သစ္စာဖောက်ဘယ်သူလဲ
Vol. 7 Ch. 88
မဟူရာတောင် မျိုးနွယ်စုက တခြားကြောက်နေကြတဲ့ သူတွေလည်း ရှိတယ်။ အချိန်ခဏလေး အတွင်းမှာ စိတ်လိုလက်ရ သွေးဖောက်ခွဲမှုချည်းပဲ သုံးကြိမ်သုံးခါ ဖြစ်ပေါ်ခဲ့ပြီးပြီ။ အဲဒီ ဖောက်ခွဲမှု သုံးကြိမ်မှာ မဟူရာတောင်ဘက်က လူခုနစ်ယောက် ဆုံးရှုံးလိုက်ရပြီ။
တိုက်ပွဲကတော့ ဆက်လက် ဖြစ်ပွားနေဆဲ ...
စုမင်ရဲ့ မျက်လုံးထဲက မျက်ရည်တွေ စီးကျလာနေတယ်။ နှုတ်ခမ်းကို ကိုက်ထားပြီး မျိုးနွယ်ဝင်တွေနဲ့အတူ ပြေးလွှားနေရင်း အကြည့်လွှဲဖယ်လိုက်တယ်။ နောက်တန်းကို ကာကွယ်နေတဲ့ မျိုးနွယ်ဝင်တွေရဲ့ အသက်စတေးမှုက သူတို့ပြေးဖို့ အချိန်ရအောင် လုပ်ပေးနေတာမှန်း သူသိတယ်။ သူတို့ဟာ ရန်သူကို ဟန့်တားဖို့ သူတို့ရဲ့ အသွေးအသားတွေကို အသုံးပြုနေကြတယ်။
အခု စုမင်လုပ်ဖို့လိုတာက သူတို့ စတေးသွားရတဲ့ အသက်တွေ အလကား မဖြစ်စေဖို့ပဲ။ ဒီအချိန် အကန့်အသတ် အတွင်းမှာ မျိုးနွယ်စုရဲ့ သာမန် မျိုးနွယ်ဝင်တွေကို ကာကွယ်ပြီး ဝေးဝေးရောက်အောင် ပြေးရမယ်။
အကြီးအကဲဘက်မှာလည်း အခြေအနေတွေက တင်းမာနေတယ်။ သွေးကြောကျောက်သား အဆင့်မြင့် လူနှစ်ယောက်ဟာ နာကျင်မှုဆိုတာ ဘာမှန်း မသိသလိုပဲ။ သူတို့ကိုယ်ခန္ဓာ အနှံ့အပြားမှာ ဒဏ်ရာတွေ ရထားပေမဲ့ မျက်နှာပေါ်က အမူအရာ ပြောင်းလဲမှု လုံးဝမရှိဘူး။ သူတို့က အကြီးအကဲကို မရပ်မနား တိုက်ခိုက်နေတုန်းပဲ။ အကြီးအကဲရဲ့ စွမ်းအားအစစ်အမှန်ကိုတော့ စုမင်နဲ့တကွ အများစုက မသိထားကြဘူး။
အကြီးအကဲ တစ်ချက်မျှ လက်ဝှေ့လိုက်ချိန်မှာ မြောက်မြားစွာသော လှိုင်းတွန့်တွေ သူတို့ ဘေးပတ်လည်မှာ ဖြစ်ပေါ်လာတယ်။ အဲဒီ လှိုင်းတွန့်တွေ ၎င်းတို့ဆီ တိုးဝင်သွားချိန်မှာတော့ အဆင့်မြင့် လူနှစ်ယောက်က ရုတ်တရက် တုန်ယင်သွားတယ်။ အကြီးအကဲက ရှေ့ကို ခပ်မြန်မြန် တစ်လှမ်းချင်း တိုးသွားပြီး ဝင်သက် အနည်းငယ်မျှအတွင်းမှာ သူတို့ရှေ့မှောက်ကို ရောက်ရှိသွားတယ်။ တစ်ယောက်ရဲ့ ဦးခေါင်းကို လက်ညှိုးလေးနဲ့ တစ်ချက် ထိလိုက်စဉ်မှာပဲ ကျယ်လောင်တဲ့ အသံမြည်ဟိန်းလို့ ၎င်းရဲ့ ဦးခေါင်းက ပေါက်ကွဲထွက်သွားတယ်။
