မဟူရာတောင်မျိုးနွယ်စုရဲ့ လိုက်လံဖမ်းဆီးမှု
Vol. 7 Ch. 87
မြောက်လေညင်းဟာ ညည်းညူသံပေးလို့ မြေပြင်ပေါ်က နှင်းပွင့်တွေကို ဝေ့ဝဲလွင့်မျော သွားစေတယ်။ နှင်းပွင့်တွေမှာ မူလဇစ်မြစ် ဇာတိဒေသ မရှိသလို ဘယ်အရပ်ဆီ ခရီးနှင်ရမယ်လည်း မသိ၊ အခု လမ်းလျှောက်နေကြတဲ့ လူအုပ်ကြီးလိုပါပဲ။ နက်မှောင်တောင် မျိုးနွယ်စုဟာ သူတို့အတွက် ခေတ်အဆက်ဆက် အိမ်အဖြစ်ရှိခဲ့တဲ့ မျိုးနွယ်ဒေသကို ထားရစ်ခဲ့ပြီး တောထဲကို တိတ်ဆိတ်စွာနဲ့ ရွှေ့လျားနေကြလေရဲ့။
တဖြည်းဖြည်းနဲ့ စကားပြောဆိုနေတဲ့သူတွေ မရှိတော့ဘူး။ ကလေးတွေရဲ့ ငိုသံတွေတောင် ရပ်တန့်ကုန်ကြပြီ။ မိဘတွေရဲ့ ချော့မြှူနှစ်သိမ့်မှုတွေကြောင့် ဖြစ်သလို တချို့ကတော့ အံတင်းတင်း ကြိတ်ပြီးသာ ဝမ်းနည်းကြေကွဲမှုတွေကို စိတ်ပိုင်းဖြတ်မှုတွေနဲ့ အမုန်းတရားတွေအဖြစ် ပြောင်းလဲ လိုက်တယ်။
မျိုးနွယ်စုရဲ့ ရာနဲ့ချီတဲ့ လူအများစုဟာ သာမန်လူတွေ ဖြစ်ကြတယ်။ အိုမင်းပြီး အားနည်းသူတွေလည်း ပါတာမို့ ခရီးမဆက်နိုင် ကြတော့ဘူး။ မြောက်လေညင်းကလည်း အရိုးခိုက် ချမ်းတုန်အောင် သူတို့ကို ဖြတ်တိုက်သွားချိန်မှာ ခြေဖဝါးတွေအောက်က နှင်းထူထူဟာ သူတို့ရဲ့ သွားနှုန်းအရှိန်ကို လျော့ကျသွားစေတယ်။
မာန်စွမ်းအားရှင်တွေကတော့ ဝမ်းနည်းမှုတွေကြားကပဲ သူတို့ မျိုးနွယ်ဝင်တွေကို ကြည့်ရှု စောင့်ရှောက်လျက် နိုးနိုးကြားကြား နေကြတယ်။ သေမင်းနဲ့ စစ်ခင်းရမယ့် တိုက်ပွဲတွေက အချိန်မရွေး ပေါ်ပေါက် လာနိုင်တာမို့ တစ်ယောက်မှ သတိလက်လွတ် မနေရဲကြဘူး။ သူတို့သေတာနဲ့ ကျန်ခဲ့တဲ့ မျိုးနွယ်ဝင်တွေကို ကာကွယ်ပေးမယ့်သူ မရှိတော့ဘဲ ခုခံမဲ့ အကူအညီမဲ့ ထားရစ်ခဲ့ရမှာကို ပူပန်ကြတယ်။
စုမင်လက်ပေါ်က ကလေးငယ်ကတော့ သူ့အင်္ကျီစကို ကျစ်နေအောင် ဆုပ်ထားတယ်။ ဆောင်းရာသီ အေးစက်လှပေမဲ့ သူမ အိပ်မက်တွေရဲ့ အေးစက်စိမ်းကားမှုကိုတော့ ဘယ်မီနိုင်ပါ့မလဲ။ စုမင်ရဲ့ ပွေ့ချီထားမှုက နွေးထွေး စေတာကြောင့်လားတော့ မသိ၊ ကလေးငယ်ဟာ တဖြည်းဖြည်း တည်ငြိမ်လာပြီး အိပ်မက်ထဲမှာလည်း ငြိမ်းချမ်းမှုကို ရှာတွေ့နိုင်သွားပုံ ရတယ်။ သို့ပေမဲ့လည်း မျက်လုံးထောင့်ကနေ မျက်ရည်လေးတွေ စီးကျနေဆဲ။
