← Chapters

အသုဘသီချင်းသံ

Vol. 7 Ch. 89

အသုဘသီချင်းသံ

Vol. 7 Ch. 89

သူဘယ်သူလဲ။ နက်မှောင်တောင် မျိုးနွယ်စုမှာ ဒီအရွယ်လေးနဲ့ ဒီလောက်စွမ်းတဲ့ ကလေး မရှိပါဘူး”

ထိတ်လန့်မှုနဲ့အတူ ‌‌သွေးတစ်ပွက် ထပ်မံအန်ထွက်တယ်။ ၎င်းစိတ်အစဉ်က ရှုပ်ထွေးလျက်၊ သူ့နှလုံးသားထဲမှာ အော်ဟစ် မြည်တမ်းနေတယ်။

စုမင်က မြန်ဆန်လွန်းတယ်။ ရန်သူနဲ့ သစ်လုံးတိုင်နဲ့ ဆောင့်မိသွားချိန်မှာပဲ စိတ်ရိုင်းတွေနဲ့ သတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်တွေနဲ့ တစ်ဖန် ပြန်အနီး ရောက်လာပြန်တယ်။ လက်သီးတွေ ပစ်သွင်းနေရင်း လျှာကိုကိုက်လို့ သွေးတစ်ငုံ အန်ထုတ်လိုက်တယ်။ သွေး‌ထွက်လာချိန်မှာ အဲဒီသွေး တွေက သွေးမှုန်တွေအဖြစ် ပြောင်းလဲသွားတာဟာ စုမင် မှောင်မိုက်သွေးမှုန် ပညာရပ်ကို အသုံးပြုလိုက်တဲ့ ထင်ရှားတဲ့ လက္ခဏာ ဖြစ်ပါတယ်။

ပညာရပ်ကို အသုံးပြုလိုက်တယ် ဆိုလျှင်ပဲ သွေးမှုန်များဟာ တစ်ဖက်လူဆီ‌ တိုးဝင်သွားတယ်။ သွေးမှုန်တွေဟာ အခုထိ မယုံမကြည် ဖြစ်နေသေးတဲ့ လူဆီ နီးကပ်သွားပြီး စုမင်ဟာ သူမြန်နိုင်သလောက် အမြန်နှုန်းနဲ့ သွေးမှုန်တွေ ကြားကနေ ရန်သူရဲ့ ဝမ်းဗိုက်ကို ညာလက်သီး ပစ်ကျွေးလိုက်လေတယ်။

ကျယ်လောင်တဲ့ အသံနဲ့အတူ သစ်လုံးတိုင်ကြီးက လှုပ်ခါသွားတယ်။ တစ်ဖက်လူဟာ မျက်လုံးတွေ ပြူးကျယ်နေပေမဲ့ အဲဒီ မျက်လုံးတွေထဲမှာ အလင်းရောင် ကွယ်ပျောက်သွားခဲ့ပြီ။ ၎င်းပါးစပ် ထဲကနေလည်း သွေးတွေအများကြီး စီးကျနေတယ်။ စုမင်လက်သီးနဲ့ ထိခဲ့တဲ့ ဝမ်းဗိုက်မှာ ‌အပေါက်တစ်ပေါက် ရှိနေခဲ့တယ်။

"သတ်ကြ”

စုမင်မျက်လုံးတွေဟာ ရဲရဲတောက်လျက်။ တစ်ယောက် သတ်ပြီးတာနဲ့ သူ မရပ်တန့်လိုက်ဘူး။ နောက်လှည့်ပြီး မဟူရာတောင် မျိုးနွယ်ဝင် အခြား စစ်သည်တော်တွေဆီ အမြန် တိုးဝင်‌သွားတယ်။ စုမင်နဲ့ အစောပိုင်းက ရန်သူနဲ့ တိုက်ပွဲက ခေတ္တမျှသာ ကြာမြင့်လိုက်ပေမဲ့ အနီးတဝိုက်က မဟူရာတောင် မျိုးနွယ်ဝင် အနည်းကျဉ်းက တိုက်ပွဲတစ်ခုလုံးကို မြင်တွေ့ခွင့် ရလိုက်တယ်။

