← Chapters

အိမ်တွေကို စွန့်ခွာ ထားရစ်ခဲ့ကြဖို့ ချီတုံချတုံ

Vol. 7 Ch. 86

အိမ်တွေကို စွန့်ခွာ ထားရစ်ခဲ့ကြဖို့ ချီတုံချတုံ

Vol. 7 Ch. 86

" စုမင်၊ မင်း… " အကြီးအကဲနှုတ်ကနေ လွှတ်ခနဲ ထွက်သွားတယ်၊ စုမင်ရဲ့ ရဲရဲနီနေတဲ့ မျက်လုံးတွေ၊ ပင်ပန်းနွမ်းနယ်နေပုံနဲ့ တစ်ဇွတ်ထိုး ဆန်မှုတွေအတွက် ပေးဆပ်ခဲ့ရတဲ့ အကျိုးဆက်ကို စဉ်းစားမိတဲ့အခါ စကားဆက် မပြောနိုင်တော့ဘူး။

သူ့မျက်လုံးထဲမှာ စုမင်ဟာ ပစ်လွှတ်ဖို့ အသင့်ဖြစ်နေတဲ့ မြားတစ်စင်းလိုပဲ။ ဒီမြားဟာ ကြောက်လန့်ဖို့ ကောင်းပြီး စူးရှတဲ့ အသွင်ကို ဆောင်တယ်။ သွေးဆာနေတဲ့ သူ့ကို ဘယ်သူ့မှ မရပ်တန့်နိုင်ဘူး...

"အကြီးအကဲ… ကျွန်တော် ရောက်လာပါပြီ၊" အပြင်ကနေ ပြန်လာတိုင်း သူပြောလေ့ ရှိသလိုမျိုး တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။

စုမင်ကိုကြည့်နေတဲ့ အကြီးအကဲ မျက်ဝန်းတွေမှာ ပျော်ရွှင်မှု၊ သဘောမကျမှု၊ တွေဝေမှုတွေနဲ့ စုမင် ဝေခွဲလို့မရတဲ့ အကြည့်တချို့ ရှိနေတယ်။

" မျိုးနွယ်စုအတွက် မင်းတိုက်ခိုက် ချင်သလား" ခဏကြာမှာ အကြီးအကဲက မေးခဲ့တယ်။

စုမင် ခေါင်းညိတ်မိတယ်။

" မင်း အသက် ဘေးအန္တရာယ် ကြုံရမယ်ဆိုရင်တောင် ရှေ့ဆက်တိုးဖို့ ဆန္ဒရှိသေးလား" ခဏတာ တိတ်ဆိတ်လို့ အပြီးမှာ အကြီးအကဲက ထပ်မေးတယ်။

" တစ်နေ့မှာ လူတိုင်းသေရမယ်၊ ကျွန်တော့်အိမ်ကို ကာကွယ်ရင်း အသက်ပေးရမယ်ဆိုရင် နောင်တမရဘဲ ကျွန်တော်သေမယ်..." စုမင်ဟာ တည်ငြိမ် အေးဆေးတဲ့ လေသံနဲ့ ပြန်ဖြေတယ်။

" ကောင်းပြီ။ စုမင်၊ မင်းကို ငါမတားတော့ဘူး။ မင်းဒီလို ဆုံးဖြတ်မှတော့ မျိုးနွယ်စုအတွက် တိုက်ခိုက်ဖို့ မင်းကို အခွင့်ရေးပေးမယ်..." တွေဝေနေဆဲ ဖြစ်တဲ့ အကြီးအကဲဟာ မျက်လုံးတွေကို မှိတ်လို့ထားတယ်။ ခဏအကြာမှာတော့ ပြတ်သားတဲ့ အကြည့်နဲ့အတူ မျက်လုံး ဖွင့်လာတယ်။

စုမင်ကို ဘယ်လိုမှ တားလို့မရတော့ဘူး ဆိုတာ သူသိတယ်။ သူတားခဲ့ရင်တောင် ဘယ်လိုထူးဆန်းတဲ့ အပြုအမူတွေ ထပ်လုပ်လာဦးမလဲ ဆိုတာ ဘယ်သူမှ မသိဘူး။ စုမင်ကိုယ်ပေါ်က ပြင်းထန်တဲ့ ဒဏ်ရာဒဏ်ချက်တွေကို တွေ့ရတဲ့အခါ နှလုံးသားထဲက နာကျင်ရသလို ဝမ်းသာ ပီတိလည်း ဖြစ်မိတယ်။

ဒီအခိုက်တန့်မှာ ရင်ပြင်မှာ စုရုံးနေတဲ့ မျိုးနွယ်စုဝင်တွေဟာ တိတ်ဆိတ် ငြိမ်ကျသွားတယ်။ မျိုးနွယ်စုရှိရာကို လမ်းလျှောက်လာကြ သူတွေအပေါ်မှာ သူတို့ အကြည့်တွေ ရောက်သွားတယ်။