စုမင်ဟာ ကလေးငယ်ကို ညင်သာစွာ ပွေ့ပိုက်လို့ မြေပြင်ပေါ်က နှင်းတွေပေါ် လျှောက်လှမ်းရင်း ရှေ့ဆက်ခဲ့တယ်။ သူ့အကြည့်တွေက ပတ်ဝန်းကျင် အနီးတဝိုက်ကို မကြာခဏဆိုသလို ရောက်ရှိနေခဲ့ပြီး မျိုးနွယ်စုထဲက ရင်းနှီးကျွမ်းဝင်တဲ့ မျက်နှာတွေပေါ်ကို အကြည့် ရောက်သွားချိန် သူတို့ထံက ဝမ်းနည်းမှုနဲ့ မစွန့်ခွာ လိုမှုတွေကို မြင်ရပေမဲ့ ရည်ရွယ်ချက် ခိုင်မာမှုတွေကို မြင်ရတော့ စိတ်သက်သာရာ ရသွားတယ်။
စုမင်ဟာ အံတင်းတင်း ကြိတ်ပြီး သူ့မျက်လုံးထဲမှာ မုန်းတီးမှုတွေ ထွက်ပေါ်လာတယ်။ ခပ်မဆိတ်ပဲ ရှေ့ဆက်လှမ်းရင်း နှင်းတောထဲမှာ ချမ်းလွန်းလို့ တုန်ယင်နေတဲ့ အဘိုးအိုတစ်ယောက်ကို မြန်မြန် ခရီးဆက်နိုင်အောင် ကူညီပေးတယ်။
"ငါတို့လုံးဝမရပ်ဘဲ နေ့နေ့ညည ခရီးဆက်မယ်ဆိုရင် ဒီသွားနှုန်းနဲ့ဆို လေပြည်စီးကြောင်း မျိုးနွယ်ဆီရောက်ဖို့ သုံးရက်လောက်တော့ သွားရမယ်။ သုံးရက် ... နောက်ဆုံးထိ ဘယ်နှယောက်လောက် ရှင်ကျန်နိုင်ခဲ့မလဲ သိချင်လိုက်တာ”
စုမင်နှလုံးသားဟာ သွေးစက်စက် ယိုစီးနေသလိုပဲ။ သူကြောက်မိတယ်။ သူကိုယ်တိုင်ရဲ့ လုံခြုံဘေးကင်းမှု အတွက်တော့ မဟုတ်။ သုံးရက်ကြာပြီးလျှင် သူ ထပ်မတွေ့နိုင်တော့မယ့် ရင်းနှီးတဲ့ မျက်နှာသိတွေကြောင့်ပဲ ဖြစ်တယ်။
အကယ်၍ မျိုးနွယ်ဝင်တွေကို လေပြည်စီးကြောင်း မျိုးနွယ်ဆီ ရွှေ့ပြောင်းဖို့ ဒီထက်ပိုမြန်ဆန်တဲ့ နည်းလမ်းရှိခဲ့လျှင် အကြီးအကဲ အသုံးပြုပြီး ဖြစ်နေလောက်မယ်ဆိုတာ စုမင်သိတယ်။ အဲဒီလိုသာ လုပ်မယ်ဆိုလျှင် အစောင့်အရှောက် ခေါင်းဆောင်ရဲ့ ကျင့်ကြံခြင်း အဆင့်လောက်ရှိတဲ့ မာန်စွမ်းအားရှင် အမြောက်အမြား လိုအပ်လိမ့်မယ်။
ဒါပေမဲ့လည်း ... အစွမ်းမြင့်မားတဲ့ မာန်စွမ်းအားရှင်တွေ ထွက်ခွာသွားတာနဲ့ ကျန်တဲ့ သူတွေ အသက်ရှင်ဖို့ မျှော်လင့်မနေနဲ့တော့။
"မေမေ ..."