သူတို့ မယုံနိုင်ကြဘူး။ သူတို့ရဲ့ ဒုခေါင်းဆောင်၊ သူတို့မျက်စိရှေ့မှာ သေသွားတာကို တွေ့လိုက်ရတယ်။ သူတို့ စုမင်ရဲ့ ကိုယ်ခန္ဓာကိုတောင် ရှင်းရှင်းလင်းလင်း မတွေ့လိုက်ရဘူး။ တရိပ်ရိပ် ပြေးနေတဲ့ ပုံရိပ်ကိုသာ မြင်တွေ့လိုက်ရတာ ဖြစ်တယ်။

သူတို့တင်မကဘူး။ စုမင်ဘေးနားက တစ်စုတည်းသား အခြား စစ်သည်တော်တွေလည်း ‌မှင်တက်ကုန်ကြတယ်။ သူတို့စုမင်ကို သိကြတယ်။ သူတို့ စုမင်နဲ့ ရင်းနှီးကြတယ်။ သူတို့ရဲ့ မှတ်ဉာဏ်ထဲမှာ စုမင်ဟာ မျိုးနွယ်စု သာမန်မျိုးနွယ်ဝင် တစ်ယောက်။ အခုနကတင် စုမင်တစ်ယောက် မာန်စွမ်းအားရှင်တွေ ကြားမှာ ရပ်နေတာတွေ့တော့ သူတို့ဘာကြောင့်လဲ စဥ်းစားဖို့ အချိန်မရှိခဲ့ကြဘူး။ အခုစုမင်ရဲ့ အစွမ်းတွေ ပေါက်ကွဲထွက်ပေါ် လာချိန်မှာတော့ ထိတ်လန့်မှုအပြင် စိတ်ဓာတ် တက်ကြွမှုကိုလည်း ခံစား လိုက်ကြရတယ်။

စုမင် မာန်သွင်းသံတိုးတိုး ဟစ်အော်လိုက်စဉ်မှာ သူ့မျိုးနွယ်စုက မာန်စွမ်းအားရှင် ၇ ယောက်တို့လည်း အလားတူ ကြုံးဝါးလိုက်ကြတယ်။

"သူတို့ကိုသတ်ကြ”

"ငါတို့အိမ်ကို ဖျက်ဆီးတဲ့သူ မှန်သမျှ သတ်ကြ”

စုမင်ရဲ့ မျက်လုံးတွေက နီရဲတောက်နေတယ်။ သန်မာအားပြင်းလာတဲ့ ချီဟာ သူ့ကိုယ်ထဲက ပေါက်ကွဲ ထွက်လာပြီး လက်သီးချက် ပစ်သွင်းတယ်။

"ငါတို့ မျိုးနွယ်စုဝင်တွေကို သတ်တဲ့ကောင် မှန်သမျှ ချေမှုန်းကြ”

နောက်ထပ် လက်သီးတစ်ချက်။

"ငါတို့လူတွေကို သတ်တဲ့ကောင်တွေကို အမြစ်ဖြုတ်ကြ”

နောက်တစ်ချက်

ကြောက်လန့်နေကြတဲ့ မဟူရာတောင် မျိုးနွယ်စုဝင်တွေ အနားမှာ တရိပ်ရိပ် ပြေးနေတဲ့ စုမင်ရဲ့ ခန္ဓာကိုယ်က သူဘယ်လောက် ဒေါသထွက်နေလဲ ဆိုတာကို ပြသနေတယ်။ သူဒီလောက် လူအများကြီးကို တစ်ခါမျှ မသတ်ဖူးဘူး။ ဒီလောက်လည်း တစ်ခါမျှ မမုန်းဖူးဘူး။ အခု အခိုက်အတန့်မှာတော့ အသက် ၁၇ နှစ် မပြည်တပြည့် ဆယ်ကျော်သက်လေး မဟုတ်တော့ဘဲ ရူးသွပ်နေတဲ့ လူသတ်ကောင် ဖြစ်နေလေပြီ။

စုမင်ရဲ့ဘေးနား ထစ်ချုန်းသံကြီး မြည်ဟိန်းသွားပြီး နေရာတစ်ခုလုံး သွေးတွေဖြန်းခနဲ လွင့်ပျံ့လာစဉ်မှာ သူ့နှလုံးသားထဲမှာလည်း သွေးစက်စက် ယိုစီးနေခဲ့ပြီ။ ဒါဟာ ဒဏ်ရာ အများကြီး ရထားတာမို့ စိတ်လိုလက်ရ သွေးဖောက်ခွဲမှုပြုဖို့ ရွေးချယ်သွားတဲ့ မျိုးနွယ်ဝင် တစ်ယောက်ရဲ့ သွေးကြောပေါက်ကွဲသံ ဖြစ်လေတယ်။