၎င်းရဲ့ ခန္ဓာကိုယ် လဲကျသွားခိုက်မှာ ကျန်လူတစ်ယောက်ကို လက်သီးလွှဲယမ်းလို့ ထိုးသွင်း လိုက်တယ်။ ကောင်းကင် တုန်လောက်တဲ့ ထစ်ချုန်းသံကြီး ပျံ့နှံ့လျက် အဲဒီသူရဲ့ခန္ဓာကိုယ်လည်း ပေါက်ကွဲပျက်စီးသွားလေတော့တယ်။
လူနှစ်ယောက် သေသွားတဲ့ အချိန်မှာ သူတို့အလောင်းတွေကနေ အနက်ရောင် အခိုးအငွေ့တွေ ထွက်လာတယ်။ အဲဒီ အခိုးအငွေ့တွေက မျက်စိတစ်မှိတ်အတွင်း စုစည်းသွားကြပြီး ဝေဝေဝါးဝါး ပုံရိပ်သဏ္ဌာန် အသွင်ပြောင်းလို့ အနောက်ကို ပြန်လည် ဆုတ်ခွာသွားတဲ့ အကြီးအကဲဆီ တစ်ဟုန်ထိုး ပြေးဝင်သွားတယ်။
"ပိထူ”
အကြီးအကဲက မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်တယ်။ ဒီအနက်ရောင် အခိုးအငွေ့တွေက ပိထူရဲ့ မူလကိုယ်ခန္ဓာ မဟုတ်ဘဲ မိုးကျရွှေကိုယ် မာန်အတတ် ပညာရပ်ကို သုံးထားတာကြောင့် ဖြစ်ပေါ်လာတဲ့ ရလဒ်ဆိုတာ သူသိတယ်။ သို့ပေမဲ့ ဒီပညာရပ်ကို သုံးထားတယ် ဆိုတာက ပိထူဟာ ဒီအနီးအနား တစ်ဝိုက်မှာရှိတယ် ဒါမှမဟုတ် ဒီနေရာကို အမြန် လိုက်လာနေပြီဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်တယ်။
အဲဒီ အခိုက်အတန့်မှာ လူအုပ်ရဲ့ ရှေ့ဘက်ကနေ စူးရှတဲ့ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာတယ်။ အသံ ရုတ်တရက် ထွက်ပေါ်လာမှုက မျိုးနွယ်စု ခေါင်းဆောင်ရော၊ မဟူရာတောင် မျိုးနွယ်စုက လူတွေအပြင် ရှိရှိသမျှ မျိုးနွယ်ဝင် အားလုံးရဲ့ အမူအရာကို ပြောင်းလဲသွားစေတယ်။
သစ်တောရဲ့ ဘေးဘယ်ညာ နှစ်ဖက်ကနေလည်း တူညီတဲ့ စူးရှစွာ အော်ဟစ်သံတွေ ထွက်ပေါ် လာပြန်တယ်။ လေပြင်းတိုက်ခတ်သံ ဆူဆူညံညံဟာ သူတို့ကို မဟူရာတောင် မျိုးနွယ်ဝင်တွေ အများကြီး ဝိုင်းထားကြပြီ ဆိုတာကို ပြောပြချင်နေသလိုပဲ။
