို စီးကျမလာဘဲ လေထဲမှာ ပျံ့ကုန်တယ်။
စုမင်ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ ဇွဲလုံ့လကပဲ သူ့ကို တွန်းအား ပေးနေတာဖြစ်တယ်။ သူ့မျိုးနွယ်စုနဲ့ မျိုးနွယ်စုဝင်တွေရဲ့ လုံခြုံမှုအတွက် သောက ရောက်နေတယ်။ သူ့ရဲ့လက် ရှိခံစားချက်ကို မဖော်ပြနိုင်ဘူး။ သူ့တစ်ကိုယ်လုံး မောဟိုက်နေပြီး သူ့ရဲ့ဇွဲကြောင့်သာ ဆက်ပြေးနေတာ ဖြစ်တယ်။
အရင်တုန်းက တစ်ညလုံး မနားတမ်း ပြေးပြီး အချိန်ယူခဲ့ရတဲ့ ခရီးကို အခု အမြန်နှုန်းနဲ့ မွန်းတည့်ချိန်မှာ စုမင် ရောက်သွားတယ်။ စုမင်မျက်လုံးတွေဟာ စိတ်လှုပ်ရှားမှုတွေ စိုးရိမ်ပူပန်မှုတွေနဲ့ တဖြည်းဖြည်း ပြည့်လာတယ်။
သူဟာ မျိုးနွယ်စုရှိရာကို နီးလို့လာတယ်။ နှလုံးခုန်သံဟာ သူ့တစ်ကိုယ်လုံးကို ရိုက်ခတ်သွားပြီး ရင်ထဲက စိုးရိမ်ကြောင့်ကြမှုတွေကို အားကောင်း လာစေပါတယ်။ သူ့မျိုးနွယ်စု ဖျက်ဆီးခံရပြီး မျိုးနွယ်စု ဝင်တွေရဲ့ အလောင်းတွေ မြေပြင်ပေါ်မှာ မြင်မိမှာကို စိုးရိမ်မိတယ်။
သူစိုးရိမ်နေပေမဲ့ အမြန်နှုန်းကတော့ လျော့မသွားဘူး။ အဲဒီအစား ပိုမြန်တဲ့ အရှိန်နှုန်းဟာ သူ့ကိုယ်ထဲမှာ အားကောင်းလာတယ်။
အဝေးက နက်မှောင်တောင် မျိုးနွယ်စုရဲ့ နယ်စပ်မျဉ်းကို မြင်ရချိန်မှာ စုမင် တုန်ရီသွားပြီး မျက်ရည်ကျမိတယ်။
မျိုးနွယ်စုရဲ့ ဂိတ်တံခါးဟာ ပြိုကျ ပျက်စီးနေတာကို အဝေးက လှမ်းမြင်ရတယ်။ မျိုးနွယ်စုကို ဝန်းရံထားတဲ့ သစ်သား ခြံစည်းရိုးကြီးရဲ့ အစိတ်ပိုင်း တော်တော်များဟာလည်း ဖျက်ဆီး ထားခံရတယ်။ အဲဒီနေရာကနေ မီးခိုးငွေ့တွေ ထွက်နေတာကြောင့် မီးလောင် ထားခံရမှန်း သိသာတယ်။
မျိုးနွယ်စု နယ်မြေကတော့ တိတ်ဆိတ်မနေဘဲ လှုပ်ရှား အသက်ဝင်နေဆဲပဲ။ မျိုးနွယ်စုဝင်တွေဟာ အတူတကွ စုရုံးလို့နေတယ်။
သူ့မျိုးနွယ်စုဝင်တွေ ဘေးကင်းတာကို မြင်ရတဲ့အတွက် စုမင် နည်းနည်း စိတ်အေးသွားတယ်။ အဲဒီအနောက်မှာ နက်မှောင် တောင်မျိုးနွယ်စုကို ဒုက္ခပေးရဲတဲ့ ရန်သူတွေကို သတ်ပစ်ချင်စိတ်ဟာ တဖွားဖွား ပေါ်လာတယ်။
စုမင် မျိုးနွယ်စုရှိရာကို အပြေး သွားခဲ့တယ်။ အိမ်နားကို မရောက်ခင်မှာပဲ တောလိုက် အဖွဲ့သားတွေဟာ သူ့ကိုမြင်သွားတယ်။ လူရိပ်အခြေ တွေ့ရတဲ့အတွက် သူတို့ သတိနဲ့ စောင့်ကြည့်နေတယ်။ စုမင်ရဲ့မျက်နှာကို တွေ့လိုက်ရချိန်မှာ စိတ်အေးသွားပြီး သူတို့မျက်နှာပေါ်က ပင်ပန်း နွမ်းနယ်မှုတွေကို ဖုံးကွယ် မထားနိုင်တော့ပါဘူး။