ဒါက တိုက်ပွဲတစ်ခု။ ကျူးကျော်သူနဲ့ ခုခံသူတွေကြားက တိုက်ပွဲတစ်ခု ဖြစ်တယ်။ မျိုးနွယ်စု နှစ်ခုကြားက ရူးသွပ်နေတဲ့ တိုက်ပွဲတစ်ခု ဖြစ်တယ်။ မျိုးနွယ်စုတစ်ခု မျိုး‌သုဉ်းပျောက်ကွယ် သွားမှ ရပ်တန့်ကြမယ့် နှစ်ရာချီ အမြစ်တွယ်နေတဲ့ မျိုးနွယ်စု နှစ်ခုကြားက အမုန်းတရားတွေရဲ့ တိုက်ပွဲ ဖြစ်လေတယ်။

မဟူရာတောင် မျိုးနွယ်ဝင်အင်အား ရုတ်တရက် များပြားလာမှုကြောင့် တိုက်ပွဲ အခြေအနေဟာ ပိုလို့ တင်းမာလာပြီး စိတ်ထိခိုက်ဖွယ်ရာတွေ ဖြစ်ပေါ်လာခဲ့တယ်။ နက်မှောင်တောင် မျိုးနွယ်စုက မာန်စွမ်းအားရှင်တွေက သိပ်မများပါဘူး။ မဟူရာတောင် မျိုးနွယ်ထက် နည်းပါးပါတယ်။ သို့ပေမဲ့လည်း အခု အခိုက်အတန့်မှာတော့ နက်မှောင်တောင် မျိုးနွယ်ဝင်တွေရဲ့ ဇွဲလုံ့လဟာ ပိုလို့ ခိုင်မာနေတယ်။ သူတို့ရဲ့အိမ်၊ သူတို့ မျိုးနွယ်ဝင်တွေနဲ့ မျိုးနွယ်စုကို ကာကွယ်ဖို့ ဘာမဆို ပေးဆပ်လိုစိတ် ပြင်းပြ နေကြတယ်။

သေခြင်းတရားက ဘာမှမဟုတ်ပါဘူး။။ သူတို့ရဲ့ အိမ်တွေအတွက်၊ မျိုးနွယ်စုအတွက်၊ ကလေးငယ်တွေ အတွက်၊ မိဘမောင်ဖွားတွေအတွက် တိုက်ခိုက်တာကမှသာ ဘဝရဲ့ အတောက်ပဆုံး အချိန်ကလေး ဖြစ်ပါတယ်။

ရုပ်တုထံက အလင်းတန်းက လူအုပ်ကြီးကို ကာကွယ်ထားတယ်။ တိတ်ဆိတ်မှုတွေကြားမှာ ရှိုက်သံတစ်ခုဟာ အပြင်ဘက်ထိ ပျံ့လွင့်လာတယ်။ မျိုးနွယ်ဝင်တွေဟာ စစ်သည်တော်တွေအတွက် ငိုကြွေးပေးနေတယ်။ သူတို့ကို ကာကွယ်ဖို့ တိုက်ခိုက်နေတဲ့ သားသမီး ကလေးတွေ၊ အဖေတွေ၊ မာန်စွမ်းအားရှင်တွေ အတွက် ...

"မေမေ ... ဘာလို့ ကောင်းကင်ကြီးက ပြာလွင်တဲ့ အဆင်းရှိသလဲ။ ဖေဖေက မိုးကောင်းကင်ကနေ ကျွန်မတို့ကို ကာကွယ် ပေးနေလို့လား”

"ဖေဖေ ... ကြယ်တွေက ညအခါမှာ ဘာကြောင့် မှိတ်တုတ်မှိတ်တုတ် လင်းလက်ပါသလဲ။ မေမေက ကျွန်မတို့ကို အထက်ကနေ စောင့်ကြည့်နေလို့လား”