အခုနက အတိုင်းဆိုလျှင် အဆင်ပြေသေးတယ်။ မာန်စွမ်းအားရှင်တွေကို နောက်ချန်ထားခဲ့ပြီး မျိုးနွယ်ဝင်တွေ ဆက်လက် ရွှေ့ပြောင်းနိုင်ဖို့ သူတို့ စတေးမှုတွေ လုပ်နေခဲ့နိုင်တယ်။ ဒါပေမဲ့ အော်ဟစ်သံတွေ၊ သွေးဆာလောင်နေတဲ့ အသံစုံတွေ သူတို့ဘေးနား ပတ်လည်မှာ ပျံ့လွင့်နေချိန်မှာတော့ မျိုးနွယ်စု ခေါင်းဆောင်ရှေ့ ပေပေါင်းများစွာ အကွာက မြေပြင်ဟာ လှုပ်ယမ်းလာတယ်။
ရှည်လျားပြီး လုံးပတ်ကြီးမားလှတဲ့ သစ်လုံးကြီးတွေက မြေပြင်ထဲကနေ ရုတ်တရက် ထိုးထွက်လာပြီး မျိုးနွယ်စုရဲ့သွားရာလမ်းကို လုံးလုံးလျားလျား ပိတ်ဆို့လိုက်လေတယ်။
သစ်လုံးကြီးတွေရဲ့ အပေါ်မှာ မဟူရာတောင် မျိုးနွယ်စုက လူတွေ မတ်တတ် ရပ်နေကြတယ်။ သုံးယောက်ထဲက ခေါင်းဆောင်ဟာ ပေပေါင်းမနည်း အရပ်မြင့်မားတယ်။ သူ့လက်တွေထဲမှာ သူ့အရပ်လောက်ရှိတဲ့ လေးကြီးကို ကိုင်မြှောက်လို့ အောက်ကလူတွေကို ရက်စက်တဲ့ အပြုံးနဲ့ စိုက်ကြည့်လျက် ရှိတယ်။
တစ်ချိန်တည်းမှာပဲ မျိုးနွယ်စုရဲ့ ဘေးဘယ်ညာ နှစ်ဖက်ကနေလည်း သစ်လုံးကြီးတွေ ထိုးထွက်လာတယ်။ သစ်လုံးတွေဟာ ပေထောင်ပေါင်းမက ရှည်လျားတာမို့ နက်မှောင်တောင် မျိုးနွယ်စုကို အထဲမှာ ပိတ်မိအောင် လုပ်နိုင်ခဲ့တယ်။
အဲဒီသစ်လုံးတွေ ပေါ်မှာလည်း လူတွေအများကြီး ရပ်နေကြတယ်။ သူတို့ဟာ လူတွေကို အေးတိအေးစက် ငုံ့ကြည့်လို့ မျက်လုံးထဲမှာ နောက်ပြောင် ကစားလိုမှု အရိပ်တွေ ထင်ဟပ်နေတယ်။
ဒါဟာ အတော်ကြာကြာ ကတည်းက ရှိနေခဲ့တဲ့ ထောင်ချောက်ပဲ။
နက်မှောင်တောင် မျိုးနွယ်ဝင်တွေရဲ့ အမူအရာတွေ ချက်ချင်း ပြောင်းလဲကုန်ကြတယ်။ မျိုးနွယ်စု ခေါင်းဆောင်ရဲ့ မျက်နှာက သွေးဆုတ်သွားပြီး မျက်လုံးတွေထဲမှာတော့ ထိတ်လန့်ဖွယ် သတ်ဖြတ်လိုမှုတွေနဲ့ တိုက်ခိုက်လိုမှုတွေ ပြည့်နှက်နေတယ်။ တခြား မာန်စွမ်းအားရှင်တို့လည်း အလားတူပင်။
"ငါတို့ရဲ့ လမ်းကြောင်းကို သူတို့ ဘယ်လိုသိနေတာလဲ။ ငါတို့ဘယ်မှ မသွားရသေးခင်မှာတောင် ထောင်ချောက်ကို ကြိုဆင်ထားနိုင်တာလဲ"
အားလုံးရဲ့ နှလုံးသားထဲမှာ ဒီမေးခွန်းတွေပဲ အပြိုင်အဆိုင် ပေါ်ပေါက်လာနေကြတယ်။
"ဘယ်သူလဲ။ နက်မှောင်တောင် မျိုးနွယ်စု သစ္စာဖောက်က ဘယ်သူလဲ” စုမင် တဆတ်ဆတ် တုန်ယင်နေတယ်။ သူ့စိတ်ထဲမှာ မျိုးနွယ်စုထဲ သစ္စာဖောက် ရှိတဲ့အကြောင်း တစ်ခါက အကြီးအကဲ ပြောဖူးတာကို ပြန်တွေးမိတယ်။