စုမင် တိတ်ဆိတ်နေတုန်းမှာ လက်ပေါ်က ကလေးငယ်က အိပ်မက်ယောင်ပြီး စုမင်လည်ပင်းကို ခပ်တင်းတင်း ဖက်လိုက်တယ်။ လွှတ်လိုက်မိတာနဲ့ သူမ ရှာတွေ့ထားတဲ့ ငြိမ်းချမ်းမှုလေး ပျောက်ဆုံး ပျက်စီးသွားမှာ စိုးထိတ် နေသလိုလို။
"ငါပြန်လာတာ တကယ်မှန်တာပဲ”
စုနင်က ကလေးရဲ့ ကျောပြင်လေးကို ညင်ညင်သာသာ ပုတ်ပေးတယ်။
အချိန်တွေ တဖြည်းဖြည်း ကုန်လွန်သွားတယ်။ မှောင်ရီပျိုးချိန်မှာတော့ နက်မှောင်တောင် မျိုးနွယ်စုဟာတွေရဲ့ မိုင်ထောင်ချီအဝေးကို ရောက်ရှိနှင့်ကြပါပြီ။ သူတို့ဟာ အံကို တင်းတင်းကြိတ်လို့ အေးခဲမှုတွေ ကြားကနေ တောကို ဖြတ်သန်းနေကြတယ်။ ရုတ်တရက် အနောက်ကနေ ကောင်းကင်ကို တုန်လှုပ်သွားစေတဲ့ စူးရှတဲ့ လေချွန်သံကို ကြားလိုက်ရတယ်။
လေချွန်သံ မြည်တွန်သွားပြီးတဲ့နောက် စိတ်လှုပ်ရှားစွာ အော်မြည်နေတဲ့ အူသံတွေက အနောက်ကနေ လိုက်ပါလာတယ်။ တစ်ချိန်တည်းမှာ လူတွေရဲ့ အရိပ်တွေဟာ အနောက်ဘက်ကနေ ပြေးလွှား လာနေခဲ့တယ်။
နက်မှောင်တောင် မျိုးနွယ်ဝင်တွေ အားလုံးလိုလို လန့်ဖျပ်ကုန်ကြတယ်။ အကြီးအကဲရဲ့ မျက်လုံးတွေထဲမှာ အေးစက်တဲ့ အလင်းတစ်စ ပေါ်ပေါက်လာပြီး အစောင့်အရှောက် ခေါင်းဆောင်နဲ့ တကွသော အခြား မာန်စွမ်းအားရှင်တွေ အားလုံးဟာ သတ်ဖြတ်ဖို့အသင့် ဖြစ်သွားကြတယ်။
သေနိုင်တဲ့ အန္တရာယ်ရဲ့ ဝန်းရံခံထားရမှုကြောင့် မျိုးနွယ်ဝင်တွေဟာ ကြောက်လွန်းလို့ တုန်ယင်နေကြတယ်။ သူတို့အားလုံး ကြောက်လွန်းလို့ ငိုကြွေး မိကြလေတယ်။ အရာအားလုံး ကသောင်းကနင်း ဖြစ်လျက် အခြေအနေတစ်ခု …
"ရှေ့တန်းနဲ့ အလယ်ဗဟိုမှာရှိတဲ့ သူတွေအားလုံး၊ ကိုယ့်နေရာမှာ ကိုယ်နေကြ။ မျိုးနွယ်စုကို ဆက်ကာကွယ်ပြီး ရှေ့ဆက်သွားကြ။ အနောက်ဘက်က ကာကွယ်သူတွေ၊ ရန်သူတွေကို ချေမှုန်းကြ”
အကြီးအကဲက ချက်ချင်း အမိန့်ပေးတယ်။
အကြီးအကဲရဲ့ အမိန့်ကို ကြားလိုက်တဲ့အခိုက်မှာ စုမင်က လက်ထဲက ကလေးငယ်ကို မျိုးနွယ်စုရဲ့ သာမန်မျိုးနွယ်ဝင် တစ်ယောက်လက်ထဲကို လွှဲပြောင်းပေးပြီး အနောက်ဘက်ကို လျှောက်လာလု ဆဲဆဲပေမဲ့ နေမြဲအတိုင်းနေလို့ အကြီးအကဲရဲ့ လမ်းညွှန်မှုအောက်မှာ မျိုးနွယ်စုကို ကာကွယ်တယ်။ သူတို့နောက်မှာ အကြီးအကဲနဲ့ မျိုးနွယ်ဝင် မာန်စွမ်းအားရှင် ၇ ယောက်က ရန်သူတွေနဲ့ သူတို့ကြား ဒိုင်းများသဖွယ် ကာရံပေးထားကြတယ်။