ဘယ်သူက သီချင်းလေးကို စတင် ဆိုညည်းလိုက်သလဲ မသိပါဘူး။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ငိုယိုသံ၊ ရှိုက်သံသဲ့သဲ့တွေကြားမှာ မာန်နတ်ဘုရားရုပ်တုရဲ့ ကာကွယ်ပေးခြင်း ခံထားရတဲ့ မျိုးနွယ်ဝင်တွေ အားလုံး လိုက်ပါဆိုညည်း နေလေတော့တယ်။

သူတို့ရဲ့ အသံတွေက ပေါင်းစပ်မိသွားကြပြီး ဂီတသံ တိုးတိုးအဖြစ် ပြောင်းလဲသွားတယ်။ သီချင်းဟာ ညင်သာပြီး ဝမ်းနည်းဖွယ်ရာ ကောင်းတယ်။ သို့ပေမဲ့ အဲဒီ နူးညံ့မှုနဲ့ ကြေကွဲမှုတွေကြားမှာ စကားနဲ့ ဖော်ပြမရနိုင်တဲ့ ခံစားချက်တွေ ပါရှိနေတယ်။

ဒီစာသားတွေဟာ နက်မှောင်တောင်မျိုးနွယ် တစ်စုတည်းနဲ့သာ သက်ဆိုင်တယ်။ သူတို့ မျိုးနွယ်စုက တစ်စုံတစ်ယောက် သေဆုံးတဲ့အခါ မျိုးနွယ်ဝင်တွေအားလုံး မီးပုံအနား စုရုံးလို့ သေဆုံးသူကို ကြည့်ပြီး ဧယင်ကျူး အသုဘသီချင်းကို ဆိုညည်းလေ့ ရှိကြတယ်။

"လာစုလေးရယ် .... ကောင်းကင်ပေါ်မှာ မင်းတစ်ယောက်တည်း မဟုတ်ပါဘူးကွယ်။ ဝမ်းမနည်းနဲ့ ... ငိုမနေပါနဲ့ ... ဖေဖေနဲ့မေမေက မင်းကို ဒီကနေ စောင့်ကြည့်နေပါတယ်။ နှစ်တိုင်း ... နေ့တိုင်း ... စောင့်ကြည့်နေပါတယ်"

"ကျွန်မ မငိုပါဘူး။ ကျွန်မ ဝမ်းမနည်းဘူး။ ကျွန်မ အထီးမကျန်ဘူး။ အမေတို့ အဲဒီမှာ ကျွန်မကို စောင့်ကြည့်နေတာ သိပါတယ် ... ကျွန်မပျော်တယ်"

သီချင်းဆိုသံဟာ ငိုကြွေးသံတွေကို လွှမ်းလို့ တဖြည်းဖြည်းနဲ့ ကျယ်သထက် ကျယ်လောင်လာတယ်။ သေမှာ မကြောက်ဘဲ တိုက်ခိုက်နေတဲ့ နက်မှောင်တောင်မျိုးနွယ် စစ်သည်တော်တွေဟာ ရင်းနှီးကျွမ်းဝင်တဲ့ သီချင်းလေးကို ကြားရခိုက်မှာ ဝမ်းနည်းမှုတွေ မျက်နှာပေါ် ထင်ဟပ်လာကြပြီး စိတ်ဓာတ်ကျတဲ့ မာန်သွင်း ဟစ်အော်သံတွေ ပြုလိုက်ကြတယ်။

သူတို့ တိုက်ခိုက်ရမယ်။ သေတဲ့အထိ တိုက်ရမယ်။

စုမင် တုန်ယင်နေတယ်။ မျက်ရည်တွေဟာ မျက်ဝန်းအိမ်ထဲက တစ်ပေါက်ချင်း စီးကျ‌လို့။ သူ့ တစ်ကိုယ်လုံးလည်း သွေးတွေ ရွှဲရွှဲနစ်လျက်။ တချို့ကတော့ သူ့သွေးတွေပါ။ အများစုကတော့ ရန်သူသွေးတွေ ဖြစ်တယ်။

မောပန်းနွမ်းနယ်မှုဆိုတာ သူမသိ။ ကြောက်လန့်မှုလည်း သူမသိဘူး။ သူသိတာက နောက်ဆုံး ထွက်သက်အထိ အသက်ထက်ဆုံး တိုက်ခိုက်ရမယ်။ သူမလှုပ်နိုင်တော့လျှင် ခန္ဓာကိုယ်မှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားလို့ တစ်လက်မလေးမျှ မရွှေ့လျား နိုင်တော့လျှင် ကိုယ့်ကိုယ်ကိုယ် စိတ်လိုလက်ရ သွေးဖောက်ခွဲမှု လုပ်ပစ်လိုက်ဖို့။

"မေမေ... ဖေဖေ... ပီပီ...."