တစ်ချိန်တည်းမှာပဲ ပိထူရဲ့ မိုးကျရွှေကိုယ် မာန်အတတ်ပညာ သုံးထားတဲ့ ပိထူနဲ့ တိုက်ခိုက်နေတဲ့ အကြီးအကဲလည်း ဒီမြင်ကွင်းကို မြင်သွားတယ်။ သူ့မျက်လုံးထဲမှာ ကြေကွဲမှုတွေရော ဒေါသတွေပါ ပြည့်လာတယ်။ မျိုးနွယ်စုထဲမှာ သစ္စာဖောက် ရှိမယ်လို့ သံသယ ဝင်ခဲ့မိပြီး နည်းအမျိုးမျိုးနဲ့ ရှာဖွေခဲ့ပေမဲ့ အဲဒီလူက လုံအောင် ပုန်းနိုင်လွန်းတယ်။
သစ္စာဖောက်ဆိုတာ တစ်ခါဖူးမျှ မရှိသလို ဘာလမ်းကြောင်း ဘာအရိပ်အမြွက်မှ မတွေ့ရဘူး။ သို့ပေမဲ့ သူသေချာသိတယ်။ ဒါပေမဲ့ ဘယ်သူလဲ ... ဘာကြောင့် သစ္စာဖောက်ရသလဲ ဆိုတာကိုတော့ သူလုံးဝ မခန့်မှန်းနိုင်ဘူး ဖြစ်နေတယ်။
နက်မှောင်တောင် မျိုးနွယ်ဝင်တွေမှာ အကြောက်တရားတွေ ထိတ်လန့်မှုတွေနဲ့ ပြည့်နှက် နေတယ်။ သာမန်မျိုးနွယ်ဝင်တွေ အားလုံးလည်း ဖြူဖပ်ဖြူရော်တွေ ဖြစ်နေကြတယ်။ ပြန်တိုက်ခိုက်နိုင်စွမ်း မဲ့နေကြောင်း တွေးတော မိကြချိန်မှာပဲ သစ်လုံးတွေထိပ်မှာ မဟူရာတောင် မျိုးနွယ်ဝင်တွေ ထပ်ထပ် ပေါ်လာကြတယ်။
သစ်လုံးတွေပေါ်မှာ ရပ်နေတာ လူ ၅၀ လောက် ရှိလိမ့်မယ်။ မော့စန်း အကြီးအကဲက ညာလက်ကို မြှောက်ပြီး ခပ်လှမ်းလှမ်းက မျိုးနွယ်စုဆီ လက်ညှိုး ညွှန်လိုက်တယ်။
လက်ညှိုး ညွှန်လိုက်ချိန်မှာပဲ နက်မှောင်တောင် မျိုးနွယ်စုတွေ အထက်က ရာသီဥတုက ချက်ချင်း ပြောင်းလဲသွားတယ်။ ကောင်းကင်ရော မြေကြီးပါ တုန်ခါနေပြီး ကောင်းကင်ဘုံကနေ ရောက်လာသလား ထင်ရတဲ့ မဟူရာရောင် တောက်ပတဲ့ အလင်းတန်းတွေ ပေါ်ထွက်လာတယ်။ အဲဒီ အလင်းတန်းတွေဟာ ပေရာချီ အမြင့်ရှိတဲ့ နက်မှောင်တောင် မျိုးနွယ်စုရဲ့ ရင်သပ်ရှုမောဖွယ် မာန်နတ်ဘုရားရုပ်တု ဘေးပတ်လည်မှာ စုစည်း ဝန်းရံလိုက်တယ်။
အဲဒီမာန်နတ်ဘုရား ရုပ်တုကတော့ ရှေးယခင် ခေတ်ကာလများဆီက အရိုင်းဆန်မှုတွေ ပြည့်နှက်နေတဲ့ ကြောက်မက်ဖွယ် လူတစ်ပိုင်း သားရဲတစ်ပိုင်း ရုပ်တုဖြစ်တယ်။ လက်တစ်ဖက်မှာ နဂါးတစ်ကောင်၊ နောက်တစ်ဖက်မှာတော့ ရှည်လျားလှတဲ့ လှံတံရှည်ကို ကိုင်ဆောင်ထားတယ်။ ၎င်းရဲ့ မျက်ဝန်းအိမ်ထဲမှာ ဒေါသတရားနဲ့ သွေးဆာမှုတွေ ရှိနေတယ်။