မျိုးနွယ်စု ခေါင်းဆောင်ဟာ အရှေ့မှာဦးဆောင်လာပြီး အစောင့်အရှောက် ခေါင်းဆောင်နဲ့ ရှန့်ဟန်တို့ဟာ နောက်မှာ လိုက်ပါလာကြတယ်။ ပေလင်းနဲ့ သွေးကြော ကျောက်သားကျင့်စဉ် အဆင့်‌ခြောက်နဲ့ အဆင့်ခုနှစ်မှာ ရှိနေကြတဲ့ မာန်စွမ်းအားရှင်တွေရဲ့ ကိုယ်မှာ သွေးစွန်းနေပြီး ပင်ပန်းနေတဲ့ အကြည့်တွေနဲ့အတူ ပြန်လာကြတယ်။

သူတို့ ထွက်သွားတုန်းက လူအရေအတွက်ထက် လူနည်းနည်းလေးပဲ ပြန်ပါလာတယ်။ အဲဒီထဲက လူတော်တော် များများကိုယ်မှာ ဒဏ်ရာတွေ ရှိနေတယ်။ အထူးသဖြင့် ပေလင်း မျက်နှာဟာ ဖြူရော်နေပြီး သူ့ရင်အုပ်ကနေ သွေးအများကြီး ထွက်နေတယ်။

သူတို့လက်ထဲမှာ သွေးတိတ်နေပြီ ဖြစ်တဲ့ ခေါင်းပြတ်တွေ ကိုင်ဆောင်ထားတယ်။ သူတို့ ပြန်ရောက်လာတဲ့ အတွက် မျိုးနွယ်စုဝင်တွေကို ဝမ်းမြောက် သွားစေတယ်။ အကြီးအကဲဆီ သွားနိုင်ဖို့အတွက် သူတို့ကို လူအုပ်ကြီးက လမ်းရှင်း ပေးလိုက်တယ်။

စုမင်ကို ကြည့်နေတဲ့ ပေလင်းဆီမှာ သူစိမ်းဆန်တဲ့ အကြည့်တွေကို မတွေ့ရဘူး။ အဲဒီအစား ငြိမ်ငြိမ်သက်သက်နဲ့ သူ့အဖေ နောက်လိုက်သွားတယ်။ မျိုးနွယ်စု ရှင်သန် ရပ်တည်နိုင်မှုနဲ့ ယှဉ်ရင် သူ့ရဲ့ မလိုမုန်းတီးမှုဟာ အရေးမပါဘူးလေ။

မျိုးနွယ်စု ပျက်သုဉ်းသွားပြီး မျိုးနွယ်စုဝင်တွေ သေဆုံးသွားရင် မနာလိုစရာ ဘာရှိဦးမလဲ…

အကြီးအကဲ ရှိရာကို သွားတဲ့ လူအုပ်နဲ့ နက်မှောင် တောင်မျိုးနွယ်စုရဲ့ ခေါင်းဆောင်ဟာ လက်ထဲက ခေါင်းနှစ်လုံးကို ဘေးချထားလို့ " အကြီးအကဲ၊ မဟူရာတောင်က ကင်းထောက် သမားတွေ အားလုံးကို သုတ်သင်ပြီးပါပြီ၊ အခု… အပြင်မှာ ဘေးကင်းသွားပါပြီ။ ကျွန်တော်တို့ နေရာစ ​ပြောင်းနိုင်ပါပြီ..." သူ့စကားတွေဟာ သွေးဆာတဲ့ အသွင်ကို ဆောင်တယ်။

သူ့နောက်က လူတွေလည်း လက်ထဲက ခေါင်းတွေကို ဘေးကို ပစ်ချထားလိုက်တယ်။ သတ်ဖြတ် လိုစိတ်တွေ တဖွားဖွား ဖြစ်ပေါ်‌နေကြတယ်။

စုမင်ဟာ အကြီးအကဲ ဘေးမှာရပ်လို့ မျိုးနွယ်စု ခေါင်းဆောင်နဲ့ အခြားသူတွေကို တိတ်တဆိတ် ကြည့်နေတယ်။ ပင်ပန်းနွမ်းလျနေကြတဲ့ သူတို့ ကိုယ်ခန္ဓာတွေ၊ သတ်ဖြတ်လိုစိတ်နဲ့ ဖုံးကွယ်ထားတဲ့ ဝမ်းနည်း နာကျည်းစိတ်တွေနဲ့ သွေးဆာမှုတွေကို မြင်နေရတယ်။