ကလေးမလေးရဲ့ ရှိုက်သံကို စုမင် ကြားလိုက်ရတယ်။

စုမင်နှလုံးသားကို ဖျစ်ညှစ်ခံရသလို နာကျင်လှတယ်။ သွေးစိမ်းရှင်ရှင် ယိုစီးနေခဲ့ပါပြီ။ သူ့ နှလုံးသားကို ထောင်ပေါင်းများစွာ‌သော အပ်လေးတွေ ထိုးစိုက် ဝင်ရောက်နေသလိုပါ။ အဲဒီ အခြင်းအရာဟာ စုမင်ကို ပိုပြီး လျင်မြန်စေခဲ့တယ်။ သူ့ရဲ့ လက်သီးချက်တွေကို ပိုလို့ အားပါစေတယ်။ ဝမ်းနည်းမှုနဲ့ သတ်ဖြတ်မှုတွေကြားမှာ မျက်ရည်တွေ လျှံနေတဲ့ သီချင်းသံက လေထုထဲမှာ ပျံ့နှံ့နေတယ်။

သီချင်းသံဟာ အထီးကျန်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ ခွဲခွာရမှုတွေနဲ့ ပြည့်နှက်လျက် ရှိတယ်။ သိပ်မဝေးတဲ့ တစ်နေရာက သစ်ပင်အောက်မှာ လျိုတိ ထိုင်နေတယ်။ သူ့ခြေထောက်တွေက သွေးတွေ နစ်နေပြီ။ သူ့တစ်ကိုယ်လုံးလည်း ချင်းချင်းနီလျက်။ သူ့မျက်နှာက ဖျော့တော့နေတယ်။ သူ့မျက်လုံးတွေဟာ အရောင်မှိန်နေတယ်။

လျိုတိဟာ အရိုးနဲ့ ပြုလုပ်ထားတဲ့ ရွှင်းတူရိယာကို တုန်ရီနေတဲ့ လက်တွေနဲ့ မြှောက်လို့ နှုတ်ခမ်းဝမှာ တေ့လိုက်ပြီး ဝမ်းနည်းဖွယ်ရာ သံစဉ်ကို တီးမှုတ်ပေးပါတော့တယ်။ သံစဥ် ညည်းညူသံဟာ မိခင်လုပ်သူရဲ့ ငိုကြွေးသံနဲ့တူပြီး တိုက်ခိုက်လျက်ရှိတဲ့ မာန်စွမ်းအားရှင်တို့ရဲ့ ဟာမိုနီလိုက်တဲ့ အသံနိမ့်နိမ့်တွေနဲ့ ပေါင်းစပ်မိသွားပြီး နှလုံးသားကို ဆွေးမြေ့ နာကျင်စေတဲ့ သီချင်းတစ်ပုဒ်အဖြစ် ပြောင်းလဲသွားပါတော့တယ်။

ငိုရှိုက်သံများဟာ လေနဲ့အတူ လွင့်ပါလို့ မြေပြင်ပေါ်က နှင်းစက်တွေနဲ့အတူ ပျော်ဆင်း သွားကြလေရဲ့။ မျိုးနွယ်ဝင်တွေရဲ့ သွေးတွေထဲကို စီးဆင်းပြီး တိုက်ပွဲမြေပြင်ထက်က ကြားရသူတိုင်းကို မျက်ရည်မဆည်နိုင် ဖြစ်စေတယ်။