၎င်းဟာ ကောင်းကင်တစ်ခွင်ကို မှောင်ကျသွားစေပြီး ရာသီဥတုတွေတောင်မှ သူ့ရဲ့ ကြီးမြတ်တဲ့ ရှိန်ဝါကြောင့် လည်ပတ်မှု ရပ်တန့် သွားကြသလိုပဲ။ သို့ပေမဲ့ ရုပ်တုဟာ ထင်ထင်ရှားရှားကြီး ပေါ်နေတာ မဟုတ်ဘူး။ အနည်းငယ်မျှ မှုန်ဝါးဝါးဖြစ်ပြီး အချိန်အနည်းငယ် အတွင်းမှာ ရုပ်ပိုင်းဆိုင်ရာ ပီသ ဖြစ်တည်လာဖို့ မဖြစ်နိုင်သေးပုံ ပေါ်ပါရဲ့။ ၎င်းရဲ့ ကိုယ်ခန္ဓာကနေ မဟူရာရောင် အလင်းတန်းတွေ ဖြာထွက်လာပြီး အောက်ကလူတွေ အားလုံးအပေါ် ရစ်သိုင်းထားလို့ အထဲမှာ နက်မှောင်တောင် မျိုးနွယ်ဝင်တွေကို ကာကွယ်ပေးထားတယ်။
"ကပ်ဘေး စစ်သည်တော်တွေ ... ရှေ့ကိုတက်ကြ။ မျိုးနွယ်ဝင်တွေ အထဲမှာပဲနေ။ နောက်ဆုံးထွက်သက်အထိ တိုက်ခိုက်ကြ”
နက်မှောင်တောင် မျိုးနွယ်စုခေါင်းဆောင်က ကျယ်လောင်စွာ အော်ဟစ် အမိန့်ပေးလိုက်တယ်။ သူ့ရှေ့က သစ်လုံးတိုင်ဆီ ခုန်လွှားသွားတယ်။ ဒီနေရာက ထွက်သွားလိုလျှင် ဒီသစ်တိုင်တွေကို ဖျက်ဆီးပစ်မှ ဖြစ်မယ်ဆိုတာကို သူသိနေတယ်လေ။ ဆုတ်ခွာဖို့ မဖြစ်နိုင်သေးဘူး။
"သတ်ကြ”
နက်မှောင်တောင် မျိုးနွယ်ဝင်များဟာ သူတို့ဆီ ပြေးဝင်လာတဲ့ ရန်သူတွေဆီ ထိပ်တိုက် ပြေးလွှားသွားကြတယ်။ အစောင့်အရှောက် ခေါင်းဆောင်က အရှေ့ ထွက်သွားပြီး လေးတင်လိုက်တယ်။ ကျယ်လောင်တဲ့ ကြုံးဝါးသံကြီး ပြုလို့ ဘယ်ဘက်က သစ်တိုင်ကြီးကို မြားနဲ့ ပစ်လိုက်တယ်။
မျိုးနွယ်စု ခေါင်းဆောင်နောက်က အခြား မာန်စွမ်းအားရှင် နှစ်ယောက်လည်း စိတ်ပိုင်းဖြတ်မှုတွေနဲ့ အလားတူ ချီတက်သွားကြတယ်။
ပေလင်း၊ ဝူလ၊ လေ့ချန်နဲ့ အခြားသော မာန်စွမ်းအားရှင်တွေ အကုန်လုံးလည်း ဒေါသမာန်ဟုန် ပြင်းစွာနဲ့ အသက်ကို ရင်းပြီး တိုက်ခိုက်ကြလေတယ်။ ရှန့်ဟန်က တိတ်ဆိတ်နေပြီး ခဏတော့ ချီတုံချတုံ ဖြစ်နေပေမဲ့ သူလည်း ရှေ့တက်သွားတယ်။