လေချွန်သံတွေ လေထုထဲ ပျံ့နှံ့နေပြီး သူတို့အနောက်ဘက်က တောထဲကနေ မဟူရာတောင် မျိုးနွယ်ဝင် ၂၀ ကျော်လောက် ထွက်လာကြတယ်။ မာန်စွမ်းအားရှင်တွေ ဒီလောက် အများကြီး ပေါ်လာတာ တွေ့တော့ သူ့ရင်ထဲ သိမ့်ခနဲ တစ်ချက် တုန်လှုပ်သွားတယ်။
သူတို့ နက်မှောင်တောင် မျိုးနွယ်စု တစ်ခုလုံးမှာ မာန်စွမ်းအားရှင် အယောက် ၃၀ လောက်ပဲ ရှိတာ။ မဟူရာတောင်ကတော့ တိုက်ခိုက်မှု တစ်ခုလေးအတွက် မာန်စွမ်းအားရှင် အယောက် ၂၀ လောက်ကို လွှတ်နိုင်သတဲ့။ တကယ်ကို ယုံဖို့ခက်ခဲလှတဲ့ အချက်အလက်ပါပင်။
အဲဒီ မာန်စွမ်းအားရှင်တွေထဲမှာ အများစုက သွေးကြောကျောက်သား အဆင့် ၄၊ အဆင့် ၅ လောက် ရှိတဲ့သူတွေ။ အဆင့် ၆ ကောက်နေတဲ့ လူ ၅ ယောက်ပါပြီး နောက်နှစ်ယောက်ကတော့ အဆင့် ၇ ရှိသူတွေ ဖြစ်တယ်။
သူတို့အဖွဲ့ထဲမှာ အဆင့် ၈ ရှိတဲ့သူ တစ်ယောက်မျှ မရှိပေမဲ့ သူတို့ကို ဦးဆောင်လာတဲ့ လူနှစ်ယောက်က အနက်ရောင် ဝတ်ရုံတွေကို ဝတ်ဆက်ထားကြတယ်။ အဲဒီဝတ်ရုံတွေက တခြား မဟူရာတောင် မျိုးနွယ်ဝင်တွေနဲ့ လုံးဝမတူဘဲ ထင်ပေါ်နေတယ်။ အလားတူပဲ စုမင်ရဲ့ မျက်လုံး သူငယ်အိမ်တွေ လှုပ်ခါသွားစေလောက်တဲ့ အားကောင်းတဲ့ ချီအရှိန်အဝါကို ထုတ်လွှတ်နေတယ်။
အဲဒီ ချီအဆင့်ဟာ အစောင့်အရှောက်ခေါင်းဆောင်၊ ရှန့်ဟန်နဲ့ မျိုးနွယ်စုခေါင်းဆောင် ထက်တောင် သာလွန်နေတယ်။ သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ သူတို့လက်နဲ့ သတ်ဖြတ်ခဲ့တဲ့ မရေတွက်နိုင်တဲ့ အသက်ပေါင်းများစွာကို မှန်းဆချက်အရ သူတို့ဟာ သွေးကြောကျောက်သား အဆင့် ၁၀ လောက် ရှိသူတွေ ဖြစ်လိမ့်မယ်။
ဝတ်ရုံနက်တို့ရဲ့ မျက်လုံးတွေဟာ မှုန်ဝါးပြီး အသက် မဲ့နေကြတဲ့အတွက် အခြားသော သာမန်လူတွေနဲ့ မတူညီကြဘူး။ သူတို့ရဲ့ လှုပ်ရှားမှုက သွက်လက်တယ်။ သူတို့ရဲ့ ခေါင်းဆောင်မှု အောက်မှာ မဟူရာတောင် မျိုးနွယ်ဝင်တွေဟာ စိတ်တက်ကြွမှုတွေနဲ့ သွေးဆာမှု အပြည့်နဲ့ အကြီးအကဲထံကို ပြေးလွှားတိုးဝင် လာကြလေတယ်။