စုမင် တဆတ်ဆတ် တုန်ရီလို့ နေတယ်။ ဟော့ဒီ ဧယင်ကျူးသံကို ကြားရတာ ပထမဆုံးအကြိမ် မဟုတ်ပေမဲ့ အခုလို ငိုမိတာတော့ ပထမဆုံး အကြိမ်ပါပဲ။ သူ့နှလုံးသား တစ်ခုလုံး ဆုံးရှုံးလိုက်ရသလို၊ သူ့ကို နှလုံးသားမဲ့တဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားစေတယ်။ အခု သူ့ဆီမှာ ကျန်ခဲ့တဲ့ အရာဆိုလို့ တစ်ကိုယ်လုံးကို ဆင်ယင်ထားတဲ့ ဒဏ်ရာအနာတရတွေနဲ့ ခံစားနေရတဲ့ ဝမ်းနည်းကြေကွဲ မှုများသာ။

ကြေကွဲဖွယ် အသုဘ သီချင်းသံအပြင် စုမင်ဟာ သွေးဖောက်ခွဲမှု လုပ်နေတဲ့ အသံတွေကိုလည်း ကြားနေရ သေးတယ်။ အသံ တစ်ခုချင်းစီဟာ မိမိရဲ့ သွေးကြောတွေကို ဖောက်ခွဲလို့ မျိုးနွယ်စုအတွက် အသက်စတေးသွားတဲ့ မျိုးနွယ်ဝင်တွေကို ကိုယ်စားပြုပါတယ်။

"ငရဲသွားတဲ့ လမ်းမှာ ငါ့ကို ထည့်မတွက်နဲ့ဟေ့"

စုမင် ကြေကြေကွဲကွဲပြုံးတယ်။ နောက်ထပ် လက်သီးတစ်လုံး ပစ်သွင်းပြီး ရန်သူမျိုးနွယ်ဝင် တစ်ယောက်ကို အသားတုံးကြီးသဖွယ် ပြောင်းလဲပေးလိုက်တယ်။ စုမင်လည်း သွေးတွေအန်တယ်။ သူ လှည့်ကြည့်လိုက်ချိန်မှာ မသေခင်အချိန်လေး သီချင်းတီးမှုတ်ပေးနေတဲ့ မိမိတို့ မျိုးနွယ်စုဝင်ကို မြင်လိုက်လေရဲ့။

မျိုးနွယ်ဝင်ရဲ့ မျက်လုံးတွေဟာ အရောင်မှိန်လျက် ရှိပေမဲ့ အဲဒီထဲမှာ အလင်းစစလေး လင်းလက် နေပါသေးတယ်။ သီချင်းကို တီးမှုတ်ပြီး သူ့လက်က သွေးတွေဟာ ရွှင်းတူရိယာကို ပေကျံလျက် ရှိတယ်။ သို့ပေမဲ့ အဲဒီအရာက သူ့ရဲ့ သီချင်းကို၊ သူ့ရဲ့ ဝမ်းနည်းမှုကို၊ သူ့ရဲ့ နှုတ်ဆက်နေတဲ့ စကားသံတွေကို အနှောင့်အယှက် မဖြစ်စေဘူး။

ဒါဟာ သူ့ရဲ့ မျိုးနွယ်စုအတွက် နောက်ဆုံး တီးမှုတ်ပေးတဲ့ သီချင်းလေး ဖြစ်တယ်။ ဒီတစ်ကြိမ်မှာ သူ့ရဲ့ အသက်နဲ့ရင်းပြီး တီးမှုတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

စုမင် မျက်လုံးမှိတ်ပြီး အကြည့်လွှဲလိုက်တယ်။ အဲဒီလို ပြုလုပ်လိုက်စဉ်မှာ သူ့မျက်နက်ဆံတွေ လှုပ်ရှားသွားတယ်။ အခြားတစ်ဖက်မှာ ပေလင်းရှေ့ မတ်တတ်ရပ်နေတဲ့ မဟူရာတောင် မျိုးနွယ်ဝင် သုံးယောက်ကို မြင်လိုက်တယ်။ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကွက်တွေသုံးပြီး ပေလင်းကို နောက်ဆုတ်ရအောင် လုပ်နေတယ်။ ပေလင်းရဲ့ လေးတံက ပျက်စီးနေပြီ။ သူ့ကိုယ်ပေါ် ... အထူးသဖြင့် သူ့ရင်ဘတ်မှာ ဒဏ်ရာတွေ အများကြီး ရထားတယ်။