စုမင်ရဲ့ ရင်ထဲမှာလည်း သတ်ချင်ဖြတ်ချင်စိတ် အပြည့်ဖြစ်နေပြီ။ သူလှုပ်ရှားတော့မယ့် အလုပ်မှာ သူ့အနောက်ကနေ ငိုသံသဲ့သဲ့ ကြားခိုက်ရတယ်။ သူချီထားခဲ့တဲ့ ကလေးမလေးက လန့်နိုးလာပြီး တစ်ကိုယ်လုံး တုန်ယင်စွာနဲ့ မျက်ရည်တွေနဲ့ သူ့ကိုကြည့်နေတယ်။
စုမင် နောက်ပြန်မလှည့်ဘူး။ ရှေ့ဆက်သွားပြီး သူ့ရှေ့က သစ်တိုင်ကို ခုန်ကျော်လိုက်တယ်။ ဒါဇင်ချီတဲ့ မဟူရာတောင် မျိုးနွယ်ဝင်တွေဟာ စုမင်နဲ့ အခြားသော သူတွေဆီ သဲကြီးမဲကြီး ချီတက်လာကြပြီးနောက် သူသေကိုယ်သေ တိုက်ပွဲကို ဆင်နွှဲကြတော့တယ်။
အချိန်က ညီအစ်ကို မသိတသိအချိန်။ ကောင်းကင်ပေါ်က နေလုံးက မှိန်ဖျော့နေပြီး လမင်း ထွက်ပေါ်လာလုလု။ ညအချိန်ရောက်လာဖို့ မကြာတော့မယ့် လက္ခဏာရပ်။ စုမင်ရဲ့ သွေးတွေ ဆူပွက်နေတယ်။ သူ့နှလုံးသားတွေ တောက်လောင်နေပြီး ဒေါသတကြီးနဲ့ သူ့မျက်လုံးတွေ ရဲရဲတောက်နေတယ်။ လေပြည်စီးကြောင်းမြို့က ချိပ်စည်းကို ချိုးဖျက်ပြီး မျိုးနွယ်စုဆီ အမြန်ပြန်လာတဲ့ ရည်ရွယ်ချက်က တစ်ခုတည်း မျိုးနွယ်စုနဲ့အတူ သေမတူရှင်မကွာ နေထိုင်ဖို့ အခု အချိန် ကျရောက်လာပြီ။
"ငါဟာ နက်မှောင်တောင် မျိုးနွယ်ဝင်အနေနဲ့ မွေးဖွားလာပြီး မှောင်တောင်မျိုးနွယ်ဝင် အဖြစ်နဲ့ပဲ သေမယ်ကွ'
စုမင်ဟာ လုံးဝ တွေဝေနေခြင်း မရှိဘဲ သွေးကြော ၂၄၃ ခုကို ပေါ်ထွက်စေလို့ သွေးကြောကျောက်သား အဆင့် ၇ ရှိတဲ့ မာန်စွမ်းအားရှင် တစ်ယောက်ရဲ့ အစွမ်းတွေကို ထုတ်လိုက်တယ်။ သို့ပေမဲ့ ပွက်လော ရိုက်နေတဲ့ လူအုပ်ကြီးထဲ ဘယ်သူမှ သူ့ကို သတိမပြုမိကြဘူး။
မြောက်များလှစွာတဲ့ မဟူရာတောင် မျိုးနွယ်ဝင်တွေထဲမှာ အဆင့် ၅ အဆင့် ၆ လောက်ရှိတဲ့ သူတွေနဲ့အတူ အဆင့် ၇ ရှိတဲ့ အဲဒီလူဟာ မျက်နှာပေါ်မှာ ရက်စက်ကြမ်းကြုတ်တဲ့ အသွင်ကို ဆောင်လို့ သူ့အဖွဲ့နဲ့သူ ရှေ့ကိုချီတက်လာတယ်။
သူ့မျက်လုံးထဲမှာ နက်မှောင်တောင်က မာန်စွမ်းအားရှင် ခုနစ်ယောက် ရှစ်ယောက်လောက်က ဘာမှမဟုတ်ဘူး။ သူက မဟူရာတောင် မျိုးနွယ်စုရဲ့ အမဲလိုက်အဖွဲ့ရဲ့ ဒုခေါင်းဆောင် ဖြစ်တယ်။ ဒီလူတွေကို သတ်ရတာ သူ့လက်ခုံကို ဆတ်ခနဲ လှုပ်ရှားလိုက်ရုံလောက်ပဲ အားထုတ်ရတယ်။