မျိုးနွယ်စုရှိရာကို ရောက်တဲ့အခါမှာ တမင် ငိုကြွေးမိတယ်။ အစိတ်စိတ် အမြွှာမြွှာ ဖျက်ဆီးခံထားရတဲ့ ဂိတ်တံခါးကို ဖြတ်လာတယ်။ ဆက်လျှောက် လာတာနဲ့ တောလိုက် အဖွဲ့သားတွေရဲ့ မျက်နှာပေါ် က မောပန်းနေမှုကို တွေ့ရတယ်။ မျိုးနွယ်စုရဲ့ အလယ်က မြေပြင်ပါ်မှာ စုပုံထားတဲ့ ဒါဇင်နဲ့ချီတဲ့ အလောင်းတွေ ရှိနေတယ်။
ဒီအလောင်း ပိုင်ရှင်အားလုံးကို စုမင် ရင်းနှီးတယ်။ သူတို့ဟာ မျိုးနွယ်စုဝင်တွေပဲ ဖြစ်တယ်။ သူတို့ ကိုယ်ခန္ဓာတွေကို မိသားစုဝင်တွေဟာ ရှင်းလင်း သန့်စင်ပေးနေတယ်။ မျိုးနွယ်စုထဲမှာ ပျံ့လွင့်နေတဲ့ သူတို့ရဲ့ ငိုကြွေးသံဟာ စုမင် နှလုံးသားကို ထုတ်ချင်းခတ်ပြီး ဖြစ်ပေါ်လာတဲ့ နာကျင်မှုက သူ့ကို သွေးစိမ်းရှင်ရှင် အန်ထွက်စေတော့ မတတ်ပဲ။
မျိုးနွယ်စုဝင်တွေရဲ့ မျက်နှာပေါ်က ဝမ်းနည်း ပူဆွေးမှုတွေကို သူမြင်ရတယ်။ အားလုံး စုဝေးရမယ့် နေရာကိုမလာခင်မှာ သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ကြောက်ကြောက်လန့်လန့်နဲ့ သိမ်းဆည်း နေကြတယ်။
ငယ်ရွယ်သေးတဲ့ လာစုတွေရဲ့ မျက်နှာမှာ အကြောက်တရား မျက်ရည်တွေကို သူမြင်ရပြီး ကလေးတွေဟာ သူတို့ အမေရဲ့လက်တွေကို တင်းတင်း ဆုပ်လို့ထားတယ်။ သူတို့ လက်လွှတ်လိုက်တာနဲ့ နောက်ထပ်တစ်ခါ ဘယ်တော့မှ ဆုပ်ကိုင်ခွင့် မရတော့မှာကို ကြောက်နေမိသလိုမျိုး…
မျိုးနွယ်စုထဲက အိမ်ခြေ တော်တော်များများဟာ ဖျက်ဆီး ခံလိုက်ရတယ်။ မြေပြင်ဟာ ရှုပ်ယှက်ခတ် နေတယ်။ မြေကြီးပေါ်က သွေးကွက်တွေဟာ ခဏအကြာတုန်းက ဒီနေရာမှာ စစ်ဖြစ်ခဲ့တာကို ဖော်ပြနေတယ်။
စုမင်ဟာ အရှေ့ကမြင်ကွင်းကို ကြည့်ရင်း လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ သူ့မျက်လုံးထဲမှာ မုန်းတီးမှုတွေ ရှိနေတယ်။ ဒီအကြည့်ဟာ အသက် ၁၇ တောင် မပြည့်သေးတဲ့ ဆယ်ကျော်သက် တစ်ယောက်ဆီမှာ တွေ့ဖို့ခဲယဉ်းလှတဲ့ အမုန်းတရားနဲ့ သတ်ဖြတ်လိုစိတ်ပဲ...
စုမင် မျက်ရည်တွေဟာ အဆက်မပြတ် စီးကျနေတယ်။ အိမ်ဘေးနားက ကြင်နာတတ်တဲ့ အမျိုးသမီးဟာ ပျက်စီးနေတဲ့ သူ့အိမ်ကို မှီလို့ အပြင်ဘက်မှာ ငူငူငိုင်ငိုင် ထိုင်နေတာ တွေ့ရတယ်။ သူမ ဘေးနားမှာ ဘယ်သူမှ မရှိဘူး… သူမကလေး သေသွားပြီးတော့ သူမ အမျိုးသားလည်းပဲ သေသွားခဲ့ပြီ… သူမတစ်ယောက်တည်းပဲ ကျန်ရစ်ခဲ့တယ်၊ ဆုံးရှုံးသွားတဲ့ အရာတွေတွက် အဲဒီနေရာမှာ တစ်ယောက်တည်း ထိုင်နေတယ်။
စုမင် လှမ်းကြည့်လိုက်ချိန်မှာ စကားနဲ့ဖော်ပြလို့ မရနိုင်တဲ့ သူမရဲ့ ဝမ်းနည်းပူဆွေးမှုကို ခံစားမိတယ်။
'မဟူရာတောင်မျိုးနွယ်စု...'