ရင်ဘတ်ဒဏ်ရာကနေ သွေးတော်တော်များများ ထွက်နေတယ်။ သူ့မျက်နှာက သွေးဆုတ်နေပြီ။ သူ့လက်တွေထဲမှာ အရိုးနဲ့ ပြုလုပ်ထားတဲ့ ဓားကို ကိုင်ထားတယ်။ ခေါင်းမာမှုတွေနဲ့ တစ်ကိုယ်တော်ပဲ ရန်သူတွေကို ဆက်လက် ခုခံတိုက်ခိုက်နေတယ်။

သူ ‌နောက်ဆုတ်လို့လည်း မရဘူး။ သူ့နောက်မှာက သူ့ရဲ့ မျိုးနွယ်ဝင်တွေ ရှိနေတယ်။ မျိုးနွယ်ဝင်တွေကို မာန်နတ်ရုပ်တုက ကာကွယ်ပေးထားတယ် ဆိုပေမဲ့ သူနောက်ဆုတ်လို့ မဖြစ်ဘူး။ သူ့နောက်မှာ မိန်းကလေးတစ်ယောက် ရှိနေတယ်။ မိန်းကလေးဟာ သူ့ရှေ့မှာ တောင်ကုန်းတစ်ခုသဖွယ် ကာရံပေးထားတဲ့ ပေလင်းရဲ့ တုန်ယင်နေတဲ့ ကျောပြင်၊ ခန္ဓာကိုယ်တို့ကို ကြည့်ပြီး ငိုနေတယ်။

မိန်းကလေးဟာ ချန်းရှင်း ဖြစ်ပါတယ်။ သူမက ပေလင်းကို တစ်ခုခု လှမ်းပြောနေပုံ ရတယ်။

စုမင်က သူတို့နဲ့ အတော်ဝေးဝေးမှာ ရပ်နေတာ။ ဘာပြောနေလဲ မသိရပေမဲ့ ပေလင်းကို ကြည့်နေတဲ့ ချန်းရှင်း မျက်လုံးတွေထဲက နူးညံ့မှုတွေကိုတော့ သူတပ်အပ် ပြောနိုင်တယ်။

ရှင်းက ပေလင်းကို ကြိုက်တယ်။ အဲဒီ သူမရဲ့ ခံစားချက်တွေ ပိုပိုပြီး သေချာလာပါတယ်။ ရှင်း.... ပေလင်းကို သဘောကျတယ်။

ပေလင်း‌တစ်ယောက် တုန်ယင်နေပြီး မဟူရာတောင်မျိုးနွယ်ဝင် သုံးယောက်ထဲက တစ်ယောက်က ရက်စက်ကြမ်းကြုတ်တဲ့ ပုံဟန်နဲ့ သူ့အနား ချဉ်းကပ်သွားတာ ကြည့်ပြီး ချန်းရှင်း မျက်ရည်တွေ စီးကျနေတယ်။ အရိုးဓားမြှောင်က ပေလင်းရဲ့ ခေါင်းထဲကို လျှပ်စီးတစ်ခုလို စိုက်ဝင် သွားလုလုမှာ ‌ချန်းရှင်း စူးခနဲအော်ပြီး အရှေ့ကို ပြေးလာခဲ့တယ်။

ပေလင်းဟာ ကြေကွဲစွာ ပြုံးလေတယ်။ သူအရမ်း ပင်ပန်းပြီး ထပ်မတိုက်နိုင်တော့ဘူး။ မနေ့ကတည်းက တိုက်ပွဲတစ်ခုပြီးတစ်ခု ပါဝင်ခဲ့ရတယ်။ ဒီဓားချက်ကို မရှောင်နိုင်မှာကို သိပါတယ်။ သွေးဖောက်ခွဲမှု လုပ်လုဆဲဆဲမှာပဲ သူ့ကို လာရောက်ပွေ့ဖက်တဲ့ ချန်းရှင်းကို ကြည့်လိုက်တယ်။

"ကောင်းပါပြီ။ ရှင်း လာတယ်ဆိုလျှင် ကိုယ်တို့ အတူသွားရအောင်"