သူတို့ရဲ့ ထူးဆန်းတဲ့ အော်ဟစ်သံတွေကို သာမန် မျိုးနွယ်ဝင်တွေ ကြားရချိန်မှာ ကြောက်လွန်းလို့ တုန်ယင်သွားကြတယ်။
"မြန်မြန်သွားကြ”
အကြီးအကဲက ခေါင်းလှည့်လို့ အသံနှိမ့် ပြောပြီးတာနဲ့ ပြန်လှည့်သွားပြီးတော့ မဟူရာတောင် မျိုးနွယ်ဝင်တွေဆီ လျှောက်လှမ်းသွားတယ်။ သူ့ရဲ့ လက်တစ်ချက်အဝှေ့မှာ အနက်ရောင် အခိုးအငွေ့တွေ သူ့တစ်ကိုယ်လုံးကို ရစ်သိုင်းသွားပြီး၊ မြေပြင်ပေါ်က နှင်းတွေက သူ့ကိုယ်ကို ဝန်းရံလိုက်ကြပြီး အယောက် ၂၀ မျှသော မဟူရာတောင် မျိုးနွယ်ဆီ ဦးတည် ပြေးလွှားသွားတော့တယ်။
သွေးကြောကျောက်သားကျင့်စဉ် အဆင့်မြင့် လူနှစ်ယောက်ရဲ့ ပစ်မှတ်ကတော့ ထင်ရှားတယ်။ သူတို့ တခြားဘယ်ကိုမှ မကြည့်ကြဘူး။ အဲဒီအစား သူတို့ သွေးကြောထဲကနေ အဟုန်ပြင်းလှတဲ့ စွမ်းအားကို ပေါက်ကွဲ ထွက်ပေါ်စေပြီး တောက်ပတဲ့ အလင်းရောင်ကို ထုတ်လွှတ်လို့ ကျယ်လောင်တဲ့ အသံတွေ မြည်ဟိန်းထွက်ပေါ်လျက် အကြီးအကဲဆီ တည့်တည့် တိုးဝင်လာတယ်။
အနက်ရောင် မြူခိုးငွေ့တွေနဲ့ ထိခတ်မိတဲ့ ခုနစ်ယောက် ရှစ်ယောက်လောက်ကတော့ သွေးအန် ကုန်ကြလေရဲ့။ သူတို့ ခန္ဓာကိုယ်တွေ တုန်ယင်လာပြီး သတိလစ် မေ့လဲကုန်ကြပြီး အသွေးနဲ့အသား တခြားစီ ပေါက်ကွဲထွက်သွားကြတယ်။ သွေးညှီနံ့ဟာ လေထုထဲမှာ စက်ဆုပ်ဖွယ် ထောင်းခနဲ။
အစုလိုက် အပြုံလိုက် သုတ်သင်မှုကြီး စတင်လေပြီ။
အကြီးအကဲရဲ့ အနောက်မှာ အနောက်တန်းကို ကာကွယ်နေတဲ့ မာန်စွမ်းအားရှင် ၇ ယောက်ပဲ ရှိတယ်။ စိတ်ပိုင်းဖြတ်ထားမှုတွေက မျက်နှာပေါ်မှာ ပေါ်လွက်လျက် သူတို့လုံးဝနောက်ဆုတ်မှာ မဟုတ်ဘူး။
အဲဒီလူ ၇ ယောက်က ခေါင်းတွေကို မော့ထားကြပြီး ကြေကွဲဝမ်းနည်းမှုတွေ၊ စိတ်ပိုင်း ဖြတ်ထားမှုတွေနဲ့ ဟစ်အော် မာန်သွင်းလိုက်ကြပြီး အယောက်ပေါင်းများစွာသော မာန်စွမ်းအားရှင် တွေဆီ ရှေးတူရှု ပြေးလွှားသွားကြတယ်။ မျိုးနွယ်စုဝင်တွေ ဝေးဝေးပြေးနိုင်ဖို့ အချိန်ရအောင် ဒီလူတွေကို အချိန်ဆွဲနိုင်တဲ့ ဘယ်အရာမဆို သူတို့က သေချာပေါက် လုပ်ကြလိမ့်မယ်။
သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေက သိပ်မမြင့်မား ကြပါဘူး။ အားလုံးထဲက အဆင့်မြင့်ဆုံး သူတောင် သွေးကြောကျောက်သား အဆင့် ၇ ပဲရှိတယ်။ အများစုက အဆင့် ၅ လောက်ပဲ ဖြစ်တယ်။ သို့ပေမဲ့ အဲဒီ အခိုက်အတန့်မှာတော့ သူတို့ဆီက စကားနဲ့ ဖော်ပြလို့မရတဲ့ ရှိန်ဝါတွေ လျှံထွက်လျက် ရှိတယ်။ သူတို့ရဲ့ အိမ်တွေနဲ့ မျိုးနွယ်စုကို ကာကွယ်လိုတဲ့ စိတ်ဆန္ဒတွေ ပြင်းပြလျက် ရှိကြတယ်။
သူတို့ သေရလျှင်သော်မှ သူတို့ရဲ့ စိတ်ဆန္ဒတွေက ရှင်ကျန် နေခဲ့ကြလိမ့်မယ်။ သူတို့ရဲ့ အရိုးတွေ ကြေမွလို့ ပြာမှုန်တွေအဖြစ် လွင့်ပါသွားရလျှင်သော်မှ ဒီရန်သူတွေကို ဖြတ်သန်းသွားခွင့် ပြုမှာ မဟုတ်ဘူး။
ဒါဟာ အသွေးနဲ့အသားနဲ့ တည်ဆောက်ထားတဲ့ လူသားမျိုးနွယ်စု တစ်ခု။ ဒါဟာ သူတို့ အသက်တွေနဲ့ ရင်းပြီး တည်ဆောက်ပေးတဲ့ လွတ်မြောက်ရာ လမ်းကြောင်းတစ်ခု။ သူတို့ရဲ့ စိတ်ဝိညာဉ်တွေ ဖန်တီးပေးတဲ့ ပြင်းပြတဲ့ စိတ်ဇောထက်သန်မှု။ ဒါက သူတို့ရဲ့ရွေးချယ်မှု။
စုမင်ရဲ့ မျက်လုံးတွေ နီရဲလာတယ်။ သူတစ်ယောက်တည်းတော့ မဟုတ်ဘူး။ သူ့ဘေးနားက မာန်စွမ်းအားရှင်တွေ အားလုံးဆီလည်း ဒေါသတရားတွေက ပူးကပ်နေပြီ။ သာမန်မျိုးနွယ်ဝင် တချို့တောင် အော်ဟစ်စ ပြုလာပြီ။ သူတို့ သေသေကြေကြေ တိုက်ခိုက်ချင်နေကြပြီ။
"မကြည့်နဲ့။ မင်းတာဝန်က ရွှေ့ပြောင်းနေတဲ့ မျိုးနွယ်စုကို ကာကွယ်ဖို့ပဲ။ ငါတို့သွားဖို့လိုတယ်”
စုမင်နဲ့ အခြားသော လူတွေက တိုက်ခိုက်ပွဲထဲပါဖို့ ပြေးသွားလုဆဲဆဲ ရှေ့တန်းက အကြီးအကဲရဲ့ အသံကို ကြားလိုက်ကြရတယ်။ သူ့မျက်နှာပေါ်မှာ စိတ်ပိုင်းဖြတ်ထားမှု အရိပ်အယောင် ရှိနေပေမဲ့ အဲဒီအောက်မှာတော့ ဝမ်းနည်းမှုတွေ ပြည့်လျှံလျက်ပေါ့။
သူက မျိုးနွယ်စုရဲ့ ခေါင်းဆောင် အကြီးအကဲ တစ်ယောက်လေ။ သူ့တာဝန်က တတ်နိုင်သလောက် မျိုးနွယ်ဝင်တွေကို အသက်ရှင်ကျန်စေဖို့။ အဲဒါမှသာ မျိုးနွယ်စုကြီးက ဆက်လက် တည်ရှိနေမှာလေ...