သူတို့ နေရာပြောင်းရွေ့ဖို့ လုပ်နေချိန်မှာ နက်မှောင်တောင်ရဲ့ ပထမဆုံးအကြိမ် ချုံခိုတိုက်ခိုက်တာ ခံလိုက်ရတယ် ဆိုတာကို အလွယ်တကူ ခန့်မှန်းနိုင်တယ်။ တိုက်ပွဲ ပြင်းတဲ့အတွက် နေရာပြောင်းရွှေ့တာကို အခက်အခဲ ဖြစ်စေတယ်။ ပထမအကြိမ် တိုက်ပွဲအပြီးမှာ မဟူရာ တောင်အဖွဲ့ရဲ့ ကင်းထောက်တွေ အားလုံးကို သတ်ဖို့ အကြီးအကဲက အမိန့်ပေးခဲ့တယ်။ ဒါမှ အန္တရာယ် ကင်းကင်းနဲ့ ရွှေ့ပြောင်းနိုင်မျာ ဖြစ်တယ်။

ပြီး​တော့ မျိုးနွယ်စုဝင် အများစုဟာ သာမန်လူတွေပဲ ဖြစ်တဲ့အပြင် အမျိုးသမီးနဲ့ ကလေးငယ် အရေတွက်လည်း များနေတယ်။ မျိုးနွယ်စုရဲ့ အနာဂတ် မျှော်လင့်ချက်တွေ ဖြစ်တဲ့ သူတို့တွေကို ကာကွယ် စောင့်ရှောက်ရမယ်။

အကြီးအကဲဟာ ခေါင်းညိတ်လို့ မျိုးနွယ်စုဝင်တွေ အားလုံးကို လှမ်းကြည့်လိုက်တယ်။ ရှိရှိသမျှ ယောက်ျား၊ မိန်းမ၊ လူအိုလူပျိုအားလုံးဟာ ယုံကြည် မျှော်လင့်နေတဲ့ မျက်ဝန်းတွေနဲ့ သူ့ကို မော့ကြည့်နေတယ်။

" မျိုးနွယ်သူ မျိုးနွယ်သား အပေါင်းတို့…" အကြီးအကဲဟာ ညင်ညင်သာသာ ပြောလိုက်တဲ့ စကားသံဟာ လေထုကို ဖြတ်သန်းလို့ အဖွဲ့သားတွေဆီကို ရောက်လာတယ်။

" ငါတို့ အိုးအိမ်တွေကို မစွန့်ခွာချင်ကြဘူး… ငါတို့ ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကြတဲ့ ဒီမြေနေရာ ဒေသကနေ မထွက်ခွာချင်ကြဘူး။ လေပြည်စီးကြောင်း မျိုးနွယ်စုကို မမှီခိုချင်ဘူး… ဒါပေမဲ့ နက်မှောင် တောင်မျိုးနွယ်စုတွေ ဆက်လက် ရှင်သန်သွားနိုင်ဖို့ ငါတို့… လုပ်ရမယ်...

" ငါတို့ရှင်သန်ကြရမယ်၊ ငါတို့ အသက်ရှင် ကျန်ရစ်ရမယ်..."

" ငါတို့ နောင်လာနောင်သား သားစဉ် မြေးဆက်တွေကို ပြောပြရမယ်၊ တစ်နေ့ ဒီနေရာမှာ ငါတို့ပြန်ပြီး အခြေချနိုင်မယ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြောရမယ်။ ငါတို့ ကိုယ်ပိုင်နယ်မြေကို တည်ဆောက်လို့ ရပါသေးတယ်။

အဲဒီနေ့မှာ… ငါတို့ အရှက်တကွဲ ဖြစ်ရတဲ့ ခံစားချက်ထက် အဆပေါင်းများစွာ ပြင်းထန်တဲ့ အရာတွေနဲ့ မဟူရာတောင် အဖွဲ့ကို ပြန်လက်စားချေမယ်...

" ငါယုံကြည်တယ်၊ မင်းတို့ရော ယုံကြည်ကြလား" အကြီးအကဲဟာ အော်ဟစ် ကြုံးဝါးလိုက်တယ်။

မျိုးနွယ်စုဝင်တွေ အားလုံးဟာ မျိုသိပ်လို့ထားတဲ့ ဝမ်းနည်း ကြေကွဲမှုတွေကို ဖွင့်ဟ ထုတ်ဖော်လိုက်တယ်။ သူတို့ရဲ့ ဟစ်ကြွေးသံဟာ ကောင်းကင်တစ်ခွင်ကို တုန်ခါ သွားစေတယ်။ နက်မှောင်တောင် အဖွဲ့ဟာ မျိုးနွယ်စုငယ်လေး ဖြစ်ပေမဲ့ ဟောဒီ ကြုံးဝါး ဟစ်အော်သံတွေကတော့ နှလုံးသားရဲ့ အနက်ရှိုင်းဆုံး နေရာကနေ ထွက်ပေါ်လာခဲ့တဲ့ ခွန်အားတွေ ပြည့်လျှမ်းနေတဲ့ မြည်တမ်းသံပဲ ဖြစ်လေတယ်။