သို့ပေမဲ့ ကောင်လေးတစ်ယောက် သူတို့အနား ချဉ်းကပ်လာချိန်မှာတော့ သူ့ရဲ့ မျက်နက်ဆံတွေ လှုပ်ရှားသွားပြီး မျက်နှာပေါ်မှာ မယုံကြည်နိုင်မှုတွေ ပေါ်ပေါက်လာတယ်။ အဲဒီ ခုနှစ်ယောက် ရှစ်ယောက်ကြားက ချည့်နဲ့နဲ့ ဆယ်ကျော်သက် ကောင်ငယ်လေး တစ်ယောက်ဆီကနေ များပြားလှတဲ့ စွမ်းအားမြင့် ချီအသက်ဓာတ်ကို တိတိပပကြီး ခံစားလိုက်မိတာကြောင့် ရင်တုန်သွားတယ်။
"သူဘယ်သူလဲ။ ဒီအသက်အရွယ်လေးနဲ့ ဘာလို့ ဒီလောက်ချီတွေ အများကြီး ပိုင်ဆိုင် ထားနိုင်ရတာလဲ"
၎င်းမှာ တွေးတောဖို့ အချိန် များများစားစား မရဘူး။ စုမင်ဟာ မျက်စိတဖျတ် အတွင်းလေးမှာ သူ့အနား နီးနီးကပ်ကပ်ကို ရောက်ရှိလာခဲ့ပြီ။ သူ့ရဲ့ ပထမဆုံး ပစ်မှတ်က ဒီလူဖြစ်တယ်။
အရာအားလုံးက တစ်ခဏလေး အတွင်းမှာ ဖြစ်ပျက်သွားခဲ့တာ ... နှစ်ဖက်လုံးက ကျယ်လောင်တဲ့ ကြုံးဝါးသံကြီးတွေ ပြုလို့ ရင်ဆိုင်တိုက်ခိုက်ကြပြီး တိုက်ပွဲခေါ်သံဟာ လေထုထဲမှာ ပျံ့လွင့်နေပြီး နာကျင်မှုတွေနဲ့ ပြည့်လျှံနေတယ်။ စုမင် လက်သီးတစ်ချက် ပစ်သွင်းလိုက်စဉ်မှာ သူ့ကိုယ့်ပေါ်က သွေးကြော ၂၄၃ ခုဟာ တစ်ခုတည်းအဖြစ် ထုံးဖွဲ့ပေါင်းစည်းသွားပြီး မဟူရာတောင်က အဆင့် ၇ သမားကို ထိခိုက်မိသွားတယ်။
ထစ်ချုန်းသံကြီးတွေ ပျံ့နှံ့သွားပေမဲ့ တိုက်ပွဲကြားထဲမှာ ၎င်းအသံများဟာ မြူမှုန်တွေလို ပျောက်သွားတယ်။ မာန်စွမ်းအားရှင်တွေ အသက်လု တိုက်ခိုက်နေတုန်း မာန်နတ်ဘုရားရုပ်တုရဲ့ အလင်းရောင် အကာအကွယ်အောက်က မျိုးနွယ်ဝင်တွေရဲ့ မျက်နှာလည်း သွေးဆုတ်ဖြူရော်လျက် ရှိကြတယ်။ သို့ပေမဲ့ သူတို့လည်း စိတ်ပိုင်းဖြတ်ထားကြပါရဲ့၊ သူတို့လုံးဝ နောက်မတွန့်ဘူး။ သူတို့ ကြောက်ပါတယ်။ ဒါပေမဲ့ ကြောက်လန့်နေလို့ ဘာမှ မလုပ်မဖြစ်ဘူး။
သူတို့ရဲ့ မျက်လုံးတွေထဲက နက်ရှိုင်းလှတဲ့ အမုန်းတရားတွေနဲ့ ဒေါသတွေကတော့ မိုးကောင်းကင်နဲ့ မြေပြင်တစ်ခုလုံးကိုတောင် လောင်မီး ကျသွားစေလောက်ပါရဲ့။