စုမင် လက်သီးကို ကျစ်နေအောင် ဆုပ်တယ်။ သူ့မျက်လုံးတွေ နီရဲနေပေမဲ့ သူ့ရဲ့ သတ်ဖြတ်လိုမှုတွေကို တည်ငြိမ်ပျက်ပြားအောင် ကြိုးစားနေတယ်။ ပေရာပေါင်းများစွာ အကွာမှာ လှိုင်းလုံးတွေလို လိမ့်တက်လာနေတဲ့ မဟူရာတောင်က မာန်စွမ်းအားရှင်တွေကို ခုခံနေတဲ့ ၇ ယောက်သော မာန်စွမ်းအားရှင်တွေကို ကြည့်လိုက်တယ်။
အဲဒီနေရာတစ်ဝိုက်က ကျယ်လောင်တဲ့ ထစ်ချုန်းသံ ပျံ့လွင့်လာချိန်မှာ သူတို့မျိုးနွယ်က မာန်စွမ်းအားရှင် တစ်ယောက် သွေးပွက်ပွက်အန်တာကို စုမင် မြင်လိုက်ရတယ်။ သူ့ရဲ့ ညာဘက်လက် ပြတ်ထွက်သွားပြီး အနောက်ကို ဆုတ်သွားတယ်။ သူ့ရဲ့ခြေထောက်တွေ ခွေလဲ ကျမသွားမချင်း မရပ်တန့် ခဲ့ဘူး။
၎င်းဟာ ဒေါသတကြီး အော်ဟစ်ပြီးနေတဲ့ ရန်သူရဲ့ ခေါင်းကို သူ့ခေါင်းနဲ့ ဆောင့်လိုက်တယ်။ ပါးစပ်ကို ဖွင့်ဟလို့ ရန်သူရဲ့ လည်ပင်းကို ကိုက်ဖြတ်ပြီး အသားကို စုတ်ပြဲသွားစေလိုက်တယ်။ ရန်သူဟာ နာကျင်စွာနဲ့ စူးစူးရှရှ အော်ဟစ်လိုက်တယ်။
မဟူရာတောင် မျိုးနွယ်ဝင်လူဟာ ကြောက်လန့်သွားတယ်။ သူ့လည်ပင်းက သွေးစိမ်းရှင်ရှင် ထွက်လို့ စုတ်ပြဲနေပြီး နာနာကျင်ကျင်နဲ့ အော်မြည်လို့ နက်မှောင်တောင် မျိုးနွယ်ဝင်ရဲ့ ရင်ဘတ်ကို လက်သီးနဲ့ထိုးပြီး သွေးအန်စေတယ်။ သို့ပေမဲ့ ၎င်းဟာ အသားကို မလွတ်တမ်း ကိုက်ခဲထားလျက် ရှိတယ်။ ၎င်းရဲ့ ရက်စက်တဲ့ အပြုအမူနဲ့ ရူးမိုက်တဲ့ လုပ်ရပ်က မဟူရာတောင် မျိုးနွယ်ဝင်ကို တုန်လှုပ် စေတယ်။
အဲဒီ အခိုက်အတန့်မှာ အသားစကို မျိုချလိုက်တဲ့ မျိုးနွယ်ဝင်ဟာ ခေါင်းကို ရုတ်တရက် လှည့်လို့ ဟိုအဝေးထောင့် တစ်နေရာက စုမင်ကို ကြည့်လိုက်လေတယ်။ လူအုပ်ထဲက သူ့ကို ကြည့်နေတဲ့ စုမင်ကို မြင်ဟန်တူပါတယ်။ သူ့နှုတ်ခမ်းပေါ်မှာ နွေးထွေးတဲ့ အပြုံးစစ ပေါ်ပေါက်လာတယ်။ သူက အသက် ၃၀ လောက် ရှိလိမ့်မယ်။ သူ့မျက်လုံးထဲမှာ စုမင်ဟာ ကလေးသာသာ အရွယ်။