"တစ်နေ့မှာ… နက်မှောင်တောင် မျိုးနွယ်စု ပြန်ရောက်လာရမယ်… အခုတော့ ငါတို့ နေရာ ပြောင်းရွှေ့ကြမယ်..." အကြီးအကဲဟာ သူ ဝမ်းနည်း ပူဆွေးနေတာကို ဘယ်သူ့ကိုမှ မမြင်စေချင်တဲ့ အတွက် မျက်လုံးတွေ မှိတ်လို့ထားတယ်။ သူလက်ပြ အချက်ပေးလိုက်တာနဲ့ စုရုံးနေကြတဲ့ နက်မှောင်တောင် မျိုးနွယ်စုတွေဟာ မာန်စွမ်းအားရှင်တွေရဲ့ အကူအညီနဲ့ ချက်ချင်း လှုပ်ရှား လာကြတယ်။ မျိုးရိုးစဉ်ဆက် နေထိုင်ခဲ့တဲ့ နေရာဒေသကို စွန့်ခွာလို့ အဝေးတစ်နေရာက သူတို့မသိတဲ့ နယ်မြေရှိရာကို ပြောင်းရွှေ့ ခဲ့ကြတော့တယ်။

လူတန်းအရှည်ကြီးဟာ မျိုးနွယ်စုနယ်မြေကို နောက်မှာချန်ရစ်လို့ ဖြည်းဖြည်းချင်း ထွက်ခွာလာခဲ့တယ်။ နက်မှောင်တောင် မျိုးနွယ်စုကနေ ထွက်လာတဲ့ မီးခိုးမှိုင်းတွေ ရှိနေ​သးတယ်။ ဖျက်ဆီး ခံလိုက်ရတာကြောင့် လူသူကင်းမဲ့ ခြောက်ကပ် နေမှုနဲ့အတူ ​ဝမ်းနည်း ပူဆွေးမှုတွေဟာ လေထဲမှာ ရောထွေးသွားတယ်။

ငိုယို ဟစ်ကြွေးသံတွေဟာ လူအုပ်ကြားထဲက ထွက်လာတယ်။ ဒီအသံဟာ အရွယ် မရောက်သေးတဲ့ လာစုငယ်လေးတွေ၊ ကြောက်လန့်နေတဲ့ အမျိုးသမီးတွေနဲ့ နက်မှောင်တောင် အဖွဲ့သားတွေ ဆီကနေ ထွက်ပေါ်လာတာ ဖြစ်တယ်။

မျိုးနွယ်စုဝင် အမျိုးသားတွေဟာ မိသားစုတွေကို ကာကွယ် စောင့်ရှောက်ပြီး ဘာမှမသိသေးတဲ့ ကလေးငယ်လေးတွေကို ချီပိုးထားကြတယ်။ သူတို့လည်း ငိုကြွေးလို့ ရှေ့ဆက် လျှောက်နေကြတယ်။ အသက် သိပ်မငယ်တော့တဲ့ လာစုတွေဟာ ကြောက်ကြောက် လန့်လန့်နဲ့ မိဘတွေရဲ့ လက်ကိုတွဲလို့ နောက်ပြန်ကြည့်ကာ ငိုလို့နေတယ်။

အနောက်က ရင်းနှီး ကျွမ်းဝင်နေတဲ့ မြင်ကွင်းကို လှည့်ကြည့်လို့ ဦးနှောက် မှတ်ဉာဏ်ရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ ထာဝရ မှတ်မိနေမဲ့ ပုံရိပ်အဖြစ် သိမ်းထားလိုက်ကြတယ်။ သူတို့ရဲ့ အိမ်အပြန် လမ်းရှိရာ နေရာ မေ့သွားမှာကို စိုးရိမ်နေကြတယ်။

လူအယောက်တိုင်း လိုလိုဟာ နောက်ပြန်လှည့်လို့ အတိတ်က သူတို့ အိမ်ဟောင်းကို ကြည့်နေကြတယ်…

လူအုပ်ထဲမှာ မောပန်း နွမ်းနယ်နေတဲ့ အဘိုးအို တစ်ယောက်ရှိတယ်။ သူက နန်ဆုန် နန့်စုန့် ဖြစ်တယ်။ ဘဝမှာ ကြုံတွေ့ရမဲ့ အရာမှန်သမျှကို ဖြတ်သန်း ပြီးသွားသလိုမျိုး သူ့မျက်နှာမှာ တည်ငြိမ်မှု အပြည့်ရှိတယ်။ အခုချိန်မှာ သူ့နောက်မှာ သိုင်းလွယ်ထားတဲ့ အိတ်တစ်ခုရှိတယ်။ သူက တိတ်တိတ် ဆိတ်ဆိတ်ပဲ လူအုပ်ထဲမှာ လမ်းလျှောက်လာတယ်။