ပေလင်း မျက်လုံးတွေ မှိတ်ချလိုက်ပြီး သွေးဖောက်ခွဲမှု လုပ်ခါနီးဆဲဆဲမှာ ရုတ်တရက် ထစ်ချုန်းသံလို ကြုံးဝါးသံတစ်ခု ကောင်းကင်ထိ ပျံ့နှံ့သွားခဲ့ပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို တုန်ခါ သွားစေခဲ့တယ်။ တိုက်ခိုက်နေကြတဲ့ နှစ်ဖက်လုံးက စစ်သည်တော်တွေဟာ ကောင်းကောင်နဲ့ မြေပြင်ကို တုန်လှုပ်သွားစေတဲ့ ပဲ့တင်ထပ်နေသံကို ကြားရချိန်မှာ နှလုံးသားတွေတစ်ချက် လှုပ်ခတ် သွားကြလေတယ်။

နီစွေးတဲ့ လှံတံရှည်ဟာ ပေလင်းထံကို အရှိန်နဲ့ ပြေးဝင်လာတယ်။ အဲဒီ လှံတံရှည်မှာ လူသတ်လိုမှု ရှိန်ဝါတွေ ထုတ်လွှတ်ချက်ရှိပြီး တိုက်ပွဲမြေပြင်က လူတွေအားလုံး မျက်မှောက်မှာ သိမ်းငှက်တစ်ကောင် အသွင်သဏ္ဌာန်ကို ပြောင်းလဲသွားတယ်။ ဝင်သက် အနည်းငယ်အတွင်းမှာ လှံတံရှည်ဟာ ပေလင်းခေါင်းပေါ်ကနေ ဖြတ်လို့ ဓားလွယ် ခုတ်တော့မယ့် မဟူရာတောင်မျိုးနွယ်ဝင်ရဲ့ ရင်ဘတ်ကို စိုက်ဝင်သွားတယ်။

မိုးကြိုးထစ်ချုန်းသလို အသံနဲ့အတူ ၎င်းရဲ့ ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ် ဘုန်းခနဲ လဲကျသွားတယ်။ တစ်ချိန်တည်းမှာပဲ အားကောင်းလှတဲ့ ချီဓာတ်ဟာ ပေါက်ကွဲထွက်လာပြီး သူတို့ အနီးအနား ဝန်းကျင်ကို ပျံ့နှံ့သွားတယ်။ ရန်သူရဲ့ ခန္ဓာကိုယ်ကြီးက ရုတ်တရက် ပေါက်ထွက်သွားပြီး အသွေးတွေ အသားတွေ တစစီ ဖြစ်သွားလေတယ်။

မဟူရာတောင်က အခြားသော မျိုးနွယ်ဝင် နှစ်ယောက်ဟာ တုန်ရီစွာနဲ့ အလိုလို နောက်ဆုတ်သွားပြီး သွေးအန်သွားရတယ်။ အဲဒီ အခိုက်အတန့် လေးမှာပဲ လူတစ်ယောက်ဟာ လျှပ်စီးလို အဟုန်နဲ့ သူတို့ရှေ့ကို ခုန်လွှားရောက်ရှိလာပြီး ပေလင်းရှေ့မှာ ရပ်လိုက်တယ်။

အဲဒီလူရဲ့ နောက်ကျောကို မြင်လိုက်ရတဲ့အချိန် ပေလင်းရဲ့ ရင်ထဲ လှိုင်းလုံးတွေ လိမ့်တက်သွားသလိုပဲ။ ဒီမြင်ကွင်းနဲ့ သူသိပ်ကို ရင်းနှီးတယ်လေ။ လေပြည်စီးကြောင်း မျိုးနွယ်စုမှာ တစ်ခါ ကြုံခဲ့ဖူးတယ်။ သူ့ရှေ့မှာ ဒီလို ရပ်တည်ပေးဖူးတဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်။ သူတို့ရဲ့ မျက်နှာတွေ၊ ခန္ဓာကိုယ် အရွယ်အစားတွေ ကွာခြားပေမဲ့ သူတို့ရဲ့ ကိုယ်ခန္ဓာနှစ်ခုဟာ ပေလင်း မျက်လုံးထဲမှာ တစ်ထပ်တည်း ဖြစ်သွားတယ်။

"စု ... မင် ...”

ပေလင်းရဲ့ မျက်လုံးတွေထဲမှာ မယုံကြည်နိုင်မှုတွေအပြည့်။ သူ အဲဒီမှာ ရပ်နေတယ် ... မှင်တက် မိနေတယ် ... ပြီးတော့ အရာအားလုံးကို သူနားလည် လိုက်ပါတော့တယ်။

***

All Chapters