စုမင် အံတင်းတင်း ကြိတ်တယ်။ ပင်ပန်းနွမ်းနယ်နေတဲ့ လေ့ချန်ဟာ လူအုပ်ကြီးကို နေရာတစ်ခုမှာ စုရုံးနိုင်အောင် ကူညီပြီး အဖွဲ့အတွက် အရေကြီးတာတွေကို ကူသယ်နေတာကို သူတွေ့တယ်။
လေ့ချန်ဟာ စုမင်ကို သတိမထားမိဘူး။ သူအရမ်းကို ခြေကုန်လက်ပန်း ကျနေပြီ။
စုမင်ကို အမြဲအထင်သေးပြီး မော့စုကို တိတ်တခိုး သဘောကျနေတဲ့ ဝူလကိုလည်း တွေ့ရတယ်။ သူမဟာ ညတွင်းချင်းမှာပဲ ရင့်ကျက်သွားပုံ ပေါ်တယ်။ သူမ နောက်ကျောမှာ သိုင်းလွယ်ထားတဲ့ လေးကိုင်း ခပ်ကြီးကြီး တစ်ခု ရှိနေတယ်။ သူမဟာ အသံတိုးတိုးနဲ့ လူအုပ်ကြီးကို နှစ်သိမ့်နေပြီး လူတွေကို အချိန်တိုအတွင်းမှာ စုစည်းနိုင်အောင် ကူညီနေတယ်။
ချန်းရှင်းလည်းပဲ လူအုပ်ထဲမှာ ရပ်နေတယ်။ အားအင်ချည့်နဲ့ နေတဲ့ သူမမျက်နှာဟာ သနားစရာ ကောင်းပုံပေါ်နေပေမဲ့ သူမရဲ့ ပြတ်သားတဲ့ အကြည့်တွေက သူမလည်း ရင့်ကျက်လာပြီ ဆိုတာကို ပြသနေတယ်။
မျိုးနွယ်စု ခေါင်းဆောင်၊ အစောင့်အရှောက် ခေါင်းဆောင်၊ ရှန့်ဟန်နဲ့ ပေလင်းတို့ကို စုမင် မတွေ့ဘူး။ သွေးကြော ကျောက်သား ကျင့်စဉ်ရဲ့ အဆင့် ခုနှစ်ကို ရောက်နေပြီဖြစ်တဲ့ မာန်စွမ်းအား ရှင်တွေကိုလည်း မတွေ့ဘူး။ သူတို့အားလုံး ပျောက်နေတယ်။
ဒါပေမဲ့ စုမင် အကြီးအကဲကို တွေ့သွားတယ်။
အကြီးအကဲဟာ မလှမ်းမကမ်းမှာ ရပ်နေတယ်။ မျက်နှာဟာ ဖြူရော်နေပြီတော့ ဇရာကြောင့် ထောင်းကြေနေပြီ။ ပြီးခဲ့တဲ့ညမှာ ဆယ်စုနှစ် နှစ်ခုစာလောက် ဖြတ်သန်း သွားခဲ့ရသလိုပဲ။ ဒီအချိန်မှာ အကြီးအကဲဟာ ဘယ်ဘက် ပေါင်မှာ ဒဏ်ရာရသွားတဲ့ မျိုးနွယ်စုဝင် တစ်ယောက်ကို ဆေးကုပေးနေတယ်။ သူဟာ ကပ်ဘေးသင့် တိုက်ခိုက်ရေးသမား တစ်ယောက်ဖြစ်ပြီး အသက်က နှစ်ဆယ့်ခုနှစ်၊ နှစ်ဆယ့် ရှစ်နှစ်လောက်ရှိမယ်။ စုမင် သူ့ကိုသိတယ်။ သူဟာ ရွှင်းတူရိယာနဲ့ သီချင်း အမြဲဆိုလေ့ရှိတဲ့ လျိုတိ ဖြစ်တယ်။
အဲဒီလူဟာ လူတွေနဲ့ နီးနီးကပ်ကပ် နေရတာကို မကြိုက်ဘူး။ အရိုးနဲ့ လုပ်ထားတဲ့ လက်သီးဆုပ် အရွယ် အရာတစ်ခုက သူ့ခါးမှာ ချိတ်ထားတယ်။ အပေါက်ငယ်လေးတွေ ရှိနေတဲ့ အဲ့ဒီပစ္စည်းဟာ ထူးဆန်း နေတယ်။