နေမွန်းတည့်ပြီ။ နေပူရှိန် မပြင်းဘူး။ မြေပြင်ပေါ်က နှင်းတွေဟာ ငွေမှင်ရောင် အလင်းတန်းတွေ ဖြစ်လာစေပြီး မျက်စိ ကျိန်းစေတယ်။ ဒါပေမဲ့လို့ အနောက်ကို ခဏခဏ လှည့်ကြည့်နေတာနဲ့ ဝမ်းနည်း ပူဆွေးနေတာတွေကို မရပ်တန့်နိုင်ပါဘူး။

သူတို့နေထိုင်ခဲ့တဲ့ နေရာကနေ ဝေးသထက် ဝေးသွားတယ်။ အခုတော့ မျိုးနွယ်စုဒေသရဲ့ အနားသစ်မျဉ်းကို ခပ်ဖျဖျပဲ မြင်ရတော့တယ်။ မျိုးနွယ်စုဝင်တွေဟာ လေထဲကို လွင့်တက်နေတဲ့ မီးခိုးမှိုင်းတွေနဲ့ ပျက်စီး ယွင်းနေတဲ့ အခြေအနေတွေကို အဝေးကပဲ ခပ်ရေးရေး မြင်နိုင်တော့တယ်။ မျိုးနွယ်စုရဲ့ ရွှေရောင်လွှမ်းခဲ့တဲ့ အချိန်တွေဟာ သူတို့ရင်ထဲမှာ စွဲထင် ကျန်ရစ်နေတယ်။ သူတို့… မေ့သွားမှာ မဟုတ်ဘူး။ သူတို့အနေနဲ့ မေ့နိုင်စရာ အကြောင်းမရှိဘူး။

စုမင် နောက်လှည့် ကြည့်မိတယ်။ အဖွဲ့နဲ့ ပတ်သက်သမျှ အရာအားလုံးဟာ သူ့မှတ်ဉာဏ်ထဲမှာ အရိုးဆွေးတဲ့ အထိ ရှိနေမှာ ဖြစ်တယ်။ ဒီနေရာဟာ သူ့ရဲ့ ငယ်စဉ် ကလေးဘဝ၊ ပျော်ရွှင်စရာ အခိုက်အတန့်တွေနဲ့ သူ ကြီးပြင်း ရှင်သန်လာတဲ့ နေရာဖြစ်တယ်။ ဒီဒေသရဲ့ နေရာတိုင်းကို သူနှံ့စပ် ကျွမ်းကျင်တယ်။ ဒီနယ်မြေနဲ့ ပတ်သက်သမျှ အရာအားလုံးဟာ… သူ့ရင်ထဲမှာ ထာဝရ တည်ရှိနေမှာ ဖြစ်တယ်။

ရှောင်လွှဲလို့ မရတဲ့ အခြေအ​နေကလွဲလို့ ဘယ်သူမှ ဒီနေရာက​နေ မထွက်ခွာချင်ဘူး။ ကိုယ်ပိုင်ဆိုင်တဲ့ အိုးအိမ်တွေကို ထားရစ်ခဲ့ပြီးတော့ အကျွမ်းတဝင် မရှိတဲ့ လေပြည်စီးကြောင်း မျိုးနွယ်စုရဲ့ လက်အောက်ခံ အဖွဲ့သားတွေ အဖြစ်နဲ့ ဘယ်သူမှ မနေချင်ပါဘူး။

ဒါပေမဲ့ ဒီနည်းလမ်းပဲ ရှိတယ်။ အနည်းလမ်းဟာ နက်မှောင်တောင် မျိုးနွယ်စု ဆက်ပြီး ရှင်သန်ရပ်တည် နိုင်ဖို့အတွက်  တစ်ခုတည်းသော နည်းလမ်း ဖြစ်တယ်။ လေပြည်စီးကြောင်း ရောက်ဖို့ခရီးက သိပ်ကို ရှည်လျားတယ်။ လမ်းခရီးက ခက်ခဲ ကြမ်းတမ်းပေမဲ့ သူတို့အနေနဲ့… ဒီလမ်းကို ရွေးချယ် လျှောက်လှမ်းရမယ်။