သူတို့အားလုံး တိတ်တဆိတ် ရှိကြတယ်။ အခုမှ နိုးလာတဲ့ ကလေးမလည်း မငိုတော့ဘူ။ အဲဒီအစား မျိုးနွယ်စုအတွက် တိုက်ခိုက်နေတဲ့ စုမင်ရဲ့ နောက်ကျောကို စိုက်ကြည့်နေခဲ့တယ်။
စုမင် လက်သီး ပစ်သွင်းလိုက်ချိန်မှာ တစ်ဖက်လူကလည်း မာန်သွင်းဟစ်အော်လို့ အလားတူ ပြုမူတယ်။ လက်သီးနှစ်ခု တွေ့ဆုံမိကြချိန်မှာ တစ်ဖက်လူရဲ့ နှုတ်ခမ်းကနေ သွေးတွေ စီးကျလာတယ်။ သူ့မျက်နှာပေါ်မှာ မှင်တက်မိနေတဲ့ မျက်နှာထားရှိနေပြီး သူဟာ ပြိုလဲ ကျသွားလုလု အခြေအနေပါ။
များပြားလှတဲ့ စွမ်းအင်တွေ သူ့ဆီ ပြေးဝင်လာချိန်မှာ သူအလိုလို နောက်ဆုတ်မိပါရဲ့။ သူနောက်ဆုတ်လိုက်ပေမဲ့ စုမင်ကတော့ အမျှင်မပြတ် ကြုံးဝါးလို့ ကိုယ်တိုင်ရဲ့ နာကျင်မှုကိုတောင် ဂရုမထားပါဘဲ လန့်စရာကောင်းတဲ့ အရှိန်နှုန်းနဲ့ တစ်ဟုန်ထိုး ပြေးဝင်သွားပြီး မျက်စိတစ်မှိတ်အတွင်း တစ်ဖက်ရန်သူနဲ့ နီးကပ်သွားကာ လက်သီးနဲ့ တစ်ချက်ပြီးတစ်ချက် ဆင့်ခါဆင်ခါ ထိုးပါတော့တယ်။
မျက်စိတစ်ဖျတ် အတွင်းမှာ စုမင်ဟာ လက်သီးရှစ်လုံးတိတိ ပစ်သွင်းပြီးဖြစ်ပြီး အားလုံးက တစ်ဖက်လူရဲ့ ကိုယ်ခန္ဓာပေါ်ကို ထိထိမိမိ။ အဲဒီအခြင်းအရာက ၎င်းကို နောက်ဆုတ် သွားစေတဲ့အတွက် ကြောက်လန့်တကြား အံ့အားသင့်နေတဲ့ အမူအရာနဲ့အတူ ပါးစပ်ထဲက သွေးတွေ ထွက်ကျ လာလေတော့တယ်။ ဒီနေရာမှာ ဒီလောက် အစွမ်းအင်အား ထက်မြက်တဲ့ မာန်စွမ်းအားရှင် တစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ သူလုံးဝ ထင်မထားခဲ့ဘူး။
"သေစမ်းကွာ”
စုမင် အနားကို ကပ်သွားပြန်တယ်။ ဒီတစ်ခါ သူ လက်သီးမသုံးဘူး။ အဲဒီအစား အနား ရောက်သွားတာနဲ့ လူရဲ့ ဦးခေါင်းကို လက်ဝါးနဲ့ပဲ ဖြတ်ရိုက်လိုက်တယ်။ တစ်ဖက်လူထံက နာကျင်စွာ အော်ဟစ်သံ ထွက်လာပြီး အဝေးကိုလွင့်စဉ်လို့ သစ်လုံးတိုင်နဲ့ ဆောင့်မိမှပဲ ရပ်တန့်သွားတယ်။ ကျယ်လောင်တဲ့ ထိခတ်မိသံနဲ့အတူ တစ်ဖက်လူဟာ သွေးတစ်ပွက်အန်တယ်။ သူ စုမင်ရဲ့ လျင်မြန်မှု အရှိန်နှုန်းကို ရှောင်လွှဲလို့ မရခဲ့ဘူး။ သူက .... သိပ်ကို မြန်ဆန်လွန်းနေခဲ့တယ်။
***