ဒီပစ္စည်းကို စုမင်သိတယ်။ ဒါကို ရွှင်း လို့ခေါ်တယ်။ မျိုးနွယ်စုဝင် တော်တော်များများက ဒီတူရိယာကို ဘယ်လို မှုတ်ရမလဲဆိုတာ မသိကြဘူး။ ဒီလူတစ်ယောက်ပဲ အနုပညာ စွမ်းရည်ရှိတယ်။ တစ်ခါတလေမှာ သူ့ရဲ့ရွှင်း တီးမှုတ်သံကို မျိုးနွယ်စုထဲမှာ ကြားရတယ်။
အခု သူ့မျက်နှာမှာ နာကျင်တဲ့ အရိပ်အယောင် မတွေ့ရဘူး။ ဇွဲနဲ့ ခိုင်မာပြတ်သားမှုကိုပဲ တွေ့ရတယ်။
အကြီးအကဲ ရှိရာကို သွားချိန်မှာ စုမင် အဆတ်မပြတ် မျက်ရည် ကျနေခဲ့တယ်။ သူပြန်ရောက်လာချိန်မှာ မြင်ရတဲ့ မြင်ကွင်းတွေဟာ သူ့ဒေါသကို သတ်ဖြတ်လိုစိတ်တွေ အဖြစ် ပြောင်းလဲ ပေးလိုက်တယ်။ သူ့မျိုးနွယ်စုအတွက် တိုက်ခိုက်ချင်တယ်...
စုမင်ဟာ အကြီးအကဲနဲ့ လူငယ် ဆီသွားချိန်မှာ အကြီးအကဲ ဆေးကုပေးနေတဲ့ သူဆီက စကားသံကို ကြားရတယ်၊
" အကြီးအကဲ… ကျွန်တော့်ကို အရေးမလုပ်ပါနဲ့။ ကျွန်တော့် ခြေထောက်တွေ ပျက်စီးသွားပေမဲ့ ကျွန်တော် တိုက်ခိုက်နိုင်ပါသေးတယ်… ကျွန်တော်…"
အကြီးအကဲ မျက်နှာဟာ သုန်မှုန်နေပြီး ဝမ်းနည်းနေတယ်။ သူ့ခေါင်းကို ဖြည်းဖြည်း ညိတ်လိုက်တယ်။ အဲဒီနောက်မှာ တစ်ခုခုကို သတိပြုမိသွားသလို အကြီးအကဲဟာ ခေါင်းမော့ချိန်မှာ စုမင် လမ်းလျှောက် လာတာကို တွေ့ရတယ်။
စုမင်ကို မြင်လိုက်ရတဲ့ အကြီးအကဲဟာ အံ့အားသင့်မိတယ်။ ယုံမှားနိုင်စရာမရှိတဲ့ မယုံကြည်နိုင်မှုနဲ့ လန့်ဖျပ်မှုတွေဟာ သူ့မျက်နှာမှာ ရှိနေတယ်။ သူချထားခဲ့တဲ့ စည်းကို သာမန် လူတစ်ယောက် အနေနဲ့ အချိန်တိုအတွင်းမှာ ချိုးဖြတ်ဖို့ လုံးဝ မဖြစ်နိုင်ဘူးဆိုတာ သူသိတယ်။ ဒါပေမဲ့ အခု စုမင်ဟာ သူ့အရှေ့မှာ ရောက်နေတာကြောင့် ပုံရိပ်ယောင် တစ်ခုကို မြင်နေရသလိုမျိုး မယုံကြည်နိုင်အောင် ဖြစ်လို့နေတယ်။
စုမင်အနေနဲ့ အကြီးအကဲရဲ့ ခံစားချက် အမူအရာကို တွေ့ရတာ ပထမဆုံး အကြိမ်ဖြစ်တယ်။ ၎င်းအနေနဲ့ စုမင်ဟာ စည်းကို ချိုးဖြတ်ပြီး အချိန်တိုအတွင်း ဒီနေရာကို ရောက်လာတာကို မယုံကြည်နိုင်ဘူး။
ဒီအချိန်မှာ စုမင်ကို တွေ့တဲ့သူက အကြီးအကဲ တစ်ယောက်ထဲ မဟုတ်တော့ဘူး။ လေ့ချန်လည်း သူ့ကို တွေ့သွားတယ်။ သူ့မျက်လုံးတွေဟာ ပြူးကျယ် ဝိုင်းစက်လို့ အံ့အားသင့်တဲ့ အကြည့်ဟာ မျက်နှာမှာ ပေါ်နေတယ်။ တစ်ချိန်တည်းမှာ မနီးမဝေး နေရာမှာရှိနေတဲ့ ဝူလလည်း စုမင်ကို အမှတ်မထင် တွေ့သွားတယ်။
***