အန္တရာယ် ဒုက္ခတွေဟာလည်း မပြီးပြတ်သေးတဲ့ အပြင် တကယ့်တိုက်ပွဲက အခုမှ စတာဖြစ်တယ်။ အရင်တိုက်ပွဲမှာ မျိုးနွယ်စုကို ကာကွယ်ရမယ်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ မဟူရာ တောင်အဖွဲ့ရဲ့ ပထမအချီ ထိုးစစ်ဆင်တာကို နက်မှောင်တောင်က ကြံ့ကြံ့ခံနိုင်ခဲ့တယ်။ အခု နယ်မြေဒေသ ရွှေ့ပြောင်းတဲ့ ခရီးစဉ်မှာတော့ လူအုပ်ကြီးက လူတန်းရှည်ကြီး အဖြစ်နဲ့ ခရီးဆက်ရပြီး လူအများစုဟာ သာမန် အရပ်သားတွေပဲ ဖြစ်တဲ့အတွက် မာန်စွမ်းအားရှင်တွေရဲ့ တိုက်ခိုက်မှုကို ဘယ်လိုနည်းနဲ့မှ ခုခံနိုင်စွမ်းရှိမှာ မဟုတ်ဘူး။

ဒီ နယ်မြေ ဒေသ ရွှေ့ပြောင်းတဲ့ ခရီးစဉ်ဟာ အန္တရာယ်တွေနဲ့ ပြည့်နေတယ်…

နက်​မှောင်တောင် မျိုးနွယ်စု တစ်ခုလုံးကို သုတ်သင် ပယ်ရှင်းခံရတာနဲ့  မျိုးနွယ်စုရဲ့ မာန်စွမ်းအားရှင်တွေ အားလုံးကို စောင့်နေလျက်ရှိတာက သေခြင်းတရားပဲ ဖြစ်တယ်။

အမျိုးသားကြီးတွေ အပါအဝင် သားယောက်ျား ကလေးငယ်တွေနဲ့ လာစု ကောင်လေးတွေ အားလုံးဟာ အစုလိုက်အပြုံလိုက် အသတ်ခံရမှာ ဖြစ်တယ်။ ယောက်ျား ဖြစ်သူမှန်သမျှ သေရမှာဖြစ်တယ်… အသက်ရှင် ကျန်ရစ်မယ့် သူတွေကတော့ နက်မှောင်တောင် အဖွဲ့ရဲ့ အမျိုးသမီးတွေပဲ ဖြစ်တယ်။ သူတို့တွေကို မဟူရာ တောင်ဆီ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဖြစ်လာမယ့် သူတို့ဘဝဟာ သုံ့ပန်းတွေနဲ့ မခြားနားပါဘူး။ သူတို့ဟာ မဟူရာတောင် မျိုးနွယ်စု တောင့်တင်း ခိုင်မာလာအောင် မျိုးဆက် သားလောင်းလေးတွေ မွေးထုတ်ပေးဖို့ အသုံးချခံရမှာ ဖြစ်တယ်။ ကျန်ရှိတဲ့ ဘဝသက်တမ်း တစ်လျှောက်ကို သိမ်ငယ်စွာ ဖြတ်သန်းသွားရမှာ ဖြစ်တယ်။

ရာနဲ့ချီတဲ့ လူအုပ်ကြီးရဲ့ နယ်မြေဒေသ ရွှေ့ပြောင်းခရီးစဉ်ဟာ ခပ်မြန်မြန် သွားလို့မရပါဘူး။ အထူးသဖြင့် လူအုပ်ကြီးထဲမှာ လာစု အတော်များများနဲ့ အမျိုးသမီးတွေ အများကြီး ရှိနေတယ်။ သူတို့ ငိုယိုဟစ်ကြွေးသံတွေဟာ ဆောင်းရာသီရဲ့ အအေးဒဏ် ကြားထဲမှာ တဖြည်းဖြည်း တိုးလျ ပျောက်ကွယ်လို့ တိတ်ဆိတ်ခြင်းက နေရာယူ ဝင်ရောက်လာတယ်။

အနာဂတ်မှာ ဘာတွေ ဖြစ်လာမယ်ဆိုတာ သူတို့မသိဘူး။ သေချာတာကတော့ လေပြည် စီးကြောင်းနေရာမှာပဲ သူတို့ ခိုလှုံခွင့် ရနိုင်မယ်… လေပြည်စီးကြောင်း မျိုးနွယ်စုတွေ ရှိရာထိ အသက်ရှင်ရက်နဲ့ ရောက်နိုင်မလား ဆိုတာတောင် ဘယ်သူမှ မသိဘူး…

ဒီခရီးမှာ လူဘယ်နှ​ယောက် သေပြီး ဘယ်နှယောက်က သူတို့မိသားစုတွေနဲ့ ထာဝရ ခွဲခွာသွားရမလဲ ဆိုတာ မပြောတတ်ဘူး…