လူကြီးတစ်ယောက်ရဲ့ ကလေးတစ်ယောက်အပေါ် ထားရှိတဲ့ ကြင်နာခြင်း တရားတွေ ပြည့်နေတဲ့ အပြုံးမျိုးပေါ့။ အခုနက ရက်စက် ကြမ်းကြုတ်လှတဲ့ အမူအရာနဲ့ယှဉ်လျှင် လုံးဝကွာခြားတယ်။ အဲဒီလို ပြုံးပြပြီးတာနဲ့ အနောက်ကို ပြန်လှည့်သွားပြီး မျက်လုံးတွေကို မှိတ်ချလိုက်တယ်။ ချက်ချင်းပဲ သူ့ရဲ့ သွေးကြောတွေ ပေါက်ထွက်သွားပြီး ခန္ဓာကိုယ် တစ်ခုလုံးကို သက်ရောက်စေလို့ ကျယ်လောင်တဲ့ မြည်ဟိန်းသံနဲ့ တစ်ကိုယ်လုံး တစ်စစီ ကွဲထွက်သွားလေတော့တယ်။
ပြင်းထန်လှတဲ့ ပေါက်ကွဲသံဟာ ကောင်းကင်ကိုတောင် တုန်လှုပ် သွားစေလောက်တယ်။ သူ့ရဲ့ ခန္ဓာကိုယ် ပေါက်ကွဲပျက်စီး သွားတာနဲ့ တစ်ပြိုက်နက် လည်ပင်းကိုက်ခဲ ခံထားရတဲ့ အကြောက်တရား အပြည့်နဲ့ လူရဲ့ လည်ပင်းလည်း လုံးဝ ပေါက်ပြဲစုတ်ပြတ် သွားတယ်။ သူ နောက်ဆုတ်ချင်ပေမဲ့လည်း အားလုံး နောက်ကျသွားခဲ့ပြီ။
ဒါဟာ ... စိတ်လိုလက်ရ သွေးဖောက်ခွဲမှု ဖြစ်လေတယ်။ သူတို့ရဲ့ အသွေးအသားနဲ့ အသက် ရှင်မှုတွေကို အရင်းတည်ပြီး ပြုလုပ်လိုက်တဲ့ နောက်ဆုံးသော ဟစ်အော်ငိုကြွေးသံ ဖြစ်တယ်။ ဒီအသံဟာ နက်မှောင်တောင် မျိုးနွယ်စုကို ဖျက်ဆီးလိုလျှင် သူတို့ စိတ်မကူးထားဖူးတဲ့ တန်ရာတန်ကြေး ပေးဖို့ လိုတယ်ဆိုတာကို မဟူရာတောင် မျိုးနွယ်ဝင်တွေ အားလုံးကို ကြေညာ လိုက်သလိုမျိုးပဲ။
ကြုံးဝါး ဟစ်အော်သံတွေကြားမှာ မဟူရာတောင် မျိုးနွယ်စုဝင် တစ်ယောက် သွေးအန် လိုက်ပြန်တယ်။ သူ့လက်မောင်းတွေ ပြတ်ထွက်သွားတယ်။ သူ ရုန်းရင်းကန်ရင်း နောက်ပြန်ဆုတ်တယ်။ သူ့မှာ ဘာတိုက်ခိုက်လိုစိတ်မှ မရှိတော့ဘူး။ သူ့နှလုံးသားဟာ တုန်လှုပ်နေတယ်။ သူ ကြောက်လန့် နေခဲ့တယ်။
***