လူအုပ်ထဲမှာ မာန်ကိုယ်ခန္ဓာ မပိုင်ဆိုင်တဲ့ လူငယ်​လူရွယ်လေးတွေ တော်တော်များများ ရှိနေတယ်။ သူတို့ဟာ အတိတ်မှာတုန်းက မျိုးနွယ်စုကို ကူညီထောက်ပံ့ ခဲ့သူတွေ မဟုတ်ဘဲ သူတို့ရဲ့ အချိန်အများစုကို ရွာရိုးကိုးပေါက် လျှောက်လည်လို့ အချိန်ဖြုန်းလေ့ ရှိကြသူတွေ ဖြစ်တယ်။ အကြောင်းရင်းကတော့ သူတို့ဟာ တိုက်ပွဲမှာ သေဆုံးသွားခဲ့တဲ့ မာန်စွမ်းအားရှင်တွေရဲ့ မိသားစုဝင်တွေ ဖြစ်ပြီးတော့ သူတို့ အပြုအမူတွေဟာ စည်းမျဉ်းဘောင် မကျော်သရွေ့ ဘယ်သူကမှ အရေးစိုက် အဖက်မလုပ်တာကြောင့် ဖြစ်တယ်။

အခုတော့ ဒါဇင်ပေါင်းချီတဲ့ ဒီလူငယ်လေးတွေဟာ ကြောက်လန့် တုန်လှုပ်နေကြလို့ လေပြည်စီးကြောင်း ရှိရာ ဒေသကို မြန်မြန်ရောက်နိုင်ဖို့ ဆန္ဒပြင်းပြလို့ နေပါတယ်။

လူတန်းရှည်ကြီးကို ဝန်းရံ နေသူတွေကတော့ နက်မှောင်တောင် မျိုးနွယ်စုရဲ့ မာန်စွမ်းအား ရှင်တွေ ဖြစ်တယ်။ မောဟိုက် ပင်​ပန်း နေကြရင်တောင်မှ မျိုးနွယ်စုဝင်တွေကို မျက်ခြေမပြတ် စောင့်ရှောက်လို့ ကာကွယ်နေကြတယ်။ တစ်ခါတလေမှာ အင်အားချည့်နဲ့ နေပြီဖြစ်တဲ့ သက်ကြီး ရွယ်အိုတွေကို သွားရောက် ကူညီပေးတယ်။ အရှေ့ဆုံးမှာ လမ်းပြဦးဆောင် နေသူကတော့ နက်မှောင်မျိုးနွယ်စု ခေါင်းဆောင်ပဲ ဖြစ်တယ်။ သတိကြီးကြီးထားပြီး ရှေ့ဆက် ခရီးနှင်နေတဲ့ သူ့မျက်နှာဟာ အေးဆေး တည်ငြိမ်နေတယ်။ သူ့နောက်မှာ မာန်စွမ်းအားရှင်တွေ အနည်းအကျဉ်း ရှိနေပြီးတော့ သူတို့အားလုံးဟာ ပတ်ဝန်းကျင် တစ်ခုလုံးကို သတိဝီရိယနဲ့ စောင့်ကြည့်နေတယ်။

လူတန်းရှည်ကြီးရဲ့ ဘေးနှစ်ဖက်နဲ့ အနောက်ပိုင်းမှာလည်း အတူတူပါပဲ။ အကြီးအကဲဟာ အနောက်ဘက်မှာ လိုက်ပါလာတယ်။ သူ့လက်ထဲမှာ ရိုးတံဖြူ တောင်ဝှေးကို ကိုင်ဆောင် ထားပြီးတော့ တည်ငြိမ်လေးနက်လို့ သတိအပြည့်နဲ့ ရှေ့ဆက် လျှောက်နေတယ်။ ပေလင်းဟာ ချန်းရှင်းလက်ကို တွဲလို့ ညာတောင်ပံခြမ်းမှာ တိတ်တိတ်ဆိတ်ဆိတ် သွားနေတယ်။ သူ့မျက်နှာဟာ ဖြူရော်နေပြီးတော့ ရင်ဘက်က ဒဏ်ရာကနေ သွေးထွက် များနေပေမဲ့ သူမမှုပါဘူး။

လေ့ချန်၊ ဝူလနဲ့ မျိုးနွယ်စုထဲက အခြား မာန်စွမ်းအားရှင်တွေဟာ မျိုးနွယ်စုဝင်တွေ အားလုံးကို ဝန်းရံလို့ ကင်းစောင့် ​နေကြတယ်။

အစောင့်အရှောက် ခေါင်းဆောင်နဲ့ ရှန့်ဟန်ဟာ အဖွဲ့ရဲ့ ဘယ်နဲ့ ညာဖက် နှစ်ခြမ်းစလုံးကို တာဝန်ယူရင်း တိတ်တိတ်ဆိတ်ဆိတ် လိုက်လာတယ်။ အစောင့်အရှောက် ခေါင်းဆောင်ဟာ လေးတစ်ခုကို ညာလက်မှာ ကိုင်ထားတယ်။ လှုပ်ရှားမှု တစ်ခုခုတွေ့တာနဲ့ ချက်ချင်း လေးတင်လို့ မြားနဲ့ပစ်မှာ ဖြစ်တယ်။ သူ့အနောက်မှာ အစောင့်အရှောက် ခေါင်းဆောင်ကို တစ်ခါတ​လေ အေးအေးဆေးဆေး ကြည့်နေတဲ့ အဘိုးအို တစ်ယောက် ရှိတယ်။

ဒီအဘိုးအိုကို စုမင်သိတယ်။ သူက ဆေးမြစ် သိုလှောင်ခန်းကို စောင့်ကြပ်တဲ့ အဘိုးအို နန့်စုန့် ဖြစ်တယ်...

ရှန့်ဟန် ဟာ ခါတိုင်းလို ပှံမှန်အတိုင်း ရှိနေတယ်။ သူဘာတွေ တွေးနေသလဲ ဆိုတာ ဘယ်သူမှ မသိဘူး။ စိတ်ရှုပ်ထွေးနေတဲ့ အကြည့်တွေဟာ သူ့မျက်လုံး ကျဉ်းကျဉ်းတွေ ကြားထဲမှာ တစ်ချက်ချက် ပေါ်လာပေမဲ့ ဘယ်သူမှ သတိမထားမိဘူး။

စုမင်ဟာ လူအုပ်ကြီး နောက်ကိုလိုက်ပြီး တဖြည်းဖြည်း တိုးလျသွားတဲ့ ငိုကြွေး အော်ငိုသံတွေကို နားစွင့်မိတယ်။ ဖျစ်ညှစ် ဆုပ်ကိုင်ထားခံရသလို ရင်ထဲမှာ နာကျင်နေတယ်။ သူ ရင်းနှီး ဝင်ကျွမ်းတဲ့ လူတွေရဲ့ မျက်နှာပေါ်က အကြောက်တရားကို မြင်တဲ့အခါ သူလက်သီး ဆုပ်မိတယ်။

"မျိုးနွယ်စုကို ကာကွယ်ပါ။ မျိုးနွယ်စုအတွက် တိုက်ခိုက်ပါ..." စုမင်တီးတိုး ရေရွတ်နေတယ်။ သူဟာ အဖွဲ့ရဲ့ ညာဘက်ခြမ်းကို တာဝန်ယူထားပြီး အရှေ့က သိပ်မဝေးတဲ့ နေရာမှာ ရှန့်ဟန် ရှိနေတယ်။

ဒီနေရာကို သူမရွေးချယ်ခဲ့ဘူး။ အကြီးအကဲက နေရာပြောင်းရွှေ့ နေချိန်မှာ ဒီနေရာကို တာဝန်ယူဖို့ သူ့ကို နေရာချပေးထားတယ်။ စုမင်လက်ထဲမှာတော့ အသက် ငါးနှစ်၊ ခြောက်နှစ်လောက် ရှိမယ့် မိန်းကလေးတစ်ယောက် ရှိနေတယ်။ သူ့နာမည်က ထုံထုံ ဖြစ်ပြီးတော့ အိပ်ပျော်နေတဲ့ သူမရဲ့ မျက်တောင်တွေမှာ မျက်ရည်စတွေ ရှိလို့နေတယ်။

သူမအဖေဟာ တိုက်ပွဲထဲမှာ ကျဆုံးခဲ့တယ်၊ သူမအမေလည်း မနေ့ညက သေသွားခဲ့တယ်။ သူမ မိသားစုမှာ သူတစ်ယောက်သာ ကျန်ရစ်ခဲ့တယ်။

" မေမေ… ဖေဖေ… ပီပီ…" ကလေးမလေးဟာ အိပ်ပျော်နေရင်းနဲ့ အိပ်မက်ဆိုးတွေရဲ့ ခြောက်လှန့်မှုကြောင့် တုန်ယင်နေတယ်။ မျက်ရည်တွေ စီးကျနေပြီးတော့ စုမင်အကျီကို တင်းတင်းဆုပ်လို့ ထားတယ်။

ပီပီ ဆိုတာ ကလေးမလေးရဲ့ အိမ်မွေး ခွေးကလေးမှန်း စုမင်သိတယ်။ ခွေးကလေးဟာ အရမ်းချစ်စရာ ကောင်းပြီးတော့  အချိန်တိုင်း သူမလက်ထဲမှာ ပွေ့ချီလို့ ထားတယ်။

"တုံတုံ၊ လိမ်လိမ်မာမာ​နေ…" သူမခေါင်းလေးကို အသာအယာ ပုတ်ရင်း ဝမ်းနည်းမှုက ဆို့တက်လာတယ်။ သူ ခဏတွင်းချင်း ရင့်ကျက်လာတယ်လို့ ခံစားမိတယ်…

***

All Chapters